စွမ်းအင်ယူနစ် ၂၀၀၀၀ နှင့် ဟင်းလင်းပြင်နယ်ပယ် ဆဋ္ဌမအဆင့်
Vol. 15 Ch. 144
ကျယ်ဝမ်ယွဲ့သည် ရွှီနင်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
ကျယ်ဝမ်ယွဲ့၏ အစွမ်းမှာ သာမန်လူသားနယ်ပယ်သို့ ကျဆင်းသွားခဲ့ပြီဖြစ်ရာ ဤလျှို့ဝှက်နယ်မြေအတွင်း သူမတစ်ဦးတည်း ရှင်သန်နိုင်စွမ်း မရှိတော့ချေ။
ရွှီနင်၏ နောက်သို့ လိုက်ပါမှသာလျှင် သူမ၏ လုံခြုံရေးမှာ စိတ်ချရပေလိမ့်မည်။
‘ဒီထူထပ်တဲ့ တောအုပ်ထဲမှာတော့ အစွမ်းထက်တဲ့ တည်ရှိမှုမျိုး မရှိပုံပဲ...’
ရွှီနင်သည် ပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းရင်း ရှေ့သို့ လှမ်းလာခဲ့သည်။
သူ့အာရုံထဲ၌ ခံစားမိသမျှမှာ သားရဲအဆင့်ပင် မရှိသေးသော သာမန် တောရိုင်းတိရစ္ဆာန်လေးများသာ ဖြစ်သည်။ ဤတောအုပ်အတွင်း၌ မည်သည့်အန္တရာယ်မှ မရှိသယောင်ပင်။
သို့သော်လည်း ရွှီနင်သည် သတိလက်လွတ် မနေခဲ့ပေ။ ဤကဲ့သို့ အန္တရာယ်များလှသော လျှို့ဝှက်နယ်မြေတစ်ခုအတွင်း၌ အန္တရာယ်အရိပ်အယောင် လုံးဝမရှိခြင်းမှာ တစ်ခုခု မှားယွင်းနေကြောင်း ဖော်ပြနေခြင်းပင်။
မီရှင်းယယ် ပေးထားသော ကာကွယ်ရေးပုတီးစေ့မှာလည်း ကွဲအက်သွားပြီဖြစ်ရာ သူ ပိုမို၍ သတိထားရပေမည်။
‘လျှို့ဝှက်နယ်မြေက ပိုပြီးကြီးမား ရှုပ်ထွေးလေလေ ထွက်ပေါက်ကို ရှာတွေ့ဖို့ ပိုခက်လေလေပဲ... ဒါ့အပြင် ထွက်ပေါက်တွေကလည်း ပုံသေမဟုတ်ဘဲ ပြန့်ကျဲနေတတ်တာမျိုး...’
ရွှီနင် စိတ်ထဲမှ တွေးတောနေမိသည်။ သူတို့နှစ်ဦးမှာ အတော်ဝေးဝေးအထိ လျှောက်လာခဲ့ကြသော်လည်း ဤတောအုပ်ကြီးကို ဖြတ်ကျော်နိုင်ခြင်း မရှိသေးပေ။
ဤအချိန်အတွင်း၌ ဟင်းလင်းပြင်နယ်ပယ် သားရဲများကို မဆိုထားနှင့်၊ သာမန်လူသားနယ်ပယ် အဆင့်ရှိသော သားရဲများကိုပင် တစ်ကောင်မှ မတွေ့ခဲ့ရချေ။
“ခဏလောက် နားချင်လား...”
ရွှီနင်က ခေါင်းလှည့်ကာ ကျယ်ဝမ်ယွဲ့ကို မေးလိုက်သည်။
“မလိုပါဘူး...”
ကျယ်ဝမ်ယွဲ့က လက်ယမ်းကာ ပြန်ဖြေလိုက်သည်။
သူမ၏ ကျင့်စဉ်အဆင့်မှာ ကျဆင်းသွားပြီး ဒဏ်ရာများမှာလည်း မပျောက်ကင်းသေးသော်လည်း တိုက်ခိုက်မှု မလုပ်သရွေ့တော့ ပြဿနာမရှိနိုင်ပေ။
ရှူး...
ရုတ်တရက် ရွှီနင်နှင့် ကျယ်ဝမ်ယွဲ့တို့သည် ပြင်းထန်သော လေတိုက်သံကြီးကို ကြားလိုက်ရသည်။
ထိုလေပြင်းကြောင့် တောအုပ်အတွင်းရှိ သစ်ပင်များနှင့် မြက်ရိုင်းများပင် လွင့်စင်သွားရသည်။ သူတို့နှစ်ဦး အပေါ်သို့ မော့ကြည့်လိုက်ရာ အတောင်ပံများပါသော ဧရာမ ကျားသားရဲကြီးတစ်ကောင် သူတို့ခေါင်းပေါ်မှ ပျံသန်းသွားသည်ကို တွေ့လိုက်ရလေသည်။
‘တကယ့်ကို ကြောက်စရာကောင်းတဲ့ သားရဲကြီးပါလား...’
ရွှီနင်သည် ကျယ်ဝမ်ယွဲ့ကို ဆွဲကာ အစွမ်းကုန် ပုန်းကွယ်ရန် ကြိုးစားလိုက်သည်။
ဤဧရာမကျားသားရဲကြီးမှာ မြစ်အတွင်း၌ ပုန်းအောင်းနေသော သားရဲများထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းကြောင်း ရွှီနင် ခံစားမိလိုက်သည်။
‘ဒါက ဟင်းလင်းပြင်နယ်ပယ်ရဲ့ အထွက်အထိပ်အဆင့် သားရဲဖြစ်မယ်...’
ရွှီနင်က ခန့်မှန်းရင်း တွေးလိုက်မိသည်။ ‘ဒီလျှို့ဝှက်နယ်မြေထဲမှာ အထွက်အထိပ်အဆင့် သားရဲတွေတောင် ရှိနေတာပဲ... ဒီနေရာက သားရဲတွေရဲ့ အနောက်ဖေးခြံဝင်းလို ဖြစ်နေပါလား...’
“ဟင်...”
ရွှီနင်က ထိုသားရဲကြီး ပျံထွက်သွားသည်ကို ကြည့်နေစဉ်မှာပင် ၎င်းသည် လေပေါ်၌ ရုတ်တရက် ရပ်တန့်သွားကာ ပြန်လှည့်လာသည်ကို သတိပြုမိလိုက်သည်။
၎င်း၏ အကြည့်များသည် ထူထပ်သော တောအုပ်ကို ဖောက်ထွင်းလျက် ရွှီနင်ဆီသို့ ကျရောက်လာတော့သည်။
“ငါတို့ကို တွေ့သွားပြီ...”
ရွှီနင်က ကျယ်ဝမ်ယွဲ့ကို အမြန်ဆွဲကာ “ပြေး...” ဟု ပြောလိုက်သည်။
သို့သော်လည်း သူတို့နှစ်လှမ်းမျှပင် မလှမ်းရသေးမီမှာပင် ထိုကျားသားရဲကြီးသည် အတောင်ပံများကို ခတ်ကာ သူတို့ရှေ့တည့်တည့်သို့ ဆင်းသက်လာခဲ့ပြီဖြစ်သည်။
၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် မြက်ရိုင်းများကို ဖိခြေပစ်လိုက်လေသည်။
ရွှီနင်သည် ထိုသားရဲကြီးကို အနီးကပ် ကြည့်လိုက်မိသည်။
၎င်းမှာ အမြင့် မီတာ ၂၀ ခန့်နှင့် အလျား မီတာ ၆၀ ခန့် ရှိလေသည်။ အတောင်ပံများကို ဖြန့်လိုက်လျှင်လည်း ၎င်း၏ ခန္ဓာကိုယ်အရှည်နီးပါး ရှိပေသည်။
ကျားသားရဲကြီးမှာ ခေါင်းငုံ့ကြည့်လာရာ ၎င်း၏ အပြာရောင်မျက်လုံးကြီးများမှာ တောက်ပနေပြီး နဖူးပေါ်တွင် ငွေဖြူရောင် အမှတ်အသားတစ်ခု ရှိနေသည်ကို တွေ့ရသည်။
၎င်းက ရွှီနင်ကို စိုက်ကြည့်နေခြင်းပင်။ ရွှီနင်သည် သူ၏ ပခုံးပေါ်သို့ ဧရာမ တောင်ကြီးတစ်လုံး ဖိချထားသကဲ့သို့ ခံစားလိုက်ရသည်။
သားရဲကြီးမှာ ၎င်း၏ အငွေ့အသက်ကို လုံးဝမဖုံးကွယ်ထားသဖြင့် ပြင်းထန်သော ဖိအားကြောင့် အသက်ရှူရန်ပင် ခက်ခဲလာခဲ့ရသည်။
ကျယ်ဝမ်ယွဲ့မှာမူ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
‘ဝံပုလွေတွင်းက လွတ်မှ ကျားတွင်းထဲ ရောက်ရပြန်ပြီလား...’
ရွှီနင် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်လာခဲ့သည်။
သို့သော်လည်း ရွှီနင် ထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။ ကျားသားရဲကြီးမှာ သူတို့နှစ်ဦးကို ရန်ပြုရန် အစီအစဉ်မရှိပုံရသည်။
၎င်းသည် ဧရာမခေါင်းကြီးကို ငုံ့ကာ ရွှီနင်၏ ရှေ့သို့ တိုးကပ်၍ နမ်းကြည့်နေလေသည်။
‘သူ ငါ့ကို ရန်ပြုမယ့်ပုံ မရဘူး...’
သားရဲကြီး၏ အငွေ့အသက်များမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်ကို ရွှီနင် သတိထားမိလိုက်သည်။
ကျားသားရဲကြီးမှာ ရွှီနင်ကို အနံ့ခံပြီးနောက် ခေါင်းကို အနည်းငယ် ခွာကာ ရွှီနင်ကို တည့်တည့် စိုက်ကြည့်နေပြန်သည်။
သားရဲကြီး၏ မျက်လုံးများထဲ၌ လူသားတစ်ဦးကဲ့သို့သော ခံစားချက်ကို ရွှီနင် တွေ့လိုက်ရသည်။
၎င်းမှာ အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် ဝေခွဲမရဖြစ်နေဟန်ရှိကာ ရုတ်တရက်ဆိုသလိုပင် ပျော်ရွှင်သော အရိပ်အယောင်များ ပေါ်ပေါက်လာလေသည်။
ဝေါင်း...
ကျားသားရဲကြီးသည် ကောင်းကင်ယံသို့ မော့ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်းမှာ အလွန်ပင် ပျော်ရွှင်နေပုံရပေသည်။
သို့သော်လည်း ထိုဟိန်းသံ၏ တုန်ခါမှုကြောင့် ငါးမိုင်ပတ်လည်အတွင်းရှိ သစ်ပင်များအားလုံး အမြစ်ပြုတ်သွားကာ မြေပြင်မှာ ဗလာကျင်းသွားတော့သည်။
ရွှီနင်နှင့် ကျယ်ဝမ်ယွဲ့တို့မှာလည်း မြေပြင်ပေါ်သို့ ဖိချခြင်း ခံလိုက်ရသည်။ ရွှီနင်မှာ ဘာမှမဖြစ်သော်လည်း ကျယ်ဝမ်ယွဲ့မှာမူ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်လာခဲ့လေသည်။
၎င်း၏ စိတ်လှုပ်ရှားမှုများကို ဖော်ပြပြီးနောက် ကျားသားရဲကြီး၏ နဖူးပေါ်မှ ငွေရောင်မျဉ်းများမှာ လက်ခနဲ ဖြစ်သွားသည်။
ရွှီနင်နှင့် ကျယ်ဝမ်ယွဲ့တို့သည် သူတို့၏ ခန္ဓာကိုယ်များ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် နူးညံ့သော စွမ်းအားတစ်ခုက သူတို့ကို မလိုက်ပြီး ကျားသားရဲကြီး၏ ဦးခေါင်းပေါ်သို့ တင်ပေးလိုက်လေသည်။
ဖျတ်... ဖျတ်...
ကျားသားရဲကြီးမှာ အတောင်ပံများကို ခတ်ကာ သူတို့နှစ်ဦးကို တင်ဆောင်၍ ပျံသန်းထွက်ခွာသွားတော့သည်။
“ဘာတွေ ဖြစ်နေတာလဲ...”
ရွှီနင်မှာ ဝေခွဲမရ ဖြစ်နေရသည်။ ကျားသားရဲကြီးက သူ့ကို အနံ့ခံပြီးနောက် “နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ” ဟု ပြောနေသကဲ့သို့ ရှုပ်ထွေးသော အမူအရာမျိုး ပြသခဲ့သောကြောင့် ဖြစ်သည်။
‘ဒါမှမဟုတ်...’
သားရဲကြီး၏ နဖူးပေါ်မှ ငွေရောင်မျဉ်းများကို ကြည့်ရင်း ရွှီနင်သည် မီးခိုးရောင်လေးကို အလိုအလျောက် သတိရလိုက်မိသည်။
မီးခိုးရောင်လေး အရွယ်ရောက်လာလျှင် ၎င်း၏ အမွှေးအမျှင်များမှာ ငွေရောင်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ‘ဒီကျားသားရဲကြီးက မီးခိုးရောင်လေးရဲ့ ဆွေမျိုးများလား...’
ရွှီနင် ဆက်စပ်တွေးတောနေမိသည်။ မီးခိုးရောင်လေးမှာ ကြောင်ပေါက်လေးတစ်ကောင် ဖြစ်သော်လည်း သူ၏အောက်ရှိ ကျားသားရဲကြီးနှင့် နှိုင်းယှဉ်ကြည့်လျှင် တူညီချက်များစွာ ရှိနေလေသည်။
“ရွှီနင်... ဘာဖြစ်တာလဲ...”
ကျယ်ဝမ်ယွဲ့မှာလည်း ဝေခွဲမရ ဖြစ်နေသည်။ သူမသည် ဒဏ်ရာများ သက်သာစေရန် ဆေးပြားတစ်ပြားကို အမြန်သောက်လိုက်ရသည်။
“ငါလည်း မသိဘူး...”
ရွှီနင်က ခေါင်းခါပြလိုက်သည်။ သူ ခန့်မှန်းထားသည်များကိုမူ ဖွင့်မပြောခဲ့ပေ။ ထိုအရာမှာ သူ၏ စိတ်ကူးသက်သက်သာဖြစ်၍ မှားနိုင်သောကြောင့်ပင်။
“သူ ငါတို့ကို တစ်နေရာရာကို ခေါ်သွားချင်နေပုံပဲ...”
ကျားသားရဲကြီးမှာ အတောင်ပံများကို ဖြန့်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းနေသည်။ ၎င်းမှာ မျဉ်းဖြောင့်အတိုင်း အလွန်လျင်မြန်စွာ ပျံသန်းနေခြင်း ဖြစ်သည်။
ထင်သည့်အတိုင်းပင် ကျားသားရဲကြီးသည် သူတို့ကို မီးတောင်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
မီးတောင်ဝမှ မီးခိုးငွေ့မှိန်မှိန်လေးများ ထွက်ပေါ်နေသည်။ ကျားသားရဲကြီးသည် လေပေါ်၌ တစ်ပတ်ဝဲပြီးနောက် မီးတောင်ဝထဲသို့ ထိုးဆင်းသွားတော့သည်။
ရွှီနင်သည် ချက်ချင်းပင် သူ၏ ချီစွမ်းအားစစ်ကို အသုံးပြုကာ ကျယ်ဝမ်ယွဲ့ကို ကာကွယ်ပေးလိုက်သည်။ သူတို့နှစ်ဦး ချော်ရည်များထဲသို့ ပစ်ချခံရမည်ကို သူ စိုးရိမ်နေမိသည်။
သို့သော်လည်း ရွှီနင် စိုးရိမ်သလို ဖြစ်မလာခဲ့ပေ။ မီးတောင်အတွင်းဘက် နံရံ၌ ကျယ်ဝန်းသော ကုန်းမြင့်တစ်ခု ရှိနေပြီး ကျားသားရဲကြီးမှာ ထိုနေရာသို့ ဆင်းသက်လိုက်လေသည်။
ကျားသားရဲကြီးက ကိုယ်ကို ခါလိုက်သဖြင့် သူတို့နှစ်ဦး အောက်သို့ ဆင်းလိုက်ကြသည်။ ကုန်းမြင့်၏ အောက်ဘက်တွင်မူ ရဲရဲနီနေသော ချော်ရည်များမှာ ပွက်ပွက်ဆူနေသည်။
ကျားသားရဲကြီးသည် ချော်ရည်များကို ကြည့်လိုက်ရာ ၎င်း၏ နဖူးပေါ်မှ ငွေရောင်အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြန်သည်။
ပွက်ပွက်ဆူနေသော ချော်ရည်ပူကြီးမှာ ရုတ်တရက်ဆိုသလို ရေဝဲတစ်ခုကဲ့သို့ လည်ပတ်လာတော့သည်။
ထို့နောက် ကျားသားရဲကြီးက လက်သည်းဖြင့် ရွှီနင်ကို မလိုက်ပြီး ချော်ရည်ဝဲကြီးထဲသို့ ပစ်ချလိုက်လေတော့သည်။
“ဒါက...”
ကျားသားရဲကြီးသည် သူ့အပေါ် ကောင်းသည်ဟု ရွှီနင် ထင်မှတ်ထားခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ဆူပွက်နေသော ချော်ရည်ဝဲကြီးထဲသို့ ပစ်ချခံလိုက်ရချေပြီ။
သူ စဉ်းစားနေရန် အချိန်မရတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို ချီစွမ်းအားဖြင့် အမြန်ကာကွယ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်ချီစွမ်းအားများကို ထုတ်လွှတ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို ရေလွှာတစ်ခုဖြင့် လွှမ်းခြုံလိုက်လေသည်။
“ရွှီနင်...”
ကျယ်ဝမ်ယွဲ့က အော်ဟစ်လိုက်မိသည်။
သို့သော်လည်း ကျားသားရဲကြီးက သူမ၏ နဖူးကို လက်သည်းဖြင့် ခပ်ဖွဖွလေး တို့လိုက်သဖြင့် ကျယ်ဝမ်ယွဲ့မှာ သတိလစ်သွားတော့သည်။
ရွှီနင်သည် ချော်ရည်ဝဲထဲသို့ ကျဆင်းသွားသော်လည်း ချော်ရည်၏ အပူဒဏ်ကိုမူ မခံစားရပေ။
ချော်ရည်ဝဲအတွင်းမှ အောက်သို့ ဆင်းသွားစဉ် သူ မူးဝေလာခဲ့သည်။ ဤကဲ့သို့သော အလေးချိန်မဲ့ ခံစားချက်မှာ လျှို့ဝှက်နယ်မြေအတွင်းသို့ စတင်ဝင်ရောက်လာစဉ်ကနှင့် ဆင်တူလှပေသည်။
ဝုန်း...
ရွှီနင် မြေပြင်ပေါ်သို့ ကျသွားသည်။ သူ မော့ကြည့်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ရာ ဂူတစ်ခုအတွင်းသို့ ရောက်နေပြန်ကြောင်း သိလိုက်ရသည်။
သူ၏ ခေါင်းပေါ်တွင် အပေါက်တစ်ခု ရှိနေပြီး ထိုအပေါက်၏ အပြင်ဘက်တွင် ပူပြင်းသော ချော်ရည်များ စီးဆင်းနေသော်လည်း ဂူအတွင်းသို့မူ ယိုစိမ့်မလာဘဲ မမြင်ရသော အကာအကွယ်တစ်ခုက တားဆီးထားသယောင် ရှိနေသည်။
‘ဒါက ဂူဗိမာန်တစ်ခု ဖြစ်မယ်...’
ရွှီနင်၏ ရှေ့တည့်တည့်၌ ထူထဲသော ကျောက်တံခါးကြီးတစ်ချပ် ရှိနေလေသည်။
ရွှီနင် ခေတ္တမျှ တွေဝေသွားပြီးနောက် ရှေ့သို့ လှမ်းကာ တွန်းဖွင့်လိုက်သည်။ ဝုန်း... ဝုန်း... ဝုန်း... ကျောက်တံခါးကြီးမှာ တုန်ခါသံများနှင့်အတူ ဖြည်းညင်းစွာ ပွင့်သွားတော့သည်။
ဟူး... ဟူး...
ကျောက်တံခါး ပွင့်သွားသည်နှင့် မှောင်မည်းနေသော ဂူအတွင်း၌ မီးလျှံများ ရုတ်တရက် ထွက်ပေါ်လာသည်။ နံရံပေါ်ရှိ မီးအိမ်များ၌ မီးများ အလိုအလျောက် လင်းထိန်လာခဲ့လေပြီ။
“ငါ ဘယ်ရောက်နေတာလဲ...”
ရွှီနင် အတွင်းသို့ လှမ်းဝင်လိုက်သည်။ သူ ပထမဆုံး မြင်လိုက်ရသည်မှာ လူတစ်ရပ်ခန့် မြင့်သော ကျောက်စာတိုင်ကြီးတစ်ခုပင် ဖြစ်သည်။
ထိုကျောက်စာတိုင်ပေါ်တွင် ထူးဆန်းရှုပ်ထွေးသော မျဉ်းကြောင်းများ ရှိနေသည်။ ရွှီနင် အနားသို့ တိုးကပ်သွားသောအခါ ထိုမျဉ်းများမှာ ရဲရဲနီသော အလင်းတန်းများ ထွက်ပေါ်လာပြီး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လှုပ်ရှားလာတော့သည်။
ရွှီနင် စိုက်ကြည့်နေစဉ်မှာပင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ မီးဓာတ်ချီစွမ်းအားများမှာလည်း အလိုအလျောက် လှုပ်ရှားလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ ရေမီးနှစ်သွယ်မူလကျမ်းစာ၊ ဖြာထွက်မီးလျှံဓားသိုင်းနှင့် အရိုးမီးလျှံသမထကျင့်စဉ်တို့မှာ စတင်၍ လည်ပတ်လာတော့သည်။
“ဒါက...”
ရွှီနင် ရုတ်တရက် သဘောပေါက်သွားသည်။ “ဒါ တာအိုတံဆိပ်တော်ပဲ...”
တာအိုတံဆိပ်တော်ကို ကြည့်ရှုလေ့လာသည့်အခါ မိမိ၏ လျှို့ဝှက်ကျင့်စဉ်များနှင့် နည်းစနစ်များကို မသိစိတ်အရ လေ့ကျင့်မိတတ်ကြောင်း ကျောဇုန်းယိထံမှ သူ သိခဲ့ရဖူးသည်။
‘ဒီဂူက တာအိုနယ်ပယ် ပညာရှင်တစ်ယောက် ချန်ထားခဲ့တာပဲ...’
ကျားသားရဲကြီး၏ ရည်ရွယ်ချက်ကို ရွှီနင် နောက်ဆုံးတွင် နားလည်သွားခဲ့ချေပြီ။
ထင်သည့်အတိုင်းပင် ထိုသားရဲကြီးမှာ သူ့အပေါ် ရန်လိုစိတ်မရှိဘဲ သူ့အား အခွင့်အရေးကောင်းတစ်ခု ပေးလိုသောကြောင့်သာ ချော်ရည်များထဲသို့ ပစ်ချခဲ့ခြင်း ဖြစ်ပေသည်။
‘ဒီကျားသားရဲကြီးက မီးခိုးရောင်လေးနဲ့ ပတ်သက်နေတာ သေချာတယ်...’
ရွှီနင် စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ “သူ ငါ့ကိုယ်ပေါ်က မီးခိုးရောင်လေးရဲ့ အငွေ့အသက်ကို ရခဲ့လို့နေမှာ... မဟုတ်ရင်တော့ ငါ့ကို ဒီလို အခွင့်အရေးမျိုး ပေးမှာမဟုတ်ဘူး...”
‘မီးခိုးရောင်လေး... မင်းက ဘယ်လိုသားရဲမျိုးလဲ...’
ပျင်းရိစွာ အိပ်စက်နေတတ်သော မီးခိုးရောင် ကြောင်ပေါက်လေး၏ ပုံရိပ်မှာ ရွှီနင်၏အာရုံထဲ၌ ပေါ်လာလေသည်။
ယခုအချိန်မှာ ကျင့်ကြံရမည့်အချိန် မဟုတ်သေးသဖြင့် ရွှီနင် တာအိုတံဆိပ်တော်ကို ဆက်မကြည့်တော့ဘဲ ဂူအတွင်းဘက်သို့ ဆက်လျှောက်လာခဲ့သည်။
ရွှီနင် ဆက်လျှောက်လာရာ မီတာအနည်းငယ်အကွာ၌ ရေကန်တစ်ခုကို တွေ့လိုက်ရပြန်သည်။
သူ ငုံ့ကြည့်လိုက်ရာ ကန်အတွင်းရှိ အရည်များမှာ နီရဲပြီး စေးကပ်နေကာ အငွေ့များပင် ထွက်နေသည်ကို တွေ့ရသာ်။
ရွှီနင် ခေတ္တစဉ်းစားလိုက်ပြီးနောက် သူ၏ လက်ချောင်းကို အတွင်းအားဖြင့် ကာကွယ်ကာ ထိကြည့်လိုက်သည်။ ‘ဒါက ချော်ရည်နဲ့ တူပေမယ့် လုံးဝမပူပါလား...’
ရွှီနင် အတွင်းအားကို ဖယ်ထုတ်လိုက်ပြီး ထိုအနီရောင်အရည်ကို လက်ဖြင့် တိုက်ရိုက်ထိလိုက်သည်။ “ဟင်...” ပူနွေးသော ချီစွမ်းအားများ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို ရွှီနင် ရုတ်တရက် ခံစားလိုက်ရလေသည်။
ဆယ်စက္ကန့်ခန့် ကြာပြီးနောက် သိုင်းပညာမျက်နှာပြင်မှ အသိပေးချက်တစ်ခု ရောက်ရှိလာခဲ့သည်။
…
စွမ်းအင် ၁၀ ယူနစ် ရှာတွေ့သည်။ စုပ်ယူမည်လော။
လုပ်မည်/မလုပ်ပါ
…
‘ဒီအရည်ထဲမှာ စွမ်းအင်တွေ ရှိနေတာပဲ...’
ရွှီနင်သည် စွမ်းအင် ၁၀ ယူနစ်ကို တိုက်ရိုက် စုပ်ယူလိုက်သည်။
ထိုမျှနှင့် အားမရသဖြင့် သူသည် ကန်အတွင်းသို့ ခုန်ချလိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး ထိုအနီရောင်အရည်များထဲ၌ နစ်မြုပ်သွားတော့သည်။
ရွှီနင် ဘာမှမလုပ်ဘဲ ချီစွမ်းအားများ စီးဝင်လာမှုကိုသာ ခံယူနေလိုက်သည်။ သူသည် စွမ်းအင်များကို စုပ်ယူနေသော ရေမြှုပ်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
…
စွမ်းအင် ၁၀ ယူနစ် ရှာတွေ့သည်။ စုပ်ယူမည်လော။
လုပ်မည်/မလုပ်ပါ
…
နှစ်စက္ကန့်တိုင်းမှာပင် သိုင်းပညာမျက်နှာပြင်မှ ဤအသိပေးချက်မှာ ပေါ်လာနေတော့သည်။
ရွှီနင်ကလည်း စိတ်ထဲမှနေ၍ “လုပ်မည်” ဟုသာ ဆက်တိုက် ရွေးချယ်နေလေသည်။ ဤကဲ့သို့သော ထပ်ခါတလဲလဲ လုပ်ဆောင်မှုမှာ စိတ်ဝင်စားစရာကောင်းကြောင်း ရွှီနင် ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသော်လည်း သိုင်းပညာမျက်နှာပြင်ပေါ်၌ အသိပေးချက်များမှာ ဆက်တိုက် ပေါ်နေဆဲပင်။
တစ်ချိန်တည်းမှာပင် ကန်အတွင်းရှိ အနီရောင်အရည်များမှာ တဖြည်းဖြည်း ကျဲသွားခဲ့သည်။
‘ဒီကန်ထဲက စွမ်းအင်တွေ အကုန်လုံးနီးပါးကို ငါ စုပ်ယူပြီးသွားပြီ ထင်တယ်...’
နာရီဝက်ခန့် ကြာပြီးနောက် ကန်အတွင်းရှိ အရည်များမှာ သာမန်ရေအဖြစ်သို့ လုံးဝ ပြောင်းလဲသွားသည်ကို ရွှီနင် တွေ့လိုက်ရလေသည်။
ထင်ထားသည့်အတိုင်းပင် သိုင်းပညာမျက်နှာပြင်ပေါ်၌ အသိပေးချက်များ ထပ်မပေါ်တော့ချေ။ ‘စွမ်းအင်တွေ အကုန်လုံး ငါ့ဆီ ရောက်လာပြီပဲ...’
ရွှီနင် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ ဤတစ်နာရီအတွင်းမှာပင် သူသည် စွမ်းအင်စုစုပေါင်း ၂၀,၅၀၀ ယူနစ်ကို စုပ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
“စွမ်းအင် ယူနစ် နှစ်သောင်းကျော်တောင်လား...”
ရွှီနင် အတိုင်းထက်အလွန် ကျေနပ်နေမိသည်။
“သိုင်းပညာမျက်နှာပြင်...”
ရွှီနင်က သိုင်းပညာမျက်နှာပြင်ကို ဖွင့်လိုက်သည်။
…
အမည် - ရွှီနင်
သိုင်းပညာ - ရေမီးနှစ်သွယ်မူလကျမ်းစာ (ဟင်းလင်းပြင်နယ်ပယ် ပဉ္စမအဆင့် - ဂုဏ်သတ္တိနယ်ပယ်) +
ရေစီးပမာဓားသိုင်း (အဆင့် ၅) +
ဖြာထွက်မီးလျှံဓားသိုင်း (အဆင့် ၅) +
ဒီရေလက်သီး (အဆင့် ၅) +
အရိုးမီးလျှံသမထကျင့်စဉ် (အဆင့် ၅) +
ရရှိနိုင်သော စွမ်းအင် - ၂၀,၇၈၀ ယူနစ်
…
ရွှီနင်သည် ရေမီးနှစ်သွယ်မူလကျမ်းစာ ဘေးရှိ “+” သင်္ကေတကို နှိပ်လိုက်သည်။
…
ရေမီးနှစ်သွယ်မူလကျမ်းစာကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၁၀,၀၀၀ ယူနစ် အသုံးပြုမည်လော။
လုပ်မည်/မလုပ်ပါ
…
ရွှီနင်က တုံ့ဆိုင်းမနေဘဲ “လုပ်မည်” ကို နှိပ်လိုက်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ ဟင်းလင်းပြင်နယ်ပယ် ဆဋ္ဌမအဆင့်သို့ တိုက်ရိုက် တိုးတက်သွားခဲ့လေပြီ။
“ဟား...”
ရွှီနင်က လက်ကို ဓားသဏ္ဌာန် ပြုလုပ်လိုက်သည်။
ထိုအခါ ရေဓားတစ်လက်နှင့် မီးဓားတစ်လက်မှာ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့သည်။ ထိုအရာများမှာ ချန်ရှောင်းယိ၏ မြေလက်သီးကဲ့သို့ပင် တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာနေပြီး ရုပ်ပိုင်းဆိုင်ရာရော ဂုဏ်သတ္တိဆိုင်ရာပါ ထိခိုက်မှုပေးနိုင်စွမ်း ရှိလေသည်။
ဂုဏ်သတ္တိနယ်ပယ်၊ ဂုဏ်သတ္တိများ ပုံဖော်ခြင်းပင် ဖြစ်သည်။
အကယ်၍ ရွှီနင်သာ တံဆိပ်တော်နယ်ပယ်သို့ ရောက်ရှိသွားပါက ဓားတံဆိပ်တော်ပေါ်တွင် အမှတ်အသားများ ပေါ်လာမည်ဖြစ်ပြီး စွမ်းအားမှာလည်း လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။
ရေဓားနှင့် မီးဓားတံဆိပ်တော်များမှာ လေပေါ်၌ တုန်ခါနေသည်။ ရွှီနင်သည် ၎င်းတို့၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်သော်လည်း ဤနေရာမှာ တာအိုနယ်ပယ် ပညာရှင်တစ်ဦး၏ ဂူဗိမာန်ဖြစ်သဖြင့် စိတ်ကို ထိန်းလိုက်ရသည်။
‘ဒီရေလက်သီးနဲ့ အရိုးမီးလျှံသမထကျင့်စဉ်ကို စမ်းကြည့်ရအောင်...’
ရွှီနင်က ရေဓားနှင့် မီးဓားတံဆိပ်တော်များကို ဖျောက်လိုက်ပြီး အခြားသော လျှို့ဝှက်နည်းစနစ် နှစ်ခုကို ထုတ်ဖော်လိုက်သည်။
‘ဝိုး...’
သူ ဒီရေလက်သီးကို ထုတ်ဖော်လိုက်ရာ မျက်နှာပြင်၌ ရေများ စီးဆင်းနေသော ဧရာမ အပြာရောင်လက်သီးကြီးတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် အရိုးမီးလျှံသမထကျင့်စဉ်ကို အသုံးပြုလိုက်သောအခါ ရွှီနင်၏ ခန္ဓာကိုယ်ပေါ်၌ အနီရောင် သံချပ်ကာတစ်ခု ပေါ်လာပြီး သူ့ကို အပြင်ဘက်မှ လွှမ်းခြုံထားလေသည်။
‘အခုဆိုရင် ငါ့မှာ တိုက်စစ်ရော ခံစစ်ရော ရှိသွားပြီ...’
ရွှီနင် အတိုင်းထက်အလွန် ပျော်ရွှင်နေမိသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လက်သီးကြီးနှင့် သံချပ်ကာတို့မှာ ပျောက်ကွယ်သွားတော့သည်။
‘ဂုဏ်သတ္တိနယ်ပယ်ကို ရောက်သွားပြီဆိုတော့ ငါ့ရဲ့ ဂုဏ်သတ္တိတွေကိုလည်း စိတ်ကြိုက် ပြောင်းလဲနိုင်ပြီပဲ...’
‘ရေရဲ့ ဖျက်ဆီးအား၊ တိုက်စားအားတွေနဲ့ မီးရဲ့ ထိုးဖောက်အား၊ ဖြတ်တောက်အားတွေကို ငါ လွတ်လွတ်လပ်လပ် အသုံးချနိုင်ပြီ...’
‘ငါ ပိုသန်မာလာရုံတင်မကဘူး၊ တိုက်ခိုက်ရေး နည်းစနစ်တွေကလည်း ပိုပြီး စုံလင်လာပြီ...’
ရွှီနင်သည် သူ၏ စွမ်းအားများ သိသိသာသာ တိုးတက်လာသည်ကို ခံစားနေရသည်။
အကယ်၍ ပေါင့်ရူရွမ်းနှင့်သာ ထပ်တွေ့မည်ဆိုလျှင် သုံးကွက်အတွင်း အပြတ်ရှင်းနိုင်ပေလိမ့်မည်။ ချန်ရှောင်းယိနှင့် တွေ့လျှင်ပင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ဤတိုးတက်မှုမှာ အမှန်တကယ်ပင် ကြီးမားလွန်းလှပေသည်။