သတ်ဖြတ်ခြင်း
Vol. 15 Ch. 147
“ဒီကောင်က တကယ်ကို လက်ဝင်တာပဲ”
ပေါင့်ရူရွမ်းသည် အမည်းရောင်မြူခိုးသားရဲနှင့် ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။ အမည်းရောင်မြူခိုးသားရဲ၏ ဖျက်ဆီးနိုင်စွမ်းမှာ အကန့်အသတ်ရှိသော်လည်း ၎င်း၏ ပြန်လည်ကုသနိုင်စွမ်းမှာမူ အလွန်ပင် အစွမ်းထက်လှပေသည်။ ထို့ကြောင့် ပေါင့်ရူရွမ်းသည် ၎င်းအား တစ်စစီဖြစ်အောင် အထပ်ထပ်အခါခါ ပိုင်းဖြတ်ခြင်းဖြင့်သာ အင်အားကို လျော့နည်းစေနိုင်သည်။
နောက်ဆုံးတွင် ၁၅ မိနစ်ခန့် တိုက်ခိုက်ပြီးနောက် ပေါင့်ရူရွမ်းသည် သူ၏ဓားဖြင့် လေဓားသိုင်းကွက်အချို့ကို ထုတ်ဖော်လိုက်ရာ အမည်းရောင်မြူခိုးသားရဲမှာ လုံးဝဥဿုံ ကွဲကြေသွားလေတော့သည်။ ယခုတစ်ကြိမ်တွင်မူ အမည်းရောင်မြူခိုးသားရဲသည် ပြန်လည်စုစည်းခြင်း မရှိတော့ဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။
“နောက်ဆုံးတော့ သတ်နိုင်ခဲ့ပြီ”
ပေါင့်ရူရွမ်းသည် အသက်ကို ပြင်းပြင်းရှူကာ အနည်းငယ် စိတ်အေးသွားတော့သည်။ “ဒီဝင်္ကပါက အန္တရာယ်တွေနဲ့ ပြည့်နေတာပဲ၊ နောက်ဆိုရင် ပိုပြီးတော့ သတိထားရမယ်” ပေါင့်ရူရွမ်းသည် စိတ်ကိုပြန်လည်ပြင်ဆင်ကာ ပိုမိုနိုးကြားလာခဲ့သည်။
“ဒီဝင်္ကပါထဲကနေ မြန်မြန်ထွက်နိုင်မယ့် နည်းလမ်းကို ရှာရမယ်၊ မဟုတ်ရင် ဒီလိုမျိုး ထူးဆန်းတဲ့ သားရဲတွေနဲ့ ထပ်တွေ့နေရင် အခက်တွေ့လိမ့်မယ်”
သူသည် ရှေ့သို့ ဆက်လျှောက်သွားစဉ် နောက်ထပ် အမည်းရောင်မြူခိုးသားရဲများနှင့် ထပ်မံတွေ့ဆုံရမည်ကို စိုးရိမ်နေမိသည်။ ထို့ပြင် ၎င်းတို့ထဲမှ တစ်ကောင်တည်းနှင့်ပင် ကိုင်တွယ်ရခက်နေလျှင် အများကြီးဆိုပါက သူ သေချာပေါက် ယှဉ်နိုင်မည်မဟုတ်ပေ။ ပေါင့်ရူရွမ်းသည် ဓားရှည်ကို မြဲမြံစွာ ဆုပ်ကိုင်လျက် သတိရှိရှိဖြင့် ရှေ့သို့ တိုးလာခဲ့သည်။
“ဟမ်...”
ရုတ်တရက် ပေါင့်ရူရွမ်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် ဝင်္ကပါ၏ ထောင့်တစ်ခုသို့ လှည့်ကြည့်လိုက်သည်။
“ငါပဲ စိတ်ထင်နေတာလား”
သူ၏နောက်တွင် နောက်ထပ် အမည်းရောင်မြူခိုးသားရဲတစ်ကောင် ပေါ်လာသည်ဟု ထင်မှတ်ခဲ့သော်လည်း ထူးခြားမှုကိုမူ မတွေ့ရချေ။ သို့သော် သတိထားသည့်အနေဖြင့် ပေါင့်ရူရွမ်းသည် လမ်းကြောင်းကို ပြောင်းလိုက်ကာ ဝင်္ကပါထောင့်ရှိရာသို့ လျှောက်သွားလိုက်သည်။
သူသည် ခြေသံကို ဖွဖွနင်းကာ ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ထောင့်နားသို့ ရောက်ရှိလာသည်နှင့် ပေါင့်ရူရွမ်းသည် ရှေ့သို့ ပြေးဝင်ကာ ဓားရှည်ဖြင့် ကာကွယ်လိုက်၏။ သို့သော် လမ်းကြားထဲတွင် မည်သူမျှ မရှိပေ။
“ဟူး...”
ပေါင့်ရူရွမ်း သက်ပြင်းချလိုက်မိသည်။
“ငါ အရမ်း စိတ်လှုပ်ရှားနေတာပဲ”
သို့သော် ပေါင့်ရူရွမ်း ရှေ့သို့ ဆက်သွားရန် ပြင်လိုက်စဉ်မှာပင် နားရွက်နောက်ဘက်မှ အေးစက်သော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ သူသည် အလျင်အမြန်ပင် နောက်သို့ လှည့်ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။
ဒေါက်ခနဲ အသံတစ်သံနှင့်အတူ ဓားမှာ အတားအဆီးတစ်ခုနှင့် တိုးသွားတော့သည်။ “ရွှီနင်” ဓားကို တားဆီးထားသူအား မြင်လိုက်ရသောအခါ ပေါင့်ရူရွမ်း၏ မျက်လုံးများ ပြူးကျယ်သွားရလေသည်။ ရွှီနင်သည် ပေါင့်ရူရွမ်း၏ ဓားကို အလွယ်တကူ ဖမ်းဆုပ်ထားလိုက်သည်။
“ပေါင့်ရူရွမ်း... ငါတို့ ထပ်တွေ့ကြပြန်ပြီနော်”
ရွှီနင်က လက်ချောင်းထိပ်များဖြင့် အားစိုက်လိုက်ရာ ပေါင့်ရူရွမ်း၏ လက်ထဲမှ ဓားရှည်မှာ တစ်စစီ ကွဲကြေသွားတော့သည်။
“ငါ့ဆီကို ကိုယ်တိုင်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ”
‘သူက ပိုပြီး သန်မာလာတာပဲ’
၎င်းကို မြင်လိုက်ရသောအခါ ပေါင့်ရူရွမ်း၏ တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ သူသည် ဓားရိုးကို ချက်ချင်း ပစ်ချလိုက်ပြီးနောက် လှည့်၍ ထွက်ပြေးတော့သည်။
သူသည် ရွှီနင်၏ ပြိုင်ဘက် မဟုတ်ခဲ့ဖူးပေ။ ယခု ရွှီနင်က ပိုမိုသန်မာလာပြီဖြစ်ရာ သူ တိုက်ခိုက်လိုစိတ် လုံးဝမရှိတော့ချေ။
‘သူနဲ့ ကျယ်ဝမ်ယွဲ့တို့က မသေတဲ့အပြင် ဒီလျှို့ဝှက်နယ်မြေထဲမှာ အခွင့်အရေးကောင်းတွေ ရခဲ့တာလား’
ပေါင့်ရူရွမ်း၏ ခေါင်းထဲတွင် အတွေးများစွာ ပြည့်နှက်နေသည်။
‘တောက်... ဘာလို့ သူတို့ကျတော့ အရာရာ အဆင်ပြေနေပြီး ငါ့ကျမှ ဘာမှမရတာလဲ’
ပေါင့်ရူရွမ်း ထွက်ပြေးသွားသည်ကို မြင်သောအခါ ရွှီနင်က လက်သီးဖြင့် လှမ်းထိုးလိုက်လေသည်။ ဒီရေစွမ်းအားများ ပါဝင်နေသော ဒီရေလက်သီးသည် ပေါင့်ရူရွမ်း၏ ကျောပြင်ကို ထိမှန်သွားတော့သည်။ ဘုန်း...
ပေါင့်ရူရွမ်းမှာ လွင့်ထွက်သွားပြီး နံရံတစ်ခုနှင့် ပစ်စောငိ့သွားတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထဲမှ အရိုးများ ကျိုးကြေသွားသည့်အသံ ထွက်ပေါ်လာသည်။ ပေါင့်ရူရွမ်း၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့ချေပြီ။
‘ဟင်းလင်းပြင်နယ်ပယ် ဆဋ္ဌမအဆင့်... ဂုဏ်သတ္တိနယ်ပယ်’ ပေါင့်ရူရွမ်းသည် နံရံကို မှီထားရင်း ထိတ်လန့်တကြားဖြင့် ရွှီနင်ကို ကြည့်နေမိသည်။
ရွှီနင်သည် ပိုမိုသန်မာလာရုံသာမက နယ်ပယ်တစ်ခုပင် တိုးတက်သွားခဲ့ခြင်း ဖြစ်သည်။
‘လွန်ခဲ့တဲ့ ရက်ပိုင်းလေးကတင် ငါ သူနဲ့ တိုက်တုန်းက သူက ရုပ်လုံးပေါ်ခြင်းနယ်ပယ်မှာပဲ ရှိသေးတာလေ... ဘယ်လောက်တောင် ကြာသေးလို့လဲ’
ပေါင့်ရူရွမ်း၏ ဦးနှောက်မှာ ဗလာဖြစ်သွားတော့သည်။
“ငါ့တိုက်ကွက်ကို မင်း တားနိုင်ခဲ့တာလား”
ရွှီနင်သည် သူ၏အစွမ်းကုန်ကို အသုံးမပြုခဲ့သော်လည်း လက်သီးတစ်ချက်ဖြင့်ပင် သတ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
‘ကြည့်ရတာ ငါ ပေါင့်ရူရွမ်းကို လျှော့တွက်မိသွားပုံပဲ... သူက ယွဲ့လန်ဂိုဏ်းရဲ့ တပည့်ရင်းတွေထဲမှာ ထူးချွန်တဲ့သူပဲဟာ’
သို့သော် လက်သီးတစ်ချက်နှင့် မသေလျှင်ပင် ရွှီနင် ဂရုမစိုက်ပေ။ တစ်ချက်နှင့် မရလျှင် နှစ်ချက်ပေါ့။
ဒီရေလက်သီးတစ်ခုမှာ လေထဲတွင် ထပ်မံ ပေါ်ထွက်လာပြန်သည်။
“ရွှီနင်... ငါ့ကို ချမ်းသာပေးပါ”
ရွှီနင်၏ ဖုံးကွယ်မထားသော သတ်ဖြတ်လိုစိတ်ကို ခံစားမိသောအခါ ပေါင့်ရူရွမ်းသည် အလျင်အမြန်ပင် အသနားခံတော့သည်။
“အရင်က မင်းကို စော်ကားခဲ့တာ ငါ့အမှားပါ... ငါတို့ ဒီနယ်မြေကနေ ထွက်သွားရင် မင်းကို အဆရာပေါင်းများစွာ ပြန်ပေးဆပ်ပါ့မယ်... မင်း ဘာလိုချင်လဲ ပြောပါ”
“ဒါ့အပြင် ငါ မင်းနဲ့ပေါင်းပြီး ချန်ရှောင်းယိကို တိုက်ခိုက်ပေးပါ့မယ်... ငါလည်း အဲဒီကောင်ကို မကြည်တာ ကြာပြီ... ငါတို့နှစ်ယောက်သာ ပေါင်းလိုက်ရင် သူ တံဆိပ်တော်နယ်ပယ်မှာ ရှိနေရင်တောင် ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ရွှီနင်... ငါ့ကို ချမ်းသာပေးပါ”
ပေါင့်ရူရွမ်းက တောင်းပန်တိုးလျှိုးနေသော်လည်း ရွှီနင်၏ စိတ်ကိုမူ လုံးဝ မပြောင်းလဲနိုင်ခဲ့ပေ။ ရွှီနင်သည် သူ့ကို လျစ်လျူရှုလိုက်သည်။
ဘုန်း...
ဒီရေလက်သီးသည် အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့သည်။
ဂျွတ်... ဂျွတ်...
ပေါင့်ရူရွမ်း၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားတော့သည်။ ပေါင့်ရူရွမ်းသည် နောက်ထပ် စကားတစ်လုံးမျှ မဆိုနိုင်တော့ဘဲ ဇက်ကျိုးကျကာ သေဆုံးသွားလေတော့သည်။
“တစ်ယောက်တော့ ရှင်းပြီ”
ရွှီနင်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ၎င်းတို့နှစ်ဦးသည် ဂိုဏ်း၏ တပည့်ရင်းနေရာရှိ ရင်ပြင်တွင် ရှိစဉ်ကတည်းက ရန်ငြိုးရှိခဲ့ကြခြင်း ဖြစ်သည်။
လျှို့ဝှက်နယ်မြေထဲသို့ ရောက်ရှိလာပြီးနောက် ပေါင့်ရူရွမ်းသည် ချန်ရှောင်းယိနှင့်ပေါင်းကာ ရွှီနင်ကို သတ်ရန် ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့ မအောင်မြင်ခဲ့သော်လည်း ရွှီနင်မှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့အပြင် သူသည် ပေါင့်ရူရွမ်း၏ မိသားစုနှင့်လည်း နက်ရှိုင်းသော ရန်ငြိုး ရှိနေသေးသည်။
ရွှီနင် စိတ်သက်သာရာ ရသွားတော့သည်။ ရွှီနင် ရှေ့သို့ လျှောက်သွားကာ သူ၏အလောင်းကို စစ်ဆေးရှာဖွေလိုက်သည်။
သို့သော် ဆေးအိတ်တစ်အိတ်မှလွဲ၍ ရွှီနင် ဘာမှ မတွေ့ရှိခဲ့ပေ။
‘ကြည့်ရတာ သူ ဒီနယ်မြေထဲမှာ အရင်းအမြစ်တွေ အများကြီး သုံးထားပုံပဲ’
ရွှီနင်သည် ဆေးအိတ်ကို သူ၏သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ အိတ်ထဲရှိ ဆေးပြားများမှာ ကုသရေးဆေးပြားများသာဖြစ်ပြီး စွမ်းအင်ယူနစ် များများစားစား မပါဝင်သဖြင့် ရွှီနင် မစုပ်ယူတော့ဘဲ သိမ်းဆည်းထားလိုက်ခြင်း ဖြစ်သည်။
ရွှီနင်သည် ခြေရာလက်ရာများကို ဖျက်ဆီးရန် ပြင်လိုက်သည်။ အကယ်၍ ဝင်္ကပါထဲတွင် အခြားဂိုဏ်းသားများ တွေ့သွားပါက စည်းကမ်းထိန်းသိမ်းရေးဌာန၏ အပြစ်ပေးခြင်းကို ခံရနိုင်သောကြောင့် ဖြစ်သည်။
ထိုသို့ဖြစ်နိုင်ခြေ အလွန်နည်းသော်လည်း သဲလွန်စကို ဖျက်ဆီးပစ်ခြင်းက အချိန်သိပ်မပေးရသဖြင့် ပိုကောင်းပေသည်။
သို့သော် ရွှီနင်က မီးလျှံကို အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် နံရံထဲမှ မည်းနက်သော လက်သည်းကြီးနှစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး ပေါင့်ရူရွမ်း၏ အလောင်းကို နံရံထဲသို့ ဆွဲသွင်းသွားတော့သည်။ ရွှီနင် တုံ့ပြန်ရန်ပင် အချိန်မရလိုက်မီမှာပင် ပေါင့်ရူရွမ်း၏ အလောင်းမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။
“ဒါက...”
ရွှီနင် သတိထားလိုက်မိသည်။
‘ဒီဝင်္ကပါက တကယ်ကို ထူးဆန်းတာပဲ’
ရွှီနင် သူ့ဘာသာ တွေးလိုက်မိသည်။
‘ဒါက ရှီဖုန်းရွှိ ချန်ထားခဲ့တဲ့ နေရာဆိုပေမယ့် ဝင်္ကပါထဲမှာ သားရဲတွေ အများကြီး ရှိနေတာပဲ... တကယ်ကို ထူးဆန်းတယ်’
ပေါင့်ရူရွမ်းကို ရှင်းလင်းပြီးနောက် ရွှီနင် ထိုနေရာတွင် ဆက်မနေတော့ပေ။
သူသည် ဝင်္ကပါ၏ ထွက်ပေါက်နှင့် ချန်ရှောင်းယိကို ဆက်လက် ရှာဖွေလေတော့သည်။
နောက်ထပ် တစ်နာရီခန့် ကုန်လွန်သွားခဲ့သည်။
ရွှီနင်သည် ဝင်္ကပါထဲတွင် အခြားဂိုဏ်းသားများနှင့် ထပ်မံ မဆုံတွေ့ခဲ့ပေ။ သူ လမ်းတစ်လျှောက် ရှာဖွေခဲ့သော်လည်း ထွက်ပေါက်ကိုမူ ရှာမတွေ့သေးပေ။
“ဝေါင်း...”
ရွှီနင်၏ ရှေ့တွင် မြူမည်းလုံးကြီးတစ်ခု စုစည်းလာပြီး အမည်းရောင်မြူခိုးသားရဲတစ်ကောင် ဖြစ်ပေါ်လာပြန်သည်။
“ရေစီးပမာ ဓားသိုင်း”
ရွှီနင်က သူ၏လက်ချောင်းများကို ဓားကဲ့သို့ အသုံးပြု၍ ပိုင်းဖြတ်လိုက်သည်။
အမည်းရောင်မြူခိုးသားရဲမှာ ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက် အလယ်တည့်တည့်မှ အပိုင်းပိုင်း ပြတ်သွားတော့သည်။ ထို့နောက်တွင်မူ မြူမည်းများမှာ ပြန်လည်စုစည်းခြင်း မရှိတော့ချေ။
ရွှီနင်သည် အမည်းရောင်မြူခိုးသားရဲ ဘယ်နှစ်ကောင် သတ်လိုက်မိသည်ကိုပင် မမှတ်မိတော့ပေ။
ပေါင့်ရူရွမ်းအတွက်မူ အမည်းရောင်မြူခိုးသားရဲတစ်ကောင်ကို ကိုင်တွယ်ရန် အင်အားများစွာ အသုံးပြုခဲ့ရသော်လည်း ရွှီနင်အတွက်မူ ဓားသိုင်းကွက် တစ်ကွက်တည်းဖြင့်ပင် လုံလောက်လှသည်။
ဂုဏ်သတ္တိနယ်ပယ်သို့ ရောက်ရှိပြီးကတည်းက ရွှီနင်သည် သူ၏ ဓားတံဆိပ်နှင့် လက်သီးတံဆိပ်များ၏ အကူအညီဖြင့် သူ၏အစွမ်းကုန်ကို အသုံးပြုနိုင်စွမ်း ရှိနေပြီဖြစ်သည်။
‘ငါ ဒီအတိုင်းသာ ဆက်ရှာနေရင် ဒီဝင်္ကပါထဲမှာ အကြာကြီး ပိတ်မိနေတော့မှာပဲ’
ရွှီနင်သည် ဤနေရာမှ ထွက်ခွာရန် မည်သည့်သဲလွန်စမျှ မရှိသေးပေ။
ရုတ်တရက် သူ၏ရှေ့တွင် ထူထပ်လှသော မြူမည်းများ ထပ်မံ ပေါ်လာပြန်သည်။
“နောက်တစ်ကောင်လား”
ရွှီနင် စိတ်မရှည်ဖြစ်လာသည်။
“ဟမ်...”
သို့သော် ယခုတစ်ကြိမ်တွင် အမည်းရောင်မြူခိုးသားရဲမှာ ထူးခြားနေသည်။ ၎င်းမှာ ယခင်ကထက် ပိုမိုကြီးမားရုံသာမက ခန္ဓာကိုယ်မှာလည်း ပိုမို တောင့်တင်းခိုင်မာလှသည်။
၎င်းတွင် ခန္ဓာကိုယ် အပေါ်ပိုင်းသာမက အောက်ပိုင်းပါ ပါဝင်နေချေပြီ။ ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ မှိန်ပျပျ အလင်းရောင် ထွက်ပေါ်နေသော ပုတီးစေ့တစ်စေ့ကို ဝိုးတဝါး မြင်တွေ့နေရသည်။
‘ဒါက သာမန်အမည်းရောင်မြူခိုးသားရဲတွေထက် အများကြီး ပိုသန်မာတာပဲ’
ရွှီနင် နောက်သို့ ခွာလိုက်သည်။ ရေစီးပမာဓားတံဆိပ်နှင့် ဖြာထွက်မီးလျှံ ဓားတံဆိပ်တို့သည် တစ်ပြိုင်နက်တည်း ပေါ်လာပြီး မြူမည်းသားရဲ၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်ကြသည်။
မီးလျှံများနှင့် ရေလှိုင်းများသည် သားရဲ၏ ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့သွားတော့သည်။ ဤဓားတံဆိပ် နှစ်ခုလုံးမှာ ဖျက်ဆီးခြင်း အစွမ်းကို အသုံးပြုထားခြင်း ဖြစ်သည်။ ၎င်းတို့သည် အမည်းရောင်မြူခိုးသားရဲကို အစွမ်းကုန် တိုက်စားနိုင်သည်။
‘သိပ်ပြီး ထိရောက်မှု မရှိဘူးပဲ’
မီးလျှံနှင့် ရေလှိုင်းများက ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို ဝါးမြိုလိုက်သော်လည်း သားရဲမှာ ချက်ချင်းပင် ပြန်လည် ကုစားသွားသည်ကို ရွှီနင် တွေ့လိုက်ရသည်။ ထိုကုသခြင်းအတွက် လိုအပ်သော အင်အားများမှာ ၎င်း၏ ခန္ဓာကိုယ်ထဲရှိ ပုတီးစေ့ထံမှ လာနေခြင်း ဖြစ်သည်။
‘ငါ အဲဒီပုတီးစေ့ကို ထုတ်ယူလိုက်ရမယ် ဒါမှမဟုတ်ရင် ဖျက်ဆီးပစ်ရမယ်’
ရွှီနင်မှာ အတွေ့အကြုံရှိသူဖြစ်ရာ သားရဲ၏ အားနည်းချက်ကို လျင်မြန်စွာ ရှာတွေ့သွားလေသည်။
“တာအိုလက်နက်”
ရွှီနင် တိုက်ပွဲကို မြန်မြန်အဆုံးသတ်လိုသဖြင့် သူ၏လက်မောင်းမှ လက်မောင်းစွပ်ကို အသက်သွင်းလိုက်သည်။ လက်မောင်းစွပ်၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော ငွေရောင်မျဉ်းများ စီးဆင်းလာသည်။ တစ်ပြိုင်နက်တည်းမှာပင် ရွှီနင်၏ ခန္ဓာကိုယ်မှာ အရိုးမီးလျှံသမထကျင့်စဉ်မှ ထွက်ပေါ်လာသော ပြင်ပသံချပ်ကာဖြင့် ဖုံးအုပ်သွားတော့သည်။
ယခုတစ်ကြိမ်တွင် ရွှီနင် ရှေ့သို့ ပြေးဝင်သွားသည်။ သူ၏လက်ဖဝါးကို လက်သည်းသဏ္ဌာန် ပြောင်းလဲကာ ကြီးမားလှသော မြူမည်းသားရဲကြီးအား ဆုပ်ကိုင်လိုက်သည်။
ရွှတ်...
ရွှီနင်သည် အမည်းရောင်မြူခိုးသားရဲ၏ ပြင်ပအလွှာကို ဆွဲဖြဲလိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်ထဲသို့ လက်ကို ထိုးသွင်းလိုက်သည်။
အမည်းရောင်မြူခိုးသားရဲမှာ ထိတ်လန့်သွားပြီး ရွှီနင်အား ရူးသွပ်စွာ ပြန်လည်တိုက်ခိုက်တော့သည်။
သို့သော် ပြင်ပသံချပ်ကာ၏ ကာကွယ်မှုကြောင့် ရွှီနင် လုံးဝ ထိတ်လန့်ခြင်း မရှိပေ။ သူသည် တောက်ပနေသော ပုတီးစေ့ကို ဆုပ်ကိုင်ကာ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်လေတော့သည်။
တောက်ပနေသော ပုတီးစေ့ကို ရွှီနင် ဆွဲထုတ်လိုက်သည်နှင့် အစွမ်းထက်လှသော မြူမည်းသားရဲကြီးမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့ချေပြီ။
“ပြီးပြီ...”
ရွှီနင်သည် အေးစက်စက်ရှိလှသော ပုတီးစေ့ကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် ပုတီးစေ့မှ အလင်းရောင်မှာ မှိန်ဖျော့သွားပြီး အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ၏ရှေ့မှ နံရံကို ထိမှန်သွားတော့သည်။
ဂျောက်... ဂျောက်... ဂျောက်...
တစ်ခဏအတွင်းမှာပင် ဝင်္ကပါ၏ နံရံမှာ ကျောက်တံခါးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
“ဒါက ထွက်ပေါက်လား”
ရွှီနင် သဘောပေါက်သွားသည်။
‘ထွက်ပေါက်ကို ရှာမတွေ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူး... အင်္ဂါစုံပါတဲ့ အမည်းရောင်မြူခိုးသားရဲကို သတ်နိုင်မှသာ ထွက်ပေါက်က ပေါ်လာတာကိုး’
ရွှီနင် ကျောက်တံခါးကို တွန်းဖွင့်လိုက်သည်။ ကျောက်တံခါး၏ နောက်ဘက်တွင်မူ ထပ်မံ လိမ်ယှက်နေသော ဟင်းလင်းပြင်တစ်ခု ရှိနေသည်။
ရွှီနင် တုံ့ဆိုင်းမနေဘဲ ဝင်လိုက်လေသည်။ ထို့နောက်တွင်မူ ရင်းနှီးနေသော လွင့်မြောသည့် ခံစားမှုကို ခံစားလိုက်ရသည်။
‘နောက်ထပ် တည်နေရာကူးပြောင်းခြင်းတစ်ခုပေါ့’
…
‘ငါက ဝင်္ကပါထဲကနေ ပထမဆုံး ထွက်လာတဲ့သူပဲ’
ချန်ရှောင်းယိသည် ခမ်းနားထည်ဝါလှသော ခန်းမတစ်ခုအတွင်းသို့ ရောက်ရှိလာသည်။ အစောပိုင်းတွင် သူသည် အင်္ဂါစုံသည့် အမည်းရောင်မြူခိုးသားရဲကို သတ်ကာ ပုတီးစေ့ကို ရရှိခဲ့ပြီး ကျောက်တံခါးကို ဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျောက်တံခါးအတွင်းသို့ ဝင်ရောက်ပြီးနောက် ချန်ရှောင်းယိမှာ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“ဒါက...”
ချန်ရှောင်းယိသည် ခန်းမ၏ အလယ်ဗဟိုသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် မြင့်မားသော စင်မြင့်တစ်ခု ရှိနေပြီး စင်မြင့်ပေါ်တွင် အလင်းမှေးမှိန်နေသော အကာအကွယ်များဖြင့် ဖုံးအုပ်ထားသည့် လက်နက်သုံးခု ပေါ်လောပေါ်နေလေသည်။
ဓားနှစ်လက်နှင့် တံစဉ်တစ်လက်
တာအိုလက်နက်များ၏ မျက်နှာပြင်ပေါ်တွင် အလင်းပုံစံငယ်များ ထွင်းထုထားလေသည်။
“တာအိုလက်နက် သုံးခုတောင်လား... ဟား…ဟား…ဟား…”
ချန်ရှောင်းယိ အားရပါးရ ရယ်မောလိုက်သည်။
ယခင်က မိုးကြိုးဂုဏ်သတ္တိရှိသော တာအိုလက်နက်ကို မရရှိခဲ့သဖြင့် သူ စိတ်ပျက်နေခဲ့သော်လည်း ယခုအခါ သူ၏ရှေ့တွင် တာအိုလက်နက် သုံးခုတောင် ရှိနေချေပြီ။
ချန်ရှောင်းယိ အမြန် လျှောက်သွားလိုက်သည်။
“ဟား...”
ချန်ရှောင်းယိ၏ လက်သီးပေါ်တွင် ဝါကျင့်ကျင့်အလင်းတန်းများ စုစည်းလာသည်။
သူသည် သုံးကြိမ်ဆက်တိုက် ထိုးနှက်လိုက်ရာ တာအိုလက်နက် သုံးခု၏ အကာအကွယ်များမှာ ကွဲကြေသွားတော့သည်။ ကွဲပြားသော တာအိုလက်နက် သုံးခုမှာ ချန်ရှောင်းယိ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
‘ဒီတံစဉ်က မြေဂုဏ်သတ္တိပါတဲ့ တာအိုလက်နက်ပဲ’
ချန်ရှောင်းယိ စမ်းသပ်ကြည့်လိုက်ရာ တံစဉ်မှာ သူ၏ ဂုဏ်သတ္တိနှင့် ကိုက်ညီနေသည်ကို တွေ့ရှိလိုက်ရသည်။
‘ဒီတံစဉ်ကို ငါကိုယ်တိုင် သုံးမယ်... ကျန်တဲ့ ဓားနှစ်လက်ကိုတော့ အပြင်ရောက်ရင် အရင်းအမြစ်တွေနဲ့ လဲလှယ်လို့ရသလို ဂိုဏ်းကိုလည်း ပေးအပ်လိုက်လို့ ရတာပဲ’
ချန်ရှောင်းယိ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
“ငါသာ ဒီတာအိုလက်နက်တွေကို ဂိုဏ်းကို ပေးလိုက်ရင် ဒါက ဂိုဏ်းအတွက် အကြီးမားဆုံး လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ခံရမှာပဲ... အဲဒီအချိန်ကျရင် ငါ့ရဲ့ အဆင့်အတန်းက ဟယ့်မင်ယဲ့ကိုတောင် ကျော်တက်သွားလိမ့်မယ်... တကယ်လို့ ငါသာ အကြီးအကဲအချို့ရဲ့ ထောက်ခံမှုကိုသာ ရလိုက်ရင် ငါက ဟယ့်မင်ယဲ့နဲ့ ဂိုဏ်းချုပ်နေရာအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီသွားပြီ”
ချန်ရှောင်းယိသည် ပြုံးရွှင်စွာဖြင့် တာအိုလက်နက် သုံးခုကို သိမ်းဆည်းလိုက်သည်။
“အဲဒါ ဘာအသံလဲ”
ချန်ရှောင်းယိတစ်ယောက် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
သူ မော့ကြည့်လိုက်ရာ နံရံပေါ်ရှိ အသက်ဝင်နေသော သားရဲပုံတူ နံရံဆေးရေးပန်းချီများမှာ ရုတ်တရက် လှုပ်ရှားလာသည်ကို သတိထားမိလိုက်သည်။ ထို့နောက်တွင်မူ ၎င်းတို့သည် နံရံပေါ်မှ ဆင်းလာကြပြီး ချန်ရှောင်းယိကို ဝိုင်းရံလိုက်ကြလေတော့သည်။
ချန်ရှောင်းယိ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ အကြမ်းဖျင်း ရေတွက်ကြည့်လိုက်ရာ နံရံပေါ်မှ ဆင်းလာသော သားရဲ အကောင်ရေ ဒါဇင်ပေါင်းများစွာ ရှိနေသည်။
၎င်းတို့အားလုံးမှာ ဟင်းလင်းပြင်နယ်ပယ်တွင် ရှိနေကြပြီး ၎င်းတို့ထဲမှ ဆယ်ကောင်ခန့်မှာ ဟင်းလင်းပြင်နယ်ပယ်၏ အဆင့်မြင့်ပိုင်းတွင် ရှိနေကြသည်။ ချန်ရှောင်းယိ၏ ဦးရေခွံများ ထုံကျင်သွားတော့သည်။
သူသည် တံစဉ် တာအိုလက်နက်ကို ရရှိထားသော်လည်း ချန်ရှောင်းယိ၏ ရင်ထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေဆဲပင်။
‘ဒီတာအိုလက်နက် သုံးခုကို ရဖို့က သိပ်မလွယ်ပါလား’
ချန်ရှောင်းယိ စိုးရိမ်လာသည်။
သူသည် ဤတာအိုလက်နက်များကို ရရှိခဲ့လျှင်ပင် အသက်ရှင်လျက် ထွက်မသွားနိုင်ပါက ဘာမှ ထူးခြားမည် မဟုတ်ပေ။
ချန်ရှောင်းယိ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် ခန်းမအတွင်းရှိ ဟင်းလင်းပြင်မှာ နောက်တစ်ကြိမ် လိမ်ယှက်သွားပြန်သည်။ ထိုအခိုက်အတန့်တွင် ရွှီနင်သည် ခန်းမအတွင်း ပေါ်လာခဲ့လေသည်။
“ချန်ရှောင်းယိ”
“ရွှီနင်”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အံ့သြသွားကြသည်။
“ချန်ရှောင်းယိနဲ့ သားရဲတွေအများကြီးပါလား...”
ရွှီနင် အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်သည်။
“မင်း မသေဘူးလား... ပြီးတော့ မင်းက ဝင်္ကပါရဲ့ ပထမအဆင့်ကိုလည်း အောင်မြင်လာတာလား”
ချန်ရှောင်းယိသည် ရွှီနင်မှာ ဒဏ်ရာများ ပျောက်ကင်းသွားရုံသာမက ပိုမိုတိုးတက်လာသည်ကို အာရုံခံမိလိုက်သည်။
ချန်ရှောင်းယိသည် မျက်လုံးများ ကစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ရွှီနင်... အခု ငါတို့နှစ်ယောက်လုံး ဒီမှာ ပိတ်မိနေတာပဲ... ငါတို့ကို အန္တရာယ်တွေ ဝိုင်းနေပြီ... ဂိုဏ်းတူညီအစ်ကိုတွေအနေနဲ့ ငါတို့ကြားက အငြိုးအတေးတွေကို ခဏဘေးဖယ်ထားပြီး ဒီသားရဲတွေကို နှိမ်နင်းဖို့ ပူးပေါင်းကြမလား”
ဒါဇင်နှင့်ချီသော သားရဲများသည် ၎င်းတို့နှစ်ဦးထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။
ရွှီနင်က ချန်ရှောင်းယိကို ပြန်မဖြေပေ။ သူသည် သူ့ပတ်ပတ်လည်ရှိ သားရဲများကိုသာ ကြည့်နေလိုက်သည်။
ရွှီနင်၏ မျက်နှာတွင် နားမလည်နိုင်သော အမူအရာတစ်ခု ပေါ်လာသည်။ သူသည် သားရဲများ၏ ဝိုင်းရံမှုကို ခံထားရသော်လည်း မည်သည့်အန္တရာယ်ကိုမျှ မခံစားရပေ။
ထို့ပြင် သူသည် ထိုသားရဲများကို ကြည့်လိုက်သောအခါ ရွှီနင် မြင်လိုက်ရသည်မှာ...
‘ကြောက်ရွံ့မှုတွေလား’