သားရဲဘေးဒုက္ခ၏ လျှို့ဝှက်ချက်နှင့် မိစ္ဆာသားရဲကျမ်း
Vol. 15 Ch. 149
“မီးခိုးရောင်လေး...”
ရွှီနင်က တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
ထိုခဏမှာပင် ဧရာမကျားသားရဲကြီး၏ ဦးခေါင်းပေါ်၌ ရှိနေသော မီးခိုးရောင်လေးမှာ အောက်သို့ခုန်ဆင်းကာ ရွှီနင်၏ရင်ခွင်ထဲသို့ ပြေးဝင်လာလေသည်။
“မီးခိုးရောင်လေး... တကယ်ပဲ မင်းပါလား”
ရွှီနင်က ပြုံးနေသော မျက်လုံးများဖြင့် မီးခိုးရောင်လေး၏ အမွေးအမျှင်များကို ပွတ်သပ်ပေးလိုက်၏။ မီးခိုးရောင်လေး၏ နဖူးပေါ်တွင် ငွေရောင်ခရုပတ်ပုံစံ အမှတ်အသားတစ်ခု ရှိနေသည်ကို သူ သတိထားမိလိုက်ပေသည်။
မီးခိုးရောင်လေးသည် ရွှီနင်၏ရင်ဘတ်ကို ပွတ်သီးပွတ်သပ်လုပ်ပြီးနောက် ပတ်ဝန်းကျင်ရှိ သားရဲများကို တစ်ချက် လှည့်ကြည့်လိုက်လေသည်။
ထို့နောက်တွင်မူ ထိုသားရဲကြီးများသည် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား ဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြတော့သည်။
သူတို့သည် ကျောက်နံရံအနားသို့ ရောက်သောအခါ ကိုယ်ကိုလိမ်တွန့်လျက် နံရံထဲသို့ ပြန်လည်ဝင်ရောက်သွားကြပြီး နံရံဆေးရေးပန်းချီများအဖြစ် ပြန်ပြောင်းသွားကြသည်မှာ အံ့ဩစရာပင်။
ဤထူးဆန်းသော မြင်ကွင်းက ရွှီနင်ကို အလွန်တုန်လှုပ်သွားစေခဲ့သည်။ သားရဲများ နံရံဆေးရေးပန်းချီများထဲမှ ထွက်လာသည်ကို သူ လုံးဝသတိမထားမိခဲ့ပါချေ။
ရုတ်တရက် ဧရာမကျားသားရဲကြီး၏ လည်ချောင်းထဲမှ အက်ရှရှအသံကြီး ထွက်ပေါ်လာသည်။ ၎င်း၏မျက်လုံးများက ရွှီနင်အား စိုက်ကြည့်နေပြီး နဖူးပေါ်ရှိ ငွေရောင်မျဉ်းကြောင်းများမှာလည်း လိမ်တွန့်လာတော့သည်။
ရွှီနင်က ၎င်း၏မျက်လုံးများကို စိုက်ကြည့်လိုက်စဉ် ခေါင်းထဲ၌ ရုတ်တရက် မူးဝေသွားကာ သူ၏အသိစိတ်များမှာ တစ်နေရာရာသို့ ဆွဲခေါ်ခံလိုက်ရသကဲ့သို့ နစ်မြုပ်သွားလေတော့သည်။ ပတ်ဝန်းကျင်ရှိ ခန်းမကြီးမှာ ပျောက်ကွယ်သွားပြီး ငွေရောင်အလင်းတန်းများ လွှမ်းခြုံထားသော ဟင်းလင်းပြင်တစ်ခုသို့ ရောက်ရှိသွားခြင်းပင်။
ထို့နောက် ငွေရောင်ဟင်းလင်းပြင်မှာ တစ်ဖန်လိမ်တွန့်သွားပြန်ပြီး ပုံရိပ်နှစ်ခု ပေါ်ထွက်လာလေသည်။
တစ်ဦးမှာ အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ် ကောင်လေးတစ်ဦးဖြစ်ပြီး ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ခေါင်းပေါ်တွင် ဆံထုံးနှစ်ခုအား ထုံးထားလေသည်။။ သူ၏မျက်နှာလေးမှာ ဖောင်းအိနေပြီး နှုတ်ခမ်းလေးကို ဆူထားလေသည်။
အခြားတစ်ဦးမှာမူ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော သန်မာထွားကျိုင်းသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်ပေသည်။
“အစ်ကိုကြီး”
ကောင်လေးက ရွှီနင်ကို ကြည့်ကာ ကလေးသံလေးဖြင့် ခေါ်လိုက်သည်။
“မင်းက...”
ရွှီနင် တစ်စုံတစ်ခုကို ရိပ်မိလိုက်လေသည်။
“ကျွန်တော်က မီးခိုးရောင်လေးပါ”
ကောင်လေးက ရွှီနင့်ရင်ခွင်ထဲသို့ ခုန်ဝင်ရန် ပြေးလာသော်လည်း ရွှီနင့်ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားလေသည်။ သူတို့နှစ်ယောက်လုံးမှာ အစစ်အမှန် မဟုတ်ကြသည်ကို တွေ့လိုက်ရသည်။
“မင်းက တကယ်ပဲ မီးခိုးရောင်လေးလား”
ရွှီနင်မှာ အံ့ဩနေသော်လည်း မီးခိုးရောင်လေးအား လူသားပုံစံဖြင့် မြင်တွေ့ရသဖြင့် အလွန်ဝမ်းသာသွားမိပေသည်။
“ဟုတ်ပါတယ်”
မီးခိုးရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအမျိုးသားက ပြောလိုက်သည်။
“ဒါက ငါ တာအိုလက်နက်တစ်ခုရဲ့ အကူအညီနဲ့ တည်ဆောက်ထားတဲ့ စိတ်အာရုံဟင်းလင်းပြင်ပဲ။ မင်းမြင်နေရတာက ငါနဲ့ သခင်လေးတို့ရဲ့ ဝိညာဉ်ပုံရိပ်တွေပဲ”
“စိတ်အာရုံဟင်းလင်းပြင် ဟုတ်လား”
ဤအသုံးအနှုန်းကို ရွှီနင် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်လေသည်။
“ကျွန်တော့်ကို ရွှီးဟူကျွင်းလို့ ခေါ်နိုင်ပါတယ်။ ကျွန်တော်က သခင်လေးရဲ့ အစေခံပါ”
ရွှီးဟူကျွင်းက မိတ်ဆက်လိုက်သည်။
“မီးခိုးရောင်လေးက ခင်ဗျားရဲ့ သခင်လေးလား”
ရွှီနင်က ဘေးမှကောင်လေးကို တစ်ချက်ကြည့်ပြီးနောက် ရွှီးဟူကျွင်းအား မေးလိုက်သည်။
“ဟုတ်ပါတယ်၊ သခင်လေးက ဟင်းလင်းပြင်သားရဲသွေးမျိုးဆက်ရဲ့ တစ်ဦးတည်းသော အဆက်အနွယ်ပါပဲ”
ရွှီးဟူကျွင်းက ပြန်ဖြေလေသည်။
“ထင်တဲ့အတိုင်းပဲ၊ မီးခိုးရောင်လေးက ဒဏ္ဍာရီလာ ဟင်းလင်းပြင်သားရဲကြီးရဲ့ မျိုးဆက် ဖြစ်နေတာကိုး”
ရွှီနင်သည် လျှို့ဝှက်နယ်မြေအတွင်းရှိ အတွေ့အကြုံများအရ ဤသို့ ခန့်မှန်းထားပြီးသားဖြစ်ရာ ယခုအခါ ရွှီးဟူကျွင်း၏ စကားကြောင့် သူ၏ခန့်မှန်းချက်မှာ အတည်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင် ရွှီနင့်ရင်ထဲ၌ စိုးရိမ်စိတ်တစ်ခု ဝင်ရောက်လာသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်က ကျိဖုန်းစီရင်စု ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့ရသည့် ဘေးဒုက္ခနောက်ကွယ်မှ တရားခံမှာ ထိုဟင်းလင်းပြင်သားရဲကြီးပင် မဟုတ်ပါလော။
၎င်း၏အဆက်အနွယ်ဖြစ်သော မီးခိုးရောင်လေးသည်လည်း ကြီးပြင်းလာသောအခါ ရက်စက်ကြမ်းကြုတ်သည့် သားရဲဆိုးကြီး ဖြစ်လာမည်လော။
ထို့ပြင် ရွှီနင်သည် ရွှီးဟူကျွင်းကိုလည်း အနည်းငယ် ကြောက်မိနေသေးသည်။
သူက မီးခိုးရောင်လေးကို သခင်လေးဟု ခေါ်ဆိုနေသဖြင့် ထိုဟင်းလင်းပြင်သားရဲကြီးမှာ သူ၏သခင်ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ယခင်ကလည်း ရွှီးဟူကျွင်းသည် ကျိဖုန်းစီရင်စုမှ လူများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်ကို သူ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။
“ရွှီနင်... မင်းရဲ့ရင်ထဲမှာ မေးခွန်းတွေ အများကြီး ရှိနေတာကို ငါသိပါတယ်။ အဲဒါတွေကို သိချင်ရင် ငါ့ကိုမေးနိုင်တယ်။ မင်းကို ဒီစိတ်အာရုံဟင်းလင်းပြင်ထဲ ခေါ်လာရတဲ့ အကြောင်းရင်းကလည်း ဒါကြောင့်ပဲ”
ရွှီးဟူကျွင်းက ပြောလိုက်သည်။
ရွှီးဟူကျွင်း ပြောသည့်အတိုင်းပင် ရွှီနင်မှာ မီးခိုးရောင်လေးအကြောင်း၊ လျှို့ဝှက်နယ်မြေအကြောင်းနှင့် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ က သားရဲလှိုင်းလုံးကြီးအကြောင်း သိလိုသည့် မေးခွန်းများစွာ ရှိနေလေသည်။
“စီနီယာရွှီးဟူကျွင်း... ကျွန်တော် သိချင်တာက ဒီလျှို့ဝှက်နယ်မြေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က ကျိဖုန်းစီရင်စုရဲ့ သားရဲဘေးဒုက္ခ ဖြစ်ပွားခဲ့တဲ့ စစ်မြေပြင်လား”
ရွှီနင်က ပထမဆုံးမေးခွန်းကို မေးလိုက်သည်။
“ဟုတ်တယ်”
ရွှီးဟူကျွင်းက ပြောလိုက်သည်။
“ဒီလျှို့ဝှက်နယ်မြေက သားရဲဘေးဒုက္ခရဲ့ နောက်ဆုံးစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာပဲ။ အဲဒီစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ လူအများအပြားက သူတို့ရဲ့ အမွေအနှစ်တွေကို ဒီနေရာမှာ ထားရစ်ခဲ့ကြတာ”
“သားရဲဘေးဒုက္ခက ဘာကြောင့် ဖြစ်ပွားခဲ့တာလဲ၊ ဘယ်လိုတွေ ဖြစ်ခဲ့တာလဲ။ ကျိဖုန်းစီရင်စုမှာ ဖြစ်ခဲ့တဲ့ အဲဒီကြေကွဲစရာ ဖြစ်ရပ်က တကယ်ပဲ ဟင်းလင်းပြင်သားရဲကြီးကြောင့်လား”
ရွှီနင်က ရွှီးဟူကျွင်း၏ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်လေသည်။
“ရယ်စရာကောင်းလိုက်တာကွာ”
ဤမေးခွန်းကို ကြားလိုက်သောအခါ ရွှီးဟူကျွင်းက ရုတ်တရက် ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။
“အဓိပ္ပာယ်မရှိတာ။ ငါ့သခင်သာ နောက်ဆုံးအချိန်မှာ သူ့ကိုယ်သူ ဟင်းလင်းပြင်မျက်စိအဖြစ် အသွင်ပြောင်းပြီး သားရဲဘေးဒုက္ခရဲ့ နောက်ကွယ်က တရားခံနဲ့အတူ အသက်မစွန့်ခဲ့ရင် ဒီဘေးဒုက္ခက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူး”
“ဘာ”
ရွှီနင် အံ့ဩမှင်သက်သွားရသည်။
ရွှီးဟူကျွင်း၏ စကားအရဆိုလျှင် ထိုဟင်းလင်းပြင်သားရဲကြီးမှာ သားရဲဘေးဒုက္ခအတွက် တရားခံ မဟုတ်သည့်အပြင် ကျိဖုန်းစီရင်စု၏ ကယ်တင်ရှင်ပင် ဖြစ်နေလေတော့သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်က ကျိဖုန်းစီရင်စုမှာ အရာအားလုံးက အေးချမ်းတည်ငြိမ်နေခဲ့တာ။ ငါက ငါ့သခင်နောက်ကို လိုက်ပြီး လူသားတွေနဲ့ ဝေးရာ ရှေးဟောင်းတောအုပ်ကြီးထဲမှာ နေထိုင်ခဲ့ကြတာ။ ငါတို့ ဟင်းလင်းပြင်မျိုးနွယ်စုတွေက လူသားတွေနဲ့ သီးခြားခွဲပြီး ကိုယ့်စည်းကမ်း ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် နေထိုင်ခဲ့ကြတာ”
“သခင်ကြီး မွေးဖွားလာကတည်းက သူက သန့်စင်တဲ့ ဟင်းလင်းပြင်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလို့ တစ်မျိုးနွယ်လုံးရဲ့ အလိုလိုက်မှုကို ခံခဲ့ရတာ။ သခင်ကြီးက သဘာဝအတိုင်း လွတ်လပ်မှုကို မြတ်နိုးသူဖြစ်လို့ လူသားကမ္ဘာထဲကို ခဏခဏ ခိုးဝင်တတ်တယ်။ အဲဒီလို ခိုးထွက်တဲ့ ခရီးစဉ်တစ်ခုမှာ ရှီဖုန်းရွှိလို့ခေါ်တဲ့ လူသားပါရမီရှင်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်”
“လူသားနဲ့ သားရဲဆိုပေမဲ့ သူတို့က တစ်ဦးကိုတစ်ဦး လေးစားကြပြီး ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ သူတို့နှစ်ယောက်က ကျိဖုန်းစီရင်စုမှာတင်မကဘဲ တခြားစီရင်စုကြီးတွေဆီကိုပါ အတူတူ ခရီးလှည့်လည်ခဲ့ကြတာ။ သူတို့တွေ နောက်ထပ် ခရီးဆက်ဖို့ ပြင်နေတုန်းမှာပဲ ကျိဖုန်းစီရင်စုက ရုတ်တရက် အန္တရာယ်နဲ့ ကြုံလိုက်ရတော့တယ်”
“ကိုယ့်ကိုယ်ကိုယ် သားရဲထိန်းကျောင်းသူလို့ ခေါ်တဲ့ လူတစ်ယောက်ဟာ ဝမ့်ရှန့်စီရင်စုကနေ ကျိဖုန်းစီရင်စုကို ရောက်လာခဲ့တယ်။ သူက အင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တယ်။ အဲဒီအချိန်မှာ သူ့ဆီမှာ မိစ္ဆာသားရဲကျမ်းစာလို့ခေါ်တဲ့ ရတနာတစ်ခု ပါလာခဲ့တယ်။ အဲဒီကျမ်းစာနဲ့ သူက သားရဲအများစုကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်”
လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်က အကြောင်းအရာများ ဖြစ်သော်လည်း ရွှီးဟူကျွင်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ အရိပ်ထင်နေဆဲပင်။
“မိစ္ဆာသားရဲကျမ်းစာရဲ့ အင်အားကို ချဲ့ထွင်ဖို့အတွက် သူက ကျိဖုန်းစီရင်စုထဲက သားရဲတွေကို အရူးအမူး ဖမ်းဆီးပြီး ကျွန်ပြုခဲ့တယ်။ အဲဒီအချိန်မှာ အစွမ်းထက်တဲ့ သားရဲအုပ်စု အများအပြားက မိစ္ဆာသားရဲကျမ်းစာထဲကို စုပ်ယူခံလိုက်ရတော့တာပဲ။ နောက်ဆုံးမှာတော့ သူက ဟင်းလင်းပြင်မျိုးနွယ်စုကိုပါ ပစ်မှတ်ထားလာခဲ့တယ်...”
“သခင်ကြီးက ငါနဲ့ ရှီဖုန်းရွှိကိုခေါ်ပြီး ထွက်ပြေးခဲ့လို့ ငါတို့ ကံကောင်းပြီး အသက်ရှင်ခဲ့တာ။ ကျန်တဲ့ ဟင်းလင်းပြင်မျိုးနွယ်စုဝင်တွေကတော့ မိစ္ဆာသားရဲကျမ်းစာထဲမှာ ကျွန်ပြုခံလိုက်ရတော့တာပဲ။ အဲဒီကျမ်းစာထဲကို ရောက်သွားတဲ့ သားရဲတွေက သူတို့ရဲ့ အသိစိတ်တွေ ပျောက်ဆုံးသွားပြီး ရုပ်သေးရုပ်တွေလို ဖြစ်သွားကြရတယ်”
“မျိုးနွယ်စုဝင်တွေ ဒီလောက် ဘေးဒုက္ခရောက်နေတာကို မြင်တော့ သခင်ကြီးက အဲဒီသားရဲထိန်းကျောင်းသူကို တိုက်ခိုက်ပြီး သူ့လူတွေကို ကယ်ထုတ်ဖို့ အရမ်း စိတ်အားထက်သန်နေခဲ့တာ။ ဒါပေမဲ့ ရှီဖုန်းရွှိက သခင်ကြီးကို တားခဲ့တယ်။ သခင်ကြီးက အဲဒီလူကို ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာ သူသိနေလို့ပဲ။ ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ သခင်ကြီး ဒီလောက် နာကျင်နေတာကို သူ မကြည့်ရက်ခဲ့ဘူး။ ဒါကြောင့် သူ့မိသားစုက ပိုင်ဆိုင်တဲ့ ရှေးဟောင်းသားရဲကြီးတစ်ကောင်ရဲ့ သွေးအနှစ်သာရကို သခင်ကြီးကို ပေးလိုက်တယ်။ အဲဒီသွေးအနှစ်သာရရဲ့ အကူအညီနဲ့ သခင်ကြီးရဲ့ ကျင့်စဉ်အဆင့်က မြင့်တက်သွားခဲ့တယ်”
“သခင်ကြီးက အချိန်တန်ပြီလို့ ယူဆပြီး သူ့လူတွေကို ကယ်ဖို့ ပြင်နေတုန်းမှာပဲ သားရဲဘေးဒုက္ခက ရုတ်တရက် ပေါက်ကွဲထွက်လာတော့တာပဲ။ အဲဒီအချိန်မှာ သားရဲထိန်းကျောင်းသူက ကျိဖုန်းစီရင်စုရဲ့ သားရဲအများကြီးကို ကျွန်ပြုထားပြီးပြီ။ သူက မိစ္ဆာသားရဲကျမ်းစာကို ပိုပြီး ကြောက်စရာကောင်းအောင် လုပ်ဖို့အတွက် ကျမ်းစာထဲက သားရဲအားလုံးကို အသုံးချပြီး ပြိုင်ဘက်ကင်း လက်နက်တစ်ခုအဖြစ် ဖန်တီးဖို့ ကြိုးစားခဲ့တယ်။ အကယ်လို့ သူသာ အောင်မြင်သွားရင် ဝမ့်ရှန့်စီရင်စုကို ပြန်သွားတဲ့အခါ သူက တစ်နယ်လုံးရဲ့ အရှင်သခင် ဖြစ်သွားမှာ”
“ဒါပေမဲ့ သားရဲထိန်းကျောင်းသူက ကျရှုံးသွားခဲ့တယ်။ နောက်ဆုံးမှာ သူက ကျမ်းစာရဲ့ အင်အားကို မထိန်းချုပ်နိုင်တော့ဘူး။ မိစ္ဆာသားရဲကျမ်းစာက သူ့လက်ထဲမှာတင် ထိန်းချုပ်မှု လွတ်သွားပြီး ကျမ်းစာထဲက သားရဲတွေက အပြင်ကို အတင်းအဓမ္မ ထွက်လာကြရာကနေ သားရဲလှိုင်းလုံးကြီး ဖြစ်ပေါ်လာခဲ့ရတာပဲ”
ရွှီးဟူကျွင်းက နာကျင်စွာ သက်ပြင်းချလိုက်လေသည်။
‘ဒါက သားရဲဘေးဒုက္ခ ဖြစ်ခဲ့တဲ့ အကြောင်းရင်းလား’
ရွှီနင်မှာ အလွန်အံ့သြသွားရသည်။
ရွှီးဟူကျွင်း ပြောပြသည့်အချက်မှာ ကောလာဟလများနှင့် လုံးဝကွာခြားနေသည်။ ထို့ကြောင့် ရွှီနင့်မှာ သံသယအချို့ ရှိနေဆဲပင်။
ရွှီးဟူကျွင်းသည် ရွှီနင် သူ့စကားကို အပြည့်အဝ မယုံကြည်သည်ကို မြင်သော်လည်း ဂရုမစိုက်ဘဲ ဆက်ပြောပြလေသည်။
“သားရဲဘေးဒုက္ခကို ရင်ဆိုင်ဖို့အတွက် ကျိဖုန်းစီရင်စုက ဂိုဏ်းတွေနဲ့ ကျင့်ကြံသူမိသားစုတွေက အာဃာတတွေကို မေ့ပျောက်ပြီး အတူတူ ပူးပေါင်းခဲ့ကြတယ်။ ရှီဖုန်းရွှိကလည်း လူအားလုံးရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့ပြီး လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တယ်”
“ရှီဖုန်းရွှိရဲ့ သူငယ်ချင်းအနေနဲ့ သခင်ကြီးကလည်း သားရဲဘေးဒုက္ခကို အတူတူ တိုက်ထုတ်ချင်ခဲ့တာ။ ဒါပေမဲ့ အဲဒီအချိန်မှာ သခင်ကြီးရဲ့ သားရဲဆိုတဲ့ အထောက်အထားက လူသားတွေအတွက် သံသယဖြစ်စရာ ဖြစ်နေတယ်။ ရှီဖုန်းရွှိကို လူသားတွေက သံသယမဝင်စေဖို့အတွက် သခင်ကြီးက ရှီဖုန်းရွှိရဲ့ ဘေးကနေ ထွက်ခွာပေးခဲ့တယ်”
“လူသားတွေက သားရဲဘေးဒုက္ခကို ဆက်လက်တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ အသိစိတ် ပျောက်ဆုံးနေတဲ့ အဲဒီသားရဲတွေက တောရိုင်းတိရစ္ဆာန်တွေရဲ့ ဗီဇပဲ ကျန်တော့တာမို့လို့ အရမ်းကို သန်မာကြတယ်။ ပြီးတော့ သူတို့က အရေအတွက်လည်း အရမ်းများတယ်။ မိစ္ဆာသားရဲကျမ်းစာထဲက ထွက်လာတဲ့ သားရဲတွေက ကျိဖုန်းစီရင်စုကဟာတွေတင် မဟုတ်ဘဲ တခြားစီရင်စုတွေကဟာတွေပါ ပါနေတာ။ လှိုင်းတစ်ခုပြီး တစ်ခု ထွက်လာတာ ဘယ်တော့မှ ပြီးမှာ မဟုတ်သလိုပဲ။ အဲဒီဘေးဒုက္ခကို ရပ်တန့်ဖို့ တစ်ခုတည်းသော နည်းလမ်းက မိစ္ဆာသားရဲကျမ်းစာကို ရှာပြီး အဲဒါရဲ့ ဗဟိုချက်ကို ဖျက်ဆီးပစ်ဖို့ပဲ”
“နောက်ဆုံးမှာတော့ မိစ္ဆာသားရဲကျမ်းစာကို ရှာတွေ့ခဲ့ပေမဲ့ သားရဲထိန်းကျောင်းသူကိုတော့ မတွေ့ရတော့ဘူး။ သူက ကျမ်းစာ ထိန်းချုပ်မှုလွတ်သွားတာကို မြင်တော့ ဝမ့်ရှန့်စီရင်စုကို ချက်ချင်း ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်။ ပိုင်ရှင်မဲ့နေတဲ့ အန္တရာယ်ရှိတဲ့ မိစ္ဆာသားရဲကျမ်းစာကို ရင်ဆိုင်ဖို့ လူတိုင်းက ကံစမ်းခဲ့ကြရတယ်”
“ရှီဖုန်းရွှိဟာ လူသားပါရမီရှင်တွေကို ဦးဆောင်ပြီး ကျမ်းစာထဲကို ဝင်ခဲ့တယ်။ ဒါပေမဲ့ ဒါက အရမ်းခက်ခဲလွန်းတယ်။ ဝမ့်ရှန့်စီရင်စုက သားရဲထိန်းကျောင်းသူတောင် မထိန်းနိုင်တဲ့ ကျမ်းစာကို ကျိဖုန်းစီရင်စုက လူတွေက ဘယ်လိုလုပ် ထိန်းနိုင်မှာလဲ။ သူတို့အားလုံး ရှုံးနိမ့်ပြီး ကျမ်းစာထဲမှာပဲ သေဆုံးလုနီးပါး ဖြစ်ခဲ့ကြရတယ်။ အဲဒီအချိန်မှာ သခင်ကြီးက မိစ္ဆာသားရဲကျမ်းစာထဲမှာ ပေါ်လာခဲ့တယ်”
ရွှီးဟူကျွင်း၏ မျက်နှာတွင် နာကျင်မှုများ ထပ်မံပေါ်လာပြန်သည်။
“သူ့သူငယ်ချင်း ရှီဖုန်းရွှိအတွက် သခင်ကြီးက သူ့ရဲ့ သန့်စင်တဲ့ ဟင်းလင်းပြင်သွေးအားလုံးကို လောင်ကျွမ်းစေပြီး သူ့ကိုယ်သူ ဟင်းလင်းပြင်မျက်စိအဖြစ် ပြောင်းလဲလိုက်တယ်။ ကျမ်းစာရဲ့ ဗဟိုချက်ကိုလည်း ကစဥ်ကလျား ဟင်းလင်းပြင်အဖြစ် ပြောင်းပြန်လှန်ပစ်လိုက်တယ်။ အဲဒီလိုနဲ့ မိစ္ဆာသားရဲကျမ်းစာရဲ့ ဗဟိုချက် ဖျက်ဆီးခံလိုက်ရပြီး ကြောက်စရာကောင်းတဲ့ သားရဲကြီးတွေက ဟင်းလင်းပြင် ဝဲဂယက်ထဲမှာ သေဆုံးကုန်ကြရင်း သားရဲဘေးဒုက္ခ ပြီးဆုံးသွားခဲ့ရတာပဲ”
“သခင်ကြီး သေဆုံးသွားတဲ့အခါမှာ သူ့ရဲ့ ခန္ဓာကိုယ်ဟာ မိစ္ဆာသားရဲကျမ်းစာထဲမှာ ပျက်စီးသွားခဲ့ရတယ်။ မင်း ခုနကရလိုက်တဲ့ နံရိုးတစ်ပိုင်းက ငါ့သခင်ရဲ့ ရုပ်ကြွင်းပဲပေါ့”
“ဒါဆိုရင်...”
ရွှီနင်က ပြောလိုက်သည်။
“ကျွန်တော်တို့ ရောက်နေတဲ့ ဒီလျှို့ဝှက်နယ်မြေက တကယ်တော့ ပျက်စီးနေတဲ့ မိစ္ဆာသားရဲကျမ်းစာပေါ့ ဟုတ်လား”
“ဟုတ်တယ်”
ရွှီးဟူကျွင်းက ပြောလိုက်သည်။
“ဒီလျှို့ဝှက်နယ်မြေက မိစ္ဆာသားရဲကျမ်းစာပဲ”
“အဲဒီအချိန်တုန်းက လူသားအစွမ်းထက်သူ အများအပြားဟာ ကျမ်းစာထဲမှာ သေဆုံးခဲ့ကြပြီး သူတို့ရဲ့ အမွေအနှစ်တွေကို ထားခဲ့ကြတယ်။ ရှီဖုန်းရွှိက ကံတရားပါတဲ့သူတွေ ဝင်ရောက်ပြီး အမွေအနှစ်တွေ ရနိုင်အောင်လို့ မိစ္ဆာသားရဲကျမ်းစာကို လျှို့ဝှက်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲလိုက်တာ။ ပြီးတော့ ရှီဖုန်းရွှိက တာအိုလက်နက် သုံးခုနဲ့ လျှို့ဝှက်နည်းစနစ်၊ လျှို့ဝှက်ကျမ်းစာ ရာပေါင်းများစွာကို ကျောက်ခန်းမရဲ့ အတွင်းပိုင်းမှာ ဝှက်ထားခဲ့တယ်။ မင်း ဆက်ပြီး ရှာဖွေမယ်ဆိုရင် အဲဒါတွေကို ရလိမ့်မယ်။ လျှို့ဝှက်နယ်မြေအဖြစ် ပြောင်းလဲပြီးတဲ့နောက်မှာ ငါ့သခင်ရဲ့ နောက်ဆုံးရုပ်ကြွင်းတွေကို ကာကွယ်ဖို့အတွက် ငါကိုယ်တိုင် ဒီထဲကို ဝင်လာခဲ့တာ”
“ရှီဖုန်းရွှိကတော့ သားရဲဘေးဒုက္ခ ပြီးသွားပြီးနောက်မှာ အရမ်း ဂုဏ်သတင်းကျော်ကြားလာခဲ့တယ်။ သူက သူ့မိသားစုကို ကျိဖုန်းစီရင်စုရဲ့ အရှင်သခင်အဖြစ် ပြောင်းလဲလိုက်ပြီး ဧကရာဇ်မင်းဆက် တစ်ခုကို တည်ထောင်ခဲ့တယ်။ သူ အာဏာရလာတဲ့အခါ ပထမဆုံး လုပ်ချင်တာက ကျိဖုန်းစီရင်စုကို တကယ်ကယ်ခဲ့တာက ငါ့သခင်ဆိုတာကို ကမ္ဘာကို အသိပေးဖို့ပဲ။ ဒါပေမဲ့ ကျင့်ကြံသူမိသားစုကြီးတွေက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြတယ်”
“ဘာဖြစ်လို့လဲဆိုတော့ သားရဲဘေးဒုက္ခ ပြီးသွားပေမဲ့ ဘေးဒုက္ခကို ဖြစ်စေခဲ့တဲ့ သားရဲထိန်းကျောင်းသူကို ဘာအပြစ်ဒဏ်မှ မပေးနိုင်ခဲ့လို့ပဲ။ အကယ်လို့ ဒီအမှန်တရားကိုသာ လူသိရှင်ကြား ထုတ်ဖော်လိုက်ရင် ကျိဖုန်းစီရင်စုမှာ ကျန်ရစ်သူတွေက ကျေနပ်ကြမှာ မဟုတ်ဘူး။ ဒီအမှန်တရားကို ဖုံးကွယ်ဖို့အတွက် လူသားမျိုးနွယ်အတွက် ငါ့သခင်ရဲ့ အနစ်နာခံမှုကို နောက်ဆုံးမှာ ဖုံးကွယ်ထားလိုက်ကြရတယ်”
“တစ်ချိန်တည်းမှာပဲ ရှီဖုန်းရွှိက ဒီမိသားစုကြီးတွေကို မကျေနပ်တာကြောင့် သူ့ရဲ့ အာဏာနဲ့ ဂုဏ်သတင်းကို သုံးပြီး သူတို့ကို ဖိနှိပ်ခဲ့တယ်။ ဒီလိုနဲ့ ရှီဖုန်းရွှိနဲ့ ဒီမိသားစုတွေဟာ ရန်သူတွေ ဖြစ်လာခဲ့ကြတာပေါ့။ နှစ်ပေါင်း ၂၀ ကြာ အားပြိုင်ပြီးနောက်မှာ ရှီဖုန်းရွှိက တစ်ခုကို နားလည်သွားတယ်။ အရာအားလုံးကို ဖိနှိပ်နိုင်တဲ့ ခွန်အားမရှိဘဲနဲ့တော့ ဧကရာဇ်မိသားစုရဲ့ အာဏာဟာ သိုင်းလောကမှာ ခိုင်မြဲမှာ မဟုတ်ဘူးဆိုတာပဲ။ ဒါကြောင့် ရှီဖုန်းရွှိက အရာအားလုံးကို စွန့်လွှတ်လိုက်တယ်”
“သူက သားရဲထိန်းကျောင်းသူနဲ့ စာရင်းရှင်းဖို့အတွက် ကျိဖုန်းစီရင်စုကနေ ထွက်သွားခဲ့တယ်။ သူထွက်သွားပြီးတဲ့နောက်မှာ မင်းဆက်က ပြိုလဲသွားပြီး ဖရိုဖရဲတွေ ပြန်ဖြစ်လာခဲ့တာပဲ။ မိသားစုကြီးတွေက ရှီဖုန်းရွှိကို အာဃာတရှိတာကြောင့် ငါ့သခင်ကို သားရဲဘေးဒုက္ခကို ဖြစ်စေတဲ့သူအဖြစ် ပုံဖော်လိုက်ကြတော့တယ်။ ငါ လွန်ခဲ့တဲ့ နှစ် ၁၀၀ တုန်းက ဟင်းလင်းပြင်သားရဲရဲ့ မျိုးဆက်တွေကို ရှာဖို့ လျှို့ဝှက်နယ်မြေထဲက ထွက်လာတဲ့အခါမှ ဒါတွေကို သိခဲ့ရတာ။ အဲဒီအချိန်မှာ ငါ အရမ်း ဒေါသထွက်ခဲ့ပေမဲ့ ဘာမှ မတတ်နိုင်ခဲ့ဘူး”
ရွှီးဟူကျွင်းက ထပ်မံ သက်ပြင်းချပြန်သည်။
“ဒါ မင်းသိချင်နေတာတွေ ဟုတ်တယ်မလား”
“ဟုတ်ပါတယ်...”
ရွှီနင်သည် ရွှီးဟူကျွင်း ပြောသည်များကို အခြေခံအားဖြင့် ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
“တခြား သိချင်တာ ရှိသေးလား”
ရွှီးဟူကျွင်းက ထပ်မေးလိုက်သည်။
“မီးခိုးရောင်လေး အကြောင်းပါ... သူက ခင်ဗျားရှာနေတဲ့ ဟင်းလင်းပြင်မျိုးနွယ်ရဲ့ မျိုးဆက်လား”
ရွှီနင်က မေးလိုက်သည်။
“ဟုတ်တယ်”
ရွှီးဟူကျွင်းက ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်၊ သူက ဟင်းလင်းပြင်မျိုးနွယ်ရဲ့ မျိုးဆက်ဖြစ်ရုံတင်မကဘဲ ငါ့သခင်လိုမျိုး သန့်စင်တဲ့ သွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားတာ။ အခုတော့ သခင်လေးကို ငါကိုယ်တိုင် လေ့ကျင့်ပေးပြီး ဟင်းလင်းပြင်မျိုးနွယ်စုကို ပြန်လည် တည်ထောင်ဖို့ စီစဉ်ထားတယ်”