အခန်း (၄၀၀-၄၀၂)
Vol. 27 Ch. 400-402
(400)ရောက်ရှိလာပြီ
အချိန်ဖြတ်သန်းသည်မှာ မြန်ဆန်လွန်းလှ၏။ ကျန်းရွှမ်၏တက္ကသိုလ်ဝင်ဖြေခွင့်ရက်များလည်း တဖြေးဖြေးနီးကပ်လာပြီဖြစ်၏။ ရက်များနီးကပ်လာလေလေ အယ်မလီလေး၏စာသင်ယူနှုန်းမှာ ကြောက်ခမန်းလိလိတိုးပွားလာသည်ဖြစ်သည်။ တစ်နေ့ထက် တစ်နေ့ သူမ၏သင်ယူနှုန်းမှာ ပိုပြီး မြန်ဆန်လာခဲ့သည်ဖြစ်သည်။ အယ်မလီ၏တိုးတက်မှုကြောင့် ဂျိတ်လည်း ပျော်ရွှင်ရ၏။ မိမိ၏သမီးသည် စာသင်ယူရာ၌ တော်နေသောအခါ ဘယ်မိဘက မပျော်ပဲ နေနိုင်အံ့နည်း။ "ငါ့သမီးလေး ဒီထက်တော်ရမယ် ဒါမှ အနာဂတ်က ကောင်းမွန်မှာ" ဂျိတ်သည် စာသင်ယူရာ၌ ပျော်ရွှင်နေသော သမီးဖြစ်သူအား ကြည့်ကာ ရေရွတ်မိသည်။ သမီးဖြစ်သူ၏အောင်မြင်မှုသည် ကျန်းရွှမ်၏ဝင်ခွင့်အတွက် သက်ရောက်မှု ရှိလာနိုင်သလို ဂျိတ်တို့နေထိုင်ရာ စစ်သည်ကုန်းမြေအတွက်လည်း များစွာပတ်သက်မှုရှိနေကြောင်း ကျန်းရွှမ်နှင့် ဂျိတ်သာ အသိဆုံးဖြစ်သည်။ ထိုသို့သိသည်ကို နှစ်ယောက်လုံးက အပြင်သို့ထုတ်ဖော်ပြသခြင်းမရှိပေ။ သမီးလေးအပေါ်၌ ဖိအားများပြားမည် စိုးသောကြောင့် ဖြစ်၏။ စာသင်သော သမီးလေးအတွက် ဂျိတ်အနေဖြင့် သမီးအား ချီးမွန်းသည့်အနေဖြင့် အစားသောက်များကို မရိုးအောင် တစ်မျိုးပြီးတစ်မျိုး ချက်ကျွေး လေသည်။ ထိုသို့ချက်ကျွေးသောကြောင့် ဂျိတ်၏လက်ရာ၌ ကျရှုံးသူများ၌ ကျန်းရွှမ်တစ်ယောက်ပါ ပါဝင်လာခဲ့သည်ဖြစ်သည်။ "မနေ့က နဂါးနံရိုးပေါင်း ဒီနေ့မနက်က ရတနာရှစ်ပါးပုဇွန်ကောင်လုံးကြော်ဆိုတော့ ညနေကျရင် ဘာဟင်းဖြစ်မလဲ" ဂျိတ်၏လက်ရာစားဖူးသူတိုင်း ဂျိတ်၏ထပ်ချက်မည့် ဟင်းလျာတိုင်းကို မှန်းဆတွေးတောနေကြရသည်မှာလည်း အမောပင်ဖြစ်၏။ "ဘုရင်ကြီး အရေးပေါ်ကိစ္စရှိပါတယ် " ဂျိတ်အား အရာရှိတစ်ယောက်မှ အသည်းသန်ပြေးလွှားလျောက်တင်သောကြောင့် အံအားသင့်သွား၏။ "ဘာကိစ္စမို့ ပြေးလာနေတာလဲ" အရာရှိမှ "အခု ဖာတန်းမီးလောင် အဲမှားလို့ ဆောင်ကြာမြိုင်တေဇောဓာတ် လောင်မြိုက်နေပါတယ်" အရာရှိမှ အကျိုးကြောင်း စုံလင်စွာရှင်းလင်း၏။ထိုအခါမှ ဂျိတ်သည် နားလည်သဘောပေါက်သွားလေ၏။ ယခင်က ဆောင်ကြာမြိုင်ခေါ် ယောကျာ်းများပျော်ပါးရာ နေရာသည် တိုင်းပြည်နေရာအနှံ့၌ ပေါများစွာရှိခဲ့၏။ ထိုနေရာများသည် မိန်းမချောလေးများ၏ကပြဖျော်ဖြေမှုကို ကြည့်၍ရရုံတင်မကပဲ မိန်းမများဖြင့် ပျော်ပါးနိုင်ပြီး တခြားသော မကောင်းမှုဒုစရိုက်ကိစ္စများကို ပေါသောစွာ လုပ်ဆောင်ကြလေသည်။ ထို့ကြောင့် ဂျိတ်ဘုရင်ဖြစ်လာသောအခါ ထိရောက်စွာအရေးယူမှုကြောင့် ဒုစရိုက်ကိစ္စများမှာ ပျောက်ကွယ်သွားခဲ့ရသလို ဆောင်ကြာမြိုင်များသည်လည်း ပိတ်သိမ်းခြင်းခံကြလေသည်။ ထိုအခါ အပျော်တော်ဆက်မိန်းကလေးများအတွက် ဝင်ငွေလမ်းပျောက်သွားသည့်အပြင် ပျော်ပါးတတ်သော ယောကျာ်လေးများအတွက် လက်သမားဘဝ(သိတဲ့သူသိတယ်)သို့ ရောက်ရှိသွားကြ၏။ အစပိုင်း၌ ပြသနာမရှိသော်လည်း တစ်နှစ်ကျော်လာသောအခါ ဆောင်ကြာမြိုင်များအား ပြန်လည်ဖွင့်လာကြ၏။ မည်မျှပင် ဖမ်းဆီးဆောင်ရွက်စေကာမှု ထိုကိစ္စမှာ ပျောက်ကွယ်သွားခြင်းမရှိပဲ ဆိုးသည်ထက်ဆိုးလာလေရာ နောက်ဆုံး ဂျိတ်ထံသို့ ရောက်ရှိလာလေသည်ဖြစ်သည်။ "ကာမကိစ္စကို ငါပေါ့သေးသေးတွက်မိတာပဲ" ဂျိတ်မှ ထိုအကြောင်းစုံသိပြီးသော ချက်ချင်းပင် အမိန့်တစ်ခုချမှတ်ပြီး ထုတ်ပြန်ရလေတော့၏။ ဤသည်မှာ ဆောင်ကြာမြိုင်များအား တရားဝင်ဖွင့်စေမည်ဖြစ်သည်။ထိုသို့ဖွင့်ရာ၌လည်း များစွာသော သတ်မှတ်ချက်များလည်း ပြထားလေသည်။ ဆောင်ကြာမြိုင်အား ဖွင့်လှစ်ရာ၌ တရားမဝင်သော အဆိပ်များနှင့် တခြားခြားသော ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် ဆောင်ကြာမြိုင်အတွက် သတ်မှတ်ထားသော ဥပဒေကို လိုက်နာဆောင်ရွက်ရန်ဖြစ်ပေသည်။ ကပြဖျော်ဖြေသည့် အနုပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုသော မိန်းကလေးများအတွက် Ktvကဲ့သို့သော ကာရာအိုကေ ဆိုင်များ၊ဘားများဖွင့်လှစ်စေပြီး လုပ်ကိုင်ခွင့်ရကြမည်ဖြစ်သည်။ အနှိပ်ခန်းများကိုလည်း ဖွင့်လှစ်ပေးလိုက်သည်ဖြစ်သည်။ ဆောင်ကြာမြိုင်၌ လုပ်ကိုင်မည့်မိန်းကလေးများသည်လည်း သတ်မှတ်သော စည်းမျဥ်းကို လိုက်နာရမည်ဖြစ်သည်။ မဖွင့်ခင်တွင်လည်း ဆောင်ကြာမြိုင်၌ လုပ်ကိုင်မည့် မိန်းကလေးများအတွက် ဆေးအဖွဲ့မှ လာရောက်ပြီး တစ်ကိုယ်ရေကျန်းမာရေး အကြောင်းရာများအား သင်ကြားပေးခြင်း သံဝါသပြုရာ၌ ဆောင်ရန်ရှောင်ရန်တို့ကို ဦးစွာ သင်ကြားပြသပေးသည်ဖြစ်သည်။ ဆောင်ကြာမြိုင်ဖွင့်ပြီးသောအခါတွင်လည်း တစ်လလျှင် တစ်ကြိမ် ပျော်တော်ဆက်မလေးများအား ဆေးစစ်ဆေးပြီး ကျန်းမာရေးအခြေနေကို သတ်မှတ်ထားသော အရည်သွေးပြည့်မှီမှသာ ဆက်လက် လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သည်။ လာရောက်ပျော်ပါးမည့် ဖောက်သည်ယောကျာ်းများအတွက်လည်း ဆေးအဖွဲ့မှ ပျော်ပါးရာ၌ အကာကွယ်သုံးသင့်ကြောင်းနှင့် တခြားသော လိုအပ်သည်များကို သင်ကြားပေးရမည်ဖြစ်သည်။ ပျော်ပါးရာ၌ ရောဂါရှိမရှိကိုလည်း စစ်ဆေးသွားမည်ဖြစ်သည်။ ဤသည်မှာ ဆောင်ကြာမြိုင်မဖွင့်ခင်နှင့် ဖွင့်ပြီးအခြေနေများအတွက် ပြဌာန်းထားသော စည်းမျဥ်းများဖြစ်ပေသည်။နောက်ပြီး တခြားသော စည်းမျဥ်းများလည်း ရှိသေး၏။ ဤသည်မှာ ပျော်တော်ဆက်မယ်လေးများအား အသားလွတ်နှိပ်စက်အနိုင်ကျင့်ပါက ထိုသူအား အပြစ်ဒဏ်ကျခံစေမည်ဖြစ်သည်။ အပြစ်ဒဏ်ကိုလည်း လုပ်ဆောင်သော ပြစ်မှုပေါ်မူတည်ပြီး ထုတ်ပြန်မည်ဖြစ်သည်။ နောက်ဆုံးတစ်ချက်ကား အလွန်ပင်အရေးကြီး၏။ ပျော်ပါးပြီးပါက သတ်မှတ်သည့် ငွေကြေးမပေးသောသူအား တရားဝင်ဖမ်းဆီးထိန်းသိမ်းမည်ဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းရုံတင်မကပဲ ထိုဆောင်ကြာမြိုင်ရှိသော မြို့၌ ထိုလူအား အရှက်လုံရုံသာ ဝတ်ဆင်ပေးပြီး ...ဖာချပြီးငွေမရှင်းချင်သောလူဖျင်း....ဟု မောင်းခတ်ကြေညာပြီး မြို့အား သုံးပတ်လှည့်စေမည်ဖြစ်သည်။ ထိုစည်းမျဥ်းများကို မသိဟု ဘူးခံမငြင်းဝံစေရန် ဆောင်ကြာမြိုင်များ၏အဝင်ဝ၌ ဆိုင်းဘုတ်လုပ်ကာ ထောင်ထားစေမည်ဖြစ်ပြီး ထိုဆိုင်းဘုတ်၌ပါဝင်သော အချက်လက်များလိုက်နာနိုင်မှသာလျှင် ပျော်ပါးနိုင်ကြောင်း ဖော်ပြထားမည်ဖြစ်သည်။ ထိုကိစ္စကား ဂရိတ်တိုင်းပြည်၌ အနည်းငယ် ဆူညံပွက်လောရိုက်ခတ်သွားသည်ဖြစ်သည်။ "ငလူးဟေ့ ငါ့ဘဝတစ်သက်နဲ့တစ်ကိုယ်မှာ ဖာချတာကို စည်းနဲ့ကမ်းချရမယ်လို့ ငါမတွေးမိဘူးဟေ့." "ဟေ့လူ တိုးတိုးပြော သူများသိသွားရင် ရှက်စရာကြီး" ဂျိတ်သတ်မှတ်ထားသော စည်းမျဥ်းများသည် တိုင်းသူပြည်သားများကြား၌ အထူးဆန်းလိုဖြစ်စေသည်ဖြစ်၏။ ဂျိတ်ကတော့ သူတို့၏ဝေဖန်မှုကို ဂရုမစိုက်ပေ။ ထိုကိစ္စသာ ပေါ့သေးသေးဟု ထင်ကောင်းထင်ရနိုင်သော်လည်း ပြသနာကြီးများ၏အစလည်းဖြစ်သောကြောင့် တင်းကျပ်သော စည်းမျဥ်းများ ချမှတ်ထားရသည်ဖြစ်သည်။ ပျော်ပါးလိုသူများအတွက်လည်း ရှိသည်က မရှိသေးသည်ထက်စာလျှင် တော်သေးသည်ဟူသော မူကို လက်ကိုင်ပြုကာ တရားဝင်ပျော်ပါးနေကြပြီဖြစ်၏။ "ဘုရင်ကြီးကတော့ ဘုရင်ကြီးပါပဲ" ဂျိတ်၏ထူးဆန်းသော စည်းမျဥ်းများနှင့် အတူ တရားဝင်ဖွင့်လှစ်လိုက်သောအခါ လူထုအုံကြွမှုမရှိတော့သလို မကောင်းမှုလုပ်ငန်းများလည်း မရှိကြောင်း အရာရှိမှ မြင်တွေ့လိုက်ရတော့၏။ .....................................
"ဝေး မွေးနေ့မှာ ပျော်ရွှင်ပါစေ" အယ်မလီလေး၏ငါးနှစ်မြောက်မွေးနေ့ ရောက်ရှိခဲ့ပြီဖြစ်သောကြောင့် ဂရိတ်တိုင်းပြည်တစ်ခုလုံးရှိကလေးများအတွက် ပျော်ပွဲရွှင်ပွဲများပြုလုပ်ပေးပြီး ကိတ်များကျွေးမွေးစေသည်ဖြစ်သည်။ အယ်မလီလေးကိုလည်း ဂျိတ်မှ ငါးနှစ်ပြည့်အထိန်းမှတ်အနေဖြင့် မွေးနေ့ကိတ်အား ငါးလွှာပြုလုပ်ပေးပြီး တစ်လွှာ၌အရသာတစ်မျိုးစီ ထည့်သွင်းပြုလုပ်ပေးထားသည်ဖြစ်သည်။ ကျန်းရွှမ်လည်း အယ်မလီလေး၏မွေးနေ့လက်ဆောင်အနေဖြင့် ရွှေရောင်စာအုပ်လက်ဆောင်ပေး၏။ ထိုလက်ဆောင်ပေးသောကြောင့် ဂျိတ်ပင် အံအားသင့်သွားရသေးသည်ဖြစ်သည်။ ထိုလက်ဆောင်သည် အလွန်တရာအဖိုးတန်လှသောကြောင့်ဖြစ်၏။ "နစ်နာနေမယ်နော် ကျန်းရွှမ်" "ကျနော်ဝင်ခွင့်အရေးနဲ့ပတ်သက်ရင် ဒါက အသေးမွှားလေးပါဗျာ" ဂျိတ်လည်း အယ်မလီပေါ် ကျန်းရွှမ်၏အားကိုးထားကြောင်း မြင်ရသောအခါ ပြုံး၍သာနေ၏။မည်သည့်စကားမျှ ဆိုခြင်းမပြုပေ။ မွေးနေ့ပွဲ၌ အယ်မလီလေးသည် အလွန်ပျော်ရွှင်သည်ဖြစ်ရာ ထိုနေ့တွင်တော့ ကျန်းရွှမ်မှ စာသင်ပေးခြင်းမရှိပဲ တစ်ရက်အနားပေး၏။ နောက်နေ့ရောက်သည်နှင့် အယ်မလီလေးအတွက် ပိုမိုများပြားသော သင်ခန်းစာအသစ်များကို ကျန်းရွှမ်မှ အားကြိုးမာန်တက် ပို့ချလေတော့၏။ ဆရာဖြစ်သူက ကြိုးစားသင်ပေး သလို တပည့်ဖြစ်သူက ကြိုးစားသင်ယူနေသည်ကို ကြည့်ပြီး ဂျိတ်ရင်ထဲ၌ ပီတီများဖြာနေလေ၏။ နာရီကို ရက်စား ရက်ကို လစားဖြင့် အချိန်ကုန်ဆုံးသွားခဲ့လေရာ နောက်ဆုံး၌ ကျန်းရွှမ်၏စာမေးပွဲနေ့ရောက်ရန် တစ်ရက်မျှသာ ကျန်တော့သည်ဖြစ်သည်။ "သမီးလေးကို အားကိုးမယ်နော်" ကျန်းရွှမ်လည်း အယ်မလီလေးအား ပြော၏။ "ဟုတ် သမီးကြိုးစားပါမယ်" အယ်မလီလေး၏အဖြေကြောင့် ကျန်းရွှမ်လည်း စိတ်ချမ်းသာသွားသည်ဖြစ်သည်။ ကျန်းရွှမ်မှ သက်ပြင်းတစ်ချက်ချပြီး ကောင်းကင်ပေါ်မော့ကြည့်ကာ "မနက်ဖြန်ဆို ငါရဲ့အခွင့်ရေးအိမ်မက်က ရောက်လာခဲ့ပြီပဲ"
(401)ပထမအဆင့်အောင်မြင်ခြင်း
"တဖန်ပြန်ရောက်လာပြီ" ဂျိတ်သည် ပညာတက္ကသိုလ်၏ရင်ပြင်သို့ရောက်သောအခါ ပြောဆိုလိုက်သည်။ ယနေ့သည် ကျန်းရွှမ်၏ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့်နေ့ဖြစ်သောကြောင့် စစ်သည်တော်ကုန်းမြေမှ ပေါ်တယ်ဖြင့် ရောက်လာကြသည်ဖြစ်သည်။ ယနေ့၌ ဝင်ခွင့်ဖြေဆိုသူများဖြင့် ရင်ပြင်ပေါ်၌ လူများစွာရောက်ရှိနေကြလေသည်။ အလွန်ပင် ပြည့်သိပ်လုနီးပါးဖြစ်ခါနီးအထိ စည်ကားနေသည်ဖြစ်သည်။ သွားလာနေကြသောလူများသည်လည်း ကျန်းရွှမ်ကဲ့သို့သော စာသင်သားဝတ်စုံကို မဝတ်ဆင်ထားကြသော်လည်း တူညီသောအချက်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး ရင်ဘတ်နေရာ၌ ပါမောက္ခဖြစ်ကြောင်း တံဆိပ်ပြားများ ချိတ်ဆွဲထားကြသည်ဖြစ်သည်။ ကျယ်ဝန်းသောရင်ပြင်ပင် ပြည့်သိပ်လုနီးလူများစွာရှိကြသော်လည်း မည်သူကမျှ ပျံသန်းခြင်းမပြုလုပ်ကြပေ။ ပညာတက္ကသိုလ်၏စည်းကမ်းထုတ်ပြန်ထားသောကြောင့်ဖြစ်သည်။ "ရောက်လာတာတော့ ရောက်တာပေါ့ လက်ထဲက ကြိမ်လုံးလေးတော့ မယူလာနဲ့လေဗျာ" ကျန်းရွှမ်သည် ဂျိတ်၏လက်ထဲ၌ ရှိသော ကြိမ်လုံးလေးအား ကြည့်ကာပြောလိုက်၏။ ယနေ့၌ ကျန်းရွှမ်သည် အလွန်ကြည့်ကောင်းနေ၏။ သူ၏ခန့်ညားမှုက သူဝတ်ဆင်ထားသော ဝတ်စုံအဖြူဖြင့် တွဲလိုက်သောအခါ အလွန်ပင်ပနံသင်လှပေ၏။ အယ်မလီလေးသည် သူမအကြိုက်ဖြစ်သည့် ယုန်ပုံလေးပါသော အဝတ်စားအား ဝတ်ဆင်ထားပြီး ဂျိတ်ကတော့ စစ်ဘောင်းဘီအပြာစင်းကျားနှင့်အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ၏တောင့်တင်းလှသော ကိုယ်ခန္ဓာအချိုးစားနှင့် တည်ကြည်သော မျက်နှာထား ထို့ပြင် သူများနှင့်မတူကွဲထွက်နေသော ဆံပင်တိုတို ပုံစံကြောင့် လူကြား၌ သိသာထင်ရှား၏။ တစ်ချို့သော မိန်းမပျိုပါမောက္ခလေးများဆိုလျှင် ကျန်းရွှမ်အား ကြည့်ရင်း တီးတိုးဆိုနေကြ၏။ ဂျိတ်ကလည်း ကြည့်ကာ ဆွဲစားမည့်အကြည့်များပင် မျက်စပစ်ကြလေ၏။ ကျန်းရွှမ်၏အပြောကို ဂျိတ်မှ "အရင်တစ်ခေါက်ကလို မဖြစ်ဘူးလို့ပြောမရဘူးလေ ဒါကြောင့် ဒီတစ်ခါအသင့်ပြင်ထားရတာပဲ ပြီးတော့ ဒီကြိမ်လုံးက အရင်က ကြိမ်လုံးထက် အပြတ်သတ်သာတယ် ရိုက်ခံရပြီးရင် သုံးနှစ်လောက် ဆေးမှင်ကြောင်လို ထင်ရှားနေမှာ" ဂျိတ်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြိမ်လုံးလေးအား လေထဲ တဖြန်းဖြန်းဝှေ့ယမ်းရင်းပြောလိုက်သည်။ တစ်ထောင့်တစ်နေရာ၌ ဂျိတ်၏အားပါးတရဝှေ့ယမ်းနေဟန်ကို ကြည့်ပြီး ကြက်သီးမွှေးညင်းများ ထနေ ကြသော ပါမောက္ခတစ်အုပ်ကတော့ ရှိ၏။ထိုပါမောက္ခအုပ်ကြီးသည် မိမိတို့အား ဂျိတ်မြင်သွားမည်ကို ကြောက်ရွံသည့်အလား ပုန်းနေကြလေသည်ဖြစ်သည်။ ဂျိတ်၏ဝှေ့ယမ်းသည်ကို အယ်မလီလေး မှ မြောက်ပင့်နေ၏။ "ဒါမှ တို့ဖီဖီကွ" ကျန်းရွှမ်လည်း အတိုင်ဖောက်ညီသော သားအဖနှစ်ယောက်ကို ကြည့်ရင်း ခေါင်းခါရမ်းရင်း " လာသွားကြစို့ ကျနော်ကတော့ ဝင်ခွင့်ဖြေမဲ့နေရာသွားမယ် ခင်ဗျားတို့က ဝင်ခွင့်ဖြေတာကို ကြည့်ရှုရတဲ့နေရာဆီသွားနော်" ကျန်းရွှမ်မှ ဂျိတ်အားပြောနေရင်း၌ "နေကြပါဦး အရင်က ကျနော်ဘက်ကမှားသွားလို့ လာတောင်းပန်တာပါ ဒီတောင်းပန်မှုကိုလက်ခံပေးပါ" ရုတ်တရက်ဆိုသလို ဖူယုံရောက်လာပြီး ဂျိတ်အား တောင်းပန်လေ၏။ လက်ရှိ၌ ဖူယုံသည် ယခင်အတိုင်းသန့်ပြန်သောအနေထားသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ သူ၏လက်တွင်လည်း တောင်းပန်သည့်အနေဖြင့် လက်စွပ်တစ်ကွင်းပါရှိ၏။ ထိုလက်စွပ်အား စစ်ဆေးရာ စွမ်းအင်အဆင့်မြင့်ချီကျောက်တုံးတစ်သိန်းပါဝင်ကြောင်းတွေ့ရလေသည်။ ထိုမျှများပြားလှသော ပမာဏနှင့် စိတ်ရင်းမှန်စွာ လာရောက်တောင်းပန်သောကြောင့် ဂျိတ်လည်း လက်ခံခွင့်လွှတ်လိုက်လေသည်။ "ကောင်းပြီ နောက်တစ်ခါဆိုရင်တော့ သွားအကုန်ကျွတ်ပြီသာမှတ်" ဂျိတ်မှ ခွင့်လွတ်သောကြောင့် ဖူယုံသည်လည်း ဝမ်းသာစွာဖြင့် မြန်ဆန်စွာ ထွက်ခွာသွားလေသည်။ ဂျိတ်၏လက်ထဲ၌ရှိသော ကြိမ်လုံးလေးကိုလည်း အထူးတလည်ကြောက်ရွံသောကြောင့်လည်း ဖြစ်၏။ လက်ရှိ၌ ရင်ပြင်ကြီးသည် နှစ်ခြမ်းခွဲ ခြားသတ်မှတ်ထား၏။ တစ်ခြမ်းသည် ပါမောက္ခများဝင်ခွင့်ဖြေဆိုရန် ဖြစ်ပြီး နောက်တစ်ခြမ်းသာ လာရောက်ကြည့်ရှုသူများ နေရန်ဖြစ်သည်။ ကြည့်ရှုသူများအတွက် စင်မြင့်များဆောက်လုပ်ပေးထားသည်ဖြစ်သည်။ ထိုဝင်ခွင့်ဖြေဆိုပုံအား ဂြိုလ်ကမ္ဘာနေရာမျိုးစုံ၌လည်း ကြည့်ရှုနိုင်စေရန် တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်လည်းဖြစ်သည်။ ဂျိတ်လည်း အယ်မလီလေးအား ပွေ့ချီကာ လွတ်နေသော နေရာ၌ ထိုင်လိုက်လေသည်။ "ကဲ အခုဆိုရင်ဖြင့် ဝင်ခွင့်ဖြေဆိုပွဲကို စတင်ကျင်းပပါပြီ ဝင်ရောက်ဖြေဆိုသူပေါင်း ဆယ်သိန်းငါးသောင်းနဲ့ရှစ်ထောင်ငါးဆယ်နှစ်ယောက်ပါ " ဆရာတစ်ယောက်မှ ဝင်ခွင့်ပြိုင်ပွဲအား ကြေညာပေးနေကြောင်း တွေ့လိုက်ရလေသည်။ထိုဆရာသည် ပညာတက္ကသိုလ်၌ စာသင်နေသော ဆရာဖြစ်ပြီး သိုင်းအဆင့်မြင့်မားလှ၏။ လေထဲ၌ တည်ငြိမ်စွာရင်း အကဲ ဖြတ်ပြုလုပ်ပေးမည်ဖြစ်သည်။ "သူလိုဖြစ်ချင်လိုက်တာ" ပါမောက္ခများစွာ၏အားကျသောအကြည့်က သူ့ထံသို့ရောက်ရှိလာကြလေသည်။ ထိုဆရာသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ကြည်သောအသွင်ပြင်ရှိ၏။ သူ၏ရင်ဘတ်၌ ချိတ်ဆွဲထားသော ပညာတက္ကသိုလ်ဟူသော အမှတ်သားသည် ပါမောက္ခတိုင်းအား လေးစားအားကျစေရန် လုပ်ဆောင်ပေးထား၏။ သူ၏သိုင်းအဆင့်အရဆိုလျှင် လေထဲရပ်နေနိုင်ပြီး သူ၏စကားပြောသံက လာရောက်သူအားလုံးအား ကြည်လင်ပြတ်သားစွာ ကြားစေနိုင်သည်ဖြစ်သည်။ လက်ရှိအချိန်၌ များပြားလှသော ပါမောက္ခများက ပညာတက္ကသိုလ်သို့ဝင်ခွင့်ရှိရေးအတွက် အသည်းသန်ကြိုးစားနေကြကြောင်း ဂျိတ်သိလိုက်ရလေသည်။ ယခင်က မိမိသည် ပါမောက္ခတစ်ထောင်နဲ့ရန်ဖြစ်စဥ်က ဘေး၌ကြည့်နေသော ပါမောက္ခများသည် ကျန်းရွှမ်လို ဝင်ခွင့်အတွက် လာရောက်ဖောင်တင်သူများဖြစ်ကြောင်း သိထားသည်ဖြစ်သည်။ ဝင်ခွင့်ဖြေဆိုပွဲကျင်းပရာ ဖြေဆိုသော ရင်ပြင်တစ်ဖက်ခြမ်း၌ များပြားလှသော ပါမောက္ခများသည် ပျားများကဲ့သို့ စုပြုံပြည့်နေသည်ဖြစ်သည်။ "ကဲ ပထမအဆင့်ကို စတင်လိုက်ကြရအောင်" "ဝုန်း" ပညာတက္ကသိုလ်၏ဝင်ပေါက်၌ ရှိသော စာသင်သားရုပ်တုကြီးသည် အသက်ဝင်လာခဲ့သည်ဖြစ်၏။အသက်ဝင်ပြီးသည်နှင့် ထိုရုပ်တုကြီးသည် ဝင်ခွင့်ဖြေဆိုသော ပါမောက္ခများဘက်သို့ ဝတ်ရုံထဲမှ စုတ်တံကို ထုတ်ယူလိုက်ပြီး ဝှေ့ယမ်းလိုက်လေ၏။ "ဝေါ" ထိုအခါ ဖြေဆိုသူများထဲမှ တစ်ချို့သော ပါမောက္ခများသည် ကြည့်ရှုနေသော စင်ဘက်သို့ လွင့်စင်သွားကြောင်း တွေ့လိုက်ရလေသည်။ "အခု စစ်ဆေးနေတာကတော့ သိုင်းပညာစစ်ဆေးနေတာပါ သတ်မှတ်ထားတဲ့အရည်ချင်းမပြည့်မှီသူတွေက လွင့်စင်သွားမှာဖြစ်ပြီး ပြည့်မှီတဲ့လူသာလျှင် ကျန်ရှိမှာပါ" ဂျိတ်လည်း ကြည့်ရှုရာ သတ်မှတ်ထားသော သိုင်းပညာအဆင့်မပြည့်သောကြောင့် ထွက်ခွာသွားရသူသည် လေးသောင်းတစ်ထောင် ရှိနေကြောင်း စစ်ဆေးမိလေသည်။ "ပထမအဆင့်မှာ စစ်ဆေးမှာကတော့ နှစ်မျိုးဖြစ်ပါတယ် တစ်ခုက သိုင်းပညာအဆင့်ဖြစ်ပြီး နောက်တစ်ခုက အသက်သုံးဆယ်မကျော်ရပါဘူး" ထိုစကားကြောင့် ဝင်ခွင့်ရရန် ကြိုးစားနေသော ပါမောက္ခများ အံအားသင့်ကာ တုန်လှုပ်သွားကြလေသည်။ အသက်ကိုပါ စစ်ဆေးမည်ဟု မထင်မှတ်ထားသောကြောင့် ဖြစ်သည်။ "ဝုန်း" ရုပ်ထုကြီးမှ နောက်တစ်ကြိမ် စုတ်တံဝှေ့ယမ်းလိုက်သည်နှင့် ယခင်ကထက် များပြားလှသော လူအုပ်ကြီးသည် ကြည့်ရှုသော စင်မြင့်ဘက်သို့ ရောက်ရှိသွားလေတော့၏။ "ဟာကွာ ငါက အသက်သုံးဆယ်နဲ့ လေးလပဲရှိသေးတယ်လေကွာ ဒါလဲ ထွက်ရတာပဲလား" "ဟေ့ကို့လူ ခင်ဗျားက ငြီးတွားရတယ်ရှိသေး ကျုပ်ဆို အသက်သုံးဆယ်ပြည့်ပြီးတာ နှစ်ရက်ပဲရှိသေးတယ်ဗျ" အသက်သုံးဆယ်ထပ် ကျော်သောကြောင့် ဝင်ခွင့်စာမေးပွဲမှ ထွက်ခွာရသော ပါမောက္ခများ၏အသံများ ထွက်ပေါ်လာလေ၏။ "တိတ်စမ်း" လေ၌ရပ်နေသော အကဲဖြတ်ဆရာသည် တစ်ခွန်းတည်းပြောလိုက်သည်နှင့် တိတ်ဆိတ်သွားရလေသည်။ ပါမောက္ခများ၏အစွမ်းများထဲမှ အာဏာသက်ရောက်ခြင်းနှင့် သိုင်းပညာအဆင့်ကို တွဲစပ်အသုံးပြုလိုက်သောကြောင့်ဖြစ်သည်။ ("ဒါကြောင့် ပညာတက္ကသိုလ်လို့နာမည်ကြီးတာကိုး") ဂျိတ်သည် ဝင်ပေါက်၌ရှိသော ရုပ်တုကြီးအား ကြည့်ကာ အကဲဖြတ်လိုက်သည်။ ထိုရုပ်တုကြီးသည် သာမန်မဟုတ်ပဲ ထူးခြားကြောင်းတွေ့ရလေ၏။ ဝင်ရောက်ဖြေဆိုမှု၌ အမျိုးမည်မသိရှိရသော အစွမ်းထက်ပစ္စည်းများ အဆောင်များသုံးပြီးသိုင်းအဆင့်လိမ်လည်ပြီး ဝင်ပြိုင်သော ပါမောက္ခများရှိသည်ကို သူတွေ့နေရ၏။ မည်မျှသော နည်းများဖြင့် လိမ်လည်ပြိုင်နေပါစေ ရုပ်တုကြီး၏စုတ်တံတစ်ချက် အဝှေ့၌ အားလုံးကျရှုံးပြီး ပြိုင်ပွဲမှ ထွက်ခွာသွားကြရသည်ဖြစ်သည်။ အသက်စစ်ဆေးရာတွင်လည်း ထိုနည်းလည်းကောင်းပင်။ မည်မျှသော နည်းစနစ်သုံးပါစေ ရုပ်တု၏စုတ်တံအောက်တွင် မည်သို့မျှ ဖုံးကွယ်နိုင်စွမ်းမရှိပဲ ကြည့်ရှုသူစင်ဘက်သို့ လွင့်စင်သွားကြရသည်ဖြစ်သည်။ ပညာတက္ကသိုလ်သည် အချိန်ကို အလွန်တန်ဖိုးထားသည်ဖြစ်ရာ များပြားလှသော ဝင်ခွင့်ဖြေသူများအား တစ်ယောက်ခြင်းစစ်ဆေးရန်အချိန်မရှိသလို လိမ်လှည်မှုများအတွက်လည်း အချိန်ပေးစစ်ဆေးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ယခုလိုရုပ်တုကြီးဖြင့် အသုံးပြုစစ်ဆေးလိုက်ရာ အချိန်ကုန်သက်သာပြီး စစ်မှန်သောအရည်ချင်းပြည့်မှီသော ဝင်ခွင့်ဖြေ သူများသာ ကျန်ရှိစေသည်ဖြစ်သည်။ "ကျန်ရှိသူကတော့ အယောက်ရေ လေးသိန်းနဲ့တစ်သောင်းတိတိပါဗျ သူတို့ကတော့ နောက်တစ်ဆင့်ကို ဖြေဆိုကြရမှာဖြစ်ပါတယ် " ပထမစစ်ဆေးမှု ပြီးဆုံးသွားပြီဖြစ်သောကြောင့် ကျန်းရွှမ်သည် အောင်မြင်သွားခဲ့ပြီလည်းဖြစ်သည်။
(402)လောင်းကြေးထပ်ခြင်း
ပထမအဆင့်ပြီးဆုံးသွားသည်နှင့် ဆယ်မိနစ်သာ နားပြီး နောက်တစ်ဆင့်ကို ချက်ချင်းပင် စတင်လိုက်သည်ဖြစ်သည်။ ဒုတိယအဆင့်စတင်သည်နှင့် ထူးခြားသောအချက်မှာ လောင်းကစားဒိုင်ပေါ်ပေါက်လာခြင်းပင်ဖြစ်၏။ ထိုလောင်းကစားဒိုင်သည် သူ၏ရှေ့၌ လေထဲဝဲနေသော စားပွဲခုံတစ်ခုံချထား၏။ထိုစားပွဲခုံ၌ လောင်းကစားဒိုင် ကုလောင်းဟု နာမည်ကျောက်ပြားတစ်ခုတင်ထား၏။ ရုပ်ရည်သည် အတန်ငယ်ချောပြီး ငွေဝင်ခြင်းကို ကိုယ်စားပြုသည့်အရောင်ဖြစ်သော ရွှေရောင်အဝတ်စားကို ခန့်ညားစွာဝတ်ဆင်ထားသည်။ ဘယ်လက်ဖြင့် စာရွက်ကိုင်ပြီး ညာလက်ဖြင့် စုတ်တံကို ကိုင်ထား၏။ ထိုလောင်းကစားဒိုင်သည် အသင်းကြီးတစ်ခုမှဖြစ်ပြီးလာရောက်ကြည့်ရှုသော နေရာ၌သာမက ထိုပွဲအား နေရာအနှံ၌ကြည့်နေသော နေရာများ၌ တစ်ချိန်တည်းတစ်ပြိုင်တည်း တည်ရှိလေ၏။ "သူက လောင်းကစားအသင်းကြီးက ကုလောင်းလေ သူရဲ့ကျင့်ကြံတဲ့ သိုင်းပညာကျင့်စဥ်ကြောင့် အခုလို နေရာတိုင်းမှာ တစ်ချိန်တည်း တစ်ပြိုင်တည်းတည်ရှိနေနိုင်တယ်တဲ့" ဂျိတ်လည်း ထိုသူအား လွန်စွာပင် စိတ်ဝင်စားသောကြောင့် စနစ်ဖြင့် စစ်ဆေးလိုက်လေသည်။ ("အမည် ကုလောင်း အသက်....1350နှစ် မူလဂြိုလ်... ရေပြာဂြိုလ် ကျင့်ကြံမှု.... နတ်ဘုရားအဆင့်ထက်နှစ်ဆင့်မြင့်၏။ သူကျင့်ကြံသော ကျင့်စဥ်သည် ကိုယ်ခွဲကျင့်စဥ်ဖြစ်ပြီး ကျင့်ကြံမှုမြင့်မားလေ ကိုယ်ခွဲနိုင်စွမ်းမြင့်မားလေဖြစ်သည်။ သူ၏တိုက်ခိုက်ရည် စွမ်းရည် ထိန်းသိမ်းလိုပါက တစ်သိန်းအထိ ပွားနိုင်ပြီး တိုက်ခိုက်ရန်မလိုပဲ သာမန်လုပ်ငန်းဆောင်တာများသာ လုပ်စေလိုပါက ဆယ်သိန်းထိ ပွားနိုင်၏။ အားနည်းချက်...သူ၏ကိုယ်ခွဲများ သေပါက သူ၏စွမ်းရည်များ ဆုံးရှုံးနိုင်။............) ကုလောင်း၏အချက်လက်များမြင်လိုက်ရသောကြောင့် အတော်လေးစိတ်ဝင်စားစရာကောင်းသောလူဖြစ်ကြောင်း ဂျိတ်တွေးမိ၏။ လက်ရှိ၌ကုလောင်းသည် ကိုးသိန်းအထိ ပွားထားပြီး လောင်းကစားကြေးခေါ်ခြင်းကို လုပ်ဆောင်နေသည်ဖြစ်သည်။ ထိုပမာဏအထိပွားထားသောကြောင့် သာမန်လူလို အားနည်းသော်လည်း သူ၏နောက်ခံအသင်းသည် သာမန်မဟုတ်ရာ စိတ်ချလက်ချရှိနေခြင်းပင်ဖြစ်သည်။ "ကဲကဲ....ပွဲကြည့်ရင်း ငွေထောအောင် နည်းနည်းပါးပါးကံစမ်းကြရအောင်နော်....ငွေလိုချင်ငွေနဲ့လိုက်မယ် ရွှေလိုချင်ရွှေနဲ့လိုက်မယ်နော်" သူ၏ဆော်အောသံက ကြည့်နေသူတိုင်းကြား၏။သူ၏အသံသည်လည်း ညှိဓာတ်တစ်မျိုးပါရှိရာ ကြားသူတိုင်း လောင်းကစားလုပ်ရန် စိတ်ပါလာပြီး စတင်လောင်းကြလေတော့၏။ ဂျိတ်လည်း စိတ်ပါ၍ လောင်းရန် မိမိအနား၌ရောက်နေသော ကုလောင်းထံသွား၏။ "ကျနော်ကတော့ ဒီပါမောက္ခအတွက် အဆင့်နိမ့်ချီကျောက်တုံးတစ်ထောင်" "ကျနော်ကတော့ စိမ်းပြာဂြိုလ်က ပါမောက္ခအတွက် အလယ်လတ် ချီကျောက်တုံးတစ်သောင်း" ကုလောင်းသည် မိမိဘေး၌ လောင်းနေသော ထိုးသားများဖြင့် ဝိုင်းဝိုင်းလည်နေလျက်ရှိ၏။ သူသည် အင်မတန် တိကျသေချာ မြန်ဆန်သော်လည်း ဝိုင်းထားသော လူအရေတွက်သည် အလွန်ပင်များပြား၏။ ထို့ကြောင့် ချက်ချင်းပင် သူသည် နောက်ထပ် သူ၏ကိုယ်ပွားနှစ်ဆယ်မျှ ထပ်ထုတ်လိုက်ပြီး လောင်းကြေးကိုင်ခြင်း၊ လောင်းကြေးစာရွက်များ ခွဲခြင်းတို့ကို ပြုလုပ်ပေး၏။ ဂျိတ်လည်း ဘေး၌ထိုင်ကာ မည်သို့မည်ပုံ လောင်းကြေးထပ်ထိုးကြသည်ကို ပညာယူလေ၏။ အချိန်အနည်းငယ်ကြည့်သောအခါ မည်သို့မည်ပုံရှိသည်ကို နားလည်သဘောပေါက်လာ၏။ ကုလောင်းထံ၌ ပထမအဆင့်အောင်မြင်ပြီး ပါမောက္ခများ၏အကြောင်းများနှင့် လောင်းကြေးအချိုးစားများရှိနှင့် ပြီးဖြစ်သည်။ မည်သည့်ပါမောက္ခသည် နှစ်ဆ သုံးဆစသည်ဖြင့် အမျိုးမျိုးရှိ၏။ ထိုးသူများသည် ထိုပါမောက္ခများထဲမှ နှစ်သက်ရာပါမောက္ခကို ရွေးချယ်ပြီး လောင်းကစားပြုလုပ်နိုင်၏။ ရွေးချယ်ထားသော ပါမောက္ခက ဒုတိယအဆင့်အောင်ပါက ပြထားသော အချိုးစားအတိုင်း လောင်းကြေးရရှိမည်ဖြစ်ပြီး မအောင်မြင်ပါက ရှုံးနိမ့်မည်ဖြစ်သည်။ "ဒီကအကို ဘာလောင်းမလဲ ဒီတိုင်းနေရင် ဘာမှမဖြစ်ဘူးနော် ကံစမ်းမှ တစ်ခုခုဖြစ်မယ်နော် ပေါက်ရင်တော့ သူဌေးဖြစ်တာပေါ့" ကုလောင်းသည် မိမိအား ရှိုးနေသော ဂျိတ်အား လောင်းရန် စကားဖြင့် နှုတ်ခွန်းဆက်၏။ထိုအခါ ဂျိတ်လည်း ပြုံးလိုက်ပြီး ကုလောင်းအနားလာကာ "လောင်းပါမယ် ကျန်းရွှမ်ဆိုတဲ့ ပါမောက္ခကို အဆင့်မြင့်ချီကျောက်တုံးတစ်သိန်း" "ဝိုး" "ကိုယ့်လူက ကြမ်းသဟေ့" ဂျိတ်၏လောင်းကြေးခေါ်မှုကြောင့် ဘေး၌ရှိနေသော လူများ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အဆင့်မြင့်ချီကျောက်တုံးလောင်းသောသူမရှိသောကြောင့်ဖြစ်၏။ အဆင့်အလယ်လတ်ချီကျောက်တုံးတစ်တုံး နှင့် အဆင့်မြင့်ချီကျောက်တုံးတစ်တုံးသည်ပင် တန်ဖိုးအလွန်ကွာခြားသည်ဖြစ်ရာ တစ်သိန်းဟူသော ပမာဏကြောင့် လှုပ်ရှားသွားကြသည်ဖြစ်သည်။ "သူလား သူဆိုရင် လောင်းကြေးအချိုးစား 0.25ဆပါပဲ " ("နည်းလိုက်တာ") ကုလောင်းသည် ချက်ချင်းပင် ဂျိတ်အား ရှင်းပြ၏။ ကျန်းရွှမ်၏လောင်းကြေးအချိုးသည် အလွန်နိမ့်နေရခြင်းမှာ ကျန်းရွှမ်၏ယခင်က ဖြေဆိုဖူးသော စာမေးပွဲရလာဒ်များနှင့် ဆက်စပ်သုံးသပ်ပြီးမှသာ ထွက်လာခြင်းဖြစ်သည်။ ထိုသို့သော ပါမောက္ခသည် ဒုတိယအဆင့်အား အောင်နိုင်ချေရှိသောကြောင့် လောင်းကြေးနိမ့်နေသည်ဖြစ်သည်။ "ဒါဆိုလည်း တစ်မျိုးပြောင်းလောင်းပါမယ် ပါမောက္ခတော့မချိန်းဘူး ကျန်းရွှမ်ပဲ သူရဲ့အဆင့်တန်းဘယ်လောက်ရနိုင်ချေရှိမလဲဆိုတာလောင်းမယ်" "ဝိုး" ကြားသောလူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ကုလောင်းသည်ပင် ကျန်းရွှမ်အား ငွေပုံကြီးဟုပင် ထင်လာပြီဖြစ်သည်။ ထိုသို့လောင်းနည်းအား စာဖတ်သူတို့လည်း မစိမ်းပေ။ ဘောလုံးလောင်းရာ၌နှစ်သင်းထဲက တစ်သင်း အနိုင်ရသည်ဆိုသည်ထက် 3-2ဖြင့် နိုင်မည်။ 7-0ဖြင့် နိုင်မည် စသဖြင့် တိတိကျကျလောင်းရသည်မျိုးကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့လောင်းပါက အနိုင်ရရှိနေပါစေ မိမိသတ်မှတ်ပြီးလောင်းထားသော ဂိုးရလာဒ်မျိုးရရှိမှသာ အနိုင်လောင်းကြေးငွေရရှိမည်ဖြစ်သည်။ ပို၍လည်း မရသလို လိုလည်းမရသော ခက်ခဲသော နည်းဖြစ်သည်။ "ဒါဆို ခင်ဗျားဘယ်လိုလောင်းမလဲဆိုတဲ့အပေါ်မူတည်ပြီး အချိုးစားက ပြောင်းလဲသွားပါမယ်" ကုလောင်းသည် ဂျိတ်အား ပြောလိုက်၏။ "ကောင်းပြီအခုပဲ ပြောမယ် လောင်းမဲ့ပါမောက္ခနာမည်က ကျန်းရွှမ် ဒီအဆင့်ကို အောင်မယ် ထိပ်ဆုံးတစ်ရာထဲဝင်မယ် ဖြေသမျှ စာမေးပွဲတိုင်းကို သတ်မှတ်ထားတဲ့ ဂုဏ်ထူးမှတ်ရမယ် ဒါဆိုရင် လောင်းကြေးဘယ်လောက်လဲ" ဂျိတ်၏စကားကြောင့် ကုလောင်းလည်း မြန်ဆန်စွာ တွက်ချက်လိုက်ပြီး "ဒါဆိုရင် အချိုးက ဆယ်ဆပါ" ကုလောင်း၏ပြောမှုကြောင့် လူတိုင်းတုန်လှုပ်သွားရ၏။ ဆယ်ဆဟူသောပမာဏသည် အလွန်ပင်များပြားသောကြောင့်ဖြစ်၏။ "နည်းသေးတာပဲ" ဂျိတ်၏ညီးတွားသံကြောင့် ကုလောင်း၏မျက်နှာသည် တွန့်လိမ်သွားရ၏။ "ဒါများတယ်ပြောလို့ရတယ် သူ့နေရာမှာ တခြားသူသာဆို ရှစ်ဆက အများဆုံးပဲ " ကုလောင်းသည် ဂျိတ်အား စိတ်ရှည်ရှည်ထားကာ ထပ်မံရှင်းပြ၏။ ဂျိတ်ကလည်း အယ်မလီလေးအား ပွေ့ထားရင်း နားထောင်နေ၏။ ကုလောင်း၏ရှင်းပြချက်အရ လောင်းသောသူ၏လောင်းသောပုံစံ တိတိကျကျ အသေးစိတ် ပြောပြီး လောင်းကြေးခေါ်နိုင်မှသာ အချိုးစားသည် ပြောသောစကားပေါ်မူတည်ပြီး တိုးသွားမည်ဖြစ်သည်။ ကျန်းရွှမ်၏ရရှိနိုင်မည့်အဆင့်ထိ အသေးစိတ်ခန့်မှန်းပြောနိုင်ပြီး လောင်းနိုင်လေ လောင်းကြေးအချိုးဆသည် ပိုတိုးလာနိုင်ချေရှိလေဖြစ်သည်။ "ကောင်းပြီ ဒါဆိုလဲ ဒီလိုပဲ လောင်းပါတော့မယ်" ကုလောင်းလည်း ဂျိတ်ကို ကျေနပ်စွာကြည့်လိုက်၏။ သူ၏ရှင်းပြမှုကြောင့် တစ်ဖက်လူသည် နားလည်သွားပြီး ဆယ်ဆဆိုသည်မှာ များပြားကြောင်း နားလည်သဘောပေါက်သွားကြောင်း သူခန့်မှန်းလိုက်၏။သို့သော်လည်း ဂျိတ်၏ ထပ်ပြောသော စကားကြောင့် မျက်လုံးကြီးပြူး ပါးစပ်ဟကာ ဆွံအသွားလေတော့၏။ "ဒီလိုလောင်းမယ်ဆိုတာက ကျန်းရွှမ်က အဆင့်ငါးထဲထိ ရောက်မယ် ဖြေသမျှစာမေးပွဲတိုင်းလည်း အမှတ်ပြည့်ရလိမ့်မယ် သူများထက် သာပြီး ထူးခြားတဲ့စံချိန်ချိုးနိုင်လိမ့်မယ် ပြီးတော့ စာမေးပွဲကိုလည်း ဖျက်စီးလိမ့်မယ် ဒီလိုလောင်းရင်ဘယ်လောက်ရမလဲ" ထိုစကားကြောင့် ကုလောင်းမှာ ဆွံ့အသွားရပြီး ချက်ချင်းပင် တွက်ချက်ရတော့၏။သူ၏တွက်ချက်ပြီးသောအခါ "ဒီလိုဆိုရင် လောင်းကြေးအချိုးက တစ်ရာဆပါ" "ကောင်းပြီ ဒါဆိုလောင်းတယ်" ဂျိတ်သည် အဆင့်မြင့်ချီတစ်သိန်းပါသော လက်စွပ်အား ကုလောင်းထံ လောင်းလိုက်ပြီး လောင်းကြေးစာရွက်ယူကာ ပွဲကြည့်စင်သို့ ပြန်သွားလိုက်၏။ "သူရူးနေတာလားဟ ဘယ်လိုလောင်းသွားတာလဲ" ထူးဆန်းသော နည်းဖြင့် လောင်းကြေးတင်ထားသော ဂျိတ်အား လူများစွာက ထူးဆန်းစွာ ကြည့်ရှုနေကြသည်ဖြစ်၏။ထိုထဲတွင် ကုလောင်းတစ်ယောက်လည်း အပါဝင်ဖြစ်ပေသည်။