မိုးမခပန်း ကြွေလွင့်ခြင်း
Vol. 51 Ch. 540
ယဇ်ပူဇော်ခြင်း အခမ်းအနား၏ အခွင့်အရေးမှာ ဤမျှစောစီးစွာ ပေါ်ပေါက်ခဲ့လိမ့်မည်ဟု ထန်ထျန်း လုံးဝ ထင်မထားခဲ့ပေ။
ထို့ပြင် ၎င်းမှာ သူကိုယ်တိုင် ရှန်လင်သန့်စင်မှု ခံယူနေသည့် အချိန်တွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
မဟာကောင်းကင်အရှင် ကို ချိပ်ပိတ်ထားသည့် အဓိကအရာမှာ တားမြစ်ထားသော ရုပ်တုဖြစ်ရာ အခွင့်အရေး တစ်စုံတစ်ရာက ထိုရုပ်တုပေါ်တွင်သာ ပေါ်ပေါက်နိုင်သည်။
သို့ဆိုလျှင် အဖြေက ရှင်းနေပြီပင်...။
သူ၏ ထိုဓားတစ်ချက်ကြောင့် တားမြစ်ထားသော ချိပ်ပိတ်မှုတွင် အက်ကြောင်းလေးတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး သေချာစွာ ပြင်ဆင်ထားသည့် ဤ ပြန်လည် ရှင်သန်ခြင်း အခမ်းအနားအတွက် အရေးကြီးဆုံးသော ရှေ့ပြေးအခြေအနေကို ပံ့ပိုးပေးလိုက်သကဲ့သို့ ဖြစ်သွားခြင်းပင်။
ဘာလို့ သူဖြစ်နေရတာလဲ
ဒါက ဘယ်လိုလုပ်ပြီး သူ ဖြစ်နိုင်မှာလဲ
ထန်ထျန်း ဤရလဒ်ကို အနည်းငယ် လက်ခံရခက်နေသည်။
သူက ဤစစ်တုရင်ကစားပွဲရှိ အချို့သော နယ်ရုပ်များ၏ လူဝင်စား ဖြစ်နိုင်သော်လည်း အနည်းဆုံး ယခုအချိန်အထိတော့ သူက လုံးဝ လွတ်လပ်သော တစ်ဦးတည်းသော ဖြစ်တည်မှု ဖြစ်သည်။
သူ၏ စိတ်ဆန္ဒက မည်သူ့၏ လွှမ်းမိုးမှုကိုမျှ မခံရပေ။
ထို့ကြောင့် တစ်ဖက်လူက မည်မျှပင် အကွက်ချ စီစဉ်ရာတွင် ကျွမ်းကျင်ပါစေ သူ့အပေါ်ကိုတော့ တွက်ချက်၍ မရနိုင်ပေ။
သို့သော် ထိုဓားတစ်ချက်မှာ သူကိုယ်တိုင် အမှန်တကယ် ပိုင်းခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပျင်းရိနေ၍ စမ်းသပ်သည့်အနေဖြင့် ပေါ့ပေါ့ပါးပါး ခုတ်လိုက်ခြင်းသာ ဖြစ်သည်။
ဒါကတော့ တကယ်ကို...
ထန်ထျန်း ဘာပြောရမှန်းပင် မသိတော့ပေ။
မဟာကောင်းကင်အရှင် ပြန်လည်ရှင်သန်ခြင်း ကိစ္စတွင် သူနှင့် ဘာမှမပတ်သက်ဘဲ ဘေးကနေ ကြည့်နေသူသက်သက်သာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
သို့သော် မည်သူက ထင်ထားမည်နည်း၊ ဘေးကနေ ကြည့်နေရင်းနှင့် သူ့ကိုယ်သူ ပြန်ပတ်မိသွားလိမ့်မည်ဟုပင်...။
ထန်ထျန်း ထိုစဉ်က အခြေအနေကို သေချာပြန်စဉ်းစားကြည့်သော်လည်း ထူးခြားသည့် အခြေအနေကို မတွေ့ရပေ။ ထိုဓားချက်မှာ ရှင်းဟယ် အင်မော်တယ်ဓား၏ စွမ်းအားကို စမ်းသပ်ရန် သူကိုယ်တိုင် လွတ်လပ်စွာ ခုတ်ခဲ့ခြင်းသာ ဖြစ်သည်။
ဤတိုက်ဆိုင်မှုက တကယ်ကို ကြီးမားလွန်းလှသည်။
ထန်ထျန်း၏ တုံ့ပြန်မှုကို ကြည့်ပြီး လုချန်းကျီက တစ်ခုခုကို ခန့်မှန်းမိသွားကာ ခပ်အေးအေး ပြုံးလိုက်ပြီး ပြောသည်။ "ညီကိုထန်... မင်းနဲ့ ငါကတော့ ဒီကစားပွဲထဲက လူတွေပဲ ဖြစ်ပုံရတယ်"
"ငါကတော့ မတွန်းလှန်နိုင်မှန်း သိလို့ အလျှော့ပေးလိုက်ပြီး သူတို့ရဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်လာဖို့ လိုလိုလားလား လက်ခံခဲ့တယ်"
"ဒါဆို မင်းကကော"
ထန်ထျန်း ခေတ္တ တိတ်ဆိတ်သွားပြီးမှ ပြော သည်။ "ငါ့မှာ နယ်ရုပ်လုပ်ရတဲ့ အလေ့အထ မရှိဘူး"
"ငါ့ကံကြမ္မာကို ငါကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်"
"တကယ်လို့ တစ်စုံတစ်ယောက်က ငါ့ကို သူ့ရဲ့ ရှေ့ပြေးနယ်ရုပ်အဖြစ် သုံးချင်တယ်ဆိုရင်တော့..."
" သူ ဘယ်သူပဲဖြစ်ဖြစ် စစ်တုရင်ခုံကြီး မှောက်သွားဖို့သာ ပြင်ထားလိုက်"
သူက ဘယ်တော့မှ တခြားသူ၏ နယ်ရုပ် အဖြစ်မခံ၊ ဘယ်တော့မှပင်
လုချန်းကျီက ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
"ငါ မင်းကို ယုံတယ် ညီကိုထန်... မင်း လုပ်နိုင်မယ်ဆိုတာ ငါ ယုံတယ်"
" မင်းက ငါတို့နဲ့ မတူဘူး"
"တစ်ကမ္ဘာလုံးက ဒီကစားပွဲထဲမှာ အပိတ်ခံထားရပြီး တခြားသူရဲ့ လှည့်စားမှုကို ခံနေရရင်တောင်"
" နောက်ဆုံးအထိ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မယ့်သူက မင်းတစ်ယောက်တည်းပဲ ဖြစ်လိမ့်မယ်"
ထန်ထျန်း ဘာမှပြန်မပြောဘဲ လနတ်သမီးဝိုင် တစ်ခွက်ကို ငှဲ့ကာ လုချန်းကျီ ရှေ့သို့ ပို့ပေးလိုက်သည်။
လုချန်းကျီက လှုပ်ရှား၍ မရသဖြင့် ထန်ထျန်းက သူ၏ လက်မောင်းကို လေထဲတွင် မကာ အင်မော်တယ်ဝိုင်ကို ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။
"အင်း..."
"တကယ်ကို လန်းဆန်းစေတဲ့ မိုးမခဝိုင်ပါလား"
လုချန်းကျီ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး အရသာခံနေသည့် ပုံစံရှိသည်။
"နှမြောဖို့ကောင်းတာက ငါ မကြာခင် သေရတော့မယ်။ မဟုတ်ရင်တော့ မင်းဆီကနေ နောက်ထပ် အများကြီး တောင်းသောက်မိမှာပဲ"
ထန်ထျန်းက ဝိုင်ခွက်ကို ပြန်ယူကာ ထပ်ဖြည့်ပြီး သူ့ရှေ့သို့ ပို့ပေးပြန်သည်။
ထိုအချိန်တွင်ပင် ခြောက်သွေ့လုနီးပါး ဖြစ်နေသော မိုးမခပန်းတစ်ပွင့်က သစ်ပင်ထိပ်မှ လွင့်ပျံလာပြီး ဝိုင်ခွက်ထဲသို့ ကျသွားသည်။
လုချန်းကျီက ဂရုမစိုက်ဘဲ တစ်ငုံ အသာသောက်လိုက်ပြီး သက်ပြင်းချလျက် ပြောသည်။ "မင်းသာ နှစ်တစ်ရာလောက် စောမွေးခဲ့ရင် ငါ ဒီလမ်းကို လျှောက်ဖြစ်မှာ မဟုတ်ဘူး"
"ငါသာ မင်းနဲ့ စောစောစီးစီး သိကျွမ်းခဲ့ရင် ဒီသတ်မှတ်ထားတဲ့ ကံကြမ္မာကနေ လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်လိမ့်မယ်"
"နှမြောစရာပဲ... 'တကယ်လို့' ဆိုတာမှ မရှိတာ..."
ထန်ထျန်းက မေးလိုက်သည်။ "မင်း နောင်တရနေတာလား"
လုချန်းကျီ ခေတ္တ တိတ်ဆိတ်သွားပြီးမှ ခေါင်းခါပြသည်။
"နောင်တဆိုတာတော့ မရှိပါဘူး။ အစကနေ ပြန်စခွင့်ရရင်တောင် ငါ ဒီရွေးချယ်မှုကိုပဲ ထပ်လုပ်ဦးမှာပဲ"
"ပြီးတော့ ပြောရရင် ငါ့ရဲ့ အဆုံးသတ်က တကယ်တော့ အတော်လေး ကောင်းမွန်နေပါပြီ"
"ငါ ရှောင်းရင်ကို ကောင်းကင်ထိပ်ဆုံးဆီ အောင်အောင်မြင်မြင် ပို့ပေးနိုင်ခဲ့သလို ငါ့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အဘိုးကို အသက်ပြန်ရှင်အောင် လုပ်ဖို့လည်း အောင်မြင်ခဲ့ပြီ"
"ဘာမှ နောင်တရစရာ မရှိတော့ဘူး"
"အထွတ်အထိပ် တည်ရှိမှုကတောင် ငါ့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်မပစ်ဘဲ ချန်ထားပေးခဲ့သေးတယ်"
" ငါနဲ့ ယှဉ်ရင် ဝမ်ကျိယွီကမှ တကယ် သနားဖို့ကောင်းတာ။ သူက ဘာမှ မလုပ်ခဲ့ဘဲနဲ့ ဒီလို အခြေအနေမျိုးကို ရောက်သွားရတယ်"
ထန်ထျန်းက စဉ်းစားရင်း ပြောသည်။ "အထက်လောကက လူတွေကတော့ သူ့ကို မှတ်မိနေကြဦးမှာပါ"
" အဲဒီလူက ငါတို့ကို ဒီကိစ္စကို အချိန်မီ အစီရင်မခံစေချင်ရုံ သက်သက်ပဲ ဖြစ်မှာပါ"
လုချန်းကျီက နှာခေါင်းရှုံ့လိုက်ကာ "ပြောရခက်တယ်"
"အဲဒီလူက ဘယ်လိုအဆင့်မျိုးလဲဆိုတာ ငါ မသိပေမဲ့ သူဟာ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်မှာ သေချာတယ်"
"အထက်လောကက လူတွေလည်း သူ့ရဲ့ စိုက်ကြည့်မှုကနေ လွတ်ချင်မှ လွတ်နိုင်လိမ့်မယ်"
ထန်ထျန်း တိတ်ဆိတ်စွာ ခေါင်းညိတ်မိသည်။
ဟုတ်ပေသည်၊ ထိုလျှို့ဝှက်ဆန်းကြယ် သော ပုဂ္ဂိုလ်က ကျိကျွင်းအဆင့် ကိုပင် ကျော်လွန်ပြီး ကောင်းကင်တာအိုကို အတင်းအဓမ္မ ပြောင်းလဲနိုင်လျှင် သူ မလုပ်နိုင်တာ ဘာရှိဦးမည်နည်း
သို့သော် ဘယ်လို အခြေအနေမျိုးလဲဆိုသည်ကို ကောင်းကင်ထိပ်ဆုံး သို့ ရောက်သောအခါ သိရပေလိမ့်မည်။
"အမှန်အတိုင်း ပြောရရင် မင်း ဒီလောက ကစားပွဲကနေ ဘယ်လို ရုန်းထွက်မလဲဆိုတာကို ငါ တကယ် မြင်ချင်သေးတယ်"
" ဒါပေမဲ့ နှမြောစရာကောင်းတာက အခွင့်အရေး မရှိတော့ဘူး"
"ငါ မင်းကို ဘာမှ ထပ်မကူညီနိုင်တော့ဘူး။ မင်း ဒီကြီးမားလှတဲ့ လှောင်အိမ်ကြီးကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ပဲ ဆုတောင်းပေးနိုင်တော့တယ်"
လုချန်းကျီက အားအင်ချည့်နဲ့စွာ ပြောလိုက်သည်။
သူတို့ စကားပြောနေသည်မှာ ကြာပြီဖြစ်ရာ လုချန်းကျီ၏ ဒဏ်ရာမှာ တစ်စထက်တစ်စ ပိုဆိုးလာပြီး မည်သည့်အချိန်တွင်မဆို လုံးဝ ပျောက်ကွယ်သွားနိုင်သည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
ထန်ထျန်းက သူ့ကို ကျေးဇူးတင်စကား ဆိုလိုက်ပြီးမှ မေးလိုက်သည်။ " ရှင်းဟယ် အင်မော်တယ်ဧကရာဇ် အပြင်မှာ စောင့်နေတယ်"
" မင်း... သူ့ကို တွေ့ဦးမလား"
လုချန်းကျီ၏ မျက်လုံးများတွင် အတိတ်ကို တမ်းတရိပ်များ ပေါ်လာကာ "ရှင်းဟယ်လား..."
"တကယ်တော့ အဲဒီခေတ်က သူ့ရဲ့ ခေတ်ဖြစ်သင့်တာ။ ငါကပဲ သူ့ရဲ့ ခေတ်ကို ခိုးယူခဲ့တာပါ"
"သူ့ရဲ့ ပါရမီနဲ့ဆိုရင် ကောင်းကင်ထိပ်ဆုံးကို တက်လှမ်းဖို့က ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ ငါ့ကြောင့်နဲ့ပဲ သူ လမ်းလွဲကို လျှောက်ခဲ့ရတယ်"
"တကယ်တော့ ငါ သူ့ကို တွေ့ဖို့ မျက်နှာမရှိပါဘူး။ ဒါပေမဲ့ ရောက်လာမှတော့ နောက်ဆုံးအကြိမ် တွေ့လိုက်ပါ့မယ်"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက မတ်တပ်ရပ်ကာ ခရမ်းဝါးခြံဝင်း အပြင်ဘက်သို့ ထွက်လာခဲ့သည်။
ရှင်းဟယ် အင်မော်တယ် ဧကရာဇ်က ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ စောင့်နေဆဲ ဖြစ်သည်။ ထန်ထျန်း ထွက်လာသည်ကို မြင်သောအခါ မေးလိုက်သည်။ "ဘယ်လိုလဲ"
ထန်ထျန်းက ပြောသည်။ "သူ အထဲမှာ ရှိပါတယ်"
" အခြေအနေကတော့... စီနီယာ အထဲဝင်ကြည့်ရင် သိပါလိမ့်မယ်"
ရှင်းဟယ် အင်မော်တယ်ဧကရာဇ် က တိတ်ဆိတ်သွားပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ ခရမ်းဝါးခြံဝင်းထဲသို့ လှမ်းဝင်သွားတော့သည်။
ထန်ထျန်း လိုက်မသွားပေ။ ယခုအချိန်က လုမင် (လုချန်းကျီ) နှင့် ရှင်းဟယ် အင်မော်တယ် ဧကရာဇ်တို့၏ အချိန်သာ ဖြစ်သည်။
ဘေးနားရှိ ကျောက်တုံးကြီးပေါ်တွင် ထိုင်ရင်း ထန်ထျန်း လက်ရှိ အခြေအနေကို စဉ်းစားနေမိသည်။
အကယ်၍ လုချန်းကျီ၏ တွက်ဆမှု မမှားပါက ဒဏ္ဍာရီလာ မဟာကောင်းကင်အရှင်က အမှန်တကယ် ပြန်လည်နိုးထလာပြီ ဖြစ်နိုင်သည်။
သို့သော် တားမြစ်ထားသော ရုပ်တုထဲက ထိုလူမှာမူ ပြန်မလာသေးဘဲ သတင်းအစအန မရှိသေးပေ။
ဒါက သတင်းကောင်း မဟုတ်ပေ။
အကယ်၍ မဟာကောင်းကင်အရှင် သာ တကယ် ပြန်လည် အင်အားကြီးလာပါက ဤကမ္ဘာပေါ်တွင် မည်သူက တားဆီးနိုင်မည်နည်း
သို့သော် ကောင်းကွက်တစ်ခုမှာ မဟာကောင်းကင်အရှင်က ထျန်းဖူကမ္ဘာတွင်သာမက ကမ္ဘာကြီးတစ်ခုလုံး တွင်ပါ ချိပ်ပိတ်ခံထားရခြင်း ဖြစ်သည်။
ထျန်းဖူကမ္ဘာမှာ အစိတ်အပိုင်း သေးသေးလေးသာ ဖြစ်သည်။
ထို့ကြောင့် သူ ယခု ရှင်သန်လာလျှင်တောင် သူ၏ အထွတ်အထိပ် စွမ်းအားများကို ရရှိရန် အချိန်ယူရဦးမည်မှာ သေချာသည်။
တစ်စုံတစ်ရာ ပြင်ဆင်ရန် အချိန် အနည်းငယ်တော့ ရနိုင်သေးသည်။
ယခု အရေးကြီးဆုံး ပြဿနာမှာ မဟာကောင်းကင်အရှင် ပြန်လည်ရှင်သန်လာသည်ကို ဤကိစ္စကို ကြိုးကိုင်နေသူမှလွဲလျှင် သူတစ်ယောက်တည်းသာ သိနေခြင်း ဖြစ်သည်။
ကောင်းကင်ထိပ်ဆုံးရှိ အစွမ်းထက် ပုဂ္ဂိုလ်များမှာ မသိကြသေးပေ။
ထို့ကြောင့် သူက ကောင်းကင်ထိပ်ဆုံးသို့ အမြန်ဆုံး သွားရမည် ဖြစ်ပြီး ကြိုတင်ပြင်ဆင်နိုင်ရန် ဤကိစ္စကို သူတို့အား အသိပေးရမည်။
အကောင်းဆုံးမှာ ကျိကျွင်း ကို တိုက်ရိုက် ရှာဖွေနိုင်ရန်ပင်။
ထိုလျှို့ဝှက်ပုဂ္ဂိုလ်က အထွတ်အထိပ် ပုဂ္ဂိုလ်များကိုပါ မျက်စိကန်းအောင် လုပ်နိုင်လောက်သည်အထိ အစွမ်းထက်လိမ့်မည်ဟု သူ မယုံကြည်ပေ။
ထန်ထျန်း မျက်မှောင်ကြုတ်ကာ နောက်ထပ် အစီအစဉ်များကို အသေးစိတ် စဉ်းစားနေတော့သည်။