မိန်းကလေးကား အချစ်ဆိပ်တက်နေလေပြီ
Vol. 001 Ch. 46
ကု့ချင်းဥယျာဉ်ကား သာယာသော ပတ်ဝန်းကျင်နှင့် အဆောင်ငယ်လေးများ။ စိမ်းလန်းသော ဝါးတောများနှင့် အစီအရီခင်းထားသော ကျောက်တုံးလမ်းငယ်များဖြင့် အလွန်လှပပေသည်။ သည်နေရာကား တိတ်ဆိတ်ကာ နေထိုင်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှသည်။
အဆောင်ငယ်လေးများထဲမှ တစ်ခု၏ရှေ့သို့ လူတစ်စု ရောက်ရှိလာကြသည်။ သူတို့က အသက်နှစ်ဆယ် အရွယ်ခန့် မိန်းမပျို တစ်ယောက်အား မြင်လိုက်ကြသည်။ သူမက တန်လန်အား နှုတ်ဆက်လိုက်သည်...”ဆရာမ ကို နှုတ်ဆက်ပါတယ်...”
"နီဘန်... ဒါက ဟွာဆရာနဲ့ သူ့တပည့်ပဲ...” တန်လန်က မိတ်ဆက်လိုက်သည်...”ဒါက ကျွန်မရဲ့ ပထမဆုံး တပည့်မ နီဘန်ပဲ... အသက်ငယ်တဲ့ တစ်ယောက်က ဒွန်ဟိုင်ကျောင်းတော်မှာ ပညာသင်နေတယ်... မစိုးရိမ်နဲ့... ကျွန်မက ရီဖူရှင်းကို သူမနဲ့ မတွေ့ရအောင် လုပ်ပေးမယ်...”
ရီဖူရှင်းက မချိပြုံးပြုံးလိုက်သည်...သူ၏နာမည်မှာကား ဟွာဖန်းလူကြောင့် နာမည်ဆိုးတွင်သွားလေပြီ။
"ဟွာဆရာ...”နီဘန်က ဟွာဖန်းလူအား နှုတ်ဆက်လိုက်သည်။
"အရင်က ရှင်နေခဲ့တဲ့အဆောင်က အခုထဲ သန့်ရှင်းအောင် ရှင်းလင်းထားတယ်...ဒါကြောင့် ရှင် အဲဒီမှာပဲ နေနိုင်တယ်...” တန်လန်က ဟွာဖန်းလူအား ပြောလိုက်သည်။
"ကျေးဇူး...” ဟွာဖန်းလူက ခေါင်းညိတ်လိုက်သည်။
"ရှင်သာ ကျေးဇူးသိတတ်မယ်ဆို... ကျွန်မကို ထားခဲ့မှာ မဟုတ်ဘူး...” တန်လန်ကား အတိတ်မှ ဖြစ်ရပ်ကို အခဲကျေသေးပုံမရပေ။ ဟွာဖန်းလူက သည်အရာကို မငြင်းပေ။ သူကား တိတ်တဆိတ်ပင် ငြိမ်နေသည်။
"တန်အဒေါ်... ဆရာက ခင်ဗျားကို အမြဲ သတိရနေတာ... သူက တစ်စုံတစ်ယောက်ကို အားနာပြီး စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း အမြဲပြောတယ်... ဆရာက ကု့ချင်း တီးပြီဆိုရင်လည်း သူ့အတိတ်က အဖြစ်တွေကို အမြဲ ပြန်တွေးဖြစ်နေတာ...” ရီဖူရှင်းက ဟွာဖန်းလူဘက်မှ ဝင်ပြောလိုက်သည်။ တန်လန်က ရီဖူရှင်းအား သံသယမျက်လုံးဖြင့် ကြည့်ကာ မေးလိုက်သည်... “ဒါတကယ်လား...”
"သေချာတာပေါ့...” ရီဖူရှင်းက အခိုင်အမာ ပြောလိုက်သည်... “ကျွန်တော်က အရင်တုန်းက ဘယ်သူ့ကို ရည်ညွှန်းတယ်ဆိုတာ မသိခဲ့ဘူး... အခုမှ ဆရာ့ရဲ့ ခံစားချက်ကို နားလည်တော့တယ်...”
တန်လန်၏မျက်လုံးများ တောက်ပသွားသည်။ သူမက ထိုကောင်လေးအား ကြည့်ကာ သူပြောသည်များအား ယုံကြည်စပြုလာသည်။ သူမက ဟွာဖန်းလူအား ကြည့်လိုက်လျှင် ဟွာဖန်းလူမှာ ခေါင်းခါလျက် သက်ပြင်းချနေသည်ကို တွေ့ရသည်... သူက... “ဒါက အတိတ်မှာ ကျန်ခဲ့ပြီ...”
"ကောင်းပြီ... ရှင်က အသိစိတ် နည်းနည်းကလေးတော့ ရှိသေးတယ် ထင်တယ်...” တန်လန်က နောက်ဆုံးတွင် ယုံကြည်သွားသည်။ ယူချင်းက ရီဖူရှင်းမှာ ဟွာဖန်းလူအတွက် ပြောပေးခြင်းဖြင့် တန်လန်က ဟွာဖန်းလူအား အမှန်တကယ် ခွင့်လွှတ်လိုက်သည်ကို မြင်လျှင် ထိတ်လန့်သွားသည်။
"နီဘန်... ငါ့ကု့ချင်းကို သွားယူလိုက်...” တန်လန်က သူမ၏တပည့်မအား ပြောလိုက်သည်။ နီဘန်က ထွက်သွားပြီး အတန်ကြာလျှင် ကု့ချင်းတစ်လက်အား ကိုင်ကာ ပြန်လာသည်။ ဟွာဖန်းလူက ထိုကု့ချင်းအား မြင်လျှင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်... “ဒူယူကို ပြင်ပေးတဲ့အတွက် ကျေးဇူးပဲ...”
"ဒူယူက ရှင့်ရဲ့အကြိုက်ဆုံး ကု့ချင်းဖြစ်ခဲ့တာပဲ... အခု ဒါကို ပြန်ပေးချိန်တန်ပြီ...” နီဘန်က ဟွာဖန်းလူအား ထိုကု့ချင်းကို ပေးလိုက်သည်။
ဟွာဖန်းလူက ထိုကု့ချင်းအား ယူလိုက်ပြီး ကြိုးအချို့အား သူ၏လက်ချောင်းများဖြင့် ထိလိုက်သည်။ သူတို့အားလုံးက ကု့ချင်းထံမှ သူတို့အားလုံးအား ဘာမှမရှိသော ဟင်းလင်းပြင်ထဲသို့ ရောက်သွားသကဲ့သို့သော ခံစားချက်ကို ပေးသော ထူးခြားသော အသံအား ကြားလိုက်ကြသည်။ ထိုကု့ချင်းကိုယ်၌ကပင် မှော်စွမ်းအင်များ ကိန်းအောင်းနေပုံရသည်။
"ဝိုး... သိဒ္ဓိဝင်ပစ္စည်း...” ရီဖူရှင်းက အလွန် စိတ်ဝင်စားသွားသည်။ တန်ခိုး အစွမ်းများရှိသော ပစ္စည်းများအား သိဒ္ဓိဝင် ပစ္စည်းများဟု ခေါ်သည်။
"ရီဖူရှင်း... ဒီကို လာခဲ့... ဒီကု့ချင်းကို မင်းပိုင်သွားပြီ...” ဟွာဖန်းလူက ထိုကု့ချင်းအား ရီဖူရှင်းထံ ကမ်းလိုက်သည်။ တန်လန်ကား နားမလည်တော့ပေ။ ဟွာဖန်းလူကို ကြည့်ရသည်မှာ သူပိုင်ဆိုင်သမျှ အားလုံးကို ရီဖူရှင်းအား ပေးတော့မည့်ပုံပင်။ ကု့ချင်းမိစ္ဆာအတွက် ကု့ချင်းမှာ သူ၏အသက်တမျှ အရေးပါလှသည်။
ရီဖူရှင်းက ကမ်းပေးလာသော ကု့ချင်းအား လက်နှစ်ဖက်ဖြင့် သေချာစွာ လက်ခံယူလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်... “ဆရာ... ဆရာ့ကို စိတ်မပျက်စေရပါဘူး...”
"ငါမင်းကို ယုံတယ်...” ဟွာဖန်းလူက ရယ်မောလိုက်သည်။ ရီဖူရှင်း၏ပါရမီအား သူသာလျှင် အသိဆုံးဖြစ်သည်။ သူကား အလွန်စွမ်းအားကြီးသောသူ ဖြစ်လာရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။
"ရှင့်မှာ ဘာအစီအစဉ်ရှိလဲ... လက်စားချေဖို့တော့ မတွေးနဲ့... ကျွန်မက သူက ရှင့်ကို လုပ်ခဲ့သလို သူ့သက်စောင့်ဝိညာဉ်ကို ဖျက်ဆီးပစ်ချင်ပေမဲ့ သူက စွမ်းအားမြင့်လွန်းတယ်...” တန်လန်က ပြောလိုက်သည်။ ဟွာဖန်းလူက မည်သူ့ကို ရည်ညွှန်းသည်ကို သိသည်။ သူကား ဟွာဖန်းလူ၏ မဟာရန်သူ အနုပညာ သူတော်စင် ဖြစ်သည်။
"ငါဒီကို လာတာ လက်စားချေမလို့ မဟုတ်ဘူး... ရီဖူရှင်းကို ဒွန်ဟိုင်ကျောင်းတော်ကို တက်ခိုင်းမလို့... ဒါပေမဲ့ နွေဦးရာသီဝင်ခွင့် စစ်ဆေးခြင်းကို ကျော်လွန်သွားပြီ ဆိုတော့ သူက နောက်တစ်နှစ်အထိ စောင့်ရတော့မယ်နဲ့ တူတယ်... တန်လန်... မင်းက ဒွန်ဟိုင်မြို့တော်မှာ နေတာ နှစ်ပေါင်းမနည်းတော့ဘူး... ရီဖူရှင်းကို ကျောင်းတော်ဝင်ခွင့်ရဖို့ နည်းလမ်းများ မင်းသိတာရှိလား...” ဟွာဖန်းလူက တန်လန်အား မေးလိုက်သည်။
တန်လန်က သူမ၏ခေါင်းအား ယမ်းလျက် ဖြေလိုက်သည်... “ကျောင်းတော်ရဲ့ ထိပ်သီးပုဂ္ဂိုလ် တစ်ယောက်ယောက်က မထောက်ခံဘဲနဲ့တော့ မလွယ်ဘူး...”
ဟွာဖန်းလူအား ကြည့်ရသည်မှာ လေးလေးနက်နက် တွေးနေပုံရသည်။
"ဆရာ... ကျွန်တော်က ဒွန်ဟိုင်ကျောင်းတော်ကို ဘာလို့တက်ရမှာလဲ...” ရီဖူရှင်းက မေးလိုက်သည်။
"ချင်းကျူ မြို့တော်မှာတော့ ချင်းကျူ ကျောင်းတော်က အထွတ်အမြတ် နေရာပဲ... ချင်းကျူ ကျောင်းတော်သားတွေက မြို့မှာ မြင့်မားတဲ့ဂုဏ်ကို ပိုင်ဆိုင်ကြတယ်... မြို့ရဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်ဟူသမျှ ကျောင်းတော်က ပညာသင် ပြီးမြှောက်ခဲ့တဲ့သူတွေပဲ... မြို့တော်ဝန်ကိုယ်တိုင်က ချင်းကျူ ကျောင်းတော်ကို လေးစားရတယ်... “ဟွာဖန်းလူက သူ၏အမေးအား ဖြေလိုက်သည်...” ဒွန်ဟိုင် ကျောင်းတော်လည်း ဒီအတိုင်းပဲ... ဒါပေမဲ့ ဒွန်ဟိုင်ကျောင်းတော်က ပိုပြီး ကောင်းတယ်... ဒွန်ဟိုင်ကျောင်းတော်က ဒီမြို့ရဲ့ ကျောင်းတော်တစ်ခုတည်း မဟုတ်ဘူး... သမိုင်းကြောင်းရှည်တဲ့ ကျောင်းတော်လည်းဖြစ်တယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာ ကျော်ကတည်းက တည်ထောင်ခဲ့တာ... မူလပထမကျောင်းတော် တည်ထောင်တုန်းက ဒီမြို့ရဲ့ အဓိက မိသားစုကြီးတွေ အားလုံး ပူးပေါင်းခဲ့တယ်...”
“ဒါဆို ဆရာဆိုလိုတာက ဒွန်ဟိုင်ကျောင်းတော်က ကျောင်းတစ်ကျောင်း ဆိုတာထက် ပိုတာပေါ့...” ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။
"မှန်တယ်... ဒွန်ဟိုင်ကျောင်းတော်က မင်းထင်တာထက် ရှုပ်ထွေးပြီးတော့ အင်အားကြီးတယ်... တကယ်လို့ မင်းသာ ဒွန်ဟိုင်ကျောင်းတော်ကို တက်ခွင့်ရရင် မင်းရဲ့ လုံခြုံရေးက ပိုပြီး ကောင်းမွန်သွားလိမ့်မယ်...” ဟွာဖန်းလူက ရှင်းပြလိုက်သည်။ ရီဖူရှင်းက ဟွာဖန်းလူထံတွင် အရေးပါသော အစီအစဉ်များ ရှိနေသည်ကို ရိပ်မိလိုက်ကာ ခေါင်းညိတ်လိုက်သည်။ မဟုတ်လျှင် သည်နေရာကို သူတို့ လာခဲ့ကြမည် မဟုတ်ပေ။
"မင်းရဲ့ဆရာကို ဒွန်ဟိုင်ကျောင်းတော်မှာပဲ တွေ့ခဲ့တာ...” တန်လန်၏အသံက သူတို့အားလုံး၏ အတိတ်ဆီသို့ ဆွဲခေါ်သွားသည် ထင်ရ၏။
"အမှန်လည်း အဲဒီတုန်းက ငါတို့က မင်းတို့အရွယ်ပဲ...” ဟွာဖန်းလူက ပြုံးလိုက်သည်။
"ဘယ်လောက်လှပတဲ့ အချိန်တွေဖြစ်ခဲ့တာလဲ... ကျွန်မရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ရှင့်အတွက်ပဲ ပေးခဲ့တယ်... ဒါပေမဲ့ မကြာခင် ရှင်က သူမကို တွေ့သွားခဲ့တယ်...” တန်လန်က ပြောလိုက်သည်။
"ငါမှားသွားခဲ့တယ်...” ဟွာဖန်းလူက အားနာဟန်ဖြင့် ပြောလိုက်သည်။
"ရှင်က အပြစ်ရှိသလို ခံစားရလား...” တန်လန်အား ကြည့်ရသည်မှာ ပျော်ရွှင်ဟန်မတူပေ... “ရိုးရိုးသားသား ပြောရရင် ကျွန်မက အဲဒီမိန်းကလေးလောက် မလှဘူး... ဒါပေမဲ့ ပါရမီနဲ့ အရည်အချင်းမှာ ကျွန်မက ထိပ်တန်းမှာရှိတယ်... ကျွန်မက ဘာလို့ လမ်းမှားပြီး ရှင့်ဆီကို ရောက်သွားရတာလဲ...”
"ငါပင်ပန်းနေပြီ ... ရီဖူရှင်း ... ငါ့ကို အခန်းထဲကို လိုက်ပို့ပေးတော့...” ဟွာဖန်းလူက မျက်လုံးမှိတ်လိုက်ကာ ဘာမှ ဆက်မပြောတော့။
ရီဖူရှင်းက ဟွာဖန်းလူအား သူ၏ကျောပေါ်တွင် ပိုးပြီး သူ၏အခန်းသို့ လိုက်ပို့လိုက်သည်။ တန်လန်က အတိတ်မှ ဖြစ်ရပ်များအတွက် ကျေနပ်ခြင်း မရှိသေးသော်လည်း ဟွာဖန်းလူ၏ ဒဏ်ရာ အခြေအနေအား ကြည့်ကာ သနားလျက် သူ့အား နွေးနွေးထွေးထွေး ဆက်ဆံရန် တွေးထားလိုက်ပေသည်။
ရီဖူရှင်းက ဟွာဖန်းလူအား အခန်းထဲသို့ ခေါ်ဆောင်လာပြီး မေးလိုက်သည်... “ဆရာ... ဂျီယူရဲ့အမေက ဂျီယူလိုပဲ နန်ဒူမိသားစုရဲ့ မင်းသမီး ဆိုတော့ ဂျီယူလည်း ဒွန်ဟိုင်ကျောင်းတော်မှာ ပညာသင်နေတာလား...”
"မင်းဘာသာ စုံစမ်းကြည့်ပေါ့...” ဟွာဖန်းလူက ပြုံးလိုက်သည်။
"အင်း...” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ဟွာဖန်းလူအား အခန်းထဲတွင် အနားယူစေကာ တန်လန်ထံသို့ ပြန်လာခဲ့သည်။ သူမက ရီဖူရှင်းအား ပြောလိုက်သည်... “ကြည့်ရတာ နင်တို့တွေက တစ်ယောက်နဲ့တစ်ယောက် တော်တော် ကောင်းကြတာပဲ...”
"ဆရာက ကျွန်တော့်ကြောင့် ဒဏ်ရာ ရခဲ့တာ...” ရီဖူရှင်းက ပြောလိုက်သည်... “သူက ဒဏ်ရာရနေတဲ့ သူ့ရဲ့ မူလဝိညာဉ်ကို ပြန်ဆင့်ခေါ်ခဲ့တာကြောင့် အခြေအနေက အရမ်း ဆိုးရွားသွားတာ... ဒီမြို့မှာ သူ့ကို ကုသပေးနိုင်တဲ့သူ တစ်ယောက်ယောက်များ ရှိသလား...”
"ဒါ အရမ်း ဆိုးရွားတာပဲ...” ဟွာဖန်းလူက ရီဖူရှင်းအတွက် မည်သို့ ကာကွယ်ခဲ့သည်ကို ကြားကာ တန်လန်က ထိတ်လန့်သွားသည်... “သူ့ကို ကုသဖို့ဆိုရင် စိတ်စွမ်းအား ကောင်းပြီးတော့ ဆေးကုတဲ့ အပိုင်းမှာလည်း ထူးချွန်တဲ့ မှော်ထိန်းချုပ်သူကို ရှာဖို့လိုတယ်... ပြီးတော့ သူက မင်းဆရာထက် ပိုပြီး စွမ်းအားကောင်းတဲ့သူလည်း ဖြစ်ဖို့လိုလိမ့်မယ်... ဒါပေမဲ့ သူ့လိုလူကို ရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ...”
"ဒွန်ဟိုင်မြို့တော်မှာ တစ်ယောက်မှတောင် မရှိဘူးလား...” ရီဖူရှင်းကား လက်မလျှော့ပေ။ ဟွာဖန်းလူအား ကယ်တင်ရန် သူက ဘာမဆို လုပ်မည်ဖြစ်သည်။
"အမှန်က တစ်ယောက်တော့ ရှိတယ်...” တန်လန်က တစ်ယောက်ကို အမှတ်ရသွားသည်။ ရီဖူရှင်းက သူမအား မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်လျှင် စိတ်ပျက်စွာ ခေါင်းယမ်းလိုက်သည်... “လက်လျှော့လိုက်တော့... မင်းက မင်းဆရာကို ကုပေးဖို့တွေးနေတာ သူသိရင်ပဲ ကျေနပ်လိမ့်မယ်...”
"တန်အဒေါ်... ကျေးဇူးပြုလို့ ပြောပါလား...” ရီဖူရှင်းက ခေါင်းမာစွာ ပြောလိုက်သည်။
"သူ ကုပေးမှာ မဟုတ်ဘူး...” တန်လန်က ခေါင်းယမ်းလိုက်သည်။
ရီဖူရှင်း စိတ်ပျက်သွားသည်။ တန်လန်က သူ့အား မပြောပြရသည့် အကြောင်းအရင်း ရှိကြောင်း သူ နားလည်သည်။
"ငါ သွားလိုက်ဦးမယ် ကောင်လေး... မင်းဆရာကို ဂရုစိုက်လိုက်... တစ်ခုခုလိုရင်လည်း ငါ့ကိုလာပြော...” တန်လန်က ပြောလိုက်သည်။
"ကျေးဇူးပါ... တန်အဒေါ်...” ရီဖူရှင်းက သူတို့အား သည်နေရာတွင် နေခိုင်းခဲ့ခြင်းက သူတို့အတွက် မည်မျှ အကူအညီ ဖြစ်သည်ကို သိသည်။ သူက ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်...” ဆရာက တန်အဒေါ်နဲ့သိတာ အရမ်း ကံကောင်းတာပဲ...”
"ဒါက ဘဝပဲ...” တန်လန်က သက်ပြင်းချလိုက်သည်။
"ဆရာရဲ့ ဘယ်နေရာတွေက အဒေါ့်ကို ဒီလောက် ဆွဲဆောင်ထားနိုင်တာလဲ...” ရီဖူရှင်းက မေးလိုက်သည်။
"ကောင်လေး... သူက အရမ်းချောတယ်...” တန်လန်က ထိုသို့ပြောကာ ထွက်သွားသည်။ ရီဖူရှင်းလည်း အတော်ပင် အံ့အားသင့်သွားသည်။
ယူချင်းက ရီဖူရှင်း၏မျက်နှာအား ကြည့်လိုက်သည်... ထို့နောက် မိမိဘာသာ ရေရွတ်လိုက်သည်... “မိန်းကလေးတွေက မင်းကို ကြိုက်တာ မထူးဆန်းပါဘူးလေ... မင်းလည်း ချောမောတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတာပဲ...”
ရီဖူရှင်းက မကြားဟန် ဆောင်ထားသည်။ သို့သော်လည်း သူက ယူချင်းအား ကျောခိုင်းကာ တိတ်တဆိတ် ရယ်မောလိုက်သည်။
***
သူကား ဒွန်ဟိုင်ကျောင်းတော်တွင် တက်ရောက်လိုလှပြီ ဖြစ်သည်။ သည်ကျောင်းတော်ကား သိသာစွာပင် အရှေ့ပင်လယ်၏ အကောင်းဆုံး ကျောင်းပင် ဖြစ်သည်။
အမှန်တကယ်တွင်ကား များစွာသော လူများက သည်ကျောင်းတော်ကို လာကာ ဝင်ခွင့်ရရန် အတတ်နိုင်ဆုံး ကြိုးစားကြသည်။ သို့သော်လည်း အကောင်းမွန်ဆုံးသော ပါရမီရှင်များသာလျှင် ကျောင်းတော်သား ဖြစ်ခွင့်ရကြသည်။ တခြားလူများကမူ သည်ကျောင်းတွင် တက်ခွင့်ရရန် မျှော်လင့်ချက်မရှိတော့မှ တခြား ကောင်းမွန်သော ကျောင်းများကို ရွေးချယ်ကြသည်။ ထို့ကြောင့်လည်း ဒွန်ဟိုင်ကျောင်းတော်၏ ကျောင်းသားများအား ခြွင်းချက်မဲ့ ပါရမီရှင်များအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။ မျိုးဆက်များစွာ ဖြတ်သန်းလာသည်နှင့်အမျှ ကျောင်းတော်မှာ ပို၍ပင် အင်အား ကောင်းလာခဲ့သည်။
စွမ်းအားမြင့်လှသော ကု့ချင်းမိစ္ဆာ၊ အနုပညာသူတော်စင်၊ တန်လန်တို့အားလုံး ဒွန်ဟိုင်ကျောင်းတော်သားများ ဖြစ်ကြသည်။ ထို့ကြောင့် နန်ဒူမိသားစုကဲ့သို့ အင်အားကြီး မိသားစုအတွက် ဒွန်ဟိုင်ကျောင်းတော်မှာ သူတို့၏မျိုးဆက်များအတွက် ပထမဦးစားပေး ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထိုအချိန် ဒွန်ဟိုင်ကျောင်းတော်အတွင်း တစ်နေရာ...။ အဆောင်တစ်ခုအတွင်း လှပသော မိန်းကလေးတစ်ယောက် မှော်စာလိပ် ရေးနေသည်။ သူမကား အသက် ဆယ့်ခြောက်နှစ်ခန့် ရှိမည်ဖြစ်ပြီး သူမ၏အလုပ်အား လုံးဝ အာရုံစိုက်ထားပုံရသည်။ သူမ၏အာရုံစူးစိုက်မှုက သူမ၏ကိုယ်ခန္ဓာအား ကျက်သရေရှိစေသော အငွေ့အသက်များ ရစေသည်။
"ဟွာဂျီယူ...” သူမအား တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သည်။ အခြားလှပသော မိန်းကလေးတစ်ဦးက အဆောင်ထဲသို့ လှမ်းဝင်လာသည်။ သူမကာ ထိုမှော်စာလိပ် ရေးနေသော မိန်းကလေးလောက် လှပ ပြေပြစ်ခြင်း မရှိပေ။
"ဘာဖြစ်လို့လဲ...” ဟွာဂျီယူက လုပ်လက်စအား ရပ်ကာ မိန်းကလေးအား မေးလိုက်သည်။
"နင့်ကို တစ်ယောက်ကလာပြီး ညနေစာအတွက် ဖိတ်ခေါ်နေတယ်...” သူမက ပြုံးလျက် ဟွာဂျီယူအား ပြောလိုက်သည်။
"ကောင်လေး တစ်ယောက်လား...” ဟွာဂျီယူက မထူးဆန်းသလို မေးလိုက်သည်။
"မဟုတ်ဘူး... မိန်းကလေးတစ်ယောက်ပဲ... သူက ညနေစာစားပွဲမှာ နင့်အလှရဲ့ လွှမ်းမိုးမှုကို လိုချင်တာ...” မိန်းကလေးက ဟာသနှော၍ ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး... ငါမသွားနိုင်ဘူး...” ဟွာဂျီယူက စုတ်တံအား ကောက်ကိုင်လိုက်သည်။
မိန်းကလေးက အနည်းငယ် အံ့အားသင့်သွားသည်... “နင်က သူ့နာမည်ကိုတောင် မမေးတော့ဘူးလား...”
"ငါ မသွားနိုင်ဘူး...” ဟွာဂျီယူက ထပ်ပြောလိုက်သည်။ မိန်းကလေးက မည်သို့မျှ မတတ်နိုင်တော့။
"နင်တစ်ခါလောက် သွားကြည့်ပါလား... သူက ဒီကျောင်းတော်ရဲ့ အတော်ဆုံး ကျောင်းသားတစ်ယောက် ဆိုတာ ငါကတိပေးနိုင်တယ်...” မိန်းကလေးက နောက်ဆုံးအကြိမ် ဆွယ်လိုက်သည်။
"ငါ့မှာ ရည်းစားရှိတယ်...” ဟွာဂျီယူက ရှင်းပြလိုက်သည်။ မိန်းကလေးက အံ့အားသင့်စွာ မေးလိုက်သည်... “နင်က လုပ်ကြံပြောနေတာတော့ မဟုတ်ပါဘူးနော်... ဟုတ်တယ်မလား...”
ဟွာဂျီယူက ခေါင်းယမ်းလိုက်သည်။ မိန်းကလေးက ဟွာဂျီယူမှာ တကယ် ပြောနေခြင်း ဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သူမက သက်ပြင်းချလိုက်သည်... “ဟင်း... ဒီကျောင်းတော်က ကောင်လေး အများစုကတော့ အသည်းကွဲကြတော့မှာပဲ... နင့်ရည်းစားက ဒီကျောင်းတော်ကလား...”
"မဟုတ်ဘူး...” ဟွာဂျီယူက ပြန်ဖြေလိုက်သည်။
"သူက အရည်အချင်းရှိလား... နင့်ကို ချဉ်းကပ်ရတာ သူ့အတွက် လွယ်ကူမယ်လို့ ငါမထင်ဘူး...” မိန်းကလေးက ပြောလိုက်သည်။
ရီဖူရှင်း၏ပုံရိပ်က သူမ၏အတွေးထဲသို့ ဝင်လာသည်။ ထို့နောက် သူမက ပြုံးလိုက်သည်။ ထိုအပြုံးကား ဝိညာဉ်များအား နုတ်ယူစေနိုင်သည်။ ထိုအပြုံးကား သူမ၏ဘေးမှ မိန်းကလေးကိုပင်လျှင် ခံနိုင်ရည် အားမဲ့စေသည်။
"သူလား ... ကောင်ဆိုးလေး တစ်ယောက်ပဲ...” ဟွာဂျီယူ၏ အပြုံးကား ရပ်တန့်မရတော့။ ထိုအပြုံးကား ချိုမြိန်လှသည်။
မိန်းကလေးက ဟွာဂျီယူမှာ လိမ်နေခြင်း မဟုတ်ကြောင်း မြင်သည်။ သူမအား ကြည့်ရသည်မှာ အချစ်များဖြင့် လွှမ်းခြုံနေသည်။
***