တဖြည်းဖြည်း ပေါ် လာခြင်း
Vol. 51 Ch. 533
မူလတာအိုလက်နက် ဆိုသည်မှာ သာမန်တာအိုလက်နက်များထက် များစွာသာလွန်သော တည်ရှိမှုမျိုးဖြစ်သည်။
၎င်းက ကောင်းကင် ၏ တာအိုနိယာမများနှင့် တိုက်ရိုက်ဆက်နွှယ်နေပြီး ၎င်း၏ စွမ်းပကားနှင့် စွမ်းရည်မှာ လူတို့၏ စိတ်ကူးစိတ်သန်းထက်ပင် ကျော်လွန်လှသည်။
မူလတာအိုလက်နက်၏ အသက်မူလစွမ်းအား ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီဆိုလျှင် လုချန်းကျီတွင် မည်မျှပင် အစွမ်းထက်သော တစ်ဖန်ပြန်လည်မွေးဖွားခြင်း နည်းလမ်းများ ရှိနေပါစေ၊ အသုံးဝင်တော့မည် မဟုတ်ပေ။
"နောက် ၁၂ နာရီအတွင်းမှာ လုချန်းကျီ သေချာပေါက် သေရလိမ့်မယ်"
ဝမ်ကျိယွီက ပြောသည်။
"အခု အချိန်တစ်ဝက်တောင် ကုန်သွားပြီ"
"လုချန်းကျီရဲ့ ဂရုတစိုက်နဲ့ စနစ်တကျ စီစဉ်တတ်တဲ့ စရိုက်အရ ၆ နာရီအတွင်း သူ့ကို ပြန်ရှာတွေ့ဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်တဲ့ ကိစ္စပဲ"
"ဒါကြောင့် ဆက်ပြီး စုံစမ်းနေတာကလည်း သိပ်ပြီး အဓိပ္ပာယ် မရှိတော့ဘူး"
"ငါ့ရဲ့ ခံစားချက် မှားသွားတာလည်း ဖြစ်နိုင်ပါတယ်။ လုချန်းကျီက တုအဲ့နယ်မြေနဲ့ ဘာမှမပတ်သက်ဘဲ ကလဲ့စားချေဖို့ သက်သက်ပဲ လုပ်ခဲ့တာ ဖြစ်မှာပါ"
ဝမ်ကျိယွီ၏ စကားကို ကြားသောအခါ ထန်ထျန်း ဆိတ်ဆိတ်သာ နေလိုက်သည်။
သူက လုချန်းကျီနှင့် ကိုယ်တိုင်တွေ့ဆုံ စကားပြောပြီး စိတ်ထဲရှိ သံသယအားလုံးကို အဖြေရှာရန် ကြံရွယ်ခဲ့သော်လည်း ယခုမူ ထိုအခွင့်အရေး မရှိတော့ပေ။
လုချန်းကျီက ထွက်ပြေးလွတ်မြောက်သွားသော်လည်း နောက်ဆုံးတွင် သေရမည့် ရလဒ်သာ ရှိတော့သည်။
ဝမ်ကျိယွီသည်လည်း ဤနေရာမှ ထွက်ခွာပြီး ကောင်းကင်ထိပ်ဆုံးသို့ ပြန်တော့မည် ဖြစ်သည်။
ပဟေဠိအားလုံးမှာ ဤနေရာ၌တင် ရပ်တန့်သွားတော့မည့်ပုံပင်။
ထန်ထျန်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
ဤကိစ္စမှာ အလွန်ပင် နက်နဲလှပြီး မည်သူ့ကိုမျှ အသိမပေးလိုသော ကြောက်မက်ဖွယ် လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်ထားသကဲ့သို့ ရှိနေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရမည်။
"မင်းရဲ့ ခံစားချက်က မှားမှာ မဟုတ်ဘူး"
ထန်ထျန်းက ဝမ်ကျိယွီကို ကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "ရှေးဟောင်းစစ်မြေပြင်မှာ ငါ တခြား သဲလွန်စတချို့ ရှာတွေ့ခဲ့တယ်"
ဝမ်ကျိယွီ ခေတ္တမျှ ကြောင်သွားပြီး "ရှေးဟောင်းစစ်မြေပြင် ဟုတ်လား"
"အဲဒီမှာ ဘာသဲလွန်စ ရှိနိုင်မှာလဲ၊ လုချန်းကျီက အဲဒီဘက်ကို တစ်ခါမှ မသွားဖူးဘူးလေ"
ထန်ထျန်းက ပြောသည်။ "လုချန်းကျီက မသွားဖူးရင်တောင် လူတစ်ယောက်ကတော့ သွားဖူးတယ်"
သူက လုချန်းကျီ၏ ခန္ဓာအလွတ်ကို ကြည့်ပြီး အမည်တစ်ခုကို ပြောလိုက်သည်။
"လုမင်"
ဝမ်ကျိယွီ နောက်တစ်ကြိမ် ကြောင်အသွားပြန်သည်။
"လုမင် ဟုတ်လား"
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက ထျန်းဖူနန်းတော်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ကို ပြောတာလား"
"သူက ရှေးဟောင်းစစ်မြေပြင်ကို သွားဖူးတာ မှန်ပါတယ်။ ဒါပေမဲ့ သူနဲ့ လုချန်းကျီနဲ့က ဘာပတ်သက်မှု ရှိလို့လဲ"
ထန်ထျန်းက အလေးအနက် ပြောလိုက်သည်။ "ငါ မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေအရ ဆိုရင် လုချန်းကျီက..."
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက လုမင်ပဲ"
ဝမ်ကျိယွီ၏ အကြည့်များမှာ အံ့အားသင့်မှုကြောင့် မှင်တက်သွားပြီး ခေတ္တမျှ ကြာပြီးမှ ခေါင်းခါလျက် ရယ်မောလိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး... ဒါက လုံးဝ မဖြစ်နိုင်တာ"
"သူတို့ နှစ်ယောက်လုံးက မျိုးရိုးနာမည် 'လု' တူနေပေမဲ့ ဘာမှ မသက်ဆိုင်ကြဘူး"
"လုချန်းကျီက မိဘမဲ့ဖြစ်ပြီး ဝါးတောတာအိုဆရာက မွေးစားထားတာ။ လုမင်မှာကျတော့ မိဘတွေ ရှိတယ်၊ သူက လုကျောက် ရွာဆိုတဲ့ တောင်ပေါ်ရွာလေးက လာတာ"
ထန်ထျန်းက မျက်ခုံးပင့်ကာ မေးသည်။ "မင်း သူ့အကြောင်းကိုလည်း စုံစမ်းဖူးတာလား"
ဝမ်ကျိယွီက ပြုံးလျက် "ဒါပေါ့"
"တုအဲ့နယ်မြေ ကိစ္စက အလွန်အရေးကြီးတာမို့လို့ ပုံမှန်မဟုတ်တဲ့ အခြေအနေ မှန်သမျှကို ငါ စုံစမ်းပြီးသားပါ။"
"လုမင်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက အတော်ဆုံး ပါရမီရှင် ဖြစ်ခဲ့သလို နောက်ပိုင်းမှာလည်း တားမြစ်ချက်တွေကို ချိုးဖောက်လို့ သေမျိုး လောကကို အနှင်ခံခဲ့ရတယ်။ ပြီးတော့ ဝါးတောတာအိုဆရာ သေဆုံးတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေသလို ချင်းယွဲ့ဂိုဏ်းကနေ ထွက်လာတာလည်း ဖြစ်နေတော့ ငါ ပထမဆုံး စုံစမ်းခဲ့တာ သူပဲ"
"ဒါပေမဲ့ သူနဲ့ ဝါးတောတာအိုဆရာကြားမှာ ဘာပတ်သက်မှုမှ မရှိဘူး၊ တစ်ခါမှတောင် မဆုံဖူးကြဘူး"
"သူ့ဘဝရဲ့ လမ်းကြောင်းတွေ အားလုံးကလည်း ရှင်းလင်းနေတာပဲ၊ ဘာမှ သံသယဖြစ်စရာ မရှိဘူး"
ထန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ရှင်းဟယ် အင်မော်တယ် ဧကရာဇ် ပြောသလိုပင် ဖြစ်နေပြန်သည်။
သို့သော် ထိုအချက်အလက်တွေကို မှတ်တမ်းတင်ထားသော တာအိုလက်နက်က တကယ်ပဲ ပြဿနာမရှိတာ သေချာလို့လား။
သူ၏ အတွေးကို ပြောပြသော်လည်း ဝမ်ကျိယွီက ထပ်မံ ငြင်းဆိုသည်။
"ဘာပြဿနာမှ မရှိဘူး၊ ငါ သေချာ စစ်ဆေးပြီးသား"
သူက ပြုံးလျက် ဆက်ပြောသည်။ "အဲဒီ တာအိုလက်နက်က ကောင်းကင် တာအိုနိယာမတွေနဲ့ တိုက်ရိုက် ဆက်နွှယ်နေတာ။ သေးငယ်တဲ့ လှုပ်ရှားမှုလေး တစ်ခုခု လုပ်တာနဲ့တင် ကြီးမားတဲ့ ပြန်ကန်မှုကို ခံရလိမ့်မယ်"
"တာအိုအဆင့် ကျင့်ကြံသူတွေတောင် ဒါကို ပြောင်းလဲဖို့ မတတ်နိုင်ဘူး"
"အကယ်၍ တစ်စုံတစ်ယောက်က ဒါကို ပြင်နိုင်ခဲ့တယ် ဆိုရင်တောင် ထင်ရှားတဲ့ သဲလွန်စတွေ ကျန်ခဲ့မှာပဲ"
"တစ်ယောက်ယောက်က ကောင်းကင်တာအို နိယာမ တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာမျိုး မဟုတ်ရင်ပေါ့..."
ထန်ထျန်း ဆိတ်ဆိတ်နေလိုက်သည်။ ကောင်းကင်တာအို နိယာမ တစ်ခုလုံးကို ပြောင်းလဲပစ်ခြင်း.....
အကယ်၍ လုချန်းကျီ၏ ရည်ရွယ်ချက်က တကယ်ပဲ ထိုကိစ္စအတွက် ဆိုလျှင် ၎င်းမှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
"ဒါပေမဲ့ ငါ မြင်ခဲ့ရတဲ့ အခြေအနေတွေအရ သူတို့က လူတစ်ယောက်တည်း ဖြစ်ဖို့ အလားအလာ အများကြီး ရှိတယ်"
ထန်ထျန်းက ဖြေးညှင်း စွာ ပြောလိုက်သည်။ "ရှေးဟောင်းစစ်မြေပြင်မှာ ငါ ကိစ္စတစ်ခု သိခဲ့ရတယ်"
"လုမင်က အလွန်ထူးခြားတဲ့ တာအိုကျင့်စဉ် သုံးခုကို တတ်မြောက်ထားတယ်"
"ပထမတစ်ခုက မူလတာအိုကျင့်စဉ် နဲ့ မခြားတဲ့ နည်းလမ်းပဲ၊ အဲဒီ နာမည်က 'ချန်းကျီရှန်းဝူ ' လို့ ခေါ်တယ်"
ဝမ်ကျိယွီ မျက်ခုံးပင့်လိုက်ပြီး ရယ်မောကာ ပြောသည်။ "ညီကို ထန်... ဒါကတော့ အတင်းကြီး ဆက်စပ်နေသလိုပဲနော်"
"ဒီလောကမှာ 'ချန်းကျီ' ဆိုတဲ့ အမည်ပါတဲ့ တာအိုကျင့်စဉ်တွေ ထောင်နဲ့ ချီ ရှိမှာပဲ၊ အဲဒါတွေ အကုန်လုံးက လုချန်းကျီနဲ့ ပတ်သက်နေတာ မဟုတ်နိုင်ဘူးလေ"
ထန်ထျန်းက "နာမည်တစ်ခုတည်းနဲ့တော့ ဒီလို မဆုံးဖြတ်နိုင်ဘူးပေါ့"
"ဒါပေမဲ့ သူ တတ်မြောက်ထားတဲ့ ဒုတိယ ကျင့်စဉ်က 'ပြန်လည်မွေးဖွားခြင်း' ပဲ"
"ဒီကျင့်စဉ်ရဲ့ အကျိုးသက်ရောက်မှုက အခု လုချန်းကျီ ဖြစ်နေတဲ့ အခြေအနေနဲ့ အတူတူပဲ"
ဝမ်ကျိယွီ ကြောင်အသွားသော်လည်း သူတို့မှာ လူတစ်ယောက်တည်း ဖြစ်သည်ကို လက်မခံနိုင်သေးဘဲ တုံ့ဆိုင်းစွာ ပြောလိုက်သည်။ "ဒီလို ပြန်လည်မွေးဖွားခြင်း ကျင့်စဉ်မျိုးကို ငါ ပထမဆုံး မြင်ဖူးတာတော့ အမှန်ပဲ"
"ဒါပေမဲ့ ဒါကလည်း တိုက်ဆိုင်မှု တစ်ခု ဖြစ်နိုင်ပါသေးတယ်"
ထန်ထျန်းက ခေါင်းခါလျက် ပြုံးကာ "တစ်ကြိမ်ဆို တိုက်ဆိုင်မှု၊ နှစ်ကြိမ်ဆိုရင်လည်း အမှတ်မထင် ဖြစ်တာလို့ ပြောလို့ရပေမဲ့ သုံးကြိမ်ဆိုရင်ကော"
"အဲဒီမှာ ငါ လုမင် အရင်က ထားခဲ့တဲ့ ခန္ဓာအလွတ်တွေကို ကိုယ်တိုင် မြင်ခဲ့ရတယ်"
"သူ့ရဲ့ အခြေအနေက အခု လုချန်းကျီနဲ့ တစ်ပုံစံတည်းပဲ"
ဝမ်ကျိယွီ မျက်လုံးများ ပြူးသွားတော့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"လုမင်က ရှေးဟောင်းစစ်မြေပြင်ကို တစ်ခါပဲ သွားဖူးတာလေ"
"အဲဒီနောက် သူ အင်မော်တယ် ဧကရာဇ်အဆင့်ကို တက်လှမ်းဖို့ ကြိုးစားရင်း တားမြစ်ချက်တွေကို ချိုးဖောက်လို့..."
ပြောရင်းပြောရင်းနှင့် သူ ရုတ်တရက် စကားရပ်သွားသည်။
ခေတ္တမျှ ကြာပြီးနောက် သူက လေးနက်သော လေသံဖြင့် "လုမင် တားမြစ်ချက်ကို ချိုးဖောက်ခဲ့တဲ့ ဖြစ်စဉ်မှာ ကြီးမားတဲ့ သံသယတွေ ရှိနေတယ်"
"ငါ့ရဲ့ စုံစမ်းမှုတွေအရ သူဟာ အထက်လောကကို သွားခွင့်မရှိတဲ့ တည်ရှိမှုတစ်ခုကို ပို့ပေးဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်တယ်။ ဒါဆိုရင်..."
ဝမ်ကျိယွီက ရုတ်တရက် ခေါင်းမော့ကာ မေးလိုက်သည်။ "တတိယမြောက် ကျင့်စဉ်က ဘာလဲ"
ထန်ထျန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အသက်ပြန်ရှင် ခြင်း"
ဝမ်ကျိယွီ တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးကာ မှင်တက်သွားတော့သည်။
ယင်းနောက် သူက နဖူးကို လက်ဖြင့် ပွတ်သပ်ကာ လျှို့ဝှက်အခန်းအတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေတော့သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး... သံသယဖြစ်စရာတွေ အများကြီးပဲ၊ ရှင်းပြလို့မရတဲ့ အချက်အလက်တွေ အများကြီးပဲ"
"လုမင်၊ လုချန်းကျီ၊ ပြန်လည်မွေးဖွားခြင်း၊ အသက်ပြန်ရှင် ခြင်း..."
သူ မျက်မှောင်ကြုတ်ထားပြီး အရေးကြီးသော အချက်တစ်ခုခုတွင် ပိတ်မိနေပုံရသည်။
"လုမင် ဖြစ်နေရင်တောင် တုအဲ့နယ်မြေနဲ့ ဘယ်လိုမှ မသက်ဆိုင်နိုင်ဘူးလေ"
"ဝါးတောတာအိုဆရာရဲ့ အရိုးစုကို သူ တကယ် ပို့ခဲ့တာဆိုရင် သူ့ကို ကူညီပေးခဲ့တဲ့လူက ဘယ်သူလဲ"
"ဘယ်သူက ဒီလောက် ကြောက်စရာကောင်းတဲ့ နည်းလမ်းတွေ ရှိနေတာလဲ"
စိတ်ရှုပ်ထွေးနေသော ဝမ်ကျိယွီကို ကြည့်ပြီး ထန်ထျန်းက ထပ် ပြောလိုက်သည်။ "လုမင်က အရင်တုန်းက ယပ်တောင်တစ်ချောင်း ရခဲ့တာကို မင်း မှတ်မိသေးလား"
ဝမ်ကျိယွီ ခြေလှမ်းများ ရပ်တန့်သွားသည်။ "မှတ်မိတာပေါ့၊ အဲဒီ ယပ်တောင် ဘယ်ရောက်သွားလဲ ဆိုတာကလည်း ပဟေဠိတစ်ခုပဲ"
"လုချန်းကျီမှာလည်း အစွမ်းထက်တဲ့ ယပ်တောင် တစ်ချောင်း ရှိပေမဲ့ ဒါက အဲဒီယပ်တောင် မဟုတ်ဘူး၊ စွမ်းအားကလည်း ယှဉ်လို့ မရဘူး"
"ဒါဆို မင်း အဲဒီယပ်တောင် ဘယ်မှာလဲဆိုတာ သိလို့လား"
ထန်ထျန်းက ခေါင်းခါပြကာ "ငါ မသိဘူး၊ ဒါပေမဲ့ ငါ ကိစ္စတစ်ခု သိတယ်"
"အဲဒီ ယပ်တောင်က တကယ်တော့ လနတ်သမီး က လုချန်းကျီကို ပေးခဲ့တာ မဟုတ်ဘူး"
"ပါရမီ ပိုထူးချွန်ပြီး ပြိုင်ဘက်ကင်း ရုပ်ရည်ရှိတဲ့ 'အမျိုးသမီး' တစ်ယောက်ကို ပေးခဲ့တာ"
ဝမ်ကျိယွီ ချက်ချင်းပင် မျက်လုံးများ ပြူးသွားတော့သည်။
"မင်း ပြောတာ... အဲဒီ လင်းရင် ဆိုတဲ့ တစ်ယောက်လား"
ထန်ထျန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။
လနတ်သမီးက ဤကဲ့သို့သော ကိစ္စမျိုးကို သူ့အား လိမ်ပြောစရာ အကြောင်းမရှိပေ။ ထို့ကြောင့် လက်ရှိ သိထားသမျှအရ ယပ်တောင်၏ ပိုင်ရှင်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော လင်းရင်သာ ဖြစ်နိုင်သည်။
ဝမ်ကျိယွီ လုံးဝ ဆွံ့အသွားတော့သည်။
သူက အလွန်ထက်မြက်သူ ဖြစ်ရာ အကယ်၍ အမှန်တရားက ထန်ထျန်း ပြောသလိုသာ ဆိုလျှင် ကွင်းဆက်အားလုံးမှာ ဆက်စပ်သွားပြီ ဖြစ်သည်။
သို့သော် လုမင်နှင့် လင်းရင်၏ နောက်ခံကိုကျတော့ ဘယ်လို ရှင်းပြမလဲ။
ဘယ်အရာက အစစ်လဲ၊ ဘယ်အရာက အတုလဲ။
သူလည်း ဘယ်လို ဆုံးဖြတ်ရမှန်း မသိတော့ပေ။
စိတ်ညစ်နေသော ဝမ်ကျိယွီကို ကြည့်ပြီး ထန်ထျန်းက နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
"ဝမ်ကျိယွီ"
"မင်း... မဟာကောင်းကင်အရှင် အကြောင်း ကြားဖူးလား"
ဝမ်ကျိယွီ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ လျှပ်စီးအပစ်ခံလိုက်ရသလို တုန်လှုပ်သွားတော့သည်