အခန်း (၇၆-၇၈)
Vol. 6 Ch. 76-78
အခန်း(၇၆)
ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးသော သားရဲဘုရင်ငါးပါးကို မိစ္ဆာဖြစ်လာရန် လေ့ကျင့်သင်ကြားပေးခြင်းသည် သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သူ၏ လက်အောက်ငယ်သားများသည် သူ့နည်းတူ သန်မာလာရမည်။ သို့မှသာလျှင် သူတို့က သူ၏ ဝန်ထုပ်ဝန်ပိုးကို မျှဝေထမ်းရွက်နိုင်ကြလိမ့်မည်။
မှန်ပေ၏။ အရင်ဆုံး သူက မိစ္ဆာဖြစ်လာစေမည့် ကျင့်ကြံခြင်းနည်းလမ်းကိုသာ သူတို့ကို ရှင်းပြပေးလိမ့်မည်။ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်နိုင်မည့် နည်းလမ်းကိုတော့ သူတို့၏ သစ္စာရှိမှုကို ဖြည်းဖြည်းချင်း စောင့်ကြည့်လေ့လာပြီးမှ သူသင်ကြားပေးမည်။
သူ့အပေါ် အမှန်တကယ် သစ္စာရှိသူများကိုသာ နောက်ပိုင်းအဆင့် ကျင့်ကြံခြင်းနည်းလမ်းအကြောင်း ရှင်းပြပေးမည်။ သို့မဟုတ်ဘဲ မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းက အပြင်သို့ ပေါက်ကြားသွားမည်ဆိုလျှင် ယင်းက သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းက အစွမ်းထက် ရန်သူတစ်ယောက်ကိုပင် ဖိတ်ခေါ်လာနိုင်ခြေ ရှိသည်။
မိစ္ဆာကျင့်ကြံခြင်းအကြောင်း အကြမ်းဖျဉ်း ရှင်းပြပေးပြီးနောက် သီရှီထျန်သည် ချီဟောင်၏ မရီဒျန်များကို ကူညီရှာဖွေပေးသည်။ ချီဟောင်သည် သူ့နည်းတူ ခြေလေးချောင်းသတ္တဝါဖြစ်သည်။ ထို့ကြောင့် သူတို့ကြားမှာ တူညီမှုများ ရှိသည်။
သီရှီထျန်သည် အရင်ဆုံး သူ၏ မိစ္ဆာစွမ်းအားကို ချီဟောင်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။ ယင်းက ချီဟောင်၏ ခန္ဓာကိုယ်ထဲမှာ မြှုပ်ကွယ်နေသော စွမ်းအားကို သက်ဝင်လှုပ်ရှားလာစေသည်။ ပြန့်ကျဲနေသော မိစ္ဆာစွမ်းအားသည် သီရှီထျန်၏ လမ်းညွှန်မှုအောက်မှာ ဦးခေါင်းမှ အမြှီးအထိ ဆက်သွယ်နေသော မရီဒျန်ထဲသို့ စီးဆင်းသွားသည်။
ချီဟောင်သည် ဝိညာဉ်သားရဲနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော အစွမ်းထက်သားရဲတစ်ကောင် ဖြစ်သည်။ သူက မသေမျိုးကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါမှာပင် အချိန်တစ်ခုအထိ တောင့်ခံထားနိုင်ခဲ့သည်။ သူက သွေးအစာမှ အာဟာရဓာတ်များ၊ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားနှင့် နေနှင့်လ၏ အနှစ်သာရကို နှစ်ပေါင်းများစွာကြာအောင် စုပ်ယူထားခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲမှာ စုဝေးနေသော စွမ်းအားပမာဏက အလွန်များပြားသည်။
ယခု သီရှီထျန်၏ လမ်းညွှန်မှုအောက်မှာ ထိုစွမ်းအားသည် နားခိုစရာ အသိုက်ရှာတွေ့သွားသော ငှက်တစ်ကောင်ပမာ ဖြစ်လာသည်။ ဤသည်မှာ ဆည်ကျိုးသွားသည့်အလားပင်။ ပမာဏများပြားသော စွမ်းအားက ဒလဟော ထွက်ပေါ်လာသည်။ ယင်းက ချီဟောင်၏ မရီဒျန်များထဲမှာ အဆက်မပြတ် စုဝေးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အနီရောင်အခိုးအငွေ့က ချီဟောင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး သူ့ကို ဖုံးလွှမ်းသွားသည်။
ထိုအနီရောင်မြူခိုးငွေ့သည် သူထုတ်လွှတ်လိုက်သော မိစ္ဆာအရှိန်အဝါ ဖြစ်သည်။ သီရှီထျန်၏ လမ်းညွှန်မှုအောက်မှာ ချီဟောင်သည် စစ်မှန်သော မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းကို ကိုယ်တိုင်ရှာတွေ့သွားသည်။ သူက ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေသော စွမ်းအားကို သူ၏ မရီဒျန်များထဲမှာ အဆက်မပြတ် စီးဆင်းစေသည်။ ယင်းက မိစ္ဆာစွမ်းအင်လှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။ သူ၏ ထိန်းချုပ်မှုအောက်မှာ မိစ္ဆာစွမ်းအင်လှိုင်းလုံးများက မရီဒျန်များကြားမှ အတားအဆီးများကို ချိုးဖြတ်ရန် စတင်လုပ်ဆောင်နေသည်။
ချီဟောင်ကို ကိုယ့်ဘာသာ ကျင့်ကြံနိုင်ရန် ကူညီပေးပြီးနောက် သီရှီထျန်သည် ပိုင်ယွဲ့၊ ယင်းခုန်းနှင့် တခြားလူများကို သူတို့ကိုယ်ပိုင်မိစ္ဆာစွမ်းအားကို စုစည်းနိုင်စေရန် ကူညီပေးလိုက်သည်။ သူက သူတို့၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များကို ကူညီရှာဖွေပေးပြီး မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း၊ မရီဒျန်များကြားမှ အတားအဆီးများကို မည်သို့ချိုးဖြတ်ရမည်ဖြစ်ကြောင်း ပြောပြသည်။ ထို့ပြင် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားနှင့် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူရန် ကျင့်စဉ်ကို မည်သို့လှည့်ပတ်ရမည်ဖြစ်ကြောင်း ပြောပြသည်။
ယင်းတို့အားလုံးက ရှုပ်ထွေးနက်နဲသောအရာများ မဟုတ်ကြပေ။ သူတို့၏ အသိဉာဏ်အရ ယင်းတို့ကို နားလည်သဘောပေါက်ရန် မခက်ခဲပေ။
သို့သော်လည်း ပိုင်စုစု၏ မရီဒျန်က တမူထူးခြားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မရီဒျန်တစ်ခုတည်းသာ ရှိသည်။ သို့သော်လည်း ထိုမရီဒျန်ထဲမှာ အတားအဆီးများစွာ ရှိသည်။ ထို့ကြောင့် သူက မရီဒျန်ကို ဖွင့်လှစ်ရန် ထပ်ခါတလဲလဲ ကြိုးစားဆောင်ရွက်ရမည်။
သီရှီထျန်၏ ခန့်မှန်းမှုအရ ထိုမရီဒျန်ကို အပိုင်းသုံးပိုင်း ခွဲခြားနိုင်သည်။ ပိုင်စုစုက ထိုအပိုင်းသုံးပိုင်းစလုံးကို ဖွင့်လှစ်နိုင်မည်ဆိုလျှင် အထွတ်အထိပ် ဝိညာဉ်သားရဲတစ်ကောင် ဖြစ်လာလိမ့်မည်။
“ ဟူး ”
သီရှီထျန်သည် ပိုင်ယွဲ့နှင့် တခြားလူများကို မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း သင်ကြားပေးပြီးနောက် သူ၏ မူလနေရာဆီသို့ ပြန်သွားသည်။ မိစ္ဆာမြူခိုးဖြင့် လွှမ်းခြုံခံထားရသော သူ၏ လက်အောက်ငယ်သားများကို ကြည့်နေရင်း သူက သက်ပြင်းရှည်ကြီးချလိုက်သည်။ သူက တစ်ခဏကြာ တွေးတောပြီးနောက် စိတ်ထဲမှာ သူ့ဘာသာ ရေရွတ်လိုက်သည်။
“ ချီဟောင်က ဝိညာဉ်သားရဲတွေထဲမှာ ပညာရှင်တစ်ပါးဖြစ်နေပြီ… သူက မိစ္ဆာဖြစ်အောင် ဘယ်လိုကျင့်ကြံရမလဲဆိုတာ မသိထားရုံပဲ… အခု ငါသူ့ကို ဘယ်လိုကျင့်ကြံရမလဲ လမ်းညွှန်ပေးလိုက်တော့ သူ့ခန္ဓာကိုယ်ထဲမှာ အချိန်အကြာကြီး မြှုပ်ကွယ်နေခဲ့တဲ့ စွမ်းအားက သက်ဝင်နိုးထလာပြီ… သူ့ရဲ့ ခန္ဓာကိုယ်ထဲက မရီဒျန်အားလုံး ဖွင့်လှစ်သွားဖို့က အချိန်အကြာကြီး မလိုအပ်ဘူး… အဲ့ဒီအချိန်ကျရင် မီးမှုတ်ထုတ်နိုင်တဲ့ သူ့ရဲ့ မွေးရာပါသဘာဝစွမ်းရည်ကြောင့် သူက ငါ့လက်အောက်က သားရဲတွေထဲမှာ အသန်မာဆုံး ဖြစ်လာလိမ့်မယ် ”
“ ပိုင်ယွဲ့နဲ့ တခြားလူတွေက နည်းနည်း လိုအပ်နေသေးတယ်… သူတို့က ဝိညာဉ်အသိဉာဏ်ရတာ သိပ်မကြာသေးတာကြောင့် သူတို့ခန္ဓာကိုယ်ထဲမှာ စုဆောင်းထားတဲ့ စွမ်းအားပမာဏက အရမ်းနည်းပါးတယ်… ဒီတစ်ကြိမ် သူတို့က ပထမမရီဒျန်ကိုတောင် မဖွင့်လှစ်နိုင်လောက်ဘူး… ယွမ်ထျန်းက မျောက်မင်းဝိုင်အများကြီးကို သောက်သုံးခဲ့တယ်… မျောက်မင်းဝိုင်ရဲ့ စွမ်းအင်အနှစ်သာရက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အချိန်အကြာကြီး စုစည်းရှိနေတယ်… ဒီတစ်ကြိမ် ပထမမရီဒျန်ကို ဖွင့်လှစ်ဖို့ သူ့အတွက် ဘာပြဿနာမှ မရှိလောက်ဘူး… ဒါပေမဲ့ ဒုတိယမရီဒျန်အတွက်တော့ နည်းနည်း လိုအပ်ချက်ရှိနေသေးတယ် ”
သီရှီထျန်သည် သူတို့အားလုံးကို လမ်းညွှန်သင်ကြားပေးပြီးနောက် သူ့လက်အောက်ငယ်သားများ၏ စွမ်းအားကို ကောင်းမွန်စွာ နားလည်သဘောပေါက်သွားသည်။ သူတို့ထဲမှာ ချီဟောင်သည် အသန်မာဆုံးဖြစ်ပြီး ယွမ်ထျန်းသည် ဒုတိယအသန်မာဆုံး ဖြစ်သည်။ ယွမ်ထျန်း၏ အနောက်မှာ ယင်းခုန်းနှင့် ပိုင်စုစု ရှိသည်။ ပိုင်ယွဲ့သည် သူတို့ထဲမှာ အားအနည်းဆုံး ဖြစ်သည်။
တစ်ခဏကြာ တွေးတောပြီးနောက် သူက ထိုအတွေးများကို မြန်ဆန်စွာ ပြန်ရုပ်သိမ်းလိုက်သည်။ သူက သိုလှောင်အိတ်ထဲမှ စွမ်းအင်စုစည်းဆေးတစ်လုံးကို ထုတ်လိုက်ပြီး မျိုချလိုက်သည်။ ထို့နောက် သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို စတင်လှည့်ပတ်လိုက်ပြီး ဆေးလုံးထဲမှ စွမ်းအားကို စုပ်ယူလိုက်သည်။
ချီဟောင်သည် မကြာခင်မှာ အထွတ်အထိပ် ဝိညာဉ်သားရဲတစ်ကောင်ဖြစ်လာတော့မည်။ သို့ဖြစ်လေရာ သူသည် ဝိညာဉ်သားရဲနယ်ပယ်မှာ ဆက်ပြီး မရှိသင့်တော့ပေ။ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းကို နောက်ထပ် တိုးမြှင့်ရမည်။ အရင်ဆုံး သူ၏ မရီဒျန်အားလုံးထဲမှာ မိစ္ဆာစွမ်းအားဖြင့် ပြည့်လျှံနေရန် လုပ်ဆောင်ရမည်။ အထွတ်အထိပ် အခြေအနေသို့ ရောက်သွားသည့်အခါ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရန် သူကြိုးစားကြည့်မည်။
… … …
“ ကျွီ ကျွီ… ကျွီ ကျွီ ”
ထိုအခိုက်အတန့်မှာ မြေအောက်ထဲတွင် မရေမတွက်နိုင်သော ကြွက်ကြီးများက ကြွက်ဘုရင်၏ လှိုဏ်ဂူထဲမှာ စုဝေးနေကြသည်။ သူတို့က တန်းစီရပ်နေကြပြီး ယဇ်ပလ္လင်ရှိသော မြေအောက်လျှို့ဝှက်လှိုဏ်ဂူဆီသို့ တစ်ကောင်ပြီးတစ်ကောင် ဆင်းသွားကြသည်။ သူတို့က ဝမ်းသာပျော်ရွှင်နေကြသည့်အလား သူတို့၏ မျက်လုံးက ထွန်းလင်းတောက်ပနေသည်။
မြင့်မြတ်ထည်ဝါသော ယဇ်ပလ္လင်၏ အရှေ့တွင် မရေမတွက်နိုင်သော ကြွက်များက မြေကြီးပေါ်မှာ ဝပ်တွားနေကြပြီး အဝါရောင်အလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူနေကြသည်။ တစ်ခဏကြာပြီးနောက် အဝါရောင်အလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူနေကြသော ကြွက်များသည် အံ့ဖွယ်ကောင်းစွာ အဝါရောင်သို့ ပြောင်းလဲသွားကြသည်။ ထို့နောက် သူတို့က တခြားလမ်းကြောင်းမှတဆင့် မြေအောက်လျှို့ဝှက်လှိုဏ်ဂူထဲမှ ထွက်သွားကြသည်။
ကြွက်တစ်ကောင်စီသည် စိတ်ဓာတ်တတ်ကြွနေကြပြီး ဝမ်းသာပျော်ရွှင်နေကြသည်။ ဤသည်မှာ သူတို့က စွမ်းအားအပ်နှင်းပေးခြင်း ခံလိုက်ရသည့်အလားပင်။
အုပ်စုတစ်ခု ထွက်ခွာသွားသည်နှင့် နောက်ထပ် အုပ်စုတစ်ခုက ချက်ချင်း ဝင်ရောက်လာလိမ့်မည်။
နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူပြီး သူတို့၏ ခန္ဓာကိုယ်က အဝါရောင်သို့ ပြောင်းလဲသွားသည့်အခါ သူတို့က ထွက်ခွာသွားကြသည်။
ထူးဆန်းသော ထိုမြင်ကွင်းက အထွတ်အမြတ်ယဇ်ပလ္လင်၏ အရှေ့မှာ ထပ်ခါထပ်ခါ ဖြစ်ပျက်နေသည်။
ကြွက်ဘုရင်သည် ထိုမြင်ကွင်းကို ကြည့်နေရင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ ကြွက်စစ်သည်တော်တွေ နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူပြီးတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်က နတ်ဘုရားအလင်းရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုခံရလိမ့်မယ်… အဲ့ဒါပြီးတာနဲ့ ကျားနက်ကို သွားရှာပြီး ဖမ်းဆီးကြမယ်… အဲ့ဒီကျားနက် ဘယ်လောက်ပဲ သန်မာပါစေ ဒီဘုရင်ရဲ့ ဧရာမကြွက်စစ်တပ်ကို ခုခံနိုင်မှာ မဟုတ်ဘူး ”
ကြွက်ဘုရင်သည် စကားပြောနေရင်း ရပ်လိုက်ပြီး သူ့ဘေးမှ ဧရာမကြွက်ကို ကြည့်လိုက်သည်။
“ မင်းပြောတာက အဲ့ဒီကျားနက်နဲ့ ဧရာမသားရဲအုပ်စုက တောင်ထဲ ဝင်ရောက်သွားပြီး လုံးဝ ပျောက်ကွယ်သွားတယ်လား… ဝင်ပေါက်ကို မင်းရှာမတွေ့ဘူးလား ”
“ အရှင်မင်းကြီးကို သတင်းတင်ပြပါတယ်… ဒီလက်အောက်ငယ်သားက ကြွက်စစ်သည်တော်တချို့ကို ခေါ်ဆောင်ပြီး တောင်အနီးနားမှာ လှည့်ပတ်ရှာဖွေခဲ့ပါတယ်… ဒါပေမဲ့ ဘာအပေါက်မှ ရှာမတွေ့ခဲ့ပါဘူး ”
ဧရာမကြွက်သည်လည်း ဇဝေဇဝါဖြစ်နေသည်။ ထိုနေ့တွင် တောင်နံရံပေါ်မှာ အက်ကွဲကြောင်းတစ်ခုရှိကြောင်း ရှင်းလင်းစွာ သူမြင်ခဲ့သည်။ သို့သော်လည်း နောက်တစ်ကြိမ် သူသွားကြည့်သည့်အခါ အက်ကွဲကြောင်းက ပျောက်ကွယ်သွားသည်။ ယင်းက သူ့ကို အလွန်စိတ်ရှုပ်ထွေးစေသည်။
“ ဟွန့်… ဘာမှမစိုးရိမ်နဲ့… ဘာပဲဖြစ်ဖြစ် သူတို့က အဲ့ဒီတောင်ထဲ ဝင်ရောက်သွားတာ သေချာတယ်… တွင်းတူးတာက ငါတို့ကြွက်မျိုးနွယ်ရဲ့ မွေးရာပါသဘာဝစွမ်းရည်ပဲ… တောင်နံရံပေါ်မှာ အပေါက်ရှာမတွေ့ရင် ဒီဘုရင်က ကြွက်စစ်သည်တော်တွေကို တောင်ပေါ်မှာ တွင်းအကြီးကြီးတစ်ခု တူးစေမယ်… ဒီဘုရင်မျက်စိကျနေတဲ့ အစာက ဘယ်လိုနည်းနဲ့မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး ”
ကြွက်ဘုရင် စကားပြောလိုက်သည့်အခါ သူ၏ နှုတ်ခမ်းမွှေးများက လှုပ်ခါသွားသည်။ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပနေသည်။
ကြွက်ဘုရင်၏ ကြီးကြပ်မှုအောက်မှာ ကြွက်စစ်သည်တော်များက မြန်ဆန်စွာ ရွေ့လျားသွားကြသည်။ ထို့ပြင် သူတို့၏ ဝင်ထွက်မှုက ပရမ်းပတာဖြစ်မနေပေ။ အားလုံးက ညီညီညာညာ ရှိနေသည်။ ဤသည်မှာ သူတို့က တကယ့် စစ်တပ်ဖြစ်သည့်အလားပင်။ နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူပြီးနောက် ကြွက်အုပ်စုများသည် အဝါရောင်သို့ ပြောင်းလဲသွားကြသည်။ ထိုသို့နှစ်ခြင်းမင်္ဂလာခံယူခြင်းက နှစ်နာရီကြာမြင့်သွားသည်။ ဤအခိုက်အတန့်မှာ နတ်ဘုရားအလင်း၏ နှစ်ခြင်းမင်္ဂလာခံယူပြီးသော ကြွက်အားလုံးက စတင်ထွက်ခွာသွားကြသည်။
“ ကျွီ… ကျွီ ”
ကြွက်ဘုရင်၏ အမိန့်အောက်မှာ မရေမတွက်နိုင်သော ကြွက်ကြီးများသည် မြေအောက်လမ်းကြောင်းအတိုင်း မြန်ဆန်စွာ ရွေ့လျားသွားနေကြသည်။ သူတို့က သီရှီထျန်နှင့် တခြားလူများ ရပ်တန့်ခဲ့သော တောင်၏ အရှေ့သို့ ဦးတည်သွားနေကြသည်။ နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူပြီးနောက် ထိုကြွက်ကြီးများသည် အလွန်မြန်ဆန်ကြသည်။ ဤသည်မှာ သူတို့က ကျားအသည်းနှင့် နဂါးနှလုံးကို စားထားသည့်အလားပင်။
မြေပြင်ပေါ်တွင် မည်သည့်အပြောင်းအလဲမှ မရှိပေ။ သို့သော်လည်း မြေအောက်ထဲတွင် အရေအတွက် အကန့်အသတ်မဲ့သော ကြွက်ဒီရေလှိုင်းက မြန်ဆန်စွာ ရွေ့လျားနေသည်။ အကယ်၍ တစ်စုံတစ်ယောက်က မြေကြီးကို ထွင်းဖောက်ကြည့်နိုင်မည်ဆိုလျှင် အရေအတွက် တစ်သန်းထက်မနည်းသော ကြွက်များက မြေအောက်ထဲမှာ တစ်ပြိုင်နက် ပြေးနေကြကြောင်း မြင်ရလိမ့်မည်။
ထိုသို့အခြေအနေကို ကြွက်ကပ်ဘေးဆိုက်ခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ကြွက်ဒီရေလှိုင်းသည် အလွန်ကြောက်စရာကောင်းသည်။ ဤသည်မှာ သူတို့က သူတို့၏ လမ်းကြောင်းအရှေ့မှ အရာအားလုံးကို လျှပ်တစ်ပြက်အတွင်း အပိုင်းပိုင်းအစစ ကိုက်ဖြတ်ပစ်တော့မည့်အလားပင်။
သူတို့၏ ချွန်ထက်သော လက်သည်းများအောက်တွင် လှိုဏ်ခေါင်းတစ်ခုပြီးတစ်ခုက ထွက်ပေါ်လာကြသည်။
သူတို့က ဦးတည်ရာတစ်ခုတည်းဆီသို့ အဆက်မပြတ် ချီတတ်သွားနေကြသည်။
သီရှီထျန်နှင့် တခြားလူများ ရပ်တန့်ခဲ့သော တောင်သည် စွန့်ပစ်တောင်တစ်လုံးဖြစ်ဟန် ရသည်။ တောင်သည် မတ်စောက်သည်။ တောင်ပေါ်မှာ ကျောက်ဆောင်ကျောက်တုံးများမှလွဲ၍ တခြားမည်သည့်သက်ရှိမှ မရှိပေ။ အပင်များလည်း မရှိကြပေ။ တောင်၏ ဘေးပတ်ဝန်းကျင်သည်လည်း ထို့နည်းတူပင်။ ဤနေရာမှာ မည်သည့်သက်ရှိမှ မနေထိုင်ကြသည့်အလား အလွန်တိတ်ဆိတ်ခြောက်ကပ်နေသည်။
“ ကျီ… ကျွီ… ”
ထိုသို့တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ ထူးဆန်းသော အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ညအမှောင်၏ ဖုံးလွှမ်းမှုအောက်မှာ အရွယ်အစားမတူညီသော တွင်းပေါက်အမျိုးမျိုးက မြေကြီးပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ ထို့နောက် ကြွက်များသည် မြေကြီးထဲမှ မြန်ဆန်စွာ ပြေးထွက်လာကြသည်။
“ ဟူး ”
အရွယ်အစားကြီးမားသော တွင်းပေါက်တစ်ခုထဲတွင် ကြွက်ဘုရင်သည် အပြင်သို့ ပြေးထွက်လာသည်။ သူက မြေကြီးပေါ်မှာ ရပ်လိုက်ပြီး ဘေးဘီကို စစ်ဆေးကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ဂနာမငြိမ် ရွေ့လျားနေကြသည်။ သူက သူ့အနောက်မှ လိုက်လာသော ဧရာမကြွက်ကို ကြည့်လိုက်ပြီး ပြောသည်။
“ ဧရာမကြွက်… ကျားနက်နဲ့ တခြားလူတွေ ဘယ်နေရာမှာ ပျောက်ကွယ်သွားတာလဲ ”
“ အဲ့ဒီမှာပါ ”
ဧရာမကြွက်သည် စက်ကရာ ကျောက်တုံးကြီးကို အသုံးပြု၍ ချိပ်ပိတ်ခဲ့သော နေရာဆီသို့ ဖင်တုံတုံတုံတုံဖြင့် ပြေးသွားသည်။ ထိုနေရာသို့ ရောက်သွားသည့်အခါ သူက အော်ပြောလိုက်သည်။
“ အရှင်မင်းကြီး… သူတို့ ဒီနေရာမှာ ပျောက်သွားတာပါ”
သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားသော အရိပ်အယောင်တစ်စွန်းတစ်စ ရှိသည်။
“ ကြွက်ကလေးတွေ… အရှေ့ထွက်လာကြပြီး ဒီတောင်ပေါ်မှာ ငါ့အတွက် တွင်းကြီးတစ်တွင်း တူးပေးကြစမ်း… ငါတို့ကြွက်မျိုးနွယ်ရဲ့ ချွန်ထက်တဲ့ လက်သည်းတွေအောက်မှာ ဘယ်တောင်မှ ငါတို့ကို မရပ်တန့်နိုင်ရဘူး ”
ကြွက်ဘုရင်သည် တုံ့ဆိုင်းမနေပေ။ သူက သူ့အနောက်မှ ကြွက်စစ်သည်တော်များကို အမိန့်ပေးလိုက်သည်။ အရေအတွက်များပြားသော ကြွက်များသည် သူတို့၏ အရှေ့မှ တောင်နံရံဆီသို့ အလျှင်အမြန် ပြေးသွားကြသည်။ သူတို့က ချွန်ထက်သော လက်သည်းများကို ဝှေ့ယမ်းလိုက်ကြပြီး မာကျောသော ကျောက်တုံးနံရံကို စတင်ဖောက်လိုက်ကြသည်။
သူတို့၏ လက်သည်းများက ထူထဲသော ကျောက်တုံးနံရံပေါ်သို့ ကျဆင်းသွားသည့်အခါ နားဝင်စူးရှစေမည့် အသံများ ထွက်ပေါ်လာသည်။ အမှောင်ထဲတွင် ယင်းက အလွန်ထူးခြားဆန်းကြယ်သည်။
ကြွက်စစ်သည်တော်များသည် သူတို့၏ လက်သည်းများကို အသုံးပြု၍ ကျောက်တုံးအပိုင်းအစများကို နည်းနည်းချင်းစီ ခြစ်ထုတ်လိုက်ကြသည်။
အခန်း(၇၇)
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင်… ။
သီရှီထျန်၏ ခန္ဓာကိုယ်ကို မဟူရာမိစ္ဆာအရှိန်အဝါက ဖုံးလွှမ်းထားသည်။ ထူထဲသော မိစ္ဆာမြူခိုးက သူ၏ ဘေးပတ်ဝန်းကျင်မှာ အချိန်တိုင်း တအိအိလှုပ်ခတ်နေသည်။ ရုတ်တရက် မိစ္ဆာမြူခိုးက ပရမ်းပတာ လှုပ်ခါသွားသည်။ နောက်အခိုက်အတန့်မှာ မိစ္ဆာမြူခိုးက သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။
သူက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ သူ၏ ကျားမျက်လုံးထဲမှာ အံ့ဩသော အရိပ်အမြွက် ထွက်ပေါ်လာသည်။
“ ငါ့နှလုံးသားက ဘာလို့ ဂနာမငြိမ်ဖြစ်နေတာလဲ… အရင်က အဲ့ဒီလို ငါခံစားခဲ့ဖူးတယ်… ဒါပေမဲ့ အဲ့ဒီတုန်းက အခုလောက် မပြင်းထန်ဘူး… ငါတစ်ခုခု ဖြစ်နေတာလား… ဒါမှမဟုတ် ငါမမြင်နိုင်တဲ့ အန္တရာယ်က ချဉ်းကပ်လာနေတာလား ”
စက်ကရာသည် အစောနက သူသောက်သုံးခဲ့သော စွမ်းအင်စုစည်းဆေးလုံး၏ ဆေးအာနိသင်ကို အပြည့်အဝ သန့်စင်ပြီးသွားပြီ ဖြစ်သည်။ သူ၏ မိစ္ဆာစွမ်းအားက အနည်းငယ် တိုးပွားသွားသည်။ သူက အသစ်တိုးပွားလာသော မိစ္ဆာစွမ်းအားကို အခြေတည်ငြိမ်စေရန် ပြုလုပ်တော့မည့်အချိန် သူ၏ နှလုံးသားက ရုတ်တရက် ဂနာမငြိမ်ဖြစ်လာသည်။ သူက စိတ်မသက်မသာဖြစ်မှုကို ခံစားမိသွားသည်။
ထို့ကြောင့် သူက ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်သည်။
‘ ဒီနေ့က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှာ ငါနေထိုင်တဲ့ ပထမဆုံးနေ့ပဲ… ချိုင့်ဝှမ်းထဲမှာ ငါမစူးစမ်းရသေးတဲ့ နေရာတွေ ရှိနေသေးတယ်… ဒီချိုင့်ဝှမ်းထဲမှာ ငါ့ကို တိုက်ခိုက်ချင်နေတဲ့ အစွမ်းထက်မိစ္ဆာတစ်ကောင်ကောင် ရှိနေတာများလား ”
အကယ်၍ ယင်းက အန္တရာယ်ချဉ်းကပ်လာခြင်း ဖြစ်မည်ဆိုလျှင် ထိုအရာက သူစဉ်းစားမိသော တစ်ခုတည်းသောအတွေး ဖြစ်သည်။ သို့သော်လည်း သူက ထိုသို့စဉ်းစားနေစဉ် အတွေးတစ်ခုက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။
‘ ဟုတ်သားပဲ… တောင်တန်းထဲမှာ ငါ့နောက်ကနေ တစ်စုံတစ်ခုလိုက်နေတယ်လို့ ငါခံစားမိခဲ့တယ်… ဖြစ်နိုင်တာက အခု ငါခံစားနေရတာက အဲ့ဒီအကြည့်နဲ့ ဆက်စပ်နေမလား ’
ထိုသို့သူစဉ်းစားမိသောအခါ ယင်းက ပိုပြီးဖြစ်နိုင်ခြေရှိသည်ဟု ခံစားမိသွားသည်။
“ ချီဟောင်၊ ယင်းခုန်း… မင်းတို့အားလုံး ကျင့်ကြံနေတာကို ရပ်လိုက်ကြပါ ”
ထိုသို့စဉ်းစားမိသောအခါ သီရှီထျန်က မိစ္ဆာစွမ်းအားဖြင့် ကျင့်သားရရန် ကြိုးစားနေကြသော သူ၏ လက်အောက်ငယ်သားငါးယောက်ကို အမြန်နှိုးလိုက်သည်။
“ ရွှတ် ”
သီရှီထျန်၏ အသံသည် မိစ္ဆာအာရုံမှတဆင့် သူတို့၏ စိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ချက်ချင်းဆိုသလိုပင် သားရဲဘုရင်ငါးပါး၏ အရှေ့မှ မိစ္ဆာမြူခိုးဘောလုံးငါးလုံးက တုန်ယင်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ပြန်ဝင်သွားကြသည်။ မိစ္ဆာမြူခိုး လွင့်ပြယ်သွားသည့်အခါ ချီဟောင်နှင့် တခြားလူများက ပြန်ထွက်ပေါ်လာကြသည်။ သူတို့ထဲတွင် ချီဟောင်က အကျိုးအမြတ်အများဆုံး ရရှိခဲ့သူ ဖြစ်သည်။ သူမျက်လုံးဖွင့်လိုက်သည့်အခိုက် အနီရောင်အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
‘ တကယ်ပါရမီရှိတယ်… သူက ဒီလောက်အချိန်တိုလေးအတွင်းမှာ ဒုတိယမရီဒျန်ကို ဖွင့်လှစ်နိုင်ပြီး ဒုတိယအဆင့်ကို တတ်လှမ်းသွားခဲ့တယ်… ကြည့်ရတာ ချီဟောင်က သူ့ခန္ဓာကိုယ်ထဲက မရီဒျန်အားလုံးကို ဖွင့်လှစ်နိုင်ဖို့ အချိန်သိပ်မလိုလောက်ဘူး ’
သီရှီထျန်က မျက်လုံးဝင်းလက်သွားသည်။ ချီဟောင်က သူ့ခန္ဓာကိုယ်ထဲမှ မရီဒျန်နှစ်ခုကို ဖွင့်လှစ်နိုင်သွားကြောင်း သူအာရုံခံမိသည်။ တစ်ခုက ဦးခေါင်းမှ အမြှီးထိ ဆက်သွယ်နေသော ပင်မမရီဒျန်ဖြစ်ပြီး အခြားတစ်ခုက အရှေ့ခြေထောက်နှစ်ချောင်းမှ မရီဒျန်ဖြစ်သည်။
အနောက်ခြေထောက်နှစ်ချောင်းမှ မရီဒျန်ကို သူဖွင့်လှစ်နိုင်သည်နှင့် မိစ္ဆာစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှာ အတားအဆီးမဲ့စွာ လှည့်ပတ်စီးဆင်းသွားလိမ့်မည်။
သူ၏ မိစ္ဆာစွမ်းအားထဲမှာ မီးတောက်အရှိန်အဝါ ကိန်းအောင်းနေသည်။ ဤသည်မှာ သူ၏ မိစ္ဆာစွမ်းအားက မီးဒြပ်စင်ဖြစ်သည့်အလားပင်။ ယင်းက သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အထူးသင့်တော်သည်။
ချီဟောင်၏ တိုးတတ်မှုနှင့်ပတ်သက်၍ သီရှီထျန်က အများကြီး မအံ့ဩပေ။ မည်သို့ဖြစ်ပါစေ ချီဟောင်သည် စွမ်းအင်အနှစ်သာရ ပမာဏအများအပြားကို နှစ်ပေါင်းများစွာကြာ စုဆောင်းထားသော အထွတ်အထိပ်အဆင့် ဝိညာဉ်သားရဲ ဖြစ်သည်။ တတိယအဆင့်ကို သူရောက်သွားသည့်အခါ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက နှေးကွေးသွားလိမ့်မည်။
“ အရှင်မင်းကြီး… မိစ္ဆာစွမ်းအားကို ကျွန်တော် အာရုံခံနိုင်ပါပြီ ”
ချီဟောင်သည် သီရှီထျန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ရိုသေလေးစားစွာ ကြည့်သည်။ သူ၏ ခွန်အားက ယခင်ထက် နှစ်ဆပိုတိုးပွားလာကြောင်း သူအာရုံခံမိသည်။ ဤအခိုက်အတန့်မှာ သူက သီရှီထျန်အပေါ် အပြည့်အဝ သစ္စာရှိသွားသည်။
“ ဟုတ်ပါတယ်… အရှင်မင်းကြီး… ကျွန်တော့်ခန္ဓာကိုယ်ထဲက မရီဒျန်ရဲ့ ပထမအတားအဆီးကို ကျွန်တော် ချိုးဖြတ်နိုင်သွားပါပြီ… အခု ကျွန်တော် အရင်ကထက် အများကြီး ပိုသန်မာလာပြီလို့ ခံစားရပါတယ်… ကျွန်တော့်ရဲ့ တစ်ကိုယ်လုံးမှာ အကန့်အသတ်မဲ့တဲ့ စွမ်းအားတွေနဲ့ ပြည့်နှက်နေတယ်လို့ ခံစားရပါတယ် ”
ပိုင်စုစုက ရိုသေလေးစားစွာ ပြောသည်။ ယခု သူတို့သည် ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားကို ထိန်းချုပ်နိုင်သွားကြသည်။ မိစ္ဆာစွမ်းအားကို ထိန်းချုပ်နိုင်သော ခံစားမှုသည် ဖော်မပြနိုင်အောင် အံ့ဖွယ်ကောင်းသည်။ သန်မာသော စိတ်ခံစားမှုက သူတို့ကို ဝမ်းသာပျော်ရွှင်စေသည်။
တခြားသားရဲဘုရင်များသည်လည်း သူတို့၏ တိုးတတ်မှုအကြောင်း ပျော်ရွှင်စွာ ပြောကြသည်။ သူတို့က သီရှီထျန်ကို ချီဟောင်နည်းတူ ကြည့်လိုက်ကြသည်။ သူတို့သည် အစတွင် သီရှီထျန်၏ အံ့ဖွယ်ခွန်အားကြောင့် အညံ့ခံခဲ့သူများ ဖြစ်ကြသည်။ ယခု သီရှီထျန်သည် မည်သည့်ကန့်သတ်ချက်မှ မပြုလုပ်ဘဲ မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းအကြောင်း သူတို့ကို သင်ကြားပေးသည်။ ထို့ကြောင့် ဤအခိုက်အတန့်မှာ သူတို့က သီရှီထျန်အပေါ် စိတ်ရောကိုယ်ပါ အပြည့်အဝ သစ္စာရှိသွားကြသည်။
“ မင်းတို့အားလုံးက ကိုယ့်ဘာသာ ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးခဲ့ကြတဲ့ ဝိညာဉ်သားရဲတွေ ဖြစ်ကြတယ်… မင်းတို့ရဲ့ ပါရမီက တခြားသားရဲတွေထက် သာလွန်တယ်… အခု မိစ္ဆာသားရဲဖြစ်အောင် ဘယ်လိုကျင့်ကြံရမလဲ မင်းတို့ကို ငါသင်ကြားပေးလိုက်ပြီ… မင်းတို့သာ ဇွဲရှိရှိ သေချာကျင့်ကြံမယ်ဆိုရင် ပိုပြီးသန်မာလာလိမ့်မယ်… ဒီဟာက အစပဲ ရှိသေးတယ် ”
သီရှီထျန်သည် ချီဟောင်နှင့် တခြားလူများထံမှ စိတ်ရင်းမှန်ကို အာရုံခံမိသည်။ သားရဲဘုရင်ငါးပါးက နောက်ဆုံးမှာ သူ့အပေါ် အပြည့်အဝ သစ္စာခံသွားကြောင်း သူနားလည်လိုက်သည်။
ယခုအချိန်မှစ၍ သူတို့၏ သစ္စာဖောက်နိုင်ခြေက သုညနားသို့ ရောက်ရှိသွားသည်။
တိရိစ္ဆာန်များသည် လူသားများနှင့် ခြားနားကြသည်။ သူတို့သည် စိတ်ရောကိုယ်ပါ တစ်ခါအညံ့ခံပြီးလျှင် တစ်ဘဝလုံး သစ္စာရှိကြလိမ့်မည်။ တိရိစ္ဆာန်များထံတွင် သစ္စာဖောက်ခြင်းက ဖြစ်ခဲသည်။ တချို့နေရာများတွင် တိရိစ္ဆာန်များက လူသားများထက် သာလွန်ကြသည်။
“ အဲ့ဒီအကြောင်းကို နောက်မှ ဆက်ပြောကြမယ်… အခု မြန်မြန်သွားပြီး မင်းတို့ရဲ့ သက်ဆိုင်ရာမျိုးနွယ်စုတွေကို ချိုင့်ဝှမ်းကို စစ်ဆေးကြည့်ခိုင်းပါ… အဓိကကတော့ ငါတို့ဝင်လာခဲ့တဲ့ ဝင်ပေါက်နေရာပဲ… မင်းတို့မျိုးနွယ်စုရဲ့ အသန်မာဆုံး လူတွေကို စေလွှတ်ပြီး လှိုဏ်ခေါင်းကို သေချာစောင့်ကြပ်စေပါ… ဒီည အန္တရာယ်ကျရောက်လာတော့မယ်လို့ ငါခံစားနေမိတယ် ”
သီရှီထျန်သည် ယခုအချိန်မှာ တခြားကိစ္စများကို မတွေးနိုင်သေးပေ။ သူက တည်ကြည်လေးနက်စွာ ပြောသည်။ သူက လှိုဏ်ခေါင်းဝင်ပေါက်ကို စောင့်ကြပ်ရန် သူ့လူများကို ချက်ချင်း အမိန့်ပေးလိုက်သည်။
အကြောင်းအရင်းကို သူသေချာမသိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့နှလုံးသားထဲမှ စိတ်ခံစားချက်က ပိုပြီးအားကောင်းသထက် အားကောင်းလာသည်။
“ မင်းတို့အားလုံး… ဒီည သတိနဲ့နေပြီး ချိုင့်ဝှမ်းကို သေချာစောင့်ကြပ်ကြပါ ”
“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”
ချီဟောင်နှင့် တခြားသားရဲဘုရင်များသည် သီရှီထျန်ကို ရိုသေလေးစားစွာ ဦးညွတ်လိုက်ကြသည်။ ထို့နောက် ချီဟောင်၏ ဦးဆောင်မှုအောက်မှာ သူတို့က လှိုဏ်ဂူကြီးထဲမှ မြန်မြန် ထွက်ခွာသွားကြသည်။ သူတို့က ချိုင့်ဝှမ်းကို ကင်းစောင့်ရန် သူတို့၏ မျိုးနွယ်ဝင်များကို ချက်ချင်း အမိန့်ပေးလိုက်ကြသည်။
လှိုဏ်ဂူဝင်ပေါက်တွင်တော့ သူတို့က သူတို့မျိုးနွယ်စု၏ အသန်မာဆုံး လူများကို ချက်ချင်း စေလွှတ်၍ သေချာစောင့်ကြပ်စေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ချိုင့်ဝှမ်းထဲမှ လေထုက တင်းကျပ်သွားသည်။
“ ကျွီ ကျွီ… ”
လှိုဏ်ခေါင်း၏ အခြားတစ်ဖက်တွင် မရေမတွက်နိုင်သော ကြွက်များသည် ကျောက်တုံးနံရံ၏ အရှေ့ဆီသို့ တစ်ကောင်ပြီးတစ်ကောင် ပြေးသွားကြသည်။ သူတို့က ချွန်ထက်သော လက်သည်းများကို အသုံးပြု၍ ကျောက်တုံးနံရံပေါ်မှာ အပေါက်ဖောက်လိုက်ကြသည်။ ကြွက်များသည် တွင်းတူးရာတွင် အထူးကျွမ်းကျင်သော သတ္တဝါများ ဖြစ်ကြသည်။ သူတို့သည် နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူပြီးနောက် ပုံမှန်ထက် အများကြီး ပိုသန်မာသွားကြပြီး စိတ်ဓာတ်တတ်ကြွသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့သော ခွန်အားက စီးဆင်းနေသည်ဟု သူတို့ခံစားမိကြသည်။ ကျောက်တုံးအပိုင်းအစများသည် ကျောက်တုံးနံရံပေါ်မှ အဆက်မပြတ် ကျဆင်းလာကြသည်။
သိပ်မကြာမီ မူလက ပြောင်ချောနေသော ကျောက်တုံးနံရံပေါ်မှာ အရွယ်အစားကြီးမားသော တွင်းတစ်ခု ထွက်ပေါ်လာသည်။ မြေကြီးပေါ်တွင် ကျောက်တုံးအပိုင်းအစများက တောင်ပို့တစ်ခုပမာ စုပုံနေသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ကျောက်တုံးနံရံပေါ်မှာ အပေါက်ဖြစ်လာရန် သိပ်မလိုတော့ကြောင်း မည်သူမဆို သိနိုင်လိမ့်မည်။ ကျောက်တုံးနံရံ၏ အနောက်မှာ လှိုဏ်ခေါင်းရှိသည်။
ကျောက်တုံးနံရံပေါ်မှာ အပေါက်ဖြစ်သွားသည်နှင့် သူတို့က လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည်။ ထို့နောက် သူတို့က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ဦးတည်သွားနိုင်ကြလိမ့်မည်။
“ တူးစမ်း… မြန်မြန် တူးကြစမ်း… ဒီဘုရင်အတွက် တောင်နံရံပေါ်မှာ အပေါက်ဖြစ်အောင် တူးကြစမ်း… တောင်နံရံပေါ်မှာ အပေါက်ဖြစ်အောင် အရင်ဆုံး တူးပေးနိုင်တဲ့သူက ဆုလာဘ်အနေနဲ့ နတ်ဘုရားအလင်းအောက်မှာ အသက်ဆယ်ခါရှူချိန်ကြာအောင် နှစ်ခြင်းမင်္ဂလာခံယူခွင့်ရမယ် ”
ကြွက်ဘုရင်က အော်လိုက်သည့်အခါ သူ၏ နှုတ်ခမ်းမွှေးများက အဆက်မပြတ် တုန်ယင်သွားသည်။ သူက ကြွက်ဒီရေလှိုင်း၏ အလယ်မှာ မတ်တတ်ရပ်နေစဉ် သူ၏ ဧရာမခန္ဓာကိုယ်က ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
“ ကျွီ… ကျွီ ”
နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူခွင့်ရမည်ဟု သူတို့ကြားသောအခါ တွင်းတူးနေသော ကြွက်များသည် မျက်လုံးဝင်းလက်သွားကြသည်။ သူတို့၏ လက်သည်းဝှေ့ယမ်းမှုက ယခင်ကထက် ပိုပြီးမြန်ဆန်လာသည်။ ကျောက်တုံးနံရံသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ မြန်ဆန်စွာ ပါးလွှာသွားသည်။
“ ဘန်း ”
“ ဟူး ”
တစ်ခဏကြာပြီးနောက် ကျယ်လောင်သော မြည်သံနှင့်အတူ လေတိုးဝှေ့သံ ထွက်ပေါ်လာသည်။ နောက်ဆုံးမှာ ကျောက်တုံးနံရံက အပေါက်ဖြစ်သွားပြီး လှိုဏ်ခေါင်းဝင်ပေါက်က ကြွက်များ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
“ တူးစမ်း… မြန်မြန် တူးကြစမ်း… အပေါက်ကို မြင်နေရပြီ ”
လှိုဏ်ခေါင်းကို ကြွက်ဘုရင်မြင်သောအခါ ကျားနက်နှင့် တခြားလူများက ထိုအပေါက်ထဲသို့ ဝင်ရောက်သွားခြင်းဖြစ်ရမည်ဟု သူသေချာသွားသည်။ အကယ်၍ သူတို့က ထိုလှိုဏ်ခေါင်းနောက်သို့ လိုက်မည်ဆိုလျှင် ကျားနက်နှင့် တခြားလူများ၏ သဲလွန်စကို သေချာပေါက် ရှာဖွေနိုင်လိမ့်မည်။
“ ခရက်… ခရက် ”
အက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ တွင်းပေါက်၏ အရွယ်အစားက မြန်ဆန်စွာ ကြီးမားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ တွင်းပေါက်က လှိုဏ်ခေါင်း၏ ဝင်ပေါက်နှင့် အရွယ်အစား တူညီသွားသည်။
“ ကြွက်ကလေးတွေ… အထဲဝင်ပြီး ငါ့အတွက် ကျားနက်ကို ရှာဖွေပေးကြစမ်း ”
ကြွက်ဘုရင်သည် မြေကြီးပေါ်မှာ ထရပ်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သန်းပေါင်းများစွာသော ကြွက်များက လှိုဏ်ခေါင်းထဲသို့ ဒီရေသဖွယ် ပြေးဝင်သွားကြသည်။ သူတို့သည် နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူထားသောကြောင့် သူတို့၏ ခန္ဓာကိုယ်က အဝါရောင်သို့ ပြောင်းလဲနေသည်။ သို့ဖြစ်၍ ယခု သူတို့က လှိုဏ်ခေါင်းထဲသို့ အစုလိုက်အပြုံလိုက် ပြေးသွားကြလေရာ အဝါရောင်မြစ်က လှိုဏ်ခေါင်းထဲသို့ တသွင်သွင် စီးဆင်းသွားနေသည့်အလားပင်။
ထို့နောက် ကြွက်ဘုရင်သည်လည်း လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားသည်။
လှိုဏ်ခေါင်းထဲမှာ လမ်းကြောင်းအများကြီး ရှိသည်။ သို့သော်လည်း ကြွက်အရေအတွက်က သန်းနှင့်ချီသည်။ ထို့ကြောင့် သူတို့က လမ်းကြောင်းအမှန်ကို ရှာဖွေရန် စိတ်မဝင်စားကြပေ။ သူတို့က လမ်းကြောင်းမှန်သမျှကို ဝင်ရောက်ကြလိမ့်မည်။ အရှေ့ဆက်သွားရန် လမ်းကြောင်းမရှိသည့်အခါ သူတို့က အနောက်ပြန်လှည့်ကြလိမ့်မည်။
ထိုနည်းဖြင့် သူတို့က မကြာခင်မှာ လမ်းကြောင်းအမှန်ကို ရှာတွေ့သွားကြလိမ့်မည်။ သူတို့လုပ်ဆောင်ရမည်မှာ အရှေ့သို့ ဆက်လက် သွားရန် ဖြစ်၏။
“ ဝှစ် ဝှစ် ”
“ ကျွီ ကျွီ… ”
လှိုဏ်ခေါင်း၏ ဝင်ပေါက်အရှေ့တွင် မျိုးနွယ်စုအများအပြားက ဂရုတစိုက် စောင့်ကြပ်နေကြသည်။ အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသော မျောက်ဝံဆယ်ကောင်က လှိုဏ်ခေါင်း၏ အရှေ့ဆုံးမှာ ရပ်နေကြသည်။ သန်စွမ်းကြံ့ခိုင်သော ဝံပုလွေတစ်ရာကျော်သည်လည်း လှိုဏ်ခေါင်း၏ အရှေ့မှာ စုဝေးနေကြသည်။ သူတို့တစ်ယောက်စီသည် အစိမ်းရောင်တောက်ပသော သားရဲမျက်လုံးဖြင့် လှိုဏ်ခေါင်း၏ ဝင်ပေါက်ကို စောင့်ကြည့်နေကြသည်။ ဘေးပတ်ဝန်းကျင်တွင်လည်း အရေအတွက်များပြားသော မြွေများက ရစ်ခွေနေကြသည်။ သူတို့၏ အနီးနားမှ ရှေးဟောင်းသစ်ပင်ကြီးများပေါ်တွင် လင်းတများက ရပ်နေကြသည်။
သူတို့သည် မည်သည့်မတော်တဆမှုမှ မဖြစ်လာရန် အရာအားလုံးကို အမြဲမပြတ် စောင့်ကြည့်နေကြသည်။
အခန်း(၇၈)
ထိုအခိုက်အတန့်မှာ ထူးဆန်းသော အသံများက လှိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာသည်။ အသံများသည် အစုလိုက်အပြုံလိုက် ထွက်ပေါ်လာသည်။ ဤသည်မှာ အရေအတွက်များပြားသော အုပ်စုတစ်ခုက ပြိုင်တူအော်နေကြသည့်အလားပင်။ အလွန်အားကောင်းသော အန္တရာယ်အငွေ့အသက်က လှိုဏ်ခေါင်းကို စောင့်ကြပ်နေကြသော သက်ရှိအားလုံး၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူတို့၏ အမွှေးအမျှင်များက ထောင်မတ်သွားကြသည်။ သူတို့အားလုံးက လှိုဏ်ခေါင်း၏ ဝင်ပေါက်ကို ကြည့်နေရင်း ကျယ်လောင်စွာ အော်မြည်လိုက်ကြသည်။
“ အာဝူး… အာဝူး… ”
“ ကွီ… ကွီ… ”
“ ရှဲ… ရှဲ… ”
“ ကျီး… ကျီး… ”
လှိုဏ်ခေါင်း၏ ဝင်ပေါက်ကို စောင့်ကြပ်နေကြသော ဝံပုလွေများ၊ မျောက်ဝံများ၊ မြွေများနှင့် လင်းတများသည် ချိုင့်ဝှမ်းကို အချက်ပြသတိပေးလိုက်ကြသည်။
“ မကောင်းတော့ဘူး… အန္တရာယ်က လှိုဏ်ခေါင်းကနေ တကယ် ရောက်လာတာပဲ ”
အချက်ပြသတိပေးသံကို ကြားသောအခါ အန္တရာယ်ကျရောက်လာပြီဖြစ်ကြောင်း သီရှီထျန် ချက်ချင်း သိလိုက်သည်။ ထိုအော်သံသည် လှိုဏ်ခေါင်း၏ ဝင်ပေါက်နေရာထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရှင်းလင်းစွာပင် မတော်တဆမှုက ထိုနေရာမှာ အမှန်တကယ် ဖြစ်ပျက်နေသည်။
“ ဝှစ် ”
သူက မြန်ဆန်စွာ ထရပ်လိုက်ပြီး လေထဲသို့ လွှားခနဲ ခုန်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက လှိုဏ်ဂူထဲမှ ပြေးထွက်သွားသည်။ ညအမှောင်အောက်တွင် အရွယ်အစား ကြီးမားသော အနက်ရောင်အရိပ်တစ်ခုက လေထဲမှာ အလွန်မြန်ဆန်စွာ ရွေ့လျားနေသည်။ အရိပသည် ရှေးဟောင်းသစ်ပင်ကြီးများကို ဝှစ်ခနဲ ဝှစ်ခနဲ ဖြတ်ကျော်သွားသည်။
ထိုအခိုက်အတန့်မှာ ချီဟောင်နှင့် တခြားသားရဲဘုရင်များသည် သားရဲတစ်သိန်းကျော်ကို ဦးဆောင်လျက် လှိုဏ်ခေါင်းဆီသို့ အမြန်ပြေးလာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ချိုင့်ဝှမ်းက ဖရိုဖရဲ ဖြစ်သွားသည်။ မြေကြီးက တုန်ယင်သွားပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ခြေနင်းသံများ ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်မှာ လှိုဏ်ခေါင်း၏ အရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော ကြွက်များသည် အဝါရောင်မြစ်တစ်စင်းသဖွယ် အရှေ့သို့ ပြေးထွက်လာကြသည်။
“ ရှဲ ရှဲ… ”
ထိုကြွက်များကို မြင်သောအခါ လှိုဏ်ဂူဝင်ပေါက်ကို စောင့်ကြပ်နေကြသော အဆိပ်ရှိမြွေများက မျက်လုံးဝင်းလက်သွားကြသည်။ သူတို့က ထူးဆန်းသော “ တရှဲရှဲ ” မြည်သံကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့အားလုံးက မြေကြီးပေါ်မှာ မြန်ဆန်စွာ တွားသွားကြပြီး ကြွက်များကို ကိုက်လိုက်ကြသည်။
သစ်ပင်ကြီးများပေါ်မှ လင်းတများသည်လည်း အတောင်ပံတဖျပ်ဖျပ်ခတ်၍ ပျံသန်းလိုက်ကြသည်။ သူတို့က ချွန်ထက်သော ငှက်လက်သည်းများကို ထုတ်ဖော်၍ မြေကြီးပေါ်သို့ ထိုးဆင်းသွားကြသည်။ သူတို့က ကြွက်များကို သုတ်ချီလိုက်ကြသည်။
မျောက်ဝံများသည် သူတို့၏ တုတ်ခိုင်သန်မာသော လက်မောင်းများကို အသုံးပြု၍ ကြွက်များကို ထိုးချလိုက်ကြသည်။ ဝံပုလွေများသည် သူတို့၏ ပါးစပ်ကို ဖြဲဟ၍ ကြွက်များကို ကိုက်လိုက်ကြသည်။ မျိုးနွယ်စုလေးခုသည် တုံ့ဆိုင်းမနေဘဲ ကြွက်များကို စတင်သတ်ဖြတ်လိုက်ကြသည်။
“ ခရက် ”
သို့သော်လည်း ထူးဆန်းသော မြင်ကွင်းတစ်ခုက ထိုအခိုက်အတန့်မှာ ဖြစ်ပေါ်လာသည်။ ထိုကြွက်များက ပုံမှန်ကြွက်များထက် အရွယ်အစားပိုကြီးမားလေရန် သူတို့ကို တစ်လုပ်တည်း ဝါးမျိုရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် မြွေများသည် သူတို့ကို ကိုက်သတ်ရန် ရွေးချယ်လိုက်ကြသည်။ သူတို့က ကြွက်များကို ကိုက်၍ မြွေအဆိပ်ကို သူတို့၏ ခန္ဓာကိုယ်ထဲသို့ စေလွှတ်မည်ဟု တွေးထားကြသည်။ ယင်းက မြွေများ၏ တိုက်ခိုက်နည်းတစ်မျိုး ဖြစ်သည်။ သို့သော်လည်း ကြွက်ကို သူတို့ကိုက်လိုက်သည့်အခါ သူတို့၏ အမွှေးအမျှင်များက အလွန်မာကျောကြောင်း အံ့အားသင့်ဖွယ် ရှာတွေ့သွားကြသည်။ မြွေများ၏ အဆိပ်အစွယ်များသည် ကြွက်၏ အမွှေးအမျှင်များကို မချိုးဖြတ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ အစွယ်များသည်သာ ကျိုးလုနီးပါး အက်ကွဲသွားကြသည်။
လင်းတများသည် ချွန်ထက်သော ငှက်လက်သည်းကို အသုံးပြု၍ ကြွက်ကြီးများကို ကုတ်ဆွဲလိုက်ကြသည်။ သူတို့၏ လက်သည်းများက မည်မျှချွန်ထက်ပါစေ ခါတိုင်းကဲ့သို့ ကြွက်ခန္ဓာကိုယ်ကို အလွယ်တကူ မဆုတ်ဖြဲနိုင်ခဲ့ပေ။ သူတို့သည် ကြွက်များ၏ သံမဏိကဲ့သို့ မာကျောသော အမွှေးများကို ချိုးဖြတ်ရန် အားအကုန် အသုံးပြုကြရလိမ့်မည်။
ထိုကြွက်များ၏ ခုခံကာကွယ်မှုက အလွန်အံ့ဖွယ်ကောင်းသည်။
ထို့ပြင် ကြွက်များသည် ဒီရေလှိုင်းသဖွယ် အဆုံးမဲ့စွာ ထွက်ပေါ်လာနေကြသည်။ သူတို့က ကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မည့်ဟန် ရ၏။ အရှေ့ဆုံးမှ မျောက်ဝံများနှင့် ဝံပုလွေများသည် ပထမအကြိမ် တိုက်ခိုက်မှုကိုသာ ပြုလုပ်နိုင်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် နောက်တစ်ကြိမ် သူတို့မတိုက်ခိုက်နိုင်မီ မရေမတွက်နိုင်သော ကြွက်များက သူတို့၏ ခန္ဓာကိုယ်ပေါ် ခုန်အုပ်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က ကြွက်များ၏ ကိုက်ဖြတ်စားသောက်ခြင်းခံလိုက်ကြရသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာ သူတို့က အဖြူရောင်အရိုးစုများအဖြစ် ပြောင်းလဲသွားကြသည်။
တိုက်ပွဲစတင်ပြီး သိပ်မကြာမီ ဝံပုလွေများနှင့် မျောက်ဝံများက အရှင်လတ်လတ် အစားခံလိုက်ကြရသည်။ ကြွက်များ၏ သဘာဝရန်သူဖြစ်သော မြွေများသည်ပင် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုကို ခံစားသွားကြရသည်။ ကြွက်များသည် မြွေများကို အနည်းငယ် ရှိန်နေသောကြောင့်မဟုတ်လျှင် သူတို့သည်လည်း အရှင်လတ်လတ် အစားခံကြရလိမ့်မည်။ လင်းတများသည်တော့ ဝေဟင်အားသာချက်ကြောင့် လောလောဆယ်တွင် ထိခိုက်ဆုံးရှုံးမှု မရှိသေးပေ။
ကြွက်များ၏ ခုခံကာကွယ်မှုစွမ်းရည်နှင့် အဆုံးမရှိသော အရေအတွက်က အမှန်တကယ် ကြက်သီးမွေးညင်းထဖွယ်ကောင်း၏။ ထိုသို့မြင်ကွင်းက သာမန်လူတစ်ယောက်ကို နေရာမှာတင် ရူးသွားစေပြီး ဆံပင်မွှေးများ ထောင်သွားစေနိုင်၏။
“ ဂရား ”
ထိုအခိုက်အတန့်မှာ လွှမ်းမိုးဖိနှိပ်သော ကျားဟိန်းသံက ချိုင့်ဝှမ်းထဲမှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ ကောင်းကင်ပေါ်မှ သိကြားမင်းက ချိုင့်ဝှမ်းပေါ်သို့ မိုးကြိုးပစ်ချလိုက်သည့်အလားပင်။ မြေကြီးက သိမ့်သိမ့်တုန်သွားသည်။ လွှမ်းမိုးဖိနှိပ်သော ကျားရဲအရှိန်အဝါက ချိုင့်ဝှမ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာ ချိုင့်ဝှမ်းထဲမှ လေထုက တင်းကျပ်သွားသည်။ ကျားဟိန်းသံကို ကြားသောအခါ ရူးသွပ်စွာ တိုက်ခိုက်နေကြသော ကြွက်များက ကြောက်လန့်တုန်ယင်သွားကြသည်။ သူတို့က နေရာမှာ ရပ်လိုက်ကြသည်။ အကြောက်တရားက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူတို့၏ ခန္ဓာကိုယ်က အလွန်သန်မာသော်လည်း ယင်းက အသံတိုက်ခိုက်မှုကို မကာကွယ်ပေးနိုင်ပေ။ အသံသည် မည်သည့်နေရာကိုမဆို အလွယ်တကူ စိမ့်ဝင်ပျံ့နှံ့နိုင်သည်။ ကျားဟိန်းသံကို ကြားသောအခါ ကြွက်များ၏ ဦးခေါင်းက တဝီဝီမြည်သွားသည်။
ထိုကျားဟိန်းသံထဲမှာ အသံလှိုင်းတိုက်ခိုက်မှု မပါဝင်ပေ။ ကျားဟိန်းသံသက်သက်ကပင် သာမန်တိရိစ္ဆာန်များ၏ စိတ်ဓာတ်ကို ချိုးနှိမ်ပစ်နိုင်စွမ်းရှိသည်။ ချိုင့်ဝှမ်းထဲတွင် တိမ်တိုက်နှင့် ထိစပ်လုနီးပါး မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများ တည်ရှိကြသည်။ မရေမတွက်နိုင်သော သစ်ကိုင်းများနှင့် သစ်ရွက်များက ရှေးဟောင်းသစ်ပင်ကြီးများပေါ်မှ ဆန့်တန်းထွက်နေကြသည်။
ချိုင့်ဝှမ်းထဲတွင် လေမတိုက်နေသော်လည်း သစ်ကိုင်းများနှင့် သစ်ရွက်များက တရှဲရှဲ လှုပ်နေကြသည်။ မြေကြီးပေါ်တွင် သေးငယ်သော ကျောက်တုံးအပိုင်းအစများက တဒုန်းဒုန်း ခုန်နေကြသည်။
နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူထားသော ကြွက်များသည် သာမန်ကြွက်များ မဟုတ်ကြချေ။ ကျားဟိန်းသံက သူတို့ကို ခေါင်းမူးဝေရုံမျှသာ ဖြစ်စေသည်။ သူတို့က နေရာမှာတင် ချက်ချင်း မသေဆုံးသွားကြချေ။ သူတို့က မြေကြီးပေါ်မှာ ကြောက်ရွံ့စွာ ဝပ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေသည်။
“ ကျွီ… ကျွီ ”
ထိုစဉ် ကျားဟိန်းသံ၏ အနောက်မှာ ထူးဆန်းသော အော်မြည်သံက စူးရှကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အော်သံသည် နားကွဲလုမတတ် အလွန်စူးရှပြီး သာယာနာပျော်ဖွယ်မကောင်းပေ။ ယင်းထဲမှာ အလွန်အားကောင်းသော ထိုးဖောက်ခြင်းစွမ်းအားရှိ၏။ အော်သံသည် ကျားဟိန်းသံ၏ လွှမ်းမိုးဗိုလ်ကျမှုကို ခုခံတားဆီးလိုက်သည်။
လှိုဏ်ခေါင်း၏ အရှေ့တွင် သန်းပေါင်းများစွာသော ကြွက်စစ်သည်တော်များက ဘေးသို့ လမ်းဖယ်ပေးလိုက်ကြသည်။ အရွယ်အစားအလွန်ကြီးမားသော အညိုရောင်ကြွက်တစ်ကောင်သည် ခေါင်းမော့ထား၍ လှိုဏ်ခေါင်းထဲမှ ဘဝင်မြင့်စွာ ထွက်လျှောက်လာသည်။ သူ၏ ခန္ဓာကိုယ်က တောဝက်တစ်ကောင်ထက်ပင် ပိုပြီးကြီးမားသည်။ သူက သန်းပေါင်းများစွာသော ကြွက်စစ်သည်တော်များ၏ အရှေ့သို့ လျှောက်သွားသည်။ သူ၏ သေးငယ်သော မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သောအလင်း ထွက်ပေါ်လာသည်။ ကျားဟိန်းသံကြောင့် မြေကြီးပေါ်မှာ ဝပ်နေပြီး ကြောက်လန့်တုန်ယင်နေကြသော ကြွက်များသည် ထိုဧရာမကြွက်ကို မြင်သောအခါ အစိမ်းရောင်အလင်းကို ချက်ချင်း ထုတ်လွှတ်လိုက်ကြပြီး ပြန်ထလိုက်ကြသည်။
ဤသည်မှာ သူတို့က အားကိုးအားထားကို ရှာတွေ့သွားသည့်အလားပင်။
“ ဝုန်း ”
မြေကြီးသည် ပြင်းထန်စွာ တုန်ယင်သွားသည်။ ပြိုင်ဘက်ကင်းလွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ဆူနာမီလှိုင်းလုံးသဖွယ် ချိုင့်ဝှမ်းထဲမှာ ပေါ်လျှိုးလာသည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ကြွက်များ၏ ရင်ဘက်ပေါ်သို့ ဖိကျလာသည့်အခါ သူတို့က အသက်ရှူကျပ်သွားကြသည်။ ကြွက်ဘုရင်၏ ထွက်ပေါ်လာမှုကြောင့် ပြန်နိုးကြားလာသော သူတို့၏ စိတ်ဓာတ်က ထပ်မံ ချိုးနှိမ်ခံလိုက်ရသည်။
တောအုပ်ထဲတွင် ဆယ်ပေခန့် ရှည်လျားသော ဧရာမကျားနက်တစ်ကောင်က အရှေ့သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်လာသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်စာလုံးက မီးတောက်တစ်ခုနှယ် တအိအိလှုပ်ယမ်းနေစဉ် အဆုံးမဲ့သော သားရဲဘုရင်အရှိန်အဝါက လေထဲမှာ ပျံ့နှံ့သွားသည်။ သူ၏ မျက်လုံးထဲတွင် အကန့်အသတ်မဲ့သော အေးစက်မှု ရှိသည်။ သူ့အနောက်တွင် ဝိညာဉ်သားရဲငါးကောင်က လိုက်ပါလာကြသည်။ သူတို့အုပ်စုက အရေအတွက်များပြားသော ကြွက်များ၏ အရှေ့သို့ မြန်ဆန်စွာ ရောက်လာကြသည်။
“ ဘယ်လောက်ကြီးလိုက်တဲ့ ကြွက်လဲ… အဲ့ဒီကောင်က ကြွက်မျိုးနွယ်စုရဲ့ ဘုရင်ဖြစ်ရမယ် ”
သီရှီထျန်၏ မျက်လုံးက အေးစက်နေသည်။ သူက ဘေးဘီကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ကြွက်ဘုရင်ပေါ်မှာ စွဲမြဲသွားသည်။
ကြွက်တွေ… ။
အရိုးသားဆုံးဝန်ခံရလျှင် မြေပြင်တစ်လျှောက် ပြည့်နှက်နေသော ကြွက်ဒီရေလှိုင်းကို ပထမဆုံးအကြိမ် သူမြင်လိုက်စဉ်က သူ့မှာ သန်စွမ်းသော စိတ်ခွန်အားရှိသည့်တိုင် သူက အံ့ဩထိတ်လန့်သွားဆဲပင်။ သူသည် ယခင်ဘဝမှာ ထိုမျှများပြားသော ကြွက်များကို မမြင်ခဲ့ဖူးပေ။
သို့သော်လည်း ကြွက်ကပ်ဘေးဆိုက်ခြင်းက မည်မျှကြောက်စရာကောင်းကြောင်း စာအုပ်များထဲမှာ သူဖတ်ဖူးသည်။
တစ်ချိန်တည်းမှာ သူက ဤအတောအတွင်း သူမစဉ်းစားနိုင်ခဲ့သော အဖြေကို ရှာတွေ့သွားသည်။
‘ လက်စသတ်တော့ ငါ့နောက်ကို တစ်ချိန်လုံး လိုက်စောင့်ကြည့်နေတဲ့အရာက အဲ့ဒီကြွက်တွေကို… ကြွက်တွေက မြေအောက်ထဲမှာ တွင်းတူးနိုင်ကြတယ်… ငါ့ရဲ့ မိစ္ဆာအာရုံက မြေကြီးကို ထိုးဖောက်နိုင်တဲ့အထိ မသန်မာသေးဘူး… အဲ့ဒါကြောင့် မိစ္ဆာအာရုံနဲ့ ဘေးပတ်ဝန်းကျင်ကို ငါစစ်ဆေးကြည့်ခဲ့ပေမဲ့ ဘာမှရှာမတွေ့တာကို… ကြည့်ရတာ တောင်ပိုင်းမြေရိုင်းဒေသကို ငါလျှော့တွက်မိခဲ့ပုံပဲ… ဒီက ကြွက်တွေတောင် အရေအတွက် အဲ့လောက်များတယ်လား ’
“ တောင်တန်းထဲ ငါဝင်လာကတည်းက ငါ့နောက်ကို လိုက်စောင့်ကြည့်နေတဲ့လူတွေက မင်းရဲ့ လက်အောက်ငယ်သားတွေမလား ”
သီရှီထျန်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသော အသံဖြင့် ပြောသည်။ သူက တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်းခံခဲ့ရကြောင်း သိသွားသောအခါ ဖော်မပြနိုင်သော ဒေါသက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူသည်ပင် ကြွက်ဘုရင်၏ ခွန်အားကို မသုံးသပ်နိုင်ပေ။ တစ်ဖက်လူက အထွတ်အထိပ် ဝိညာဉ်သားရဲဖြစ်မည်ဟု အကြမ်းဖျဉ်း သူခန့်မှန်းလိုက်သည်။
ထိုသို့အစွမ်းထက်သော ဝိညာဉ်သားရဲတစ်ကောင်က သူ့ကို စောင့်ကြည့်ရန် လက်အောက်ငယ်သားများကို အစကတည်းက စေလွှတ်ထားခဲ့သည်။ သို့ဖြစ်လေရာ သူ့ဆီမှာ ကောင်းမွန်သော ရည်ရွယ်ချက်မရှိနိုင်ပေ။
“ ကျွီ… ကျွီ ”
ကြွက်ဘုရင်သည် ထူးဆန်းသော အော်သံကို ထုတ်ဖော်လိုက်သည်။ ဧရာမကျားနက်ကို သူကြည့်နေစဉ် ဖော်မပြနိုင်သော လိုချင်တပ်မက်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
“ ကျားနက်ကြီး… မင်းရဲ့ ခန္ဓာကိုယ်က အရမ်းကြီးပြီး အသားကလည်း များတယ်… မင်းရဲ့ အသားက အရမ်းမွှေးရမယ်… မင်းက ငါ့ရဲ့ အစာပဲ ”
ကြွက်ဘုရင်သည် သီရှီထျန်ကို မြင်သော်လည်း မကြောက်ပေ။ သူက တစ်ဖက်လူကို စားချင်သည်ဟု ပေါ်ပေါ်ထင်ထင် ပြောသည်။ မည်မျှရဲတင်းလိုက်သနည်း။
သို့တိုင် သူ့မှာ ထိုသို့လုပ်ဆောင်နိုင်သော အရည်အချင်းရှိသည်။ သူ့လက်အောက်မှာ ကြွက်စစ်သည်တော်သန်းပေါင်းများစွာ ရှိသည်။ နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူပြီးနောက် သူတို့၏ ခုခံနိုင်စွမ်းက အဆပေါင်းများစွာ တိုးတတ်သွားသည်။ ထို့ကြောင့် သူတို့သည် သေရမည်ကို မကြောက်ဘဲ ရူးသွပ်စွာ တိုက်ခိုက်နိုင်ကြသည်။ မရေမတွက်နိုင်သော ကြွက်များက ခုန်အုပ်သည့်အခါ ဝိညာဉ်သားရဲက မည်မျှသန်မာပါစေ အကူအညီမဲ့သွားလိမ့်မည်။ သူတို့က ကြွက်ဒီရေလှိုင်းထဲမှာ နစ်မြုပ်သွားကြလိမ့်မည်။
ထို့ကြောင့် ကြွက်ဘုရင်က ယုံကြည်မှုအပြည့်ရှိနေခြင်းပင်။
“ မင်းက ငါ့ကို စားချင်တယ်လား ”
ဒေါသက သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုစကားကြောင့် သူ့နောက်သို့ တစ်ချိန်လုံး လိုက်စောင့်ကြည့်နေသူက ထိုကြွက်များဖြစ်ကြောင်း သူသေချာသွားသည်။ ထို့ပြင် ဤတစ်ကြိမ်မှာ တစ်ဖက်လူက သူ့ကို စားချင်သည်ဟု ပွင့်လင်းစွာ ပြောသည်။
သို့ဖြစ်လေရာ သီရှီထျန်က မည်သို့ကြောင့် ဒေါသမထွက်ဘဲနေမည်နည်း။
သီရှီထျန်ဆီမှာ အေးစက်သော အကျင့်စရိုက်ရှိပြီး သူက စိတ်ဓာတ်ပြတ်သားသူ ဖြစ်သည်။ သူသည် လူသားများကို သတ်ဖြတ်ပြီး စားသောက်ရမည်ဆိုလျှင်ပင် ထိုသို့လုပ်ဆောင်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ လက်ရှိသရုပ်ကို ကောင်းမွန်စွာ သူနားလည်သည်။ အတိတ်သည် အမြဲတမ်း အတိတ်မှာသာ ကျန်နေခဲ့လိမ့်မည်။ ယင်းက လက်ရှိပစ္စုပ္ပန်ကို ကိုယ်စားမပြုပေ။
ဤဘဝတွင် သူက မိစ္ဆာတစ်ကောင်ဖြစ်လာသည်။ ထိုသို့ဆိုမှတော့ သူက မိစ္ဆာတစ်ကောင်အဖြစ် ပြုမူရမည်။ လူသားများ၊ မသေမျိုးကျင့်ကြံသူများနှင့် သူရင်ဆိုင်ရသည့်အခါ အတိတ်ဘဝမှာ လူသားဖြစ်ခဲ့ဖူးသည်ဟူသော အချက်ကြောင့် သူက ထိုလူများကို အသက်ရှင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။ ယင်းက လောက၏ သဘာဝတရားဖြစ်သည်။
‘ လူတွေက ငါ့ကို သတ်ချင်ရင် သူတို့ကို ငါသတ်မယ်… မသေမျိုးကျင့်ကြံသူတွေက ငါ့ကို သတ်ချင်ရင် မသေမျိုးကျင့်ကြံသူတွေကို ငါသတ်မယ် ’
‘ လူတွေက ငါ့ကို သတ်ပြီး စားချင်ရင်… ဘာလို့ ငါက လူသားမစားရမှာလဲ ’
‘ လင်းယုန်က ကောင်းကင်ပေါ်မှာ ပျံသန်းတယ်… ငါးတွေက ပင်လယ်ထဲမှာ ကူးခတ်ကြတယ်… သက်ရှိအားလုံးက မိုးကောင်းကင်အောက်မှာ သူတို့ရဲ့ အသက်ရှင်သန်မှုအတွက် ရုန်းကန်နေကြတယ် ’
မိစ္ဆာမျိုးနွယ်စု၏ အခြေအနေကို အကြမ်းဖျဉ်းသိထားသောကြောင့် သီရှီထျန်သည် ဝိညာဉ်အသိဉာဏ်ရှိသော ဝိညာဉ်သားရဲများကို သူ့လက်အောက်မှာ သိမ်းသွင်းရန် ဆုံးဖြတ်ခဲ့သည်။ တစ်ဖက်လူဆီမှာ သူ့အပေါ် ရန်လိုစိတ်မရှိလျှင် အဆင်ပြေ၏။ သူက တခြားဝိညာဉ်သားရဲများကို အရင်ဆုံး တိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့ခြင်း မပြုလုပ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် မိစ္ဆာများအချင်းချင်း သတ်ဖြတ်ခြင်းက မိစ္ဆာမျိုးနွယ်စု၏ အင်အားကို ဆုတ်ယုတ်စေနိုင်ကြောင်း သူသိထားသောကြောင့်ပင်။
သို့သော် ဝိညာဉ်သားရဲတစ်ကောင်က သူ့ကို လာအနိုင်ကျင့်လျှင် သီရှီထျန်သည် ငြိမ်ခံနေမည့်လူ မဟုတ်ပေ။ သူက ကျားမှန်းသိအောင် အစွယ်ထုတ်ပြရမည်။