← Chapters

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း(၇၉)

“ ကျွီ… ကျွီ… ”

ကြွက်ဘုရင်၏ မျက်လုံးထဲမှာ လောဘတတ်သော အရိပ်အယောင် ထွက်ပေါ်လာသည်။

“ မင်းရဲ့ အသားကို ငါစားနိုင်ရင် ငါက ပိုပြီးသန်မာလာပြီး မိစ္ဆာတစ်ကောင်ဖြစ်လာလိမ့်မယ် ”

ထိုသို့ပြောပြီးနောက် သူက ကျယ်လောင်စွာ အော်လိုက်သည်။

“ ကြွက်ကလေးတွေ… သတ်ကြ… ဒီချိုင့်ဝှမ်းထဲက သက်ရှိအားလုံးကို သတ်ကြ… အများကြီး သတ်နိုင်တဲ့ကောင်တွေကို ငါတို့ပြန်တဲ့အခါ နတ်ဘုရားအလင်းအောက်မှာ အချိန်အကြာကြီး ပေးနေမယ် ”

ကြွက်ဘုရင်၏ အမိန့်ပေးသံကို ကြားသောအခါ ရက်စက်ကြမ်းကြုတ်သော အလင်းက ကြွက်စစ်သည်တော်များ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူတို့၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုက ပျောက်ကွယ်သွားပြီး ရူးသွပ်မှုက အစားထိုး ထွက်ပေါ်လာသည်။ သူတို့က တကျွီကျွီ အော်မြည်လိုက်ကြပြီး သူတို့အရှေ့မှ သားရဲများပေါ်သို့ ရူးသွပ်စွာ ခုန်အုပ်လိုက်ကြသည်။ သန်းပေါင်းများစွာသော ကြွက်များက လှုပ်ရှားလိုက်သည့်အခါ မြေကြီးပေါ်တွင် အဝါရောင်မြစ်က တသွင်သွင် စီးဆင်းသွားသည်။ ကြွက်များသည် သက်ရှိအားလုံးကို အရူးအမူး တိုက်ခိုက်လိုက်ကြသည်။

“ ဝမ်းဘဲ ”

ယင်းကို ချီဟောင်မြင်သောအခါ သူ၏ မျက်လုံးက အနီရောင်သို့ ပြောင်းလဲသွားသည်။ သူက အရှေ့သို့ ပြေးသွားရင်း အော်ပြောလိုက်သည်။

“ အရှင်မင်းကြီး… အဲ့ဒါက ယင်ကောင်လေးတွေပါ… သူတို့ကို တားဆီးဖို့ ကျွန်တော်ကူညီပေးပါမယ် ”

ထိုသို့ပြောပြီးနောက် သူက ကြွက်များ၏ အရှေ့မှာ ရပ်လိုက်ပြီး ကျယ်လောင်စွာ နှာမှုတ်လိုက်သည်။ မီးပွားမီးစများက သူ၏ နှာခေါင်းပေါက်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် မီးတောက်အလင်းတန်းနှစ်ခုက လေထဲသို့ ပျံသန်းထွက်သွားသည်။

ယင်းတို့က မီးတောက်မြွေနှစ်ကောင်နှင့် ဆင်တူသည်။

မီးတောက်အလင်းတန်းထဲမှာ ကြီးမားသော စွမ်းအားက ကိန်းအောင်းနေသည်။ အနီရောင်မီးတောက်များ ပေါ်လျှိုးလာသည့်အခါ ဘေးပတ်ဝန်းကျင်မှ အပူချိန်က ရုတ်တရက် တိုးမြှင့်သွားသည်။ ဘေးပတ်ဝန်းကျင်က ပူနွေးလာပြီး မီးတောက်မီးလျှံများက မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။ မူလက စိမ်းစိုနေသော မြက်ခင်းပြင်သည် မီးတောက်မီးလျှံ၏ လွှမ်းခြုံမှုအောက်မှာ ချက်ချင်း ပြာဖြစ်သွားသည်။ ကျောက်တုံးများ၏ မျက်နှာပြင်သည်ပင် ခြောက်သွေ့သွားသည့် လက္ခဏာများကို ဖော်ပြလာသည်။

ချီဟောင်၏ ထိန်းချုပ်မှုအောက်မှာ မီးတောက်အလင်းတန်းနှစ်ခုက သူ့အရှေ့မှ ကြွက်များဆီသို့ ပျံသန်းသွားကြသည်။ ထိုအခိုက်အတန့်မှာ မီးတောက်အလင်းတန်းများ၏ အံ့ဖွယ်စွမ်းအားက ထွက်ပေါ်လာသည်။ အထူးသဖြင့် မိစ္ဆာစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ သူ၏ မွေးရာပါသဘာဝစွမ်းရည်က ယခင်ကထက် ပိုပြီးအစွမ်းထက်သွားသည်။

သူ့အရှေ့မှ ကြွက်များသည် နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူထားသောကြောင့် သူတို့၏ အရေပြားနှင့် အမွှေးအမျှင်များက အလွန်မာကျောသည်။ သူတို့က သာမန်တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်ကြသည်။ သို့သော်လည်း ယခု သူတို့ရင်ဆိုင်နေရသည်မှာ မိစ္ဆာစွမ်းအားကိန်းအောင်းနေသော မီးတောက်ဖြစ်သည်။

မီးတောက်က သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ပြုတ်ကျလာသည့်အခါ အဝါရောင်အလင်းက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းသွားသည်။ သို့သော်လည်း ယင်းက စက္ကန့်ပိုင်းမျှသာ ဖြစ်၏။ သိပ်မကြာမီ အဝါရောင်အလင်းက မှိန်ဖျော့သွားပြီး ပျောက်ကွယ်သွားသည်။

အဝါရောင်အလင်း၏ အကာအကွယ်မရှိတော့သည့်အခါ ထိုကြွက်များသည် အရှင်လတ်လတ် မီးကင်ခံလိုက်ကြရသည်။ သူတို့သည် အသက်သေဆုံးသည်အထိ မီးလောင်ကျွမ်းသွားကြသည်။

“ အာဝူး ”

ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များသည်လည်း စတင်လှုပ်ရှားလိုက်ကြသည်။ ပိုင်ယွဲ့၏ အလျင်သည် အလွန်မြန်ဆန်ပြီး သူ၏ ဝံပုလွေလက်သည်းများသည် အလွန်ထက်ရှသည်။ သူက လျှင်မြန်သွက်လက်မှုကို အသုံးပြု၍ ကြွက်အုပ်စုကြားထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသည်။ သူက ဝံပုလွေလက်သည်းကို လွှဲယမ်းလိုက်လေရာ အဖြူရောင်အလင်းက လေထဲမှာ ထွက်ပေါ်လာသည်။ သူ၏ လက်သည်းက ကြွက်များပေါ်သို့ ကျရောက်သွားသည့်အခါ သူတို့၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရသည်။ သူက တိုက်ခိုက်နေရင်း ထိုကြွက်များ၏ အံ့ဖွယ်ကောင်းသော ခုခံနိုင်စွမ်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်သွားသည်။

လက်သည်းများက ကြွက်များ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ အင်အားတစ်ခုက တန်ပြန်တွန်းလှန်လိမ့်မည်။ ထိုအင်အားကို ချိုးဖြတ်ရန် သူတို့က အစွမ်းကုန် အသုံးပြုကြရလိမ့်မည်။ သို့မဟုတ်လျှင် ကြွက်များ၏ ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာရစေရန် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်းခုန်းသည် လင်းတအုပ်စုကို ဦးဆောင်၍ ဝေဟင်အားသာချက်ကို အသုံးပြုကာ ကြွက်များကို သုတ်ချီလိမ့်မည်။ သူက ချွန်ထက်သော နုတ်သီးကို အသုံးပြု၍ ကြွက်များ၏ မျက်လုံးကို ထိုးဖောက်ကာ သူတို့ကို မျက်ကန်းဖြစ်စေသည်။ ထို့နောက် သူတို့ကို ကျောက်တုံးကြီးများ၊ ကျောက်ဆောင်ကြီးများပေါ်သို့ ပစ်ချလိုက်သည်။

သူတို့ထဲတွင် ပိုင်စုစု၏ တိုက်ခိုက်မှုက အရိုးရှင်းဆုံး ဖြစ်သည်။ သူက ကျယ်လောင်စွာ ပါးစပ်ဖြဲဟ၍ လေကို ရှူသွင်းလိုက်သည်။ ထိုအခါ ကြွက်ရာပေါင်းများစွာက သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားကြသည်။ သူက ကြွက်ရာပေါင်းများစွာကို တစ်လုပ်တည်း မျိုချလိုက်သည်။ သူ့ဝမ်းဗိုက်ထဲမှ အစွမ်းထက်သော အက်စစ်ရည်က ကြွက်များ၏ ခန္ဓာကိုယ်ပေါ်မှ အဝါရောင်အလင်းကို ယိုယွင်းတိုက်စားလိုက်သည်။ မည်သို့ဖြစ်ပါစေ မြွေများသည် ကြွက်များ၏ သဘာဝရန်သူ မဟုတ်ပါလော။

သူတို့၏ တိုက်ခိုက်မှုများက အလွန်သန်စွမ်းသည်။ သို့သော်လည်း သူတို့ရင်ဆိုင်နေရသည်မှာ အဆုံးမဲ့သော ကြွက်ဒီရေလှိုင်း ဖြစ်သည်။ ကြွက်ဆယ်ကောင်က ကြောက်စရာမကောင်းသော်လည်း ကြွက်တစ်သောင်းက ကြောက်စရာကောင်းပေသည်။ ယခု သူတို့ရင်ဆိုင်နေရသည်မှာ သန်းနှင့်ချီသော ကြွက်များ ဖြစ်ကြသည်။ သူတို့က အရှေ့သို့ ခုန်အုပ်လိုက်သည့်အခါ ချိုင့်ဝှမ်းထဲမှ သားရဲများသည် အရိုးစုသာ ကျန်တော့သည်အထိ ကိုက်စားခံလိုက်ကြရသည်။

တိုက်ပွဲစတင်သည်နှင့်ချက်ချင်း ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ပွဲက နေရာတိုင်းမှာ ဖြစ်ပေါ်လာသည်။

သို့သော်လည်း ကြွက်အုပ်စုသည် အစောနက လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံကို ထိတ်လန့်နေကြဆဲပင်။ ထို့ကြောင့် သူတို့က အရူးအမူး တိုက်ခိုက်နေကြသော်လည်း စက်ကရာရှိနေသော နေရာကို ရှောင်ဖယ်သွားကြသည်။

“ ဂရား ”

သီရှီထျန်၏ အကြည့်က အေးစက်သွားသည်။ သူက ဘေးဘီကို စစ်ဆေးကြည့်လိုက်လေရာ ချီဟောင်နှင့် တခြားသားရဲဘုရင်များ၏ ဦးဆောင်မှုအောက်မှာ သားရဲမျိုးနွယ်စုလေးခုက ကြွက်များကို ရဲဝင့်စွာ တိုက်ခိုက်နေကြကြောင်း မြင်သွားသည်။ တိုက်ပွဲအတွင်းမှာ သေကြေပျက်စီးမှုများရှိသော်လည်း ယင်းက တစ်ဖက်သတ်ဆန်သော အခြေအနေမဟုတ်ပေ။ ထို့ကြောင့် သူက တိုက်ပွဲမှာ ဝင်ကူညီရန် မတွေးထားပေ။

သူက အင်အားစုတစ်ခု တည်ဆောက်ချင်လေရာ အသန်မာဆုံးထဲမှ အသန်မာဆုံးသားရဲများကိုသာ လေ့ကျင့်ပျိုးထောင်ပေးလိမ့်မည်။ တိုက်ပွဲအတွင်းမှာ အသက်ရှင်သန်နိုင်သူများသာလျှင် အမှန်တကယ် အရည်အချင်းရှိသူများ ဖြစ်ကြသည်။ တစ်စုံတစ်ယောက်သည် အိပ်နေစားနေရုံဖြင့် မသန်မာလာနိုင်ပေ။ ပိုပြီးသန်မာလာရန် အဆက်မပြတ် တိုက်ခိုက်ရလိမ့်မည်။

နောက်ဆုံးအချိန်အထိ တောင့်ခံနိုင်သူများသာလျှင် အသက်ရှင်ရန် အရည်အချင်းပြည့်မီကြသည်။ သေခြင်းရှင်ခြင်းတိုက်ပွဲများကသာ သန်မာသော စစ်သည်တော်များကို မွေးထုတ်ပေးနိုင်လိမ့်မည်။

ထို့ပြင် ယခုအချိန်မှာ သူ၏ ပြိုင်ဘက်က ကြွက်ဘုရင်ဖြစ်သည်။ ကြွက်ဘုရင်က သူ့အသားကို စားချင်သည်ဟု ပြောခဲ့ကတည်းက တစ်ဖက်လူကို သူသတ်ပစ်ရန် စိတ်ဆုံးဖြတ်ခဲ့သည်။ သူက ကျားဟိန်းသံကို ထုတ်ဖော်လိုက်ပြီး အရှေ့သို့ လွှားခနဲ ခုန်အုပ်လိုက်သည်။ သူ၏ ကျားလက်သည်းက အနက်ရောင်အလင်း တောက်ပလာပြီး သူ့အရှေ့မှ လေထုသည် ကျားလက်သည်းကြောင့် ဆုတ်ဖြဲခံလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာစွမ်းအားက မြစ်တစ်စင်းသဖွယ် စီးဆင်းသွားသည်။ မိစ္ဆာစွမ်းအားက အကြမ်းပတမ်း လှည့်ပတ်သွားပြီး သူ၏ ကျားလက်သည်းထဲသို့ စီးဆင်းသွားသည်။ ထူထဲသော အနက်ရောင်မြူခိုးထု ထွက်ပေါ်လာသည့်အခါ သူ၏ ကျားလက်သည်းက အရွယ်အစားနှစ်ဆခန့် ပိုကြီးမားသွားသည်။ လွှမ်းမိုးဗိုလ်ကျသော ကျားအရှိန်အဝါက ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။

ယင်းကို ကြွက်ဘုရင်မြင်သောအခါ သူ၏ မျက်လုံးသေးသေးလေးထဲမှာ သရော်လှောင်ပြောင်သော အကြည့် ထွက်ပေါ်လာသည်။ သူက မရှောင်တိမ်းပေ။ ယင်းအစား သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ ထိုအခါ အဝါရောင်အလင်းလွှာတစ်ခုက သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ အဝါရောင်အလင်းသည် ငြိမ်သက်မနေပေ။ ယင်းက စီးဆင်းနေသောရေပမာ ရွေ့လျားနေသည်။ ယင်းက သက်ဝင်လှုပ်ရှားမှု ရှိသည်။ ထိုအလင်းလွှာအောက်တွင် ကြွက်ဘုရင်က ယုံကြည်မှုအပြည့်ရှိသော အမူအရာကို ထုတ်ဖော်ထားသည်။

“ ဒင် ”

ကျားလက်သည်းက ကြွက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်မှ အဝါရောင်အလင်းလွှာပေါ်သို့ ကျရောက်သွားသည့်အခါ သတ္ထုမြည်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ လက်သည်းက အလွန်မာကျောသော ဧရာမသတ္ထုတုံးပေါ်သို့ ကျရောက်သွားသည့်အလားပင်။

ကြွက်ဘုရင်၏ ခုခံကာကွယ်မှုသည် စောစောကမှ နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူထားကြသော ကြွက်များထက် အဆပေါင်းများစွာ ပိုပြီးသန်မာသည်။ ရေစီးကြောင်းပမာ ရွေ့လျားနေသော အဝါရောင်အလင်းက ကျားလက်သည်းထဲမှာ ကိန်းအောင်းနေသော အင်အားကို မြန်ဆန်စွာ ချေဖျက်လိုက်သည်။

“ ကျွီ… ကျွီ ”

တစ်ချိန်တည်းမှာ ကြွက်ဘုရင်၏ လက်သည်းနှစ်ခုက သီရှီထျန်၏ ဝမ်းဗိုက်ပေါ်သို့ မြန်ဆန်စွာ ကျရောက်လာသည်။ သီရှီထျန်သည် ကြွက်ဘုရင်၏ ခုခံကာကွယ်မှုကြောင့် အံ့ဩသွားသော်လည်း သူ၏ တည်ငြိမ်မှုကို မဆုံးရှုံးသွားပေ။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးက ချက်ချင်း ပွင့်သွားကြသည်။ မိစ္ဆာစွမ်းအားသည် သူ၏ မရီဒျန်များထဲမှာ မြန်ဆန်စွာ လှည့်ပတ်သွားပြီး သူ၏ မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ပမာဏများပြားသော မိစ္ဆာမြူခိုးက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ မိစ္ဆာစွမ်းအားသည် မိစ္ဆာမျိုးနွယ်စု၏ အထူးစွမ်းအား ဖြစ်သည်။ မိစ္ဆာစွမ်းအားက အဆင့်တစ်ခုအထိ ရောက်ရှိသွားသည့်အခါ ယင်းက ခန္ဓာကိုယ်၏ အပြင်ဘက်မှာ ထူထဲသော မိစ္ဆာမြူခိုးအဖြစ် သိပ်သည်းသွားလိမ့်မည်။

လေထဲတွင် ကျားခန္ဓာကိုယ်က ကျွမ်းပစ်လိုက်သည်။ သူက ဘေးသို့ တိမ်းစောင်းလိုက်ပြီး ရုတ်တရက် တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

“ ကျွီ ကျွီ ”

ကြွက်ဘုရင်၏ ခန္ဓာကိုယ်သည် စက်ကရာနှင့် တစ်ပေသာ ကွာဝေးတော့သည်။ ထိုအခိုက်အတန့်မှာ ကြွက်ဘုရင်၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ အဝါရောင်အလင်းက သူ၏ မျက်လုံးထဲမှာ လှည့်ပတ်သွားပြီး တစ်လက်မခန့် ရှည်လျားသော ရောင်ခြည်တန်းနှစ်ခုက သူ၏ မျက်လုံးထဲမှ ပျံသန်းထွက်လာကြသည်။ ရောင်ခြည်တန်းသည် တမူထူးခြားသည်။ ယင်းက အလွန်တိတ်ဆိတ်စွာ ထွက်ပေါ်လာပြီး အလွန်ချွန်ထက်သည်။

သီရှီထျန်၏ မိစ္ဆာမြူခိုးက သန်စွမ်းသော ခုခံကာကွယ်မှုကို ပိုင်ဆိုင်ထားသော်လည်း ဤအခိုက်အတန့်မှာ ယင်းက ရောင်ခြည်တန်းများကို မတားဆီးနိုင်ခဲ့ပေ။ ရောင်ခြည်တန်းနှစ်ခုက မိစ္ဆာမြူခိုးကို တိုက်ရိုက် ထိုးဖောက်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

“ ဂရား ”

သီရှီထျန်နှင့် ကြွက်ဘုရင်သည် သုံးမီတာအဝေးသို့ ချက်ချင်း ပြန်ဆုတ်ခွာသွားကြသည်။ သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်နေသော အပေါက်ငယ်နှစ်ပေါက် ထွက်ပေါ်လာသည်။ သွေးသည် အပေါက်ထဲမှ စီးကျလာသည်။

မျက်လုံးထံမှ ရောင်ခြည်ပစ်လွှတ်ခြင်း… ။

ကြွက်ဘုရင်ဆီမှာ ထိုမျှအစွမ်းထက်သော မွေးရာပါသဘာဝစွမ်းရည် ရှိနေမည်ဟု သူမမျှော်လင့်ထားပေ။

ပုံမှန်ကြွက်များမှာ ထိုသို့စွမ်းရည် မရှိနိုင်ပေ။ သို့သော်လည်း ဤကြွက်ဘုရင်က ထူးခြားသည်။ သူက ပုလဲလုံးထံမှ ထုတ်လွှတ်နေသော နတ်ဘုရားအလင်းအောက်မှာ မကြာခဏ နှစ်ခြင်းမင်္ဂလာခံယူခဲ့သည်။ အချိန်ကာလတစ်ခုကြာပြီးနောက် ယင်းက သူ၏ မွေးရာပါသဘာဝစွမ်းရည်ကို နိုးထစေခဲ့သည်။ သူက တစ်လက်မခန့် ရှည်လျားသော ရောင်ခြည်တန်းကို မျက်လုံးထံမှ ထုတ်လွှတ်နိုင်သည်။ ထိုတိုက်ခိုက်မှုသည် အလွန်တိတ်ဆိတ်ရုံသာမက ယင်းထဲမှာ အလွန်အားကောင်းသော ချွန်ထက်မှုလည်း ပါရှိသည်။

သီရှီထျန်၏ ခန္ဓာကိုယ်သည် မိစ္ဆာစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ နေ့စဉ်နေ့တိုင်း ပိုပြီးသန်မာလာသည်။ သို့တိုင် ယခု သူ၏ ခန္ဓာကိုယ်က ရောင်ခြည်တန်းဖြင့် ထိုးဖောက်ခံလိုက်ရသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ကြွက်ဘုရင်၏ မျက်လုံးထဲမှ ထွက်ပေါ်လာသော ရောင်ခြည်တန်းက အားမနည်းကြောင်း သိနိုင်ပေသည်။

“ ကျွီ… ကျွီ… ကျားနက်ကြီး… ဒီဘုရင်က မင်းရဲ့ အသားကို စားချင်တယ်လို့ ပြောခဲ့တယ်… အဲ့ဒါကြောင့် မင်းက သေချာပေါက် ဒီဘုရင်ရဲ့ အစာဖြစ်လာရမယ် ”

သီရှီထျန် ဒဏ်ရာရသွားသည်ကို မြင်သောအခါ ကြွက်ဘုရင်က မောက်မာထောင်လွှားသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူ၏ နှုတ်ခမ်းမွှေးများက အဆက်မပြတ် တုန်ယင်သွားသည်။ သူက ကိုယ့်ကိုယ်ကိုယ် အလွန်ဂုဏ်ယူနေသည်။

“ ဝှစ် ”

ကြွက်ဘုရင်၏ ခန္ဓာကိုယ်က အရှေ့သို့ ရွေ့လျားသွားသည့်အခါ သူ့အနောက်တွင် ကြွင်းကျန်ပုံရိပ်များ ထွက်ပေါ်လာသည်။ သူက လက်သည်းကို ဝှေ့ယမ်းလိုက်ပြီး အရှေ့သို့ နောက်တစ်ကြိမ် ခုန်အုပ်လိုက်သည်။

“ မိစ္ဆာမြူနှင်းဓားသွား ”

သီရှီထျန်၏ ခန္ဓာကိုယ်အပြင်ဘက်မှ မိစ္ဆာမြူခိုးက အပြင်းအထန် တုန်ယင်သွားသည်။

“ ထန်… ထန်… ထန်… ”

မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာမြူခိုးက မိစ္ဆာမြူနှင်းဓားသွားဆယ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

မိစ္ဆာမြူနှင်းဓားသွားတစ်ခုစီသည် လခြမ်းကွေးပုံသဏ္ဍာန်ရှိပြီး မင်ရည်ကဲ့သို့ နက်မှောင်သည်။ မဟူရာလခြမ်းကွေးဓားများသည် ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း သီရှီထျန်၏ ဘေးပတ်ဝန်းကျင်မှာ နိမ့်ချည်မြင့်ချည် ရွေ့လျားသွားကြသည်။ ယင်းတို့က တစ်ခုနှင့်တစ်ခု အချိတ်အဆက်မရှိဘဲ ဖရိုဖရဲဖြစ်နေသော်လည်း ယင်းတို့ကြားမှာ တမူထူးခြားသော ပေါင်းစည်းမှုပုံစံရှိဟန် ရသည်။

“ ဒင်… ဒင်… ဒင် ”

သီရှီထျန်၏ ထိန်းချုပ်မှုအောက်မှာ မိစ္ဆာမြူနှင်းဓားသွားများက လေထဲတွင် အနက်ရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် ယင်းတို့က ကြွက်ဘုရင်၏ အရှေ့မှာ ထွက်ပေါ်လာကြပြီး ဆက်တိုက် ခုတ်ပိုင်းလိုက်ကြသည်။

သို့သော်လည်း ကြွက်ဘုရင်သည် သာမန်ကြွက်တစ်ကောင် မဟုတ်ပေ။ သူ၏ မျက်လုံးထဲမှာ အဝါရောင်အလင်း ထွန်းလင်းသွားသည့်အခါ အဝါရောင်ဖျော့ဖျော့ အလင်းအကာအကွယ်တစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

မိစ္ဆာမြူနှင်းဓားသွားများက ကြွက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည့်အခါ သတ္ထုမြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ မဟူရာလခြမ်းကွေးဓားတစ်လက်စီက ကြွက်ဘုရင်၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်သည့်အခါတိုင်း ကြွက်ဘုရင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော အဝါရောင်ဖျော့ဖျော့ အလင်းအကာအကွယ်က ရေမျက်နှာပြင်သဖွယ် တအိအိလှုပ်ခတ်သွားသည်။

ထက်ရှသော မိစ္ဆာမြူနှင်းဓားသွားများက အဝါရောင်အလင်း၏ တားဆီးခံလိုက်ကြရသည်။ ဤသည်မှာ လှံရှည်ကို ဒိုင်းကာက ခုခံတားဆီးလိုက်သည့်အလားပင်။ မိစ္ဆာမြူနှင်းဓားသွားများက မည်မျှထက်ရှပါစေ ကြွက်ဘုရင်၏ အကာအကွယ်ကို မချိုးဖြတ်နိုင်ပေ။

“ ကျွီ… ကျွီ… ဒီဘုရင်ရဲ့ ခန္ဓာကိုယ်ကို နတ်ဘုရားအလင်းက ကာကွယ်ပေးထားတယ်… မင်းငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး ”

သီရှီထျန်က ထူးဆန်းသော မဟူရာလခြမ်းကွေးဓားဆယ်လက်ကို ရုတ်တရက် ဖွဲ့စည်းလိုက်ကြောင်း ကြွက်ဘုရင်မြင်သောအခါ သူက အံ့ဩထိတ်လန့်သွားသည်။ အထူးသဖြင့် ထိုဓားသွားများပေါ်မှ အေးစက်စက်အလင်းက သူ့ကို အန္တရာယ်အငွေ့အသက် ခံစားမိစေသည်။ သို့သော်လည်း ထိုဓားသွားများက သူ၏ အကာအကွယ်ကို မချိုးဖြတ်နိုင်ကြောင်း သူမြင်သွားသောအခါ ပိုပြီးမောက်မာထောင်လွှားသွားသည်။ သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ ဟွန့်… မင်းရဲ့ အကာအကွယ်က ဘယ်လောက်ပဲသန်မာပါစေ အကန့်အသတ်တော့ ရှိမှာပဲ… အဲ့ဒီအဝါရောင်အလင်းက လုံးဝ ငါမဖျက်ဆီးနိုင်တဲ့အထိ အရမ်းသန်မာတယ်လို့ ငါမယုံဘူး… မိစ္ဆာမြူနှင်းဓားသွားတွေ… ငါ့အတွက် ချိုးဖြတ်လိုက်စမ်း ”

အခန်း(၈၀)

သီရှီထျန်သည် ကြွက်ဘုရင်၏ အံ့ဖွယ်ခုခံနိုင်စွမ်းကြောင့် မကြောက်သွားပေ။ သူက မိစ္ဆာမြူနှင်းဓားသွားများကို နောက်တစ်ကြိမ် ထိန်းချုပ်လိုက်သည်။ ဤတစ်ကြိမ်တွင် မိစ္ဆာမြူနှင်းဓားသွားများသည် ကြွက်ဘုရင်ဆီသို့ တစ်ပြိုင်နက် ဦးတည်မသွားကြချေ။ ယင်းအစား ဓားသွားများက တစ်ခုပြီးမှတစ်ခု ပျံသန်းသွားကြပြီး ကြွက်ဘုရင်၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်ကြသည်။

ထို့ပြင် ဓားသွားအားလုံးက တစ်နေရာတည်းကိုသာ အကြိမ်ကြိမ် ခုတ်ပိုင်းလိုက်ကြသည်။ သီရှီထျန်သည် ကြွက်ဘုရင်၏ ခုခံကာကွယ်မှုကို ချိုးဖြတ်ရန် တစ်နေရာတည်းကို ပစ်မှတ်ထားတိုက်ခိုက်လိုက်သည်။ စွမ်းအင်အားလုံးကို တစ်နေရာတည်းသို့ စုပုံကျရောက်စေသည်။ ယင်းက ကြွက်ဘုရင်၏ ခုခံကာကွယ်မှုကို သေချာပေါက် ဖျက်ဆီးပစ်နိုင်လိမ့်မည်။

“ ဝေါင်း ”

သီရှီထျန်သည် မိစ္ဆာမြူနှင်းဓားသွားများကို ထိန်းချုပ်နေရင်း ရပ်ကြည့်မနေပေ။ မည်သို့ကြောင့် ကြွက်ဘုရင်ဆီမှာ ထိုမျှအံ့ဖွယ်ကောင်းသော ခုခံကာကွယ်နိုင်စွမ်းနှင့် ရောင်ခြည်တန်းပစ်လွှတ်နိုင်သော မွေးရာပါသဘာဝရစွမ်းရည် ရှိနေကြောင်း သူမသိသော်လည်း ကြွက်ဘုရင်၏ ခန္ဓာကိုယ်ထံမှ ထုတ်လွှတ်နေသော အန္တရာယ်အရှိန်အဝါကို ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။ သူ၏ လက်ရှိမိစ္ဆာစွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးထဲမှာ ပြည့်လျှံနေရန် အနည်းငယ်မျှသာ လိုအပ်တော့သည်။ ထိုသို့ပြည့်လျှံသွားသည့်အခါ သူက တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။ ယင်းက ဝိညာဉ်သားရဲနယ်ပယ်၏ အထွတ်အထိပ် ဖြစ်သည်။

ကြွက်ဘုရင်ဆီမှာ မိစ္ဆာစွမ်းအားကို အသုံးပြုနိုင်သော စွမ်းရည်မရှိသော်လည်း သူ၏ စွမ်းအားက ဝိညာဉ်သားရဲနယ်ပယ်၏ အထွတ်အထိပ်မှာဖြစ်ကြောင်း ထင်ရှားသည်။ သူက မိစ္ဆာဖြစ်လာရန် အချိန်မရွေး ဆင့်ကဲပြောင်းလဲနိုင်ပေသည်။ ထို့ပြင် ကြွက်ဘုရင်၏ အံ့ဖွယ်ခုခံနိုင်စွမ်းကြောင့် သူ၏ တိုက်ခိုက်မှုအားလုံးက အချည်းနှီးဖြစ်သွားသည်။

“ ငါသီရှီထျန်က ကြွက်တစ်ကောင်ကိုတောင် အနိုင်မယူနိုင်ဘူးလို့ ငါမယုံဘူး ”

သူက စိတ်ဆုံးဖြတ်လိုက်ပြီး ကျယ်လောင်စွာ ပါးစပ်ဟလိုက်သည်။ ချီဟောင်နှင့် တခြားသားရဲများ၏ တိုက်ခိုက်မှုအောက်မှာ သေဆုံးသွားကြသော ကြွက်သေထောင်သောင်းချီကို မြင်သောအခါ သူက အားအကုန်သုံး၍ လေကို စုပ်သွင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် လေဆင်နှာမောင်းက မြေကြီးထံမှ ရုတ်တရက် ပေါ်လျှိုးလာပြီး ကြွက်အားလုံးကို ဆွဲခေါ်သွားသည်။ ပင်လယ်ရေကို ဝေလငါးက စုပ်ယူလိုက်သကဲ့သို့ ကြွက်များသည် သီရှီထျန်၏ ဝမ်းဗိုက်ထဲသို့ စုပ်သွင်းခံလိုက်ကြရသည်။

‘ အဲ့ဒီကြွက်တွေက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အမြဲတမ်း ကြီးပြင်းလာတဲ့အကောင်တွေ… သူတို့က ဝိညာဉ်စွမ်းအား ကိန်းအောင်းနေတဲ့ ဒီကလေကို နေ့တိုင်း ရှူသွင်းကြတယ်… ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ထဲက သွေးချီအနှစ်သာရနဲ့ စွမ်းအင်အနှစ်သာရက တောင်တန်းအပြင်ဘက်က သားရဲတွေထက် အများကြီး ပိုများပြားတယ်… ငါသာ သူတို့ကို ဝါးမျိုပြီး သန့်စင်မယ်ဆိုရင် တတိယအဆင့်ရဲ့ အထွတ်အထိပ်ကို တစ်ခါတည်း ငါတတ်လှမ်းသွားနိုင်လိမ့်မယ်… အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ ခွန်အားက နောက်ထပ် တိုးပွားသွားလိမ့်မယ်… အဲ့ဒီအခါ ကြွက်ဘုရင်ရဲ့ ခန္ဓာကိုယ်အပြင်ဘက်က အဝါရောင်အကာအကွယ်ကို ထပ်မံ ချိုးဖြတ်ဖို့ ငါကြိုးစားကြည့်မယ် ’

သီရှီထျန်၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။ သူ၏ ခန္ဓာကိုယ်သည် လွှမ်းမိုးဗိုလ်ကျသော ကျားအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

တိုက်ခိုက်နေစဉ်အတွင်း သွေးအစာကို ဝါးမျိုပြီး သန့်စင်ခြင်းသည် အလွန်အန္တရာယ်များသောအရာ ဖြစ်သည်။ ယင်းက အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယင်းက အခန့်မသင့်လျှင် စိတ်အာရုံပျံ့လွင့်စေနိုင်သည်။

တိုက်ပွဲအတွင်းမှာ စိတ်အာရုံပျံ့လွင့်ခြင်းက တစ်ဖက်ရန်သူကို အခွင့်အရေးပေးလိုက်ခြင်းနှင့် မခြားပေ။ ယင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေသော လုပ်ရပ်ဖြစ်သည်။ သေးငယ်သော အမှားလေးတစ်ခုကပင် အသက်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည်။

သို့သော်လည်း သီရှီထျန်သည် ထိုသို့လုပ်ဆောင်နေသည်။ သူက မိစ္ဆာမြူနှင်းဓားသွားများကို ထိန်းချုပ်၍ ကြွက်ဘုရင်ကို တိုက်ခိုက်နေရင်း မြေကြီးပေါ်မှာ သေဆုံးနေကြသော ကြွက်အလောင်းများကို စုပ်ယူဝါးမျိုလိုက်သည်။ တစ်ချိန်တည်းမှာ သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။ ဤအခိုက်အတန့်မှာ အံ့ဖွယ်ကောင်းသော သူ၏ အစာခြေစွမ်းရည်က အပြည့်အဝ ထွက်ပေါ်လာသည်။ သူ၏ ဝမ်းဗိုက်ထဲတွင် ကြွက်တစ်ကောင်ပြီးတစ်ကောင်သည် သွေးချီအနှစ်သာရနှင့် စွမ်းအင်အနှစ်သာရအဖြစ် မြန်ဆန်စွာ သန့်စင်ခံလိုက်ကြရသည်။ ပမာဏများပြားသော သွေးချီအနှစ်သာရနှင့် စွမ်းအင်အနှစ်သာရက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးဆီသို့ မြန်ဆန်စွာ စီးဆင်းသွားသည်။ စွမ်းအင်တစ်စိတ်တစ်ပိုင်းက သူ၏ အသွေးအသားများနှင့် ပေါင်းစပ်သွားစဉ် ကျန်စွမ်းအင်တစ်စိတ်တစ်ပိုင်းက မရီဒျန်များထဲသို့ ဝင်ရောက်သွားသည်။

“ ကျားဟိန်းသံကျင့်စဉ် ”ကို သူလှည့်ပတ်လိုက်သည့်အခါ ထိုစွမ်းအင်က မိစ္ဆာစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ ထိုနည်းဖြင့် သူ၏ မိစ္ဆာစွမ်းအားက တဖြည်းဖြည်း တိုးပွားသွားသည်။

သန့်စင်နေသည့် လုပ်ငန်းစဉ်အတွင်းမှာ ထိုကြွက်များ၏ သွေးချီအနှစ်သာရနှင့် စွမ်းအင်အနှစ်သာရက တခြားသားရဲတိရိစ္ဆာန်များထက် အများကြီး ပိုပြီးကြွယ်ဝကြောင်း သူရှာတွေ့သွားသည်။ ကြွက်သေတစ်ရာကျော်ကို တစ်လုပ်တည်း ဝါးမျိုပြီးနောက် ပမာဏများပြားသော သွေးချီအနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲမှာ အပူလှိုင်းလုံးများအဖြစ် ပြောင်းလဲသွားသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးက ပွင့်သွားကြပြီး အနက်ရောင်မြူခိုးငွေ့က သူ၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် စိမ့်ထွက်လာသည်။ မိစ္ဆာမြူခိုးထုက သူ၏ ဘေးပတ်ပတ်လည်မှာ နောက်တစ်ကြိမ် ဖွဲ့စည်းသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ထပ်မံ မြင့်တတ်သွားသည်။

“ ကျွီ… ကျွီ ”

မည်သို့ဖြစ်ပါစေ ကြွက်ဘုရင်သည် သာမန်ကြွက်တစ်ကောင် မဟုတ်ပေ။ သူ၏ အသိဉာဏ်က အလွန်မြင့်မားပြီး လူသားတစ်ယောက်နှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ သီရှီထျန်က သူ၏ လက်အောက်ငယ်သားများကို ဝါးမျိုနေကြောင်း မြင်သော်လည်း သူက မကြောက်လန့်သွားပေ။ ယင်းအစား သရော်လှောင်ပြောင်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ချက်ချင်း ခုန်လိုက်ပြီး သူ၏ လက်သည်းများဖြင့် သီရှီထျန်၏ လည်ပင်းကို ကုတ်ဆွဲလိုက်သည်။

တစ်ချိန်တည်းမှာ ရောင်ခြည်တန်းနှစ်ခုက သူ၏ မျက်လုံးထဲမှ မြားများသဖွယ် ပျံသန်းထွက်လာကြပြီး သီရှီထျန်၏ ဦးခေါင်းဆီသို့ ဦးတည်သွားကြသည်။

“ ဟွန့် ”

စက်ကရာက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သွေးအစာအား သူသန့်စင်နေသည်ကို ကြွက်ဘုရင်က အေးဆေးတည်ငြိမ်စွာ ရပ်ကြည့်နေလိမ့်မည် မဟုတ်ကြောင်း အစကတည်းက သူကြိုတွက်ဆထားသည်။ ကြွက်ဘုရင်၏ တိုက်ခိုက်မှုအတွက် သူအသင့်ပြင်ထားပြီးပြီ ဖြစ်၏။ သူက ကျားခြေထောက်များဖြင့် အနောက်သို့ ဆုတ်သွားပြီး သူ၏ လည်ပင်းကို ညာဘက်သို့ တိမ်းစောင်းကာ ရှောင်လိုက်သည်။

မိစ္ဆာမြူနှင်းဓားသွားတစ်ခုက ကြွက်ဘုရင်၏ လက်သည်းထံသို့ ပျံသန်းသွားပြီး တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။ တစ်ချိန်တည်းမှာ ရောင်ခြည်တန်းနှစ်ခု၏ အရှေ့တွင် မိစ္ဆာမြူနှင်းဓားသွားနှစ်ခု ထွက်ပေါ်လာကြသည်။

“ ဒင်… ဒင်… ဒင်… ”

ကြွက်ဘုရင်၏ ခုခံကာကွယ်မှုက အလွန်သန်မာသည်။ သူ၏ လက်သည်းများသည် အနောက်ဆုတ်သွားခြင်းမရှိဘဲ မိစ္ဆာမြူနှင်းဓားသွားကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။ အဝါရောင်အလင်းက သူ၏ လက်သည်းများပေါ်မှာ ထွက်ပေါ်လာပြီး မိစ္ဆာမြူနှင်းဓားသွားကို အနောက်သို့ တွန်းကန်လိုက်သည်။ သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာသော ရောင်ခြည်တန်းနှစ်ခုက ပိုပြီးကြောက်စရာကောင်းသည်။ မိစ္ဆာမြူနှင်းဓားသွားများက အလွန်ထက်ရှသည်ဆိုလျှင်ပင် ကြွက်ဘုရင်၏ မွေးရာပါသဘာဝစွမ်းရည်ဖြစ်သော “ စက္ခုရောင်ခြည်တော် ”အောက်မှာ ချက်ချင်း အပိုင်းပိုင်း ကျိုးပဲ့သွားသည်။ မိစ္ဆာမြူနှင်းဓားသွားများသည် ကျိုးပဲ့သွားပြီးနောက် မိစ္ဆာမြူခိုးအဖြစ် လေထဲမှာ လွင့်ပြယ်သွားသည်။

“ ဘန်း ”

သီရှီထျန်သည် အလွယ်တကူ အညံ့ခံမည့်လူစားမျိုး မဟုတ်ပေ။ နောက်အခိုက်အတန့်မှာ သူက ကျားလက်သည်းကို မြှောက်လိုက်သည်။ ပမာဏများပြားသော မိစ္ဆာစွမ်းအားက ကျားလက်သည်းထဲသို့ စီးဆင်းသွားသည့်အခါ ကျားလက်သည်းက အရွယ်အစားနှစ်ဆခန့် ပိုပြီးကြီးမားသွားသည်။ မိစ္ဆာအရှိန်အဝါက လေထဲမှာ ပျံ့နှံ့သွားသည်နှင့် ကျားလက်သည်းက ကြွက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကြမ်းတမ်းစွာ ကျဆင်းသွားသည်။

“ ကျွီ… ကျွီ… ”

ကြွက်ဘုရင်၏ ခုခံကာကွယ်မှုက အလွန်သန်မာသော်လည်း ထိုလက်သည်းရိုက်ချက်က သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည့်အခါ အလွန်သန်မာသော အင်အားကြောင့် သူက သုံးပေအကွာသို့ လွင့်စင်သွားသည်။ သို့သော်လည်း အဝါရောင်အလင်း၏ ကာကွယ်ပေးမှုအောက်မှာ သူက မည်သည့်ထိခိုက်ဒဏ်ရာမှ မရရှိသွားပေ။

သူက ပါးစပ်မှ ကျွီကျွီဟူသော မြည်သံကို ထုတ်ဖော်လိုက်သည်။ ထိုအခါ ဘေးပတ်ဝန်းကျင်မှ ကြွက်အုပ်စုသည် ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်ကြပြီး စက်ကရာဆီသို့ ဒီရေသဖွယ် အရူးအမူး ပြေးသွားကြသည်။

ကြွက်များသည် အရေအတွက် အလွန်များပြားပြီး သူတို့၏ အရှိန်အဝါသည် အလွန်ကြောက်စရာကောင်းသည်။ သူတို့ပြေးသွားသည်နှင့် ကြမ်းတမ်းသော လေပြင်းက ထွက်ပေါ်လာသည်။ သူတို့က မြေပြင်တစ်လျှောက်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

“ ဝေါင်း ”

သီရှီထျန်၏ မျက်လုံးက အေးစက်သွားသည်။ ကြွက်ဘုရင်က သူ၏ သွေးအစာသန့်စင်မှုကို တားဆီးချင်နေကြောင်း မည်သို့ကြောင့် သူမသိဘဲ နေမည်နည်း။ သူက ထိုကြွက်များကို မကြောက်သည့်အပြင် ထပ်မံ ပါးစပ်ဟလိုက်ပြီး လေကို အကြမ်းပတမ်း စုပ်သွင်းလိုက်သည်။ ပြင်းထန်သော စုပ်အားအောက်မှာ ကြွက်ရာပေါင်းများစွာက တစ်လုပ်တည်း ဝါးမျိုခံလိုက်ကြရသည်။

အပူလှိုင်းများသည် သူ၏ ခန္ဓာကိုယ်ထဲမှာ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာကြသည်။ မိစ္ဆာစွမ်းအားက သူ၏ မရီဒျန်များထဲမှာ မြန်ဆန်စွာ စီးဆင်းသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ပမာဏများပြားသော သွေးချီအနှစ်သာရသည် မိစ္ဆာစွမ်းအားအဖြစ် အဆက်မပြတ် သန့်စင်ခံနေရသည်။ ဤအခိုက်အတန့်မှာ သူ၏ မိစ္ဆာစွမ်းအားက အလျှင်အမြန် တိုးပွားလာနေကြောင်း ရှင်းလင်းစွာ သူခံစားမိသွားသည်။

‘ မြန်မြန်… မြန်မြန် တိုးပွားလာစမ်း… နောက်ထပ် နည်းနည်းလေးပဲ… ’

သီရှီထျန်က စိတ်ထဲမှာ ကြုံးဝါးလိုက်သည်။ အကယ်၍ သူသာ အရှေ့သို့ ခြေတစ်လှမ်း ဆက်သွားနိုင်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးထဲမှာ မိစ္ဆာစွမ်းအားဖြင့် ပြည့်လျှံသွားလိမ့်မည်ဖြစ်ကြောင်း သူခံစားမိသည်။ ထိုအခါ သူက တတိယအဆင့်၏ အထွတ်အထိပ်သို့ တတ်လှမ်းသွားလိမ့်မည်။

“ ကျွီ… ကျွီ… မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ ”

သုံးပေအဝေးမှာ ရပ်နေသော ကြွက်ဘုရင်၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သောအလင်း ထွက်ပေါ်လာသည်။

“ စက္ခုရောင်ခြည်တော် ”

တစ်လက်မခန့် ရှည်လျားသော ရောင်ခြည်တန်းက သူ၏ မျက်လုံးထဲမှ ထပ်မံ ထွက်ပေါ်လာသည်။ သို့သော်လည်း ဤတစ်ကြိမ်က ယခင်ကနှင့် ကွဲပြားခြားနားသည်။ ယခင်က တိုက်ခိုက်မှုများတွင် ကြွက်ဘုရင်သည် သီရှီထျန်၏ အနီးနားသို့ ရောက်မှသာ သူ၏ မျက်လုံးထဲမှ ရောင်ခြည်တန်းများကို ပစ်လွှတ်လိမ့်မည်။

သို့သော် ဤတစ်ကြိမ်တွင် သူက သုံးပေအဝေးမှနေ၍ ရောင်ခြည်တန်းများကို ပစ်လွှတ်လိုက်လေသည်။ တစ်လက်မခန့် ရှည်လျားသော ရောင်ခြည်တန်းနှစ်ခုသည် အချုပ်အနှောင်မှ လွတ်မြောက်သွားသော ဓားပျံများသဖွယ် အရှေ့သို့ ပျံသန်းသွားကြသည်။ ယင်းတို့က သီရှီထျန်၏ ဦးခေါင်းဆီသို့ ဦးတည်သွားကြသည်။

“ ဘာလဲ ”

ကြွက်ဘုရင်၏ ထိုတိုက်ခိုက်မှုက သီရှီထျန်၏ မျှော်လင့်ထားမှုထက် လုံးဝ ကျော်လွန်သွားသည်။ ယခင်အကြိမ်များတွင် ကြွက်ဘုရင်သည် သူနှင့် တစ်ပေကွာဝေးမှသာ “ စက္ခုရောင်ခြည်တော် ”ကို အသုံးပြုလေ့ရှိသည်။ ထို့ကြောင့် သီရှီထျန်တွေးခဲ့သည်မှာ ကြွက်ဘုရင်၏ မွေးရာပါသဘာဝစွမ်းရည်က အလွန်သန်မာသော်လည်း ယင်းဆီမှာ အကွာအဝေးအားနည်းချက်ရှိသည်။ သို့သော်လည်း “ စက္ခုရောင်ခြည်တော်ကို ” ယခုကဲ့သို့ အဝေးမှ ပစ်လွှတ်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

ရောင်ခြည်တန်းသည် လျှပ်စီးတန်းပမာ အလွန်မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ရောင်ခြည်တန်းက သူ၏ အရှေ့သို့ ရောက်ရှိလာသည်။ သူက ထိုအတွက် အသင့်မပြင်ထားလေရာ ရှောင်တိမ်းရန် အချိန်မပေးနိုင်ပေ။

“ အား… ”

သီရှီထျန်၏ မျက်လုံးထဲမှာ ရူးသွပ်မှုအရိပ်အယောင် ထွက်ပေါ်လာသည်။

အန္တရာယ်… အလွန်ပြင်းထန်သော အန္တရာယ်… ။

သူသည် ထိုရောင်ခြည်တန်းနှစ်ခုထံမှ သေခြင်းအငွေ့အသက်ကို ခံစားမိသွားသည်။ ယင်းထဲမှာ ကိန်းအောင်းနေသော စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ ထိုရောင်ခြည်တန်းသာ သူ၏ ဦးခေါင်းကို ဖောက်ထွင်းသွားမည်ဆိုလျှင် သူက နေရာမှာတင် ချက်ချင်း သေဆုံးသွားလိမ့်မည်။

သေခြင်းအငွေ့အသက်… ။

ယင်းသည် တစ်ခါမှ သူမခံစားခဲ့ဖူးသော ဖိနှိပ်မှုနှင့် အသက်ရှူကျပ်မှုကို ဖြစ်ပေါ်စေသည်။ သူ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခါသွားသည်။ ကြီးမားသော လှုံ့ဆော်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ယခင်ကထက် ပိုပြီးမြန်ဆန်စွာ စီးဆင်းသွားသည်။ ခေါင်းအစမှ ခြေအဆုံးအထိ သူ၏ ခန္ဓာကိုယ်ထဲမှ ကြွက်သားအားလုံးက တုန်ယင်သွားကြသည်။

“ ဝေါင်း ”

ရောင်ခြည်တန်းက သီရှီထျန်၏ ဦးခေါင်းကို ထိုးဖောက်ရန် တစ်စင်တီမီတာမျှသာ ကွာဝေးတော့သည့်အချိန် ကောင်းကင်ဘုံ တုန်လှုပ်စေမည့် ကျားဟိန်းသံက ရုတ်တရက် ထွက်ပေါ်လာသည်။ လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံးကို ပြင်းထန်စွာ တုန်ယင်သွားစေသည်။ ရောင်ခြည်တန်းနှစ်ခုသည် ကျားဟိန်းသံ၏ ပဲ့တင်ရိုက်ခတ်မှုကြောင့် နေရာမှာတင် အက်ကွဲသွားသည်။

“ ဘန်း… ဘန်း ”

ဘေးပတ်ဝန်းကျင်မှ ကျောက်တုံးများနှင့် သစ်ပင်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြသည်။

“ ဂျွတ်… ဂျွက်… ”

သီရှီထျန်၏ အရှိန်အဝါက ထိုအခိုက်အတန့်မှာ လုံးဝ ပြောင်းလဲသွားသည်။ သားရဲဘုရင်၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ အလွန်သိပ်သည်းသော မိစ္ဆာအရှိန်အဝါက ဘေးပတ်ဝန်းကျင်ကို မြန်ဆန်စွာ ဖုံးလွှမ်းသွားသည်။ သူ၏ ဧရာမခန္ဓာကိုယ်က ဤအခိုက်အတန့်မှာ ထပ်မံ ကြီးမားသွားသည်။

သွေးအစာမှ သူသန့်စင်လိုက်သော သွေးချီအနှစ်သာရက လျှပ်စီးကဲ့သို့ အလျင်ဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ အသွေးအသားများနှင့် ပေါင်းစပ်သွားကြောင်း သီရှီထျန် ရှင်းလင်းစွာ ခံစားမိသည်။ ထိုသို့ပေါင်းစပ်သွားနေစဉ် သူ၏ ခန္ဓာကိုယ်က ပိုပြီးအရွယ်အစားကြီးမားလာပြီး ပိုပြီးသန်မာလာသည်။ အလွန်သိပ်သည်းသော ကျားရဲအရှိန်အဝါက မျက်စိတစ်မှိတ်အတွင်းမှာ မြှောက်တတ်လာသည်။

သန်မာတယ်… အရမ်းသန်မာတယ်… ။

သားရဲဘုရင်၏ ရက်စက်ကြမ်းကြုတ်သော ဖိအားက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သန်းပေါင်းများစွာသော ကြွက်များက ထိုဖိအားအောက်မှာ အတင်းအဓမ္မ ဖိနှိပ်ခံလိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေသည်။ ရူးသွပ်မှုဖြင့် ပြည့်နှက်နေသော သူတို့၏ မျက်လုံးထဲမှာ အကြောက်တရားက ထွက်ပေါ်လာသည်။ သူတို့သည် တွင်းတူးပြီး မြေအောက်ထဲသို့ အမြန်ထွက်ပြေးရန် ဆန္ဒရှိကြသည်။

“ မဖြစ်နိုင်တာ ”

ကြွက်ဘုရင်သည် သီရှီထျန်ကို ကြည့်လိုက်စဉ် မယုံကြည်နိုင်မှုက သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်လာသည်။

အခန်း(၈၁)

“ ထန် ထန် ထန်… ”

စက်ကရာ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် အလွန်သိပ်သည်းသော မိစ္ဆာမြူခိုးက ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ တစ်ချိန်တည်းမှာ မိစ္ဆာမြူခိုးက အလယ်တွင် မြန်ဆန်စွာ စုဝေးသွားသည်။ စူးရှသော လေခွင်းသံများ ထွက်ပေါ်လာသည်နှင့် နောက်အခိုက်အတန့်မှာ မူလက သိပ်သည်းနေသော မိစ္ဆာမြူခိုးက မဟူရာလခြမ်းကွေးဓားများအဖြစ် အံ့ဩဖွယ်ကောင်းစွာ ပြောင်းလဲသွားသည်။

မဟူရာလခြမ်းကွေးဓားများသည် သီရှီထျန်၏ ဘေးပတ်ဝန်းကျင်မှာ နိမ့်ချည်မြင့်ချည် လှည့်ပတ်နေကြသည်။

ဤအခိုက်အတန့်မှာ မိစ္ဆာမြူနှင်းဓားသွားများက ယခင်ကထက် ပိုပြီးသိပ်သည်းသွားပြီး သူတို့၏ အရှိန်အဝါက ဖော်မပြနိုင်အောင် အေးစက်နေသည်။ အရေအတွက်သည်လည်း ငါးလက်ပိုတိုးလာသည်။ မိစ္ဆာမြူနှင်းဓားသွား(၁၅)ခုသည် သီရှီထျန်၏ ဘေးပတ်ဝန်းကျင်မှာ ပျံဝဲနေကြသည်။ ယင်းတို့က မည်သည့်ချို့ယွင်းချက်မှ မဖော်ပြပေ။

ကျား၏ ခန္ဓာကိုယ်က ထပ်မံ အရွယ်အစားကြီးမားသွားသည်။ ယခု သူက ဆယ်ပေထက် ကျော်လွန်သွားသည်။ တစ်စုံတစ်ယောက်သည် ဧရာမကျားနက်၏ အရှေ့မှာ ရပ်နေရုံဖြင့်ပင် ခြိမ်းခြောက်မှုအရှိန်အဝါကို ခံစားရလိမ့်မည်။ ကျား၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက တစ်စုံတစ်ယောက်၏ ရဲစွမ်းသတ္တိကို ချိုးဖြတ်နိုင်စွမ်းရှိသည်။

“ ဝေါင်း ”

“ ကြွက်ဘုရင်… မင်းက မင်းရဲ့ ခုခံကာကွယ်မှုကို အရမ်းဂုဏ်ယူတယ်မလား… ဒီနေ့ ငါက မင်းရဲ့ ခုခံကာကွယ်မှုကို ချိုးဖြတ်ပြီး ဒီလောကမှာ အသန်မာဆုံး ခုခံကာကွယ်မှုမရှိဘူးဆိုတာ မင်းကို သိစေမယ် ”

“ ချိုးဖြတ်စမ်း… ”

စက်ကရာ၏ ကျားမျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သောအလင်း ထွက်ပေါ်လာသည်။ အစက သူ၏ ကျင့်ကြံခြင်းသည် တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် ခြေလှမ်းဝက်မျှသာ လိုတော့သည်။ တစ်ခုတည်းသော သူလိုအပ်နေသည့်အရာက မိစ္ဆာစွမ်းအား ဖြစ်သည်။ အကယ်၍ မည်သည့်မတော်တဆမှုမှ မရှိလျှင် ချိုင့်ဝှမ်းထဲမှာ တစိုက်မတ်မတ် သူကျင့်ကြံနေသရွေ့ ဆယ်ရက် သို့မဟုတ် ဆယ်ငါးရက်ကြာပြီးလျှင် သူ၏ ကျင့်ကြံခြင်းက ဝိညာဉ်သားရဲနယ်ပယ်၏ အထွတ်အထိပ်ဆီသို့ ရောက်ရှိသွားလိမ့်မည်။ ထို့နောက် သူက မိစ္ဆာသားရဲဖြစ်လာရန် အရည်အချင်းပြည့်မီသွားလိမ့်မည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ကြွက်ဘုရင်ထံမှ ပေးသော ဖိအားနှင့် သူ၏ အံ့ဖွယ်ကောင်းသော ခုခံကာကွယ်မှုက သီရှီထျန်ကို စွန့်စားမှုပြုလုပ်ရန် အတင်းအဓမ္မ ဖိအားပေးသည်။ ယင်းက ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသော အတွေးဖြစ်သည်။ သူက ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးထဲမှာ မိစ္ဆာစွမ်းအားဖြင့် ပြည့်လျှံနေရန် ကြွက်များကို ဝါးမျိုသန့်စင်ပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူက သာမန်မဟုတ်သော ထိုကြွက်များ၏ သွေးချီအနှစ်သာရကို အသုံးပြု၍ တစ်ခါတည်း အဆင့်ချိုးဖြတ်ရန် အရဲစွန့်ချင်သည်။

အကယ်၍ သူအောင်မြင်သွားလျှင် သူက ဝိညာဉ်သားရဲနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင် သူက ကြွက်ဘုရင်၏ ခြိမ်းခြောက်မှုကို တွန်းလှန်နိုင်မည့်အပြင် ကျင့်ကြံရမည့် အချိန်ကာလကိုလည်း တိုတောင်းစေနိုင်လိမ့်မည်။

“ ထန် ”

သီရှီထျန်၏ ထိန်းချုပ်မှုအောက်မှာ မိစ္ဆာမြူနှင်းဓားသွားတစ်ခုက သူ့ဘေးမှ ချက်ချင်း ပျံသန်းထွက်သွားသည်။ ဓားသွား၏ အနောက်တွင် မရေမတွက်နိုင်သော ကြွင်းကျန်ပုံရိပ်များ ထွက်ပေါ်လာသည်။ ယင်းက စက္ကန့်ပိုင်းလေးအတွင်းမှာ ကြွက်ဘုရင်၏ ဦးခေါင်းပေါ်၌ ထွက်ပေါ်လာပြီး အောက်သို့ ခုတ်ပိုင်းလိုက်သည်။

“ ကျွီ ”

ကြွက်ဘုရင်သည် “ စက္ခုရောင်ခြည်တော်ကို ” နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။ တစ်လက်မရှည်လျားသော ရောင်ခြည်တန်းက သူ့အပေါ်သို့ ကျဆင်းလာသော မိစ္ဆာမြူနှင်းဓားသွားကို တိုက်ခိုက်ရန် ပျံသန်းထွက်သွားသည်။ ထိုမွေးရာပါသဘာဝစွမ်းရည်သည် အလွန်သန်မာသည်။ ဤမိစ္ဆာမြူနှင်းဓားသွားက ယခင်ကထက် ပိုပြီးထူထဲပြီး အားကောင်းသော်လည်း ရောင်ခြည်တန်း၏ တိုက်ခိုက်မှုအောက်မှာ ပြိုကွဲသွားသည်။ သို့သော်လည်း မည်သည့်တိုးတတ်မှုမှ မရှိခြင်းမဟုတ်ပေ။ မိစ္ဆာမြူနှင်းဓားသွားသည် ရောင်ခြည်တန်း၏ တိုက်ခိုက်မှုအောက်မှာ ပြိုကွဲသွားရန် စက္ကန့်အနည်းငယ် ကြာမြင့်ခဲ့သည်။

“ ချိုးဖြတ်စမ်း… ချိုးဖြတ်စမ်း… မင်းက ဓားသွားတစ်ခုကို ကာကွယ်နိုင်တယ်ဆိုရင်တောင် ငါ့ရဲ့ ကျန်ရှိတဲ့ မိစ္ဆာမြူနှင်းဓားသွားတွေကို မင်းခုခံနိုင်ဦးမှာလား… မင်းရဲ့ လိပ်အခွံကို ငါချိုးဖြတ်ပစ်မယ် ”

စက်ကရာ၏ အကြည့်က အေးစက်သွားသည်။ သူ၏ စိတ်ဆန္ဒအောက်မှာ သူ၏ ဘေးပတ်ပတ်လည်မှ မိစ္ဆာမြူနှင်းဓားသွားအားလုံးက အရှေ့သို့ ပျံသန်းသွားကြသည်။ ယင်းတို့က လေထဲမှာ မြန်ဆန်စွာ ပျံသန်းသွားကြပြီး ကြွက်ဘုရင်ပေါ်သို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်ကြသည်။ ထို့ပြင် ဓားသွားအားလုံးက တစ်နေရာတည်းကိုသာ စုပြုံတိုက်ခိုက်နေကြသည်။ ကြွက်ဘုရင်က ဆက်လက် ခုခံကာကွယ်နိုင်ဦးမည်လော သူကြည့်ချင်သည်။

“ ထန် ”

မိစ္ဆာမြူနှင်းဓားသွားများက ကြွက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ထပ်ခါထပ်ခါ ကျဆင်းသွားသည်။ ထို့ပြင် ယင်းတို့၏ အလျင်က လျှပ်စီးတန်းပမာ အလွန်မြန်ဆန်ပြီး ယင်းတို့၏ တိုက်ခိုက်မှုက ရက်စက်ကြမ်းကြုတ်သည်။ ယင်းက ကြွက်ဘုရင်၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။ ကြွက်ဘုရင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးက ပွက်ပွက်ဆူလာကြောင်း ခံစားမိသွားသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ အဝါရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ဤသည်မှာ ယင်းက အချိန်မရွေး ဖျက်ဆီးခံရတော့မည့်အလားပင်။

“ ဘာလို့ အဲ့ဒီကျားနက်က အရမ်းသန်မာတာလဲ… သူက တိုက်ခိုက်နေရင်းနဲ့ အဆင့်ချိုးဖြတ်နိုင်တယ်… ပြီးတော့ အဲ့ဒီဓားသွားတွေက ပိုပြီးသန်မာလာတယ်… မဖြစ်ဘူး… အဲ့ဒါတွေကို ငါမခုခံနိုင်ဘူး… ဒီနေရာမှာ ငါကြာကြာဆက်နေလို့ မဖြစ်ဘူး ”

ကြွက်ဘုရင်သည် ကြောက်ရွံ့မှုကို စတင်ခံစားမိသွားသည်။ သူသည် အံ့ဖွယ်ခွန်အားကို ပိုင်ဆိုင်ထားသောကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသည်။ ထို့ကြောင့် သူက သီရှီထျန်ကို မြင်သည်နှင့်ချက်ချင်း “ မင်းက ငါ့အစာ ”ဟု ရဲတင်းစွာ ပြောခဲ့ခြင်း ဖြစ်သည်။ သူက ထိုမျှယုံကြည်ချက်ရှိနေရခြင်းမှာ သူ၏ နတ်ဘုရားအလင်းကြောင့် ဖြစ်သည်။ နတ်ဘုရားအလင်းအောက်မှာ နေ့စဉ်နေ့တိုင်း နှစ်ခြင်းမင်္ဂလာခံယူပြီးနောက် သူ၏ ခုခံကာကွယ်မှုက ပိုပိုပြီး အားကောင်းလာသည်။

ထိုသို့သန်စွမ်းလာခြင်းက သူ့အား အကြွင်းမဲ့သော ယုံကြည်မှုကို ပေးသည်။ မိစ္ဆာသားရဲတစ်ကောင်နှင့် မရင်ဆိုင်ရသရွေ့ မည်သူမှ သူ၏ ခုခံကာကွယ်မှုကို မချိုးဖြတ်နိုင်ကြောင်း သူယုံကြည်ထားသည်။ ထို့ကြောင့် သူက သီရှီထျန်ကို မကြောက်ခြင်းပင်။

အစပိုင်းတွင် အရာအားလုံးက သူ၏ မျှော်လင့်ထားမှုအတိုင်း ဖြစ်လာသည်။ သီရှီထျန်၏ တိုက်ခိုက်မှုများသည် သူ၏ ခုခံကာကွယ်မှုကို မချိုးဖြတ်နိုင်ပေ။ သို့သော်လည်း ယခုအချိန်မှာ ပိုပြီးသန်စွမ်းလာသော မိစ္ဆာမြူနှင်းဓားသွားများ၏ ဆက်တိုက် တိုက်ခိုက်မှုအောက်မှာ သူ၏ ခုခံကာကွယ်မှုက ကျိုးပျက်တော့မည်ဟု သူခံစားမိလာသည်။

အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော ကြွက်ဘုရင်၏ ကြောက်စိတ်က သူ၏ နှလုံးသားထဲမှာ တဖန်ပြန်ပေါ်လာသည်။ ဤနေရာမှာ အချိန်ကြာကြာ သူဆက်မနေသင့်ကြောင်း သိလိုက်သည်။

“ ဘန်း ”

ထိုအခိုက်အတန့်မှာ နောက်ထပ် မိစ္ဆာမြူနှင်းဓားသွားတစ်ခုက ဆင်းသက်လာသည်။ မိစ္ဆာမြူနှင်းဓားသွားဒါဇင်ခန့်၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်မှာ ကြွက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်မှ အဝါရောင်အလင်းက နောက်ဆုံးမှာ ပြိုကွဲသွားသည်။ သူက ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။

“ စက္ခုရောင်ခြည်တော် ”

ကြွက်ဘုရင်က သီရှီထျန်ကို စူးစိုက်ကြည့်လိုက်သည်။ ရောင်ခြည်တန်းနှစ်ခုသည် ချွန်ထက်သော မြားနှစ်စင်းသဖွယ် အရှေ့သို့ ပျံသန်းသွားကြသည်။

“ ခရက် ”

တစ်ချိန်တည်းမှာ ကြွက်ဘုရင်သည် ထိုတိုက်ခိုက်မှု၏ ရလဒ်ကို မကြည့်ပေ။ သူက လက်သည်းများကို လျှပ်စီးပမာ အလျင်ဖြင့် အမြန်ဝှေ့ယမ်းလိုက်ပြီး သူ့အောက်မှ မြေကြီးကို တူးလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ကြီးမားသော တွင်းတစ်ခုက မြေကြီးပေါ်မှာ ထွက်ပေါ်လာသည်။

ကြွက်ဘုရင်၏ ဧရာမခန္ဓာကိုယ်က တွင်းထဲသို့ အမြန်ခုန်ဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက မြေကြီးထဲသို့ ဝင်ရောက်သွားပြီး ကြောက်လန့်တကြား ထွက်ပြေးသည်။

“ ကျွီ… ကျွီ… ”

သူတို့၏ ဘုရင်က ထွက်ပြေးသွားကြောင်း မြင်သောအခါ ကြွက်များသည် နောက်ထပ် တိုက်ခိုက်ချင်စိတ် မရှိကြတော့ချေ။ သူတို့က တွင်းထဲသို့ အမြန်ဝင်ရောက်သွားကြသည်။

“ ဝေါင်း ”

သီရှီထျန်က သူတို့ကို မည်သို့ကြောင့် အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း။ သူက လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ အဆုံးမဲ့သော ပေါက်ကွဲမှုများက ချိုင့်ဝှမ်းထဲမှာ ဆက်တိုက် ထွက်ပေါ်လာသည်။

တချို့ကြွက်များသည် တွင်းထဲသို့ မဝင်ရောက်နိုင်မီ လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံကို ကြားလိုက်ကြရသည်။ သွေးသည် သူတို့၏ ဒွါရခုနစ်ပေါက်မှ စီးကျလာပြီး သူတို့က နေရာမှာတင် သေဆုံးသွားကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က ကြွက်များ၏ ခန္ဓာကိုယ်ကို ထွင်းဖောက်ကြည့်နိုင်မည်ဆိုလျှင် သူတို့၏ ကိုယ်တွင်းအင်္ဂါများက အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးနေကြောင်း မြင်ရလိမ့်မည်။ ထို့ကြောင့် သူတို့က နောက်ထပ် အသက်မရှင်နိုင်ကြချေ။

ကြွက်များသည် နတ်ဘုရားအလင်းအောက်မှာ စက္ကန့်ပိုင်းမျှသာ နှစ်ခြင်းမင်္ဂလာခံယူခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ နတ်ဘုရားအလင်း၏ အကာအကွယ်က အချိန်ကြာကြာ အသက်မဝင်နိုင်ပေ။ နတ်ဘုရားအလင်း၏ အကာအကွယ်မရှိတော့သည့်အခါ သီရှီထျန်၏ လွှမ်းမိုးဗိုလ်ကျသော ဟိန်းသံကို သူတို့က မည်သို့ခုခံကာကွယ်နိုင်မည်နည်း။

ကြွက်(၉၀)ရာခိုင်နှုန်းက ချိုင့်ဝှမ်းထဲမှာ သေဆုံးသွားကြသည်။

ချီဟောင်သည် သီရှီထျန်၏ ဘေးသို့ လျှောက်လာပြီး မေးသည်။

“ အရှင်မင်းကြီး… အခု ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ ”

သူက မြေကြီးပေါ်မှ ကြွက်သေများကို ကြည့်လိုက်သည့်အခါ မီးပွားမီးစက သူ၏ နှာခေါင်းထဲမှ ထွက်ပေါ်လာသည်။

“ အရှင်မင်းကြီး… ကျုပ်အမြင်အရ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားပေးလို့ မဖြစ်ပါဘူး… မြေကြီးထဲမှာ ပုန်းအောင်းနေတဲ့ အဲ့ဒီကြွက်စုတ်တွေက အရှင်မင်းကြီးရဲ့ အသားကို စားချင်တယ်လို့ ဘယ်လိုတောင် ပြောရဲတာလဲ”

ပိုင်စုစု၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သောအလင်း ထွက်ပေါ်လာသည်။

“ ဟုတ်ပါတယ် အရှင်မင်းကြီး… ကျုပ်တို့တွေ ဒီကိစ္စကို လွှတ်ထားပေးလို့ မဖြစ်ပါဘူး… ကျုပ်တို့ရဲ့ မျိုးနွယ်ဝင်တစ်သောင်းကျော်က ဒီတိုက်ပွဲမှာ သေဆုံးသွားကြပါတယ်… သူတို့ရဲ့ အသွေးအသားတွေကို အဲ့ဒီကြွက်စုတ်တွေက စားသုံးသွားကြပါတယ် ”

ဝံပုလွေဘုရင်ပိုင်ယွဲ့၏ မျက်လုံးထဲမှာ အစိမ်းရောင်အလင်း ထွန်းလင်းနေသည်။ ယင်းက ချောက်ချားဖွယ်ကောင်းသော အလင်းဖြစ်သည်။

စက်ကရာသည် မနီးမဝေးမှ လှိုဏ်ခေါင်းကို ကြည့်လိုက်သည်။ သူ၏ အကြည့်က အလွန်လေးနက်နေသည်။

“ အင်း… ဒီကိစ္စက မပြီးဆုံးသေးဘူး… အဲ့ဒီကြွက်ဘုရင်က ငါ့အသားကို စားချင်တယ်… ဆိုလိုတာက သူက ငါ့အသက်ကို ယူချင်တယ်… အဲ့လိုဆိုမှတော့ သူ့ကို ဒီလောကမှာ အသက်ရှင်ဖို့ ငါခွင့်မပြုနိုင်ဘူး… ဒီအကြွေးကို အနှေးနဲ့အမြန် ပြန်ယူမယ်… ဒါပေမဲ့ အခုမဟုတ်သေးဘူး ”

သီရှီထျန်သည် ကြွက်ဘုရင်ကို သတ်ပစ်ချင်သည်။ သို့သော်လည်း ကြွက်ဘုရင်က မြေအောက်ထဲမှာ နေထိုင်သည်။ သူက မြေအောက်ထဲသို့ မသွားနိုင်ပေ။ သို့ဖြစ်၍ လောလောဆယ်မှာ ကြွက်ဘုရင်ကို သူမတိုက်ခိုက်နိုင်သေးပေ။

ထို့ပြင် ထိုကြွက်များ၏ အံ့ဖွယ်ထူးခြားသော ခုခံကာကွယ်မှုက သူ့ကို စိတ်ရှုပ်ထွေးစေသည်။ ထိုသို့စွမ်းရည်က သာမန်ကြွက်များ ပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။ ထို့ပြင် ထိုစွမ်းရည်မှာ အချိန်အကန့်အသတ်ရှိသည်။ သတ်မှတ်ထားသော အချိန်သို့ ရောက်သွားလျှင် စွမ်းရည်က သူ့အလိုအလျောက် ပျောက်ကွယ်သွားသည်။ ထိုအချက်ကို စောစောက ရှင်းရှင်းလင်းလင်း သူမြင်တွေ့ခဲ့သည်။

ထိုကိစ္စ၏ နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိရမည်ဟု သူယူဆသည်။

“ ချီဟောင်… ဒီကိစ္စကို လောလောဆယ် မေ့ထားရအောင်… အခု ငါတို့လုပ်ရမှာက ငါတို့ရဲ့ စွမ်းအားကို အချိန်တိုလေးအတွင်း အမြန်မြှင့်တင်ဖို့ပဲ… အဲ့ဒီကြွက်တွေက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကြီးပြင်းလာတဲ့ ကြွက်တွေ… သူတို့ရဲ့ အသွေးအသားထဲမှာ ပမာဏများပြားတဲ့ သွေးချီအနှစ်သာရရှိတယ်… ကြွက်သေတွေကို လိုက်ကောက်ဖို့ မင်းတို့ရဲ့ မျိုးနွယ်စုကို စေခိုင်းလိုက်ပါ… အနာဂတ်မှာ သူတို့ကို ငါတို့စားသုံးပြီး အစွမ်းတိုးမြှင့်နိုင်တယ် ”

သီရှီထျန်သည် အမိန့်ပေးပြီးသည်နှင့် အနောက်လှည့်၍ ပြန်သွားသည်။ သူသည် ဤတိုက်ပွဲမှာ “ စက္ခုရောင်ခြည်တော် ”ကြောင့် ဒဏ်ရာတချို့ရရှိသွားသည်။ သူက အရဲစွန့်၍ အဆင့်ချိုးဖြတ်ခဲ့သော်လည်း အသစ်တိုးပွားလာသော မိစ္ဆာစွမ်းအားကို အခြေတည်ငြိမ်စေရန် သူလုပ်ဆောင်ရဦးမည်။ ထို့ပြင် ကြွက်ဘုရင်၏ “ စက္ခုရောင်ခြည်တော် ”ကြောင့် မွေးရာပါသဘာဝစွမ်းရည်ရှိသော ဝိညာဉ်သားရဲများက အလွန်ကြောက်စရာကောင်းကြောင်း သူနားလည်သွားသည်။

… … …

ချူတိုင်းပြည်၏ နန်းမြို့တော်ပေါ်မှ ကောင်းကင်ယံတွင် ခရမ်းရောင်စွမ်းအင်ဘောလုံးတစ်လုံးက လွင့်မျောနေသည်။ ခရမ်းရောင်စွမ်းအင်သည် အဆက်မပြတ် လှုပ်ခတ်နေပြီး အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ တစ်စုံတစ်ယောက်သည် သေချာကြည့်လျှင် ခရမ်းရောင်နတ်နဂါးတစ်ကောင်က ခရမ်းရောင်စွမ်းအင်ဘောလုံးထဲမှာ တည်ရှိနေကြောင်း မြင်ရလိမ့်မည်။

သာမန်လူများသည် ထိုခရမ်းရောင်စွမ်းအင်ကို မမြင်နိုင်ကြချေ။

All Chapters