အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အခန်း(၈၅)
ဤအခိုက်အတန့်မှာ သူ၏ တစ်ကိုယ်လုံးက ရေပူစမ်းထဲမှာ ရေစိမ်နေသည့်အလား သီရှီထျန် ခံစားမိသွားသည်။ ယင်းက အလွန်နွေးထွေးပြီး ဖော်မပြနိုင်အောင် သက်တောင့်သက်သာရှိသည်။
ကျောက်တုံးကြီး၏ အံ့ဖွယ်စွမ်းအား… ။
ကျောက်စိမ်းသန္ဓေသားထံမှ ထွက်ပေါ်လာသော စွမ်းအင်သည် ကျောက်တုံးကြီးထံမှ ယခင်က သူခံစားခဲ့ဖူးသော အံ့ဖွယ်စွမ်းအားဖြစ်သည်။
“ အရင်က ငါတွေးခဲ့တာက ကျောက်စိမ်းသန္ဓေသားက ကောင်းကင်ဘုံကပ်ဘေးဒုက္ခကြောင့် ဖျက်ဆီးခံလိုက်ရပြီ… ကံကောင်းစွာပဲ အဲ့ဒါကို ငါမစွန့်ပစ်ခဲ့ဘူး… မဟုတ်ရင် ကျောက်စိမ်းသန္ဓေသားက ဒီနေ့ ငါ့ကို ထပ်ကယ်တင်နိုင်မှာ မဟုတ်ဘူး… ကြည့်ရတာ ကျောက်စိမ်းသန္ဓေသားက အထွတ်အမြတ်ရတနာတစ်ခု ဖြစ်ရမယ် ”
သီရှီထျန်က တစ်ခဏကြာ တွေးတောလိုက်သည်။ ကျောက်တုံးကြီးထံမှ သူရရှိလာသော ကျောက်စိမ်းသန္ဓေသားက အထွတ်အမြတ်ရတနာတစ်ခုဖြစ်ဟန် ရ၏။ အနည်းဆုံးတော့ ယင်းက အံ့ဖွယ်ကောင်းသော လေအေးကို လွင့်ပြယ်စေနိုင်လေရာ သေချာပေါက် သာမန်ပစ္စည်းမဟုတ်ပေ။ သို့သော်လည်း ယခုအချိန်မှာ သူက ထိုအကြောင်းကို အများကြီး မတွေးနိုင်ပေ။
သူက ကျောက်စိမ်းသန္ဓေသားထံမှ စွမ်းအင်ကို ချေးငှား၍ သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များထဲမှာ ယင်းကို မြန်ဆန်စွာ လှည့်ပတ်လိုက်သည်။ အဆုံးမဲ့သော စွမ်းအင်က ကျောက်စိမ်းသန္ဓေသားထံမှ ထွက်ပေါ်လာနေစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ လေအေးသည် ၎င်း၏ သဘာဝရန်သူကို တွေ့ဆုံသွားသည့်အလား ချက်ချင်း လွင့်ပြယ်သွားသည်။
“ ခရက်… ခရက် ”
သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ ရေခဲအလွှာသည် ကျောက်စိမ်းအလင်းအောက်မှာ မြန်ဆန်စွာ ကွဲထွက်သွားပြီး အရည်ပျော်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ လေအေးအားလုံးက လွင့်ပြယ်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ ရေခဲအလွှာက စတင်ပြောင်းလဲသွားသည်။
ကြွပ်ဆပ်သော မြည်သံနှင့်အတူ သေးငယ်သော အက်ကွဲကြောင်းတစ်ခုက ရေခဲသလင်းကျောက်ပေါ်မှာ ထွက်ပေါ်လာသည်။ အသံသည် အချက်ပြမှုတစ်ခုနှင့် ဆင်တူသည်။ ထိုအက်ကွဲကြောင်း၏ ဘေးတွင် အရွယ်အစားစုံလင်သော အက်ကွဲရာများက ရေခဲသလင်းကျောက်ပေါ်မှာ နောက်ထပ် ထွက်ပေါ်လာကြသည်။
“ ဘန်း ”
ရေခဲရုပ်တုထဲတွင် သီရှီထျန်၏ မျက်လုံးက ရုတ်တရက် ပွင့်သွားသည်။ အလင်းတန်းနှစ်ခုက သူ၏ မျက်လုံးထဲမှ ပျံသန်းထွက်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မွှေးညင်းပေါက်အားလုံးက ရုတ်တရက် ပွင့်သွားကြပြီး လွှမ်းမိုးဗိုလ်ကျသော မိစ္ဆာစွမ်းအားက အပြင်သို့ ချက်ချင်း စိမ့်ထွက်လာသည်။ ကျောက်စိမ်းသန္ဓေသား၏ ပံ့ပိုးမှုအောက်မှာ အကန့်အသတ်မဲ့သော ယုံကြည်မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ သူက သူ့ခန္ဓာကိုယ်ပေါ်မှ ရေခဲသလင်းကျောက်ကို ခွဲပစ်နိုင်သည်ဟု ယုံကြည်ချက်ရှိသွားသည်။
သားရဲဘုရင်၏ လွှမ်းမိုးဗိုလ်ကျမှုကို သံသယရှိရန် မလိုပေ။
မိစ္ဆာအရှိန်အဝါက ရေခဲသလင်းကျောက်နှင့် တွေ့ဆုံသွားသည့်အခါ မူလက အက်ကွဲနေသော ရေခဲသလင်းကျောက်သည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။ သေးငယ်သော ရေခဲအပိုင်းအစများက အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားကြစဉ် သီရှီထျန်၏ ခန္ဓာကိုယ်က ပြန်ထွက်ပေါ်လာသည်။
“ ဝှစ် ”
ရေခဲသလင်းကျောက် ပြိုကွဲသွားသည်နှင့် ကျောက်စိမ်းအလင်းက ရုတ်တရက် မှေးမှိန်သွားသည်။ ကျောက်စိမ်းအလင်းအားလုံးက ကျောက်စိမ်းသန္ဓေသားထဲသို့ မြန်ဆန်စွာ ပြန်ဝင်ရောက်သွားသည်။
ထို့ပြင် သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်သည်လည်း မျက်စိတစ်မှိတ်အတွင်းမှာ အပြင်သို့ ပြန်ထွက်သွားသည်။
ယင်းကို ချီဟောင်နှင့် တခြားလူများ မြင်သွားသောအခါ သူတို့က ဝမ်းသာပျော်ရွှင်သွားကြသည်။ သူတို့က သီရှီထျန်ကို မြန်ဆန်စွာ ဝိုင်းရံလိုက်ကြပြီး စိုးရိမ်တကြီး မေးသည်။
“ အရှင်မင်းကြီး အဆင်ပြေရဲ့လား ”
“ အရှင်မင်းကြီး… အဲ့ဒါ ကျုပ်အမှားပါ… ကျုပ် အရှင့်ကို စောစော ကြိုသတိပေးခဲ့သင့်တာ ”
ပိုင်စုစုက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော လေသံဖြင့် ပြောသည်။ သီရှီထျန် အန္တရာယ်တွေ့ကြုံခဲ့ခြင်းက သူ့ကြောင့်ဟု တွေးမိသည်။ အကယ်၍ သူသာ သီရှီထျန်ကို စောစီးစွာ ကြိုသတိပေးခဲ့လျှင် ထိုသို့ဖြစ်လာလိမ့်မည် မဟုတ်ချေ။
သူ၏ လက်အောက်ငယ်သားများက သူ့အပေါ် မည်မျှစိုးရိမ်နေကြောင်း သီရှီထျန်မြင်သောအခါ သူ၏ နှလုံးသားက နွေးထွေးသွားသည်။ သူက သိမ်မွေ့စွာ ပြောသည်။
“ စုစု… အဲ့ဒါ မင်းရဲ့ အမှားမဟုတ်ပါဘူး… အဲ့ဒီကျောက်ပြားက ထူးဆန်းတယ်လို့ မင်းငါ့ကို သတိပေးခဲ့တယ်… ငါက အဲ့ဒီကျောက်ပြားရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ချင်တယ်… တကယ်အပြစ်တင်ရမယ့်လူက မဆင်မခြင် စူးစမ်းခဲ့တဲ့ ငါ့ကိုယ်ငါပဲ ”
သူက စကားပြောပြီးနောက် အနောက်လှည့်လိုက်ပြီး အုတ်ဂူကျောက်တိုင်ကို ကြည့်လိုက်သည်။ သူ၏ အကြည့်က အလွန်လေးနက်သွားသည်။
“ ငါ့အမိန့်ကို ထုတ်ပြန်လိုက်ပါ… အခုကစပြီး ဘယ်သူမှ ဒီရှေးဟောင်းအုတ်ဂူနားကို မသွားရဘူး… ပြီးတော့ ဒီအုတ်ဂူအကြောင်း တခြားဘယ်သူ့ကိုမှ ပြန်မပြောရဘူး… မဟုတ်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ် ”
သီရှီထျန်သည် တင်းမာခက်ထန်သော လေသံဖြင့် အမိန့်ပေးသည်။
ရှေးဟောင်းအုတ်ဂူထဲမှာ မည်သူကို မြှုပ်နှံထားကြောင်း သူမသိသော်လည်း ထိုအုတ်ဂူထဲမှာ ထိတ်လန့်ဖွယ်ကောင်းသော လျှို့ဝှက်ချက်တစ်ခု ရှိလိမ့်မည်ဟု သူခံစားမိသည်။ တခြားကိုမဆိုထားနှင့် အုတ်ဂူအရှေ့မှ အုတ်ဂူကျောက်တိုင်သည်ပင် ထိတ်လန့်ချောက်ချားဖွယ်ကောင်းသော လေအေးကို ထုတ်လွှတ်နိုင်သည်။
သူ၏ အမြင်အရ ထိုလေအေးက အလွန်သန်မာလေရာ ဝိညာဉ်သန္ဓေတည်နယ်ပယ်မှ ဘိုးဘေးတစ်ယောက်သည်ပင် ရေခဲရုပ်တုဖြစ်သွားမည့် ကံကြမ္မာကို ရှောင်လွှဲနိုင်လိမ့်မည်မဟုတ်ချေ။
ယင်းကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်းအုတ်ဂူထဲမှာ မည်သည့်အန္တရာယ်များ တည်ရှိနေကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။ မည်သည့်လျှို့ဝှက်ချက်ကို ရှေးဟောင်းအုတ်ဂူထဲမှာ ကွယ်ဝှက်ထားသနည်း။ အုတ်ဂူထဲမှာ မြှုပ်နှံထားသော ပုဂ္ဂိုလ်က မည်သူနည်း။ အုတ်ဂူကျောက်တိုင်ပေါ်မှ စာကြောင်းများက မည်သည့်အဓိပ္ပာယ်နည်း။
သီရှီထျန်သည် ပထမစာကြောင်းတချို့မှ အဓိပ္ပာယ်ကိုသာ နားလည်သည်။
“ ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ဦး ”ဟူသည်မှာ တိုင်းပြည်များ၊ မြို့တော်များကို ပျက်စီးစေနိုင်သော အလှပိုင်ရှင်ကို ရည်ညွှန်းသည်။
“ တုနှိုင်းမဲ့တဲ့ ပါရမီရှင်တစ်ပါး ” ယင်း၏ အဓိပ္ပာယ်က နားလည်ရလွယ်ကူပေသည်။ ယင်းက ကျင့်ကြံခြင်းတွင် တုနှိုင်းမဲ့အရည်အချင်းကို ပိုင်ဆိုင်ထားသော ပါရမီရှင်ကို ရည်ညွှန်းသည်။ ထိုသို့ပါရမီရှင်သည် တစိုက်မတ်မတ် ကျင့်ကြံမည်ဆိုလျှင် တစ်နေ့မှာ လောက၏ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူ့ကို တုနှိုင်းမဲ့သော ပါရမီရှင်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
“ ခေတ်တွေ မရေမတွက်နိုင်အောင် အသက်ရှင်သန်ခဲ့တယ် ” ယင်းသည်လည်း နားလည်ရန် လွယ်ကူပေသည်။ သို့သော်လည်း နောက်ဆုံးစာကြောင်းက သူ့ကို ခေါင်းစားစေသည်။ “ မိုးကောင်းကင်ပြိုကျတဲ့အခါ ဘီလီယံနဲ့ချီတဲ့သက်ရှိတွေ သွေးမြေခရတယ် ” ထိုစာကြောင်း၏ အဓိပ္ပာယ်က မည်သည်ကို ဆိုလိုကြောင်း သူနားမလည်ပေ။
ထိုစာကြောင်းက သူ့ကို အလွန်စိတ်ရှုပ်ထွေးစေသည်။ ကြီးမားသော လျှို့ဝှက်ချက်တစ်ခုက ထိုစာကြောင်း၏ နောက်ကွယ်မှာ ရှိနေသည်ဟု သူခံစားမိသည်။
“ ဒီရှေးဟောင်းအုတ်ဂူရဲ့ လျှို့ဝှက်ချက်က ဘာပဲဖြစ်ဖြစ်… အခုလောလောဆယ် အဲ့ဒါကို ငါမထိနိုင်ဘူး ”
အစောနက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အရ သီရှီထျန်သည် သူ့ကိုယ်ပိုင်အကန့်အသတ်ကို ကောင်းမွန်စွာ နားလည်သွားသည်။ အကယ်၍ သူက ရှေးဟောင်းအုတ်ဂူ၏ လျှို့ဝှက်ချက်ကို အတင်းအဓမ္မ စူးစမ်းမည်ဆိုလျှင် အုတ်ဂူထဲမှ ပုဂ္ဂိုလ်က မည်သူဖြစ်ကြောင်း သူမသိရမီ သူက အုတ်ဂူထဲမှာ အသက်ဆုံးရှုံးသွားလိမ့်မည်။
သူပိုပြီးသန်မာလာမှသာလျှင် မိုးမြေကြားမှ နက်ရှိုင်းသော လျှို့ဝှက်ချက်များကို သူရှာဖွေဖော်ထုတ်နိုင်လိမ့်မည်။
သီရှီထျန်သည် စိတ်ထဲမှာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”
ချီဟောင်၊ ယင်းခုန်းနှင့် တခြားလူများသည် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်ကြသည်။ ရှေးဟောင်းအုတ်ဂူ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူတို့၏ မျက်စိဖြင့် ကိုယ်တိုင်မြင်ခဲ့ကြသည်။ သူတို့၏ အရှင်မင်းကြီးသည်ပင် အေးခဲသွားခဲ့သည်။ အကယ်၍ သူတို့က ယင်းကို ထိတွေ့မည်ဆိုလျှင် နေရာမှာတင် ရေခဲရုပ်တု ဖြစ်သွားလိမ့်မည်။ သူတို့၏ စိတ်ထဲမှာ ဤနေရာက တားမြစ်နေရာတစ်ခု ဖြစ်လာသည်။
သီရှီထျန်သည် ခေါင်းညိတ်လိုက်ပြီး ချီဟောင်နှင့် တခြားသားရဲဘုရင်များကို သူတို့၏ မျိုးနွယ်ဝင်များအား ပြန်ခေါ်သွားစေသည်။
ဤနေရာမှာ သူတစ်ယောက်တည်း ကျန်ရှိတော့သည့်အခါ သီရှီထျန်သည် သူ့ဘေးမှ ကျောက်စိမ်းသန္ဓေသားကို ကြည့်လိုက်သည်။ ဤမတော်တဆမှုပြီးနောက် သူနှင့် ကျောက်စိမ်းသန္ဓေသားကြားမှ ဆက်သွယ်မှုက ပိုပြီးနက်ရှိုင်းလာဟန် ရသည်။ သို့သော်လည်း ယင်းကို နောက်တစ်ကြိမ် သူစစ်ဆေးကြည့်သည့်အခါ ကျောက်စိမ်းသန္ဓေသားက ကျားရဲတောင်တန်းဒေသမှာကဲ့သို့ သာမန်ကျောက်စိမ်းအဖြစ် ပြန်ပြောင်းလဲသွားကြောင်း သူရှာတွေ့သွားသည်။ မိစ္ဆာစွမ်းအားဖြစ်စေ သို့မဟုတ် မိစ္ဆာအာရုံဖြစ်စေ မည်သည့်နည်းလမ်းကို သူအသုံးပြုပါစေ ကျောက်စိမ်းသန္ဓေသားက ဘာမှမပြောင်းလဲသွားပေ။ မည်သို့ သူစစ်ဆေးကြည့်ပါစေ ယင်းက သာမန်ကျောက်စိမ်းတစ်ခု ဖြစ်ဟန် ရ၏။
“ ဒီကျောက်စိမ်းသန္ဓေသားက တကယ်ပဲ ဘာပါလိမ့် ”
ယင်း၏ ထူးခြားဆန်းကြယ်မှုများကို သူမြင်တွေ့ပြီးနောက် ကျောက်စိမ်းသန္ဓေသားက သာမန်ဖြစ်သည်ဟု လုံးဝ သူမတွေးတော့ပေ။ ယင်းက အထွတ်အမြတ်ရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ သို့သော်လည်း ယင်း၏ စွမ်းအားကို ထုတ်ဖော်နိုင်သော နည်းလမ်းကို သူမသိထားပေ။
“ မသေမျိုးကျင့်ကြံသူတွေက ဓမ္မလက်နက်တွေနဲ့ ဓမ္မရတနာတွေကို ပိုင်ဆိုင်ထားကြတယ်… တကယ်လို့ ငါသာ ဒီကျောက်စိမ်းသန္ဓေသားကို အသုံးပြုပြီး ဓမ္မလက်နက်တစ်ခုကို သန့်စင်မယ်ဆိုရင် အဲ့ဒါက ပြိုင်ဘက်ကင်း ဓမ္မလက်နက်တစ်ခု ဖြစ်လာနိုင်လောက်မလား ”
သီရှီထျန်သည် ကျောက်စိမ်းသန္ဓေသားကို ကြည့်နေရင်း ရုတ်တရက် အတွေးတစ်ခု ရသွားသည်။ ကျောက်စိမ်းသန္ဓေသားသည် အလွန်ထူးခြားဆန်းကြယ်သည်။ သို့သော်လည်း ကျောက်စိမ်းသန္ဓေသားသည် သန္ဓေသားတစ်ခုထက် မပိုပေ။ အကယ်၍ သူက ယင်းကို အသုံးပြုချင်သည်ဆိုလျှင် အကောင်းဆုံးနည်းလမ်းသည် ကျောက်စိမ်းသန္ဓေသားကို ဓမ္မလက်နက်တစ်ခု သို့မဟုတ် ဓမ္မရတနာတစ်ခုအဖြစ် သန့်စင်ရန် ဖြစ်သည်။
ဤလောကတွင် သူသည် မသေမျိုးကျင့်ကြံသူများကို မြင်တွေ့ခဲ့သည်။ သူတို့တစ်ယောက်စီသည် ပုံသဏ္ဍာန်မျိုးစုံရှိသော ဓမ္မလက်နက်များနှင့် ဓမ္မရတနာများကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် စက်ကရာသည်လည်း သူ့ကိုယ်ပိုင်ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ချင်သည်။ ဤမတိုင်ခင်မှာ သူက အလွန်အားနည်းနေသေးပြီး နေရာပြောင်းရွှေ့ရန် အလုပ်များနေသောကြောင့် ထိုအကြောင်းကို တစ်ခါမှ မစဉ်းစားကြည့်ခဲ့ဖူးပေ။ ယခု ကျောက်စိမ်းသန္ဓေသား၏ ဆန်းကြယ်မှုကို သူမြင်သွားသောအခါ သူ့ကိုယ်ပိုင်ဓမ္မလက်နက်တစ်ခုအား ပိုင်ဆိုင်ချင်သော အတွေးက သူ၏ ခေါင်းထဲမှာ ထွက်ပေါ်လာသည်။
“ ဟုတ်တယ်… ဒီကျောက်စိမ်းသန္ဓေသားကို အသုံးပြုပြီး ဓမ္မလက်နက်တစ်ခုကို သန့်စင်မယ် ”
တစ်ခဏတွေးတောပြီးနောက် သူက ကျောက်စိမ်းသန္ဓေသားကို သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ ရှေးဟောင်းအုတ်ဂူထဲမှ အမြန်ပြန်ထွက်သွားသည်။ သူက အနောက်သို့ တစ်ချက်ပင်လှည့်မကြည့်ဘဲ သူ့ကိုယ်ပိုင်လှိုဏ်ဂူဆီသို့ ပြန်သွားသည်။
ရှေးဟောင်းအုတ်ဂူဖြစ်စေ သို့မဟုတ် ကျောက်စိမ်းသန္ဓေသားဖြစ်စေ ယင်းတို့က လက်ရှိ သူ၏ စွမ်းအားဖြင့် ဆောင်ရွက်နိုင်သောအရာ မဟုတ်ပေ။ ယခု သူလုပ်ရမည်မှာ သူ၏ ကျင့်ကြံခြင်းကို မြန်နိုင်သမျှမြန်မြန် မြှင့်တင်ရန် ဖြစ်သည်။
ကြွက်ဘုရင်နှင့် တိုက်ပွဲတွင် သူ၏ မိစ္ဆာစွမ်းအားက မရီဒျန်အားလုံးထဲမှာ ပြည့်လျှံသွားသည်။ ယခု သူက “ ကျားဟိန်းသံကျင့်စဉ် ”၏ တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ နောက်တစ်ဆင့်အနေနှင့် သူလုပ်ဆောင်ရမည်မှာ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ခြင်း ဖြစ်သည်။
သူ၏ ဧရာမကျားခန္ဓာကိုယ်သည် တောအုပ်ထဲမှာ ဖြည်းညင်းစွာ လမ်းလျှောက်နေသည်။ သူက လမ်းလျှောက်နေရင်း မိစ္ဆာစံအိမ်ဖွင့်လှစ်မည့် ကိစ္စကို တိတ်တဆိတ် တွေးတောနေသည်။
မိစ္ဆာစံအိမ်ဖွင့်လှစ်ခြင်းသည် လွယ်ကူရိုးရှင်းသောအရာ မဟုတ်ပေ။
ယင်းက မိစ္ဆာကျင့်ကြံသူတစ်ယောက်အတွက် အခြေခံအုတ်မြစ်တည်ဆောက်ရသော လုပ်ငန်းစဉ် ဖြစ်သည်။ မိစ္ဆာစံအိမ်မရှိလျှင် တစ်စုံတစ်ယောက်သည် မိစ္ဆာကျင့်ကြံခြင်းကို အမှန်တကယ် စတင်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ပြင် မိစ္ဆာစံအိမ်၏ အရည်အသွေးသည် မိစ္ဆာကျင့်ကြံသူ၏ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မည်။ မိစ္ဆာစံအိမ်၏ အကောင်းအဆိုးက မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို မိစ္ဆာလမ်းစဉ်တွင် မည်မျှအကွာအဝေးအထိ ဆက်ပြီး လျှောက်နိုင်စေမည်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။
ဥပမာ လူသားကျင့်ကြံသူများ၏ ပါရမီကို သူတို့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အမြစ်၏ အရည်အသွေးနှင့် တိုင်းတာကြသည်။
အရည်အသွေးကောင်းမွန်သော ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူသည် တခြားလူများထက် ပိုပြီးမြန်ဆန်စွာ ကျင့်ကြံနိုင်လိမ့်မည်။ အရည်အသွေးနိမ့်ကျသော ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူသည် အဆင့်တစ်ဆင့်ချိုးဖြတ်ရန်အလို့ငှာ နှစ်ပေါင်းများစွာကြာသည်အထိ ကျင့်ကြံရလိမ့်မည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ကွာခြားမှုက မည်မျှကြီးမားကြောင်း သိနိုင်ပေသည်။
မိစ္ဆာကျင့်ကြံသူတစ်ယောက်အတွက် မိစ္ဆာစံအိမ်သည် ဝိညာဉ်အမြစ်ကဲ့သို့ အလွန်အရေးကြီးသည်။ ဝိညာဉ်အမြစ်ကဲ့သို့ပင် မိစ္ဆာစံအိမ်ဆီမှာ ကောင်းမွန်သော မိစ္ဆာစံအိမ်နှင့် ညံ့ဖျင်းသော မိစ္ဆာစံအိမ်ဟူ၍ ရှိသည်။
အခန်း(၈၆)
မိစ္ဆာစံအိမ်များကို အဆင့်ခွဲခြားထားသည်။
ယင်းတို့က ကောင်းကင်ဘုံအဆင့်၊ မြေကြီးအဆင့်၊ အံ့ဖွယ်အဆင့်နှင့် ဟွမ်အဆင့်တို့ ဖြစ်ကြသည်။ ဟွမ်အဆင့်က အနိမ့်ဆုံးဖြစ်ပြီး ကောင်းကင်ဘုံအဆင့်က အမြင့်ဆုံး ဖြစ်သည်။
ထိုသို့အဆင့်သတ်မှတ်ချက်သည် မိစ္ဆာစံအိမ်၏ ဝိညာဉ်စွမ်းအား စုပ်ယူနိုင်သော ပမာဏ၊ နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်သော အမြန်နှုန်းနှင့် သိုလှောင်နိုင်သော မိစ္ဆာစွမ်းအားပမာဏပေါ်မှာ မူတည်သည်။ တခြားထူးခြားချက်များလည်း ရှိသေးသည်။
တစ်စုံတစ်ယောက်က မိစ္ဆာစံအိမ်များကြားမှ ကွာခြားမှုကို နှိုင်းယှဉ်ချင်သည်ဆိုလျှင် ဤသို့တွေးနိုင်သည်။ ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်၏ တစ်ရက်တာ စုပ်ယူနိုင်သော ဝိညာဉ်စွမ်းအားပမာဏက ဟွမ်အဆင့် မိစ္ဆာစံအိမ်၏ တစ်လ သို့မဟုတ် နှစ်လ စုပ်ယူမှုနှင့် နှိုင်းယှဉ်နိုင်သည်။
ထို့ပြင် မိစ္ဆာစံအိမ်၏ အဆင့်ပေါ်မူတည်၍ သိုလှောင်နိုင်သော မိစ္ဆာစွမ်းအားပမာဏက ကွဲပြားခြားနားသည်။ အံ့ဖွယ်အဆင့် မိစ္ဆာစံအိမ်၏ သိုလှောင်နိုင်သော ပမာဏသည် ဟွမ်အဆင့် မိစ္ဆာစံအိမ်ထက် ဆယ်ဆပိုများပြားသည်။ ထို့နည်းတူပင် ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်၏ သိုလှောင်နိုင်သော ပမာဏသည် မြေကြီးအဆင့် မိစ္ဆာစံအိမ်ထက် ဆယ်ဆပိုများပြားသည်။
ထို့ကြောင့် ဟွမ်အဆင့် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ထားသော မိစ္ဆာတစ်ကောင်နှင့် ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ထားသော မိစ္ဆာတစ်ကောင်တို့ ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါ ဟွမ်အဆင့် မိစ္ဆာစံအိမ်သည် တိုက်ခိုက်မှုအနည်းငယ်ကိုသာ ထုတ်ဖော်နိုင်လိမ့်မည်။ အချိန်တစ်ခဏကြာပြီးလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစံအိမ်သည် စွမ်းအင်ကုန်ခမ်းသွားလိမ့်မည်။ တစ်ဖက်လူဆီမှာတော့ မိစ္ဆာစွမ်းအားအများကြီး ကျန်ရှိနေဦးလိမ့်မည်။ ထိုတိုက်ပွဲ၏ ရလဒ်ကို နောက်ထပ် စဉ်းစားနေရန် မလိုတော့ပေ။
ထို့ပြင် မိစ္ဆာစံအိမ်၏ အရည်အသွေးသည် တစ်စုံတစ်ယောက်၏ ပါရမီနှင့် ဆက်စပ်နေသည်။ တစ်စုံတစ်ယောက်သည် ပိုပြီးပါရမီရှိလေ ပိုပြီးအရည်အသွေးကောင်းမွန်သော မိစ္ဆာစံအိမ်ကို ဖွင့်လှစ်နိုင်လေ ဖြစ်သည်။ ထိုအခါ သူက အနာဂတ်တွင် ပိုပြီးမြင့်မားသော နေရာဆီသို့ ရောက်ရှိနိုင်လိမ့်မည်။
“ ကံကောင်းစွာပဲ ငါက သွေးမျိုးဆက်အမွေအနှစ်ကို ရရှိခဲ့တယ်… မဟုတ်ရင် မိစ္ဆာစံအိမ်ဖွင့်လှစ်တဲ့အခါ ငါအခြေအနေမကောင်းနိုင်ဘူး ”
စက်ကရာသည် တောအုပ်ထဲမှာ ရွေ့လျားနေရင်း စိတ်ထဲမှာ တွေးတောစဉ်းစားလိုက်သည်။
မိစ္ဆာစံအိမ်ဖွင့်လှစ်ခြင်းသည် ပါးစပ်မှ ပြောရုံဖြင့် လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ အရင်ဆုံး သိထားရမည်မှာ မိစ္ဆာစံအိမ်ဖွင့်လှစ်ခြင်းသည် အလွန်အန္တရာယ်များသည်။ လူတိုင်းက မအောင်မြင်နိုင်ပေ။ အောင်မြင်နိုင်ခြေက ငါးဆယ်ငါးဆယ်သာ ဖြစ်သည်။ အောင်မြင်သွားသည့်လူများက မိစ္ဆာသားရဲအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီး မိစ္ဆာလမ်းစဉ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြလိမ့်မည်။ ကျရှုံးသွားသူများက နေရာမှာတင် ချက်ချင်း သေဆုံးသွားကြလိမ့်မည်။ ယေဘုယျအားဖြင့် မိစ္ဆာစံအိမ်ဖွင့်လှစ်နိုင်မည့် နည်းလမ်းကို မသိထားကြသော ဝိညာဉ်သားရဲများသည် ကြွက်ဘုရင်ကဲ့သို့ ရွေးချယ်ကြလိမ့်မည်။
သူတို့က အဆင့်တူသော ဝိညာဉ်သားရဲတစ်ကောင်ကို ရှာဖွေပြီး ၎င်း၏ အသွေးအသားကို ဝါးမျိုစားသောက်ကြလိမ့်မည်။ သူတို့က အသွေးအသားထဲမှာ ပါဝင်နေသော စွမ်းအင်အနှစ်သာရကို အားကိုး၍ မိစ္ဆာသားရဲဖြစ်လာရန် အတင်းအဓမ္မ အဆင့်ချိုးဖြတ်ကြလိမ့်မည်။ သွေးအစာထဲမှ စွမ်းအင်အနှစ်သာရကို သူတို့၏ ခန္ဓာကိုယ်ထဲ၌ မုန်တိုင်းတစ်ခုနှယ် ဝင်မွှေသွားစေရန် လုပ်ဆောင်ကြမည်။ မုန်တိုင်း၏ အဖျက်စွမ်းအားကို သူတို့ထိန်းချုပ်နိုင်မည်ဆိုလျှင် သူတို့က မိစ္ဆာစံအိမ်ကို ဖွင့်လှစ်နိုင်လိမ့်မည်။ သို့သော် မုန်တိုင်းကို သူတို့မထိန်းချုပ်နိုင်လျှင် သူတို့က နေရာမှာတင် ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးသွားလိမ့်မည်။ ထိုသို့နည်းလမ်းဖြင့် မိစ္ဆာသားရဲဖြစ်လာကြသူများ၏ မိစ္ဆာစံအိမ်သည် အဆင့်မမြင့်ကြပေ။ အများစုက ဟွမ်အဆင့်မှာ ဖြစ်ကြသည်။ အလွန်နည်းပါးသော မိစ္ဆာသားရဲများသာလျှင် အံ့ဖွယ်အဆင့် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်နိုင်ကြသည်။
ထိုသို့နည်းလမ်းဖြင့် မိစ္ဆာသားရဲဖြစ်လာကြသူများသည် အောင်မြင်မှုအကန့်အသတ်သာ ပိုင်ဆိုင်နိုင်လိမ့်မည်။
အရည်အသွေးကောင်းမွန်သော မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရန် အထူးနည်းလမ်းတစ်ခု လိုအပ်သည်။ ကံကောင်းစွာပင် သီရှီထျန်သည် ထိုသတင်းအချက်အလက်ကို သူ၏ သွေးမျိုးဆက်အမွေအနှစ်ထဲမှာ ရှာတွေ့သွားခဲ့သည်။
သီရှီထျန်သည် အစွမ်းကုန်သုံး၍ မပြေးသော်လည်း သူ၏ အလျင်က အလွန်မြန်ဆန်နေဆဲပင်။ သူ့ကိုယ်ပိုင်လှိုဏ်ဂူဆီသို့ ရောက်သွားရန် အချိန်သိပ်မကြာပေ။ လှိုဏ်ဂူထဲတွင် ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များက သူ့အား စောင့်ဆိုင်းနေကြသည်။
သူက ချီဟောင်နှင့် တခြားလူများကို ကြည့်လိုက်သည်။ နောက်ဆုံးမှာ သူ၏ အကြည့်က ယွမ်ထျန်းပေါ်သို့ ကျရောက်သွားသည်။
“ ယွမ်ထျန်း… ငါမင်းကို မျောက်မင်းဝိုင် စတင်ချက်လုပ်စေချင်တယ်… မင်းဝိုင်ချက်လုပ်နိုင်ဖို့အတွက် လှိုဏ်ဂူတစ်ခုကိုတောင် ငါဖွင့်လှစ်ပေးခဲ့တယ်… လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းအားလုံးကို မင်းစုဆောင်းပြီးပြီလား ငါသိချင်တယ် ”
မျောက်မင်းဝိုင်သည် အလွန်အရေးကြီးသည်။ ထို့ကြောင့် မျောက်မင်းဝိုင်ကို သူအထူးအလေးထားသည်။ ယင်းက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သည်။
ယင်းကို ယွမ်ထျန်းကြားသောအခါ သူက မျက်လုံးဝင်းလက်သွားသည်။ သူက ခေါင်းကုတ်လိုက်ပြီး ပြောသည်။
“ အရှင်မင်းကြီး… တချို့သစ်သီးတွေနဲ့ ပန်းပင်တွေကို မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာ ရှာမတွေ့ပါဘူး… အဲ့ဒါတွေကို ရှာဖွေဖို့ ကျွန်တော်တို့ ချိုင့်ဝှမ်းအပြင်ကို သွားရပါမယ် ”
ချိုင့်ဝှမ်းထဲ၌ သူတို့နေထိုင်နေသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း ယွမ်ထျန်းသည် သူ၏ မျိုးနွယ်ဝင်များကို စေလွှတ်၍ မျောက်မင်းဝိုင်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို လိုက်လံရှာဖွေစေသည်။ ချိုင့်ဝှမ်းထဲတွင် အမျိုးအစားစုံလင်သော သစ်ပင်များ၊ ဆေးဖက်ဝင်အပင်များနှင့် ပန်းပင်များရှိသည်။ သို့သော်လည်း တချို့အပင်များကို ချိုင့်ဝှမ်းထဲမှာ ရှာမတွေ့ပေ။
“ အင်း ”
ယင်းကို ကြားသောအခါ သီရှီထျန်၏ မျက်လုံးထဲမှာ လေးနက်သောအကြည့် ထွက်ပေါ်လာသည်။ သူက ပြောသည်။
“ မျောက်မင်းဝိုင်အတွက် ကုန်ကြမ်းပစ္စည်းရှာဖွေတာက နှောင့်နှေးလို့မဖြစ်ဘူး… ယွမ်ထျန်း… မင်း ချီဟောင်နဲ့ စုစုကို ခေါ်ပြီး မင်းရဲ့ မျိုးနွယ်စုနဲ့အတူ ချိုင့်ဝှမ်းအပြင်မှာ လိုအပ်တာတွေ လိုက်ရှာဖွေပါ… ဒါပေမဲ့ မင်းမှတ်ထားပါ… ပစ္စည်းတွေကို ရှာတွေ့တာနဲ့ အပြင်မှာ ကြာကြာမနေနဲ့… အရင်တစ်ခေါက်မှာ ကြွက်ဘုရင်ကို ငါတို့အနိုင်ရခဲ့ပေမဲ့ တောင်ပိုင်းမြေရိုင်းဒေသကို ငါတို့မရင်းနှီးသေးဘူး… ပြီးတော့ ချိုင့်ဝှမ်းနဲ့ အရမ်းဝေးရာကို မသွားနဲ့ ”
“ နောက်ပြီး မကြာခင် ငါတံခါးပိတ်ကျင့်ကြံတော့မယ်… ငါတံခါးပိတ်ကျင့်ကြံနေတဲ့အချိန် ဒီလှိုဏ်ဂူကို ချိပ်ပိတ်ထားမယ်… ဘယ်သူမှ ဒီအနားကို ချဉ်းကပ်လာခွင့်မရှိဘူး… ငါ့ဘာသာ အပြင်ထွက်လာတာမဟုတ်ရင် မင်းတို့ အထဲမဝင်လာရဘူး… သေရေးရှင်ရေးကိစ္စမဟုတ်ရင် ငါ့ကို အနှောင့်အယှက်မပေးရဘူး ”
စက်ကရာ၏ စကားထဲမှာ ပြင်းထန်သော ဖိအားတချို့ ပါရှိသည်။ ထိုဖိအားသည် သဏ္ဍာန်မဲ့သော်လည်း အလွန်ပြင်းထန်သည်။ ယင်းက ချီဟောင်နှင့် တခြားလူများအပေါ်သို့ ကျရောက်သွားသည့်အခါ ဧရာမတောင်ကြီးတစ်တောင်က သူတို့အပေါ် ဖိကျလာသည်ဟု ခံစားမိသွားကြသည်။ သူတို့က အသက်ရှူကျပ်သွားကြပြီး အလိုအလျောက် ခေါင်းငုံ့လိုက်ကြသည်။
ယင်းကို ချီဟောင်နှင့် တခြားလူများကြားသောအခါ သူတို့က မျက်လုံးဝင်းလက်သွားကြပြီး အံ့ဩသွားကြသည်။ သီရှီထျန်ပြောသော တံခါးပိတ်ကျင့်ကြံခြင်းက မည်သည်ကို ဆိုလိုကြောင်း သူတို့နားလည်ကြသည်။ ယင်းက အဆင့်ချိုးဖြတ်တော့မည်ဟု ဆိုလိုသည်။ တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာသည့်အခါ သူတို့၏ အရှင်က ပိုပြီးသန်မာသွားလိမ့်မည်။
“ အရှင်မင်းကြီး စိတ်ချပါ… အရှင် တံခါးပိတ်ကျင့်ကြံနေတဲ့အချိန် ကျွန်တော်က လှိုဏ်ဂူကို နေ့ရောညပါ စောင့်ကြပ်ပေးပါမယ်… ဘယ်သူမှ အရှင့်ကို မနှောင့်ယှက်စေရပါဘူး ”
ပိုင်ယွဲ့က လေးနက်စွာ ပြောသည်။ သူက ဝံပုလွေအုပ်စု၏ ဘုရင်ဖြစ်သောကြောင့် မောက်မာထောင်လွှားသော်လည်း သီရှီထျန်အပေါ် ကြည်ညိုလေးစားပြီး အလွန်သစ္စာရှိသည်။ ထို့ကြောင့် သူက သီရှီထျန်အတွက် အစောင့်အကြပ်လုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။
ယင်းကို ကြားသောအခါ သီရှီထျန်က စိတ်ကျေနပ်သွားသည်။ သို့သော်လည်း သူက ခေါင်းယမ်းလိုက်ပြီး ပြောသည်။
“ မလိုဘူး… ငါတံခါးပိတ်မကျင့်ကြံခင် လှိုဏ်ဂူအဝင်ဝကို ကျောက်တုံးကြီးတစ်တုံးနဲ့ ချိပ်ပိတ်ထားခဲ့မယ်… အဲ့ဒါကို ငါကိုယ်တိုင်မဖယ်ပေးရင် ဘယ်သူမှ အထဲမဝင်နိုင်ဘူး… ငါမရှိတဲ့အချိန် မင်းတို့အားလုံး အပျင်းခိုနေလို့ မရဘူး… တစိုက်မတ်မတ် ကြိုးစားကျင့်ကြံရမယ် ”
ယခု သူ၏ မရီဒျန်အားလုံးထဲမှာ မိစ္ဆာစွမ်းအားဖြင့် ပြည့်လျှံနေသည်။ အကယ်၍ သူက ဆက်ပြီး ကျင့်ကြံမည်ဆိုလျှင်ပင် နောက်ထပ် တိုးတတ်ရန် နေရာမရှိတော့ပေ။ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်မှသာလျှင် သူ၏ မိစ္ဆာစွမ်းအားက ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ သို့မှသာ သူက ဆက်ပြီး ကျင့်ကြံနိုင်လိမ့်မည်။
ဤတစ်ကြိမ် သူတံခါးပိတ်ကျင့်ကြံခြင်းက မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရန် ဖြစ်သည်။ ယင်းက သေချာပေါက် သူလုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ အကယ်၍ သူက မိစ္ဆာစံအိမ်ဖွင့်လှစ်ရန် နှောင့်နှေးနေမည်ဆိုလျှင် ယင်းက သူ့အတွက် မကောင်းမွန်ပေ။
ထို့ပြင် သူ့မှာ မိစ္ဆာကျင့်စဉ်တစ်ခုရှိပြီး မိစ္ဆာစံအိမ်ကို မည်သို့ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သူသိထားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှာလည်း မိစ္ဆာစွမ်းအားဖြင့် ပြည့်လျှံနေသည်။ ယခု သူ၏ ကျင့်ကြံခြင်းက တတိယအဆင့်၏ အထွတ်အထိပ်မှာ ဖြစ်သည်။ ထိုအချက်အားလုံး ပေါင်းစည်းသွားသည့်အခါ ယခု သူသည် မိစ္ဆာစံအိမ်ဖွင့်လှစ်ရန် အသင့်တော်ဆုံး အခြေအနေမှာ ရှိနေ၏။ ယခုအချိန်မှ မိစ္ဆာစံအိမ်ကို သူမဖွင့်လှစ်လျှင် မည်သည့်အချိန်မှ ဖွင့်လှစ်မည်နည်း။
သီရှီထျန်သည် ချီဟောင်နှင့် တခြားလူများကို သတိပေးပြီးနောက် တစ်ခဏစဉ်းစားလိုက်ပြီး မျောက်မင်းဝိုင်ပါသော ဝါးကျည်တောက်ဆယ်ခုကို သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်လိုက်သည်။ သူတို့စတင်မကျင့်ကြံမီ မျောက်မင်းဝိုင်ကို ပါးစပ်အပြည့် တစ်ငုံသောက်ရမည်ဟု သူမှာကြားလိုက်သည်။ ထိုနည်းဖြင့်ဆိုလျှင် မိစ္ဆာစွမ်းအားကို သူတို့ကျင့်ကြံသည့်အခါ ဝိညာဉ်ဝိုင်ထဲမှာ ပါဝင်နေသော စွမ်းအင်အနှစ်သာရကို သန့်စင်နိုင်ပြီး စုပ်ယူနိုင်လိမ့်မည်။ ယင်းက သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ပေးလိမ့်မည်။ တစ်ချိန်တည်းမှာ သူတို့၏ မိစ္ဆာစွမ်းအားက မြန်ဆန်စွာ တိုးပွားသွားလိမ့်မည်။
“ ဝုန်း ”
သီရှီထျန်သည် သူ၏ မိစ္ဆာစွမ်းအားကို အသုံးပြု၍ ကျောက်ဆောင်တစ်ခုကို ဧရာမကျောက်တုံးကြီးတစ်တုံးအဖြစ် အရည်ပျော်စေသည်။ ချီဟောင်နှင့် တခြားလူများ ထွက်သွားသည့်အခါ သူက ဧရာမကျောက်တုံးကြီးကို လှိုဏ်ဂူ၏ အဝင်ဝမှာထား၍ ချိပ်ပိတ်လိုက်သည်။ လေဝင်ပေါက်တစ်ခုသာလျှင် သူချန်ထားလိုက်သည်။
“ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ဖို့ဆိုရင်… မိစ္ဆာစံအိမ်ရဲ့ တည်နေရာအတိအကျကို အရင်ဆုံး သတ်မှတ်ရလိမ့်မယ် ”
ယင်းက အလွန်အရေးကြီးသောအချက် ဖြစ်သည်။
မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ခြင်းသည် မသေမျိုးကျင့်ကြံသူတစ်ယောက် သူ့ကိုယ်ပိုင် ခရမ်းရောင်နန်းတော်ကို ဖွင့်လှစ်ခြင်းနှင့် တူညီသည်။ ခရမ်းရောင်နန်းတော် ထိခိုက်ပျက်စီးသွားလျှင် ထိုကျင့်ကြံသူက ဒဏ်ရာပြင်းထန်စွာ ရရှိသွားလိမ့်မည်။ ခရမ်းရောင်နန်းတော် ဖျက်ဆီးခံရလျှင် ယေဘုယျအားဖြင့် ထိုကျင့်ကြံသူ၏ ကျင့်ကြံခြင်းစွမ်းအင်အားလုံး ဆုံးရှုံးသွားလိမ့်မည်။
မှန်ပေ၏။ မိစ္ဆာစံအိမ်က အဆင့်ပိုပြီးမြင့်လေ ယင်း၏ ခုခံကာကွယ်မှုက ပိုပြီးသန်မာလေ ဖြစ်သည်။ အဆင့်မြင့်သော မိစ္ဆာစံအိမ်များသည် အလွယ်တကူ ဖျက်ဆီးမခံရပေ။
ထို့ပြင် မိစ္ဆာစံအိမ်သည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက ပိုပြီးတိုးတတ်သွားသည်နှင့် မိစ္ဆာစံအိမ်က ပိုပြီးကြီးထွားလာလိမ့်မည်။
မိစ္ဆာစံအိမ်ဖွင့်လှစ်ခြင်းတွင် အလွန်အရေးကြီးသည့် အချက်တစ်ချက်က မိစ္ဆာစံအိမ်ကို ဖွင့်လှစ်မည့် တည်နေရာ ဖြစ်သည်။ ထိုနေရာသည် မိစ္ဆာစံအိမ်နှင့်အတူ ဆက်ပြီး ကြီးထွားလာပြီး သန်စွမ်းလာလိမ့်မည်။
ဥပမာ ပိုင်စုစုက သူ၏ မိစ္ဆာစံအိမ်ကို ဝမ်းဗိုက်ထဲမှာ ဖွင့်လှစ်လိုက်သော် သူ၏ ဝမ်းဗိုက်က မိစ္ဆာစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ အဆက်မပြတ် ကြီးထွားလာပြီး သန်စွမ်းလာလိမ့်မည်။ ယင်းက တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများထက် အများကြီး ပိုသန်စွမ်းလိမ့်မည်။
စက်ကရာသည် သူ့ကိုယ်ပိုင်မိစ္ဆာစံအိမ်ကို ဖွင့်လှစ်မည့် တည်နေရာနှင့်ပတ်သက်ပြီး အစောကြီးကတည်းက ကြိုပြင်ဆင်ထားသည်။ ယင်းက…
နှလုံးဖြစ်သည်။
သူက နှလုံးမှာ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်မည်။
နှလုံးသည် အသက်ဓာတ်အရင်းအမြစ် ဖြစ်သည်။ သွေးနှင့်ချီက ထိုနေရာမှာ စုဝေးသည်။ နှလုံးသည် သက်ရှိများအတွက် မည်မျှအရေးကြီးကြောင်း အထူးတလည် ရှင်းပြနေရန် မလိုပေ။ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက မည်မျှမြင့်မားပါစေ သူ့မှာ နှလုံးမရှိလျှင် မည်သို့အသက်ရှင်နိုင်မည်နည်း။
ဤတစ်ကြိမ်တွင် သူက နှလုံးထဲမှာ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်သည်။ သူက မိစ္ဆာစံအိမ်ကို သူ့နှလုံးနှင့် ပေါင်းစည်းမည်။ ထိုနည်းဖြင့်ဆိုလျှင် မိစ္ဆာစွမ်းအား၏ အဆက်မပြတ် အားဖြည့်ပေးမှုအောက်မှာ သူ၏ နှလုံးက ပိုပြီးသန်စွမ်းလာလိမ့်မည်။
သန်စွမ်းသော နှလုံးကို ပိုင်ဆိုင်ထားခြင်း… ။
ယင်းက မည်သည့်အဓိပ္ပာယ်နည်း။
ယင်းက သန်စွမ်းသော အသက်ဓာတ်အား ပိုင်ဆိုင်ထားခြင်းကို ရည်ရွယ်သည်။ တူညီသော ဒဏ်ရာများရရှိသွားသည့်အခါ တခြားလူများက အသက်သေဆုံးသွားလျှင်ပင် သူက မသေဆုံးနိုင်ပေ။
ထို့ပြင် နှလုံးသည် သွေးနှင့်ချီ စုဝေးနေသောနေရာ ဖြစ်သည်။ ယင်းက သွေးနှင့်ချီ၏ ပင်မအရင်းအမြစ် ဖြစ်သည်။ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်သည့်အခါ မိစ္ဆာစံအိမ်၏ အဆင့်အတန်းပေါ်မူတည်၍ ကောင်းကျိုးများ ရရှိလိမ့်မည်။ အဆင့်မြင့်သော မိစ္ဆာစံအိမ်ကို သူဖွင့်လှစ်နိုင်မည်လော မည်သူသိနိုင်မည်နည်း။
အခန်း(၈၇)
“ ဟူး ”
သီရှီထျန်သည် ဆုံးဖြတ်ချက်ချပြီးနောက် နောက်ထပ် တုံ့ဆိုင်းမနေပေ။ သူက မျက်လုံးမှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။
အစောနက သူအသုံးပြုခဲ့သော မိစ္ဆာစွမ်းအားကို ပြီးပြည့်စုံအောင် ပြန်ဖြည့်တင်းလိုက်သည်။ ယခု သူက အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားသည်။ ထို့နောက် သူက စတင်လှုပ်ရှားလိုက်သည်။
ပထမဆုံး သူက မိစ္ဆာစွမ်းအားပမာဏတချို့ကို သူ၏ နှလုံးဆီသို့ ဂရုတစိုက် လမ်းညွှန်ပေးလိုက်သည်။ မိစ္ဆာစွမ်းအားက သူ၏ နှလုံးထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားသည်။ ယင်းက လေပြေလေညင်းသဖွယ် သူ၏ ကြေကွဲလွယ်သော နှလုံးကို ဖြည်းဖြည်းချင်း အားဖြည့်ပေးနေသည်။
မိစ္ဆာစွမ်းအားသည် အားဖြည့်ပေးပြီးသည်နှင့် ပြန်မထွက်သွားပေ။ ယင်းအစား မိစ္ဆာစွမ်းအားက နည်းနည်းချင်းစီ နှလုံးထဲသို့ စိမ့်ဝင်သွားသည်။ မိစ္ဆာစွမ်းအားဖြင့် သူ၏ နှလုံးကို လှုံ့ဆော်လိုက်သည်။ ယင်းက နှလုံးကို အဆက်မပြတ် ပိုပြီးသန်မာလာစေသည်။ မိစ္ဆာအမျှင်တန်းတစ်ခုက သူ၏ နှလုံးထဲသို့ စိမ့်ဝင်သွားသည့်အခါတိုင်း သူ၏ နှလုံးခုန်သံက ပိုပြီးကျယ်လောင်လာသည်။
တစ်ချိန်တည်းမှာ သွေးချီအမျှင်တန်းများက နှလုံးထဲမှ စိမ့်ထွက်လာပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးဆီသို့ စီးဆင်းသွားသည်။
တဖြည်းဖြည်း သူ၏ နှလုံးက ပိုပြီးသန်စွမ်းလာသည်။ သူ၏ သွေးထဲမှာ ကိန်းအောင်းနေသော စွမ်းအားသည်ပင် အနည်းငယ် ပိုသန်မာလာသည်။ ဤသည်မှာ သူ၏ သွေးက ဆင့်ကဲပြောင်းလဲသွားနေသည့်အလားပင်။ ယခု သူ၏ အသွေးအသားတစ်လက်မစီတိုင်းမှာ စွမ်းအင်က စီးဆင်းနေသည်။
မိစ္ဆာစံအိမ်ဖွင့်လှစ်သော နည်းလမ်းအရ ယင်းက အချိန်တိုတောင်းသော လုပ်ငန်းစဉ်မဟုတ်ပေ။ ယင်းအစား အချိန်ကြာညောင်းသော လုပ်ငန်းစဉ်ဖြစ်သည်။
ပထမအဆင့်တွင် မိစ္ဆာစွမ်းအားဖြင့် သူ၏ နှလုံးကို အဆက်မပြတ် အားဖြည့်ပေးနေရမည်။ ယင်းက သူ့နှလုံးကို တဖြည်းဖြည်း ပိုပြီးသန်စွမ်းလာစေမည်။ သူ့နှလုံးက အလုံအလောက် သန်မာသွားသည့်အခါမှ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပေးနိုင်မည့် အံ့ဖွယ်စွမ်းအားကို ဒလဟော သူထုတ်လွှတ်နိုင်လိမ့်မည်။
သို့မဟုတ်လျှင် မိစ္ဆာစံအိမ်ကို သူမဖွင့်လှစ်နိုင်မီ ကြီးမားသော စွမ်းအား၏ ရိုက်ခတ်မှုအောက်မှာ သူ၏ နှလုံးက ကွဲကြေသွားလိမ့်မည်။ ထို့ကြောင့် မိစ္ဆာစံအိမ်ကို သူမဖွင့်လှစ်မီ မိစ္ဆာစွမ်းအား၏ ကြမ်းကြုတ်သော ရိုက်ခတ်မှုကို တောင့်ခံနိုင်အောင် နှလုံးကို အရင်ဆုံး သူအားဖြည့်ပေးရမည်။
ထိုအဆင့်သည် အလွန်အရေးကြီးသည်။ ယင်းက အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်းကို အဆုံးအဖြတ်ပေးနိုင်သည့်အဆင့် ဖြစ်၏။
ထို့ကြောင့် သီရှီထျန်က ထိုအဆင့်ကို အလွန်သတိထားနေခြင်း ဖြစ်သည်။ သူက ကျင့်စဉ်ကို တိတ်တဆိတ် လှည့်ပတ်နေရင်း မိစ္ဆာစွမ်းအားကို သူ့နှလုံးဆီသို့ နည်းနည်းချင်းစီ စေလွှတ်လိုက်သည်။
သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် ထူထဲသော မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ကို အပြည့်ဖုံးလွှမ်းသွားသည်။ မိစ္ဆာကျင့်စဉ်ကို သူလှည့်ပတ်လိုက်သည့်အခါ မိုးမြေကြားမှ ပမာဏများပြားသော ဝိညာဉ်စွမ်းအားက သူ၏ ဦးခေါင်းထက်တွင် ဝဲကတော့တစ်ခုပမာ စုဝေးသွားသည်။ ထို့နောက် ဝိညာဉ်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာသည်။
လှိုဏ်ဂူ၏ အပြင်ဘက်တွင် သီရှီထျန်က မည်သူမှ အစောင့်အကြပ်မလုပ်ရန် မှာကြားခဲ့သော်လည်း ပိုင်ယွဲ့သည် လှိုဏ်ဂူ၏ အရှေ့မှာ စောင့်ကြပ်ပေးနေသည်။ သူက မြေကြီးပေါ်မှာ လဲလျောင်းနေရင်း မျက်လုံးမှိတ်ထားသည်။ သူသည်လည်း မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို စုပ်ယူ၍ ယင်းကို မိစ္ဆာစွမ်းအားအဖြစ် သန့်စင်နေသည်။ သို့သော် သူ၏ နားရွက်များက အမြဲတမ်း ထောင်မတ်နေသည်။ ရံဖန်ရံခါ ထိုနားရွက်များက လှုပ်သွားလေ့ရှိသည်။ ရှင်းလင်းစွာပင် သူက ကျင့်ကြံနေရင်း ဘေးပတ်ဝန်းကျင်ကို အမြဲသတိထားနေသည်။
… … …
ယွမ်ထျန်း၊ ချီဟောင်နှင့် တခြားလူများသည် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ရှာဖွေရန်အလို့ငှာ သားရဲအုပ်စုတစ်ခုကို ဦးဆောင်၍ ချိုင့်ဝှမ်းအပြင်သို့ ထွက်သွားကြသည်။ သီရှီထျန်၏ မှာကြားချက်အရ ယင်းက မည်သည့်အပင်ဖြစ်ပါစေ ချိုင့်ဝှမ်းထဲမှာ မရှိလျှင် ယင်းကို အမြစ်ပါဆွဲနုတ်၍ ချိုင့်ဝှမ်းထဲမှာ ပြောင်းရွှေ့စိုက်ပျိုးရမည်။ ထိုနည်းဖြင့်ဆိုလျှင် အနာဂတ်မှာ ပစ္စည်းပြတ်တောက်သွားသည့်အခါ သူတို့က ချိုင့်ဝှမ်းအပြင်ဆီသို့ သွားစရာလိုတော့မည် မဟုတ်ချေ။
တောင်ပိုင်းမြေရိုင်းဒေသသည် ယခင်က သူတို့မြင်ခဲ့သည့်အတိုင်း အကန့်အသတ်မဲ့စွာ ကျယ်ပြောသည်။ ထူထဲသော မြူခိုးထု၏ ဖုံးလွှမ်းမှုအောက်မှာ သားရဲတိရိစ္ဆာန်များသည် အမဲလိုက်ရန်ဖြစ်စေ သို့မဟုတ် တောအုပ်ထဲမှာ လှည့်လည်သွားရန်ဖြစ်စေ သူတို့၏ ပင်ကိုယ်ဗီဇကိုသာ အားကိုးကြရသည်။
သို့သော် ဤတောင်တန်းဒေသထဲမှာ သားရဲတိရိစ္ဆာန်များသာ ရှိကြခြင်း မဟုတ်ပေ။ တောင်တန်းထဲမှာ ကျင့်ကြံသူများသည်လည်း လှည့်လည်သွားလာနေကြသည်။ သူတို့သည် တစ်ယောက်တည်းဖြစ်စေ သို့မဟုတ် သုံးယောက်တစ်အုပ်စု ငါးယောက်တစ်အုပ်စုဖြစ်စေ စွန့်စားသွားလာကြသည်။
သူတို့ထဲမှ အများစုသည် တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများ သို့မဟုတ် မိသားစုငယ်များမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှ ဝိညာဉ်စွမ်းအားက မသေမျိုးကျင့်ကြံခြင်းလောက၏ ဝိညာဉ်သွေးကြောများနှင့် ဝိညာဉ်တောင်တန်းများကို မယှဉ်နိုင်သော်လည်း သေမျိုးလောကမှာထက် အများကြီး သာလွန်ပေသည်။ ဤနေရာမှာ ကျင့်ကြံခြင်းက တခြားနေရာများထက် အများကြီး ပိုမြန်ဆန်သည်။
သူတို့က တောင်ပိုင်းမြေရိုင်းဒေသထဲသို့ မည်သို့ကြောင့် ရောက်လာကြသနည်း။
များသောအားဖြင့် သူတို့သည် ကျင့်ကြံခြင်း၊ မိုးမြေကြားမှ ဝိညာဉ်အပင်များနှင့် ဝိညာဉ်ရတနာများကို ရှာဖွေခြင်း၊ ဝိညာဉ်သားရဲများကို ဖမ်းဆီးခြင်း၊ သားရဲတိရိစ္ဆာန်များကို သတ်ဖြတ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ကြသည်။ ယင်းတို့သည် များသောအားဖြင့် သူတို့လုပ်ဆောင်ကြသော အရာများဖြစ်ကြသည်။
အတိတ်မှာ သီရှီထျန်နှင့် တခြားလူများသည် ကံကောင်းသွားသောကြောင့်သာ တောင်တန်းထဲမှာ သူတို့ခရီးဆက်နေစဉ် မသေမျိုးကျင့်ကြံသူများနှင့် မတွေ့ဆုံဘဲ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့ကြသည်။ သို့မဟုတ်လျှင် ယခု ကွဲပြားခြားနားသော ရလဒ်တစ်ခု ထွက်ပေါ်လာနိုင်လောက်၏။
အခုလောလောဆယ် တောင်ပိုင်းမြေရိုင်းဒေသအကြောင်း မပြောကြရအောင်။
ဤအခိုက်အတန့်မှာ ချူတိုင်းပြည်၏ တောင်ပိုင်းအရပ်ဒေသတွင် လင်းနန်ဟုခေါ်သော ရှေးဟောင်းမြို့တော်တစ်ခုရှိသည်။ ထိုရှေးဟောင်းမြို့တော်သည် တခြားမြို့တော်များ၊ နယ်မြို့များနှင့် ကွဲပြားခြားနားသည်။ မြို့တံတိုင်းပေါ်တွင် အစောင့်အကြပ်တာဝန်ကို ထမ်းဆောင်နေကြသော စစ်သည်ရဲမက်များ အများကြီးမရှိပေ။ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားကြသော လူငယ်တချို့သာလျှင် မြို့တံတိုင်းပေါ်မှာ ရပ်နေကြပြီး ဘေးဘီသို့ အမြဲစောင့်ကြည့်နေကြသည်။
မြို့ဂိတ်တံခါး၏ အရှေ့တွင်လည်း ဝတ်စုံပြာဝတ်ဆင်ထားသော လူငယ်များက ရပ်နေကြသည်။ မြို့ဂိတ်တံခါးကို ဖြတ်ကျော်မည့် လူတိုင်းသည် အစစ်ဆေးခံကြရလိမ့်မည်။ သူတို့က သေးငယ်သော တုံကင်တစ်ခုကို ထုတ်ပြမှသာလျှင် မြို့ထဲသို့ ဝင်ရောက်နိုင်ကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က သေချာကြည့်မည်ဆိုလျှင် မြို့ထဲသို့ ဝင်ရောက်သွားကြသော လူများက သာမန်မဟုတ်ကြောင်း သတိထားမိလိမ့်မည်။ သူတို့ထဲမှ အများစုက မောက်မာထောင်လွှားကြသည်။ သူတို့က သာမန်လူများကို မြင်သည့်အခါ အထင်သေးရှုံ့ချသော အကြည့်ကို ထုတ်ဖော်ကြသည်။ ဤသည်မှာ သူတို့က အထက်တန်းစားလူများ ဖြစ်သည့်အလားပင်။ သူတို့က အရွယ်သုံးပါးစုံလင်သည်။ သူတို့တစ်ယောက်စီသည် သာမန်လူများနှင့် ကွဲပြားခြားနားသော ကိုယ်ဟန်အမူအရာကို ပိုင်ဆိုင်ထားကြသည်။
မှန်ပေသည်။ ဤနေရာက ကျင့်ကြံသူများ စုဝေးနေသော ရှေးဟောင်းမြို့တော် ဖြစ်သည်။ ထိုမြို့တော်ကို လီမိသားစုက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လီမိသားစုသည် မသေမျိုးကျင့်ကြံခြင်းလောက၏ ပထမတန်းစား မိသားစုတစ်ခု ဖြစ်သည်။ ယင်းက သီရှီထျန်သတ်ခဲ့သော လီသွမ့်ချန်း၏ လီမိသားစုနှင့် အတူတူဖြစ်သည်။ လင်းနန်မြို့တော်သည် လီမိသားစု၏ လက်အောက်မှာ တည်ရှိသည်။ မြို့တော်ကို စောင့်ကြပ်နေသူများက လီမိသားစု၏ အဖွဲ့သားများ ဖြစ်ကြသည်။
မသေမျိုးကျင့်ကြံခြင်းမိသားစုတစ်ခုက ပထမတန်းစားသို့ အဆင့်တိုးမြှင့်ချင်သည်ဆိုလျှင် ကျင့်ကြံခြင်းမြို့တော်တစ်မြို့ကို တည်ဆောက်ရမည်။ ထိုမြို့တော်သည် သေမျိုးများ နေထိုင်နိုင်သောနေရာ မဟုတ်ပေ။ မြို့တော်သည် မသေမျိုးကျင့်ကြံသူများနှင့် တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများ စုဝေးကြသောနေရာ ဖြစ်သည်။ ထိုနေရာမှာ သူတို့က သတင်းဖလှယ်ခြင်းနှင့် ကျင့်ကြံခြင်းပစ္စည်းများ ရောင်းဝယ်ခြင်းကို လုပ်ဆောင်ကြသည်။
သို့ဖြစ်၍ လင်းနန်မြို့တော်သည် မသေမျိုးကျင့်ကြံသူများ စီးပွားရေးလုပ်သောနေရာ ဖြစ်သည်။ ပစ္စည်းများ ကုန်သွယ်ရာတွင် သို့မဟုတ် ရောင်းဝယ်ရာတွင် ငွေကြေးအစား ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကြသည်။ ဝိညာဉ်ကျောက်တုံးသည် မသေမျိုးကျင့်ကြံခြင်းလောက၏ ငွေကြေးဖြစ်သည်။
ဤသို့ကျင့်ကြံခြင်းမြို့တော်တစ်မြို့ကို တည်ဆောက်နိုင်သော ပထမတန်းစား မိသားစုသည် ထုံးစံအားဖြင့် အကျိုးအမြတ်များကို သေချာပေါက် ရရှိလိမ့်မည်။ အကျိုးအမြတ်က မည်မျှကြီးမားသနည်း။ ယင်းက အလွန်ကြီးမားသည်။
ဥပမာ လီမိသားစုသည် မြို့တော်ထဲမှာ သူတို့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ကြသည်။ ယင်းက သူတို့၏ အဓိကဝင်ငွေ ဖြစ်သည်။ ထို့ပြင် သူတို့က လူတိုင်းထံမှ အခွန်ခကိုလည်း ကောက်ခံသည်။ တစ်စုံတစ်ယောက်က လင်းနန်မြို့တော်ထဲမှာ ဈေးဆိုင်ဖွင့်ချင်လျှင် သို့မဟုတ် နေထိုင်ချင်လျှင် အခွန်ပေးဆောင်ရလိမ့်မည်။ အခွန်ပေးဆောင်ခြင်းမှ သူတို့ရရှိသော ဝိညာဉ်ကျောက်တုံးများက မနည်းပေ။ ထို့ကြောင့် လီမိသားစုသည် ပထမတန်းစား ကျင့်ကြံခြင်းမိသားစုဖြစ်သည်နှင့်အညီ ဝိညာဉ်ကျောက်တုံးများ မရှားပေ။
ထို့ပြင် သူတို့သည် မိသားစု၏ အခြေခံအုတ်မြစ်အတွက် ပမာဏများပြားသော ဝိညာဉ်ရတနာများကိုလည်း စုဆောင်းထားကြသည်။
ထို့ကြောင့် ယေဘုယျအားဖြင့်ဆိုရသော် ပထမတန်းစား မိသားစုတစ်ခုဖြစ်လာပြီးနောက် ပထမဆုံး လုပ်ဆောင်ရမည်မှာ သူတို့ပိုင်ဆိုင်သော ကျင့်ကြံခြင်းမြို့တော်တစ်မြို့ကို တည်ဆောက်ရန် ဖြစ်သည်။ ထိုမြို့တော်သည် သူတို့၏ စစ်မှန်သော အခြေခံအုတ်မြစ်ဖြစ်ပြီး သူတို့ကို နောက်ထပ် တိုးတတ်စေမည့် အာမခံချက် ဖြစ်သည်။
“ မင်းတို့ကြားပြီးကြပြီလား… လီမိသားစုရဲ့ ဘိုးဘေးရတနာဖြစ်တဲ့ ဝိညာဉ်သံလိုက်အိမ်မြှောင်က ပျောက်သွားတယ်တဲ့… ပြီးတော့ အဲ့ဒါကို ကျားနက်တစ်ကောင်က ယူသွားတယ်တဲ့ ”
“ အဲ့ဒါတင်ပဲ မဟုတ်ဘူး… လီမိသားစုရဲ့ သခင်လေးက ကျားနက်ရဲ့ လက်သည်းအောက်မှာ သေဆုံးသွားခဲ့တယ်… ငါ့အမြင်မှာတော့ အဲ့ဒီကျားနက်က အစွမ်းထက်တဲ့ မိစ္ဆာသားရဲတစ်ကောင်ဖြစ်လောက်မယ်… မဟုတ်ရင် ဘာလို့ အဲ့ဒီကောင်က အရမ်းသန်မာပြီး လူသားတစ်ယောက်လို အသိဉာဏ်ရှိနေမှာလဲ ”
“ အင်း… ကောလဟာလတွေအရ အဲ့ဒီကျားနက်ကို တောင်ပိုင်းမြေရိုင်းဒေသရဲ့ အနီးနားမှာ မြင်တွေခဲ့တယ်တဲ့… ဖြစ်နိုင်တာက အဲ့ဒီကောင်က တောင်ပိုင်းမြေရိုင်းဒေသကနေ ဆင်းလာတာများလား ”
လင်းနန်မြို့တော်ထဲတွင် အမည်မသိအကြောင်းအရင်းတချို့ကြောင့် ကောလဟာလများ ပျံ့နှံ့နေသည်။ ထို့ပြင် ထိုကောလဟာလအားလုံးက ကျားရဲတောင်တန်းဒေသထဲမှ ကျားနက်နှင့် သက်ဆိုင်နေသည်။
ဝိညာဉ်သံလိုက်အိမ်မြှောင်… ။
ယင်းက ကျင့်ကြံခြင်းလောကတွင် ကံကောင်းထောက်မမှသာ ရရှိနိုင်သော ရှားပါးရတနာဖြစ်သည်။ တစ်စုံတစ်ယောက်က ယင်းကို ပိုင်ဆိုင်သွားလျှင် မိုးမြေကြားမှ ရတနာများကို လွယ်ကူမြန်ဆန်စွာ ရှာဖွေနိုင်လိမ့်မည်။ ယင်းကို ပိုင်ဆိုင်ထားခြင်းက မိုးမြေကြားမှ ရတနာများ၊ ဝိညာဉ်အပင်များနှင့် ရှားပါးသတ္ထုများအား ရှာဖွေနိုင်မည့် အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်ထားခြင်းနှင့် အတူတူပင်။ ဝိညာဉ်သံလိုက်အိမ်မြှောင်ဖြင့်ဆိုလျှင် ပစ္စည်းရှာဖွေခြင်းက လွယ်ကူသွားလိမ့်မည်။ ယင်းက ဝိညာဉ်သံလိုက်အိမ်မြှောင်၏ ဆွဲဆောင်မှုဖြစ်သည်။
အတိတ်တွင် ထိုသံလိုက်အိမ်မြှောင်က လီမိသားစု၏ လက်ထဲမှာ ရှိနေခဲ့သည်။ ယင်းကို အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က အမြဲတမ်း ကာကွယ်စောင့်ကြပ်ပေးနေသည်။ သေမျိုးလောကတွင် မည်သူမှ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ လက်ထဲမှ ရတနာကို လုယက်ဝံ့လိမ့်မည် မဟုတ်ချေ။
သို့သော် ယခုက ကွဲပြားခြားနားသွားသည်။ ဝိညာဉ်သံလိုက်အိမ်မြှောင်သည် လီမိသားစု၏ လက်ထဲမှ ပျောက်ဆုံးသွားသည်။ ထို့ပြင် ယင်းက မိစ္ဆာသားရဲတစ်ကောင်၏ လက်ထဲသို့ ကျရောက်သွားသည်။ သို့ဖြစ်၍ ယင်းက လီမိသားစုပိုင်ရတနာ မဟုတ်တော့ပေ။ ယင်းက မည်သူမဆို ရှာဖွေနိုင်သော ပိုင်ရှင်မဲ့ရတနာတစ်ခု ဖြစ်လာသည်။
ထိုကောလဟာလများ စတင်ပျံ့နှံ့သွားသည်နှင့် မုန်တိုင်းတစ်ခုက လင်းနန်မြို့တော်ထဲမှာ ထွက်ပေါ်လာသည်။ အချိန်တိုလေးအတွင်းမှာ ကျင့်ကြံသူအများအပြားသည် လိုအပ်သော ပစ္စည်းများကို ဝယ်ယူ၍ အမြန်ထွက်ခွာသွားကြသည်။ တူညီသော အချက်တစ်ချက်မှာ ထိုလူအားလုံးက တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ဦးတည်သွားနေကြသည်။
" ဘန်း "
မြို့တော်ထဲမှ စံအိမ်တစ်ခု၏ အခန်းထဲဝယ် အနီရောင်စန္ဒကူးဖြင့် ပြုလုပ်ထားသော သစ်သားစားပွဲခုံက အပိုင်းပိုင်း ကျိုးကြေသွားသည်။
“ ဟွန့်… ဘာဖြစ်ကုန်တာလဲ… ငါတို့လီမိသားစုရဲ့ ဝိညာဉ်သံလိုက်အိမ်မြှောင် ပျောက်သွားတဲ့သတင်းက ဘယ်လိုလုပ် တစ်မြို့လုံး ပျံ့နှံ့သွားတာလဲ… ပြီးတော့ ကျားနက်က ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ယူသွားတယ်လို့ ကောလဟာလထဲမှာ ပြောထားတယ်… ဘယ်သူက အဲ့ဒီကောလဟာလတွေကို ဖြန့်နေတာလဲ ”
အခန်းထဲတွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ဒေါသတကြီး ပြောသည်။ သူက အလွန်ဒေါသထွက်နေလေရာ သူ၏ မျက်လုံးထဲတွင် မီးဟုန်းဟုန်းတောက်နေသည်။ ထိုသက်လတ်ပိုင်းအမျိုးသားသည် လီမိသားစုခေါင်းဆောင် လီကျီ ဖြစ်သည်။ သူ့မှာ ကြီးမားသော ရည်မှန်းချက်ရှိသည်။ သူက လီမိသားစုကို တစ်နေ့ကျလျှင် ချူမိသားစုကဲ့သို့ ထိပ်တန်းအဆင့် မိသားစုတစ်ခုဖြစ်လာရန် မျှော်လင့်နေသည်။ ထိုအခါ သူတို့သည် မသေမျိုးကျင့်ကြံခြင်းလောကမှ ဂိုဏ်းများနှင့် တန်းတူယှဉ်ပြိုင်နိုင်လိမ့်မည်။
အမှန်တကယ်ပင် သူ၏ ဦးဆောင်မှုအောက်မှာ လီမိသားစုက ယခင်ကထက် အများကြီး ပိုအင်အားကြီးမားလာသည်။ စိတ်မကောင်းစရာမှာ သူ၏ တစ်ဦးတည်းသော သားက သီရှီထျန်၏ လက်ထဲမှာ သေဆုံးသွားသည်။ သို့သော်လည်း သူ့သား သေဆုံးသွားခြင်းက အရေးကြီးသောကိစ္စ မဟုတ်ပေ။ သူက အရွယ်ကောင်းနေဆဲဖြစ်လေရာ နောက်ထပ် သားတစ်ယောက်ယူရန် မခက်ခဲပေ။ သူ့သားနှင့် မိသားစုကြားတွင် သူက မိသားစုအရေးကိုသာ ရွေးချယ်လိမ့်မည်။ သူ့မိသားစုအတွက် အရာအားလုံးကို သူစတေးနိုင်သည်။
ယခု သူ့ကို စိတ်မအေးစေသည်မှာ လီမိသားစု၏ ဘိုးဘေးရတနာဖြစ်သော ဝိညာဉ်သံလိုက်အိမ်မြှောင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ယင်းက လီမိသားစုအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှု ဖြစ်သည်။