← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း(၈၈)

အတိတ်တွင် လီမိသားစုသည် ဤအခြေအနေအထိ တိုးတတ်လာရန် ဝိညာဉ်သံလိုက်အိမ်မြှောင်ကို မှီခိုအားထားခဲ့သည်။ ဝိညာဉ်သံလိုက်အိမ်မြှောင်၏ တည်ရှိမှုသည် အစားထိုးမရနိုင်သောအရာ ဖြစ်သည်။ ယင်းကို ဆုံးရှုံးသွားခြင်းက လီမိသားစုအတွက် ကြီးမားသော ထိုးနှက်မှုဖြစ်သည်။

ထို့ကြောင့် ဝိညာဉ်သံလိုက်အိမ်မြှောင် ပျောက်ဆုံးသွားကြောင်း လီကျီ ကြားသိလိုက်ရစဉ်က ပထမဆုံး သူဖြစ်ပေါ်လာသည့် စိတ်ခံစားချက်က သူ့သား၏ သေဆုံးမှုအပေါ် ဝမ်းနည်းစိတ်မကောင်းခြင်း မဟုတ်ပေ။ ယင်းအစား ဒေါသဖြစ်ပေါ်လာသည်။ သံလိုက်အိမ်မြှောင် ပျောက်ဆုံးသွားသည့်အတွက် လီသွမ့်ချန်းကို သူဒေါသဖြစ်မိသည်။

သူက သတင်းကြားသည်နှင့်ချက်ချင်း သီရှီထျန်ကို ရှာဖွေရန် ကျားရဲတောင်တန်းဒေသဆီသို့ အမြန်လူစေလွှတ်လိုက်သည်။ သို့သော်လည်း ကံမကောင်းသည်မှာ ထိုအချိန်တွင် သီရှီထျန်က တောင်တန်းဒေသထဲမှ ထွက်သွားပြီ ဖြစ်၏။ သူတို့က ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ရှာမတွေ့သကဲ့သို့ သီရှီထျန်နှင့်ပတ်သက်သော သဲလွန်စများကိုလည်း ရှာမတွေ့ပေ။ အချိန်တော်တော်ကြာ ရှာဖွေပြီးမှသာ သူက မိသားစုဆီသို့ တုံ့ဆိုင်းစွာ ပြန်လာခဲ့သည်။

ယခု သံလိုက်အိမ်မြှောင်နှင့်ပတ်သက်သော သတင်းများက ပြန်ပေါ်လာသည်။ ယင်းတို့က ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာပြီး ထူးဆန်းသော်လည်း ဝိညာဉ်သံလိုက်အိမ်မြှောင်က လီမိသားစုအတွက် အလွန်အရေးကြီးသည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ယင်းတို့ကို သူတို့လျစ်လျူမရှုနိုင်ပေ။

ယခု သူ့ကို ဒေါသထွက်စေသည်မှာ ဝိညာဉ်သံလိုက်အိမ်မြှောင် ပျောက်ဆုံးသွားခြင်းက လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ မြို့တော်ထဲမှ လူတိုင်းက ယင်းကို သိသွားကြသည်။ ယခု ထိုကိစ္စက သူတို့၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားပြီး ရှုပ်ထွေးလာသည်။

“ အကိုကြီး… ဒီကောလဟာလတွေကို ဘယ်သူပဲ ဖြန့်ပါစေ… သူတို့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ပါစေ… ဝိညာဉ်သံလိုက်အိမ်မြှောင်က ကျုပ်တို့လီမိသားစုရဲ့ ဘိုးဘေးရတနာပဲ… ပြီးတော့ အဲ့ဒီကျားနက်က သွမ့်ချန်းကို သတ်သွားတဲ့ တရားခံ… ဘာပဲဖြစ်ဖြစ် ကျုပ်တို့လူတွေကို စေလွှတ်ရမယ်… အဲ့ဒီလေလွင့်ကျင့်ကြံသူတွေကို အခွင့်အရေးပေးလို့ မဖြစ်ဘူး ”

အခန်းထဲမှာ လီကျီတစ်ယောက်တည်း ရှိနေခြင်း မဟုတ်ပေ။ တခြားသက်လတ်ပိုင်းအမျိုးသားတစ်ဦးလည်း ရပ်နေသည်။ ထိုလူက လီကျီ၏ ညီအရင်းဖြစ်သော လီဝမ် ဖြစ်သည်။

“ ဒုတိယညီလေးပြောတာ မှန်တယ်… အခုချိန်မှာ အရေးကြီးဆုံးက ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ရှာတွေ့ဖို့ပဲ… နောက်သုံးနှစ်နေရင် ကောင်းကင်မိစ္ဆာအံ့ဖွယ်နယ်မြေက ပြန်ဖွင့်လှစ်တော့မယ်… ဝိညာဉ်သံလိုက်အိမ်မြှောင်ရဲ့ လမ်းညွှန်မှုမရှိရင် ငါတို့တွေ တန်ဖိုးကြီးရတနာတွေကို ရှာဖွေနိုင်မှာ မဟုတ်ဘူး… အဲ့ဒီအခွင့်အရေးကို ငါတို့ အမိအရဖမ်းဆုပ်ရမယ်… အံ့ဖွယ်နယ်မြေက နှစ်တစ်ထောင်ကြာမှ တစ်ခါဖွင့်လှစ်တာ… အဲ့ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်မယ်ဆိုရင် ငါတို့လီမိသားစုက ထိပ်တန်းအဆင့် ကျင့်ကြံခြင်းမိသားစုတစ်ခု ဖြစ်လာလိမ့်မယ်… ဒါကြောင့် ဘာပဲပေးဆပ်ရပါစေ ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ငါတို့ပြန်ရမှ ဖြစ်မယ် ”

လီကျီက စိတ်ဓာတ်ပြတ်သားသော အမူအရာဖြင့် တင်းမာစွာ ပြောသည်။

“ ညီလေးဝမ်… အခု သတင်းက တစ်မြို့လုံး ပျံ့နေပြီဆိုတော့ အဲ့ဒါကို တားဆီးဖို့ နောက်ကျသွားပြီ… ပြီးတော့ အခု ကျင့်ကြံသူအများကြီးက တောင်ပိုင်းမြေရိုင်းဒေသဆီ စတင်ထွက်ခွာနေကြပြီ… ဒီတစ်ကြိမ် ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ရယူဖို့ တာဝန်ကို မင်းဆီ ငါလွှဲပေးမယ်… မင်းက မိသားစုထဲက လက်ရွေးစင်တပည့်တွေကို ခေါ်ပြီး ချက်ချင်း ထွက်ခွာပါ… ဝိညာဉ်သံလိုက်အိမ်မြှောင်ကို မရရအောင် ပြန်ယူလာပါ… ကျန်တာတွေကို ခေါင်းထဲမထည့်နဲ့ ”

“ စိတ်ချပါ အကိုကြီး… ကျုပ်ကိုယ်တိုင် ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ဘေးကင်းလုံခြုံစွာ ပြန်ယူဆောင်လာပါမယ် ”

လီဝမ်၏ မျက်လုံးထဲမှာ မယိမ်းယိုင်သော စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။ သူက စိတ်ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း ထင်ရှားသည်။

လီကျီက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ ကောလဟာလတွေကို ငါစုံစမ်းလိုက်မယ်… ကျန်တဲ့ ကိစ္စကို မင်းဆီ ငါလက်လွှဲခဲ့မယ် ”

သိပ်မကြာမီ လီမိသားစုသည် ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ရှာဖွေရန် စတင်ထွက်ခွာသွားသည်။

သို့သော်လည်း ကောလဟာလများက အလွန်ကျယ်ပြန့်စွာ ပျံ့နှံ့သွားသည်။ ယင်းက လင်းနန်မြို့တော်တစ်ခုတည်းမဟုတ်ဘဲ တခြားကျင့်ကြံခြင်းမြို့တော်များမှာလည်း ပျံ့နှံ့သွားသည်။ ကျင့်ကြံသူများအပေါ် ဝိညာဉ်သံလိုက်အိမ်မြှောင်၏ ဆွဲဆောင်မှုက အလွန်ကြီးမားသည်။

တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများသည် ကံစမ်းရန်အလို့ငှာ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ စတင်ထွက်ခွာသွားကြသည်။

ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသသည် ကျင့်ကြံသူများ၏ အာရုံစိုက်မှုအလယ်သို့ ကျရောက်သွားသည်။

သို့သော် သီရှီထျန်သည်တော့ ယင်းကို မသိထားပေ။ သူက လှိုဏ်ဂူထဲမှာ တံခါးပိတ်ကျင့်ကြံနေပြီး သူ၏ မိစ္ဆာစွမ်းအားဖြင့် နှလုံးကို အဆက်မပြတ် အာဟာရဖြည့်ပေးနေသည်။

ထိုသို့အာဟာရဖြည့်ပေးခြင်းသည် ပုံမှန်မဟုတ်ပေ။ မိစ္ဆာစွမ်းအားက သူ၏ နှလုံးနှင့် ပေါင်းစပ်သွားသည့်အခါတိုင်း သူ၏ နှလုံးက ပိုပြီးသန်စွမ်းလာသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ကုန်ခမ်းသွားသည်။ ထို့ကြောင့် နှလုံးကို သူအားဖြည့်ပေးနေစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ဆက်တိုက် ယုတ်လျော့သွားသည်။

ကံကောင်းသည်မှာ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော စီးဝင်လာနေပြီး မရီဒျန်များထဲမှာ စီးဆင်းသွားသည်။ “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် သူလှည့်ပတ်နေစဉ် ဝိညာဉ်စွမ်းအားက မိစ္ဆာစွမ်းအားအဖြစ် မြန်ဆန်စွာ သန့်စင်ခံလိုက်ရသည်။

ထို့ကြောင့် အချိန်တိုင်းမှာ မိစ္ဆာစွမ်းအားက နည်းနည်းချင်းစီ တိုးပွားလာသည်။

သို့သော်လည်း ကံမကောင်းစွာပင် တိုးပွားလာသော မိစ္ဆာစွမ်းအားပမာဏက ကုန်ဆုံးသွားသော မိစ္ဆာစွမ်းအားပမာဏကို မယှဉ်နိုင်ပေ။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ သူ၏ မိစ္ဆာစွမ်းအားက တဖြည်းဖြည်း ယုတ်လျော့သွားသည်။ သူ၏ မရီဒျန်အားလုံးထဲမှာ မူလက ပြည့်လျှံနေသော မိစ္ဆာစွမ်းအားက ထိုအခြေအနေအောက်မှာ ဖြည်းဖြည်းချင်း ကုန်ခမ်းသွားသည်။ သူ၏ စွမ်းအားသည် တတိယအဆင့် အထွတ်အထိပ်မှ ကျဆင်းသွားသည်။

သို့သော်လည်း သီရှီထျန်သည် ထိုကိစ္စနှင့်ပတ်သက်၍ နှလုံးနာကျင်မှုကို မခံစားရပေ။

ထိုမိစ္ဆာစွမ်းအားက လေထဲမှာ ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ ယင်းအစား သူ့နှလုံးကို အာဟာရဖြည့်ပေးနေခြင်း ဖြစ်သည်။ နှလုံးသည် သူ့ကိုယ်ပိုင်မိစ္ဆာစံအိမ်ကို ဖွင့်လှစ်မည့် တည်နေရာဖြစ်သည်။ နှလုံးက ပိုပြီးသန်မာလေ မိစ္ဆာစံအိမ်ကို သူဖွင့်လှစ်သည့်အခါ ပိုပြီးလွယ်ကူလေ ဖြစ်သည်။ သို့မှသာ မိစ္ဆာစံအိမ်ကို သူဖွင့်လှစ်သည့်အခါ နှလုံးသည် ကြီးမားသော စွမ်းအားရိုက်ခတ်မှုဒဏ်ကို တောင့်ခံနိုင်လိမ့်မည်။

ထို့ကြောင့် နှလုံးက မိစ္ဆာစွမ်းအားအများကြီးကို စုပ်ယူလေ သူက ပိုပြီးပျော်ရွှင်လေ ဖြစ်သည်။ သူက မိစ္ဆာစွမ်းအား ကုန်ဆုံးသွားမည်ကို မစိုးရိမ်ပေ။ နှလုံးက မိစ္ဆာစွမ်းအား အလုံအလောက် မစုပ်ယူနိုင်မည်ကို သူစိုးရိမ်သည်။

မည်သို့ဖြစ်ပါစေ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးတွင် အကန့်အသတ်ရှိသည်။ နှလုံးမှာလည်း အကန့်အသတ်ရှိသည်။

နှလုံး၏ လက်ခံနိုင်သော အကန့်အသတ်သို့ ရောက်ရှိသွားပြီး မိစ္ဆာစွမ်းအားနှင့် နောက်ထပ် သူမပေါင်းစပ်နိုင်တော့သည့်အခါ ထိုအချိန်ကျလျှင် မိစ္ဆာစံအိမ်ကို သူဖွင့်လှစ်ရမည်။

“ အင်း… ငါ့ရဲ့ မိစ္ဆာစွမ်းအားကို အထွတ်အထိပ်အခြေအနေကနေ ပြန်ကျဆင်းသွားစေလို့ မဖြစ်ဘူး… အထွတ်အထိပ်အခြေအနေမှာ မဟုတ်ဘဲ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်မယ်ဆိုရင် ရလဒ်က ငါမျှော်လင့်ထားသလို ကောင်းမွန်မှာ မဟုတ်ဘူး ”

အပြင်လောကမှ မိုးမြေဝိညာဉ်စွမ်းအားသည် သူ၏ ကုန်ဆုံးသွားသော မိစ္ဆာစွမ်းအားပမာဏကို မယှဉ်နိုင်ပေ။ ထို့ကြောင့် သူက စိတ်ထဲမှာ လျှို့ဝှက်စွာ တွေးတောလိုက်သည်။ နှလုံးကို သန့်စင်ခြင်းက အရေးကြီးသော်လည်း သူ၏ မိစ္ဆာစွမ်းအားကို အထွတ်အထိပ်အခြေအနေမှာ ဆက်ပြီး ထိန်းထားရန်ကလည်း အရေးကြီးပေသည်။

သို့မဟုတ်လျှင် မိစ္ဆာစံအိမ်ကို သူဖွင့်လှစ်သည့်အခါ မိစ္ဆာစွမ်းအားက ရုတ်တရက် ကုန်ခမ်းသွားမည်ဆိုလျှင် သူ၏ ကြိုးစားမှုက ကျရှုံးသွားလိမ့်မည်။ အကယ်၍ သူက ကံကောင်းပြီး အောင်မြင်သွားမည်ဆိုလျှင်ပင် သူ၏ မိစ္ဆာစံအိမ်က အရည်အသွေးမကောင်းမွန်နိုင်ပေ။

ထိုသို့စဉ်းစားမိသောအခါ သီရှီထျန်သည် နှလုံးသန့်စင်ခြင်းကို ဆက်ပြီး မလုပ်ဆောင်တော့ပေ။ ယင်းအစား သူက ယာယီရပ်လိုက်ပြီး သူ၏ သိုလှောင်အိတ်ကို ဖွင့်လိုက်ကာ စွမ်းအင်စုစည်းဆေးပုလင်းနှင့် မျောက်မင်းဝိုင်ပါသော ဝါးကျည်တောက်များကို ထုတ်လိုက်သည်။ သူက ကျောက်စိမ်းပုလင်းထဲမှ စွမ်းအင်စုစည်းဆေးလုံးဆယ်လုံးကို အပြင်သို့ သွန်ချလိုက်သည်။ ပုလင်းထဲသို့ သူကြည့်လိုက်သည့်အခါ ဆေးလုံးအများကြီး မကျန်ရှိတော့ကြောင်း မြင်သွားသည်။ အများဆုံး နှစ်ဆယ်မှ သုံးဆယ်ခန့်သာ ကျန်ရှိတော့သည်။

သီရှီထျန်သည် စွမ်းအင်စုစည်းဆေးလုံးများကို တစ်ခဏကြာအောင် စိုက်ကြည့်လိုက်သည်။ ထို့နောက် စိတ်ဓာတ်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ပါးစပ်ဟလိုက်ပြီး လေကို ရှူသွင်းလိုက်သည်။ စွမ်းအင်စုစည်းဆေးလုံးဆယ်လုံးက သူ၏ ပါးစပ်ထဲသို့ တစ်ပြိုင်နက် ဝင်ရောက်သွားကြသည်။ တစ်ဆက်တည်းမှာ သူက ဝါးကျည်တောက်ကို အဖုံးဖွင့်လိုက်ပြီး အထဲမှ မျောက်မင်းဝိုင်အားလုံးကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထိုသို့လုပ်ဆောင်ပြီးသော်လည်း သူက မရပ်တန့်ခဲ့ပေ။ သူက တစ်ခဏတွေးတောပြီးနောက် သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။ နောက်အခိုက်အတန့်မှာ အဖြူရောင်ကျောက်စိမ်းအလင်းက လှိုဏ်ဂူထဲမှာ ထွက်ပေါ်လာသည်။

ထွန်းလင်းတောက်ပသော ကျောက်စိမ်းအလင်းနှင့်အတူ ကျောက်စိမ်းသန္ဓေသားက စက်ကရာ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ကျောက်စိမ်းသန္ဓေသားသည် အနည်းဆုံး ရှစ်ပေခန့် ရှည်လျားသည်။ သူသည် ကျောက်စိမ်းသန္ဓေသားကို ထုတ်ပြီးသည်နှင့် ယင်းကို သူ့ခန္ဓာကိုယ်၏ အောက်မှာ ထားလိုက်သည်။

ကျောက်စိမ်းသန္ဓေသားသည် အလွန်ထူးခြားဆန်းကြယ်သည်။ ထို့ပြင် သူတို့ကြားမှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ရှိသည်။ ထို့ကြောင့် အတွေးတစ်ခုက သူ့ခေါင်းထဲမှာ ထွက်ပေါ်လာသည်။ ကျောက်စိမ်းသန္ဓေသားကို သူ့ဘေးနားမှာထားလျှင် မိစ္ဆာစံအိမ်ကို သူဖွင့်လှစ်သည့်အခါ ယင်းက သူ့အား အကူအညီပေးနိုင်မည်လော။ အဖြေကို သူမသိသော်လည်း ယင်းကို စမ်းသပ်ကြည့်ရန် သူဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူက ကျောက်စိမ်းသန္ဓေသားကို သူ့အောက်မှာ ထားလိုက်ခြင်းပင်။

ကျောက်စိမ်းသန္ဓေသားပေါ်မှာ လဲလျောင်းပြီးနောက် သူက ကျားမျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ စွမ်းအင်စုစည်းဆေးလုံးများထံမှ စွမ်းအားနှင့် မျောက်မင်းဝိုင်ထဲမှ စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲသွားသည်။ အပူလှိုင်းလုံးများက သူ၏ ခန္ဓာကိုယ်ထဲမှာ ဆက်တိုက် ပေါ်လျှိုးလာသည်။ ပင်လယ်နတ်ဘုရားက ဒေါသထွက်နေသည့်အလား လှိုင်းလုံးများက သူ့ခန္ဓာကိုယ်၏ နေရာတိုင်းဆီသို့ ဖြန့်ကြက်သွားသည်။ ကျယ်လောင်သော မြည်သံများက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးဆီမှာ ထွက်ပေါ်လာသည်။

“ ဟွန့်… အရင်ကဆိုရင် ဒီလောက်ကြီးမားတဲ့ စွမ်းအားကို ငါထိန်းချုပ်နိုင်မှာမဟုတ်ဘူး… နေရာမှာတင် ငါသေဆုံးသွားလိမ့်မယ်… ဒါပေမဲ့ အခု ငါက အထွတ်အထိပ် ဝိညာဉ်သားရဲဖြစ်လာပြီ… ငါ့ခန္ဓာကိုယ်က နေ့စဉ်နေ့တိုင်း ပိုပြီးသန်စွမ်းလာတယ်… မင်းတို့တွေ ငါ့ခန္ဓာကိုယ်ကို ဘာမှမလုပ်နိုင်ဘူး… ငြိမ်သက်စမ်း ”

စွမ်းအင်စုစည်းဆေးလုံးများထံမှ စွမ်းအားနှင့် မျောက်မင်းဝိုင်ထဲမှ စွမ်းအားက တစ်ပြိုင်နက် ပေါက်ကွဲထွက်လာကြောင်း သီရှီထျန်ခံစားမိသည်။ သူက နှလုံးတင်းကျပ်မှုကို ခံစားမိသွားသည်။ သို့သော်လည်း သူက မကြောက်ပေ။ သူက စိတ်တည်ငြိမ်စွာထားလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ ပရမ်းပတာဖြစ်နေသော စွမ်းအားကို ထိန်းချုပ်လိုက်သည်။ သူက သူ့ကိုယ်ပိုင်မိစ္ဆာစွမ်းအားကို ဧရာမပိုက်ကွန်တစ်ခုနှယ် ပြောင်းလဲစေပြီး နေရာတိုင်းမှာ ရိုက်ခတ်နေသော လှိုင်းလုံးများပေါ်သို့ ဖိချလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

“ ဘန်း… ဘန်း… ဘန်း… ”

စွမ်းအင်စုစည်းဆေးလုံးများထံမှ စွမ်းအားက အလွန်ကြမ်းကြုတ်သည်။ ယင်းက အဆက်မပြတ် မာန်ဖီနေပြီး မိစ္ဆာစွမ်းအင်ပိုက်ကွန်ကို တန်ပြန်တိုက်ခိုက်နေသည်။ ယင်းက မိစ္ဆာစွမ်းအင်ပိုက်ကွန်၏ ဖိနှိပ်မှုမှ ရုန်းထွက်ချင်နေသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက အလွန်သိပ်သည်းနေသည်။ သူ၏ ထိန်းချုပ်မှုအောက်မှာ မိစ္ဆာစွမ်းအင်ပိုက်ကွန်က အလွန်သန်စွမ်းကြံ့ခိုင်သည်။ ယင်းက အဆုံးမဲ့သော မိစ္ဆာစွမ်းအား၏ ထောက်ပံ့ပေးမှုကိုလည်း ရရှိထားသည်။ ထို့ကြောင့် စွမ်းအင်စုစည်းဆေးလုံးများထံမှ စွမ်းအားက မည်မျှကြမ်းကြုတ်ပါစေ ပိုက်ကွန်ထဲမှ မရုန်းထွက်နိုင်ပေ။

မိစ္ဆာစွမ်းအင်ပိုက်ကွန်သည် မြန်ဆန်စွာ ကျုံ့သွားပြီး ကြီးမားသော ဆေးအစွမ်းကို သူ၏ ဝမ်းဗိုက်ထဲမှာ တစ်ခါတည်း ချိပ်ပိတ်လိုက်သည်။ ချိပ်ပိတ်ရာတွင် သေးငယ်သော အပေါက်တစ်ပေါက်ကို ချန်ထားခဲ့သည်။ ပမာဏနည်းပါးသော ဆေးအစွမ်းတချို့က ထိုအပေါက်ထဲမှ စီးဆင်းလာပြီး မိစ္ဆာစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ယင်းက သူ့နှလုံးကို အာဟာရဖြည့်ပေးရန် သူအသုံးပြုခဲ့သော မိစ္ဆာစွမ်းအားကို အစဉ်အမြဲ ပြန်လည်ဖြည့်တင်းပေးလိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင် အပြင်လောကမှ မိုးမြေဝိညာဉ်စွမ်းအားကို သူစုပ်ယူနေရင်း သူ၏ မိစ္ဆာစွမ်းအားကို အထွတ်အထိပ်အခြေအနေမှာ အမြဲတမ်း ထိန်းသိမ်းနိုင်လိမ့်မည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

လှိုဏ်ဂူသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ အနက်ရောင်မြူခိုးထုက လှိုဏ်ဂူတစ်ခုလုံးကို အပြည့်ဖုံးလွှမ်းထားသည်။ မြူခိုးထု၏ အပေါ်တွင် ဝိညာဉ်စွမ်းအားဝဲကတော့တစ်ခု ရှိသည်။ အောက်ဘက်တွင်တော့ အဖြူရောင်ကျောက်စိမ်းအလင်းကို ထုတ်လွှတ်နေသော ကျောက်စိမ်းသန္ဓေသားရှိသည်။

အချိန်သည် တိတ်တဆိတ် ကုန်ဆုံးသွားသည်။

နှလုံးကို အားဖြည့်ပေးခြင်းသည် အချိန်ကြာမြင့်စွာ လုပ်ဆောင်ရသော လုပ်ငန်းစဉ်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကုန်ဆုံးသွားသည်။

ထိုသုံးရက်အတွင်းမှာ တောင်ပိုင်းမြေရိုင်းဒေသက အတော်လေး စည်ကားသက်ဝင်နေသည်။

လီမိသားစု၏ ဝိညာဉ်သံလိုက်အိမ်မြှောင် ပျောက်ဆုံးသွားသော သတင်းက ပျံ့နှံ့သွားသည့်အခါ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူအများအပြားက တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အပြေးအလွှား ရောက်လာကြသည်။ အစတွင် ထိုတစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများသည် တောင်ပိုင်းမြေရိုင်းဒေသထဲသို့ တိုက်ရိုက် မဝင်ရောက်ဝံ့ကြပေ။ သူတို့က တောင်တန်းဒေသ၏ အစွန်အဖျားတွင် လိုက်လံရှာဖွေကြသည်။ မည်သို့ဖြစ်ပါစေ ယင်းက ကောလဟာလသတင်းသာ ဖြစ်သည်။ ယင်းက အမှန်ဟုတ်မဟုတ် မည်သူမှ သေချာမသိကြပေ။

အခန်း(၈၉)

ဝိညာဉ်သံလိုက်အိမ်မြှောင် ပထမဆုံး ပျောက်ကွယ်သွားသည့်နေရာက ကျားရဲတောင်တန်းဒေသမှာ ဖြစ်သည်။ ထို့ကြောင့် ဉာဏ်ကောင်းသူများသည် ဝိညာဉ်သားရဲဖြစ်သော ကျားနက်၏ သဲလွန်စများကို လိုက်လံရှာဖွေရင်း တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ရောက်ရှိလာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤနေရာမှာ စုဝေးနေကြသော လေလွင့်ကျင့်ကြံသူများ၏ အရေအတွက်က သိသာစွာ များပြားလာသည်။

သူတို့က အတူတကွ စုပေါင်း၍ လိုက်လံရှာဖွေသော်လည်း မည်သည့်အရာမှ ရှာမတွေ့ကြချေ။ ထို့ကြောင့် သူတို့၏ ပစ်မှတ်က တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဖြစ်မည်ဟု သူတို့အတည်ပြုနိုင်သွားကြသည်။ သို့သော်လည်း သူတို့သည် အတည်ပြုရုံသာ ပြုနိုင်ကြသည်။ မည်သူမှ တောင်ပိုင်းမြေရိုင်းဒေသထဲသို့ အမှန်တကယ် မဝင်ရောက်ဝံ့ကြပေ။

တောင်ပိုင်းမြေရိုင်းဒေသသည် သာမန်တောင်တန်းဒေသ မဟုတ်ပေ။ တောင်တန်းဒေသကို မြူခိုးထုက တစ်နှစ်ပတ်လုံး ဖုံးလွှမ်းထားသည်။ တောင်တန်းထဲမှာ အဆိပ်မြူခိုးများ၊ ရွှံ့ဗွက်အိုင်များ၊ သားရဲတိရိစ္ဆာန်များနှင့် အဆိပ်ရှိသတ္တဝါများ အစရှိသော အန္တရာယ်အမျိုးမျိုး ရှိကြသည်။

မသေမျိုးကျင့်ကြံသူများသည်ပင် သေချာသတိမထားလျှင် အသက်ဆုံးရှုံးသွားနိုင်သည်။ ထို့ပြင် တောင်တန်းထဲမှာ မိစ္ဆာသားရဲများသည်ပင် တည်ရှိကြသည်။ မိစ္ဆာသားရဲများသည် သာမန်လူတစ်ယောက်နည်းတူ အသိဉာဏ်ရှိကြသည်။ သူတို့တစ်ကောင်စီက အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်ကြသည်။ အထူးသဖြင့် သူတို့က အရိုင်းဆန်သွားသည့်အခါ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုပင် ခြိမ်းခြောက်နိုင်ကြသည်။

လောလောဆယ်တွင် တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ရောက်လာကြသူများသည် တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ထဲမှာ အခြေတည်နယ်ပယ်သို့ ရောက်ရှိနေသော ကျင့်ကြံသူများက ချီလင်ဦးချိုနှင့် ဖီးနစ်ငှက်မွှေးကဲ့သို့ ရှားပါးလှ၏။ အများစုသည် ချီသန့်စင်ခြင်းနယ်ပယ်မှာ ဖြစ်ကြသည်။ လူအနည်းစုသာလျှင် ချီသန့်စင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်မှာ ဖြစ်သည်။

ထို့ကြောင့် သူတို့အတွက် တောင်ပိုင်းမြေရိုင်းဒေသသည် အလွန်အန္တရာယ်များသောနေရာ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ပိုမိုများပြားသော လူများက စုဝေးရောက်ရှိလာကြသည်။ တောင်တန်းဒေသက အန္တရာယ်များသော်လည်း ယင်းက အားနည်းသူများအတွက်သာ ဖြစ်သည်။

“ ဂိုဏ်းတူအကိုကျိုး… ရှင့်ရဲ့ လက်ထပ်ခွင့်တောင်းဆိုမှုကို ကျွန်မကို သဘောတူစေချင်ရင်… ကျွန်မကို ရှင်ရဲ့ တာအိုလက်တွဲဖော်ဖြစ်စေချင်ရင် အဲ့ဒီကျားနက်ကို ဖမ်းဆီးပြီး ကျွန်မကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးမှရမယ်… မဟုတ်ရင် ကျွန်မတို့က ပေါင်းစပ်ဖို့ ကံမပါလာဘူး ”

တောင်ပိုင်းမြေရိုင်းဒေသ၏ အနီးနားမှ တောင်ကုန်းတစ်ခုပေါ်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က တိတ်တဆိတ် မတ်တတ်ရပ်နေသည်။ သူ၏ ကျောပေါ်တွင် ထူးဆန်းသော ရှေးဟောင်းဓားရှည်တစ်လက်ကို သယ်ပိုးထားသည်။ သူက ကောင်းကင်ဘုံမှ နတ်သားတစ်ပါးသဖွယ် ချောမောပြီး သူ၏ ခန္ဓာကိုယ်မှ တရားမျှတသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

လေတိုးဝှေ့မှုကြောင့် သူ၏ အဝတ်အစားက တဖျပ်ဖျပ်လှုပ်ခတ်နေစဉ် သူ၏ အသွင်သဏ္ဍာန်က တန်ခိုးရှင်တစ်ပါးနှင့် ဆင်တူသွားသည်။ အံ့ဩဖွယ်ကောင်းသည်မှာ သူ၏ ဘေးတွင် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမလှတစ်ဦး ရှိနေသည်။ ထိုမိန်းကလေးသည် စက်ကရာရင်းနှီးသော မင်းသမီးချူယွမ်မှလွဲ၍ တခြားမဟုတ်ပေ။

လူငယ်သည် ကျိုးယွမ်ဖေး ဖြစ်သည်။ တစ်ယောက်က နတ်သားသဖွယ် ချောမောခန့်ညားပြီး အခြားတစ်ယောက်က ပြိုင်စံရှားလှပသည်။ သူတို့နှစ်ယောက် အတူတကွ ရပ်နေသည့်အခါ နေနှင့်လကဲ့သို့ လိုက်ဖက်တင့်တယ်သော အမတစုံတွဲ ဖြစ်လာသည်။

သို့သော်လည်း သူတို့၏ အမူအရာက ထိုသို့မဟုတ်ပေ။ ချူယွမ်သည် ဉာဏ်ထက်မြက်ပုံပေါ်ပြီး သွက်လက်သည်။ သူ၏ တစ်ကိုယ်လုံးမှာ ဉာဏ်နီဉာဏ်နက်များဖြင့် ပြည့်နှက်နေဟန် ရသည်။ ကျိုးယွမ်ဖေးကို သူစကားပြောသည့်အခါ သူ၏ မျက်လုံးထဲမှာ ဉာဏ်များသော အရိပ်အယောင်ရှိသည်။

ယင်းကို ကျိုးယွမ်ဖေးကြားသောအခါ သူက ဘေးသို့ ခေါင်းလှည့်လိုက်ပြီး ချူယွမ်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ နူးညံ့သိမ်မွေ့သော အရိပ်အယောင် ထွက်ပေါ်လာသည်။

“ ဂိုဏ်းတူညီမယွမ်… မင်္ဂလာကိစ္စကို အကို့ရဲ့ ဆရာနဲ့ ဦးရီးတော်ချူတို့ စီစဉ်ကြတာဆိုပေမဲ့ ကျုပ်ယွမ်ဖေးက ညီမကို တွန်းအားမပေးပါဘူး… ညီမက ကျားနက်ကို မင်္ဂလာလက်ဖွဲ့ပစ္စည်းအဖြစ် လိုချင်တယ်ဆိုရင် အကိုက အဲ့ဒီကျားနက်ကို မရရအောင် ဖမ်းဆီးပေးမယ်လို့ ကတိပေးတယ်… အကိုက ပေးထားတဲ့ကတိကို အမြဲတမ်း တည်တယ်… အဲ့ဒီကျားနက်ကို အကိုမဖမ်းဆီးပေးနိုင်ရင် မင်္ဂလာကိစ္စအကြောင်း နောက်ဘယ်တော့မှ မပြောတော့ဘူး ”

ကျိုးယွမ်ဖေးသည် တည်ကြည်လေးနက်သော အမူအရာဖြင့် စကားလုံးတိုင်းကို ပီသစွာ ပြောသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှ တရားမျှတသော အရှိန်အဝါနှင့် တွဲဖက်သွားသည့်အခါ လူတိုင်းသည် သူပြောသမျှကို ယုံကြည်လက်ခံကြလိမ့်မည်။

ဤနေရာသို့ သူတို့ရောက်လာကြသည်မှာ ဇာတ်ကြောင်းတစ်ခု ရှိသည်။

ကျိုးယွမ်ဖေး၏ ဆရာသည် အတိတ်တွင် ချူထျန်းရှင်း၏ အသက်ကို အန္တရာယ်မှ တစ်ခါကယ်တင်ပေးခဲ့သည်။ ထို့ကြောင့် သူတို့ကြားမှ ဆက်ဆံရေးက အလွန်နက်ရှိုင်းသည်။ သူတို့သည် နှစ်စဉ်နှစ်တိုင်း အပြန်အလှန်စာပို့၍ အဆက်အသွယ်လုပ်ခဲ့ကြသည်။

ဤတစ်ကြိမ်တွင် ကျိုးယွမ်ဖေး တောင်ပေါ်မှ ဆင်းလာခြင်းက သူ့ဆရာ၏ စာကို ချူမိသားစုထံသို့ ယူဆောင်သွားပေးရန် ဖြစ်သည်။ စာထဲမှ အကြောင်းအရာကို ကျိုးယွမ်ဖေးမသိထားပေ။ ချူမိသားစုဆီသို့ သူရောက်သွားသည့်အခါမှ သူ့ဆရာက သူ့အတွက် မင်္ဂလာကိစ္စ စီစဉ်ထားကြောင်း သူသိလိုက်သည်။ သူ့ဆရာသည် ချူထျန်းရှင်းနှင့် တိုင်ပင်၍ သူ့ကို မင်းသမီးချူယွမ်နှင့် လက်ထပ်စေလိုသည်။

ချူထျန်းရှင်းသည် ကျိုးယွမ်ဖေးကို ကိုယ်တိုင်မျက်စိဖြင့် မြင်တွေ့ပြီးနောက် သူ၏ ပါရမီနှင့် အကျင့်စရိုက်ကို သဘောကျသွားသည်။ ထိုသို့လူငယ်သည် အနာဂတ်မှာ သေချာပေါက် အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မည်။ ထို့ပြင် ကျိုးယွမ်ဖေး၏ ဆရာက သူ့အသက်ကို ကယ်တင်ပေးခဲ့သော ကျေးဇူးရှင်ဖြစ်သည်။ ထို့ကြောင့် ချူထျန်းရှင်းသည် တုံ့ဆိုင်းမနေဘဲ မင်္ဂလာကိစ္စကို သဘောတူလိုက်သည်။

ချူထျန်းရှင်းက သဘောတူလိုက်သော်လည်း မင်းသမီးချူယွမ်က ထိုမင်္ဂလာကိစ္စကို အလွယ်တကူ လက်မခံပေ။ သူ၏ တာအိုလက်တွဲဖော်က လူများကြားထဲမှ နဂါးဖြစ်ရမည်ဟု ပြောသည်။ ထို့ပြင် သူ၏ တာအိုလက်တွဲဖော်က သူ၏ တောင်းဆိုချက်တစ်ခုကို ဖြည့်ဆည်းပေးရမည်။

သူ၏ တောင်းဆိုချက်သည် အစောနက ကျိုးယွမ်ဖေးကို သူပြောခဲ့သော ကျားနက်ကို ဖမ်းဆီးပေးရန်မှလွဲ၍ တခြားမဟုတ်ပေ။ သူက ကျားနက်ကို မင်္ဂလာလက်ဖွဲ့ပစ္စည်းအဖြစ် လိုချင်သည်။ သို့မှသာ သူက မင်္ဂလာကိစ္စကို လက်ခံလိမ့်မည်။ ထို့ပြင် ကျားနက်ကို ဖမ်းဆီးသည့်အခါမှာ တခြားလူများ၏ အကူအညီကို မယူရပေ။ ကိုယ့်အစွမ်းကိုယ်သာ အသုံးပြုရမည်။

ထို့ကြောင့် သူတို့နှစ်ယောက်က တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အပြေးအလွှာ ရောက်လာကြခြင်း ဖြစ်သည်။

… … …

“ ဒုန်း… ဒုန်း… ”

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ လှိုဏ်ဂူထဲတွင် အလွန်ကျယ်လောင်သော နှလုံးခုန်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ စည်းချက်ညီသော အသံက ထွက်ပေါ်လာသည်။

“ ကောင်းတယ်… နောက်ဆုံးတော့ ပထမအဆင့်ကို ငါပြီးမြောက်သွားပြီ ”

သီရှီထျန်သည် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် နှလုံးက စည်းချက်ညီစွာ နိမ့်ချည်မြင့်ချည် ခုန်နေသည်။ ထိုသို့နိမ့်ချည်မြင့်ချည် တစ်ခါခုန်သွားတိုင်း ကျယ်လောင်သော မြည်သံက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး အပြင်သို့ ပျံ့လွင့်သွားသည်။ မိစ္ဆာစွမ်းအားသည် သူ၏ နှလုံးနှင့် နောက်ထပ် မပေါင်းစပ်နိုင်တော့ပေ။ ယင်းက နှလုံး၏ လက်ခံနိုင်သော အကန့်အသတ်သို့ ရောက်ရှိသွားသည်။ ယခု နှလုံးက အလွန်သန်မာသော အခြေအနေမှာ ရှိနေသည်။

ထို့ကြောင့် မိစ္ဆာစံအိမ်ဖွင့်လှစ်ခြင်း၏ ပထမခြေလှမ်းက အောင်မြင်စွာ ပြီးမြောက်သွားသည်။

သူ၏ နှလုံးထဲမှာ ပုန်းလျှိုးနေသော စွမ်းအားကို ခံစားမိသောအခါ သီရှီထျန်က ဝမ်းသာပျော်ရွှင်သွားသည်။ နှလုံးသည် အသက်ဓာတ်အရင်းအမြစ်ဖြစ်ပြီး စွမ်းအင်အရင်းအမြစ်လည်း ဖြစ်သည်။ နှလုံးက ပိုပြီးသန်မာလေ သူ့ခန္ဓာကိုယ်၏ အသက်ဓာတ်က ပိုပြီးအားကောင်းလေ ဖြစ်သည်။

“ ပထမအဆင့်က ပြီးသွားပြီ… နောက်တစ်ဆင့်က မိစ္ဆာစံအိမ်ဖွင့်လှစ်ရမယ့်အဆင့်ပဲ ”

သီရှီထျန်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ သက်ဝင်လှုပ်ရှားနေသော မိစ္ဆာစွမ်းအားကို သူအာရုံခံလိုက်သည်။ စွမ်းအင်စုစည်းဆေးလုံးများနှင့် ဝိညာဉ်ဝိုင်၏ ထောက်ပံ့ပေးမှုကြောင့် သူက သုံးရက်ကြာသည်အထိ သူ့နှလုံးကို အားဖြည့်ပေးခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲ၌ မိစ္ဆာစွမ်းအားက အထွတ်အထိပ်အခြေအနေမှာ ဆက်လက် ရှိနေဆဲပင်။

သို့သော်လည်း သူက ချက်ချင်း မစတင်ပေ။ ယင်းအစား သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်။ သူက ကျောက်စိမ်းပုလင်းကို လှုပ်လိုက်သည်။ ထိုအခါ ဆေးလုံးအချင်းချင်း ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။ သူက ပုလင်းကို မှောက်သွန်လိုက်သည်။ ပုလင်းထဲမှ စွမ်းအင်စုစည်းဆေးလုံးအားလုံးက အပြင်သို့ ထွက်ကျလာသည်။ သူမျှော်လင့်ထားသည်ထက် ကျော်လွန်စွာ ဆေးလုံးစုစုပေါင်း နှစ်ဆယ်ကျော်သည်။

သူက မျောက်မင်းဝိုင်ပါသော ဝါးကျည်တောက်နှစ်ခုကိုလည်း ထုတ်လိုက်သည်။

" သွေးမျိုးဆက်အမွေအနှစ်ထဲမှာ ဖော်ပြထားတာက မိစ္ဆာစံအိမ်ကို ဖွင့်လှစ်တဲ့အခါ အနီးနားမှာ ပညာရှင်တစ်ယောက် စောင့်ကြပ်ပေးနေတာက အကောင်းဆုံးပဲတဲ့… ပြီးတော့ ဝိညာဉ်စွမ်းအားကို အများကြီး ပိုသွန်းလောင်းပေးနိုင်လေ မိစ္ဆာစံအိမ်ရဲ့ အရည်အသွေးက ပိုကောင်းလေတဲ့… ငါ့မှာ စောင့်ကြပ်ပေးမယ့် ပညာရှင်မရှိဘူး… ကြည့်ရတာ ဒီစွမ်းအင်စုစည်းဆေးလုံးတွေနဲ့ ဝိညာဉ်ဝိုင်ကိုပဲ ငါအားကိုးရတော့မယ် ထင်တယ် ”

သီရှီထျန်က သူ့ဘာသာ တွေးတောလိုက်သည်။ ထို့နောက် သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ စွမ်းအင်စုစည်းဆေးလုံး(၂၀)ကျော်နှင့် မျောက်မင်းဝိုင်ကို အကုန်ဝါးမျိုလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ အလွန်အမင်း ကြီးမားသော အပူလှိုင်းတစ်ခုက သူ၏ ဝမ်းဗိုက်ထဲမှာ ထွက်ပေါ်လာသည်။ ဤသည်မှာ ပူပြင်းသော နေလုံးအသေးစားက သူ၏ ဝမ်းဗိုက်ထဲမှာ ရှိနေသည့်အလားပင်။ ယင်းက အလွန်ပြင်းထန်သော အပူကို ပေးသည်။

ပူပြင်းသော လေသည် မိစ္ဆာစွမ်းအင်ပိုက်ကွန်ကို ချက်ချင်း ချိုးဖြတ်လိုက်သည်။

“ လမ်းကြောင်းပြောင်းလဲမယ်… မူလအစဆီ ပြန်မယ်… ”

ဤအခိုက်အတန့်မှာ သီရှီထျန်၏ စိတ်က ဖော်မပြနိုင်အောင် တည်ငြိမ်နေသည်။ ယင်းက သူ၏ ဘဝကို အဆုံးအဖြတ်ပေးမည့် အရေးကြီးဆုံးအချိန် ဖြစ်သည်။ ထို့ကြောင့် သူသည် နည်းနည်းလေးမှ သတိမပေါ့ဆဝံ့ချေ။ အရေးကြီးကိစ္စများ ဆောင်ရွက်သည့်အခါ စိတ်တည်ငြိမ်နေရန်သည် အဓိက ဖြစ်သည်။

ကြီးမားသော အပူလှိုင်းက သူ၏ ခန္ဓာကိုယ်ထဲမှာ ရွေ့လျားနေကြောင်း သူခံစားမိသော်လည်း သီရှီထျန်က မကြောက်ပေ။ သူက သွေးမျိုးဆက်အမွေအနှစ်ထဲမှာ ရှာတွေ့ခဲ့သော လျှို့ဝှက်နည်းလမ်းအတိုင်း စတင်လုပ်ဆောင်လိုက်သည်။ ယခုအချိန်မှာ သူက အလွန်သန်စွမ်းသော စိတ်ခွန်အားကို အားကိုးလိုက်သည်။

သူက ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားအားလုံးကို မြန်ဆန်စွာ စုဝေးလိုက်ပြီး အပူလှိုင်းထံသို့ စေလွှတ်လိုက်သည်။ ပမာဏများပြားသော စွမ်းအား၏ ရစ်ပတ်မှုအောက်မှာ အပူလှိုင်းက နှလုံး၏ တည်နေရာဆီသို့ အရူးအမူး ဦးတည်သွားသည်။ စွမ်းအင်စုစည်းဆေးလုံးများနှင့် ဝိညာဉ်ဝိုင်၏ စွမ်းအားက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးဆီသို့ ပြန့်ကျဲသွားသည်။

အဆုံးမဲ့သော ဝိညာဉ်စွမ်းအားက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးဆီမှ ပေါ်လျှိုးလာပြီး နှလုံးဆီသို့ ဦးတည်သွားသည်။

“ ဒုန်း ”

သူ၏ နှလုံးက ပြင်းထန်စွာ ခုန်လာသည်။ ရုတ်တရက် အလွန်သန်စွမ်းသော စုပ်အားက နှလုံးထံမှ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ နှလုံးက အရာအားလုံးကို ဝါးမျိုစုပ်ယူချင်သော ဝေလငါးတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ သီရှီထျန်၏ မိစ္ဆာစွမ်းအား၊ စွမ်းအင်စုစည်းဆေးလုံးများနှင့် ဝိညာဉ်ဝိုင်မှ ဝိညာဉ်စွမ်းအားက သူ၏ နှလုံးဆီသို့ ဒလဟော စီးဝင်သွားသည်။

မိစ္ဆာစွမ်းအားချည်းသာ ဝင်ရောက်သွားခြင်း မဟုတ်ပေ။ သီရှီထျန်၏ မိစ္ဆာအာရုံသည်လည်း သူ၏ နှလုံးထဲသို့ ဝင်ရောက်သွားသည်။

“ အဲ့ဒါက နှလုံးလား… ဘာလို့ ဘေးပတ်ဝန်းကျင်က မီးခိုးရောင်ဖြစ်နေတာလဲ ”

နှလုံးဆီသို့ သီရှီထျန် ဝင်ရောက်သွားသည်နှင့်ချက်ချင်း သူက မိန်းမောတွေဝေသွားသည်။ ထို့နောက် သူသတိပြန်ဝင်သွားသည့်အခါ သူ၏ မိစ္ဆာအာရုံက အရွယ်အစားသေးငယ်သော ကျားနက်တစ်ကောင်အဖြစ် ချက်ချင်း ဖွဲ့စည်းသွားသည်။ ကျားနက်၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်စာလုံးက မီးတောက်တစ်ခုနှယ် တအိအိလှုပ်ခတ်နေသည်။ သူက ဘေးဘီသို့ လှည့်ပတ်ကြည့်လိုက်လေရာ တိတ်တဆိတ် အံ့ဩသွားသည်။

သူမြင်လိုက်သည်မှာ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက မီးခိုးရောင်ဖြစ်ပြီး ဝေဝါးနေသည်။ ဤနေရာမှာ မည်သည့်အသက်ဓာတ်မှ မရှိပေ။ သူ၏ မိစ္ဆာအာရုံဖြင့်ပင် အဝေးကြီးကို သူမထောက်လှမ်းနိုင်ပေ။ သူက ဆယ်မီတာခန့် ကျယ်ဝန်းသော ဧရိယာကိုသာ အာရုံခံနိုင်သည်။

ဤနေရာက ဗလာနတ္ထိဟင်းလင်းပြင်ဖြစ်ဟန် ရ၏။ မီးခိုးရောင်အငွေ့သာလျှင် ဘေးပတ်ဝန်းကျင်မှာ တအိအိလှုပ်ခတ်နေပြီး ရွေ့လျားနေသည်။ ယင်းက အလွန်ထူးဆန်းသည်။

“ မိစ္ဆာစံအိမ်ဖွင့်လှစ်ခြင်း… ကြည့်ရတာ အဲ့ဒါက ရိုးရှင်းတဲ့အလုပ် မဟုတ်တဲ့ပုံပဲ… အဲ့ဒါရဲ့ နောက်ကွယ်မှာ လေးနက်တဲ့ အဓိပ္ပာယ်ရှိရမယ်… ”

အခန်း(၉၀)

သူ၏ အတိတ်ဘဝမှာ ထူးဆန်းသော ဒဏ္ဍာရီတစ်ခု ရှိသည်။ မိုးကောင်းကင်နှင့် မြေကြီးမဖြစ်ပေါ်လာမီ အရာအားလုံးက ဗလာနတ္ထိဟင်းလင်းပြင် ဖြစ်သည်။ ထိုနေရာမှာ အလင်းရောင်မရှိသကဲ့သို့ ကုန်းမြေလည်း မရှိပေ။ တောင်တန်းများနှင့် မြစ်ချောင်းများလည်း မရှိပေ။ မည်သည့်သက်ရှိသတ္တဝါမှ မရှိကြပေ။ ယင်းက မာဟာနတ်ဘုရားပန်ဂု ဗလာနတ္ထိဟင်းလင်းပြင်ထဲမှာ မမွေးဖွားလာခင်အထိ ဖြစ်သည်။ မဟာနတ်ဘုရားပန်ဂုသည် နိုးထလာပြီးနောက် ကောင်းကင်ခွဲနတ်ပုဆိန်ဖြင့် ဗလာနတ္ထိဟင်းလင်းပြင်ကို ခုတ်ပိုင်းလိုက်သည်။

ထိုအခါ သန့်ရှင်းသော လေက အပေါ်သို့ ဆန်တတ်သွားပြီး ညစ်ညမ်းသော လေက အောက်သို့ နစ်မြုပ်သွားသည်။ သန့်ရှင်းသော လေက စုဝေးသွားသည့်အခါ မိုးကောင်းကင်ဖြစ်ပေါ်လာပြီး ညစ်ညမ်းသော လေက စုဝေးသွားသည့်အခါ မြေကြီးဖြစ်လာသည်။ နောက်ဆုံးမှာ မဟာနတ်ဘုရားပန်ဂုသည် မိုးကောင်းကင်နှင့် မြေကြီးကို သူ၏ ခန္ဓာကိုယ်ဖြင့် ထောက်ပံ့ပေးလိုက်သည်။ ထို့ပြင် သူက သူ့ကိုယ်ပိုင်အသက်ဓာတ်ကို အသုံးပြု၍ ဤလောကထဲမှ အရာအားလုံးကို ဆင့်ကဲပြောင်းလဲစေသည်။

ယင်းက လောကဖြစ်ပေါ်လာပုံနှင့် သက်ရှိအားလုံး၏ မူလအစ ဖြစ်သည်။ ယင်းက မိုးကောင်းကင်နှင့် မြေကြီးကို ဖန်တီးခြင်း ဖြစ်သည်။ အရာအားလုံးက ဗလာနတ္ထိဟင်းလင်းပြင်မှ စတင်သည်။

မိစ္ဆာစံအိမ်သည် အစတွင် တကယ်မတည်ရှိပေ။ မိစ္ဆာစွမ်းအားက သီရှီထျန်၏ နှလုံးထဲသို့ ဒလဟော ဝင်ရောက်သွားသည့်အခါ ယခု သူမြင်နေရသော လောကတစ်ခု ဖြစ်ပေါ်လာသည်။ မိစ္ဆာမျိုးနွယ်စုတွင် ယင်းကို ကမ္ဘာဦးလောကဟု ခေါ်သည်။ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရန် တစ်စုံတစ်ယောက်သည် မဟာနတ်ဘုရားပန်ဂုကဲ့သို့ မိုးကောင်းကင်နှင့် မြေကြီးကို ဖန်တီးရလိမ့်မည်။

ယင်းက မိစ္ဆာစံအိမ်ဖွင့်လှစ်ခြင်း၏ အဓိကအနှစ်သာရ ဖြစ်သည်။

“ ကောင်းပြီ… ဒါဆိုရင် ဘယ်လိုမိစ္ဆာစံအိမ်ကို ငါဖွင့်လှစ်နိုင်မလဲ ကြည့်ရအောင် ”

သီရှီထျန်သည် ဟာလာဟင်းလင်းဖြစ်နေသော သူ၏ ကမ္ဘာဦးလောကကို ကြည့်လိုက်သည်။ ပြင်းထန်သော တိုက်ခိုက်ချင်စိတ်က သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ကောင်းကင်ဘုံနှင့် တိုက်ခိုက်ခြင်းက ပျော်ရွှင်စရာကောင်းသကဲ့သို့ မြေကြီးနှင့် တိုက်ခိုက်ခြင်းကလည်း ပျော်ရွှင်စရာကောင်းသည်။ ရန်သူများနှင့် တိုက်ခိုက်ခြင်းက ပျော်ရွှင်စရာကောင်းသကဲ့သို့ ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်ခြင်းကလည်း ပျော်ရွှင်စရာကောင်းသည်။

“ ဘီး ”

ကျယ်လောင်သော မြည်သံက ကမ္ဘာဦးလောကထဲမှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ အလွန်ကျယ်လောင်သော ထိုမြည်သံကြောင့် မူလလောကထဲမှ မီးခိုးရောင်အငွေ့က ချက်ချင်း ပရမ်းပတာ လှုပ်ခတ်သွားသည်။ ယင်းက အပြင်းအထန် တုန်ယင်လာသည်။ ဤသည်မှာ ထိုမြည်သံကြောင့် ကမ္ဘာဦးလောကတစ်ခုလုံးက တုန်ယင်နေသည့်အလားပင်။

ထိုသို့အဆက်မပြတ် တုန်ယင်နေစဉ် မူလက မည်းမှောင်နေသော ကမ္ဘာဦးလောကက စတင်ပြောင်းလဲသွား၏။ သီရှီထျန်၏ ဘေးပတ်ဝန်းကျင်မှ ဧရိယာသည် ထိုမြည်သံကြောင့် ဖျက်ဆီးခံလိုက်ရပြီး မရေမတွက်နိုင်သော ဒြပ်စင်များအဖြစ် ဖွဲ့စည်းသွားကြသည်။ ယင်းတို့က မီး၊ ရေ၊ လေနှင့် မြေကြီး အစရှိသော အခြေခံဒြပ်စင်များ ဖြစ်ကြသည်။

အစောနက မြည်သံသည် သီရှီထျန်၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ခြင်းသည် သာမန်နည်းလမ်းများဖြင့် လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ မိစ္ဆာစံအိမ်ကို အောင်မြင်စွာ ဖွင့်လှစ်ရန် အထူးလျှို့ဝှက်နည်းလမ်းတစ်ခုကို လိုအပ်သည်။ အမှန်မှာ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရန် နည်းလမ်းများစွာ ရှိ၏။

ရှေးခေတ်ကာလမှစတင်၍ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်သော နည်းလမ်းက အမြဲတမ်း ပြောင်းလဲနေသည်။ သို့သော်လည်း “ ကျားဟိန်းသံကျင့်စဉ် ”ထဲမှာ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်နိုင်သော လျှို့ဝှက်နည်းလမ်းတစ်ခုကို ဖော်ပြထားသည်။ ယင်းက ကျားမျိုးနွယ်အတွက် အထူးရည်ရွယ်သောကြောင့် တခြားနည်းလမ်းများနှင့် ကွဲပြားခြားနားသည်။ ယင်းက ကျားမျိုးနွယ်၏ ဟိန်းသံနှင့်ဆက်စပ်နေသည်။

ကျားမျိုးနွယ်၏ မိစ္ဆာစံအိမ်ဖွင့်လှစ်သော အထူးလျှို့ဝှက်နည်းလမ်းကို အသံသုံးသံနည်းလမ်းဟု ခေါ်သည်။

အသံသုံးသံ… ။

ယင်းက မည်သည်ကို ဆိုလိုသနည်း။

တချို့က ပြောကြသည်မှာ ယင်းက လောကကို စတင်ဖန်တီးခဲ့စဉ်က ထွက်ပေါ်ခဲ့သော အသံသုံးသံ ဖြစ်ကြသည်။ အသံတစ်သံစီမှာ အံ့ဖွယ်ကောင်းသော မှော်စွမ်းအားက ကိန်းအောင်းနေသည်။ တစ်စုံတစ်ယောက်က ထိုအသံများကို နည်းမှန်လမ်းမှန် အသုံးပြုမည်ဆိုလျှင် ယင်းက လောကကို တုန်လှုပ်စေပြီး တစ္ဆေများနှင့် နတ်ဘုရားများကို ချောက်ချားစေနိုင်လိမ့်မည်။

ထိုအသံသုံးသံက ဘီး၊ မူးနှင့် ဝေါင်းတို့ ဖြစ်ကြသည်။

အသံတစ်သံစီမှာ အကန့်အသတ်မဲ့သော လျှို့ဝှက်ဆန်းကြယ်မှုများ ကိန်းအောင်းနေပြီး ယင်းတို့က အလွန်သန်စွမ်းကြသည်။

အကယ်၍ ပုံမှန်အခြေအနေမှာဆိုလျှင် သီရှီထျန်က ယခုထက် ဆယ်ဆပိုပြီးသန်စွမ်းနေလျှင်ပင် ထိုထဲမှ အသံတစ်သံကိုပင် ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။ ယခု သူက မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရန် ထူးခြားသော အခြေအနေဆီမှာ ရှိနေသောကြောင့်သာ ထိုအသံများကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် အစောနက “ ဘီး ”ဟူသော မြည်သံ ထွက်ပေါ်လာခြင်းပင်။

သီရှီထျန်ခံစားမိသည်မှာ ထိုအသံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ယင်းအစား သူ၏ ဝိညာဉ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူ၏ ဝိညာဉ်က အဆက်မပြတ် တုန်ယင်နေသည်။ ယင်းက “ ဘီး ”ဟူသော မြည်သံကြောင့် ဖြစ်ပေါ်လာသော လက္ခဏာဖြစ်သည်။ ထိုသို့တုန်ယင်နေစဉ် သူ၏ အသိစိတ်က ဖော်မပြနိုင်သော နာကျင်မှုကို ခံစားလိုက်ရသည်။

နာကျင်မှုက သူ၏ ဝိညာဉ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူ၏ ဝိညာဉ်က အပြင်းအထန် တုန်ယင်နေလေရာ ပြင်းထန်သော နာကျင်မှုက ထွက်ပေါ်လာသည်။ ထိုသို့နာကျင်မှုကို အတိတ်မှာ တစ်ခါမှ သူမခံစားခဲ့ဖူးပေ။

ယင်းက သူ့ဘဝတစ်လျှောက် မည်သည့်အခါမှ မေ့မသွားနိုင်မည့် နာကျင်မှုမျိုး ဖြစ်သည်။

သူ့ကို အလယ်ဗဟိုထား၍ ဘေးပတ်ဝန်းကျင်မှ မီးခိုးရောင်ဧရိယာက စတင်ပြိုကွဲသွားသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် ဆယ်မီတာကျယ်ဝန်းသော နယ်မြေတစ်ခု ထွက်ပေါ်လာသည်။ ထိုနယ်မြေသည် အစောနက မီးခိုးရောင်လောကနှင့် လုံးဝ ကွဲပြားခြားနားသည်။ ယင်းက မိစ္ဆာစံအိမ်ထွက်ပေါ်လာမှု၏ အစောပိုင်းလက္ခဏာ ဖြစ်သည်။

“ ဝုန်း ”

သို့သော်လည်း မိစ္ဆာစံအိမ်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း မတည်မငြိမ်ဖြစ်လာပြီး လှုပ်ခါလာသည်။ ဤသည်မှာ မိစ္ဆာစံအိမ်က အချိန်မရွေး ပြိုကွဲသွားတော့မည့်အလားပင်။ ထို့ပြင် ဘေးပတ်ဝန်းကျင်မှ မီးခိုးရောင်အငွေ့က တအိအိလှုပ်ခတ်နေပြီး မိစ္ဆာစံအိမ်ကို တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်နေသည်။ ထိုသို့အဆက်မပြတ် တိုက်ခိုက်မှုအောက်မှာ မိစ္ဆာစံအိမ်က လှုပ်ခါလာပြီး ဖရိုဖရဲဖြစ်လာသည်။ ဤသည်မှာ ယင်းက ကမ္ဘာဦးလောကအဖြစ် အချိန်မရွေး ပြန်ပြောင်းလဲသွားတော့မည့်အလားပင်။

“ မူး ”

ယင်းကို သီရှီထျန်မြင်သောအခါ မိစ္ဆာစံအိမ်ကို ဗလာနတ္ထိဟင်းလင်းပြင်အဖြစ် ပြန်ပြောင်းလဲသွားရန် မည်သို့ သူခွင့်ပြုနိုင်မည်နည်း။ တစ်ခုသိထားရမည်မှာ “ ဘီး ”ဟူသော မြည်သံကို သူထုတ်ဖော်လိုက်စဉ် သူ၏ စိတ်က ဖော်ပြရခက်ခဲစွာ ပင်ပန်းနွမ်းနယ်လာသည်။ ဤသည်မှာ သူက စွမ်းအားအများကြီးကို အသုံးပြုခဲ့သည့်အလားပင်။ သူက ခန့်မှန်းချက်တစ်ခု ပြုလုပ်လိုက်သည်။ သူ၏ စွမ်းအင်အားလုံး မကုန်ခမ်းသွားမီ သူက နောက်ထပ် အသံနှစ်သံ သို့မဟုတ် သုံးသံသာ ထုတ်ဖော်နိုင်လိမ့်မည်။

လျှို့ဝှက်ဆန်းကြယ်သော အသံသုံးသံထဲတွင် သူက ပထမအသံကို အနည်းနှင့်အများ နားလည်သွားသည်။ ယခု မိစ္ဆာစံအိမ်က အချိန်မရွေး ပြိုကွဲသွားတော့မည်ဟု သူမြင်သောအခါ သီရှီထျန်သည် နောက်ထပ် တုံ့ဆိုင်းမနေဘဲ လျှို့ဝှက်နည်းလမ်းအတိုင်း ဒုတိယမြောက် အသံကို ထုတ်လွှတ်လိုက်သည်။

“ မူး ”ဟူသော မြည်သံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

သူ၏ ဝိညာဉ်က နောက်တစ်ကြိမ် တုန်ခါသွားပြန်သွားသည်။ ဖော်မပြနိုင်သော နာကျင်မှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ “ မူး ”ဟူသော မြည်သံသည် သူ့ကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။ သဏ္ဍာန်မဲ့သော အသံလှိုင်းများ ပဲ့တင်ထပ်သွားသည့်အခါ မူလက ပြင်းထန်စွာ တုန်ယင်နေသော မိစ္ဆာစံအိမ်က ချက်ချင်း ခိုင်မြဲသွားသည်။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက မိစ္ဆာစံအိမ်ထဲမှာ ပြည့်လျှံသွားသည်။ အပြင်ဘက်တွင် မီးခိုးရောင်အငွေ့က မည်မျှရိုက်ခတ်နေပါစေ ယင်းက ကျောက်ဆောင်တစ်ခုပမာ မြဲမြံစွာ ဆက်ပြီး ရှိနေသည်။ ယင်းက နည်းနည်းလေးမှ မတုန်ခါသွားပေ။

“ ကောင်းတယ်… ဒီအသံတွေဆီမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်စွမ်းအားရှိတယ်… ပြင်းထန်တဲ့ နာကျင်မှုကို ငါခံစားရပေမဲ့ ငါ့ရဲ့ နာကျင်မှုက အလဟဿမဖြစ်သွားဘူး… ထိုက်တန်ပါတယ် ”

ယင်းကို သီရှီထျန်မြင်သောအခါ သူက ဝမ်းသာပျော်ရွှင်သွားသည်။ ပျော်ရွှင်မှုကြောင့် သူ၏ စိတ်ထဲမှ နာကျင်မှုသည်ပင် အနည်းငယ် သက်သာသွားသည်။ ထိုအသံသုံးသံ၏ နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်မှုများရှိမည်ဟု တိတ်တဆိတ် သူတွေးလိုက်သည်။ “ မူး ”ဟူသော မြည်သံက မိစ္ဆာစံအိမ်ထဲမှာ ဆက်လက် ပဲ့တင်ထပ်သွားသည်။ အချိန်တစ်ခဏကြာပြီးနောက် မိစ္ဆာစံအိမ်က ပိုပြီးခိုင်မာသွားပြီး မြဲမြံသွားသည်။

“ ပထမအသံနှစ်သံက အရမ်းဆန်းကြယ်တယ်… တတိယမြောက် အသံကရော ဘယ်လိုဆန်းကြယ်မလဲ ငါသိချင်မိတယ် ”

ဒုတိယမြောက် အသံကို ထုတ်လွှတ်ပြီးနောက် သီရှီထျန်သည် သူ၏ အသိစိတ်က ဖော်မပြနိုင်အောင် လေးလံလာကြောင်း ခံစားမိသွားသည်။ သူက အချိန်မရွေး သတိလစ်သွားနိုင်သည်ဟု ခံစားရလာသည်။

လျှို့ဝှက်ဆန်းကြယ်သော အသံနှစ်သံက သူ၏ စွမ်းအင်အားလုံးနီးပါးကို ကုန်ဆုံးသွားစေသည်။ တတိယမြောက် အသံကို ထုတ်လွှတ်ရန် သူ့မှာ စွမ်းအားမကျန်ရှိတော့ပေ။

“ အရမ်းပင်ပန်းတာပဲ… ငါတကယ်အိပ်ချင်နေပြီ… မဟုတ်ဘူး… အဲ့ဒီအသံက ငါ့ကို အရမ်းပင်ပန်းစေတယ်… တတိယမြောက် အသံက… ”

သီရှီထျန်သည် သူဖွင့်လှစ်ထားသော မိစ္ဆာစံအိမ်ထဲမှာ ရပ်နေသည်။ သူ၏ အသိစိတ်နှင့် စိတ်ခွန်အားက ဟိုးအောက်သို့ ကျဆင်းသွားနေကြောင်း သူခံစားမိသွားသည်။ သူ၏ မျက်ခွံများက ဖော်မပြနိုင်အောင် လေးလံလာပြီး ဖြည်းဖြည်းချင်း မှိတ်သွားသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးသည်ပင် အရောင်မှိန်ဖျော့သွားသည်။ ယင်းက ယခင်ကဲ့သို့ သက်ဝင်လှုပ်ရှားမှုမရှိတော့ပေ။ သူက မည်သည့်အရာကိုမှ အာရုံမစိုက်နိုင်တော့ပေ။

သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် မရေမတွက်နိုင်သော အော်သံများ ဆက်တိုက် ထွက်ပေါ်နေသည်။

“ အိပ်လိုက်… အိပ်ပျော်အောင် အိပ်လိုက်… ကောင်းကောင်း အနားယူလိုက်… မင်းနိုးလာတဲ့အခါ အရာအားလုံး လှပနေလိမ့်မယ်… ”

ဆွဲဆောင်မှုအမျိုးမျိုးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

သူက တတိယမြောက် အသံကို ထုတ်ဖော်ချင်သော်လည်း သူ့မှာ ထိုသို့လုပ်ဆောင်နိုင်သော အင်အားမရှိတော့ပေ။ အစက သူခန့်မှန်းခဲ့သည်မှာ နောက်ထပ် အသံနှစ်သံ သို့မဟုတ် သုံးသံကို သူထုတ်ဖော်နိုင်လိမ့်မည်။ သို့သော်လည်း ဒုတိယမြောက် အသံက သူ့ကို ထိုမျှပင်ပန်းနွမ်းနယ်စေမည်ဟု သူမမျှော်လင့်ထားပေ။

အထူးလျှို့ဝှက်နည်းလမ်းတွင် ဆန်းကြယ်သော အသံသုံးသံ ပါဝင်သည်။ သို့ဖြစ်၍ အသံသုံးသံစလုံးကို ထုတ်လွှတ်မှသာလျှင် သူ၏ မိစ္ဆာစံအိမ်က ပြီးပြည့်စုံလိမ့်မည်။ သို့သော်လည်း ယခုအချိန်မှာ တတိယမြောက် အသံကို သူမထုတ်လွှတ်နိုင်ပေ။

All Chapters