အခန်း (၁၅၆၄-၁၅၆၆)
Vol. 105 Ch. 1564-1566
အခန်း (၁၅၆၄)
မဟာခေတ်ပျက်ကပ်ကို ခုခံခြင်း
ယွမ်ချင်းရှုထံ၌ လုချန်းအပေါ် ခံစားချက်များ ရှိနေသော်လည်း ထိုခံစားချက်များသည် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ အချိန်အတော်ကြာ အတူရှိခဲ့ပြီးနောက် လုချန်း မည်သို့သော လူစားမျိုးဖြစ်သည်ကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိခဲ့ရာမှ မြစ်ဖျားခံခဲ့ခြင်း ဖြစ်သည်။
ထိုခံစားချက်သည် သူမ၏ စိတ်နှလုံး အတွင်းပိုင်းမှ လာခြင်းဖြစ်ပြီး လုချန်း၏ အောင်နိုင်မှုကို ခံခဲ့ရခြင်းကြောင့် မဟုတ်ပေ။ ထို့ကြောင့် လုချန်းနှင့် သူမကြား ဆက်ဆံရေးသည် အခြားသော ဇနီးများကဲ့သို့ မဟုတ်ပေ။ သူမသည် အမြဲတမ်း နာခံနေသူ တစ်ယောက် မဟုတ်ခဲ့ချေ။
ထို့ပြင် လုချန်း၏ စဉ်ဆက်မပြတ် စနောက်မှုကို သူမ မကြာခဏ ငြီးတွားလေ့ရှိသည်။ ကစဉ့်ကလျား ပင်လယ်သို့ ရောက်ရှိပြီးနောက်တွင်ပင် လုချန်းနှင့် သူမ အကြိမ်အတော်များများ ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့ကြသေး၏။
သို့သော် အဆုံးသတ်တွင် သူမကို လုချန်းက ပြင်းထန်စွာ နှိမ်နင်းနိုင်ခဲ့ပြီး ဘဝသံသရာ ကျောက်တုံးအတွင်း နောက်ဆုံးမှ ချိပ်ပိတ်ခံခဲ့ရသည့် လုချန်း၏ အမျိုးသမီး ဖြစ်လာခဲ့သည်။
ယွမ်ချင်းရှုသည် လေဟုန်ယွမ်ကဲ့သို့ပင် အေးစက်သူဖြစ်၏။ အခြားသူများကိုလည်း အမြဲတမ်း အေးစက်စက် ဆက်ဆံတတ်သူဖြစ်သည်။ သို့သော် ဤအချက်ကြောင့်ပင် လုချန်းနှင့်အတူ ကစဉ့်ကလျား ပင်လယ်တွင်း နှစ်ပေါင်းသောင်းချီ ရှိနေခဲ့သည့် အချိန်များက ပျင်းစရာ မကောင်းခဲ့ခြင်း ဖြစ်၏။
ကစဉ့်ကလျား ပင်လယ်တွင်း၌ ယွမ်ချင်းရှုကို သူ နှိမ်နင်းလိုက်သည့်အခါ သူမက သူ့ကို လူယုတ်မာဟု ဆဲဆိုကာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည့် အချိန်များကို ပြန်တွေးမိတိုင်း ထိုနှစ်များ အလွန် နာကျင်စရာ မကောင်းခဲ့ဟု လုချန်း ခံစားရသည်။
ယွမ်ချင်းရှု၏ စကားများကို ကြားလျှင် လုချန်း ရယ်မောလိုက်ပြီး
“အဲ့ဒီတုန်းက ဒီလိုလူယုတ်မာနောက်ကို ကစဉ့်ကလျား ပင်လယ်ထဲအထိ ဘယ်သူက လိုက်ခိုင်းလို့လဲ။”
“မင်းသာ ကိုယ့်နဲ့အတူ ကစဉ့်ကလျား ပင်လယ်အထိ မလိုက်ခဲ့ရင် ခုထက်စာရင် အများကြီး သက်သာဦးမှာပဲ။ ကိုယ့် အနိုင်ကျင့်တာလည်း ခံရမှာ မဟုတ်ဘူး။”
ယွမ်ချင်းရှုသည် လျှို့ဝှက်လဝန်းကျောင်းတော်မှ နှင်ထုတ်ခံခဲ့ရသော်လည်း သူမ၏ ပါရမီသည် ထျန်းရန် နတ်ဘုရားနယ်မြေတွင် ထိပ်တန်းအဆင့်၌ ရှိ၏။ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မည်သည့်အဖွဲ့အစည်းကမဆို သူမကို ကြိုဆိုကြမည်ဖြစ်သည်။ ဒုတိယမြောက် အင်အားကြီးအဖွဲ့အစည်း၏ သူတော်စင်မ ဖြစ်လာနိုင်သည့် အခွင့်အရေးပင် သူမ၌ ရှိခဲ့၏။
ထိုဘဝသည် လက်ရှိဘဝထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပေလိမ့်မည်။ ထိုစဉ်က ပိုကောင်းသော နေရာတစ်ခု ရှာရန် လုချန်းက သူမကို တိုက်တွန်းခဲ့သော်လည်း ကံဆိုးစွာပင် သူနှင့်အတူ ကစဉ့်ကလျား ပင်လယ်သို့ ထွက်ပြေးရန် သူမ ခိုင်မာစွာ ဆုံးဖြတ်ခဲ့သည်။
ယွမ်ချင်းရှုက အေးစက်စွာဖြင့်
“ရှင် ဘယ်လောက်ထိ ဒုက္ခရောက်မလဲဆိုတာ ကြည့်ချင်လို့ပါ”
ဟု တုံ့ပြန်လိုက်၏။
ယွမ်ချင်းရှု မည်သို့ တွေးနေသည်ကို လုချန်း ကောင်းစွာ သိနေသဖြင့် သူ တုန်လှုပ်ခြင်း မရှိပေ။ သူမသည် မည်သူ့ကိုမှ အရှုံးမပေးတတ်သည့် အမျိုးသမီးဖြစ်ပြီး တစ်စုံတစ်ယောက်ကို ကြိုက်နှစ်သက်နေလျှင်ပင် အရာရာကို လိုက်လျော နာခံတတ်သူ မဟုတ်ချေ။ သူမ၏နှုတ်က စူးရှသော်လည်း နှလုံးသားသကတော့ နူးညံ့လှသည်။
လုချန်းက ဆက်လက်၍
“ကိုယ့်ရဲ့ ဆိုးရွားတဲ့ အခြေအနေကို မင်း မြင်လိုက်ရပြီပဲ။ ဒါပေမဲ့ ခုတော့ မင်းလည်း အဆင်မပြေဖြစ်နေရပြီ။ ဘာလို့ အဲ့ဒီလောက်ထိ ခံစားနေမှာလဲ။”
ယွမ်ချင်းရှုက တည်ငြိမ်စွာပင်
“ရှင့်ဘဝ မသာယာသရွေ့ ကျွန်မ ပျော်တယ်။”
လုချန်းက
“ကောင်းပါပြီ။ မင်း ပျော်နေရင်ပဲ ကိုယ် ကျေနပ်ပါတယ်။”
ထိုအခိုက်အတန့်တွင် ကုတင်ပေါ်မှ လုချန်း ထလိုက်သည်ကို တွေ့လျှင် ယွမ်ချင်းရှုက
“ရှင် နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲ”
ဟု မေးမြန်းလိုက်သည်။
သူမသည် ဘဝသံသရာ မလည်မီကပင် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်းသို့ မျိုချခံခဲ့ရခြင်းကြောင့် လက်ရှိ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို သူမ မသိသေးပေ။ သို့သော် လုချန်း ကတော့ သိလိမ့်မည်ဟု သူမ ယုံကြည်နေသည်။
လုချန်းသည် ထျန်းရန် နတ်ဘုရားနယ်မြေ၏ မှတ်ဉာဏ်များ ပြန်ရရှိထားသဖြင့် ဤစကြဝဠာမှ ထွက်ခွာရန် သူ့၌ သဲလွန်စအချို့ ရှိနိုင်ပေသည်။
လုချန်းက
“ဪ... ကိုယ် မင်းကို ပြောဖို့ မေ့နေတာ။ ကိုယ်တို့ အခု ရှိနေတာသည် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲမှာ။ အခု ဖြစ်နေတဲ့ ခေတ်ပျက်ကပ်ဆိုတာသည်လည်း ကိုယ့်ကို ဖျက်ဆီးဖို့ ကြံစည်နေတဲ့ ကစဉ့်ကလျား သားရဲရဲ့ အကြံအစည်ပဲ။”
ထိုအရာကို ကြားလျှင် ယွမ်ချင်းရှု ခဏခန့် မှင်တက်သွား၏။
ကစဉ့်ကလျား သားရဲ ဆိုပါလား။
သူမ တစ်ခါမှ မကြားဖူးပေ။
ယွမ်ချင်းရှု ဇဝေဇဝါ ဖြစ်နေသည့် ပုံစံကို ကြည့်ကာ လုချန်းက ရှင်းပြလိုက်သည်။
“ဒီခေတ်ပျက်ကပ်ရဲ့ ရည်ရွယ်ချက်က ကစဉ့်ကလျား သားရဲက ကိုယ့်ကို ဘဝသံသရာထဲ တွန်းပို့ပြီး ကိုယ့်ရဲ့ နတ်အာရုံ စွမ်းအားတွေကို အားနည်းသွားအောင် လုပ်တာပဲ။ အဲ့ဒီကနေတဆင့် ကိုယ့်ကို ကျင့်စဉ်မီးဖိုအဖြစ် သုံးဖို့ ရည်ရွယ်ထားတာ။”
ထိုအရာကို ကြားလျှင် ယွမ်ချင်းရှု နားလည်သွားပြီး
“ဒါဆိုရင် အဲ့ဒီ ကောင်းကင်နတ်ဆိုးတွေကရော ဘာလဲ။”
လုချန်းက
“ကိုယ် ခန့်မှန်းတာ မမှားဘူးဆိုရင် အဲ့ဒီ ကောင်းကင်နတ်ဆိုးတွေက အဲ့ဒီ အမျိုးသမီးနဲ့ ပတ်သက်နေလိမ့်မယ်။”
“အဲ့ဒီ အမျိုးသမီး ဟုတ်လား”
ဟု ယွမ်ချင်းရှုက အလွန်အေးစက်သော အသံဖြင့် မေးလိုက်ရာ ပန်းနီရထားအတွင်းရှိ လေထုသည်လည်း သိသိသာသာ အေးစက်သွား၏။
လုချန်းက ပြုံးလိုက်ပြီး
“ကစဉ့်ကလျား သားရဲ မျိုချခြင်း မခံရခင်တုန်းက ကစဉ့်ကလျား ပင်လယ်ထဲမှာ အသိစိတ်လွတ်နေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကိုယ် တွေ့ခဲ့တယ်။ သူနဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရသေးတယ်။ နောက်ပိုင်းတော့ ကစဉ့်ကလျား သားရဲက ကိုယ်တို့နှစ်ယောက်လုံးကို ချောင်းမြောင်း တိုက်ခိုက်ပြီး သူ့ ဝမ်းဗိုက်ထဲကို မျိုချလိုက်တာပဲ။”
“ကစဉ့်ကလျား သားရဲရဲ့ ဝမ်းဗိုက်ထဲ ရောက်ပြီးနောက်မှာမှ အဲ့ဒီ အမျိုးသမီးက အသိစိတ် ပြန်ဝင်လာတယ်။ အဲ့ဒီကျမှ သူက ကစဉ့်ကလျား ပင်လယ်ကို လာခဲ့တဲ့ နတ်ဧကရာဇ်တွေထဲက တစ်ယောက်မှန်း ကိုယ် သိလိုက်ရတာ။ သူက ကစဉ့်ကလျား ပင်လယ်ထဲမှာ လမ်းပျောက်ပြီး ကစဉ့်ကလျား စွမ်းအားတွေရဲ့ တိုက်စားမှုကို ခံလိုက်ရတာကြောင့် အသိစိတ်လွတ်နေတဲ့ ဝိညာဉ် တစ်ခုလို ဖြစ်နေခဲ့တာ။”
အဓိက အချက်ကို ယွမ်ချင်းရှု ချက်ချင်း သတိပြုမိသွားပြီး
“ဒါဆိုရင် ကစဉ့်ကလျား သားရဲ ဝမ်းဗိုက်ထဲမှာနေရင် ကျွန်မတို့က ကစဉ့်ကလျား စွမ်းအားတွေရဲ့ တိုက်စားမှုကို မခံရဘူးပေါ့ ဟုတ်လား”
လုချန်းက
“အဲ့ဒီလို ပြောလို့ ရပေမဲ့ ဒီနေရာက လုံးဝ ဘေးကင်းတာမျိုး မဟုတ်ဘူး။ အခု ကိုယ့်ရဲ့ နတ်အာရုံ စွမ်းအားတွေက အတော်လေး အားနည်းနေပြီ။ ကိုယ်တို့ ဒီကနေ မြန်မြန် မထွက်နိုင်ရင် နောက်ဘဝအထိ ကိုယ် ဘဝသံသရာ လည်ခွင့်တောင် ရမှာ မဟုတ်တော့ပဲ ကစဉ့်ကလျား သားရဲ အသုံးတာကို တိုက်ရိုက် ခံလိုက်ရလိမ့်မယ်။”
လုချန်း၏ စကားကို နားထောင်ပြီးနောက် ယွမ်ချင်းရှု မျက်မှောင်ကြုတ်သွား၏။ ထိုသို့သာဆိုလျှင် လုချန်းအနေနှင့် ဤဘဝတွင် ထွက်ပေါက်ကို မဖြစ်မနေ ရှာရပေလိမ့်မည်။
သို့သော် သူက ကစဉ့်ကလျား သားရဲကို ယှဉ်နိုင်ပါ့မလား။
ယွမ်ချင်းရှု၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေမှုကို တွေ့လျှင် လုချန်းက သူမ အနားသို့ တိုးသွားကာ လှပသော သူမ၏ ပါးပြင်ကို ထိတွေ့လိုက်ပြီး မျက်လုံးချင်း ဆုံကာ
“စိတ်မပူပါနဲ့။ ကိုယ် ကစဉ့်ကလျား သားရဲကို အနိုင်ယူပြီး မင်းတို့အားလုံးကို ဒီကနေ ခေါ်ထုတ်သွားမှာပါ။”
“ပြီးရင်တော့ မင်းက ကိုယ့်အတွက် သားသမီး ဆယ့်ခုနစ်ယောက် ဆယ့်ရှစ်ယောက်လောက် မွေးပေးပေါ့။”
ထိုအရာကို ကြားလျှင် ယွမ်ချင်းရှုက မျက်မှောင်ကြုတ်လိုက်ပြီး
“ကြွားမနေနဲ့ဦး။ အရင်ဆုံး ကစဉ့်ကလျား သားရဲကို အနိုင်ယူနိုင်အောင် အရင်လုပ်ပါ”
ဟု အေးစက်စွာ တုံ့ပြန်လိုက်၏။
လုချန်းက
“ဪ... ဒါဆိုရင် မင်းက ကိုယ့်ကို သားသမီးတွေ မွေးပေးဖို့ သဘောတူတယ်ပေါ့ ဟုတ်လား။”
ယွမ်ချင်းရှုက တွေဝေခြင်းမရှိပဲ ခေါင်းကို လွှဲလိုက်ပြီး လုချန်း၏ လက်မှ ရုန်းထွက်ကာ သူ့ကို ဂရုမစိုက်တော့ပေ။ ဤလူယုတ်မာ၏ စနောက်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီးနောက် သားသမီး ယူရန်က သူမ၏ ဆုံးဖြတ်ချက် မဟုတ်တော့ပေ။ အကြောင်းမှာ ဤလူသည် မည်သည့်ကိစ္စကိုမဆို သူမ၏ သဘောတူညီချက်ကို တစ်ခါမှ တောင်းခံခဲ့ဖူးခြင်း မရှိသောကြောင့် ဖြစ်သည်။
လုချန်းလည်း ယွမ်ချင်းရှုကို ဆက်လက် မစတော့ပဲ အသာအယာ ပြုံးလိုက်ကာ
“ကောင်းပြီ။ ခေတ်ပျက်ကပ်က ရောက်တော့မယ်။ ကိုယ် အပြင်ထွက်ပြီး ရင်ဆိုင်ဖို့ ပြင်ရမယ်။”
ထိုစကားများနှင့်အတူ လုချန်း ပန်းနီရထားအတွင်းမှ တိုက်ရိုက် ထွက်ခွာသွား၏။ ထိုနေရာမှ ထွက်ခွာလိုက်သည်နှင့် ဟင်းလင်းပြင်တစ်ခုလုံးတွင် စိမ်းညို့သော အရည်များ ဖုံးလွှမ်းနေသည်ကို သူ တွေ့လိုက်ရသည်။ စကြဝဠာအတွင်းရှိ အမျိုးမျိုးသော အင်အားစုများမှ လူများသည် ရှနိုင်ငံ၏ အကာအကွယ် အတားအဆီးအတွင်းသို့ ဝင်ရောက် ခိုလှုံရန်အတွက် နတ်လှေ အမြောက်အမြားဖြင့် ရှနိုင်ငံဆီသို့ ဦးတည် လာနေကြသည်။
ထွက်ပြေးလာသူများကို လုချန်း တစ်ချက် ကြည့်လိုက်ပြီးနောက် အကာအကွယ်တွင် လမ်းတစ်ခု ဖွင့်ပေးကာ ဝင်ရောက်ခွင့် ပြုလိုက်၏။ ဧကရာဇ်အဆင့် ကျင့်ကြံသူများ ရှနိုင်ငံတော်အတွင်းသို့ ပိုမိုဝင်ရောက်လာသည်နှင့်အမျှ နိုင်ငံတော်၏ ကံစွမ်းအားသည်လည်း တဖြည်းဖြည်း တိုးပွားလာပြီး ထိုကံစွမ်းအားကြောင့်ပင် လုချန်း၏ အင်အားသည်လည်း လျင်မြန်စွာ မြင့်တက်လာသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံ လမ်းစဉ်၏ တည်ရှိမှုကို လုချန်း သိသိသာသာ ခံစားလိုက်ရသည်။ အမှန်စင်စစ် ထိုကောင်းကင်ဘုံ လမ်းစဉ်ဆိုသည်က ရွှမ်ထျန်းဟု ခေါ်သော ကစဉ့်ကလျား သားရဲမှ ဖန်တီးထားသည့် အသိစိတ် တစ်ခုသာ ဖြစ်၏။
ထို့နောက် နတ်ဝိညာဉ်ထီး၏ အကာအကွယ်မှ လုချန်း ထွက်ခွာလိုက်ပြီး ထိုစိမ်းညို့သော စွမ်းအားများကို ရင်ဆိုင်ရန်အတွက် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။ ထိုစဉ်တွင် အဝေးတစ်နေရာမှ အမှောင်စွမ်းအား လှိုင်းတံပိုးများ ရေလှိုင်းများကဲ့သို့ ပျံ့နှံ့လာသည်။
ထို့နောက်တွင်တော့ သာယာငြိမ့်ညောင်းသော စောင်းသံတစ်သံ ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွား၏။
…………..
အခန်း (၁၅၆၅)
ခောတ်ပျက်ကပ်၏ ရည်ရွယ်ချက်
အမှောင်စွမ်းအား သူ၏ ခန္ဓာကိုယ်အတွင်းမှ ဖြတ်သန်းသွားလျှင် ၎င်းနှင့် ရင်းနှီးနေသလို လုချန်း ချက်ချင်းပင် ခံစားလိုက်ရပြီး မကြာမီပင် သတိရသွား၏။
ဤအရာသည် ကစဉ့်ကလျား ပင်လယ်တွင် သူတွေ့ခဲ့သည့် အသိစိတ်လွတ်နေသော အမျိုးသမီး အသုံးပြုသည့် အမှောင်စွမ်းအားနှင့် တစ်ပုံစံတည်း မဟုတ်ပါလား။
ထိုအမျိုးသမီး အသိစိတ် ပြန်ရသေးရဲ့လားဟု လုချန်း တွေးနေစဉ်သည်ပင် အဝေးတစ်နေရာမှ ကြီးမားသော နတ်လှေတစ်စင်း ဖြည်းညှင်းစွာ ချဉ်းကပ်လာ၏။
လှေ၏ ကုန်းပတ်ပေါ်တွင် ခရမ်းရောင် ကန့်လန့်ကာတစ်ခုကို ကာရံထားသော်လည်း ပါးလွှာသော ထိုကန်လန့်ကာနောက် ကုန်းပတ်ပေါ်၌ အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို ခပ်ရေးရေး မြင်နေရသည်။ သူမသည် စိုးရိမ်မှု အနည်းငယ်မှ မရှိသကဲ့သို့ ရှေးဟောင်းစောင်းကို ကျနစွာ တီးခတ်နေ၏။
ဧကန်မုချ သူမပင် ဖြစ်သည်။
လုချန်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် စနစ်၏ မျက်နှာပြင် ရုတ်တရက် ပေါ်လာ၏။
[အမည်: ရွှမ်ချင်းယွမ်]
[အချက်အလက်: နဝမကောင်းကင်တက္ကသိုလ်မှ ကောင်းကင်မိန်းကလေး။ ကစဉ့်ကလျား သားရဲ၏ အတွင်းကမ္ဘာမှ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၊ ထျန်းရန် နတ်ဘုရားနယ်မြေ၏ ယခင် နတ်ဧကရာဇ်။ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ မတော်တဆ ဝင်ရောက်မိကာ ကစဉ့်ကလျား စွမ်းအားများ၏ တိုက်စားမှုကို ခံရပြီးနောက် အသိစိတ်လွတ်သွားခဲ့ပြီး နောက်ပိုင်းတွင် ကစဉ့်ကလျား သားရဲ၏ မျိုချခြင်းကို ခံခဲ့ရသည်။ သူမသည် ကောင်းကင်နတ်ဆိုးများမှတစ်ဆင့် ကစဉ့်ကလျား သားရဲကို လှုံ့ဆော်ကာ ခေတ်ပျက်ကပ်တစ်ခု ဖြစ်ပေါ်လာအောင် ဖန်တီးပြီးနောက် ကစဉ့်ကလျား သားရဲကို သတ်၍ ၎င်း၏ သားရဲအမြုတေကို သိမ်းပိုက်ရန် ရည်ရွယ်ထားသည်။]
[အဆင့်သတ်မှတ်ချက် : ၁၀၀]
[နှစ်သက်မှု : ၃၀]
ရွှမ်ချင်းယွမ်၏ ကိုယ်ရေးအချက်အလက်များကို တွေ့လျှင် လုချန်း အနည်းငယ် မှင်တက်သွား၏။
သူမ ဖြစ်နေတာကိုး။
သို့သော် သူ စဉ်းစားမရသည့် အချက်တစ်ချက် ရှိနေသေး၏။ အကယ်၍ ကောင်းကင်နတ်ဆိုးများကို ရွှမ်ချင်းယွမ်က ဖန်တီးခဲ့ခြင်း ဖြစ်ပါက ထိုကောင်းကင်နတ်ဆိုးများ၏ ရည်ရွယ်ချက်က တကယ်တမ်း ဘာဖြစ်နိုင်မည်နည်း။
ကောင်းကင်နတ်ဆိုးများ ပေါ်လာတိုင်း ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်းရှိ ကျင့်ကြံသူများကို သတ်ဖြတ်လေ့ရှိသော်လည်း ထိုအရာမှလွဲ၍ ကစဉ့်ကလျား သားရဲကို တစ်စုံတစ်ရာ ထိခိုက်မှု ပေးနိုင်ပုံ မပေါ်ချေ။
ကစဉ့်ကလျား သားရဲအတွက်တော့ ကျင့်ကြံသူများနှင့် ကောင်းကင်နတ်ဆိုးများသည် ၎င်း၏ ဝမ်းဗိုက်အတွင်းရှိ ပိုးကောင်လေးများကဲ့သို့သာ မဟုတ်ပါလား။
သို့ဖြစ်ရာ ကျင့်ကြံသူများဖြစ်စေ၊ ကောင်းကင်နတ်ဆိုးများဖြစ်စေ ကစဉ့်ကလျား သားရဲကို မည်သည့် သက်ရောက်မှုမှ ပေးနိုင်မည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် ရွှမ်ချင်းယွမ်၏ လုပ်ဆောင်ချက်များက ဘာအတွက် ရည်ရွယ်နေသနည်း။
လုချန်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ရွှမ်ချင်းယွမ်၏ အသံ အဝေးမှ ထွက်ပေါ်လာ၏။
“လုချန်း... မတွေ့ရတာ ကြာပြီနော်”
“ရှင် ကစဉ့်ကလျား သားရဲ အသုံးချတာ ခံလိုက်ရပြီလို့ ကျွန်မ ထင်ထားခဲ့တာ။ သာမန် နတ်ဘုရင် တစ်ယောက်ဖြစ်တဲ့ ရှင်က အခုထိ ကြံ့ကြံ့ခံနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။”
ထိုအသံကို ကြားလျှင် လုချန်း ရယ်မောလိုက်ပြီး
“ကျုပ်လည်း ခင်ဗျား ကျဆုံးသွားပြီလို့ ထင်နေတာ။ အသက်ရှင်နေမယ်လို့ မထင်ထားဘူး။ အခု ခင်ဗျားက အသက်ရှင်နေရုံတင်မကဘူး ကစဉ့်ကလျား သားရဲရဲ့ လက်ရုံးတစ်ယောက်တောင် ဖြစ်နေတာပဲ။”
ရွှမ်ထျန်းသည် ကစဉ့်ကလျား သားရဲ၏ အသိစိတ်ဖြစ်ပြီး ထျန်းကျိရဲတိုက်ကို တည်ထောင်ခဲ့သူလည်း ဖြစ်၏။ ထျန်းကျိရဲတိုက်၏ ကောင်းကင်မိန်းကလေး ဖြစ်သော ရွှမ်ချင်းယွမ်သည် အခြေခံအားဖြင့် ရွှမ်ထျန်း၏ ဘက်တော်သားပင် ဖြစ်သည်။
ရွှမ်ချင်းယွမ်က တည်ငြိမ်စွာပင်
“ကျွန်မက အခွင့်အရေးကို စောင့်နေတာပါ။ ကြည့်လေ... အခု အခွင့်အရေး ရောက်လာပြီ။”
လုချန်းက
“ကျုပ် တကယ်ကို သိချင်နေတာ တစ်ခုက ခင်ဗျား ဘာဖြစ်လို့ ဒီလောက်များတဲ့ ကောင်းကင်နတ်ဆိုးတွေကို ဖန်တီးခဲ့တာလဲ ဆိုတာပဲ။ သူတို့ဆီမှာ ဘာထူးခြားချက်မှ ရှိပုံမရဘူး။”
ရွှမ်ချင်းယွမ်က
“ကစဉ့်ကလျား သားရဲက သူ့ခန္ဓာကိုယ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူး။ ကောင်းကင်နတ်ဆိုးတွေက ခေတ်ပျက်ကပ် ဖြစ်ပေါ်လာအောင် သူ့ကို ဖိအားပေးတဲ့ နည်းလမ်းတစ်ခုပဲ။”
“ကောင်းကင်နတ်ဆိုး အရေအတွက်က အတိုင်းအတာတစ်ခုအထိ ရောက်လာတဲ့အခါ ကစဉ့်ကလျား သားရဲက ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့ရဲ့ ခန္ဓာကိုယ်က ခေတ်ပျက်ကပ်ကို ဖြစ်ပေါ်စေလိမ့်မယ်။”
“ကောင်းကင်နတ်ဆိုး အရေအတွက် အရမ်းများလာတဲ့အခါ ကစဉ့်ကလျား သားရဲရဲ့အတွင်းမှာ ခေတ်ပျက်ကပ် မဖြစ်လာဘူးဆိုရင် သူ့ခန္ဓာကိုယ်ကို ကောင်းကင်နတ်ဆိုးတွေ တဖြည်းဖြည်း ဝါးမျိုသွားတာကို သူ ဒီအတိုင်း ထိုင်ကြည့်နေရုံပဲ ရှိလိမ့်မယ်။”
“ပြီးတော့ ကစဉ့်ကလျား သားရဲ အတွင်းက ခေတ်ပျက်ကပ်က အရမ်းပြင်းထန်လာမယ်ဆိုရင် အဲ့ဒီခေတ်ပျက်ကပ်ကြောင့် ဖြစ်လာတဲ့ ထိခိုက်မှုကို ကစဉ့်ကလျား သားရဲကိုယ်တိုင်လည်း တောင့်မခံနိုင်တော့ဘူး။”
ရွှမ်ချင်းယွမ် ဆိုလိုသည့် အဓိပ္ပာယ်ကို လုချန်း ချက်ချင်းပင် နားလည်သွား၏။
လူ့ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ရလျှင် ရွှမ်ချင်းယွမ် ဖန်တီးထားသည့် ကောင်းကင်နတ်ဆိုးများသည် ကင်ဆာဆဲလ်များနှင့် တူနေ၏။ ထိုဆဲလ်များသည် ရွှမ်ထျန်း၏ ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ဆဲလ်များ ဖြစ်သော ကျင့်ကြံသူများကို အဆက်မပြတ် တိုက်ခိုက်ကာ အင်အား တဖြည်းဖြည်း ကြီးထွားလာခြင်း ဖြစ်သည်။
ထိုအခါ ကောင်းကင်နတ်ဆိုးများကို နှိမ်နင်းရန်အတွက် ကစဉ့်ကလျား သားရဲအနေနှင့် ခေတ်ပျက်ကပ်ကိုသာ အသုံးပြုရမည်ဖြစ်ပြီး ထိုခေတ်ပျက်ကပ်က ၎င်း၏ အတွင်းကမ္ဘာထဲရှိ ကျင့်ကြံသူများကိုပါ သတ်ဖြတ်သွားမည် ဖြစ်၏။
ထိုအရာက အချက်တစ်ချက်တည်းသာ ရှိသေး၏။ အရေးကြီးဆုံးအချက်က ကောင်းကင်နတ်ဆိုးများ၏ အရေအတွက်နှင့် အင်အား အလွန်ကြီးမားလာပါက ၎င်းတို့ကို ရှင်းလင်းရန်အတွက် ကစဉ့်ကလျား သားရဲက ခေတ်ပျက်ကပ်၏ ပြင်းအားကို မြှင့်တင်ရမည် ဖြစ်သည်။
ခေတ်ပျက်ကပ်၏ ပြင်းအား အတိုင်းအတာတစ်ခုသို့ ရောက်သွားလျှင်တော့ ကစဉ့်ကလျား သားရဲကိုယ်တိုင်ပင် ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။
ထိုအခြေအနေသည် ဆေးဝါးမရှိပဲ အဖျားတက်မှုကို မထိန်းချုပ်နိုင်သည့် လူတစ်ယောက်ကဲ့သို့သော်လည်းကောင်း၊ အစာအိမ်အက်ဆစ်များ တိုက်စားခံနေရသည့် အစာအိမ်နံရံများကဲ့သို့သော်လည်းကောင်း ဖြစ်နေပေလိမ့်မည်။
ဖြစ်နိုင်တာက အဖြူရောင်အခိုးအငွေ့များ ထွက်နေသော အစိမ်းရောင်အရည်များကို ထိန်းချုပ်ရန် ကစဉ့်ကလျား သားရဲ အခက်တွေ့နေပြီ ဖြစ်၏။
သို့သော် ထိုအရာများမှာ ခန့်မှန်းချက် သက်သက်သာ ဖြစ်၏။ အကြောင်းမှာ ဤနေရာသည် မြေကမ္ဘာ မဟုတ်ပေ။
အကယ်၍ ကစဉ့်ကလျား သားရဲက ၎င်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့လျှင် ဘာဖြစ်မည်နည်း။
လုချန်းက
“ကစဉ့်ကလျား သားရဲက ခေတ်ပျက်ကပ်ရဲ့ ဒဏ်ကို မခံနိုင်ဘူးလို့ ခင်ဗျား ဘယ်လို သိတာလဲ”
ဟု မေးခွန်းထုတ်လိုက်၏။
ရွှမ်ချင်းယွမ်က ချက်ချင်း အဖြေမပေးပဲ ဟင်းလင်းပြင်ဆီသို့ ဦးတည်ကာ
“သူဖန်တီးထားတဲ့ အသိစိတ်ကိုပဲ ထွက်လာခိုင်းပြီး ကိုယ်တိုင်ပြောခိုင်းလိုက်ရင် မကောင်းဘူးလား။”
ရွှမ်ချင်းယွမ် စကားပြောပြီးသည်နှင့် ဟင်းလင်းပြင်အတွင်း၌
“ရွှမ်ချင်းယွမ်... ခင်ဗျား သူနဲ့ ပူးပေါင်းလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားဘူး။ ကျုပ်ကို တကယ်ပဲ စိတ်ပျက်စေတာပဲ”
ဟု ဆိုသော နက်ရှိုင်းသည့် အသံတစ်သံ ပဲ့တင်ထပ်လာသည်။
ထိုအသံနှင့်အတူ ဟင်းလင်းပြင်အတွင်း၌ ဧရာမ အနီရောင်မျက်လုံး တစ်စုံ ပေါ်ထွက်လာပြီး ထိုမျက်လုံးများအောက်တွင် ရွှမ်ထျန်း၏ ပုံရိပ် ရှိနေ၏။
ရွှမ်ထျန်း ပေါ်လာပြီးနောက် ရွှမ်ချင်းယွမ်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး
“ကျုပ်ခန္ဓာကိုယ်ထဲက လျှို့ဝှက်ချက်ကို ခင်ဗျား သိသွားရင်လည်း ဘာဖြစ်လဲ။ ကျုပ်ရဲ့ ဝိညာဉ်ဝါးမျို စွမ်းအားတွေက ခင်ဗျားတို့အားလုံးကို မကြာခင်မှာ အမြစ်ပြတ် သုတ်သင်ပစ်လိမ့်မယ်။”
“ခင်ဗျားတို့အားလုံးကို ကျုပ်အတွက် အာဟာရဖြစ်အောင် လုပ်ပြီးတာနဲ့ ခေတ်ပျက်ကပ်ကြောင့် ဖြစ်တဲ့ ဒဏ်ရာတွေကို ကျုပ် ဖြည်းဖြည်းချင်း ပြန်ကုစားမယ်။”
ရွှမ်ထျန်း၏ စကားကို ကြားလျှင် လုချန်း အနည်းငယ် အံ့အားသင့်သွား၏။ ရွှမ်ထျန်း ထုတ်လွှတ်လိုက်သော ခေတ်ပျက်ကပ်က သူ့ကိုယ်သူ ပြန်လည် ထိခိုက်စေသည်ဆိုသော ရွှမ်ချင်းယွမ်၏ ခန့်မှန်းချက် မှန်ကန်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ရွှမ်ထျန်း စကားပြောပြီးနောက် ရွှမ်ချင်းယွမ်က
“ရွှမ်ထျန်း... ဝိညာဉ်ဝါးမျို စွမ်းအားရဲ့ နောက်ဆက်တွဲ သက်ရောက်မှုက ရှင့်ကိုလည်း သက်သောင့်သက်သာ မရှိစေဘူး မဟုတ်လား။”
ထို့နောက် ရွှမ်ချင်းယွမ်က လုချန်းဘက်သို့ လှည့်ကာ
“လုချန်း... ကစဉ့်ကလျား သားရဲက အခု အရမ်း အားနည်းနေပြီ။ ရှင့်ရဲ့ မှတ်ဉာဏ်တွေ ပြန်ရပြီး အင်အားအချို့ ပြန်ရလာပြီဆိုတော့ ဒီတစ်ခါမှာတော့ ရှင် သူ့ကို သတ်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။”
ရွှမ်ချင်းယွမ်၏ စကားကို ကြားလျှင် လုချန်း ခဏခန့် ကြောင်သွားပြီးနောက်
“ခင်ဗျားကတော့ ဘေးကနေ ထိုင်ကြည့်ပြီး ကျုပ်ကိုပဲ တိုက်ခိုင်းချင်တာပေါ့ ဟုတ်လား”
ဟု လှောင်ပြုံးဖြင့် မေးလိုက်၏။
ရွှမ်ချင်းယွမ်က
“ကျွန်မဆီမှာ ကျန်နေတဲ့ အင်အားက အရမ်းကို ကန့်သတ်ချက် ရှိနေပြီ။ ကစဉ့်ကလျား သားရဲရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်သွားတဲ့အခါ ကစဉ့်ကလျား စွမ်းအားတွေရဲ့ တိုက်စားမှုကို မခံရအောင် အဲ့ဒီအင်အားကို ကျွန်မ ထိန်းသိမ်းထားဖို့ လိုတယ်။ အဲ့ဒီလိုမှ မဟုတ်ရင် အသိစိတ်လွတ်နေတဲ့ ကျွန်မနဲ့နောက်ထပ် နှစ်ပေါင်းသောင်းချီ ရှင် တိုက်ခိုက်ချင်လို့လား။”
ရွှမ်ချင်းယွမ်၏ စကားကြောင့် လုချန်း ပြန်ပြောစရာ စကား မရှိတော့ချေ။
အမှန်အတိုင်း ပြောရလျှင် ရွှမ်ချင်ယွမ် ဘာလုပ်ရန် ရည်ရွယ်နေသည်ကို ဤအချိန်တွင် သူ ခန့်မှန်းမိနေပြီ ဖြစ်၏။
သူက ကစဉ့်ကလျား သားရဲကို သတ်ပြီးတာနဲ့ သူမက အခွင့်အရေးကို အသုံးချပြီး သားရဲအမြုတေကို ရအောင်ယူဖို့ ကြံစည်နေခြင်း ဖြစ်သည်။
သို့သော် ကစဉ့်ကလျား သားရဲ၏ သားရဲအမြုတေက ဘယ်လို အသုံးဝင်သနည်း။
လုချန်း ထိုမေးခွန်းကို တွေးနေစဉ်မှာပင် ရွှမ်ထျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“ဒီနေ့တော့ ခင်ဗျားတို့အားလုံးကို အမှုန့်ကြိတ်ပြီး ကျုပ်ရဲ့ ကျင့်စဉ်ထဲကို ထည့်လိုက်မယ်။”
ထိုသို့ ပြောရင်း ရွှမ်ထျန်းက သူ၏ လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ အဝေးမှ စိမ်းညို့နေသော ဝိညာဉ်ဝါးမျို စွမ်းအားများ ရွှမ်ထျန်းဆီသို့ ဒီရေကဲ့သို့ တိုးဝင်လာ၏။
နောက်ဆက်တွဲအနေနှင့် ထိုဝိညာဉ်ဝါးမျို စွမ်းအားများသည် ရွှမ်ထျန်း၏ ပတ်ပတ်လည်တွင် စုစည်းသွားကာ ဧရာမ အစိမ်းရောင် နဂါးကြီးများအဖြစ် ပြောင်းလဲသွား၏။
ထို့နောက် ရွှမ်ထျန်းက သူ၏ လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ဝါးမျို စွမ်းအားဖြင့် ဖန်တီးထားသော ထိုနဂါးကြီးများသည် လုချန်းဆီသို့ တိုက်ရိုက် ဦးတည် ပြေးဝင်သွားတော့သည်။
လုချန်းလည်း ရွှမ်ချင်းယွမ်၏ ရည်မှန်းချက်များကို ဆက်လက် မစဉ်းစားတော့ပေ။
နတ်ဘုရားချေမှုန်းဓားကို သူ ချက်ချင်း ဆွဲထုတ်လိုက်ပြီး မူလအစစွမ်းအားကို တိုက်ရိုက် အသုံးပြုကာ ဓားတစ်ချက် ဝှေ့ယမ်းလိုက်၏။
သွေးဝိညာဉ်ဓားသိုင်း။
………….
အခန်း (၁၅၆၆)
ရွှမ်ထျန်း၏ ကံကြမ္မာ
လုချန်း၏ ပထမဆုံး ဓားချက်သည် စမ်းသပ်သည့် တိုက်ခိုက်မှုတစ်ခုသာ ဖြစ်၏။ ရွှမ်ထျန်း၏ ဝိညာဉ်ဝါးမျို စွမ်းအားကို သူ၏ မူလအစစွမ်းအားက ခုခံနိုင်ခြင်း ရှိမရှိကို လုချန်း သိလိုခြင်း ဖြစ်သည်ဟု ဆိုရမည်။
ထိုအစိမ်းရောင် စွမ်းအားကြောင့် လုချန်း စိတ်ထဲ မသက်မသာ ဖြစ်သွားခဲ့သဖြင့် သူ၏ စွမ်းအားကို ထိုဝိညာဉ်ဝါးမျို စွမ်းအားက ဖိနှိပ်သွားမည်ကို စိုးရိမ်နေမိ၏။
ရှန်ဝူ ဧကရာဇ် ပျက်စီးသွားပုံက သူ၏ စိတ်ထဲ ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်သဖြင့် သတိထားရန်မှတစ်ပါး အခြားမရှိချေ။
လုချန်း ဝှေ့ယမ်းလိုက်သည့် ဓားကို ကြည့်ကာ ရွှမ်ထျန်းက လှောင်ပြောင်သည့် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။
“လုချန်း... ခင်ဗျားကြည့်ရတာ ကြိုးစားပမ်းစား တိုက်ခိုက်နေရပုံပဲ။”
ထိုအရာကို ကြားလျှင် လုချန်းက တည်ငြိမ်စွာပင်
“ခင်ဗျား မကြာခင် သိရမှာပါ”
ထိုစဉ် ဝိညာဉ်ဝါးမျို စွမ်းအားဖြင့် ဖွဲ့စည်းထားသော နဂါးကို လုချန်း ထုတ်လွှတ်လိုက်သည့် ဓားစွမ်းအားက တိုက်ရိုက် ထိပ်တိုက်တွေ့သွား၏။ လုချန်း ဝိညာဉ်ဝါးမျို စွမ်းအားကို ခုခံနိုင်မည် မဟုတ်ဟု ရွှမ်ထျန်း ထင်နေချိန်တွင် လုချန်း၏ ဓားစွမ်းအားသည် ရွှမ်ထျန်း၏ ဝိညာဉ်ဝါးမျို စွမ်းအားကို အံ့ဩဖွယ် ထိုးဖောက်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှိနေသူအားလုံး မှင်တက်သွားကြ၏။ ရွှမ်ချင်းယွမ်ပင်လျှင် ဇဝေဇဝါ ဖြစ်လျက် လုချန်းကို စိုက်ကြည့်နေမိသည်။
သာမန်အတိုင်း ဝှေ့ယမ်းလိုက်သည့် လုချန်း၏ ဓားချက်သည် ရွှမ်ထျန်း၏ အပြင်းထန်ဆုံး စွမ်းအားကို အဘယ်ကြောင့် တိုက်ရိုက် ပိုင်းဖြတ်နိုင်ရသနည်း။
ရွှမ်ထျန်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
“မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး... ခင်ဗျားက ကျုပ်ရဲ့ ဝိညာဉ်ဝါးမျို စွမ်းအားကို ဘယ်လိုများ ကျော်လွှားနိုင်တာလဲ။”
ဝိညာဉ်ဝါးမျို စွမ်းအားသည် ရွှမ်ထျန်း၏ အပြင်းထန်ဆုံး စွမ်းအား ဖြစ်သည်။ ထိုစွမ်းအားကို အသုံးပြုလျှင် သူ၏ ခန္ဓာကိုယ်တောင် တိုက်စားခြင်း ခံရသော်လည်း လုချန်းကတော့ အလွယ်တကူ ခုခံနိုင်ခဲ့၏။
ဤအခြေအနေကို ရွှမ်ထျန်း မည်သို့ လက်ခံနိုင်ပါမည်နည်း။
ထို့နောက် ဝိညာဉ်ဝါးမျို စွမ်းအားကို ရွှမ်ထျန်း ထပ်မံ အသုံးပြုလိုက်ပြန်သည်။ မရေမတွက်နိုင်သော ဝိညာဉ်ဝါးမျို စွမ်းအားများ စုစည်းသွားပြီး အာကာသ လှိုင်းလုံးကြီးတစ်ခုသဖွယ် လုချန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။
သူရှေ့သို့ ပြေးဝင်လာသော လှိုင်းလုံးကြီးကို ရင်ဆိုင်ရင်း လုချန်း စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလအစစွမ်းအားကို ထပ်မံ အသုံးပြုလိုက်သည်။
ပို၍ တိကျစွာ ဆိုရလျှင် ထိုစွမ်းအားသည် နတ်စွမ်းအားပင် ဖြစ်သည်။ သူ၏ နတ်စွမ်းအားအားလုံးကို နတ်ဘုရားချေမှုန်းဓား အတွင်းသို့ လုချန်း စုစည်းလိုက်၏။
ယခင် တိုက်ခိုက်မှုသည် စမ်းသပ်မှုသာ ဖြစ်သည်။ သူထင်ထားသလောက် ရွှမ်ထျန်း အင်အားမကြီးကြောင်း သိလိုက်ရသဖြင့် အချိန်ပို မဖြုန်းရန် လုချန်း ဆုံးဖြတ်လိုက်၏။ ဤဓားချက်သည် အနိုင်အရှုံးနှင့် အသက်ရှင်ခြင်း သေဆုံးခြင်းကို အဆုံးအဖြတ် ပေးပေလိမ့်မည်။
လုချန်း၏ စွမ်းအားအားလုံး နတ်ဘုရားချေမှုန်းဓား အတွင်းသို့ စီးဝင်သွားလျှင် ဓားသွားပေါ်တွင် အက်ကြောင်းများ တဖြည်းဖြည်း ပေါ်လာ၏။ နတ်ဘုရားချေမှုန်းဓားသည် သူ၏ စွမ်းအားအားလုံးကို မခံနိုင်ကြောင်း ထင်ရှားသည်။
အမှန်စင်စစ် နတ်ဘုရားချေမှုန်းဓားသည် အဆင့်နိမ့် နတ်ဓားတစ်လက်သာ ဖြစ်၏။ လုချန်းအနေနှင့် နတ်ဘုရင် စွမ်းအားကို ပြန်လည် မရရှိသေးသော်လည်း သူ၏ နတ်ဝိညာဉ်စွမ်းအား အစိတ်အပိုင်း အချို့ကို အသုံးပြုလိုက်ပြီ ဖြစ်သည်။ နတ်ဘုရင် တစ်ပါး၏ နတ်ဝိညာဉ်စွမ်းအားသည် နတ်ဘုရားချေမှုန်းဓား ကဲ့သို့သော အဆင့်နိမ့် နတ်ဓားတစ်လက် တောင့်ခံနိုင်သည့် အရာ မဟုတ်ပေ။
လုချန်းထံမှ ပြင်းထန်သော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် လုချန်း အသက်စွန့် တိုက်ခိုက်တော့မည်ကို ရွှမ်ထျန်း သိလိုက်၏။ ထို့ကြောင့် သူကလည်း ဝိညာဉ်ဝါးမျို စွမ်းအားကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။
ခဏချင်း အတွင်းပင် သူတို့ရှိနေသည့် ဟင်းလင်းပြင်နှင့် ရှနိုင်ငံတော်မှအပ ကျန်ရှိသော စကြဝဠာ တစ်ခုလုံး၌ ဝိညာဉ်ဝါးမျို စွမ်းအားများဖြင့် ပြည့်နှက်သွားတော့သည်။
လုချန်း တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် ရှနိုင်ငံတော်မှ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များအားလုံး နတ်ဝိညာဉ်ထီး၏ အကာအကွယ် အစွန်းသို့ ရုတ်တရက် ရောက်ရှိလာကြသည်။ ရွှမ်ထျန်းကို လုချန်း အသက်စွန့် တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်လျှင် သူတို့က ချက်ချင်းပင်
“အားလုံးပဲ... နည်းဗျူဟာ ပုံစံကို ဖော်ဆောင်ပြီး မင်းကြီးကို ကူညီကြစို့”
ထိုစကားကို ကြားလျှင် ရှိနေသော ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များလည်း ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံ၌ ဝန်မလေးပဲ ပါဝင်လိုက်ကြ၏။
ထိုအခါ ကြီးမားသော ရောင်ခြည် ခုနစ်ခု စွမ်းအားများသည် နတ်ဝိညာဉ်ထီး၏ အကာအကွယ်ကို ဖြတ်ကျော်ကာ လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် စီးဝင်သွားပြီး သူ့ကို ပို၍ အင်အားကြီးမားစေခဲ့သည်။ သူ၏ နိယာမ ပုံရိပ်သည်လည်း စကြဝဠာ တစ်ခုလုံးကို ထောက်မထားတော့မည့်အလား တဖြည်းဖြည်း ကြီးထွားလာ၏။
ဝိညာဉ်ဝါးမျို စွမ်းအားများ လုချန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာလျှင် သူ၏ စွမ်းအားအားလုံးကို နတ်ဘုရားချေမှုန်းဓား အတွင်းသို့ စုစည်းကာ ပြင်းထန်စွာ ပိုင်းဖြတ်လိုက်၏။
ထိုဓားချက်သည် ကမ္ဘာပြိုမြေကွဲမည့်သကဲ့သို့ ပြင်းထန်မှုမျိုး မရှိခဲ့ချေ။
ထိုဓားချက်သည် အလွန်ပင် တည်ငြိမ်နေပြီး ဓားစွမ်းအားများပင် ထွက်ပေါ်လာခြင်း မရှိပေ။ သို့သော် ထိုဓားချက်ကြောင့်ပင် ရွှမ်ထျန်း၏ အမူအရာ သိသိသာသာ ပြောင်းလဲသွား၏။
ခဏချင်းတွင် ရွှေရောင် မိုးကုပ်စက်ဝိုင်း တစ်ခု စကြဝဠာ တစ်ခုလုံးကို ပိုင်းခြားလိုက်ပြီး ထိုနေရာ၌ မရေမတွက်နိုင်သော အမည်းရောင် ဓာတ်ငွေ့များ ထွက်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ် ပျက်စီးသွားသည်ကို ခံစားလိုက်ရသဖြင့် ရွှမ်ထျန်း မယုံကြည်နိုင်စွာ တုံ့ပြန်လိုက်၏။
“ဘာလို့လဲ... ခင်ဗျားရဲ့ နတ်ဝိညာဉ်စွမ်းအားတွေက ပျောက်ကွယ်တော့မယ့် အခြေအနေမှာတောင် ဘာလို့ ဒီလောက်အထိ အားကောင်းနေရတာလဲ။”
လုချန်းသည် ခန္ဓာကိုယ်များစွာဖြင့် ဘဝသံသရာ လည်ခဲ့သဖြင့် သူ၏ နတ်ဝိညာဉ်စွမ်းအားများ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ထို့ကြောင့် လုချန်း ဤမျှ အင်အားမကြီးသင့်ပေ။
သူ၏ ဝမ်းဗိုက်အတွင်း၌ “ပိုးကောင်များ” ရှိနေလျှင်ပင် သူ၏ ခန္ဓာကိုယ်ကို ဤကဲ့သို့ ပိုင်းဖြတ်နိုင်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ရွှမ်ချင်းယွမ်၏ အသံ ထွက်ပေါ်လာ၏။
“သူ အင်အားကြီးလာတာ မဟုတ်ဘူး... ရှင် အင်အားနည်းသွားတာ”
“ဝိညာဉ်ဝါးမျို စွမ်းအားက ရှင့်ကိုယ်ရှင် ဘယ်လောက်အထိ ထိခိုက်စေလဲဆိုတာ ရှင် မသိဘူးလား။”
ထို့နောက် ရွှမ်ချင်းယွမ်က လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေးပင်
“ရှင့်ကို ကျေးဇူးတင်ပါတယ်။”
ထိုသို့ ပြောပြီးနောက် ရွှမ်ချင်းယွမ်၏ ခန္ဓာကိုယ်မှ အမှောင်စွမ်းအားများ ထွက်ပေါ်လာ၏။ ထို့နောက် မရေမတွက်နိုင်သော အမည်းရောင် စွမ်းအားများသည် ထိုနေရာ၌ ရှိနေဆဲ ဖြစ်သည့် ရွှမ်ထျန်းထံသို့ တိုးဝင်သွားသည်။
ရွှမ်ထျန်းက မကျေမနပ်ဖြင့် ဟိန်းဟောက်လိုက်၏။
“မဖြစ်ဘူး... ကျုပ် မသေနိုင်ဘူး”
“ခင်ဗျားတို့လို ပုရွက်ဆိတ်တွေက ကျုပ်ကို ရန်ပြုရဲတယ်ပေါ့... အားလုံးကို ကျုပ် ချေမှုန်းပစ်မယ်။”
ထိုသို့ ပြောပြီးနောက် ဝိညာဉ်ဝါးမျို စွမ်းအားကို ရွှမ်ထျန်း ထပ်မံ အသုံးပြုရန် ကြိုးစားလိုက်သည်။ သို့သော် ယခုအကြိမ်တွင်တော့ ဝိညာဉ်ဝါးမျို စွမ်းအား၏ ပုံသဏ္ဍန် သိသိသာသာ ပြောင်းလဲသွား၏။
အစိမ်းရောင် မီးတောက်များအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လုချန်း စိတ်ထဲ မကောင်းသော နိမိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ သူ၏ စွမ်းအားသည် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်ရာ ရွှမ်ထျန်းကသာ ပြန်လည် တိုက်ခိုက်နိုင်ပါက သူတို့အားလုံး သေဆုံးကြရမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။
သို့သော် လုချန်း အံ့ဩသွားရသည်က ဝိညာဉ်ဝါးမျို စွမ်းအား အစိမ်းရောင် မီးတောက်များအဖြစ် ပြောင်းလဲသွားချိန်တွင် သူတို့ကို မဟုတ်ပဲ ရွှမ်ထျန်းကိုယ်တိုင်ကိုသာ စတင် လောင်ကျွမ်းစေခဲ့ခြင်း ဖြစ်၏။
အစိမ်းရောင် မီးတောက်များ ရွှမ်ထျန်းကို စွဲကပ်သွားသည်နှင့် တပြိုင်နက် ပြင်းထန်စွာ လောင်ကျွမ်းသွားပြီး သူက
“မဖြစ်နိုင်ဘူး...”
ဟု အော်ဟစ်လိုက်သည်။
ထိုစဉ် ရွှမ်ချင်းယွမ်က သူမ၏ လက်ကို မြှောက်လိုက်ရာ ဟင်းလင်းပြင်အတွင်း အမည်းရောင် ဓားကြီးတစ်လက် ပေါ်လာ၏။ ထိုဓားကြီးကို ရွှမ်ချင်းယွမ် ဝှေ့ယမ်းလိုက်သဖြင့် ဟင်းလင်းပြင်တွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူမလည်း ထိုအက်ကြောင်းအတွင်းသို့ ဝန်မလေးပဲ ခုန်ဝင်သွား၏။
ထိုအခိုက်အတန့်တွင် ဝိညာဉ်ဝါးမျို စွမ်းအားကြောင့် တိုက်စားခံနေရသော ရွှမ်ထျန်းလည်း တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပုံ ရ၏။ သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သည့် အမူအရာများ ပေါ်လာပြီး ချက်ချင်းပင် ကြိမ်းမောင်းလိုက်၏။
“ခင်ဗျားတို့လို အညတရတွေက ကျုပ်ကို ရန်ပြုရဲတယ်ပေါ့... ကျုပ်ရဲ့ သခင်က ခင်ဗျားတို့ကို လွှတ်ထားမှာ မဟုတ်ဘူး။”
သို့သော် ရွှမ်ထျန်း စကားပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲသွား တော့သည်။
ဒါက...
လုချန်း ခဏခန့် ကြောင်သွားမိသည်။
ရွှမ်ထျန်း ပြန်လည် တိုက်ခိုက်တော့မည်ဟု သူ ထင်နေခဲ့သော်လည်း သူသည် ကြိမ်းမောင်းရုံသာ ကြိမ်းမောင်းပြီး တိုက်ရိုက် သေဆုံးသွားခဲ့သည်။
မဟုတ်သေးဘူး။
ရွှမ်ထျန်းသည် ကစဉ့်ကလျား သားရဲ၏ အသိစိတ်မှ ဖန်တီးထားသော ကိုယ်ပွားတစ်ခုသာ ဖြစ်၏။ ထိုကိုယ်ပွား ပျောက်ကွယ်သွားလျှင်ပင် သူ တကယ် သေဆုံးသွားပြီဟု မဆိုနိုင်ပေ။
ထို့ကြောင့် လုချန်း သတိ လျှော့မချခဲ့ပေ။ ထိုအခိုက်အတန့်တွင် အမည်းရောင် ဓားစွမ်းအားတစ်ခုသည် သူ့ကို ဖြတ်ကျော်ကာ ရုတ်တရက် ပျံသန်းသွား၏။ မနီးမဝေးရှိ ဟင်းလင်းပြင်တွင် စကြဝဠာကို ဖြတ်သန်းထားသော အက်ကြောင်းကြီးတစ်ခု ထပ်မံ ပေါ်လာပြီးနောက် မကြာမီမှာပင် ရွှမ်ချင်းယွမ်၏ ခန္ဓာကိုယ် ထိုအက်ကြောင်းအတွင်းမှ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ရွှမ်ချင်းယွမ်၏ လက်ထဲ၌ အမည်းရောင် ဓာတ်ငွေ့များ ထွက်ပေါ်နေသော ကြီးမားသည့် ပုတီးစေ့တစ်ခု ရှိနေ၏။
လုချန်း တစ်စုံတစ်ခုကို ရိပ်မိသွားပြီး ချက်ချင်းပင် မေးလိုက်သည်။
“ဒါက ကစဉ့်ကလျား သားရဲရဲ့ အမြုတေ လား”
ရွှမ်ချင်းယွမ်က
“ရှင် သိပ်တော့ မအဘူးပဲ... ဒီပုတီးစေ့ ရှိနေရင် ကစဉ့်ကလျား စွမ်းအားရဲ့ တိုက်စားမှုကို ခံရတော့မှာ မဟုတ်ဘူး။”
“ကစဉ့်ကလျား သားရဲ သေသွားပြီဆိုတော့... နှုတ်ဆက်ပါတယ်။ ရှင်ကတော့ ကစဉ့်ကလျား သားရဲရဲ့ ဝမ်းဗိုက်ထဲမှာပဲ ဆက်နေခဲ့တော့။”
ထိုသို့ ပြောပြီးနောက် ရွှမ်ချင်းယွမ်နှင့် သူမ၏ နတ်လှေသည် အမည်းရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ အဝေးမှ ရွှေရောင် မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းသွား၏။
ရွှမ်ချင်းယွမ် ထွက်ခွာသွားသည်ကို ကြည့်ကာ လုချန်း ရယ်မောပြီး
“ခင်ဗျားရဲ့ နဝမကောင်းကင်တက္ကသိုလ်က လူတွေက ကောင်းကင်မိန်းကလေးဖြစ်တဲ့ ခင်ဗျားကို ကစဉ့်ကလျား သားရဲရဲ့ ဗိုက်ထဲမှာ လိုက်ရှာနေတုန်းပဲ... ဒါပေမဲ့ ခင်ဗျားကတော့ တစ်ယောက်တည်း ထွက်ပြေးသွားပြီပေါ့။”