← Chapters

အခန်း (၁၅၆၇-၁၅၆၉)

Vol. 105 Ch. 1567-1569

အခန်း (၁၅၆၇-၁၅၆၉)

Vol. 105 Ch. 1567-1569

အခန်း (၁၅၆၇)

သူတို့အားလုံး ရင်သွေးကမ္ဘာသို့ သွားကြပြီ

လုချန်း၏ စကားများကို ရွှမ်ချင်းယွမ် ကြားလိုက်ရသော်လည်း နောက်သို့ လှည့်မကြည့်ခဲ့ပေ။ သူမကဲ့သို့သော အဆင့်အတန်းရှိသူတစ်ဦးအနေနှင့် နဝမကောင်းကင်တက္ကသိုလ်မှ တပည့်များ ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်အတွင်း ရှိနေကြောင်းကို သဘာဝကျစွာ သိထား၏။

သို့သော် ထိုသူအားလုံးကို ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်အတွင်းမှ ချက်ချင်း သူမ ခေါ်ထုတ်နိုင်သဖြင့် လုချန်း၏ သတိပေးမှုကို သူမ မလိုအပ်ပေ။

ရွှမ်ချင်းယွမ် ချန်သွားသည့် အမည်းရောင်မြူခိုးများ ဤစကြဝဠာအတွင်းမှ လုံးဝ ပျောက်ကွယ်သွားသည်ကို မြင်လျှင် လုချန်းလည်း သူမအား ဆက်လက် အာရုံစိုက်ရန် စိတ်မပါတော့ပေ။

ရွှမ်ချင်းယွမ်သည်လည်း စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီနေသော်လည်း သူမနှင့် သူကြားတွင် မည်သည့် ပတ်သက်မှုမှ မရှိချေ။ အစကတည်းက သူ၏ အမျိုးသမီးများ ဖြစ်ကြသည့် လက်ရှိ ဇနီးများနှင့် မတူပေ။

ယခုကစဉ့်ကလျား သားရဲ သေဆုံးသွားပြီ ဖြစ်သဖြင့် ရှနိုင်ငံတော်ရှိ လူများကို မည်သို့ အသက်ရှင်အောင် ကယ်တင်ရမည်ကို သူ စဉ်းစားရတော့မည်။

ထိုအခိုက်အတန့်တွင် စကြဝဠာကြီး တဖြည်းဖြည်း ပြိုကွဲလာနေသည်ကို လုချန်း ရုတ်တရက် သတိပြုမိလိုက်၏။ မရေမတွက်နိုင်သော အမည်းရောင် ကစဉ့်ကလျား စွမ်းအားများသည် ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာပြီး သားရဲ၏ ခန္ဓာကိုယ်သည် ထိုစွမ်းအားများ၏ တိုက်စားမှုကို မခုခံနိုင်ပဲ ဖြည်းညှင်းစွာ ပျောက်ကွယ်လာနေသည်။

ဖြစ်ပျက်နေသည့်အရာကို လုချန်း ချက်ချင်း နားလည်လိုက်၏။ အရင်က ကစဉ့်ကလျား သားရဲသည် ၎င်း၏အတွင်းရှိ သားရဲအမြုတေကို အားကိုး၍ ကစဉ့်ကလျား စွမ်းအားကို အပြည့်အဝ ခုခံနိုင်ခဲ့ခြင်း ဖြစ်၏။

သို့သော် ယခု သားရဲအမြုတေ မရှိတော့သဖြင့် ၎င်း၏ ခန္ဓာကိုယ်လည်း ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို မခံနိုင်တော့ချေ။

လုချန်း မျက်မှောင်ကြုတ်လိုက်၏။ ဤမိန်းမသည် တကယ်ပင် အတ္တကြီးလှသည်။

ကစဉ့်ကလျား သားရဲ၏ သားရဲအမြုတေအကြောင်း သူမ သိနေခဲ့လျှင် ထိုအမြုတေသည် ကစဉ့်ကလျား သားရဲ၏ အတွင်းစကြဝဠာအတွက် မည်မျှ အရေးကြီးကြောင်းကို သူမ ဧကန်မုချ သိပေလိမ့်မည်။ သို့သော် သားရဲအမြုတေကို ရရှိပြီးနောက် စကြဝဠာ တစ်ခုလုံးရှိ လူအားလုံးကို ဤနေရာတွင် သူမ ပစ်ထားခဲ့သည်။

ကစဉ့်ကလျား စွမ်းအားများ ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသည်နှင့်အမျှ ရှနိုင်ငံတော်မှ လူများလည်း ထိတ်လန့်တုန်လှုပ်သည့် အမူအရာများ ပြသလာကြ၏။ သူတို့သည် ကစဉ့်ကလျား စွမ်းအားကို မသိကြသော်လည်း သူတို့၏ စကြဝဠာကြီး တဖြည်းဖြည်း ပြိုကွဲနေသည်ကို ခံစားမိနေကြသည်။

“ပြီးပြီ... ကျုပ်တို့အားလုံး သေရတော့မယ်”

“ခေတ်ကပ်ဘေးက ရပ်တန့်သွားပြီ မဟုတ်ဘူးလား... ဘာလို့ စကြဝဠာကြီး ပြိုကွဲနေတာလဲ။”

“ကောင်းကင်ဧကရာဇ်မှာ နည်းလမ်းရှိမယ်လို့ ကျုပ် ယုံကြည်တယ်။”

ခဏအတွင်းပင် ရှနိုင်ငံတော်အတွင်း၌ ဖရိုဖရဲ ဖြစ်သွား၏။ မကြာမီမှာပင် ကစဉ့်ကလျား စွမ်းအားသည် နတ်ဝိညာဉ်ထီးက ဖန်တီးထားသော အကာအကွယ်နှင့် ထိတွေ့သွား၏။

ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ အကာအကွယ်နှင့် ထိတွေ့လိုက်သည်နှင့် အကာအကွယ်သည် ချက်ချင်းပင် အက်ကွဲသွားပြီး အက်ကြောင်းများ လျင်မြန်စွာ ကျယ်ပြန့်လာကာ ပျက်စီးတော့မည့်အလား ဖြစ်နေသည်။

ဤအရာက ရှနိုင်ငံတော်အတွင်းရှိ ဖရိုဖရဲဖြစ်မှုကို ပို၍ ပြင်းထန်စေ၏။

လုချန်းက စိတ်ထဲမှနေ၍ စနစ်ကို ချက်ချင်း မေးလိုက်၏။

“စနစ်... ကျုပ်ရဲ့ ဇနီးတွေရဲ့ ရင်သွေးကမ္ဘာတွေက ကစဉ့်ကလျား စွမ်းအားရဲ့ တိုက်စားမှုကို ကာကွယ်နိုင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား... အခု ဘာလုပ်ရမလဲ။”

လုချန်း စကားပြောပြီးသည်နှင့် စနစ်၏ အသိပေးချက် အသံ ထွက်ပေါ်လာ၏။

“သခင်အနေနှင့် ဇနီးတွေနှင့် စိတ်ချင်း ဆက်သွယ်ပြီး သူတို့ရဲ့ ရင်သွေးကမ္ဘာတွေကို ထွက်ပေါ်လာအောင် ကူညီပေးဖို့ပဲ လိုပါတယ်။”

ဒါက...

နတ်ဝိညာဉ်ထီး၏ အကာအကွယ်ကို ကစဉ့်ကလျား စွမ်းအားက အဆက်မပြတ် တိုက်စားနေသည်ကို ကြည့်ကာ သူ၏ ကိုယ်ပွားများအားလုံးကို ဆက်လက် အလုပ်လုပ်ရန် လုချန်း အလျင်အမြန် ထိန်းချုပ်လိုက်၏။

……

ထိုအချိန်မှာပင်။

ပန်းနီရထား အတွင်း။

သူမ လှုပ်ရှားနိုင်ပြီဖြစ်ကြောင်း ယွမ်ချင်းရှု သိလိုက်လျှင် စိတ်ထဲမှနေ၍ လုချန်းကို ကျိန်ဆဲလိုက်ပြီး အပြင်ဘက် အခြေအနေကို ကြည့်ရန် ပန်းနီရထားအတွင်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်၏။ သို့သော် သူမ ထွက်ခွာတော့မည့် အချိန်မှာပင် ပန်းနီရထား အတွင်း၌ လူရိပ်တစ်ရိပ် ရုတ်တရက် ပေါ်လာသည်။

လုချန်း၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ယွမ်ချင်းရှု ရင်တစ်ချက် ခုန်သွားပြီး ချက်ချင်း မေးလိုက်၏။

“ရှင်... ရှုံးသွားပြီလား”

လုချန်း သူမ၏ မေးခွန်းကို မဖြေပဲ

“အခု အဲ့ဒါတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူး။”

ထိုသို့ ပြောပြီးသည်နှင့် လုချန်းက ရှေ့သို့ တိုးဝင်ကာ သူမကို ကုတင်ပေါ်သို့ ထပ်မံ တွန်းချလိုက်သည်။ ထိုသို့ တွန်းချ ခံလိုက်ရသဖြင့် ယွမ်ချင်းရှု အလွန် ဇဝေဇဝါ ဖြစ်သွား၏။

လုချန်းသည် ကပ်ဘေးကို မဖြေရှင်းပဲ အဘယ်ကြောင့် ယခုအချိန်တွင် သူမကို လာရှာပြီး ဤသို့ လုပ်နေရသနည်း။

ယွမ်ချင်းရှု အလျင်အမြန် ရုန်းကန်ရင်း

“ရှင် ရူးနေတာလား... ကပ်ဘေးက မပြီးသေးဘူး။ ရှင်က...”

လုချန်းလည်း ယွမ်ချင်းရှုနှင့် အခြေအတင် မငြင်းခုံလိုတော့သဖြင့် သူမ၏ နှုတ်ခမ်းကို တိုက်ရိုက် ပိတ်ဆို့လိုက်၏။ ယွမ်ချင်းရှု ထွက်ပြေးရန် ကြိုးစားသော်လည်း ပန်းနီရထား၏ စွမ်းအားဖြင့် ထပ်မံ ချုပ်နှောင်ခြင်း ခံလိုက်ရသဖြင့် စိတ်ထဲမှနေ၍ ပန်းနီရထားကို ဒေါသတကြီး ကျိန်ဆဲနေမိတော့သည်။

ဤကြောက်မက်ဖွယ်အရာသည် အဘယ်အရပ်မှ ရောက်လာပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အဘယ်ကြောင့် အပြည့်အဝ ချုပ်နှောင်နိုင်သနည်းဆိုသည်ကို သူမ လုံးဝ နားမလည်နိုင်ချေ။

လုချန်းတွင် ဤကဲ့သို့သော မှော်ရတနာ ရှိခဲ့ကြောင်း သူမ မမှတ်မိပေ။

အချိန်များ ကုန်ဆုံးသွားပြီးနောက် အခိုက်အတန့်တစ်ခုတွင် လုချန်းနှင့် သူ၏ ဇနီးများ ရုတ်တရက် စိတ်ကြည်လင်မှုကို ခံစားလိုက်ရပြီး သူတို့၏ အတွင်း ရင်သွေးကမ္ဘာများကို လုချန်း တကယ် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိလိုက်ရ၏။

ထို့နောက် လုချန်းက ချက်ချင်းပင် ချူးယုချင်၏ ခန္ဓာကိုယ်အတွင်းရှိ ရင်သွေးကမ္ဘာကို ထွက်ပေါ်လာစေလိုက်၏။ နောက်တစ်ခဏတွင် အတိုင်းအဆမဲ့သော ကစဉ့်ကလျား ပင်လယ်အတွင်း၌ ရောင်ခြည်ခုနစ်ခုဖြင့် တောက်ပနေသော ကမ္ဘာတစ်ခု ရုတ်တရက် ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကစဉ့်ကလျား စွမ်းအားများကို ဖယ်ရှားပစ်လိုက်၏။ ရောင်ခြည်ခုနစ်ခု စွမ်းအား ရောက်ရှိရာ နေရာတိုင်းသို့ ကစဉ့်ကလျား စွမ်းအားများ မချဉ်းကပ်နိုင်တော့ချေ။

ပထမဆုံး ရင်သွေးကမ္ဘာ တည်ရှိမှုကို ခံစားမိသည်နှင့် လုချန်းလည်း တွန့်ဆုတ်မနေပဲ ချူးယုချင်၏ ရင်သွေးကမ္ဘာသို့ လမ်းကြောင်းကို ဖွင့်လှစ်လိုက်ပြီး ရှနိုင်ငံတော်၏ အစိတ်အပိုင်း အချို့ကို ထိုအတွင်းသို့ ပြောင်းရွှေ့လိုက်၏။

သို့သော် ချူးယုချင်၏ ရင်သွေးကမ္ဘာသည် ဤမျှ များပြားသော လူများကို အချိန်တိုအတွင်း လက်မခံနိုင်တော့ပေ။

ကံကောင်းသည်က လုချန်းတွင် ဇနီးတစ်ဦးထက်မက ရှိနေခြင်းပင်။ ထို့ကြောင့် အခြား ဇနီးများ၏ ရင်သွေးကမ္ဘာများကိုပါ ထွက်ပေါ်စေပြီး ရှနိုင်ငံတော်မှ လူများကို ထိုအတွင်းသို့ ပြောင်းရွှေ့ပေးလိုက်သည်။

ဤနည်းဖြင့် ရှနိုင်ငံတော် လုံးဝ ကွဲပြားသွားသော်လည်း လုချန်းတွင် အခြား ရွေးချယ်စရာ မရှိချေ။ လူတိုင်း အသက်ရှင်နိုင်စေရန်အတွက် သူ ဤသို့သာ လုပ်ဆောင်နိုင်ပေသည်။

ရှနိုင်ငံတော်ရှိ လူအားလုံးကို ပြောင်းရွှေ့ပြီးနောက် ယွမ်ချင်းရှုနှင့် သူကြားတွင် ရင်သွေးကမ္ဘာတစ်ခု မတည်ဆောက်ရသေးကြောင်း လုချန်း ရုတ်တရက် သတိရသွား၏။ စောစောက သူ အလွန် စိုးရိမ်နေသဖြင့် ဤအချက်ကို လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

လုချန်း၏ ပင်မခန္ဓာသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး အေးစက်နေသော မျက်နှာဖြင့် ယွမ်ချင်းရှုကို ကြည့်ကာ ပြုံးလိုက်၏။

“ကိုယ် ခုနက ရှနိုင်ငံတော်ကို ကယ်ဖို့ ကြိုးစားနေတာပါ... တောင်းပန်ပါတယ်။”

ယွမ်ချင်းရှုက အေးစက်စွာ ပြောလိုက်၏။

“ရှင် ဒီလို လုပ်ရုံနဲ့ ရှနိုင်ငံတော်ကို ကယ်နိုင်မယ်လို့ ထင်နေတာလား။”

လုချန်းက

“ကိုယ်နဲ့ လိုက်ခဲ့ပါ... မင်း နားလည်သွားလိမ့်မယ်။”

ထိုစကားများကို ပြောပြီးနောက် လုချန်း သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ဦးလုံး အဝတ်အစားများ ဝတ်ဆင်ပြီးသား ဖြစ်သွားသည်။ ထို့နောက် ယွမ်ချင်းရှုကို ပန်းနီရထားအတွင်းမှ ခေါ်ထုတ်လာခဲ့သည်။

ပန်းနီရထား အတွင်းမှ ထွက်လာသောအခါ ရှနိုင်ငံတော် တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေသည်ကို ယွမ်ချင်းရှု သတိပြုမိလိုက်၏။

ဒါက...

ယခုအခါ ကစဉ့်ကလျား စွမ်းအားများသည် နတ်ဝိညာဉ်ထီး၏ အကာအကွယ် အက်ကြောင်းများမှတစ်ဆင့် အတွင်းသို့ စီးဝင်နေပြီ ဖြစ်သည်။ သူတို့၏ လက်ရှိ အင်အားဖြင့် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို မခုခံနိုင်သော်လည်း ယခု‌တာ့ လုချန်း စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။

သူ၏ ဇနီးများ၏ ရင်သွေးကမ္ဘာများသည် ကစဉ့်ကလျား ပင်လယ်အတွင်း၌ အပြည့်အဝ ထွက်ပေါ်နေပြီ ဖြစ်သဖြင့် စိတ်ကူးလိုက်ရုံဖြင့် မည်သည့် ရင်သွေးကမ္ဘာအတွင်းသို့မဆို သူ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။

ယွမ်ချင်းရှုက လုချန်းဘက်သို့ လှည့်ကာ

“ရှနိုင်ငံတော်က လူတွေ ဘယ်ရောက်ကုန်ပြီလဲ။”

လုချန်းက

“သူတို့ ရင်သွေးကမ္ဘာတွေဆီကို သွားကြပြီ”

“ရင်သွေးကမ္ဘာတွေ ဟုတ်လား”

ယွမ်ချင်းရှု လုချန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။

လုချန်းက

“မင်း မကြာခင် သိရမှာပါ”

ထို့နောက် နတ်ဝိညာဉ်ထီးကို လုချန်း သိမ်းဆည်းလိုက်၏။ သူ ဤနေရာမှ ထွက်ခွာတော့မည် ဖြစ်သဖြင့် ထိုထီး အသုံးမဝင်တော့ချေ။

သူ ထွက်ခွာတော့မည့် အချိန်မှာပင် ရှနိုင်ငံတော် တစ်ခုလုံး စတင် လှုပ်ရှားလာသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။ ရှနိုင်ငံတော်သည် သူ၏ အတွင်းစကြဝဠာအလား သူနှင့် ရှနိုင်ငံတော်ကြား ပတ်သက်မှုတစ်ခု ရှိနေကြောင်း လုချန်း ခံစားမိလိုက်၏။

ထျန်းချန်ကမ္ဘာသည် သူ၏ အတွင်းကမ္ဘာ ပြောင်းလဲသွားခြင်းဖြစ်ပြီး ရှနိုင်ငံတော်၏ ကြယ်နယ်မြေကိုလည်း သူကိုယ်တိုင် ဖန်တီးလိုက်သကဲ့သို့ ဖြစ်ကြောင်း လုချန်း သတိထားမိလိုက်သည်။ ထို့ကြောင့် ယခုအခါ ရှနိုင်ငံတော် တစ်ခုလုံးသည် သူ၏ အတွင်းစကြဝဠာ အစိတ်အပိုင်း တစ်ခု ဖြစ်လာတော့သည်။

အခန်း (၁၅၆၈)

နယ်စပ်ဖြတ်ကျော် ကျောက်တုံးကို လူတစ်ဦးတည်းသာ အသုံးပြုနိုင်သည်

ရှနိုင်ငံတော်သည် သူ၏ အတွင်းစကြဝဠာ ဖြစ်သွားပြီဖြစ်ကြောင်း သိလိုက်ရလျှင် လုချန်းလည်း တွေဝေမနေတော့ပဲ သူ၏ နတ်စွမ်းအားကို စုစည်းကာ ရှနိုင်ငံတော်တစ်ခုလုံးကို ကစဉ့်ကလျား သားရဲ ၏ ခန္ဓာကိုယ်အတွင်းမှ ထုတ်ယူလိုက်၏။

ရှနိုင်ငံတော် ပျောက်ကွယ်သွားသည်နှင့်အမျှ ကစဉ့်ကလျား သားရဲ၏ အတွင်းစကြဝဠာ ပြိုကွဲမှုလည်း ရုတ်တရက် မြန်ဆန်လာခဲ့သည်။ ထို့နောက် ယွမ်ချင်းရှု၏ လက်ကို လုချန်း အလျင်အမြန် ဆွဲကိုင်လိုက်ပြီး စိတ်ကူးလိုက်ရုံဖြင့် ယွမ်ချင်းရှုကို ယွမ်ရှန်ရှန်၏ ရင်သွေးကမ္ဘာ အတွင်းသို့ ခေါ်ဆောင်သွားလိုက်၏။

ယွမ်ရှန်ရှန်၏ ရင်သွေးကမ္ဘာ အတွင်းသို့ ယွမ်ချင်းရှု ရောက်ရှိလာလျှင် သူမ၏ မူလအစနှင့် တူညီသော စွမ်းအားတစ်ခုကို ချက်ချင်းပင် ခံစားလိုက်ရပြီး သူမကိုယ်တိုင် ဤကမ္ဘာ၏ သခင်ဖြစ်နေသကဲ့သို့ ခံစားလိုက်ရ၏။

ဒါက ရင်သွေးကမ္ဘာလား...

ယွမ်ချင်းရှု အလွန် အံ့အားသင့်သွားပြီး လုချန်း၏ လက်ကို ခါထုတ်ကာ ရင်သွေးကမ္ဘာ ၏ အထက်သို့ ပျံတက်၍ အပြင်ဘက်ကို ကြည့်လိုက်၏။

ထိုအခိုက်အတန့်တွင် ကစဉ့်ကလျား ပင်လယ် အတွင်း၌ ရောင်ခြည် ခုနစ်မျိုးတောက်ပနေသော ရင်သွေးကမ္ဘာ ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေပြီး ဤစကြဝဠာအတွင်း၌ အသစ်စက်စက် မွေးဖွားလာသော ကြယ်ပွင့်များကဲ့သို့ ဖြစ်နေ၏။

ရင်သွေးကမ္ဘာ များမှ ထွက်ပေါ်လာသော ရောင်ခြည် ခုနစ်မျိုး အလင်းတန်းများသည် အပြင်ဘက်မှ ကစဉ့်ကလျား ပင်လယ်၏ ကစဉ့်ကလျား စွမ်းအား များကို ပိတ်ဆို့ထားပြီး ထိုရင်သွေးကမ္ဘာ များ၏ အလယ်ဗဟိုတွင် ကစဉ့်ကလျား စွမ်းအား လုံးဝ မသက်ရောက်နိုင်သော ဟာလာဟင်းလင်း နယ်မြေတစ်ခု ဖြစ်ပေါ်နေ၏။

ထိုအခိုက်အတန့်တွင် လုချန်းနှင့် ပူးကပ်သော ယွမ်ရှန်ရှန်သည်လည်း ပင်မခန္ဓာ၏ အရှိန်အဝါကို ခံစားမိပြီး လုချန်းကို ချက်ချင်း တွန်းထုတ်ကာ အဝတ်အစားများ ဝတ်ဆင်၍ ယွမ်ချင်းရှု၏ အနားသို့ ပျံသန်းသွားလိုက်သည်။

သူမသည် ယွမ်ချင်းရှုထံမှ ခွဲထုတ်ထားသော ကိုယ်ပွား မျှသာ ဖြစ်သော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေ ၏ မှတ်ဉာဏ်များကို လုချန်းက သူမထံသို့ လွှဲပြောင်းပေးထားပြီး ဖြစ်သဖြင့် ယွမ်ချင်းရှုနှင့် တူညီသော မှတ်ဉာဏ်များကို သူမ ပိုင်ဆိုင်ထား၏။

ထို့ကြောင့် ယွမ်ချင်းရှုသည် လုချန်းနှင့် အမြဲတစေ ရန်ဖြစ်နေသော်လည်း စိတ်ထဲတွင်တော့ လုချန်းကို တကယ် နှစ်သက်နေကြောင်း သူမ သိထား၏။

ယွမ်ချင်းရှု၏ ဘေးသို့ ရောက်ရှိလာပြီးနောက် ယွမ်ရှန်ရှန်က

“အခု မှတ်ဉာဏ်တွေ ပြန်ရပြီဆိုတော့ တို့နှစ်ယောက် တစ်သားတည်း ပြန်ပေါင်းချင်လား။”

အစပိုင်းတွင် ယွမ်ချင်းရှုနှင့် တစ်သားတည်း ပေါင်းစည်းရန် ယွမ်ရှန်ရှန် စိတ်ထဲလက်မခံလိုသော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေ ၏ မှတ်ဉာဏ်များကို ပြန်လည် ရရှိပြီးနောက်တွင်တော့ သူမ များစွာ ဂရုမစိုက်တော့ပေ။

ဆန့်ကျင်ဘက်အားဖြင့် ယွမ်ချင်းရှုသည် ယွမ်ရှန်ရှန် ကို ခွဲထုတ်လိုက်သောကြောင့် လုချန်းအပေါ် ထားရှိသော သူမ၏ ခံစားချက်များ ဆုံးရှုံးသွားရသည်ဟု ယွမ်ရှန်ရှန် ခံစားရ၏။ သူတို့နှစ်ဦး တစ်သားတည်း ပြန်ပေါင်းစည်းသွားပါက ယွမ်ချင်းရှုသည် အတိတ်ကကဲ့သို့ ပြန်ဖြစ်သွားမည်ဖြစ်ပြီး လုချန်းနှင့် ရန်ဖြစ်ငြင်းခုံနေဦးမည် ဖြစ်သော်လည်း သူ့ကို ဆက်လက် နှစ်သက်နေဦးမည် ဖြစ်သည်။

ယွမ်ချင်းရှုက အေးစက်စွာ တုံ့ပြန်လိုက်၏။

“မလိုပါဘူး”

ကိုယ်ပွားသည် သီးခြား လွတ်လပ်နေပြီ ဖြစ်သဖြင့် သူမနှင့် တစ်သီးတစ်ခြားစီသာ ဆက်ရှိနေသင့်၏။ လုချန်းနှင့်အတူ ဖန်တီးခဲ့သော လှပသည့် မှတ်ဉာဏ်များသည် ကိုယ်ပွား နှင့် လုချန်းတို့သာ ဆိုင်၏။ ထိုမှတ်ဉာဏ်များကို သူမ မပိုင်ဆိုင်လိုချေ။

အမျိုးသမီးနှစ်ဦး စကားပြောနေစဉ် အရှက်မရှိသော လုချန်းက သူတို့နှစ်ဦးကြားတွင် ပေါ်လာပြီး လက်နှစ်ဖက်ကို မြှောက်ကာ တစ်ဖက်တစ်ချက်စီကို ဖက်လိုက်၏။

ယွမ်ချင်းရှုက လုချန်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက်

“ရှင် နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲ”

သူတို့၏ ရင်သွေးကမ္ဘာ များသည် ကစဉ့်ကလျား စွမ်းအား ကို ခုခံနိုင်သော်လည်း သူတို့၏ သက်တမ်း ကုန်ဆုံးသွားပါက ရင်သွေးကမ္ဘာ များသည်လည်း သူတို့နှင့်အတူ ပြိုလဲသွားနိုင်ပြီး ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို ခံရနိုင်ဖွယ် ရှိနေ သေးသည်။

အရေးကြီးဆုံး အချက်က သူတို့ကစဉ့်ကလျား ပင်လယ် အတွင်း၌ တစ်သက်လုံး နေထိုင်သွားရနိုင်ခြင်း ဖြစ်သည်။

သူတို့၏ နတ်အာရုံ များ ပျက်စီးသွားသည့်တိုင်အောင် ကစဉ့်ကလျား ပင်လယ်ထဲမှာပဲ တကယ် နေသွားရမှာလား။

လုချန်းက ဟင်းလင်းပြင်ရှိ ရောင်ခြည်ခုနစ်မျိုး တောက်ပနေသော ရင်သွေးကမ္ဘာ ဒါဇင်ပေါင်းများစွာကို ကြည့်လိုက်ပြီးနောက်

“ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေကို ပြန်လည် ရယူဖို့ ထျန်းရန် နတ်ဘုရား နယ်မြေ ကို တစ်ခေါက် ပြန်သွားဖို့ လိုတယ်။ ဘေးကင်းဖို့အတွက် မင်းတို့ ကစဉ့်ကလျား ပင်လယ် ထဲမှာ ခဏ နေခဲ့ကြပါ။”

ထိုအရာကို ကြားလျှင် ယွမ်ချင်းရှု ခဏခန့် မှင်တက်သွားပြီးနောက် အလျင်အမြန် ပြောလိုက်၏။

“ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့ချင်တယ်”

လုချန်းက ထျန်းရန် နတ်ဘုရား နယ်မြေ ကို ပြန်သွားမည်ဟု ပြောပါက ပြန်သွားရန် လမ်းစ သူ ရှာတွေ့ပြီဟု အဓိပ္ပာယ်ရ၏။

သူမ ဤကစဉ့်ကလျား ပင်လယ် ထဲတွင် ဆက်မနေလိုတော့ပေ။

လုချန်းက ရယ်မောပြီး

“မင်းကြည့်ရတာ ကိုယ် စနောက်ခံရတာကို မဝသေးဘူး ထင်တယ် ဟုတ်လား။”

ယွမ်ချင်းရှုက အေးစက်စွာ တုံ့ပြန်လိုက်၏။

“ရှင်သေရမယ့်ပုံ ဘယ်လောက် အောက်တန်းကျမလဲ ဆိုတာကိုပဲ ကျွန်မ မြင်ချင်တာပါ။”

လုချန်း၏ အပြန်ခရီးသည် ဧကန်မုချ အန္တရာယ်များလှပေလိမ့်မည်။ အချိန်မည်မျှ ကြာသွားပြီးပြီမှန်း မသိရသော်လည်း ကစဉ့်ကလျား ပင်လယ်ထဲမှ လုချန်း အသက်ရှင်လျက် ပြန်လာကြောင်း ထျန်းရန် နတ်ဘုရား နယ်မြေ သို့မဟုတ် ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှ အင်အားကြီးသူများသာ သိသွားပါက လုချန်းကို နောက်တစ်ကြိမ် ဝိုင်းရံတိုက်ခိုက်ရန် အဓိက ကြယ်နယ်မြေများမှ အင်အားစုများကို စုစည်းကြမည်မှာ သေချာလှ၏။

ယွမ်ချင်းရှု၏ စကားကို ကြားလျှင် လုချန်းက ယွမ်ချင်းရှုကို အသာအယာ ပုတ်လိုက်ပြီး

“ကိုယ့်သေတာကို ကြည့်ချင်တယ် ဆိုတာက ဘာသဘောလဲ။ မင်း ကိုယ့်အတွက် စိုးရိမ်နေတာ သိသာနေတာပဲကို။”

လုချန်း၏ ထိတွေ့မှုကို ခံစားလိုက်ရသဖြင့် ယွမ်ချင်းရှု၏ ရေခဲစွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်လာ၏။

“ကျွန်မကို လက်နဲ့ မထိနဲ့”

လုချန်းက ပေါ့ပေါ့ပါးပါးပင်

“ဟိုးအရင်ကတည်းက ကိုယ် မင်းကို ဖမ်းဆီးခဲ့တာ။ မင်းက ကိုယ့်ရဲ့ သုံ့ပန်းပဲလေ။ ကိုယ် လုပ်ချင်တာ လုပ်မှာပဲ။”

သူတို့၏ စကားများကို နားထောင်နေရင်း ဘေး၌ ရပ်နေသည့် ယွမ်ရှန်ရှန်လည်း သူတို့နှစ်ဦးကို ကြည့်ကာ စကားပင် မပြောနိုင်တော့ပေ။

ယွမ်ချင်းရှု လက်ပါလာ‌တော့မည့် အခြေအနေကို မြင်လျှင် လုချန်း ရုတ်တရက် တည်ကြည်သွားကာ

“ဖြစ်နိုင်ရင် မင်းကိုလည်း ကိုယ်နဲ့အတူ ခေါ်သွားချင်တာပေါ့”

ထိုသို့ ပြောရင်း လုချန်းက စိတ်ထဲမှ စနစ်ကို မေးလိုက်၏။

“နယ်စပ်ဖြတ်ကျော် ကျောက်တုံး က ငါ့ရဲ့ ဇနီးတွေကို ကစဉ့်ကလျား ပင်လယ် ထဲကနေ ခေါ်ထုတ်သွားနိုင်လား။”

နယ်စပ်ဖြတ်ကျော် ကျောက်တုံး ကို ရရှိစဉ်က ယင်း၏ အသုံးဝင်ပုံကို လုချန်း အမြဲတမ်း ဇဝေဇဝါ ဖြစ်ခဲ့ရ၏။ ယခုအခါတွင်တော့ ၎င်းသည် သူအား ကစဉ့်ကလျား ပင်လယ်မှ ထွက်ခွာနိုင်ရန် ကူညီပေးဖို့ ဖြစ်ကြောင်း သူ သဘောပေါက်လိုက်ပြီ ဖြစ်သည်။

သို့သော် နယ်စပ်ဖြတ်ကျော် ကျောက်တုံးက သူနှင့် သူ၏ ဇနီးများ၊ သားသမီးများ အားလုံးကိုပါ ခေါ်ဆောင်သွားနိုင်မလားဆိုတာကိုတော့ သူ မသေချာပေ။

ထိုအခိုက်အတန့်တွင် စနစ်၏ အသံ ထွက်ပေါ်လာသည်။

“နယ်စပ်ဖြတ်ကျော် ကျောက်တုံး ကို လူတစ်ဦးတည်းသာ အသုံးပြုနိုင်သည်”

လုချန်း၏ စိတ်ထဲ အကြံတစ်ခု ရလာပြီး အနည်းငယ် ပြုံးလိုက်၏။

“သူတို့ကို ငါ့ရဲ့ အတွင်းစကြဝဠာ ထဲမှာ ထည့်ထားရင်ကော။”

စနစ်၏ အသိပေးချက် ထပ်မံ ထွက်ပေါ်လာသည်။

“သခင် အနေနှင့် နယ်စပ်ဖြတ်ကျော် ကျောက်တုံး ကို အသုံးပြုပြီးနောက် သခင်ရဲ့ နတ်ဝိညာဉ် ကိုသာ ထျန်းရန် နတ်ဘုရား နယ်မြေ ဆီကို ပြန်ပို့ပေးနိုင်သည် ဖြစ်ပြီး သခင်ရဲ့ စွမ်းအားတွေ အပါအဝင် ဘာကိုမှ ယူဆောင်သွားနိုင်မှာ မဟုတ်ပါဘူး။”

စနစ်၏ အဖြေကို ကြားလျှင် လုချန်း မှင်တက်သွား၏။ စွမ်းအားများ အပါအဝင် ဘာကိုမှ ယူမသွားနိုင်ဘူးဆိုလျှင် သူ ထျန်းရန် နတ်ဘုရား နယ်မြေ ကို ပြန်ရောက်သည့်အခါ ဘဝ ပြန်လည်ဝင်စားရမည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

ထိုအခိုက်အတန့်တွင် လုချန်း၏ ဘေးရှိ ယွမ်ချင်းရှုက

“ရှင် ပြန်သွားနိုင်တယ်ဆိုရင် ဘာလို့ ကျွန်မကို ခေါ်မသွားနိုင်တာလဲ။”

လုချန်း သတိပြန်ဝင်လာပြီး ခါးသီးသော အပြုံးဖြင့် တုံ့ပြန်လိုက်၏။

“ထျန်းရန် နတ်ဘုရား နယ်မြေ ကို ပြန်ဖို့အတွက် ကိုယ်က နယ်စပ်ဖြတ်ကျော် ကျောက်တုံးကို အားကိုးရမှာ။ ပြီးတော့ လူပြန်ဝင်စားရမှာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် မင်းကို ခေါ်မသွားနိုင်တာပါ။”

လုချန်း၏ အဖြေကို ကြားပြီးနောက် ယွမ်ချင်းရှု တိတ်ဆိတ်သွား၏။ နယ်စပ်ဖြတ်ကျော် ကျောက်တုံး ဆိုတာ ဘာမှန်း သူမ မသိသော်လည်း လုချန်းက လူပြန်ဝင်စားရမည်ဟု ပြောလိုက်သဖြင့် ထျန်းရန် နတ်ဘုရား နယ်မြေ သို့ ပြန်ရန် မည်မျှ ခက်ခဲကြောင်းကို သူမ နားလည်သွားသည်။

လုချန်းက ဟင်းလင်းထဲပြင်ရှိ ရင်သွေးကမ္ဘာ များကို စိုက်ကြည့်ကာ

“ကိုယ် ပြန်လာတဲ့အထိ မင်း ဒီမှာ စောင့်နေပါ။ ထျန်းရှ နတ်ဘုရား နိုင်ငံတော် နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ ကိုယ် မင်းကို လာခေါ်မယ်။”

ယွမ်ချင်းရှုက သရော်သောလေသံဖြင့် မှတ်ချက်ပေးလိုက်၏။

“ရှင်သာ ထျန်းရန် နတ်ဘုရား နယ်မြေ ကို ပြန်ရောက်သွားမယ်ဆိုလျှင် ရှင့်ဘေးမှာ အလှလေးတွေ ဝိုင်းနေတော့မှာပဲ။ ကျွန်မတို့ကို လာခေါ်ဖို့ စွန့်စားဦးမှာလား။”

လုချန်း မည်သို့သော လူစားမျိုးဖြစ်ကြောင်း သူမ ကောင်းကောင်း သိထား၏။ လုချန်းသည် ထျန်းရန် နတ်ဘုရား နယ်မြေ တွင် လူပြန်ဝင်စားပြီးနောက် သူ၏ ခန္ဓာကိုယ် ကြီးထွားလာကာ ထိုစွမ်းဆောင်ရည်ကို ရရှိလာသည်နှင့် တစ်နှစ်မပြည့်မီမှာပင် သူ၏ ဘေးနားတွင် အနည်းဆုံး အိပ်ရာဝင်ဖော် နှစ်ယောက်လောက် ရှိနေပေလိမ့်မည်။

လုချန်းတွင် အမျိုးသမီးများစွာ ရှိနေချိန်၌ သူ တကယ် ပြန်လာပါ့မလားဟု သူမ သံသယ ဖြစ်မိ၏။ အဆုံးတွင်တော့ သူ၏ အမြင်၌ ကစဉ့်ကလျား ပင်လယ် ထဲရှိ အမျိုးသမီးများသည် သူ့အတွက် မရှိလျှင်လည်း ဖြစ်သော အရာများ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

လုချန်းက ယွမ်ချင်းရှု၏ ခါးကို ဖက်လိုက်ပြီး အလေးအနက် ပြောလိုက်၏။

“ချင်းရှု... မင်း ဘာတွေ ပြောနေတာလဲ။ ကိုယ်နဲ့ အတူရှိခဲ့တာ ဒီလောက်တောင် ကြာပြီကို ကိုယ် ဘယ်လိုလူစားလဲဆိုတာ မင်း မသိဘူးလား။”

“အကယ်၍ ကိုယ်က တကယ်ပဲ မင်းပြောသလို အသည်းနှလုံးမရှိတဲ့ လူယုတ်မာ တစ်ယောက်ဆိုရင် မင်း အဲဒီတုန်းက ကိုယ့်နောက်ကို လိုက်ပြီး ကစဉ့်ကလျား ပင်လယ် ထဲကို ဆင်းလာမှာ မဟုတ်ဘူး။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ချင်းရှု တိတ်ဆိတ်သွား၏။

ဟုတ်ပါသည်။ သူမ လုချန်းကို နှစ်သက်ရသည့် အကြောင်းရင်းက သူသည် အနည်းငယ် ကာမဂုဏ် လိုက်စားသော်လည်း အလွန် တာဝန်သိတတ်ပြီး တာဝန်ယူလိုစိတ် ပြင်းထန်သောကြောင့် ဖြစ်သည်။

သူသည် ချစ်ခင်တတ်သော်လည်း ခံယူချက် မရှိသောသူတော့ မဟုတ်ပေ။ ထျန်းရန် နတ်ဘုရား နယ်မြေတွင်ပင် လုချန်းကဲ့သို့ အခြား တည်ရှိမှုမျိုး လုံးဝ မရှိသလောက်ပင် ဖြစ်သည်။

………….

အခန်း( ၁၅၆၉)

အံ့အားသင့်သွားကြသူများ

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်

“ရှင် ကျွန်မတို့ဆီကို ပြန်လာပြီး ရှာမယ်ဆိုရင်တောင် ရှင့်တစ်ခုခုဖြစ်သွားပြီး အတိတ်ဘဝက မှတ်ဉာဏ်တွေ ထပ်ပြီး ပျောက်ဆုံးသွားရင် ဘယ်လိုလုပ်မလဲ”

ဟု ယွမ်ချင်းရှုက မေးလိုက်၏။

တစ်ခါပြန်လည်ဝင်စားတိုင်း အတိတ်ဘဝမှတ်ဉာဏ်များကို ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌ လုချန်း အမြဲမပြတ် ရှာဖွေခဲ့ရ၏။

အကြိမ်ပေါင်းများစွာ ဝင်စားပြီးမှသာ ထိုမှတ်ဉာဏ်အားလုံးကို သူ နောက်ဆုံးတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ် ထျန်းရန် နတ်ဘုရား နယ်မြေသို့ လုချန်း ပြန်သွားပြီး အကြောင်းတစ်ခုခုကြောင့် နောက်ထပ် ဘဝကူးပြောင်းကာ သူတို့နှင့်ပတ်သက်သည့် မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့လျှင် ထိုမှတ်ဉာဏ်များကို သူ ပြန်လည်ရရှိဖို့ မည်မျှကြာဦးမည်နည်း။

ကစဉ့်ကလျား ပင်လယ်အတွင်း၌ လုချန်းကို သူတို့ မည်မျှကြာအောင် စောင့်ရမည်နည်း။

သို့မဟုတ် သူတို့၏ သက်တမ်းမကုန်ဆုံးမီ လုချန်း ပြန်လာနိုင်ပါ့မလား။

ထို့ပြင် ပို၍ အရေးကြီးသော အချက်က အကယ်၍ မတော်တဆမှု တစ်စုံတစ်ရာကြောင့် သူတို့နှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို လုချန်း အပြီးတိုင် မေ့လျော့သွားခဲ့လျှင် သူတို့ထံသို့ လုချန်း ပြန်လာရှာပါဦးမှာလား။

ယွမ်ချင်းရှု၏ စကားများကို ကြားလျှင် လုချန်း၏ စိတ်ထဲ၌ စိုးရိမ်စိတ်အချို့ ဝင်ရောက်လာ၏။

ကစဉ့်ကလျား သားရဲအတွင်း၌ ထိုမျှများပြားသော ဘဝပြန်လည်ဝင်စားခြင်းများနှင့် အတိတ်ဘဝမှတ်ဉာဏ်များကို အဆုံးမရှိ ရှာဖွေနေရသည့် သံသရာကို သူ တကယ်ပင် စိတ်ကုန်နေခဲ့ပြီ ဖြစ်သည်။

အကယ်၍ သူ၏ မှတ်ဉာဏ်များကို ဘဝသံသရာ ကျောက်တုံးအတွင်း၌ အမြဲတမ်း ချိပ်ပိတ်မထားခဲ့ပါက အဆက်မပြတ် ဘဝကူးပြောင်းနေရသည့်ဒဏ်ကြောင့် သူ ရူးသွပ်သွားနိုင်ပေသည်။

ဤအချက်က သူ၏ အတိတ်ဘဝမှတ်ဉာဏ်များကို အစောကတည်းက ချိပ်ပိတ်ထားရန် ရွေးချယ်ခဲ့သည့် အဓိက အကြောင်းရင်းပင် ဖြစ်၏။

လုချန်း တိတ်ဆိတ်သွားစဉ်မှာပင် ယွမ်ချင်းရှုက ရုတ်တရက် ပြောလိုက်သည်။

“ရှင် ဒီမှာဆက်နေမယ်ဆိုရင် ကျွန်မ ရင်သွေး မွေးပေးနိုင်ပါတယ်”

ထိုစကားကြောင့် လုချန်းနှင့် ယွမ်ရှန်ရှန်တို့ နှစ်ဦးစလုံး မှင်တက်သွားကြသည်။

ယွမ်ချင်းရှု၏ အတိတ်မှတ်ဉာဏ်များကို ရရှိထားသည့် ယွမ်ရှန်ရှန်လည်း အံ့ဩမဆုံးဖြစ်နေ၏။

ယွမ်ချင်းရှုသည် လုချန်းအပေါ် သံယောဇဉ်ရှိသော်လည်း ရင်သွေးရယူရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးသလို ကလေးတစ်ယောက်ကိုလည်း မပြုစုချင်ခဲ့ကြောင်း သူမ ကောင်းကောင်းသိ၏။

သို့သော် ယခုတော့ လုချန်းကို ဆွဲထားရန်အတွက် ကလေးတစ်ယောက် ရယူပေးမည်ဟူသော ကတိကို သူမ အသုံးပြုနေပြီဖြစ်သည်။

သတိပြန်ဝင်လာပြီးနောက် လုချန်းက မတတ်သာသည့် လေသံဖြင့်

“မင်း ကိုယ့်အတွက် ရင်သွေး မွေးပေးဖို့ ဆန္ဒရှိရင်တောင် ကိုယ် ထွက်သွားမှ ဖြစ်မယ်။ ထျန်းရန် နတ်ဘုရား နယ်မြေကို ကိုယ် သွားမှာက ကလဲ့စားချေဖို့ တစ်ခုတည်းအတွက် မဟုတ်ဘူး ပြီးမြောက်အောင် လုပ်ရမယ့် တခြားကိစ္စတွေလည်း အများကြီး ရှိသေးတယ်။”

စနစ်၏ မူလအစအား ရှင်းပြ၍မရသေးသောကြောင့် တစ်စုံတစ်ခုသော လျှို့ဝှက်ချက် သို့မဟုတ် ပူးပေါင်းကြံစည်မှုတစ်ခုက သူ့ကို စောင့်ကြိုနေသည်ဟု လုချန်းယူဆ၏။

အကယ်၍ သူ ယခုအခြေအနေတွင်သာ ရောင့်ရဲနေခဲ့လျှင် နောင်တစ်ချိန်၌ သူ၏ ဇနီးများနှင့် ရင်သွေးများကို မကာကွယ်ပေးနိုင်မှာကို စိုးရိမ်နေမိသည်။

ထို့ပြင် ဤနေရာ ကစဉ့်ကလျား ပင်လယ်ဖြစ်နေခြင်းကလည်း သူ အဓိကထည့်သွင်း စဉ်းစားသောအချက် ဖြစ်သည်။ သူ၏ ဇနီးများနှင့် သားသမီးများကို ဤနေရာ၌ တစ်သက်လုံး နေထိုင်သွားရန် သူ ခွင့်မပြုနိုင်ပေ။

ရင်သွေးကမ္ဘာများကြောင့် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို မစိုးရိမ်ရသော်လည်း ထိုရင်သွေးကမ္ဘာသည် အတိုင်းအတာတစ်ခုအထိသာ ကျယ်ဝန်း၏။ ထို့ပြင် ကစဉ့်ကလျား ပင်လယ်၌ ကျင့်ကြံရန်အတွက် လုံလောက်သော စိတ်ဝိညာဉ်စွမ်းအား မရှိသောကြောင့် သူတို့၏ အင်အား တိုးတက်စေရန် ခက်ခဲပေလိမ့်မည်။

အင်အားမတိုးတက်ပါက သူတို့၏ သက်တမ်းသည်လည်း တိုးလာမည်မဟုတ်ပဲ မကြာမီ သေဆုံးခြင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။

သူကိုယ်တိုင် ပိုမိုအင်အားကြီးမားလာမှသာ သူ၏ သားသမီးများနှင့် ဇနီးကို ကစဉ့်ကလျား ပင်လယ်ပြင်ပသို့ ခေါ်ထုတ်သွားနိုင်မည်ဖြစ်သည်။

လုချန်း ထွက်ခွာရန် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်သောအခါ ယွမ်ချင်းရှု ဆက်မပြောတော့ပေ။

ထိုအခိုက်အတန့်တွင် ယွမ်ရှန်ရှန်၏ ရင်သွေးကမ္ဘာအတွင်းမှ လုချန်း ထွက်ခွာခဲ့ပြီး ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ခဲ့ကာ ရင်သွေးကမ္ဘာ၏ ပတ်ဝန်းကျင်ကို သူ သေချာစွာ စောင့်ကြည့်လိုက်၏။

ထွက်ပေါ်လာသော ရောင်စုံအလင်းတန်းများတွင် စိတ်ဝိညာဉ်စွမ်းအားလည်းမဟုတ် နတ်စွမ်းအားလည်းမဟုတ်သည့် ထူးခြားသော စွမ်းအားတစ်မျိုး ပါဝင်နေပြီး ထိုစွမ်းအားသည် လုချန်း တစ်ခါမှ မကြုံဖူးသည့် အရာမျိုးဖြစ်သည်။

ရောင်စုံအလင်းတန်းများ အပြင်ဘက်သို့ ဖြာထွက်သွားသည်နှင့် အလင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ကစဉ့်ကလျား စွမ်းအားများကို တားဆီးပေးသည့် အကာအကွယ်တစ်ခုကို ဖန်တီးပေးလိုက်သည်။

အလင်းမုန်တိုင်းများသည် စွမ်းအင်မြင့်မားသော စကြဝဠာ ရောင်ခြည်အမှုန်အမွှားများကို တားဆီးပေးသကဲ့သို့ပင် ဖြစ်၏။

အသုံးချနိုင်သော အာကာ ဟင်းလင်းပြင် များများ ရရှိနိုင်ရန်အတွက် လိမ္မာပါးနပ်သော အကြံတစ်ခုကို လုချန်း ရုတ်တရက် ရရှိသွား၏။

ထို့နောက် ထိုရင်သွေးကမ္ဘာများကို ဝိုင်းရံထားစေပြီး သူတို့၏ အလင်းတန်း အကာအကွယ် အနားသတ်များ တစ်ခုနှင့်တစ်ခု ထိစပ်သွားစေရန် သူ ထိန်းချုပ်လိုက်၏။

ဤနည်းဖြင့် ရင်သွေးကမ္ဘာများ၏ အလယ်ဗဟိုရှိ ကျယ်ဝန်းသော နေရာသည် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားခြင်းမှ ကင်းဝေးသွားမည်ဖြစ်၏။

သို့သော် လုချန်း ထိုမျှနှင့် ရပ်မနေပဲ သူ၏ အတွင်းစကြဝဠာအတွင်းရှိ ရှနိုင်ငံတော် တစ်ခုလုံးကို အပြင်ဘက်သို့ ပြောင်းရွှေ့လိုက်၏။

ထို့ကြောင့် ရှနိုင်ငံတော်၏ ကြယ်နယ်မြေ ပြန်လည်ပေါ်ထွက်လာပြီး ၎င်းကို သူ၏ ဇနီးများ၏ ရင်သွေးကမ္ဘာများက ကစဉ့်ကလျား စွမ်းအားများ မဝင်ရောက်နိုင်ရန် ကာကွယ်ပေးထား၏။

ထို့နောက် ရင်သွေးကမ္ဘာများအတွင်းရှိ လူအားလုံးကို ရှနိုင်ငံတော်သို့ လုချန်း ပြန်လည်ပြောင်းရွှေ့ပေးလိုက်သည်။

အရာအားလုံး ပြီးစီးသွားသောအခါ လုချန်း ကိုယ်တိုင်လည်း ရှနိုင်ငံတော်သို့ ပြန်လာခဲ့၏။

ထို့နောက် ဧကရာဇ်အဆင့် အစည်းအဝေးတစ်ခု ကျင်းပကာ ဧကရာဇ် အဆင့်များ အားလုံးကို စုရုံးစေပြီး ကစဉ့်ကလျား သားရဲနှင့် ဤစကြဝဠာနှင့် ပတ်သက်သမျှ အကြောင်းအရာအားလုံးကို ထုတ်ဖော်ပြောကြားလိုက်သည်။

ခေတ်ကူးကပ်ဘေး၏ စစ်မှန်သော အကြောင်းရင်းကို ကြားရပြီးနောက် ကောင်းကင်ဧကရာဇ် ခန်းမအတွင်း တိတ်ဆိတ်မှုများ လွှမ်းမိုးသွား၏။

သူတို့အားလုံးသည် ဧရာမ သားရဲကြီးတစ်ကောင်၏ ဝမ်းဗိုက်အတွင်း၌ ရှိနေကြသည်ဟု ဧကရာဇ်များထဲမှ တစ်ဦးတစ်ယောက်မှ ထင်မှတ်မထားခဲ့ကြပေ။

နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော လုချန်းလည်း အောက်ဘက်ရှိ ဧကရာဇ် အဆင့်များကို ငုံ့ကြည့်လိုက်ရင်း မည်သူမှ စကားမပြောသည်ကို မြင်လျှင်

“အခု စကြဝဠာက တည်ငြိမ်သွားပြီ။ ခေတ်ကူးကပ်ဘေးဆိုတာ ဘယ်တော့မှ ထပ်ဖြစ်လာမှာမဟုတ်သလို ရှနိုင်ငံတော်လည်း ခိုင်မြဲနေပြီ။”

“ကစဉ့်ကလျား ပင်လယ်ကို ဖြတ်ကျော်နိုင်ဖို့နဲ့ ပိုပြီးမြင့်မားတဲ့ အဆင့်ကို ရောက်အောင် ကျုပ် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ဖို့ ရည်ရွယ်ထားတယ်။ ရှနိုင်ငံတော်ကို ကျုပ် ရဲ့ သားကြီးဆီ လွှဲအပ်ခဲ့မှာဖြစ်လို့ ရှနိုင်ငံတော် ပိုပြီးစည်ပင်ဝ‌ပြောလာအောင်နဲ့ ပြည်သူတွေ ပိုပြီးကြွယ်ဝတဲ့ ဘဝကို ပိုင်ဆိုင်နိုင်အောင် ခင်ဗျားတို့ ဝိုင်းဝန်း ကူညီပေးကြလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်။”

လုချန်း၏ စကားကို ကြားလျှင် ဧကရာဇ် များ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တညီတညွတ်တည်း ဒူးထောက်ကာ

“မင်းကြီးရဲ့ မိန့်ကြားချက်ကို ကျုပ် တို့ မှတ်သားထားပါ့မယ်”

“ကောင်းပြီ။ ဒါဆိုရင် အစည်းအဝေးကို ဒီမှာပဲ ရပ်နားလိုက်မယ်။”

စကားဆုံးသည်နှင့် လုချန်း၏ ခန္ဓာကိုယ် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

ရှနိုင်ငံတော်၏ ကိစ္စရပ်များကို ကိုင်တွယ်ပြီးနောက် မိသားစုရေးရာများ ဆက်လက်ပေါ်ပေါက်လာ၏။

သူ၏ ဇနီးများနှင့် သားသမီးများ အားလုံးကို မိသားစု အစည်းအဝေးတစ်ခုအတွက် လုချန်း စုစည်းလိုက်သည်။

သူ ထွက်ခွာမည့်အကြောင်းကိုတော့ သူ၏ သားသမီးများကို ပြောပြရန် သူ မစဉ်းစားထားပေ။

သူ ရှနိုင်ငံတော်မှ ထွက်ခွာသွားသည်ကို သူတို့ သိသွားပါက ပလ္လင်လုရန်အတွက် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ကြမည်ကို စိုးရိမ်ရ၍ ဖြစ်သည်။

သူ၏ ဇနီးများကတော့ သူ ထွက်ခွာမည်ကို သိကြ၏။ သူ၏ သားသမီးများနှင့် ယှဉ်လျှင် သူ၏ အမျိုးသမီးများကို လုချန်း ပို၍ ယုံကြည်သည်။

နှစ်ပေါင်းများစွာ အတူတူ ဖြတ်သန်းလာခဲ့ကြပြီးနောက် သူတို့၏ စရိုက်များ မတူညီကြသော်လည်း လုချန်း၏ ရှေ့မှောက်၌ မျက်နှာသာပေးခံရရန် သို့မဟုတ် အာဏာလုရန်က မဖြစ်နိုင်ကြောင်း သူတို့ အပြည့်အဝ နားလည်ထားကြသည်။

မိသားစု စည်းလုံးမှုကို လုချန်း အလွန် တန်ဖိုးထား၏။

မိသားစု အစည်းအဝေးအတွင်း ရှနိုင်ငံတော်နှင့် ဤစကြဝဠာနှင့် ပတ်သက်သည့် အမှန်တရားအချို့ကို သူ၏ သားသမီးများကို လုချန်း ပြောပြလိုက်သည်။

ဧကရာဇ်များကဲ့သို့ပင် သူတို့ ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း အမြဲတမ်း နေထိုင်နေခဲ့ခြင်းဖြစ်ကြောင်း ကြားလျှင် လုချန်း၏ သားသမီးများ အလွန် အံ့အားသင့်သွားကြတော့သည်။

သို့သော် စကြဝဠာကပ်ဘေးအတွင်း သူတို့ မိခင်များ၏ ရင်သွေးကမ္ဘာများအတွင်း ပုန်းအောင်းခဲ့ရသည်ကို ပြန်လည် စဉ်းစားကြည့်လျှင် ထိုအချက်က အံ့ဩစရာ မကောင်းတော့ပေ။

ကိုယ်ပိုင် အတွင်းစကြဝဠာ ရှိသော အင်အားကြီးသူ တစ်ဦးအတွက် မည်သည့်နေရာ၌ နေထိုင်ရ နေထိုင်ရ အတူတူပင် ဖြစ်၏။

သို့သော် ထိုအချိန်၌ သိပ္ပံပညာရပ်ကို အမြဲတမ်း စိတ်ဝင်စားသော လုဟွမ်းဟွမ်းက

“ဖခင်။ ကျွန်မတို့ အရင်က ကစဉ့်ကလျား သားရဲထဲမှာ နေခဲ့ရတာဆိုရင် အခု ကျွန်မ တို့ ရောက်နေတဲ့ ကစဉ့်ကလျား ပင်လယ်နဲ့ ဒီကမ္ဘာကြီးကလည်း တခြား သားရဲကြီးတစ်ကောင်ရဲ့ ဗိုက်ထဲမှာ ဖြစ်နေနိုင်မလား”

ဟု မေးလိုက်သည်။

ထိုအရာကို ကြားလျှင် လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး

“ဒါကို ပြောဖို့ ခက်တယ်။ စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ဆိုရင် အရင်ဆုံး နတ်ဧကရာဇ် အဆင့်ကို ဖခင်ရောက်ဖို့ လိုကောင်း လိုလိမ့်မယ်။”

နတ်ဧကရာဇ်...

လုချန်း၏ အဖြေကို ကြားလျှင် လုချန်းဖုန်းတို့ နားမလည်နိုင် ဖြစ်သွားသည်။

All Chapters