အခန်း (၅၂၀-၅၂၂)
Vol. 35 Ch. 520-522
အခန်း ၅၂၀ ။ ရပ်ဝေးကြွားဝါခြင်း
ရှန်းရင်က သူ့ကို တစ်ချက်ကြည့်ကာဖြေလိုက်တယ်။
"အော်"
"ဂိုဏ်းချုပ် သူ့ကိုခွင့်လွှတ်ပေးဖို့ဆန္ဒရှိတာလား" ကျန့်ရှင်းပျော်သွားတယ်။ "ဒါဆို"
"ငါသူ့ကို ခွင့်မလွှတ်ဘူး"
သူမက ကြားဖြတ်ပြောလိုက်တယ်။
ကျန့်ရှင်းမျက်နှာပေါ်က အပြုံးက တောင့်တင်းသွားပြီးတော့ အလိုလို ထုတ်ပြောမိလိုက်တယ်။
"ဘာလို့လဲ"
"...အမ် ဒါက နားလည်ရ အရမ်းခက်လို့လား" ရှန်းရင်ခေါင်းစောင်းသွားပြီးတော့ သူ့မှာဒီလိုမေးခွန်းကို ဘာလို့မေးရလဲ နားမလည်တဲ့ပုံနဲ့။ သူမကစဉ်းစားပြီးတော့ဘေးက မှိုဘက်ကို ရုတ်တရက် လှည့်လိုက်တယ်။
"မှို သူ့ကို တစ်ချက်ရိုက်လိုက်"
"ဟမ်" မှိုက မှင်တက်သွားပေမဲ့ နောက်တော့လိမ်လိမ်မာမာနဲ့ခေါင်းညိတ်လိုက်တယ်။
"ကောင်းပြီလေ" သူကပါးစပ်ထဲ အသီးကိုကိုက်ထားပြီးတော့ မှိုတစ်ခုကို ပန်းကန်လုံး အရွယ်အစား ဖြစ်အောင် လုပ်လိုက်ပြီး ကျန့်ရှင်းမျက်နှာဆီ ပစ်ပေါက်လိုက်တဲ့အပြင် အသံပါ ပါသေးတယ်။
"ဟေး"
ကျန့်ရှင်းက ချက်ချင်းမတုံ့ပြန်နိုင်တော့ သူ့မျက်နှာကို ရိုက်မိသွားတယ်။ အခုလေးတင် ဖြစ်လာတဲ့မှိုက သဘာဝအရ ပျော့ပြောင်းတော့ မနာကျင်ဘူး။ ချက်ချင်း မျက်နှာကနေ ခုန်ကျပြီး မြေကြီးပေါ် ကျသွားပေမဲ့ သူ့မျက်နှာကမည်းနက်ကာ စိုစွတ်နေပြီး အဝိုင်းကြီးတစ်ခု ချန်ထားခဲ့တယ်။ အဲဒါ အညိုရောင်မှိုပဲ။
ကျန့်ရှင်းက တောင့်တင်းသွားပြီး ပေါက်ကွဲတော့မဲ့ပုံစံနဲ့။
ဒါပေမဲ့ ရှန်းရင်က အရင်ပြောတယ်။
"မှိုတောင်းပန်လိုက်"
"အော်" မှိုက ခေါင်းညိတ်ကာ ပါးစပ်ထဲက အသီးကိုထုတ်ပြီး ပြောတယ်။
"တောင်းပန်ပါတယ်"
ကျန့်ရှင်း ။ ။ "..."
"နင်သဘောပေါက်ပြီလား" ရှန်းရင်ကပြောတယ်။
"နင်သဘောပေါက်ရင် ဓားသိုင်း ပြန်သွားကျင့်နေလိုက်" တောင်းပန်မှုတွေအားလုံးက ခွင့်လွှတ်မှုကို ရနိုင်တာ မဟုတ်ဘူး။ ရည်ရွယ်ချက်ပါတဲ့တောင်းပန်မှုတွေက ပိုဆိုးတယ်။
ကျန့်ရှင်းက သူ့ကို ကြည့်ကာ ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားပေမဲ့ တဖြည်းဖြည်းမှိန်ကျသွားခဲ့တယ်။ သူက လက်သီးကို ဆုတ်ကာ နောက်တစ်ကြိမ်ဂါရ၀ပြုပြီးထွက်သွားခဲ့တယ်။
"အော် ဒါနဲ့"
ရှန်းရင်ကထပ်စကားပြောလာပြန်တယ်။
"အရင်ကကိစ္စနဲ့ ပတ်သက်ပြီး ငါတကယ်တော့ စိတ်ထဲမှာ မထားခဲ့သလို သူ့ကိုပြောပြဖို့မရည်ရွယ်ခဲ့ဘူး၊ ဒါပေမဲ့ နင်တို့အားလုံးက နင်တို့ဘာသာ ပြဿနာရှာပြီး ဖေဖေနျိုဒေါသကို သွားဆွခဲ့တယ်၊ ဒါတွေအားလုံး ဖြေရှင်းပြီးပြီဆိုတော့ ပြီးသွားပြီ၊ သူတို့ လက်မလွှတ်နိုင်သေးရင်..." သူမမျက်လုံးတွေ မှေးသွားတယ်။
"နောက်ကျ... တကယ်လို့ ဖေဖေနျို ဝမ်းနည်းသွားရင် ငါတကယ်ဒေါသထွက်မှာ"
"..." ကျန့်ရှင်း ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ သူတကယ်ပဲ အစက သူ့ညီမကို ခွင့်လွှတ်ပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာ။ သူမသဘောတူတာနဲ့ ကျီလင်းကို ပြန်ခေါ်ပေးဖို့ ဆရာကို သွားတောင်းဆိုလို့ရပြီပေါ့။ ဒါပေမဲ့ အကြည့်တစ်ချက်တည်းနဲ့ သူမက သူ့ကို နားလည်နေမယ် မထင်ခဲ့ဘူး။ သူ့နှလုံးသား လေးလံသွားကာ ခြေလှမ်းတွေက ချက်ချင်းမြန်ဆန်ပြီး အနောက်တောင်ကနေ ပြေးထွက်သွားခဲ့တယ်။
မှိုက အူကြောင်ကြောင် ဖြစ်ပြီး သူတို့ဘာတွေပြောနေမှန်း နားမလည်ဘူး။ ဒါပေမဲ့ သိပ်ပြီးတော့လည်း အာရုံမစိုက်ဘူး။ သူကတန်းခုန်ချပြီး မြေကြီးပေါ်ကမှိုကို ကောက်ကာ အမတသွေးကြောဘက်ဆီ ပြေးသွားပြီး စိုက်လိုက်တယ်။ "မဖြုန်းသင့်ဘူး" ဒါအတော်လေး ကြီးတဲ့တစ်ခုပဲ။
ရှန်းရင်လည်း ထိုင်လိုက်တယ်။ သူမက ဖေဖေနျို မီးဖိုချောင်ထဲက ထွက်လောက်နေပြီမှန်း သတိရမိတော့ မှိုဘက်ကို လက်ယမ်းပြလိုက်တယ်။
"ငါသွားတော့မယ်"
"နှုတ်ဆက်ပါတယ်ရှန်းရင်" မှိုကလည်းအမြီးနှံ့ပြတယ်။
အဲ့တော့မှ သူမက ဖြည်းဖြည်းချင်း ထရပ်လိုက်ပေမဲ့ သူမဘေးက ရင်းနှီးနေတဲ့အသံ ထွက်လာတယ်။
"ဆရာ..."
ရှန်းရင် ကြောင်အမ်းသွားပေမဲ့ သူမဟိုဟိုဒီဒီကြည့်လိုက်ပြီး သိုလှောင်အိတ်ထဲက ထိုးထွက်လာတဲ့ အသံလွှင့်အဆောင်ကို မှတ်မိသွားတယ်။ သူမလက်လှမ်းကာ အချိန်အတော်ကြာ မွှေနှောက်ရှာပြီးမှ ထုတ်လိုက်တယ်။
"စားဖိုမှူးလား"
ဆရာ အဲ့အသံက မြင့်တက်သွားပြီး အံ့ဩပျော်ရွှင်မှုအပြည့်နဲ့။
"ကျွန်တော်နေ့တိုင်းအသံတွေ ပို့နေတာ၊ ဘာလို့အခုမှ တုံ့ပြန်တာလဲ"
"ငါအိတ်ထဲ ထိုးထည့်ထားပြီးတော့ မေ့သွားလို့၊ အထဲမှာက ပစ္စည်းတွေအများကြီးပဲ၊ သိမ်းထားတဲ့အသီးတချို့ ရှင်းထုတ်လိုက်တာ ကံကောင်းတယ်၊ ဒါကြောင့် ဒီအဆောင်က အပေါ်ကို ရောက်လာတာ"
"ဆရာ..." အဆောင်ထဲကအသံက မကျေချမ်းမှုတချို့ ပါဝင်နေပေမဲ့ မကြာခင်မှာ စိုးရိမ်မှုအပြည့် အစားထိုးသွားတယ်။
"အဆင်ပြေရဲ့လား၊ ကောင်းကောင်းအိပ် ကောင်းကောင်းစားရဲ့လား၊ ညဘက် စောင်ပေါ်ရော တက်နင်းသေးလား၊ ဟုတ်သား ကျွန်တော်ထားခဲ့တဲ့ ဟင်းပွဲတွေ စားပြီးလောက်ပြီပေါ့၊ ကျွန်တော်ဖေဖေနျိုကို ဟင်းပွဲအသစ်တွေ ပေးခိုင်းလိုက်တာ ရရဲ့လား၊ တကယ်လို့ မလောက်ဘူးဆိုရင်..."
"ဘာ ဖေဖေနျိုက ဟင်းပွဲတွေယူလာတယ်လား" သူမသာ သိခဲ့ရင်မှိုတွေကို ရေလောင်းဖို့ ဟန်ဆောင်နေမှာ မဟုတ်ဘူး။ ရှန်းရင် ခြေလှမ်းတွေက အနောက်နန်းတော်ဆီ မြန်မြန်လှမ်းကုန်တယ်။
"မစိုးရိမ်ပါနဲ့ ဆရာ ဒါတွေက မလုံလောက်ဘူးဆိုတာ ကျွန်တော်သိပါတယ် ထပ်ချက်ပြီးတော့ ဟုန်မုန့်ကို ထပ်ပို့ခိုင်းထားတယ်"
"တော်လိုက်တဲ့စားဖိုမှူး"
သူအဲ့လိုလုပ်ပေးတာတော်သေးတာပေါ့။
"ဆရာ ကျွန်တော် ပြန်မလာနိုင်ခင် ရက်အချို့နေဖို့လိုသေးတယ်၊ ခရမ်းရောင်နန်းတော်မှာ ပြန်နေရမှာ၊ ဘာကိစ္စပဲဖြစ်ဖြစ် တောင်အောက်မဆင်းပါနဲ့..."
"အာ..."
သူမတစ်ကြိမ် ဆင်းမိပြီးသွားပြီ။
"ပြီးတော့ အနောက်တောင်က ဝူတိဂိုဏ်းထက် သေးတယ်ဆိုပေမဲ့ လမ်းပြဖို့အတွက် တစ်ယောက်ယောက်ကို ခိုင်းနော်၊ မုန်လာဥဖြူက ဒီမှာမရှိတော့မှိုကို မေးသင့်တယ်"
"အင်း"
"ပြီးတော့လည်း အသီးတွေကို အများကြီးမစားနဲ့၊ အစာသွတ်မုန့်တွေကိုလည်း ရံဖန်ရံခါ စားသင့်တယ်၊ အဲ့ဒါတွေအားလုံးက သိုလှောင်အိတ်ထဲမှာဆိုတော့ တစ်ခုချင်း စိတ်ရှည်ရှည်နဲ့သေချာရှာဖွေပြီးစားနော်"
"အင်းအင်း"
"ရာသီဥတုက စအေးလာပြီ၊ ဆရာက အအေးမကြောက်ပေမဲ့ အကျီကို အထပ်ထပ် ဝတ်ထားတာ ကောင်းတယ်၊ ကျွန်တော် အခန်းထဲကဗီရိုထဲက အားလုံးကို သေချာထည့်ပေးထားတယ်"
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ"
"တကယ်လို့ တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို အရင် အသိပေးရမယ်နော်၊ ကျွန်တော် နေရာရွေ့ပြောင်းအစီအရင်ကို စီစဉ်ပြီးသွားပြီ၊ ကျွန်တော် ချက်ချင်း ပြန်လာခဲ့မယ်"
"အင်း အင်း"
"ပြီးတော့ ဆရာ..."
"အင်း"
"ကျွန်တော်... အရမ်းလွမ်းတယ်"
"..." ရှန်းရင်ခြေလှမ်းတွေ ရပ်တန့်သွားတယ်။ သူမနှလုံးသားက နွေးထွေးတဲ့ တစ်စုံတစ်ရာက စီးဆင်းလာပြီးတော့ နှုတ်ခမ်းထောင့်တွေက အကြောင်းအရင်းမရှိ ကော့တက်သွားတယ်။
"ဆရာ ဆရာ"
သူမပြန်မဖြေတာကို မြင်တော့ သူ၂ကြိမ်တိတိ ဂရုတစိုက်ခေါ်လိုက်တယ်။
"ဒေါသထွက်သွားတာလား"
ရှန်းရင်က ရယ်တယ်။
"တကယ်လား"
"ဟမ်"
"နင်တကယ် ငါ့ကိုအဲ့လောက် လွမ်းနေတာလား"
ရှန်းရင်ရဲ့ အပြုံးက ပိုလေးနက်လာတယ်။
"...အင်း"
"ဘယ်လိုလွမ်းတာလဲ"
စားဖိုမှူးက အံ့ဩသွားတယ်။ ဟမ် ဘာကိုဘယ်လိုလဲ။
"နင်မပြောနိုင်ဘူးလား၊ ဒါဆို စာလုံး၃၀၀၀ ပို့လိုက်၊ အစီအစဉ် မတင်းကြပ်ဘူး၊ ၃ရက်အတွင်း" သူမ ရည်းစားစာ မရဖူးတော့ စမ်းကြည့်ချင်တယ်။
"အိုး... ကောင်းပါပြီ"
"တော်လိုက်တဲ့ကောင်လေး"
၃ရက်အကြာ။
အဖြူရောင်ဝိညာဉ်ငှက်တစ်ကောင်က တောင်ပံတစ်ဖျက်ဖျက် ခတ်လျက် အနောက်နန်းတော်ဆီ ပျံသန်းလာတယ်။ တစ်ယောက်သော အသက်အရွယ် ရနေပြီဖြစ်တဲ့အဖေက အဲ့မှာ စားဖိုမှူးပိုင်တဲ့အရှိန်အဝါကို မှတ်မိပြီး ခရမ်းရောင်ညနန်းတော်မှာ အရေးကြီးတစ်စုံတစ်ရာ ဖြစ်နေပြီလို့ တွေးမိလိုက်တယ်။ သူက လက်ဂါထာတစ်ခုကို ဖန်တီးမိပြီး ကံမကောင်းတဲ့ ဆုံးဖြတ်မှုတစ်ခုကို လုပ်လိုက်မိတယ်။ ချက်ချင်းပဲ ဝိညာဉ်ငှက်ကစာရွက် အပုံလိုက်ကြီး ဖြစ်သွားပြီး သူ့လက်ထဲကျလာတယ်။
သူငုံ့ကြည့်လိုက်တော့ စာရွက်ပေါ်မှာ တစ်ယောက်သောအစားသရဲအတွက် တမ်းတနေတဲ့ စာလုံးတွေအများကြီး ပြည့်နေတာကို နားလည်လိုက်ရတယ်။ ဘာသာစကားရဲ့ ခံစားမှုနဲ့ ခံစားချက်တွေ ကြွယ်ဝနေမှုက တကယ့်ကို ကြောက်ခမန်းလိလိပဲ ။
ကူယွဲ့ရင်ထဲ ပြည့်ကျပ်သွားတယ်။ ချက်ချင်းပဲ သူ့လက်ထဲကအရာကို တစ်ယောက်သောသူရဲ့ မျက်နှာဆီကို ခပ်ပြင်းပြင်း ရိုက်ပစ်ချင်သွားတယ်။
မင်းတို့ရဲ့ကြွားလုံးထုတ်နေတာတွေကို တော်လိုက်တော့။
(╯°Д°)╯(┻━┻
——————
လက်တွေ့ကွင်းဆင်းမှုကနေ ပြန်လာပြီးမှ မူလတပည့်၉ယောက်က တစ်ခါတည်း ၄ယောက်အဖြစ် လျော့ကျသွားတယ်။ ကူယွဲ့အတော်လေး ဒေါသထွက်ခဲ့ပေမဲ့ နောင်တတော့ မရှိခဲ့ဘူး။ သူဒီတပည့်တွေကို တောင်ပေါ်ကနေ နှင်ထုတ်တာ ရှန်းရင်ကြောင့်နဲ့တင် မဟုတ်ဘူး သူတို့အပြုအမူက တော်တော်လေးကို မသင့်တော်လို့လည်း ဖြစ်တယ်။ အရင်ကမ္ဘာငယ်လေးတုန်းက ဂိုဏ်းကြီးမှာဆိုရင်တော့ သူတို့ကို ချက်ချင်းလက်မလျှော့လောက်ဘူး။
ဒါပေမဲ့ ဒီလူတွေက နဂိုတည်းက ဂိုဏ်းတွေ ထူထောင်ဖို့အတွက် ပျိုးထောင်တာ။ ဆိုလိုတာက သူတို့တွေက ဒီကမ္ဘာထဲက လူတွေအားလုံးအတွက် စံပြတွေ ဖြစ်သင့်တယ်။ ဒါပေမဲ့ ဒီလိုစိတ်ခံစားချက် အရည်အသွေးတွေနဲ့ဆိုရင် သူတို့ဖြစ်လာမဲ့ကျင့်ကြံသူအုပ်စုဆိုတာကိုမှန်းလို့မရနိုင်ဘူး။
တကယ်တော့ သူတို့ ဘာလို့ဒီလိုဖြစ်နေလဲ မှန်းဆကြည့်နိုင်တယ်။ နှင်ထုတ်ခံရတဲ့သူတွေက အသက်၁၀အရွယ်မှာ တောင်ပေါ်ကို ရောက်လာခဲ့တော့ ပြဿနာကြီးကြီးမားမား မကြုံတွေ့ခဲ့ရသလို သိသာတဲ့ရှုံးနိမ့်မှုတွေလည်း မကြုံတွေ့ခဲ့ရဘူး။ သက်ရှိသတ္တဝါတွေကြားမှာ ရုတ်တရက် မြင့်မားတဲ့ကျင့်ကြံသူတွေ ဖြစ်လာပြီးနောက် တခြားသူတွေထက် သူတို့တွေက သာတယ်လို့ အလိုလို တွေးမိပြီးတော့ မျက်လုံးထဲ ဘာမှမမြင်တော့ဘူး။ သူတို့ကိုယ်သူတို့ ယုံကြည်ချက်တွေ ပြင်းထန်လာပြီးတော့ ဖက်တီးရဲ့ သတိပေးချက် အပြီးမှာတောင်မှ သူတို့တွေက ရှန်းရင်ကို အလွယ်တကူ အပြစ်ပြုလို့ရတဲ့ သေမျိုးတစ်ယောက်၊ သေမျိုးတွေက သူတို့ထက် နိမ့်ကျသင့်တယ်လို့တောင် ယုံကြည်ခဲ့သေးတယ်။
…
အခန်း ၅၂၁ ။ ဘွဲ့ရစာမေးပွဲ
ရှန်းရင်က တပည့်တွေရှေ့ သူမရဲ့စွမ်းအားအစစ်ကို တစ်ခါမှမပြသဖူးသလို သူတို့က သူမကို မကြာခဏ မတွေ့ရဘူး။ ဒါပေမဲ့ ဖက်တီး၊ ယိချင်းနဲ့ ကူယွဲ့ကိုယ်တိုင်တောင် သူမအပေါ် မြင့်မြင့်မားမား သတ်မှတ်တာကို မြင်နိုင်တယ်။ အသက်ပိုကြီးသူတွေမှာ သူတို့စိုးရိမ်မှုတွေ ရှိတယ်။ ဒါပေမဲ့ အသက်ပိုငယ်သူတွေက ဒီလိုအရာတွေကို တစ်ခါမှ မဖြတ်သန်းဖူးသလို သူတို့ကိုယ်သူတို့ ပိုပြီး ယုံကြည်ခဲ့ကြတယ်။ သာမန်သေမျိုးတွေထက် ပိုပြီးကျော်လွန်တဲ့ စွမ်းရည်တွေကို သင်ယူပြီးပြီလို့ တွေးခဲ့ကာ သူတို့ကိုယ်သူတို့ ကွဲပြားတယ်ထင်နေခဲ့တယ်။ အသန်မာဆုံးမှ ရှင်သန်တယ်ဆိုတဲ့အတွေးက သူတို့စိတ်တွေထဲ ပေါ်လာတာမို့ သူမကို ရန်ပြုဖို့ မထိန်းချုပ်ခဲ့ကြဘူး။
သူတို့ မှားရင်တောင် သေမျိုးတစ်ယောက်အတွက် သူတို့ကို အပြစ်ပေးမှာ မဟုတ်ဘူးလို့တောင် တွေးခဲ့ကြတယ်။ ဒီလိုအတွေးတွေဟာ ကူယွဲ့ရဲ့ နဂိုရည်ရွယ်ချက်နဲ့ လုံးဝဆန့်ကျင်ဘက်ပဲ။ သူတို့ကို ဆက်ပြီး ကြီးထွားစေတာက ပိုပြီးတော့ မောက်မာရိုင်းပျလာကာ သူတို့ထက် နောက်ကောက်ကျတဲ့ သေမျိုးတွေအပေါ်ပါ အထင်သေးစေနိုင်တယ်။ သူက လူသားမျိုးနွယ်အတွက် သက်တော်စောင့် လိုချင်တာ၊ သူတို့ကို အနိုင်ကျင့်အုပ်ချုပ်သူတွေကို မဟုတ်ဘူး။ သူ မနေနိုင်ဘဲ အရင်က သင်ပေးခဲ့တာတွေကို ပြန်စဥ်းစားမိတယ်။ ဝူတိဂိုဏ်းက ယွီဟုန်နဲ့တခြားသူတွေကလည်း အဆင့်မြင့် ကျင့်ကြံသူတွေလက်ထဲ ဒုက္ခခံခဲ့ရတာမို့ ဆိုးရွားတဲ့လမ်းပေါ် မရောက်ခဲ့ဘူး။ သူတို့တွေက အနက်ရှိုင်းဆုံး အမှောင်တရားကို မျက်မြင်တွေ့ခဲ့ရတာမို့ နေရောင်ခြည်က ရောက်လာဖို့ခက်ကြောင်းသိကြတယ်။
ဖက်တီးဆို တော်ဝင်အထွတ်အမြတ်ဂိုဏ်းမှာ နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့တာမို့ လူသားမျိုးနွယ်ရဲ့ ဆိုးယုတ်မှုတွေကို သိတဲ့အတွက်ကြောင့် လောကကြီးရဲ့ ကြင်နာမှုကို ပိုပြီးတောင် တန်ဖိုးထားတယ်။ စုန့်ရန်တို့ရဲ့ ကမ္ဘာငယ်လေးမှာတောင် အဲဒီအဆောင်ကျင့်ကြံသူတွေဟာ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ကျင့်ကြံခဲ့တာ။
ဒါပေမဲ့ သူတို့ ဒီတစ်ခေါက် ခေါ်ယူခဲ့တဲ့ကိုးယောက်ကတော့ လုံးဝကိုကွဲတယ်။ အထူးသဖြင့် အငယ်တွေ။ အစတည်းက သူတို့မှာ တခြားသူတွေ မရခဲ့တဲ့ အခွင့်အရေးရခဲ့တယ်။ ဒီအခွင့်အရေးက သူတို့ကို တခြားသူတွေထက် အမြင့်ကြီးဆီ ပျံတက်စေနိုင်ခဲ့တာမို့ သူတို့ရဲ့ အတ္တကလည်း အလိုလို ကြီးထွားလာတယ်။ သူတို့က အားနည်းသူတွေကို မမြင်နိုင်တော့ဘူး။ သူတို့က လောကကြီးထက် ကျော်လွန်သွားပြီလို့ တွေးခဲ့ပေမဲ့ သူတို့ အဲနေရာကလာခဲ့တယ်ဆိုတာကို မေ့သွားကြတယ်။
အဲဒီအသက်ပိုကြီးတဲ့သုံးယောက်က အတွေ့အကြုံပိုရှိပြီး ကျန့်ရှင်းက အတိတ်မှာ သူ့ညီမအတွက် ပင်ပန်းဆင်းရဲခဲ့တယ်။ ဒါကြောင့် သူတို့က ထိန်းချုပ်မှု ရှိကြတယ်။ ဒါပေမဲ့ တခြားသူတွေကတော့ ရှိသင့်ရှိထိုက်တဲ့ ကြည်ညိုမှုတွေကို လုံးဝပျောက်ဆုံးသွားခဲ့တယ်။
သူတို့ ဘယ်လိုလုပ် ရိုသေမှု မရှိတဲ့လူတစ်စုကို လောကကြီးဘက်ပြန်လှည့်ပြီး ကာကွယ်ပေးဖို့ကို မျှော်လင့်နိုင်မှာလဲ။
ကူယွဲ့ ရုတ်တရက် လူသားအားလုံးရဲ့ မျှော်လင့်ချက်တွေကို ဒီလူအနည်းငယ်ဆီ အားကိုးထားလို့မရမှန်း နားလည်သွားခဲ့တယ်။ သူ ပြင်ဆင်မှုတွေ အများကြီးလုပ်ရမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာမှာ ကျောင်းပညာရေးအပြင် ကိုယ့်ကိုယ်ကိုယ် သင်ကြားမှုရှိတဲ့စကားစုလည်း ရှိတယ် သူတို့တွေ သင်ကြားရေးအရင်းအမြစ်တွေ ဖြစ်ဖို့ပဲ လိုအပ်ကာ ဆရာရှိမရှိက မထူးခြားဘူး။ ဦးတည်ချက်က အတော်လေးတော့ ဆင်တူသင့်တယ်။
ဥပမာ စားဖိုမှူးက ဆရာရှိတာ မရှိတာ ကွဲပြားလို့လား။ အားလုံးကို သူ့ဘာသာသင်ယူခဲ့တာမဟုတ်လား။
ကူယွဲ့ သေချာစဉ်းစားပြီးတော့ ဖက်တီးကို အမွေအနှစ်ကျောက်စိမ်းပြားတွေ အများကြီး ပြင်ဆင်ခိုင်းလိုက်တယ်။ သူ လူအများစုက ဝိညာဉ်ချီကို ဘယ်လိုသုံးရမလဲ မသိသေးတာ စဉ်းစားမိပြီး ချီကို ကိုယ်ထဲလမ်းညွှန်နည်းစာအုပ်တချို့ပါ ပြင်လိုက်တယ်။ ဟုတ်တာပေါ့၊ ဖက်တီးက အားလုံးကို ပုံတူပွားရတာပေါ့။ ဒီကမ္ဘာမှာ မိတ္တူကူးစက်မှ မရှိတာ။ သူ ဖက်တီးကို ဝိညာဉ်အသုံးအဆောင်တချို့ပါ ပြင်ခိုင်းခဲ့တယ်။
နောက်တော့ သူက အိမ်မှာ မရှိနေတော့ဘူး။ စာအုပ်ဖြန့်သူအဖြစ် အသွင်ပြောင်းကာ လူသားတိုက်ကြီးဆီ ကြုံရာလျှောက်သွားဂင်း ဟိုဟိုဒီဒီမှာ လျှို့ဝှက်စာအုပ်တစ်အုပ်နဲ့ ကျောက်စိမ်းပြားပစ်တွေ ပစ်ပေးခဲ့တယ်။ သူက ဆန်းကြယ်ဘုံတချို့လည်း ဖွင့်ပြီး ဝိညာဉ်ဆေးပင်အစေ့တချို့ကို ပစ်ထည့်ကာ သူတို့ဘာသာပေါက်ရောက်စေလိုက်တယ်။
နောက်တော့ ခရမ်းရောင်ညနန်းတော်ဆီ ပြန်သွားကာ အမတသွေးကြောတချို့ကို ယူလိုက်တယ်။ သူက နည်းမျိုးစုံနဲ့ သူတို့ကို ဝိညာဉ်သွေးကြောတွေအဖြစ် ပြောင်းလဲကာ တိုက်ကြီးတစ်လျှောက် ဖြန့်ပစ်ပြီး တိုက်ကြီးတစ်ခုလုံးကို ဝိညာဉ်ချီတွေ ပြည့်သွားစေခဲ့တယ်။
သူ အံကြိတ်ကာ သူ ဖက်တီးရဲ့ အကြွေးဆပ်တာကနေ ရထားတဲ့ ဝိညာဉ်နဲ့အမတ အသုံးအဆောင်တွေကို ပစ်ခဲ့တာတို့ ကမ္ဘာမှာပေါ်လာဖို့ အင်းကွက်နဲ့ အချိန်ကိုသတ်မှတ်ခဲ့တာတို့လုပ်ခဲ့တယ်။ အဲနောက်တော့ သူ ရပ်လိုက်တယ်။ ရုတ်တရက် အတိတ်က လန်ဟွားရဲ့ခံစားချက်တွေကို နားလည်သွားတော့တယ်။ ရတနာတွေကို နေရာတိုင်း ပစ်ထားခဲ့ရတဲ့ခံစားချက်က ပြန်မသက်သာနိုင်ဘူး၊ အရမ်းကို နာကျင်ရတယ်။
ဒါကြောင့် သူ စာရင်းစာအုပ်ကို ထုတ်ကာ ဒါတွေအားလုံးကို ဟုန်မုန့်အကြွေးထဲ အသေးစိတ်မှတ်တမ်း တင်လိုက်တယ်။
အင်း၊ နောက်ဆုံးတော့ နာကျင်တာနည်းနည်း လျော့သွားပြီ။
ခရမ်းရောင်ညနန်းတော်မှာ ယုန်ကို မုန်လာဥနီတွေ ပေးနေတဲ့ဟုန်မုန့် တုန်ယင်သွားတယ်။ တစ်ခုခု လွဲနေသလို သူခံစားလိုက်ရလေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကူယွဲ့ ဒါတွေအားလုံးကို လုပ်ခဲ့ပြီးတဲ့နောက် စိတ်သက်သာရာရသွားခဲ့တယ်။ အချိန်တိုအတွင်း ကျင့်ကြံသူတွေ သိသိသာသာ ဒီတိုက်ကြီးထဲ ပေါ်လာမယ်လို့ယုံတယ်။ ဟုတ်တာပေါ့ တပည့်တွေကို သူ့သင်ကြားမှုက ပိုတင်းကြပ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို နာမည်ကြီးဆရာတစ်ယောက်က သင်ပေးနေတာ။ ကိုယ့်ဘာသာလေ့လာသူတွေကို မနိုင်ရင် ရှက်စရာကောင်းလိမ့်မယ်။
ကံကောင်းချင်တော့ ကျန်တဲ့လေးယောက်က သင်ရတာ အတော်လေး လွယ်တယ်။ ကျန့်ရှင်းက ဓားကျင့်ကြံသူ။ ကူယွဲ့က ခုတလော အလုပ်များနေတာမို့ နည်းလမ်းဟောင်းနဲ့ သူ့ကို ဓားအင်းကွက်ဆယ်ထပ်ထဲ ပစ်ထည့်ပေးလိုက်တယ်။ ကျန်တဲ့သုံးယောက်ကို ဖက်တီးက သင်ပေးတယ်။ တကယ်တော့ အရင်ကထက် အများကြီး ပိုလွယ်လာတယ်။ သူတို့အားလုံးမှာ ကျွမ်းကျင်တဲ့ စွမ်းရည်ကိုယ်စီလည်းရှိကြတယ်။
အထူးသဖြင့် အသက်အကြီးဆုံးလူ။ သူက ကျင့်ကြံရေး စတင်ချိန် အသက်၅၀ ၆၀ ဖြစ်နေပြီဖြစ်ကာ အခက်အခဲတွေ အများကြီးကို ဖြတ်သန်းပြီးတဲ့နောက်မှ အုတ်မြစ်အခြေတည်အဆင့်ကို အောင်မြင်ခဲ့တယ်။ သူက အုတ်မြစ်အခြေတည်အဆင့်ကို အောင်မြင်တဲ့ နောက်ဆုံးလူ။ ဒါပေမဲ့သူက အငြိမ်းချမ်းဆုံး စိတ်နဲ့သူ။ ဖက်တီးက အစကတော့ အသက်ကြောင့် မပြီးခင် လက်လျှော့မယ် စိုးရိမ်ခဲ့ပေမဲ့ သူက တစ်လျှောက်လုံးထိ တကယ် တောင့်ခံနိုင်မယ်လို့မထင်ခဲ့ဘူး။ သူက အဆောင်နဲ့ အင်းကွက် နှစ်ခုပါကျင့်ကြံသူပဲ။
သူ့ကျင့်ကြံမှုက အစကသူများတွေအောက် ဆိုပေမဲ့ တဖြည်းဖြည်းနဲ့ အခိုင်မာဆုံးအုတ်မြစ်ရှိသူ၊ အနက်ရှိုင်းဆုံးသင်ယူပြီး သုံးယောက်ကြား အကြိုးစားဆုံးလူ တဖြည်းဖြည်းဖြစ်လာတယ်။ ရံဖန်ရံခါမှာတော့ သူက တခြားနှစ်ယောက်ကိုလည်း နည်းလမ်းတချို့ပေးတယ်။ ဖက်တီးတောင် မနေနိုင်ဘဲ သူ့ကို ပိုအာရုံစိုက်မိလာတယ်။
သူတို့တွေက ဝိညာဉ်ချီကို ကျင့်သားရသွားပြီမို့ ကူယွဲ့က မှိုကို မစိုက်ခိုင်းတော့ဘူး။ တောင်ပေါ်က ဝိညာဉ်ချီက သူ့အလိုလို မသေမျိုးချီဆီ ပြောင်းလဲကုန်တယ်။ ဒီနည်းနဲ့ဆို သူတို့ကျင့်ကြံမှုက ပိုတောင် မြန်ဆန်လာလိမ့်မယ်။
ပြီးတော့ သူတို့ကြား ကျန့်ရှင်းက အမြန်ဆုံး။ အရင်အဖြစ်အပျက်တည်းက ကူယွဲ့က သူ့ကို အကြိမ်ရေတချို့ စကားပြောခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက သူ့ညီမကိုး။ တောင့်ခံဖို့ သူ့အတွက် ခက်ခဲတာ သဘာဝပါပဲ။ ကူယွဲ့ သူ့ကို ကိစ္စအရှုပ်အထွေးတွေ ရှင်းပြကာ သူ့မှာ မကျေမချမ်းဖြစ်မှုတွေကို မမြင်တော့ စိတ်ချသွားပြီး ဆက်သင်ယူခွင့်ပေးလိုက်တယ်။
သူ သင်ယူတာ အရမ်းကို မြန်ဆန်ခဲ့တယ်။ အချိန်အများစုမှာ သူက ကူယွဲ့ရဲ့ လမ်းညွှန်မှုတွေနောက် တစ်ခုပြီးတစ်ခု ဓားဓမ္မတွေကို သင်ယူနိုင်တယ်။ နှစ်၂၀အတွင်း သူက ဓားအင်းကွက်ပဉ္စမအဆင့်ဆီ ရောက်လာပြီးပြီ။ အတိတ်တုန်းက စားဖိုမှူးလောက် ရူးသွပ်စရာမျိုး မဟုတ်ပေမဲ့ အတော်လေးကို မြန်ဆန်နေသေးတယ်။ တကယ့်ကိုမွေးရာပါ ဓားကိုယ်ထည်ပဲ။
အချိန်က မြန်ဆန်စွာ ကုန်ဆုံးလာပြီး လိုအပ်သမျှသင်ကြားရေးတွေအကုန်နီးပါး သင်ပေးခဲ့ပြီးပြီ။ အချိန်တစ်ခုအတွင်း သင်ယူမရသေးတာတွေကို အရင်မှတ်ထားစေတယ်။ ကောင်းကင်တာအိုက ဒီကမ္ဘာမှာ မွေးဖွားမလာသေးတာမို့ သူတို့ ကျင့်ကြံဆင့်တိုးမြင့်မှုအတွက် ဝဋ်ကြွေးချေမိုးကြိုးမရှိဘူး။ သူတို့က အဆင့်ရောက်တာနဲ့ တန်းအမြင့်တက်သွားတာ။
ဖက်တီး သင်ပေးခဲ့တဲ့သုံးယောက်က အမြုတေတွေ ဖွဲ့စည်းပြီးကာ ကျန့်ရှင်းကတော့ နတ်ဝိညာဉ်ကျင့်ကြံဆင့် ရောက်နေပြီ။
ကူယွဲ့ ဒါက သူတို့ကို တောင်အောက်ဆင်းခိုင်းပြီး ဒီလောကရဲ့ အကျပ်အတည်းတွေကို တကယ် နားလည်စေဖို့ အချိန်တန်ပြီ တွေးမိတယ်။
နောက်ဆုံး ကွင်းဆင်းလေ့ကျင့်ရေးတုန်းက စိတ်ညစ်စရာတွေကို စဉ်းစားမိတော့ ကူယွဲ့ သူကိုယ်တိုင် လိုက်ဖို့ဆုံးဖြတ်ကာ ရှန်းရင်ကိုပါ ဆွဲခေါ်လာခဲ့တယ်။
"ဘာလို့ ငါပါရပြန်ပြီလဲ" သူမ မပျော်တော့ဘူး။
"စားဖိုမှူးက ပြန်မလာသေးဘူး၊ မင်းတစ်ယောက်တည်း အသက်ရှင်နိုင်မယ်များ ထင်နေလား"
သူမအတွက် ဟင်းချက်ပေးမဲ့သူမရှိ၊ စောင့်ကြည့်မဲ့သူမရှိရင် လမ်းပျောက်ရင်ပျောက် မဟုတ်ရင် အချိန်မရွေး ငတ်သေလိမ့်မယ်။ အရှေ့တစ်ခုဖြစ်နိုင်ခြေက ပိုများတယ်။
"အာ..." သူမ စားဖိုမှူးက ရံဖန်ရံခါ ဝိညာဉ်ငှက်တွေနဲ့ စားစရာတွေပို့ပေးတာ ပြောပြသင့်လား။
"ပေါက်တတ်ကရတွေ မပြောနဲ့တော့၊ သွားမယ်"
ကူယွဲ့ သူမကို ရှင်းပြဖြို ပျင်းလွန်းနေပြီ။ သူက သူမကို တန်းဆွဲခေါ်ကာ တောင်အောက် စဆင်းတော့တယ်။
တပည့်လေးယောက်ကြား သုံးယောက်က ဖက်တီးဟာမို့ ဖက်တီးလည်း လိုက်လာကာ မှိုကိုပါ သူနဲ့အတူ ခေါ်လာတယ်။ ဖက်တီး ကြည့်ပေးတာနဲ့အတူ မှိုက ဒီနှစ်တွေထဲ ကြိုးကြိုးစားစား ကျင့်ကြံခဲ့တယ်။ သူက အမြီးတစ်ချောင်းကနေ ငါးချောင်းအဖြစ် ပြောင်းသွားပြီ။ အလိုလို သြူ တကယ့် အသွင်ပြောင်းနည်းအစစ်လည်း သင်ယူပြီးဖြစ်ကာ သူ့အမြီးကို တရွတ်တိုက်ဆွဲရင်း မှိုလျှောက်စိုက်နေစရာ မလိုတော့ဘူး။
ဒါကြောင့် တပည့်တွေအတွက် နဂိုက ကွင်းဆင်းလေ့ကျင့်ရေးဟာ ဂိုဏ်းတစ်ခုလုံးအတွက် ခရီးတစ်ခု ဖြစ်လာခဲ့တယ်။
...
အခန်း ၅၂၂ ။ အသိမိတ်ဆွေဟောင်းကို တွေ့ဆုံခြင်း
ကူယွဲ့ ရှန်းရင်ကို ဆွဲခေါ်လာပြီး သူ့ ဓားနဲ့အတူ တောင်အောက် တန်းဆင်းကာ အမတတက်လှမ်းမှုကျောက်ဆောင်ဆီ ပျံသန်းခဲ့တယ်။ စာရွက်အပိုင်းစတွေကို ထူထဲစွာ ကပ်ထားတယ်။ တချို့က အိုမင်းနေပြီး တချို့က သစ်ပြီး အပေါ်မှာတော့ အကူအညီတောင်းမှုဆန္ဒမျိုးစုံ ပါဝင်နေတယ်။
တပည့်တွေခေါ်ဖို့ နောက်ဆုံးအကြိမ် တောင်ဖွင့်တည်းက သေမျိုးတွေက ဒီကိုမကြာခဏ ရောက်လာကြတယ်။ ပြီးတော့ မသိတဲ့လူတစ်ယောက်ယောက်က စနေပြီး လူတွေက အမတတွေကို အကူအညီတောင်းဖို့ မျှော်လင့်ချက်နဲ့ ဆန္ဒမျိုးစုံ ကပ်ခဲ့ကြတယ်။ သူတို့တွေက အမတတက်လှမ်းကျောက်တုံးကို နတ်ဘုရားတောင်းဆိုကျောက်တုံးအဖြစ် အသုံးပြုနေကြပြီ။ ဒီစာရွက်တွေကြားမှာ မိစ္ဆာတွေရဲ့ဒုက္ခပေးမှုတွေနဲ့ ပတ်သက်ပြီး အကူအညီတောင်းကြတဲ့တချို့ရှိပုံပဲ။
ကူယွဲ့ သူ့ပစ္စည်းတွေကို ဖြန့်ကျဲဖို့ အပြင်ထွက်သွားချိန် မြင်သမျှ လမ်းတစ်လျှောက်မှာ တချို့ကို ဖြေရှင်းလိမ့်မယ်။ ဖြည်းဖြည်းချင်း ပုံမှန်လေ့ကျင့်မှုတစ်ခုကို ဖွဲ့စည်းထားခဲ့တယ်။ အခက်အခဲကို တကယ်ကြုံခဲ့ရသူတွေက ခရီးဘယ်လောက်ဝေးဝေး အမတတွေဆီကို အကူအညီတောင်းဖို့ ဒီကိုရောက်လာကြမှာ။
သူက လှမ်းကြည့်လိုက်တော့ အနီရောင်စာရွက်သုံးရွက်ကို မြင်လိုက်ရတော့ သူ ယူလိုက်တယ်။ နှစ်ခုက အတော်လေး ဝေးတယ်။ ပိုနီးတဲ့တစ်ခုက ခရီးနှစ်ရက်သွားဖို့လိုတယ်။ သူက တစ်ချက်ကြည့်ကာ ခရီးတစ်ခေါက် သွားဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါကြောင့် သူ စာရွက်ကို ကျန့်ရှင်းဆီ ကမ်းပေးလိုက်တယ်။ "နောက်ဘက်တည့်တည့်၊ ချွီဟန်မြို့လို့ ခေါ်တဲ့ဒီနေရာဆီ တစ်ချက်သွားကြည့်လိုက်ရအောင်"
"ဟုတ်ကဲ့ဆရာ" ကျန့်ရှင်းက ခေါင်းညိတ်ကာ ယူလိုက်တယ်။ သူက တစ်ချက်ကြည့်ကာ စာရွက်စကို တခြားသုံးယောက်ဆီ ကမ်းပေးလိုက်တယ်။
လူတိုင်း ဓားပေါ်တက်မို့ရှိသေး အမျိုးသမီးတစ်ယောက်အသံ ရုတ်တရက် ထွက်လာတယ်။
"အစ်ကိုကြီး"
အသက်၃၀ အရွယ် အမျိုးသမီးတစ်ယောက်က ပြေးလာကာ အလယ်က ကျန့်ရှင်းကို အံ့ဩမှုအပြည့်နဲ့ ကြည့်လေတယ်။ သူမရုပ်ရည်ကို ရင်းနှီးနေပြီး ကျင့်ကြံဆင့်လည်း ရှိနေပေမဲ့ ချီမွမ်းမံမှုအဆင့်သာသာပဲ။
"ရှောင်လင်း" ကျန့်ရှင်းက မှင်တက်သွားကာ လွှတ်ခနဲ ထွက်သွားတယ်။ "မင်း ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ"
ဖက်တီးတောင် ထိတ်လန့်သွားတယ်။ ဒီလူက တကယ့်ကျီလင်း ကျန့်ရှင်းရဲ့ညီမ။ သူမရုပ်ရည်က မိန်းကလေးငယ်တစ်ယောက်အသွင် မရှိတော့ရုံပဲ။ သူမက ကျန့်ရှင်းထက်တောင် အများကြီး အသက်ပိုကြီးနေတဲ့ပုံ။
အမျိုးသမီးမျက်နှာပေါ်က အပျော်က ပျက်ယွင်းသွားကာ ဝမ်းနည်းမှုမျက်နှာနဲ့ အစားထိုးသွားခဲ့တယ်။ သူမမျက်ရည်တွေကလည်း အရည်လဲ့လာတယ်။
"အစ်ကိုကြီး၊ ကျွန်မ ဒီနှစ်တွေတစ်လျှောက်မှာ ဒီမှာစောင့်နေခဲ့တာ"
သူမက စကားပြောရင်း ကူယွဲ့ဘက်လှည့်ကာ ဒူးထောက်ချလိုက်တယ်။ "ကြီးမြတ်တဲ့အမတ ကျွန်မက ငယ်ရွယ်ပြီး တုံးအခဲ့လို့ အမှားကြီးတွေ လုပ်မိခဲ့ပါတယ်၊ ကျွန်မ မှားမှန်းသိပါပြီ၊ ဒီနှစ်တွေမှာ နောင်တတွေ ဆက်တိုက်ရနေခဲ့တာပါ၊ ကျွန်မ ကြီးမြတ်တဲ့ဆရာ့ကို ကျွန်မကို ခွင့်လွှတ်ပေးဖို့ မတောင်းဆိုရဲပါဘူး၊ မျှော်လင့်ရုံက... မျှော်လင့်ရုံက ကျွန်မ ပြစ်မှုကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးလေး ရချင်ရုံပါ"
ကူယွဲ့ မျက်နှာ မည်းသွားကာ သူမကို တစ်ချက် ကြည့်လိုက်တယ်။ "အဲလိုလား၊ အဲဆို ငါ့ကိုပြော၊ မင်း အမှားကဘာလဲ"
ကျီလင်းက ဘယ်လိုဖြေရမလဲမသိသလိုမျိုး မှင်တက်သွားတယ်။ သူမ ကြောင်အမ်းသွာကာ ဘေးက ရှန်းရင်ကို အလိုလို လှမ်းကြည့်လိုက်မိကာ မျက်လုံးတွေကလည်သွားတယ်။
"ကျွန်မ... ကျွန်မ အစ်မကြီးရှန်းကို... မဟုတ်ဘူး မြင့်မြတ်တဲ့ဆရာရှန်းကို မလေးမစားမလုပ်သင့်ပါဘူး၊ ကျွန်မ..."
"ဟိုး" သူမ စကားမဆုံးခင် ကူယွဲ့ တန်း ထေ့ရယ်မိတယ်။ "မင်း အမှားက ဘာလဲဆိုတာတောင် မသိတာ၊ မင်းမှားတာ သိပါပြီလို့ ဘယ်လိုလုပ် ပြောရတာလဲ" တကယ်လို့ သူမအပြစ်တွေက ဘာလဲဆိုတာသာ တကယ်သိရင် ဒီနေ့ ဒီလိုအားနည်းနေတဲ့ပုံစံနဲ့ ပေါ်လာမှာတောင်မဟုတ်ဘူး။
အဲတုန်းက ဖက်တီးက သူတို့ကျင့်ကြံမှုကို ဖျက်ဆီးလိုက်ပေမဲ့ မှတ်ဉာဏ်ပျောက်အောင် လုပ်ဖို့နေနေသာသာ အုတ်မြစ်တွေကိုပါ ထိခိုက်အောင် မလုပ်ခဲ့ဘူး။ တကယ်လို့ သူမ ကြိုးစားရင် အုတ်မြစ်အခြေတည်အဆင့်တော့ ပြန်ရောက်တာကြာလှပြီ။ ဒါပေမဲ့ သူမက ခုချီမွမ်းမံမှုအဆင့်မှာပဲ ရှိနေသေးတယ်။
ကူယွဲ့က သူမကို ဆက်မကြည့်တော့ဘဲ တခြားသူတွေကိုပဲ ကြည့်တော့တယ်။
"မင်းတို့ အဆင်သင့်ဖြစ်တာနဲ့ ထွက်တော့" အဲလိုနဲ့ သူက ဓားကိုတန်းဆင့်ခေါ်ကာ ရှန်းရင်ကို ဆွဲပြီး ပျံတက်ခဲ့တယ်။
"ကြီးမြတ်တဲ့ဆရာ" ကျီလင်းက လုံးဝကို စိတ်အသည်းအသန် ဖြစ်နေတဲ့ပုံ။ ဘယ်သူမှ သူမကို အာရုံမထားဝာာ မြင်တော့ ကျန့်ရှင်းဘက် ကြည့်ရတော့တယ်။ "အစ်ကိုကြီး"
ကျန့်ရှင်းက သူမကိုတစ်ချက်ကြည့်ကာ သူ့ကိုယ်သူစိတ်ထိန်းပြီး ဓားနဲ့ပျံတက်လာခဲ့တယ်။
တခြားသူတွေက နောက်ကလိုက်သွားတယ်။ မှိုကတော့ သူမကို တစ်ချက်ကြည့်ကာ နူးညံ့စွာ ခေါ်လိုက်တယ်။ "ညီမလေးကျီလင်း..."
"မှိုရေ" ဖက်တီးက လှမ်းခေါ်ကာ သူမကိုဆွဲခေါ်ရတော့တယ်။
ဒါပေမဲ့ ကျီလင်းက လက်မလျှော့ဘဲ သူတို့နောက်ကနေ ဓားပေါ်ကလိုက်လာကာ ဝမ်းနည်းနေတဲ့မျက်နှာနဲ့။
ကျန့်ရှင်းက ပြန်လှည့်ကြည့်မိတယ်။ အတော်ကြာတော့ သူက ပြန်လှည့်သွားကာ ဓားဆက်ပျံနေတော့တယ်။
"သူတို့ တပည့်အုပ်စုကို ငါအရမ်းရက်စက်တယ်လို့ထင်လား" ကူယွဲ့က ကျန့်ရှင်းကို တစ်ချက်ကြည့်ကာ မေးတယ်။
ကျန့်ရှင်း မှင်တက်သွားတယ်။ သူ ခေါင်းယမ်းလိုက်တယ်။
"ဟင့်အင်း သူတို့က အမှားတွေ လုပ်ခဲ့ပြီး ဆရာ့ရဲ့မျှော်မှန်းချက်အတိုင်း နေဖို့ ပျက်ကွက်ခဲ့တာပဲလေ၊ အခု... သူတို့ နဂိုနေရာတွေဆီ ပြန်သွားရုံပါ၊ တစ်ခုပဲ..."
သူက မနေနိုင်ဘဲ နောက်တစ်ခေါက်ကြည့်မိကာ လေးနက်စွာ ပြောလိုက်တယ်။ "ကျီလင်းက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ညီမလေးလေ၊ သူ ဂိုဏ်းဆီ ပြန်မလာနိုင်တာ ကျွန်တော် သေချာသိပေမဲ့ လုံးဝကြီး လျစ်လျူရှုထားဖို့ကို မလုပ်နိုင်ခဲ့တာပါ" သူ့အကြည့်က ဇဝေဇဝါဖြစ်နေပြီး မျက်လုံးတွေထဲတော့ မကျေမချမ်းမှုတွေတော့ မရှိ။
"အင်း၊ မင်းနားလည်တာ ကောင်းတယ်" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ ဒီတပည့်က ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မြင်တော့ အများကြီး စိုးရိမ်ဖို့ မလိုဘူး။
"သူမက ဂိုဏ်းရဲ့တပည့် မဟုတ်တော့ပေမဲ့ သူမကို အရမ်းကြီး လျစ်လျူရှုစရာမလိုပါဘူး၊ မင်း အတိုင်းအတာ သိသရွေ့ အဆင်ပြေတယ်"
"ဟုတ်ကဲ့ဆရာ"
ကူယွဲ့ ထပ်မပြောတော့ဘဲ သူတို့ဦးတည်ရာဆီ ဆက်ပျံသန်းခဲ့တယ်။ ဒါပေမဲ့ သူ့နောက်က ရှန်းရင်က ရုတ်တရက် ကိုယ်ကိုလှည့်ကာ ကျန့်ရှင်းကို တန်းတန်းမတ်မတ်ကြည့်လေတယ်။
ကျန့်ရှင်းက အလိုလို မော့ကြည့်လိုက်ပေမဲ့ ရှန်းရင်ဆီက အားရပါးရအပြုံးကိုသာ မြင်ရတယ်။ သူ ခဏမှင်တက်သွားပြီး အကြည့်က လုံးဝဇဝေဇဝါဖြစ်နေပေမဲ့ တစ်နည်းနည်းနဲ့... ရုတ်တရက် ပျာယာခတ်သွားခဲ့တယ်။
——————
ကူယွဲ့ တပည့်တွေနဲ့ နှစ်ရက်ပျံသန်းပြီး နောက်ဆုံးတော့ ချွီဟန်မြို့ဆီ ရောက်လာတယ်။ ဒါက အနောက်ဘက်က အတော်လေးကြီးမားတဲ့မြို့ပဲ။ စာရွက်အပိုင်းအစပေါ် ဖော်ပြထားတာက ခုတလော မြို့ထဲဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့ကိစ္စတစ်ခုပဲ။ လွန်ခဲ့တဲ့လအနည်းငယ်တည်းက မြို့ထဲကလူတွေက အတူတူ ထူးဆန်းတဲ့ရောဂါရကုန်ကြပုံပဲ။ သူတို့က ညရောက်တာနဲ့ ရှင်းပြမရစွာ အိပ်မောကျကုန်တယ်။ ပြီးတော့ တစ်ယောက်ချင်းစီက အိပ်မက်ဆိုးတွေမက်ပြီး မနက်ရောက်မှနိုးတယ်။ မြို့နေလူထုက မိစ္ဆာတွေ ရှိနေတယ်လို့ တွေးမိပြီး အမတတွေရဲ့ အကူအညီကို ရှာဖို့ ပင်လယ်ကမ်းစပ်ဆီ သွားခဲ့ကြတယ်။
ရန်သူကို သတိမပေးမိအောင် အုပ်စုက ကုန်ပစ္စည်းတွေဝယ်ဖို့ မြို့ထဲလာတဲ့ နယ်လှည့်ကုန်သည်တွေအဖြစ် ဝတ်စားလိုက်တယ်။ ကူယွဲ့က တည်းခိုဆောင်တစ်ခုရှာကာ စတည်းချပြီး တခြားသူတွေကို သွားစုံစမ်းခွင့်ပြုလိုက်တယ်။
လေးယောက်က မြို့တစ်လျှောက် သေချာသွားလာပြီး ညနေစောင်းမှ ပြန်လာတယ်။ သူတို့ရှာဖွေတွေ့ရှိမှုတွေအကြောင်း စတင်ဆွေးနွေးကြတယ်။
"ည၁၁ရောက်တိုင်း ဒီကလူတွေ အိပ်မောကျကုန်တယ်လို့ကြားတယ်၊ ကြည့်ရတာ မိစ္ဆာက ညရောက်မှ လာပုံပဲ"
"ဒါပေမဲ့ မြို့ထဲ အကြွင်းအကျန် မိစ္ဆာအရှိန်အဝါမရှိဘူး၊ ဒါဆို မိစ္ဆာဖြစ်မဲ့ပုံမပေါ်ဘူးထင်တယ်"
"မြို့အနောက်ခြမ်းက လူတွေကတော့ ဒီကိစ္စက ၅လ၆လကြာပြီတဲ့၊ အခု လူတွေက ညဘက်တွေတင် မဟုတ်ဘဲ နေ့ဘက်တွေမှာပါ အကြောင်းရင်းမရှိ နုံးခွေနေတယ်တဲ့"
"အတိအကျပဲ၊ အရှေ့ခြမ်းကလူတွေလည်း အဲလိုပြောတယ်၊ ပြီးတော့ နေ့ဘက်မှာ အိပ်မောကျသူတွေက လေးရက်ငါးရက်ကြာမှ နိုးလာတာ၊ တချို့ဆို ဆယ်ရက်တောင်ကျော်သေးတယ်"
လူတိုင်း စကားဆုံးသွားကာ သူတို့အားလုံး အလယ်ကကူယွဲ့ကိုကြည့်လိုက်တယ်။ ကြည့်ရတာ သူတို့မှာ သဲလွန်စမရှိတဲ့ပုံ။
"မင်းတို့ နုံးခွေနေသူတွေကို တွေ့ပြီးပြီလား" ကူယွဲ့က သတိပေးတယ်။
ဘေးကကျန့်ရှင်းက စကားပြောတယ်။ "ဆရာ ကျွန်တော် တချို့ကိုသွားကြည့်ခဲ့ပေမဲ့ သူတို့ကိုယ်တွေမှာ တခြားမူမမှန်တာ မရှိပါဘူး၊ သူတို့က ဒီတိုင်းအိပ်ပျော်နေပုံပါပဲ"
"ဟုတ်တယ်" လေးယောက်ထဲက အသက်အကြီးဆုံးကလည်းပြောတယ်။ "ကျွန်တော်လည်း သူတို့ကိုယ်တွေကို စစ်ဆေးကြည့်ပေမဲ မိစ္ဆာအရှိန်အဝါကျူးကျော်တဲ့အရိပ်အယောင်မျိုးမရှိဘူး"
"အင်း" ကူယွဲ့က ခေါင်းညိတ်ကာပြောတယ်။ "မင်းတို့ ဒါကိုခြေရာခံဖို့ နည်းတွေစဉ်းစားပြီးပြီလား"
လေးယောက်က အကြည့်ချင်းဖလှယ်ကာ ပြန်ဖြေတယ်။ "ကျွန်တော်တို့ အရင် ဒီည ၁၁ထိစောင့်ပြီး အခြေအနေကို ထပ်ရှာဖွေဖို့ ရည်ရွယ်ထားပါတယ်"