← Chapters

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း ၅၂၃ ။ မြို့ထဲမှ ထူးဆန်းသော အဖြစ်အပျက်

"ဒါဆို အရင်နားပြီး ည၁၁ကိုစောင့်ရအောင်" ကူယွဲ့ အစည်းအဝေးအဆုံးကို ကြေညာလိုက်တယ်။ လေးယောက်က ထရပ်ကာ ထွက်ပြီး သူတို့အခန်းဆီသူတို့ပြန်ကုန်တယ်။

သူတို့ထွက်သွားတာကိုကြည့်ပြီး ဖက်တီးက နောက်ဆုံးတော့ ပြန်လှည့်လာတယ်။ "ဆရာ၊ ဒီမြို့ထဲ မိစ္ဆာအရှိန်အဝါ မရှိပေမဲ့ တစ္ဆေချီရှိနေတာ၊ စိုးရိမ်တာက..."

"ငါသိတယ်" ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဒီမြို့ထဲရှိနေတာ မိစ္ဆာတွေမဟုတ်ဘဲ တစ္ဆေတွေဆိုတာကို အလိုလို နားလည်နိုင်တာပေါ့။ "စောင့်ကြည့်ပြီး သူတို့ကို ဘာမှမဖြစ်စေနဲ့၊ သူတို့အတွေ့အကြုံတချို့ ရတာလည်း ကောင်းတယ်"

ဖက်တီးက ခေါင်းညိတ်ကာ ထရပ်ပြီး မှိုနဲ့ ထွက်ဖို့ပြင်တယ်။ ကူယွဲ့ လှည့်လိုက်ပေမဲ့ ရှန်းရင်က ငြိမ်ငြိမ်လေး ထိုင်ပြီး သူ့ကို တန်းတန်းမတ်မတ် ကြည့်နေတာမြင်လိုက်ရတယ်။

"ဘာတုန်း"

"ညစာအဆာပြေ"

"‌ဒီနေ့ဘာမှမရှိဘူး၊ ထွက်သွားထွက်သွား"

"..." ဟင်း သူမ စားဖိုမှူးကို လွမ်းပြန်ပြီ

ရှန်းရင် အိတ်ထဲက အဆာသွတ်မုန့်တွေကို ထုတ်ရကာ စားသောက်ရင်း အပြင်ထွက်သွားတော့တယ်။

"အော်ဟုတ်သား" ကူယွဲ့ ရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိသွားကာ ပေါ့ပေါ့ပါးပါး ထပ်ပေါင်းပြောလိုက်တယ်။ "ရှန်းရင် ဒီည မင်း..."

သူ စကားမဆုံးခင် လူက အဝေးကိုရောက်သွားပြီဖြစ်တာကို မြင်လိုက်ရလို့ ပြန်မျိုသိပ်လိုက်ရတော့တယ်။ ထားပါတော့လေ၊ တစ္ဆေတစ်ကောင်ပဲဟာ။

မြို့ထဲမှာ ရှိတာက မိစ္ဆာမဟုတ်ဘူး။ သူ မြို့ထဲဝင်လာတည်းက လူသားဝိညာဉ်တွေကို စားသုံးပြီး အသက်ရှင်နေတဲ့ တစ္ဆေတစ်ကောင်ဆိုတာ သတိပြုမိခဲ့တာ။ ပြီးတော့ မကြာခင် တစ္ဆေဘုရင်အဖြစ်ကို တက်လှမ်းတော့လောက်တယ်။ မြို့ခံတွေရဲ့ နုံးချိနေရခြင်း အကြောင်းရင်းကတော့ သူတို့ဝိညာဉ်တစ်စိတ်တစ်ပိုင်းက စုပ်ယူခံလိုက်ရလို့ပဲ။

တစ္ဆေတွေကို အရင်ရှာနိုင်ရင် မိစ္ဆာတွေထက် ရင်ဆိုင်ရတာပိုလွယ်ကူတယ်။ ဒီတပည့်တွေက တစ္ဆေတွေဝိညာဉ်တွေနဲ့ အထိအတွေ့မရှိဘူးတော့ သူတို့ ဒါက ဘာလဲဆိုတာ လောလောဆယ် နားမလည်နိုင်တာက သဘာဝပါပဲ။ ဒါကြောင့် သူတို့ဝိညာဉ်တွေ တည်ငြိမ်နေသရွေ့ တစ္ထေထိန်းချုပ်တာခံရမှာမဟုတ်ဘူး။

ရှန်းရင်ရဲ့စွမ်းရည်နဲ့ဆို အားအကြီးဆုံး တစ္ဆေတောင် သူမကို ဖမ်းဆီးဖို့ အခက်တွေ့လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက တစ္ဆေဘုရင်ငိုတဲ့အထိ ထုထောင်းခဲ့သူပဲ။

ဒါကြောင့် အဲကိစ္စတွေကို ဘယ်သူဖြစ်ဖြစ် သူမတော့ ဘာမှဖြစ်မှာမဟုတ်ဘူး... မဟုတ်ရင် သူတို့ ဖြစ်လိမ့်မယ်။

(╯‵□′)╯(┻━┻

"သူဘယ်မှာလဲ" ကူယွဲ့ အခန်းလွတ်ကိုကြည့်ကာ အင်မတန်ပင်ပန်းမှုကို ခံစားလိုက်ရတယ်။

ဖက်တီးလည်း လုံးဝဇဝေဇဝါဖြစ်နေတယ်။ "ကျွန်တော် မိန်းကလေးရှန်းအပြင်ထွက်သွားတာ မမြင်ခဲ့ဘူး"

"မြန်မြန် သူ့ကိုရှာ မြန်မြန်ရှာ" သူ အရပ်မျက်နှာဦးတည်ချက် အသိမရှိတဲ့လူအပေါ် မလျှော့ပေါ့လိုက်သင့်ဘူး

"ဟုတ်ကဲ့" ဖက်တီးက တံခါးအပြင်ထွက်မို့ရှိသေး ခေါင်းလောင်းသံအကျယ်ကြီးက သူတို့နားထဲ ဝင်လာတယ်။ အသံကရိုးရှင်းပြီး ဝေးကွာပေမဲ့ ချွီဟန်တစ်မြို့လုံးကို ချက်ချင်းဖြတ်သွားတယ်။ သူတို့နားထဲ ဝင်လာပြီး တစ်ခဏတာ အသိစိတ်က တုန်ယင်သွားသလိုခံစားရာ တစ်ခုခုက သူတို့ကိုယ်ထဲကနေ ထွက်တော့မလိုမျိုးပဲ။

တကည့်လေးယောက်က အမြန် ဝိညာဉ်ချီကိုအသက်သွင်းကာ သူတို့နှလုံးနဲ့သွေးကြောတွေကို ကာကွယ်ပြီး အဲခံစားချက်ကို ဖိနှိပ်လိုက်တယ်။

ဒါပေမဲ့ ချွင်ခနဲအသံတစ်ခုက တံခါးကနေ ထွက်လာတယ်။ သူတို့နောက် လိုက်လာတဲ့ ကျီလင်းက အောက်ဘက်က တည်းခိုဆောင်အပေါက်ဝဆီ ကျလာတယ်။ သူမ ပါးစပ်ထောင့်မှာ သွေးစီးကြောင်းတစ်ခု ရှိနေတယ်။ ဝိုးတဝါး သူမဝိညာဉ်က သူမကိုယ်ထဲကနေ ထွက်လာတဲ့ အရိပ်အယောင်တွေ ပြနေတယ်။

"ရှောင်လင်း" ကျန့်ရှင်းက ထိတ်လန့်သွားတယ်။ သူ ချက်ချင်း အောက်ထပ်ဆီ‌ ခုန်ဆင်းပြီး မြေကြီးပေါ်ကလူကို ပွေ့ဖက်လိုက်တယ်။ သူ ဝိညာဉ်ချီတစ်ပိုင်းတစ်စကို ခွဲထုတ်ကာ သူမနှလုံးနဲ့ သွေးကြောတွေကို ကာကွယ်လိုက်တယ်။ အဲတော့မှ ကျီလင်းမျက်နှာက သက်သာစ ပြုလာတယ်။

"အစ်ကိုကြီး..." ကျီလင်းက သူမရှေ့ကလူကို လက်ကျန်ကြောက်ရွံ့မှုတွေနဲ့ ကြည့်လာတယ်။ ရုတ်တရက် သူမက တစ်ခုခုကို မှတ်မိသွားတဲ့ပုံနဲ့ အပေါ်ထပ်ကလူတွေကို မော့ကြည့်တယ်။

"အော်ဟုတ်သား ကြီးမြတ်တဲ့ဆရာ၊ ကျွန်မ စောနလေးတင် အစ်မကြီးရှန်းကို လမ်းပေါ်မြင်ခဲ့ပါတယ်၊ ကျွန်မ သူ့ကိုခေါ်ပေမဲ့ မတုံ့ပြန်ဘူး၊ တစ်ခုခု... ထိန်းချုပ်တာ ခံထားရသလိုမျိုးပဲ"

ကူယွဲ့ ထိတ်လန့်သွားတယ်။ သူ့ပုံသဏ္ဌာန်က ဖျတ်ခနဲလက်သွားပြီး သူက သူမဘေးရောက်နေပြီ။ "မင်း သူ့ကိုဘယ်မှာ မြင်ခဲ့တာလဲ"

"အရှေ့တည့်တည့်ကလမ်းပေါ်" သူမက အပြင်ဘက်ကို လက်ညှိုးထိုးပြတယ်။

ကူယွဲ့ ပြေးထွက်လာကာ သူမ ညွှန်တဲ့လမ်းကြောင်းအတိုင်း ရှာရင်း တခြားသူတွေလည်း အလျင်စလို လိုက်လာကြတယ်။

သူတို့ထွက်လာတာနဲ့ ပိန်းပိတ်အောင်မှောင်နေတဲ့ ညသန်းခေါင်ဆိုပေမဲ့ အပြင်ကလမ်းမှာ လူတွေအပြည့်ပဲ ဖြစ်နေတာ သိလိုက်ရတယ်။ သေချာကြည့်ရင် သူတို့က နေ့ဘက်က မြို့ခံတွေ။ တစ်ယောက်ချင်းစီက မျက်လုံးတွေမှိတ်ထားပြီး မျက်နှာသေတွေနဲ့ တစ်ခုခုထိန်းချုပ်ခံထားရတဲ့ လမ်းပျောက်နေတဲ့ဝိညာဉ်တွေလို တစ်ဖက်တည်းဆီ ဦးတည်နေတယ်။ အသံနည်းနည်းလေးတောင် မထွက်။

တပည့်တစ်ယောက်က သူ့ဝိညာဉ်ချီကို အသက်သွင်းကာ သူတို့ဝိညာဉ်တွေကို စစ်ဆေးလိုက်ပေမဲ့ သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ "သူတို့... သူတို့ဝိညာဉ်တွေက ကိုယ်ထဲမှာမရှိဘူး"

တခြားသူတွေက ခဏတောင့်ခဲသွားတယ်။ နောက်တော့ သူတို့ အိမ်တံခါးတွေကို တွန်းဖွင့်ကာ အထဲကိုဝင်ကြည့်ကြတယ်။ ဒါပေမဲ့ သူတို့ အိပ်ရာတွေပေါ် အရိပ်တွေ လဲနေတာ မြင်လိုက်ရတယ်။ ဒါတွေက လမ်းတွေထဲက အဲလူတွေရဲ့ ဝိညာဉ်တွေပဲ။ သူတို့အမူ‌အရာတွေက ဆိုးရွားတဲ့အိပ်မက်ဆိုးတစ်ခု ကြုံနေရသလိုမျိုး နာကျင်နေတဲ့ပုံ။

"စောနက ခေါင်းလောင်းသံတွေပဲ" ကျန့်ရှင်းက လေးနက်စွာ ပြောတယ်။ "သူတို့ဝိညာဉ်တွေက ခေါင်းလောင်းမြည်သံကြောင့် ကိုယ်ထဲကနေ ခါထုတ်ခံလိုက်ရတာ၊ တစ်ခုခုက သူတို့ကိုယ်ခန္ဓာတွေကို ထိန်းချုပ်ထားတာပဲ"

"ရှန်းရင်ကို အရင်ရှာရအောင်" ကူယွဲ့ အသံလေး‌ပင်စွာ ပြောပြီး တန်းပျံသန်းခဲ့တယ်။ သူ ကောင်းကင်စိတ်အာရုံကို လွှတ်ထုတ်ကာ လမ်းတွေထဲက ထူထဲတဲ့လူအုပ်ကြီးတွေကို ကြည့်လိုက်ပြီးမှ လမ်းထဲက ဖြည်းဖြည်းချင်း လူအုပ်နောက်လိုက်ပြီး မြို့တံခါးဆီ တစ်လှမ်းဆီ လျှောက်နေတဲ့ ရင်းနှီးနေတဲ့ သဏ္ဌာန်တစ်ခုကို သတိထားမိသွားတယ်။ သေချာကြည့်တော့ သူမခြေထောက်ပေါ် တစ္ဆေချီခပ်ရေးရေး တွယ်ကပ်နေတယ်။

"ဟိုမှာ" ကူယွဲ့ တန်းဆင်းသွားတယ်။ သူ ရှန်းရင်ခြေထောက်က ဝိညာဉ်ချီကို လက်ယမ်းကာ ဖယ်လိုက်တော့ သူမက ချက်ချင်း ရပ်သွားလေတယ်။

တခြားသူတွေလည်း လိုက်လာပြီး ဖက်တီးကအလိုလိုပြောမိသွားတယ်။ "ထူးဆန်းလိုက်တာ၊ ဘာလို့မိန်းကလေးရှန်းက သာမန်တစ္ဆေချီလေးနဲ့ နှောင့်ယှက်တာခံရ..."

"ရှူး..." သူ စကားမဆုံးခင် ကူယွဲ့က ရုတ်တရက် ပြန်လှည့်လာကာ မျက်နှာက စိတ်ပူပန်နေပြီး အသံကတိုးနေတယ်။ "စကားမပြောနဲ့"

"ဟမ်" တခြားသူတွေက နေရာမှာတင် တန့်သွားတယ်။

သူတို့တွေ ရှန်းရင် တစ်ခုခု ကြီးကြီးမားမားဖြစ်ပြီထင်နေတာ။ ဒါပေမဲ့ သေချာ အနီးကပ်ကြည့်တော့ သူမက မျက်လုံးတွေ တင်းတင်းမှိတ်ထားပြီး တခြားအသိမရှိတဲ့ ကိုယ်ခန္ဓာတွေလို မျက်နှာသေနဲ့ပဲဆိုတာ နားလည်လိုက်ရတယ်၊ တစ်ခုပဲ... ခပ်တိုး‌တိုးဟောက်သံတွေ ထွက်နေတာ။

ဖက်တီး ။ ။ "..."

ကျန့်ရှင်း ။ ။ "..."

အားလုံး ။ ။ "..."

သူမ အိပ်ပျော်နေတာမလား။ ဝိညာဉ်က ကိုယ်ထဲက ထွက်သွားတာ မဟုတ်ဘဲ အိပ်နေရုံ။

တခြားသူတွေ မတုံ့ပြန်နိုင်ခင် ကူယွဲ့က အန္တရာယ်ကြီးတဲ့ ရန်သူကိုရင်ဆိုင်နေရသလို စိတ်ထဲကနေ လှမ်းစကားပြောလာတယ်။

"မြန်မြန် သူ့အခန်းကနေ ခေါင်းအုံးနဲ့ စောင် သွားယူ၊ အသံမထွက်နဲ့... မသေချင်ရင်ပေါ့"

တပည့်တွေက လုံးဝဇဝေဇဝါ ဖြစ်နေပေမဲ့ သူတို့က နာနာခံခံနဲ့ စောင်၊ ခေါင်းအုံးကို ပြန်သွားယူခဲ့ကြတယ်။

"မြန်မြန် ငါ့ကိုပေး၊ သတိထား" ကူယွဲ့ သူတို့လက်တွေထဲက စောင်ကိုယူကာ အသက်ပြင်းပြင်းရှူပြီးမှ အင်မတန်ဂရုတစိုက်နဲ့ ရှေ့ကို လျှောက်သွားပြီး ရှန်းရင်ကို ဂရုတစိုက် ပတ်ပေးလိုက်တယ်။ ပြီးတော့ အင်မတန် ဂရုတစိုက်နဲ့ လူကို ဖက်ထားပြီး မြေကြီးပေါ်ခင်းထားတဲ့ စောင်ပေါ်တင်ပေးလိုက်တယ်။

သူ့လှုပ်ရှားမှုက အနှေးပြကွက်လိုပဲ။ သူက တစ်လျှောက်လုံး အသံထွက်မှာစိုးလို့ အသက်ရှူပါ အောင့်ထားတာ။

သူ လူကိုစောင်ထဲ ပြန်ထည့်ပြီးမှ သက်ပြင်းမောကြီးချကာ နဖူးပေါ်က ချွေးစေးကိုသုတ်လိုက်တယ်။ တော်သေးတာပေါ့၊ သူ မနိုးသွားဘူး ငါ ကြောက်လန့်သွားတာ။

ကြည့်နေသူများ ။ ။ "..."

"ဆရာ" ကျန့်ရှင်းက မြို့ပြင်ထွက်နေတဲ့ သဏ္ဌာန်တွေကို ကြည့်ကာ စိတ်ထဲကနေ လှမ်းဆက်သွယ်လိုက်တော့တယ်။ "ဒီမြို့ထဲကလူတွေ..."

ကူယွဲ့ လှည့်ကာ သူတို့ကိုတစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ "မင်းတို့အားလုံး သွားသင့်တယ် တကယ်လို့ တစ်ခုခုကြုံရင် တိုက်ခိုက်ရင်း ဝေးဝေးနေဖို့ လုပ်၊ ငါဒီမှာ ရှန်းရင်ကို ကြည့်ထားမယ်၊ ဖက်တီး မင်းသူတို့ကို လိုက်စောင့်ရှောက်လိုက်"

"ဟုတ်ကဲ့ဆရာ" ဖက်တီးက ခေါင်းညိတ်ကာ တပည့်လေးယောက်ကို တစ်ချက်ကြည့်ပြီး မှိုကို ခေါ်ရင်း မြို့ပြင်ထွက်နေတဲ့လူအုပ်နဲ့အတူ ပျံထွက်ခဲ့တယ်။

ကျီလင်းက ကူယွဲ့ကို ပြန်လှည့်ကြည့်ကာ တစ်စုံတစ်ခုက သူမမျက်လုံးထဲ ဖြတ်ပြေးသွားပြီး နောက်တော့ ဓားနဲ့ သူတို့နောက် အမြန်လိုက်သွားလေတယ်။

အုပ်စုက မြို့ပြင်ထိ လူတွေနောက်ကနေလိုက်ခဲ့တယ်။ ဒါပေမဲ့ မြို့ပြင်မှာ ထူထဲနေတဲ့ မြူခိုးတွေက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ခြေတစ်လှမ်းစာကိုမြင်ရတယ်ဆိုရုံလေးအထိပဲ။ သူတို့တွေ မြူခိုးကြောင့် လူစုကွဲမှာစိုးလို့ အောက်ဘက်ကို ဆင်းပျံရတော့တယ်။

...

အခန်း ၅၂၄ ။ အိပ်မောကျခြင်း

"ကျွန်တော်တို့စုပြီး ဒီလူတွေနောက်လိုက်တာပေါ့" ကျန့်ရှင်းက လေးနက်တဲ့အသံနဲ့ ပြောတယ် တခြားသူတွေက ခေါင်းညိတ်တယ်။ မိစ္ဆာက ဒီလူတွေကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်နေတာ။ သူတို့နောက်ကို လိုက်ပြီး ရှာဖို့သေချာတယ်။

ဖက်တီးက သူတို့ကိုမတားပေမဲ့ အဝေးကနေ လိုက်လာခဲ့တယ်။

သူတို့လူအုပ်နောက်လိုက်ကာ အချိန်အတော်ကြာ လျှောက်ခဲ့ရတယ်။ ရုတ်တရက် အရှေ့ဘက်က အဖြူရောင်မြူခိုးက အလင်းစက်လေးတွေပေါ်ခာကာ လူအသံတွေကို ဝိုးတဝါးကြားနေရတယ်။ သူတို့ မှင်တက်သွားကာ ခြေလှမ်းတွေ မြန်မြန်လိုက်သွားတော့ အရှေ့မှာ ချွီဟန်မြို့တံခါး ဖြစ်နေတာကိုသာ တွေ့လိုက်ရတယ်။ သူတို့ လူ‌အုပ်နောက်လိုက်ပြီး မြို့ပြင်တန်းတန်းထွက်ခဲ့တာ အသိသာကြီးကို သူတို့ဘာလို့ နောက်ပြန်လှည့်လာတာလဲ။

ပြီးတော့ ဒီအချိန် ချွီဟန်မြို့ထဲ သူတို့ ထွက်ချိန်ကလို လုံးဝတိတ်ဆိတ်မနေဘဲ မီးအိမ်တွေ၊ အလင်းရောင်တွေက နေရာတိုင်းမှာတောက်ပနေတယ်။ စကားပြောသံတွေလည်း အကျယ်ကြီးပဲ။ နေရာတစ်ခုလုံးက ပွဲတော်အတွင်းလိုမျိုး ဆူညံတက်ကြွနေတယ်။ ရံဖန်ရံခါ ကလေးတွေက အချင်းချင်း ကစားနေပြီး မီးအိမ်တွေကိုင်ထားရင်း လမ်းတွေတစ်လျှောက် ပြေးလွှားနေကြတယ်။ မြင်ကွင်းက ဘယ်ကိုပဲကြည့်ကြည့် ကြက်သီးထစရာကောင်းနေတယ်။

"ဘာဖြစ်တာလဲ" တပည့်တွေက လုံးဝကိုဇဝေဇဝါဖြစ်နေတယ်။

"အစ်ကိုကြီး" ကျီလင်းက ကျန့်ရှင်းလက်ကို အလိုလိုဆွဲမိလိုက်တယ်။

ကျန့်ရှင်းက မျက်မှောင်ကြုတ်မိသွားတယ်။ အချိန်အတော်ကြာတဲ့နောက် သူက စကားပြောတယ်။

"အထဲဝင်ပြီး အခြေအနေကို အရင်‌ဆုံး စစ်ကြည့်ရအောင်"

တခြားသုံးယောက်က အကြည့်ချင်းဖလှယ်ကာ နောက်တော့ခေါင်းညိတ်ပြီး အတူတူ မြို့ထဲ ဝင်လာကြတယ်။

ဒါပေမဲ့ ဘေးက မှိုကခေါင်းကိုယမ်းကာ ဆက်မသွားချင်စိတ်ဖြစ်နေတယ်။

"ငါ ဒီနေရာကိုသဘောမကျဘူး၊ အရမ်းကို ထူးဆန်းတယ်၊ ငါတို့အထဲမဝင်လို့ရမလား"

သူတို့က နောက်ပြန်ကြည့်ကာ ဘာရယ်မဟုတ် စတုံ့ဆိုင်းလာတယ်။ ဒါပေမဲ့ သူတို့မြို့ထဲ မဝင်ရင် ဘာဖြစ်လဲဆိုတာ သိမှာမဟုတ်ဘူး။

"အစ်မကြီးမှို၊ ကြောက်ဖို့မလိုပါဘူး" ကျီလင်းက ရှေ့ကိုတက်ကာ နူးညံ့ညင်သာတဲ့အကြည့်နဲ့ နှစ်သိမ့်ပေးတယ်။

"ကျွန်မလက်ကို ကိုင်ထားရင်ရော၊ ကျွန်မတို့ကာကွယ်ပေးမှာပါ" အဲလိုပြောပြီး သူမက အင်မတန်ညင်သာစွာ ပြုံးလိုက်တယ်။ တစ်ခုပဲ သူမက မှိုထက် ရုပ်ရင့်နေပေမဲ့ အစ်မကြီးလို့ ခေါ်လိုက်တော့ အတော်လေး အနေရခက်တယ်။

မှိုက ကျီလင်းအပေါ် ကောင်းမွန်တဲ့ အမြင်ရှိတယ်။ သူမက တစ်ချက်ကြည့်ကာ ခဏတုံ့ဆိုင်းနေပေမဲ့ လက်ကိုဆွဲကာ အထဲကိုလိုက်လာခဲ့ဆဲ။

ဖက်တီးက မျက်မှောင်ကြုတ်ကာ မျက်လုံးတွေထဲ တစ်စုံတစ်ခု ဖြတ်ပြေးသွားတယ်။ မိစ္ဆာတွေက လူသားတွေထက် အမြဲသိလွယ်မြင်လွယ်တယ်။ နှမြောစရာ... သူသက်ပြင်းချကာ အထဲလိုက်ရတော့တယ်။

မြို့က ပိုပြီးတောင် စည်ကားသိုက်မြိုက်လာတယ်။ လမ်းတွေဘေးမှာ မီးရောင် ထိန်ထိန်လင်းလင်းနေပြီး မီးပုံးတွေ အစီအရီချိတ်ဆွဲထားကာ လမ်းဘေးဈေးသည် တကြော်ကြော် မျိုးစုံရှိနေလေရဲ့။ သာမန်ညဈေး မြင်ကွင်းတစ်ခုလိုပဲ။

သူတို့ကြည့်လေ ထူးဆန်းလာလေပဲ။ ဒါပေမဲ့ ဘာကိစ္စလဲဆိုတာ မပြောနိုင်ဘူး။ သူတို့စဉ်းစားကြည့်ကာ ဘေးကလူတွေကို လှည့်မေးလိုက်တယ်။

"အစ်ကိုကြီး၊ ဒီနေ့ကိစ္စ ကြီးကြီးမားမားတစ်ခုများ ရှိတာလား၊ ဘာလို့ ဒီမြို့က ဒီလောက် စည်ကားနေတာလဲ"

အဲလူက သူ့ကိုမော့ကြည့်ကာ ပြောတယ်။ "မင်းတို့က တခြားမြို့က ဖြစ်ရမယ်၊ ငါတို့မြို့မှာက လတိုင်း ညဈေးရှိတယ်၊ အမြဲဒီလိုပဲလေ"

"သိပါပြီ" တပည့်တွေရဲ့အကြည့်က လေးနက်သွားကာ ဆက်မေးတယ်။ "ဒါဆို ဒီမြို့မှာ ခုတလော ထူးထူးဆန်းဆန်းဖြစ်တာများ ရှိလား"

"ထူးဆန်းတယ်လား၊ ဘယ်လိုလုပ်ထူးဆန်းတာ ရှိနိုင်မှာလဲ" အဲလူက မှင်တက်သွားကာ မနှစ်မြို့စွာ သူ့ကိုစိုက်ကြည့်တယ်။

"ငါတို့ချွီဟန်မြို့က ငြိမ်းချမ်းပြီး အဆင်ပြေတယ် ပေါက်တတ်ကရတွေ မပြောနဲ့၊ ထွက်သွား ထွက်သွား၊ ငါ စီးပွားရေးလုပ်နေတာကို မနှောင့်ယှက်နဲ့"

တပည့်က အနေရခက်စွာ ပြန်ဆုတ်ရတော့တယ်။ အားလုံးရဲ့ အမူအရာတွေက လေးလံလာကြတယ်။ ကြည့်ရတာ နေ့ဘက်မှာ မြို့ထဲကလူတိုင်း ဝမ်းနည်းဒုက္ခရောက်နေပုံပေါ်ပြီး တစ်မြို့လုံး နုံးချိနေတဲ့ကိစ္စကို သိကြပေမဲ့ ဒီလူက လုံးဝကို သတိမထားမိတဲ့ပုံပေါ်နေတာလဲ။

"အစ်ကိုကြီး၊ ကြီးမြတ်တဲ့ဆရာနဲ့တခြားသူတွေ ဘာလို့ပျောက်သွားတာလဲ" ကျီလင်းက ရှေ့ကလမ်းကို ရုတ်တရက် လက်ညှိုးထိုးပြတယ်။

"ကျွန်မတို့မြို့ထဲက ထွက်ချိန် သူက အစ်မကြီး... ကြီးမြတ်တဲ့ဆရာရှန်းနဲ့ အတူ ဒီမှာရှိနေခဲ့တာလေ၊ ကျွန်မ ဒီလမ်းကိုမှတ်မိတယ်"

တခြားသူတွေလည်း ဟိုဟိုဒီဒီကြည့်လိုက်ပြီး ပဲတော့မှ သူတို့မြို့ထဲက ထွက်လာတဲ့လမ်းဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ အစက အသည်းအသန် ရှန်းရင်ကို လိုက်ရှာနေခဲ့တဲ့ ကူယွဲ့က ခုအစအန မကျန်အောင် ပျောက်သွားပြီ။ ဒါပေမဲ့ သူတို့ မြို့ထဲကထွက်တာ ၁၅မိနစ်လောက်ပဲ ရှိသေးတာလေ။

"သူတို့ တည်းခိုဆောင်ဆီ အရင်ပြန်နှင့်တာဖြစ်နိုင်မလား"

ကျန့်ရှင်းမျက်နှာ ပျက်သွားတယ်။ "တည်းခိုဆောင်ဆီ ပြန်သွားပြီး မေးကြရအောင်"

ဒါကြောင့် သူတို့ ခြေလှမ်းတွေကို လောပြီး အရင်တည်းခိုဆောင်ဆီ ပြန်သွားခဲ့ပေမဲ့ ထူးဆန်းစွာပဲ အဲတည်းခိုဆောင်ပိုင်ရှင်က သူတို့ကို မသိတဲ့ပုံ။ သူက သူတို့ တည်းခိုဆောင်မှာ တစ်ညနားဖို့ ရောက်ကာစလို့ တွေးနေတာဖြစ်ပြီး တည်းခိုဆောင်ထဲ ကူယွဲ့ရောရှန်းရင်ရောမရှိ။

သူတို့စဉ်းစားလေ ပိုပြီးထူးဆန်းလာလေပဲ။ အားလုံးက ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်တဲ့ ကျန့်ရှင်းကို ကြည့်လာကြတယ်။

"ဆရာဦးလေးကျန့်ရှင်း၊ ကျွန်တော်တို့ဘာလုပ်ကြမလဲ" သူက ကူယွဲ့တပည့်၊ ဖက်တီးနဲ့ မျိုးဆက်တူတာမို့ လူတိုင်းက သူ့ကိုဆရာဦးလေးလို့ ခေါ်ကြတယ်။

"ငါတို့ သွားပြီး အရင်ဆုံး အချက်အလက်တွေ စုဆောင်းရအောင်" ကျန့်ရှင်းက အကြုံပြုတယ်။

"လေးနာရီကြာရင် ငါတို့ဒီမှာပြန်စုကြမယ်"

သူတို့က ခေါင်းညိတ်ကာ လူစုခွဲပြီး နေရာအနှံ့ သွားကြတော့တယ်။ မှိုပါ ကျီလင်းဆွဲခေါ်သွားတာ ခံရတယ်။ ဖက်တီးကတော့ လျှောက်မမေးဘဲ တည်းခိုဆောင်ထဲထိုင်ချကာ သူတို့ပြန်လာမှာကို စောင့်နေတယ်။ လေးနာရီအကြာမှာ သူတို့က တည်းခိုဆောင်ဆီ ပြန်လာတယ်။ တစ်ခုပဲ ဘယ်သူမှ မျက်နှာမကောင်းကြ။

"ကျွန်တော်မေးပြီးပြီ၊ ဒီမြို့ထဲကလူတိုင်း သူတို့ အိပ်မက်ဆိုးတွေအကြောင်း မေ့ကုန်တဲ့ပုံပဲ"

"အတူတူပဲ၊ ပြီးတော့ တမင် နေ့ဘက်ကမေးခဲ့သူတွေဆီ သွားခဲ့တာကို သူတို့က မောင်းထုတ်လိုက်ကြတယ်"

"ဒီလူတွေက နေ့နဲ့ညမှာ လုံးဝကိုကွဲပြားတဲ့လူတွေအတိုင်းပဲ"

"ဖြစ်နိုင်တာ... ဒါက ဆန်းကြယ်ဘုံတစ်ခုများလား၊ ဒီလူတွေအားလုံးက အတုများလား"

သူတို့ ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ ဒါက ဆန်းကြယ်ဘုံဆို လူတစ်ယောက်က မြို့တစ်ခုလုံးကို ပုံတူကူးဖို့ ဘယ်လောက်တောင် အစွမ်းကြီးလိမ့်မလဲ။

"မဖြစ်နိုင်ဘူး" ကျန့်ရှင်းက ခေါင်းယမ်းတယ်။ "သူတို့က တကယ့်လူတွေ၊ ဂါထာတွေရဲ့ ပုံရိပ်ယောင်တွေနဲ့ မတူဘူး"

လူတိုင်း တိတ်ကုန်ပြီး သဲလွန်စတစ်ခုမှစဉ်းစားမရ။ နည်းလမ်း တကယ် ကုန်ခမ်းသွားချိန် မလုပ်ချင်ပေမဲ့ ဘေးက ဖက်တီးဘက် လှည့်ရတော့တယ်။

"ကြီးမြတ်တဲ့ဆရာ..." ကျန့်ရှင်းက လက်သီးနှစ်ဖက်အုပ်ကာ ပြောတယ်။ "ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သဲလွန်စတချို့ပေးပါဦး"

ဖက်တီးက ပြုံးလိုက်တယ်။ ကြည့်ရတာ သူတို့ တကယ်ကို စဉ်းစားရကြပ်နေပုံမို့ နောက်ဆုံးတော့ သတိပေးလိုက်တယ်။ "ဒါက တကယ်ပဲ ဆန်းကြယ်ဘုံ မဟုတ်ဘဲ အိပ်မက်မြေ"

"အိပ်မက်" လူတိုင်းထိတ်လန့်ကုန်ကာ တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေတယ်။

"မင်းတို့ အကူအညီတောင်းတဲ့ အဲစာရွက်ပေါ်က စကားလုံးတွေကို မှတ်မိလား" ဖက်တီးက သူတို့ကို တစ်ချက်ကြည်ကာ ဆက်ပြောတယ်။ "ပြောတာ ညဘက်မှာ လူတိုင်းက အိပ်မက်ဆိုးမက်ပြီး မနက်မှ နိုးလာတယ်၊ ငါတို့အခုရောက်နေတာ သူတို့ အိပ်မက်ထဲပဲ၊ တစ်ယောက်ယောက်က သူတို့အသိစိတ်တွေကို ထိန်းချုပ်ပြီး တူညီတဲ့ အိပ်မက်ထဲ ဝင်ရောက်ကုန်ကြတာ"

သူတို့ တောင့်တင်းကုန်တယ်။ အဲလူတွေက နေ့ဘက်ကအကြောင်းတွေအကြောင်း ဘာမှမမှတ်သလို ညဘက် သူတို့နုံးချိနေတဲ့ကိစ္စကိုရော မမှတ်မိတာ မဆန်းတော့ဘူး။ ဒါတွေက အိပ်မက်ကိုး။ သူတို့ စောနက အဲမြူခိုးဖြူတွေကိုမြင်ချိန် အိပ်မက်မြေထဲ ဆွဲခေါ်ခံပြီးသားဖြစ်လောက်ပြီ။

"ဒါပေမဲ့ ဒါကအိပ်မက်ဆိုးမဟုတ်လား" ကျီလင်းက ဇဝေဇဝါနဲ့ပြောလာတယ်။ "အားလုံးက ပျော်နေတဲ့ပုံပါ၊ အိပ်မက်ဆိုးနဲ့ မတူဘူးမလား"

တခြားတပည့်တွေလည်း အဲလိုပဲတွေးနေတာ။

ဖက်တီးက ပြုံးတယ်။ "မကြာခင် အဲလိုဖြစ်တော့မှာမဟုတ်ဘူး"

"ဘာ" သူတို့မှင်တက်ကုန်ပြီး သူ့အဓိပ္ပာယ်ကို နားမလည်နိုင်သေး။ ရုတ်တရက် အော်သံတစ်သံ ထွက်လာပြီး လမ်းတွေက ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ လူတွေက အော်ဟစ်နေပြီး မျက်နှာမှာ သွေးပျက်မှုအပြည့်နဲ့လူတွေက လမ်းမတွေထက် အနောက်ဘက်ဆီ ပြေးလွှားနေကြတယ်။

"ဘာလဲ" သူတို့ချက်ချင်းတန်းရပ်လိုက်တယ်။

နောက်အခိုက်အတန့်မှာတင် ကျယ်လောင်တဲ့ ဟိန်းဟောက်သံ ထွက်လာတော့တယ်။

ဝေါ

...

အခန်း ၅၂၅ ။ အိပ်မက်မြေကို ချိုးဖျက်ခြင်း

အသံက ချက်ချင်း ချွီဟန်မြို့တစ်လျှောက် ဖြတ်သန်းသွားပြီး မြေကြီးပါ စတင်တုန်ခါလာတယ်။ အုပ်စုက တည်းခိုဆောင်အပြင်ထွက်ကာ မြို့တံခါးအပြင်မှာ ကြီးမားတဲ့ မကောင်းဆိုးဝါး သားရဲတစ်ကောင် ရုတ်တရက်ပေါ်လာတယ်။ လုံးဝကို မည်းနက်နေတာမို့ သူ့ပုံစံကိုမမြင်ရပေမဲ့ ရဲရဲနီနေတဲ့ မျက်လုံးတွေက အနီရောင်အလင်းနဲ့ တောက်ပနေကာ မြို့ထဲကြည့်နေတယ်။

သူ့ပုံသဏ္ဌာန်က အတော်လေး မြင့်မားပြီး မြို့တံခါးရဲ့နှစ်ဆနီးပါးလောက်ရှိတယ်။ သူ့လက်သည်း‌ကြီးတွေကို ဝှေ့ယမ်းကာ တစ်ချကိတွန်းလိုက်တာနဲ့ မြို့နံရံကို တွန်းချလိုက်နိုင်တယ်။ အောက်က မြို့ကတော့ ကြောက်လန့်နေတဲ့အော်သံတွေအပြည့်။

"ဒါက မြို့ကို အန္တရာယ်ပေးတဲ့ မိစ္ဆာဖြစ်နိုင်လား" တပည့်တစ်ယောက်က သူ့ဓားကို အလိုလို ဆွဲထုတ်မိသွားတယ်။

"မမေ့နဲ့နော်" ဖက်တီးက သူတို့ကိုသတိ‌လှမ်းပေးလိုက်တယ်။

"ဒါက အိပ်မက်မြေဆိုတာ"

တပည့်တွေက ရပ်သွားကာ အရှေ့က မကောင်းဆိုးဝါးကို မော့ကြည့်လိုက်ကြတယ်။ ဒီမကောင်းဆိုးဝါးက အတုများလား။ ဒါပေမဲ့ အစစ်အတိုင်းပဲ။ သူတို့မျက်နှာတွေက ပြောင်းလဲကုန်ပြီး ခဏလောက် သူတို့ တိုက်ခိုက်သင့်လားမသိကြတော့ဘူး။

ဒါပေမဲ့ မကောင်းဆိုးဝါးက နီးသထက်နီးလာတယ်။ သူက မြို့နံရံကိုတန်းတွန်းလှဲလိုက်ပြီး သွေးပျက်နေတဲ့လူအုပ်ကြီးကို လှမ်းကိုက်တယ်။ သူတို့ အဲပါးစပ်နီကြီးထဲက သွေးနံ့ကိုတောင် ရနေတယ်။ မြို့ထဲကလူတွေက နေရာအနှံ့ပြေးနေပေမဲ့ များလွန်းတော့ လူတိုင်း မလွတ်ဘူး။ နောက်ကျကျန်ရစ်ခဲ့တဲ့သူတချို့ ရှိလေတယ်။

ဒါကြောင့် အဲမကောင်းဆိုးဝါးက ပြင်းပြင်းကိုက်ချကာ ချက်ချင်း သွေးတွေဖြာထွက်ကုန်ပြီး မြင်ကွင်းက အရမ်းထိတ်လန့်စရာကောင်းတယ်။ သူက ရေဘဝဲလက်တံ ၇ခု၈ခုလည်း ထုတ်လာကာ ပြေးလွှားနေသူတွေကို ရစ်ပတ်ပြီး အားလုံးကို ပါးစပ်ထဲပစ်ထည့်ရင်း တဂျွတ်ဂျွတ် ကိုက်ဝါးနေတော့တယ်။

တပည့်တွေရဲ့လက်တွေက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိကာ သူတို့ သွားတိုက်ခိုက်ချင်စိတ်ကို ထိန်းချုပ်နေရတယ်။ တစ်စုံတစ်ခုက ကျီလင်းမျက်နှာထက် ဖြတ်ပြေးသွားပြီး သူမက ရုတ်တရက် ဓားကိုဆွဲထုတ်ကာ ကျယ်လောင်စွာ ပြောလေတယ်။ "ကျွန်မ ဆက်ကြည့်မနေနိုင်တော့ဘူး၊ တကယ်လို့ ပုံရိပ်ယောင်ဆိုရင်တောင် ဒီမကောင်းဆိုးဝါး လူတွေကို စိတ်တိုင်းကျ ထိခိုက်အောင် လုပ်နေတာ ကြည့်မနေနိုင်ဘူး"

အဲလိုနဲ့ သူမက တန်းပြေးသွား‌တယ်။

"ကျီလင်း" တခြားသူတွေက သူမကို တားဖို့လုပ်ကြပေမဲ့ နောက်ကျလွန်းသွားပြီ။ သူမဓားပေါ် ပျံသန်း‌သွားတာကို ကြည့်နေရတယ်။

သူမက မီးတောက်တစ်ခု ဆင့်ခေါ်ပြီး မကောင်းဆိုးဝါးဆီ ပစ်လွှတ်လိုက်တယ်။ သူမကျင့်ကြံဆင့်က နိမ့်လွန်းတာမို့ မကောင်းဆိုးဝါးကို ထိခိုက်အောင်လုပ်ဖို့ ကျရှုံးရုံတင်မက သူမပါ လက်တံတွေနဲ့ ရစ်ပတ်ခံရတော့မလို ဖြစ်သွားတာတော့ နှမြောစရာပဲ။ သူမက ပါးစပ်ထဲ စားခံရခါနီးဖြစ်တော့မယ်။

"ရှောင်လင်း" ကျန့်ရှင်းက ထိတ်လန့်သွားတယ်။ သူက ဓားကိုတန်းဆွဲထုတ်ကာ ပြေးသွားလေရဲ့။

တခြားတပည့်တွေက လိုက်လာပြီး ပြေးလာကာ အဲမကောင်းဆိုးဝါးကို စတိုက်ခိုက်ကြတော့တယ်။ ကျန့်ရှင်းက သူ့လက်တံတွေကိုပါ ဖြတ်ကာ ကျီလင်းကို ကယ်လိုက်လေတယ်။

‌ဖက်တီးက လေးယောက်သားကို တစ်ချက်ကြည့်ကာ ခေါင်းယမ်းမိတယ်။ သူတို့က ဘယ်လိုပဲဖြစ်ဖြစ် အတွေ့အကြုံ မရှိတာပဲ။

လေးယောက်ရဲ့ပူးပေါင်းတိုက်ခိုက်မှုအောက် မကောင်းဆိုးဝါးက တိုက်ခိုက်နိုင်စွမ်း တဖြည်းဖြည်း လျော့လာတယ်။ သူက အော်ဟစ်နေပြီး မြို့တံခါးဆီ စတင်ထွက်ပြေးတော့တယ်။ သေချာပေါက် သူတို့က လွတ်မြောက်ခွင့် မပေးဘူးပေါ့။ သူတို့က အတူတူလိုက်ကြတော့တယ်။

ကျန့်ရှင်းက ဓားအင်းကွက်တစ်ခုကိုပါ တန်းဆင့်ခေါ်တော့တယ်။ ချက်ချင်း ဓားတစ်ထောင်ကျော်မိုးက ကောင်းကင်ကနေ စီးကျလာကာ မကောင်းဆိုးဝါးတည့်တည့် ပစ်ဝင်လာပြီး မြို့တံခါးဆီ ချက်ချင်း တွယ်ချိတ်လိုက်တော့တယ်။

မကောင်းဆိုးဝါးက ဆိုးဆိုးဝါးဝါး အော်ဟစ်ပြီး သူ့ကိုယ်ကြီးက မြေကြီးပေါ် ဘန်းခနဲ ပစ်လဲသွားတယ်။ တပည့်တွေက စိတ်သက်သာရာရစွာ သက်ပြင်းမောကြီး ချလိုက်တယ်။ ဒါပေမဲ့ သူတို့က အောင်ပွဲပျော်ရွှင်မှုကို မခံစားနိုင်ခင်မှာတင် နောက်ထပ်ရင်းနှီးနေတဲ့ ဟိန်းဟောက်သံက သူတို့နောက်က ထွက်လာတယ်။

ရုတ်တရက် သူတို့နောက်ကနေ နောက်ထပ်ဆင်တူမကောင်းဆိုးဝါးပေါ်လာပြီး မြို့တံခါးထဲက အပေါက်ကြား ဖြည်းဖြည်းချင်းတက်လာတယ်။

"ဘာဖြစ်တာလဲ" လူတိုင်း ထိတ်လန့်မှုအပြည့်နဲ့။။ ဘာလို့ ထပ်ရှိနေတာလဲ။ သူတို့ ‌ဒီတစ်ကောင်နဲ့ ရင်ဆိုင်ရပြန်တယ်။ ဒါပေမဲ့ ဒီမကောင်းဆိုးဝါးတွေက အဆုံးမရှိ ထွက်လာတဲ့ပုံပဲ။ တစ်ကောင်ကို သတ်လိုက်တာနဲ့ နောက်ထပ်ဆင်တူတစ်ကောင်ပေါ်လာတာများ သူတို့နဲ့ထာဝရတိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားသလိုပဲ။

သူတို့အဲတော့မှ ဖက်တီးစကားတွေကို စတင်သုံးသပ်မိကြတော့တယ်။ သူ စောနလေးတင် သူတို့ကို တားခဲ့တာက ဒီလိုမျိုးဖြစ်မယ်လို့ ခန့်မှန်းမိခဲ့လို့လား။ သူက လှည့်ကာ မြို့ထဲက သွေးပျက်နေတဲ့လူအုပ်ကို ကြည်လိုက်တော့ သူတို့ အသည်းအသန်ပြေးနေပေမဲ့ဘယ်သူမှမြို့ထဲက ထွက်မပြေးနိုင်တာကို နားလည်သွားခဲ့တယ်။ ဖြစ်နေတာက... သူတို့တွေကို တစ်ခုခုက ပိတ်လှောင်ထားသလိုပဲ။

"အစ်ကို ကြည့်ကြည့် အဲဒါဘာလဲ" ကျီလင်းက ရုတ်တရက် မြို့နံရံထောင့်ဆီ လက်ညှိုးထိုးပြတယ်။

ကျန့်ရှင်း လှည့်ကြည့်လိုက်တော့ မကောင်းဆိုးဝါး တွန်းထားတဲ့ မြို့နံရံအက်ကွဲကြောင်းပေါ် အနီရောင်အလင်းလေးနည်းနည်း တောက်ပနေတာကို သိလိုက်ရတယ်။ ဂါထာတစ်ခုခုရဲ့ အလင်းရောင်လိုမျိုးပဲ။ သူက အများကြီးမစဉ်းစားဘဲ ဓားဓမ္မတစ်ခုဖွဲ့စည်းကာ တခြားသူတွေကို ကျယ်လောင်စွာ ပြောလိုက်တယ်။

"မြို့နံရံပေါ်မှာ အင်းကွက်တစ်ခုရှိနေတယ်၊ အဲမြို့တံခါးကို တိုက်ခိုက်"

အောက်က ကြည့်နေတဲ့ဖက်တီးက ဖြူဖျော့သွားတယ်။

"ရပ်"

ကံမကောင်းစွာဘဲ နောက်ကျလွန်းသွားခဲ့ပြီ။ ကျန့်ရှင်းရဲ့လက်ထဲက ဓားဓမ္မက မြို့တံခါးဆီ ရိုက်ခတ်သွားလေပြီ။ တခြားသူတွေက နည်းနည်းနောက်ကျ‌ခဲ့ပေမဲ့ သူတို့လည်း မြို့တံခါးဆီ စောင်းနေပြီ။ ဘန်းခနဲအသံကျယ်ကြီးနဲ့အတူ မြို့တံခါးရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း တော်တော်များများက ချက်ချင်းပြိုလဲကုန်တယ်။ ချက်ချင်း တွန်းလှဲခံလိုက်ရတဲ့ ဇယ်စေ့တွေလိုပဲ။ မြို့တံခါးတွေတင်မက မြို့ထဲကအရာအားလုံးဟာ စတင်ပြိုလဲလာတော့တယ်။ နဂိုက တောက်ပပြီး ဆူညံနေတဲ့မြို့ဟာ စတင်ယိုယွင်းလာတာ လောကကြီးတစ်ခုလုံး ပျောက်ဆုံးလာတဲ့အတိုင်းပဲ။

တပည့်တွေက ထိတ်လန့်ကုန်တယ်။ သူတို့ အခြေအနေကို နားတောင်မလည်နိုင်ခင် သူတို့ခန္ဓာကိုယ်ပေါ် လေးလံမှုကြီး ခံစားလိုက်ရကာ ချက်ချင်းလဲကျကုန်တယ်။ နောက်အခိုက်အတန့်မှာ သူတို့မျက်စိရှေ့ မည်းနက်သွားပြီး မြို့ပြင်က ကွင်းပြင်တစ်ခုမှာ ပေါ်လာတယ်။ သူတို့ပတ်လည်မှာတော့ စောနလေးကတင် မြို့ပြင်ထွက်လာတဲ့ မျက်နှာသေနဲ့ လူအုပ်ကြီးက ရယ်နေတယ်။ အရာအားလုံးက သူတို့မြို့ပြင်ထွက်ကာစလိုမျိုးပဲဖြစ်နေကာ တစ်ခါမှ အဲတောက်ပဆူညံနေတဲ့မြို့ကို မမြင်ခဲ့တဲ့အတိုင်းပဲ။

သူတို့ဝိညာဉ်တွေကလည်း ခုလေးတင် ကိုယ်ခန္ဓာထဲက လွတ်မြောက်သွားတာလား။ သေချာမစဉ်းစားနိုင်ခင် သွေးအရသာက သူတို့ပါးစပ်တွေထဲ ပြေးဝင်လာတယ်။ အားလုံးက သွေးအန်ကုန်ကြတယ်။ ပြီးတော့ နောက်အခိုက်အတန့်မှာ သူတို့ပတ်လည်မှာ စောနက ရပ်နေတဲ့လူအုပ်ကြီးဟာ တဖြည်းဖြည်း အားမရှိသလိုလဲကုန်ပြီး မြေကြီးပေါ် ကိုယ်ခန္ဓာတွေက လဲလျောင်းနေခဲ့တယ်။

ဒဏ်ရာရနေတဲ့တပည့်တွေ အချင်းချင်းကြည့်လိုက်ကြတယ်။ ဘာတွေဖြစ်နေတာလဲ။ ဒါပေမဲ့ သူတို့ မော့ကြည့်ချိန် လေးလံနေတဲ့မျက်နှာနဲ့ ဖက်တီးကို မြင်လ်ိုက်ရတယ်။

"မကောင်းတော့ဘူး" ဖက်တီးက လင်းကာစ ပြုနေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

"မြို့ထဲက သက်ရှိဝိညာဉ်တွေ..." သူ လှည့်ကာ ဓားပျံကိုဆင့်ခေါ်တော့တယ်။

"ကြီးမြတ်တဲ့ဆရာ၊ ဒါဘာ..." တပည့်တွေရဲ့ မျက်နှာက လုံးဝအူကြောင်ကြောင်ဖြစ်နေသေးကာ ခုလေးတင်ဘာတွေဖြစ်သွားမှန်းလုံးဝနားမလည်။

ဖက်တီးက သူတို့ကိုဒေါသတချို့နဲ့ စိုက်ကြည့်ပြီး ရှင်းပြလိုက်တယ်။ "လူအားလုံးရဲ့ဝိညာဉ်တွေက ကိုယ်ခန္ဓာထဲက ထွက်ထားတာ အားလုံး မေ့သွားတာလား မင်းတို့က အိပ်မက်ကို တိုက်ရိုက် နှောင့်ယှက်လိုက်တာပဲ၊ သူတို့ ဘယ်လို သူတို့ကိုယ်ခန္ဓာတွေဆီ ပြန်ကြမလဲ" ဖက်တီးက ဓားပေါ်တက်ရင်း ပြောလိုက်တယ်။ "မင်းတို့အားလုံး ဒီမှာနေပြီး သူတို့ကိုယ်ခန္ဓာတွေကို စောင့်ကြည့်နေ၊ အဲတစ္ဆေကို အနားမကပ်စေနဲ့"

အဲလိုပြောပြီး သူက တန်းလှည့်ကာ မြို့ဆီ ပျံသန်းသွားတော့တယ်။

ဒီအချိန်မြို့ထဲမှာ တစ်ယောက်သောအစားသရဲကို စောင့်ကြည့်ပြီး နိုးလာမှာ စောင့်နေတဲ့ကူယွဲ့ ကောင်းကင်ကို မော့ကြည့်ကာ ချက်ချင်း ‌မျက်မှောင်ကြုတ်လိုက်တယ်။

သူက မတ်တတ်ရပ်ကာ ဘေးအိမ်ဆီ ဝင်သွားပြီး သေချာကြည့်လိုက်တယ်။ တကယ်ပဲ အိပ်ရာပေါ်လှဲနေတဲ့ သက်ရှိဝိညာဉ်က စတင်မတည်မငြိမ်ဖြစ်လာကာ တစ္ဆေအဖြစ် ပြောင်းဖို့ အရိပ်အယောင်တွေ ဝိုးတဝါးပြနေပြီ။ ဒါပေမဲ့ သူ့ကိုယ်က ပြန်မလာသေး။ ကြည့်ရတာ သိပ်နောက်ကျသွားပြီထင်။

ကူယွဲ့မျက်နှာ မည်းသွားတယ်။ နေကထွက်တော့မှာ။ သူ နောက်ဆုံးတော့ ထွက်လာပြီး လက်နှစ်ဖက်လုံးနဲ့စည်းတံဆိပ်တစ်ခု ပြုလုပ်ကာ အင်းကွက်ကြီးတစ်ခု သူ့ခြေထောက်အောက် ပေါ်လာပြီး မြို့တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတယ်။ မြို့ထဲက သက်ရှိဝိညာဉ်တွေကို ပြိုကွဲနေတာကို ယာယီဖိချုပ်ထားလိုက်တယ်။

နောက်အခိုက်အတန့်မှာ နေကဖြည်းဖြည်းချင်း မြင့်တက်လာတယ်။ တစ်ညလုံး လမ်းပေါ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့‌တစ်ယောက်သောသူကလည်း မျက်လုံးဖွင့်လာတယ်။ ချက်ချင်း သူမဘေးမှာထိုင်နေတဲ့ လူတစ်ယောက်ရဲ့ မုန်းတီးမှုအပြည့်မျက်နှာကို

မြင်လိုက်ရလေတယ်။

"ဟေး ‌ဖေဖေနျို မနက်ခင်းပါ"

"ဘိုးအေကို မနက်ခင်း" ကူယွဲ့ တန်းမျက်ဆံလှန်လိုက်တယ်။

"နောက်အချိန် မင်းမအိပ်ခင် မင်းကိုယ်မင်းအိပ်ရာမှာ ကြိုးနဲ့ ချည်ထား" တစ္ဆေချီလေးကတောင် မင်းကိုသယ်သွားနိုင်တာ ဘယ်လောက်တောင် အိပ်မောကျနေတာတုံး။

All Chapters