အခန်း (၅၂၆-၅၂၈)
Vol. 36 Ch. 526-528
အခန်း ၅၂၆ ။ တစ္ဆေကိုနှိမ်နင်းခြင်း
"ဟမ်" ရှန်းရင်မျက်နှာက လုံးဝဇဝေဇဝါ။ အဲတော့မှ သူမနားလည်လိုက်တာက သူမ မနေ့ညက အိပ်ခဲ့တဲ့နေရာမှာ လှဲနေတဲ့ပုံမပေါ်။ အူကြောင်ကြောင် မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်မိတယ်။ ထားလိုက်တော့၊ တွေးရမှာပျင်းလွန်းတယ်၊ အရေးမကြီးပါဘူးလေ
ကူယွဲ့ သူ့ကိုဆူမို့ရှိသေး ဖက်တီးက အောက်ကို အသည်းအသန် ပျံဆင်းလာတယ်။ "ဆရာ မြို့ထဲကလူတွေ..." သူ မြေကြီးကို ထိတာနဲ့ မြေကြီးပေါ်က အင်းကွက်ကို ခံစားမိပြီး စိတ်သက်သာရာ ရသွားတယ်။ ဆရာ အရင်သိသွားတာ တော်သေးတာပေါ့။
"ဘာဖြစ်ခဲ့တာလဲ" ကူယွဲ့က သူ့ကို တစ်ချက်ကြည့်လိုက်တယ်။ "မင်းတို့အားလုံး အဲပြဿနာရှာနေတဲ့ တစ္ဆေကို သွားဖမ်းတာမဟုတ်ဘူးလား၊ ဘာလို့မြို့ထဲကလူတွေ သူတို့ဝိညာဉ်တွေက ကိုယ်ခန္ဓာတွေဆီ ပြန်လို့ မရတော့တာလဲ"
"တစ္ဆေက အန္တရာယ်ကို နားလည်သွားလို့ထင်တယ်၊ တစ္ဆေမြူခိုးကို ဆင့်ခေါ်ပြီး အားလုံးကို အိပ်မက်ထဲ ဖမ်းထည့်ခဲ့တယ်" ဖက်တီးက ရှက်ရွံ့နေတဲ့ မျက်နှာနဲ့ ပြောတယ်။ "သူတို့က မထင်မှတ်ထားဘဲ အချိန်မတိုင်ခင် အိပ်မက်ကို ချိုးဖျက်မိသွားတယ်၊ အဲလူတွေရဲ့ဝိညာဉ်တွေက ပြန်ဖို့အချိန် မရလိုက်ဘူး၊ ဒါကြောင့်..."
ကူယွဲ့ မျက်နှာက ပျက်သွားတယ်။ ဒါဘာလဲ။ သူတို့တွေက တစ္ဆေနဲ့ ပေါင်းကြံစည်နေတာလား။
"ဆရာ ကျွန်တော်တို့မှာ အချိန်နည်းနည်းလေးပဲ ရှိတာ၊ သူတို့ကို မြို့ပြင်က လူတွေရဲ့ကိုယ်ခန္ဓာကို စောင့်ကြည့်ခိုင်းပြီးပြီ၊ ဒီလူတွေရဲ့ဝိညာဉ်တွေကို ကိုယ်ခန္ဓာတွေဆီ အရင်ပြန်ခွင့်ပေးကြရအောင်"
"အင်း" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ သူက ဘူးသီးခြောက်ဓမ္မအသုံးအဆောင်ကို ထုတ်ကာ ဖွင့်တယ်။ သူ ဂါထာတွေရွတ်ဆိုရင်း လက်စည်းချိပ်တွေ ပြုလုပ်တော့တယ်။ မကြာခင် သက်ရှိဝိညာဉ်တွေက အလင်းရောင်ပုံစံနဲ့ ဘူးသီးခြောက်ထဲဝင်လာကြတာကိုမြင်ရတယ်။ လေးနာရီကြာသွားပြီးမှ နောက်ဆုံးလက်ကျန် သက်ရှိဝိညာဉ်ကိုဖမ်းဆုပ်ပြီး ဘူးသီးခြောက်ထိပ်ကိုပိတ်လိုက်တယ်။
"သွားကြစို့" ကူယွဲ့ သူ့ဓားပေါ်တက်လိုက်တယ်။ "မင်းရောပဲ" သူက ဘေးကရှန်းရင်ကိုပါ ဆွဲခေါ်လာတော့တယ်။
ရှန်းရင် ။ ။ "..." မနက်စာဘယ်မှာလဲ။
မြို့ခံတွေရဲ့ ကိုယ်ခန္ဓာတွေက မြို့အပြင်နဲ့ သိပ်မဝေးဘူး။ သူတို့တွေ မြေကြီးပေါ် လူတွေအများကြီး လဲနေတာကို မြင်လိုက်ရတယ်။ တပည့်သုံးယောက်က ဘေးမှာ သူတို့ကို စောင့်ကြည့်နေပြီး သုံးယောက် ရောက်လာတာမြင်တော့ ပျော်ရွှင်မှုက သူတို့မျက်နှာပြင်ပေါ် ရောက်လာကာ ရှေ့ကိုတက်လာတယ်။
"ကြီးမြတ်တဲ့ဆရာအားလုံး ရောက်လာပြီပဲ"
ဖက်တီးက သုံးယောက်ကို လှမ်းကြည့်တယ်။ "တခြားသူတွေရော၊ ဘာလို့မင်းတို့သုံးယောက်ပဲ ဒီမှာရှိနေတာလဲ" ကျန့်ရှင်း၊ မှိုနဲ့ကျီလင်းတို့အားလုံး မရှိဘူး။
သုံးယောက်သား မျက်နှာတွေပြောင်းလဲကုန်ပြီး အချင်းချင်းကြည့်ပြီးမှ ပြန်ဖြေတယ်။
"ကြီးမြတ်တဲ့ဆရာ၊ ခင်ဗျားထွက်သွားတဲ့နောက်၊ မကောင်းဆိုးဝါးတစ္ဆေတစ်ကောင်က ရုတ်တရက် ပြေးထွက်လာတယ်၊ မိန်းကလေးကျီလင်းက ဖမ်းခံလိုက်ရပြီး ဆရာဦးလေးကျန့်ရှင်းနဲ့ မှိုတို့ လိုက်သွားကြပါတယ်"
ဖက်တီး မျက်နှာပျက်သွားပြီး ကူယွဲ့ဘက် လှည့်လိုက်တယ်။ "ဆရာ..."
"မင်းတို့ ဒီမှာနေပြီး လူတွေရဲ့ဝိညာဉ်တွေ ပြန်လာဖို့ကူညီပေးလိုက်၊ ရှန်းရင်နဲ့ငါ တစ်ချက် သွားကြည့်လိုက်မယ်" ကူယွဲ့က ရှန်းရင်ကို ဆွဲခေါ်ကာ ကျန့်ရှင်းတို့ အရှိန်အဝါနောက် လိုက်သွားခဲ့တယ်။
နှစ်ယောက်သား အကြာကြီး မပျံသန်းလိုက်ရဘဲ သူတို့ပတ်ဝန်းကျင်တွေ အင်မတန် အေးစက်လာတာကို ခံစားလိုက်ရတယ်။ အရှေ့က တောင်တန်း တောအုပ်ထဲ တစ္ဆေချီလှိုင်းတွေအများကြီး ပြည့်နှက်နေကာ တောင်ထိပ်တစ်ခုလုံးကို လွှမ်းမိုးထားပြီး နေရောင်ခြည်တောင် ဖိတ်မကျလာ။
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒါက... တစ္ဆေဘုရင် တက်လှမ်းတော့မှာလား။
သူ တန်းပျံဆင်းလိုက်တယ်။ သုံးယောက်ရဲ့ အားနည်းတဲ့ အရှိန်အဝါနောက်လိုက်ပြီး ဂူတစ်ခုရဲ့ အပေါက်ဝဆီ ရောက်လာခဲ့တယ်။ ဝင်ပေါက်က တစ်ဝက်ပြိုလဲနေတာ တစ်ယောက်ယောက် ဒီမှာ တိုက်ခိုက်ထားတဲ့အတိုင်းပဲ။ ပတ်ဝန်းကျင်က အကြွင်းအကျန်ဓားချီကို ကြည့်တော့ ကျန့်ရှင်းဖြစ်နိုင်တယ်။
သူက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းဖို့ မသေမျိုးချီနည်းနည်းဆွဲထုတ်ကာ ပတ်ဝန်းကျင်က တစ္ဆေချီကို ဖယ်ရှားတယ်။ အလိုလို သူက လှည့်ပြောမိလိုက်တယ်။
"ရှန်းရင်၊ တစ္ဆေချီက ဒီမှာထူလွန်းတယ်၊ မင်း..." သူ စကားမဆုံးခင် လှည့်လိုက်တော့ သူတို့ပတ်လည်က တစ္ဆေချီအားလုံးက သူမနဲ့ ဝေးဝေးမှာ နေနေတာကို မြင်လိုက်ရတယ်။ တကယ့်ကိုနှစ်မီတာ၊ သုံးမီတာ အပြည့်ဖြစ်ပြီး သူ့ရဲ့ မသေမျိုးချီနဲ့ ဖယ်ရှားထားတာထက်တောင် ပိုဝေးကွာသေးတယ်။
"ဟမ်" ရှန်းရင်ရဲ့ခေါင်း စောင်းလိုက်တယ်။
"... ဘာမှမဟုတ်ဘူး အထဲဝင်ကြစို့" သောက်ကျိုးနည်း
သဘာဝဖယ်ရှားစွမ်းရည်နဲ့ ပါလာတာကို မနေ့ညက ဘယ်လိုများ တစ္ဆေချီ ထိန်းချုပ်တာကို ခံခဲ့ရတာတုံး။
သူတို့ အဲတစ္ဆေချီအပြည့်နဲ့ ဂူထဲ တန်းဝင်လာခဲ့တယ်။ အထဲကတစ္ဆေချီက ပိုတောင်ထူလာပေမဲ့ ကူယွဲ့ လှမ်းတဲ့ခြေလှမ်းတိုင်းမှာ သူ့ရဲ့ မသေမျိုးချီနဲ့ တစ္ဆေချီကို ဖယ်ရှားပစ်တယ်။ သူ အထဲက တစ္ဆေချီအားလုံးကို တန်းဖယ်ရှားနိုင်ပေမဲ့ အထဲကလူတွေကို စဉ်းစားမိတော့ မလုပ်တော့ဘူး။
ဂူရဲ့အတွင်းပိုင်းက ကြီးပြီး နေရာတိုင်းမှာ လမ်းလေးခွဆုံတွေနဲ့ သဘာဝဝင်္ကပါလိုမျိုးပဲ။ ဒါပေမဲ့ ကူယွဲ့အတွက် အခက်အခဲတော့မရှိဘူး။ သူက သူ့ကောင်းကင်စိတ်အာရုံနဲ့ ဖြတ်သန်းလိုက်ပြီး ဂူတစ်ခုလုံးရဲ့ အခြေအနေက ပိုပြီး ရှင်းလင်းလာတယ်။ သူ သုံးယောက်သားရှိရာဘက် တန်းတန်းမတ်မတ် လျှောက်လာခဲ့ပြီး တစ်ခုတည်းသောစိုးရိမ်မှုက သူ့နောက်က ဦးတည်ရာမသိတဲ့လူ ခဏခဏ လမ်းမှားကွေ့မိမှာကိုပဲ။
"ဒီမှာ"
"အိုး"
ကူယွဲ့ အကြိမ် မရေမတွက်နိုင်အောင် မှားကွေ့ခဲ့တဲ့လူကို ပြန်ဆွဲခေါ်ရင်း နောက်ဆုံးတော့ ဂူရဲ့အနက်ရှိုင်းဆုံး အဆုံးသတ်ဆီ ဝင်လာခဲ့တယ်။ သူတို့ပတ်လည်က တစ္ဆေချီက ပိုပြီးတောင်ထူလာပြီး သွေးသံရဲရဲအရှိန်အဝါတစ်လှိုင်းနဲ့ရောနေတယ်။ အရှေ့ကနေ တိုက်ခိုက်သံတွေ၊ တစ္ဆေအော်သံတွေကို မသဲမကွဲ ကြားလိုက်ရတယ်။
"အရှေ့တည့်တည့်မှာပဲ"
ကူယွဲ့ ခြေလှမ်းတွေက မြန်ဆန်ကုန်ကာ တစ်ချက် ကွေ့လိုက်တယ်။ ဒါပေမဲ့ သွေးကန်တစ်ခု သူ့ရှေ့ပေါ်လာပြီး အရိုးစုတချို့ မျောနေတယ်။
သွေးကန်ပေါ်မှာတော့ မျက်နှာတစ်ခုလုံးပေါ် ပုတ်သိုးနေတဲ့အသားနဲ့ ကြောက်စရာကောင်းတဲ့ တစ္ဆေမတစ်ယောက်က ကျန့်ရှင်းနဲ့ တိုက်ခိုက်နေလေရဲ့။
အဲတစ္ဆေက တစ္ဆေဘုရင်တစ်ဝက်နီးပါး ဖြစ်နေပြီး နတ်ဝိညာဉ်ကျင့်ကြံသူထက် အားမနည်းဆပမဲ့ သူ့ကိုယ်ပေါ်က တစ္ဆေချီတွေက ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားသလိုမျိုး အားနည်းနေတယ်။ တက်လှမ်းမှုအတွင်း အရေးကြီးတဲ့အခိုက်အတန့်မှာ ကြားဖြတ်ခံလိုက်ရလို့ တုံ့ပြန်မှုကနေ ခံစားခဲ့ရတာပဲ။ ဘေးက ကျန့်ရှင်းကလည်း ဒဏ်ရာတွေ အများကြီး။ သူ့ကိုယ်မှာသွေးစက်တွေရှိနေပြီး သူ့ဒဏ်ရာတွေမှာ တစ္ဆေချီ ရှိနေတယ်။
ပိုပြီးပြင်းထန်တဲ့ အရှိန်အဝါ ဝင်လာတာကို သတိထားမိသလိုမျိုး တစ္ဆေက သွေးပျက်ကာ အများကြီး ဂရုမစိုက်တော့ဘူး။ သူက ချက်ချင်း တစ္ဆေချီကိုတစ်ကိုယ်လုံးမှာ လွှတ်ထုတ်ပြီး ကျန့်ရှင်းတိုက်ခိုက်မှုကို ရပ်တန့်လိုက်တယ်။ သူ့လက်သည်းနှစ်ချောင်းက အောက်ကိုဆင်းသွားကာ ရေကန်ထဲကသွေးတွေကို ခြောက်တဲ့အထိစုပ်ယူတော့တယ်။ သူ့နဂိုကြောက်ခမန်းလိလိအသွင်က စတင်ပြန်ပြောင်းလဲကာ ချက်ချင်း အင်မတန်လှပတဲ့အမျိုးသမီးတစ်ယောက်အဖြစ် အသွင်ပြောင်းသွားပြီး သူမကိုယ်ပေါ်က တစ္ဆေချီကတောင် ဆယ်ဆ ပိုထူလာတယ်။
သူက အတင်းအကြပ် တက်လှမ်းချင်နေတာပဲ ကျန့်ရှင်းလက်က တန့်သွားပြီး တစ်ဖက်သူရဲ့ ရုတ်တရက် တိုးလာတဲ့ ဖိနှိပ်မှုကြောင့် တုန်ခါသွားတယ်။ သူ ပြန်တိုက်ခိုက်မို့ရှိသေး အဲတစ္ဆေဘုရင်က သူ့ကို တန်းရှောင်ဖယ်ကာ ကူယွဲ့နဲ့ ရှန်းရင်ရှိရာဘက် ပြေးလွှားတော့တယ်။
"ဆရာ" ကျန့်ရှင်းမျက်နှာက ပြောင်းလဲသွားတယ်။ သူက သူ့တစ်ကိုယ်လုံးပေါ်က ဝိညာဉ်ချီကို တန်းအသက်သွင်းပြီး သူ့တစ်ကိုယ်လုံးကအားနဲ့ ဓားလှိုင်းတစ်ခု ပြုလုပ်လိုက်တယ်။ နောက်အခိုက်အတန့်မှာ အဲတစ္ဆေဘုရင်ကို တန်းထိမှန်သွားသလို စူးရှတဲ့အော်သံ ကြားလိုက်ရတယ်။ အဲတစ္ဆေရဲ့ချီတွေချက်ချင်း ပြိုကွဲလာပြီး စတင်ဖြစ်ပေါ်ကာစပုံသဏ္ဌာန်က ကျိုးပဲ့သွားသလိုမျိုး စတင်ပြိုကွဲလာတယ်။ ဒါပေမဲ့ အလယ်မှာ အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ရှန်းရင်ရှိရာဘက် အသည်းအသန်ပြေးသွားတယ်။
"သတိထား" ကူယွဲ့က အလိုလိုသတိပေးမိပြီး သူ ဝင်ပါဖို့ရှိသေး...။
အဲအနီရောင်အလင်းက တကယ်ပဲရပ်သွားခဲ့တယ်။ ရှန်းရင်က လက်တစ်ဖက်နဲ့ ကိုင်ထားပြီး တင်းတင်း ဆုပ်ကိုင်ထားတယ်။ အဲအနီရောင်အလင်းက သူ့လက်ထဲ ငါးရှဉ့်လို အသည်းအသန် ရုန်းကန်ပေမဲ့ ဘယ်လောက်ကြိုးစားကြိုးစား မလွတ်မြောက်ရှာဘူး။ သူက ကျယ်လောင်စူးရှတဲ့အသံတွေပဲ ပြုလုပ်နိုင်ရှာတယ်။
ကောင်းပြီလေ၊ cheatကို စိုးရိမ်မိတာ သူတုံးနေတာပဲဖြစ်ရမယ်။
"အင်း" ရှန်းရင်က အဲအနီရောင်အလင်းကို သိချင်စိတ်နဲ့ ကြည့်နေကာ ဘယ်ညာပါလှန်လိုက်သေး။ အဲစူးရှတဲ့အသံက နာကျင်နေသလိုမျိုး အော်သံကပိုကျယ်လောင်လာခဲ့တယ်။
"ကြီးမြတ်တဲ့ဆရာ..."
ခွန်အားမရှိတော့တဲ့ ကျန့်ရှင်းလည်း လျှောက်လာတယ်။ သူ့မျက်နှာက လုံးဝဖြူဖျော့နေပြီး ခဲယဉ်းတဲ့ တိုက်ခိုက်မှုကို ကြုံခဲ့ရသလိုမျိုး။ သူက ရှန်းရင်လက်ထဲက အနီရောင်အလင်းကို ငုံ့ကြည့်တယ်။
"ဒါ စောနက အဲတစ္ဆေရဲ့ အကြွင်းအကျန်ဝိညာဉ်လားဗျ"
"ဟုတ်လောက်တယ်" ကူယွဲ့က ခေါင်းညိတ်တယ်။
ကျန့်ရှင်းမျက်လုံးတွေ မည်းနက်သွားကာ တန်းပြောလာတယ်။ "ဒီတစ္ဆေက အများကြီး ဒုက္ခပေးခဲ့တာ၊ သူပြန်ကောင်းလာခဲ့သည်ရှိသော် အကြွင်းအကျန်ဝိညာဉ်ဆိုရင်တောင် အမြန်ဆုံး ဖျက်ဆီးသင့်တယ်"
ကူယွဲ့ မျက်မှောင်ကြုတ်ကာ သူ့ကိုမော့ကြည့်လိုက်တယ်။ "ဒါက အကြွင်းအကျန်ဝိညာဉ်ဖြစ်နေပြီ၊ ပြန်သက်သာစရာနည်း မရှိဘူး၊ ငါတို့ဆက်တိုက်ခိုက်နေရင် သူ့ဝိညာဉ်က ဗလာနတ္တိအဖြစ် ပျောက်ကွယ်သွားလိမ့်မယ်"
"ဒါပေမဲ့..." ကျန့်ရှင်းက မှင်တက်သွားတယ်။ သူ့မျက်နှာက ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ မသိသလိုမျိုး ဇဝေဇဝါဖြစ်မှုအပြည့်။
...
အခန်း ၅၂၇ ။ စာမေးပွဲအောင်၊ စာမေးပွဲမှပြန်လာခြင်း
ကူယွဲ့က ဓမ္မအဆောင်တစ်ခုထုတ်ကာ ရှန်းရင်လက်ကိုဖုံးလိုက်တယ်။ ချက်ချင်း အဲအနီရောင်အလင်းက အဆောင်စက္ကူထဲ လျှောခနဲဝင်သွားတယ်။ "တောင်ဆီကို ပြန်ယူသွားပြီး ဝိညာဉ်ချီနဲ့ အငြိုးအတေးချီကို ဝိညာဉ်ချီနဲ့ သန့်စင်ပြီးရင် သံသရာထဲပို့ရုံပေါ့" အဲလိုပြောကာ သူက အဆောင်ကိုသိမ်းမို့ရှိသေး တစ်ခုစဉ်းစားမိကာ ရှန်းရင်သိုလှောင်အိတ်ထဲ ထိုးထည့်ပေးလိုက်တယ်။ သူ့ပေါ်က မသေမျိုးချီက ထူထဲလွန်းတယ်။ သူ ဂရုမစိုက်ရင် အကြွင်းအကျန်ဝိညာဉ်ကို တကယ် ဖြိုခွဲမိမှာကို စိုးရိမ်တာ။ ရှန်းရင်ပေါ်ထားတာက ပိုဘေးကင်းတယ်။
"...ဟုတ်ကဲ့ဆရာ" ကျန့်ရှင်းကခေါင်းညိတ်တယ်။ သူက ရှန်းရင်ကို တစ်ချက်ကြည့်ကာ ဘာမှထပ်မပြောတော့ဘူး။
ဒါပေမဲ့ မြေကြီးက ရုတ်တရက် စတင်တုန်ခါလာတယ်။ အဲမကောင်းဆိုးဝါးတစ္ဆေရဲ့ တစ္ဆေချီက ထောက်ပံ့မှု မရှိတော့ တောင်က စတင်ပြိုကွဲလာတော့တယ်။
"ဒီမှာပြိုကွဲနေပြီ၊ မြန်မြန်ထွက်သွားကြရအောင်"
ကူယွဲ့ သတိပေးလိုက်တယ်။
"ခဏ" ကျန့်ရှင်းက လှည့်လာတယ်။ "မှိုရှိသေးတယ်" သူက ဘေးကိုလက်ညှိုးထိုးပြတယ်။
တကယ်ပဲ မှိုက ဒီမှာလဲနေပြီး သတိလစ်နေတဲ့ပုံ။ ကူယွဲ့ လျှောက်သွားကာ သူမကို တန်းဖမ်းဆုပ်လိုက်တယ်။ နောက်တော့ ဟိုဟိုဒီဒီကြည့်ပေမဲ့ တခြားသူ မတွေ့တော့ သူ အလိုလိုမေးမိလိုက်တယ်။ "မင်းရဲ့အဲညီမရော" သူက ဖမ်းခံရတဲ့သူလို့ ပြောတယ်မဟုတ်ဘူးလား။
ကျန့်ရှင်းမျက်နှာက ဖြူဖျော့သွားပြီး သူ့မျက်လုံးတွေက ချက်ချင်း မှေးမှိန်သွားခဲ့တယ်။ သူ့ခေါင်းက ဝမ်းနည်းမှုတချို့နဲ့ ငုံ့သွားတယ်။ ကူယွဲ့ ချက်ချင်း ခြေတစ်လှမ်း နောက်ကျခဲ့ပြီဆိုတာ နားလည်သွားခဲ့တယ်။ ခု သူ ဘာပြောရမလဲ မသိတော့ဘူး။ သူ သက်ပြင်းချကာ ဆက်ပြီး ရစ်တွယ်မနေတော့ဘဲ အင်းကွက်တစ်ခုသာ ဖန်ဆင်းကာ အပြင်ကိုပို့ဆောင်လိုက်တယ်။
လေးယောက်က စောနက နေရာဆီ ပြန်မရောက်ခင် ဖက်တီးတို့တွေ သူတို့ဆီ ပြေးလာတာကို မြင်လိုက်ရတယ်။
"ဆရာ အဲတစ္ဆေကို ဖြေရှင်းပြီးပြီလား" ဖက်တီးက ခြေလှမ်းတွေမြန်ကုန်ပြီး လျှောက်လာချိန် ဆုပ်ကိုင်ထားတဲ့လူကို ချက်ချင်းမြင်လိုက်ရတယ်။ "မှို သူက ဘာဖြစ်နေတာလဲ" ဖက်တီးက လူကို သူ့ရင်ခွင်ထဲ အမြန်ထည့်ကာ သေချာစစ်ဆေးတော့တယ်။
"သူက အဲတစ္ဆေကြောင့် ဒဏ်ရာရကုန်ပြီး မေ့မျောသွားတာ" ကူယွဲ့က ပေါ့ပေါ့ပါးပါး ရှင်းပြတယ်။
"အဲတစ္ဆေက ဝိညာဉ်ဆင့်ခေါ်တဲ့နေရာမှာ အရမ်းကိုတော်ပြီး သူမရဲ့ မူလဝိညာဉ်က မတည်မငြိမ် ဖြစ်နိုင်တယ်"
ဖက်တီးရဲ့ မျက်နှာက ပြောင်းလဲသွားတယ်။ သူက မှိုလက်ကို အမြန်ဆွဲကာ အထဲက မသေမျိုးချီနည်းနည်းကို ပို့ပေးလိုက်တယ်။ တကယ်ပဲ မူလဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ အချိန်မရွေး ထွက်သွားချင်တဲ့ အရိပ်အယောင် ပြသနေတယ်။ သူက သူမမူလဝိညာဉ်ကို တည်ငြိမ်အောင်လုပ်ဖို့ အမြန်ကူညီလိုက်တယ်။
ကူယွဲ့ တကယ်ပဲ အနောက်ကကျန့်ရှင်းဆီလှည့်ကာ ပြန်လည်သက်သာတဲ့သက်စောင့်ဆေးကိုထုတ်ပြီး ပြောလိုက်တယ်။ "မင်းလည်း အတော်လေး ဒဏ်ရာရသွားခဲ့တာ၊ ဆေးကိုစားပြီး ဒီမှာ ခဏလောက် မင်းအသက်ရှူနှုန်းကို ထိန်းညှိလိုက်"
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာ" ကျန့်ရှင်းက ဆေးကိုယူကာ စားလိုက်တယ်။ ချက်ချင်း သူ့ကိုယ်ပေါ်ကဒဏ်ရာတွေက သက်သာစပြုလာတယ်။
တခြားတပည့်တွေက သူတို့နောက်ကိုကြည့်ကာ လူတစ်ယောက် ပျောက်နေတာကိုမြင်တော့ မနေနိုင်ဘဲ ပြောလာတယ်။ "ဆရာဦးလေးကျန့်ရှင်း၊ မိန်းကလေးကျီလင်းရော၊ သူဘာလို့ အုပ်စုနဲ့အတူ ပြန်မလာတာလဲ"
ခုမှထိုင်ချကာစ ကျန့်ရှင်း အနည်းငယ်ယိမ်းယိုင်သွားခဲ့တယ်။ အချိန်အတော်ကြာပြီးတော့ သူက နောက်ဆုံးတော့ ခပ်တိုးတိုးပြောလာတယ်။ "ကျွန်တော်... အချိန်မီ မရောက်သွားဘူး၊ သူက အဲတစ္ဆေ သတ်တာ ခံလိုက်ရတယ်"
လူတိုင်း မျက်နှာတွေ ဖြူဖျော့ကုန်ကာ စတင်သက်ပြင်းချကာ ငိုရှိုက်ကြတော့တယ်။ အထူးသဖြင့် ခုစကားပြောလာတဲ့သူ၊ သူ ဘာလုပ်ရမလဲ လုံးဝမသိတော့ဘူး။ ကျီလင်းလည်း ဂိုဏ်းက ထုတ်ခံခဲ့ရတယ်ဆိုပေမဲ့ သူမက ဘယ်လိုပဲဖြစ်ဖြစ် သူတို့နဲ့အတူတူ ကျင့်ကြံခဲ့တာပဲလေ။ သူမ ကြားမှာ အမှား လုပ်မိခဲ့တယ်ဆိုပေမဲ့ သေဖို့တော့မတန်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေဆက်ဆံရေးနည်းနည်း ရှိတာပဲ၊ အထူးသဖြင့် ကျန့်ရှင်းရဲ့ညီမဖြစ်နေတာကြောင့်ပေါ့။
ကျန့်ရှင်းက သူ့ညီမကြောင့်လည်း တခြားသူတွေထက် ကျင့်ကြံမှုမှာ ပိုကြိုးစားတယ်။ သူ စာသင်ကြားမှုပြီးဆုံးပြီး တောင်အောက်ဆင်းသရွေ့ တစ်နေ့နေ့ကျ ပြန်ဆုံရမယ်ပေါ့။ နှမြောစရာက... ဘဝဟာ ခန့်မှန်းလို့မရတာပဲ။
နေရာက တိတ်ဆိတ်သွားပြီး ဘယ်သူမှ သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲမသိကြတော့ဘူး။
ကူယွဲ့လည်း သက်ပြင်းချပြီး ခပ်တိုးတိုးပြောလိုက်တယ်။ "ဒီတစ်ခေါက် တစ္ဆေကိစ္စက မင်းတို့ရဲ့ မှားယွင်းဆုံးဖြတ်ချက်မှုကြောင့် အဲလောက် ပြဿနာများသွားရတာပဲ၊ မင်းတို့ အစမှာ ပြဿနာရင်းမြစ်ကို အတည်ပြုဖို့ ကျရှုံးခဲ့ရုံတင်မကဘူး၊ အချိန်မတိုင်ခင် အိပ်မက်မြေကို ချိုးဖျက်ပြီး မြို့ထဲကဝိညာဉ်အားလုံးကို သူတို့ကိုယ်ခန္ဓာတွေဆီ ပြန်မရောက်နိုင်အောင်လုပ်ခဲ့တယ်"
သူက ဒီတပည့်တွေကို လှမ်းကြည့်လိုက်တယ်။ သူတို့က တကယ်ကို အတွေ့အကြုံချို့တဲ့တာပဲလို့ ပြောရမယ်။ "တကယ်လို့ ငါနဲ့ဖက်တီးသာ အဲသက်ရှိဝိညာဉ်တွေကို ယာယီတည်ငြိမ်အောင် မလုပ်ခဲ့ရင် ဒီမြို့ထဲက လူတွေအားလုံးရဲ့ အသက်တွေ ပေးဆပ်ရမှာစိုးမိတယ်"
အားလုံးက အပြစ်ရှိသလို ခေါင်းငုံ့သွားကြတယ်။ ဒါတကယ် သူတို့အပြစ်ပဲ။ သူတို့တွေက တစ်မြို့လုံးကို ဒီလိုသက်ရောက်စေတဲ့အရာက သားရဲမိစ္ဆာကြီးတစ်ကောင်ရဲ့ အကြိုက်မျိုး ဖြစ်ရမယ်လို့ တွေးခဲ့ကြပေမဲ့ ဒါက တကယ်တော့ တစ္ဆေတစ်ကောင်လို့ ဘယ်သူမှမစဉ်းစားမိခဲ့ကြဘူး။ အဲဒါကြောင့် မြို့တစ်မြို့ရဲ့လူတွေဆီ အန္တရာယ်သယ်လာလုနီးပါးပဲ။
"ဒီကိစ္စပြီးရင် မင်းတို့အားလုံးသိရမှာက အကောင်းဆုံးကျင့်ကြံသူတောင် အနန္တတန်ခိုးရှင် မဟုတ်ဘူး၊ စွမ်းဆောင်ရည်အရှိဆုံးသူတွေတောင် အရမ်းလွယ်ကူတဲ့တာဝန်ကို ဆိုးဆိုးဝါးဝါးကျရှုံးနိုင်တယ်၊ ဘယ်တော့မှ မောက်မာပြီး မင်းတို့ ဒီခရီးကိုဘာလို့စတင်ရလဲဆိုတာ မမေ့ကြနဲ့" ပထမဆုံး ဒီကိစ္စက ဖြေရှင်းရ အရမ်းလွယ်တယ်။ သူတို့လုံးဝညဘက်ထိ စောင့်စရာတောင် မလိုဘဲ တစ္ဆေချီနောက်လိုက်ပြီး တစ္ဆေကိုရှာ သတ်လိုက်ရုံပဲ။ ပြီးတော့ ယန်ချီက နေ့ဘက် ပိုပြီးအားသန်တာမို့ တစ္ဆေကို ညဘက်မှာထက် ရင်ဆိုင်ရပိုလွယ်ကူတယ်။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ မြို့ထဲက တစ္ဆေချီကို သတိမပြုမိကြဘူး။ ဖက်တီးနဲ့ သူ အတော်လေး စိတ်ပျက်မိတယ်လို့ ပြောရမယ်။
"ဟုတ်ကဲ့ ကြီးမြတ်တဲ့ဆရာ" တပည့်တွေအားလုံးက ပြိုင်တူ ပြန်ဖြေကြတယ်။
လူတိုင်း ဒဏ်ရာရနေတာမို့ ကူယွဲ့က ထပ်မပြောတော့ဘူး။ အစောက သူတို့တွေ အိပ်မက်မြေဆီ အတင်းဖမ်းဆီးခံရပြီး အချိန်မတိုင်ခင် အိပ်မက်မြေကို ချိုးဖောက်မိတဲ့နောက် ပြန်တွန်းထုတ်ခံရတာမို့ ကြိုတင်ပြင်ဆင်ထားတဲ့ဖက်တီးကလွဲပြီး အားလုံး ဒဏ်ရာကိုယ်စီရကုန်ကြတယ်။
သူ စဉ်းစားပြီး အကူအညီတောင်းတဲ့ တခြားစာရွက်နှစ်ခုကို ထုတ်လိုက်တယ်။ သူက လူတိုင်းကို တစ်ချက်ကြည့်ပြီးမှ အမိန့်ပေးတယ်။ "ဖက်တီး မှိုနဲ့ကျန့်ရှင်းကို အနားယူခိုင်းဖို့ ဂိုဏ်းဆီ အရင်ပြန်ခေါ်သွားလိုက်၊ ကျန်တဲ့သုံးယောက်က ဒီနေရာနှစ်ခုကို ဖြေရှင်းမယ်"
ဖက်တီးက အပြင်းအထန်ဒဏ်ရာရထားတဲ့ ကျန့်ရှင်းနဲ့ သူ့လက်မောင်းထဲက သတိလစ်နေဆဲ မှိုကိုကြည့်ကာ ခေါင်းညိတ်လိုက်တယ်။ "ဟုတ်ကဲ့ဆရာ"
ကျန့်ရှင်းလည်း သူ့အရင်းအမြစ်ချီတချို့ကို ပြန်လည်ရလာပြီမို့ ထရပ်တယ်။
ဖက်တီးက နောက်ဆုံးတော့ ဓမ္မအဆောင်တစ်ခုကို ထုတ်ကာ နှစ်ယောက်ကို ခေါ်ပြီး ပျံထွက်သွားတယ်။
နောက်ပိုင်းရက်တွေမှာ ကူယွဲ့က အလျင်မလို။ တပည့်သုံးယောက်နဲ့ အချိန်မရွေး အလေလိုက်ချင်နေတဲ့ ရှန်းရင်ကိုဆွဲခေါ်ရင်း သူက တခြားနေရာနှစ်ခုဆီ ဆက်ပျံသန်းတယ်။ တကယ်လို့ သူတို့လမ်းမှာ တခြားပြဿနာတွေ ကြုံရင် ဖြေရှင်းပေးလိုက်တယ်။
အံ့အားသင့်စရာကောင်းစွာ သူတို့တကယ်ပဲ လမ်းမှာတခြားကျင့်ကြံသူတွေကို တွေ့ခဲ့တယ်။ သူတို့ကျင့်ကြံဆင့်က ယေဘုယျအားဖြင့် ကျင့်ကြံဆင့်နိမ့်ကာ အများဆုံးမှ ချီမွမ်းမံမှု ပထမ ဒုတိယအဆင့်လောက်ပဲ ရှိသေးတယ်။ ကူယွဲ့ တွေးတာ အရင်က သူဖြန့်ထားခဲ့တဲ့ပစ္စည်းတွေကို လူတချို့ ကောက်ရပြီးကာ စတင်ကျင့်ကြံပြီမို့နေမယ်။
မြို့လေးတစ်ခု ရောက်တော့ အုတ်မြစ်အခြေတည်အဆင့်ရောက်ကာစ ကျင့်ကြံသူနဲ့ပါ တွေ့ခဲ့သေးတယ်။ သူက ချီမွမ်းမံမှု ပထမနဲ့ဒုတိယအဆင့် လူတစ်အုပ်ကို ဦးဆောင်ကာ စတုတ္ထအဆင့် မိစ္ဆာသားရဲနဲ့ ရင်ဆိုင်တော့မို့။ သူတို့ သူ့ကို ပေါ့ပေါ့ပါးပါး ကူညီပေးလိုက်ကြတယ်။ မေးမြန်းပြီးတဲ့နောက် သူတို့သိလိုက်ရတာ အုတ်မြစ်အခြေတည်ကျင့်ကြံသူက လွန်ခဲ့တဲ့ နှစ်ပေါင်းတချို့က စာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့ပြီး စမ်းသပ်ကျင့်ကြံခဲ့ပေမဲ့ တကယ်အလုပ်ဖြစ်မယ်မထင်ခဲ့ဘူး။ နောက်တော့ သူက သတင်းကို ဖြန့်ခဲ့တယ်။ အခု အဲမြို့ထဲကလူတွေက စတင်ကျင့်ကြံနေကြပြီ။
ကူယွဲ့ ရတနာတွေ ပြန့်ကုန်တဲ့ရလဒ်နဲ့ ပတ်သက်ပြီး အင်မတန်ကျေနပ်သွားတယ်။ လမ်းညွှန်မှု မရှိသူတွေအတွက် သူတို့ကျင့်ကြံမှုက အများကြီးပိုခက်ခဲမှာ။
သူတို့အားလုံး စာရွက်အပိုင်းတွေပေါ်က လိပ်စာတွေနောက် လိုက်ခဲ့တယ်။ ဒီတစ်ကြိမ်တော့ ဒုက္ခကြီးကြီးမားမားနဲ့ မရင်ဆိုင်ရဘဲ ပြဿနာရှာနေတဲ့ အဆင့်နိမ့်မိစ္ဆာသားရဲနှစ်ကောင်ပဲ ရှိတယ်။ တပည့်သုံးယောက်က သူတို့ကို အလွယ်လေး ဖြေရှင်းပြီး ပြဿနာ ထပ်မပေါ်တော့ဘူး။
ဒါပေမဲ့ ၃ ယောက်ရဲ့ စိတ်အခြေအနေက အရင်ကနဲ့ သိသိသာသာ ပြောင်းလဲလာတယ်။ သူတို့ရဲ့ အဲသိသာတဲ့ဂုဏ်ယူမှုက လျော့ကျသွားပြီး အန္တရာယ်နဲ့ကြုံချိန် ပိုပြီးသိုသိပ်လာတယ်။
သုံးလအကြာမှာ တာဝန်သုံးခုအားလုံး ပြီးပြီး ဂိုဏ်းဆီပြန်ခဲ့ကြတယ်။ သူတို့ တံခါးပေါက်ထဲဝင်တာနဲ့ ဓားချီပါတဲ့လေပြင်းက ချက်ချင်းတိုက်ခတ်လာကာ ရှန်းရင်ရှေ့ရုတ်ခြည်း ရပ်သွားတယ်။
"ဆရာ" ရင်းနှီးနေတဲ့အသံတစ်သံက ချက်ချင်းထွက်လာပြီး ပျော်ရွှင်တမ်းတမှုအပြည့်။
"ဟေး စားဖိုမှူး" ရှန်းရင်က နှုတ်ဆက်တဲ့အနေနဲ့ လက်ယမ်းပြလိုက်တယ်။ "နင်ပြန်လာပြီပဲ" ငါ ညအဆာပြေ ထပ်စားရတော့မယ်။
...
အခန်း ၅၂၈ ။ မှိုတစ်ခုခုဖြစ်
"ဆရာ..." စားဖိုမှူးက သူ့ရှေ့ကလူကို သေချာကြည့်နေတယ်။ သူ့နှလုံးသားနဲ့ မျက်လုံးတွေက သူမရဲ့ပုံစံအပြည့်။ သူ့လက်တွေက တင်းကြပ်သွားပြီး အကြိမ်များစွာ တင်းချည်လျော့ချည် ဖြစ်နေတာ တစ်ခုခုကို လုပ်ချင်ပေမဲ့ စိုးရိမ်မှုတချို့ကြောင့် မလုပ်နိုင်တဲ့ပုံ။ သူ့အကြည့်ကသာ ပိုအာရုံစိုက်လာကာ နူးညံ့ညင်သာတဲ့တစ်စုံတစ်ခုက အဲမျက်လုံးတွေထဲကနေ ဖြည်းဖြည်းချင်း လျှံထွက်လာတဲ့ပုံ။
ကူယွဲ့ ။ ။ "..."
"ကောင်းပြီလေ အားလုံးသွားနားကြတော့"
သူက နောက်က တပည့်သုံးယောက်ကို လက်ယမ်းပြလိုက်တယ်။
သုံးယောက်က ဂါရ၀ပြုပြီး ခပ်သုတ်သုတ် ကူယွဲ့နောက်ကနေ လိုက်လာကြတယ်။ ဒါပေမဲ့ သူတို့မျက်လုံးတွေကတော့ တောင်တံခါးကနှစ်ယောက်ဆီ ခဏခဏ ပြန်ဝေ့ဝဲနေတယ်။ တပည့်တွေက အနောက်ဆောင်ဆီ သွားခဲပြီး ယိချင်းက ဂိုဏ်းနဲ့ဝေးနေတာ နှစ်ပေါင်းများစွာကြာပြီမို့ သူနဲ့ ရှန်းရင်ရဲ့ ပတ်သက်မှုကို မသိကြတာမို့ ဇဝေဇဝါဖြစ်နေတယ်။
သူတို့ နားကြားလွဲတာလား။ ခုလေးတင် ကြီးမြတ်တဲ့ဆရာယိချင်းက ကြီးမြတ်တဲ့ဆရာရှန်းကို 'ဆရာ' လို့ ခေါ်တာကို ကြားခဲ့ရတာလား။ ဒါပေမဲ့ သူတို့ပုံစံကိုကြည့်ရင် ဆရာတပည့်နဲ့လည်း မတူတဲ့ပုံပဲနော်။
စားဖိုမှူးက တစ်ချိန်လုံး မလှုပ်။ တခြားသူတွေထွက်သွားချိန် သူ နောက်ဆုံးတော့ မထိန်းချုပ်နိုင်တော့ဘူး။ သူက လှမ်းကာ ရှေ့ကလူကို ကြားလေ မရှိတဲ့အထိ ဖက်လိုက်တယ်။ နွေးထွေးတဲ့လေထုက သူမနားဖျားကို သူ့ရဲ့ လေးနက်ပြီး နစ်နာမှုတချို့ ရောနှောနေတဲ့အသံနဲ့အတူ ရစ်ပတ်သွားတယ်။
"ဆရာ..."
"အင်း"
"ဆရာ..."
"အင်း"
"ဆရာ..."
"ဘာတုံး"
သူက မပျင်းရိနိုင်သလိုမျိုး သူမကိုခေါ်ပဲခေါ်နေတယ်။ တစ်ခုပဲ ခေါ်သံတစ်ချက်စီက အရင်တစ်ခေါက်ထက် တိုးသွားတယ်။
"ဆရာ..."
"ဟမ်"
"ဆရာ..."
"နင်က စာလုံးရေတွက်နေတာလား" ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
စားဖိုမှူးက ခဏမှင်တက်သွားပြီး နောက်တော့ သူမကို ပိုပြီးတောင် တင်းတင်းဆုပ်ကိုင်ထားတော့တယ်။ သူက နောက်ဆုံးတော့ စကားနောက်တစ်ခွန်းဆီ ရောက်လာကာ ပိုပြီးတောင် မကျေမချမ်းမှု ခံစားချက် ပါဝင်နေတယ်။
"ဆရာ... ကျွန်တော် အရမ်းလွမ်းနေတာ... အရမ်း... အရမ်းကိုပဲ"
ရှန်းရင်က အတော်ကြာ ရပ်တန့်သွားပြီးမှ သူမက လှမ်းလာကာ ပြန်ဖက်လိုက်တယ်။ သူမမျက်နှာက အတော်လေး ပူလောင်နေတယ်။ အို့ ဉာဏ်များတဲ့မြေခွေးအိုတောင် ဒီလိုတဲ့တိုးစကားတွေကို ကြွေဆင်းနိုင်တာပဲ ဒါကြောင့် သူမ မနေနိုင်ဘဲ ပြန်ဖြေလိုက်ရတော့တယ်။
"ငါရောပဲ"
စားဖိုမှူးက မှင်တက်သွားတယ်။ အမြဲ အမူအရာကင်းမဲ့နေတဲ့ မျက်နှာပေါ် ပါးစပ်ထောင့်တွေက မထိန်းချုပ်နိုင်စွာ မြောက်တက်လာတယ်။ သူက သူမကျောနောက်က ဆံပင်ထဲခေါင်းတိုးပြီး နောက်တော့ပိုပြီးတောင်တင်းတင်းကြပ်ကြပ်ဖက်ထားတော့တယ်။
သူက သူမကို ဒီတိုင်း အတော်ကြာဖက်ထားတာ ရှန်းရင် သူမလက်တွေ နည်းနည်း ပင်ပန်းလာတယ်လို့ ခံစားရတဲ့အထိပဲ။
"စားဖိုမှူး"
"အွန်း"
"နင်အခု ဟင်းချက်လို့ရပြီလား"
"..."
ဆိုရိုးစကားအတိုင်း ယောက်ျားတစ်ယောက်ဟာ တာဝန်ကိုမေ့လို့မရဘူး၊ စားဖိုမှူးတစ်ယောက်ကရောပဲ။
—————
စားဖိုမှူး ပြန်လာပြီမို့ ရှန်းရင်နောက်ဆုံးတော့ ဆန်ပိုးကောင်အဖြစ် ပျော်ရွှင်စရာဘဝဆီ ပြန်သွားရကာ တစ်နေ့ထမင်းငါးနပ် စားတော့တယ်။ ဖြစ်နိုင်တာ ဖေဖေနျိုရဲ့ တစ်နေ့သုံးနပ်ပဲလို့ အတင်းအကြပ်ပိတ်ပင်ထားခံရတာ ကြာသွားလို့ထင် သူမနည်းနည်းတောင် ဗိုက်ပြည့်နေတယ်။
ဒါကြောင့် ရှားရှားပါးပါး လမ်းလျှောက်ထွက်ခဲ့တယ်။ ဒီလမ်းလျှောက်တာက အနောက်တောင်ဆီ ဖြစ်ရမှာ ဒါပေမဲ့ သူမက အရှေ့နန်းတော်ဆီ ရောက်လာတယ်။ တပည့်လေးယောက်က လေ့ကျင့်ရေးကွင်းမှာ ဂါထာတွေ လေ့ကျင့်နေတယ်။ အပြင်သွားပြီးတဲ့နောက် ဖက်တီး သင်ပေးတဲ့တပည့်တွေက သူတို့ကျင့်ကြံခြင်းမှာ တိုးတက်လာကြတယ်။ တစ်ယောက်ဆို ချက်ချင်း ရွှေအမြုတေ နှောင်းပိုင်းအဆင့်ဆီတောင် ရောက်သွားပြီ။ ဒါက သူ့စိတ်အခြေအနေပေါ် တိုးတက်မှုကြောင့် အဓိကဖြစ်နိုင်တယ်။
ကျန့်ရှင်းပဲ ဒဏ်ရာတွေက အတော်လေး ပြင်းထန်လို့ သူ့ကျင့်ကြံမှုတစ်ခုပဲ သိပ်ပြီးတိုးတက်မလာတာ။ သူက ဂိုဏ်းထဲ လချီ ဂရုစိုက်ခံရပြီး အခုမှသက်သာလာတာ။ လေးယောက်ထဲတော့ ကျင့်ကြံဆင့်အမြင့်ဆုံး ဖြစ်နေသေးတယ်။ ပြီးတော့ သူက ဖေဖေနျို သင်ကြားပေးတဲ့ ဓားသိုင်းအားလုံးကိုလည်း သင်ယူထားတယ်။ ဓားဆန္ဒဖွဲ့စည်းတဲ့ အရိပ်အယောင်တွေ စတင်ပြီးပြသလာပြီ။
လွန်ခဲ့တဲ့ရက်ပိုင်းက ဖေဖေနျိုက စားဖိုမှူးရှေ့ ကြွားဝါနေတာကို ကြားခဲ့ရတယ်။ ပြောတာကတော့ သူက လေးယောက်ထဲ တောင်အောက် အရင်ဆင်းရမဲ့သူတဲ့။ နတ်ဝိညာဉ်ကျင့်ကြံဆင့်နဲ့ဆို ဂိုဏ်းထောင်တာက ပြဿနာ မဟုတ်လောက်ဘူး။
တကယ်တော့ ဖေဖေနျိုက သူတို့အရင်တစ်ခေါက် လက်တွေ့ကွင်းဆင်းချိန်တည်းက တောင်အောက် ပေးသွားဖို့ တွေးပြီးသား။ ဖြစ်ချင်တော့ သူက ဒဏ်ရာအကြီးအကျယ်ရပြီး ကုသဖို့ ပြန်လာခဲ့ရတယ်။ ဒါပေမဲ့ ကွာခြားချက်က နေ့ရက်တွေပါပဲ။ ကူယွဲ့ရဲ့ ထပ်ပြီးစမ်းသပ်မှုအပြီးမှာ သူ့ကို တောင်အောက်ပေးဆင်းမှာ။ ဒီမျက်နှာပြင်ရဲ့ ပထမဆုံးအမတကျင့်ကြံဂိုဏ်းက ဓားကျင့်ကြံသူတွေရဲ့ဂိုဏ်း ဖြစ်မှာ။ ဒီရက်ပိုင်း ဖေဖေနျိုက သူ့ဘဝရဲ့ကြီးမားတဲ့ဆန္ဒ နောက်ဆုံးတော့ ပြည့်မြောက်သွားသလိုမျိုး မကြာခဏ လာလာကြွားလုံးထုတ်တယ်။
ရှန်းရင်က တပည့်တွေကို တစ်ချက်သာကြည့်ကာ ဘာမှအာရုံသိပ်မစိုက်။ သူမ ပြန်သွားမို့ရှိသေး လေ့ကျင့်ရေးကွင်းဘေးမှာ ထိုင်နေပြီး လေ့ကျင့်နေတဲ့လေးယောက်ကို အသည်းအသန်စိုက်ကြည့်နေတဲ့ ရင်းနှီးနေတဲ့ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။ သူမ ခဏတုံ့ဆိုင်းသွားကာ ပြန်လှည့်လျှောက်လာခဲ့တယ်။
"မှို" သူမ ခေါ်လိုက်ပေမဲ့ တစ်ဖက်က မတုံ့ပြန်။ သူမ ခြေလှမ်းအနည်းငယ်ထပ်တိုးလာရကာ သူမဘေးတန်းထိုင်ချလိုက်တယ်။
"ကြည့်ရတာ စိတ်ဝင်စားစရာလား"
"ဟမ်" မှိုက ထိတ်လန့်သွားတယ်။ သူမ လှည့်ကာ တစ်ချက်ကြည့်လာပြီး ခဏတောင့်တင်းနေပြီးမှ ပြုံးလာတယ်။ "ရှန်းရင် မင်းဘာလို့ ဒီမှာရှိနေတာလဲ"
"ငါ ဒီတိုင်း ဟိုဟိုဒီဒီလမ်းလျှောက်ရင်း ဒီကိုရောက်လာတာ" သူမ မပါလို့ လမ်းပျောက်တာ လုံးဝမဟုတ်ပါဘူး။ "ဘာလို့ အနောက်တောင်မှာ မှိုတွေ မစိုက်နေတာလဲ" သူမကို ခုလမ်းပြမဲ့သူ မရှိတော့ဘူး။
"ဟွေ့ကျယ်က မှိုတွေ ထပ်စိုက်ဖို့ မလိုတော့ဘူးလို့ ပြောတယ်၊ ဒါကြောင့် ငါရပ်လိုက်တာ"
အဆာသွတ်မုန့် စားနေတဲ့ ရှန်းရင်ရဲ့လှုပ်ရှားမှု တန့်သွားတယ်။ သူမက လှည့်ကာ တစ်ချက်ကြည့်ပြီး အတော်ကြာမှ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်တယ်။
"အိုး" သူမ ထိုင်နေတဲ့ ခုံတန်းလေးကို ငုံ့ကြည့်ကာ ဆက်မေးလိုက်တယ်။ "နင့်ဒဏ်ရာအားလုံး သက်သာပြီလား"
"အင်း" သူမက အသည်းအသန် ခေါင်းညိတ်တယ်။ "ဟွေ့ကျယ် ငါ့ကိုကုပေးတာ၊ ခုအဆင်ပြေနေပြီ၊ ကြည့်လေ" အဲလိုနဲ့သူမလက်ကို ဖြန့်ပြကာ ဖြူစင်မှုအပြည့်မျက်နှာနဲ့ ပြသလာတယ်။
ရှန်းရင်ခေါင်းစောင်းလိုက်တယ်။ သူမက လက်ကိုယူကာ တကယ်ကိုကြည့်ပေးတယ်။
"သက်သာသွားတာ ဘယ်လောက်ကြာပြီလဲ"
"တစ်လတည်း ကြာတာ" သူမကပိုပြီးတောင် ပျော်ရွှင်စွာ ပြုံးလာတယ်။ "နင်တို့အားလုံး ပြန်မလာခင် ငါက အကုန်သက်သာသွားပြီ"
"အိုး" ရှန်းရင်မျက်လုံးတွေ မှေးသွားတယ်။ သူမကလက်ပေါ်က အဆာသွတ်မုန့်အမှုန်တွေကို ခါကာ အိတ်တစ်လုံးဖွင့်ပြီး အနီရောင်အသီးတစ်လုံး ထုတ် ကမ်းပေးလိုက်တယ်။ "စားချင်လား"
မှိုမျက်လုံးတွေက တောက်ပသွားပြီး ဆန်စေ့စားတဲ့ကြက်လို ခေါင်းညိတ်လေတယ်။ "အင်း" အဲလိုပြောပြီး သူမက ယူရင်း ခေါင်းညိတ်တယ်။ လက်နှစ်ဖက်လုံးနဲ့ အသီးကိုကိုင်ကာ စတင်ကိုက်တော့တယ်။
သူမက အသီးတစ်လုံးလုံးကို အင်မတန်မြန်ဆန်စွာ စားသောက်ကာ နောက်တော့ တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ပြန်လှည့်ကြည့်ပြီး ချိုမြစွာပြောလေတယ်။ "ကျေးဇူးပါ"
ဒါပေမဲ့ ရှန်းရင်မျက်လုံးတွေက ချက်ချင်းမည်းနက်သွားပြီး သူမကိုယ်ပတ်လည်က ပျင်းရိနေတဲ့ အရှိန်အဝါအားလုံး ပျောက်ကွယ်သွားတယ်။ "နင်ဖြေတာမှားတယ်"
"ဟမ်" မှိုက မှင်တက်သွားတယ်။
နောက်အခိုက်အတန့်မှာ ရှန်းရင်က ရုတ်တရက် လက်လှမ်းကာ သူမလည်ပင်းကို ဆွဲဖမ်းလာတယ်။ "နင် ငါ့ကို လူကောင်းလို့ခေါ်ဖို့မေ့သွားတယ်"
"နင်..." သူမ စကားမပြောနိုင်ခင် ခန္ဓာကိုယ်တစ်ခုလုံးက လက်တစ်ဖက်တည်းနဲ့ မြှောက်တာ ခံလိုက်ရတယ်။ ကြောက်ခမန်းလိလိအရှိန်အဝါက လှိုင်းကြီးတစ်ခုလိုချက်ချင်း ပြေးလွှားလာတယ်။ ဆုပ်ကိုင်ထားမှုက သိပ်ပြီးမကြပ်ပေမဲ့ သူမအသက်ရှူမရဘူး။ အတိုင်းအဆမရှိတဲ့ ကြောက်လန့်မှုက သူမပေါ်လွှမ်းခြုံကာ ချက်ချင်း သူမစိတ်ထဲ စာလုံးတစ်လုံးပဲ ကျန်တော့တယ်။ သေခြင်း
သူမနားထဲ စကားလုံးတွေက တစ်လုံးချင်းဝင်လာတယ်။ "ပြော မှိုဘယ်မှာလဲ"
"ဘာလုပ်နေကြတာလဲ" တစ်ဖက်သူမဖြေနိုင်ခင် လေ့ကျင့်နေတဲ့တပည့်တွေက အနားရောက်လာကြပြီ။ အရှေ့က အသည်းအသန် ပြေးလာသူက လေ့ကျင့်ရာမှာ သုံးတဲ့ဓားကို ကိုင်ထားဆဲ ကျန့်ရှင်း။
"ဘာ... ဘာလုပ်နေတာလဲ" ကျန့်ရှင်းက ရှန်းရင်ကို တစ်ချက်ကြည့်ကာ သူမလက်ထဲကလူကို စိုးရိမ်မှုနဲ့ ကြည့်တယ်။ သူ့အသံထဲ စိတ်ပူပန်မှုတချို့ ဝိုးတဝါးပါဝင်နေတယ်။ "ခင်ဗျား မိန်းကလေးမှိုကို မြန်မြန်လွှတ်ပေးသင့်တယ်"
တခြားတပည့်တွေလည်း ပြောလာတယ်။
"ကြီးမြတ်တဲ့ဆရာ ခင်ဗျား ဘာ..."
"ကြီးမြတ်တဲ့ဆရာ မှိုရဲ့ဒဏ်ရာတွေက သက်သာကာစပါ၊ တကယ်လို့ သူ တစ်နည်းနည်းနဲ့ အပြစ်ပြုမိတာဆိုရင် ကျေးဇူးပြုပြီး ဗွေမယူပါနဲ့"
"ဟုတ်တယ် ကြီးမြတ်တဲ့ဆရာ၊ မှိုက မိစ္ဆာဆိုပေမဲ့ ကောင်းပါတယ်၊ သူ့ကို အရင်လွှတ်ပေးလို့ရမလား"