← Chapters

အခန်း (၅၂၉-၅၃၁)

Vol. 36 Ch. 529-531

အခန်း (၅၂၉-၅၃၁)

Vol. 36 Ch. 529-531

အခန်း ၅၂၉ ။ ဝင်စီးမှု

ရှန်းရင်က သူတို့ကို တစ်ချက်တောင်မကြည့်။ သူမအမူအရာက အနည်းငယ် မှုန်သုန်သွားကာ ဖြည်းဖြည်းချင်း စကားပြောလာတယ်။ "ငါနင့်ကိုထပ်မေးမယ် - မှိုကဘယ်မှာလဲ"

တပည့်တွေက တန့်သွားတယ်။ သူမဘာဆိုလိုတာလဲ။ သူမ မှိုကို ကိုင်ထားတာမဟုတ်ဘူးလား။

ဘေးမှာရပ်နေတဲ့ ကျန့်ရှင်းက ဆက်မငြိမ်နေနိုင်တော့ဘဲ ဓားကိုဆွဲထုတ်ကာ တိုက်ခိုက်လာတယ်။

"ကြီးမြတ်တဲ့ဆရာ၊ ကျွန်တော် တောင်းပန်ပါတယ်"

သူက ဓားကိုမကာ ရှန်းရင် ကိုင်ထားတဲ့မှိုကို ယမ်းပြလိုက်တယ်။ သူ့ဓားက သူမလက်ဖဝါးနဲ့ လက်မအနည်းငယ်ပဲဝေးတော့တယ်။ ရုတ်တရက် နောက်ထပ် ဓားချီတစ်လှိုင်းက ရှေ့ကိုပြေးဝင်လာပြီး ကျန့်ရှင်းရဲ့ လှုပ်ရှားမှုကို ဖျက်ဆီးလိုက်တယ်။ အရှိန်က သူ့ကိုပျံထွက်သွားစေကာ မြေကြီးဆီ ဘန်းခနဲကျသွားစေခဲ့တယ်။

နောက်အခိုက်အတန့်မှာ ယိချင်းက ပေါ်လာပြီး ရှန်းရင်ဘေးရပ်နေတယ်။ အဲဓားချီလှိုင်းက ဘယ်ကလာလဲဆိုတာ သိသာတယ်။

ကူယွဲ့အသံက သူတို့နောက်ကနေပေါ်လာတယ်။

"မင်းတို့ ဘာလုပ်နေကြတာလဲ"

"ဆရာအဆင်ပြေရဲ့လား" ယိချင်းက ရှန်းရင်ကိုခေါင်းစခြေဆုံး စိုးရိမ်တကြီးကြည့်တော့တယ်။ သူမ ဒဏ်ရာမရတာမြင်တော့ မြေပြင်ပေါ်က လူကိုလှည့်ကြည့်လိုက်တယ်။

ကြောက်မက်စရာ ဓားချီက ပတ်ဝန်းကျင်ထဲ ပြည့်သွားပြီး ကောင်းကင်ကို ဖုံးလွှမ်းပြီး ကျန့်ရှင်းဆီ တလိမ့်လိမ့် တက်သွားခဲ့တယ်။ နေရာတစ်ခုလုံးက စတင်အက်ကွဲစပြုလာတယ်။ ကျန့်ရှင်း မြေကြီးပေါ် ကြီးမားတဲ့ဖိအားတစ်ခုက သူ့ကိုဖိသွားတယ်။ သူ့သွေးကြောတွေက စတင်အက်ကွဲစ ပြုလာပြီး အချိန်တိုအတွင်း သူ့သွေးနဲ့သူ ဖုံးသွားတယ်။ တခြားတပည့်သုံးယောက်ပါ ဒူး‌ထောက်ရပြီး သွေးတွေ အန်ထုတ်ကုန်တယ်။ သူတို့မူလဝိညာဉ်တွေပါ စုတ်ဖြဲခံနေရလေရဲ့။

"စားဖိုမှူး စိတ်အေးအေးထား" ကူယွဲ့ အော်ကာ ဒေါသထွက်နေတဲ့ယိချင်းကို ပြန်ဆွဲဖို့ ကြိုးစားရတော့တယ်။

ယိချင်းက ရှန်းရင် မအော်ခင်ထိ မတုံ့ပြန်။ "စားဖိုမှူး"

သူက ဓားချီကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်တယ်။

လူတိုင်း သက်သာရာရသွားတယ်။ စက္ကန့်ပိုင်းပဲ ကုန်ဆုံးသေးပေမဲ့ သူတို့သေခါနီး အတွေ့အကြုံ ခံစားလိုက်ရသလိုပဲ။ သူတို့ သိသိသာသာ တုန်ခါနေခဲ့တာ။ အဲဒါ ဘယ်လိုဓားချီမျိုးပါလိမ့်။ ကြောက်စရာကောင်းလွန်းတယ်။

"ဖက်တီး သူ့ကိုသွားစစ်ဆေး" ကူယွဲ့က ဖက်တီးကို ညွှန်ကြားလိုက်တယ်။ ဖက်တီးက နေရာအလယ်ဆီ ပြေးသွားပြီး သွေးတွေဖုံးနေတဲ့ ကျန့်ရှင်းကို ထူပေးတယ်။ သူ့ပါးစပ်ထဲ ဆေးလုံးတစ်ခု ပစ်သွင်းကာ ကိုယ်ပိုင်မသေမျိုးချီနဲ့ ကျန့်ရှင်းရဲ့သွေးကြောတွေကို ကုသပေးဖို့ သုံးရတော့တယ်။ ယိချင်းသာ သူ့ဓားချီကို ပြန်ရုတ်သိမ်းတာ တစ်စက္ကန့်‌သာ နောက်ကျသွားခဲ့ရင် ကျန့်ရှင်း တစ်သက်လုံး အကြောသေသွားလောက်ပြီ။

"ဆရာတူအစ်ကို..." ကျန့်ရှင်းက မျက်လုံးတွေပြူးကာ ဖက်တီးကို စိုက်ကြည့်နေတယ်။ သူနောက်ဆုံးတော့ သတိပြန်ရလာပြီ။ ယိချင်းက စောင့်ကြည့်နေရင်း သူ့ကိုယ်ထဲကဓားချီက နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာဖို့ ခြိမ်းခြောက်နေတော့တယ်။

"စားဖိုမှူး ခဏ၊ အရင်ဘာဖြစ်တာလဲဆိုတာ အတည်ပြုရအောင်" ကူယွဲ့ အမြန် စားဖိုမှူးကို ပြန်ဆွဲခေါ်ပြီး ကျန့်ရှင်းဘက် လှည့်လိုက်တယ်။ သူ့အမူအရာက မည်းမှောင်သွားတယ်။

"ဘာတွေဖြစ်ခဲ့တာလဲ၊ ဘယ်လိုလုပ် ရှန်းရင်ကို ဓားနဲ့ရွယ်နိုင်ရတာလဲ"

ကျန့်ရှင်းက သူ့ရင်ဘက်ကို ဖိကာ ရှန်းရင်ဘက် မျက်နှာချင်းဆိုင်တယ်။ သူ့ကြည့်ရတာ သွေးပျက်နေတဲ့ပုံ။ တစ်အောင့်ကြာတော့ သူကပြောတယ်။ "သူမက... မှိုကိုသတ်ချင်ခဲ့တာ"

ကူယွဲ့ ပြန်လှည့်ကြည့်ကာ ရှန်းရင်ကိုင်ထားသူက မှိုဆိုတာ မြင်လိုက်ရတယ်။ မှိုမျက်နှာမှာ အရောင်က သွေးမရှိသလောက်ပဲ။ သူမကြည့်ရတာလည်ပင်းညှစ်ခံနေရသလိုပဲ။

"မှို..." ဖက်တီးက သွေးပျက်ပြီး ကျန့်ရှင်းကို ဘေးတွန်းထုတ်ကာ ရှန်းရင်ဆီ ခပ်သွက်သွက် လျှောက်လာခဲ့တယ်။

"ရှန်းရင်" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ ဘာလို့ ဒါကရုတ်တရက်ကြီးဖြစ်နေရတာလဲ။ သူမက မှိုကို သဘောကျတယ် မဟုတ်လား။ မှိုကို သဘောကျလွန်းလို့ သူမအသီးတွေကိုပါ မျှဝေပေးချင်ခဲ့ဝာလေ။

ဒါပေမဲ့ ရှန်းရင်က ကျန့်ရှင်းရဲ့စွပ်စွဲမှုကို မတုံ့ပြန်။ သူမက ဒီတိုင်းလက်ထဲကလူကိုသာ စိုက်ကြည့်နေကာ မေးနေတယ်။

"မှိုကို နင်ဘယ်မှာ ဖွက်ထားလဲ"

"မင်းဘာတွေပြောနေတာလဲ၊ ဘာတွေဖွက်-" ကူယွဲ့ ပြောနေရင်း ရပ်လိုက်ပြီး နောက်ဆုံးတော့ တစ်စုံတစ်ခုကိုနားလည်သွားတယ်။ သူ့မျက်လုံးတွေက ပြူးသွားတယ်။ ဂါထာတစ်ခုဖန်တီးကာ သူ မှိုရဲ့နဖူးကို ထိလိုက်တယ်။

တစ်အောင့်နေတော့ မှိုရဲ့ကိုယ်ထဲကနေ ဖောက်ထွင်းမြင်ရတဲ့ ဝိညာဉ်တစ်ခု ခုန်ထွက်လာတယ်။ ဝိညာဉ်က တစ်ပုံစံတည်း ဝတ်စားထားပေမဲ့ မျက်နှာ‌ကတော့ မှိုမျက်နှာမဟုတ်။ ရင်းနှီးနေတဲ့ တခြားမျက်နှာတစ်ခု။

"ကျီလင်း" တပည့်သုံးယောက်က ပြိုင်တူအော်လိုက်ကြတယ်။

ကူယွဲ့ ထိတ်လန့်သွားတယ်။ မှိုက ဘယ်တုန်းက ဝင်ပူးခံခဲ့ရတာလဲ။ သူတို့တွေ အရင်က မှိုကို ဝင်ပူးတဲ့အရိပ်အယောင်တစ်ခုမှ သတိမပြုမိခဲ့ဘူး။

"သူက ကျီလင်း၊ မှိုကဘယ်မှာလဲ" ဖက်တီးက ဇဝေဇဝါနဲ့မေးတယ်။ သူက မှိုကို အရင်က ကုသပေးခဲ့သူဆိုပေမဲ့ တစ်ခုခုကွဲပြားနေတာကို သတိမထားမိခဲ့ဘူး။

ကျီလင်းက သွေးပျက်နေတယ်။ သူမက လှည့်ပျံသွားပေမဲ့ ရှန်းရင်က မှိုရဲ့ကိုယ်ကို လွှတ်ပြီး အဲဖောက်ထွင်းမြင်ရတဲ့ကိုယ်ကို စောနကလက်နဲ့ပဲ ဖမ်းဆုပ်လိုက်တယ်။ "နင် မပြောသေးဘူးလား"

ရှန်းရင်က တင်းတင်းဆုပ်ကိုင်လိုက်တယ်။ သူမလက်ထဲက ဝိညာဉ်က ပြိုကွဲမဲ့အရိပ်အယောင်ပြနေပြီ။

"အား..." ကျီလင်းတစ်ကိုယ်လုံး စူးရှတဲ့နာကျင်မှုကိုခံစားနေရပြီး နားကွဲမတတ် အော်ဟစ်ငိုကြွေးတော့တယ်။ "ဟင့်... ဟင့်အင်း၊ သူ့ကို မိစ္ဆာတစ္ဆေတွေက စားလိုက်တာ... ကျွန်မ သူ့ကို သတ်တာ မဟုတ်ဘူး ကျွန်မကို မသတ်ပါနဲ့..."

"ဟင့်အင်း" ကျန့်ရှင်းက အော်တယ်။ "သူမ တမင်သက်သက် လုပ်တာမဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး သူမကိုနာကျင်အောင် မလုပ်ပါနဲ့"

ကူယွဲ့ အမူအရာ မည်းမှောင်သွားတယ်။ သူ ကျန့်ရှင်းဘက် မျက်နှာချင်းဆိုင်လိုက်တယ်။ "မင်း ဒါကို အစတည်းကသိနေတာပဲ"

"ကျွန်တော်..." ကျန့်ရှင်းမျက်နှာက အရောင်တွေ လျော့ကျသွားတယ်။ တစ်အောင့်နေတော့ သူကခပ်တိုးတိုးပြောတယ်။ "အဲနေ့က မိစ္ဆာတစ္ဆေတွေက သူတို့ကို တစ်ပြိုင်နက် ဖမ်းမိခဲ့တယ်၊ ကျွန်တော် ရောက်သွားချိန် မှိုရဲ့ဝိညာဉ်က မျိုခံလိုက်ရပြီ" သူက ခေါင်းကိုမော့ကာ ရှန်းရင် ကိုင်ထားတာခံနေရဆဲ ကျီလင်းဝိညာဉ်ကို ကြည့်ပြီး ဆက်ပြောတယ်။

"ကျွန်တော် ရှောင်လင်းဝိညာဉ်ကို ကယ်ခဲ့ပြီး သူမကိုယ်ကလည်း ဝါးမျိုခံလိုက်ရပြီဆိုတာ နားလည်ခဲ့ရတယ်၊ ကျွန်တော် လုပ်နိုင်တာက သူမဝိညာဉ်ကိုမှိုရဲ့ကိုယ်ထဲ ‌ဦးတည်ပေးဖို့ပဲရှိတော့တယ်"

သူက ဒူးထောက်ဖို့ ကြိုးစားတယ်။ ကူယွဲ့ကို မျက်နှာချင်းဆိုင်ကာ သူကပြောတယ်။

"ဆရာ တပည့်က အသက်တစ်ချောင်းကို ကယ်ဖို့ စိတ်လောနေတဲ့အခိုက်မှာလုပ်မိတာပါ၊ ကျွန်တော် စိုးရိမ်မိတာက... ကျီလင်းကို အထင်လွဲမှာကိုပဲ၊ အဲဒါကြောင့် ကျွန်တော် ဘာမှမပြောခဲ့တာ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဆရာ"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဝင်ပူးတာက ကိစ္စသေးသေးလေး မဟုတ်ပေမဲ့ အခြေအနေကို ကြည့်ရင်တော့ သူ့မှာ မှိုကိုယ်ကို ဝင်ပူးဖို့ကလွဲ မရှိဘူး။ မဟုတ်ရင် ကျန့်ရှင်းက နှစ်ယောက်လုံးကို ကယ်တင်နိုင်ခဲ့လောက်မှာ မဟုတ်။ ကူယွဲ့တောင် သူက မှားတယ်လို့မပြောရဲ။

ဒါပေမဲ့...။

"ဟုတ်လား" ရှန်းရင်က ရုတ်တရက် ပြောလာတယ်။ "မှို တကယ်သေပြီလား"

သူတို့အားလုံး တန့်သွားတယ်။ သူမ ဘာဆိုလိုတာလဲ။

ရှန်းရင်က ရုတ်တရက် တခြားလက်တစ်ဖက်ကို မြှောက်ကာ ကျီလင်းနဖူးကို လှမ်းထိလိုက်တယ်။

"ရှင်ဘာလုပ်နေတာလဲ၊ ရပ်"

ကျီလင်းက အော်ဟစ်တယ်။ သူမ ရုန်းပေမဲ့ ဘယ်လောက်ကြိုးစားကြိုးစား ရှန်းရင်ဖမ်းဆုပ်ထားမှုကနေ မလွတ်မြောက်နိုင်ဘူး။ နောက်အခိုက်အတန့်မှာ စူးရှတဲ့နာကျင်မှုက သူမကိုယ်တစ်လျှောက် ဖောက်ထွင်းလာပြီး အရင်ကတိုက်ခိုက်မှုထက်တောင် ပိုညှင်းဆဲနေတယ်။ စောနက သူမဝိညာဉ် ပြိုကွဲလာတာ ခံစားခဲ့ရပေမဲ့ ဒီတစ်ကြိမ်က တစ်ယောက်ယောက်က သူမကို အပိုင်းပိုင်း ဆုတ်ဖြဲနေသလိုပဲ။

ရှန်းရင်က တကယ်ပဲ သူမဝိညာဉ်ကို အပိုင်းပိုင်း ဆုတ်ဖြဲနေတာ။ သူမက လက်တစ်ဖက်စီမှာ ကျီလင်းရဲ့ဝိညာဉ် တစ်ဖက်စီကို ဆုပ်ကိုင်ပြီး ဖြဲဆုတ်တော့တယ်။

"အား... ကယ်ပါ ကယ်ကြပါ... အစ်ကိုကြီး"

"ရှောင်လင်း" ကျန့်ရှင်း ထရပ်ဖို့ အကောင်းဆုံးကြိုးစားကာ သူတို့ဆီ ပြေးဖို့လုပ်ပေမဲ့ ထရပ်ဖို့တောင် အားမရှိ။ သူလုပ်နိုင်သမျှက ရှန်းရင် အညှာအတာကင်းမဲ့စွာနဲ့ ကျီလင်းဝိညာဉ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်တာကို ကြည့်နေရုံပဲရှိတယ်။

ဖောက်ထွင်းမြင်ရတဲ့ ကိုယ်ခန္ဓာက စက္ကန့်နဲ့အမျှ ပိုပိုပြီးတောင် ထိုးဖောက်မြင်လာရတယ်။ အခုဆို ဝိညာဉ်နှစ်ခု ရှိသွားပြီ။ တစ်ဝက်က ကျီလင်းနဲ့တူပေမဲ့ နောက်တစ်ခြမ်းက...။

"မှို" ဖက်တီးက အော်တယ်။

လူတိုင်း ကျန့်ရှင်းအပါအဝင် မယုံကြည်နိုင်စွာ ကြည့်နေတယ်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မှိုရဲ့ဝိညာဉ်က ဘာလို့ ကျီလင်းနဲ့ ဆက်စပ်နေတာလဲ။

ဖက်တီးက ရှေ့တိုးကာ ရှန်းရင်ညာဘက်လက်က ဖောက်ထွင်းမြင်ရလုနီးပါးဝိညာဉ်ကို ချီရင်း ခေါ်ပေမဲ့ ပြန်ထူးသံမရှိ။ "ဒါဘယ်လိုဖြစ်တာလဲ"

"သူက သူ့မူလဝိညာဉ်ကို ဆုံးရှုံးခဲ့ရတာ၊ ဒါက သူမဝိညာဉ်အပိုင်းတစ်ပိုင်းသာသာပဲ" ကူယွဲ့က ရှင်းပြတယ်။ သူ မှိုရဲ့ဝိညာဉ်ကိုတစ်ချက်ကြည့်ရုံနဲ့ နားလည်သွားပြီ။ မူလဝိညာဉ် မရှိတဲ့ ဝိညာဉ်တစ်ခုက အသိစိတ်မရှိဘူး။ အဲဒါကြောင့် ကျီလင်းရဲ့ ဝိညာဉ်အပိုင်းက မတုံ့ပြန်တာပဲ။

...

အခန်း ၅၃၀ ။ ကျီလင်းသေဆုံးမှု

ကူယွဲ့က ‌ရှန်းရင်လက်ထဲ အော်ဟစ်နေဆဲ ကျီလင်းကို လှည့်ကြည့်လိုက်တယ်။

"မင်းက တမင် မှိုရဲ့ဝိညာဉ်တစ်ပိုင်းကို မျိုခဲ့တာပဲ" မှိုရဲ့အဲအပိုင်းမှာက သူမမှတ်ဉာဏ်အချို့ ပါဝင်လောက်သေးတယ်။ အဲဒါကြောင့် ကျီလင်းက အချိန်အကြာကြီး ဖုံးကွယ်ထားနိုင်တာနေမှာ။ ဖက်တီးတောင် သူမက မှိုမဟုတ်တာ မပြောနိုင်ဘူး။ ဒါကလည်း ကူယွဲ့ဘာကြောင့် ကျီလင်းဝင်ပူးတာကို မပြောနိုင်တာ ဖြစ်ရမယ်။

"မှိုက မိစ္ဆာတစ္ဆေဝါးမျိုခံရတာမဟုတ်ဘဲ သူ့ကို တိုက်ခိုက်ခဲ့သူကမင်းပဲ"

"မဟုတ်ဘူး... ငါမသိဘူး ငါမသိဘူး" ကျီလင်းက ရုန်းကန်ကာအော်ဟစ်တယ်။ သူမ ဆွဲဖြဲခံရလို့ နာကျင်မှုကြောင့် အော်ဟစ်ညည်းတွားနေတာလား ဒါမှမဟုတ် ဖော်ခံလိုက်ရလို့ အပြစ်ရှိစိတ်နဲ့ လူးလှိမ့်နေတာလား သူတို့မပြောနိုင်တော့ဘူး။ သူမက ကူကယ်ရာမဲ့စွာ ထစ်ငေါ့ပြောတော့တယ်။

"ငါပြန်လာချင်ရုံပါ၊ ငါပြန်လာချင်ရုံပါ"

လူတိုင်း ကျီလင်းကို မယုံကြည်နိုင်စွာကြည့်ရင်း အမူအရာတွေက မည်းနက်ကုန်တယ်။ သူမက မှိုရဲ့ကိုယ်ခန္ဓာကို တမင်ဝင်ပူးခဲ့တာပဲ။ ဆိုလိုတာ ပိုပြီးရှင်းပြနိုင်တဲ့ တခြား "တိုက်ဆိုင်မှု" တွေ အများကြီး ရှိသေးတယ်။ သူမရဲ့ဝိညာဉ်က ဒီကမ္ဘာပေါ် သူမရဲ့ကိုယ်ခန္ဓာမရှိဘဲ ဆက်ပြီးကျန်ရစ်နေခဲ့တဲ့ အချက် အပါအဝင်ပေါ့။ သူတို့တွေ တွေ့ကြုံခဲ့ရတဲ့ အရာအားလုံးကို ပြန်စဉ်းစားကြတော့တယ်။ သူတို့ သူမ တစ်ချိန်လုံး တောင်အောက်မှာ ရှိနေခဲ့တဲ့အချက်ကို မတွေးဘဲမနေနိုင်ဘူး။ ချွီဟွမ်မြို့က မဝေးဘူး။ ဖြစ်နိုင်တာ အစတည်းက သူမ... ရုတ်တရက် ထိတ်လန့်မှုလှိုင်းတစ်ခုက အုပ်စုထဲပျံ့သွားခဲ့တယ်။

ကျန့်ရှင်းတောင် ဖြူဖျော့သွားတယ်။ သူ့ကြည့်ရတာ လုံးဝကိုထိတ်လန့်နေတဲ့ပုံ။

ကူယွဲ့အကြည့်က ငုံ့သွားခဲ့တယ်။ သူက လက်ကိုမြှောက်ကာ ကျီလင်းဝိညာဉ်ပတ်လည်မှာ ရစ်တွယ်နေတဲ့ ကျန်ရစ်နေတဲ့အသက်ကို ဖျောက်ဖျက်လိုက်တယ်။ သူမရဲ့ကြည်လင်နေတဲ့‌ဝိညာဉ်က ဖြည်းဖြည်းချင်း မည်းလာတယ်။ အဲဒါ... တစ္ဆေချီပဲ

သူမက သက်ရှိဝိညာဉ် မဟုတ်တော့ဘူး - ခု တစ္ဆေအစစ် ဖြစ်သွားပြီ။ သူ ပြန်လည်ဝင်စားမှု အင်းကွက်တစ်ခုကို ပြင်ကာ ရှန်းရင်ဘက်လှည့်လိုက်တယ်။ "သူ့ကိုသံသရာဆီ ပို့လိုက်"

ရှန်းကင် မျက်မှောင်ကြုတ်လိုက်တယ်။ သူမ တင်းတင်းဆုပ်ကိုင်လိုက်တော့ ကျယ်လောင်တဲ့အက်ကွဲသံကို ကြားလိုက်ရတယ်။ နောက်တော့ ရှန်းရင်က ဝိညာဉ်ကို ပြန်လည်ဝင်စားမှုအင်းကွက်ထဲ ပစ်ထည့်လိုက်တယ်။ ကျီလင်းက မှိုရဲ့ဝိညာဉ်တစ်ပိုင်းကို မျိုချပြီးတည်းက သူမရဲ့ကိုယ်ပိုင်ဝိညာဉ်အစိတ်အပိုင်းတစ်ခုကို ပျောက်ဆုံးထားတာပဲဖြစ်ရမယ်။ အခု ရှန်းရင်က မှိုဝိညာဉ်ကို ကျီလင်းဆီကနေ ခွဲထုတ်လိုက်ပြီဆိုတော့ ကျီလင်းရဲ့ဝိညာဉ်က အပြည့် မဟုတ်တော့ဘူး။ ပြီးတော့ ကျိုးပဲ့နေတာ။ သူမ သံသသရာထဲဝင်ရင်တောင် အပြည့်အဝအဖြစ် ဘယ်တော့မှ ပြန်လည်မွေးဖွားလာတော့မှာ မဟုတ်ဘူး။ သူမက အမြဲတစ်ခုခု လစ်ဟင်းနေတော့မယ်။

ကူယွဲ့ သက်ပြင်းချလိုက်တယ်။ သူ ဖက်တီးဘေးက မှိုရဲ့ဝိညာဉ်အပိုင်းဘက် လှည့်ကြည့်မိတယ်။ သူမက ပိုတောင် သနားစရာကောင်းသေးတယ်။ ကျန်ခဲ့သမျှက သူမဝိညာဉ်ရဲ့ ဒီသေးငယ်တဲ့ အစိတ်အပိုင်းလေးပဲ။ ကူယွဲ့ သူမ ပြန်လည်ဝင်စားခွင့်ရဖို့ သံသရာကို ဘယ်နှစ်ကြိမ်လောက် ဖြတ်သန်းရမလဲဆိုတာ ခန့်မှန်းကြည့်ရုံပဲ တတ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့မူလဝိညာဉ်ကတောင် မိစ္ဆာတစ္ဆေရဲ့ ဝါးမျိုမှုကို ခံခဲ့ရတာလေ...။

ခဏနေပါဦး

မိစ္ဆာတစ္ဆေလား

ကူယွဲ့တန့်သွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို ပြန်သတိရသွားတယ်။ "ရှန်းရင် အရင်က မိစ္ဆာတစ္ဆေရဲ့ အကြွင်းအကျန်ဝိညာဉ် ဘယ်မှာလဲ"

ရှန်းရင် အူကြောင်ကြောင် ကူယွဲ့ကိုစိုက်ကြည့်နေပြီးမှ တစ်ခဏကြာတော့ သူမကပြောတယ်။

"အော် ဒီမှာ" သူမက သိုလှောင်အိတ်ထဲကနေ အရင်ကရထားတဲ့အဆောင်ကို ထုတ်ကာ ဖျက်ဆီးလိုက်ပြီး အကြွင်းအကျန်ဝိညာဉ်ကို လွှတ်ပေးလိုက်တယ်။ အနီရောင်အလင်းလုံးတစ်ခုက အဆောင်ထဲကနေ မျောလွင့်လာပြီး တစ္ဆေချီထုတ်နေတဲ့ ပြီးပြည့်စုံတဲ့ စက်ဝိုင်းခြမ်းသဏ္ဌာန်တစ်ခု ဖြစ်လာတယ်။ လပိုင်းအတွင်းမှာတင် အကြွင်းအကျန်ဝိညာဉ်က ကြီးထွားလာပြီ။ ထူးဆန်းတာက ဒီအကြွင်းအကျန်ဝိညာဉ်က ထွက်ပြေးဖို့မကြိုးစား။ အဲအစား ရှန်းရင်ရှေ့ နာနာခံခံနေနေတယ်။

ကူယွဲ့ စောင့်ကြည့်ရင်း အကြွင်းအကျန်ဝိညာဉ်က မိစ္ဆာ‌တစ္ဆေတွေရဲ့ အငြိုးအတေးချီတွေ ဖုံးနေတာတွေ့လိုက်ရတယ်။ မှိုရဲ့ အရှိန်အဝါလုံးဝမရှိ။ သူ မှား‌တာဖြစ်နိုင်လား။

သူ ဒါကိုစဉ်းစားနေတုန်းရှိသေး ရှန်းရင်က လက်ကောက်ဝတ်ကိုလှည့်ကာ အနီရောင်စက်ဝိုင်းခြမ်းကို ယိချင်းရှေ့ ပစ်ပေးလိုက်တယ်။ "စားဖိုမှူး၊ မီး"

"ဟုတ်ကဲ့ဆရာ"

တုံ့ဆိုင်းမှုမရှိဘဲ ယိချင်းက လက်ကောက်ဝတ်ကိုလှည့်ကာ ဇာမဏီမီးတောက်စစ်ကို ထုတ်လိုက်တယ်။ ဇာမဏီမီးတောက်စစ်ရဲ့ မီးတောက်တွေက အကြွင်းအကျန်ဝိညာဉ်ကို ဝိုင်းသွားတာမို့ အငြိုးအတေးချီအားလုံး ပျောက်ဆုံးသွားတယ်။ တစ္ဆေချီတောင် ရှင်းထုတ်သွားတယ်။ ယိချင်း မီးတောက်ကို ပြန်ရုတ်လိုက်တော့ နဂိုက အနီရောင်အကြွင်းအကျန်ဝိညာဉ်ဟာ အဖြူရောင်အဖြစ် ပြောင်းလာပြီး လူအသွင်ကိုဖြည်းဖြည်းချင်းယူလာတယ်။

"မှို" ဖက်တီးက ပျော်ရွှင်စွာအော်လိုက်တယ်။ သူက မှိုကိုမှတ်မိတဲ့ပထမဆုံးသူပဲ။

ဘယ်သူမှ မိစ္ဆာ‌တစ္ဆေရဲ့အကြွင်းအကျန်ဝိညာဉ်က မှိုရဲ့မူလဝိညာဉ် ပါနေမယ်မထင်ခဲ့ဘူး။ ကူယွဲ့ စိတ်သက်သာရာ ရသွားတယ်။ မိစ္ဆာတစ္ဆေရဲ့ အကြွင်းအကျန်ဝိညာဉ်က မိစ္ဆာတစ္ဆေ သေပြီးတဲ့နောက် ရှန်းရင်ဆီ ပြေးလာတာ မထူးဆန်းတော့ဘူး။ ထွက်ပြေးဖို့ ကြိုးစားနေတာမဟုတ်ဘဲ မှိုရဲ့ မူလဝိညာဉ်က ရှန်းရင်ကို အပြေးအကူအညီ လာတောင်းတာပေါ့။

သူက ချက်ချင်း မှိုရဲ့ဝိညာဉ်တစ်ပိုင်းကို ဖက်တီးလက်ထဲက အကြွင်းအကျန်ဝိညာဉ်ဆီ ဆက်သွယ်လိုက်တယ်။ နောက်တော့ ပေါင်းစပ်ထားတဲ့ဝိညာဉ်ကို မှိုကိုယ်ထဲပြန်ထည့်ပေးလိုက်တယ်။ တစ်အောင့်နေတော့ မှိုက မျက်လုံးဖွင့်ကာ ဖက်တီးကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေတယ်။

"ဟွေ့ကျယ်လား" တစ်ခုခုကို သတိရသွားသလိုမျိုး မှိုကကြောက်လန့်လာတယ်။

"မင်းအခုအဆင်ပြေပါပြီ၊ ခုအဆင်ပြေပါပြီ" ဖက်တီးက သူမကိုနှစ်သိမ့်ပေးတယ်။ သူက မသေမျိုးချီ အနည်းငယ်ကို အသက်သွင်းကာ သူမကိုယ်ထဲ ထည့်ပေးလိုက်တယ်။ မကြာခင်မှာ သူမက ငြိမ်ကျသွားခဲ့တယ်။ သူမမျက်ခွံတွေ လေးလံလာပြီး ဖြည်းဖြည်းချင်း မေ့မျောသွားတယ်။ သူမမူလဝိညာဉ် ကပြန်ရောက်လာပြီဆိုပေမဲ့ ဝိညာဉ်ရဲ့ တခြားအစိတ်အပိုင်းတွေ အများကြီးကို ဆုံးရှုံးခဲ့ရတယ်။ သူမ ဒီစက္ကန့်ပိုင်းလောက် ပြန်သတိရဖို့ဆိုတာတောင် မလွယ်ကူလှဘူး။ ဒါပေ မဲ့သူမမူလဝိညာဉ်က ကိုယ်ထဲပြန်ရောက်ပြီဆိုတာနဲ့ ဝိညာဉ်ရဲ့တခြားအစိတ်အပိုင်းတွေကို ပြန်လည်ရရှိလာလိမ့်မယ်။

ကူယွဲ့ မှိုကို လှမ်းကြည့်ကာ နောက်တော့ နေရာမှာရှိနေဆဲ ကျန့်ရှင်းဘက် မျက်နှာချင်းဆိုင်လိုက်တယ်။ သူ့ဆီကို လျှောက်သွားရင်း အမူအရာက နောက်တစ်ကြိမ် မည်းမှောင်လာပြန်တယ်။

"ဆ... ရာ" ကျန့်ရှင်းအမူအရာက ရှုပ်ထွေးနေတယ်။ သူ့ကြည့်ရတာ ခုလေးတင် မြင်လိုက်ရတဲ့အရာအပေါ် လက်ခံနိုင်ပုံမပေါ်သေး။ သူ့မျက်လုံးတွေထဲ ဇဝေဇဝါဖြစ်မှု၊ ကူကယ်ရာမဲ့မှုနဲ့ ကြံရာမရဖြစ်မှုတွေရှိနေတယ်။

"ကျန့်ရှင်း မင်းအမှားကိုသိရဲ့လား" ကူယွဲ့ ကျန့်ရှန်းကိုစိတ်ပျက်လက်ပျက်ကြည့်လိုက်တယ်။ ဒီနှစ်တွေမှာ ကျန့်ရှင်းက သူ အားထုတ်ခဲ့ဆုံး တပည့်ပဲ။ သူက အထူးချွန်ဆုံးတပည့် မဖြစ်နိုင်ပေမဲ့ ကူယွဲ့ သူ့အတွက် မျှော်လင့်ချက်အမြင့်‌ဆုံး ထားခဲ့တာ။ ကူယွဲ့သူ့ပေါ်ထားတဲ့ မြင့်မားတဲ့ မျှော်လင့်ချက်တွေကြောင့် သူခံစားရတဲ့ စိတ်ပျက်မှုကလည်းမြင့်လှတယ်။

"ဆရာ..." ကျန့်ရှင်းက ပိုပိုသွေးပျက်လာတယ်။ "ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဆရာ၊ ရှောင်လင်းက... အဲလိုမျိုးအရာ လုပ်မယ်ဆိုတာ မသိခဲ့ဘူး"

တခြားတပည့်သုံးယောက်က ဒူးထောက်ကာ ကျန့်ရှင်းကိုယ်စားတောင်းပန်ပေးကြတော့တယ်။

"ကြီးမြတ်တဲ့ဆရာ၊ ဆရာဦးလေးကျန့်ရှင်းက ကျီလင်းရဲ့အစ်ကိုပါ၊ ဒါပေမဲ့ သူမ ဘာလုပ်ခဲ့လဲဆိုတာ မသိခဲ့ရှာဘူး၊ သူ့ကိုလည်း အပြစ်ကင်းတယ် သတ်မှတ်လို့ရပါတယ်"

"ဟုတ်ပါတယ် ကြီးမြတ်တဲ့ဆရာ၊ သူ မသိဘူးဆိုရင် အပြစ်တင်ခံရဖို့မသင့်ပါဘူး၊ ကျီလင်းက အရင်အဲလိုမဟုတ်ဘူးလေ၊ သူ တမင် မှိုကို ဝင်စီးမယ်လို့ ဘယ်သူမှမခန့်မှန်းမိခဲ့ကြဘူး"

"ကြီးမြတ်တဲ့ဆရာ၊ သူတစ်ခါ ချွတ်ချော်သွားပေမဲ့ ကျေးဇူးပြုပြီး သူ စိတ်ရောကိုယ်ပါနှစ်ကာ အဲမိစ္ဆာတစ္ဆေကို နှိမ်နင်းခဲ့တာကိုထောက်ထားပြီး ဒီတစ်ကြိမ်လေးတော့ ခွင့်လွှတ်ပေးလိုက်ပါ"

ဖက်တီးတောင် မျက်မှောင်ကြုတ်ကာ ထပ်ပြောတယ်။

"ဆရာ၊ ကျီလင်းကို ဖြေရှင်းပြီးပြီဆိုတော့ မှိုက ရသင့်ရထိုက်တဲ့ တရားမျှတမှုရသွားပြီပဲ" ကျန့်ရှင်းက ဘယ်လိုပဲဖြစ်ဖြစ် ကူယွဲ့ အများကြီး အားထုတ်လေ့ကျင့်ပေးခဲ့တဲ့ တစ်ဦးတည်းသောဓားကျင့်ကြံသူကိုး။ ပြီးတော့ သူက အခုကိုယ်ပိုင်ဂိုဏ်းထူထောင်ဖို့ တောင်အောက် မကြာခင်ဆင်းရတော့မှာ။ ဖက်တီးလည်း မှိုဖြစ်ခဲ့တဲ့ကိစ္စအပေါ် ဒေါသထွက်ပေမဲ့ ကူယွဲ့အားထုတ်မှုအားလုံး ရေစုန်မျောသွားမှာမကြည့်ရက်ဘူး။

ကူယွဲ့ အမူအရာက ခုအရမ်းကို မည်းနက်နေပြီ။ သူက ယပ်တောင်ကို တင်းတင်းဆုပ်ကာ အသင်ပြင်းပြင်းရှူပြီး ရှန်းရင်နဲ့ ယိချင်းဘက် လှည့်လိုက်တယ်။ "မင်းတို့ ဘယ်လိုထင်လဲ"

စားဖိုမှူးက ဘာမှမပြော။ သူ့အမူအရာကနေ သူဒေါသထွက်နေသေးတာ သိသာတယ်။ သူက မှိုနဲ့ပတ်သက်ပြီး သိပ်စိုးရိမ်တာ မဟုတ်ပေမဲ့ ယိချင်းမျက်လုံးထဲ ရှန်းရင်ကို တိုက်ခိုက်ရဲသူဘယ်သူမဆို သတ်ခံရသင့်တယ်။

တစ်ဖက်မှာတော့ ရှန်းရင်က ကူယွဲ့ကို ခေါင်းမော့ကြည့်ကာ တစ်အောင့်နေတော့ ဖြေတယ်။

"ကိုယ့်ဘာသာဆုံးဖြတ်ပါ၊ တခြားသူတွေရဲ့ အထင်အမြင်ကိုနားမထောင်နဲ့၊ ငါအပါအဝင်ပေါ့"

ကူယွဲ့ တုံ့ဆိုင်းသွားပြီး သူ့အမူအရာက နူးညံ့သွားကာ မြေကြီးပေါ်ကလူဘက် လှည့်လိုက်တယ်။ သူက တစ်လုံးချင်း သေချာဖိပြောတယ်။ "ကျန့်ရှင်း၊ ကျီလင်းကို မှိုဆီ ဝင်စီးဖို့ ကူညီခဲ့တာကလွဲ မင်း သူ့ရဲ့အကောက်ကြံစည်မှုနဲ့ တကယ်ဘာမှမပတ်သက်ခဲ့ဘူးလား"

ကျန့်ရှင်းက တုံ့ဆိုင်းသွားကာ နောက်တော့ ခေါင်းညိတ်တယ်။ "တပည့် တကယ်ပဲ ဘာမှမသိတာပါ"

"ကျန့်ရှင်း..." ကူယွဲ့ အသက်ပြင်းပြင်းရှူကာ လေးလေးပင်ပင် သက်ပြင်းချလိုက်တယ်။ သူ လက်မလွှတ်နိုင်သေးတဲ့ တစ်စုံတစ်ခုရှိပုံပဲ။ "မင်း တကယ် ငါ့ကိုစိတ်ပျက်စေခဲ့ပြီ"

ကျန့်ရှင်းက သွေးပျက်စ ပြုလာတယ်။ သူခုလေးတင် အရမ်းအရေးကြီးတဲ့အရာကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ခါမချနိုင်ဘူး။ ချက်ချင်း သူက ကူယွဲ့ဝတ်ရုံလက်ကို လှမ်းဆွဲတော့တယ်။

"ဆရာ..."

…

အခန်း ၅၃၁ ။ တပည့်နောက်တစ်ယောက် ထပ်မောင်းထုတ်ခြင်း

ကူယွဲ့ ခြေတစ်လှမ်း နောက်ဆုတ်ကာ လက်ကိုခါထုတ်လိုက်တယ်။ "ဒီအဆင့်မှာတောင် မင်းက နောင်တရချင်စိတ် မရှိသေးဘူးလား၊ မင်းက ကျီလင်းရဲ့ ကြံစည်မှုအကြောင်း မသိဘူးလို့ပြောခဲ့ပေမဲ့ ဘာလို့ အဲတုန်းက မိ‌စ္ဆာတစ္ဆေကို ဖျက်ဆီးဖို့ အသည်းအသန် လုပ်နေခဲ့ရတာလဲ၊ မင်း သူ့ရဲ့ အကြွင်းအကျန်ဝိညာဉ်ကိုတောင် နောက်မှာ ချန်မထားခဲ့ချင်ဘူးလေ" ရှန်းရင် စောနက မိစ္ဆာ‌တစ္ဆေရဲ့ အကြွင်းအကျန်ဝိညာဉ်ကို ဖမ်းဆုတ်လိုက်ချိန် ကျန့်ရှင်းက လုံးဝ ဖျက်ဆီးဖို့အကြံပြုခဲ့တယ်။

"ကျွန်တော်..." ကျန့်ရှင်းက ဖြူဖျော့သွားတယ်။ သူတခြား ဘာမှမပြောနိုင်တော့ဘူး။

"မင်းက ကျင့်ကြံသူ၊ မင်း မိစ္ဆာတစ္ဆေတွေကို ရင်ဆိုင်ဖို့ သင့်တော်တဲ့နည်းလမ်းက သူတို့ကို သံသရာဆီ ပို့ဖို့ဆိုတာ နားလည်သင့်တယ်၊ ဒါပေမဲ့ မင်းမလုပ်ခဲ့ဘူး" ကူယွဲ့ ခပ်ဩဩ ရေရွတ်ကာ ကျန့်ရှင်းရဲ့ အ‌တွင်းစိတ်ကို ဖော်လိုက်တယ်။ "မင်းရဲ့ကျင့်ကြံဆင့်နဲ့ဆို တစ္ဆေဘုရင်တစ်ဝက်က ဒီလောက် အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်မှာမဟုတ်ဘူး၊ မင်းက သူ့ကို အဆုံးစွန်ထိ တွန်းမပို့သရွေ့ပေါ့၊ အဲတော့မှ ဝိညာဉ်တစ်ခုက ဘယ်နည်းနဲ့ဖြစ်ပါစေ မင်းကိုအလဲဖြိုဖို့ကြိုးစားမှာလေ"

"..." ကျန့်ရှင်းက တိတ်ဆိတ်နေပေမဲ့ သူ့တစ်ကိုယ်လုံး တုန်ယင်စ ပြုလာတယ်။

"မင်း ကျီလင်းရဲ့အကြံကို မသိဘူးပြောတော့ ငါယုံခဲ့တယ် ဒါပေမဲ့ မင်း သူ့ကို မှိုရဲ့ကိုယ်ကို ဝင်ပူးဖို့ကူညီပေးချိန် အမှန်ကိုနားလည်ခဲ့ရမှာပေါ့၊ ဒါပေမဲ့ အဲမိစ္ဆာတစ္ဆေကို အပြီးပိုင် ဖျက်ဆီးဖို့ ရွေးခဲ့သေးတယ်"

ကူယွဲ့က ကျန့်ရှင်းရဲ့ မျက်လုံးတွေကို တန်းတန်းမတ်မတ် ကြည့်လိုက်တယ်။ "မင်း မိစ္ဆာတစ္ဆေကို ရှင်းထုတ်ဖို့လား၊ ဒါမှမဟုတ် ကျီလင်းအတွက် ကာပေးဖို့လုပ်ခဲ့တာလား"

ကျန့်ရှင်းက ယိမ်းယိုင်သွားကာ ကြမ်းပြင်ပေါ် အရှုံးပေးထိုင်ချ‌လျက်သား။

"မင်း အမှားလုပ်ခဲ့ပေမဲ့ တကယ်လို့ မင်းကိုယ်မင်း ရှင်းပြဖို့ အရင်စလုပ်ခဲ့ရင် ငါ မင်းကို လွှတ်ပေးဖို့ စဉ်းစားဦးမှာ" ကူယွဲ့ မျက်လုံးကိုပိတ်ကာ ပင်ပန်းနေတဲ့အသံနဲ့ ပြောတယ်။

"ကျန့်ရှင်း... မင်း ငါ့ကို တကယ်စိတ်ပျက်စေခဲ့ပြီ"

"ဆရာ..." ကျန့်ရှင်းက ‌ကူယွဲ့ကိုမော့ကြည့်ကာ ရှုပ်ထွေးနေတယ်။

"‌ဒါဆို ကျွန်တော့်ကိုသင်ပေးလေ၊ ကျွန်တော် ဘာလုပ်ရမလဲ၊ သူက ကျွန်တော့်ညီမ - ကျွန်တော့်တစ်ဦးတည်းသော မိသားစုဝင်၊ ကျွန်တော် သူ့ကို ကယ်ဖို့ တစ်ခုခုမလုပ်ရင် ကျွန်တော်က သူလေလွင့်ဝိညာဉ် ဖြစ်လာမှာကို ဘေးကနေ ဒီတိုင်းထိုင်ကြည့်နေရမှာလား"

"အဲဒါကြောင့် မင်းက မှိုကို သူ့ဝိညာဉ် ဆုံးရှုံးခိုင်းဖို့ ဆန္ဒရှိတယ်ပေါ့"

ကျန့်ရှင်းက ခေါင်းကြောမောနေတာများ သူ လုပ်တာမှန်တယ်ဆိုပြီး စိတ်ရင်းနဲ့ကို ယုံနေတဲ့ပုံပဲ။ သူကပြုံးတယ်။

"လူတိုင်းမှာ သူတို့ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေရှိကြတယ်၊ ကျွန်တော်က ကျွန်တော့်ညီမကို ကူညီဖို့ရွေးခဲ့တယ် - အဲဒါမှားလား၊ ဒီလောကမှာ မှန်တာမှားတာ မရှိဘူး၊ မတူညီတဲ့ရပ်တည်ချက်တွေပဲ ရှိတာ၊ ပြီးတော့ ရှောင်လင်း ဖြစ်သွားတဲ့ပုံအတွက် ဆရာက တာဝန်နည်းနည်း ယူသင့်တယ်မဟုတ်လား"

"မင်း ဘာပြောတာ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"ကျွန်တော်မှားလား" ကျန့်ရှင်းက ထေ့ငေါ့ပြောလေတယ်။

"ဆရာက သူ့ကို ဒီအမတဂိုဏ်းထဲ လက်ခံခဲ့ပြီး သူသိတဲ့အပြင်ဘက်က လောကကြီးအကြောင်း သင်ခွင့်ပေးခဲ့တယ်၊ နောက်တော့ သူ့ကိုဘေးကန်ထုတ်ခဲ့တယ်၊ သူ အငြိုးထားတဲ့အတွက် ဘယ်လိုလုပ် အပြစ်တင်လို့ရမှာလဲ၊ သူလုပ်သမျှက သူပြန်လာနိုင်ဖို့အတွက်ပါပဲ၊ ဘယ်လိုလုပ် သူ့ကို အပြစ်ရှာနိုင်ရတာလဲ"

ကူယွဲ့က ပိုပြီးတောင် မျက်မှောင်ကြုတ်လိုက်တယ်။

"ဒီလောကကြီးထဲ ဘယ်သူ့မှာများ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက် မရှိဘဲနေလဲ"

ကျန့်ရှင်းက ပြောလေ ပိုပေါက်ကွဲလာလေပဲ။ သူ နောက်ဆုံး‌တော့ နှစ်ပေါင်းများစွာ မျိုသိပ်ထားသမျှကို နောက်ဆုံးတော့ လွှတ်ချနေတဲ့အတိုင်းပဲ။

"ဆရာတောင်မှ အတူတူပဲ"

"ငါက ဒါတွေအားလုံးကို တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်သက်သက်နဲ့ လုပ်ခဲ့တယ်လို့ ပြောနေတာလား" ကူယွဲ့ ခြောက်ကပ်ကပ်ရယ်မိတယ်။ သူ ကျန့်ရှင်းအတွက် နောက်ဆုံးလက်ကျန် သနားစိတ်က ပျောက်သွားခဲ့ပြီ။

"မဟုတ်ဘူးလား" ကျန့်ရှင်းက ကူယွဲ့ငြင်းဖို့ကြိုးစားနေတာလို့ တွေးနေတယ်။ သူက ရှန်းရင်ကို လက်ညှိုးထိုးတယ်။

"သူက ဆရာ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက် မဟုတ်ဘူးလား၊ သူက တစ်ခုမှ မှန်အောင် မလုပ်နိုင်ဘူး၊ ဒါပေမဲ့ ဆရာ သူ့ကို ဘယ်လိုမဆိုကာကွယ်ပေးပြီး အကျိုးအမြတ်အားလုံး ပေးတယ်၊ သူ့ကို မကောင်းပြောတဲ့ ဘယ်သူ့ကိုမဆို သည်းမခံနိုင်ဘူး၊ ကျီလင်းက သူ့ကို အပြစ်ပြုတဲ့စကားတစ်ခွန်း ပြောမိတာကြောင့်နဲ့ ဆရာ သူ့ကိုဂိုဏ်းထဲ နှင်ထုတ်ခဲ့တယ်၊ ဆရာ ဒီမိန်းမကို ဝိညာဉ်အသီးမျိုးစုံ စားခွင့်၊ ဝိညာဉ်ဆေးပင်မျိုးစုံ ယူခွင့်ပေးတယ်၊ သူ့ကို အဆင့်မြင့်သားရဲတွေနဲ့ အတွင်းအမြုတေအားလုံးကို အနိုင်ကျင့်ခွင့်တောင် ပေးထားတယ်၊ ဒါပေမဲ့ ဂိုဏ်းထဲက ဆိုးဆိုးဝါးဝါးဒဏ်ရာရထားတဲ့ တပည့်တွေကိုတောင် အဲလိုတူညီတဲ့ အကျိုးအမြတ် မပေးဘူး၊ ဘာအတွက်လဲ၊ ဒါက ကိုယ့်တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေကြောင့်ပဲမဟုတ်လား"

ယိချင်းက ဆက်နားမထောင်နိုင်တော့ဘူး။ သူ ဓားကို ဆင့်ခေါ်လိုက်ပေမဲ့ ရှန်းရင်က သူ့ကို တားလာတယ်။ ဖက်တီးအမူအရာက ခုဆို အတော်လေးမည်းမှောင်နေတယ်။ ကူယွဲ့ဆို ပိုတောင်ဆိုးသေး။ ဒါပေမဲ့ တစ်ဖက်မှာတော့ ရှန်းရင်က လုံးဝစိတ်ထဲဘာမှမဖြစ်တဲ့ပုံ။ သူမက ခုလေးတင် စွပ်စွဲခံရတာ မဟုတ်သလိုမျိုး အသီးတွေကိုဆက်ကိုက်နေတယ်။

"ဆရာ သူမကို နှိုးမိမှာ ကြောက်တဲ့အတွက် မိစ္ဆာတစ္ဆေကိုတောင် လွှတ်ပေးလိုက်တာလေ၊ ဒါကြောင့် မြို့ထဲကလူတိုင်း အကြီးအကျယ် အန္တရာယ်ကျရောက်ကုန်တာ" ကျန့်ရှင်းက ဆက်ပြောပြီး မကျေမချမ်း ဖြစ်နေတယ်။ သူက ရှန်းရင်ဆီ အကြည့်ဓားမြှောင်တွေ ပစ်သွင်းနေတယ်။ "သူက ကျီလင်းကို ဖမ်းခံရအောင် လုပ်တဲ့သူပဲ၊ ကျွန်တော်မှားတယ်လို့ပြောရင် ဆရာလည်းအတူတူပဲ"

"မင်းပြောလို့ဝပြီလား" ကူယွဲ့ တိတ်ဆိတ်မှုက ကြောက်မက်စရာ။ သူ့နှုတ်ခမ်းထောင့်တွေက အပေါ်ကို ကော့တက်သွားတယ်။

"ဒါတွေက မင်းအတွေးမှန်တွေလား၊ ငါက ရှန်းရင်ကို ဘက်လိုက်လို့သက်သက် ကျီလင်းကို မောင်းထုတ်ခဲ့တယ်ထင်တယ်ပေါ့"

"ဟုတ်တယ်" ကျန့်ရှင်းက အသည်းအသန် ခေါင်းညိတ်တယ်။ "ဆရာသာ သူ့ကိုဘက်မလိုက်ရင် သူ့စွမ်းရည်နဲ့-"

"မင်း သူ့စွမ်းရည်တွေအကြောင်း တိတိကျကျ ဘယ်လောက်သိလို့လဲ၊ မင်းကိုယ်တိုင် မြင်ဖူးလို့လား"

ကူယွဲ့ ကြားဖြတ်ပြောလိုက်တယ်။

ကျန့်ရှင်း တန့်သွားကာ ကူယွဲ့ ပြောတာကိုနားမလည်။ ကူယွဲ့ ပိုပြီးတောင် ခပ်ကျယ်ကျယ်နဲ့ ‌အေးစက်စက်ပြုံးလိုက်တယ်။

"ငါမင်းကိုပြောပါရစေ - စားဖိုမှူး၊ ဖက်တီး၊ ငါနဲ့ ဒီအခန်းထဲကလူတိုင်းရဲ့ ပူးပေါင်းစွမ်းအားက ရှန်းရင်လက်တစ်ဖက်ရဲ့ စွမ်းအားနဲ့တောင် မယှဉ်နိုင်ဘူး" သူက နေရာကလူတိုင်းကို စေ့စေ့စပ်စပ် ကြည့်ကာ တစ်လုံးချင်းဖိပြောလိုက်တယ်။

"အဲဒါတင်မကဘူး၊ တကယ်လို့ သူသာ ဒီသေမျိုးတိုက်ကြီးထဲက လူတိုင်းကို သေစေချင်ရင် ဖြစ်အောင် တွေးလိုက်ရုံပဲ၊ မင်းတို့တွေ ဒါကို ငါ့တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်‌သက်သက်နဲ့ လုပ်နေတယ်များ တကယ်ထင်နေကြလား"

လူတိုင်း တောင့်တင်းကုန်တယ်။ ကျန့်ရှင်းတောင် လက်မခံနိုင်တဲ့ပုံ။

"ငါ သူ့ကို မနှိုးချင်တာက မင်းတို့ထဲကဘယ်သူမှ အဲဒါဖြစ်လာတာရဲ့ အကျိုးဆက်ကို တောင့်ခံနိုင်မှာ မဟုတ်လို့ပဲ သူက မင်းတို့ကို အေးအေးဆေးဆေး လွှတ်ထားပေးတာက သူ့ကျင့်ကြံဆင့်က နိမ့်နေလို့ မဟုတ်ဘူး၊ မင်းတို့ရဲ့ အစွမ်းတွေက နိမ့်လွန်းလို့ သူစိတ်ထဲကို မထားတာကြောင့်ပဲ"

"..."

"သူက နာမည်ခံသက်သက် ဂိုဏ်းချုပ်လို့များထင်နေလား"

"ဟင့်အင်း၊ မဖြစ်နိုင်တာ..." ကျန့်ရှင်းက ရှန်းရင်ကို မယုံကြည်နိုင်စွာ လှမ်းကြည့်တယ်။

"ဝိညာဉ်အသီးတွေ၊ ဝိညာဉ်ဆေးပင်တွေနဲ့ တခြားအရာတွေက ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ဘာဆိုင်လဲ၊ မင်းတို့ကိုယ်မင်းတို့ ဒီဆင်ခြေတွေ မပေးစမ်းနဲ့ မှိုက မိစ္ဆာလေးတစ်ကောင်သာသာမို့ ကျီလင်း အသက်ရှင်ဖို့က ပိုအရေးကြီးတယ် စဉ်းစားတာလား၊ ရှန်းရင်က သေမျိုးတစ်ယောက်သာသာမို့ သူ့အရင်းအမြစ်တွေကို မင်းတို့ဆီ ဝေမျှပေးသင့်တယ်လို့ တွေးနေတာလား၊ ဟမ့် အဆုံးမှာတော့ မင်းရဲ့အတွေးအခေါ်က မင်းလုပ်ချင် တာဘာမဆိုလုပ်ပြီး စိတ်ထားကောင်းသူကို အနိုင်ကျင့်ဖို့ ပေးတဲ့ဆင်ခြေသက်သက်ပဲ"

ကျန့်ရှင်းမျက်နှာမှာ မရေမတွက်နိုင်တဲ့ အကြိမ်ရေမြောက် အရောင်အသွေးတွေအားလုံး ပျောက်ဆုံးကုန်တယ်။ သူ့ကြည့်ရတာ သူ ကြီးမားတဲ့အမှားတစ်ခုခုကို ပြုလုပ်မိပြီလို့ တဖြည်းဖြည်း နားလည်လာတဲ့ပုံ။ သူ့ထဲက တစ်စုံတစ်ခုက ပြိုကွဲစပြုလာတယ်။

"ကျန့်ရှင်း..." ကူယွဲ့က သူ့ကိုလေးနက်တဲ့အမူအရာနဲ့ လှည့်မျက်နှာချင်းဆိုင်တယ်။

"မင်းမှန်တယ်၊ လူတိုင်းမှာ တကယ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေရှိတယ်၊ မင်းက မှိုကို လက်လျှော့ပြီး ကျီလင်းကို ကယ်ဖို့ရွေးခဲ့တယ်၊ ငါ အဲဒါက မှားတယ်လို့ သေချာပေါက် မပြောနိုင်ဘူး၊ ဒီလောကထဲ အမှန်နဲ့ အမှား မရှိဘူးလို့လည်း ပြောခွင့်ရှိတယ်၊ ဒါပေမဲ့... သေချာပေါက် ကောင်းတာနဲ့ ဆိုးယုတ်တာတော့ ရှိတယ်" သူက လက်‌ကိုမြှောက်ကာ ဂါထာတစ်ခု ပြောလိုက်တယ်။ "ငါ့ဝူတိဂိုဏ်းက နှလုံးသားထဲ မကောင်းတဲ့အတွေးတွေ ဖုံးကွယ်ထားတဲ့တပည့်တွေ မရှိဘဲ ဆောင်ရွက်နိုင်တယ်"

"ဟင့်အင်း... ဆရာ" ရှင်းပြမရတဲ့အကြောက်တရားက ကျန့်ရှင်းကို ဖြည့်ဆည်းသွားခဲ့တယ်။ သူ ချက်ချင်း ကူယွဲ့ဆီ တွားသွားလာဖို့ကြိုးစားတော့တယ်။

ဒါက ကူယွဲ့ကို မရပ်စေဘူး။ သူက ဂါထာတစ်ခု ကျန့်ရှင်းဆီ တန်းပစ်ကာ သူ့ဝိညာဥ်ကြောကို တန်းထိမှန်သွားတယ်။ ကျန့်ရှင်းကိုယ်ထဲက ဝိညာဉ်ချီတွေက လျင်မြန်စွာ ယုတ်လျော့လာတော့တယ်။ သူ့အသိစိတ်ထဲက နတ်ဝိညာဉ်ပါ လွင့်ပျောက်လာလေတယ်။ သူ့ရဲ့ငယ်ရွယ်တဲ့မျက်နှာက မျက်စိရှေ့တင် အသက်ရလာတာ ခုဆို သက်လတ်ပိုင်းလူတစ်ယောက်နဲ့ တူနေပြီ။

ကျန့်ရှင်းက သူ့လက်နှစ်ဖက်မှာ အရေတွန့်တွေ ဖုံးလွှမ်းလာလို့ အကြောက်တရားနဲ့ ကြည့်နေတယ်။

"ဆရာ..." သူက ဆက်တောင်းပန်ဖို့ ခေါင်းမော့တယ်။

ကူယွဲ့ သူ့နဖူးအလယ်ကို လက်နှစ်ချောင်းနဲ့ ထိလိုက်တယ်။ "ဒီတောင်ပေါ်က တာအိုလမ်းစဉ်တွေကို သင်ကြားခဲ့တဲ့အတွေ့အကြုံက ကျီလင်းကို ပြောင်းလဲစေခဲ့တယ်၊ ဒီမှတ်ဉာဏ်ကိုဖယ်ရှားလိုက်တော့”

ကျန့်ရှင်း မျက်လုံးတွေ ပြူးကျယ်ကုန်ပေမဲ့ တောင့်ခံဖို့ နောက်ကျသွားခဲ့ပြီ။ အမှောင်ထုကြီးက သူ့ကို လွှမ်းခြုံလာကာ မေ့မျောသွားတော့တယ်။

All Chapters