← Chapters

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း ၅၄၁ ။ မဟာတာအိုအဖွဲ့အစည်း

တခြားမျက်နှာပြင်တွေဆီ မတော်တဆဆွဲခေါ်ခံရသူတွေမှာ အသက်ရှင်သန်ဖို့ အခွင့်အရေး နည်းပေမဲ့ ခြွင်းချက်တွေတော့ အမြဲရှိတာပေါ့။ စီမံထိန်းသိမ်းသူတွေ၊ မျက်နှာပြင်လက်ထောက်တွေ ကူးပြောင်းနေတုန်း လမ်းကြောင်းမှားပြီး တခြားလူတွေအိမ်ထဲ ရောက်လာတဲ့ ကိစ္စတွေတောင်ရှိတယ်။

ဒီအချိန် စီမံထိန်းသိမ်းသူတွေက လူကို ပြန်ပို့ပေးရတာမို့ ဒါက အဲလူမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူနဲ့ တွေ့ဖို့ကို ရှောင်ဖို့က ခက်တယ်။ ဒီလိုကိစ္စတွေအများကြီးဖြစ်လာတော့ စီမံထိန်းသိမ်းသူအားလုံးက ဒါကို အတော်လေး အလုပ်ရှုပ်တယ်ထင်ကြတယ်။ ပြီးတော့ မျက်နှာပြင်တွေရဲ့ ကွဲပြားတဲ့တည်ရှိမှုပုံစံ အမျိုးမျိုးကြောင့် အထင်လွဲမှုတွေ၊ တိုက်ခိုက်မှုတွေက မကြာခဏဖြစ်ပွားတယ်။

ဒါကြောင့် တဖြည်းဖြည်း အချင်းချင်းရင်းနှီးတဲ့ စီမံထိန်းသိမ်းသူတွေက အဖွဲ့ဖွဲ့ဖို့ စုပေါင်းလုပ်ကိုင်ကြပြီး အဲဒါကတော့ အုပ်ချုပ်ရေးကော်မတီပေါ့။ တရားဝင် အုပ်ချုပ်သုမရှိ။ ဒါကတစ်ခုခုဖြစ်ချိန် အချင်းချင်း မကျူးကျော်ဘဲ အသိပေးဖို့သက်သက် ကော်မတီတစ်ခုပဲ။

"ခိုင်ထျန်း မတော်တဆ ငါ့အစ်မမျက်နှာပြင်ဆီ ရောက်လာချိန်ကလည်း အဲအုပ်ချုပ်ရေးကော်မတီနဲ့ အဆက်အသွယ်ရှိပြီး သူမကိုအသိပေးခဲ့လို့ လက်ထောက်အဖြစ် ရွေးခဲ့တာ" ရှန်းရင်က ဥပမာပြောပြပြီး ထပ်စဉ်းစားကာ ပြောတယ်။ "မျက်နှာပြင်ခွင့်ပြုချက်လို အရာမျိုးတွေကလည်း ကော်မတီက ထွင်ထားတဲ့ဟာပဲ"

ကူယွဲ့နဲ့ ယိချင်းမျက်နှာတွေက အဲ A4 စာရွက်အစုတ်ကို စဉ်းစားမိချိန် ချက်ချင်း မည်းနက်ကုန်ကြတယ်။ ဒီအုပ်ချုပ်ရေးကော်မတီက ဘယ်လောက်တောင် ပေါ့ပျက်ပျက်နိုင်ရတာလဲ။

"စီမံထိန်းသိမ်းသူတွေက အရမ်းအလုပ်များတာမို့ ခဏခဏတော့ မတွေ့ပါဘူး၊ စကားမစပ် ငါ ကျောင်းတက်တုန်းကတောင် အဖွဲ့အစည်းဆီကနေ ဆုရ‌ခဲ့သေးတယ်" အဲလိုပြောပြီး သူမက အလင်းမျက်နှာပြင်တစ်ခုကို ဖွင့်ကာ နှိပ်လိုက်တယ်။ နောက်တစ်စက္ကန့်မှာ ဘွဲ့လက်မှတ်က ချက်ချင်း မျက်နှာပြင်ကနေ ခုန်ထွက်လာလေရဲ့။

ရေးထားတာက ။ ။ အရည်အချင်းလက်မှတ်

ကျောင်းသား ။ ။ ရှန်းရင်

ဒီနှစ်အတွင်း လက်ထောက်စွမ်းရည်တွေ သင်ကြားမှုမှာ ထင်ရှားတဲ့ရလဒ်တွေ ရရှိခဲ့ပြီး "ထူးချွန်သော လက်ထောက် သင်တန်းသား" အဖြစ် ရွေးခံရပါတယ်၊ ဒီလက်မှတ်ကို အားပေးမှု သင်္ကေတအနေနဲ့ အထူးတလည် လက်ဆောင်ပေးပါတယ်/

မျက်နှာပြင် စီမံရေး အဖွဲ့အစည်း။

နှစ်၊ လ၊ ရက်။

အဲပေါ် နီရဲတောက်ပနေတဲ့ တံဆိပ်တုံးတစ်ခုတောင် ထုထားသေးလေရဲ့။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဒါက တကယ်ကို တရားဝင်မကျတဲ့ အဖွဲ့အစည်းပဲ ဘယ်လိုလုပ် သန်မာပြီး ဂုဏ်ရှိတဲ့ စီမံထိန်းသိမ်းသူ‌တစ်သိုက်က ဒီလိုလက်လွတ်စပယ် အဖွဲ့အစည်းကို ဖွဲ့စည်းရတာတုံး။

"အဲတော့... ဒီမဟာတာအိုအဖွဲ့အစည်းက အုပ်ချုပ်ရေးကော်မတီလိုပဲ ဖြစ်နိုင်တယ်ပေါ့၊ လက်လွတ်စပယ်... အာ ဖွီ စီမံထိန်းသိမ်းသူအမျိုးမျိုး ဖွဲ့စည်းတဲ့ အဖွဲ့အစည်းလိုမျိုးပဲလား" ကူယွဲ့က မေးတယ်။

"အင်း ဖြစ်နိုင်တယ်"

"ဆရာက အုပ်ချုပ်ရေးကော်မတီနဲ့ ‌အဲလောက်ရင်းနှီးနေတော့ ကျွန်တော်တို့ရော ဝင်ဖို့လိုလား"

ယိချင်းက မေးလာတယ်။

"ဝင်လို့ရတယ်" ရှန်းရင်က မျက်မှောင်ကြုတ်တယ်။ "ဒါပေမဲ့ ငါ့အစ်မလည်း အဖွဲ့ဝင်နော်၊ နင်တို့နှစ်ယောက် ဝင်ချင်တာလား"

သူတို့အမူအရာနှစ်ခုလုံးက အတိုင်အဖောက်ညီညီ ပြောင်းလဲသွားကာ စကားလမ်းကြောင်း ချက်ချင်း ပြောင်းလေတယ်။

"မဟာတာအို အဖွဲ့အစည်းအကြောင်း ပြောကြရအောင်"

"ဒီအသီးကရော ဘာလဲ" ကူယွဲ့ လက်ထဲက အသီးကို ကြည့်လိုက်တယ်။ "သူတို့တွေက ငါတို့ကို ဒီဘာမဟာတာအိုအဖွဲ့အစည်းဆီ ဝင်ဖို့ဖိတ်ကြားနေတာပေါ့၊ သူတို့ကဘာလို့ အသီးတစ်လုံးနဲ့ဆင်တဲ့ ဒီဟင်းလင်းပြင်ကို ပို့လာရတာလဲ" ဟင်းလင်းပြင်လို့ခေါ်တာက မတိကျဘူး။ သူ ဒီအသီးထဲက သိသိသာသာ အသက်ဝင်မှုကို အာရုံခံနိုင်တယ်။ ဆိုလိုတာ ဒီအသီးက လုံးဝကို လောကကြီးတစ်ခုပဲ။

ရှန်းရင် ခေါင်းယမ်းကာ သူမလည်း မသေချာဖြစ်နေတယ်။ "ငါတို့ စားကြည့်... ငါတို့အထဲဝင်ပြီး တစ်ချက်ကြည့်ရင်ရော"

"..." မင်း စောနကစားလို့ပြောလိုက်တာ သေချာပေါက် စိတ်ထဲကပါတယ်မဟုတ်လား

"ဒီဖဲကြိုးက ဖိတ်ကြားမှုအတွက် ဆိုပေမဲ့ ဒီအသီးက လမ်းပြဖို့အတွက် ဖြစ်လောက်တယ်လို့ခံစားရတယ်" ယိချင်းက ခန့်မှန်းတယ်။

"မင်းဆိုလိုတာ..." ကူယွဲ့ ခဏတန့်သွားတယ်။ "ဒီအသီးထဲကဟင်းလင်းပြင်က မဟာတာအိုအဖွဲ့အစည်း ရှိတဲ့နေရာ ဖြစ်နိုင်တယ်လို့လား"

"အင်း" ယိချင်းက ခေါင်းညိတ်တယ်။ "ပြီးတော့ ဒီအသီးက တကယ့် ဟင်းလင်းပြင်တည်ရှိမှု မဖြစ်လောက်ဘူး၊ ဆန်းကြယ်ဘုံတွေရဲ့ ဝင်ပေါက်တွေလိုမျိုး မြင်ယောင်စေတဲ့ တည်ရှိမှုသက်သက်ပဲ ဖြစ်မယ်"

ကူယွဲ့ ခဏရပ်ကာ မသေမျိုးချီတစ်ကြောင်းကို အဲထဲတန်းထည့်လိုက်တယ်။ သေချာပေါက်ကို သူက သစ်သီးထဲက တိကျတဲ့အခြေအနေကို အာရုံမခံနိုင်။ တကယ်ကို အသီးအတုပဲ ဒီလိုဆို

သူတို့ အဲမဟာတာအိုအဖွဲ့အစည်းက ဘာလဲဆိုတာ သိဖို့သွားကြည့်ရတော့မယ်။

"ဒါဆိုတစ်ချက်သွားကြည့်တာပေါ့" ပြီးတော့ ဒါက ဖိတ်ကြားစာဆိုတာ ရှင်းရှင်းလင်းလင်း ရေးပြီးသား။ သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိလောက်ပါဘူး။ ဖြစ်နိုင်ရင် တခြားမျက်နှာပြင်က စီမံထိန်းသိမ်းသူတွေနဲ့ တကယ်ပဲ ဆုံရလောက်တယ်။

"ကျွန်တော်တို့ တကယ်သွားမို့လား" ယိချင်းက မျက်မှောင်ကြုတ်ကာ တစ်ခုခုထူးဆန်းနေတယ် ခံစားနေရတယ်။

"သူတို့က ဒီအသီး ငါတို့ လုံးဝသတိမထားမိတုန်း မျက်နှာပြင်သစ်ပင်မှာ ချည်နိုင်တည်းက သူတို့မှာတခြားနည်းလမ်းတွေ ရှိနိုင်တယ်" ကူယွဲ့က ပြောတယ်။ "သူတို့က ရန်သူပဲဖြစ်ဖြစ် မိတ်ဆွေပဲဖြစ်ဖြစ် ငါတို့သူတို့ကို တွေ့ရမှာပဲ"

"..." ယိချင်းက တစ်ခဏတာ တိတ်ဆိတ်သွားကာ မကန့်ကွက်တော့ဘူး။

"ခေါင်းဆောင်" ဘေးက ဟုန်မုန့်က ထိတ်လန့်သွားပြီး နစ်နာတဲ့အကြည့်နဲ့ ကြည့်တယ်။

"ခင်ဗျား... ခင်ဗျား မျက်နှာပြင်က ထွက်သွားမို့လား၊ အဲဒါအန္တရာယ်များလွန်းတယ်နော်"

သူတို့မျက်နှာပြင်က ခုမှတည်ငြိမ်ကာစ၊ ဒီတိုင်းထားခဲ့ဖို့ အဆင်ပြေရဲ့လား။

"ငါတို့ အချိန်မကြာဘူး ပြန်လာမှာ" ကူယွဲ့ သူ့ကိုလှမ်းကြည့်လိုက်တယ်။ "မင်းရဲ့ ကောင်းကင်စွမ်းအင်က ပြန်ကောင်းနေပြီပဲ၊ ကောင်းကင်မျိုးနွယ်ကို စီမံရင်း ယုန်ကိုကူပေးလိုက်၊ ပြီးတော့လည်း ဖက်တီးဘက်မှာ မင်းအားရင် သူ့ကိုကူပေးလိုက်ဦး"

"ဒါပေမဲ့... ဒါပေမဲ့ ဒီမျက်နှာပြင်ကရော၊ ကျွန်တော်ပါ... လိုက်ခဲ့ရင်ရော"

"အဲမှာ မင်းအလုပ်ကိစ္စ ဘာရှိလဲ" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ "မစိုးရိမ်နဲ့၊ တစ်ခုခုဖြစ်ရင် ငါအာရုံခံနိုင်တယ်၊ မင်း ခုဒိုးလို့ရပြီ"

အဲလိုနဲ့ သူက မျက်နှာပြင်လမ်းကြောင်းကိုဖွင့်ကာ ဟုန်မုန့်ကို ကန်ထုတ်လိုက်တော့တယ်။

"သွားကြစို့" နေရာကို သန့်ရှင်းရေးလုပ်ပြီးတဲ့နောက် ကူယွဲ့ ပြန်လျှောက်လာခဲ့ပြီး မထွက်ခွာခင် ရှန်းရင်ကို တစ်ချက် ကြည့်လိုက်တယ်။ "ထပ်လမ်းမပျောက်စေနဲ့"

"အိုး"

အဲလိုပြောပြီး သူ့လက်ဖဝါးကိုဆုပ်ကာ လက်ထဲက အသီးကို ချေလိုက်တယ်။ ထင်တဲ့အတိုင်း အဖြူရောင်အလင်းက သုံးယောက်ကို ချက်ချင်း ဖုံးလွှမ်းသွားကာ နောက်စက္ကန့်မှာ သူတို့ ကောင်းကင်ဘုံကနေ ပျောက်ကွယ်သွားလေတယ်။

——————

ကူယွဲ့ ထင်ထားတာ ဒီမဟာတာအိုအဖွဲ့အစည်းဆိုတာ စီမံထိန်းသိမ်းသူတွေ တည်ဆောက်ထားတဲ့နေရာပေါ့။ ကြီးမားပြီး ဇိမ်ခံပစ္စည်းတွေနဲ့လို့ ထင်ထားတာကို အဖြူရောင်အလင်းတစ်ချက်နဲ့အတူ သူတို့ လူအုပ်ထူထပ်တဲ့ လမ်းတစ်လမ်းဆီ ခေါ်လာခံရလေတယ်။

လူတွေက ဟိုဟိုဒီဒီ လျှောက်နေကာ အင်မတန်အသက်ဝင်နေပြီး နှစ်ဖက်လုံးမှာ ဆိုင်တွေ အများကြီးပါ ခင်းကျင်းထားကြရင်း စားစရာ၊ အရုပ်တွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေပါ ရောင်းချနေတာ။ ကြည့်ရတာ အုပ်ချုပ်ရေးအဖွဲ့အစည်းရုံးခန်းနဲ့ လုံးဝမတူဘဲ သာမန် သေမျိုးတွေရဲ့ လမ်းတစ်လမ်းလိုပဲ။

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လမ်းပြတဲ့အသီးက ပုတ်သွားတာလား။

"ဆရာ ဖေဖေနျို" ယိချင်းအမူအရာက ပြောင်းသွားကာ အံ့ဩတကြီး ရေရွတ်တယ်။

"ကျွန်တော့်ကိုယ်ထဲက ကောင်းကင်စွမ်းအင်... ပျောက်သွားပြီ"

"ဘာ" ကူယွဲ့ ထိတ်လန့်သွားကာ အလိုလို သူ့ဟာသူစမ်းကြည့်ပေမဲ့ သေချာပေါက် သူ့ကိုယ်ထဲမှာလည်း ဗလာ။ ကောင်းကင်စွမ်းအင် မပြောနဲ့ မသေမျိုးချီအရိပ်အယောင်တောင်မရှိ။ သူ နောက်ထပ်မတူညီတဲ့ ကောင်းကင်စွမ်းအင်နဲ့ စမ်းသပ်ပေမဲ့ တုံ့ပြန်မှုမရှိသေး။ "ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဖြစ်နိုင်တာ ငါတို့ မျက်နှာပြင်အပြင် ရောက်နေလို့နေမယ်" ရှန်းရင်က ပြောလာတယ်။

နှစ်ယောက်သား တုံ့သွားပြီးမှ နားလည်သွားတယ်။ အမှန်ပဲ၊ အဲအသီးက သူတို့မျက်နှာပြင်ကဟာ မဟုတ်ဘူး။ ပြီးတော့ ဒီနေရာကလည်း သေမျိုးဘုံနဲ့ တူတယ်။ မသေမျိုးနဲ့ ဝိညာဉ်ချီမရှိတာ အရမ်းကို ပုံမှန်ပါပဲ။

ဒါပေမဲ့ အဲမဟာတာအိုအဖွဲ့အစည်းက စဖိတ်ကြားမှတော့ သူတို့ကို ဒီသေမျိုးလောကဆီ ပို့တာဘာသဘောလဲ။ လမ်းခုလတ်မှာ နောင်တရတာလား။ သူတို့ကို ပိတ်လှောင်ထားချင်လို့လား။ ဒီနေရာက ကျင့်ကြံသူတွေကို ကန့်သတ်ထားပေမဲ့ သူတို့က စီမံထိန်းသိမ်းသူတွေလေ။ တကယ် ပြန်ချင်ရင် သူတို့အချိန်မရွေး မျက်နှာပြင်တံခါးကို အချိန်မရွေးဖွင့်နိုင်တာပဲ။

"တခြားဟာတွေမတိုင်ခင် ဟိုဟိုဒီဒီအရင်ကြည့်ရအောင်" ကူယွဲ့ ကောင်းကင်ကိုကြည့်ကာ ဆုံးဖြတ်လိုက်တယ်။ ဖြစ်နိုင်တာ အဲအသီးက တစ်ခုခုထူးခြားလို့ထင် သူတို့ လမ်းပေါ် ရုတ်တရက် ပေါ်လာချိန် ဘယ်သူ့ကိုမှ ခြောက်သလိုမဖြစ်ဘူး။ သူတို့က အမြဲဒီမှာရှိနေခဲ့တဲ့အတိုင်းပဲ။

...

အခန်း ၅၄၂ ။ တရားမဝင် တည်းခိုဆောင်ကို ကြုံရခြင်း

သူတို့တွေ မြို့ပြင် ထွက်ကြည့်ချင်ခဲ့တယ်။ ဒါပေမဲ့ မြို့တံခါးတွေက ပိတ်နေပြီးသားဖြစ်ကာ မြို့ပတ်လည်မှာ အကန့်အသတ်အင်းကွက်တချို့ပါ ရှိနေတဲ့ပုံပေါ်တာမို့ သူတို့တန်းပြီး ပျံထွက်လို့မရ။

"ငါတို့ အရင်ဆုံးစတည်းချဖို့ နေရာအရင်ရှာကြရအောင်"

ကူယွဲ့ နောက်တော့ တည်းခိုဆောင်တစ်ခုဆီ ဆရာတပည့်နှစ်ယောက်နဲ့အတူ လှည့်လျှောက်လာခဲ့တယ်။

"ခင်ဗျားတို့နှစ်ယောက် စားသောက်မှာလား၊ တည်းခိုမှာလားဗျ" တည်းခိုဆောင်ပိုင်ရှင်က ချက်ချင်း အားတက်သရောကြိုဆိုတယ်။

"ငါတို့တည်းမှာပါ" ကူယွဲ့ ရှန်းရင်ကို လှည့်ကြည့်ကာ ထပ်ပြောလိုက်တယ်။ "ပြီးတော့ စားသောက်မယ်၊ ငါတို့အတွက် သုံးယောက်စာ အဆင့်မြင့်အခန်းသုံးခန်း ပေးပါ၊ စားစရာ‌ကိုငါတို့အခန်းတွေဆီ ပို့ပေးလိုက်"

"သုံးခန်းလား" သူတို့နှစ်ယောက်ပဲ မဟုတ်ဘူးလား။ တည်းခိုဆောင်ပိုင်ရှင်က ကြောင်သွားပြီး သူတို့ကို မော့ကြည့်တော့မှ အလယ်က ရှန်းရင်ကို သတိထားမိတယ်။ သူက စိတ်ထဲမထားဘဲ ပိုပြီးတောင် အားတက်သရော ပြောတော့တယ်။

"အဆင့်မြင့်အခန်းသုံးခန်းနော်၊ တစ်ညကို ပြား၃၀ပါ၊ ဒီလမ်းကိုကြွပါ" အဲလိုနဲ့ သူက စားပွဲထိုးလေးတစ်ယောက်ကို သူတို့ကို အနောက်ဆောင်ဆီ ခေါ်သွားပေးဖို့ ခေါ်လိုက်တယ်။ ကူယွဲ့ တန်းအနောက်လိုက်သွားတော့ ဆရာတပည့်နှစ်ယောက်က ရပ်ပြီး ရှေ့က သူတို့မိဘကို ဆွဲကာ စိုးရိမ်တကြီး မေးလိုက်တယ်။

"ဖေဖေနျို ဒါက သေမျိုးလောကနော်၊ ငါတို့မှာပိုက်ဆံရှိရဲ့လား" အခု သူတို့ဂါထာတွေက အလုပ်မဖြစ်တော့ ဝိညာဉ်ကျောက်တုံးနဲ့ မသေမျိုးကျောက်တုံးတွေကိုတောင် သုံးလို့မရဘူး။

"ဒါပေါ့" ကူယွဲ့က မျက်ဆံလှန်လိုက်တယ်။ ဘယ်တုန်းက သူ့မှာငွေချို့တဲ့ဖူးလို့လဲ။

"ငါတို့ အရင်တစ်ကြိမ်က သနားစရာ ဝိညာဉ်ဆီကနေ တူးခဲ့တဲ့လက်ကျန်ငွေတွေ ရှိသေးတယ် မဟုတ်လား"

"အိုး~~~~" နှစ်ယောက်လုံး အညစ်အကြေးသနားစရာပုံစံ သက်ပြင်းချကာ သူ့ကို လက်မတွေ ထောင်ပြကြတယ်။

အားကိုးရတယ်။

လမ်းလျှောက်တာကို အသုံးချပြီး ကူယွဲ့ သူ့ရဲ့စီးပွားရေးဗီဇတွေကိုအသုံးချကာ မြို့အကြောင်း စားပွဲထိုးလေးကို မေးတော့တယ်။ ခု သူတို့ရောက်နေတဲ့ နေရာက ဝူလင်းမြို့တဲ့။ မိုင်တစ်ထောင် အကွာအဝေးအတွင်း တစ်ခုတည်းသောမြို့ဖြစ်ပြီး အစိုးရအရာရှိဘာညာလည်း ဒီမှာမရှိ။ အုပ်ချုပ်သူက မျိုးရိုးနာမည်ဟန်နဲ့ မြို့အရှင်။ ပြီးတော့ တကယ်ပဲ ကျင့်ကြံသူတွေ ဒီမှာမရှိ။ အမတတွေဆို ဒဏ္ဍာရီသဖွယ်။ စားပွဲထိုးလေးဆို လူတွေကို အရူးလုပ်တဲ့ထွင်လုံးတွေလို့တောင် ခေါ်သေး။

သူ နောက်တော့ ခုတလော ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေ ရှိမရှိမေးကြည့်တော့ စားပွဲထိုးလေးက ခေါင်းယမ်းကာ သတိမထားမိကြောင်း ဖြေတယ်။ ကြည့်ရတာ ဒါက အရမ်းကို သာမန်ဆန်တဲ့သေမျိုးမြို့တစ်မြို့ပဲ။ ကူယွဲ့မေးလေ သူက ပိုပြီးဇဝေဇဝါဖြစ်လာလေဖြစ်ကာ မဟာတာအိုအဖွဲ့အစည်းဆိုတာကြီးက သူတို့ကို ဘာလို့ဒီနေရာဆီ ခေါ်လာလဲလုံးဝမသိ။ မြို့ထဲကလူတွေထဲ တစ်ယောက်မှ စီမံထိန်းသိမ်းသူနဲ့မတူ။

ကောင်းကင်က မည်းနေပြီဆိုတာမြင်တော့ သူတို့ အခုစတည်းချရုံပဲရှိတော့တယ်။

"ဒီနေရာက ထူးဆန်းပြီး ကျင့်ကြံသူ မရှိဘူး၊ ငါတို့ မှောင်နေတုန်း ပတ်ဝန်းကျင်ကို လေ့လာတာပိုကောင်းမယ်" ကူယွဲ့က အကြံပြုတယ်။

"အဲဒီမဟာတာအို‌အဖွဲ့အစည်းက ငါတို့ကို ဒီနေရာဆီပို့တာ ကျိန်းသေပေါက် ရည်ရွယ်ချက်ရှိမှာ"

သူက ယိချင်းဘက် လှည့်တယ်။ "စားဖိုမှူး၊ မင်း အရှေ့ပိုင်းကိုသွား၊ ငါက အနောက်ကိုသွားမယ်၊ ရှန်းရင် မင်းကတော့..." သူက ခဏရပ်သွားတယ်။ "ဒီမှာနေခဲ့ပြီး အိပ်နေ" လမ်းပျောက်သွားဦးမယ်။

"ကောင်းပြီလေ"

"လျှောက်မသွားနဲ့နော်၊ ငါတို့ ဒီနေရာမှာ မင်းကို ရှာလို့မရနိုင်လောက်ဘူး" ဘယ်လိုပဲဖြစ်ဖြစ် ဒါက တခြားမျက်နှာပြင်လေ။

"မစိုးရိမ်ပါနဲ့ အားလုံးအဆင်ပြေတယ်" ရှန်းရင်က ရင်ဘတ်ပုတ်ပြတယ်။

သူ သူမ အဲလိုပြောတာကြားပြီးမှ ပိုစိုးရိမ်လာတာဘာလို့ပါလိမ့်။ ကူယွဲ့ ခဏစိတ်မအေးစွာ သူ့ကိုလှမ်းကြည့်ပြီးမှ ထရပ်ကာ ထွက်ဖို့ပြင်တယ်။ ဒါပေမဲ့ တံခါးအပြင်ကနေ ခပ်ဖွဖွခြေသံတွေကို ရုတ်တရက် ကြားလိုက်ရတယ်။ အဲလူက ဘယ်ဘက်ဆီ လျှောက်သွားရင်း တမင် ခြေဖွဖွနင်းနေတဲ့ပုံပဲ။

"တစ်ယောက်ယောက်က ဘေးခန်းထဲဝင်လာတယ်" ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ ဘေးကအခန်းနှစ်ခုလုံးက သူတို့ငှားထားတဲ့အခန်းတွေ ဖြစ်ပြီး ဘယ်ဘက်ကတစ်ခန်းကတော့ သူ့ဟာ။ ဖေဖေနျိုက ညွှန်ကြားစရာကိစ္စရှိလို့သာ သူတို့တွေ ဆရာ့အခန်းဆီ တူတူရောက်နေကြတာ‌။

ဂါထာတွေကို ဒီမှာသုံးမရတာမို့ သူတို့ ဒီလူကို ဘယ်သူလဲဆိုတာမသိရတဲ့အတွက် အင်မတန် အဆင်မပြေ ဖြစ်လှတယ်။ ကူယွဲ့လည်း နည်းနည်းထူးဆန်းတယ် ခံစားရတာမို့ အပြင်ကို ထွက်ကြည့်ဖို့လုပ်ချိန် စားဖိုမှူးက သူ့ကိုပြန်ဆွဲထားတယ်။ "သူ ဒီရောက်နေပြီ"

သေချာပေါက်ကို ခြေလှမ်းတွေက ဘေးခန်းကနေ ထွက်လာကာ သူတို့ဘက်ဆီ ဦးတည်လာတယ်။ တကယ်ကို ပေါ့ပေါးတာများ အဲလူက ခြေ‌ဖျားထောက်လျှောက်နေတဲ့အတိုင်းပဲ။ နောက်တစ်စက္ကန့်နေတော့ သဏ္ဌာန်တစ်ခုက ပြတင်းပေါက်ပေါ် ပေါ်လာကာ ကိုယ်ကိုငုံ့ ခပ်တိုးတိုး ဖောက်ခနဲမြည်သံနဲ့အတူ ပြတင်းပေါက်အကာပေါ် အပေါက်လေးတစ်ခု ပေါ်လာတယ်။ ခပ်ပါးပါး ဝါးချောင်းတစ်ခု အထဲကိုဝင်လာပြီး နောက်တော့ အဖြူရောင်မီးခိုးတိမ်ထုတွေ။

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဒါ... အဆိပ်ခတ်နေတာလား။

သူတို့ တကယ်ပဲ တရားမဝင် တည်းခိုဆောင်နဲ့ကြုံတဲ့ အံ့ဩစရာကံက ဘာများပါလိမ့်။ မိစ္ဆာတွေ၊ တစ္ဆေတွေ၊ မကောင်းဆိုးဝါးတွေ အများကြီး တွေ့ပြီးတဲ့နောက် ဒါ သုံးယောက်သား ဒီလို ဖြူစင်ပြီး ရိုးရိုးစင်းစင်း လှည့်ကွက်တွေနဲ့ လူတစ်ယောက်ကို သတ်တာ ပထမဆုံးအကြိမ်မြင်ဖူးခြင်းပဲ။

သူတို့ ရုတ်တရက် သူ့ကိုမဖော်ဘဲ သူ့ပြဇာတ်နဲ့ပူးပေါင်းပေးချင်စိတ် ပေါ်လာတယ်။

ကူယွဲ့ သက်ပြင်းချကာ နောက်ဆုံးတော့ မနေနိုင်တော့ဘဲ တံခါးကိုတွန်းဖွင့်ပြီး ပြတင်းပေါက်ဘောင်ပေါ် လှဲကာ အခန်းထဲ ရှိသမျှအားနဲ့ မီးခိုးမှုတ်ထုတ်နေတဲ့လူကိုကြည့်လိုက်တယ်။ "ပျော်စရာကောင်းလား"

အဲလူက ရုတ်တရက် ပေါ်လာတဲ့ဒီလူကြောင့် ကြောင်အမ်းသွားကာ အာရုံမထားမိဘဲ သီးပြီး မီးခိုးတွေအများကြီး ရှုမိလိုက်တယ်။ သူ ချက်ချင်း ထိန်းမရ ချောင်းဆိုးကာ မျက်ဆန်လန်ပြီး ဘုန်းခနဲ မေ့မျောသွားတယ်။

ဘာမှမလုပ်မိသော ဖေဖေနျို ။ ။ "..."

ရှေ့ကိုတစ်ချက်တိုးကြည့်တော့ ထင်ထားတဲ့အတိုင်း စောနကသူတို့ကို လမ်းပြတဲ့ စားပွဲထိုးဖြစ်နေတယ်။ ဒီလိုစိတ်အရည်အသွေးနဲ့ သူ ဘယ်လိုများ တရားမဝင်တည်းခိုဆောင်ဖွင့်ဖို့ ဘယ်ကသတ္တိရတာပါလိမ့်။

ယိချင်းလည်း ထွက်လာကာ မြေကြီးပေါ်ကလူကိုကြည့်ပြီး သူ့အမူအရာက မည်းမှောင်သွားတယ်။

"ဒီလူ့ကိုဘာလုပ်ကြမလဲ"

"ငါဘယ်လိုလုပ်သိမလဲ၊ ငါလည်း ဒီလိုကိစ္စတွေကို အတွေ့အကြုံရှိတာမဟုတ်ဘူး" ကူယွဲ့လည်း အခက်ကြုံနေပုံ။ "ငါဝင်လာကာစကို သူ့ဘာသာသီးပြီး မေ့သွားတာ"

ယိချင်း ခဏစဉ်းစားပြီး ရှေ့ကိုနှစ်လှမ်းတိုးကာ သူ့လက်တွေကို ဂါထာတစ်ခုဖန်တီးဖို့ အလိုလိုပြင်မိပေမဲ့ ဒီမှာသုံးစရာဝိညာဉ်ချီ မရှိတာ သတိရသွားတယ်။ ဒါကြောင့် သူ လက်သီးဆုပ်ကာ လူပေါ်က အနာကျင်ရဆုံး အကြောမှတ်ကို ထိုးပေးလိုက်တယ်။

"အား" နောက်စက္ကန့်မှာ စားပွဲထိုးက အသံအကျယ်ကြီးအော်လာပြီး အလောင်းတုလိုထထိုင်တယ်။ သူ ထိုးခံရတဲ့နေရာကို ပွတ်ရင်း နှစ်ယောက်သားကို ခေါင်းမော့ကြည့်ကာ အူကြောင်ကြောင်ဖြစ်နေပြီးမှ ချက်ချင်း သတိဝင်လာတယ်။

"ခင်ဗျား... ခင်ဗျားတို့နှစ်ယောက်" သူက သွေးပျက်ပြီးအနောက်ကို တွားသွားကာ လှမ်းခေါ်နေတယ်။ "ဝမ်အာ၊ ကျူးစီ... သူတို့..."

"ဘာလို့အူနေတာလဲဟ" သူ စကားမဆုံးခင် နောက်ထပ်လူနှစ်ယောက်ပြေးတက်လာကာ လက်ထဲမှာ ဓားရွက်ပြားတွေ ကိုင်ထားတာ အောက်ထပ်မှာ အချိန်အတော်ကြာ စောင့်နေခဲ့တဲ့ပုံ။ "ငါတို့ မင်းအပြုအမူတွေကို ပိုညင်သာဖို့ပြောခဲ့သားပဲ"

"မဟုတ်... မဟုတ်ဘူး၊ သူတို့ အိပ်မောကျမသွားဘူး၊ သူတို့နိုးနေတယ် နိုးနေတယ်" စားပွဲထိုးလေးက သူတို့ဘက် အသည်းအသန် လက်ညှိုးထိုးကာ ပျာယာ‌ခတ်နေတဲ့အမူအရာနဲ့။

အဲနှစ်ယောက်က နောက်တော့ လှမ်းကြည့်ကာ ခဏရပ်သွားပြီး ချက်ချင်း ခက်ထန်တဲ့အကြည့်တွေနဲ့ ပြေးတက်လာတယ်။ "ငါတို့ သူတို့ကို တစ်ပုံစံတည်း ပို့ပေးမယ်" အဲလိုပြောပြီး သူတို့က လက်ထဲကဓားတွေကို မြှောက်ကာ ရိုက်ချတယ်။

ဒီဓားချက်က အရမ်းကိုသာမန်ဆန်ပြီး ဘာမှနည်းစနစ်မပါ၊ တကယ့်ကို သာမန်ဓားကွက်ပဲ။ သူ ဒီလို သာမန်သိုင်းကွက်တွေ နောက်ဆုံးမြင်ခဲ့ရတာ အတော်ကို ကြာပြီမို့ ကူယွဲ့တောင် မှင်တက်မိပြီး အလိုလို ဓားကို ‌ဆုပ်ဖမ်းဖို့ လှုပ်လိုက်မိပေမဲ့ မတော်တဆ အားသုံးတာများသွားတယ်။ ဂျွတ်ခနဲ အဲထက်ရှတဲ့ဓားက သူချိုးတာခံလိုက်ရတော့တယ်။

ဓားကိုင်ထားတဲ့လူက ဖြူဖျော့သွားကာ သူ့ဓားကျိုးကို မယုံကြည်နိုင်စွာ ကြည့်နေတယ်။ သူတို့အစီအစဉ်က ပြောင်းပြန်ဖြစ်သွားတာနားလည်သွားတော့ သူက လှည့်ကာ ထွက်ပြေးဖို့လုပ်တယ်။ ကူယွဲ့ ဘာမှထပ်မပြောတော့ဘဲ သူ့ကိုတန်း ရိုက်ချလိုက်တယ်။ တစ်ဖက်ခြမ်းမှာတော့ စားဖိုမှူးကလည်း တခြားလူရမ်းကားကို ဖြေရှင်းပြီးပြီ။

အစောက ဝင်လာတဲ့စားဖိုမှူးကတော့ အတော်လေး အသိစိတ်ရှိတယ်။ သူက ခွက်ခနဲ ဒူးထောက်ချတယ်။

"သူရဲကောင်းတို့ သနားကြပါ ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး၊ ဘယ်တော့မှပါပဲ" အဲလိုနဲ့သူက စပြီးဦးတိုက်တော့တယ်။

...

အခန်း ၅၄၃ ။ ပင်လယ်မှ ဧည့်သည်

"ပြော ဒီတည်းခိုဆောင်မှာ မင်းတို့လူ ဘယ်နှယောက် ထပ်ရှိသေးလဲ" ကူယွဲ့တန်း မေးခွန်းထုတ်လိုက်တယ်။

"မ... မရှိတော့ပါဘူး" စားပွဲထိုးက တုန်ယင်ရင်း ပြန်ဖြေတယ်။ "စုစုပေါင်းမှ ကျွန်တော်တို့၃ယောက်ပဲ ရှိတာပါ၊ ကျွန်တော်လည်း သူတို့နှစ်ယောက် ဖိအားပေးတာ ခံခဲ့ရတာပါ"

ကူယွဲ့ အဲဒါကို သေချာပေါက် မယုံဘဲ ဆက်ပြီး မေးခွန်းထုတ်မို့ရှိသေး သူတို့ ရုတ်တရက် အော်သံတစ်သံ ကြားလိုက်ရတယ်။ အမျိုးသမီးတစ်ယောက်အသံနဲ့ တူတယ်။ ကူယွဲ့ စားဖိုမှူးကို လှမ်းကြည့်လိုက်တယ်။ "အောက်ထပ်က လာနေတာ" သူက အောက်ကို ဆင်းတော့မို့ရှိသေး ညွှန်ကြားလိုက်တယ်။ "ရှန်းရင်ကိုပါ ခေါ်လာခဲ့"

အဲလိုပြောပြီး သူက စားပွဲထိုးနဲ့အတူ အောက်ထပ်ကိုဆင်းလာခဲ့တယ်။ အောက်ထပ်က အခန်းတစ်ခန်းရဲ့ တံခါးက ပွင့်နေပြီး ကြမ်းပြင်ပေါ် မိန်းကလေးတစ်ယောက် ထိုင်နေကာ ကြောက်လန့်တကြားအမူအရာနဲ့ အခန်းအတွင်းကို မျက်နှာမူလျက်ရှိတယ်။ သူ လျှောက်လာတာ မြင်တော့ သူမက အော်ပြန်ပြီး နောက်ကို ကျုံ့ကာ ဆုတ်သွားတယ်။ "ကျွန်မကို မ... မသတ်ပါနဲ့"

ကူယွဲ့ သူ့ကိုလျစ်လျူရှုကာ အခန်းထဲ တန်းဝင်ကြည့်တယ်။ နောက်တော့ သိလိုက်ရတာ အိပ်ရာက သွေးတွေလွှမ်းနေတာ။ အသက်ကြီးကြီးလူကြီးတစ်ယောက်က အဲပေါ်လဲနေပြီး သူ့ကိုယ်ပေါ် ဓားဒဏ်ရာအပြည့်နဲ့ အသက်မရှူတော့ဘူး။ ကြမ်းပြင်ပေါ် အိတ်သွန်ဖာမှောက်ရှာခံထားရတဲ့ ပစ္စည်းပုံပါ ရှိနေတယ်။

သူ ချက်ချင်း ဓားတွေနဲ့ လူနှစ်ယောက်က အောက်ဘက်မှာ ဘာလုပ်နေကြလဲ နားလည်သွားခဲ့တယ်။ သူ့လက်ကို မြှောက်ကာ စားပွဲထိုးကို ပစ်ထုတ်လိုက်တယ်။ "မင်းတို့ ဒါကိုလုပ်ခဲ့တာပဲ"

"ဟင့်အင်း... သူတို့ပါ သူတို့ သူ့ကိုသတ်လိုက်တာ... ကျွန်တော်က ဆေးခတ်ရုံပါ၊ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး" စားပွဲထိုးက အသည်းအသန်ငြင်းတယ်။ ကူယွဲ့ ဆက်နားထောင်ဖို့ ပျင်းလွန်းသွားလို့ သူ့ကို မေ့အောင်လုပ်ကာ ကြမ်းပြင်ပေါ်က မိန်းကလေးကို ကြည့်လိုက်တယ်။

သူမကြည့်ရတာ အတော်လေး ကြောက်လန့်သွားလို့ထင် ကူယွဲ့အပေါ်အကြည့်က ပိုတောင် သတိတကြီး ဖြစ်လာကာ ထိတ်လန့်နေတယ်။ စားဖိုမှူး ရှန်းရင်နဲ့အတူ ဝင်လာမှ သူမက အသိစိတ် ပြန်ဝင်လာတယ်။ ဖြစ်နိုင်တာ သူတို့က လိင်အမျိုးအစားတူလို့ထင် သူမက ရှန်းရင်ဆီ တွားသွားလာကာ ဝတ်ရုံထောင့်ကို တင်းတင်းဆုပ်ကိုင်ပြီး သူမအမူအရာကတော့ ဆိုးဆိုးဝါးဝါး တုန်လှုပ်နေသေးတဲ့ပုံ။

"အာ" ရှန်းရင်က ခဏ တုံ့သွားတယ်။

"ဘာကိစ္စဖြစ်တာလဲ" ယိချင်းက မေးတယ်။

"လူတစ်ယောက် သတ်ခံလိုက်ရတယ်" ကူယွဲ့ ဖြေရင်း ကြမ်းပြင်ပေါ်က မိန်းကလေးကို လှမ်းကြည့်လိုက်တယ်။ "သူမက အခန်းထဲကလူကို သိလောက်တယ်၊ အပြင်ထွက် စကားပြောကြရအောင်"

ယိချင်း ခေါင်းညိတ်ပြီး သူလည်း အခန်းထဲက သွေးနံ့ခပ်ပျစ်ပျစ်ကို သိသိသာသာအနံ့ရနေတယ်။ ရှန်းရင်ကို ခပ်တင်းတင်းဆွဲထားဆဲ မိန်းကလေးကို ကြည့်ကာ ရှင်းပြလိုက်တယ်။ "ငါတို့လည်း တည်းခိုဆောင်မှာ နေနေတဲ့ ဧည့်သည်တွေပဲ၊ ငါတို့မင်းကို ထိခိုက်အောင် မလုပ်ပါဘူး"

မိန်းကလေးက ခဏငိုင်တွေနေပြီးမှ အသိစိတ် ပြန်ဝင်လာပြီး သူတို့နောက်လိုက်လာပေမဲ့ အကြောက်တရားကြောင့် ဖြူဖျော့နေဆဲ။

သူတို့တွေ ခြံဝန်းထဲက ကုလားထိုင်တွေပေါ် ထိုင်ချရင်း မိန်းကလေးက သူမရှေ့က လက်ဖက်ရည်ခွက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတယ်။ နောက်ဆုံးတော့ ပြန်သက်သာလာပြီဆိုပေမဲ့ သူမလက်တွေက တုန်ယင်နေဆဲ။ တစ်ခဏနေတော့ သူမက သူတို့ကို ကျေးဇူးတင်မှုနဲ့ကြည့်လာတယ်။

"ကျွန်မကို ကယ်တင်ပေးလို့... ကျေးဇူးတင်ပါတယ်" သူမလည်း သူတို့က လူဆိုးတွေမဟုတ်ဘဲ အန္တရာယ်ထဲက သူမလွတ်မြောက်လာပြီဆိုတာ နားလည်သွားပြီ။

"မစိုးရိမ်ပါနဲ့၊ ဒါ အသေးအဖွဲပါ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ နဂိုက စိတ်ဝင်စားစရာကောင်းတယ် တွေးခဲ့ပေမဲ့ ခု လူတစ်ယောက် သတ်ခံလိုက်ရတော့ စိတ်နည်းနည်း‌ လေးလံသွားပြီ။ "မင်းလည်း ဒီတည်းခိုဆောင်မှာနေနေတဲ့ ဧည့်သည်ပေါ့"

"ဟုတ်ပါတယ်..." သူမက ခေါင်းညိတ်ပြီး သူမရဲ့ တုန်ယင်နေတဲ့လက်ကနေ ဖိတ်ကျလုနီးပါး ရေနွေးကို တစ်ငုံသောက်လိုက်တယ်။

"ကျွန်မက တောင်ပိုင်းမြို့ကပါ၊ ကျွန်မမိသားစုကို ရှာဖို့ တစ်ရွာတည်းသား အဘွားဝမ်နဲ့အတူ လာခဲ့တာပါ၊ ကျွန်မ ဒီကိုလာပြီးမှ မိသားစုက ပြောင်းသွားပြီဆိုတာ သိခဲ့ရတယ်၊ ကျွန်မတို့ မပြန်ခင် ဒီမှာတစ်ညတည်းဖို့ ရည်ရွယ်ခဲ့တာ၊ တစ်ညတည်းမှာတင် အဘွားဝမ်က ဒီလိုဖြစ်မယ် မထင်ခဲ့..."

မျက်ရည်တွေက စတင်ကျဆင်းလာတယ်။

ကူယွဲ့ အမူအရာမည်းမှောင်သွားတယ်။ ဒီတည်းခိုဆောင်က နယ်ခြားသား‌တွေကို ကလိမ်ကျရာမှာ စိတ်မြုပ်နှံထားမယ် မထင်ခဲ့။

"အဲဒီ... အဲဒီတရားခံတွေ..." မိန်းကလေးက တစ်ခုခုကို ရုတ်တရက် သတိရသွားပုံပေါ်ကာ ထပ်ပြီးတုန်ယင်လာပြန်တယ်။

"မစိုးရိမ်ပါနဲ့" ကူယွဲ့ ပြန်ဖြေလိုက်တယ်။ "သူတို့ အရုဏ်မတက်ခင်ထိ နိုးမှာမဟုတ်ဘူး၊ အဲစားပွဲထိုးပြောတာ ဒီတည်းခိုဆောင်ထဲ သူတို့သုံးယောက်ပဲတဲ့၊ တခြားကြံရာပါ မရှိလောက်ပါဘူး"

သူမက စိတ်သက်သာရာရဟန် သက်ပြင်းချပြီး အခန်းဘက်တစ်ချက်လှည့်ကြည့်ကာ ချက်ချင်း ကြောက်လန့်တကြား ပြန်လှည့်လာပြီး တုံ့ဆိုင်းမှုတချို့နဲ့မေးတယ်။ "ဒါက လူသတ်မှုပဲ၊ ရှင်တို့ ဒေသခံအစိုးရကို အသိပေးဖို့ စီစဉ်ထားလား"

"ဒေသခံအစိုးရကို အသိပေးရမယ်လား" ကူယွဲ့ တုံ့ဆိုင်းသွားပြီးမှ သေမျိုးလောကမှာ ဒီလိုကိစ္စတွေ ဖြစ်ရင် အာဏာပိုင်တွေကို အသိပေးရမယ်ဆိုတာ မှတ်မိသွားတယ်။

"ဟုတ်သားပဲ၊ ငါတို့လုပ်ရမှာပေါ့၊ တစ်ခုပဲ ငါတို့က ဒီနေရာနဲ့မရင်းနှီးတော့ ဘယ်မှာတင်ပြရမလဲသိဘူး"

"သေချာပေါက် မြို့အရှင်ရဲ့စံအိမ်ဆီ တင်ပြရမှာပေါ့" မိန်းကလေးက သူ့ကို အံ့ဩမှုတချို့နဲ့ လှမ်းကြည့်ကာ ဒီလောက်ရိုးရှင်းတဲ့အရာကို မသိလို့ အံ့ဩနေတဲ့ပုံနဲ့။ သူမက ထရပ်ကာ အရှေ့အရပ်ကို လက်ညှိုးထိုးပြတယ်။ "မြို့အရှင်စံအိမ်က အရှေ့ပိုင်းမှာပါ၊ အပြင်မထွက်ရအချိန် ရောက်ဖို့ အချိန်လိုသေးတယ်၊ ကျွန်မတို့ မြန်မြန်သွားသင့်တယ်"

ကူယွဲ့က ခဏစဉ်းစားကာ ထရပ်လိုက်တယ်။ "ငါတစ်ယောက်တည်းသွားမယ်" နောက်တော့ စားဖိုမှူးဘက်လှည့်ကာ ညွှန်ကြားလိုက်တယ်။ "ရှန်းရင်ကို စောင့်ကြည့်နေ"

"အင်း" စားဖိုမှူးက ခေါင်းညိတ်တယ်။

သူက နောက်တော့ လှည့်ထွက်လာခဲ့တယ်။

မိန်းကလေး‌ကတော့ ခဏကြောင်နေပြီး သူတို့‌သုံးယောက်ကို တစ်လှည့်စီ ငေးကြည့်နေတယ်။ သူက အဲသတိလစ်နေတဲ့တရားခံတွေကို စောင့်ကြည့်သင့်တာ မဟုတ်ဘူးလား။ ဘာလို့ ဒီအမျိုးသမီး‌ကို စောင့်ကြည့်ရတာလဲ။

***

ဖေဖေနျိုက လေးနာရီကျော် ထွက်သွားတော့ ရှန်းရင် စောင့်ရင်း ဗိုက်ဆာလာတယ်။ စားဖိုမှူးက ဒီတိုင်းထိုင်နေရတာ ပျင်းလာပြီး အဆာပြေလုပ်ဖို့ မီးဖိုချောင်ထဲဝင်သွားတယ်။

တစ်ခါတည်း ကျန်ခဲ့တာဆိုလို့ ရှန်းရင်နဲ့ အသက်ရှင်ကျန်တဲ့ မိန်းကလေးပဲ။ ခြံဝန်းထဲ ချက်ချင်း တိတ်သွားကာ အသီးတဂျွတ်ဂျွတ် ဝါးနေတဲ့ တစ်ယောက်သူရဲ့အသံနဲ့ မီးဖိုချောင်ထဲက ဟင်းချက်ပစ္စည်းတွေရဲ့ ရံဖန်ရံခါ တိုက်မိသံတွေပဲ ကျန်ခဲ့တယ်။

"တစ်ခုလိုချင်လား" ရှန်းရင်က အသီးတစ်လုံး ကမ်းပေးလာတယ်။

မိန်းကလေးက တုံ့ဆိုင်းသွားကာ ယူလိုက်တယ်။ "ကျေးဇူးတင်ပါတယ်" စောနက အကြောက်တရားကြောင့်ထင် သူမမျက်လုံးထဲ အကြောက်တရား အရိပ်အယောင် ရှိနေသေးလို့ သတိတကြီး မေးလာတယ်။ "ရှင့်ကိုဘယ်လိုခေါ်ရမလဲ သိခွင့်ရှိမလား"

"ရှန်းရင်"

"ဒါဆို မိန်းကလေးရှန်းရင်၊ ကျွန်မနာမည်က ဖန်းဖန်းပါ"

"အင်း"

"ရှင်နဲ့ ရှင့်အဖော်တွေက ဝူလင်းမြို့ကို ဘာလို့ရောက်လာတာလဲ သိခွင့်ရှိမလား"

"ငါမသိဘူး"

"ဟမ်" ဖန်းဖန်းက မှင်တက်သွားတယ်။ ငါမသိဘူးဆိုတာ ဘာလဲ။ သူမက ခဏတန့်သွားပေမဲ့ မှတ်ချက်မပေးတော့ဘဲ ဆက်ပြီး စကားလက်ဆုံပြောဖို့ ကြိုးစားတယ်။ ရှန်းရင်က အသီးစားဖို့ကို အာရုံစိုက်နေတာမြင်ဆော့ သူမလည်း တခြားဟာမေးဖို့ အနေရခက်လွန်းနေတယ်။ ချက်ချင်း အရာအားလုံးက အေးစက်သွားတယ်။ သူမက ချက်ချင်း ဂနာမငြိမ်ဖြစ်လာကာ ခဏစဉ်းစားပြီးတော့ ပြောတယ်။ "ဒီည အေးတယ်နော်၊ ကျွန်မ... လက်ဖက်ရည်တစ်အိုး သွားနှပ်ရင်ရော"

"ရတယ်လေ" ရှန်းရင်က ခေါင်းညိတ်ရင်းဖြေတယ်။

သူမက နောက်တော့ထရပ်ကာ အရှေ့ခြံဝန်းဆီ လျှောက်သွားတယ်။

ရှန်းရင်က ဒီခြံဝန်းကြီးထဲ ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသူ။ စားဖိုမှူးက အဆာပြေ ပြင်တာ မပြီးသေးတော့ သူမစောင့်ရင်း နည်းနည်း ပျင်းလာတယ်။ အဲအပြင် ဒီမြို့က မြစ်ဘေး တည်ဆောက်ထားပြီး ပင်လယ်နဲ့ချိတ်ဆက်နေတော့ ဒီခြံဝန်းရဲ့တစ်ဖက်ခြမ်းက မြစ်ရှုခင်းဖြစ်ကာ ရံဖန်ရံခါ လေပြေက တိုက်ခတ်နေတယ်။ တစ်ယောက်ယောက် ခပ်တိုးတိုးသီချင်းဆိုနေသလိုမျိုး စူးရှတဲ့ တီးတိုးသံကို ဝိုးတဝါးသယ်လာသလိုပဲ။

ရှန်းရင်က ခဏမှင်တက်နေကာ ချက်ချင်း ပြန်လှည့်ကြည့်လိုက်တော့ သဏ္ဌာန်တစ်ခုက စိတ်မချရစွာ မြစ်ဘေးက ကျောက်တုံးတွေပေါ် ပေါ်လာတယ်။ စိမ်းရင့်ရောင်လူတစ်ယောက်ဖြစ်ပြီး သူ့အသွင်အပြင်တွေက လှပကာ အပေါ်ပိုင်း ဘာမှမဝတ်ထားပေမဲ့ အောက်ပိုင်းကတော့ ငါးတစ်ကောင်အမြီးကြီး။ သူက မြစ်ဘေးက ကျောက်တုံးပေါ်ထိုင်နေရင်း ခပ်ရှရှအသံနဲ့ သီချင်းဆိုနေကာ သူမဆီ ဆွဲဆောင်မှုရှိတဲ့အပြုံးတွေ ပစ်ပေးနေတယ်။

ရှန်းရင် တစ်ချက်သာ ကြည့်ကာ ပြန်လှည့်သွားပြီး သူမအသီးကို ဆက်ကိုက်စားနေတယ်။

အဲလူက ခဏတာ အူတူတူဖြစ်သွားတာ သူမရဲ့တုံ့ပြန်မှုကြောင့် အံ့ဩသွားသလိုမျိုးပဲ။ အဲနောက်တာ့ သူကပါးစပ်ကို ဟကာ စောနကထက်ပိုပြီးတောင် ကျယ်လောင်စွာ သီဆိုတော့တယ်။ သူ့အသံက လူတစ်ယောက်ရင်ကို ထိစေပြီး ဆွဲဆောင်မှုရှိတဲ့သီချင်းတစ်ပုဒ်လို လူတစ်ယောက်ကို ကျိုးကြောင်းပျောက်ဆုံးစေတယ်။

ရှန်းရင် ခဏတာ ရီဝေသွားကာ သူ့ကို တစ်ချက်ပြန်ကြည့်ပြီး နောက်တော့ အသီးကို ဆက်စားနေတော့တယ်။

All Chapters