← Chapters

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း ၅၄၇ ။ မျက်နှာပြင်အသေးလေး

"မိန်းကလေးဖန်း ကျုပ်ကိုခွင့်လွှတ်ပါ" ကူယွဲ့က ဖန်းဖန်းကိုတစ်ချက်ကြည့်ကာ သူမကိုခေါ်ပြီး နောက်က လိုက်သွားခဲ့တယ်။ သူ သူမကို ချီရတာပေါ့။

နှစ်ယောက်သား မြန်ဆန်တဲ့အရှိန်နဲ့ သွားကြပေမဲ့ သူတို့ မြေအောက်မြစ်စီးကြောင်းအတိုင်း တစ်နာရီသွားပြီးတာတောင် သူတို့ အဆုံးကိုမမြင်ရသေး။ အခုဆို မြေအောက်မြစ်တစ်ခုအတွက်တောင် ပင်မမြစ်ဆီ ဒါမှမဟုတ် ပင်လယ်ဆီ စီးဆင်းသွားသင့်ပြီ။ သူတို့တွေ ခုဆို မြို့ကို ကျော်လောက်တာ ကြာပြီထင်ပေမဲ့ အခုထိ အဆုံးကို မရှာတွေ့သေး။

ရှေ့ကဦးဆောင်နေတဲ့ စားဖိုမှူးက ရုတ်တရက် တန့်သွားကာ သူ့ညာဘက်က ချောက်ကို လှည့်ကြည့်တယ်။

"ဘာဖြစ်လို့လဲ" ကူယွဲ့လည်း ရပ်လိုက်တယ်။

ယိချင်းက နောက်ကိုလှည့်ကာ သူ့ကိုတစ်ချက်ကြည့်တယ်။ "လမ်းကြောင်း ပြောင်းသွားတယ်"

ကူယွဲ့ မှင်တက်သွားတယ်။ သေချာအာရုံခံကြည့်တော့ အမှန်ပဲ ဝိညာဉ်ချီလမ်းကြောင်းက လမ်းကြောင်း ပြောင်းသွားတာ နားလည်လိုက်ရတယ်။

ယိချင်း စဉ်းစားပြီး နောက်တော့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ချီထားတဲ့လူကိုချလိုက်တယ်။ "ဆရာ ကျေးဇူးပြုပြီး ဒီမှာခဏလောက် စောင့်နေပါ၊ အနားကိုသိပ်မသွားပါနဲ့" အဲလိုနဲ့ သူက သူမလက်ထဲ အသီးတစ်လုံးထိုးပေးတယ်။

"အိုး" ရှန်းရင်က ယူကာ နောက်နှစ်လှမ်းဆုတ်လိုက်တယ်။

ကူယွဲ့လည်း နောက်ကို အလောတကြီး ဆုတ်ကာ ဖန်းဖန်းဆိုတဲ့မိန်းကလေးကို သူနဲ့ဆွဲခေါ်လာခဲ့တယ်။

အဲတော့မှ ယိချင်းက သူ့သိုလှောင်အိတ်ထဲက ဓားရှည်တစ်ချောင်း ထုတ်ကာ သူ့ဝိညာဉ်ကို အာရုံစိုက်ပြီး ဘေးက ချောက်ကို တည့်တည့်ထိုးချလိုက်တယ်။ သူ ဂါထာတွေ မသုံးနိုင်ပေမဲ့ ဓားသိုင်းတစ်ခုတည်းနဲ့ စားဖိုမှူးက ချောက်တစ်ခုလုံးကို ချက်ချင်း ဖွင့်လိုက်သေးတယ်။ ကျောက်တုံးအပိုင်းအစတွေအများကြီး လိမ့်ကျကုန်ပြီး ဓားချီကြောင့် အတင်းပွင့်လာတဲ့လမ်းကြောင်းတစ်ခု ပေါ်လာတယ်။

"သွားကြစို့ ဆရာ" ယိချင်းက ဓားကိုသိမ်းကာ ပြန်လှည့်လာတယ်။

"အင်း" ရှန်းရင် နောက်ကလိုက်သွားတယ်။

"ခဏ၊ ခဏစောင့်ပါဦး" ဖန်းဖန်းက စိုးရိမ်တကြီး ရှေ့ကိုတိုးလာကာ ရှန်းရင်နောက်ကနေ ကြောက်လန့်မှုလက်ကျန်နဲ့ လျှောက်တယ်။

ကူယွဲ့က အတန်းနောက်ဆုံးကနေ လျှောက်ရတော့တယ်။

စားဖိုမှူးဖွင့်လိုက်တဲ့လမ်းကြောင်းက သိပ်တော့မကျယ်။ အစက လူတစ်ယောက်စီပဲ ဖြတ်သန်းလို့ရပေမဲ့ သူတို့အထဲရောက်လာလေ ပိုကျယ်လာလေပဲ။ ကူယွဲ့လက်ထဲမှာ ကိုင်ထားတဲ့အလင်းလုံးကတောင် သူတို့ပတ်လည်က နေရာတစ်ခုလုံးကို အလင်းမပေးနိုင်တော့တဲ့ဟန်။

ဖန်းဖန်းက ပိုတောင်ကြောက်လန့်လာကာ အနားပိုတိုးလာတယ်။ သူမက ရှန်းရင်လက်ကိုပါ အလိုလို ဆွဲမိလေတယ်။ "ဒီ... ဒီနေရာက ဘယ်နေရာကြီးလဲ"

"မသိဘူးလေ" ရှန်းရင်က ပြန်ဖြေတယ်။ သူမက အသီးကို ကိုက်စားနေဆဲဖြစ်ပြီး သူမ လူမသိသူမသိ အန္တရာယ်များတဲ့နေရာမှာ ရောက်နေတာ မဟုတ်ဘဲ တမင်သက်သက် ခရီးထွက်လာသလို မျက်နှာမှာ သွေးပျက်မှုနည်းနည်းလေးတောင်မရှိ။

ဖန်းဖန်းဆိုတဲ့မိန်းကလေးက သူမကိုတစ်ချက်ကြည့်ကာ တစ်နည်းနည်းနဲ့ သူမလည်း အကြောက်အလန့် နည်းလာတယ်။

"မိန်းကလေးရှန်းက သတ္တိရှိလိုက်တာ၊ ကျွန်မတောင် အဲလောက် စိတ်မလှုပ်ရှားတော့ဘူး" သူမက ဖော်ဖော်ရွေရွေ ပြုံးပြတယ်။ ရုတ်တရက် သူက တစ်ခုခုကို မှတ်မိသွားတဲ့ပုံ။

"အော် ဟုတ်သား၊ ကျွန်မ ဒီမနက် လမ်းဘေးကနေ သစ်သစ်တော်သီးတချို့ ဝယ်ခဲ့တယ်၊ မိန်းကလေးရှန်းက အသီးတွေ အဲလောက်ကြိုက်မှတော့ မြည်းကြည့်ချင်လား" အဲလိုပြောပြီး သူမက ချက်ချင်း သယ်ထားတဲ့အိတ်ကနေ သစ်တော်သီးတစ်လုံး ထုတ်ပေးတယ်။

ဒါပေမဲ့ ရှန်းရင်က အဲအသီးကို မကြည့်ဘဲ သူမကို တန်းတန်းမတ်မတ်ကြည့်တယ်။ သူမက အချိန်အတော်ကြာမှ တုံ့ပြန်တယ်။ မိန်းကလေးက သူမငြင်းတော့မယ်လို့ ထင်ချိန် ရုတ်တရက်ပြုံးကာ ခေါင်းညိတ်တယ်။

"ကောင်းပြီလေ ကျေးဇူးပါ"

"ရ... ရပါတယ်" ဖန်းဖန်းက အပြုံးပြန်ပြုံးပြကာ ရှေ့ကိုလှည့်လာတယ်။ ရုတ်တရက် သူမရဲ့အမူအရာက ထိတ်လန့်သွားတယ်။ "ဟမ်၊ အရှေ့မှာ အလင်းရောင်ရှိနေတာလား၊ ကျွန်မတို့... ကျွန်မတို့ ထွက်ပေါက်ကို ရောက်ပြီလား"

အဲလိုပြောပြီး သူမက ရှန်းရင်ကို ဆွဲကာ ရှေ့ကို တိုးသွားပြီး မျက်နှာမှာတော့ ပျော်ရွှင်နေတဲ့အံ့ဩမှုအပြည့်။

တကယ်ပဲ သူတို့အဝေးမှာ ရုတ်တရက် အဖြူရောင်အလင်းတစ်ခုပေါ်လာကာ ပိုပိုတောက်ပလာတယ်။ တစ်ချိန်တည်းမှာပဲ ထူထဲတဲ့ဝိညာဉ်ချီကလည်း သူတို့မျက်နှာဆီ ပြေးဝင်လာတယ်။

နောက်က ယိချင်းနဲ့ ကူယွဲ့ အကြည့်ချင်းဖလှာ်ကာ ခြေလှမ်းတွေကိုသွက်လိုက်တယ်။

"ကောင်းလိုက်တာ၊ ကျွန်မတို့ နောက်ဆုံးတော့ ထွက်လို့ရပြီ" ဖန်းဖန်းကပိုတောင် ပျော်မြူးလာကာ စိတ်လှုပ်ရှားနေဟန်။ အရှေ့ကအဖြူရောင် အလင်းက သူတို့ရှေ့ အရေအတွက် တိုးလာပေမဲ့ နေရောင်နဲ့မတူဘဲ ရွေ့နေတဲ့အလင်းစက်တွေနဲ့ ပိုတူတယ်။

"ဒါက..." သူမ ခြေလှမ်းတွေက တန့်သွားကာ ရှေ့ကမြင်ကွင်းကို လုံးဝထိတ်လန့်နေတဲ့အမူအရာနဲ့ ကြည့်နေတယ်။

သူမရှေ့မှာတော့ ထူထဲတဲ့အဖြူရောင်ထုကြီး။ ဘာလဲဆိုတာ မပြောနိုင်။ အဲဒါက မရေမတွက်နိုင်တဲ့ အလင်းစက်တွေ စုဝေးလာတာနဲ့တူတယ်။ သူတို့က မြေပြင်တစ်ခုလုံးကို ဖြည့်တင်းထားပြီး အဖြူရောင်စမ်းရေလို ဖြည်းဖြည်းချင်း စီးဆင်းနေတယ်။

ချက်ချင်း သူတို့ပတ်လည်က အရာအားလုံး ပျောက်ကွယ်သွားတာက သူတို့တွေကို နောက်အချိန်-အာကာသတစ်ခုဆီ ပို့လိုက်သလိုပဲ။ သူတို့ ပတ်ဝန်းကျင်က လုံးဝကိုမည်းနက်သွားကာ ရှေ့ကအဖြူရောင်ပြားချပ်ပဲ ရှိနေတယ်။

"ဒါ... ဒါဘာလဲ" ဖန်းဖန်းက လုံးဝထိတ်လန့်နေတဲ့ပုံ။

ကူယွဲ့က ရှေ့တစ်လှမ်းတိုးကာ နောက်တော့ ရုတ်တရက် ပြန်လှည့်လာပြီး ပြုံးတယ်။ "ဒါဘာလဲ၊ မင်း ငါတို့ကို ပြောပြသင့်တာမဟုတ်ဘူးလား"

"သခင်လေး ဘာတွေပြောနေတာလဲ" သူမက နောက်ပြန်လှည့်လာကာ မျက်နှာက အူတူတူ။ "ကျွန်မ နားမလည်ဘူး"

ကူယွဲ့ မျက်လုံးတွေ မည်းနက်သွားတယ်။

"မင်းက ငါတို့သုံးယောက်ကို ဒီခေါ်လာဖို့ သေချာ အကွက်ချခဲ့တာလေ၊ မင်း သရုပ်ဆောင်တာကို ငါတို့ကို ကြည့်ခိုင်းဖို့ သက်သက်တော့ မဖြစ်နိုင်ဘူးမလား"

သူမက တစ်ခဏ တောင့်တင်းသွားတယ်။ နောက်အခိုက်အတန့်မှာ နဂို အပြစ်ကင်းပြီး ဇဝေဇဝါ ဖြစ်နေတဲ့အကြည့်က ချက်ချင်းပြောင်းလဲသွားလေရဲ့။ ရုတ်တရက် သူမရဲ့ သဏ္ဌာန်က အရောင်လက်သွားပြီး အဲအဖြူရောင်အလင်းဆီ ဆုတ်သွားကာ ကျေနပ်တဲ့အပြုံး ပြုံးပြလေတယ်။

"မင်းတို့ သိလိမ့်မယ် မထင်ထားဘူး၊ ဘယ်တုန်းက စပြီးသံသယဝင်ခဲ့တာလဲ"

"မင်း အောက်ထပ်က အခန်းထဲ ပေါ်လာချိန်" ကူယွဲ့က အလောမကြီး ဖြည်းဖြည်းချင်း ရှင်းပြတယ်။

"အောက်ထပ်မှာလား" သူမက ခဏတာ မှင်တက်သွားတယ်။ သူမ ဒါဆို အစတည်းက ကိုယ့်ကိုယ်ကိုယ် ဖော်နေခဲ့တာ မဟုတ်ဘူးလား။

"ငါဟန်ဆောင်နေမှန်း ဘယ်လိုနားလည်ခဲ့တာလဲ"

ကူယွဲ့ မျက်ဆန်လှန်ကာ သူမကို ဒါမေးဖို့တန်ရဲ့လားဆိုတဲ့ အမူအရာ ပြလိုက်တယ်။

"ငါတို့က အပေါ်ထပ်တည့်တည့်မှာ နေနေတာလေ၊ တကယ်လို့ အောက်က အဲအဘွားက တကယ်ပဲ တည်းခိုဆောင်ပိုင်ရှင် သတ်တာခံခဲ့ရတာဆို ငါတို့ မကြားဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ အဲနှစ်ယောက် ကိုင်တဲ့ဓားမှာ သွေးရာမတွေ့ဘူး" စားပွဲထိုးအသံ ကြားလို့ အပေါ်ထပ်ကို ဓားကိုင်ရင်း အလောတကြီး ပြေးတက်လာတဲ့ အဲနှစ်ယောက်က တကယ်သာ လူတစ်ယောက်ကို သတ်ထားခဲ့ရင် တက်မလာခင် ဓားတွေကို သန့်ရှင်းအောင် ဆေးကြောဖို့ အချိန်ရှိပါ့မလား။

"ငါသိပြီ" သူမက ရုတ်တရက် နားလည်သွားသလိုမျိုး။

"အဲလောက်စောစော ပေါ်သွားမယ် မထင်ခဲ့ဘူး၊ နင်တို့ ငါက ပြဿနာတစ်ခုခုမှန်း ဒီလောက်အစောကြီး သိပြီးတာကို ဘာလို့ ငါ့ကို ဒီထိခေါ်လာခဲ့တာလဲ"

"ငါတို့ ဒီထိရောက်လာမှတော့ ရှင်းရှင်းလင်းလင်း သိချင်လို့ပေါ့၊ မင်း တကယ်ပဲ ဘာလို့ ငါတို့ကို ဒီနေရာဆီ ခေါ်လာတာလဲ"

"ဘာအတွက်လဲ" သူမက ရုတ်တရက် ဟားတိုက်ရယ်တယ်။ မျက်လုံးတွေက မည်းနက်သွားကာ ချက်ချင်း ရက်စက်မှုတွေ ပြည့်သွားရင်း အံကြိတ်ပြောလေတယ်။

"နင်တို့အယုတ်တမာတွေကို ဖျက်ဆီးပြီး အမှုန့်ကြိတ်ပစ်ဖို့ပဲပေါ့"

ကူယွဲ့ မှင်တက်သွားကာ သူမအမုန်းတရားက အကြောင်းရင်းမရှိလာတယ်လို့ ခံစားလိုက်ရတယ်။

"ငါတို့အချင်းချင်းမသိဘူးလေ၊ ဘာလို့ ဒီလိုလုပ်ရတာလဲ"

"ဘာလို့လဲ၊ ဟားဟားဟား..."

သူမက ပိုမိုကျယ်လောင်စွာရယ်တော့တယ်။ သူမမျက်လုံးတွေက အေးစက်‌ပြီး အမုန်းတရားတွေက ပင်လယ်လှိုင်းတွေလို လျှံကျနေတယ်။ "နင်တို့အားလုံး ငါ့လောကကို အကြောင်းရင်းမရှိ ကျူးကျော်ခဲ့တာလေ၊ အဲဒါကို ဘာလို့လဲ မေးတယ်လား"

"ကျူးကျော်တယ်လား" ကူယွဲ့မှင်တက်သွားကာ မျက်လုံးတွေက မယုံကြည်နိုင်မှုနဲ့ ပြူးကျယ်ကုန်တယ်။

"မင်းက စီမံထိန်းသိမ်းသူပေါ့" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဒီလောက်သေးတဲ့ ကမ္ဘာတစ်ခုက တကယ်ပဲ မျက်နှာပြင် ဖြစ်နိုင်မှာလား။

"အရမ်းအံ့ဩသွားတယ်လား" သူ ဘာစဉ်းစားနေလဲ သိသလိုမျိုး သူမက ပိုတောင်အေးစက်စွာ ပြုံးတော့တယ်။

"ဒီလိုသေးငယ်တဲ့ မျက်နှာပြင်က တကယ်ပဲ စီမံထိန်းသိမ်းသူရှိနိုင်တယ်လားပေါ့၊ နင်တို့တွေ ဒီမျက်နှာပြင်ကနေ အရှင်လတ်လတ် ထွက်သွားလို့မရမှာတော့ နှမြောစရာပဲ၊ မင်းတို့ရဲ့ စီမံထိန်းသိမ်းသူအတွက်လည်း တူတူပဲ" အဲလိုပြောကာ သူမက လက်ကို ရုတ်တရက် မြှောက်တယ်။ ရှန်းရင်လက်ထဲက အဲသစ်တော်သီးက ရုတ်တရက် အဖြူရောင်အလင်းတန်းတွေ ထွက်လာကာ အလင်းနံရံလေးခု ဖြစ်ပေါ်သွားပြီး သူမကို အထဲမှာ တန်းပိတ်ထားလေတယ်။

...

အခန်း ၅၄၈ ။ စီမံထိန်းသိမ်းသူရဲ့ လက်စားချေမှု

"ဆရာ" ယိချင်းက ထိတ်လန့်သွားတယ်။ သူ သွားကယ်မို့ပဲရှိသေး အဲအလင်းက အဖြူရောင်အလင်းနဲ့အတူ ဖြတ်ခနဲ တောက်ပသွားကာ ရှိနေတဲ့နေရာကနေ ချက်ချင်းပျောက်သွားပြီး ဖန်းဖန်းနောက် ပြန်ပေါ်လာတယ်။

"ဟမ့်၊ ဒါက ငါ မူလရင်းမြစ်နဲ့ လုပ်ထားတဲ့ အကန့်အသတ်ပဲ၊ ဘယ်သူမှ မလွတ်နိုင်ဘူး"

"မင်းပစ်မှတ်က နဂိုတည်းက ရှန်းရင်ဖြစ်ခဲ့တာလား" ကူယွဲ့ မျက်‌နှာတွေ မည်းမှောင်သွားတယ်။ သူ ရုတ်တရက် အဲရေသူထီးကို အမှတ်ရမိတယ်။ ပင်လယ်သတ္တဝါဆိုပေမဲ့ မြစ်ဘေးမှာ ပေါ်လာတယ်။ အဲရေသူထီးတင်မက မြို့အရှင်၊ ပြီးတော့ အဲတည်းခိုဆောင်၊ အားလုံးက သူတို့ကို စမ်းသပ်ဖို့ သူမသုံးခဲ့တာပဲ။

"တကယ်ပဲ၊ သူက နင်တို့စီမံထိန်းသိမ်းသူ ဖြစ်နေမှတော့ အစက ငါ သူနဲ့တန်းရှင်းဖို့ ရည်ရွယ်ထားပေမဲ့..." ဖန်းဖန်းက ဂရုမစိုက်ပြောတယ်။

"ငါ သူ့စွမ်းအားကို အထင်သေးမိတာ နှမြောစရာပဲ၊ တကယ်လို့ ငါ ဒီမျက်နှာပြင်ရဲ့ မသေမျိုးနဲ့ဝိညာဉ်ချီကို ထိန်းချုပ်ထားရင်တောင် သူ့မှာ ကြောက်ခမန်းလိလိ ခွန်အား ရှိသေးတယ်၊ ဒါကြောင့် ငါနင်တို့အားလုံးကို ဒီဆွဲခေါ်လာပြီး နင်တို့စွမ်းရည်တွေကို ဖိနှိပ်ဖို့ မူလရင်းမြစ်စွမ်းအားကို အသုံးချရုံပဲ ရှိတာပေါ့"

ကူယွဲ့ မှင်တက်သွားကာ သူ့မျက်နှာပြင်ကို သူ အလိုလိုအာရုံခံလိုက်တယ်။ တကယ်ပဲ သူ အာရုံခံမရတော့ဘူး။ ပြီးတော့ မျက်နှာပြင် တံခါးကို ပိတ်ထားပြီးပြီ။ သူမ သူတို့ကို ဒီခေါ်လာတာ အံ့ဩစရာ မရှိတော့ဘူး။ သူတို့ ပြန်ဆုတ်ဖို့လမ်းကို ပိတ်ဆို့ဖို့ပေါ့။

"ပေါက်တတ်ကရတွေ ပြောတာပြီးပြီလား" ယိချင်းမျက်နှာက မည်းမှောင်နေတယ်။ သူက ရှေ့ကိုထွက်ကာ ဓားကိုဆွဲထုတ်လိုက်တယ်။ "လာတိုက်ခိုက်ချေ"

ဖန်းဖန်းက တကယ်ပဲ ထေ့ရယ်ပြီး နည်းနည်းလေးတောင် သူတို့ကိုရှိန်‌ပုံမပေါ်။ သူမ လှည့်ကာ အဖြူရောင်အလင်းထဲပိတ်နေတဲ့ရှန်းရင်ကို တစ်ချက်ကြည့်လိုက်တယ်။ "ငါ့လက်ထဲ စီမံထိန်းသိမ်းသူနဲ့၊ ဒါက မူလရင်းမြစ်နေရာ၊ နင့်ခွန်အားနဲ့ဆို နင်ဘယ်တော့မှ..."

သူမ စကားမ‌ဆုံးခင် ဆိုးဝါးလှတဲ့ ဓားချီတစ်လှိုင်းက ရုတ်တရက် သူမဆီ ရိုက်ခတ်လာကာ ကြောက်ခမန်းလိလိအရှိန်နဲ့ ထူထဲတဲ့ သတ်ဖြစ်လိုတဲ့အရှ်န်အဝါကို သယ်ဆောင်လာတယ်။ သူမက အလိုလို ပြန်လှည့်မိပြီး အဲဓားချီလှိုင်းကို ရှောင်လိုက်နိုင်တယ်။ သူမနှလုံးသားအောက်ခြေက ချက်ချင်း အေးစက်သွားတယ်။ သူမ ရှောင်တာမမြန်ရင် အဲဓားချီက သူမကိုယ်ပေါ် ထိမှန်သွားတော့မှာ။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ သူမ ယိချင်းဘက်လှည့်ကာ မျက်နှာမှာမယုံကြည်နိုင်မှုအပြည့်။ သူမ ဒေါသပေါက်ကွဲထွက်တော့မဲ့ မျက်နှာအမူအရာကိုသာ မြင်လိုက်ရတယ်။ သူက တစ်လုံးချင်း ပြောလာတယ်။ "မင်းရဲ့ညစ်ပတ်တဲ့ဟာတွေကို ဆရာ့ကိုမပေးစမ်းနဲ့"

ကူယွဲ့ ။ ။ "..."

#စားဖိုမှူးတစ်ယောက်၏ နောက်လိုက်။

အဲတော့ မင်းဒေါသရဲ့အဓိကအချက်က သူ ရှန်းရင်ကို သစ်တော်သီးလေးတစ်လုံး ပေးမိတာကြောင့်နဲ့လား။ ‌မပေါက်ကွဲခင် သူ့ကိုယ်သူ ဒီလောက်ကြာကြာထိန်းချုပ်ပြီး အဆုံးထိပူးပေါင်း သရုပ်ဆောင်ပေးတာ ကံကောင်းတယ်လို့ ပြောရမလား။

ဒါပေမဲ့ စားဖိုမှူးက ဓားကိုကိုင်ရင်း ပြေးထွက်သွားနေပြီ။ အချိန်တစ်ခုအတွင်း ဓားချီက အန္တရာယ်များတဲ့ အငွေ့အသက် ထွက်လာပြီး သူတို့နားပိုတောင်ထူထဲလာတယ်။ ဖန်းဖန်း မူလရင်းမြစ်ထူထဲတဲ့နေရာထိ နောက်ဆုတ်သွားရပေမဲ့ အသုံးမဝင်တာ နားလည်လိုက်ရတယ်။ ယိချင်းရဲ့ လှုပ်ရှားမှုက မနှေးသွားရုံတင်မက တကယ်ပဲ ပိုပြီးတော့တောင်မြန်လာတယ်။

"ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" သူမမျက်နှာက မယုံကြည်နိုင်မှုအပြည့်။ သေချာပေါက်ကို သူမက မူလရင်းမြစ်ထဲ ရောက်နေပြီဆိုပေမဲ့ သူတို့ ဘယ်လိုလုပ် ဒီလိုစွမ်းရည်တွေ ရှိနေသေးတာလဲ။ မဟုတ်မှလွဲ...။

"နင်တို့လည်း စီမံထိန်းသိမ်းသူတွေပဲ" သူမမျက်လုံးတွေက ရုတ်ခြည်းပြူးကျယ်ကုန်တယ်။

"ဘာလဲ၊ ခုမှနားလည်တာလား" ကူယွဲ့က ပြုံးတယ်။

"ဘယ်လိုလုပ်တစ်ပြိုင်နက်သုံးယောက်..." သူမ အံကြိတ်ကာ မျက်ဝန်းထဲကအမုန်းတရားက ပိုတောင် လေးနက်လာတယ်။ သုံးယောက်ကြား ရှန်းရင်လို့ခေါ်တဲ့တစ်ယောက်က ပိုအားကြီးတဲ့ပုံဖြစ်ပြီး လွှမ်းမိုးမရတဲ့သူတောင် ဖြစ်လို့ သူမ အလိုလိုကောက်ချက်ချမိတာက သူမက စီမံထိန်းသိမ်းသူဖြစ်ပြီး ဒီနှစ်ယောက်ကတော့ သူမလက်ထောက်တွေပဲပေါ့။

ပြီးတော့ သူမတကယ်ပဲ သုံးယောက်ကြား စာချုပ်စွမ်းအင် ရှိနေတာ မြင်ခဲ့ရပေမဲ့ သုံးယောက်လုံးက စီမံထိန်းသိမ်းသူ ဖြစ်နေမယ်မထင်ခဲ့ဘူး မျက်နှာပြင်တစ်ခုရဲ့ စီမံထိန်းသိမ်းသူအနေနဲ့ သူတို့က တကယ်ပဲ တခြားသူရဲ့ လက်ထောက် ဖြစ်လာဖို့ ဆန္ဒရှိတယ်ပေါ့၊ ဒီလူနှစ်ယောက် ဦးနှောက်မှာ တစ်ခုခု ဖြစ်နေတာလား။

ဒါပေမဲ့ သူမ သေချာစဉ်းစားဖို့ အချိန်မရလိုက်။ ယိချင်းရဲ့ ဓားတိုက်ခိုက်မှုက သူမကို ချောင်ထဲ တွန်းပို့နေပြီ။ သူမအံကြိတ်ကာ မျက်နှာပျက်သွားတယ်။ သူတို့ သူမ ဘာလုပ်လဲမသိပေမဲ့ သူတို့ခြေထောက်အောက်က မျက်နှာပြင်ရဲ့ မူလရင်းမြစ်က နဂိုက စမ်းရေလိုတည်ငြိမ်နေရာကနေ ရုတ်တရက် စတင်ဆူပွက်လာတယ်။ သားရဲကြီးတွေ တစ်ကောင်ပြီးတစ်ကောင် ရေထဲကထွက်လာကာ ယိချင်းကို တိုက်ခိုက်တော့တယ်။

"ဟိုလီရှစ်" ဒီစီမံထိန်းသိမ်းသူက မူလရင်းမြစ်ထဲ သားရဲတွေကို တကယ်မွေးမြူထားတယ်ပေါ့။

ကူယွဲ့ ထိတ်လန့်သွားကာ သူ့ဘာသာဆဲရေးပြီး ဓားကိုဆွဲထုတ်ကာ ပြေးသွားလိုက်တယ်။ မူလရင်းမြစ်ထဲ မွေးမြူထားတဲ့ သားရဲတွေက သေချာပေါက် သန်မာတာပေါ့။ သူတို့တွေက သာမန်သားရဲတွေ မဟုတ်တော့ဘဲ ကောင်းကင်သားရဲတွေ။ ဒါပေမဲ့ သူတို့ ဒီမှာဂါထာသုံးမရဘဲ ဓားနဲ့ပဲ အတင်းတိုက်ခိုက်လို့ရတာမို့ ပိုပြီးတော့တောင် ခက်ခဲတယ်။ တစ်အုပ်လုံး သူတို့ကို ဝိုင်းအုံလာတာ မပြောနဲ့ဦး။

ကူယွဲ့ အထဲကို ပြေးဝင်သွားကာ သူနဲ့စားဖိုမှူးက တစ်ဖက်တစ်ချက်စီ နေရာယူရင်း စတင်တိုက်ခိုက်ကြတော့တယ်။ ခဏအတွင်း အဖြူရောင်အလင်းထဲကနေရာတိုင်းမှာ ဓားချီတွေ ပြည့်သွားတယ်။ ကံကောင်းချင်တော့ ကောင်းကင်သားရဲတွေက သန်မာပေမဲ့ အသိစိတ်ရှိပုံမပေါ်။ ဂါထာတွေကို သုံးမရရင်တောင် သူတို့ရဲ့ စီမံထိန်းသိမ်းသူစွမ်းရည်တွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ထားခံရပေမဲ့ အဲသားရဲကြီးတွေကိုနှိမ်နင်းဖို့က အချိန်တစ်ခုပဲလိုတာ။ သူတို့ အထဲမှာ ခဏပိတ်မိနေရုံပဲ။

ပြီးတော့ စားဖိုမှူး လိုက်ခံရတဲ့ဖန်းဖန်းလည်း အသက်ရှူဖို့အခွင့်အရေးရသွားတယ်။ သူမ တန်းပြန်ဆုတ်လိုက်တယ်။ သူမ ဒဏ်ရာတွေက အတော်လေးပြင်းထန်ပြီး ဓားချီတွေက သူမကိုယ်ပေါ် အရိုးထဲထိနက်တဲ့ ဒဏ်ရာတွေဖြစ်အောင် ပိုင်းထား‌တယ်။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ ဒဏ်ရာတွေက မသက်သာ။ သူမကို ဖိနှိပ်ထားတာမဟုတ်တော့ ကျိန်းသေပေါက် ဒါတွေက စီမံထိန်းသိမ်းသူအတွက်ဆို ထည့်ပြောဖို့တောင် မတန်တဲ့ ဒဏ်ရာသေးလေးတွေ။

"နင် သူတို့ကို နင့်ကိုယ်ပိုင်အစွမ်းနဲ့ မွေးမြူထားတာလား"

ရုတ်တရက် ရင်းနှီးနေတဲ့အသံက သူမနားထဲ မြည်လာတယ်။

ဖန်းဖန်းက မှင်တက်သွားတယ်။ သူမ ပြန်လှည့်ကြည့်လိုက်တော့ အဖြူရောင်အလင်းထဲ ပိတ်မိနေတဲ့ ရှန်းရင်က စကားပြောနေသူဆိုတာ နားလည်လိုက်ရတယ်။ သူမက လက်ထဲ အသီးတစ်လုံး ကိုင်ထားဆဲဖြစ်ပြီး တမြုံ့မြုံ့ ဝါးနေတာများ ပိတ်လှောင်ခံထားရလို့ သွေးပျက်မှုနည်းနည်းလေးတောင် မရှိ။ အဲအစား သူမက ခေါင်းကိုစောင်းကာ သိချင်စိတ်နဲ့ ကြည့်လာတယ်။

"ဟင့်အင်း" သူမက ရုတ်တရက် သူမကိုယ်သူမ အမှန်ပြင်လိုက်တယ်။

"ပိုတူတာက နင့်ကိုယ်ပိုင်အစွမ်းနဲ့ ဒီပျက်စီးနေတဲ့မျက်နှာပြင်ကို ထောက်ပံ့နေတာ" အဲဒါကြောင့် သူမကိုယ်သူမတောင် မကုသနိုင်တာပဲ။

သူမမျက်လုံးတွေ ရုတ်ခြည်းပြူးကုန်ပြီး မျက်နှာပေါ် အကုန်ပေါ်သွားပြီဆိုတဲ့ အကြည့်နဲ့ မျက်လုံးထဲ သတိကြီးမှုတွေ ပြည့်နေတယ်။

"ဘာလို့လဲ" ရှန်းရင်က ဆက်ပြောတယ်။ သူမ ဒီလိုနည်းနဲ့ဆို ကြာကြာခံတော့မှာ မဟုတ်ဘူး။

"ဘာလို့လဲ" သူမ ဒေါသ၊ မချင့်မရဲဖြစ်မှုတို့နဲ့ ထရပ်လိုက်တယ်။ မျက်လုံးထဲက အမုန်းတရားက လျှံကျလာတော့မလိုပဲ။ သူမအံကြိတ်ကာ ဒေါသတကြီး ပြောတော့တယ်။

"ငါ့မျက်နှာပြင်ကို မပြိုလဲစေချင်ဘူး၊ ငါ့ကမ္ဘာထဲက သက်ရှိတွေကို အသက်ရှင်နေစေချင်တယ်၊ ငါ သူတို့ကို ပျက်စီးမှုက ဝါးမျိုသွားတာ မခံရစေချင်ဘူး မဟာတာအိုအဖွဲ့အစည်းရဲ့၊ နင်တို့ လူသတ်သမားတွေက ငါ့ကို ဘာလို့ဆိုတဲ့ မေးပိုင်ခွင့် ဘာရှိလဲ"

"မဟာတာအိုအဖွဲ့အစည်းလား" ရှန်းရင်က မျက်မှောင်ကြုတ်တယ်။ "ငါတို့ မဟုတ်ဘူးလေ"

"ဟော် ကွာခြားချက် ရှိလို့လား" သူမကထေ့ရယ်တယ်။ "မကြာခင် ဖြစ်လာမှာပဲ၊ မဟုတ်ရင် ဘာလို့ ဒီနေရာမှာ နင်တို့ ပေါ်လာမှာတုန်း၊ နင်တို့ ငါ့ကိုသတ်ပြီး ဂယက်ထပြီး အသက်ရှင်ကျန်တယ်ဆိုရုံလေး ဖြစ်နေပြီးသား ဒီမျက်နှာပြင်ကို ဖျက်ဆီးဖို့ပဲလိုတာလေ၊ ပြီးရင် နင်တို့က အဖွဲ့အစည်းထဲ ဝင်ဖို့ အရည်အချင်း ပြည့်မီသွားမှာကိုး"

"အရည်အချင်းပြည့်မှီမယ်လား" ရှန်းရင်က မျက်မှောင်ကြုတ်တယ်။ "နင်ဆိုလိုတာ ငါတို့ကို ဒီပို့လိုက်တာက အဖွဲ့ဝင်ခွင့်အတွက် စမ်းသပ်မှုအနေနဲ့ပေါ့"

"ဘာလဲ၊ နင်တို့ ဒါကိုတောင် ရှင်းရှင်းလင်းလင်း မသိဘူးလား"

သူမ မျက်လုံးထဲက အေးစက်မှုက လေးနက်လာပြီး လှောင်ရယ်မှုအပြည့်နဲ့ ပြောတယ်။ "ဒါဆို ဒီတစ်ခေါက် မဟာတာအိုအဖွဲ့အစည်းက အတော်လေး ကန်းနေတာပဲ၊ အခြေအနေကိုတောင် မသိတဲ့ ဒီလူတွေကို တကယ် ဖိတ်လိုက်တယ်ပေါ့လေ"

ရှန်းရင် မျက်လုံးတွေ မည်းနက်သွားကာ နောက်ဆုံးတော့ လက်ထဲကအသီးကို ချတယ်။ သူမက လက်လှမ်းကာ သူမလက်တွေနဲ့ အတင်း တစ်ခုခုကို ဆွဲဖြဲတဲ့လှုပ်ရှားမှုလုပ်လိုက်တယ်။ ပြဲသံနဲ့အတူ ပိတ်လှောင်ထားတဲ့ အဲအဖြူရောင်အလွှာက အဖြူရောင်စာရွက်တစ်စ ဖြဲခံလိုက်ရသလို ချက်ချင်း ကွဲအက်ပွင့်သွားခဲ့တယ်။

ဖန်းဖန်းမျက်လုံးတွေ ချက်ချင်း ပြူးထွက်ကုန်တယ်။

(⊙_⊙)

ဒါပေမဲ့ ရှန်းရင်က သူမဆီ တန်းတန်းမတ်မတ်လျှောက်လာကာ တစ်လှမ်းအကွာမှာရပ်ပြီး လေးနက်တဲ့အသံနဲ့ ပြောတယ်။ "လာ စကားပြောကြရအောင်"

...

အခန်း ၅၄၉ ။ မဟာတာအိုရဲ့အမှန်တရားများ

"နင်... နင်ဘယ်လိုလုပ်..." သူမက ရှေ့ကလူကို ကြည့်ရင်း အာရုံခံနိုင်စွမ်းပျောက်ဆုံးနေသေးတဲ့ပုံ။ သူမကို ပိတ်လှောင်ထားတာပဲ၊ ဘာလို့ အဲလောက်အလွယ်လေး...။

ရှန်းရင်က မြေကြီးပေါ် သူမကို ဆွဲခေါ်နေပြီးဖြစ်ကာ ဘေးမှာ တင်ပျဉ်ခွေထိုင်ချရင်း တစ်ချိန်တည်းမှာတင် အဆာသွတ်မုန့်ပန်းကန်တချို့ ထုတ်ရင်း တကယ်ပဲ ရှည်လျားလေးနက်တဲ့ စကားပြောဖို့ ရည်ရွယ်ထားဟန်။

ရီဝေငေးမောစွာ ထိုင်နေရင်း သူမက တစ်ခုခုကို သတိရသွားသလိုမျိုး ရုတ်တရက် ခေါင်းကိုမော့ အပူတပြင်း တိုက်ခိုက်နေဆဲလူနှစ်ယောက်ကို လှမ်းအော်လိုက်တယ်။ "စားဖိုမှူး၊ ဖေဖေနျို ချနေတာ တော်တော့ လာ စကားကောင်းကောင်းပြောရအောင်"

အဲလိုနဲ့ သူမက အောက်က အဖြူရောင်အလင်းကို လှမ်းထိပြီး အတင်းပုတ်လိုက်တယ်။ ပဲ့တင်ထပ်တဲ့ရိုက်ချက်သံနဲ့အတူ မထင်မရှားစွမ်းအင်တချို့က ချက်ချင်းပြန့်ကွဲထွက်သွားတယ်။ အဲဒါက တိုက်ပွဲဖြစ်နေရာဆီ လွင့်ထွက်သွားပြီး သားရဲကြီးတွေက ချက်ချင်းဆိုသလို ဖန်ကွဲစတွေအတိုင်း သေးမွှားတဲ့ အမှုန်‌သန်းချီ ဖြစ်ကုန်ကာ မူလအရင်းအမြစ်ဆီ ပြန်ကုန်တယ်။

အတင်း ထိုင်ခိုင်းခံထားရတဲ့ဖန်းဖန်းကတော့ သူမကိုယ်ထဲ ရင်းနှီးနေတဲ့စွမ်းအင် ချက်ချင်း ပြန်ရောက်လာတာကို ခံစားမိတယ်။ နောက်အခိုက်အတန့်မှာ သူမကိုယ်ပေါ်က အဲဒီအရုပ်ဆိုးဆိုး ဒဏ်ရာတွေက ပျောက်ကင်းကုန်ပြီ။

ခုပြိုင်ဘက် မရှိတော့တဲ့ ကူယွဲ့နဲ့ယိချင်းက အကြည့်ချင်းဖလှယ်ကာ ဓားကိုသိမ်းပြီး ပြန်လျှောက်လာခဲ့ကာ တခြားနှစ်ယောက်ရဲ့ ဆန့်ကျင်ဘက်မှာ ထိုင်လိုက်ကြတယ်။ ကူယွဲ့က ရှန်းရင်ကို ဒေါသတကြီးတောင် စိုက်ကြည့်လိုက်သေးတယ်။ မင်း သရုပ်ဆောင်မယ်ဆိုရင် စောစောက ပြောရောပေါ့၊ တစ်နေကုန်နီးပါး သူတို့ကို တိုက်ခိုက်ရအောင် လုပ်တယ်။

ရှန်းရင်က ခေါင်းကိုလက်နဲ့ထောက်ကာ ဖန်းဖန်းဘက် လှည့်သွားပြန်တယ်။ "ကောင်းပြီလေ လာ ငါတို့ကို နင့်ဇာတ်လမ်းပြောပြ"

ဖန်းဖန်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဖန်းဖန်းက ခဏ‌တုံ့ဆိုင်းသွားပြီးမှ အသိစိတ် ပြန်ဝင်လာတယ်။ သုံးယောက်ကို မုန်းတီးမှုနဲ့ စိုက်ကြည့်နေဆဲဆိုပေမဲ့ နောက်တစ်ကြိမ် ရန်မပြုတော့ဘူး။ ရှန်းရင်ရဲ့ အဲခပ်ပေါ့ပေါ့ပါးပါး ရိုက်ချက်က အတော်လေး ထိတ်လန့်စရာကောင်းတယ်။ သူမရဲ့စွမ်းရည်တွေနဲ့ သူတို့အတွက် ပြိုင်ဘက် မဟုတ်နိုင်တာလည်း နားလည်သွားပြီ။ ရှန်းရင်က စောနက ဝင်မပါဖို့ ထိန်းနေခဲ့လို့သာ။ ဟင့်အင်း သူမ ဝင်မပါရင်တောင် တခြားစီမံထိန်းသိမ်းသူနှစ်ယောက်ကို မနိုင်လောက်ဘူး။

"အော် ဟုတ်သား" ရှန်းရင်က သူမကို တစ်ချက်ကြည့်ကာ တစ်ခုခုကိုတွေးမိသွားပုံပေါ်ပြီး ယိချင်းဘက်လှည့်ကြည့်တယ်။ "စားဖိုမှူး၊ သူ့ကို သုံးခိုင်းလိုက်ပါဦး... အဝတ်လျှော်စက်ဂါထာလား"

ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်သွားကာ ကြားဖြတ်ပြောလိုက်တယ်။ "အဲဒါ ဖုန်ဖယ်ရှားဂါထာဟ"

ဘိုးအေကို အဝတ်လျှော်စက်။

"အော်ဟုတ်သား ဖုန်ဖယ်ရှားဂါထာ" ရှန်းရင်က ခေါင်းညိတ်တယ်။ "မဟုတ်ရင် သူမကိုယ်ပေါ်က သွေးတွေနဲ့ဆို သရဲပုံပြင် ပြောပြသလိုဖြစ်နေမှာ"

"ဟုတ်ကဲ့ဆရာ"

"ဘာဟုတ်ကဲ့လဲ၊ ငါတို့ဂါထာ သုံးမရဘူးလေ မင်း သုံးလို့ရမဲ့ပုံနဲ့... ချီး" သူ စကားမဆုံးခင် စားဖိုမှူးရဲ့ဂါထာတစ်ခုက ပေါ်လာပြီး သူမကိုယ်ပေါ်က သွေးကွက်ရာတွေ အကုန် ပျောက်သွားတာ မြင်လိုက်ရတယ်။ အပေါက်တချို့ကလွဲ တကယ့်ကိုအသစ်စက်စက် ဝတ်ရုံအတိုင်းပဲ။

"သူ ဘယ်လိုလုပ် ရုတ်တရက်..." ခဏ၊ သူ အလိုလိုအာရုံခံကြည့်မိတော့ သူ့ကိုယ်ထဲက ကောင်းကင်စွမ်းအင်က ပြန်ရောက်လာပြီဆိုတာ သိလိုက်ရတယ်။ မသေမျိုးချီနဲ့ ဝိညာဉ်ချီကြား စိတ်တိုင်းကျ ပြောင်းလို့ရတယ်ဆိုတာ မပြောနဲ့ဦး။

ဘာတွေဖြစ်နေတာလဲ။

"အော်၊ ငါ နောက်ဖေးတံခါး ဖွင့်လိုက်ရုံပါ" သူတို့မျက်နှာပြင်ကနေ။

ကူယွဲ့ ။ ။ "..."

သူ့စိတ်ထဲ တစ်ခုခု ပြတ်တောက်သွားသလို ဝိုးတဝါး ခံစားလိုက်ရတယ်။

"တကယ်လို့ နောက်ဖေးတံခါး ဖွင့်နိုင်ရင် စောစောလုပ်တော့ သေသွားမှာမို့လား" သူတို့ကို တော်တော်လေး ပင်ပင်ပန်းပန်းအလုပ်လုပ်ခိုင်းခဲ့တာပဲ။

"နင်လည်း ငါ့ကိုဖွင့်ဖို့မှ မပြောတာ" ရှန်းရင်က အပြစ်ကင်းတဲ့ အမူအရာနဲ့။

"..." သွေးပွက်ပွက်အန်။

ကြည့်နေသော ဖန်းဖန်း ။ ။ "..."

ဒီသုံးယောက်က တကယ်ပဲ စီမံထိန်းသိမ်းသူတွေ ဟုတ်ရဲ့လား။ သူတို့က ဘာလို့အဲလောက်တောင် အားကိုးမရတဲ့ပုံ ပေါ်နေတာလဲ။ သူမ မေးချင်မိပါရဲ့၊ သူတို့မျက်နှာပြင် အသက်ရှင်နေသေးရဲ့လား။

——————

ဖန်းဖန်း မျက်နှာပြင်ရဲ့ အဆုံးမသတ်တဲ့ ဇာတ်လမ်းက တကယ်တော့ အောင်မြင်တဲ့ ကျူးကျော်မှုရဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ တစ်ခုပဲ ကျူးကျော်သူ တစ်ယောက် လုပ်တာ မဟုတ်ဘဲ တစ်ကြိမ်ကို ကျူးကျော်သူ ဒါဇင်ချီ။ အဆုံးမှာတော့ သူမမျက်နှာပြင်ပြိုလဲမှုကို ဦးတည်ခဲ့ကာ ခုလောလောဆယ် ကမ္ဘာငယ်အရွယ်အစားလေးသာ ကျန်ရစ်တော့တယ်။

ပြီးတော့ အဲဒီမဟာတာအိုအဖွဲ့အစည်းက တကယ်ပဲ ရှန်းရင်ပြောသလိုမျိုး မျက်နှာပြင်တိုင်းက စီမံထိန်းသိမ်းသူတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပဲ။ ဖန်းဖန်းအရတော့ အဲထဲ စီမံထိန်းသိမ်းသူ ဒါဇင်ကျော် ရှိနေပြီဖြစ်ကာ အများစုက ကူယွဲ့နဲ့ ယိချင်းတို့လို အမတဝိညာဉ်မျက်နှာပြင်ကနေ လာသူတွေ။

ဒါကေမဲ့ သဘာဝက ရှန်းရင်တစ်ခါက ဆက်ဆံဖူးတဲ့ အုပ်ချုပ်ရေးကော်မတီနဲ့ ကွဲပြားတယ်။ အုပ်ချုပ်ရေးကော်မတီက အတွင်းပိုင်း ဆက်ဆံရေးတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဖြေရှင်းဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒါကတော့ အပြင်ပိုင်းအင်အားစုတွေကို ဆန့်ကျင်ဖို့ မဟာမိတ်အဖြစ် ဖွဲ့စည်းခဲ့တာ။ သူတို့တွေက စစ်ပွဲကိုမစတင်ပေမဲ့ လူအုပ်လိုက်ကြီး တိုးဝင်လာပြီး တစ်ဖက်သူရဲ့မျက်နှာပြင်ကို တန်ပြန်ကျူးကျော်လိမ့်မယ်။

နာမည်အရတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းမှုလို့ ဆိုပေမဲ့ သူတို့ရဲ့နည်းလမ်းက ဘာရှင်းပြချက်ကိုမှ နားမထောင် အတောမသတ် တစ်ဖက်သတ်ဆန်တယ်။ သူတို့တွေက အဆက်မပြတ် အဖွဲ့ဝင်အသစ်တွေကိုလည်း စုဆောင်းနေကြတာ။ ဖန်းဖန်းလည်း အဲတုန်းက ဖိတ်ကြားခံ အဖွဲ့ဝင်တွေထဲက တစ်ယောက် ဖြစ်ခဲ့ပေမဲ့ သူတို့ရဲ့ သက်ဦးဆံပိုင်အာဏာရှင်သဘာဝကို ထိုးထွင်းမြင်လို့ တန်းငြင်းပယ်ခဲ့တယ်။

အဲဒါတောင် သူမက မဟာတာအိုအဖွဲ့အစည်းရဲ့ လက်စားချေမှုကို ခံစားခဲ့ရတယ်။ အဲလူတွေက သူမကို ခြိမ်းခြောက်မှုအနေနဲ့ မြင်ကာ တိုက်ခိုက်ခဲ့ကြတယ်။ နည်းလမ်းပေါင်းစုံသုံးပြီးမှ မျက်နှာပြင်ရဲ့ မူလရင်းမြစ် လက်ကျန်နည်းနည်းကို ထိန်းနိုင်ခဲ့တာ။ အစက သူမ အစက ပြန်စတင်လို့ ရပြီ ထင်ခဲ့ပေမဲ့ အဲလူတွေက ရှာတွေ့သွားသေးတယ်။

"သူတို့တွေက ငါ့ကို ဒီကမ္ဘာ‌ငယ်လေးထဲ ပိတ်လှောင်ထားပြီး မူလရင်းမြစ်နောက်ဆုံးလက်ကျန်ကို ပိတ်ထားတာမို့ ငါထွက်ပြေးလို့မရတဲ့အတွက် ငါ့ကိုယ်ငါရော ငါ့ကိုယ်ပိုင် မျက်နှာပြင်ကိုပါ ကယ်မရဘူး"

သူမမျက်လုံးတွေက တစ်ကိုယ်လုံး အသက်ဆုံးရှုံးထားဟန် အရောင်ကင်းမဲ့နေကာ စိတ်ဓာတ်ကျမှုတွေနဲ့ပဲ ပြည့်နေတယ်။

"ငါ့မျက်နှာပြင် သေခြင်းတရားဆီ ရွေ့လာတာကို ကြည့်နေရုံပဲ တတ်နိုင်တယ်၊ ရယ်စရာကောင်းတာက သူတို့က ငါ့ရဲ့ဒီအကျိုးအပဲ့မြေကို သူတို့ရဲ့မဟာမိတ်တွေ ရွေးချယ်ဖို့ စမ်းသပ်ချက်နေရာအဖြစ် သုံးကြတယ်၊ အဲဒါက ပစ္စည်းတွေကိုလည်း နှံ့နှံ့စပ်စပ် သုံးခိုင်းတာ"

သူမက ရုတ်တရက် မော့ကြည့်ကာ လှောင်ပြောင်လိုဟန်ပြုံးတယ်။ "နင်တို့အားလုံးက ဒီတစ်ကြိမ် စမ်းသပ်မှုအတွက် ရွေးချယ်ထားတဲ့ အဖွဲ့ဝင်တွေပဲ"

ရှန်းရင်က တိတ်ဆိတ်နေတယ်။ ကူယွဲ့နဲ့ ယိချင်း အမူအရာလည်း သိပ်မကောင်း။ မဟာတာအိုအဖွဲ့အစည်းက ဒီလိုလူတစ်သိုက် ဖြစ်နေမယ် မထင်ခဲ့ဘူး။

အတော်ကြာတော့ ကူယွဲ့ စကား‌ထပြောလိုက်တယ်။

"သူတို့ရွေးချယ်မှုအတွက် စံနှုန်းက ဘာလဲ"

သူမ အပြုံးက ပိုတောင်အေးစက်လာကာ အသက်ပြင်းပြင်း ရှူသွင်းတယ်။ "ဒီလောကအကြောင်း အမှန်တရားကို ရှာဖွေ၊ မဟာတာအိုအဖွဲ့အစည်းဆီ ဦးတည်နေတဲ့ လမ်းမှန်ကို ရှာ"

"အဲလောက်ရိုးရှင်းတယ်လား"

"ရိုးရှင်းတယ်လား" ဖန်းဖန်းက ခေါင်းလှည့်လာကာ သူ့ကို လှမ်းကြည့်ပြီး စောနက နက်ရှိုင်းစွာ စွဲထင်နေတဲ့ မုန်းတီးမှုက နောက်တစ်ကြိမ် ပေါ်လာပြန်တယ်။ "နင်တို့အတွက်တော့ ရိုးရှင်းတယ်ပေါ့၊ ဒါပေမဲ့ ငါ့အတွက်တော့ ထပ်ခါတလဲလဲ ဘေးဒုက္ခကပ်ဆိုးပဲ"

"ဘာဆိုလိုတာလဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"နင်တို့သုံးယောက်က ငါပထမဆုံး တွေ့ဖူးတဲ့ စီမံထိန်းသိမ်းသူတွေလို့ ထင်နေတာလား" သူမက အေးစက်စက် အသံထွက်ရယ်တယ်။

"နင်တို့လို မဟာတာအိုအဖွဲ့အစည်းအကြောင်း ဘာမှမသိတဲ့လူတွေက မများဘူး၊ အများစုက မဟာတာအိုအဖွဲ့အစည်း တည်ရှိမှုအကြောင်း ကြားဖူးပြီးသား၊ သူတို့ထဲ ဝင်ဖို့ အရမ်းကို တက်ကြွနေတာ၊ သေချာပေါက် ဒီလိုစမ်းသပ်မှုရှိမယ်ဆိုတာလည်း သိကြတယ်၊ ဒါပေမဲ့ သူတို့ လမ်းကို လုံး၀ ရှာမရချိန် ဘာလုပ်တယ်ထင်လဲ"

"..." ကူယွဲ့ တုံ့ဆိုင်းသွားပြီး သူ့အကြည့်က နောက်တစ်ကြိမ်မှေးမှိန်သွားတယ်။

ဖန်းဖန်းကတော့ ဆက်ပြီး အေးစက်စက်ပြုံးနေဆဲ။ "သူတို့ရတဲ့အကောင်းဆုံးအကြံက သေချာပေါက် ငါ့ကို ရှာပြီး လမ်းမှန်ကို မေးဖို့ပေါ့၊ ဒါပေမဲ့ ငါ့ကို အလွယ်တကူရှာဖို့ နည်းမရှိတော့ သူတို့က ငါကိုယ်ထင်ပြအောင် ဖိအားပေးဖို့ပဲရှိတယ်၊ တချို့က ခြိမ်းခြောက်မှုတွေကို အသံထုတ်ပြောသေးတယ်၊ တခြားလူတွေကတော့ မြို့လုံးကျွတ် သတ်ဖြတ်ခဲ့ပြီး ငါ့ကို အတင်းနာခံခိုင်းတာ ဒီမြို့ထဲက လူတွေက ငါ့ရဲ့ နောက်ဆုံးသက်ရှိတွေ ဖြစ်နေပြီ၊ သူတို့တွေက ငါမနာခံမှာကို မကြောက်သလို သူတို့နည်းလမ်းတွေက အကြိမ်တိုင်း အလုပ်ဖြစ်ခဲ့တယ်"

"..."

"အဲတော့ ငုတ်တုတ်ထိုင်နေပြီး ကပ်ဘေးကို စောင့်နေမဲ့အစား လက်ဦးမှုရအောင် ဘာလို့ အရင်စမတိုက်ခိုက်ရမှာလဲ" သူမအကြည့်က သူတို့ဆီဝေ့ဝဲသွားတယ်။ "ငါသေရရင်တောင် ဒီခွေးကောင်တွေကို စိတ်ရှုပ်အောင် ဘာလို့ ဒုက္ခမပေးဘဲနေရမှာလဲ"

All Chapters