← Chapters

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

အခန်း ၅၅၀ ။ မျက်နှာပြင်ကို ချိပ်ပိတ်ခြင်း

ဒါကြောင့် သူမ သူတို့ကို အစတည်းက ပစ်မှတ်ထားခဲ့တာလား။ ဘာကြောင့်မှန်းမသိ ကူယွဲ့ ရုတ်တရက် အပြစ်တင်စကား မဆိုရက်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမမျက်စိထဲမှာတော့ သူတို့က ဒီကို လာနိုင်တယ်ဆိုတည်းက ဆန့်ကျင်ဘက်မှာ ရပ်နေသူတွေ။

ရှန်းရင်က ရုတ်တရက် မေးတယ်။ "ဒါက မြို့ထဲက နောက်ဆုံးသက်ရှိ‌လက်ကျန်တွေလား"

"ဘာလဲ၊ ယုံရအဲလောက်ခက်လို့လား" ဖန်းဖန်းက သူမကို ပြန်လှမ်းကြည့်ကာ မျက်လုံးတွေထဲက လှောင်ပြောင်မှုက ပိုနက်ရှိုင်းလာတယ်။ သူမလက်တစ်ဖက်ဝှေ့ယမ်းလိုက်တော့ သူတို့မျက်စိရှေ့ ဝါးသွားပြီး ချက်ချင်း နောက်တစ်နေရာဆီကို ရောက်သွားတယ်။ ဒါ မြို့တံခါးပဲ။ သူတို့ဘေးက လမ်းတွေမှာတော့ လူအုပ်ကြီးက ဥဒဟို သွားလာနေဆဲဆိုပေမဲ့ သူတို့ရုတ်တရက် ပေါ်လာမှုကို လုံးဝသတိမပြုမိဟန်။

"နင်တို့ ဇာတ်လမ်းအေးတယ် မဟုတ်လား၊ အဲအပြင်သွားပြီး ကိုယ်တိုင်အတည်ပြုကြ" ဖန်းဖန်းက သူ့ကိုယ်သူစွန့်ပစ်ဟန်ပြောပြီး သူတို့ဖြေမှာကိုမစောင့် မြို့ပြင်ဆီလျှောက်သွားတယ်။

သုံးယောက်သား အကြည့်ချင်းဖလှယ်ကာ နောက်ကလိုက်ခဲ့တယ်။ ဒီတစ်ကြိမ်တော့ တံခါးကအစောင့်တွေက သူတို့ကို မတားတော့ဘဲ မမြင်နိုင်သလိုမျိုး ‌ရှေ့ဆက်လျှောက်ကာ မြို့ထဲက ထွက်ခဲ့တယ်။ သူတို့ အပြင်ထွက်ထွက်ခြင်း သူတို့မျက်စိရှေ့ကမြင်ကွင်းက ချက်ချင်း ပြောင်းလဲသွားကာ နဂိုစိမ်းလန်းနေတဲ့ တောင်တန်းတွေနဲ့ ကြည်လင်နေတဲ့မြစ်တွေက အားလုံး ပျောက်ကွယ်သွားပြီး ချက်ချင်း အလွှာတစ်ခု ခွာချခံလိုက်ရသလိုမျိုး ဗလာကျင်းမှုအဖြစ် ချက်ချင်းပြောင်းသွားတယ်။

မြို့ပြင်နဲ့ မြို့တွင်းက လုံးဝကို ကွာခြားတဲ့ ကမ္ဘာနှစ်ခုပဲ။ ပိုင်းခြားမှုက မြို့တံခါးအပြင် မီတာအနည်းငယ်အကွာမှာတင် ပေါ်လာတာ။ မြို့တွင်းမှာတော့ ကြွက်ကြွက်ညံဆူညံနေတဲ့ ဈေးတစ်ခုဆိုပမဲ့ မြို့ပြင်က မီတာအနည်းငယ်အကွာမှာတော့ အဆုံးအစ မရှိတဲ့ ဟင်းလင်းပြင်ကြီး။ အဲထဲဘာမှမရှိ။ မြေကြီးမရှိ၊ နေမရှိ၊ လေတောင်မရှိ၊ အဆုံးမရှိတဲ့အမှောင်ထုကိုပဲ မြင်နိုင်တယ်။

"ဒီနေရာက ဘယ်လိုလုပ်..." ကူယွဲ့တောင် မှင်တက်သွားပြီး မြို့ပြင်မှာ ဒီလိုအခြေအနေ ဖြစ်မယ်မထင်ခဲ့ဘူး။ သူမ သူတို့ကို မြို့ပြင်မထွက်အောင် အရင်ကတားခဲ့တာ အံ့ဩစရာမရှိတော့ဘူး။ အခု သူတို့ အသေးစိတ် စဉ်းစားကြည့်တော့ လူတွေအများကြီး မြို့တံခါးကို ဖြတ်သန်းနေတယ်ဆိုပေမဲ့ တကယ်မြို့ထဲက ထွက်သွားတဲ့လူက အမှန် လုံးဝကိုမရှိတဲ့ပုံပဲ။

ဒါပေမဲ့ သူတို့ အရင်က အသီးကိုမမြင်ခင် ဒါမှမဟုတ် သူတို့ အခုအာရုံခံမိတာအရပဲဆို ဒီကမ္ဘာငယ်လေးက အရမ်းကိုကြီးသင့်တယ်မလား။ အပြင်မှာ ပိုပြီးတောင် ကြီးမားတဲ့ကမ္ဘာ ရှိသင့်တာကိုဘာလို့ မြို့တစ်မြို့ပဲ ကျန်တော့တာလဲ။

"သူတို့ ငါ့ကို ဒီနေရာမှာ မပိတ်လှောင်ခင် ဟင်းလင်းပြင်ကိုလည်း ဒီနေရာမှာ ချိပ်ပိတ်ခဲ့တယ်" သူတို့ မေးခွန်းတွေကို သိသလိုမျိုး သူမက တန်းဖြေတယ်။ "သူတို့က ဘယ်တုန်းကမှ ငါ့ကို လွှတ်ပေးဖို့ မရည်ရွယ်ထားဘူး၊ ဒါကြောင့် ဟင်းလင်းပြင်က အဆက်မပြတ် ဒီကမ္ဘာကိုဝါးမျိုနေတာ ခု ဒီမြို့ပဲ ကျန်တော့တဲ့အထိပဲ၊ သိပ်မကြာခင် ဒီနောက်ဆုံးမြို့လည်း ပျောက်ကွယ်သွားလောက်တယ်" အဲချိန်ဆို သူမမျက်နှာပြင်က တကယ် သေသွားလောက်ပြီ။

သူမအကြည့်က ပိုတောင် ရှုံးနိမ့်လာသလိုဖြစ်ကာ တစ်ခုခုကို လက်ခံလိုက်သမျိုး သက်ပြင်းချတယ်။

"ဒီဟင်းလင်းပြင်က မဟာတာအိုအဖွဲ့အစည်းဆီ လမ်းကြောင်းပဲ၊ ငါ ဒီတစ်ကြိမ် ‌ရှုံးသွားခဲ့ပြီ၊ နင်တို့အားလုံး သွားနိုင်ပြီ"

ကူယွဲ့နဲ့ ယိချင်း တိတ်ဆိတ်သွားကာ အလိုလို မျက်မှောင်ကြုတ်မိသွားတယ်။ တကယ်တော့ သူတို့ အဲမဟာတာအိုအဖွဲ့အစည်းထဲ ဝင်ဖို့ အရမ်းစိတ်အားထက်သန်နေတာ မဟုတ်ဘူး။ အထူးသဖြင့် လောလောဆယ်ကိစ္စတွေကို သိပြီးတဲ့နောက်ပေါ့...။

ဒါပေမဲ့...။

ရှန်းရင်က ဟင်းလင်းပြင်နား ရုတ်တရက် တိုးသွားကာ ဆောင့်ကြောင့်ထိုင်ပြီး တစ်နေရာကို လှမ်းကြည့်ပြီးမှ ပြန်လှည့်ကြည့်တယ်။ "သစ်တော်သီးပေးတဲ့ အဲမိန်းကလေး၊ နင့်ပစ္စည်းကို ချုပ်ထားတဲ့ဟာက ဒါလား"

"..." ဘယ်သူက သစ်တော်သီးပေးတဲ့ မိန်းကလေးတုံး။ ပြောပါဦး။

ပြီးတော့လည်း ဘာအရာလဲ။

သုံးယောက်သား တစ်ချိန်တည်းမှာ အံ့ဩတုန်လှုပ်နေကာ အူကြောင်ကြောင်အကြည့်တွေနဲ့။

"အဲတစ်ခုပဲ" ရှန်းရင်က ရှေ့ကိုလက်ညှိုးထိုးကာ သုံးယောက်သား လုံးဝ ဇဝေဇဝါ ဖြစ်နေသေးတာ မြင်တော့ လက်ထဲက အသီးကို အမြန်ကုန်အောင်စားပြီး ရိုးတံကို ဟင်းလင်းပြင်ထဲက တစ်နေရာဆီ လွှင့်ပစ်လိုက်တယ်။ "အဲဒါ"

သူတို့ မတုံ့ပြန်နိုင်ခင် သူတို့ နားကွဲမတတ် အက်ခိုးသံကြီးကြားလိုက်ရတယ်။ ကောင်းကင်နာရီလိုမျိုး တစ်ကမ္ဘာလုံးကို ဖြတ်သန်းကာ အသံ မြည်ဟည်းသွားတယ်။ သူတို့ ခြေထောက်အောက်က မြေကြီးက တုန်ခါသွားကာ တစ်မြို့လုံး... ဟင့်အင်း တစ်ကမ္ဘာလုံး တုန်ခါသွားသလိုပဲ။

ဘာတွေဖြစ်နေတာလဲ ကူယွဲ့နဲ့ ယိချင်း နှစ်ယောက်လုံး အူကြောင်ကြောင် ဖြစ်နေတယ်။

ဖန်းဖန်း မျက်လုံးတွေ ချက်ချင်းပြူးသွားကာ မယုံကြည်နိုင်တဲ့အကြည့်နဲ့ ရေရွတ်လိုက်တယ်။

"နင်မြင်ရတယ်ပေါ့"

"အာ" ရှန်းရင်က နောက်ထပ်အသီးတစ်လုံးကို တည်တည်ငြိမ်ငြိမ် ထုတ်ကာ ခေါင်းညိတ်လိုက်တယ်။

"အရမ်းကို မသိသာဘူးလား" ဒီလောက်ကြီးတဲ့ သံကြိုးတွေနဲ့ ချည်နှောင်ခံထားရတာ။

ဘာမှမမြင်ရသော သုံးယောက်သား ။ ။ "..."

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" ဖန်းဖန်းက ပိုပြီးတောင် ထိတ်လန့်လာတယ်။ "ငါ..." သူမ အချိန်တော်တော်လေးကို ကြာအောင် ရှာနေခဲ့တာ။ ဘယ်စီမံထိန်းသိမ်းသူမှ ရောက်မလာခင် သူမအချိန်အားလုံးကို သူမနဲ့ မျက်နှာပြင်ကို ပိတ်လှောင်ထားတဲ့အရာကို ရှာဖို့ ဟင်းလင်းပြင်ထဲ ရှိသမျှအချိန် သုံးခဲ့ပေမဲ့ အဖြေရှာမရခဲ့။

ခံစားချက်အမျိုးမျိုးက သူမနှလုံးသားထဲ ချက်ချင်းမြင့်တက်လာတယ်။ ရင်ခုန်မှု၊ စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက် ဒါပေမဲ့ စိုးရိမ်မှု၊ စိတ်ဓာတ်ကျမှုအရိပ်အယောင်လည်း ပါဝင်နေကာ အတော်လေး ရှုပ်ထွေးနေတယ်။ သူမက ရှန်းရင်ကို တန်းတန်းမတ်မတ် စိုက်ကြည့်နေကာ တစ်ခုခု ပြောချင်ပေမဲ့ ဘာပြောရမှန်းမသိ။

"နင်... နင်..."

"ငါ ချိုးဖျက်ပေးဖို့လိုလား" ရှန်းရင်က ရုတ်တရက်မေးတယ်။ သူမလေသံက အေးဆေးပြီး လွယ်ကူနေတာက အသီးစားဖို့လိုလား မေးနေသလိုပဲ။

ဖန်းဖန်းတစ်ကိုယ်လုံး ဆတ်ခနဲဖြစ်သွားကာ သူမ အတွေးတွေကို အဖြေရှာမရသလိုမျိုး ကြည့်လာတယ်။ ဝမ်းမြောက်မှုက သူမမျက်လုံးထဲ ဖြတ်ပြေးသွားပေမဲ့ ခဏအတွင်း မှိန်ကျသွားကာ သူမအကြည့်က ပိုပိုရှုပ်ထွေးလာခဲ့တယ်။ "နင်... ငါ့ကိုကူညီချင်တယ်ပေါ့ ဘာလို့လဲ"

သူမက အစတည်းက သူတို့အသက်ကိုပဲ နုတ်ယူချင်နေခဲ့တာလေ။

"ဟမ်" ရှန်းရင် လိပ်ခဲတည်းလည်း ဖြစ်သွားကာ ခုမှဒီမေးခွန်းကို တွေးမိသလို ခဏတာအူတူတူ ဖြစ်နေတယ်။ ဒါက အကြောင်းရင်း လိုတာလား။ သူမ ဘေးက ကူယွဲ့ကို တံတောင်နဲ့ပဲ တွတ်ရတော့တယ်။

"ဖေဖေနျို အကြောင်းရင်း ပေးလိုက်"

ငါက ဘယ်လိုလုပ်သိမလဲဟ။ ကူယွဲ့ သူမကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီးမှ ချောမွေ့စွာ ပြောလိုက်တယ်။

"ငါတို့တခြားလူတွေရဲ့ကိစ္စထဲ ဝင်ပါရတာ သဘောကျတယ်လို့သာ မှတ်ယူလိုက်ပါလား"

သူမအကြည့်က ပိုတောင်ရှုပ်ထွေးလာကာ သူမလက်တွေက လက်သီးဆုပ်လိုက်ပြေသွားလိုက်နဲ့ မျက်လုံးထဲ နဂိုက ကျန်ရစ်တဲ့ မုန်းတီးမှုက ချက်ချင်း ရှင်းလင်းသွားခဲ့တယ်။ သူမမျက်လုံးတွေကို ပိတ်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်တာ တစ်ခုခုကို လက်လွှတ်လိုက်သလိုမျိုး။ ခဏအကြာမှ သူမကပြောတယ်။ "မေ့လိုက်တော့ နင်တို့အားလုံး ဒီလိုလုပ်စရာမလိုပါဘူး၊ ဒါက နင်တို့နဲ့မဆိုင်ဘူး၊ ဘာလို့ နင်တို့ဘာသာနင်တို့ ပြဿနာကို ရှာဖွေနေတာလဲ"

သူမက သက်ပြင်းချကာ သူတို့ရှေ့က ဟင်းလင်းပြင်ကို လှည့်ကြည့်လိုက်တာ အမှောင်ထုလွှာကို ဖြတ်သန်းပြီး တစ်ခုခုကို ငေးကြည့်နေတဲ့အတိုင်းပဲ။ "ငါ့မျက်နှာပြင်အတွက်က မျှော်လင့်ချက် မရှိတော့ပါဘူး၊ တကယ်လို့ နင်တို့ ငါ့ကို တကယ် စာနာရင် နင်တို့ မဟာတာအိုအဖွဲ့အစည်းထဲ ဝင်ပြီးတဲ့အချိန် ငါ့လိုအခြေအနေတွေ ထပ်ဖြစ်အောင်မလုပ်နဲ့တော့"

သူမက မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်နေဆဲ ရှန်းရင်ကို ငုံ့ကြည့်ကာ မျက်လုံးတွေထဲ နွေးထွေးမှုအရိပ်အယောင်က ဖြတ်ပြေးသွားတယ်။ သူမပါးစပ်က တစ်ခုခုပြောချင်သလို ပွင့်သွားပေမဲ့ အဆုံးမှာတော့ တစ်ဖက်လှည့်လိုက်သေးတယ်။

"သွား နင်တို့အားလုံး၊ နင် မြင်ရရင်တောင် ဒါက တစ်ချိန်တည်းမှာ စီမံထိန်းသိမ်းသူ ဒါဇင်ချီ ဖန်တီးထားတဲ့ စည်းတံဆိပ်ပဲ၊ ဘယ်လိုလုပ်အလွယ်လေး..."

ချုန်း...။

သူမ စကားမဆုံးခင် ကျယ်လောင်တဲ့ တိုက်မိသံနဲ့အတူ ရှန်းရင်က ဟင်းလင်းပြင်အောက်ခြေဆီ လက်လှမ်းကာ တစ်ခုခုကို ဆုပ်ကိုင်မိသလို ခပ်ပြင်းပြင်း ဆွဲလိုက်တယ်။ ကမ္ဘာတစ်ခုလုံး အရင်ကထက် ပိုပြင်းပြင်းခါယမ်းသွားတာ ဖန်းဖန်းတောင် မတ်မတ်ရပ်နေဖို့ ခက်သွားလေရဲ့။

နောက်အခိုက်အတန့်မှာ မြေမိုင်ချီက သူတို့ခြေဖဝါးအောက် ပေါ်လာတယ်။ နဂို သူတို့မျက်စိရှေ့တည့်တည့်ကမြို့က ချက်ချင်း ဝေးကွာသွားတာ သူတို့အမြင်အာရုံထဲကနေ လုံးဝထွက်သွားတဲ့အထိပဲ။ ဟင့်အင်း မြို့က ဝေးသွားတာ မဟုတ်ဘဲ ဟင်းလင်းပြင်က ရှင်းလင်းသွားတာ။ သူတို့တွေကို ဒီကမ္ဘာသစ်ရဲ့ နယ်နိမိတ်ဆီ ဟင်းလင်းပြင်နယ်နိမိတ်နဲ့အတူ ဆွဲခံလိုက်ရတာပဲ။

ဖန်းဖန်း တစ်ကိုယ်လုံး ပေါ့ပါးလာကာ ရင်းနှီးနေတဲ့စွမ်းအင်တချို့

သူမကိုယ်ထဲ ချက်ချင်း ပြန်လာသလိုပဲ။ သူမ နဂိုက အားနည်းပြီးပျောက်ကွယ်လုနီးပါး မျက်နှာပြင်က ရုတ်တရက် အသက်ရှင်သန်မှု အရိပ်အယောင် ပြန်ရလာတာကိုပါ အာရုံခံနိုင်သွားတယ်။ သူမကို ပိတ်လှောင်ထားတဲ့ စွမ်းအင်ကတောင် ခု ကြီးမားတဲ့အက်ကွဲရာတွေ ရှိနေပြီ။

…

အခန်း ၅၅၁ ။ သစ်တော်သီးမိန်းကလေး

"နင်... နင်ဘယ်လိုမျိုး" သူမက အူကြောင်ကြောင်ဖြစ်နေကာ အသိစိတ်ပြန်မဝင်လာခင် လုံးဝကို ငိုင်တိုင်တိုင် ဖြစ်နေတယ်။ ဒါက စီမံထိန်းသိမ်းသူဒါဇင်ချီရဲ့ စုပေါင်းအားထုတ်မှုနဲ့ ဖန်တီးထားတဲ့ စည်းချိပ်ပဲ။ သူမ ဒီလောက်အကြာကြီးအပြီးမှာ ချိုးဖျက်ဖို့ နည်းလမ်းလုံးဝမရှိတာကို မပြောနဲ့ဦး၊ သူမကို ပိတ်လှောင်ထားတဲ့အရာက ဘယ်နေရာမှာလဲဆိုတာလည်း အာရုံမခံနိုင်ခဲ့ဘူး။

သူမအတွက် ဘာလို့ အဲလောက်လွယ်...။

"ကလိမ်ကျနေသူတစ်ယောက်ပဲ၊ မင်း ဒီတိုင်းသာ ကျင့်သားရအောင် လုပ်လိုက်"

အတွေ့အကြုံရနေပြီးသား ဖေဖေနျိုက ရုတ်တရက်ပြောတယ်။

ဟမ်။ ဘာကလိမ်ကကျစ်လဲ။ ဖန်းဖန်း ဇဝေဇဝါဖြစ်သွားတယ်။

ဒါပေမဲ့ ရှန်းရင်ကတော့ တစ်ဖက်ကိုလှည့်ကာ ဘေးဆီ လျှောက်သွားပြီ။ "နှစ်ခုရှိသေးတယ်" အဲလိုနဲ့ သူမက ဆောင့်ကြောင့်ထိုင်ချပြန်ကာ နောက်တော့ တစ်စုံတစ်ခုကိုဆုပ်ကိုင်ပြီး မြက်နုတ်သလိုမျိုး အပေါ်ကိုဆွဲလိုက်တယ်။ ဟင်းလင်းပြင်က အလောတကြီး နောက်ကိုဆုတ်သွားပြန်တယ်။ အတော်လေး လွယ်လင့်တကူ လုပ်လို့ရတော့ ဖန်းဖန်း သူ့မျက်လုံးကိုတောင် သူသံသယဝင်စ ပြုမိလာလေရဲ့။

အဲဒီစည်းချိပ်တွေကို အဲလောက်အလွယ်လေး... ဖယ်ရှားလိုက်တာလား။

အစတည်းက သူမက သုံးယောက်ကြား အသန်မာဆုံးစွမ်းဆောင်ရည်တွေနဲ့လူလို့ ဝိုးတဝါး အာရုံခံမိခဲ့လို့ စီမံထိန်းသိမ်းသူဆိုပြီး အထင်မှားခဲ့ပေမဲ့... ဒါကတော့ အရမ်းကို သန်မာလွန်းတာ မဟုတ်လား။

ဒါက... စီမံထိန်းသိမ်းသူတွေနဲ့ လုံးဝကို ကွာခြားတဲ့ တည်ရှိမှု ဖြစ်လုနီးနီးပဲ။

ဒါဆို... သူမက အတိအကျ ဘာတုံး။

သူမ နောက်ဆုံးသော့ချိတ်ကို ချိုးဖျက်လိုက်ချိန် ကမ္ဘာကြီးတစ်ခုလုံး ကြီးမားတဲ့ ပြောင်းလဲမှုကို မြင်ရပြီးပြီ။ ပတ်ပတ်လည်မှာ ကျက်တီးမြေ ဖြစ်နေဆဲ ဖြစ်ကာ မျက်နှာပြင်တစ်ခုရဲ့ ကျယ်ပြောမှုနဲ့ မယှဉ်သာပေမဲ့ လုံးဝကို ပြည့်စုံတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်သွားပြီ။ ပြီးတော့ နဂိုက အကန့်အသတ် မရှိ အမှောင်ထုဖြစ်ခဲ့တဲ့ ဟင်းလင်းပြင်က လူတစ်ယောက်အရပ်စာ လမ်းကြောင်းတစ်ခုအဖြစ် ချက်ချင်း ကျုံ့သွားကာ လေထဲ မျက်နှာပြင်တံခါးပေါက်လို ရစ်ဝဲနေတယ်။ ဒါက မဟာတာအိုအဖွဲ့အစည်းဆီ ဦးတည်နေတဲ့ တံခါးဆိုတာ သိသာတယ်။

"ပြီးပြီ" ရှန်းရင်က လက်ကို ဖုန်ခါကာ ထရပ်တယ်။

"နင်... ဒါ..." ဖန်းဖန်းက ရှန်းရင်ကို တစိုက်မတ်မတ်စိုက်ကြည့်နေတယ်။ မျက်နှာပြင်နဲ့ သူမကို ချိတ်လှောင်ထားတဲ့ စွမ်းအင်က လုံးဝပျောက်ကွယ်သွားပြီ။ တစ်ချိန်တည်းမှာ စိတ်လှုပ်ရှားမှု၊ ရင်ခုန်မှု၊ မယုံကြည်နိုင်မှုနဲ့ ခံစားချက် အမျိုးမျိုးက မြင့်တက်လာကာ သူမကို မှင်တက်နေစေခဲ့တယ်။ ‌အတော်ကြာတော့မှ သူမ နောက်ကျပြီး နားလည်လိုက်ရတာက သူမ... နောက်ဆုံးတော့ လွတ်မြောက်သွားခဲ့တဲ့ပုံပဲ

သူမမျက်လုံးတွေ ချက်ချင်း နီရဲသွားကာ ရေအားလုံးက ဝေါခနဲ ထွက်လာပြီး သူမအမြင်အာရုံပါ ဝေဝါးစပြုလာတယ်။ သူမ ပါးစပ်ကပွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး တစ်ခုခုပြောချင်သလို ဖြစ်နေပေမဲ့ အဆုံးမှာတော့ စာလုံးနှစ်လုံးအထိ လျော့ကျသွားခဲ့တယ်။ "ကျေးဇူး" သူမ ကျေးဇူးကို ဖော်ပြဖို့ကလွဲ တခြားဘာစကားမှ တကယ် စဉ်းစားမရတော့ဘူး။

ရှန်းရင် တစ်ဖက်ကို ခေါင်းစောင်းကာ ပြန်ဖြေလိုက်တယ်။ "ရပါတယ်"

"..."

"တခြားကိစ္စမရှိတော့ရင် သွားတော့မယ်" ရှန်းရင်က ဘေးကနှစ်ယောက်ကို လှမ်းကြည့်ကာ တစ်ဖက်လှည့်ပြီး ဟင်းလင်းပြင်ထဲက လမ်းကြောင်းဆီ လျှောက်သွားပုံက အဖြစ်အပျက် သေးသေးလေးသာ ဖြစ်သွားခဲ့တဲ့ပုံ။

ကူယွဲ့နဲ့ ယိချင်းလည်း နောက်ကလိုက်လာပြီး သူတို့ ကျင့်သားရနေတာကြာပြီဆိုတဲ့ အမူအရာတွေနဲ့။ သုံးယောက်က ထွက်သွားတော့မဲ့ အချိန်မှာတင်။

ဖန်းဖန်းက စိတ်ပူပန်စွာ လှမ်းအော်တယ်။

"စောင့်ပါဦး"

"တခြားတစ်ခုခု ရှိသေးလို့လား" သုံးယောက်က ခေါင်းပြန်လှည့်လာတယ်။

"နင်တို့... မဟာတာအိုအဖွဲ့အစည်းဆီ သွားမှာလား"

"ငါတို့တစ်ချက် သွားကြည့်သင့်တယ်လေ"

ကူယွဲ့က ပြန်ဖြေတယ်။

သူမအမူအရာက ချက်ချင်း လေးနက်သွားကာ ရှေ့ကို နှစ်လှမ်းတိုးလာတယ်။

"ငါက အချိန်နှောင်းတဲ့အကြံကို ပေးနေတယ်လို့ ထင်နေလောက်တယ်ဆိုတာ သိပေမဲ့ ငါက မဟာတာအိုအဖွဲ့အစည်းထဲကလူတွေကို သတိထားဖို့ ပြောရဦးမှာပဲ၊ သူတို့က အပေါ်ယံ မြင်နေရသလိုမျိုး သေချာပေါက် မဟုတ်ဘူး၊ သူတို့ နင်တို့ကို ဖိတ်ကြားစာပို့ရင်တောင် နင်တို့ကို သူတို့ထဲ ပါဝင်ဖို့ စိတ်ရင်းနဲ့ ကြိုဆိုတာ မဖြစ်နိုင်လောက်ဘူး"

ကူယွဲ့က မျက်မှောင်ကြုတ်ကာ သူမကိုလှမ်းကြည့်ပြီး မေးလိုက်တယ်။ "ဘာလို့အဲလိုပြောတာလဲ"

သူမ အံကြိတ်ကာ တုံ့ဆိုင်းမှု အရိပ်အယောင်က သူမမျက်နှာထက် ဖြတ်ပြေးသွားပေမဲ့ တစ်ခဏနေတော့ ခပ်တိုးတိုး ဆက်ပြောလာသေးတယ်။ "ငါ အတွေးလွန်နေတာလားတော့ မသိဘူး၊ ဒါပေမဲ့ အချိန်အတော်ကြာ မဟာတာအိုက စီမံထိန်းသိမ်းသူတွေကို အသည်းအသန် စုဆောင်းနေတာ၊ သူတို့ ခုဘယ်လောက်အတိုင်းအတာအထိ ကြီးထွားနေပြီလဲဆိုတာ ဘယ်သူသိမတုံး၊ သူတို့ ဒီလိုအဖွဲ့အစည်းကို တည်ဆောက်ခဲ့တာက သူတို့ဘာသာသူတို့ ထိန်းသိမ်းဖို့အတွက် အုပ်စုဖွဲ့တာတင် မကဘဲ... တခြားအကြံအစည်တွေရှိနေလောက်တယ်လို့ အမြဲခံစားခဲ့ရတယ်"

ကူယွဲ့ အမူအရာ မည်းမှောင်သွားတယ်။ ဒါကလည်း သူတွေးထားတဲ့အရာပဲ။ အဲက ကောင်းတဲ့နေရာ မဟုတ်ဘူးလို့ သူ မှန်းဆထားတယ်။

"ပြီးတော့လည်း..." အပြစ်ရှိစိတ်တချို့က သူမမျက်နှာပေါ် ရုတ်တရက် ပေါ်လာတယ်။ "နင်တို့အားလုံး ငါ့ကို စည်းချိပ်ကနေ လွတ်မြောက်အောင် လုပ်ဖို့ ကူညီပေးတဲ့အကြောင်း သူတို့ကိုမပြောပါနဲ့၊ နင်တို့ ဒီကို တစ်ခါမှ မရောက်ခဲ့ဖူးသလို ဟန်ဆောင်တာ အကောင်းဆုံးပဲ"

"ငါနားလည်ပါတယ်" ကူယွဲ့က ခေါင်းညိတ်တယ်။ ဖန်းဖန်းက မဟာတာအိုအဖွဲ့အစည်းက ပိတ်လှောင်ထားချင်တဲ့သူ။ သူတို့က သူ့ကို လွှတ်ပေးလိုက်တော့ အဲကိုမသွားခင်တည်းက ပြဿနာကို ဖန်တီးနေတာပဲ။ သူတို့ ဒါကို အလွယ်လေး ဝန်ခံလို့မဖြစ်ဘူးပေါ့။

"ဒါပေမဲ့... ဒီကမ္ဘာဆီ ရောက်ဖူးတာကို ငါတို့ ဖုံးထားချင်ရင်တောင် ဖုံးထားလို့ ရမယ်မထင်ဘူး" မဟာတာအိုအဖွဲ့အစည်းက လူတွေအားလုံးက စီမံထိန်းသိမ်းသူတွေကြီးပဲ။ သူတို့တွေ ဘယ်ကနေ ရောက်ချလာလဲ ခံစားနိုင်မှာ။

ဖန်းဖန်းမျက်နှာက ဖြူဖျော့သွားကာ ရုတ်တရက် တစ်စုံတရာကို သတိရသွားပြီး အလောတကြီး ချက်ချင်း ထုတ်ပြောလိုက်တယ်။

"မဟာတာအိုအဖွဲ့အစည်းက နင်တို့ကို ပို့ခဲ့တဲ့ ဖိတ်ကြားစာ ယူလာလား"

ကူယွဲ့ ခဏတန့်သွားကာ လက်တစ်ဖက်လှည့်လိုက်တော့ အဲဖဲကြိုးဖြူက ချက်ချင်း သူ့လက်ပေါ် ပေါ်လာတယ်။

သူမက အမြန်ယူကာ တစ်ခုခုလုပ်လိုက်တော့ နဂိုက လရောင်လို ဖဲကြိုးက ရုတ်တရက် အနီရောင် ပြောင်းသွားကာ စက္ကန့်ပိုင်းအတွင်း ဖဲကြိုးနီ ဖြစ်သွားတယ်။

"ဒီဖဲကြိုးထဲက ငါ့မျက်နှာပြင်နဲ့ပတ်သက်တဲ့ အရှိန်အဝါအားလုံးကို ဖျက်ထားပြီး မဟာတာအိုအဖွဲ့အစည်းရဲ့ဟာကိုပဲ ချန်ထားခဲ့တယ်၊ ဒီလိုနည်းနဲ့ဆို သူတို့ အမှားလုပ်မိပြီး နင်တို့ကို မဟာတာအိုအဖွဲ့အစည်း‌ဆီ တန်းခေါ်လာမိတယ် ထင်ကြလိမ့်မယ်"

"ကျေးဇူးပါ" ကူယွဲ့ ယူလိုက်တယ်။

ဒါပေမဲ့ သူမမျက်လုံးထဲက အပြစ်ရှိစိတ်က ပိုနက်ရှိုင်းလာတယ်။ "ငါ နင်တို့အားလုံးကို ပါဝင်ပတ်သက်စေမိပြီ" သူက ရှန်းရင်ကို လှမ်းကြည့်ကာ မနေနိုင်ဘဲ ထပ်ပြောလိုက်တယ်။

"နင်တို့သုံးယောက်က စီမံထိန်းသိမ်းသူဖြစ်ကာစ ထင်တယ်၊ မဟာတာအိုအဖွဲ့အစည်းက လူတွေကတော့ သူတို့မျက်နှာပြင်တွေက တည်ရှိခဲ့တာ အတော်ကြာနေပြီ၊ သူတို့စွမ်းဆောင်ရည်တွေက သာမန်စီမံထိန်းသိမ်းသူတွေ ယှဉ်နိုင်တာမျိုး မဟုတ်ဘူး၊ ပြီးတော့ သူတို့က အရေအတွက်သာတယ်၊ ဒါကြောင့်... ကျေးဇူးပြုပြီး အတော်လေး သတိထားပါ၊ သူတို့ကို ထိပ်တိုက်မရင်ဆိုင်တာ အကောင်းဆုံးပဲ"

"အင်း" ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူလည်း အဲဒါကိုအလိုလိုနားလည်တယ်။ သူတို့မှာ cheatရင် ရှိပေမဲ့လည်း ဒီလောက် စီမံထိန်းသိမ်းသူအများကြီးကို ရင်ဆိုင်ဖို့ကျ သူတို့အတွက်လည်း အားနည်းချက် ဖြစ်သွားနိုင်တယ်။ အများဆုံးမှ သူတို့အဲကိုသွားပြီး လောကွတ်ချော်မှုတွေ ပြီးအောင်သာ လုပ်လိုက်မယ်။

"ဒါဆို မင်း ခုကစပြီး ဘာအစီအစဉ်တွေရှိလဲ" သူ မေးလိုက်တယ်။

ဖန်းဖန်းက တုံ့ဆိုင်းသွားပြီးမှ စိတ်ပါလက်ပါပြုံးလေတယ်။

"ငါ သူတို့စည်းချိပ်တွေကနေ လွတ်မြောက်သွားပြီပဲ၊ သေချာပေါက် ငါ အဝေးကြီးမှာ ပုန်းပြီး ငါ့မျက်နှာပြင်ကို ပြန်တည်ဆောက်ရမှာပေါ့" သူမမျက်ဝန်းတွေက မျှော်လင့်ချက်အပြည့်နဲ့ ဖြစ်နေကာ အရင်က ပေါ်လာနေကျ စိတ်ဓာတ်ကျမှုတွေ တစ်ချက်မှ မရှိတော့ဘူး။

"ဒါဆို တစ်နေ့နေ့ကျ ပြန်တွေ့ကြ‌တာပေါ့" ကူယွဲ့ ပြောကာ တစ်ဖက်လှည့်လိုက်တယ်။

ဒါပေမဲ့ ဖန်းဖန်းက ရုတ်တရက် ရှန်းရင်ဆီ လျှောက်လာကာ သူမလက်ကို စိတ်လှုပ်ရှားမှု၊ ကျေးဇူးတင်မှုတို့နဲ့ ဆွဲကိုင်လိုက်တယ်။

"မိန်းကလေးရှန်း ငါ့မှာ နင့်ကို ပေးစရာက သိပ်မရှိဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ဒါကိုယူသွားပါ"

အဲလိုပြောကာ သူမက သစ်တော်သီးတစ်လုံးကို ထိုးထည့်ပေးလိုက်တယ်။

"ဒါက ငါ့မျက်နှာပြင် မူလရင်းမြစ်ရဲ့ချီနဲ့ လုပ်ထားတဲ့ ထောင်ချောက်အင်းကွက်လေးတစ်ခုပါ၊ နင့်အတွက် အသုံးမဝင်လောက်ပေမဲ့ သာမန် စီမံထိန်းသိမ်းသူ တစ်ယောက်နှစ်ယောက်ကိုတော့ ပိတ်လှောင်ထားနိုင်တယ်၊ နင် ဒါကို သယ်သွားရင် အသုံးဝင်‌လာလောက်မှာပါ"

ရှန်းရင်က သူမလက်ထဲက သစ်တော်သီးကို ငုံ့ကြည့်တယ်။ "စားလို့ရလား"

"..." ဖန်းဖန်းက မှင်တက်သွားတယ်။ "ဟင့်... ဟင့်အင်း"

"အိုး" ရှန်းရင်က ခေါင်းကိုမော့တယ်။ သိပ်စိတ်မဝင်စားပေမဲ့ ‌ဘယ်လိုပဲဖြစ်ဖြစ် လက်ဆောင်ဆိုတော့ ပြန်တွန်းမပေးတော့ဘူး။ "ကျေးဇူး" နောက်တော့ ဖေဖေနျို့ဆီ ထိုးထည့်ပေးလိုက်တယ်။

"ဟင့်အင်း၊ နင့်ကို ကျေးဇူးတင်သူက ငါဖြစ်သင့်တာပါ" သူမက စိတ်ထဲမထားဘဲ သူတို့ကို ဂရုစိုက်ဖို့ ထပ်တလဲလဲ မှာနေရှာတယ်။

"သစ်တော်သီးမိန်းကလေး၊ နှုတ်ဆက်ပါတယ်"

"..." သူမမျိုးရိုးနာမည်က လီ မဟုတ်ဘူးလေ

(မှတ်ချက် ။ ။ သစ်တော်သီးအသံထွက်က လီမို့ပါ)

သုံးယောက်သား လှည့်ထွက်ကာ လမ်းကြောင်းထဲဝင်ပြီး ပျောက်သွားခဲ့တယ်။

ဖန်းဖန်းက နေရာမှာတင် ရပ်နေပြီး သူတို့ထွက်သွားတဲ့ဘက်ကို စိုးရိမ်တဲ့အမူအရာနဲ့ ကြည့်နေခဲ့တယ်။ သူတို့အဆင်ပြေဖို့ မျှော်လင့်ကြတာပေါ့

...

အခန်း ၅၅၂ ။ မဟာတာအိုအဖွဲ့အစည်းဆီ

သူတို့တွေ မဲမှောင်နေတဲ့လမ်းကြောင်းကို ဖြတ်သန်း လျှောက်လာခဲ့တယ်။ ရုတ်တရက် အရာအားလုံးက လင်းထိန်သွားတယ်။ သူတို့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးက ပြောင်းလဲသွားတော့တယ်။ သူတို့ကိုယ်သူတို့ လုံးဝမတူညီတဲ့ကမ္ဘာတစ်ခုဆီကို ရောက်နေတာကို မြင်လိုက်ရတယ်။

သူတို့မှန်နဲ့ဆင်တူတဲ့‌ ရေမျက်နှာပြင်တစ်ခုကို မြင်လိုက်ရတယ်။ ရေမျက်နှာပြင်ပေါ်မှာ ရေပွက်လေးတစ်ခုတောင် မရှိဘဲနဲ့ ကောင်းကင်ပြာကိုပဲ ပြီးပြည့်စုံစွာ ရောင်ပြန်ဟပ်နေတယ်။ သူတို့တွေ ကောင်းကင်ဘုံမှာ လျှောက်နေသလို ခံစားရတယ်။ ကောင်းကင်ဘုံမှာတော့ တိမ်ဖြူတွေတင် မကဘူး၊ တစ်ကွဲတစ်ပြားစီ မဟုတ်ဘဲ အတူတူ စုဝေးနေကြတဲ့ ဂြိုလ်သိန်းချီလည်း ရှိနေတယ်။ သူတို့တွေက အပြာရောင် တောက်ပနေတယ်။ မျက်နှာပြင်သစ်ပင်လိုပဲ။

ရေမျက်နှာပြင်က ကပ်ကမ္ဘာတွေလောက် ရှည်လျားနေသလိုပဲ။ သူတို့ရှေ့မှာတော့ ရေမျက်နှာပြင်ပေါ်မှာ အင်မတန်ထူးဆန်းပုံရတဲ့ နန်းတော်ကြီး တစ်ခုတည်ရှိနေတယ်။ ရှိန်စရာကောင်းပြီးတော့ နန်းတော်ကို အလင်းတန်းတွေနဲ့ လုပ်ထားသလိုထင်ရစေတယ်။ အဖြူရောင်ခပ်စူးစူးအလင်းက ထွက်နေတယ်။ သူတို့ရောက်နေတဲ့ကမ္ဘာက စွမ်းအင်တစ်မျိုးမျိုးနဲ့ ပြည့်နေတယ်။ နတ်ဘုရားစွမ်းအင်မဟုတ်သလို၊ မ‌သေမျိုးဝိညာဉ်ချီလည်း မဟုတ်ဘူး။ ဒါပေမဲ့ ရင်းနှီးနေတယ်။ စီမံထိန်းသိမ်းသူတစ်ယောက်ရဲ့ စွမ်းအင်လိုပဲ။ ၃ယောက်သား အကြည့်ချင်း ဖလှယ်ကာ နန်းတော်ကြီးဆီ လျှောက်လာခဲ့ကြတယ်။ သူတို့ ခြေတစ်လှမ်းလှမ်းတိုင်း ရေကိုယ်ထည်မှာ ရေပွက်လေးတွေ ထသွားတယ်။ သူတို့ခြေထောက်ကို မလိုက်တာနဲ့ သူတို့ခြေချခဲ့တဲ့နေရာမှာ ပန်းအဖြူရောင်လေးတွေ ပွင့်လာတယ်။ ဘာကြောင့်မှန်းတော့ မသိပေမဲ့ အတော်လေးကို လှပတယ်ဆိုတာတော့ သိတယ်။

ကူယွဲ့ ဒီနေရာကြောင့် ညှို့ယူဖမ်းစားခံလိုက်ရတယ်။ သူခြေတစ်လှမ်း လှမ်းတိုင်း ပန်းတွေ ပေါက်နေတယ်လေ။ တကယ်ကို ဒါက စီမံထိန်းသိမ်းသူတစ်ယောက် ဖန်တီးထားတဲ့နေရာပဲ။ ကြည်လည်းကြည်တယ်...။

"အဲဒါက ငါတို့ခြေထောက်တွေရဲ့ အရှိန်အဝါတွေကြောင့် ဖြစ်တာလား" ရှန်းရင်က ရုတ်တရက် မေးတယ်။ ကူယွဲ့ တန့်သွားတယ်။ သူချော်လဲပြီး ပြုတ်ကျလုနီးပါး ဖြစ်သွားတယ်။ ရုတ်တရက် သူ ဒီနေရာကို ရှုစားနေမှုက အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့တယ်။ ဆွံ့အနေတဲ့မျက်နှာနှစ်ဖက်က တစ်ယောက်သောသူကို လှည့်ကြည့်တယ်။

"ဘာကိစ္စတုံး" ရှန်းရင်ကအသီးကိုဇဝေဇဝါကိုက်ဝါးရင်းမေးတယ်။

ကူယွဲ့ ။ ။ ""

ယိချင်း ။ ။ ""

ရှုစား စရာတိုင်းက ရှန်းရင်ရှေ့မှောက် တစ်စစီ ဆွဲဖြဲခံလိုက်ရသလိုပဲ။

"ဖေဖေနျို နင့်ဟာက အကြီးဆုံးပဲ"

ရှန်းရင်က ခြေထောက်နားက ပန်းတွေကို လက်ညှိုးထိုးပြတယ်။

"ပါးစပ်ပေါက်ပိတ်"

မင်းခြေထောက်အရှိန်အဝါကမှ အကြီးဆုံး မင်းတစ်မိသားစုလုံးရဲ့ခြေထောက် အရှိန်အဝါက အကြီးဆုံး။

"အာ ခဏ မင်းမှာကျ ဘာလို့မရှိတာလဲ" သူပြန်လှည့်ကာ မေးတယ်။ ရေမျက်နှာပြင်ပေါ်မှာ ပန်းနှစ်တန်းသာ ရှိပြီး ယိချင်းနဲ့ ကူယွဲ့လှမ်းခဲ့တဲ့ ခြေလှမ်းကနေ ပေါ်လာတာတွေ။ ဒါပေမဲ့ ရှန်းရင် လျှောက်ခဲ့တဲ့နေရာမှာတော့ ပန်းတွေမရှိ။

ရှန်းရင်က ပြန်လှည့်ကာ အတည်ပေါက်ဖြေတယ်။ "ငါက နေ့တိုင်း ခြေထောက်ဆေးတယ်လေ"

"ပါးစပ်ပေါက်ပိတ်"

ခြေထောက်အရှိန်အဝါတွေ‌အကြောင်း ဟာသကို လက်လွှတ်ဖို့ အချိန်တန်ပြီ။ ဟုတ်ပြီလား။

"ဖြစ်နိုင်တာကတော့ဒါက အကြောင်းအရင်းထင်တယ်" စားဖိုမှူးက လက်ညှိုးကို မကာ မျက်နှာပြင်ပေါ်ကို လက်ညှိုးထိုးပြတယ်။

ဟမ်။

ကူယွဲ့တန့်သွားတယ်။ သူ စောနက နားမလည်ခဲ့ပေမဲ့ သေချာစစ်ဆေးကြည့်ချိန်မှာတော့ ရေကိုယ်ထည်ပါ်က သူနဲ့ စားဖိုမှူးရဲ့ပုံသဏ္ဌာန်တွေက ပုံမှန်မဟုတ်ဘူးဆိုတာ နားလည်လိုက်ရတယ်။ အဲအစား သူတို့ခြေထောက်အောက်မှာ ရှိနေတာတွေကတော့ မတူညီတဲ့သစ်ပင်၂ပင်။ စားဖိုမှူးအောက်မှာက သစ်ရွက်တွေနဲ့ ပြည့်နေတဲ့ ရွှေရောင်သစ်ပင်ကြီး။ အင်း သူ့အောက်မှာကတော့ ဆောင်းဦးဝင်ခါကစလို သစ်ရွက် မရှိသလောက်သေးငယ်တဲ့ ခရမ်းရောင်သစ်ပင်။

ဒါတွေက... သူတို့မျက်နှာပြင်သစ်ပင်တွေပဲ။ ရှန်းရင်ခြေထောက်အောက်မှာတော့ ဘာမှမရှိဘူး။ ရောင်ပြန်ဟပ်မှုကို မရှိတာ။

ကူယွဲ့အမူအရာ မည်းသွားတယ်။ ရုတ်တရက် သူ ဒီမဟာတာအိုအဖွဲ့အစည်းခေါင်းဆောင်ဖြစ်တဲ့ စီမံဖွဲ့စည်းသူကို စိုးထိတ်သွားတယ်။ ဒီရိုးရိုးပုံပေါက်တဲ့ ရေကိုယ်ထည်ကတောင် သူတို့ရဲ့မျက်နှာပြင်အစစ်ကို တကယ်ပဲ ရောင်ပြန်ထင်နိုင်တာလား။ အရင်က ဘယ်သူမှ မသိလိုက်ဘဲ မျက်နှာပြင်ပေါ်က သစ်ပင်‌တွေပေါ်မှာ သူတို့ကိုယ်ပိုင်အသီးတွေကို ထားသွားနိုင်တာ အံ့ဩစရာ မရှိတော့ဘူး။ အထဲက စီမံထိန်းသိမ်းသူက တကယ်ပဲ ကြီးမားတဲ့ စွမ်းအားတွေရှိတယ်။

ကူယွဲ့နဲ့ယိချင်း၂ယောက်လုံး အတွေးနစ်ကုန်တယ်။ သူတို့တွေ အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်ပြီးတော့ နန်းတော်ကြီးဆီ ခရီးဆက်ခဲ့တယ်။ နန်းတော်ကြီးက ရှည်လျားပြီး ကျယ်တယ်။ ၁၀ပေလောက် ရှည်တဲ့ ကျောက်နံရံ ဝိုင်းထားတယ်။ သူတို့ဝင်ပေါက်ကို ရောက်တာနဲ့ အဝင်ဝတံခါးတွေက အလိုလိုပွင့်သွားတယ်။

အထဲမှာတော့ သာမန်ခန်းမဆောင်နဲ့မတူ အဲ့ဒီအစား အဆုံးအစမရှိတဲ့ နဂါးငွေ့တန်းလိုပဲ။ အဝင်ဝကနေပြီးတော့ ကြယ်တွေနဲ့ လုပ်ထားတဲ့လမ်း‌ကြောင်းတစ်ခုက အထဲဆီ ခေါ်သွားတယ်။ သူတို့လျှောက်လာတဲ့ သူတို့ခြေထောက်အောက်က ကြယ်တွေက ပိုးစုန်းကြူးတွေလို ယိမ်းယိုင်နေတယ်။ ဒါက တကယ့်ကို ကြယ်တာရာလမ်းပဲ။

ကူယွဲ့ခဏတာ တုံ့ဆိုင်းနေပြီးတော့ ဆက်လျှောက်ခဲ့တယ်။ ကြယ်တာရာလမ်းက သူတို့ကို လေထဲမှာမျောနေတဲ့ စင်မြင့်တစ်ခုဆီ ခေါ်ဆောင်သွားတယ်။ စင်မြင့်ရှေ့ ရပ်လိုက်တာနဲ့ ယောက်ျားသံတစ်သံ ထွက်လာတယ်။

"မင်းတို့တွေက ဒီတစ်ခေါက် ပါဝင်လာတဲ့ စီမံထိန်းသိမ်းသူတွေလား"

ကူယွဲ့ညာဘက်ကို အလိုလို လှည့်ကြည့်မိလိုက်တော့ ထူးဆန်းတဲ့အရှိန်အဝါတစ်ခု ဘယ်ကမှန်းမသိ ပေါ်လာတာကို တွေ့လိုက်ရတယ်။ တအောင့်နေတော့ စကြာဝဋ္ဌာက ကွဲအက်သွားပုံ ပေါ်ပြီး လူတစ်ယောက် သူတို့ရှေ့ကို ပေါ်လာတယ်။ သူတို့ဘေးက ဟင်းလင်းပြင်ကလည်း ပြောင်းလဲသွားခဲ့တယ်။ စင်မြင့်ပြင်က လူ၁၀ယောက်ကျော်ပေါ် လာပြီး တစ်ယောက်ချင်းဆီက စားဖိုမှူးနဲ့ ကူယွဲ့လိုမျိုး တူညီတဲ့အရှိန်အဝါတွေနဲ့။ မေးခွန်းထုတ်စရာမလို ဒါက မဟာတာအိုအဖွဲ့အစည်းမှာ ပါဝင်ဖို့ ဒီကိုရောက်နေတဲ့ စီမံထိန်းသိမ်းသူတွေ။

ကူယွဲ့လူအရေအတွက်ကို ရေလိုက်တယ်။ ဒီမှာလူ၁၆ယောက်လောက် ရှိတယ်။ တစ်ချိန်တည်းမှာပဲ အဲလူ၁၆ယောက်က သူတို့‌ဘေး ပတ်ပတ်လည်က လူအချင်းချင်းကို လေ့လာနေကြတယ်။

"သူတို့အရှိန်အဝါတွေကို ကြည့်ပါဦး၊ သူတို့က မျက်နှာပြင်ဖွဲ့စည်းကာစ စီမံထိန်းသိမ်းသူ‌တွေထင်တယ်၊ ငါတို့ရဲ့စံနှုန်းတွေက အခုအရမ်းကို နိမ့်နေပြီလား" ပထမဆုံးစကားစပြောတဲ့ သူက ခြောက်ကပ်ကပ် ရယ်တယ်။ သူက ကူယွဲ့နဲ့ ယိချင်းအပေါ် ထင်မြင်ချက်တွေ ရှိနေတာ သိသာတယ်။ သူ့ဘေးက အမျိုးသမီးက ပြောတယ်။

"ငါတို့တွေ ဖိတ်ကြားမှု လုပ်ထားတာ မကြာသေးဘူး၊ သူတို့မျက်နှာပြင်က ဖွဲ့စည်းပြီးတာ မကြာသေးပေမဲ့ စမ်းသပ်မှုကို အောင်မြင်တယ်လေ၊ ဆိုလိုတာက သူတို့မှာ လိုအပ်တာတွေ ရှိနေတဲ့သဘောပဲ"

ညာဘက်ကလူက ပြောတယ်။

"ဒီကိုရောက်လာသူတွေက သူတို့ကိုသူတို့ ထိုက်တန်တယ်လို့ သက်‌သေပြထားပြီးသားသူတွေပဲ"

"မှန်တယ် တုကျီ ငါတို့သိတဲ့အတိုင်းဆို ငါတို့တွေကမကြာခင်မှာ တူညီတဲ့အဖွဲ့စည်းက အဖွဲ့ဝင်တွေ ဖြစ်လာမှာပဲ။ ဘာလို့သူတို့ကိုဒီလိုအနေအထားပို့မှဖြစ်မှာလဲ"

"ဟမ်"

တု့ကျီဆိုတဲ့လူက တောက်ခေါက်ကာ လှောင်ရယ်ပြီးတော့ မကျေမနပ်ဖြစ်နေဆဲ။

"သူတို့တွေဝင်နိုင်ပါ့မလား သေချာမသိသေးဘူလေ၊ ဘယ်စီမံထိန်းသိမ်းသူကိုမဆို ငါတို့ မဟာ‌တာအိုအဖွဲ့အစည်းကို ဝင်ခွင့်ပေးလို့ မဖြစ်ဘူး"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီအဖွဲ့အစည်းကြီးကို ဘယ်ကမှန်းမသိ ဝင်ပါဖို့အတွက် ဖိတ်ကြားစာတွေ ပို့ခဲ့ပြီးတော့ သူတို့ကို ခပ်တုံးတုံး စမ်းသပ်မှုမျိုး လုပ်ခိုင်းသေးတယ်။ အခု သူတို့ ဒီကိုလာတာတောင်မှ လှောင်ပြောင်သေးနေသေးတယ်လား။ သူပိုပိုပြီးတော့ ဒီမဟာတာအိုအဖွဲ့အစည်းကို ရွံရှာလာတယ်။

တု့ကျီဘေးက အမျိုးသမီးက သူတို့ကို ပြုံးပြတယ်။ "စီမံထိန်းသိမ်းသူတို့ ကျေးဇူးပြုပြီးတော့ စိတ်မလှုပ်ရှားပါနဲ့၊ ငါတိူ့တွေက အဖွဲ့အစည်းတစ်ခုတည်းက ရဲဘော်ရဲဘက်တွေပဲ၊ ခေါင်းဆောင်ယွိဟန်က ခေါင်းညိတ်သရွေ့ မင်းတို့တွေက ငါတို့ထဲကတစ်ယောက်ဖြစ်လာမှာ၊ ဒါဟာ သေးငယ်တဲ့ကိစ္စတစ်ခုပါပဲ၊ ငါတို့ အတည်ပြုမှုတစ်ချက်ပဲလိုအပ်တာ"

တု့ကျီကလွဲပြီး ကျန်တဲ့သူအားလုံးက အလယ်ကလူကို ကြည့်လိုက်ကြတယ်။

"မေးခွင့်ရှိမလား၊ ဒီကိုလျှောက်လာတော့ ပေါက်လာတဲ့ပန်းတွေက ဘာအရောင်လဲ" အမျိုးသမီးက လေးနက်စွာ မေးတယ်။

ကူယွဲ့ တုံ့ဆိုင်းသွားပြီးတော့ သူမ ဘာကြောင့်ဒါကိုမေးလဲ သူသိပ်မသေချာ။ဒါပေမဲ့ ဒီလိုမျိုးကိစ္စတွေကို ဖုံးကွယ်တာ မတန်ဘူး ခံစားရတာမို့ ဖြေလိုက်တယ်။

"ကျုပ်တို့ ခြေထောက်အောက်ကပန်းတွေက အဖြူရောင်ပါ"

"အဖြူ" အမျိုးသမီး ကအံ့ဩတကြီး ရေ‌ရွတ်တယ်။ သူမကလွဲပြီး တခြားသူတွေက သံသယတွေနဲ့ ကြည့်ကြတယ်။ "သူတို့က အဖြူရောင်ဆိုတာသေချာလား"

"အင်း"

"..."

‌ရှိနေတဲ့လူတိုင်းက တိတ်ဆိတ်ကုန်တယ်။ ပထမဆုံးစကားစပြောသူက တုကျီ။

"အဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီစီမံထိန်းသိမ်းသူအသစ်၂ယောက်က ဒီလောက်စွမ်းအား ရှိမယ်ဆိုတာကို ငါမယုံဘူး" အဲ့လိုနဲ့ သူကလက်ကို မြောက်ကာ အပြင်ဘက်က ရေမျက်နှာပြင်ပုံရိပ်ကို ဖန်တီးလိုက်တယ်။ ကူယွဲ့နဲ့ ယိချင်း ရေမျက်နှာပြင်မှာ လျှောက်နေပြီး သူတို့နောက်မှာ အဖြူရောင်ပန်း‌တွေ ပွင့်‌နေတဲ့ပုံရိပ်ကို ကြည့်နေကြတယ်။ တုကျီရဲ့မျက်နှာက အရောင် ကင်းမဲ့သွားတယ်။ သူ သူ့စကားတွေကို ပြန်အစားသွင်းလိုက်ရပြီ။

တခြားစီမံထိန်းသိမ်းသူတွေလည်း ထိတ်လန့်သွားကြတယ်။ သူတို့တွေ အချင်းချင်း လှည့်ကြည့်ကြကာ စတင် တီးတိုးပြောတော့တယ်။ ဒါက လူတိုင်းအတွက် ထူးခြားတဲ့ပုံစံပဲ။

All Chapters