အခန်း (၅၆၅-၅၆၇)
Vol. 38 Ch. 565-567
အခန်း ၅၆၅ ။ လမ်းတွင် မိစ္ဆာကို တွေ့ခြင်း
"ဟေး အဲဒါဆို လုံလောက်ပြီ" ကူယွဲ့ သူတို့နှစ်ယောက်ကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ တစ်ကိုယ်တည်းသမားကို နှိပ်စက်နေတာ တော်တော့။ "မနက်စောစော စပ်စလူးထ ကလူနေတာ၊ တကယ်ပဲ မင်းတို့နှစ်ယောက် မနေ့ညက ဘာလုပ်ခဲ့ကြတာတုံး"
သူင ဒီတိုင်း မေးခွန်းတစ်ခု မေးရုံ၊ ရှန်းရင်ကတော့ မတုံ့ပြန်ပေမဲ့ စားဖိုမှူးမျက်နှာကတော့ ချက်ချင်း နီရဲသွားကာ ချက်ချင်းထရပ်တယ်။ သူ့ကိုယ်သူ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ကျယ်လောင်တဲ့အသံနဲ့ ထစ်ငေါ့နေသံက သူ့ကို ပိုပြီးသာ ဖော်တော့တယ်။
"ဘာမှ ဘာမှမဟုတ်ဘူး ကျွန်တော်တို့ ညက ဘာမှမလုပ်ခဲ့ဘူး... ဒါ ဆရာ့ဂုဏ်သတင်းနဲ့ သက်ဆိုင်တယ်နော် ဖေဖေနျို လျှောက်... လျှောက်မပြောနဲ့"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ကူယွဲ့ရဲ့မျက်ဝန်းတွေက မှေးသွားကာ ရှန်းရင်ကို အလင်းပွင့်သွားတဲ့ အမူအရာနဲ့ လှည့်ကြည့်ပြီး ရှင်းရှင်းလင်းလင်း ပြောစမ်းဆိုတဲ့ သတိပေးတဲ့အကြည့်မျိုး ကြည့်လိုက်တယ်။ ကံမကောင်းချင်တော့ သူ့ရှေ့က ကျွမ်းကျင်အမျိုးသမီးဟာ အင်မတန် တည်ငြိမ်စွာနဲ့ သူ့နှာခေါင်းအောက်က နောက်ဆုံးပေါက်စီကို တည်တည်ငြိမ်ငြိမ် ယူပြီး အလုတ်အနည်းငယ်တည်းနဲ့ အားလုံးကို ပါးစပ်ထဲ ထိုးထည့်လိုက်တယ်။
နောက်တော့ သူမက ထရပ်ကာ ပေါက်ကွဲတော့မလိုမျိုး နီရဲနေတဲ့စားဖိုမှူးကို ဆုပ်ကိုင်လိုက်တယ်။
"သွားကြစို့၊ ငါတို့ထွက်ခွာမယ်"
ကူယွဲ့ ထရပ်ကာ နောက်က လိုက်သွားပေမဲ့ သူတို့နှစ်ယောက်ကြားက ချစ်ခြင်းက ပိုသန်မာလာတာကို မြင်ရတယ်။ ရှန်းရင်က အဆင်ပြေသေးပေမဲ့ အဲမှာ ထိန်းခံထားရပြီး မျက်နှာနီရဲနေတဲ့လူကတော့ ပတ်ပတ်လည်မှာ ပန်းရောင်ပူဖောင်းလေးတွေနဲ့။ သူ့အကြည့်တွေက ရှန်းရင်ဆီက ဘယ်တော့မှ ခွာမသွားဘဲ ပြည့်နေတာက ပျော်ရွှင်မှုတွေ၊ ဝမ်းမြောက်မှုတွေနဲ့ အရှက်သည်းမှုလား။
ဟမ်... တစ်ခုခုက တစ်နေရာရာမှာ ပြောင်းပြန် ဖြစ်နေတဲ့ပုံပဲ။
ကူယွဲ့ ပိုပြီးတောင် သိချင်စိတ်ဖြစ်လာကာ ရှန်းရင်ကို တံတောင်နဲ့ တွတ်လိုက်တယ်။ "ဟေး စားဖိုမှူး ဘာဖြစ်တာလဲ"
ရှန်းရင် သူ့ကို တစ်ချက်ဝေ့ကြည့်ကာ ပါးစပ်ကို ဟလိုက်ပေမဲ့ တစ်ခွန်းသာ ချန်ခဲ့လေတယ်။
"ငါပြောရင်တောင် နင်သိမှာမဟုတ်ဘူး"
"ငါ ဘာကြောင့် မသိမှာလဲ၊ ရည်းစားမရှိသူကို အထင်သေးနေတယ်ပေါ့ ဟမ်"
"ဟုတ်တယ် နင့်ကို အထင်သေးနေတာ"
"ထွက်သွား" ကူယွဲ့ သူမကို ဒေါသတကြီး ကြည့်လိုက်တယ်။ "ငါ ဘယ်လောက်နာမည်ကြီးလဲ မင်း မသိဘူး ငါ့ကို ကြိုက်တဲ့မိန်းကလေးတွေများ လမ်းတွေနဲ့ကို ပြည့်နေတာ၊ မင်းတို့နှစ်ယောက်ကို အချိန်မရွေး သက်သေပြလို့ရတာ ယုံလား"
"..." ဘာလို့ သူတို့ ကျင်ရှင်းအသံကို ကြားလိုက်ရသလို ခံစားရတာပါလိမ့်။
—————
ရှန်းရင်က သူတို့ကို ဝိညာဉ်အစေ့တွေနဲ့ ပတ်သက်တဲ့ ဗဟုသတတချို့ ကြိုပေးလေတယ်။ အကျဉ်းချုပ် ပြောရရင်တော့ ဝိညာဉ်အစေ့တွေဆိုတာ သူတို့မျက်နှာပြင်က မူလရင်းမြစ်နဲ့ တူညီတယ်။ ဒါက မျက်နှာပြင်ရဲ့ သက်ရှိသတ္တဝါတွေကို ဖန်တီးဖို့ သုံးတဲ့အရာပဲ။ မျက်နှာပြင်တိုင်းရဲ့ မူလရင်းမြစ်တွေ တည်ရှိမှုရဲ့ ပုံစံအသွင်ကသာ ကွဲပြားကြတာ။ မီလဲ့မျက်နှာပြင်ရဲ့ မူလရင်းမြစ်ကတော့ သေချာပေါက်ကို ဥတစ်လုံး။ အဲတော့ သူပြောတာမှန်တယ်။ ဒါက တကယ်ပဲ သူ့အတွက် အတော်လေး အရေးပါတဲ့အရာ။
ဒါကြောင့် သူတို့ ဆက်ပြီး မနှောင့်နှေးတော့ဘဲ မနက်စာစားပြီးချိန် ဟင်းလင်းပြင်ရဲ့အဝေးဆုံး အဆုံးသတ်ကို တည်နေရာ ထောက်ဖို့ အချိန်တချို့ သုံးကာ နောက်တော့ ချက်ချင်း အပြေးသွားခဲ့တယ်။ သူတို့ မျက်နှာပြင်တံခါးကို ပိတ်ပိတ်ချင်း သူတို့ဆီ ပြေးဝင်လာတဲ့ လူတန်းစားမခွဲခြားတဲ့ အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်တယ်။ ဒီအရှိန်အဝါက အရမ်းကို ထူးဆန်းပြီး ဝိညာဉ်ချီ၊ မသေမျိုးချီ၊ ကောင်းကင်စွမ်းအင်နဲ့ အမျိုးအမည်မသိစွမ်းအင်တချို့ပါ တူတူရောနေတယ်။
ဒါက သေချာပေါက် မျက်နှာပြင် အများကြီးက သက်ရှိတွေရဲ့ ပေါင်းစပ်ထားတဲ့နေရာတစ်နေရာပဲ။ အရှိန်အဝါက တောင် ရှုပ်ယှက်ခက်လွန်းနေတယ်။ ဒါ သူတို့ ဒီလို ဖရိုဖရဲဖြစ်နေတဲ့ အရှိန်အဝါနဲ့ ထိတွေ့ရတာ ပထမဆုံးအကြိမ်ပဲ။။ သူတို့တွေအားလုံး မှင်တက်ကုန်ပေမဲ့ ရုတ်တရက် နောက်တစ်စက္ကန့်မှာ အကူအညီတောင်းသံကို ကြားလိုက်ရတယ်။
"ကယ်ကြပါ ကယ်ကြပါ... အားလုံးကို တောင်းပန်ပါတယ်၊ ငါ့ကို အလွတ်ပေးပါ"
"အော်လေ မင်းကြိုက်သလောက်အော် မင်း လည်ချောင်းကွဲသွားတဲ့အထိ အော်ရင်တောင် မင်းကို ကယ်ဖို့လာနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး"
သုံးယောက်သား ။ ။ "..."
ဒီရှေးဆန်လှတဲ့ ပြောင်ချော်ချော် စကားက ဘာကြီးတုံး။
သူတို့တွေရဲ့ ညာဘက်က ချုံပုတ်တစ်ခုမှာ ယောက်ျားသုံးယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ ပုံရိပ်တွေကို မြင်လိုက်ရတယ်။ အမျိုးသားသုံးယောက်လုံးက ခက်ထန်တဲ့အကြည့်တွေနဲ့ လက်နက်တွေပါ ကိုင်ဆောင်ထားကြသေး။ မြေကြီးပေါ်လဲနေတဲ့ တစ်ဦးတည်းသော အမျိုးသမီးကတော့ စုတ်စုတ်ပြတ်ပြတ် ဝတ်စားထားကာ မျက်နှာမှာ မျက်ရည်စီးကြောင်းတွေ ဖုံးလွှမ်းနေပြီး သူမရှေ့က လူတွေကို ကြောက်လန့်တကြား ကြည့်နေတယ်။
သုံးယောက်ထဲက နည်းနည်းပိုပိန်တဲ့တစ်ယောက်က တဏှာအပြုံးနဲ့ ရှေ့တက်လာတယ်။
"က လေးမ လိမ်လိမ်မာမာနဲ့ ငါတို့ဆီ အညံ့ခံလိုက်ပါလား၊ မင်း အမိန့်နာခံသရွေ့ မင်း ခုက စပြီးကောင်းကောင်း နေထိုင်သွားရမယ်လို့ ငါတို့က တိပေးတယ်"
"အမှန်ပဲ" နောက်ထပ် ယောက်ျားတစ်ယောက်ကလည်း ပြောတယ်။ "မစိုးရိမ်နဲ့၊ ငါတို့သုံးယောက် မင်းကို သေချာပေါက် ကောင်းကောင်းဆက်ဆံမှာ"
"ဟုတ်တယ်၊ မင်းက မိန်းကလေး၊ ဘာလို့အဲလောက် ခါးခါးသီးသီး တောင့်ခံထားတာလဲ၊ မင်းကို ကြည့်တာနဲ့တင် ငါ့နှလုံးသားအောင့်ရတယ်၊ မင်းကို သေသေချာချာအလိုလိုက်ခွင့်ပေး"
အဲလိုပြောကာ သုံးယောက်က သူမကို ဖမ်းဆုတ်ဖို့ ရှေ့တိုးလာတယ်။ မိန်းကလေးမှာ နောက်ဆုတ်ဖို့ နေရာမရှိတော့ဘဲ နောက်တစ်ကြိမ်အော်ပြန်ကာ သူမမျက်နှာမှာ မျက်ရည်တွေ စီးကျလာတယ်။
ကူယွဲ့ မျက်မှောင်ကြုတ်ကာ ဆက်တိတ်မနေနိုင်တော့ဘဲ အော်လိုက်တယ်။ "ရပ်စမ်း"
သူ ခပ်သွက်သွက်လျှောက်ကာ တစ်ချိန်တည်းမှာတင် ဂါထာတစ်ခု ဖန်တီးတယ်။ လေပြင်းတစ်ဝှေ့က သုံးယောက်ဆီ တိုက်ခတ်သွားချိန် ချက်ချင်း မီတာအနည်းငယ် သူတို့ကို နောက်ပြန်တွန်းထုတ်ပစ်တယ်။ စုတ်တီးစုတ်ပြတ်ဝတ်ထားတဲ့ မိန်းကလေးဘက် လှည့်ကြည့်ကာ ခဏတွေးပြီးတဲ့နောက် သိုလှောင်အိတ်ထဲက အဝတ်တချို့ထုတ်ပြီး ပစ်ပေးလိုက်တယ်။
မိန်းကလေးက ခဏကြောင်နေပြီးမှ သတိပြန်ဝင်လာကာ အမြန် အဝတ်ကို ကောက်ယူပြီး သူမကိုယ်သူမ ပတ်ထားလိုက်ကာ ရှေ့က လူကို ကျေးဇူးတင်မှု၊ စိုးရိမ်မှုတို့နဲ့ ကြည့်ရှာတယ်။
"နေ့ခင်းကြောင်တောင် မင်းတို့သုံးကောင် ဒီလို အမျိုးသမီးတစ်ယောက်ကို ဒီလိုအခြေအနေဖြစ်အောင် လုပ်တာလဲ" သူ ခပ်ဩဩမေးလိုက်တယ်။
"ဒီရောကျော်ခွေးမိစ္ဆာက ဘယ်က ရောက်လာတာလဲ၊ ငါ့ကိစ္စကို ဘယ်လိုတောင် ဝင်စွက်ဖက်ရဲတာ"
ပိန်ပိန်ရှည်ရှည်တစ်ယောက်က ကူယွဲ့ကို ခက်ထန်စွာ စိုက်ကြည့်ကာ ခြိမ်းခြောက်တဲ့အနေနဲ့ လက်ထဲက ဓားကို ပါမြှောက်သေး။
"အမှန်ပဲ" ပိုပြီးဗလတောင့်တဲ့တစ်ယောက်က ပြောတယ်။ "ဒီခွေးမက ငါတို့ကို ပိုက်ဆံ အကြွေးတင်နေပြီး ပြန်မဆပ်တာ၊ ငါတို့ အကြွေးပြန်ဆပ်ခိုင်းဖို့ သူ့ကို ယူမှမှန်မှာပေါ့၊ မင်းနေရာမင်း သိရင် ငါ့လမ်းကနေထွက်သွားလိုက်"
"ဟင့်အင်း... ဒီလိုမဟုတ်ပါဘူး" မြေကြီးပေါ်က မိန်းကလေးက စိုးရိမ်တကြီးနဲ့ ကူယွဲ့ဝတ်ရုံလက်ကို ဆွဲလိုက်တယ်။ "သူတို့က လိမ်နေတာ၊ ကျွန်မ သူတို့ကို လုံးဝမသိသလို ဘာမှအကြွေးမတင်နေပါဘူး၊ ကျွန်မက ဒီကို ဖြတ်သွားချိန် သူတို့ပြန်ပေးဆွဲတာ ခံခဲ့ရတာပါ"
"ခွေးမ၊ မင်း အကြွေးတင်နေတဲ့ပိုက်ဆံကို ပြန်ဆပ်ဖို့ ငြင်းတဲ့အပြင် ငြင်းရဲသေးတယ်ပေါ့"
ပိန်ပိန်ရှည်ရှည်တစ်ယောက်က အကျယ်ကြီး အော်လိုက်တာ မိန်းကလေးကို ကြောက်လန့်သွားစေပြီး တုန်ယင်ကာ ပိုပြီးတောင်ကျုံ့ဝင်သွားတယ်။
ကူယွဲ့ မျက်မှောင်ကြုတ်ကာ သူ့ရှေ့က လူသုံးယောက်ကို ဝေ့ကြည့်လိုက်တယ်။ "သူက မင်းတို့ကို အကြွေးတင်နေတယ်လို့ ပြောမှတော့ အကြွေးပေးထားတဲ့ သက်သေထုတ်လိုက်ပါလား၊ အဲလိုဆိုရင်ရော"
သုံးယောက်က မှင်တက်သွားကာ မျက်နှာပေါ် မလုံမလဲ အရိပ်အယောင်ပေါ်လာပေမဲ့ ငြင်းခုန်နေဆဲ။
"ငါတို့... ငါတို့ ဒီနေ့ အလျင်စလို ထွက်လာကြတာ၊ မယူလာဘူး"
"အိုး" ကူယွဲ့က အေးစက်စက်ရယ်တယ်။ "ဒါက လူတစ်ယောက် အကြွေးပြန်ဆပ်ဖို့ တကူးတက လာတောင်းဆိုချိန် အကြွေးချေးထားတဲ့သက်သေ ယူမလာဘူး ပြောတာကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ"
"မင်း..." အဲလူက ပျာယာခတ်သွားတယ်။ သူ့အကြည့်ပြောင်းလဲကာ ဟန်ဆောင်နေတာရပ်ပြီး အေးစက်စက်ထေ့ရယ်တော့တယ်။ "ဟေ့ကောင် ငါမင်းကို သတိပေးနေတယ်၊ ငါက ညို့စားဝိညာဉ်မြို့က ဝိညာဉ်တွေပဲ၊ မင်း ငါတို့ကို ရန်စရဲရင် အကျိုးဆက်ကို ခံနိုင်မှာမဟုတ်ဘူးနော်"
"နတ်သူငယ်တွေလား" ကူယွဲ့ ပါးစပ်တွန့်သွားကာ တစ်ဖက်အုပ်စုကို လေ့လာရင်း သူ့စိတ်ထဲ လှပတဲ့ပုံရိပ်အမျိုးမျိုး ဖြတ်ပြေးသွားကာ ချက်ချင်း ထင်ယောင်ထင်မှား ဖြစ်နေတယ် ခံစားလိုက်ရတယ်။ သူ ခေါင်းလှည့်ကာ နောက်က ရှန်းရင်ကို ကြည့်လိုက်တယ်။ တကယ်ကြီး ပြောနေတာလား။ နတ်သူငယ်တွေက ဒီနေရာမှာ တကယ်ရှိတာလား။ ပြီးတော့ ဒီလိုပုံစံမျိုးနဲ့တဲ့လား။ သူတို့ရဲ့ နားရွက်ချွန်ချွန်နဲ့ လှပတဲ့အသွင်အပြင်က ဘယ်ရောက်သွားတာလဲ။
ရှန်းရင်လည်း အူကြောင်ကြောင်အကြည့်နဲ့ ခေါင်းယမ်းတယ်။ သူမ ဒီအပိုင်းကို တစ်ခါမှမရောက်ဖူးဘူး။
သူတို့ စနိးစနောင့်ဖြစ်နေပြီဆိုတာ မြင်တော့ သုံးယောက်က ချက်ချင်း ပိုပြီးတောင် ထောင်လွှားစွာ ပြုံးတော့တယ်။
"ဟမ့်၊ မင်းတို့အားလုံးက အမျိုးအမည်မသိ ရွာစုတ်တစ်ခုကနေ လာတဲ့ မိစ္ဆာတွေနဲ့တူတယ်၊ မင်းတို့ကို အမှန်တိုင်း ပြောရမှာ မကြောက်ဘူး၊ ငါတို့သုံးယောက်က မင်းတို့ရန်စလို့ရတဲ့လူတွေမဟုတ်ဘူး" သူက ဘယ်ဘက်က ဗလတောင့်တောင့်လူကို လက်ညှိုးထိုးပြတယ်။ "ဒီက ငါ့ညီကိုက နှစ်တစ်ထောင် ကျင့်ကြံစဉ်နဲ့ ကျားမှင်စာ"
ကူယွဲ့ အူတူတူဖြစ်သွားပြီးမှ သူက နတ်သူငယ်တွေကို မှင်စာလို့ဆိုလိုမှန်းနားလည်သွားခဲ့တယ်။
အနောက်တိုင်း ဒဏ္ဍာရီထဲက နတ်သူငယ်တွေ မဟုတ်ဘူးပေါ့။
တစ်ဖက်လူက နောက်တော့ ညာဘက်က လူကို လက်ညှိုးထိုးပြတယ်။ "ဒီက ညီကို ကတော့ နှစ်၈၀၀ ကျင့်ကြံခြင်းနဲ့ သမင်မှင်စာ"
"ငါကတော့" သူက ထေ့ရယ်ကာ မတ်မတ်ရပ်ရင်း ကျယ်လောင်ဂုဏ်ယူစွာ ပြောတော့တယ်။ "ငါက ငါ့ခါးပတ်အောက် နှစ်ပေါင်း၂၀၀၀ကျင့်ကြံစဥ်ရှိတယ်၊ ပြီးတော့ မသေမျိုးဆီ တက်လှမ်းတော့မဲ့ ကြက်မှင်စာပဲ"
သုံးယောက်သား ။ ။ "..."
တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့တယ်။
ဖွီ...။
…
အခန်း ၅၆၆ ။ ကူယွဲ့ အလှလေးကို ကယ်တင်
သူတို့တွေ ထိန်းချုပ်မှုကင်းလွတ်နီးပါးဖြစ်သွားကာ တဟားဟား ရယ်မိလုနီးပါးပဲ။ သူတို့ရှိသမျှ အားနဲ့ ရယ်ချင်စိတ်ကို မျိုသိပ်လိုက်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ တုန်ယင်နေတဲ့ ပခုံးတွေကတော့ သိသာနေတယ်။
တစ်အောင့်နေတော့ သူတို့က ပြန်ဖြေတယ်။ "ဒါဆို နင်က ကြက်မှင်စာပေါ့ တောင်းပန်ပါတယ် တောင်းပန်ပါတယ် ငါတို့စားဖိုမှူးက မင်းရဲ့ ကောင်းမွန်တဲ့ဂုဏ်သတင်းကို သိတာကြာပြီ"
တစ်ဖက်လူက သူတို့ တုံ့ပြန်မှုတွေကို မကျေနပ်သလိုမျိုး ခေါင်းစခြေဆုံးကြည့်တယ်။ "ဒါဆို မင်းတို့က ဘယ်လိုမှင်စာတွေတုံး၊ ချက်ချင်းတင်ပြစမ်း"
"နေကောင်းလား ကြက်မှင်စာ၊ ငါက အရသာမှင်စာ" ရှန်းရင်က လက်ကို ယမ်းပြတယ်။
ကြက်မှင်စာက တန့်သွားတယ်။ အရသာမှင်စာဆိုတာ ဘယ်လိုမှင်စာမျိုးတုံး။ သူ အရင်က တစ်ခါမှ ဒီလိုမျိုးမကြားဖူးဘူး။ ဒါပေမဲ့ ရှင်းလင်းခိုင်းဖို့ကျ မလေးစားရာကျတယ်လို့ စဉ်းစားမိတယ်။ ဒါကြောင့် သူက အလယ်ကစားဖိုမှူးဘက် လှည့်လိုက်တယ်။
"ပြီးတော့ မင်းရော"
စားဖိုမှူးက တန့်သွားကာ ဖြေတယ်။ "ငါက လူ"
"လူမှင်စာလား"
"..."
"ဟမ့် မင်းတို့တွေက တကယ့်ကို တောရွာက အရိုင်းအစိုင်းမှင်စာတွေနဲ့ ထူးဆန်းတဲ့သတ္တဝါတွေပဲ"
ကြက်မှင်စာက ခုဆို သူတို့ကို ပိုပြီးတော့တောင် အထင်သေးလာတော့တယ်။ သူက နောက်ဆုံးတော့ မရယ်မိအောင် ရပ်ဖို့ကြိုးစားနေဆဲ ကူယွဲ့ဘက်လှည့်လာတယ်။ "ပြီးတော့ မင်းကရော မင်းက ဘာလဲ"
ကူယွဲ့ အသက်ပြင်းပြင်းရှူသွင်းကာ ကြက်မှင်စာကို မျက်နှာချင်းဆိုင်တယ်။ သူက လက်ထဲက ယက်တောင်ကို လှည့်ကာ ပြုံးတယ်။ "ငါက မှင်စာရော သတ္တဝါရော မဟုတ်ဘူး၊ ငါက ... နတ်ဘုရားပဲ"
ကြက်မှင်စာက တုံ့ဆိုင်းသွားတယ်။ "မင်းက နတ်ဘုရားမှင်စာပေါ့"
ကူယွဲ့ ။ ။ "..."
#လုံးဝကို ကျရှုံးမှု#
မင်းဘိုးအေကို ရူး
မင်းကမှ ရူးနေတာ မင်းတစ်မိသားစုလုံးကမှ ရူးနေတာ ဘယ်နေရာကနေများ နတ်ဘုရားမှင်စာဆိုတဲ့ စာလုံးကို ထုတ်သုံးတာပါလိမ့်။
"ဖွီဖွီဖွီ..."
"မရယ်ရဘူး" ကူယွဲ့ ဆရာတပည့်နှစ်ယောက်ဘက် စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်တယ်။ ငါ မင်းတို့လစဉ်အသုံးစရိတ်ကို လျှော့မယ်ဆိုတာ ယုံလား။
ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ သူ ဒီသုံးယောက်နဲ့ ဆက်ပြီးစနောက်နေဖို့ကို စိတ်မဝင်စားတော့ဘူး။
"ထားလိုက်တော့ လှုပ်ရှားကြရအောင်" သူက လက်ထဲက ယပ်တောင်ကို ဝှေ့ယမ်းကာ လေပြင်းဓားတွေကို သူတို့ဆီ လွှတ်ထုတ်လိုက်တယ်။
သူတို့ မတုံ့ပြန်နိုင်ခင် နောက်ကို လွင့်ထွက်သွားတာများ မြင်ကွင်းထဲကနေ ချက်ချင်း ပျောက်သွားတော့တယ်။
အဲတော့မှ ကူယွဲ့ သူ့ဘေးက ထိတ်လန့်နေတဲ့ အမျိုးသမီးဘက် လှည့်ပြောတယ်။ "အမျိုးသမီး၊ မင်းအဆင်ပြေရဲ့လား"
မိန်းကလေးက တန့်သွားတယ်။ အတော်ကြာမှ သူက နောက်ဆုံးတော့ တုံ့ပြန်ကာ မျက်ရည်တွေစဝဲလာလေရဲ့။ "ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်၊ ကျေးဇူးရှင်တို့ ကျွန်မကို ကူညီပေးလို့ ထာဝရ ကျေးဇူးတင်ပါတယ်" သူမက သူတို့သုံးယောက်ကို ဦးတိုက်ဂါရ၀ပြုတယ်။
"အမျိုးသမီး ကျေးဇူးပြုပြီး အရိုအသေမပေးပါနဲ့" ကူယွဲ့ သူမကို မတ်တတ်ရပ်ဖို့ အမြန် ကူညီလိုက်တယ်။
"ဒုက္ခအများကြီး မရောက်ပါဘူး"
မိန်းကလေးက ကူယွဲ့လက်မောင်းကို ကိုင်ထားကာ ထရပ်တယ်။ သူမ နောက်ဆုံးတော့ ငိုတာရပ်သွားပြီ။ တစ်အောင့်နေတော့ သူတို့ မသင့်တော်တဲ့ အကွာအဝေးမှာ ရပ်နေတာကို နားလည်သွားသလိုမျိုး ခြေတစ်လှမ်း ပြန်ဆုတ်သွားတယ်။ နောက်တော့ ကူယွဲ့မျက်ဝန်းတွေကို မော့ကြည့်ပြီးမှ အမြန် အကြည့်လွှဲလေတယ်။ သူမ မျက်နှာက နီရဲနေပြီး အပြင်ဝတ်ရုံကို ပိုပြီးတောင် တင်းတင်းဆွဲလေတယ်။ ကူယွဲ့က သူမကို အပြင်ဝတ်ရုံ ကမ်းပေးခဲ့တာကို သတိပြန်ရသွားလို့ထင် - မျက်နှာက ပိုတောင် နီစွေးသွားခဲ့တယ်။
"မိန်းကလေး၊ ဒါက တောနက်ပါ၊ မင်းဘာသာ ကျန်နေရစ်ဖို့ သင့်တော်တယ် မထင်ဘူး" ကူယွဲ့က အကြံပြုတယ်။ "ငါတို့မှာ လောလောဆယ် ဆောင်ရွက်စရာ အရေးတကြီးကိစ္စ မရှိဘူး၊ တကယ်လို့ မင်း စိတ်ထဲမထားရင် ငါတို့ မင်းကို အိမ်လိုက်ပို့ပေးရင်ရော"
မိန်းကလေးက အပျော်လွန်သွားတဲ့ပုံ။ သူမက ကူယွဲ့ကို တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ လှည့်ကြည့်ကာ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်တယ်။ "ကျေးဇူးတင်ပါတယ်၊ လူကြီးမင်း နတ်ဘုရားမှင်စာ၊ လူကြီးမင်းလူမှင်စာနဲ့ အမျိုးသမီးအရသာမှင်စာတို့"
အမျိုးသမီးအရသာမှင်စာတို့ ။ ။ "..."
လူကြီးမင်းလူမှင်စာ ။ ။ "..."
လူကြီးမင်း နတ်ဘုရားမှင်စာ ။ ။ "..."
သူမ ဒီဟာသကို လက်လွှတ်ပေးလို့ရမလား။
မိန်းကလေးရဲ့မျိုးရိုးနာမည်က ချူဖြစ်ပြီး အမည်ကတော့ ထောင်။ ချူထောင်က သူတို့နေရာကနေ တစ်ကီလိုမီတာသာ ဝေးတဲ့ ဆန်းကြယ်ဘုံတစ်ခုထဲမှာ နေတာ။ သူမရဲ့ ဒီတစ်ကြိမ် ကံဆိုးမှုက ဓားပြသုံးယောက်နဲ့ တွေ့စေခဲ့တယ်။ ကူယွဲ့ သူမနဲ့ စကားစမြည်ပြောရင်း အခြေအနေကို ပိုသိလာခဲ့တယ်။ ဒီဆန်းကြယ်ဘုံထဲက လူအများစုက နတ်သူငယ်တိုင်းပြည်က။ အထဲက လူတွေဟာ မှင်စာတွေအဖြစ် နှစ်တွေချီ ကျင့်ကြံလာကြတာ။
မှင်စာတွေက သူတို့ကိုယ်ပိုင်မျက်နှာပြင်မှာရှိနေခဲ့တဲ့ မိစ္ဆာတွေနဲ့ အတော်လေးဆင်တယ်။ တစ်ခုတည်းသောကွာခြားချက်က မှင်စာတွေက လူသားတွေကို မစားသုံးသလို သူတို့ကိုယ်ပတ်လည်မှာ မိစ္ဆာချီလည်းမရှိ။ သုံးယောက်သား ချူထောင့်မြို့ဆီ လိုက်ပို့ပေးရင်း အတော်လေး ကြီးမားတဲ့ တစ်ထပ်အိမ်ရှေ့ဆီ ရောက်ခဲ့တယ်။ ကူယွဲ့ အနည်းငယ် ထိတ်လန့်သွားမိတယ်။ သူ ဒီလိုကြုံသလို ကယ်ခဲ့တဲ့လူက မြို့ထဲက ဒီလိုလူကုထံမိသားစုက ဖြစ်မယ်မထင်ခဲ့။
ချူထောင်ရောက်တာနဲ့ အစေခံဆယ်ယောက်ကျော်က သူမကို ဂါရ၀ပြု ကြိုဆိုဖို့ရောက်လာကြတယ်။
"မိန်းကလေးချူ ဂရုစိုက်ပါ၊ ကျုပ်တို့ ဆက်လိုက်မပို့တော့ပါဘူး" ကူယွဲ့က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်တယ်။
ချူထောင်က တစ်ဖက်လှည့်ကာ သူသွားမှာကို မမြင်ရက်သလို အချိန်အတော်ကြာကြည့်နေလေရဲ့။
"ခဏ" သူမက အလိုလိုလှမ်းခေါ်မိသွားတယ်။
"မိန်းကလေးချူ ဘာကိစ္စများလဲ" ကူယွဲ့က ယဉ်ကျေးစွာ မေးတယ်။
"ရှင်... ရှင်တို့အားလုံး လက်ဖက်ရည်တစ်ခွက် ဝင်သောက်ပြီး အနားယူချင်လားဟင်" သူမက သုံးယောက်ကို ပြောနေတဲ့ပုံပေါ်ပေမဲ့ ကူယွဲ့ကို သာကြည့်နေတယ်။ သူမက မျက်နှာနီရဲနေပြန်ကာ အတော်လေးရှက်နေတဲ့ပုံ။
"အဲဒါမလိုတော့ပါဘူး၊ ကျုပ်တို့မှာ ဆောင်ရွက်စရာကိစ္စတွေရှိသေးတယ်၊ ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး" ကူယွဲ့က သူမကို ယဉ်ကျေးစွာငြင်းလိုက်တယ်။
"ဒါပေမဲ့..." မိန်းကလေးက ခု ပိုပြီးတောင် အသည်းအသန်ဖြစ်လာပြီ။ သူမ ရှေ့ကို ခြေနှစ်လှမ်းတိုးကာ တစ်ခုခုကို သတိရသွားသလိုမျိုး လူအုပ်ကို ကြည့်လာတယ်။ "နောက်ကျနေပြီ၊ ရှင်တို့ ဒီည ကျွန်မနေရာမှာ နေပြီး မနက်ဖြန်မှ ခရီးဆက်ရင်ရော"
သူတို့တုံ့ဆိုင်းနေတာမြင်တော့ သူမက ထပ်ပြောတယ်။ "ရှင်တို့ အရင်က ကျွန်မကို ကယ်ခဲ့တာ၊ ကျေးဇူးပြန်ဆပ်တယ်ဆိုပြီး သဘောထားပေးပါလား"
ကူယွဲ့လက်ထဲက ယပ်တောင်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။ သူက တစ်စုံတစ်ခုကို တွေးကာ ခေါင်းညိတ်ပြတယ်။ "ကောင်းပါပြီ မိန်းကလေး"
ချူထောင်က သိသိသာသာ အပျော်လွန်သွားလေရဲ့။ သူမက နောက်ကို ခုန်ပေါက်သွားတယ်။
"ကျေးဇူးပြုပြီး လူကြီးမင်းနတ်ဘုရားမှင်စာ ကျွန်မနောက်လိုက်ခဲ့ပါ လူကြီးမင်းနဲ့ မိန်းကလေးရောပဲ"
"..." ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ သောက်ကျိုးနည်း ဘာလူကြီးမင်းနတ်ဘုရားမှင်စာလဲ။
"တကယ်တော့ ကျုပ်က ကူယွဲ့ပါ" သူ ခပ်တိုးတိုး ရှင်းတမ်းထုတ်လိုက်တယ်။
ချူထောင်က တုံ့ဆိုင်းသွားတယ်။ သူမ ဘာကို စဉ်းစားသွားလဲမသိပေမဲ့ မျက်နှာက ပိုတောင် နီရဲလာပြန်တယ်။ သူမက မျက်နှာကို တစ်နေရာရာမှာဝှက်ထားဖို့ ရှာနေသလိုမျိုး ခေါင်းငုံ့သွားလေရဲ့။
"လူကြီး... လူကြီးမင်းကူယွဲ့ ကျေးဇူးပြုပြီး ဒီဘက်ကြွပါ" သူမက သူတို့ကို အိမ်ထဲ ခေါ်လာတယ်။
သူမက အစေခံတွေကို ဧည့်သည်တွေကို ဧည့်ခံဖို့ ညွှန်ကြားကာ အဝတ်အစားလဲဖို့ အခန်းထဲပြန်သွားတယ်။
ဆရာတပည့်နှစ်ယောက် ။ ။ "..."
သူတို့မျက်လုံးတွေက မှေးကုန်ကာ တစ်ယောက်သော ခွေးလို မျက်နှာများသူကို လှည့်ကြည့်လိုက်ကြတယ်။
"မင်းတို့က ဘာကြည့်နေတာတုံး" ကူယွဲ့ သူတို့ကို စိန်းစိန်းဝါးဝါးကြည့်ပေးလိုက်တယ်။
"ဖေဖေနျို နင်က မိန်းကလေးတွေကို ပိုးပန်းတဲ့နေရာမှာ ဒီလောက်တော်မှန်း မသိခဲ့ပါလား"
"ဘယ်သူက ပိုးနေလို့လဲ" သူက လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ အကျင့်အတိုင်း ရှန်းရင်ကို ကမ်းပေးလိုက်တယ်။ "ဝိညာဉ်အစေ့အကြောင်း စုံစမ်းဖို့ နည်းလမ်းကောင်းဖြစ်မဲ့နေရာမို့သာ ငါဒီမှာနေတာ"
"အို~" နှစ်ယောက်က ပြိုင်တူပြောကြတယ်။
"မိန်းကလေးပိုးပန်းတဲ့ ပေါက်တတ်ကရတွေ တော်တော့" သူက သူတို့ကို နောက်တစ်ကြိမ် စိန်းစိန်းဝါးဝါး ကြည့်ပေးလိုက်တယ်။ "ပြီးတော့ ငါ့ကို သဘောကျတဲ့သူတွေ အရမ်းများနေတာ၊ ငါလည်း ဘာမှမတတ်နိုင်ဘူး"
"နင် ဒီချူမိန်းကလေးကို သဘောကျလား" ရှန်းရင်က အနားကို တိုးကာ တီးတိုးပြောတယ်။
"ဘာပေါက်တတ်ကရတွေ ပြောနေတာတုန်း၊ သေချာပေါက် မကြိုက်ဘူးပေါ့"
"ဒါဆို နင်ဒီမှာနေတာက ..." သူ တကယ်လို့ ဝိညာဉ်အစေ့အကြောင်း ပိုသိချင်ရင် တခြားနေရာမှာလည်း လုပ်လို့ရတာပဲကို
ကူယွဲ့ သူတို့ကို ငတုံးတွေလားဆိုတဲ့ပုံနဲ့ ကြည့်တော့တယ်။ "အမှိုက်တွေ၊ ဒါ ဒီမှာ ငါတို့ ပထမဆုံးနေ့၊ ငါတို့ကိုယ်ပေါ် ဘာမှမရှိသလို ဒီမှာ ဘာငွေကြေးသုံးလဲတောင် မသိဘူး၊ တကယ်လို့ ငါတို့ ကြင်နာမှုကြောင့် သူအကြွေးပြန်ဆပ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီမှာမနေရင် တခြားဘယ်မှာသွားနေမလဲ၊ လမ်းပေါ် အိပ်ကြမှာလား"
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
အဓိပ္ပာယ်ရှိတယ် - တောသားတွေ ပြန်ပြောစရာစကား ဘာမှမရှိတော့ပါဘူး
သူတို့တွေ ဧည့်ခန်းထဲမှာကြာကြာမနေလိုက်ရ။ တစ်နာရီနေတော့ ချူထောင်က ပြန်လာတယ်။ သူမက ပန်းရောင်ဝတ်ရုံရှည်ကို ဝတ်ထားလို့ အရင်ကထက် အများကြီး ပိုသိမ်မွေ့ပုံပေါ်လာတယ်။ သူမဝတ်စားထားတဲ့နေရာမှာ အများကြီး တွေးထားတာသိသာတယ်။ သူမဆံပင်မှာလည်း ကြော့ရှင်းတဲ့ ဆံထိုးတစ်ခုတပ်ထားသေးတယ်။
ဆံထိုးကနေ နူးညံ့တဲ့ပန်းဖွားတစ်ခုကျနေတာ ချူထောင် လှမ်းတိုင်း ယိမ်းနေတယ်။ ညနေခင်းနေမင်းရဲ့ နူးညံ့တဲ့တောက်ပမှုအောက် ချူထောင်က အတော်လေးလှပနေတယ်။
"ရှင်တို့အားလုံးကို စောင့်စေမိပြီ" ချူထောင်က သုံးယောက်ကို တလေးတစားဂါရ၀ပြုတယ်။
"တကူးတက ဂါရ၀မပြုပါနဲ့ မိန်းကလေးချူထောင်" ကူယွဲ့က ပြုံးဖြီးစွာ ပြန်ဖြေလိုက်တယ်။ ကူယွဲ့က ခု စီးပွားရေးအသွင် ဖြစ်သွားပြီ။ သူက ချူထောင့်ကို အာလပသလာပ မျိုးစုံပြောနေတာမို့ သူမအကြည့်က ပိုပြီးနူးညံ့သိမ်မွေ့လာတော့တယ်။
...
အခန်း ၅၆၇ ။ ဖေဖေနျို ပျောက်ဆုံး
ကူယွဲ့ သူ့ရဲ့ဖြတ်ထိုးဉာဏ်ရွှင် စကားစမြည်ပြောဆိုမှုက ပြီးလုနီးပါးဖြစ်နေပြီ။ ရုတ်တရက် တစ်ခုခုကို သတိရသွားသလိုမျိုး သူက ပြောတယ်။ "အော်ဟုတ်သား၊ မိန်းကလေးချူ၊ မင်းက ဒေသခံဆိုတော့ ကျုပ်တို့ထက် ပိုပြီးသိကျွမ်းမှာပေါ့၊ ကျုပ်တို့ မသေချာတဲ့တစ်စုံတစ်ခုရှိတော့ တကယ်လို့ မင်းသာ ကူညီပေးနိုင်ရင် ကျုပ်တို့တကယ် ကျေးဇူးတင်မိမှာပါ"
"ဘာများပါလဲ" ချူထောင်က ခဏစဉ်းစားပြီးတော့ မေးတယ်။ "လူကြီးမင်း ကူယွဲ့၊ မစိုးရိမ်ပါနဲ့၊ ကျွန်မက ရှင့်ကို ကျေးဇူးကြွေးတင်နေတာ၊ တကယ်လို့ ကူညီနိုင်တာတစ်ခုခုရှိရင် သေချာပေါက် လုပ်နိုင်တာ အားလုံး လုပ်ပါ့မယ်"
"အရေးကြီးတာလည်း မဟုတ်သလို အလျင်လိုနေတာရယ်တော့ မဟုတ်ပါဘူး" ကူယွဲ့က ယဉ်ယဉ်ကျေးကျေး ဖြေကာ ပြုံးနေတယ်။ သူ ဝိညာဉ်အစေ့ကို သံသယမဝင်ခံရအောင် ဘယ်လိုနည်းနဲ့ မေးရမလဲ ရပ်ပြီးစဉ်းစားမိတယ်။
အဲချိန် ဘေးက ရှန်းရင်က အရင်တစ်ကြိမ်က ဝိညာဉ်အစေ့ချန်ထားခဲ့တဲ့ပုံရိပ်ကို ရုတ်တရက် လှမ်းဆွဲထုတ်လိုက်တယ်။ ရောင်စုံဥပုံသဏ္ဌာန်က ခုန်ထွက်လာတယ်။ "ငါတို့ဒါကို ရှာနေတာ၊ ဒါကို မြင်ဖူးလား မသိဘူး"
"အဟွတ်..." ကူယွဲ့ ရှန်းရင်ကြောင့် လန့်သွားလွန်းလို့ တံတွေးပါသီးကုန်တယ်။ သူ ရှန်းရင်ဘက် ဒေါသတကြီးလှည့်ကြည့်လိုက်တယ်။ ဘာလို့အဲဒါကို အဲလောက်မြန်မြန် မြှောက်လိုက်ရတာတုံး။ ဝိညာဉ်အစေ့က အရမ်းအရေးကြီးတဲ့ဟာ မဟုတ်လား။
"အာ..." ချူထောင်က အနီးကပ်ကြည့်ဖို့ ရှေ့နှစ်လှမ်းတိုးလာတယ်။ တစ်စုံတစ်ခုက သူမမျက်ဝန်းထဲ ဖြတ်ပြေးသွားပေမဲ့ ချက်ချင်း ဖိနှိပ်လိုက်တယ်။ ပြုံးရွှင်စွာ သူမက ဖြေတယ်။ "ကျွန်မ အရင်က ဒီလိုဥမျိုး မမြင်ဖူးပါဘူး၊ ရှင်တို့အတွက် အကူအညီ မဖြစ်မိတာ တောင်းပန်ပါတယ်"
"အိုး" ရှန်းရင်က ပုံကို အိတ်ထဲ ပြန်သိမ်းလိုက်တယ်။
ချူထောင်က သူတို့ကို ယဉ်ကျေးစွာ ဆက်ဧည့်ခံတယ်။ အချိန်ကွာခြားချက်ကြောင့် ကောင်းကင်က စောစောမှောင်လာတယ်။ ခမ်းနားတဲ့ ညစာကို တည်ခင်းပြီးတဲ့နောက် သူမက အင်တင်တင်နဲ့ သူတို့ကို သက်ဆိုင်ရာ အခန်းတွေဆီ လမ်းပြပေးဖို့ အစေခံတွေကို ညွှန်ကြားလိုက်တယ်။
"ရှန်းရင် မင်း ဘာလို့ ဝိညာဥ်အစေ့ကို ထုတ်ပြလိုက်တာလဲ" ကူယွဲ့ သူတို့ ဧည့်သည်အခန်းဆီ ဝင်ဝင်ချင်း ဘေးကို ဆွဲခေါ်ကာ မေးခွန်းထုတ်တော့တယ်။ သူမ ဝိညာဉ်အစေ့လောက်အရေးကြီးတဲ့အရာနဲ့ သူတို့ကို အာရုံစိုက်လာအောင် လုပ်နေကြတာလဲ။
"ဒါက ရောင်စုံဥတစ်ခုပါပဲ၊ မီလဲ့ ဘယ်လို အလှဆင်မလဲ ဆုံးဖြတ်တာ သက်သက်လေ၊ တကယ့်အသွင်အစစ်မဟုတ်ဘူး၊ စီမံထိန်းသိမ်းသူတွေကလည်း တခြားသူတွေက ဒါကို စွမ်းအင်ကိုယ်ထည်တစ်ခုလို့ပဲ ယူဆကြမှာ၊ သူတို့ ထူးခြားတာ ဘာမှမြင်ရမှာ မဟုတ်ဘူး"
အဲလိုကိုး။ ကူယွဲ့ သက်ပြင်းချလိုက်တယ်။ "တခြားနည်းနဲ့ပြောရရင် ငါတို့တခြားသူတွေ ရှာတွေ့မှာကို စိုးရိမ်စရာ မလိုဘဲ ပွင့်ပွင့်လင်းလင်း ရှာလို့ရတယ်ပေါ့"
"အင်း" ရှန်းရင်က ခေါင်းညိတ်ပြတယ်။
"မင်း ငါ့ကို စောနတည်းက ပြောခဲ့သင့်တာ" ကူယွဲ့ ရုတ်တရက် သူ့ပခုံးပေါ်က အလေးချိန်ကြီး ကျသွားသလို ခံစားလိုက်ရတယ်။ ဒီလိုဆို အများကြီးပိုလွယ်သွားပြီ။ "ကောင်းပြီလေ၊ ငါတို့ မနက်ဖြန် ဟိုဟိုဒီဒီသွားပြီး မေးမြန်းကြည့်တာပေါ့၊ နားကြတော့"
သူက တံခါးတစ်ချပ်ဖွင့်ကာ သူ့အခန်းဆီသူပြန်ဖို့လုပ်တယ်။ တစ်စုံတစ်ခုက သူ့အတွေးထဲ ပေါ်လာပြီး လှည့်ပြောလိုက်တယ်။
"အော်ဟုတ်သား၊ လိမ်လိမ်မာမာနဲ့ ဒီအိမ်ထဲနေ" သူတို့က သူတို့ကိုယ်ပိုင်မျက်နှာပြင်မှာ မဟုတ်ဘူး။ တကယ်လို့ သူတို့သာလမ်းပျောက်ရင် သူတို့ တစ်ယောက်နဲ့တစ်ယောက် ရှာလို့မရရုံတင် မကဘူး၊ သူတို့ကိုယ်ပိုင်မျင်နှာပြင်တွေဆီပါ ပြန်လို့မရလောက်နိုင်တော့ဘူး။
"အိုး" ရှန်းရင်က ဖြေတယ်။ ကူယွဲ့နဲ့ စားဖိုမှူး တံခါးအပြင်ထွက်တော့မှာကို မြင်တော့ ရှန်းရင်က အမြန်ထပ်ပြောတယ်။ "မစိုးရိမ်ပါနဲ့၊ ငါ့ကို စောင့်ကြည့်ဖို့ စားဖိုမှူးက ဒီမှာရှိမှာပါ" သူမက လက်လှမ်းကာ စားဖိုမှူးကို သူမဘေးပြန်ဆွဲခေါ်လိုက်တယ်။
ကူယွဲ့ကစားဖိုမှူးကို လှမ်းကြည့်ပြီး နောက်တော့ရှန်းရင်ကိုကြည့်ကာ လေးနက်စွာ ခေါင်းညိတ်တယ်။
"အင်း" နောက်တော့ သူက သူ့ကိုယ်ပိုင်အခန်းဆီ ပြန်လှည့်လာခဲ့ကာ စားဖိုမှူးမျက်နှာက ခုရဲရဲတောက်နီနေတာ မသိလိုက်။
——————
နောက်တစ်နေ့။
ဖြစ်နိုင်တာ စားဖိုမှူးက ... မနေ့ညက သူမကို ဂရုစိုက်ခဲ့လို့ထင် ရှန်းရင်က နောက်နေ့မှာ အင်မတန်လိမ္မာစွာ ပြုမူနေတယ်။ သူမ နည်းနည်းနောက်ကျမှ နိုးလာတယ်ဆိုပေမဲ့ လမ်းမပျောက်ခဲ့။
ဒါပေမဲ့...။
"ဖေဖေနျိုဘယ်မှာလဲ"
ဆရာတပည့်နှစ်ယောက် မနေ့ညက လုံးဝနေထားပုံ မပေါ်တဲ့ အခန်းအလွတ်ကို ကြည့်လိုက်တယ်။ တစ်စက္ကန့်လောက် သူတို့ ဆွံ့အသွားတယ်။ ဖေဖေနျိုက သူတို့ဆီကနေ ထာဝရထွက်သွားဖို့ နောက်ဆုံးတော့ စိတ်ပိုင်းဖြတ်လိုက်တာလား။
"ဆရာ" စားဖိုမှူးက သူ့ဆရာကို ခေါ်ရင်း ပါးတွေနည်းနည်းရဲနေဆဲ။
"ဟိုဟိုဒီဒီ ကြည့်ရအောင်"
"အွန်း" စားဖိုမှူး ခေါင်းညိတ်တယ်။ သူက ပတ်ဝန်းကျင်ကို လေ့လာဖို့ ကောင်းကင်စိတ်အာရုံကို လွှတ်လိုက်ပေမဲ့ ဖေဖေနျို အနားမှာရှိတယ်လို့ အာရုံမခံမိ။ တကယ်တော့ အိမ်ထဲ တခြားဘယ်သူမှမရှိတော့တာ။ တစ်ညလုံး ရပ်နေတဲ့ အစေခံတွေရော မိန်းကလေးချူထောင်ပါ ပျောက်သွားပြီ။
နှစ်ယောက်သား ခြံဝန်းထဲပြေးလွှားကာ နောက်ဆုံးတစ်ချက်ကြည့်ပေမဲ့ တစ်ကောင်တစ်မြီးမှမတွေ့။
"ဘာတွေဖြစ်နေတာလဲ"
စားဖိုမှူးက စဉ်းစားဖို့ ရပ်လိုက်တယ်။ မနေ့ညက ... ဟမ် သူ တကယ်ပဲ နည်းနည်း စိတ်လွင့်နေခဲ့တယ်ဆိုပေမဲ့ လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ပျောက်သွားတာကိတော့ သတိထားမိရမယ်လေ။
"အဲဒါဘာတုန်း" ရှန်းရင်က လက်လှမ်းကာ ဘယ်ဘက်ကို လက်ညှိုးထိုးပြတယ်။
စားဖိုမှူး အနီးကပ်သွားကြည့်တော့ မြေကြီးပေါ် ထူးဆန်းတဲ့သဏ္ဌာန်နဲ့ သစ်ရွက်တစ်ခုပဲ။ အစိမ်းရောင်လူပုလေးနဲ့ တူတယ်။ သူ့ကောင်းကင်စိတ်အာရုံနဲ့ သေချာစစ်ဆေးလိုက်တော့ သစ်ရွက်ထဲ ထူးခြားတဲ့အရှိန်အဝါတစ်ခု ကြွင်းကျန်နေတာကို သိလိုက်ရတယ်။ ဝိညာဉ်ချီပဲ။
သူ မျက်မှောင်ကြုတ်ကာ ဝိညာဉ်ချီ တစ်လှိုင်းကို သစ်ရွက်ဆီ သွားစေလိုက်တယ်။ ချက်ချင်း ပိုကြီးလာကာ လူတစ်ယောက်အသွင်ဖြစ်သွားတယ်။ အခု ဝတ်ရုံစိမ်းဝတ်ထားတဲ့ မိစ္ဆာလေးတစ်ယောက်ဖြစ်နေပြီ။ မိစ္ဆာလေးက ဟိုဟိုဒီဒီကြည့်ကာ ဇဝေဇဝါဖြစ်နေတယ်။
"ငါဘယ်ရောက်နေတာလဲ"
စားဖိုမှူး ခုန်ကာ မိစ္ဆာငယ်လေးကို ဖမ်းပြီး သွေးကြောတွေကို စမ်းလိုက်တယ်။ ဒီမိစ္ဆာငယ်လေးရဲ့ဝိညာဉ်ချီက အားနည်းပြီး မှင်စာဖြစ်ကာစဆိုတာ ယိချင်း သိလိုက်ရတယ်။ လိုသမျှက ယိချင်းဆီက ဝိညာဉ်ချီနည်းနည်းလေးဖြစ်ပြီး မှင်စာအဖြစ်ပြောင်းလဲနိုင်သွားတယ်။ ထူးဆန်းတယ်။ ကြည့်ရတာတော့ ဒီမှင်စွာ ဒီလိုပုံစံကို အကြာကြီး မထိန်းထားနိုင်ပုံပဲ။ အဲအစား သူ့ဝိညာဉ်ချီတွေ နောက်နေ့လွင့်ပျောက်သွားတာနဲ့ သစ်ရွက်ငယ်လေးအဖြစ် ပြန်ပြောင်းသွားလောက်တယ်။
"ဆရာ ကျွန်တော်တို့မနေ့က ခြံဝန်းထဲတွေ့ခဲ့ရတဲ့ အစေခံတွေအားလုံးက ဒီလိုမျိုးဖြစ်နိုင်တယ်"
ဖြစ်နိုင်တာ သူတို့အားလုံး အဲဒါကြောင့် ပျောက်သွားတာပဲ။ သူတို့မူလအသွင်ဆီ ပြောင်းလဲသွားတာပဲ ဖြစ်နိုင်တယ်။ ပြီးတော့ သူတို့တွေ ဒီနေရာက မှင်စာတွေနဲ့ပြည့်နေတယ်ဆိုတာ သိပြီးသားပေမဲ့ သူတို့အရင်းအမြစ်ဆီ သေချာမကြည့်မိခဲ့ဘူး။ မှင်စာမဟုတ်သူက မိန်းကလေးချူထောင် တစ်ယောက်တည်းပဲ။
"ကျွန်တော်တို့ မနေ့က တွေ့ခဲ့တဲ့ အမျိုးသမီးက ဖေဖေနျို့ကို ခေါ်သွားတယ်ထင်တယ်"
ဒါပေမဲ့ ဖေဖေနျို့ကျင့်ကြံဆင့်က မနိမ့်ပါဘူး။ သူ ဘယ်လိုလုပ် အဲလောက်လွယ်လွယ်တိတ်တိတ်လေး ခေါ်သွားနိုင်ရတာလဲ။
"အိုး" ရှန်းရင်က ခေါင်းညိတ်တယ်။
"ဆရာ ကျွန်တော်တို့ မနေ့က တွေ့ခဲ့တဲ့ ဓားပြသုံးယောက်ကို ရှာဖို့ မြို့ဆီ ခရီးတစ်ခေါက်သွားသင့်တယ်ထင်တယ်၊ ဒီအမျိုးသမီးအကြောင်း ပိုသိရရင်သိရမှာပေါ့" သူမသာ ဖေဖေနျို့ကို တကယ်ခေါ်သွားတာဆို သူမလုယူခံရတာက ဟန်လုံးသက်သက်ပဲ။ သူတို့ သိရသလောက်ဆို သူမက တမင်သက်သက် ဖန်တီးခဲ့တာ။ ဒါပေမဲ့ ဘာအတွက်လဲ။
ရှန်းရင်က မက န့်ကွက်။ အဲဒါနဲ့ သူတို့နှစ်ယောက်လုံး ထုပ်ပိုးပြီး တစ်ထပ်အိမ်က ထွက်လာခဲ့တယ်။ သူတို့ မြို့ထဲဝင်ပြီး လှည့်ပတ်မေးမြန်းပေမဲ့ သဲလွန်စမတွေ့။ အဲအစား မနေ့က သူတို့တည်းခိုခဲ့တဲ့ တည်းခိုအိမ်ကို တခြားသူတွေဆီ ပုံမှန် ငှားရမ်းလေ့ရှိတယ်လို့ သိလိုက်ရပြီး ပိုင်ရှင်က လင်းယီမြို့က တဲ့။ ဆိုလိုတာ တစ်ထပ်အိမ်မှာ နေထိုင်သူတွေက မကြာခဏ ပြောင်းလဲနေကြတယ်။ ရှန်းရင်နဲ့ယိချင်း ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ကြိုးစားပါစေ တစ်နေ့က တွေ့ခဲ့တဲ့ မှင်စာ သုံးယောက်ကို ခြေရာမခံနိုင်။
တစ်ယောက်ယောက်က သူတို့လှုပ်ရှားမှု ခြေရာအားလုံးကို ဖြတ်တောက်လိုက်သလိုပဲ။ ဒီအခက်အခဲကို ရင်ဆိုင်ရတော့ ရှန်းရင်နဲ့ယိချင်း ဆုံးဖြတ်လိုက်ကြတယ် - ဆက်မလုပ်ခင် စားသောက်ကြမယ်။
ဖေဖေနျိုက သာမန်လူတွေနဲ့ မတူဘူးဆိုတာ သူတို့သိတယ်။ သူ့ကို စိတ်ပူစရာ မလိုဘူး။ အဲအပြင် သူ့ကျင့်ကြံမှု အဆင့်အရ မိစ္ဆာတွေ ဘယ်လောက်အစွမ်းကြီးပါစေ မိစ္ဆာတွေအန္တရာယ်ပေးတာကို ခံရမှာမဟုတ်။ တကယ်တော့ လူတွေကို ရှာဖွေခြင်းနဲ့ပတ်သက်လာရင် ဖေဖေနျိုက ကျွမ်းကျင်တစ်ယောက်ပဲ။
ဒါကြောင့် ဆရာတပည့်က မြို့ထဲက လူတိုင်းကို မေးမြန်းပြီးကာ ဖေဖေနျို့ကို ခြေရာခံမရတော့ကြောင်း သိသွားချိန် ဖေဖေနျိုက သူတို့ကို ရှာတွေ့တဲ့အထိ စောင့်ဖို့ ဥာဏ်ရှိရှိဆုံးဖြတ်ချက် ချလိုက်လေတယ်။ သူတို့အဖေ သူတို့ကို လာခေါ်မှာ စောင့်နေကြတယ်။ သူတို့နှစ်ယောက် လွတ်နေတဲ့ တစ်ထပ်အိမ်ဆီ ပြန်လာပြီး ရက်နည်းနည်းလောက် ထပ်နေခဲ့တယ်။
စားဖိုမှူးက အလိုလို အစားအစာကို စုဆောင်းတတ်သူမို့ သူတို့ စားသောက်ဖို့ကို စိတ်ပူစရာမလို။ ရက်အနည်းငယ်အကြာ တစ်ထပ်အိမ်ပိုင်ရှင်က အိမ်ကို ပြန်ယူရန် ရောက်မလာခင်ချိန်အထိပေါ့။ နောက်တော့ သူတို့မှာ ရွေးချယ်စရာ မရှိတော့ဘဲ ဖေဖေနျို သူတို့ကို လာကြိုမှာကို စောင့်နေတာကို ရပ်လိုက်ရတော့တယ်။
"ဆရာ ကျွန်တော်မေးမြန်းပြီးပြီ၊ ဒီက လူတွေက ငွေကြေးအတွက် ဝိညာဉ်ကျောက်တုံးတွေ၊ မသေမျိုးကျောက်တုံးတွေနဲ့ ဒင်္ဂါးပြားတောင် မသုံးဘူးတဲ့" ယိချင်းက ရှန်းရင်ကို အပြစ်ရှိသလို ကြည့်လိုက်တယ်။ သူ တကယ်ပိုက်ဆံရှာတဲ့ဟာကို မသိတာ။ "ကျွန်တော်တို့ ဒီည နေစရာ မရှိတော့ဘူး၊ ပြီးတော့မြို့ထဲ ဖေဖေနျို့သတင်း မရှိသေးဘူး၊ ကျွန်တော်တို့..." သူ့ကို သွားရှာရင်ရော။ သူ့ကို ပျောက်နေတာ ရက်နည်းနည်းကြာနေပြီပဲကို ။