အခန်း (၅၈၃-၅၈၅)
Vol. 39 Ch. 583-585
အခန်း ၅၈၃ ။ ဆရာက ဆင့်ခေါ်
လင်းဟုန်က စကားမပြောနိုင်ခင် ယိချင်းက သူ့လက်ထဲ မီးတောက်တွေ ဆင့်ခေါ်တာကို ကြည့်လိုက်ရတယ်။ ငါးရိုးတွေက သူ့မျက်စိရှေ့မှာတင် အရည်ကြည်တွေအဖြစ် ပြောင်းလဲကုန်ကာ မီးထဲ မျောလွင့်နေတယ်။
သူ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား။ ဒါက... အရမ်းကိုမြန်လွန်းတယ်မလား။
"ထည့်စရာ" ယိချင်းက လင်းဟုန်ကို သတိပေးတယ်။
လင်းဟုန်က ခဏတာ တုံ့ဆိုင်းသွားကာ နောက်ဆုံးတော့ တုံ့ပြန်လာတယ်။ "အို အိုး" သူက အရည်ကို သိမ်းဖို့ တစ်စုံတစ်ခုကို အလောတကြီးရှာရတော့တယ်။ စက္ကန့်အနည်းငယ်အပြီးမှာ သူက စားပွဲက ပုလင်းအလွတ်ကို ကောက်ယူကာ ကမ်းပေးတယ်။
ယိချင်းက ပုလင်းအလွတ်ကိုယူကာ အရည်ကြည်ကို လောင်းထည့်ပြီးမှ ချက်ချင်း လင်းဟုန်ဆီ ပြန်ကမ်းပေးတယ်။ နောက်တော့ သူက တခြားငါးရိုးတွေကို လှည့်လေ့လာတယ်။ ခပ်တိုးတိုး သူက မေးတယ်။ "မင်းတို့ ဒါတွေအားလုံးကို သန့်စင်ဖို့လိုလား"
သူက လင်းဟုန် သူ့အတွက်ယူလာပေးတဲ့ ဟင်းချက်ပစ္စည်းသေတ္တာကို ထောက်ထားပြီး လုပ်ပေးမလို့ပဲ။
"ဟမ်" လင်းဟုန်က ယိချင်းကိုအူကြောင်ကြောင် စိုက်ကြည့်နေပြီးမှ အလိုလိုခေါင်းညိတ်မိတယ်။
"ဟုတ်"
"အင်း" ယိချင်းက တုံ့ပြန်တယ်။ နောက်တော့ သွေဖည်မီးလျှံက သူ့လက်ထဲပေါ်လာပြန်တယ်။ သူက မီးလုံးကို သေတ္တာဆီ ပစ်လွှတ်လိုက်တယ်။ ချက်ချင်း သေတ္တာက မီးစွဲသွားတယ်။ အထဲကငါးရိုးတွေက ၃စက္ကန့်အတွင်း သန့်စင်ကုန်တယ်။ အရည်ကြည်လုံးတစ်ခုက သေတ္တာထဲကနေ မျောတက်လာတယ်။ အောက်က သေတ္တာကတော့ အကောင်းအတိုင်း ကျန်ရစ်နေတယ်။
ယိချင်းက ဒီတစ်ကြိမ်တော့ မေးမနေ။ သူက လက်မြှောက်ကာ အရည်လုံးကို ၁၀ကြောင်း ခွဲထွက်သွားစေကာ တစ်ခုချင်းစီက စားပွဲပေါ်က ပုလင်းအလွတ်တစ်ခုဆီထဲ ဝင်ကုန်တယ်။
"ကျေးဇူး... ကျေးဇူးတင်ပါတယ်" လင်းဟုန်က ကျေးဇူးတင်စကားတွေတောင် ထစ်ကုန်တယ်။ သူ့အစ်ကိုကို အပြည့်အဝသက်လာလာအောင် ကူညီပေးတဲ့အတွေးကစိတ်ထဲပြည့်နေလို့ ယိချင်း ဘာသွေဖည်မီးလျှံကို သုံးနေလဲမေးဖို့တောင် အာရုံမထားတော့ဘူး။ သူက စားပွဲက ငါးအရိုးအနှစ်ကို ကောက်ယူကာ စိတ်လှုပ်ရှားစွာ ပြောတယ်။
"ကျုပ်အစ်ကိုမှာ ခုတော့ ကုသဆေးရှိပြီ ချက်ချင်း ဆေးသွားကြိုလိုက်ဦးမယ်"
သူ စကားဆုံးတာနဲ့ တစ်ဖက်လှည့်ကာ အခန်းပတ်လည်က ဆေးပင်တွေကို နှုတ်တော့တယ်။ ကူယွဲ့ကြည့်နေရင်း နားလည်လိုက်တာက လင်းဟုန် ကောက်နေတဲ့ ဆေးပင်တွေအားလုံးဟာ ချီပြန်ဖြည့်တင်းပြီး သူတို့အမြုတေတွေကို အာဟာရဖြစ်စေတဲ့ နှေးကွေးစွာ အလုပ်လုပ်တဲ့ ဆေးတွေဆိုတာပဲ။ ဖြစ်နိုင်တာ သူက ဒီအခိုက်အတန့်အတွက် သေချာ ပြင်ဆင်ထားတယ်ထင်။ သူလိုတဲ့ဆေးပင်တွေကို စုစည်းပြီးတဲ့နောက် အမြန် အမှုန့်နဲ့ အရည်တွေအဖြစ် ခြေမွှကာ အတူတူ ရောနှောလိုက်တယ်။ သူက ငါးအရိုးအနှစ်ကို နောက်ဆုံး ပေါင်းထည့်တယ်။
ကူယွဲ့ ဘေးကနေ ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မမေးဘဲ မနေနိုင်တော့ဘူး။
"တာအိုရောင်းရင်းလင်း၊ မင်း ဘာလို့ တန်းပြီး ဆေးလုံးတွေ မသန့်စင်ရတာလဲ" သူက သာမန်အပင်တွေ သုံးနေတယ်ဆိုပေမဲ့လည်း ဒီလိုဟာသဆေးထင်တောင် ပိုပြီးသက်ရောက်မှုရှိစေမဲ့ ဆေးလုံးတွေကို သန့်စင်နိုင်သင့်သေးတယ်လေ။
လင်းဟုန်က သူ့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်ကာ ဇဝေဇဝါအမူအရာနဲ့မေးတယ်။
"ဆေးလုံးသန့်စင်တယ်... ဆိုတာ ဘာကိုဆိုလိုတာလဲ"
"..." ကူယွဲ့ နားကိုတောင် မယုံနိုင်။ လင်းဟုန်က ဆေးလုံးသန့်စင်တာကို ကြားတောင်မကြားဖူးဘူး။ သူက တကယ်ပဲ ကျင့်ကြံသူဟုတ်ရဲ့လား။ ရုတ်တရက် ကူယွဲ့ တစ်စုံတစ်ခုကို နားလည်သွားတယ်။ ဖြစ်နိုင်တာ ဒီမှာ ဆေးလုံးကျင့်ကြံသူ မရှိတာများလား။ "မင်းတို့အားလုံး ဒီမှာ ဆေးကိုထုတ်လုပ်ဖို့ ဒီနည်းကို သုံးကြတာလား"
"ဟုတ်ပါတယ်" လင်းဟုန်က ခေါင်းညိတ်တယ်။ ကူယွဲ့ ဆွံ့အနေတာမြင်တော့ သူက အားတုံ့အားနာပြောတယ်။
"တာအိုရောင်းရင်းကူယွဲ့၊ ခင်ဗျားက ဆေးပညာရှင်လား၊ ဖြစ်နိုင်တာ... ကျုပ် ဆေးထုတ်လုပ်တဲ့နည်းလမ်းက တစ်ခုခုမှားနေတာလား" သူက သွေးပျက်စပြုလာတယ်။
"မဟုတ်ပါဘူး" ကူယွဲ့ ခေါင်းခါလိုက်တယ်။ "ငါ နည်းနည်းသိချင်ရုံပါ၊ ဆေးကို အနီးကပ် လေ့လာလို့ရမလား"
"သေချာပေါက် ရတာပေါ့" သူ ဆေးဘူးကို ကူယွဲ့ဆီ တွန့်ဆုတ်မှုမရှိ ကမ်းပေးလိုက်တယ်။
"ကျုပ်အစ်ကိုက ဒီဆေးအစွမ်းထက်ဖို့ အကြိမ်တိုင်း သုံးပုလင်းသုံးစွဲရတယ်၊ ကျုပ် နောက်ထပ်နှစ်ပုလင်းကိုပါ ထုတ်လုပ်ရဦးမယ်" သူက တစ်ဖက်လှည့်ကာ ဆေးပင်တွေထပ်စုနေတယ်။
ကူယွဲ့ ပုလင်းကိုလေ့လာကာ ငါးအရိုးအနှစ်က အစိမ်းရောင်ဖြစ်လာပြီး ဆေးပင်ရနံ့တွေပါနေတယ်။ ဆေးကိုသူ့ကောင်းကင်စိတ်အာရုံနဲ့ လေ့လာပြီးတဲ့နောက် ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူက ယိချင်းဘက်လှည့်ကာ မေးတယ်။ "စားဖိုမှူး ဒီဆေးက သက်သက်ရောက်မှုရှိဍ္ဎမယ်ထင်လား"
"ဟင့်အင်း" စားဖိုမှူးက ချက်ချင်းပြန်ဖြေတယ်။ "ငါးအရိုးအနှစ်က သူ့သွေးကြောတွေကို ပြင်နိုင်တယ် ဆိုပေမဲ့ သူ့သွေးကြောထဲ နတ်ဆိုးချီရှိနေသေးဦးမှာပဲ"
ကူယွဲ့လည်း ထပ်တူညီတဲ့ အတွေးရှိတယ်။ ဒီဆေးကိုသောက်တာက လင်းဝမ်ရွှမ် နောက်တစ်ကြိမ် ထပ်ရပ်နိုင်အောင် လုပ်ခွင့်ပေးမယ်ဆိုပေမဲ့ ကျင့်ကြံဖို့တော့ တတ်နိုင်သေးမှာ မဟုတ်ဘူး။ ပြီးတော့ သူ့ကိုယ်ပိုင်ကျင့်ကြံစဉ်က သူ့သွေးကြောထဲက နတ်ဆိုးချီကြောင့် အားနည်းသွားနိုင်တယ်။ ကြည့်ရတာ ဟင်းလင်းပြင်မြေထဲက ဆေးစံနှုန်းက မကျေနပ်စရာပဲ။
နောက်တစ်ကြိမ် သူ အခန်းပတ်လည်က ဆေးပင်တွေအားလုံးကို စစ်ဆေးလိုက်တယ်။ မိနစ်ပိုင်းလောက် စဉ်းစားပြီးတဲ့နောက် သူ နောက်ဆုံးတော့ ဒီမှာ ဆေးလုံးကျင့်ကြံသူတွေ ဘာလို့မရှိရလဲဆိုတာ နားလည်သွားခဲ့တယ်။ လုံးဝကို ဝိညာဉ်ဆေးပင်တွေ မရှိတာ ဆေးလုံးကျင့်ကြံသူတွေက ဆေးလုံးတွေသန့်စင်ဖို့ ဝိညာဉ်ဆေးပင်တွေနဲ့ အမတဆေးပင်တွေကို သုံးပေမဲ့ ဟင်းလင်းပြင်မြေထဲ ကသောင်းကနင်းဆန်မှုတွေ များပြားလွန်းလို့ မျက်နှာပြင်ထဲ ဝိညာဉ်ချီ လုံးဝမရှိဘူး။ အဲအစား မျက်နှာပြင်တစ်လျှောက်မှာ ဗြုတ်စဗြောင်းတောင်း ရှုပ်ပွနေခဲ့တာပဲ။ အဲဒါကြောင့် ဝိညာဉ်ဆေးပင်တွေက အဲလိုနေရာမှာ ပေါက်ရောက်မှာ မဟုတ်ဘူး။ သေချာပေါက် မျက်နှာပြင်ထဲ ဆေးလုံးကျင့်ကြံသူ မရှိဘူး။
ကူယွဲ့ စိတ်လှုပ်ရှားစွာ သူ့အစ်ကို အပြည့်အ၀သက်သာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆေးတွေကို ထုတ်လုပ်နေဆဲလင်းဟုန်ကို လှည့်ကြည့်လိုက်တယ်။ သူ ခဏစဉ်းစားပြီးတော့ နတ်ဆိုးချီကို လူတစ်ယောက်ကိုယ်ကနေ ဖယ်ရှားနိုင်တဲ့ ဆေးတစ်လုံးထုတ်လိုက်တယ်။ ကူယွဲ့ ဆေးလုံးကို ပုလင်းထဲ လှစ်ခနဲထည့်ကာ နောက်တော့ သူ့အမတစွမ်းအင်ကိုသုံးကာ ဆေးလုံးနဲ့ အရည်ကိုရောလိုက်တယ်။ သူ အရင်က လင်းဟုန် သူတို့အတွက် အလုပ်လုပ်ပေးတဲ့ ဆုကြေးအနေနဲ့ သတ်မှတ်လိုက်တယ်။
လင်းဟုန် ဆေးကိုအင်မတန်မြန်ဆန်စွာ ထုတ်လုပ်ပြီးစီးသွားခဲ့တယ်။ ကျန်ရစ်တဲ့ ဆေးပုလင်းနှစ်လုံးက အချိန်မရွေးပြီးသွားခဲ့တယ်။ သူက သုံးယောက်ကိုနှုတ်ဆက်ကာ ဆေးပုလင်းတစ်လုံးကိုယူပြီး ထွက်သွားတယ်။
"အစ်ကိုကြီး ဆေးပြီးပြီ"
"အဲလောက်တောင်မြန်တာလား" စာဖတ်နေတဲ့ လင်းဝမ်ရွှမ်က သူ့ညီကို မယုံကြည်နိုင်စွာ စိုက်ကြည့်ကြတယ်။ သူတို့တွေ မိနစ်ပိုင်းပင် သွားရသေးတာလေ။ "အရိုးတွေက ကြာမယ်လို့ ပြောခဲ့တာ-"
"တာအိုရောင်းရင်းယိချင်းက ငါးရိုးအမြန်သန့်စင်တဲ့ ထူးခြားတဲ့နည်းရှိတယ်၊ အဲဒါကြောင့် ငါ ဆေးကို အဲလောက်မြန်မြန် ထုတ်လုပ်နိုင်ခဲ့တာပဲ" လင်းဟုန်က ရှင်းပြတယ်။ သူ မြန်မြန် ဆေးပုလင်းကို ကမ်းပေးလိုက်တယ်။ "ကိုကြီးဖ ကျေးဇူးပြုပြီး သောက်ပါ"
လင်းဝမ်ရွှမ်က ခေါင်းညိတ်တယ်။ သူ ပုလင်းကို ဖွင့်ဖို့လုပ်နေတုန်း ကူယွဲ့က သူ့လက်ထဲက ပုလင်းကို ကမ်းပေးတယ်။ "ဒီပုလင်းကို အရင်သောက်၊ အဲမှ ငါ ဆက်ကိုင်ထားစရာမလိုမှာ"
ညီအစ်ကိုနှစ်ယောက် တန့်သွားတယ်။ အားတုံ့အားနာအကြည့်က လင်းဟုန်မျက်နှာပေါ် ပေါ်လာပြီး လင်းဝမ်ရွှမ်က အမြန် ပုလင်းကိုလှမ်းယူကာ ဖွင့်ပြီး ဆေးသောက်လိုက်တယ်။ ပုလင်းကြီး မဟုတ်တာမို့ လင်းဝမ်ရွှမ်က ဂလုဂလုနဲ့ ခဏလေးအတွင်း သောက်လိုက်တယ်။ ခဏနေတော့ သူက သွေးကြောထဲကနေ အနွေးဓာတ်ကို ခံစားလိုက်ရတယ်။ အချိန်အတော်ကြာ အဲနေရာမှာရှိနေခဲ့တဲ့ အေးစက်စက်အရှိန်အဝါက ပျောက်သွားလုနီးပါးဖြစ်တဲ့အတိုင်းပဲ။
သူ စိတ်လှုပ်ရှားလာကာ နောက်တစ်ပုလင်းကို ထုတ်ပြီး မော့ချလိုက်တယ်။ သူ မော့ကြည့်ကာ ကူယွဲ့ကို ဇဝေဇဝါကြည့်လိုက်တယ်။ နောက်တော့ သူက ဆေးကိုဆက်သောက်နေတာ တတိယပုလင်း ကုန်သွားတဲ့အထိပဲ။
"ကိုကြီး၊ ဆေးက လုံးဝအစွမ်းပြဖို့သုံးရက် လိုလောက်မယ်" လင်းဟုန်က စိတ်လှုပ်ရှားစွာပြောတယ်။ "ရက်ပိုင်းအတွင်းမှာတင် ပိုသက်သာလာတော့မှာ"
"အင်း" လင်းဝမ်ရွှမ်က တုံ့ပြန်တယ်။ သူက ကူယွဲ့ဘက် လှည့်ကာ လေးနက်စွာနဲ့ ဂါရ၀ပြုတယ်။
"ဒီတစ်ကြိမ် ခင်ဗျားတို့အားလုံးရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ကျုပ် လင်းဝမ်ရွှမ် ဒါကို ကျုပ်နှလုံးသားထဲ ထာဝရသိမ်းထားပါ့မယ်"
"ဂါရ၀မပြုပါနဲ့" ကူယွဲ့ကဖြေတယ်။
သူ ငုံ့ကြည့်ကာ ထူးဆန်းတဲ့အကြည့်တစ်ခု သူ့မျက်စိထဲ ဖြတ်ပြေးသွားတယ်။ သူက တုံ့ဆိုင်းနေကာ ပြောတယ်။ "မေးလို့ရမလားဗျ၊ စောနက-"
သူ စကားမဆုံးနိုင်ခင် ခေါင်းလောင်းသံတစ်ခု အပြင်ကနေထွက်လာတယ်။ ရုတ်တရက် အနီနဲ့ အဖြူတစ်ခုခုက အခန်းထဲ ဖောက်ဝင်လာကာ ကူယွဲ့ဆီ တန်းတန်းမတ်မတ်ဦးတည်လာတယ်။ မသိသာပေမဲ့ ထက်ရှတဲ့ ဓားချီလည်းပါလာတယ်။
"သတိထား" လင်းဟုန်က အော်တယ်။
ကူယွဲ့ ယပ်တောင်ကို မြှောက်ကာ ရှင်းထုတ်လိုက်ပြီး အလင်းက မြေကြီးဆီ ချွင်ခနဲ ကျသွားခဲ့တယ်။ သူတို့ ငုံ့ကြည့်လိုက်တော့ ကြမ်းပြင်ပေါ် ရွှေဓားမြှောင်လေးတစ်ခု နှစ်ပိုင်းကျိုးနေတာကို မြင်လိုက်ရတယ်။
"ဒါက..." လင်းဟုန်မျက်လုံးတွေက ထိတ်လန့်မှုနဲ့ပြူးကျယ်သွားတယ်။ "ဆရာယန်ရဲ့ရွှေဓားမြှောင် ဘာလို့ ဒီရောက်နေတာလဲ၊ ဖြစ်နိုင်တာ..."
သူ့အမူအရာက မည်းမှောင်သွားကာ လင်းဝမ်ရွှမ်ဘက် မျက်နှာချင်းလှည့်ဆိုင်လိုက်တော့ သူနဲ့ထပ်တူ ရောင်ပြန်ဟပ်နေခဲ့တယ်။
...
အခန်း ၅၈၄ ။ သေတဲ့အထိပါးစပ်ပိတ်
"နှစ်ယောက်သား ဒီပစ္စည်းကို မှတ်မိလား" ကူယွဲ့က မေးတယ်။
"သေချာပေါက်ပေါ့" လင်းဝမ်ရွှမ်ကဖြေတယ်။ သူက အုပ်စုကို မော့ကြည့်ကာ အပြစ်ရှိစိတ်နဲ့ လွှမ်းခြုံနေတယ်။
"ဒါက ကျောင်းတော်ရဲ့ ဥပဒေတည်တံ့ရေးဆရာရဲ့ ရွှေဓားပါ၊ ဥပဒေချိုးဖောက်သူကို ကြားနာမှုလုပ်ဖို့အတွက် လူတွေကိုဆင့်ခေါ်ဖို့သုံးတာပါ"
သူ စကားဆုံးတာနဲ့ ခပ်ဆင်ဆင်အဖြူရောင်အလင်းတစ်ခုက အခန်းထဲပစ်ဝင်လာတယ်။ ဒီတစ်ကြိမ်တော့ လင်းဟုန်ရှေ့ရပ်သွားတယ်။ သူ့ကိုတော့ အရင်တစ်ခုက ကူယွဲ့ကို တိုက်ခိုက်ဖို့ လုပ်သလို မတိုက်ခိုက်။ အရင်တစ်ခုက သူ့ကိုယ်မှာ ဝိုင်းနေတဲ့ဓားချီကြောင့် ကူယွဲ့ကို တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်။
"ဆိုလိုတာ အမတကျောင်းတော်က ငါ့အတွက် ပို့တယ်ပေါ့" သူ သူတို့ကို အူကြောင်ကြောင် စိုက်ကြည့်လိုက်တယ်။ သူက အမတကျောင်းတော်ရဲ့တပည့်တောင် မဟုတ်သေးဘူး။ သူက ဘာလို့ ပို့ရတာတုန်း။
"ကြည့်ရတာ ကျုပ် တာအိုရောင်းရင်းကို ပြဿနာထဲစွဲသွင်းမိပြီထင်တယ်"
လင်းဝမ်ရွှမ်က အပြစ်ရှိသလို အမူအရာနဲ့ပြောတယ်။ "တကယ်လို့ ကျုပ်မမှားရင် ကျောင်းတော်က ခင်ဗျားနဲ့ လင်းဟုန်ကို ပြိုင်ပွဲပထမပွဲစဉ်မှာ ဖြစ်ခဲ့တာအတွက်ပို့တာဖြစ်ရမယ်"
"ပထမအဆင့်လား" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။
လင်းဟုန်လည်း ချက်ချင်းတုံ့ပြန်တယ်။ "ပထမအဆင့်က ပြီးသွားပြီမဟုတ်လား"
"ဒါပေမဲ့ ဆန်းကြယ်ဘုံမှာတုန်းက လုပ်ခဲ့တဲ့အရာက..." သူ ကူယွဲ့တို့ကိုလှမ်းကြည့်ကာ မဖော့တဖော့လေး မေးတယ်။
"ပြိုင်ပွဲက... အံ့ဩစရာကောင်းလွန်းတယ်လေ၊ တစ်ခုခုလွဲနေတယ်လို့ ကျောင်းတော်တွေကို သံသယဝင်စေခဲ့တယ်၊ အထူးသဖြင့် မင်းနဲ့လင်းဖေးက အုပ်စုသုံးမှာရှိခဲ့ပေမဲ့ အင်းကွက်အလံခြောက်ဆယ်ကျော် ရနိုင်ခဲ့တယ်လေ၊ သေချာပေါက် ကျောင်းတော်က စစ်ဆေးမှာပေါ့"
"အဲဒါကို ငါတို့ သဘောတူပြီးသားမဟုတ်လား" အဲတုန်းက ဆန်းကြယ်ဘုံထဲက ဘယ်သူမှ ဖြစ်ပျက်ခဲ့တာတွေရဲ့ အမှန်တရားကို မပြောလောက်ဘူးမလား။
"အဲနေ့က ဆန်းကြယ်ဘုံရဲ့တပည့်အများစုက ကျောင်းတော်ကို သေချာပေါက် မပြောပြခဲ့ဘူး"
လင်းဝမ်ရွှမ်က မျက်မှောင်ကြုတ်ရင်း ပြောတယ်။ "ဒါပေမဲ့ သေချာပေါက် တစ်ယောက်ကတော့ ပြောမှာ"
လင်းဟုန်က တစ်စုံတစ်ခုကို ရုတ်တရက်နားလည်လိုက်သလိုမျိုး အံ့ဩသွားကာ မျက်လုံးတွေပြူးသွားခဲ့တယ်။
"ရန်ချင်း" သူ့အမူအရာက မည်းမှောင်သွားကာ ခပ်တိုးတိုးဆဲရေးလိုက်တယ်။
"ဒီခွေးသားကတော့ ထပ်ပြီး"
"တာအိုရောင်းရင်းကူယွဲ့..." သူက ကူယွဲ့ဘက် စိုးရိမ်စွာနဲ့ လှည့်ပြောတယ်။
"ခင်ဗျားတို့ ဒီတစ်ခေါက် ဒုက္ခရောက်ရတာ ကျုပ်အစ်ကိုကို ကူညီဖို့လာခဲ့လို့ပါ၊ အဲရန်ချင်းနဲ့ကျုပ်မှာက မပြီးသေးတဲ့ အငြိုးရန်စတွေရှိကြတယ်၊ အဲဒါကြောင့် သူက တမင်သက်သက် ခင်ဗျားကို ချောက်ချခဲ့တာပဲ၊ တကယ်လို့ ကျောင်းတော်က ဒီကိစ္စကို လိုက်ဖို့ ဆုံးဖြတ်ရင်... ကျေးဇူးပြုပြီး ကျုပ်တို့ကပဲ ဒီကိစ္စတစ်ခုလုံးရဲ့နောက်ကွယ်ကြိုးကိုင်သူတွေလို့သာ ပြောလိုက်ပါ"
"ဟုတ်တယ်" လင်းဝမ်ရွှမ်က ထပ်ပြောတယ်။ "ရန်ချင်း ပြဿနာရှာချင်တာ ကျုပ်တို့ပါ၊ ဒါက ခင်ဗျားတို့နဲ့ လုံးဝမဆိုင်ပါဘူး"
"မင်းက ဒါကိုအရမ်း စိတ်ထဲမှတ်ယူနေတာပဲ" ကူယွဲ့ကပြုံးတယ်။ သူ့မျက်နှာပေါ် စိုးရိမ်မှုတစ်စက်တောင်မရှိ။
"ငါတို့စိတ်ထဲ ငါတို့ကိုယ်ပိုင်အကျိုးအမြတ်နဲ့ ဆန်းကြယ်ဘုံထဲ ဈေးရောင်းခဲ့တာ၊ ငါတို့နဲ့မဆိုင်ဘူးလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ၊ ပြီးတော့... ငါတို့ပြိုင်ပွဲအတွင်း ဈေးမရောင်းရလို့ ပြောထားတဲ့စည်းမျဉ်း ရှိလို့လား"
"..." ညီကိုနှစ်ယောက် အူကြောင်ကြောင်ဖြစ်သွားတယ်။ တကယ်မရှိဘူးပဲ။
"ဒါကြောင့် မစိုးရိမ်နဲ့၊ မင်းတို့ကျောင်းတော်က ဆရာကငါ့ကိုတွေ့ချင်မှတော့ သွားတွေ့ရမှာပေါ့"
"ဒါပေမဲ့..." လင်းဟုန်က တခြားတစ်ခုခုပြောဖို့ တုံ့ဆိုင်းနေတယ်။
ဒါပေမဲ့ ကူယွဲ့ကတော့ သူ့အဖော်နှစ်ယောက်ဘက် လှည့်ပြောနေပြီ။ "စားဖိုမှူး ရှန်းရင်ကို တည်းခိုဆောင်ဆီ ပြန်ခေါ်သွားတော့၊ လမ်းမပျောက်စေနဲ့ဦး ပြီးတော့... အပြင်လည်း လျှောက်မသွားရဘူး" အဲလိုနဲ့ သူက လင်းဟုန်နဲ့လင်းဝမ်ရွှမ်ဘက်လှည့်တယ်။
"ငါတို့ ဒီနေ့ နှောင့်ယှက်ပေးမိပြီ၊ ခုသွားလိုက်ပါဦးမယ်၊ တာအိုရောင်းရင်းလင်းဟုန် သွားကြစို့" သူတို့ ဝိညာဉ်အစေ့အကြောင်း စုံစမ်းဖို့ ခုထိ အခွင့်အရေးမရခဲ့တာ။ အခု အခွင့်အရေးပေါ်လာပြီဆိုမှတော့ ကူယွဲ့ အလဟသဖြစ်စေလို့မဖြစ်ဘူးပေါ့။
အခု သူတို့က လျှောက်သွားကာ စိုးရိမ်မှုတွေ လွှမ်းခြုံနေဆဲ လင်းဝမ်ရွှမ်ကိုထားခဲ့ကြတယ်။
—————
ကျောင်းတော်ဆီ ပြန်အသွားမှာ ကူယွဲ့က ဒီရန်ချင်းနဲ့ လင်းမိသားစုမောင်နှမတွေကြား ဘာတွေဖြစ်ခဲ့တာလဲ အတည်ပြုခဲ့တယ်။ ဒါတွေအားလုံးက လူတစ်ယောက် နိမ့်ကျချိန် မနာလိုဖြစ်ပြီး ရိုက်ချတာကနေ ပေါက်ဖွားလာတာပဲ။ သူတို့ဆီမှာ ဂိုဏ်းကတပည့်တွေကို အမြဲ အပြင်စည်းနဲ့ အတွင်းစည်းဆိုပြီး ခွဲခြားခဲ့တာနဲ့ အတော်လေးတူတယ်။ အမတကျောင်းတော်က အတော်လေး ကြီးတာမို့ သူတို့ကိုအုပ်စုအသီးသီးဆီ ခွဲခြားတာ သဘာဝပဲ။ အဲဒီအရည်အသွေးပိုကောင်းသူတွေက ကောင်းကင်အုပ်စုမှာ - အဲဒါကတော့ ရန်ချင်း။ လင်းမောင်နှမတွေရဲ့ ကိုယ်ခန္ဓာတွေက အရည်အသွေးကောင်း မဟုတ်ကြ။ လင်းဝမ်ရွှမ်ရဲ့ကိုယ်ကိုတောင် သာမန်လို့စဉ်းစားနိုင်တယ်။ အဲဒါကြောင့် သူတို့အားလုံးကို အစတည်းက အုပ်စုသုံးထဲထည့်ခဲ့တာပဲ။ ဒါပေမဲ့ ရန်ချင်းက မောင်နှမတွေ ကြိုးစားတာကိုတော့ မတားနိုင်ခဲ့ဘူး။
လင်းဝမ်ရွှမ်က ကြိုးစားသူဟာ ဘယ်လောက်ဖြစ်ထွန်းလဲရဲ့ အဓိကဥပမာပဲ။ သူက မတူညီတဲ့ကျင့်ကြံမှုမျိုးစုံကို သေချာလေ့လာခဲ့တယ်။ သူက အလိုလိုလည်း ဉာဏ်ကောင်းတာမို့ အမတကျောင်းတော်ထဲဝင်လာပြီးတဲ့နောက် မြန်ဆန်စွာ တိုးတက်လာခဲ့တယ်။ သူက ကောင်းကင်အုပ်စုရဲ့လူအုပ်ကိုတောင် ကျော်ဖြတ်နိုင်ခဲ့တယ်။ လင်းဝမ်ရွှမ်ရဲ့ အစားထိုးခံရသူဟာ ရန်ချင်းပဲ။
သေချာပေါက် သူက အငြိုးထားတော့တာပေါ့။ ဒါပေမဲ့ သူတို့ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲအားလုံးမှာ သူက လင်းဝမ်ရွှမ်ကို အနိုင်မယူနိုင်ခဲ့ဘူး။ အဲအစား သူက အမြဲ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့တယ်။ နောက်တော့လင်းဝမ်ရွှမ်က ကောင်းကင်အုပ်စုထဲကို ရောက်လာခဲ့တယ်။ အမတကျောင်းတော်ထဲ အုပ်စုတွေအားလုံးမှာ တိကျတဲ့အရေအတွက်တွေရှိကြတယ်။ ဒါက ထောက်ပံ့ပို့ဆောင်ရေးနဲ့ အုပ်ချုပ်ရေးတာဝန်တွေကို လွယ်ကူချောမွေ့စေဖို့ပဲ။ လင်းဝမ်ရွှမ်ကို ကောင်းကင်အုပ်စုထဲ ထပ်ပေါင်းထည့်တယ်လို့ဆိုလိုတာက တစ်ယောက်ယောက်ကို တွန်းချရမယ်ဆိုတဲ့ သဘောပဲ။ ပြီးတော့ ကံမကောင်းတာက အဲလူဟာ ရန်ချင်းပဲ။
ဒါကြောင့် ရန်ချင်း လင်းမောင်နှမတွေကို မုန်းရတာပဲ။ နှစ်ယောက်သားက အဲထဲက မတည့်တော့တာ။
လွန်ခဲ့တဲ့တစ်လက အမတကျောင်းတော်က တာဝန်တစ်ခုကြောင့် ထွက်လာပြီး သွေဖည်သားရဲတစ်ကောင်နဲ့ ကြုံချိန် လင်းဝမ်ရွှမ် ခြေထောက်နှစ်ဖက်လုံးက သွေးကြောတွေ ပြတ်တောက်သွားတာမို့ သူ နောက်တစ်ခါ ထပ်မလျှောက်နိုင်တော့ဘူး။ ကုသဖို့အတွက် မျှော်လင့်ချက် မရှိတာမို့ ကျောင်းတော်က ရွေးစရာမရှိဘဲ အုပ်စုသုံးကို ပြန်ပြောင်းရွှေ့ရတော့တယ်။ ရန်ချင်းလည်း အလိုလို ကောင်းကင်အုပ်စုထိ ရာထူးပြန်တက်သွားတာပေါ့။ အဲတည်းက ရန်ချင်းက လင်းမောင်နှမတွေအပေါ် ပိုပြီးခက်ထန်လာခဲ့တယ်။ သူက လင်းဝမ်ရွှမ်အတွက် ကုသနည်းရှာမဲ့ သူတို့လမ်းကို အဆက်မပြတ် နှောင့်ယှက်ခဲ့တယ်။ ဒါက နှစ်ယောက်သားကြားက ပဋိပက္ခတွေကိုပိုပြီး မြင့်တက်လာစေခဲ့တယ်။
ကူယွဲ့ ဒါတွေအားလုံးကိုကြားတဲ့နောက် သူက နှုတ်ခမ်းတွေသပ်လိုက်တယ်။ သူ ဇာတ်လိုက်၊ အနှိမ်ခံက နောက်ဆုံးတော့ အနိုင်ကျင့်သူကို အနိုင်ယူနိုင်သွားတဲ့ မြင်နေကျ ဇာတ်ကွက်မျိုး စတင်စိတ်ကူးယဉ်နေပြီ။ သူ ရန်ချင်းရဲ့ရည်ရွယ်ချက်က ဘာလဲပဲ အဖြေရှာမရတာ။ သူ ဘာလို့ လင်းမောင်နှမတွေကို အလွတ်ပေးဖို့ ငြင်းဆန်နေရတာလဲ။
လင်းဟုန်နဲ့ ကူယွဲ့ စကားတပြောပြောလာရင်း လင်းဟုန်က ကူယွဲ့ကို အဆောက်အဦးတစ်ခုထဲ ခေါ်လာတယ်။ အထဲမှာတော့ သက်လတ်ပိုင်းအမျိုးသားက အပြာဝတ်ရုံဝတ်လျက်ထိုင်နေတယ်။ သူက မှုန်မှိုင်းနေတဲ့အမူအရာနဲ့ ဝင်လာသူနှစ်ယောက်ကို စိုက်ကြည့်နေလေရဲ့။ သေချာပေါက် သူ့ဘေးမှာတော့ ကိုယ့်ဘာသာ ကျေနပ်ပုံပေါ်နေတဲ့ရန်ချင်း။
"တပည့် ဆရာယန်ကို နှုတ်ဆက်ဂါရ၀ပြုပါတယ်" လင်းဟုန်က တလေးတစားဂါရ၀ပြုပေမဲ့ ကူယွဲ့ကတော့ မတ်မတ်ရပ်နေဆဲ။ ကူယွဲ့က လက်သီးဆုပ်ပြီးပဲ ဆရာယန်ကို နှုတ်ဆက်လိုက်တယ်။ သူက အမတကျောင်းတော်ရဲ့တပည့်မှမဟုတ်တာ။ သေချာပေါက် သူ့ကိုဂါရ၀ပြုဖို့မလိုဘူးပေါ့။
ယန်လော့က ကူယွဲ့ ဆရာမပါဘဲ ရောက်လာတာမြင်တော့ မျက်မှောင်ကြုတ်တယ်။ သူ စောနက ရန်ချင်း သူ့ကိုပြောပြထားတာ သတိရသွားကာ သက်ပြင်းချပြီးမှ ခပ်ဩဩပြောတယ်။ "မင်းတို့နှစ်ယောက် ကိုယ့်အမှားကို သိလား"
လင်းဟုန်အမူအရာက ပြောင်းလဲသွားတယ်။ သူပြောမို့ရှိသေး ကူယွဲ့က သူ့ကိုအရင်ကြောသွားတယ်။
"ဆရာ ကျုပ်တို့အမှားက အတိအကျဘာများလဲ မေးလို့ရမလား"
"မင်းက အပြစ်လွတ်အောင် ပြောချင်သေးတယ်ပေါ့" ယန်လော့အမူအကာက မှောင်မည်းသွားတယ်။ သူက ဘေးကလူကိုလက်ညှိုးထိုးတယ်။
"ရန်ချင်းက ငါ့ကို ပြိုင်ပွဲပထမအဆင့်မှာဖြစ်ခဲ့သမျှကို ပြောပြပြီးသား၊ နှစ်ယောက်သား ပြိုင်ပွဲကို နှောင့်ယှက်ဖို့ တူတူလုပ်ခဲ့တယ်ဆို၊ ဆန်းကြယ်ဘုံအတွင်းတောင် အင်းကွက်အလံတွေအတွက် ရောင်းချမှု လုပ်ခဲ့တယ်ဆို၊ မင်းတို့က ဒီပြိုင်ပွဲရဲ့တရားမျှတမှုကို အတော်လေးအထင်သေးနေတာပဲ"
"ဆရာယန်၊ ကျုပ်တို့ ဒါကိုနားမလည်ပါဘူ" ကူယွဲ့အပြုံးက ပိုတောင်ကျယ်လာတယ်။ "ဒီလိုအရာမျိုး ကျုပ်တို့ ဘယ်တုန်းကလုပ်ခဲ့လို့လဲ၊ ဘယ်လိုလုပ် ကျုပ် သိတောင်မသိရတာလဲ"
"အခု ဝန်မခံဘူးလား" ရန်ချင်းက ကြားဖြတ်ပြောတယ်။ "ငါအားလုံးကို မြင်ခဲ့တယ်၊ မင်းတို့ အင်းကွက်အလံတစ်ခုစီကို ဟင်းလင်းပြင်ငွေ ၁၀၀၀၀၀၀ နဲ့ အဖွဲ့အားလုံးစီရောင်းခဲ့တာ"
"ဟော အဲတော့ မင်းပေါ့" ကူယွဲ့က နောက်ဆုံးတော့ ရန်ချင်းဘက်လှည့်ကာ သူ့ကိုပထမဆုံးအကြိမ် မှတ်မိသွားဟန် စပ်ဖြီးဖြီးပြောတယ်။
"ဟုတ်သား၊ မေးဖို့မေ့နေတာ - မင်း ဆန်းကြယ်ဘုံထဲမှာတုန်းက လင်းဟုန်ရဲ့အလံတွေကို မခိုးနိုင်ခဲ့ဘူးလေ၊ တခြားတစ်ယောက်ယောက်ဟာများ လုယူနိုင်ခဲ့လား"
"ငါ ဘယ်တုန်းက သူ့အလံကိုလုလို့လဲ' ရန်ချင်းက ကူယွဲ့ကို အူကြောင်ကြောင်စိုက်ကြည့်တယ်။
"အစက အဲလို တန်းလုပ်ခဲ့တယ်မဟုတ်လား" ကူယွဲ့က ဆက်ပြောတယ်။
"အစတည်းက မင်း လင်းဟုန်တို့နောက် လိုက်ခဲ့တာမဟုတ်လား၊ ဂိုဏ်းအတွင်း တိုက်ခိုက်ကြတာ အမတကျောင်းတော်ရဲ့ လက္ခဏာ ထင်တယ်၊ မဟုတ်ရင် လင်းဟုန်က ကျုပ်နဲ့ ပူးပေါင်းခဲ့မှာမဟုတ်ဘူးလေ"
...
အခန်း ၅၈၅ ။ ထပ်တူတုံ့ပြန်ခြင်း
"မင်း..." ရန်ချင်းက ဒေါသထွက်နေပြီး ယန်လော့ အမူအရာပါပြောင်းသွားပြီး ရန်ချင်းကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်တယ်။ သူတို့ကျောင်းတော်ကနေ လူတွေအများကြီး ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ကြပြီး တစ်ခါတလေ အချင်းချင်း ယှဉ်ပြိုင်ရတာကို ရှောင်ဖို့ခက်တယ်ဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းတော်တွေကြားက ပြိုင်ပွဲမို့ အချင်းချင်း ပြိုင်တာတော့ လုပ်လေ့မရှိဘူး။ ပြီးတောပ သူတို့ ပထမဆုံး ဆန်းကြယ်ဘုံထဲ ဝင်လာချိန်အင်းကွက်အလံတွေက ဘယ်သူ့မှမပိုင်သေးဘူး။ ကိုယ့်ဘက်ကလူတွေက စပြီးအရင် ရန်စတာက ဒါ သူတို့ကိုယ်သူတို့ နှောင့်နှေးစေတာမဟုတ်လား။
"အိုး... ငါသိပြီ" သူတို့နှစ်ယောက်တုံ့ပြန်မှာ မစောင့်ဘဲ ကူယွဲ့ကို တစ်ခုခုကို နားလည်သွားသလို ပြောတယ်။ "ရှုံးနိမ့်သွားတာကို လက်မခံချင်လို့ ငါတို့ကိုချောက်ချဖို့အတွက် အင်းကွက်အလံ ရောင်းတယ်ဆိုတဲ့ ယုတ္တိမရှိတဲ့အကြောင်းရင်းတွေ လုပ်နေတာလား၊ အဲတာမှ မင်း နောက်တစ်ဆင့် တက်ပြီး ငါတို့နေရာကို ယူလို့ရအောင်လေ"
"အဓိပ္ပာယ်မရှိတာတွေပြောနေတာပဲ" ရန်ချင်းက သွေးပျက်နေတယ်။
"ငါပြောသမျှက အမှန်ပဲ၊ မင်းတို့တွေ အင်းကွက်အလံတွေတင်မကဘူး၊ ဆန်းကြယ်ဘုံထဲက မိစ္ဆာသားရဲတွေကိုပါ ရောင်းခဲ့တာလေ"
"ဒါဆို မင်းမှာသက်သေရှိလား" ကူယွဲ့က သူ့ကိုတည့်တည့်ကြည့်တယ်။
"မင်းတစ်ဖက်သက်စွပ်စွဲချက်တွေကြောင့်နဲ့ ငါတို့ကို ပြိုင်ပွဲကနေ ဖြုတ်ချချင်နေတာလား၊ ဒါဆိုငါရော အဖွဲ့အစည်းတစ်ခုလုံးက အမတကျောင်းတော် လှည့်စားတာခံရပြီး လုံးဝအလိမ်ညာကြီးလို့ တခြားသူတွေကို ပြောလို့ရလား"
"မင်း..." ရန်ချင်း ဒေါသကြောင့် ဆွံ့အနေတယ်။ သူ ယန်လော့ဘက် ဂါရ၀ပြုကာ ယန်လော့ကို ကြည့်ရုံသာရှိတော့တယ်။ "ဆရာ ကျွန်တော် ပြောသမျှကအမှန်ပါ"
"ဒါဆိုမျက်မြင်သက်သေရှာလေ" ကူယွဲ့ တန်းတုံ့ပြန်လိုက်တယ်။
"ကနဦးအဆင့်ပြိုင်ပွဲမှာ လူတစ်ထောင်ကျော် ပြိုင်ခဲ့ပြီး အတော်များများ ငါတို့ကိုမြင်ခဲ့တယ်၊ မင်းပြောသမျှအားလုံးက အမှန်ပါလို့ သက်သေပြနိုင်မဲ့ မျက်မြင်သက်သေရှာနိုင်လား"
"ဒါ..." သူ့ကြည့်ရတာ စိတ်လှုပ်ရှား ကယောက်ကယက်ဖြစ်သွားတဲ့ပုံ။ "သူတို့... သူတို့အားလုံးကို မင်းတို့ လာဘ်ထိုးထားတာ"
"အားလုံးက လာဘ်ထိုးခံထားရတယ်လား"
"ဟုတ်တယ် အားလုံးပဲ" သူ့အရင် အဖွဲ့ဝင်ဟောင်းတွေအပါအဝင် ဘယ်သူမှ ဒီလူ့ကိုဖော်ဖို့ သူနဲ့အတူ ရှေ့ထွက်လာချင်စိတ် မရှိကြဘူး။
"အိုး..." ကူယွဲ့က ခေါင်းညိတ်ကာ တမင်သက်သက် အသံကိုရှည်ဆွဲပြီး ယန်လော့ကို အပြုံးရိပ်သန်းကာ လှမ်းကြည့်တယ်။
ယန်လော့အမူအရာက မည်းမှောင်နေတယ်။
"တော်လောက်ပြီ ရန်ချင်း"
"ဒါပေမဲ့ ဆရာ..."
"ပါးစပ်ပိတ်" ယန်လော့ ခေါင်းမဆိုစလောက်ကိုက်နေတယ်။ သူ့မျက်နှာက ဒေါသတကြီး ခရမ်းရောင်သမ်းလိုက် မျက်နှာဖြူဖျော့လိုက်နဲ့ ပြောင်းလဲနေတယ်။ သူက ကူယွဲ့ စကားလုံးတွေထဲက ရည်ရွယ်ထားတဲ့ ရွဲ့စောင်းတုံ့ပြန်မှုကို သေချာပေါက် တွေ့ရှိခဲ့တာပေါ့။ သူက ကူယွဲ့ဆိုတဲ့ ဒီလူကို စစ်ဆေးပြီးပြီ။ မထင်မရှား ဝူတိကျောင်းတော်က တပည့်တစ်ဦးဖြစ်ပြီး သူ့နောက်မှာ လုံးဝ ကြီးကြီးမားမား သြဇာလွှမ်းမိုးမှု လုံးဝမရှိဘူး။ သူ ဘယ်လောက်ပဲ အားကြီးပါစေ ဆန်းကြယ်ဘုံထဲက လူတိုင်းကိုတော့ လာဘ်ထိုးလို့ မရနိုင်ဘူးလေ။ အဲမှာ ကျောင်းတော်ရာကျော်က ကျောင်းသားထောင်ချီ ရှိတယ်။ သူတကယ်သာ အဲလောက်စွမ်းဆောင်နိုင်ရင် ပြိုင်ပွဲမှာ သူဘာလို့ ဒီကို ရောက်နေသေးတာလဲ။
တကယ်တော့ ရန်ချင်းက ဒီကိစ္စကို အရင်ပြောလာချိန် သူလည်း သံသယဝင်နေတာ။ ဘယ်လိုပဲဖြစ်ဖြစ် အင်းကွက်အလံတွေကို ပေါ်တင်ရောင်းတာက အတော်လေးမဖြစ်နိုင်ဘူး။ ဒီကိစ္စက ပြိုင်ပွဲရဲ့တရားမျှတမှုကို သက်ရောက်တယ်။ ပထမဆုံး သူတို့ ရောင်းချဖို့ အလံအပိုတွေရှိဖို့လိုတယ်။ သူတို့တွေ အလံအတုတွေရောင်းတာဆိုတာ ဖြစ်နိုင်ပေမဲ့အလံတိုင်းကို စစ်ဆေးပြီးတဲ့နောက် အတုမရှိဘူး။
ဒါပေမဲ့ သူတို့အနည်းငယ်နဲ့ ဒီလောက်အင်းကွက်အလံတွေအများကြီးကိုရနိုင်တယ်လို့ ပြောရင် သူလည်း ယုံမှာမဟုတ်။ တခြားသူတွေက အင်းကွက်တွေရဲ့ တည်နေရာကို မသိပေမဲ့ စစ်ဆေးမှုကို ပြင်ပေးတဲ့ဆရာတွေအနေနဲ့တော့ သူတို့သိတယ်။ အဲအင်းကွက်အလံတွေအားလုံးကို မကောင်းဆိုးဝါးတွေက ကာကွယ်ထားတာ။ တစ်ခုရဖို့ဆို လူတစ်ယောက်က မကောင်းဆိုးဝါးကို အရင် အနိုင်ရဖို့လိုတယ်။ တကယ်လို့လင်းဟုန်က ကူယွဲ့အဖွဲ့နဲ့ပူးပေါင်းရင်တောင် အများဆုံးမှ လူရှစ်ယောက်ပဲ။ သူ ကျောက်ပြားပေါ် ပေါ်လာတဲ့ အလံ၆၀ကျော်မှတ်တမ်းကိုသတိရသွားပေမဲ့ တစ်နည်းနည်းနဲ့ သူတို့ ဒီလောက် မကောင်းဆိုးဝါးအများကြီးကို အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ရုံပဲ။
ဒါပေမဲ့ သူတို့ ဒီတစ်ချိန်လုံး အကြောင်းရင်းကို ရှာမတွေ့သလို ဆန်းကြယ်ဘုံထဲကထွက်လာတဲ့ တခြားတပည့်တွေကလည်း အားလုံး တစ်ခုခုကို တမင်သက်သက် ဖုံးကွယ်ထားပုံပဲ။ ဒါကြောင့် ရန်ချင်းက သူ့ဆီ ကိစ္စနဲ့လာချိန် နည်းနည်းဖြစ်နိုင်ခြေ မရှိတာသိပေမဲ့ မှတ်ယူခဲ့သေးတယ်။
"ဆရာယန်..." လင်းဟုန်လည်း သတိပြန်ဝင်လာပြီး အမြန်ရှေ့တက်လိုက်တယ်။
"ရန်ချင်းက အမြဲ ကျွန်တော့်အစ်ကိုနဲ့ ကတောက်ကဆဖြစ်နေကျ၊ ဆန်းကြယ်ဘုံထဲဝင်ပြီးတဲ့နောက်မှာ သူက တစ်ချိန်လုံး ကျွန်တော်တို့ကိုပစ်မှတ်ထားခဲ့တယ်၊ သူ့စကားတွေကို လုံးဝယုံကြည်လို့မရပါဘူး၊ ဒီတစ်ကြိမ် သူက ပြိုင်ပွဲဒုတိယအဆင့်မတက်ပေမဲ့ ကျွန်တော်တို့ကတက်ခဲ့တယ်လေ၊ ဒါက သူ တမင်သက်သက် ကျွန်တော်တို့ကို အပုပ်ချစွပ်စွဲနေတာလို့ထင်ပါတယ်၊ ဆရာယန်က ကိစ္စတစ်ခုလုံးကို စုံစမ်းပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်"
ယန်လော့က ပိုတောင်စိတ်တိုလာကာ သူ့အရင်ကအကဲဖြတ်မှုကိုပိုသံသယဝင်လာပြီး ရန်ချင်းကို ခက်ထန်တဲ့အကြည့်နဲ့လှည့်ကြည့်လိုက်တယ်။
"ကျွန်တော်... ကျွန်တော် မလုပ်ပါဘူး" ရန်ချင်းက ဖြူဖျော့သွားကာ လုံးဝကိုပျာယာခတ်နေတယ်။ "ဆရာ ကျွန်တော့်ကိုယုံပါ၊ ဒါ တကယ်သူတို့..."
"တော်လောက်ပြီ" ယန်လော့က ထပ်နားမထောင်ချင်တော့သလိုမျိုး သူ့ကို ကြားဖြတ်ပြောလိုက်တယ်။ ကူယွဲ့ဘက်လှည့်ကာ သူကပြောတယ်။
"မိတ်ဆွေငယ်၊ အဖွဲ့အစည်းက အရေးကြီးတဲ့အရာပါ၊ ကျုပ်တို့ ပြိုင်ပွဲရဲ့တရားမျှတမှုနဲ့ပတ်သက်ပြီး စိုးရိမ်နေလို့ပါ၊ အဲဒါကြောင့် ကျုပ်တို့ မင်းတို့ကို ဒီကိုတစ်ခေါက်လာဖို့ ဖိတ်လိုက်ရတာ၊ အားလုံးကို ခုဖြေရှင်းပြီးပြီဆိုပေမဲ့ ကျုပ် မင်းတို့နားလည်ပေးဖို့ မျှော်လင့်ပါတယ်"
"ဆရာယန်၊ ခင်ဗျားက ပုံကြီးချဲ့နေပါပြီ" ကူယွဲ့ကပြုံးပေမဲ့ သူပြောတဲ့ စကားတွေမှာ အလွယ်တကူ အလွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိ။
"ခင်ဗျားကျောင်းတော်ရဲ့ ကိစ္စတွေကိုင်တွယ်နည်းက ကျုပ်ကို တကယ်အံ့ဩမိစေရုံပါ၊ တပည့်တစ်ယောက်ရဲ့ ကြုံရာကျပန်းပြောဆိုမှုနဲ့တင် အတည်မပြုဘဲ စွပ်စွဲခံရတဲ့တရားခံက တန်းစီရင်ချက်ချခံရတယ်၊ ကံကောင်းလို့ ကျုပ်က ခင်ဗျားတို့ကျောင်းတော်ရဲ့ တပည့်မဟုတ်တာ မဟုတ်ရင် ဒီကိစ္စကို ဒီနေ့ သင့်လျော်စွာနဲ့ ဖြေရှင်းဖြစ်မှာမဟုတ်ဘူး"
ယန်လော့ရဲ့ နဂိုတည်းက သုန်မှုန်နေတဲ့မျက်နှာက ပိုပြီးတော့ မပျော်ရွှင်မှုတွေနဲ့ဖုံးလာခဲ့တယ်။ ဒီတစ်ကြိမ် သူတင်မဟုတ် ကျောင်းတော်ပါ လုံးဝမျက်နှာပျက်ရတယ်။ သူ ဆက်ပြီး ရန်ချင်းကို အပြစ်တင်ချိန် ဒီလူက သူ့ကို လုံးဝမျက်နှာမထောက်တာကိုပါ ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်မိတယ်။
ပြီးတော့ ကူယွဲ့က ဆက်ပြောတယ်။ "ကျုပ် ဒါကိုတစ်ခါမှမလုပ်ခဲ့တာကို မပြောနဲ့ဦး၊ တကယ်လို့ ကျုပ်တကယ်ပဲ အင်းကွက်အလံတွေရောင်းခဲ့ရင်တောင် ဒီပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲ ဘယ်စည်းမျဉ်းက အင်းကွက်အလံကို ပိုင်ဆိုင်မှု လွှဲပြောင်းလို့မရဘူး ပြောထားလဲ"
"ဒါ ကျုပ် သတိမမူမိတာပါ" ယန်လော့က အံကြိတ်ကာ တောင်းပန်ရုံပဲရှိတော့တယ်။ "ကျုပ် မင်း အပြစ်မယူဖို့ တောင်းဆိုပါရစေ"
"ရိုးရှင်းပါတယ်" ကူယွဲ့က ဦးဆောင်လိုက်တယ်။
"တကယ်လို့ ဆရာ့မှာသံသယများထပ်ရှိသေးလား သိချင်ပါတယ်၊ တစ်ခါတည်းနဲ့အပြီး ရှင်းထုတ်လိုက်ရင်ရော"
"သေချာပေါက်မရှိဘူးပေါ့" ယန်လော့က ယဉ်ကျေးစွာ ပြုံးတယ်။ "မင်းတို့ ဒီနေ့ ဒီကိုလာရပြီး ဒုက္ခများသွားပြီ၊ ခု နှစ်ယောက်လုံးပြန်လို့ရပါတယ်"
"အဲလိုဆို ကျုပ်တို့ အရင်ပြန်နှင့်ပါ့မယ်" နောက်တော့ သူက ဘေးကရန်ချင်းဘက် လှမ်းကြည့်ကာ အဓိပ္ပာယ်အပြည့်စကားတွေပြောလိုက်တယ်။
"ဆရာက မျှတသူဖြစ်မယ်လို့ယုံပါတယ်၊ ဒါကြောင့် မမှန်မကန်စွပ်စွဲသူက ဘက်လိုက်မှုမရှိ အပြစ်ပေးခံရမယ်လို့ ယုံကြည်ပါတယ်"
ယန်လော့က ခဏတုံ့ဆိုင်းသွားပြီး တစ်အောင့်ကြာမှ ခေါင်းညိတ်တယ်။ "... သေချာပေါက်ပေါ့"
ရန်ချင်းမျက်နှာက ချက်ချင်း တစ္ဆေလို ဖြူဖျော့သွားခဲ့တယ်။
ကူယွဲ့က နောက်တော့ လင်းဟုန်နဲ့အတူ ထွက်သွားခဲ့တယ်။
သူတို့ မြင်ကွင်းထဲက ထွက်တော့မှ ယန်လော့က မျက်မှောင်ကြုတ်ရင်း ထိုင်ခုံမှာ ပစ်ထိုင်တယ်။
"ဆရာ ကျွန်တော့်ကိုယုံပါ..." ရန်ချင်းက ပျာယာခတ်နေတဲ့အကြည့်နဲ့ အလောတကြီး ရှေ့တက်လာတယ်။ "ကျွန်တော် တကယ်မလိမ်ပါဘူး၊ သူတို့က..."
"ကောင်းပြီ၊ မင်း ဘာမှထပ်ပြောဖို့မလိုတော့ဘူး" ယန်လော့က သူ့ကိုစိတ်တိုစွာ လှမ်းကြည့်တယ်။ ဒီအရူးကြောင့် ငါတို့ ဆိုးဆိုးဝါးဝါး အရှက်ခွဲခဲ့ရတာ။ "သူတို့ လိမ်မလိမ်က ပြိုင်ပွဲဒုတိယအဆင့်မှာ သိမှာပဲ" သူလည်း ဒေါသနဲ့ ရူးမိုက်မိလို့ ဒီရန်ချင်းကို ယုံကြည်မိခဲ့တာပဲ။ သူတို့က တကယ်ဟုတ်မဟုတ် ပြိုင်ပွဲဒုတိယအဆင့်မှာ သူတို့ကျင့်ကြံဆင့်ကို စစ်ဆေးချိန် ရှင်းသွားလိမ့်မှာမဟုတ်လား။
ပြီးတော့ စောနကက အဲကူယွဲ့က သာမန်အုတ်မြစ်အခြေအတည်အဆင့် ကျင့်ကြံသူပုံစံသာပေါ်နေပေမဲ့ စကားလုံးနဲ့အပြုအမူတွေက အပြစ်ကင်းနေကာ အမြုတေအမတဖြစ်တဲ့ သူ့ရဲ့ဖိနှိပ်မှုရှေ့မှာတောင် မျက်ခွံတစ်ချက်မလှုပ်ဘူး။ ဒီလိုလူက သူ့ကို နောက်ခံကိုပိုတောင်သံသယဝင်စေခဲ့တယ်။
လင်းဟုန်က အူကြောင်ကြောင် အမူအရာနဲ့ ကူယွဲ့နောက်ကနေ အပြင်ကိုလိုက်လာခဲ့တယ်။ သူတို့ ကျောင်းတော်ကို တမင်တစ်ပတ်ပတ်ပြီးမှန်းတောင် နားမလည်ခဲ့ဘူး။ နဂိုကတော့ သူကအပြစ်ပေးခံရဖို့ အသင့်ဖြစ်ပြီးသားဖြစ်ကာ ကျောင်းတော်ကနေပါ ထုတ်ခံရဖို့ စိတ်ပြင်ဆင်ထားတာ။ အဆုံးမှာတော့ ကူယွဲ့ဆီက စကားနည်းနည်းနဲ့တင် သူတို့ ဘာမှမဖြစ်ခဲ့တာကို မပြောနဲ့ အပြစ်အားလုံးကို ရန်ချင်းအပေါ်တောင် ပြန်ပုံချနိုင်ခဲ့လေရဲ့။