တိုးတက်မှု
Vol. 18 Ch. 239
အခန်း(၂၃၉) : တိုးတက်မှု
ဝမ်ဝေ့က တတိယပွဲစဉ် ကြာမြင့်သည့် နှစ် ၂၀ အတွင်း ကိစ္စများစွာ ကြုံတွေ့ခဲ့ရသည်။ သူက တစ်ခါတည်းဖြင့် ပြိုင်ဘက်တချို့အကြောင်း သင်ယူလိုက်ရသည်။ ထိုလူများက ဝှက်ဖဲအကုန် မသုံးဖို့ ဆုံးဖြတ်ထားကြသော်လည်း ဝမ်ဝေ့က သူတို့၏ တုံ့ပြန်မှုအပေါ် မူတည်၍ သူတို့က အနီးကပ် တိုက်ခိုက်သူလား ဒါမှမဟုတ် အဝေးကနေ မန္တန်များဖြင့် တိုက်ခိုက်သူလား သိလာခဲ့သည်။
ထိုအချက်အလက်များက တိုက်ပွဲ၏ အထွတ်အထိပ်အခြေအနေတွင် ရလဒ်ကို ဆုံးဖြတ်ပေးနိုင်သည်။ နောက်ထပ် သူ တွေ့ရှိလာသည့်အချက်မှာ သူတို့အင်အား ဝှက်ထားသည့် အချက်က သူတို့ဘာသာ ယခင်ဆယ်နှစ်အတွင်း အထောက်အကူများစွာ ဖြစ်ခဲ့လေသည်။
သူတို့ဘာသာ အကန့်အသတ် ထားကာ တိုက်ပွဲများစွာ ဆက်တိုက် တိုက်ခိုက်နေခြင်းဖြင့် ကျီစုန့်၊ စုယာ၊ ကျန့်ဝူရွှမ်းနှင့် လင်းဖန်တို့လို အများစုက သူတို့အရည်အချင်းကို သွေးလာနိုင်သည်။
ထို့အပြင် သူတို့ကျင့်ကြံနှုန်းက လျော့ကျမသွားဘဲ ဆက်တိုက် တိုက်ပွဲများက တိုက်ပွဲအတွင်း အဆင့်တက်လာဖို့အတွက် ပြီးပြည့်စုံစေသည်။ လျို့ဝှက်နယ်မြေက ပြိုင်ပွဲဝင်များ၏ ကျင့်ကြံနှုန်း မြန်ဆန်အောင် ကူညီပေးဖို့ ပုံစံဆွဲထားကြောင်း ထည့်မပြောရသေးပေ။
ထိုအရာများအပြင် လျို့ဝှက်နယ်မြေအထဲတွင် အမွေအနှစ်များ သို့မဟုတ် ကံကောင်းမှုများ ပြည့်နှက်နေသောကြောင့် အားလုံးက စစ်ဆေးပွဲအတွင်း ကံအပြောင်းအလဲ အခွင့်အရေးများစွာနှင့် ကြုံတွေ့ခဲ့ကြရသည်။ ကံဆိုးစွာဖြင့် ပြိုင်ပွဲ တိုက်ရိုက်ပြသထားသည့် နေရာတွင် ထိုကံကောင်းမှု အခွင့်အရေးများအကြောင်း အသေးစိတ် မပါရှိပေ။ ထို့ကြောင့် ထိုလူများ လက်ခံရရှိသွားသည့် အကျိုးမြတ်များကို မသိနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ကျီစုန့်က ကံအပြောင်းအလဲ တစ်ခု တွေ့ရှိပြီးသည့်နောက် အတော်လေး သန်မာလာခဲ့သည်။ ထို့ကြောင့် သူက မှတ်ထားလိုက်၏။
ထိုစဉ် တစ်ဖက်တွင် တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ကြားက စစ်ပွဲက မရပ်တန့်သွားသေးပေ။ လူထုအမြင် တိုက်ပွဲက ယခင်လောက် မပြင်းထန်တော့သော်လည်း အင်အားစုနှစ်ခုလုံးက တစ်ယောက်နှင့် တစ်ယောက် ဂုဏ်သတင်းပျက်ပြားအောင် လုပ်ဖို့ ကြိုးစားနေကြဆဲ ဖြစ်၏။
ကံဆိုးစွာဖြင့် ပုံမှန်အားဖြင့် တပည့်ရွေးချယ်သည့် အချိန်မှမဟုတ်လျှင် ကျင့်ကြံသူများ၏ လျစ်လျူရှုခံရလေ့ရှိသော သေမျိုးများသည် ထိုအင်အားစုများ၏ အဓိကပစ်မှတ် ဖြစ်လာခဲ့သည်။ ပထမပိုင်း သေမျိုးများက ကျင့်ကြံရေးလောကအကြောင်း သိလာရ၍ ခံစားချက်ကောင်းနေကြသော်လည်း သိပ်မကြာခင် သူတို့က ထိုကျင့်ကြံသူများ၏ အသုံးချမှုအောက် ရောက်နေကြောင်း သဘောပေါက်လာကြသည်။
ထိုအတွေးများက သေမျိုးတိုင်းပြည်များ၏ မင်းဆွေမင်းမျိုးများနှင့် စာသင်သားများသာ တွေးမိကြလေသည်။ အကြောင်းမှာ အများစုက တစ်ဆောင်းတွင်းပြီးလျှင် နောက်ထပ် အသက်ဆက်ရှင်ဖို့သာ ကြိုးစားရင်း လယ်လုပ်နေကြသည့် သေမျိုးများသာ မဟုတ်ပါလော။
ကျင့်ကြံရေးလောကအတွက် လူများစွာက ကိစ္စကြီး ဖြစ်လာတော့မည်ဟု ခံစားမိကြသော်လည်း နှစ် ၂၀ က ဘာမှမဟုတ်သလို ကုန်ဆုံးသွားလေသည်။ ပြောရလျှင် မုန်တိုင်း မလာခင် လေငြိမ်နေသလိုမျိုး ဖြစ်၏။
………….
ဝမ်ဝေ့ကလည်း သူ့ခွန်အားက သိသိသာသာ တိုးတက်လာခဲ့သည်။
သူ့ရှေးဟောင်းမီးအိမ်မှ မူလသင်္ကေတအရေအတွက်သည် ၁၇ မှ ၆၇ အထိ ရောက်ရှိလာပြီး ကန့်သတ်ချက် အရေအတွက် ၅၀ ကို ကျော်လွန်သွားလေသည်။ သူ့ကံကြမ္မာကောင်း မီးတောက်က ယခင် မှတ်သားထားသည်ထက် ပို၍ပင် ပြင်းပြင်းတောက်လောင်နေသည်။ သို့သော် သူ့အနေနှင့် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ရောက်ဖို့ မဖြစ်နိုင်သေးကြောင်း သိလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက သူ စိတ်ပျက်လက်ပျက်ဖွယ် အခြေအနေမျိုးနှင့် ကြုံတွေ့လာရသည့်အခါ ထုတ်သုံးဖို့ တုံ့ဆိုင်းနေမည် မဟုတ်သည့် ဝှက်ဖဲအဖြစ် ကျန်ရှိနေသေးသည်။
သူ အဆင့်တက်သွားသည့် ရလဒ်အနေနှင့် သူ့စိတ်ဆန္ဒအစစ်အမှန် စွမ်းအားက ပို၍ အားကောင်းလာသလို ခံစားမိလိုက်သည်။
သူက သူ့စိတ်ဆန္ဒအစစ်အမှန် စွမ်းအားထက် ပိုသည့်အရာ ရှိနေမှန်း အမြဲတမ်း ခံစားမိခဲ့သော်ငြား သူ့အနေနှင့် ဘယ်လိုကောင်းကောင်း အသုံးပြုရမည်ကို မသိသလို အလားအလာအပြည့်ကို ဘယ်လိုထုတ်သုံးရမည်လဲ မသိပေ။ သူက ဝူဟုန်ကို မေးကြည့်ချင်သော်လည်း သူမကို ပြဿနာမတက်စေလိုပေ။ သူ့အတွက် အသုံးပြုထိန်းချုပ်ရတာ လွယ်ကူစေသည့်အတွက် ဖြည်းဖြည်းချင်း အဖြေရှာကြည့်ရတာကို နှစ်သက်မိသည်။
သူ့အတွက် အကြီးမားဆုံး တိုးတက်မှုက သူ့ခန္ဓာကိုယ် ဖြစ်၏။ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးဖြင့် ဆက်တိုက် လေ့ကျင့်ပေးနေရာမှ သူ့ကြွက်သားများသည် နောက်ဆုံးတွင် ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့် ရောက်လာကာ ကျော်လွန်သွားလေပြီ။ သူက စွမ်းရည်အသစ် တစ်ခု နိုးထလာခဲ့၏။
သူ့စွမ်းရည်အသစ်က အံ့ဩဖို့ မကောင်းပေ။ အတိအကျဆိုရလျှင် ပုံမှန်သာ ဖြစ်၏။ အာကာပြင်ကို ထိုးဖောက်ကာ ရွေ့ပြောင်းနိုင်စွမ်းကို ပေးလေသည်။ ကျင့်ကြံသူတစ်ယောက်က လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကို ရောက်သွားသည်နှင့် သူတို့က စည်းမျဉ်းစွမ်းအားကို အသုံးပြုကာ ထိုသို့လုပ်နိုင်၍ ပုံမှန်ကိစ္စသာ ဖြစ်လေသည်။
ခွန်အား၊ ပါရမီနှင့် ကျင့်ကြံသည့် စည်းမျဉ်းပေါ် မူတည်၍ သူတို့ ထိန်းချုပ်နိုင်သည့် အာကာပြင် ပမာဏနှင့် အကွာအဝေးလည်း ပြောင်းလဲလိမ့်မည်။
ယခု သူ့ခန္ဓာကိုယ်က သူ့အား ထိုစွမ်းရည်များကို ချီးမြင့်ထားလေသည်။ ဗလာအာကာပြင်အတွင်း မူလအဆီအနှစ် သို့မဟုတ် ဝိညာဉ်စွမ်းအား မလိုအပ်ဘဲ အသက်ရှင်နိုင်အောင် ပံ့ပိုးပေးထားသည်။ ထို့အပင် သူ့ခန္ဓာကိုယ်မှ တခြားစွမ်းရည်များလည်း ဆင့်ကဲတိုးတက်လာသောကြောင့် သူ့ခွန်အားသပ်သပ်က ထရီလီယံတန်လောက် မြင့်တက်သွားသည်။
ထိုခွန်အားအဆင့်သို့ ရောက်ရှိပြီးနောက် ဝမ်ဝေ့၏ အတိတ်ဘဝမှ စိတ်ဝင်စားမှုက ပြန်လည်အသက်ဝင်လာလေသည်။ သူက တစ်ခုခုကို စမ်းကြည့်ချင်မိ၏။ ထိုအရာက သူ ငယ်တုန်း စူပါမန်း ရုပ်ပြထဲတွင် မြင်ခဲ့သည့်အရာ ဖြစ်၏။
ထို့ကြောင့် သူက အစစ်အမှန် အုပ်ချုပ်သူယန်းချန်အား သူ့အတွက် ဂြိုလ်တချို့ ဖန်တီးပေးဖို့ အကူအညီတောင်းလိုက်ပြီး သံကြိုးကြီးဖြင့် သူက သူတို့ကို သယ်ကာ အလေးမလိုက်ပြီး ထိုရုပ်ပြထဲမှ ပုံစံအတိုင်း ပြန်လည်ဖော်ဆောင်လိုက်သည်။
အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်က ထိုအရာကို မြင်ပြီး ခန္ဓာကိုယ်လေ့ကျင့်သူများအတွက် သူတို့ဘာသာ လေ့ကျင့်ရန် နည်းလမ်းကောင်း ဖြစ်သည်ဟု တွေးမိကာ ဝမ်ဝေ့၏ တီထွင်နိုင်စွမ်းအား ချီးကျူးခဲ့သောကြောင့် ဝမ်ဝေ့က ရှက်မိသွားလေသည်။ ထို့ကြောင့် သူက ထိုသို့လုပ်ဆောင်ခြင်းက အစကတည်းက သူ့ဘာသာ လေ့ကျင့်ဖို့ ဖန်တီးထားသည့်အလား ဆက်လက်ဟန်ဆောင်လိုက်သည်။
ဝမ်ဝေ့၏ အင်အား သိသိသာသာ တိုးတက်လာခြင်းမှာ သူ့ကြွက်သားများကို ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့်အထိ လေ့ကျင့်ပေးနိုင်ခဲ့၍ မဟုတ်ဘဲ ယခင် နှစ် ၃၀ အတွင်း သူ့အတွင်းအင်္ဂါများကို လေ့ကျင့်ပြီးသွားပြီး လိုအပ်သည့် ပစ္စည်းများကို စုပ်ယူပြီးသွား၍ ဖြစ်သည်။
သူက လေ့ကျင့်နှုန်းနှင့် သန့်စင်နှုန်းကို အရှိန်မြင့်စေရန် ဝူဟုန်၏ စကားကို နားမထောင်ဘဲ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးအား သူ့အတွင်းအင်္ဂါများထဲ ဝင်ရောက်ကာ ဖျက်ဆီးစေခဲ့သည်။
ထို့နောက် သူက သူတော်စင်အဆင့် ဆေးလုံးများဖြစ်သည့် နှလုံးကြီးထွားဆေးလုံး၊ အဆုတ်ပြန်လည်ကောင်းမွန် ဆေးလုံးနှင့် အတွင်းအင်္ဂါများ ပြန်လည်ကောင်းမွန်လာစေနိုင်သည့် တခြားဆေးလုံးများစွာကို ချိုချဉ်လိုမျိုး ဝါးစားပစ်ခဲ့သည်။ ထို့ကြောင့် ဖျက်ဆီးခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း ဖြစ်စဉ်ကြား သူက ဖြစ်စဉ်အရှိန်ကို မြင့်တင်နိုင်ခဲ့သည်။
သို့သော် ဝူဟုန်က ထိုအကြောင်းကို သိသွားလေသည်။ သူမက သူ့အကြောင်းကို သူထက်ပင် ပို၍ ကောင်းကောင်းသိနေသောကြောင့် အံ့ဩခြင်း မရှိပေ။ သူ အစပြုပြီးသည်နှင့် သူမက လာရောက်ကာ တရားလွန် ကျင့်ကြံခြင်းကြောင့် ရလာသည့် သူ့လျို့ဝှက်ဒဏ်ရာများအား စည်းပိတ်ကာ ဖယ်ရှားပေးခဲ့သည်။
သူမက သူ့စကား ချိုးဖောက်သည့် ကိစ္စနှင့် ပတ်သက်၍ ဘာမှမပြောသော်လည်း သူမက မပျော်ရွင်ကြောင်း ၆ လတိတိ စကားမပြောခြင်းဖြင့် ပြသခဲ့သည်။ သူ့ဒဏ်ရာများကို ကူညီပေးသည်မှအပ သူမက သူ့ကို စကားတစ်ခွန်းမှ မပြောပေ။ ဤတစ်ခေါက် သူ့အရည်ထူထူ အရှက်မဲ့သည့် လှည့်ကွက်များပင် အလုပ်မဖြစ်ပေ။
ထို့နောက် သူမက သူ့မျက်ဝန်းမှတဆင့် ဝိညာဉ်အထိ ထိုးဖောက်ကြည့်ရင်း ပြောလိုက်သည် “ ရှင် ဖိအားတွေအောက် ရောက်နေတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ရှင် နားလည်ထားဖို့က ရှင့်ဆီမှာ အချိန်ရော၊ ဆက်လက်တိုးတက်မဲ့ အလားအလာလည်း ရှိသေးတယ်။ ရှင့်ဘာသာ တစ်ဖက်စွန်း ဖြစ်အောင် ဖိအားပေးဖို့ မလိုပါဘူး။ မဟုတ်ရင် တလွဲတွေ ဖြစ်သွားလိမ့်မယ်”
ဝမ်ဝေ့က ထိုအရာကို ကြားပြီးနောက် သူ့အပြုအမူများသည် တစ်ဖက်စွန်း ဖြစ်သွားကြောင်း သဘောပေါက်လိုက်သည်။ ထိုအပြုအမူများက ကိစ္စများကို သတိကြီးကြီးဖြင့် ကြိုတင်ပြင်ဆင်ထားတတ်သည့် သူ့အကျင့်စရိုက်မှ ကွဲထွက်နေသည်။
သူက ပြန်လည်သုံးသပ်လိုက်ပြီးသည့်နောက် သူ အလျှင်စလို အင်အားတိုးတက်စေလိုသည့် အကြောင်းအရင်းက တိထျန်းနှင့် တွေ့ဆုံလိုက်၍မှန်း သဘောပေါက်သွားသည်။ ထိုလူနှင့် တွေ့ဆုံပြီးကတည်းက သူ့အလိုလိုသိစိတ်က အပြင်းအထန် တုံ့ပြန်လာပြီး ရောက်ရှိလာမည့် အန္တရာယ်အကြောင်း ဆက်တိုက် သတိပေးနေသည်။
ပို၍ အရေးကြီးသည်က သူ့အင်အား မည်မျှတိုးတက်လာစေကာမူ သူ့အလိုလိုသိစိတ်က ထိုလူသည် သူ့ထက် ပို၍ အားကောင်းကြောင်း ဆက်တိုက်ပြောပြနေဆဲ ဖြစ်၏။ ထို့ကြောင့် သူက ကန့်သတ်ချက်ကျော်လွန်အောင် အတင်းဖိအားပေးခဲ့သော်လည်း ထိုခံစားချက်က မပျောက်ကွယ်သွားခဲ့ပေ။
သို့သော်လည်း ဝူဟုန်၏ စကားများကို ကြားလိုက်ပြီးနောက် သူက အားအကောင်းဆုံး ကောင်းကင်ရွေးချယ်ခံကို အာရုံစိုက်ထားလွန်းကြောင်း သတိပြုမိသွားသည်။ ထိုစဉ် အားအကောင်းဆုံးကို ကျော်လွန်ခြင်းက ဘာအဓိပ္ပါယ်မှ မရှိချေ။ အကြောင်းမှာ သူတို့အားလုံးက သဘာဝလွန်အဆင့် ဖြစ်သည့် အားနည်းသော ကျင့်ကြံသူများသာ မဟုတ်ပါလော။
သူတို့ထဲမှ တချို့က သူတို့အဆင့်ထက် ကျော်လွန်၍ အဆင့်မြင့် ကျင့်ကြံသူတချို့နှင့် တိုက်ခိုက်နိုင်လျှင်ပင် သူတို့က ကျင့်ကြံရေး၏ စတုတ္ထမြောက် အဆင့်တွင်သာ ရှိသေးသည့် အချက်ကို မပြောင်းလဲနိုင်ပေ။ သူတို့အတွက် ဆက်လက် တိုးတက်ရမည့် အလားအလာတွေ ရှိနေသေး၏။ ထို့ကြောင့် ယခုအဆင့်တွင် အားအကောင်းဆုံးက မည်သူဖြစ်ဖြစ် အရေးမပါပေ။ အားအကောင်းဆုံး ဂုဏ်ပုဒ်ကား ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင်သာ အရေးပါလေသည်။ အကြောင်းကား ထိုလူက ပလ္လင်ပေါ်တွင် ထိုင်မည့်လူ ဖြစ်လာ၍ ဖြစ်သည်။
ထိုအရာကို သတိပြုမိလိုက်ပြီးနောက် ဝမ်ဝေ့၏ စိတ်အခြေအနေက သိမ်မွေ့သွားကာ ဝူဟုန်ကို ကျေးဇူးတင်လိုက်သည်။ သူ့မိဘများနှင့် ဂိုဏ်းမှ အကြီးအကဲများကလည်း သူ့ကို အတူတူပြောခဲ့သော်ငြား သူတို့စကားများကို နားမထောင်ခဲ့ပေ။ သို့သော် ဝူဟုန်က သူ့ခေါင်းမာတတ်သည့် အကျင့်စရိုက်ကို ထိုးဖောက်နိုင်မည့် နည်းလမ်း ရှိနေပုံပေါ်၏။
ထိုစွမ်းဆောင်ရည်က သူ့အမေ ယုယန်အား စိတ်တိုသွားစေသည်။ သူမက သားဖြစ်သူသည် အမေဖြစ်သူ စကားကို နားမထောင်ဘဲ လက်တွဲဖော် စကားကိုသာ နားထောင်၍ စိတ်မကောင်း ဖြစ်သွားကြောင်း ဝမ်ဝေ့ ပြန်ကြားသိလိုက်ရသည်။
ဝမ်ဝေ့က သူ့အမေအား ဝူဟုန်အစား သူ့အပေါ် ဘာလို့စိတ်ဆိုးနေတာလဲဟု မေးသည့်အခါ သူက သူမနှင့် မယှဉ်နိုင်ကြောင်း ပြောလာသည်။ ထိုအခါမှ မိသားစုထဲမှ သူ့နေရာသည် ဖြည်းဖြည်းချင်းဖြင့် ဝူဟုန် အစားထိုးဝင်ရောက်လာကြောင်း သိလိုက်ရ၏။
မည်သို့ပင်ဆိုစေကာမူ မိသားစုကိစ္စများ ရှိသော်လည်း သူ့အနေနှင့် အတွင်းအင်္ဂါသုံးခုကို လေ့ကျင့်နိုင်ခဲ့ပြီး လိုအပ်သည့် ပစ္စည်းများကိုလည်း စုပ်ယူနိုင်ခဲ့လေသည်။