စိတ်သောက
Vol. 18 Ch. 241
အခန်း(၂၄၁) : စိတ်သောက
ထိုအားကောင်းသည့် မျိုးနွယ်များက ထိုအဖြစ်ဆိုး ဖြစ်လာခွင့်ပြုကြမည် မဟုတ်သည်မှာ အသိသာကြီး ဖြစ်၏။ ထို့ကြောင့် သူတို့က ငြိမ်းချမ်းသည့် သဘာဝရှိသော်လည်း လူသားမျိုးနွယ်ကို သုတ်သင်ကာ သူတို့မြင့်တက်လာမှုကို တားဆီးဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ယခု လူသားမျိုးနွယ်က ဆက်လက်ရှင်ကျန်နေပြီး လက်ကျန် ကမ္ဘာဦးနတ်ဘုရာများနှင့် ပင်ကိုနတ်ဆိုးများကို တားမြစ်နယ်မြေတချို့မှအပ အသင်္ချေအင်ပါယာကမ္ဘာအတွင်း မတွေ့ရသည့် အချက်အရ သူတို့ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း ထင်ရှားနေသည်။
အမှန်တကယ် ဘာဖြစ်ခဲ့သည်ကိုတော့ ဝမ်ဝေ့က အနာဂတ်မှာ သူကိုယ်တိုင် ရှာကြည့်မည့် အရာ ဖြစ်လာလိမ့်မည်။
…………
လက်ရှိကို ပြန်ပြောကြလျှင် …
ပင်ကိုရတနာများက ကမ္ဘာဦးခေတ်ကာလမှ မိုးမြေကြား ဟွင်သွမ်းချီနှင့် ပင်ကိုချီနှစ်မျိုးလုံးဖြင့် သန့်စင်ခံရ၍ မွေးဖွားလာသော ရတနာများ ဖြစ်လေသည်။ တချို့သာ ကမ္ဘာကြီးထဲ ကျန်ရှိတော့ပြီး ရှေးဟောင်းဧကရာဇ်ခေတ်ကာလကတည်းက တည်ရှိခဲ့သည့် အလွန်ရှေးကျသည့် ဂိုဏ်းတချို့ကသာ ထိန်းသိမ်းထားနိုင်သည်။
ဝမ်ဝေ့အတွက်မူ သူ့အသည်းကို မွမ်းမံပြုပြင်ပေးနိုင်ဖို့ အသက်ဓာတ် ပမာဏမြောက်များစွာ ပါဝင်နေသည့် သစ်သားဓာတ် ပင်ကိုရတနာကို အသုံးပြုခဲ့သည်။ တကယ်တော့ ထိုအတွင်းရှိ အသက်ဓာတ်က သေခါနီး မဟာဧကရာဇ်ကိုပင် ပြန်လည်ကုစားပေးနိုင်ဖို့ လုံလောက်ပေသည်။
ထို့အပြင် ထိုပစ္စည်းက သူ့အား နောက်ထပ် လေ့ကျင့်မည့် အစိတ်အပိုင်းဖြစ်သည့် သွေးကို ကူညီပေးလိမ့်မည်။
သူက သူ့ကျောက်ကပ်ကို မွမ်းမံသန့်စင်ရန်အတွက် ကံကြမ္မာဝဋ်ဆေးကြောရေး ရေစင် တစ်စက်ကို အသုံးပြုခဲ့သည်။ မှတ်တမ်းများအရ ထိုရေစင်သည် လူတစ်ယောက်၏ ကံကြမ္မာဝဋ်ကို ဆေးကြောပေးနိုင်စွမ်း ရှိ၏။ သို့သော်လည်း ကမ္ဘာထဲ ထိုပစ္စည်းကျန်ရှိမှု ရှားပါးလွန်းသည့်အတွက် ထိုကောလဟာလကို အတည်မပြုနိုင်ခဲ့ပေ။
ထိုမဟုတ်လျှင် အင်အားစုအများစုက ထိုပင်ကိုရတနာကို ယုတ္တိမတန်လွန်းသည်ဟု မြင်ကြလိမ့်မည်။ ထိုအရာဖြင့် သူတို့၏ ကံကြမ္မာဝဋ်ကို ဆေးကြောဖို့ မဟာဧကရာဇ်၏ အကူအညီ မလိုအပ်တော့ပေ။ သူတို့တပည့်များကလည်း ကျရှုံးမှုတစ်ခုအပြီး နောက်ထပ် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအတွက် ပြန်လည်တိုက်ခိုက်နိုင်ရန် သူတို့ဘာသာ စည်းပိတ်ကာ နေဖို့ မလိုတော့ပေ။
ထိုပင်ကိုရတနာနှစ်ခုက တာအိုအခွင့်အလမ်းဂိုဏ်းက ဓာတ်ငါးပါးနှင့် ပတ်သက်လာသည့်အခါ ပိုင်ဆိုင်မှုထဲ ရှိထားသည့်အရာများ ဖြစ်လေသည်။ ဝမ်ဝေ့ အသုံးပြုထားသည့် တတိယပစ္စည်းမှာ မဟာကျိုးတော်ဝင်တိုင်းပြည်က ကျီစုန့်ကို မျှော်နန်းဆောင် စစ်ဆေးမှုထဲ ဝင်ခွင့်ရဖို့ ကမ်းလှမ်းထားသည့် အရာ ဖြစ်၏။
ထိုအရာကို အမြစ်သတ္တုဟူ၍ ခေါ်ဆိုပြီး နာမည်အတိုင်း ကျင့်ကြံသူအားလုံး မှတ်ယူထားကြသော ချီက သတ္တုဓာတ်၏ ဇစ်မြစ် ဖြစ်လေသည်။
ဝမ်ဝေ့က ထိုပစ္စည်းကို လက်ခံရရှိပြီးနောက် သူ့အဖေ၏ အားကျနေသည့် အမူအရာကို မှတ်မိနေသေးသည်။ အကြောင်းအရင်းက ထိုပင်ကိုရတနာသည် ဓားကောင်းတစ်လက် ဖန်တီးဖို့ အပြီးပြည့်စုံဆုံး သတ္တုဖြစ်နေ၍ ဖြစ်သည်။ သူ့ပြောစကားအရ ထိုပစ္စည်းက ဓားသမားတိုင်း၏ အိပ်မက်ပစ္စည်း ဖြစ်လေသည်။
ဝမ်ထျန်းက ထိုပစ္စည်းကို တိတ်တဆိတ် သိမ်းဆည်းမထားဘဲ သူ့သားကို ထုတ်ပြောဖို့ရာ အင်မတန် ကြိုးစားအားထုတ်ခဲ့ရသည်။
သူ လိုအပ်နေသည့် ပစ္စည်းနှစ်မျိုးကိုတော့ သူ့ဘာသာ ရှာဖွေရမည် ဖြစ်သည်။ သို့သော်လည်း သူက မရှာဖွေရသေးသည့် လျို့ဝှက်နယ်မြေများထဲ၌ ပင်ကိုရတနာတချို့ ကျန်ရှိနေသေးကြောင်း သိ၍ ရှာမတွေ့မည်ကို စိတ်မပူပေ။
သူ့စွမ်းရည်ကို ကံကြမ္မာသားတော် ဖြစ်လာဖို့ အသက်သွင်းလိုက်သရွေ့ မြေဓာတ်နှင့် မီးဓာတ် ဆက်နွယ်နေသော ပင်ကိုရတနာနှစ်မျိုးကို တွေ့လာလိမ့်မည်ဟု ယုံကြည်ထားသည်။ သို့သော်လည်း သူက ထိုစွမ်းရည်ကို အသုံးမပြုလိုပေ။
သူ့သိထားသလောက် ကံကြမ္မာသားတော်များသည် ကမ္ဘာ၏ စိတ်ဆန္ဒ သို့မဟုတ် အတိအကျဆိုရလျှင် ကောင်းကင်တာအိုမှ ချီးမြင့်ထားခြင်းသာ ဖြစ်၏။ အကြောင်းအရင်းက ကမ္ဘာတွင် အန္တရာယ်ရင်ဆိုင်ရသည့်အခါ ကောင်းကင်တာအိုက ကမ္ဘာကို ကယ်တင်ပေးဖို့ တစ်ယောက်ယောက် လိုအပ်ခဲ့၍ ဖြစ်သည်။
မိုးမြေ စည်းမျဉ်းများက အကြွင်းမဲ့ မျှတလေသည်။ ထို့ကြောင့် ကံကြမ္မာသားတော် အပါအဝင် မည်သူကမှ ကံကြမ္မာချုပ်နှောင်ခြင်းမှ မလွတ်မြောက်နိုင်ပေ။ ကံကြမ္မာသားတော် ဟူသော သူတို့ဂုဏ်ပုဒ်က ကောင်းကင်သွေဖယ်နေသည့် ကံကောင်းမှု သို့မဟုတ် ချမ်းသာကြွယ်ဝမှုကို ချီးမြင့်ပေးထားသော်လည်း ပြန်လည်ပေးဆပ်ဖို့ တန်ကြေးတစ်ခု လိုအပ်လေသည်။
ထို့အပြင် ထိုကံကြမ္မာသားတော်များက သူတို့ကံကြမ္မာဝဋ်ကို ပြန်ပေးဆပ်ပြီး သူတို့ကို ထိုအဆင့်အတန်း ပေးအပ်ထားသည့် ကမ္ဘာကြီးအား ကယ်တင်ပြီးသည့်အခါ သူတို့အနာဂတ်အတွက် မြောက်များစွာသော ကံကောင်းမှုများဖြင့် ချီးမြင့်ခံရလိမ့်မည်။ ထို့နောက် သူတို့ဆီမှ ဂုဏ်ပုဒ်ကို ပြန်သိမ်းသွားမည် ဖြစ်၍ ကံကြမ္မာသားတော် ဆိုသည်မှာ အကျိုးမြတ်များစွာနှင့် ယာယီအလုပ်တစ်ခုထက် မပိုပေ။
သို့သော်လည်း ထိုအရာက အမြဲတမ်းအတွက် မဟုတ်ပေ။ တစ်ခါတလေ ကံကြမ္မာသားတော်အဖြစ် ရွေးချယ်ခံရသည့် လူတစ်ယောက်က ကောင်းကင်တာအိုဖြင့် သဘောမတူညီမှုများ ရှိနေသည့်အခါ သူတို့တာဝန် ပြီးမြောက်သွားပြီးနောက် ဂုဏ်ပုဒ် ပြန်လည်ရုတ်သိမ်းခံရသည့်အခါ ဘာမှမကျန်ရှိခဲ့ကြပေ။
ထိုလူများ၏ ကံကြမ္မာက အတော်လေး ဆိုးရွားလေသည်။ သူတို့ လုပ်ချင်တာ လုပ်လို့ရသည်၊ အသက်ဆက်ရှင်ကျန်လိမ့်မည်ဟု အတွေးမျိုးရှိထားကြသည့် လူအများစုက ကာကွယ်ပေးမည့် အားကောင်းကောင်း ချီကံကောင်းမှု မရှိဘဲ သူတို့၏ ဉာဏ်နည်းမှုကြောင့် သေဆုံးခြင်းနှင့်သာ အဆုံးသတ်သွားတတ်သည်။
လူတစ်ယောက်က ကောင်းကင်တာအို၏ အကူအညီမပါဘဲ ကံကြမ္မာသားတော် ဖြစ်လာနိုင်သည် တစ်ခုတည်းသော အကြောင်းအရင်းမှာ ကမ္ဘာကြီးကို အုပ်စိုးပြီး တစ်ကမ္ဘာလုံး၏ ချီကံကောင်းမှုများကို စုဆောင်းဖို့ ဖြစ်သည်။ ထိုအရာကို သိပ်သည်းစေကာ ကိုယ့်ဘာသာ လွှမ်းခြုံစေသည့်အခါမှ မြေကံကောင်းမှုက ကောင်းကင်ကံကောင်းမှုအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ဤသည်မှာ စွင်းကျောင်းလုံတစ်ယောက် လူသားကြမ္မာဓားမှတဆင့် ကံကြမ္မာသားတော် ဖြစ်လာပုံလည်း ဖြစ်သည်။
…………………
ယခု ပြိုင်ပွဲကို ပြန်ကြည့်ကြလျှင် …
တတိယပြိုင်ပွဲ အဆုံးသတ်သွားပြီးနောက် ပြိုင်ပွဲဝင်အားလုံးက ယခင်ပွဲစဉ်များ ကျင်းပခဲ့သည့် လျို့ဝှက်နယ်မြေမှ ထွက်လာကြသည်။ နောက်ဆုံးပွဲစဉ်က ပြိုင်ပွဲဝင်များ တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ရမည် ဖြစ်ပြီး ကျောင်းတော်၏ ဧရာမ ရုံကြီးအတွင်း ကျင်းပမည် ဖြစ်သည်။
သို့သော်လည်း အရာအားလုံး မစတင်ခင် ကျန်ရှိနေသည့် ပြိုင်ပွဲဝင် အယောက်တစ်ထောင်က အနားယူဖို့ လအနည်းငယ်ခန့် အချိန်ရလေသည်။ ထိုအချိန်အတွင်း သူတို့က သူတို့နေထိုင်ရာ ကျောင်းတော်၏ အဆောက်အဦးအတွင်း နေထိုင်နိုင်သလို ကျောင်းတော်၏ မြို့များ သို့မဟုတ် ပိုင်နက်များထဲ သွားလည်နိုင်သည်။ သို့မဟုတ် သူတို့က သူတို့ဂိုဏ်းဆီလည်း ယာယီ ပြန်သွားနိုင်လေသည်။ အားလုံးက သူတို့ရွေးချယ်မှုအပေါ်သာ မူတည်လေ၏။
ကျောင်းတော်၏ အဆောက်အဦးတစ်ခုအတွင်း …
အစီအရင်အားလုံးကို အသက်သွင်းလိုက်ပြီးနောက် ဖန်းလီက သူ့ဘာသာ ရေရွတ်လိုက်သည်။
“အားလုံးကလည်း ငါ့ကို စောင့်ရှောက်ပေးနေကြတာဆိုတော့ ကျောင်းတော်ထဲမှာဆို အခုတော့ ဘေးကင်းလိမ့်မယ်။ ပြိုင်ပွဲပြီးသွားရင် ငါ ထိပ်တန်းအယောက် ၃၀ ထဲက နေရာကို ရယူပြီး ကောင်းကင်ကာကွယ်ရေး စာအုပ်ပေါ်မှာ နာမည်ကို ရေးထွင်းမယ်။ အဲလိုဆို ငါ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မရောက်ခင်အထိ အသတ်မခံရတော့ဘူး။ အဲဆို ငါ နှစ်ထောင်ချီ ဘေးကင်းကင်း နေလို့ရတယ်။
ပြဿနာက ငါ အဲဒီနောက်ကျ ဘာလုပ်ရမလဲဆိုတာပဲ။ ငါ အင်အားစုထဲက တစ်ခုကို ဝင်လိုက်ရမလား … အဲလိုဆိုရင် ဘယ်ဟာကို ရွေးချယ်ရမလဲ။
သောက်ဧကရာဇ်မျိုးနွယ်တွေ … ငါ့ဆီမှာ ဘာမှမရှိတုန်းကကျ ငါ့ပါရမီနိမ့်တယ်ဆိုပြီး ဘယ်သူကမှ လက်မခံချင်ကြဘူး။ အခု ငါ့ဘာသာ ဧကရာဇ်ကျမ်း ရှိလာပြီလည်း ဆိုရော ငါက အရသာအရှိဆုံး အသားတုံးကြီး ဖြစ်သွားပြီပေါ့ …
အဲဒီသောက်ကြောင်သူတော်တွေ ကျစ် … ငါ တုံးလို့သာ ဖြစ်ရတာ ငါ့ကိုယ်ငါပဲ ကျိန်ဆဲသင့်တယ်။ ငါ့မှာ ယင်ဝိညာဉ်ဧကရာဇ်ရဲ့ အမွေအနှစ် ရှိနေမှန်း ထုတ်ပြမိရင် ဒုက္ခတွေသယ်လာမယ်ဆိုတာလည်း သိသိကြီးနဲ့ လုပ်ခဲ့မိတာ … သူ့ကျမ်းက သေလူတွေကိုတောင် ပြန်ခေါ်နိုင်တယ်ဆိုပြီး ကောလဟာလတွေ ရှိထားတော့ ပိုဆိုးပြီ ”
ထို့နောက် ဖန်းလီက ခပ်သွက်သွက် လျှောက်လိုက်သည်။ သူက အခြေအနေကို တွေးမိလေလေ ပို၍ စိတ်သောကရောက်လာလေလေ ဖြစ်၏။ သူ့နဖူးမှ ချွေးများပင် စီးကျလာသည်။ သဘာဝလွန်အဆင့် ကျင့်ကြံသူများတွင် ထိုသို့ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ပေါ်မထွက်လာသင့်တော့ပေ။ အထူးသဖြင့် ဧကရာဇ်ကျမ်းကို ကျင့်ကြံထားသူတစ်ဦးအနေနှင့် ဖြစ်၏။
“ငါ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ရောက်တာနဲ့ အသင်္ချေအင်ပါယာကမ္ဘာကနေ တိတ်တဆိတ် ထွက်သွားပြီး ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင်အထိ သိုသိုသိပ်သိပ်နေရမလား။ ဒါပေမဲ့ ငါ့လိုမျိုး လေလွှင့်ကျင့်ကြံသူက တခြားအလွှာတွေဆီ သွားနိုင်ဖို့ စွမ်းရည် ဘယ်လိုလုပ်ရှိမှာလဲ။ ဒါမှမဟုတ် လေလွှင့်ကျင့်ကြံသူ အဖွဲ့အစည်းကို ဆက်သွယ်လိုက်ရမလား။ မဖြစ်သေးဘူး … အဲဒီလူတွေက ဧကရာဇ်မျိုးနွယ် ကြောင်သူတော်တွေနဲ့ အတူတူပဲ။ သူတို့က ငါ့အမွေအနှစ်ကို တောင်းကြလိမ့်မယ်…
တောက် ယင်ဝိညာဉ်ဧကရာဇ် …. ခင်ဗျားက ကျွန်တော်အတွက် တခြားအရင်းအမြစ် မထားခဲ့ရတာလဲ၊ အမွေအနှစ်တစ်ခုတည်းပဲ ထားခဲ့ရတာလဲ။ တခြားသူတွေပေါ် မမှီခိုဘဲနဲ့ ကိုယ့်ဘာသာ အားကိုးဖို့က ဘာသောက်အကြောင်းတွေလဲ။
အဲဒီကောင်းကင်ရွေးချယ်ခံတွေက သူတို့ နောက်ခံကို မမှီခိုဘဲ သူတို့လိုအပ်တဲ့ အရင်းအမြစ်ကို ကိုယ့်ဘာသာ ရှာကြတာ တွေ့ဖူးလို့လား။ သူတို့အားလုံးက ကိုယ့်ဘာသာ အားကိုးတာ မြင်ဖူးလို့လား။
မဟာဧကရာဇ် ဖြစ်လာခဲ့တဲ့ လေလွှင့်ကျင့်ကြံသူတစ်ဦးအနေနဲ့ ခင်ဗျားလည်း ဒီကမ္ဘာထဲမှာ ကျွန်တော်တို့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သိမှာပဲ။ အဲဒါနဲ့များ ကျွန်တော်အတွက် ကျင့်ကြံနိုင်ဖို့ အရင်းအမြစ်များများ ဘာလို့မချန်ထားခဲ့ရတာလဲ”
ဖန်းလီက ဆံပင်များဆွဲကာ အော်ဟစ်နေသည်။ သူက ရှေ့နောက်လျှောက်နေသောကြောင့် ခြေသံများလည်း ပဲ့တင်ထွက်နေသည်။
ငါ ဘာလုပ်ရမလဲ … ဘာလုပ်ရမလဲ …
သူက မှော်ဆန်ဆန် အဖြေ ပေါ်လာမည်ကို စောင့်ဆိုင်းနေသည့်အလား သူ့ဘာသာ မနားတမ်း ရေရွတ်နေသည်။
ကောင်းပြီ …
“ မင်းရဲ့ကျမ်းကို လက်လွဲပေးမလား ဒါမှမဟတ် မင်းရဲ့ အလောင်းကနေ ငါ့ဘာသာ ယူရမလား” အေးစက်စက် အသံတစ်သံက တင်းတင်းကျပ်ကျပ် ကာကွယ်ထားသည့် အခန်းအတွင်း ထွက်ပေါ်လာသည်။