အခန်း (၅၆၀-၅၆၂)
Vol. 38 Ch. 560-562
အခန်း ၅၆၀ - ဖိနှိပ်ခြင်း
ခြေရှစ်ချောင်း ပင်လယ်နဂါးကို ရင်ဆိုင်နေရသော်လည်း ယီယွင်မှာ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူ၏ အာရုံခံစားမှုဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးကို အပြည့်အဝ နားလည်ထားပြီး ဖြစ်သည်။
ထိုအချိန်တွင် ခြေရှစ်ချောင်း ပင်လယ်နဂါးမှာ ရေမျက်နှာပြင်ပေါ်သို့ အပြည့်အဝ ရောက်ရှိလာပြီဖြစ်သည်။ ရေကန်ကြီးနှစ်ခုကဲ့သို့ ဧရာမ မျက်လုံးကြီးများက ယီယွင်နှင့် လင်ရှင်းထုံကို စိုက်ကြည့်နေပြီး ၎င်း၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအနည်းငယ်နှင့်အတူ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။
ရုတ်တရက် ပေါ်လာသော ဤစုံတွဲမှာ အလွန်သန့်စင်သော ကမ္ဘာကြီး၏ စွမ်းအင်များကြောင့် ဖြစ်ပေါ်လာခြင်းဟု ၎င်းက ယူဆထားသည်။ အကယ်၍ ဤနှစ်ယောက်ကိုသာ ဝါးမျိုနိုင်ပါက ၎င်း၏ စွမ်းအားမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ပြီး ဆင့်ကဲပြောင်းလဲမှု ပင် ဖြစ်ပေါ်နိုင်သည်ဟု တွေးတောနေသည်။
ဤစုံတွဲမှာ ၎င်းကို အန္တရာယ်ရှိသော ခံစားချက်ကြီး ပေးနေသော်လည်း ဆင့်ကဲပြောင်းလဲလိုသည့် အလိုရမ္မက်က ၎င်းကို မထိန်းချုပ်နိုင်အောင် ဖြစ်စေသည်။ ၎င်း၏ လက်တံရှစ်ခုမှာ ရေပြင်ပေါ်သို့ ထိုးထွက်လာပြီး ယီယွင်တို့ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
လက်တံများ၏ အဖျားရှိ မေးရိုးကြီးများမှာ အစာရှာနေသည့် ဧရာမ မြွေဟောက်ကြီးများကဲ့သို့ ပါးစပ်များကို ဟထားကြသည်။
"မိတ်ဆွေတို့... သတိထားကြ အဲဒါ ခြေရှစ်ချောင်း ပင်လယ်နဂါးပဲ။ ပင်လယ်တစ်ခုလုံးကို မှောက်လှန်နိုင်တဲ့ကောင်၊ မင်းတို့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ အမြန်ဆုံး ထွက်ပြေးကြတာ အကောင်းဆုံးပဲ"
ထိုအချိန်တွင် ယီယွင်နှင့် လင်ရှင်းထုံ၏ နားထဲသို့ စွမ်းအင်ဖြင့် ပို့လွှတ်သော အသံတစ်ခု ရောက်ရှိလာသည်။ ၎င်းမှာ ဦးလေးကြီးကျိုး၏ အသံပင် ဖြစ်သည်။
ကျိုးသည် အလွန်ပင် စိုးရိမ်ထိတ်လန့်နေမိသည်။ သူက အန္တရာယ်ကြားမှ သတိပေးလိုက်ခြင်းမှာ စေတနာသက်သက်ကြောင့်တင် မဟုတ်ဘဲ ဤစုံတွဲကို ပင်လယ်နဂါး၏ ဗိုက်ထဲတွင် အလကား အသေမခံလိုခြင်းကြောင့်လည်း ဖြစ်သည်။
အကယ်၍ ယီယွင်တို့က ပင်လယ်နဂါး၏ အစွမ်းကို သိ၍ ထွက်ပြေးမည်ဆိုပါက ၎င်း၏ အာရုံစိုက်မှုကို ဆွဲခေါ်သွားပေးမည် ဖြစ်သည်။ ပင်လယ်နဂါး၏ သဘာဝအရ သားကောင်ကို လွှတ်ပေးလေ့မရှိသဖြင့် သူတို့နောက်သို့ လိုက်သွားပေလိမ့်မည်။
ထိုအခါမှသာ ကျိုးသည် သူ၏ တပည့်လေးများကို ခေါ်၍ အခွင့်ကောင်းယူကာ ထွက်ပြေးနိုင်မည် ဖြစ်သည်။ ပေါ်ထွက်လာသည့် ရတနာနှင့် ပတ်သက်၍မူ သူ လုံးဝ မမျှော်လင့်တော့ပေ။ ပင်လယ်နဂါးက သူတို့ကို သိနေသော်လည်း ရတနာနှင့် ဤစုံတွဲကို ပိုစိတ်ဝင်စားနေ၍သာ လွှတ်ထားခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းနားလည်သည်။
အကယ်၍သာ ရတနာကို သွားထိမိပါက ၎င်း၏ ဒေါသကို ဆွပေးသလိုဖြစ်ပြီး အသေဆိုးနှင့် သေရပေလိမ့်မည်။
သူသည် စေတနာဖြင့် သတိပေးလိုက်ပြီ ဖြစ်ရာ ဤစုံတွဲမှာ သူ့စကားကို မယုံကြည်လျှင်ပင် အနည်းဆုံးတော့ ခံစစ်ပြင်ရန် အကွာအဝေးတစ်ခုသို့ ဆုတ်ခွာမည်ဟု သူ ထင်ထားသည်။ အနည်းဆုံးတော့ ပင်လယ်နဂါး၏ ပါးစပ်ရှစ်ခုထဲသို့ အစာကျွေးသလိုမျိုး ရေမျက်နှာပြင်နှင့် ကပ်မနေသင့်ပေ။
သို့သော် နောက်ထပ်မြင်ကွင်းက ကျိုးကို ဆွံ့အသွားစေသည်။ သူ၏ သတိပေးသံကို ကြားပြီးနောက် အသက် ၂၀ ကျော် လူငယ်မှာ သူ့ဘက်သို့ တစ်ချက်မျှသာ ဝေ့ကြည့်လိုက်ပြီး လုံးဝ လျစ်လျူရှုထားလိုက်သည်။ ထို့နောက် သူ၏ စကြာဝဠာအိတ်ထဲမှ ရွှေရောင် လေးတစ်လက်ကို အေးအေးလူလူ ထုတ်ယူလိုက်သည်။
ထိုလေးမှာ နဂါးနှင့် ဖီးနစ်ရုပ်များဖြင့် တန်ဆာဆင်ထားပြီး အလွန်အမင်း တောက်ပြောင်လှပနေသည်။ သို့သော် ကျိုး၏ အမြင်တွင်မူ ၎င်းမှာ သူဌေးသားများ အပျော်တမ်း အမဲလိုက်ရာတွင် ကြွားဝါရန် အသုံးပြုသည့် အလှပြ လေးတစ်လက်နှင့်သာ တူနေသည်။
အမှန်တကယ် သတ်ဖြတ်နိုင်သော လေးဆိုသည်မှာ အတွင်း၌သာ စွမ်းအားရှိပြီး အပြင်ပန်းမှာ ရိုးရှင်းနေရမည်ဖြစ်ကာ တိုက်ခိုက်သည့်အခါမှသာ ကမ္ဘာကြီးကို တုန်လှုပ်စေရမည် ဖြစ်သည်။
"ဒီလူအနှစ်နှစ်ယောက်က မပြေးကြဘူးလား" ကျိုးမှာ အလွန် စိုးရိမ်သွားသည်၊ "သူတို့ ငါတို့ကိုပါ သတ်တော့မှာပဲ။ ထားလိုက်တော့... အားလုံး လူစုခွဲပြီး ပြေးကြမယ်။ ဆက်စောင့်နေလို့ မဖြစ်တော့ဘူး"
ကျိုးသည် ယီယွင်နှင့် လင်ရှင်းထုံကို သွေးမြေကျခြင်းအား တစ်ခါမျှ မမြင်ဖူးသည့်၊ လောကအကြောင်း မသိသော သူဌေးသား ပါရမီရှင်များဟု သတ်မှတ်လိုက်သည်။ ထိုကဲ့သို့သော သူများသည် အိမ်တွင် လူအချို့ကို နိုင်ရုံနှင့် မိမိကိုယ်ကိုယ် အနှိုင်းမဲ့ဟု ထင်မှတ်နေတတ်ကြပြီး ပြင်ပလောကတွင်မူ အသေဆိုးနှင့် သေကြရမြဲ ဖြစ်သည်။
သူတို့သည် ပင်လယ်နဂါး၏ ဗိုက်ထဲတွင် အချိန်ဆွဲပေးရန်ပင် အသုံးတည့်မည် မဟုတ်ပေ။ ယခု မပြေးလျှင် နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်။
လူစုခွဲပြေးရန် အမိန့်ကြားလိုက်သည့်အခါ တိမ်လွှာဂိုဏ်း တပည့်အားလုံး မျက်နှာပျက်သွားကြသည်။ ထိုစကား၏ အဓိပ္ပာယ်မှာ "တတ်နိုင်သမျှ လူအများဆုံး လွတ်အောင်ပြေးကြ" ဟု ဆိုလိုခြင်းပင်။ အထူးသဖြင့် ဘဲဥပုံမျက်နှာနှင့် မိန်းကလေးမှာ ကြောက်လန့်လွန်း၍ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော်နေသည်။
သူမမှာ အသက်ငယ်သေးသလို အရှိန်လည်း မမြန်လှသဖြင့် အစာအဖြစ် ဝါးမျိုခံရမည်မှာ သေချာသလောက် ရှိနေသည်။ ထိုအချိန်တွင် သူမကို အမြဲ အဖော်လုပ်ပေးတတ်သော စီနီယာအစ်ကိုကြီးများမှာလည်း သေရေးရှင်ရေးဖြစ်သဖြင့် ခေါင်းငုံ့ထားကြရုံမှအပ ဘာမျှ မတတ်နိုင်ကြချေ။
"အဆင်သင့်ပြင်... ငါ အချက်ပေးတာနဲ့ ပြေးကြ" ဟု ကျိုးက ဆိုလိုက်သည်။ ထိုခဏတွင်ပင် ပင်လယ်ထဲမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ တောင်ကြီးတစ်လုံး ပြိုကျသကဲ့သို့ ပင်လယ်ရေများမှာ လေလှိုင်းများနှင့်အတူ ပန်းထွက်လာပြီး ရေတံတိုင်းကြီးတစ်ခုနှယ် ဖြစ်ပေါ်သွားတော့သည်။
ယီယွင်က လက်နက်ထုတ်သည်ကို မြင်လိုက်သည့်အခါ ခြေရှစ်ချောင်း ပင်လယ်နဂါးမှာ လုံးဝ ဒေါသထွက်သွားပုံရသည်။ ၎င်း၏ ဟိန်းဟောက်သံနှင့်အတူ လက်တံရှစ်ခုမှာ နဂါးများကဲ့သို့ ရေထဲမှ ထိုးထွက်လာပြီး ယီယွင်တို့ထံသို့ တိုက်ခိုက်လိုက်တော့သည်။ ဧရာမ လှိုင်းလုံးကြီးများမှာလည်း ကောင်းကင်အထိ မြင့်တက်လာသည်။
ထိုလှိုင်းလုံးကြီးများအကြားတွင် ယီယွင်မှာမူ မည်သည့် ခံစားချက်မျှ မရှိသကဲ့သို့ တည်ငြိမ်နေသည်။ သူက လေးကို ကိုင်ကာ မြှားတစ်စင်းကို တင်လိုက်သည်။
လေးကို ဆွဲလိုက်သည်၊ ထို့နောက်... ပစ်လွှတ်လိုက်သည်။
"ဖျတ်.....ဝှစ်........"
ကမ္ဘာပျက်မတတ် ဟိန်းဟောက်သံမျိုး မဟုတ်ဘဲ ယီယွင်က မြှားတစ်စင်းကို သာမန်ကာလျှံကာ ပစ်လိုက်သကဲ့သို့ ပေါ့ပါးသော အသံလေးသာ ထွက်ပေါ်လာသည်။ သို့သော် လေးကြိုးပေါ်မှ မြှားမှာမူ တောက်ပသော ရွှေရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လွင့်ပျံသွားတော့သည်။
မြှား၏ အရှိန်မှာ တောက်လောင်နေသော မီးလျှံတစ်ခုကဲ့သို့ အလွန်မြန်ဆန်လှပြီး ခြေရှစ်ချောင်း ပင်လယ်နဂါး၏ နဖူးတည့်တည့်သို့ ချက်ချင်းဆိုသလို စိုက်ဝင်သွားသည်။
"ဒုန်း ဒုန်း ဒုန်း"
လက်တံရှစ်ခုမှာ သူတို့၏ အရှိန်အတိုင်း ဆက်လက် တိုက်ခိုက်လာဆဲ ဖြစ်သည်။ သို့သော် ထိုခဏတွင်ပင် ယီယွင် ပစ်လိုက်သော မြှားစိုက်ဝင်သွားသည့် ပင်လယ်နဂါး၏ နဖူးမှ ပြင်းထန်သော နတ်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ထိုအလင်းတန်းများမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် ထူထဲလှသော လက်တံရှစ်ခုစလုံးမှာလည်း ထိုအလင်းတန်းများ၏အောက်တွင် ပြတ်တောက်သွားရတော့သည်။ သွေးများမှာ ကောင်းကင်သို့ ပန်းထွက်သွားပြီး နေရောင်ခြည်ကိုပင် အနီရောင် ဆိုးလိုက်သကဲ့သို့ ရှိနေသည်။
ဧရာမ ရေဘဝဲကြီးမှာ ပြင်းထန်စွာ တုန်ရီလာပြီး ၎င်း၏ ဦးခေါင်းကြီးမှာ ရွှေနီရောင် မီးလျှံများအဖြစ် စတင်တောက်လောင်လာသည်။ ထိုတောက်လောင်မှုမှာ ပင်လယ်ထဲတွင် နေမင်းတစ်စင်း ပေါ်လာသကဲ့သို့ ပြင်းထန်လှသည်။ ထိုအလင်းတန်းများကြောင့် ကျိုး၏ မျက်နှာမှာလည်း နီမြန်းသွားရသည်။
ခြေရှစ်ချောင်း ပင်လယ်နဂါးမှာ မီးလောင်ကျွမ်းနေပြီး လက်တံရှစ်ခုစလုံး ပြတ်တောက်သွားသည်ကို မြင်လိုက်ရသည့်အခါ ကျိုးသည် အသက်ရှူရပ်မတတ် ဖြစ်သွားပြီး မျက်လုံးများပင် ပြူးထွက်လာတော့သည်။ သူ့ဘေးရှိ တပည့်များမှာလည်း ပါးစပ်အဟောင်းသားနှင့် မှင်သက်နေကြသည်။
သူတို့၏ မယုံကြည်နိုင်သော မျက်ဝန်းများအောက်တွင် လူငယ်လေးမှာ လေးကို ပြန်သိမ်းလိုက်ပြီး ကောင်းကင်သို့ တက်သွားသည့် ရွှေရောင်မီးလျှံများကို ကြည့်နေသည်။ သူ၏ အမူအရာမှာ သာမန်ကိစ္စတစ်ခုကို လုပ်လိုက်ရသကဲ့သို့ အေးဆေးတည်ငြိမ်လွန်းလှသည်။
ဤဖြစ်စဉ်တစ်ခုလုံးတွင် လေးကိုင်ထားသော လူငယ်နှင့် ဘေးမှ အမျိုးသမီးတို့၏ အဝတ်အစားများမှာ ရေတစ်စက်မျှပင် မစိုခဲ့သလို၊ လှုပ်ပင် မလှုပ်ခဲ့ချေ။ အမျိုးသမီး၏ မျက်နှာဖုံးပုဝါလေးမှာပင် လေတိုက်၍ လွင့်ခြင်း မရှိခဲ့ပေ။ ၎င်းမှာ အရာအားလုံးသည် သူတို့နှင့် မတူညီသော အခြားဟင်းလင်းပြင်တစ်ခုတွင် ဖြစ်ပျက်သွားသကဲ့သို့ပင်။
ကျိုးမှာ စကားလုံးများ ပျောက်ရှသွားရသည်။ ဤသည်မှာ ခြေရှစ်ချောင်း ပင်လယ်နဂါးကို သတ်ဖြတ်ခြင်း မဟုတ်ဘဲ ရေဘဝဲလုံးလေး လုပ်စားရန်အတွက် ရေဘဝဲလေးတစ်ကောင်ကို ဖမ်းလိုက်သကဲ့သို့ပင် လွယ်ကူလွန်းနေသည်။
ထိုခဏတွင် ကျိုးမှာ ရင်ထိတ်သွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော် လေးကိုင်ထားသော လူငယ်မှာ သူ့ဘက်သို့ ဝေ့ကြည့်လိုက်ပြီး သူတို့ရှိရာသို့ ဖြည်းဖြည်းချင်း ပျံသန်းလာသောကြောင့် ဖြစ်သည်။
ကျိုးသည် စိတ်များ ထိန်းမရအောင် တုန်လှုပ်လာပြီး မျက်နှာမှာလည်း ဖြူလျော်သွားတော့သည်...။
အခန်း ၅၆၁ - ထျန်းယွမ်လောက၏ လက်ရှိအခြေအနေ
ဦးလေးကြီးကျိုးအတွက်မူ ခြေရှစ်ချောင်း ပင်လယ်နဂါးကို သာမန်ကာလျှံကာ ပစ်သတ်နိုင်သည့် တည်ရှိမှုမျိုးမှာ သူ၏ စိတ်ကူးစိတ်သန်းထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်မျိုးသည် သူ့ကို အကြိမ်တစ်ရာမက သတ်ရန် စိတ်ကူးလိုက်ရုံဖြင့် လုံလောက်နေပြီဖြစ်ရာ သူသည် ထိုသူ၏ရှေ့မှ ထွက်ပြေးရန်ပင် စိတ်မကူးတော့ပေ။ သူ၏နောက်မှ တိမ်လွှာဂိုဏ်း တပည့်များလည်း လွတ်မြောက်ရန် မျှော်လင့်ချက် မရှိတော့ချေ။ လူစုခွဲပြေးလျှင်ပင် အလကားသာ ဖြစ်လိမ့်မည်။
ဤအချက်ကို နားလည်သွားသောအခါ ကျိုးသည် ရုတ်တရက် အကြံတစ်ခု ရလာပြီး ယီယွင်နှင့် လင်ရှင်းထုံကို ကိုယ်တိုင် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးများက သူ့ကို တွေ့ချင်နေမှတော့ သူတို့ လာသည်အထိ သူက မစောင့်သင့်ပေ။
မိမိဘက်က ဦးအောင်သွားရောက်ပြီး ကောင်းမွန်သော အထင်အမြင်တစ်ခု ချန်ထားခဲ့ပါက သူတို့ကို အသက်ချမ်းသာပေးနိုင်ကောင်း ပေးလိမ့်မည်။ ထို့ပြင် ပေါ်ထွက်လာသော ရတနာမှာလည်း ဤမျှ ကြီးမြတ်သူများအတွက် တန်ဖိုးရှိချင်မှ ရှိပေလိမ့်မည်။
"ဒီမှာရှိတဲ့သူတွေ... ငါ့နောက်ကို မြန်မြန်လိုက်ခဲ့ကြ" ကျိုးက ထိတ်လန့်တုန်လှုပ်နေသော တပည့်များကို အမိန့်ပေးလိုက်သည်။
လူငယ်လေးများမှာ ရင်ထဲတွင် တုန်ရီနေကြသော်လည်း သူတို့၏ ကြောက်ရွံ့မှုများကို ဘေးဖယ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လျက် ကျိုး၏နောက်မှ လိုက်ပါလာကြသည်။ ထိုလူစုမှာ မိမိတို့ဘက်သို့ ဦးတည်လာသည်ကို မြင်သောအခါ ယီယွင်က အရှိန်သတ်လိုက်သည်။
"စီနီယာကြီးနှစ်ဦးကို ဂါရဝပြုပါတယ်ခင်ဗျာ" ကျိုးက အငယ်အနှိုင်း တစ်ဦးကဲ့သို့ ရိုသေစွာ ဦးညွှတ်လိုက်သည်။
သူ့ရှေ့မှ အမျိုးသားမှာ ရုပ်ရည်အားဖြင့် သာမန်သာ ဖြစ်သော်လည်း အပြာနုရောင် ဝတ်စုံနှင့် အမျိုးသမီးမှာမူ မျက်နှာဖုံးပုဝါ အုပ်ထားသော်လည်း သူမ၏ အရှိန်အဝါမှာ နတ်သမီးတစ်ပါးနှယ်ပင် ဖြစ်ရာ လူအများကို မိမိကိုယ်ကိုယ် ရှက်စိတ်ဝင်သွားစေလောက်သည်။
ယီယွင်နှင့် လင်ရှင်းထုံမှာ မည်သူမည်ဝါဖြစ်ကြောင်း သူ မသိပေ။ သိုင်းပညာရှင်လောကတွင် အသက်အရွယ်ကို ခန့်မှန်း၍ မရနိုင်သောကြောင့် ဤနှစ်ဦးမှာ ငယ်ရွယ်ပုံရသော်လည်း တောထွက်ကျင့်ကြံနေသော ပညာရှင်ကြီးများ ဖြစ်နိုင်ပေသည်။
"စီနီယာ"
ယီယွင်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။ သူနှင့် လင်ရှင်းထုံတို့ နတ်မျှော်စင်၏ ဆဋ္ဌမအဆင့်သို့ ဝင်ရောက်သွားခဲ့သည်မှာ တစ်နှစ်ခွဲခန့် ရှိပြီ ဖြစ်သည်။ ထို့ကြောင့် ယီယွင်သည် မဟာဧကရီနယ်မြေအတွင်း၌ စုစုပေါင်း (၇) နှစ်နီးပါး နေထိုင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ယခုအခါ အသက် (၂၃) နှစ် ရှိပြီ ဖြစ်သည်။ နယ်မြေထဲ မဝင်မီက လူအများက သူ့ကို "ကလေး" သို့မဟုတ် "ဂျူနီယာ" ဟုသာ ခေါ်ခဲ့ကြသော်လည်း ယခုအခါ "စီနီယာ" ဟု အခေါ်ခံရသည့်အခါ သူက ထူးဆန်းနေမိသည်။
သို့သော် သူက ကျိုးကို ပြန်လည်မပြင်ပေးဘဲ မေးလိုက်သည် ။
"မင်းတို့က ဘယ်သူတွေလဲ"
"စီနီယာရဲ့ မေးခွန်းကို ဖြေရရင်... ဒီအနိမ့်ဆုံးလူက တိမ်လွှာဂိုဏ်းက ဖြစ်ပါတယ်။ ပင်လယ်ထဲကို အခုလို လာတာက တပည့်လေးတွေကို တိုက်ပွဲအတွေ့အကြုံ ရစေချင်လို့ပါ" ကျိုးက ချက်ချင်းပင် ဖြေကြားလိုက်သည်။ သူသည် သူ၏ဂိုဏ်းအမည်ကို သုံး၍ ခြိမ်းခြောက်ရန် စိတ်မကူးပေ။ တိမ်လွှာဂိုဏ်းချုပ်ပင်လျှင် ဤစုံတွဲ၏ ပြိုင်ဘက် မဟုတ်ကြောင်း သူ သိနေသည်။
"တိမ်လွှာဂိုဏ်း..."
ယီယွင်က ထိုကဲ့သို့သော ဂိုဏ်းငယ်လေးကို သိရန် မဖြစ်နိုင်ပေ။ ထျန်းယွမ်လောကရှိ ဂိုဏ်းငယ်များနှင့် မိသားစုအုပ်စုများမှာ ကမ်းခြေမှ သဲပွင့်များကဲ့သို့ များပြားလှသည်။ ထို့ပြင် ယခု သူတို့ရှိနေသော ဒေသမှာလည်း အလွန် ဝေးလံခေါင်သီသော နေရာတစ်ခု ဖြစ်သည်။
"ကောင်းပြီ... မင်းတို့ စိုးရိမ်စရာ မလိုပါဘူး" ကျိုး၏ နဖူးမှ ချွေးများကို မြင်သောအခါ ယီယွင်က ရယ်မောလျက် ဆိုလိုက်သည်။ "ငါတို့နှစ်ယောက်က ပြန်လမ်းမဲ့ ပင်လယ်ရဲ့ အနက်ပိုင်းမှာ တောထွက်ကျင့်ကြံနေတဲ့ ကျင့်ကြံသူ စုံတွဲတစ်တွဲပါ။ အပြင်လောကနဲ့ ကင်းကွာနေတာ ကြာပြီဖြစ်ပေမဲ့ အခုတော့ ထျန်းယွမ်လောကကို လှည့်လည်ရင်း အဆင့်တက်ဖို့ အခွင့်အရေး ရှာချင်တာနဲ့ ထွက်လာခဲ့တာ"
"ငါတို့ နှစ်ယောက်က အခု ထျန်းယွမ်လောကရဲ့ အခြေအနေကို ဘာမှ မသိသေးဘူး။ ဒါကြောင့် ပြောပြစမ်းပါ... အခု အပြင်လောကမှာ အခြေအနေတွေ ဘယ်လို ရှိနေသလဲ" ယီယွင်သည် ကျိုး၏ အထင်အမြင်ကို အသုံးချကာ မိမိကိုယ်ကိုယ် ဝေးလံသော နေရာမှ ကျင့်ကြံသူတစ်ဦးအဖြစ် ဟန်ဆောင်လိုက်သည်။
ထျန်းယွမ်လောက ဝန်းကျင်ရှိ ပင်လယ်ကျွန်းစုများတွင် ဤကဲ့သို့သော တောထွက်ကျင့်ကြံသူ အမြောက်အမြား ရှိကြသည်။ သူတို့သည် ကျွန်းတစ်ကျွန်းကို အခြေပြုကာ လောကကြီးနှင့် အဆက်အသွယ်ဖြတ်၍ ကျင့်ကြံနေတတ်ကြသူများ ဖြစ်သဖြင့် ယီယွင်နှင့် လင်ရှင်းထုံတို့ကဲ့သို့ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်လိုသူများအတွက် အကောင်းဆုံး ဟန်ဆောင်မှုပင် ဖြစ်သည်။
သူ၏စကားကို ပို၍ ယုံကြည်စေရန် ယီယွင်သည် သူ မကြာသေးမီက သတ်လိုက်သော ခြေရှစ်ချောင်း ပင်လယ်နဂါး၏ အလောင်းကို ကြည့်ကာ ချိတ်တံဆိပ် တစ်ခု ပြုလုပ်လိုက်သည်။
ပင်လယ်ရေပြင်ပေါ်တွင် တောင်ငယ်တစ်ခုနှယ် လွင့်မျောနေသော ဧရာမ အလောင်းကြီးမှာ တုန်ရီသွားပြီး ၎င်း၏ နဖူးမှ အလင်းတန်းတစ်ခု ယီယွင်၏ လက်ထဲသို့ ပျံဝင်လာသည်။
ထိုအလင်းတန်းမှာ ယီယွင်၏ လက်ထဲတွင် သေးငယ်သော ရေဘဝဲပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်။ ၎င်းမှာ ခြေရှစ်ချောင်း ပင်လယ်နဂါး၏ သားရဲအမှတ်အသား ပင် ဖြစ်သည်။ ယီယွင်သည် "သားရဲတစ်သောင်းပုံရိပ်ကျင့်စဉ်" ကို ကျင့်ကြံနေသူဖြစ်ရာ ဤသားရဲအမှတ်အသားမှာ သူ၏ ရှုထောင့်ပုံရိပ်ဖော်ဆောင်ရေးအတွက် အနည်းငယ် အထောက်အကူ ဖြစ်စေပေလိမ့်မည်။
ယီယွင်က မိမိ မသိရှိသော နည်းပညာဖြင့် ပြည့်စုံသော သားရဲအမှတ်အသားကို သာမန်ကာလျှံကာ ဖော်ဆောင်လိုက်သည်ကို မြင်သောအခါ ကျိုးသည် ပို၍ပင် ရိုသေသွားတော့သည်။
ယီယွင်၏ စကားကိုလည်း သူ အပြည့်အဝ ယုံကြည်သွားသည်။ ဟင်းလင်းပြင် ဥပဒေသများကို အသုံးချကာ ဝေးလံသော နေရာမှ ကူးပြောင်းလာနိုင်သည့် သိုင်းပညာရှင်များမှာ အလွန် စွမ်းအားကြီးမည်မှာ ဧကန်ပင်။
သူက ဂရုတစိုက်ဖြင့်ပင် "စီနီယာကို ဖြေကြားရရင်... ထျန်းယွမ်လောကက ဂိုဏ်းကြီးတွေဟာ အချင်းချင်း သီးခြားစီ ရှိနေကြပြီး အခြေအနေကတော့ တည်ငြိမ်နေပါတယ်ခင်ဗျာ..."
"တည်ငြိမ်နေတယ်" ထိုစကားကို ကြားသောအခါ ယီယွင်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ထျန်းယွမ်လောကတွင် စစ်ပွဲများ ဖြစ်ပွားနေမည်ကို သူ အလွန်စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
ဥပမာအားဖြင့် "သွေးလမင်း" အဖွဲ့အစည်း ပေါ်ထွက်လာခြင်းမှာ ကြီးမားသော အသက်အန္တရာယ် ပေးနိုင်သောကြောင့် ဖြစ်သည်။
"ဟုတ်ကဲ့... အထူးသဖြင့် မဟာမိတ်သိုင်းအဖွဲ့ ရဲ့ ဦးဆောင်မှုအောက်မှာပါ။ အရင်က မဟာမိတ်သိုင်းအဖွဲ့ဟာ အင်အားကို ဖုံးကွယ်ထားပြီး လူသိနည်းခဲ့ပေမဲ့ မကြာသေးခင် နှစ်တွေမှာတော့ ကြီးကျယ်တဲ့ ကိစ္စတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ ထျန်းယွမ်လောက တစ်ခုလုံးအတွက် သိုင်းလက်ဖက်ရည်ပွဲတော် ကို ကျင်းပခဲ့ပြီး လူသားပညာရှင် အားလုံးကို ဆုလာဘ်တွေ ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နက်နဲသောနယ်မြေ စူးစမ်းရေးခရီးစဉ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီမှာ ပါဝင်တဲ့ ဂိုဏ်းတွေဟာ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရခဲ့ကြလို့ တခြားသူတွေတောင် မနာလို ဖြစ်နေကြရတယ်"
ကျိုးက ပြောရင်းနှင့် သူ၏ တိမ်လွှာဂိုဏ်းမှာ ထိုသို့သော ခရီးစဉ်များတွင် မပါဝင်နိုင်သည်ကို နှမြောတသ ဖြစ်နေမိသည်။
"မဟာမိတ်သိုင်းအဖွဲ့ဟုတ်လား"
ယီယွင်သည် ဤသတင်းကို သတိပြုလိုက်သော်လည်း သံသယများစွာ မရှိသေးပေ။
"ဟုတ်ကဲ့... မဟာမိတ်သိုင်းအဖွဲ့မှာ ရတနာတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် သူတို့ ပေးနိုင်တဲ့ ဆေးလုံးတွေဟာ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ သက်တမ်းကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် ဂိုဏ်းကြီးတွေက ဝါရင့် ပုဂ္ဂိုလ်ကြီးတွေတောင် အဲဒီဆေးတွေရဖို့ အလုအယက် သွားနေကြရတယ်"
သက်တမ်းတိုးဆေးလုံး...။ ယီယွင် အနည်းငယ် တွေဝေသွားသည်။ အင်ပီရီယယ်ဘုရင် အဆင့်ရှိ ပုဂ္ဂိုလ်များအတွက် သက်တမ်းတိုးဆေးလုံးများကို သန့်စင်ဖော်စပ်ရန်မှာ လက်ရှိ ထျန်းယွမ်လောက၏ ယဉ်ကျေးမှု အဆင့်အတန်းအရ မလွယ်ကူလှပေ။ အနည်းဆုံးတော့ ရှန်းထူမိသားစုနှင့် လင်မိသားစုတို့တွင် ထိုသို့သော စွမ်းရည် မရှိပေ။
သို့သော် ကျိုး၏ ပြောပြချက်အရ မဟာမိတ်သိုင်းအဖွဲ့သည် ထိုဆေးလုံးများကို အမြောက်အမြား ထုတ်လုပ်ပေးနိုင်ပုံရသည်။ ဤကိစ္စမှာ ပုံမှန် မဟုတ်ပေ။ အကယ်၍ သူတို့တွင် ထျန်းယွမ်လောကထက် သာလွန်သော ဆေးဖော်စပ်နည်း အမွေအနှစ်များ ရှိမနေပါက ဤသည်မှာ မဖြစ်နိုင်ချေ။ မဟာမိတ်သိုင်းအဖွဲ့၏ နောက်ခံမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။
ထို့ပြင် "သွေးလမင်း" အဖွဲ့ ပေါ်ထွက်လာမည့် အချိန်နှင့် မဟာမိတ်သိုင်းအဖွဲ့၏ လှုပ်ရှားမှုများ တိုက်ဆိုင်နေခြင်းမှာ ထိုအဖွဲ့နှစ်ခု ကြားတွင် ဆက်နွှယ်မှု ရှိနေနိုင်ကြောင်း ယီယွင်က ရိပ်မိလိုက်သည်။
ယီယွင်နှင့် လင်ရှင်းထုံတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ လင်ရှင်းထုံကလည်း ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်ရာ သူတို့နှစ်ဦးစလုံး သံသယ စတင်ဝင်နေပြီဖြစ်ကြောင်း ထင်ရှားလှပါတော့သည်။
အခန်း ၅၆၂ - ဖျက်ဆီးခြင်းသွေးစက်
"ရှင်းထုံ... မင်းအထင်တော့ ထုတ်လုပ်စရိတ်သက်သာပြီး သက်တမ်းတိုးပေးနိုင်တဲ့ ဆေးလုံးမျိုး ရှိနိုင်မလား" ယီယွင်က လင်ရှင်းထုံကို မေးလိုက်သည်။ သက်တမ်းတိုးဆေးလုံးများမှာ အလွန်အရေးကြီးလှသည်။ ၎င်းတို့ကြောင့်ပင် မဟာမိတ်သိုင်းအဖွဲ့ သည် ထျန်းယွမ်လောကရှိ ဂိုဏ်းကြီးများကို မိမိအလိုကျ ခြယ်လှယ်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။
လင်ရှင်းထုံက ခဏမျှ စဉ်းစားပြီးနောက် - "အရင်ကတော့ ဒီလိုဆေးမျိုးအကြောင်း ကျွန်မ မကြားဖူးပါဘူး။ ဒါပေမဲ့ အင်ပါရီယန်ကောင်းကင်ဘုံ ၁၂ ဆင့် ရဲ့ အမြင်နဲ့ကြည့်ရင် ထျန်းယွမ်လောကက အင်ပီရီယယ်ဘုရင်တွေဟာ ဘာမှမဟုတ်ပါဘူး။
အကယ်၍ ကျင့်ကြံသူရဲ့ နောက်ထပ်တိုးတက်မှုကို ရပ်တန့်စေပြီးတော့ဖြစ်ဖြစ်၊ ဒါမှမဟုတ် အောက်ခြေအဆင့် ကျင့်ကြံသူတွေရဲ့ အသက်ဓာတ်ကို နှိုးဆွပေးပြီးတော့ဖြစ်ဖြစ် သက်တမ်းတိုးပေးတဲ့ဆေးမျိုး ရှိနေမယ်ဆိုရင်တော့ မဆန်းပါဘူး။
ဒါပေမဲ့ ဝါရင့်ပညာရှင်ကြီးတွေကတော့ နောက်ထပ် တိုးတက်ဖို့ လမ်းစမရှိတော့တာကြောင့် ဒီလိုဆေးမျိုးကို သုံးဖို့ ဝန်လေးကြမှာ မဟုတ်ဘူး" ဟု ပြန်ပြောလိုက်သည်။
ယီယွင် ခေါင်းညိမ့်လိုက်မိသည်။ မဟာမိတ်သိုင်းအဖွဲ့သည် သက်တမ်းတိုးဆေးလုံးများ၊ သိုင်းလက်ဖက်ရည်ပွဲများနှင့် နက်နဲသောနယ်မြေ စူးစမ်းမှုများမှတစ်ဆင့် အင်အားစုဆောင်းနေခြင်းမှာ ကောင်းသောသတင်း မဟုတ်ပေ။
ယီယွင်က ကျိုးကို ထပ်မေးလိုက်သည် - "တခြား ထူးခြားတဲ့ သတင်းတွေရှိသေးလား... ဥပမာ - ပျက်စီးခြင်းမျိုးနွယ် တွေဆီကရော ဘာသတင်းကြားလဲ"
နီလာယန်သခင် ဤလောကသို့ မရောက်မီကတည်းက လူသားမျိုးနွယ်နှင့် ပျက်စီးခြင်းမျိုးနွယ်တို့မှာ ရန်ဘက်များ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ပျက်စီးခြင်းမျိုးနွယ်တို့သည် သွေးလမင်း အဖွဲ့ကို တိုက်ခိုက်ရန် ထျန်းယွမ်လောကသို့ ဝင်ရောက်လာခဲ့သဖြင့် သွေးချောင်းစီးသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ဖူးသည်။
နီလာယန်သခင်သည် ချောက်နက်ထဲရှိ မိစ္ဆာဆိုးကြီးကို စောင့်ကြပ်ရန် တာဝန်ကို ပျက်စီးခြင်းမျိုးနွယ်များထံ လွှဲအပ်ခဲ့ပုံရသော်လည်း နှစ်သန်းပေါင်းများစွာ ကြာပြီးနောက် ထိုတာဝန်မှာ မည်သို့ရှိနေမည်နည်း။
"ပျက်စီးခြင်းမျိုးနွယ်တွေလား... အဲဒီလူရိုင်းတွေ ငြိမ်နေတာ မဟုတ်ဘူး။ မကြာခင်မှာ ထျန်းယွမ်လောကကို ကျူးကျော်လာနိုင်တယ်။ ဒါပေမဲ့ မဟာမိတ်သိုင်းအဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့ လာရင်လည်း ပြန်လမ်းရှိမှာ မဟုတ်ပါဘူး" ဟု ကျိုးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လူသားမျိုးနွယ်၏ ပျက်စီးခြင်းမျိုးနွယ်များအပေါ် မုန်းတီးမှုမှာ အလွန် အမြစ်တွယ်နေပြီ ဖြစ်သည်။
ယီယွင် သက်ပြင်းချလိုက်မိသည်။ သွေးလမင်းအဖွဲ့သည် သမိုင်းအချက်အလက်များကို ဖျောက်ဖျက်ကာ သမိုင်းတုများကို ဖန်တီးခဲ့ပုံရသည်။
ထို့ကြောင့်ပင် မဟာဧကရီ၏ မှတ်တမ်းများ ပျောက်ကွယ်ခဲ့ရပြီး နီလာယန်သခင်၏ အမည်နာမမှာလည်း သမိုင်းမြစ်အတွင်း နစ်မြုပ်ခဲ့ရခြင်း ဖြစ်သည်။ သွေးလအဖွဲ့သည် ဤလောက၏ သိုင်းပညာယဉ်ကျေးမှုကို တမင်တကာ အားနည်းအောင် လုပ်ဆောင်ခဲ့ခြင်းပင်။
"ထျန်းယွမ်လောကက ထိပ်တန်းဂိုဏ်းကြီးတွေထဲမှာ မကြာသေးခင်က အန္တရာယ်ကြုံခဲ့ရတာမျိုး ရှိလား" ဟု ယီယွင်က လင်မိသားစု၏ အခြေအနေကို သိရန် မေးလိုက်သည်။ လင်ရှင်းထုံလည်း စိတ်ပူစွာဖြင့် နားထောင်နေမိသည်။
"မရှိပါဘူး... လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အခြေအနေတွေက တည်ငြိမ်နေပါတယ်။ ဒါပေမဲ့ အနာဂတ်မှာတော့ ပြောရခက်တယ်..." ကျိုးက ခေါင်းခါပြရင်း ဆိုသည်။
"ဟင်... ဘာဖြစ်လို့လဲ" ယီယွင် မျက်မှောင်ကြုတ်လိုက်သည်။
ကျိုးက အသံကိုနှိမ့်ကာ "စီနီယာ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထိပ်တန်းဂိုဏ်းကြီးတွေ စုပေါင်းပြီးတော့ ချောက်နက်ထဲက မဟာဧကရီဂူဗိမာန်ကို စူးစမ်းခဲ့ကြတယ်။ အဲဒီမှာ ထူးဆန်းတာက ချောက်နက်ထဲမှာ ဧရာမ မျက်လုံးကြီးတစ်လုံး ပေါ်လာခဲ့တာပဲ။ အဲဒီမျက်လုံးကြီးကို ကြည့်မိတဲ့ အင်ပီရီယယ်ဘုရင်တွေတောင် သူတို့ရဲ့ စိတ်ဝိညာဉ်တွေ ပြိုကွဲမတတ် ခံစားခဲ့ကြရတယ်။
လူတွေကတော့ အဲဒါကို 'ဖျက်ဆီးခြင်းမျက်လုံး' လို့ ခေါ်ကြတယ်"
"အဲဒီနောက်ပိုင်း ချောက်နက်ဝန်းကျင်မှာ မုန်တိုင်းတွေက ပိုပြင်းထန်လာလို့ ဘယ်သူမှ မချဉ်းကပ်ရဲကြတော့ဘူး။ ဒါပေမဲ့ အဲဒီချောက်နက်ထဲကနေ တစ်ခုခု ပျံထွက်လာခဲ့တယ်"
ယီယွင်နှင့် လင်ရှင်းထုံတို့၏ ရင်ခုန်သံများ မြန်လာသည်။
"ဘာထွက်လာတာလဲ"
"အသေးစိတ်တော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ လူတွေ ပြောကြတာကတော့ အဲဒါဟာ ဖျက်ဆီးခြင်းမျက်လုံးဆီက စီးကျလာတဲ့ သွေးစက် တွေတဲ့..."
"သွေးစက်" ယီယွင် အံ့သြသွားသည်။ ထိုမိစ္ဆာကြီးက သွေးထွက်ခဲ့သည်လား။
"မျက်လုံးကြီး ပေါ်လာတုန်းက ဧရာမ မျှော်စင်ကြီးတစ်ခုက သူ့အပေါ်ကို ဖိနှိပ်ကျဆင်းလာလို့ မျက်လုံးကြီး ဒဏ်ရာရသွားတာလို့လည်း ပြောကြတယ်။ ဒါကြောင့် သွေးထွက်တာ မဆန်းပါဘူး"
ယီယွင်၏ မျက်နှာ ပျက်သွားသည်။ နတ်မျှော်စင်ကြောင့် မျက်လုံးကြီး ဒဏ်ရာရသွားခဲ့သည်လား။ အမှန်စင်စစ် ထိုမိစ္ဆာကြီးမှာ အလွန်အားနည်းနေသောကြောင့်သာ မျှော်စင်၏ နောက်ဆုံးစွမ်းအားဖြင့် တွန်းလှန်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ထိုသွေးစက်များ ထွက်လာခြင်းက ဘာကို ဆိုလိုသနည်း။
"စီနီယာ... အဲဒီ 'ဖျက်ဆီးခြင်းသွေးစက်' ဟာ သာမန်မဟုတ်ဘူးနော်။ လူတွေကတော့ အဲဒီမျက်လုံးကြီးဟာ နတ်ဘုရားတစ်ပါး ဖြစ်နေပြီလို့ ယူဆကြတယ်။ အဲဒီတော့ နတ်ဘုရားသွေးကို ဘယ်သူက မလိုချင်ဘဲ နေမလဲ"
"အခု သွေးစက်နှစ်စက်ကတော့ မဟာမိတ်သိုင်းအဖွဲ့လက်ထဲ ရောက်နေလို့ ဘယ်သူမှ မလုရဲကြဘူး။ ဒါပေမဲ့ မဟာမိတ်သိုင်းအဖွဲ့ ခေါင်းဆောင်က ပြောတယ်... ဒီသွေးစက်တွေ နောက်ထပ် ထပ်ထွက်လာဦးမှာတဲ့။ အဲဒီအခါကျရင် သူတို့က ဝင်မလုတော့ဘူးလို့ ဆိုထားတယ်။ အဲဒါကြောင့် သွေးစက်ထပ်ထွက်လာရင်တော့ ဂိုဏ်းကြီးတွေကြားမှာ သွေးချောင်းစီးတဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဗျ"