အခန်း (၅၆၃-၅၆၅)
Vol. 38 Ch. 563-565
အခန်း ၅၆၃ - အခက်အခဲပြုလုပ်ခြင်း
"ပထမဆုံး ဖျက်ဆီးခြင်းသွေးစက် နှစ်စက်က မဟာမိတ်သိုင်းအဖွဲ့လက်ထဲ ရောက်သွားတယ်၊ ဒါပေမဲ့ အခုတော့ သူတို့က ထပ်ဝင်မလုတော့ဘူးလို့ ကြေညာတယ်ပေါ့လေ..." ကျိုး၏စကားကို ကြားရသောအခါ ယီယွင် အံ့အားသင့်သွားသည်။
အကယ်၍ မဟာမိတ်သိုင်းအဖွဲ့သည် သွေးလမင်း အဖွဲ့နှင့် အမှန်တကယ် ပတ်သက်နေလျှင် သို့မဟုတ် သွေးလအဖွဲ့၏ ထိန်းချုပ်မှုကို ခံနေရလျှင် အဘယ်ကြောင့် ဖျက်ဆီးခြင်းသွေးစက်များကို ထျန်းယွမ်လောကထဲသို့ စိမ့်ဝင်ခွင့်ပြုပြီး သူတို့ကိုယ်တိုင် ထပ်မယူတော့ဟု ကြေညာရသနည်း။
ဤအချက်သည် သူ၏ခန့်မှန်းချက် မှားယွင်းနေခြင်းဖြစ်ပြီး မဟာမိတ်သိုင်းအဖွဲ့နှင့် သွေးလမင်းမှာ ဘာမျှမဆိုင်ဟုပင် ယူဆစရာရှိသည်။ သို့သော် ထိုသို့ဆိုလျှင် သက်တမ်းတိုးဆေးလုံးများမှာ အဘယ်က ရောက်လာသနည်း...။
"ယီယွင်... ဒီကိစ္စနောက်ကွယ်မှာ ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေတယ်လို့ ကျွန်မ ခံစားရတယ်" လင်ရှင်းထုံက ရုတ်တရက် စွမ်းအင်ဖြင့် လှမ်းပြောလိုက်ရာ ယီယွင်ကလည်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
ထျန်းယွမ်လောကသို့ ပြန်ရောက်လာချိန်တွင် သူတို့သည် အစွမ်းကုန် နက်နဲသော ရန်သူများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ သူတို့မှာ နှစ်ဦးတည်းဖြစ်ပြီး အင်အားမှာလည်း အပြည့်အဝ မရင့်ကျက်သေးချေ။ သူတို့အားကိုးနိုင်သည့် တစ်ခုတည်းသောအချက်မှာ ရန်သူက အလင်းတွင်ရှိပြီး သူတို့က အမှောင်တွင် ရှိနေခြင်းပင် ဖြစ်သည်။
"မင်းတို့ သွားလို့ရပြီ" သိလိုသည်များကို မေးမြန်းပြီးနောက် ယီယွင်က ကျိုးကို ထွက်သွားရန် လက်ဝေ့ယမ်းပြလိုက်သည်။
ကျိုးမှာ သက်ပြင်းချနိုင်သွားပြီး "ဟုတ်ကဲ့... ဟုတ်ကဲ့ပါ စီနီယာ စီနီယာတို့ ပေါ်လာတဲ့ သတင်းကို ကျွန်တော် ကျိုး တစ်လုံးမှ အပြင်မပေါက်စေရပါဘူး။ ကျွန်တော်တို့ ခုချက်ချင်း ပျောက်ကွယ်သွားပါ့မယ်" ဟု အလျင်အမြန် ပြောကာ တိမ်လွှာဂိုဏ်း တပည့်များကို ဦးဆောင်၍ ထွက်ပြေးသကဲ့သို့ ပျံသန်းသွားတော့သည်။
မိုင် ၃၀ ကျော်ခန့် ဝေးကွာသွားမှသာ တိမ်လွှာဂိုဏ်း တပည့်များမှာ သက်ပြင်းချနိုင်ကြတော့သည်။ အချို့သော တပည့်လေးများမှာ ကြောက်လွန်းသဖြင့် ချွေးအေးများပင် ထွက်နေကြသည်။ ယီယွင်နှင့် လင်ရှင်းထုံတို့၏ ရှေ့တွင် ရင်ဆိုင်ခဲ့ရသော ဖိအားမှာ အလွန်ပင် ကြီးမားလှသည်။
"အဲဒီနှစ်ယောက်က အသေးစိတ်တွေ အများကြီး မေးနေတာပဲ။ သူတို့လည်း ဖျက်ဆီးခြင်းသွေးစက်ကို လုဖို့ ကြံနေတာလားမသိဘူးနော်" တပည့်တစ်ဦးက စပ်စုလိုက်သည်။
ကျိုးက တွေဝေသွားပြီးမှ "သူတို့ ဘာလုပ်လုပ် ငါတို့လို အဆင့်နဲ့ မဆိုင်ဘူး။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ဘယ်သူ့ကိုမှ မပြောကြနဲ့ ကြားလား"
"ဟုတ်ကဲ့" တပည့်များက ပြိုင်တူ ဖြေလိုက်ကြသည်။ ယီယွင်နှင့် လင်ရှင်းထုံကဲ့သို့သော အနှိုင်းမဲ့ ပုဂ္ဂိုလ်များကို တွေ့လိုက်ရခြင်းမှာ သူတို့အတွက် များစွာ စိတ်ခွန်အား ရစေခဲ့သည်။ ထိုကဲ့သို့သော စွမ်းအားမျိုး ရှိမှသာ လွတ်လပ်သော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း သူတို့ သိမြင်သွားကြသည်။
ကျောက်စိမ်းဝိညာဉ်တောင်တန်း လင်မိသားစု နေအိမ်
လင်မိသားစု၏ ဝင်ပေါက်တစ်ခုလုံးမှာ ဝါးတောကြီးများဖြင့် ဖုံးလွှမ်းနေသည်။ အထက်မှ ငုံ့ကြည့်လျှင် အဆောက်အအုံများမှာ အဝေးတွင် ဝေဝါးစွာ မြင်နေရသည်။ လေတိုက်လိုက်သည့်အခါ ဝါးတောကြီးမှာ သာယာသော တရှဲရှဲ အသံများကို ထွက်ပေါ်စေသည်။
မြူမှိုင်းသော မိစ္ဆာပင်လယ်နှင့် လင်မိသားစုမှာ မိုင်ပေါင်း သန်းချီ ဝေးကွာသော်လည်း ကျင့်ကြံမှုအဆင့် တက်လာသော ယီယွင်နှင့် လင်ရှင်းထုံအတွက်မူ ထိုအကွာအဝေးမှာ ဘာမျှ မဟုတ်တော့ပေ။
ထျန်းယွမ်လောက၏ အခြေအနေမှာ တည်ငြိမ်နေဆဲဖြစ်ကြောင်း သိရသဖြင့် လင်ရှင်းထုံ၏ စိုးရိမ်မှုများမှာ အတန်ငယ် လျော့ပါးသွားခဲ့သည်။ သို့သော် သူမသည် လင်မိသားစု၏ အခြေအနေမှန်ကို ကိုယ်တိုင် မြင်တွေ့လိုသေးသည်။ ယခု ခုနစ်နှစ်ကြာသွားပြီဖြစ်သလို သူတို့၏ ရုပ်ရည်များမှာလည်း လုံးဝ ပြောင်းလဲသွားပြီဖြစ်ရာ အထောက်အထား မပေါ်စေရန် ဂရုစိုက်ရုံသာ လိုအပ်သည်။
ယီယွင်နှင့် လင်ရှင်းထုံတို့သည် ဝါးတောအတွင်း ပုန်းကွယ်လျက် လင်မိသားစု၏ နယ်မြေကို အကဲခတ်နေကြသည်။ လင်မိသားစုအတွင်း၌ အေးချမ်းငြိမ်သက်နေပုံရသည်။ လင်ရှင်းထုံ၏ မျက်ဝန်းများတွင် လွမ်းဆွတ်မှုများ အထင်အရှား ပေါ်နေပြီး ရင်းနှီးသော အဆောက်အအုံများနှင့် တောင်ထိပ်များကို ကြည့်ကာ အတိတ်က အမှတ်တရများ ပြန်လည် စီးဝင်လာသည်။
သူမက သက်ပြင်းသဲ့သဲ့ချလျက် "ဘွားဘွား ဘယ်လိုနေမလဲ မသိဘူး။ လွန်ခဲ့တဲ့ နှစ်တွေမှာ လင်မိသားစုဟာ ဖိအားတွေ အများကြီး ခံခဲ့ရမှာပဲ... အမှန်တော့ ကျွန်မတို့က မဟာဧကရီနက်နဲသောနယ်မြေထဲမှာ ဘေးကင်းကင်း ကျင့်ကြံနေနိုင်ပေမဲ့ လင်မိသားစုကတော့ ကျွန်မတို့အတွက် အများကြီး ရင်ဆိုင်ပေးခဲ့ရမှာ" ဟု ဆိုလိုက်သည်။
"ဟုတ်တယ်... ဒါပေမဲ့ လင်မိသားစုရဲ့ အင်အားကိုလည်း လျှော့တွက်လို့ မရပါဘူး။ လင်မိသားစုကို ဖြိုလဲချင်တဲ့ ဘယ်ဂိုဏ်းမဆို ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ရမှာပဲ။ အကျိုးအမြတ် မရှိဘဲ ဘယ်သူမှ လာတိုက်မှာ မဟုတ်ဘူး"
ယီယွင်နှင့် လင်ရှင်းထုံတို့သည် လင်မိသားစုဝန်းကျင်ရှိ ဒေသအချို့ကို လျှို့ဝှက်စွာ ပျံသန်းနေစဉ် မလှမ်းမကမ်းမှ စွမ်းအင်လှိုင်းများ ရုတ်တရက် ပေါ်ထွက်လာသည်ကို သတိထားမိလိုက်သည်။ သူတို့နှစ်ဦးလုံး ချက်ချင်းပင် ရပ်တန့်လိုက်ပြီး သစ်တောထူထပ်သော နေရာတွင် ကိုယ်ရောင်ဖျောက်လိုက်ကြသည်။
ခဏအကြာတွင် လင်မိသားစု ဝတ်စုံဝတ်ထားသော လူငယ်တပည့် အချို့ ဆင်းသက်လာကြသည်။ သူတို့မှာ အပြင်တွင် လေ့ကျင့်ရေးဆင်းပြီး ပြန်လာကြသူများ ဖြစ်ပုံရကာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေကြသည်။
ပုပုရုပ်ရည်နှင့် လူငယ်တစ်ဦးက ဒေါသတကြီး ဆဲဆိုလိုက်သည် "တကယ် ကံဆိုးတာပဲ ရှန်းထူမိသားစုက အမှိုက်တွေဟာ သူတို့ရဲ့ မျိုးဆက်သစ် ပါရမီရှင်တွေ အကုန်ဆုံးရှုံးသွားတာတောင် ကျိရှောက်တောင်မှာ လာပြီး လေ့ကျင့်ရေး လုပ်နေသေးတယ်။ ငါတို့ကိုလည်း ဘယ်နေရာမဆို လိုက်နှောင့်ယှက်နေတာပဲ။ ငါတို့သာ သတိမထားရင် သူတို့ အခွင့်ရတာနဲ့ ငါတို့ကို တိုက်ခိုက်မှာ သေချာတယ်"
အသက်နည်းနည်းပိုကြီးပုံရသော အမျိုးသမီးငယ်တစ်ဦးက "တခြားလမ်း မရှိဘူးလေ။ ရှန်းထူမိသားစုဟာ မဟာမိတ်သိုင်းအဖွဲ့ရဲ့ ထောက်ပံ့မှုကို ရနေတာဆိုတော့ သူတို့ ကံကောင်းသွားတာပဲ။ အခုချိန်မှာတော့ ငါတို့ သည်းခံပြီး တခြားဂိုဏ်းတွေနဲ့ ပြဿနာမဖြစ်အောင် နေရုံပဲ ရှိတယ်..." ဟု ပြန်ပြောလိုက်သည်။
ဤတပည့်အုပ်စုတွင် လင်ချင်း နှင့် အခြားလူငယ် ခုနစ်ဦးခန့် ပါဝင်သည်။
သိုင်းပညာရှင်များသည် ကြီးထွားလာရန်အတွက် ပြင်ပကမ္ဘာ၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်များကို ရင်ဆိုင်ရမြဲဖြစ်သည်။ သို့သော် လွန်ခဲ့သော ခုနစ်နှစ်က မဟာဧကရီနက်နဲသောနယ်မြေ စူးစမ်းမှုပြီးကတည်းက လင်မိသားစု တပည့်များသည် အပြင်ထွက်တိုင်း အလွန်သတိထားနေကြရသည်။ အဘယ်ကြောင့်ဆိုသော် လင်မိသားစုတွင် ရန်သူများလွန်းနေသောကြောင့် ဖြစ်သည်။
ထူးခြားသည်မှာ လင်မိသားစုနှင့် ရန်ငြိုးအကြီးဆုံးဖြစ်သော ရှန်းထူမိသားစုသည် မဟာမိတ်သိုင်းအဖွဲ့၏ အဆင့်မြင့်ပိုင်းများ၏ မျက်စိကျခြင်းကို ခံခဲ့ရသည်။ သူတို့သည် သက်တမ်းတိုးဆေးလုံးများ အပါအဝင် အရင်းအမြစ်များစွာ ထောက်ပံ့ခံခဲ့ရသဖြင့် သူတို့၏ အင်အားမှာ တဖြည်းဖြည်း ပြန်လည် နာလန်ထူလာခဲ့သည်။
လင်မိသားစု တပည့်များ၏ စကားကို ကြားသောအခါ လင်ရှင်းထုံ မျက်မှောင်ကြုတ်လိုက်မိသည်။ လင်မိသားစုက သူမနှင့် ယီယွင်ကို အဆက်အသွယ်ဖြတ်ထားကြောင်း ကြေညာထားသော်လည်း ၎င်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နည်းလမ်းတစ်ခုသာဖြစ်ကြောင်း လူတိုင်း သိကြသည်။ မဟာဧကရီနက်နဲသောနယ်မြေတွင် ဂိုဏ်းများစွာ အရှုံးကြီးရှုံးခဲ့ခြင်းအတွက် လင်မိသားစုကိုသာ အပြစ်ပုံချနေကြဆဲ ဖြစ်သည်။
ယီယွင်နှင့် လင်ရှင်းထုံတို့သည် ထိုတပည့်များနောက်မှ လိုက်ပါလာရာ လင်မိသားစု တောင်တန်း၏ ဝင်ပေါက်သို့ ရောက်ရှိလာသည်။ ပုံမှန်အားဖြင့် လင်မိသားစုဝင်ပေါက်တွင် ဂိုဏ်းသားများသာ စောင့်ကြပ်လေ့ရှိသော်လည်း ယခုမူ အခြားလူစုတစ်စုလည်း ရှိနေသည်ကို တွေ့ရသည်။
လင်ချင်းနှင့် အဖွဲ့ ချဉ်းကပ်သွားသည့်အခါ ထိုလူစုထဲမှ လူအချို့က လမ်းပိတ်ရပ်လိုက်ကြသည်။ လင်းချင်းသည် ရွံရှာသော အမူအရာဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
"နင်တို့ နောက်တစ်ခါ ထပ်လာပြန်ပြီလား" လင်းချင်းက ဒေါသကို ထိန်းချုပ်ရင်း အေးစက်စွာ ပြောလိုက်သည်။
အသက် ၃၀ ကျော်ခန့် ပညာတတ်အသွင်နှင့် အမျိုးသားတစ်ဦးသည် လက်ထဲတွင် ယပ်တောင်တစ်ချောင်းကို ခတ်လျက် ရှေ့သို့ ထွက်လာသည် "ဟုတ်ပါတယ် မိန်းကလေးချင်း။ ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီပေါ့။ ကျွန်တော်လည်း မတတ်နိုင်ဘူးလေ၊ မဟာမိတ်သိုင်းအဖွဲ့အတွက် အလုပ်လုပ်ပေးနေရတာဆိုတော့ ဒီလိုပဲ လာနေရတာပေါ့။ အရမ်း အလုပ်များလွန်းလို့ ကျင့်ကြံဖို့တောင် အချိန်မရှိဘူး"
ဤလူ၏အမည်မှာ ကုန်းစွန်းယန် ဖြစ်ပြီး လီမီးတောက်ဂိုဏ်း မှ ဂေါင်စွန်းဟုန်၏ စီနီယာအစ်ကို ဖြစ်သည်။ သူသည် မဟာမိတ်သိုင်းအဖွဲ့အတွက် အလုပ်လုပ်ပေးနေရသည်ဟု ညည်းတွားနေသော်လည်း သူ၏ စကားများထဲတွင် ကြွားဝါမှုများ ပါဝင်နေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မဟာမိတ်သိုင်းအဖွဲ့သည် အရှိန်အဟုန် ကောင်းလာပြီး အရင်းအမြစ်များစွာ ဝေမျှပေးနိုင်လာသည်။ အကယ်၍ မဟာမိတ်သိုင်းအဖွဲ့အတွင်း ရာထူးတစ်ခု ရရှိမည်ဆိုပါက ထိုသူ၏ ကျင့်ကြံမှုခရီးမှာ များစွာ ချောမွေ့သွားပေလိမ့်မည်။
လင်းချင်းက နှာခေါင်းရှုံ့လိုက်ပြီး ထိုသူနှင့် စကားမပြောလိုတော့ပေ။
"ကဲ... စည်းကမ်းအတိုင်းပါပဲ၊ ခင်ဗျားတို့ ဘယ်သွားခဲ့လဲဆိုတာ ကျွန်တော် မေးရလိမ့်မယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ စကြာဝဠာအိတ်တွေနဲ့ အထုပ်အပိုးတွေကိုလည်း စစ်ဆေးရပါမယ်" ကုန်းစွန်းယန်က ပြုံးလျက် ဆိုလိုက်သည်။ ၎င်းမှာ အလွန်ပင် ရိုင်းစိုင်းသော တောင်းဆိုမှု ဖြစ်သည်။
"ငါတို့ရဲ့ စကြာဝဠာအိတ်တွေကို စစ်ဆေးမယ် ဟုတ်လား ကုန်းစွန်းယန်... နင် အရမ်းလွန်မလာနဲ့ ငါတို့ ထွက်သွားတုန်းကလည်း နင် ငါတို့ကို အမျိုးမျိုး မေးမြန်းခဲ့ပြီးပြီ။ အခုတော့ နင်က အတောင်ပေးလို့ အလက်ပါချင်နေတာလား" လင်းချင်းတို့အဖွဲ့ထဲမှ လူငယ်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကုန်းစွန်းယန်... နင်က လင်မိသားစုရဲ့ နယ်မြေထဲမှာ ရောက်နေတာနော်။ အရမ်းလွန်မလာနဲ့" နောက်ထပ် မိန်းကလေးတစ်ဦးကလည်း ဒေါသထွက်နေသည်။
"ဘာတွေ ပြောနေတာလဲ လင်မိသားစုရဲ့ နယ်မြေဆိုတာ ဒီတောင်ဝင်ပေါက်ရဲ့ ဟိုဘက်ကမှ စတာလေ။ ခင်ဗျားတို့ အထဲကို မဝင်ရသေးဘူး။ ဒီနေရာမှာ စစ်ဆေးတာဟာ လင်မိသားစုကို ကျွန်တော်က ရိုသေမှုပေးနေလို့ပဲ။ ဒါက မဟာမိတ်သိုင်းအဖွဲ့ဆီက လာတဲ့ အမိန့်ပဲ"
"မိန်းကလေးချင်း... ကျွန်တော်က ခင်ဗျားတို့အတွက်လည်း စဉ်းစားပေးနေတာပါ။ မဟာဧကရီနက်နဲနယ်မြေမှာ သေဆုံးသွားတဲ့ သူတွေအတွက် ဂိုဏ်းများစွာက ယီယွင်ကို လိုက်ရှာနေကြတယ်။ ခင်ဗျားတို့ အပြင်ထွက်တဲ့အခါ ယီယွင်နဲ့ ဆက်သွယ်မှာကို ကျွန်တော်က စိုးရိမ်လို့ စစ်ဆေးရတာပါ။ အကယ်၍ ယီယွင်နဲ့ ပတ်သက်နေတာ ပေါ်သွားရင် ခင်ဗျားတို့ပဲ ဒုက္ခရောက်မှာ..."
ကုန်းစွန်းယန်သည် မဟာမိတ်သိုင်းအဖွဲ့ကို အကာအကွယ်ယူကာ အခွင့်ကောင်း ယူနေခြင်း ဖြစ်သည်။ မဟာမိတ်သိုင်းအဖွဲ့၏ အင်အားမှာ ယခုအခါ အလွန်ကြီးမားလှသဖြင့် မည်သူမျှ မဆန့်ကျင်ဝံ့ကြချေ။
လင်းချင်းက ဒေါသတကြီး အော်ဟစ်လိုက်သည် "မဟာမိတ်သိုင်းအဖွဲ့ ဟုတ်လား ငါ့ကို လူမိုက်လို့ မထင်နဲ့။ ဒါဟာ ရှန်းထူမိသားစုနဲ့ တခြားဂိုဏ်းအချို့က မဟာမိတ်သိုင်းအဖွဲ့ရဲ့ အဆင့်မြင့်ပိုင်းတွေကို လိမ်ညာပြီး ငါတို့ လင်မိသားစုကို စောင့်ကြည့်ခိုင်းထားတာပဲ။ နင်တို့လို လူယုတ်မာတွေကတော့ ဒါကို အခွင့်ကောင်းယူပြီး ကြွားဝါနေကြတာပေါ့"
လင်းချင်း၏ အော်သံမှာ တောင်တန်းတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ယီယွင်နှင့် လင်ရှင်းထုံတို့မှာ တိတ်ဆိတ်စွာ နားထောင်နေကြသည်။ ၎င်းမှာ ရှန်းထူမိသားစုကြောင့်တင် မဟုတ်ဘဲ မဟာမိတ်သိုင်းအဖွဲ့ ကိုယ်တိုင်က လင်မိသားစုကို ပစ်မှတ်ထားနေခြင်း ဖြစ်နိုင်ကြောင်း ယီယွင်က ရိပ်မိလိုက်သည်။
"မဟာမိတ်သိုင်းအဖွဲ့ရဲ့ အင်အားက အရမ်းကြီးလာပြီ... လူတွေရဲ့ စိတ်ထဲအထိပါ လွှမ်းမိုးလာပြီပဲ။ လင်မိသားစု တပည့်တွေတောင်မှ မဟာမိတ်သိုင်းအဖွဲ့ အဆင့်မြင့်ပိုင်းတွေဟာ အလိမ်ခံနေရတယ်လို့ပဲ ထင်နေကြတုန်း။ အမှန်တော့ မဟာမိတ်သိုင်းအဖွဲ့ဟာ မဟာဧကရီရဲ့ အမွေအနှစ်ကို အလိုချင်ဆုံး အဖွဲ့အစည်းပဲ ငါတို့ ရှိနေတာကိုသာ သူတို့ သိသွားရင် အကျိုးဆက်က ကြောက်စရာကောင်းလိမ့်မယ်" ဟု ယီယွင်က လင်ရှင်းထုံကို စွမ်းအင်ဖြင့် ပြောလိုက်သည်။
အကယ်၍ မဟာမိတ်သိုင်းအဖွဲ့သည် သွေးလအဖွဲ့၏ လက်အောက်ခံသာ ဖြစ်နေပါက သူတို့သည် နီလာယန်သခင်နှင့် မဟာဧကရီ၏ အမွေခံများကို မရမက ရှာဖွေ သတ်ဖြတ်ကြမည်မှာ ဧကန်ပင် ဖြစ်တော့သည်။
အခန်း ၅၆၄ - အရှက်ခွဲခြင်း
"ယီယွင်... အခု ငါတို့ ဘာလုပ်ကြမလဲ" ရန်သူက အလွန်အင်အားကြီးနေသဖြင့် လင်ရှင်းထုံမှာ ကောင်းမွန်သော အကြံဉာဏ် မထုတ်နိုင်ဘဲ ဖြစ်နေသည်။
ယီယွင်က အတန်ငယ် တုံ့ဆိုင်းသွားပြီးမှ "အခုချိန်မှာ သွေးလမင်းအဖွဲ့က ငါတို့ကို သူတို့ရဲ့ သတ်ဖြတ်ရမယ့်စာရင်းထဲမှာ ထိပ်ဆုံးက ထည့်ထားမှာ သေချာတယ်။ ဒါပေမဲ့ 'ကြယ်တာရာ ကူးပြောင်းခြင်းနှင့် ကောင်းကင်ဘုံ အသွင်ပြောင်းလဲခြင်းကျမ်း' ရှိနေသရွေ့ သူတို့ ငါတို့ကို ရှာဖို့ မလွယ်ပါဘူး။
ငါတို့ ဆုံးဖြတ်ချက်မချခင် အချိန်ခဏယူပြီးတော့ ဒီ 'ဖျက်ဆီးခြင်းသွေးစက်' အကြောင်းကို အရင် စုံစမ်းသင့်တယ်" ဟု ဆိုလိုက်သည်။
ဖျက်ဆီးခြင်းသွေးစက် ရုတ်တရက် ပေါ်ထွက်လာခြင်းက ယီယွင်၏ စိတ်ထဲတွင် စိုးရိမ်မှုရိပ်များ ယှက်သန်းသွားစေသည်။ မဟာမိတ်သိုင်းအဖွဲ့အနေဖြင့် 'နတ်ဘုရားသွေး' ဟု တင်စားကြသည့် အရာမျိုးကို ထျန်းယွမ်လောကထဲသို့ အလွယ်တကူ စိမ့်ဝင်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ယီယွင်နှင့် လင်ရှင်းထုံတို့ စွမ်းအင်ဖြင့် ဆက်သွယ်နေစဉ်မှာပင် လင်မိသားစု ဝင်ပေါက်၌ လင်းချင်းနှင့် အဖွဲ့မှာ အခြေအနေအရ အလျှော့ပေးလိုက်ရပြီ ဖြစ်သည်။ လင်မိသားစု အကြီးအကဲများကလည်း တပည့်များကို တတ်နိုင်သမျှ သည်းခံရန် မှာကြားထားခဲ့သည်။ ယခုအခါ လင်မိသားစုသည် ဂိုဏ်းကြီးများစွာနှင့် ရန်သူဖြစ်နေသလို မဟာမိတ်သိုင်းအဖွဲ့၏ ပစ်မှတ်ထားခြင်းကိုလည်း ခံနေရရာ အပြင်ထွက်သည့် လင်မိသားစု တပည့်များမှာ သစ်ရွက်ကြွေသံကြားလျှင်ပင် ထိတ်လန့်နေကြရသည့် အခြေအနေ ဖြစ်သည်။
"ရော့... ဒါ ငါ့ရဲ့ စကြာဝဠာအိတ်ပဲ။ ကုန်းစွန်းယန်... နင် ငါ့ကို သတိထားနော်။ အချိန်နဲ့ အခြေအနေဆိုတာ ပြောင်းလဲတတ်တယ်။ အခု နင် အရမ်းလွန်မလာနဲ့၊ နောင်တစ်ချိန်မှာ ဘာဖြစ်လာမလဲ ဘယ်သူမှ မသိဘူး"
လင်းချင်းသည် မတတ်သာသည့်အဆုံး သူမ၏ စကြာဝဠာအိတ်ကို ကမ်းပေးလိုက်ရသည်။ စီနီယာအစ်မဖြစ်သူက ဦးဆောင်ပေးလိုက်သဖြင့် အခြားလူငယ်များမှာလည်း အလွန်ပင် မကျေမနပ် ဖြစ်နေကြသော်လည်း သူတို့၏ အိတ်များကိုပါ ပေးလိုက်ကြရတော့သည်။
"မိန်းကလေးချင်း... ခင်ဗျားပြောတာ မဟုတ်သေးဘူးဗျ" ကုန်းစွန်းယန်က သူ၏ ယပ်တောင်ကို အေးဆေးစွာ ခတ်လျက် ပညာတတ်ဟန် အပြုံးတုကို ဆင်မြန်းထားသည် "ကျွန်တော်က မဟာမိတ်သိုင်းအဖွဲ့ရဲ့ တာဝန်ကို ထမ်းဆောင်နေတာပါ။ ဒါက ပုံမှန် စစ်ဆေးမှုတစ်ခုပဲလေ။ ခင်ဗျားက ဘာလို့ ကျွန်တော်က အတင်းအဓမ္မ လုပ်နေသလို ပြောနေရတာလဲ။
ခင်ဗျားတို့ ကောင်းဖို့အတွက် လုပ်ပေးနေတာပါ။ အခု ယီယွင်နဲ့ လင်ရှင်းထုံဟာ မဟာမိတ်သိုင်းအဖွဲ့ရဲ့ အဓိက ပစ်မှတ်တွေ ဖြစ်နေပြီ။ ဒါကြောင့် သူတို့နဲ့ အဆက်အသွယ် ဖြတ်ထားတာ ခင်ဗျားတို့အတွက် အကောင်းဆုံးပဲ"
ကုန်းစွန်းယန်သည် ပြောရင်းနှင့် လင်းချင်း၏ အိတ်ထဲကို စတင်နှိုက်ရှာတော့သည်။ သူသည် အိတ်ထဲရှိ ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ယူကာ တမင်တကာ အချိန်ဆွဲနေသည်။ ဆေးလုံးများ၊ လက်နက်များ၊ ကျင့်စဉ်ကျမ်းများနှင့် လေ့ကျင့်ရေးပစ္စည်းများ ထွက်လာသည်။ ၎င်းတို့မှာ အလွန်တန်ဖိုးကြီးလှသည် မဟုတ်သော်လည်း လင်းချင်းမှာမူ လူအများရှေ့တွင် အရှက်ခွဲခံနေရသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေတော့သည်။
ထို့နောက်တွင်မူ ကုန်းစွန်းယန်သည် အိတ်ထဲမှ အမျိုးသမီး ဝတ်စုံများဖြစ်သော စကတ်များ၊ အပေါ်အင်္ကျီများနှင့် အတွင်းခံများကိုပါ တစ်ခုချင်း ထုတ်ယူလာတော့သည်။ ကုန်းစွန်းယန်၏ နောက်လိုက်များမှာ ၎င်းကို မြင်သည့်အခါ ဝိုင်း၍ ရယ်မောကြသည်။
"ဟားဟား မွှေးတာပဲဟေ့... တကယ့်ကို မွှေးတာ" နောက်လိုက်အချို့က လင်းချင်း၏ အဝတ်များကို နှာခေါင်းနှင့် တေ့၍ အငမ်းမရ နမ်းရှုံ့ပြကာ သူမ၏ ကိုယ်နံ့ကို သာယာနေသကဲ့သို့ ရွံစရာကောင်းသော အမူအရာများ လုပ်ပြကြသည်။
ကုန်းစွန်းယန်က ပြုံးလျက်ပင် ဟန့်တားသလို လုပ်လိုက်သည် "မင်းတို့ကလည်း... နည်းနည်းတော့ ယဉ်ကျေးကြစမ်းပါ။ ငါက ဒီမှာ အလုပ်လုပ်နေတာ။ ဒီအဝတ်အစားတွေထဲမှာ တစ်ခုခု ဝှက်ထားမလားလို့ စစ်ဆေးရမှာလေ။
ဥပမာ ဟိုကောင်စုတ် ယီယွင်က မဟာဧကရီနက်နဲသောနယ်မြေကနေ ယူလာတဲ့ ကျင့်စဉ်ကျမ်းတွေ ဘာတွေပေါ့..."
"ဟားဟား... သခင်လေး ပြောတာ ဟုတ်ပါတယ်။ သူ့ရဲ့ အတွင်းခံလေးတွေကိုလည်း သေချာစစ်ဦးမှဗျ။ အမွေအနှစ်ဆိုတာ သေးသေးလေး ဖြစ်နိုင်တာပဲ၊ အဲဒီထဲမှာ ဝှက်ထားရင် ဘယ်လိုလုပ်မလဲ"
ထိုလူစု၏ ရိုင်းစိုင်းသော ရယ်သံများကြောင့် လင်မိသားစု တပည့်များ၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းလာကြသည်။ လင်းချင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်ဝန်းမှ လူသတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူမ၏ အတွင်းခံများမှာ အပြင်အဝတ်များ၏ အောက်တွင် ရှိနေခြင်းဖြစ်သည်။ အကယ်၍ ကုန်းစွန်းယန်က ဆက်နှိုက်လျှင် ၎င်းတို့ကို လူအများရှေ့ ထုတ်ပြတော့မည် ဖြစ်သည်။
အမျိုးသမီးတစ်ဦးအတွက် လူအများရှေ့တွင် မိမိ၏ အတွင်းခံများကို အစစ်ဆေးခံရခြင်းမှာ လူပုံအလယ်တွင် အဝတ်ဗလာ ကျွတ်အောင် အရှက်ခွဲခံရခြင်းနှင့် ဘာမျှမခြားပေ။
"ကုန်းစွန်းယန်... နင့်လက်က နောက်တစ်ချက် ထပ်လှုပ်ရင် ငါ နင့်ကို သတ်မယ်"
လင်းချင်း၏ လက်မှာ သူမ၏ ဓားလက်ကိုင်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် ဤဓားကို အိတ်ထဲ မထည့်ထားဘဲ ကိုယ်နှင့်မကွာ ဆောင်ထားခြင်း ဖြစ်သည်။
ကုန်းစွန်းယန်က လင်းချင်းကို ကြည့်ကာ လှောင်ပြောင်လိုက်သည် "မိန်းကလေးချင်း... ကျွန်တော်က ခင်ဗျား ကောင်းဖို့အတွက် လုပ်ပေးနေတာပါ။ ခင်ဗျားတို့ လင်မိသားစုက ဟိုမိစ္ဆာစုံတွဲ ယီယွင်နဲ့ လင်ရှင်းထုံကို အဆက်အသွယ် ဖြတ်ထားတယ် ဆိုပေမဲ့ ဂိုဏ်းတော်တော်များများက မယုံကြဘူးလေ။ ဒါကြောင့် ကျွန်တော်က ခင်ဗျားတို့အတွက် သံသယတွေ ရှင်းပေးနေတာ။ ပြီးတော့... ခင်ဗျားက ကျွန်တော့်ရဲ့ ပြိုင်ဘက်လည်း မဟုတ်ပါဘူး..."
"ယီယွင်နဲ့ လင်ရှင်းထုံတို့သာ နက်နဲသောနယ်မြေထဲက ထွက်လာရင်တော့ ကျွန်တော့်အတွက် စိတ်ဝင်စားစရာ ကောင်းဦးမယ်။ ကျန်တဲ့ လင်မိသားစု တပည့်တွေကိုတော့ ကျွန်တော်က ထည့်တောင် မတွက်ဘူးဗျ"
ကုန်းစွန်းယန်သည် လင်းချင်း၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ပေ။ သူသည် အသက် ၃၀ ကျော်ပြီဖြစ်သလို ကျင့်ကြံမှုအဆင့်မှာလည်း လင်းချင်းထက် များစွာ သာလွန်သည်။ တိုက်ခိုက်ရေး စွမ်းရည်မှာလည်း သူမထက် သာလွန်နေသဖြင့် သူ ကြောက်စရာ မလိုချေ။
"နင် အရမ်း စော်ကားတာပဲ အကယ်၍ ယီယွင်နဲ့ စီနီယာအစ်မ လင်းသာ ထွက်လာရင် နင့်ကို လက်ချောင်းတစ်ချောင်းတည်းနဲ့ ဖျက်ဆီးပစ်လိမ့်မယ်"
လင်ချင်းက အော်ဟစ်လိုက်သည်။ လင်မိသားစုက အဆက်အသွယ် ဖြတ်ထားသည်ဟု ဆိုသော်လည်း တပည့်များ၏ စိတ်ထဲတွင်မူ ယီယွင်နှင့် လင်ရှင်းထုံမှာ သူတို့၏ စံပြသူရဲကောင်းများ ဖြစ်ကြသည်။ အနာဂတ်တွင် ထိုနှစ်ဦးမှာ အနှိုင်းမဲ့ ဧကရာဇ်နှင့် ဧကရီများ ဖြစ်လာကြမည်မှာ သေချာသဖြင့် ထိုအချိန်တွင် လင်မိသားစု မည်မျှ တောက်ပလာမည်ကို သူတို့ မျှော်လင့်နေကြခြင်း ဖြစ်သည်။
"ယီယွင် လင်ရှင်းထုံ ဟားဟားဟား" ကုန်းစွန်းယန်က တဟားဟား ရယ်မောလိုက်သည် "ခင်ဗျားတို့ လင်မိသားစုက ယီယွင်တို့ ထွက်လာတာနဲ့ အင်အားကြီးလာမယ်လို့ ထင်နေတာလား။ တကယ့်ကို ကလေးဆန်တာပဲ ကျွန်တော် အမှန်အတိုင်း ပြောပြမယ်... ယီယွင်တို့ ထွက်မလာတာကမှ သူတို့အတွက် ကံကောင်းဦးမယ်။
သူတို့ ထွက်လာတာနဲ့ အသေဆိုးနဲ့ သေရမှာ သေချာတယ်။ သူတို့က ဂိုဏ်းကြီးတွေတင်မကဘူး၊ မဟာမိတ်သိုင်းအဖွဲ့ကိုပါ စော်ကားထားတာ။ သူတို့အတွက် သေဒဏ်က အသင့်စောင့်နေပြီ မဟာမိတ်သိုင်းအဖွဲ့ရဲ့ အင်အားဆိုတာ ခင်ဗျားတို့ စိတ်ကူးနိုင်တာထက် ပိုကြီးမားတယ်"
"ယီယွင်တို့က ပါရမီရှင် ဖြစ်နေရင်ရော ဘာဖြစ်လဲ။ မဟာမိတ်သိုင်းအဖွဲ့ ရှေ့မှာတော့ သူတို့က ပုရွက်ဆိတ်လေးတွေပဲ။ မဟာမိတ်သိုင်းအဖွဲ့က ပုဂ္ဂိုလ်ကြီးတွေကို ထားလိုက်ဦး၊ မဟာမိတ်သိုင်းအဖွဲ့က လူငယ်ပါရမီရှင်တွေကိုတောင် ယီယွင်တို့ ယှဉ်နိုင်မှာ မဟုတ်ဘူး"
"မဟာမိတ်သိုင်းအဖွဲ့က 'ကောင်းကင်ဥပဒေသသမဂ္ဂ' ကို တည်ထောင်ထားပြီး အဲဒီမှာ ထူးခြားတဲ့ နက်နဲသောနယ်မြေတွေနဲ့ အမွေအနှစ်တွေကို ထိန်းချုပ်ထားတာ။ အဲဒီထဲမှာ ဘယ်လောက်တောင် ပါရမီရှင်တွေ များလဲ ခင်ဗျားတို့ သိလား။ ပြောရဦးမယ်... ကျွန်တော် ကုန်းစွန်းယန်တောင်မှ အဲဒီ သမဂ္ဂထဲမှာ ကျင့်ကြံဖို့ အရွေးခံထားရတာဗျ"
"အဲဒီအချိန်ကျရင် ခင်ဗျားတို့လို လူတွေကို ကျွန်တော်က ငဲ့တောင် ကြည့်မှာ မဟုတ်ဘူး။ ယီယွင်နဲ့ လင်ရှင်းထုံ ပေါ်လာရင်တောင် ကျွန်တော်ကပဲ သူတို့ကို အနိုင်ယူပြမှာ"
ကုန်းစွန်းယန်သည် ပြောရင်းနှင့် လင်းချင်း၏ စကြာဝဠာအိတ်ကို ဘေးမှ နောက်လိုက်များဆီသို့ ပစ်ပေးလိုက်သည်။
"ကဲ... ဒါနဲ့ ပျော်ပျော်ပါးပါး စစ်ဆေးလိုက်ကြဦး"
နောက်လိုက်တစ်ဦးက ရွံစရာကောင်းသော အပြုံးဖြင့် အိတ်ထဲရှိ အမျိုးသမီး အတွင်းခံများကို ဆက်လက် နှိုက်ရှာတော့သည်။
လင်းချင်း၏ မျက်ဝန်းများမှာ အေးစက်သွားတော့သည်။
"ရှပ်"
လေတိုးသံနှင့်အတူ လင်းချင်းက စတင် တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။ လေးပေရှည်သော အပြာရောင် ဓားမှာ မြွေပြာတစ်ကောင်ကဲ့သို့ ကုန်းစွန်းယန်ဘေးရှိ နောက်လိုက်၏ လည်ချောင်းဆီသို့ ဦးတည်သွားသည်။ သို့သော် ကုန်းစွန်းယန်က ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ရာ လက်တစ်ဖက်တည်းနှင့်ပင် လင်းချင်း၏ ဓားကို ဖမ်းကိုင်လိုက်တော့သည်။
"ဘုန်း"
ကုန်းစွန်းယန်၏ ညာလက်မှ နီမြန်းသော မီးလျှံအလင်းများ ထွက်ပေါ်လာသည်။ သူ၏ လက်မှာ မီးတောက်များဖြင့် ဖုံးလွှမ်းသွားပြီး လင်းချင်း၏ ဓားကို မြဲမြံစွာ ဖမ်းဆီးထားလိုက်သည်။
"စီစီစီ"
လင်းချင်း၏ ပျော့ပျောင်းသော ဓားမှာ ပြင်းထန်သော စွမ်းအားအောက်တွင် ကွေးညွတ်သွားသော်လည်း ကုန်းစွန်းယန်၏ လက်ထဲမှ ရုန်းမထွက်နိုင် ဖြစ်နေသည်။
သူသည် ဓားကို လက်ဗလာနှင့် ဖမ်းကိုင်ထားသော်လည်း ဒဏ်ရာ တစ်စက်မျှ မရရှိပေ။ ဤသည်မှာ ကုန်းစွန်းယန် ကျင့်ကြံထားသော "သံရည်ကျို မီးလျှံလက်ဝါး" ပင် ဖြစ်သည်။ ၎င်းသည် မီးနှင့် သတ္တု ဥပဒေသများကို အခြေခံထားခြင်း ဖြစ်ရာ သူ့ထက် အားနည်းသော ပြိုင်ဘက်များ၏ လက်နက်ကို လက်ဗလာနှင့် ဖမ်းယူနိုင်ရုံသာမက စွမ်းအင်ဖြင့်ပါ အရည်ပျော်အောင် ပြုလုပ်နိုင်စွမ်း ရှိလေသည်။
အခန်း ၅၆၅ - ပါးရိုက်ဆုံးမခြင်း
မီးလျှံများက ဆက်လက်တောက်လောင်နေဆဲ ဖြစ်သည်။ ကုန်းစွန်းယန်က လင်းချင်း၏ ဓားကို ဖမ်းကိုင်ထားရင်း သူ၏ မျက်နှာပေါ်တွင် အေးဆေးတည်ငြိမ်သော အပြုံးတစ်ခု ရှိနေသည်။ သူသည် လင်းချင်းထက် အသက် ၁၀ နှစ်ခန့် ကြီးသူဖြစ်ရာ အနှိုင်းမဲ့ပါရမီရှင် မဟုတ်ပါက ဤကွာဟချက်ကို ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။
"ဟက်... မိန်းကလေးချင်းရဲ့ ဒေါသကတော့ တကယ်မသေးဘူးပဲ"
ကုန်းစွန်းယန်သည် အားကို မြှင့်လိုက်ပြီး ပြင်းထန်သော မီးလျှံစွမ်းအင်များကို လင်းချင်း၏ ဓားထဲသို့ ထည့်သွင်းကာ တဟားဟား ရယ်မောလိုက်သည်။ ဓားမှာ ပြင်းထန်စွာ တုန်ခါလာသဖြင့် လင်းချင်းမှာ ဓားကို လွှတ်ချလုနီးပါး ဖြစ်သွားသည်။
သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဓားကို အစွမ်းကုန် မြဲမြံအောင် ဆုပ်ကိုင်ထားသည်။ ဤဓားမှာ အဆင့်မြင့်လက်နက် မဟုတ်သော်လည်း ငယ်စဉ်ကတည်းက သူမနှင့်အတူ ရှိခဲ့သဖြင့် သံယောဇဉ် ကြီးလှသည်။ သို့သော် ယခုမူ ဓားထံမှ လာသော အပူရှိန်ကို သူမ မခံစားနိုင်တော့ဘဲ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာတော့သည်။
မတရားလိုက်တာ....
သူမ၏ တစ်သက်တာတွင် ဤမျှ မတရားမှုကို တစ်ခါမျှ မခံစားခဲ့ဖူးချေ။ လင်မိသားစု ဝင်ပေါက်တွင် အကြီးအကဲအချို့ ရှိနေကြောင်း သူမ သိသည်။ သူတို့ ဤမြင်ကွင်းကို မြင်နေရသော်လည်း ထွက်မလာကြချေ။
သူတို့ကိုလည်း အပြစ်တင်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် လီမီးတောက်ဂိုဏ်းနှင့် အခြားဂိုဏ်းကြီးများမှ အကြီးအကဲများလည်း ထိုဝန်းကျင်တွင် ရှိနေကြသောကြောင့် ဖြစ်သည်။ အကယ်၍ လင်မိသားစု အကြီးအကဲတစ်ဦး ပေါ်လာပါက သူတို့လည်း ပေါ်လာမည်ဖြစ်ပြီး တိုက်ပွဲစတင်ခဲ့လျှင် နောက်ဆုံးတွင် လင်မိသားစုသာ ဒုက္ခရောက်ပေလိမ့်မည်။
အနိုင်ကျင့်ခံရခြင်းနှင့် မိမိအင်အားက နိမ့်ပါးနေခြင်းတို့က သူမကို အလွန် အားကိုးရာမဲ့စေသည်။ လင်းချင်းနောက်မှ တပည့်များမှာလည်း မခံမရပ်နိုင်ဖြစ်ကာ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
ကုန်းစွန်းယန်၏ နောက်လိုက်များကလည်း အားကျမခံ ပြင်ဆင်လိုက်ကြသည်။ အင်အားအရဆိုလျှင် လီမီးတောက်ဂိုဏ်းမှာ ရှန်းထူမိသားစုထက် သာသလို လင်မိသားစုထက်လည်း အစွမ်းကြီးသည်။
"ဘာလဲ... တိုက်မလို့လား" ကုန်းစွန်းယန်က နောက်ခံအင်အားကို ယုံကြည်ကာ ခနဲ့တဲ့တဲ့ မေးလိုက်သည်။ လင်မိသားစုဘက်မှ တိုက်ရဲမည် မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
ထိုအချိန်တွင် ဝါးတောထဲမှ ယီယွင်သည် အရာအားလုံးကို မြင်တွေ့နေရပြီး သူ၏ အကြည့်များ အေးစက်သွားသည်။ သူ၏ လက်တစ်ဖက်က စကြာဝဠာအိတ်ပေါ်သို့ ရောက်သွား၏...။
"ယီယွင်... ဘာလုပ်မလို့လဲ" လင်ရှင်းထုံက လှမ်းမေးသည်။
ယီယွင်က ခေါင်းခါပြကာ "ငါတို့ သွေးလမင်းအဖွဲ့ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားပြီးသားပဲ။ အနှေးနဲ့အမြန်တော့ ပေါ်ထွက်ရမှာပဲလေ။ ရက်အနည်းငယ် စောပေါ်လာတာ ဘာမှမဖြစ်ပါဘူး" ဟု ဆိုလိုက်သည်။
လင်ရှင်းထုံ သက်ပြင်းချလိုက်မိသည်။ လင်မိသားစု တပည့်များ အစော်ကားခံနေရသည်ကို မြင်နေရသည်မှာ သူမအတွက်လည်း စိတ်မသက်မသာ ဖြစ်ရသည်။ သို့သော် သူမက ယီယွင်ကို -"လင်မိသားစုအတွက် ပြဿနာ မဖြစ်အောင် အရမ်းကြီးတော့ မလုပ်နဲ့နော်" ဟု မှာလိုက်သည်။
"စိတ်မပူပါနဲ့... ငါ ဘာလုပ်ရမလဲ သိပါတယ်" ပြောရင်းနှင့် ယီယွင်သည် တောအုပ်ထဲမှ ထွက်လာခဲ့သည်။
ရုပ်ဖျက်ထားသော ယီယွင်သည် အရပ်ရှည်ရှည် ပါးပါးလျလျနှင့် လူအုပ်ထဲတွင် ထည့်ထားပါက မည်သူမျှ သတိမထားမိလောက်သော သာမန်မျက်နှာမျိုး ရှိသည်။ သူသည် အနက်ရောင်ဝတ်စုံနှင့် ဝါးခမောက်ကို ဆောင်းထားရာ ချွန်ထက်သော လျှို့ဝှက်ချက်များ ရှိနေသကဲ့သို့ ထင်ရသည်။
လင်မိသားစု ဝင်ပေါက်ရှေ့တွင် အခြေအနေများ တင်းမာနေစဉ် ယီယွင် ရုတ်တရက် ပေါ်လာသဖြင့် လူတိုင်း မှင်သက်သွားကြသည်။
"ဘယ်သူလဲ" ကုန်းစွန်းယန်က အော်မေးသည်။ ယီယွင်က သူ့ကို တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း လုံးဝ လျစ်လျူရှုထားလိုက်သည်။
"ဟမ်"
ကုန်းစွန်းယန် မျက်မှောင်ကြုတ်သွားသည်။ သူသည် အမြဲတမ်း အဆင့်မြင့်နေရာတွင် နေထိုင်ခဲ့သူဖြစ်ပြီး ယခု 'ကောင်းကင်ဥပဒေသသမဂ္ဂ' တွင် ကျင့်ကြံရန် အရွေးခံထားရသဖြင့် အလွန် မာန်တက်နေသူ ဖြစ်သည်။ ဤကဲ့သို့ အထင်မကြီးခံရခြင်းက သူ့ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားသည်။
ခဏအတွင်းမှာပင် သူသည် လင်းချင်းကို အခက်အခဲလုပ်နေသည်ကိုပင် မေ့သွားတော့သည်။ ယီယွင်က အားလုံးကို တစ်ချက် ကြည့်လိုက်ပြီး အေးအေးလူလူ ဆိုလိုက်သည် ။
"ငါက တောင်ပိုင်းပင်လယ်က လာတာ။ တောင်ပိုင်းပင်လယ်ရဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ဓားသိုင်းကို ကျင့်ကြံခဲ့တယ်။ အခုတော့ ငါ့ရဲ့ ဓားသိုင်းက အနှိုင်းမဲ့ ဖြစ်နေပြီ။ ဒါကြောင့် ငါက အပြင်လောကက ပါရမီရှင် အားလုံးကို အနိုင်ယူပြီး 'ဓားသူရဲကောင်း' ဆိုတဲ့ ဘွဲ့ကို ယူဖို့ ထွက်လာတာ။ လင်မိသားစုရဲ့ ဓားသိုင်းက ဒဏ္ဍာရီဆန်တယ်လို့ ကြားလို့ စိန်ခေါ်ဖို့ လာခဲ့တာပဲ"
ဤစကားကို ကြားလိုက်ရသည့်အခါ လီမီးတောက်ဂိုဏ်းသားများသာမက လင်မိသားစုဝင်များပါ ဆွံ့အသွားကြသည်။
ဒီလူက ဘယ်သူလဲ ရူးနေတာလား ဓားသိုင်းမှာ အနှိုင်းမဲ့ဖြစ်နေပြီ ဟုတ်လား ထျန်းယွမ်လောကက ပါရမီရှင် အားလုံးကို တစ်ယောက်တည်း စိန်ခေါ်မယ်တဲ့လား
"ဟားဟားဟားဟား"
လီမီးတောက်ဂိုဏ်းမှ သိုင်းပညာရှင်များမှာ တဟားဟား ရယ်မောကြတော့သည်။ ပုံမှန်အားဖြင့် ဤကဲ့သို့ စကားမျိုး ပြောသူမှာ လူရူးသာ ဖြစ်နိုင်သည်။ အထူးသဖြင့် သူက တောင်ပိုင်းပင်လယ်က လာသည်ဟု ဆိုနေခြင်း ဖြစ်သည်။ တောင်ပိုင်းပင်လယ်ဆိုသည်မှာ ဝေးလံခေါင်သီပြီး အရင်းအမြစ် ရှားပါးသော နေရာမျိုး ဖြစ်ရာ ထိုကဲ့သို့သော နေရာမှ ပါရမီရှင် ထွက်ပေါ်လာရန် မဖြစ်နိုင်ဟု သူတို့ ယူဆထားကြသည်။
"မင်းတို့က....ဘာရယ်တာလဲ "
ယီယွင်က ကုန်းစွန်းယန်ကို ကြည့်ကာ မထီမဲ့မြင် ဆိုလိုက်သည် ။
"ငါက လင်မိသားစုကို လာနှိမ်နင်းပြီး ပါရမီရှင်တွေကို စိန်ခေါ်ဖို့ လာတာ။ မင်းလိုကောင်က လင်မိသားစုဝင်လည်း မဟုတ်ဘဲနဲ့ အာဝင်ချောင်မနေဘဲ ဟိုနားကခြုံဘေးမှာ သွားပုန်းနေစမ်းပါ ငါ့မျက်စိထဲမှာ လာရှုပ်မနေနဲ့"
ယီယွင်သည် သူ၏ ဇာတ်ရုပ်တွင် အလွန် စီးမျောနေသည်။ လင်ရှင်းထုံသည် အဝေးမှနေ၍ ယီယွင်ကို ကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားရသည်။
ယီယွင်က ဤကဲ့သို့ မာန်တက်သော အမူအရာ လုပ်နေခြင်းမှာ လင်မိသားစုနှင့် ပတ်သက်မှုမရှိကြောင်း ပြသရန် ဖြစ်သည်ကို သူမ သိသည်။
ကုန်းစွန်းယန်မှာမူ ဆက်မရယ်နိုင်တော့ပေ။ ဤကဲ့သို့ အစော်ကားခံရခြင်းကို သူ ဘယ်လိုမှ သည်းမခံနိုင်ချေ။
"မင်းက ဘယ်သူမို့လို့ ငါ့ကို ဒီလို စကားပြောရဲတာလဲ ငါ ဘယ်သူလဲဆိုတာ မင်းသိလား တောင်ပိုင်းပင်လယ်က လူရိုင်းတစ်ယောက်ကို ငါ့ရဲ့ အဆင့်အတန်း ပြောပြရင်တောင် နားလည်မှာ မဟုတ်ဘူး။ မင်းလိုကောင်ကို သတ်ရတာဟာ 'ကောင်းကင်ဥပဒေသသမဂ္ဂ' ဝင်မယ့် ငါ့အတွက် အရှက်တောင် ရှိသေးတယ်။ ဒါပေမဲ့ မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးလိုက်မယ်"
ကုန်းစွန်းယန်သည် လင်းချင်း၏ ဓားကို လွှတ်ပေးလိုက်ပြီး လက်ဗလာနှင့်ပင် ယီယွင်၏ မျက်နှာကို ထိုးနှက်လိုက်တော့သည်။ သူ၏ လက်မှ မီးလျှံများ တဟုန်ထိုး ထွက်ပေါ်လာသည်။ ဤတိုက်ကွက်ကို ထိမှန်ပါက မျက်နှာတစ်ခုလုံး ပြာဖြစ်သွားပေလိမ့်မည်။
သို့သော် ယီယွင်က နှာခေါင်းရှုံ့လိုက်ပြီး။
"မင်းက ငါ့ဓားကို ထုတ်ဖို့တောင် မတန်ပါဘူး" ဟု ဆိုကာ လက်တစ်ဖက်နှင့်ပင် တန်ပြန် ပုတ်ထုတ်လိုက်သည်။
ကုန်းစွန်းယန်က ဒေါသတကြီး ရယ်မောလိုက်သည်။ သူ၏ 'သံရည်ကျို မီးလျှံလက်ဝါး' မှာ သတ္တုလက်နက်များကိုပင် ချိုးဖျက်နိုင်ရာ သာမန်လက်နှင့် လာထိတွေ့ပါက ပြိုင်ဘက်မှာ ပြာဖြစ်သွားမည်မှာ သေချာသည်ဟု သူ ယူဆထားသည်။
"မီးကို သတိထား"
လင်းချင်းက စိုးရိမ်တကြီး လှမ်းသတိပေးလိုက်သည်။ ဤလူထူးဆန်းက သူမကို ကယ်တင်ပေးခဲ့သဖြင့် အသက်ဆုံးရှုံးသွားမည်ကို သူမ မလိုလားပေ။ သို့သော် သူမ၏ စကားမဆုံးမီမှာပင် ယီယွင်နှင့် ကုန်းစွန်းယန်တို့၏ လက်ဝါးချင်း ထိတွေ့သွားပြီ ဖြစ်သည်။
"ဝုန်း....."
မီးလျှံများ ပေါက်ကွဲထွက်သွားပြီး သူတို့အောက်ရှိ မြေပြင်မှာ ချိုင့်ဝင်သွားကာ သဲများမှာ ချော်ရည်များအဖြစ် ပြောင်းလဲသွားသည်။ နတ်မျှော်စင်ထဲတွင် သန့်စင် ယန်ချော်ရည်ကန်ထဲ၌ နေ့စဉ် ရေချိုးခဲ့သော ယီယွင်အတွက် ကုန်းစွန်းယန်၏ မီးမှာ ကလေးကစားစရာမျှသာ ဖြစ်သည်။
ယီယွင်က ကုန်းစွန်းယန်၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး ။
"ဒီလောက် ပညာလေးနဲ့ ငါ့ရှေ့မှာ လာကြွားနေတာလား" ဟု လှောင်လိုက်သည်။
ကုန်းစွန်းယန်မှာ အံ့သြသွားသည်။ သူ၏ မီးလျှံများအောက်တွင် ယီယွင်၏ လက်မှာ ပြာဖြစ်သွားရမည့်အစား ယီယွင်က ဘာမှမဖြစ်ဘဲ သူ့လက်ကို ပြန်ဖမ်းထားရုံသာမက ကြောက်မက်ဖွယ် စွမ်းအင်များ သူ၏ လက်ထဲသို့ စီးဝင်လာသည်။
"မင်း.... မင်း..."
ထိုစွမ်းအင်မှာ ပြင်းထန်လွန်းသဖြင့် သူ၏ လက်ရိုးများ ကျိုးတော့မည့်အတိုင်း ခံစားရသည်။ ယီယွင်က သူ၏ ညာလက်ကို မြွေတစ်ကောင်ကို ခါထုတ်လိုက်သကဲ့သို့ ပြင်းထန်စွာ ခါလိုက်သည်။
"ဂျောက်...ကလောက်"
အရိုးကျိုးသံများနှင့်အတူ ကုန်းစွန်းယန်မှာ အသည်းအသန် အော်ဟစ်တော့သည်။ သူ၏ လက်ဆစ်များအားလုံး ပြုတ်ထွက်သွားပြီး လက်မောင်းမှာလည်း အဆစ်ပြုတ်ကာ ပျော့ခွေသွားတော့သည်။
ထိုအချိန်တွင် ယီယွင်က အလျှော့မပေးဘဲ ကုန်းစွန်းယန်ကို ကလေးငယ်တစ်ဦးကဲ့သို့ ဆွဲယူကာ ကျန်လက်တစ်ဖက်ဖြင့် ပါးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
"ဖြန်း"
တစ်ချက်တည်းနှင့်ပင် ကုန်းစွန်းယန်မှာ လွင့်ထွက်သွားပြီး မြေပေါ်သို့ ခွေကျသွားသည်။ သူ၏ မျက်နှာတစ်ခြမ်းမှာ ယီယွင်၏ လက်ဝါးရာကြီး ထင်ကျန်ရစ်ပြီး တွန့်လိမ်သွားတော့သည်။ သို့သော် ယီယွင်က မရပ်တန့်ဘဲ သူ့ကို ပြန်ဆွဲထူကာ နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။
"ဖြန်း"
ဒီတစ်ကြိမ်တွင် ကုန်းစွန်းယန်မှာ သွေးများနှင့်အတူ သွားအချို့ပါ ဘုရားဖူးထွက်သွားတော့သည်။ သူသည် ရိုက်ချက်များကြောင့် လုံးဝ ဝေဝါးသွားပြီး စကားပင် မပြောနိုင်တော့ချေ။ သို့သော် ယီယွင်က လက်ကို ထပ်မံ မြှောက်လိုက်ပြန်ရာ...
"နေ... နေပါဦး..."
ကုန်းစွန်းယန်က တားရန် ကြိုးစားသော်လည်း ယီယွင်၏ လက်ဝါးများမှာ မိုးသီးကြွေသကဲ့သို့ တဖျန်းဖျန်း ကျရောက်လာတော့သည်။
"ဖြန်း ဖြန်း ဖြန်း ဖြန်း"
ကုန်းစွန်းယန်၏ ခေါင်းမှာ ဟိုဘက်ဒီဘက် ယိမ်းထိုးနေပြီး သွေးများနှင့် အသားစများမှာ ပါးစပ်ထဲမှ လွင့်ထွက်လာသည်။ စက္ကန့်အနည်းငယ်အတွင်း ကုန်းစွန်းယန်၏ မျက်နှာမှာ ကြည့်မကောင်းအောင် ပျက်စီးသွားပြီး အရေပြားများပင် လန်ထွက်ကုန်တော့သည်။
ဘေးမှ လင်ချင်းနှင့် လင်မိသားစု တပည့်များမှာ မျက်လုံးအဝိုင်းသားနှင့် မှင်သက်နေကြသည်။
"ဒါ... ဘာတွေ ဖြစ်နေတာလဲ"
တောင်ပိုင်းပင်လယ်က ဓားသမားဆိုတာ ဘယ်လောက်တောင် စွမ်းတာလဲ ကုန်းစွန်းယန်က ယီယွင်တို့နှင့် ယှဉ်နိုင်သည်ဟု ကြွားခဲ့သော်လည်း ယခုမူ မည်သူမည်ဝါမှန်းမသိသော လူတစ်ယောက်၏ လက်ထဲတွင် ကလေးငယ်တစ်ဦးကဲ့သို့ အရိုက်ခံနေရသည်။
ဤဓားသမားမှာ သူပြောခဲ့သည့်အတိုင်း ဓားကိုပင် မထုတ်ရသေးချေ။ ကုန်းစွန်းယန်၏ 'မီးလျှံလက်ဝါး' ကို လက်ဗလာနှင့် နှိမ်နင်းကာ မိမိစိတ်ကြိုက် ပါးရိုက်ဆုံးမနေခြင်း ဖြစ်ရာ အင်အားကွာခြားချက်မှာ ပြောနေစရာပင် မလိုတော့ပေ။
လင်မိသားစု တပည့်များမှာ လမ်းပေါ်တွင် သာမန်လူတစ်ယောက်က မိမိကိုယ်ကိုယ် ဧကရာဇ်ဟု ပြောသည်ကို ရူးနေသည်ဟု ထင်ခဲ့ရာမှ တကယ်တမ်း စစ်ဆေးကြည့်သည့်အခါ ထိုသူမှာ တကယ် ဧကရာဇ် ဖြစ်နေသည်ကို တွေ့လိုက်ရသကဲ့သို့ ခံစားနေကြရသည်။
တောင်ပိုင်းပင်လယ်မှာ ဒီလိုလူမျိုး ရှိနေတာလား...။
ကုန်းစွန်းယန်၏ နောက်လိုက်များမှာမူ ကြောက်လန့်လွန်းသဖြင့် သူတို့၏ သခင်ကို ကယ်ရန်ပင် မဝံ့ကြဘဲ ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ယီယွင်က ကုန်းစွန်းယန်ကို သေလုမတတ် ရိုက်နှက်နေစဉ် အဝေးမှနေ၍ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည် ။
"လူယုတ်မာ... ခုချက်ချင်း ရပ်လိုက်စမ်း"