← Chapters

အခန်း (၅၆၆-၅၆၈)

Vol. 38 Ch. 566-568

အခန်း (၅၆၆-၅၆၈)

Vol. 38 Ch. 566-568

အခန်း ၅၆၆ - ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့်

ဟိန်းဟောက်သံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ အဝေးမှ လွင့်ပျံလာသည်။

သို့သော် ယီယွင်မှာမူ မကြားချင်ယောင်ဆောင်ကာ လက်ကို မရပ်တန့်ခဲ့ပေ။ သူသည် ကုန်းစွန်းယန် တစ်ကိုယ်လုံး အရိုးမရှိသလို ပျော့ခွေသွားသည်အထိ ဆက်တိုက် ပါးရိုက်ဆုံးမပြီးနောက် သေနေသော ခွေးတစ်ကောင်ကဲ့သို့ ဘေးသို့ ကန်ထုတ်လိုက်တော့သည်။

ထို့နောက်မှသာ ယီယွင်သည် ပြေးဝင်လာသော လူများဘက်သို့ လှည့်ကြည့်လိုက်သည်။

စုစုပေါင်း လူသုံးဦး ဖြစ်သည်။ နှစ်ဦးမှာ လီမီးတောက်ဂိုဏ်းမှဖြစ်ပြီး ကျန်တစ်ဦးမှာမူ ရင်ဘတ်တွင် ရှန်းထူမိသားစု၏ အမှတ်တံဆိပ်ပါသော ဝါဂွမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ရှန်းထူမိသားစုမှဖြစ်ကြောင်း ထင်ရှားလှသည်။

ရှန်းထူမိသားစုသည် လင်မိသားစုနှင့် မပြေလည်နိုင်သော ရန်ငြိုးများ ဖြစ်ပေါ်လာကတည်းက လင်မိသားစုနှင့် ပတ်သက်သမျှ မည်သည့်ကိစ္စတွင်မဆို အကျိုးအမြတ်မရှိသော်လည်း ဝင်ရောက်စွက်ဖက်လေ့ ရှိသည်။

ထိုလူများမှာ အသက် ၅၀ ဝန်းကျင်ခန့် ရှိကြပြီး လေထဲမှ ပျံသန်းလာကြပုံမှာ အလွန်ပင် ကြမ်းတမ်းခက်ထန်လှကာ ယီယွင်ကို အရှင်လတ်လတ် အရေခွံခွာပစ်တော့မည့်အတိုင်းပင်။

ယီယွင်သည် နတ်မျှော်စင်အတွင်း ခုနစ်နှစ်တိုင်တိုင် ကျင့်ကြံခဲ့ပြီးနောက် သူ၏ အင်အားမှာ များစွာ တိုးတက်လာခဲ့သည်။ သူ၏ ခရမ်းရောင်သလင်းကျောက် နှင့် နတ်မျက်စိ တို့ကြောင့် တစ်ဖက်လူများ၏ ကျင့်ကြံမှုအဆင့်ကို အလွယ်တကူ သိမြင်နိုင်သည်။

သူတို့၏ ကျင့်ကြံမှုမှာ ဥပဒေသမျိုးစေ့ အဆင့်ထက် ကျော်လွန်ကာ ယွမ်နယ်ပါဖွင့်ခြင်းအဆင့် တွင် ရှိနေကြသည်။

သိုင်းပညာလမ်းစဉ်တွင် အခြေခံအုတ်မြစ်အတွက် ခန္ဓာကိုယ်လေ့ကျင့်ခန်း ငါးဆင့်ကို အရင်ဖြတ်ကျော်ရပြီးမှ ခန္ဓာကိုယ်အတွင်း ချီ စွမ်းအင်များကို စုဆောင်းရသည်။ သွေးအတွင်း ခရမ်းရောင်ချီများ စီးဆင်းပြီး အရိုးခြင်ဆီများ ရဲရဲနီလာသည့်အခါ ခရမ်းရောင်သွေးအဆင့် သို့ ရောက်ရှိသည်။

ထိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်လျှင် သိုင်းပညာရှင်သည် ယွမ်အုတ်မြစ်ချနယ်ပါယ် သို့ ကူးပြောင်းရန် အခြေခံကို တည်ဆောက်ရသည်။ ယွမ်အုတ်မြစ်ချနယ်ပါယ် သိုင်းလမ်းစဉ်၏ အစပျိုးခြင်းဖြစ်ပြီး ထိုအခြေခံပေါ်တွင် ဥပဒေသမျိုးစေ့ ကို စိုက်ပျိုးခြင်းမှာ ဥပဒေသမျိုးစေ့အဆင့် ပင် ဖြစ်သည်။

ထိုမျိုးစေ့ အညှောက်ထွက်လာသည့်အခါ ယွမ်အခြေခံကို ဖောက်ထွက်ကာ ကောင်းကင်တိုင်အောင် မြင့်မားသော 'ကောင်းကင်ဥပဒေသသစ်ပင်' အဖြစ် တဖြည်းဖြည်း ကြီးထွားလာမည် ဖြစ်သည်။ ဤကဲ့သို့ ဥပဒေသမျိုးစေ့မှ အညှောက်ထွက်ကာ ယွမ်အခြေခံကို ဖောက်ထွက်သည့် ဖြစ်စဉ်ကိုပင် "ယွမ်နယ်ပါယ်ဖွင့်ခြင်း" ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ဥပဒေသမျိုးစေ့ကို အညှောက်ထွက်စေခြင်းမှာ မလွယ်ကူပေ။ အချို့သော သိုင်းပညာရှင်များသည် ဥပဒေသမျိုးစေ့ကို ဖော်ဆောင်နိုင်သော်လည်း သူတို့၏ ယွမ်အခြေခံမှာ ခိုင်မာမှုမရှိခြင်း သို့မဟုတ် မျိုးစေ့၏ အရည်အသွေး နိမ့်ပါးခြင်းတို့ကြောင့် တစ်သက်လုံး အညှောက်မထွက်နိုင်ဘဲ ဖြစ်နေတတ်သည်။ ထိုကဲ့သို့သော မျိုးစေ့ကို "မျိုးစေ့သေ" ဟုလည်း ခေါ်ကြသည်။

ထို့ကြောင့် ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့်သို့ တက်လှမ်းနိုင်သူမှာ ဥပဒေသမျိုးစေ့အဆင့်ရှိသူများထဲတွင် အတော်ဆုံးဟု သတ်မှတ်နိုင်သည်။ အကယ်၍ တိုင်အာနတ်မြို့တော် တွင် ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် ပညာရှင်တစ်ဦး ရှိနေပါက ထိုသူကို "သူတော်စင်" ဟု ခေါ်ဆိုကြမည် ဖြစ်သည်။

လူဦးရေ သန်းပေါင်းများစွာရှိသော တိုင်အာနိုင်ငံတော်တွင် နှစ်ပေါင်းရာချီအတွင်း သူတော်စင်တစ်ဦး ထွက်ပေါ်လာရန်ပင် ခဲယဉ်းလှသည်။ ထွက်ပေါ်လာလျှင်ပင် များသောအားဖြင့် ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့်၏ အစောပိုင်းတွင်သာ တစ်သက်လုံး ရပ်တန့်နေတတ်ကြသည်။ သို့သော် ထိုမျှနှင့်ပင် တိုင်အာနိုင်ငံတော်၏ ဘုရင်နှင့် အဆင့်အတန်းတူညီသော အင်အားကြီး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရပြီး မိသားစုမျိုးနွယ်စုကို ခေတ်အဆက်ဆက် စည်ပင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။

ထျန်းယွမ်လောကတွင်မူ ကျွမ်းကျင်သူများစွာ ရှိနေသဖြင့် တိုင်အာနိုင်ငံတော်နှင့် နှိုင်းယှဉ်၍ မရပေ။ သို့သော်ငြားလည်း ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် သိုင်းပညာရှင်များမှာ အတွေ့ရမများလှဘဲ နယ်ပယ်တစ်ခုကို စိုးမိုးနိုင်သည့် အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ဥပမာအားဖြင့် တိမ်လွှာဂိုဏ်း၏ အကြီးအကဲချုပ်မှာ ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် အလယ်အလတ်တွင်သာ ရှိသော်လည်း ဂိုဏ်းတစ်ခုလုံးကို ကာကွယ်ရန် လုံလောက်သော အင်အား ရှိလေသည်။ ထိုအဆင့်ထက် ကျော်လွန်သွားသူများကိုမူ သာမန်လူများက "အင်ပီရီယယ်ဘုရင်များ"ဟု ခေါ်ဆိုကြသည်။

အင်ပီရီယယ်ဘုရင်များ ပိုင်ဆိုင်ထားသော ဂိုဏ်းများမှာ လင်မိသားစု၊ လီမီးတောက်ဂိုဏ်းနှင့် ရှန်းထူမိသားစုတို့ကဲ့သို့ ထိပ်တန်းအင်အားစုများ ဖြစ်ကြသည်။ သို့သော် ထိုမိသားစုများတွင်ပင် အင်ပီရီယယ်ဘုရင် အရေအတွက်မှာ အလွန်နည်းပါးလှသည်။

ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် သိုင်းပညာရှင်များသည် ရှန်းထူမိသားစုတွင် အကြီးအကဲ ရာထူးကို ရယူနိုင်သည့် အဆင့်အတန်းမျိုး ရှိကြသည်။ လင်မိသားစုသို့ စေလွှတ်ထားသော ရှန်းထူမိသားစုမှ အကြီးအကဲမှာ ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် အစောပိုင်းမှ အလယ်အလတ်အတွင်း ရှိနေသူ ဖြစ်သည်။

"လူယုတ်မာ.... ငါ မင်းကို ရပ်ဖို့ အမိန့်ပေးနေတာ နားမကြားဘူးလား"

လီမီးတောက်ဂိုဏ်းမှ အကြီးအကဲသည် လူသတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ သူက ရပ်ရန် အော်ဟစ်ခဲ့သော်လည်း ယီယွင်က လုံးဝ လျစ်လျူရှုခဲ့သဖြင့် မျိုးဆက်သစ်တစ်ခု၏ စော်ကားမှုကို သူ ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။

သူသည် ယီယွင်ကို စိုက်ကြည့်လိုက်သည်။ ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် ပညာရှင်တစ်ဦးအနေဖြင့် သူသည် နတ်မျက်စိကို ဖွင့်ထားနိုင်ပြီဖြစ်ရာ တစ်ဖက်လူ၏ စွမ်းအားကို အကဲခတ်နိုင်စွမ်း ရှိသည်။ ယီယွင်က သူ၏ ကျင့်ကြံမှုအဆင့်ကို လျှို့ဝှက်နည်းစနစ်ဖြင့် ဖုံးကွယ်ထားသော်လည်း ဤအကြီးအကဲက ယီယွင်၏ အဆင့်မှာ ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့်သို့ မရောက်သေးဘဲ ပါရမီ အလွန်ကောင်းသည့် လူငယ်တစ်ဦးသာ ဖြစ်ကြောင်း ခံစားမိလိုက်သည်။

ထိုသို့ဆိုလျှင် ယီယွင်မှာ သူ၏ ရှေ့တွင် ကလေးငယ်တစ်ဦးမျှသာ ဖြစ်သည်။

"ညီအစ်ကို ဂေါင်စွန်း... သူ့ကို စကားအများကြီး ပြောမနေပါနဲ့တော့။ ဖမ်းပြီးတော့ လီမီးတောက်ဂိုဏ်းဆီ ပို့လိုက်ရုံပဲ"

ရှန်းထူမိသားစု အကြီးအကဲက ပြောရင်းနှင့် ယီယွင်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် လင်မိသားစု ဝင်ပေါက်ဆီမှ အဘိုးအိုတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"အားလုံးပဲ ခဏစောင့်ကြပါဦး"

လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ ဝဝဖိုင့်ဖိုင့်နှင့် မျက်လုံးမှေးမှေးလေးများ ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦး လင်မိသားစု ဝင်ပေါက်မှ ပျံထွက်လာသည်ကို တွေ့ရသည်။ သူသည် ဝသော်လည်း အလွန်ပင် လျင်မြန်လှသည်။

သူသည် လင်မိသားစု၏ လုံခြုံရေး တာဝန်ခံ အကြီးအကဲ တစ်ဦး ဖြစ်သည်။ လူငယ်များအကြား ပဋိပက္ခတွင် သူ ပါဝင်ရန် မသင့်သော်လည်း ယခုမူ တစ်ဖက်မှ လူငယ်မှာ အလွန်အမင်း အရိုက်ခံထားရပြီး လူကြီးများပါ ပေါ်လာပြီ ဖြစ်သဖြင့် သူ ထွက်လာရခြင်း ဖြစ်သည်။

"အားလုံးပဲ စိတ်မလောကြပါနဲ့။ ဘာကိစ္စများ ရှိလို့လဲ"

ထိုလူဝကြီးမှာ ကြားဝင်ဖျန်ဖြေပေးသူအဖြစ် ဟန်ဆောင်ကာ အန္တရာယ်ကင်းသော မျက်နှာပေးမျိုး လုပ်ထားသည်။ သို့သော် ယီယွင်မှာမူ ထိုလူဝကြီး၏ မျက်ဝန်းများထဲတွင် ကုန်းစွန်းယန်၏ အခြေအနေဆိုးကို မြင်ရသည့်အတွက် ကျေနပ်နေသော အရိပ်အယောင်လေးကို သတိပြုမိလိုက်သည်။

မဟာမိတ်သိုင်းအဖွဲ့နှင့် ဂိုဏ်းအသီးသီး၏ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရသဖြင့် လင်မိသားစုဝင်များအားလုံးမှာ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေကြမည်မှာ သေချာသည်။

"ဖက်တီးချောင်.....လူအ ဆက်မလုပ်နဲ့။ မင်းတို့ လင်မိသားစု ဝင်ပေါက်ရှေ့မှာ ငါတို့ လီမီးတောက်ဂိုဏ်းက လူတစ်ယောက် ဒီလောက်အထိ အရိုက်ခံထားရတာကို မင်းတို့ လင်မိသားစုက တာဝန်ယူရမယ်" ဟု လီမီးတောက်ဂိုဏ်း အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုလူဝကြီး၏ အမည်မှာ လင်ချောင် ဖြစ်ပြီး လင်မိသားစု၏ လုံခြုံရေးကို တာဝန်ယူထားရသူ ဖြစ်ရာ သူ့ကို စောင့်ကြည့်နေသော လီမီးတောက်ဂိုဏ်း အကြီးအကဲနှင့် ရင်းနှီးနေခြင်းမှာ မဆန်းပေ။

အခန်း ၅၆၇ - ကျယ်ပြောလှသော ချောက်ကမ်းပါးကို ဖြတ်ကျော်ခြင်း

လင်မိသားစု၏ တောင်ဝင်ပေါက်တွင် ကုန်းစွန်းယန်နှင့်အဖွဲ့က ရိုင်းစိုင်းစွာ ပြုမူခဲ့သော်လည်း၊ ယခုအခါ လီမီးတောက်ဂိုဏ်း သည် အရိုက်ခံရမှုအတွက် လင်မိသားစုထံမှ အဖြေတောင်းဆိုနေပုံမှာ သူတို့ မည်မျှအာဏာရှင်ဆန်သည်ကို ဖော်ပြနေသည်။

လင်ချောင်၏ ဝဖိုင့်သောမျက်နှာမှာ အကြိမ်အနည်းငယ် တွန့်သွားသော်လည်း သူ ဘာမှပြန်မပြောခဲ့ပေ။

လီမီးတောက်ဂိုဏ်း အကြီးအကဲဘေးတွင် ရပ်နေသော ရှန်းထူမိသားစု အကြီးအကဲက "ညီအစ်ကို ဂေါင်စွန်း... လင်မိသားစုနဲ့ စာရင်းရှင်းဖို့က နောက်မှလုပ်လို့ရပါတယ်။

အရင်ဆုံး ဒီကောင်စုတ်ကို ဖမ်းပြီး ကောင်းကောင်းမေးမြန်းဖို့ ခေါ်သွားကြစို့" ဟု ဆိုလိုက်သည်။

ရှန်းထူအကြီးအကဲ စကားပြောနေစဉ် သူ၏မျက်လုံးများမှာ လည်နေပြီး ယုတ်မာသော အကြံအစည်များ ပေါ်နေပြီဖြစ်သည်။

တောင်ပိုင်းပင်လယ်ကျွန်းစုမှ လာသော လူရိုင်းတစ်ယောက်က ကုန်းစွန်းယန်ကို ဤမျှလွယ်လွယ်ကူကူ အနိုင်ယူနိုင်သည်မှာ မယုံနိုင်စရာပင်။ သို့သော် မျက်ဝါးထင်ထင် မြင်နေရသည့်အတွက် သူ ယုံကြည်လိုက်ရသည်။ ထို့ကြောင့် ဤလူရိုင်းသည် တောင်ပိုင်းပင်လယ်တွင် တစ်စုံတစ်ရာသော အခွင့်အလမ်းကောင်း သို့မဟုတ် ရတနာတစ်ခုခုကို ရရှိထားသည်ဟု သူ သံသယဝင်လာသည်။

သိုင်းပညာရှင်တစ်ဦး အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်ထားခြင်းမှာ မဆန်းသော်လည်း၊ အဆင့်မြင့်ပုဂ္ဂိုလ်တိုင်းမှာ လူငယ်တစ်ဦး၏ ရတနာကို လုယူချင်စိတ် ရှိကြသည်မဟုတ်။ သို့သော် လူတိုင်းတွင် ထိုကဲ့သို့သော ကျင့်ဝတ်သိက္ခာ ရှိသည်တော့မဟုတ်ပေ။

ထို့အပြင် ဤရှန်းထူအကြီးအကဲမှာ အဆင့်မြင့်ပုဂ္ဂိုလ်ဟု ခေါ်ရန်ပင် မထိုက်တန်လှချေ။ သူ၏ကျင့်ကြံမှုမှာ ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် အလယ်အလတ်သို့ ရောက်နေသော်လည်း သူသည် အသက်ကြီးနေပြီဖြစ်ကာ အလားအလာများ ကုန်ဆုံးနေပြီဖြစ်သည်။

သူသည် ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် နောက်ဆုံးအဆင့်သို့ပင် ရောက်ရန် မလွယ်ကူတော့ဘဲ အင်ပီရီယယ်ဘုရင်ဖြစ်ဖို့ဆိုသည်မှာ ဝေလာဝေးလှသည်။

ယခု တောင်ပိုင်းပင်လယ်မှ ရောက်လာပြီး ထူးခြားသောခွန်အားရှိသည့် ယီယွင်ကို မြင်သည့်အခါ ဤကောင်လေးဆီတွင် ရတနာရှိနိုင်ကြောင်း သူ တွေးတောမိသွားသည်။ အကယ်၍ ယီယွင်ကို ခေါ်သွားပြီး စစ်ဆေး၍ ရတနာမတွေ့လျှင်လည်း ဘာမှမဖြစ်ပေ။

ယီယွင်တွင် နောက်ခံအင်အားမရှိသည့်အတွက် သူ့ကို သတ်ပစ်လျှင်လည်း နောင်တွင် ပြဿနာတက်စရာ မရှိပေ။

"သြော်... ခင်ဗျားက ဒီလို အကြံရှိတာကိုး..." လီမီးတောက်ဂိုဏ်း အကြီးအကဲကလည်း ရှန်းထူအကြီးအကဲ၏ ရည်ရွယ်ချက်ကို ရိပ်မိသွားသည်။

"ဟဲဟဲ... သူ့ကိုခေါ်သွားပြီး မေးမယ်၊ မရရင် ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းကိုသုံးပြီး ရတနာကို ရှာမယ်။ အဲဒီကျရင် ငါတို့ သုံးယောက်သား ညီတူမျှတူ ခွဲဝေကြတာပေါ့" ရှန်းထူအကြီးအကဲက အေးအေးလူလူ ပြောလိုက်သည်။

သူသည် အလွန်လောဘကြီးသူဖြစ်ပြီး ယီယွင်ဆီတွင် သူတို့ သုံးယောက်သား အချင်းချင်း သတ်ဖြတ်ရလောက်အောင် တန်ဖိုးကြီးသော ရတနာ ရှိနေလိမ့်မည်ဟု မတွေးမိခဲ့ပေ။

"ကောင်းပြီလေ" လီမီးတောက်ဂိုဏ်း အကြီးအကဲက သူ၏ စကြာဝဠာအိတ်ကို ကိုင်လျက် လူသတ်လိုသောစိတ်များ ဖြစ်ပေါ်လာသည်။ "လင်မိသားစု... ငါတို့ဂိုဏ်းသား မင်းတို့တောင်ဝင်ပေါက်မှာ ဒဏ်ရာရတဲ့ကိစ္စကို အခုချက်ချင်း စာရင်းရှင်းချင်ပေမဲ့ ငါက အလုပ်မရှုပ်ချင်တော့ဘူး။

ဒါကြောင့် အဲဒါကို ထားလိုက်တော့၊ ဒီတောင်ပိုင်းပင်လယ် လူရိုင်းကိုပဲ ငါ ခေါ်သွားတော့မယ်"

လီမီးတောက်ဂိုဏ်း အကြီးအကဲ၏ မောက်မာမှုကို မြင်ရသည့်အခါ လင်မိသားစု တပည့်များ စိုးရိမ်ကုန်ကြသည်။ ယီယွင်သည် ကုန်းစွန်းယန်ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ခဲ့ခြင်းဖြင့် သူတို့ကို အခက်အခဲမှ ကယ်တင်ပေးခဲ့ပြီး သူတို့၏ ဒေါသကိုလည်း ဖြေဖျောက်ပေးခဲ့သူ ဖြစ်သည်။ ယီယွင်မှာ သူတို့အတွက် ရှေ့ထွက်ပေးခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော် ယခုအခါ မိမိတို့နယ်မြေအတွင်း၌ ယီယွင် အဖမ်းခံရတော့မည်ကို သူတို့ လက်ပိုက်ကြည့်မနေနိုင်ကြတော့ပေ။ "အကြီးအကဲချောင်... သူတို့ကို အမြန်တားပေးပါ" "ဟုတ်ပါတယ်... ဒီတောင်ပိုင်းပင်လယ်ကလူက စီနီယာအစ်မလင်ချင်းကို ကယ်ခဲ့တာလေ။

ကျွန်တော်တို့ကို အနိုင်ကျင့်တုန်းက အကြီးအကဲ လျစ်လျူရှုထားတာ ထားပါတော့၊ ဒါပေမဲ့ သူစိမ်းတစ်ယောက်က ကျွန်တော်တို့ဘက်က ရှေ့ထွက်ပေးတာကို ဒီလီမီးတောက်ဂိုဏ်း အဖိုးကြီးတွေ လက်ထဲမှာ အသေခံခိုင်းတော့မှာလား" ဟု လင်မိသားစု လူငယ်တစ်ဦးက မကျေမနပ် ပြောလိုက်သည်။

လင်ချောင်သည်လည်း စိတ်ထဲတွင် များစွာ ခံရခက်နေသည်။ သူသည်လည်း ဤသို့ မလုပ်ချင်သော်လည်း အထက်မှ အမိန့်ကြောင့် ဖြစ်သည်။ သူ၏ တာဝန်ကျချိန်တွင်မှ ဤကဲ့သို့ ကံဆိုးသောကိစ္စ ဖြစ်ရသည်မှာ စိတ်ပျက်စရာပင်။

သူသည် တောင်ပိုင်းပင်လယ် ပါရမီရှင်အကြောင်းကို အထက်သို့ သတင်းပို့ထားပြီး ဖြစ်သည်။ လင်မိသားစုမှ ကျွမ်းကျင်သူများ မကြာမီ ရောက်လာမည်ဖြစ်ရာ သူလုပ်ရမည့်အလုပ်မှာ အချိန်ဆွဲရန်သာ ဖြစ်သည်။

အကယ်၍ ဤလူရိုင်းကို သူတို့ ခေါ်သွားခွင့်ပေးလိုက်လျှင် လင်မိသားစုသည် အလွန်သူရဲဘောကြောင်သည်ဟု ကဲ့ရဲ့ခံရပေလိမ့်မည်။

ထိုစဉ် လီမီးတောက်ဂိုဏ်း အကြီးအကဲက သူ၏နောက်မှ အခြားအကြီးအကဲတစ်ဦးကို လှည့်ပြောလိုက်သည် ။

"ညီလေး... အဲဒီကောင်စုတ်ကို ခုချက်ချင်း သွားပြီး မသန်မစွမ်းဖြစ်အောင် လုပ်ပစ်လိုက်"

ထိုစကားအဆုံးတွင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ယီယွင်ထံသို့ တိုက်ရိုက် ပြေးဝင်တိုက်ခိုက်တော့သည်။ တစ်ချိန်တည်းမှာပင် လီမီးတောက်ဂိုဏ်းနှင့် ရှန်းထူမိသားစု အကြီးအကဲနှစ်ဦးက လင်ချောင်ကို ဝိုင်းတိုက်ကြသည်။ လင်ချောင်သည် လေးယောက်ထဲတွင် အင်အားအကြီးဆုံး ဖြစ်သော်လည်း နှစ်ယောက်ပေါင်းတိုက်လျှင် သူ တားဆီးထားရုံသာ တတ်နိုင်တော့သည်။

သူတို့သည် ယီယွင်ကို လျှပ်စစ်အလျင်ဖြင့် အမြန်ဆုံး နှိမ်နင်းရန် ကြံစည်နေခြင်း ဖြစ်သည်။

"ဟမ်"

လင်ချောင်၏ မျက်နှာပျက်သွားသည်။ အကြီးအကဲနှစ်ဦး၏ တိုက်ကွက်များက လှိုင်းလုံးကြီးများကဲ့သို့ ကျရောက်လာရာ သူ ရှောင်လွှဲ၍ မရပေ။ သူ ရှောင်လိုက်လျှင် သူ့နောက်မှ တပည့်များ ထိခိုက်ကုန်မည်ဖြစ်ရာ တိုက်ရိုက်ရင်ဆိုင်ရတော့သည်။

ထိုအချိန်တွင် လီမီးတောက်ဂိုဏ်း အကြီးအကဲတစ်ဦးမှာ ယီယွင်၏ရှေ့သို့ ရောက်နေပြီဖြစ်သည်။ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ သဲများ၊ ကျောက်ခဲများနှင့် ဝါးပင်များပင် ထိုဆွဲငင်အားအတွင်း ပါဝင်သွားပြီး ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ယီယွင်၏ ခန္ဓာကိုယ်မှာလည်း ထိုဝဲဂယက်အတွင်းသို့ ပါသွားပြီး မြေပြင်မှ ကြွတက်သွားသည်။

"ဝါးမြိုခြင်းဥပဒေသ လား" ယီယွင် အံ့အားသင့်သွားသည်။ ဝါးမြိုခြင်းဥပဒေသမှာ ထျန်းယွမ်လောကတွင် တွေ့ရခဲပြီး ၎င်းကို တတ်မြောက်သူမှာ အလွန်အင်အားကြီးသည်။

ဤအဖိုးကြီးမှာ ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့်တွင် တစ်သက်လုံး ပိတ်မိနေသူ ဖြစ်သော်လည်း ဤကဲ့သို့သော စွမ်းရည်မျိုး ရှိနေသည်မှာ အံ့သြစရာပင်။ အမှန်တကယ်ပင် ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် ပညာရှင်တစ်ဦးကို လျှော့တွက်၍ မရချေ။

သို့သော် ထိုတိုက်ကွက်ကို ရင်ဆိုင်ရင်း ယီယွင်၏မျက်လုံးထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ လင်းလက်လာသည်။ သူသည် ထိုဝဲဂယက်အတွင်း မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားပြီး အင်အားသုံး၍ နောက်သို့ ဆုတ်လိုက်သည်။

ယီယွင်၏ ကာကွယ်ရေးစွမ်းအင်နှင့် အင်ဘောင်အင်္ကျီမှာ ထိုဝါးမြိုခြင်းစွမ်းအားကြောင့် စုတ်ပြဲသွားပြီး သူ၏ ကြံ့ခိုင်သော ကြွက်သားများ ပေါ်လာသည်။ အသားကို စုတ်ဖြဲသကဲ့သို့ နာကျင်မှု ခံစားရသော်လည်း ယီယွင်က ကောင်းကင်တိုင်အောင် ဟိန်းဟောက်လိုက်သည်ထို့နောက်..

"ချွင်"

ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီး ယီယွင်သည် တောင်ဖြိုပင်လယ်ခွဲနိုင်လောက်သော အရှိန်အဝါဖြင့် ခုတ်ချလိုက်တော့သည်။ ဤတိုက်ကွက်တွင် သူ ဓားသင်္ချိုင်းမှ သင်ယူခဲ့သော 'ဓားဆန္ဒ' နှင့် သန့်စင် ယန်ဓားနန်းတော် မှ ဓားသိုင်းများ ပါဝင်နေသည်။ ၎င်းမှာ ယီယွင်၏ ကိုယ်ပိုင် ဓားသိုင်းပင် ဖြစ်သည်။

"ဂျောက်.....အုန်း......"

ယီယွင်၏ ဓားချက်သည် လီမီးတောက်ဂိုဏ်း အကြီးအကဲ၏ ဝဲဂယက်ကို ခုတ်ဖြတ်လိုက်ရာ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ပြီး ဝဲဂယက်မှာ တိုက်ရိုက် ပျက်စီးသွားတော့သည်။

"ဘာ... ဘယ်လိုဖြစ်တာလဲ"

အနက်ရောင်ဝတ်စုံဝတ် အမျိုးသားမှာ မှင်သက်သွားသည်။ သူသည် ထိပ်တန်းဂိုဏ်းတစ်ခု၏ အကြီးအကဲ ဖြစ်သော်လည်း လူငယ်တစ်ယောက်၏ တန်ပြန်တိုက်ခိုက်မှုကို မခံနိုင်ဘဲ ဖြစ်နေသည်။ သူသည် ယီယွင်၏ ကျင့်ကြံမှုအဆင့်ကို စဉ်းစားရန် အချိန်မရလိုက်ပေ၊ အဘယ်ကြောင့်ဆိုသော် ယီယွင်၏ ဓားမှာ ဝဲဂယက်ကို ဖောက်ထွက်ပြီး သူ၏ လည်ချောင်းဆီသို့ ဦးတည်လာနေသောကြောင့် ဖြစ်သည်။

"သေချင်နေတာပဲ"

လူငယ်တစ်ယောက်၏ အကျပ်ရိုက်အောင် လုပ်ခြင်းခံရသဖြင့် သူသည် အရှက်နှင့် ဒေါသ ရောပြွမ်းသွားသည်။ သူသည် စွမ်းအင်များကို စုစည်းလိုက်ရာ လက်ထဲတွင် တုတ်ရှည်တစ်ချောင်း ပေါ်လာသည်။ ထိုတုတ်ရှည်ဖြင့် ယီယွင်၏ ဓားကို အပေါ်မှ ဖိနှိပ်ကာ ရိုက်ချလိုက်သည်။

ပုံမှန်အားဖြင့် တုတ်ရှည်သည် ဓားထက် အားသာသော်လည်း ယီယွင်၏ ဓားရှိန်မှာ မရပ်မနား တိုးဝင်လာရာ တားဆီးရန် မလွယ်ကူပေ။

"ဘုန်း"

မိုးကြိုးပစ်သံကဲ့သို့ ယီယွင်၏ ဓားစွမ်းအင်သည် အကြီးအကဲ၏ ကာကွယ်ရေးစွမ်းအင်ကို ထိမှန်သွားသည်။ ပြင်းထန်သော တုန်ခါမှုနှင့်အတူ အကြီးအကဲ၏ ကာကွယ်ရေးစွမ်းအင်များ အက်ကွဲသွားတော့သည်။

"ဘုန်း" စွမ်းအင်များ ပေါက်ကွဲသွားပြီး ဓားသွားမှာ အကြီးအကဲ၏ ခန္ဓာကိုယ်ကို ခြစ်မိသွားရာ သွေးများ လွင့်စင်ထွက်လာသည်။ လီမီးတောက်ဂိုဏ်း အကြီးအကဲမှာ ညည်းတွားရင်း အနောက်သို့ ခြေလှမ်း ၁၀ လှမ်းကျော် ဆုတ်လိုက်ရသည်။ သူသည် သူ၏ရင်ဘတ်မှ ဒဏ်ရာကို လက်ဖြင့်ဖိကာ တုတ်ရှည်ကို ကျောက်တုံးကြီးတစ်ခုအတွင်း ထိုးစိုက်လျက် အရှိန်သတ်လိုက်ရသည်။

"မင်း... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူသည် ယီယွင်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ ယခုအခါ ယီယွင်သည် သွေးစွန်းနေသော ဓားကို ကိုင်ထားပြီး သူ၏ အင်္ကျီမှာလည်း စုတ်ပြဲနေကာ ရင်ဘတ်တွင် ဝါးမြိုခြင်းဥပဒေသကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာအချို့ ရှိနေသည်။ သူသည် ရှေ့ကတိုက်ပွဲတွင် ဝါးမြိုခြင်းဥပဒေသကို တိုက်ရိုက်ရင်ဆိုင်ခဲ့ပြီး စွမ်းအင်အားလုံးကို ဓားဖျားတွင် စုစည်းကာ ရန်သူကို တစ်ချက်တည်းနှင့် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ယီယွင်အနေဖြင့် ထိပ်တန်းဂိုဏ်းတစ်ခုမှ အကြီးအကဲတစ်ဦးနှင့် ပထမဆုံးအကြိမ် တိုက်ရိုက်ရင်ဆိုင်ခြင်း ဖြစ်သည်။ သူသည် ရှုံးနိမ့်ခြင်းမရှိရုံသာမက အသာပင် ရယူနိုင်ခဲ့သည်။

ဘေးမှကြည့်နေသော လင်မိသားစုနှင့် လီမီးတောက်ဂိုဏ်း တပည့်များမှာလည်း အလွန်အမင်း အံ့အားသင့်ကုန်ကြသည်။ လူငယ်များအတွက် အကြီးအကဲများဆိုသည်မှာ ဖြတ်ကျော်ရန် မဖြစ်နိုင်သော ချောက်ကမ်းပါးကြီးသဖွယ် ဖြစ်သည်။ သို့သော် ယခု ဤတောင်ပိုင်းပင်လယ်က လူငယ်သည် ထိုချောက်ကမ်းပါးကို ဖြတ်ကျော်ပြီး အကြီးအကဲတစ်ဦးကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။

လင်ချောင်နှင့် အခြားအကြီးအကဲနှစ်ဦးပင် ခဏမျှ မှင်သက်သွားပြီး တိုက်ခိုက်ရန်ပင် မေ့သွားကြသည်။

"သူက တကယ်ပဲ လူငယ်တစ်ယောက် ဟုတ်ရဲ့လား"

ယီယွင်သည် ဓားဖျားမှ သွေးစက်ကို ညင်သာစွာ ထိလိုက်ရင်း ပြုံးလိုက်သည် ။

"ဒါက သူတော်စင် တစ်ယောက်ရဲ့ သွေးပေါ့လေ..."

ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့်... ၎င်းမှာ တိုင်အာနတ်မြို့တော်ရှိ သူတော်စင်များနှင့် အဆင့်တူညီသည်။ ယနေ့တွင် သူ၏ ဓားဖျားမှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး၏ သွေးနှင့် စွန်းထင်ခဲ့ပြီ ဖြစ်သည်။ ယီယွင်၏ မျက်လုံးထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထပ်မံ ပေါ်ထွက်လာသည်။

ယခင်က တိမ်ရိုင်းမြေ တွင် ရှိစဉ်က သူသည် စစ်သည်တစ်ယောက်ဖြစ်ရန် အသည်းအသန် ကြိုးစားခဲ့ရပြီး လျန်ချန်းယွီ၏ သတ်ဖြတ်ခြင်းကိုလည်း ခံခဲ့ရသည်။ ထိုစဉ်က 'သူတော်စင်' ဆိုသည်မှာ သူ့အတွက် လုံးဝ မမှီနိုင်သော ဒဏ္ဍာရီများသာ ဖြစ်ခဲ့သည်။

ယခုမူ... သူသည် ထိုသူတော်စင်များကို တိုက်ခိုက်နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။

အခန်း ၅၆၈ - သိက္ခာကို လျစ်လျူရှုခြင်း

ယီယွင်သည် လီမီးတောက်ဂိုဏ်း အကြီးအကဲကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ လင်ရှင်းထုံနှင့်အတူ ထျန်းယွမ်လောကသို့ ပြန်လာပြီး သွေးလမင်းအဖွဲ့ကို တိုက်ခိုက်ရန် ပြင်ဆင်ရာတွင် သူတို့သည် ပင်လယ်ရပ်ခြားမှ အနှိုင်းမဲ့ ပါရမီရှင်များအဖြစ် အသွင်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။

ပင်လယ်ရပ်ခြား ပါရမီရှင်တစ်ဦးအနေဖြင့် ယီယွင်သည် သူ၏ ကိုယ်ရည်ကိုယ်သွေးကို သတ်မှတ်ပြီးသား ဖြစ်သည်။ ၎င်းမှာ လူပုံအလယ်တွင် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အလွန်အမင်း မာန်ထက်သန်သူ၊ လောကတွင် မိမိသာလျှင် အတော်ဆုံးဟု ယူဆထားသူ ဖြစ်သည်။

ဤနည်းဖြင့် သူသည် ယခင်က လူအများ သိထားသော အေးဆေးတည်ငြိမ်ပြီး စဉ်းစားဆင်ခြင်တတ်သော ယီယွင်၏ ပုံရိပ်ကို ဖျောက်ပစ်လိုက်ခြင်း ဖြစ်သည်။

ယီယွင်သည် သူ၏ ဓားသွားပေါ်မှ သွေးစက်များကို ဖြည်းညှင်းစွာ သုတ်လိုက်ပြီး လီမီးတောက်ဂိုဏ်း အကြီးအကဲကို စောင်းငဲ့ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"အဟင်း......ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် ဆိုတာ ဒီလောက်ပဲလား"

ဤစကားတစ်ခွန်းမှာ အထင်သေးမှုနှင့် လှောင်ပြောင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်းက လီမီးတောက်ဂိုဏ်း အကြီးအကဲ၏ မျက်နှာအိုကြီးကို နီမြန်းသွားစေတော့သည်။

"ကလေးစုတ်... နင် သေချင်နေတာပဲ"

သူ၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲနေသည်။ သူ၏ အားအင်ကြောင့် လက်ထဲရှိ တုတ်ရှည်မှာပင် ကွေးညွတ်လာတော့သည်။

ထိုတုတ်ရှည်မှာ ပျော့ပြောင်းမှု ရှိသလို စွမ်းအင်များကိုလည်း သိုလှောင်ထားနိုင်သည်။ တိုက်ခိုက်သည့်အခါ ထိုတုတ်ထံမှ ထွက်ပေါ်လာသော တုန်ခါမှု စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

တုတ်ရှည်မှာ ကွေးညွတ်လာသည်နှင့်အမျှ လီမီးတောက်ဂိုဏ်း အကြီးအကဲ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ပိုမို တိုးထွက်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို အငမ်းမရ စုပ်ယူနေသည်။

သူ အစွမ်းကုန် တိုက်ခိုက်တော့မည်ကို မည်သူမဆို သိနိုင်သည်။ အစပိုင်းတွင် သူက ယီယွင်ကို ကလေးတစ်ယောက်ဟု ထင်ကာ လျှော့တွက်ခဲ့သော်လည်း ယခုမူ ယီယွင်ကို နှိမ်နင်းရန် သူ၏ စွမ်းအားအားလုံးကို အသုံးပြုရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။

ထိုအချိန်တွင် ယီယွင်မှာမူ သူ၏ အင်္ကျီလက်ပေါ်မှ သွေးစွန်းကွက်များကို အေးအေးဆေးဆေးပင် ခါထုတ်လိုက်သည်။ သူသည် လီမီးတောက်ဂိုဏ်း အကြီးအကဲကို တည့်တည့်ပင် မကြည့်ဘဲ အရေးမစိုက်သော အမူအရာကို လုပ်ပြနေသည်။

ဤကဲ့သို့ အရိုးထဲအထိ စိမ့်ဝင်နေသော မောက်မာမှုကို မြင်ရသည့်အခါ ဘေးမှ လူငယ်များမှာ စကားပင် မပြောနိုင်တော့ပေ။ ဤလူမှာ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသူ ဖြစ်သည်။ ပထမတစ်ကြိမ် တိုက်ခိုက်မှုတွင် ယီယွင်မှာလည်း ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်ကို အားလုံး မြင်ထားကြသည်။

ယခု ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် ပညာရှင်က အစွမ်းကုန် တိုက်ခိုက်တော့မည် ဖြစ်ရာ ယီယွင်ကဲ့သို့ မာနထောင်လွှားသူမှာ အရေးနိမ့်သွားနိုင်ကြောင်း သူတို့ တွေးမိကြသည်။

ယီယွင်ကမူ ဓားကို ပေါ့ပေါ့ပါးပါး ကိုင်ထားပြီး သူ၏ မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေသည်။ မဟာဧကရီ နက်နဲသောနယ်မြေအတွင်း ခုနစ်နှစ်တိုင်တိုင် ကျင့်ကြံခဲ့ရာတွင် သူ၏ အချိန်အများစုကို 'မဟာဧကရီ နှလုံးသားကျမ်း' ကို လေ့လာရန် အသုံးပြုခဲ့သော်လည်း သူ၏ ကျင့်ကြံမှုမှာ ဥပဒေသမျိုးစေ့ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အသက် ၂၃ နှစ်နှင့် ဥပဒေသမျိုးစေ့ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခြင်းမှာ ထျန်းယွမ်လောကရှိ ရွယ်တူများထက် များစွာ သာလွန်နေခြင်း ဖြစ်သည်။ ထို့အပြင် ယီယွင်၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အဆင့်တူ သိုင်းပညာရှင်များထက် များစွာ အစွမ်းကြီးမားသည်။

ဥပဒေသမျိုးစေ့ ကျင့်ကြံသူတစ်ဦးက ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် ပညာရှင်ကို ရင်ဆိုင်ခြင်းမှာ အဆင့်အတန်းကြီး တစ်ခုလုံး ကွာခြားနေခြင်း ဖြစ်သော်လည်း ယီယွင်ကမူ ထိုမဖြစ်နိုင်သောအရာကို ဖြစ်နိုင်အောင် လုပ်ပြနေခြင်း ဖြစ်သည်။

"သူ့ကို အမြန်နှိမ်နင်းလိုက်ကြစို့။ ဒီကောင်က အရမ်း ကြောက်စရာကောင်းတယ်။ ဒီနေ့ ငါတို့ သူ့ကို ရန်သူဖြစ်အောင် လုပ်လိုက်မိပြီဆိုတော့ နောင်တစ်ချိန်မှာ ငါတို့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"

ဟု ရှန်းထူအကြီးအကဲက အခြားနှစ်ဦးကို အသံလှိုင်းဖြင့် သတိပေးလိုက်သည်။ အကြီးအကဲ သုံးဦးစလုံးမှာ သဘောထား တူညီသွားကြသည်။ သူတို့သည် ယီယွင်ကို သတ်ရန် သို့မဟုတ် ဖမ်းဆီး၍ နှိပ်စက်စစ်ဆေးရန် ဆုံးဖြတ်လိုက်ကြသည်။

သိုင်းပညာရှင်များ၏ ကမ္ဘာတွင် ရန်ငြိုးရန်စဆိုသည်မှာ သွားလျှင် သွားချင်း၊ မျက်လုံးလျှင် မျက်လုံးချင်း ပြန်ပေးဆပ်ရခြင်း ဖြစ်သည်။ အခြားလမ်း မရှိပေ။ ထို့ကြောင့် သူတို့ဘက်က အသေမခံလိုလျှင် ယီယွင်ကို အရင်သတ်ရမည် ဖြစ်သည်။

ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် အကြီးအကဲ သုံးဦးမှာ စွမ်းအင်များ စုစည်းလိုက်ပြီး မည်သည့်သတိပေးချက်မျှ မပေးဘဲ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြတော့သည်။

ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် ပညာရှင်တစ်ဦး အစွမ်းပြသည့်အခါ ကမ္ဘာမြေကို သယ်ဆောင်ထားသကဲ့သို့ လေးလံပြီး ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ ပြင်းထန်သော အရှိန်အဝါမျိုး ရှိသည်။ သူတို့ သုံးဦးပေါင်းလိုက်သည့်အခါ သူတို့၏ သွေးနှင့် စွမ်းအင်များမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာပြီး မြေပြင်ကိုပင် တုန်ခါသွားစေတော့သည်။

"ဒုက္ခပဲ" "ဆုတ်ကြ အမြန်ဆုတ်ကြ"

လင်မိသားစု တပည့်များရော လီမီးတောက်ဂိုဏ်း တပည့်များပါ မျက်နှာပျက်ကုန်ကြသည်။ ဤမျှ ပြင်းထန်သော တိုက်ပွဲကြားထဲတွင် ပါသွားပါက သူတို့မှာ အသားစပင် ကျန်တော့မည် မဟုတ်ပေ။

"ဒီလူတွေ... သိက္ခာကို လုံးဝ မငဲ့တော့ဘူးပဲ" ဤမုန်တိုင်းကြားတွင် လင်ချောင်သည် ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် အဘိုးကြီး သုံးဦးက လူငယ်တစ်ဦးကို ဝိုင်းတိုက်နေသည်ကို ရှင်းလင်းစွာ မြင်နေရသည်။

သူတို့သည် အသက်အရွယ်နှင့် လူအင်အားကို အသုံးချကာ အနိုင်ကျင့်နေခြင်း ဖြစ်သည်။ ထို့အပြင် မည်သည့်သတိပေးချက်မျှ မရှိဘဲ ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ သူတို့၏ သိက္ခာကျသွားပါစေ ယီယွင်ကို သေချာပေါက် သတ်ရန် ကြံစည်နေခြင်း ဖြစ်သည်။

အခြေအနေက ဤအဆင့်သို့ ရောက်လာသည့်အခါ လင်ချောင်လည်း လျစ်လျူရှု၍ မရတော့ပေ။ သူသည် လက်ဝါးကို ရိုက်ထုတ်လိုက်ရာ စွမ်းအင်များမှာ ဟင်းလင်းပြင်ထဲတွင် ရေကန်ကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။ ၎င်းမှာ သူကျင့်ကြံထားသော ရေဥပဒေသ ဖြစ်သည်။ သူသည် ရေ၏ အင်အားဖြင့် ထိုသုံးဦး၏ အရှိန်ကို တားရန် ကြိုးစားသော်လည်း သူ၏ တိုက်ကွက်မှာ နောက်ကျသွားသလို တစ်ယောက်တည်းနှင့် သုံးယောက်ကို ရင်ဆိုင်ရန်မှာလည်း ခွန်အား မလုံလောက်ပေ။

အကြီးအကဲ သုံးဦး၏ တိုက်ကွက်များမှာ ယီယွင်ထံသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ရှန်းထူအကြီးအကဲ၏ မျက်နှာမှာ ကြောက်စရာကောင်းအောင် တွန့်လိမ်နေပြီး လူသတ်လိုသောစိတ်များ ပြည့်နှက်နေသည်။

"သိက္ခာကို ဘယ်သူ ဂရုစိုက်မှာလဲ။ အနိုင်ရတဲ့သူက ဘုရင်ပဲ။ ကောင်လေး... သေလိုက်တော့"

လီမီးတောက်ဂိုဏ်း အကြီးအကဲ နှစ်ဦးထံမှ တုတ်ရှည်နှင့် ဓားချက်မှာလည်း အပေါ်မှ ပြင်းထန်စွာ ကျရောက်လာသည်။ သူတို့ သိက္ခာကို စတေးလိုက်ပြီ ဖြစ်သဖြင့် ယီယွင်ကို မည်သည့်နည်းနှင့်မဆို သတ်ရန်သာ အဓိက ထားတော့သည်။

ဤမျှ ပြင်းထန်သော တိုက်ကွက်မှာ ဥပဒေသမျိုးစေ့ လူငယ်တစ်ဦး ခံနိုင်ရည်ရှိရန် လုံးဝ မဖြစ်နိုင်သော အရာဖြစ်သည်။ သို့သော် ထိုမုန်တိုင်း၏ အလယ်တွင် ယီယွင်က ပြုံးလိုက်ပြီး "ဒီလောက်အထိ အရှက်မရှိကြတာ ခင်များတို့ကတော့ အရှက်မရှိတဲ့နေရာမှာ အတော်ဆုံးပဲ" ဟု ဆိုလိုက်သည်။

သေရေးရှင်ရေး အခြေအနေတွင် သူ ပြုံးနိုင်နေခြင်း ဖြစ်သည်။ ထိုအပြုံးကို မြင်လိုက်ရသည့်အခါ အားလုံး မှင်သက်သွားကြသည်။ ဤလူရူးက ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် သုံးဦး၏ ပေါင်းစပ်တိုက်ကွက်ကို တားနိုင်စွမ်း ရှိလို့လား...

မျက်တောင်တစ်ခတ်အတွင်းမှာပင် ယီယွင်၏ ပုံရိပ်မှာ မုန်တိုင်းကြားတွင် ဝေဝါးသွားပြီး ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသလို ဖြစ်သွားသည်။

ပုံရိပ်ယောင်လား...ဟမ်

ယီယွင် ပြုံးလိုက်သည့် အခါမှာပင် သူသည် သူ၏ အမြင့်ဆုံး ရွေ့လျားမှု နည်းစနစ်ဖြစ်သော "ရွှေကျီးကန်း နေရောင်ခြည်ရွေ့လျားခြင်း"ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သူသည် လျှပ်စီးအလျင်ကဲ့သို့ လျင်မြန်လှသဖြင့် သူ ဘယ်နေရာတွင် ရှိသည်ကို မည်သူမျှ အတည်မပြုနိုင်တော့ချေ။

"ဟမ် သူ ရှောင်လိုက်နိုင်တာလား" အားလုံး အံ့သြသွားကြသည်။

ဥပဒေသမျိုးစေ့ သိုင်းပညာရှင်တစ်ဦးက ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် အကြီးအကဲ သုံးဦး၏ တိုက်ကွက်ကို တိုက်ရိုက်ခုခံရန် မဖြစ်နိုင်သော်လည်း၊ ရှောင်တိမ်းနိုင်သည်မှာပင် မယုံနိုင်စရာ ဖြစ်သည်။ ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် ပညာရှင်၏ တိုက်ကွက်မှာ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို ပိတ်ဆို့ထားနိုင်စွမ်း ရှိရာ ရှောင်တိမ်းရန် အလွန် ခက်ခဲလှသည်။

ထို့ပြင် သူတို့ သုံးဦးပေါင်း၍ အရပ်မျက်နှာ အားလုံးကို ပိတ်ဆို့ထားခြင်း ဖြစ်သည်။ သို့သော် ယီယွင်ကမူ ထိုတိုက်ကွက်များကြားတွင် မြွေတစ်ကောင်ကဲ့သို့ တိုးဝင်ကာ မည်သည့် အပေါက်ငယ်လေးထဲမှမဆို ဖောက်ထွက်နိုင်နေသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရွေ့လျားမှု နည်းစနစ်က အားလုံးကို မှင်သက်စေသည်။ ၎င်းမှာ ဥပဒေသမျိုးစေ့ သိုင်းပညာရှင်တစ်ဦး၏ ကန့်သတ်ချက်ထက် များစွာ ကျော်လွန်နေခြင်း ဖြစ်သည်။ ယွမ်နယ်ပါယ်ဖွင့်ခြင်းအဆင့် ပညာရှင်များသာ ယီယွင်၏ လှုပ်ရှားမှုကို မြင်နိုင်ပြီး ကျန်လူငယ်များမှာမူ ပုံရိပ်ယောင်များကိုသာ မြင်တွေ့နေရသည်။

ယီယွင်၏ ရွေ့လျားမှုမှာ အလွန် ပြေပြစ်လှသော်လည်း အကြီးအကဲ သုံးဦးမှာလည်း တိုက်ပွဲအတွေ့အကြုံ များသူများ ဖြစ်ကြသည်။ သူတို့သည် ယီယွင်၏ နောက်သို့ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်နေကြသည်။

"မိုက်မဲလိုက်တာ" "ငါတို့ရဲ့ တိုက်ကွက်တွေကို နင်လိုကောင်က ဘယ်လိုလုပ် ရှောင်နိုင်မှာလဲ"

အကြီးအကဲ သုံးဦးမှာ လင်ချောင်၏ ကြားဝင်နှောင့်ယှက်မှုကို ခံနိုင်ရည်ရှိစွာ ကျော်ဖြတ်ပြီး ယီယွင်ဆီသို့ တဖြည်းဖြည်း နီးကပ်လာသည်။ သို့သော် သူတို့၏ စိတ်ထဲတွင်မူ ယီယွင်၏ ရွေ့လျားမှု နည်းစနစ်ကြောင့် အလွန်အမင်း ထိတ်လန့်နေကြသည်။

ဒီကောင်ကို အရှင်မထားသင့်ဘူး ဤအတွေးမှာ သူတို့ သုံးဦးစလုံး၏ စိတ်ထဲတွင် စွဲမြဲသွားတော့သည်။

All Chapters