နဉ်အာ
Vol. 18 Ch. 242
အခန်း(၂၄၂) : နဉ်အာ
ဖန်းလီက တုန်လှုပ်အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည့်အခါ ဆံပင်အဖြူရောင်နှင့် လူငယ်လေးက သူ့ကို သားကောင်အလား ရက်စက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ သူ့အခန်းရှိ အစီအရင်အားလုံးက ကောင်းကောင်း အလုပ်လုပ်နေသေးကြောင်း သိလိုက်ရ၍ ထိုလူ ဘယ်လိုဝင်ရောက်လာကြောင်း စဉ်းစားနေမိသည်။
သူ့ဘာသာ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူ့ရှေ့ ရပ်နေသူကို သတိပြုမိသွားကာ တုံ့ဆိုင်းသွားလေသည် “တ … တိထျန်းလား”
ဒီမျိုးဆက်၏ နာမည်အကြီးဆုံး ကောင်းကင်ရွေးချယ်ခံနှစ်ယောက်က ဝမ်ဝေ့နှင့် တိထျန်းတို့ ဖြစ်ကြသည်။ နှစ်ယောက်လုံးက ထင်ရှားသည့် လက္ခဏာရပ်များ ရှိပြီး တစ်ယောက်တွင် ခဲဖြူရောင် ဆံပင် ပိုင်ဆိုင်ထားသလို တခြားတစ်ယောက်တွင် ဆံပင်အဖြူရောင် ပိုင်ဆိုင်ထားသည်။
“ဘယ်လိုလုပ် ငါ့အခန်းထဲ ရောက်လာတာလဲ” ဖန်းလီက တည်ငြိမ်ချင်ယောင်ဆောင်ကာ မေးလိုက်သည် “ ဒါက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော် ပိုင်နက်ပဲ။ တကယ်လို့ မင်းရဲ့ တိမိသားစုကို ကျောင်းတော်နဲ့ ပဋိပက္ ခမဖြစ်စေချင်ရင် ငါ့အခန်းထဲကနေ ကျေးဇူးပြုပြီး တတ်နိုင်သမျှ မြန်မြန်ထွက်သွားလိုက်ပါ။ ဒီမှာ ဘာမှမဖြစ်ခဲ့သလို နေပေးမယ်”
သို့သော်လည်း တိထျန်းက အေးစက်စက် ရက်စက်တတ်သည့် သွင်ပြင်မျိုး ရှိနေဆဲ ဖြစ်၏။ ထို့နောက် အခန်းတစ်ခုလုံးကို သတ်ဖြတ်ငွေ့များ လွှမ်းခြုံလာသောကြောင့် ဖန်းလီပင် အသက်ရှုရခက်လာသည်။
“ အဲဆို အဆင့်နိမ့် ခြိမ်းခြောက်မှုတွေ သုံးနေစရာ မလိုဘူး။ မင်းအတွက် အချိန်ဆွဲနေလို့လည်း အလကားပဲ။ အခန်းထဲမှာ ဘာဖြစ်ဖြစ် တစ်ယောက်မှ သိမှာမဟုတ်ဘူး။ ယင်ဝိညာဉ်ကျမ်းကို ပေးရင် မင်းဆီမှာ အသက်ရှင်နိုင်ခြေ ရှိသေးတယ် မဟုတ်ရင်တော့ အကျိုးဆက် ခံစားရမယ်”
ဖန်းလီက ထိုအရာကို ကြားပြီး ချက်ချင်း အမူအရာပျက်ယွင်းသွားလေသည်။ ထို့ကြောင့် သူက အခြေအနေကို ခဏတာ တွေးလိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်၏။
သူ့လက်တစ်ချက်အဝေ့တွင် သူ့ရှေ့ ဧရာမ တစ္ဆေတစ်ကောင် ထွက်ပေါ်လာသည်။ တစ္ဆေတွင် ကြေးနီရောင် အသားအရေရှိပြီး ၆ မီတာမက မြင့်မားလေသည်။ ထို့အပြင် တောင့်တင်းသော လူသားခန္ဓာကိုယ်နှင့်အတူ နွားသိုးခေါင်း ပါရှိ၏။ ထို့နောက် ဖန်းလီက သူ ဆင့်ခေါ်ထားသော တစ္ဆေစစ်သူကြီးနှင့် ပေါင်းစပ်လိုက်သည်။
သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ အခန်းအတွင်း အားကောင်းသည့် ယင်စွမ်းအားတစ်ခု ပေါ်ထွက်လာကာ ဖန်းလီ၏ သွင်ပြင်အသစ်နှင့် ပေါင်းစပ်သွားသည်။ သူ့အသားအရေက ဖြူဖျော့သွားပြီး အရပ်ကလည်း နောက်ထပ် ၄ မီတာ ပိုမြင့်လာသည်။
သူ့နောက်တွင် တစ္ဆေစစ်တပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုတစ္ဆေအများစုက ဖြူဖျော့ကာ တိရစ္ဆာန်ဦးခေါင်းများရှိသည့်အတွက် ကြည့်ရသည်မှာ ရွံ့ရှာဖွယ်အတိ ဖြစ်နေသည်။
ဖန်းလီအတွက် ကံမကောင်းသည်က နေရာကန့်သတ်ချက်ကြောင့် သူ ဆင့်ခေါ်နိုင်သည့် တစ္ဆေပမာဏက ကန့်သတ်ခံထားရသည်။ သို့သော်လည်း သူက ထိုပြဿနာကို ဖြေရှင်းဖို့ နောက်ထပ် နည်းလမ်း ရှိနေသေးသည်။
သူက တုံ့ဆိုင်းမနေဘဲ ပင်ကိုစွမ်းရည် ဖြစ်သည့် တစ္ဆေဝါးမျိုခြင်းကို အသက်သွင်းလိုက်သည်။
ဖန်းလီက ပါးစပ်ဖွင့်ဟလိုက်ပြီးတော့ ထိုတစ္ဆေများကို နာမည်ကျော် စားသောက်ဆိုင်မှ အရသာရှိသည့် သရေစာများလိုမျိုး စတင်စားသုံးတော့သည်။ ပို၍ အရေးကြီးသည်က ထိုတေစ္ဆများသည် မခုခံကြပေ။ သူတို့က ဖန်းလီ၏ အစိတ်အပိုင်း ဖြစ်လာဖို့အတွက် စိတ်လှုပ်ရှားနေကြဟန်ပင် ပေါ်နေကြသေးသည်။ ပင်လယ်ထဲ လမ်းပျောက်နေသည့် သင်္ဘောသားများ အိမ်ပြန်ရတော့မှာမလို့ စိတ်လှုပ်ရှားနေသလိုမျိုး ဖြစ်၏။
ဖန်းလီက တစ္ဆေများကို ဝါးမျိုလိုက်သည့်အခါ သူ့ခန္ဓာကိုယ်အရွယ်အစားက ကြီးမားလာသည်။ နဂို ဆယ်မီတာမှ ၁၅ မီတာသို့ အလျှင်အမြန် ရောက်ရှိသွားပြီး ၂၅ မီတာမှ ရပ်တန့်သွားသည်။
ထိုဖြစ်စဉ်အတွင်း တိထျန်းအနေနှင့် ကမ္ဘာကြီးက သူ့အပေါ် အကြွေးတင်ထားသည့်အလား အေးစက်စက်ဖြင့်သာ ဆက်တိုက်ကြည့်နေသည်။ သူ့အတွက် အရေးမပါသကဲ့သို့ ဖန်းလီ၏ အပြုအမူကို မတားဆီးပေ။
ယင်ဝိညာဉ်ကျမ်းက ယင်စွမ်းအားများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာငယ်လေးကို အမှန်တကယ် ဖန်တီးပေးနိုင်သည်။ ကြည့်ရသည်မှာ သံသရာနှင့် တိုက်ရိုက်ဆက်နွယ်နေပုံပေါ်၏။
ဒီခရီးက အလကား မဖြစ်တော့ဘူးပဲ …
တိထျန်းက တွေးလိုက်မိသည်။
“ တိထျန်း ဒီနေ့ မင်းရဲ့ မောက်မာမှုက မင်းကို ခံစားစေလိမ့်မယ်။ ငါ့ကို နောက်ဆုံးပုံစံအထိ ရောက်ဖို့ ခွင့်မပြုထားသင့်ဘူး။ အခုတော့ သွားသေလိုက်တော့” ဖန်းလီက ပြောရင်း အားပြင်းပြင်း လက်သီးဖြင့် ထိုးခွင်းလိုက်သည်။
ဝုန်း …
အခန်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသလို တုန်ယင်သွားလေသည်။ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါနှုန်းက အခန်းမှ စံအိမ်တစ်ခုလုံးအထိ ပျံ့နှံ့သွားလေသည်။ ကံကောင်းသည်က အစီအရင်များက သူ့ဘာသာ အသက်ဝင်လာကြပြီး အရာအားလုံးကို အပြင်ဘက်မှ သတိမထားမိစေရန် တားဆီးလိုက်ကြသည်။
အားပြင်းပြင်း တိုက်ကွက်အပြီးတွင် ဖန်းလီက တိထျန်းထံ သူ့လက်သီး ထိမှန်သွားသည်ကို ကြည့်နေရင်း ခြစ်ရာပင် မထင်ခဲ့သည့်အတွက် အမူအရာ ပုံဆိုးပန်းဆိုးဖြစ်လာသည်။ သူ့အဝတ်အစားများပင် ပျက်စီးမသွားခဲ့ပေ။
ဖန်းလီအား ပို၍ ကြောက်လာစေသည်က ထိုသူ အသုံးပြုလိုက်သည့် မူလအဆီအနှစ် သို့မဟုတ် ဝိညာဉ်ချီကို အာရုံမခံမိလိုက်ခြင်း ဖြစ်၏။
“ မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ် ဒီလောက်အားကောင်းနေတာလဲ” ဖန်းလီက တုန်တုန်ယင်ယင်ဖြင့် မေးလာသည်။
သို့သော်လည်း တိထျန်းက သူ့မေးခွန်းကို လျစ်လျူရှုထားလေသည် “ဒါပဲလား … အခု ငါ့အလှည့်ပဲ”
ထို့နောက် သူက သာမန်လက်သီးချက် ထုတ်လွှင့်လိုက်သည်။
ဝုန်း
ဖန်းလီ၏ ဘယ်လက်က လုံးဝ ပြတ်တောက်သွားလေသည်။
ဝုန်း
ညာဘက်လက်လည်း ဖျက်ဆီးခံလိုက်ရ၏။
ဝုန်း ဝုန်း
ဖန်းလီ၏ ကျန်ရှိနေသည့် ခြေထောက်များ ခြေမွခံလိုက်ရသည်။ သူက အကောင်းတိုင်း ကျန်ရှိသည့် အပေါ်ပိုင်းဖြင့် မြေပေါ် လဲကျသွားလေသည်။ အခန်းအတွင်း သွေးများလည်း ပြန့်ကျဲနေပြီး ဖန်းလီက နာနာကျင်ကျင် ငြီးငြူနေရသည်။
သူက နာကျင်ရသလို မျက်နှာပျက်သလိုလည်း ခံစားရသည်။ သူ့ပြိုင်ဘက်၏ သာမန်လက်သီးချက်က သူ့အားအကောင်းဆုံး သွင်ပြင်ကို လုံးဝ ဖျက်ဆီးနိုင်လိုက်သည်။ သူက တိထျန်း၏ ခန္ဓာကိုယ်သည် အလွန်တရာ အားကောင်းနေလိမ့်မည်ဟု မထင်ထားမိပေ။ သူ သိထားသည့် အချက်အလက်အရ ဝမ်ဝေ့တစ်ယောက်တည်းကသာ ထိပ်တန်း ကောင်းကင်ရွေးချယ်ခံများကြား အားကောင်းသော ခန္ဓာကိုယ် ရှိထားခြင်း ဖြစ်၏။
ခန္ဓာကိုယ် ခွန်အားကြောင့် လူသိများသည့် အကြမ်းခံပုဆိန်ရုပ်ခန္ဓာရှိသည့် ကျီစုန့်ပင် ဝမ်ဝေ့နှင့် မယှဉ်နိုင်ပေ။ သို့သော် ထိုသတင်းက ယခင်တုန်းမှ ဖြစ်၏။
တကယ်တော့ ဖန်းလီက ကျီစုန့်နှင့် တတိယပြိုင်ပွဲအတွင်း ရင်ဆိုင်ခဲ့ဖူးသည်။ ဤသွင်ပြင်ကို အသုံးပြုကာ သူက ကောင်းကင်ရွေးချယ်ခံတချို့ဖြင့် ကောင်းကောင်း တိုက်ခိုက်နိုင်ခဲ့သည်။
ကျီစု့န်က ကံအပြောင်းအလဲ အခွင့်အရေးတချို့နှင့် ကြုံတွေ့သွားပြီးနောက် သူတို့ ပြန်တိုက်သည့်အခါ သူက အလွယ်လေး ရှုံးနိမ့်သွားလေသည်။ သို့သော်လည်း သူက သူ့ရွယ်တူများကို ရင်ဆိုင်ရာ၌ ဒီလောက်စိတ်ပျက်လက်ပျက် မဖြစ်ခဲ့ဖူးပေ။
“မင်းက ဘယ်သူလဲ” ဖန်းလီက မေးလိုက်သည်။ သူ့စိတ်ထဲ လူငယ်မျိုးဆက်တစ်ယောက်က ဒီလောက်အထိ အားကောင်းနေလိမ့်မည်ဟု တွေးမကြည့်ဖူးပေ။
ဖန်းလီက အဖြေကို စောင့်ဆိုင်းနေစဉ် သူ့ခန္ဓာကိုယ်ထဲရှိ တစ္ဆေများက သူ့ကြွက်သားများ၊ အရိုးများ၊ ခြေလက်များကို စတင် ကုသပေးနေပြီ ဖြစ်၏။ သူ တွက်ချက်ထားသလောက် သူ့အနေနှင့် ပုံမှန်ပြန်ဖြစ်ဖို့ အနည်းဆုံး သုံးနာရီ လိုအပ်လိမ့်မည်။ သို့သော်လည်း သူသာ တိုက်ခိုက်နိုင်စွမ်းတစ်ခု ရလာသရွေ့ သူ့ကျင့်စဉ်မှ ရထားသည့် ယင်ကမ္ဘာမှတဆင့် အခန်းထဲမှ လွတ်မြောက်နိုင်လိမ့်မည်။
ဖန်းလီအတွက် ကံဆိုးသည်က တိထျန်းက မလိုအပ်သည်များကို မပြောပေ။ သူက သူ့ဆီ တန်းတန်းလျှောက်လာပြီး လက်တစ်ချက်အဝေ့တွင် သူ့လက်မှ အနက်ရောင်အလင်းက ဖန်းလီခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။
ထို့နောက် စံအိမ်တစ်ခုလုံး ကြားနိုင်သည့် အော်သံကြီး ထွက်လာသည်။ ထိုအော်သံတွင် အားနည်းသည့် ဝိညာဉ်ရှိသည့် လူကို ဖျက်ဆီးပစ်နိုင်စွမ်းပင် ပါဝင်နေ၏။ ကံကောင်းစွာဖြင့် လတ်တလော ဖန်းလီက သံသယလွန်ကဲနေသောကြောင့် စံအိမ်အတွင်း သူ့ကို ခစားနေသည့် အစေခံများနှင့် ကျွန်များအားလုံးကို အလုပ်ထုတ်ထားခဲ့သည်။
အော်သံအဆုံးတွင် ဖန်းလီ ခန္ဓာကိုယ်ထဲရှိ တစ္ဆေများက သူတို့ဝိညာဉ်ထဲအထိ အကြောက်တရားကို ခံစားမိလိုက်ကြသည်။ သူတို့က တုံ့ဆိုင်းမနေတော့ဘဲ သူ့ခန္ဓာကိုယ်မှ ထွက်လာကာ မြေအောက်ကမ္ဘာဆီ ပြန်သွားကြသည်။ ကျန်ရှိနေသည့် တစ်ခုတည်းသောအရာက တစ္ဆေစစ်သူကြီး ဖြစ်၏။
တိထျန်းက သူ့လက်ကို ဖန်းလီ၏ နဖူးပေါ် တင်လိုက်ပြီး ဝိညာဉ်ကို ဆွဲနှုတ်လိုက်သည်။ သူ့ဝိညာဉ်က တစ္ဆေစစ်သူကြီးနှင့် တစ်ပုံစံတည်း ဖြစ်နေသည်။ တိထျန်းက တုံ့ဆိုင်းမနေဘဲ ဝိညာဉ်ကို နှစ်ပိုင်းဆွဲဖြဲပစ်လိုက်သည်။ သို့သော်လည်း ဖျက်ဆီးပစ်ဖို့ မဟုတ်ပေ။ သူတို့ကို ခွဲလိုက်ဖို့ ဖြစ်၏။ ထို့နောက် သူက ဘယ်ဘက်ရှိ မျှောလွင့်နေသည့် တိမ်တိုက်ကို ကြည့်ကာ ညာဘက်ရှိ တစ္ဆေစစ်သူကြီးကိုလည်း ကြည့်လိုက်သည်။ သူ့အကြည့်အောက်တွင် တစ္ဆေစစ်သူကြီးက ဖန်းလီကို ထားရစ်ကာ ပျောက်ကွယ်သွားလေသည်။
ထို့နောက် သူက ဖန်းလီ၏ ဝိညာဉ်ကို ကြည့်လိုက်ပြီး သူ့ကြောက်မက်ဖွယ် အံ့ဖွယ်အသိစိတ်ဖြင့် ဖန်းလီ၏ မှတ်ဉာဏ်များကို စတင်ရှာဖွေတော့သည်။ ဖန်းလီက ရုန်းကန်သော်လည်း သူ့ဝိညာဉ်အင်အားက တိထျန်းနှင့် မယှဉ်နိုင်ပေ။
အရိုးသားဆုံးပြောရလျှင် နှိုင်းယှဉ်ဖို့ပင် မနီးစပ်ပေ။ ဖယောင်းတိုင်မီးတောက်နှင့် စကြဝဠာထဲရှိ အတောက်ပဆုံးအရာကို နှိုင်းယှဉ်ရသလိုမျိုး ဖြစ်နေသည်။
တိထျန်းက စက္ကန့်ပိုင်းလောက်ရှာဖွေပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ အကြောင်းမှာ သူက ဖန်းလီ၏ မှတ်ဉာဏ်ထဲ ယင်ဝိညာဉ်ကျမ်းနှင့် သက်ဆိုင်သည့် ဗဟုသုတများကို စည်းပိတ်ထားသည့် အားကောင်းသော စည်းတံဆိပ်ကို တွေ့လိုက်၍ ဖြစ်သည်။ ထို့အပြင် ထိုစည်းတံဆိပ်အဆင့်က မဟာဧကရာဇ်အဆင့် ဖြစ်၏။
တိထျန်းက အချိန်တစ်ခုသာရပါက သူ့အနေနှင့် ချိုးဖောက်ပစ်နိုင်မည်မှန်း သိထားသော်လည်း သူ လိုချင်တာ မရခင် ထိုအရာက ဖန်းလီ၏ ဝိညာဉ်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်နိုင်ခြေရှိကြောင်း မှန်းဆမိ၏။
“ မင်း ငါ့အတွက် ကျမ်းကို ချရေးပေးမလား ဒါမှမဟုတ် မင်းရဲ့ ဝိညာဉ် လောင်ကျွမ်းတာ ခံစားမလား”
ထိုသို့ပြောလိုက်ပြီးနောက် တိထျန်းလက်ထဲ ငွေဖြူရောင် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ သိပ်မကြာခင် အခန်းထဲ အော်သံ ပဲ့တင်ထွက်လာပြန်၏။
တစ်နာရီဝန်းကျင် ကြာမြင့်ပြီးနောက် တိထျန်းက လက်ထဲတွင် ကျမ်းကို ကိုင်ကာ စတင်ဖတ်ကြည့်လိုက်သည်။ ထိုစဉ် ဖန်းလီ၏ ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားပြီ ဖြစ်၏။ သို့သော်လည်း ကုသပေးမည့် တစ္ဆေများမရှိဘဲ သူက သေလုမျှောပါး ဖြစ်နေသည်။
“ မင်း လိုချင်တာ ပေးပြီးပြီဆိုတော့ ငါ့ကို အသက်ရှင်ခွင့်ပေးပါ” ဖန်းလီက တောင်းဆိုလိုက်သည်။
သို့သော်လည်း တိထျန်းက သူ့ကို လျစ်လျူရှုထားပြီး ကျမ်းကိုသာ ဆက်ဖတ်နေသည်။ ပထမက သူ့မျက်ဝန်းထဲ ပျော်ရွင်ကြည်နူးသည့် အရိပ်အယောင်ရှိနေခဲ့သော်လည်း အချိန်ကြာလာသည့်အခါ မျက်မှောင်ကြုတ်လာမိသည်။
ထို့နောက် သူ့လက်ထဲ အနက်ရောင်နှင့် အဖြူရောင် အလင်းတစ်ခု ပေါ်လာပြီး ကျမ်းအား အစိတ်စိတ်အမြွာမြွာ လုပ်ပစ်လိုက်၏။
“သေစမ်း အသုံးမဝင်ဘူးပဲ” တိထျန်းက ခပ်ကျယ်ကျယ် ကျိန်ဆိုလိုက်သည်။ ထို့နောက် သူက ဖန်းလီအား ကြည့်ကာ သူ့အကြည့်တို့က မှုန်မှိုင်းလာသည်။ ဖန်းလီက ပါးစပ်ဟကာ တစ်ခုခု ပြောချင်သော်လည်း သူ့ဦးခေါင်းက ရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်သွားကာ သူ့ဝိညာဉ်ပင် ပြန်လည်ဝင်စားခြင်း သံသရာထဲ မဝင်နိုင်ဘဲ လုံးဝ သုတ်သင်ခံလိုက်ရသည်။
တိထျန်းအတွက်မူ သူ့ဘာသာ စိတ်ထိန်းဖို့ အသက်ပြင်းပြင်းရှုလိုက်၏။ သူ့လက်ထဲ ကျောက်စိမ်းပြားတစ်ခြမ်း ပေါ်လာလေသည်။ သူက ထိုအရာကို အညင်သာဆုံး ကြည့်ကာ ကိုင်ထားလိုက်ရင်း
“ ကိစ္စတွေက ဒီလိုရိုးရှင်းမှာ မဟုတ်ဘူးဆိုတာ သိခဲ့သင့်တယ်။ ဒါပေမဲ့ နဉ်အာ မင်း စိတ်ပူဖို့ မလိုဘူး။ ဒီတစ်ခါ ကိုယ် အောင်မြင်မှာပါ။ ကိုယ်တို့တွေ နောက်ဆုံးတော့ ပြန်လည်ဆုံစည်းနိုင်မှာပါ”