← Chapters

ပြိုင်ပွဲအပြီး

Vol. 18 Ch. 243

ပြိုင်ပွဲအပြီး

Vol. 18 Ch. 243

အခန်း(၂၄၃)  :  ပြိုင်ပွဲအပြီး

တိထျန်းက သူ့ဘာသာ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ဖန်းလီ၏ စံအိမ်မှ ထွက်လာကာ ပြန်တွေးတောနေမိသည်။

ဒီယင်ဝိညာဉ်ကျမ်းက သံသရာစက်ဝန်းကနေ သေလူကို ပြန်ခေါ်နိုင်ပေမဲ့ နဉ်အာကို ပြန်အသက်သွင်းဖို့ မကူနိုင်ဘူး … ဆိုလိုတာက ငါ့နဂိုအစီအစဉ်အတိုင်း ဆက်လုပ်ဖို့ လိုတယ်ဆိုတာပဲ … ဒါပေမဲ့ ဒီကျမ်းက ငါ့သံသရာကိုးပါး လက်သီးကို ပိုအားကောင်းလာစေနိုင်ပြီးတော့ ငါ့အစီအစဉ် သေချာချောမွေ့အောင် ကူညီပေးနိုင်တယ်

စံအိမ်မှ ထွက်လာပြီးနောက် မည်သူကမှ သူ့ကို သတိမထားမိခဲ့ကြပေ။ ထို့ကြောင့် သူက ထောင့်ချိုးနေရာဆီ လျှောက်သွားလိုက်သည့်အခါ ခေါင်းဆောင်းနှင့် လူတစ်ယောက်က သူ့ကို စောင့်နေလေ၏။

ခေါင်းဆောင်းနှင့် လူက တိထျန်းကို မြင်လိုက်သည့်အခါ ချက်ချင်း ဒူးထောက်လိုက်ပြီး  “အိပ်စက်သူ အမည်ဝှက် ဝံပုလွေဖြူက သခင်ကို ဂါရဝပြုပါတယ်။ ဒီပြန်လည်ဝင်စားမှုမှာ သခင်ကို ခစားရတာ ဂုဏ်ယူစရာပါပဲ ”

“ဝံပုလွေဖြူလား … ” တိထျန်းက ပြောလိုက်သည် “မင်းနဲ့ မင်းရဲ့ သားက အိပ်စက်သူအဖြစ် ခစားလာတာ နှစ်တွေအတော်ကြာခဲ့ပြီပဲ။ သူက အရမ်းပါရမီကောင်းတယ်။ သူရော အခုဘယ်လိုလဲ”

“ သူက အရင်ပြန်လည်ဝင်စားမှုမှာ ကန့်သတ်ချက်ရောက်သွားလို့ သူ့ဝိညာဉ် သုတ်သင်ခံလိုက်ရပါပြီ။ ဒါပေမဲ့ သူက သခင်ဆီမှာ အကြာကြီးခစားရလို့ ပျော်နေမှာ အသေအချာပါပဲ ”

တိထျန်းက သက်ပြင်းချလိုက်ပြီးနောက် ခဏရပ်တန့်လိုက်ကာ  “ နဂိုအဖွဲ့သားတွေထဲက တချို့ပဲ ဒီနေ့အထိ ကျန်တော့မယ် တူတယ်။ သူတို့ကိုလည်း အပြစ်မတင်နိုင်ပါဘူး။ ငါကိုယ်တိုင်လည်း ကန့်သတ်ချက် စရောက်နေပြီ”

“သခင် အဲလိုစကားတွေ မပြောပါနဲ့။ သခင် ဒီမျိုးဆက်မှာ အောင်မြင်မှာ အသေအချာပါပဲ။ ကျွန်တော်တို့အားလုံး သခင်ကို ယုံကြည်ထားကြပါတယ်”

“ကောင်းပြီ … အခုက စကားစမြည်ပြောနေဖို့ အချိန်မဟုတ်သေးဘူး” တိထျန်းက ပြနပြောလိုက်သည် “ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ဘက်က ပြဿနာမရှိဘူးမလား”

“စိတ်မပူပါနဲ့ … ကျွန်တော် ကျောင်းအုပ်ပိုင်ဟန်ရဲ့ ယုံကြည်မှုကို ရယူထားပြီးတော့ သူ့ကို အကြွင်းမဲ့ ထောက်ခံပေးမဲ့ အဖွဲ့ထဲ ရောက်သွားပါပြီ။ ပြီးတော့ တခြားသဲလွန်စအားလုံးကို တခြားဆရာတစ်ယောက်ဆီ လွဲထားပြီးပြီဆိုတော့ ဘာမှ ပြဿနာရှိမှာ မဟုတ်ပါဘူး”

“ကောင်းတယ် … အခု မင်းလည်း ကျောင်းတော်ထဲ မင်းနေရာကို ပြန်တော့”

..............

နောက်တစ်ရက်တွင် အစေခံတစ်ယောက်က ဖန်းလီ၏ စံအိမ်ဆီ အရင်းအမြစ်များပေးဖို့ ရောက်လာသည်။ သူက လတ်တလော သံသယလွန်ကဲနေသော်လည်း ဖန်းလီက ပြင်ပလောကနှင့် အဆက်အသွယ် မဖြတ်ထားသေးပေ။ ကျောင်းတော်၏ အပြင်စည်း ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့လို ပါရမီရှိသူအနေနှင့် အပတ်စဉ်တိုင်း  သူ့ကျင့်ကြံရေးအတွက် အရင်းအမြစ်ပမာဏတချို့ ရရှိလေသည်။

အစေခံလေး သူ့စံအိမ်ရှေ့ ရောက်လာပြီးနောက် သူ အစီအရင်ဖွင့်လာပြီး အရင်းအမြစ် ထွက်ယူမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ သို့သော် ဘာမှမဖြစ်လာခဲ့ပေ။ တစ်ရက်လုံးလုံး စောင့်ဆိုင်းနေပြီးနောက် အစေခံလေးက ကျောင်းတော်မှ အထက်လူများဆီ သွားရောက်ကာ အခြေအနေကို တင်ပြခဲ့သည်။

သို့သော်လည်း လတ်တလော သူ့အမွေအနှစ်ကို မျက်စိကျနေကြသည့် လူများစွာကြောင့် စိတ်ဖိစီးနေမည်ကို သဘောပေါက်ကာ အချိန်တစ်ခုအထိ သူ ပုန်းအောင်းနေလိမ့်မည်ဟု ထင်ကြသည်။ ထို့ကြောင့် သူ့ကို စိတ်အေးစေရန် သူတို့ဘက် ဆွဲဆောင်နိုင်ရန်အတွက် အဖိုးတန် အရင်းအမြစ်များကိုပင် အသုံးပြုလာသည်။

မည်သို့ပင်ဆိုစေကာမူ တုံ့ပြန်မှု ရှိမလာခဲ့ပေ။

ဖန်းလီက သူတို့ဆွဲဆောင်မှုကို လက်မခံကြောင်း‌ တွေးပြီးနောက် ကျောင်းတော်က ဘာမှမပြောဘဲ နေ့စဉ်နေ့တိုင်း ဆရာတစ်ယောက်ကို စေလွှတ်ကာ ဆက်သွယ်ခိုင်းလေ့ရှိသည်။ သို့သော်လည်း သုံးပတ်ကျော်လွန်သွားသော်ငြား ဖန်းလီက ထွက်မလာသေးပေ။

နောက်ဆုံးတွင် အခြေအနေကို တာဝန်ယူထားရသည့် ဆရာက တစ်ခုခုမှားယွင်းကြောင်း ခံစားမိလာသည်။ ဖန်းလီက သူတို့ဆွဲဆောင်မှုကို ငြင်းပယ်လျှင်ပင် သူ့ဘာသာ ကမ္ဘာကြီးနှင့် အဆက်အသွယ် မလုပ်ဘဲ အခန်းအတွင်း ပိတ်နေခြင်းက တစ်ခုခုတော့ မှားယွင်းနေလေပြီ။

အကယ်၍ တခြားအချိန်ဖြစ်ပါက ဆရာက သူ ကျင့်ကြံနေသည်ဟု တွေးမိလောက်သော်လည်း ပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းမျှသာ လိုတော့သည် ဖြစ်ပြီး သူ့ဆီက ဘာသတင်းမှ မကြားရသေးပေ။

ထို့ကြောင့် ထိုဆရာက ဖန်းလီ၏ ဝိညာဉ်မီးအိမ်ကို သွားရောက်စစ်ဆေးကြည့်ခဲ့သည်။ ကျောင်းတော်၏ အပြင်စည်း ကျောင်းသားများကဲ့သို့ သူ့တွင်လည်း ဝိညာဉ်မီးအိမ် ရှိလေသည်။ ထိုအရာက ကျောင်းတော်သည် အပြင်စည်း ကျောင်းသားများကို ကျောင်းတော်၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားကြောင်း ပြသဖို့ သင်္ကေတတစ်ခု ဖြစ်၏။

ဝိညာဉ်မီးအိမ်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုဆရာက ဖန်းလီသည် သေဆုံးနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက ပိုင်ဟန်ဆီ သွားကာ သတင်းပို့ခဲ့လေသည်။ ထို့နောက် ပိုင်ဟန်၏ လျို့ဝှက်အမိန့်ဖြင့် စံအိမ်မှ အစီအရင်များကို အတင်းကျပ်ဖွင့်ဖို့ ကြိုးစားခဲ့ကြသည်။

သူ့အတွက် ကံဆိုးသည်က ဖန်းလီကို တိတ်တဆိတ် စောင့်ကြည့်နေကြသော သူလျိုများက ကျောင်းတော်၏ အပြုအမူကို ရှာတွေ့သွားလေသည်။ ထို့ကြောင့် ဖန်းလီ သေဆုံးသွားသည့် သတင်းက အသင်္ချေအင်ပါယာကမ္ဘာအနှံ့ ပျံ့နှံ့သွားတော့သည်။

အင်အားစုအသီးသီးမှ ကျင့်ကြံသူများက သူ ဘယ်လိုသေဆုံးသွားကြောင်း စတင်စဉ်းစားနေကြသည်။ ပို၍အရေးကြီးသည်က ယင်ဝိညာဉ်ကျမ်းကို ဘယ်သူရသွားတာလဲ။

ထို့နောက် အားလုံး၏ အာရုံက ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ဆီ ရောက်လာသည်။ ဖန်းလီက သူတို့ ကာကွယ်မှုအောက် ကျောင်းတော်၏ အဆောက်အဦးတစ်ခုထဲ သေဆုံးသွားသည် ဖြစ်၍ သံသယအားလုံးက သူတို့ဆီ ကျရောက်လာသည်။

ဖန်းလီ၏ စံအိမ်ထဲ မည်သူမှ သတိမထားမိစေဘဲ ဝင်နိုင်သူများက သူတို့သာ ဖြစ်လေသည်။ ထိုသုံးသပ်ချက် ချလိုက်ပြီးနောက် အင်အားစုများစွာက ကျောင်းတော်ကို ဖန်းလီအား သူ့အမွေအနှစ်အတွက် တိတ်တဆိတ် သတ်ပစ်သည့် ကိစ္စဖြင့် စွပ်စွဲလာကြသည်။

ဖန်းလီက သူတို့ကျောင်းတော်ထဲ ဝင်ရောက်ဖို့ ရွေးချယ်ခဲ့လျှင် အဆင်ပြေမည် ဖြစ်သော်လည်း အမွေအနှစ်ကို ရယူဖို့ သူ့ကို တိတ်တဆိတ် သတ်ပစ်လိုက်ခြင်းက တခြားအင်အားစုများဆီမှ ရှုံ့ချမှုများ ခံနေရသည်။ ထို့ကြောင့် ကျောင်းတော်က ကမ္ဘာကြီးကို ဖြေရှင်းချက်ကောင်းကောင်း ပေးသင့်ကြောင်း ပြောဆိုနေကြသည်။

………………

ကျောင်းတော်ရှိ တာအိုအခွင့်အလမ်းဂိုဏ်း စံအိမ်အတွင်း

နောက်ဆုံး ပြိုင်ပွဲကို ကြည့်ဖို့ လေ့ကျင့်ရာမှ ထွက်လာခဲ့သည့် ဝမ်ဝေ့က အခန်းအတွင်း လီကျွင်း၊ ယန်းလီလင်းနှင့် ဝမ်ကျူတို့နှင့်အတူ ထိုင်နေသည်။

ဖန်းလီအကြောင်း ဖတ်လိုက်ပြီးသည့်နောက် သူက ပြောလိုက်သည် “ အဲဆိုတော့  ငါတို့ထက် ဦးသွားတာပေါ့”

“ ဟုတ်ပါတယ် သခင်လေး” ဝမ်ကျူက ပြန်ဖြေလိုက်သည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူ့နဂိုအစီအစဉ်အရ အစီအရင်အဖျက်ကောင်ကို အသုံးပြုကာ ဖန်းလီ၏ စံအိမ်ထဲ ခိုးဝင်ပြီး ယင်ဝိညာဉ်ကျမ်းအား ရယူဖို့ လုပ်ထားခဲ့သည်။ သူက ဒီလိုအားကောင်းသည့် ကျင့်စဉ်မျိုးကို အလွန်စိတ်ဝင်စားမိ၏။ အထူးသဖြင့် သေလူများကို ပြန်ခေါ်နိုင်စွမ်းကို ဖြစ်၏။

ဝမ်ဝေ့က ပြန်ခေါ်ရမည့် သေလူ မရှိနေသေးသော်လည်း နောင်အနာဂတ်တွင် ဆိုးဆိုးရွားရွား ဖြစ်လာခဲ့လျှင် ကြိုတင်ပြင်ဆင်ထားသည်က ပိုကောင်းသည်ဟု တွေးထားခဲ့သည်။ သူက ကိုယ်တိုင် မလိုအပ်သော်လည်း သူ့မိသားစုက လိုအပ်နေနိုင်သည်။ အထူးသဖြင့် သူ့အဘိုး ဝမ်ချန် ဖြစ်၏။ သူ့အဘိုးက အဘွားအကြောင်း သိပ်မပြောဖူးသော်လည်း ဝမ်ဝေ့က အဘိုးသည် အဘွားကို အရမ်းလွမ်းဆွတ်နေကြောင်း ပြောနိုင်လေသည်။ သူက သူမကို အသက်ပြန်သွင်းချင်လောက်၏။

ဝမ်ဝေ့အတွက် ကံဆိုးသည်က အစီအရင်အဖျက်ကောင်သည် အစပိုင်း ဖွံ့ဖြိုးမှုအဆင့်သာ ရှိသေးသည့်အတွက် ကန့်သတ်ချက်များစွာ၊ ပြစ်ချက်များစွာ ရှိနေသေးသည်။ ပြောရလျှင် ထိုအရာက ဖန်းလီ၏ စံအိမ်ရှိ ခင်းကျင်းထားသော အစီအရင်ဖြစ်သည့် ကောင်းကင်အဆင့် အစီအရင်များအတွက် အလုပ်မဖြစ်ပေ။

ထိုအခြေအနေကို သိကာ ဝမ်ဝေ့က အစီအရင်အဖျက်ကောင်ကို အစီအရင်ကို ခဏတာမျှသာ ရပ်ခိုင်းဖို့ အသုံးပြုရန် ကြံထားသည်။ ထို့နောက် သူက အထဲဝင်လိုက်မည်။ ကံမကောင်းစွာဖြင့် အဖျက်ကောင်က သူ့အစီအစဉ်ကို လုပ်ဆောင်နိုင်သည့်အထိ မဖြစ်မြောက်ခင် တစ်ယောက်က ဦးသွားခဲ့လေပြီ။

“အစ်ကိုကြီး ကောလဟာလအတိုင်း ကျောင်းတော်က လုပ်လိုက်တယ်လို့ ထင်လား” လီကျွင်းက မေးလိုက်သည်။

“အဲလိုတော့ မဖြစ်နိုင်ဘူး” ယန်းလီလင်းက အစားဖြေလိုက်သည် “ကျောင်းတော်ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတာဆိုတော့ သူတို့သာ ဖန်းလီကို တစ်ခုခုလုပ်လိုက်ရင် ပြဿနာအကြီးကြီးတက်သွားမယ်ဆိုတာ သိတယ်။ သူတို့ဂုဏ်သတင်းကို ပိုပျက်စီးသွားစေလိမ့်မယ်”

“အဲလိုလည်း မဟုတ်လောက်ပါဘူး။ တကယ်လို့ သူတို့သာ အမွေအနှစ်ကို ရယူနိုင်လိုက်ရင် ကျောင်းတော်မှာ ဧကရာဇ်ကျမ်း ကိုးခုရှိသွားပြီးတော့ ငါတို့ဂိုဏ်းနဲ့ အရေအတွက်တူသွားလိမ့်မယ်။ သူတို့အတွက် စွန့်စားဖို့ လုံလောက်ပါတယ်” လီကျွင်းက ပြန်ပြောလိုက်သည်။

နှစ်ယောက်လုံး ပြောသည်က အဓိပ္ပါယ်ရှိလေသည်။ သို့သော်လည်း ဝမ်ဝေ့က ယန်းလီလင်း အဖြေဘက် ပိုအားသာမိ၏။ အကြောင်းအရင်းတချို့ကြောင့် ထိုသတင်းကို ကြားလိုက်ပြီးသည့်နောက် ဆံပင်အဖြူရောင် လူငယ်လေး ပုံရိပ်ကို ပြန်လည်မြင်ယောင်လာမိသည်။ သူ့တွင် သက်သေမရှိသော်လည်း ထိုလူကသာ တရားခံ ဖြစ်လိမ့်မည်မှန်း ခံစားချက်ရနေသည်။

ယခု မေးခွန်းက သူက ဘာလို့ကျမ်းကို ယူသွားရတာလဲ …

သူ့လိုမျိုး သူ့လည်း ပိုပိုလိုလို သိမ်းထားချင်တာမျိုးလား … ဒါမှမဟုတ် သူ အသက်ပြန်သွင်းချင်လောက်အောင် အဖိုးတန်တဲ့သူ ရှိနေတာလား …

ဝမ်ဝေ့က သတင်းအချက်အလက်များများစားစား မရှိသည့်အတွက် အနည်းငယ် စိတ်ခုမိသွားသည်။ သူက အသက်ပြင်းပြင်းရှုကာ စိတ်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် အားလုံးကို ကြည့်လိုက်ရင်း ပြောလိုက်သည် “ကျောင်းတော် လက်ချက်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒီအခြေအနေကို ငါတို့ဘက် အရေးသာအောင် သုံးနိုင်ရင် ရပြီ”

“ဝမ်ကျူ .. ကျောင်းတော်က ဖန်းလီကို သူ့အမွေအနှစ်အတွက် သတ်လိုက်တယ်လို့ သတင်းဖြန့်ပေးဖို့ အဖေ့ဆီ ပြောလိုက်ပါ။ အဲဒါက ငါတို့အစီအစဉ်အတွက် အကျိုးရှိလာလိမ့်မယ်”

“ဟုတ်ကဲ့ပါ သခင်လေး”

ထို့နောက် ဝမ်ဝေ့က လီကျွင်းအား ကြည့်လိုက်ကာ  “ နောက်ဆုံးပွဲစဉ်အတွက် အဆင့်သင့်ဖြစ်ပြီလား”

“ အစ်ကိုကြီး စိတ်ပူနေစရာ မလိုပါဘူး။ ကျွန်တော် အစ်ကိုကြီးအတွက် ထိပ်တန်း အယောက် ၃၀ ထဲက တစ်နေရာရအောင် ယူပေးနိုင်မှာပါ ”

“မင်း ယုံကြည်ချက်ရှိတာ ကောင်းပေမဲ့ သတိထားဦး”

“ဘာလို့လဲ”

“ ကျောင်းတော်က မင်းကို အယောက် ၃၀ ထဲ အသာတကြည် ဝင်ခွင့်ပေးလိုက်ပါ့မလားလို့ သံသယရှိစရာပဲ။ ပြီးတော့ ငါက တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ ဝင်ချင်နေတယ်ဆိုတာ သူတို့လည်း သိနေတာပဲလေ”

“ကျောင်းတော်က ညစ်မယ်လို့ ပြောချင်တာလား” လီကျွင်းက အံ့ဩတကြီးဖြင့် မေးလာသည်။

ကျောင်းတော်၏ ဂုဏ်သတင်းက မည်မျှဆိုးရွားစေကာမူ ထိုအရာက သူ့အစ်ကိုကြီး ဖြန့်ထားသည့် ကောလဟာလများ ဖြစ်ကြောင်း သိလေသည်။

ကျောင်းတော်က သူတော်စင်များ ပြည့်နှက်နေခြင်း မဟုတ်သော်လည်း တခြားအင်အားစုများနှင့် ယှဉ်လိုက်လျှင် သူတို့က ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူစစ်ဆေးပွဲနှင့် ပတ်သက်လာသည့်အခါ အတော်လေး တရားမျှတလေသည်။

ကျောင်းတော်က အနည်းဆုံးတော့ ဘယ်တော့မှ လိမ်ညာမည် မဟုတ်ပေ။ ပြောရလျှင် နှစ်သန်းချီကြာသည့်တိုင် ထိုသို့ကိစ္စရပ်မျိုး မဖြစ်ခဲ့ဖူးပေ။

“ငါလည်း မသိဘူး” ဝမ်ဝေ့က ပြောလိုက်သည် “ ငါ ပြောချင်တာက မင်း လိုလိုမယ်မယ် သတိထားဖို့ပဲ ”

လီကျွင်းက ခေါင်းညိတ်ကာ ထိုစကားများအား သေချာမှတ်သားထားလိုက်သည်။ သူက ပြိုင်ပွဲအားလုံးအတွင်း နိုးနိုးကြားကြားရှိနေရမည်။

သူ့ညီငယ်၏ သဘောထား ပြောင်းလဲသွားသည်ကို မြင်ပြီး ဝမ်ဝေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ … ဘာမှဆွေးနွေးစရာ မရှိတော့ရင် ထွက်သွားလို့ ရပြီ။  ငါ့ကို စောင့်နေတဲ့ ကမ္ဘာ့အလှဆုံး မိန်းကလေးနဲ့  ချိန်းထားတယ် … ”

“အစ်ကိုကြီးက ရှီရှစ်နဲ့ ချိန်းထားတာလား” လီကျွင်းက တအံ့တဩ ထပြောလိုက်သည် “ မရီးဝူဟုန်ကို အဲလိုလုပ်လို့ မရဘူးနော်”

ဝမ်ဝေ့က သူ့အား ဆွံ့အစွာ ကြည့်လိုက်ပြီး ခေါင်းကို ပိတ်တီးလိုက်သည် “ဘယ်က ရှီရှစ်တုန်း …ငါ ပြောနေတာ ဝူဟုန်လေ ”

“အော် ..” လီကျွင်းက မျက်နှာပူစွာ နဖူးကုတ်လိုက်ရင်း မျက်လုံးထောင့်မှ ယန်းလီလင်းအား ချောင်းကြည့်လိုက်သည်။ ယန်းလီလင်းကလည်း သူ့ကို စိုက်ကြည့်နေလေ၏။

ထို့နောက် သူက ထိုအကြည့်၏ အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်သွားလေသည်။

ဒီလူတွေကြားထဲမှာ ရှင်က သစ္စာရှိတယ်ဆိုတဲ့အကြောင်း မပြောသင့်ဆုံးလူပဲ …

ထို့ကြောင့် သူက သူမကို မကြည့်ဘဲ နေရခက်စွာ ပြုံးလိုက်သည်။

All Chapters