← Chapters

ကပ်ဘေးချီ၏ ကြောက်စရာကောင်းမှု

Vol. 18 Ch. 245

ကပ်ဘေးချီ၏ ကြောက်စရာကောင်းမှု

Vol. 18 Ch. 245

အခန်း(၂၄၅)  :  ကပ်ဘေးချီ၏ ကြောက်စရာကောင်းမှု

“ သူ့ကို ပြောလိုက်ကြတာပေါ့။ ဒါပေမဲ့ ဘာမှကွာခြားသွားမယ်တော့ မထင်ဘူး။ ကပ်ဘေးချီက ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်” အစစ်အမှန် အုပ်ချုပ်သူတစ်ဦးက ပြောလာသည်။

“အဲဆို တခြားသူတွေ မမြင်ရအောင် စည်းပိတ်ပေးထားကြမယ်။ တခြားအင်အားစုတွေ ဒီအချက်ကို သုံးပြီး အခွင့်ကောင်းယူသွားတာ မဖြစ်စေချင်ဘူး။ ပြီးတော့ ပိုင်ဟန်နဲ့ သူ့အဖွဲ့က ဒီကပ်ဘေးကနေ မြန်မြန်နိုးထလာနိုင်ရင် သူတို့စိတ်အခြေအနေက ငြိမ်သက်သွားလိမ့်မယ်။ အဲဆို သူတို့ အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်ဖို့ ပိုလွယ်ကူလာလိမ့်မယ်”

“ ဒါက နည်းလမ်းကောင်းပဲ။ အထွတ်အထိပ် လမ်းစဉ်က ဖြည်းဖြည်းချင်း ပွင့်လာပြီဆိုတော့ အချိန်ကိုက်ပဲ”

ထို့ကြောင့် အစစ်အမှန် အုပ်ချုပ်သူအားလုံးက နောက်အဆင့်ကို ဆုံးဖြတ်ပြီးကြလေပြီ။ သို့သော်လည်း လင်းဖန်၏ တာအိုကာကွယ်သူ ချိုးကျင့် ပြောလာသည် “ ကပ်ဘေးချီက ပိုင်ဟန်ကို ဧကရာဇ်တာအိုစစ်ပွဲ စတင်ဖို့ ဖိအားမပေးသရွေ့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ကျုပ်ဂရုစိုက်တာက အဲလိုဖြစ်လာစေမဲ့ အကြောင်းအရင်းပဲ”

“သိသာနေတာ မဟုတ်ဘူးလား။ ကောင်းကင်တာအိုက ကပ်ဘေးချီကို အသုံးပြုပြီး ပိုင်ဟန်ရဲ့ စိတ်ကို အကျိုးသင့်အကြောင်းသင့် မတွေးခေါ်နိုင်အောင် လှုံ့ဆော်နေတာ သူ့ကို ဝမ်ဝေ့ရဲ့ ရန်သူအဖြစ် ကျန်ရှိနေအောင်လို့လေ … ဒီလိုအခြေအနေမှာ ခေါင်းငုံ့လိုက်တာက ဉာဏ်အရှိဆုံး ရွေးချယ်မှု ဖြစ်မယ်ဆိုပေမဲ့ …” အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က ပြောလိုက်သည်။

“ဟုတ်တယ် … တကယ်လို့ ပုံမှန်ဖြစ်နေတဲ့ ပိုင်ဟန်သာဆိုရင် ဒီလိုပြုမူနေမှာ မဟုတ်ဘူး” နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။

“ ငါအားလုံး သိပြီ” ချိုးကျင့်က ပြောလိုက်သည် “ကောင်းကင်တာအိုက ဘာလို့ ဒီလိုလုပ်နေတလဲဆိုတာ … ခင်ဗျားတို့တွေ ဒီမျိုးဆက်မှာ ကောင်းကင်တာအို ဝင်ပါတဲ့အခေါက်က များနေတာကို သတိပြုမိကြလား ”

“ ဒီနေရာမှာ ရှိနေတဲ့ ငါတို့အားလုံးက အချိန်အကြာကြီး အသက်ရှင်ခဲ့ပေမဲ့ ငါတို့မျိုးဆက်တုန်းက ကုသိုလ် ချီးမြင့်တဲ့အခါကလွဲရင် ကောင်းကင်တာအို တစ်ခါတောင် ပေါ်လာဖူးရဲ့လား … သူက တကယ်ပေါ်မထွက်လာရင်တောင် လိုလားချက် ပြည့်မှီသွားတာနဲ့ ကုသိုလ်တွေက အလိုလိုချီးမြင့်ပေးတဲ့ စနစ်လည်း ရှိသေးတယ်ဆိုတော့ …

ဒါပေမဲ့ ဒီမျိုးဆက်မှာ ကောင်းကင်တာအိုက ခဏတိုင်း ပေါ်လာနေတာ။ အချိန်အများစုမှာ အမွေခံသားတော် ဝမ်ဝေ့နဲ့ ပတ်သက်နေတယ်။ ငါ သိချင်တာက ဘာကြောင့်လဲဆိုတာပဲ ”

အထွတ်အထိပ် နယ်ပယ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များအနေနှင့် သူတို့က တာအိုနှင့် အနီးကပ်ဆုံး ဖြစ်ပေသည်။ ထို့ကြောင့် သူတို့က ကောင်းကင်တာအိုသည် ဝမ်ဝေ့ကို မနှစ်သက်ကြောင်း ခံစားမိကြ၏။ တကယ်တော့ တာအိုအခွင့်အလမ်းဂိုဏ်းရှိ အစစ်အမှန် အုပ်ချုပ်သူများပင် တစ်ခုခု မှားယွင်းနေကြောင်း စတင်သတိပြုမိလာသည်။ သို့သော် သူတို့က အကြောင်းအရင်းကို ရှာမတွေ့သေးပေ။

“ လွန်ခဲ့တဲ့ နှစ်တုန်းက သူ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုး ခံယူခဲ့ရတာနဲ့ ပတ်သက်နေမလား”

“ဒါမှမဟုတ် သူ့ဝိညာဉ်ကြောင့်လား … အဲဒါက ပုံမှန်တော့ မဟုတ်ဘူးလေ”

“ကြည့်ရတာ ကိစ္စတွေက မရိုးရှင်းပုံပဲ” တစ်ယောက်က ထပ်ပြောလိုက်သည် “ ငါတို့တွေ ကျောင်းတော်ရဲ့ လျို့ဝှက်စာကြည့်တိုက်ထဲ သွားပြီး ရှာကြည့်သင့်တယ် တူတယ်”

“ဟုတ်တယ်”

“မှန်တယ်”

အားလုံးက ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် အစည်းအဝေးက အဆုံးသတ်သွားလေသည်။ သို့သော်လည်း လူတစ်ယောက် ပြောစရာကျန်ရှိနေသေး၏။

“ ဒီအခြေအနေအရ ငါတို့ ကျောင်းတော်ရဲ့ ထိန်းချုပ်မှုကို ဝင်ပါရတော့မယ်”

ထိုစကားဝိုင်းက တိတ်ဆိတ်သွားလေသည်။ ခဏအကြာတွင် တစ်ယောက်က ပြောလာ၏ “ငါတို့ အရင်သဘောတူညီချက်အရ မလိုအပ်သရွေ့ ကျောင်းတော်ရဲ့ စီမံခန့်ခွဲမှုကို ဝင်မပါရဘူးလေ။ မဟုတ်ရင် လုပ်ပိုင်ခွင့် မမျှမတ ဖြစ်ပြီး အတွင်းပဋိပက္ခတွေ ဖြစ်လာစေလိမ့်မယ်။ အခု ကိစ္စတွေက အဲဒီအဆင့်အထိ မရောက်သေးပါဘူး ”

တခြားအစစ်အမှန် အုပ်ချုပ်သူအားလုံးကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

တကယ်တော့ ဒီမျိုးဆက် ကိစ္စက ထူးဆန်းလှသည်။ ယခင်အစဉ်အလာများအရ ကျောင်းအုပ်၊ ဆရာကြီးနှင့် အကြီးအကဲဆရာများက အထွတ်အထိပ် နယ်ပယ်အဆင့်တွင် ရှိရမည် ဖြစ်၏။ အကြီးအကဲချုပ် သို့မဟုတ် အထွတ်အထိပ် ဆရာတို့အတွက်မူ ကျောင်းတော်၏ တာအိုဘိုးဘေး သို့မဟုတ် ထာဝရအရှင်များအတွက် စီစဉ်ချမှတ်ပေးထားခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် ယခင်မျိုးဆက်တွင် အထွတ်အထိပ်လမ်းစဉ်က ဖြတ်တောက်ခံလိုက်ရသောကြောင့် လူငယ်မျိုးဆက်အနေဖြင့် မျိုးဆက်ဟောင်းလောက် မြင့်မားသည့် ကျင့်ကြံဆင့်ကို မရနိုင်ကြတော့ပေ။ မည်သို့ပင်ဆိုစေကာမူ မျိုးဆက်ဟောင်းက အိုမင်းနေပြီဖြစ်ရာ အင်အားစု ဆက်လက်တိုးပွားရေးအတွက် လူငယ်များကို လက်လွဲပေးဖို့ လိုအပ်လေသည်။

အစစ်အမှန် အုပ်ချူပ်သူ ဖြစ်လာနိုင်မည့် နည်းလမ်း မရှိကြောင်း သတိပြုမိပြီးနောက် ယခင်မျိုးဆက်ဟောင်းက သူတို့သာ အာဏာကို လက်လွဲမပေးဘဲ ဆက်ထိန်းထားလျှင် အာဏာမျှခြေ မညီမျှမှု ဖြစ်လာပြီး လူငယ်မျိုးဆက်ကလည်း အငြိုးထားလာမည်ကို သိသည်။ ထိုအခါ သူတို့အင်အားစုအတွက် အနာဂတ်က ဖွံ့ဖြိုးတိုးတက်လာမည် မဟုတ်တော့ပေ။

ထို့ကြောင့် အားလုံးက တူညီသော ဆုံးဖြတ်ချက်ကို ချလိုက်ကြသည်။ သူတို့က လူငယ်များဆီ အာဏာလွဲပေးပြီး သူတို့ကိုယ်တိုင်က ဘေးကနေထောက်ပံ့ပေးရသည့် တာဝန်ကိုသာ ယူလိုက်ကြသည်။ ထို့ကြောင့် ဝမ်ထျန်းနှင့် ပိုင်ဟန်တို့လို သူတော်စင်အဆင့် ကျင့်ကြံသူများက သူတို့အင်အားစုကို တာဝန်ယူထားရသူများ ဖြစ်လာရခြင်း ဖြစ်၏။

ဝမ်ချန်နှင့် ချိုးကျင့်တို့လို မျိုးဆက်ဟောင်းများအတွက်မူ သူတို့က လိုအပ်လာမှသာ ဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်ထားကြသည်။

…………….....

ရိုးရှင်းသည့် အဆောက်အဦးတစ်ခုအတွင်း…

ပိုင်ဟန်အနေနှင့် အစစ်အမှန် အုပ်ချုပ်သူ ချိုးကျင့်က လာရောက်တွေ့ဆုံကြောင်း အသိပေးချက် လက်ခံရရှိသည့်အခါ အိမ် ပြန်ရောက်လာခါစ ဖြစ်၏။ သူက အံ့ဩမိသွားသော်လည်း အဖန်ရည်ဖြင့် သေချာဧည့်ခံနိုင်လိုက်သည်။ ပိုင်ဟန်က အစစ်အမှန် အုပ်ချုပ်သူ ဖြစ်ခဲ့သော်ငြား လက်ရှိတွင် ထိုအဆင့် မဟုတ်သောကြောင့် လိုအပ်သည့် လေးစားမှုတို့ ပြသရဦးမည် ဖြစ်၏။

“ ဘယ်လို … ကျုပ်ကို ကပ်ဘေးချီ  လွှမ်းခြုံထားတယ်တဲ့လား” ပိုင်ဟန်က တအံ့တဩဖြင့် အော်မေးလိုက်မိသည်။ ထို့နောက် သူက လျို့ဝှက်နည်းစနစ်တစ်ခု ထုတ်သုံးလိုက်သည်။ သူ့ခေါင်းအထက် အနီရောင် တစ်ခု မျှောလွင့်နေသည်ကို မြင်လိုက်ရ၍ ချက်ချင်း အမူအရာပျက်သွားလေသည်။

ချိုးကျင့်အတွက်မူ ပိုင်ဟန်၏ နည်းစနစ်ကြောင့် နည်းနည်း အံ့အားသင့်သွားမိ၏။ သူတော်စင်အဆင့်ဖြင့် ကပ်ဘေးချီကို သတိထားမိဖို့ရာ အလွန်အားကောင်းမှ ဖြစ်လိမ့်မည်။ အထူးသဖြင့် ပိုင်ဟန်က သူ့ကိုယ်တိုင် ကပ်ဘေးချီကို မြင်တွေ့ခွင့်ရသည့်အခါ ဖြစ်၏။

ကပ်ဘေးချီအကြောင်း ထူးဆန်းသည်က တခြားအားကောင်းသူများက တခြားသူများပေါ်ရှိ ကပ်ဘေးချီကို မြင်တွေ့နိုင်သော်လည်း မိမိကိုယ်တိုင်ကျ သတိထားမိဖို့ ခက်လှသည်။

“အခုဘာလုပ်မှာလဲ” ချိုးကျင့်က တည်တည်ငြိမ်ငြိမ် မေးလိုက်၏။

ပိုင်ဟန်က ထိုစကားကို ကြားပြီး ချက်ချင်း အမူအရာပျက်သွားကာ နောက်ခြေလှမ်းကို စတင်တွေးတောလိုက်သည်။ သူ့အစိတ်အပိုင်းတစ်ခုက သူသည် ကောင်းကင်တာအို၏ နယ်ရုပ်အဖြစ် အသုံးပြုခံနေရခြင်း ဖြစ်၍ ဝမ်ဝေ့နှင့် ဆန့်ကျင်နေသည့် အပြုအမူအား ရပ်တန့်ဖို့ ပြောနေသည်။ နောက်တစ်ခုကမူ သူက ဒီလောက်အထိ ရောက်လာပြီးပြီဖြစ်ရာ အောင်မြင်ဖို့လည်း နီးစပ်နေပြီဖြစ်၍ ရပ်တန့်ဖို မလိုကြောင်း ပြောနေသည်။ ကပ်ဘေးချီအတွက်မူ သူ့စိတ်ထဲမှ နက်ရှိင်းသော လိုအင်ဆန္ဒကို ထုတ်ဖော်လာရုံမျှ ဖြစ်ပြီး သူ့အပေါ် သက်ရောက်မှုနည်းနည်းသာ ရှိလေသည်။

ပိုင်ဟန်၏ နဖူးမှ ချွေးအေးများ စီးကျလာကာ အဝတ်အစားများပင် စိုသွားလေသည်။ သူ့မျက်လုံးတစ်ဖက်က ဆက်တိုက် လှုပ်ရှားနေလေ၏။ သုံးနာရီကျော်ကြာပြီးနောက် ပိုင်ဟန်က သက်ပြင်းချကာ  “ အစီအစဉ်အတိုင်း ဆက်လုပ်မယ် ”

“အဲလိုလား” ချိုးကျင့်က အံ့ဩသည့် အရိပ်အယောင်မရှိဘဲ ပြန်ဖြေလိုက်သည်။ သူက ကပ်ဘေးချီ၏ ကြောက်စရာကောင်းမှုကို သိထားပြီးသား ဖြစ်၏။ အကယ်၍ တစ်ယောက်ယောက်က သူတို့စိတ် လွှမ်းမိုးခံနေရကြောင်း သိနေလျှင်ပင် ဘာမှမတတ်နိုင်ပေ။ ကပ်ဘေးချီ၏ လွှမ်းမိုးမှုကို ရှင်းထုတ်နိင်ဖို့ အလွန်အားကောင်းသည့် စိတ်အခြေအနေတစ်ခု လိုအပ်လေသည်။ တစ်ခါတလေ ထိုအရာပင် မလုံလောက်တတ်ပေ။

“အဲဆိုလည်း ထားလိုက်ပါတော့” ချိုးကျင့်က ပြန်ဖြေလိုက်သည်။ သူက ပိုင်ဟန်၏ ကပ်ဘေးချီကို တခြားသူများ သတိမပြုမိစေရန် စည်းပိတ်လိုက်ပြီးနောက် ဘာမှမပြောဘဲ ထွက်သွားတော့သည်။

ချိုးကျင့်နှင့် တခြားသော အစစ်အမှန်အုပ်ချုပ်သူများက ထိုအခြေအနေကို တကယ် ဂရုမစိုက်ကြပေ။ တကယ်တော့ ကျောင်းတော်တွင် သူတို့နှင့် အိပ်စက်နေသော ဘိုးဘေးများ ရှိနေသရွေ့ ခဏတာ တံခါးပိတ်ထားရုံမှအပ ဘာမှမဖြစ်ပျက်နိုင်ပေ။

ပိုင်ဟန်အတွက်မူ ထိုကပ်ဘေးကို ကျော်ဖြတ်နိုင်လျှင် သူ့စိတ်အခြေအနေက တိုးတက်လာပြီး သူ့အထွတ်အထိပ်လမ်းစဉ်အတွက် အားကောင်းသည့် အုတ်မြစ်တစ်ခု တည်ဆောက်သလို ဖြစ်သွားလိမ့်မည်။ သူသာ ကျရှုံးသွားလျှင် အရာအားလုံး ဆုံးရှုံးသွားလိမ့်မည်။

ဤသို့ဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားကာ နောက်ဆုံးပွဲစဉ် စတင်မည့် ရက် ရောက်လာလေပြီ။ ပထမပွဲစဉ်ကဲ့သို့ ပိုင်ဟန်က လူအားလုံးရှေ့ ပေါ်ထွက်လာကာ ပွဲစဉ်အကြောင်း မိတ်ဆက်လိုက်သည်။ သို့သော်လည်း သူက ချက်ချင်း မလုပ်ဆောင်သေးပေ။ ထို့အစား  သူက မိုးမြေနှင့် တာအိုတို့ထံ ကျောင်းတော်သည် ဖန်းလီ၏ သေဆုံးမှုနှင့် ဘာမှမပတ်သက်ကြောင်း ကျိန်ဆိုလိုက်သည်။

ပိုင်ဟန်က စကားပြောဆိုနေစဉ် တိမျိုးနွယ် မျှောလွင့်ရုံငယ်အတွင်း တိထျန်းက ပိုင်ဟန်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

ကပ်ဘေးချီလား … ငါ ဒီလိုအရာမျိုး နောက်ဆုံးတွေ့ခဲ့တာက ယုံကြည်မှုခေတ်ကာလတုန်းကပဲ

အဲဒီကတုံးပြောင်ပြောင် ဘုန်းကြီးတွေကို ခေါင်းအစခြေအဆုံး အဲဒါနဲ့ ဖုံးလွှမ်းထားတော့ တကယ်ကို ရူးချင်စရာပဲ …

ယုံကြည်မှုစွမ်းအားနောက်လိုက်တဲ့ အဲဒီဘုန်းကြီးတွေက အတော်လေး စွဲလမ်းလာကြတာပဲ။ သူတို့က ဘာမဆိုလုပ်ပြီး သူတို့ယုံကြည်မှုနောက်လိုက်ဖို့ ဘယ်သူမဆို သတ်ပစ်နိုင်တယ်။

အခု ငါ တွေးကြည့်လိုက်တော့မှ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်လည်း အဲလိုအရာမျိုး ရှိခဲ့သလိုပဲ … မဟုတ်ရင် သူ ဗုဒ္ဓဘာသာ ရှင်းထုတ်ဖို့ သူ့စွဲလမ်းမှုကို ရှင်းပြနိုင်မှာ မဟုတ်ဘူး  …

တိထျန်းက ခဏတွေးလိုက်ပြီးနောက် နှာခေါင်းရှုံလိုက်သည်။

ကောင်းကင်တာအိုက အသင်္ချေအင်ပါယာကမ္ဘာကို ဗုဒ္ဓဘာသာ အာဏာအောက် ယုံကြည်မှု အသိုက်အဝန်းအဖြစ် ပြောင်းမသွားစေချင်တာ ဖြစ်နိုင်တယ် … အဲကြောင့် သူတို့ရဲ့ ပျက်သုန်းမှုကို တိတ်တဆိတ် အကောင်အထည်ဖော်ခဲ့တာပဲ …

ဗုဒ္ဓဂိုဏ်းအပေါ် ကပ်ဘေးချီကို သုံးလိုက်တာက သူတို့ယုံကြည်မှုနောက်လိုက်ရင်း လူများစွာကို ရန်စမိသလို ဖြစ်ခဲ့တယ် …

ကောင်းကင်တာအို လုပ်ဖို့လိုတာဆိုလို့ ဗုဒ္ဓဂိုဏ်းနဲ့ ရန်ကြွေးရှိထားပြီး ထာဝရဧကရာဇ် ဖြစ်လာနိုင်ခြေရှိတဲ့ တစ်ယောက်ယောက်ကို စောင့်ရုံပဲ …

အဲဒီလူအပေါ် တူညီတဲ့ ကပ်ဘေးချီကို သုံးပြီး ဗုဒ္ဓဘာသာပေါ် အခြေခံထားတဲ့ ယုံကြည်မှုကို ရှင်းထုတ်ခိုင်းလိုက်တာ …

ကံဆိုးတာက ကောင်းကင်တာအိုကတောင် ကပ်ဘေးချီ စွမ်းအား ရှိထားတဲ့ အကြွင်းမဲ့ စတင်ခြင်း ဧကရာဇ်ရဲ့ အမုန်းတရားကို လျော့တွက်မိခဲ့တာပဲ

ဗုဒ္ဓဘာသာက စိတ်ကို ငြိမ်းချမ်းစေပြီး ဉာဏ်အလင်းပွင့်မှုကို ယူဆောင်ပေးလာစေနိုင်တဲ့ အကျိုးရှိတဲ့အရာပဲ။ ယုံကြည်မှုစွမ်းအားကသာ အန္တရာယ်ရှိနေတာ …

ကောင်းကင်တာအိုက အဲဒီအပိုင်းကိုပဲ ဖယ်ထုတ်ချင်ခဲ့ပေမဲ့ ကပ်ဘေးချီက အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်ကို မှန်းထားတာထက် ပိုသွားစေပြီးတော့ ဗုဒ္ဓဘာသာပျက်သုန်းမှုကို ဖြစ်သွားစေခဲ့တယ် …

All Chapters