ဗလာခေတ်
Vol. 18 Ch. 246
အခန်း(၂၄၆) : ဗလာခေတ်
တိထျန်းက အစစ်အမှန် အုပ်ချုပ်သူများ စည်းပိတ်ပေးထားသည့် ပိုင်ဟိုင် အနားမှ ကပ်ဘေးချီကို သတိထားမိစဉ် ထိုအချက်ကို နောက်ထပ် သတိထားမိသူလည်း ရှိသေးသည်။ ထိုလူက ဝမ်ဝေ့ ဖြစ်၏။
တာအိုအခွင့်အလမ်းဂိုဏ်း၏ မျှောလွင့်ရုံငယ်အတွင်း ဝမ်ဝေ့က ပိုင်ဟန်ကို မြင်လိုက်လိုက်ချင်း တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။ သို့သော် သူက ဘယ်အရာမှန်း မပြောနိုင်ပေ။ ကျောင်းအုပ်အနား တစ်ခုခုရှိနေဟန် ပေါ်သော်လည်း အာရုံစိုက်လိုက်ပြီးသည့်နောက်တွင်ပင် သေချာမမြင်ရသေးပေ။
ထို့ကြောင့် သူက အမြင်စွမ်းရည်ကို အသက်သွင်းလိုက်သည့်အခါ ပိုင်ဟန်၏ ခေါင်းအထက် မျှောလွင့်နေသည့် အနီရောင်အစုအဝေးကို မြင်လိုက်ရသည်။ သူက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ ထိုအရာက နဂိုက မရှိနေခဲ့ပေ။
“ရှင် သတိထားမိတယ်မလား” သူ့အနားတွင် ထိုင်နေသည့် ဝူဟုန်က မေးလာသည်။
“အင်း” ဝမ်ဝေ့က ခေါင်းညိတ်ပြလိုက်၏ “အဲဒါ ဘာကြီးလဲ။ ဒါမှမဟုတ် ကိုယ် မသိသင့်တဲ့ နောက်ထပ် လျို့ဝှက်ချက်တစ်ခုလား”
“အဲလိုတော့ မဟုတ်ပါဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည် “အဲဒါကို ကပ်ဘေးချီလို့ ခေါ်တယ်။ ရှားပါးတယ်ဆိုပေမဲ့ အားကောင်းတဲ့ ကျင့်ကြံသူကြားမှာတော့ ပုံမှန်ဗဟုသုတအနေနဲ့ သိကြပါတယ်”
“အဲဒါက ဘာကြီးလဲ”
ဝူဟုန်က ခဏတာ တွေးလိုက်ပြီးနောက် “ အရှင်းဆုံးပြောရရင် ကပ်ဘေးချီဆိုတာ ကောင်းကင်တာအိုက တခြားလူတွေကို ကြိုးဆွဲတဲ့အခါ သုံးတဲ့ အားအကောင်းဆုံး လက်နက်ပဲ။ အဓိက လူတစ်ယောက်ရဲ့ စိတ်အပေါ် သက်ရောက်မှု ရှိပြီး ပုံမှန်စရိုက်နဲ့ မတူတာတွေ တုံးအအ၊ အကျိုးအကြောင့်မသင့်တာတွေ လုပ်ဖို့ပေါ့။
ကပ်ဘေးချီရဲ့ နမူနာကောင်းက ကံကြမ္မာသားတော်တွေနဲ့ ပတ်သက်လာတဲ့အခါ မကြာခဏ သုံးလေ့ရှိတယ်။ သူတို့က ပြိုင်ဘက်နဲ့ တွေ့တိုင်း ကောင်းကင်တာအိုက ကပ်ဘေးချီနဲ့ သူတို့ရန်သူအပေါ် လွှမ်းမိုးလိုက်ပြီးတော့ တုံးအအ ပြုမူစေတတ်ကြတယ်။ သူတို့ရန်သူတွေက ကံကြမ္မာသားတော်ကို တစ်ခါတည်း ရှင်းထုတ်မဲ့ နည်းလမ်းကို သုံးမဲ့အစား ကံကြမ္မသားတော်ထက် ကျင့်ကြံဆင့် တစ်ဆင့်လောက် မြင့်တဲ့သူကို လွှတ်ပြီး ရှင်းခိုင်းတတ်ကြတယ်လေ။ အဲလိုဆိုတော့ ကံကြမ္မာသားတော်တွေက လွတ်လမ်းကို ရသွားပြီး တိုက်ရင်းခိုက်ရင်း အဆင့်တက်လာကြတော့တာပဲ။ သူတို့ရန်သူက အစပိုင်း အားသိပ်မကွာတဲ့ လူတွေကို လွှတ်လိုက် ကံကြမ္မာသားတော်က ရှင်းလိုက် အဆင့်တက်လိုက်နဲ့ ကံကြမ္မာသားတော် သူတို့ရန်သူကို လုံးဝ မရှင်းထုတ်နိုင်ခင်အထိ ဆက်တိုက်ဖြစ်နေတာမျိုးပေါ့ …
အဲလိုအပြုအမူမျိုးက ကောင်းကင်အလိုဆန္ဒကမ္ဘာလောက် အားကောင်းတဲ့ ကမ္ဘာတွေက ကံကြမ္မာသားတော်အတွက်ပဲ။ ပြီးတော့ ဒီလိုကပ်ဘေးချီက သတိထားမိဖို့ လွယ်ကူတယ်”
ဝမ်ဝေ့က ခေါင်းညိတ်ကာ မေးလိုက်သည် “ အဲဆို ကပ်ဘေးချီကလည်း အဆင့်အမျိုးမျိုး ပြန်ခွဲထားသေးတယ်ပေါ့”
“ဟုတ်တယ် … အမြင့်ဆုံးဆိုရင် ရှင်တောင် သက်ညှာခံရမှာ မဟုတ်ဘူး” ဝူဟုနက ဝမ်ဝေ့ မျက်လုံးထဲ စိုက်ကြည့်ကာ ပြောလိုက်သည်။ သူက သူမ ပြောချင်သည့် စကား၏ ဆိုလိုရင်းကို တန်းနားလည်သွားလေသည်။ ကပ်ဘေးချီ အဆင့်မြင့်ဆုံးက စံပြများအထိ သက်ရောက်နိုင်သောကြောင့် သူသာ ဂရုမစိုက်လျှင် တစ်ရက်ကျ သက်ရောက်ခံရနိုင်ခြေ ရှိလေသည်။
သူက ချက်ချင်းဆိုသလို ထိုအချက်အလက်ကို အလေးအနက် မှတ်သားထားလိုက်သည် “ ကိုယ် နားလည်ပြီ။ နောက်ထပ်ရော ရှိသေးလား”
“အင်း ” ဝူဟုန်က ဖြေလိုက်သည် “ တကယ်တော့ ကပ်ဘေးချီရဲ့ အဓိကရည်ရွယ်ချက်က တခြားကမ္ဘာတွေ ပြောကြသလိုမျိုး မိုးမြေရဲ့ မဟာကပ်ဘေးကို ဆွဲဆောင်ဖို့ ဒါမှမဟုတ် သန့်စင်ခြင်း လုပ်ဖို့ပဲ ”
ဝမ်ဝေ့က ဂိုဏ်း၏ စာကြည့်တိုက်ထဲ ဖတ်ခဲ့ဖူးသည့် အရာကို အမှတ်ရသွားသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
“မိုးမြေ မဟာကပ်ဘေးဆိုတာက ကမ္ဘာမှာ လူဦးရေများလွန်းနေလို့ သက်ရှိတွေကို ရှင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဖြစ်စဉ်မလား”
“ဟုတ်တယ် … ကမ္ဘာထဲမှာ ကျင့်ကြံသူအရေအတွက် များလွန်းလာတဲ့အခါ မိုးမြေကြားက ဝိညာဉ်ချီက လူအများကြီးရဲ့ စုပ်ယူမှုကို ခံရပြီး သိသိသာသာ လျော့ကျလာတယ်။ အဲဒီအခါ ကမ္ဘာက အဆင့်ကျခါနီး အခြေအနေမျိုးပေါ့ …. နမူနာအနေနဲ့ ဧရာမကမ္ဘာတစ်ထောင်က အလယ်အလတ်ကမ္ဘာတစ်ထောင်အဖြစ် ပြောင်းသွားသလိုမျိုးပဲလေ …
အဲလိုအခြေအနေအထိ ဖြစ်လာရင် ကောင်းကင်တာအိုက ကမ္ဘာရဲ့ မျှခြေကို ထိန်းဖို့ ဝင်ပါလာရတယ်။ တစ်ကမ္ဘာလုံးကို ကပ်ဘေးချီ လွှမ်းခြုံပြီးတော့ ကျင့်ကြံသူတွေရဲ့ စိတ်ကို လွှမ်းမိုးချုပ်ကိုင်ပြီး တစ်ကမ္ဘာလုံးအနှံ့ ပဋိပက္ခတွေ ဖြစ်လာစေတဲ့အခါ ကျင့်ကြံသူတွေက အချင်းချင်း သတ်ကုန်ကြတယ်။ အဲဒီနောက် ကောင်းကင်တာအိုက အဲဒီကျင့်ကြံသူတွေရဲ့ အလောင်းတွေကို ဖျက်ဆီးပြီး မိုးမြေကြားက ဝိညာဉ်ချီကို ပြန်လည်အားဖြည့်စေလိုက်တယ်။ အဲဒီအခါမှ လူဦးရေနဲ့ ဝိညာဉ်စွမ်းအား ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားတာ”
ဝမ်ဝေ့က သက်ပြင်းချကာ သူ့ဘာသာ ရေရွတ်လိုက်သည် “ကျင့်ကြံသူတွေက သေခြင်းတရား အချုပ်အနှောင်ကနေ လွတ်မြောက်ပြီး မသေမျိုး ဖြစ်လာဖို့ ဝိညာဉ်ချီကို စုပ်ယူကြတယ်။ တကယ်လို့ သူတို့ ကျရှုံးသွားရင် သူတို့ခန္ဓာကိုယ်က ပျက်သုန်းသွားပြီး သဘာဝဆီ ပြန်ရောက်သွားရင်း မိုးမြေကို ပြန်လည်အားဖြည့်ပေးတယ် ”
“လှပပြီး ကြောက်စရာကောင်းတဲ့ သံသရာစက်ဝန်းပဲ ”
“အမှန်ပဲ” ဝူဟုန်လည်း သက်ပြင်းချကာ ဖြေလိုက်သည်။
လူ ဘယ်လောက်ကများ မသေမျိုး ဖြစ်လာနိုင်လို့လဲ …
မျိုးဆက်တစ်ခုစီတိုင်းတွင် လက်တစ်ဆုပ်မျှသာ ရှိပေမည်။ ထိုစဉ် ကျင့်ကြံသူအရေအတွက်က သန်းပေါင်း တစ်သန်းကျော်ရှိလေသည်။ ထိုအခြေအနေ၏ ကြောက်စရာကောင်းသည့် အချက်မှာ လူတစ်ယောက်က ထိုအကြောင်းအရာကို သိထားလျှင်ပင် မသေမျိုးတစ်ချို့ ဖြစ်လာဖို့အတွက် တိုက်ခိုက်ရုံမှအပ ဘာမှမလုပ်နိုင်ကြပေ။
“ အသင်္ချေအင်ပါယာကမ္ဘာ သမိုင်းကြောင်းမှာရော အဲဒီလို သန့်စင်ခြင်းဖြစ်ရပ်မျိုး ကြံဖူးလား” ဝမ်ဝေ့က သိချင်စွာ မေးလိုက်သည်။
“အင်း … တကယ်တော့ နှစ်ခါ ဖြစ်ဖူးတယ်”
“နှစ်ခါတောင်လား”
“ဟုတ်တယ် … တစ်ခါက ဗလာခေတ်တုန်းက၊ ဒုတိယတစ်ခါက အလယ်ပိုင်း ဧကရာဇ်ခေတ်ကာလတုန်းက”
ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက ထိုအရာသည် ဗလာခေတ်ကာလတွင် ဖြစ်ခဲ့ဖူးသည်ကို နားလည်နိုင်သော်လည်း အလယ်ပိုင်းဧကရာဇ်ခေတ်ကာလတွင် ဖြစ်ခဲ့သည်ကိုတော့ နားမလည်နိုင် ဖြစ်နေမိသည်။ အကယ်၍ ထိုသို့အရာသာ ဖြစ်ပွားခဲ့ပါက ထိုခေတ်ကာလသည် လတ်တလောဟု ယူဆနိုင်သည့်အတွက် သူ့အနေနှင့် သိထားပေလိမ့်မည်။
ဝူဟုန်က သူ့အံ့အားသင့်သွားမှုကို သတိပြုမိကာ ရှင်းပြလိုက်သည် “ အလယ်ပိုင်း ဧကရာဇ်ခေတ်ကာလအကြောင်း နောက်မှ ပြောပြမယ်။ အရင်ဆုံး ရှင် ဒီအခြေအနေတစ်ခုလုံးကို နားလည်သွားအောင် ကမ္ဘာဦးခေတ်ကာလရဲ့ ယေဘုယျအခြေအနေကို ရှင်းပြပေးမယ်”
ထို့နောက် သူမက ကမ္ဘာဦးနတ်ဘုရာများနှင့် ပင်ကိုနတ်ဆိုးများကြောင်း၊ လူသားမျိုးနွယ် မွေးဖွားလာမှုအကြောင်း စတင်ပြောပြလာသည်။ နောက်ဆုံးတွင် သူမက ထိုအားကောင်းသော မျိုးနွယ်များ၏ ခေါင်းဆောင်က မျိုးနွယ်ပျက်သုန်းမှုနှင့် လူသားမျိုးနွယ် မြင့်တက်လာမှုအကြောင်းကို သိသွားသည့်အထိ ရောက်လာခဲ့သည်။
“အဲဒီနောက်ပိုင်းရော ဘာဆက်ဖြစ်သွားခဲ့လဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ရှင်ရော ဘယ်လိုထင်လဲ ”
သူက ခဏကြာစဉ်းစားလိုက်ပြီးနောက် “ ပထမ ကောင်းကင်အလိုဆန္ဒ ပေါ်ထွက်လာတက အစောပိုင်း ဧကရာဇ်ခေတ်ကာလမှာ ဖြစ်တဲ့အပြင် ပထမဆုံး မဟာဧကရာဇ်အဖြစ် သရဖူဆောင်းနိုင်တဲ့သူက လူသားဆိုတဲ့အချက်အရ ကောင်းကင်တာအိုက ဝင်ပါခဲ့ပြီးတော့ လူသားတွေဘက်က နေခဲ့တာပဲ။ အဲဒီလိုအရာမျိုးက နေရာတိုင်းမှာ တွေ့နေကျပါပဲ”
သူ့မျက်နှာအထက် အထင်သေးသည့် အရိပ်အယောင် ပါဝင်နေသည်။
“ရှင် ပြောတာ မှန်တယ်” ဝူဟုန်က ပြောလိုက်သည်။
“ကောင်းကင်တာအိုက ကမ္ဘာဦးနတ်ဘုရား ဒါမှမဟုတ် ပင်ကိုနတ်ဆိုးတွေကို ဒီကမ္ဘာရဲ့ ပင်မမျိုးနွယ်အဖြစ် မလိုချင်ဘူး။ သူတို့က အားကောင်းကြပေမဲ့ အဲဒီမျိုးနွယ်တွေက ဖွံ့ဖြိုးမှု နှေးကွေးတဲ့အပြင် မျိုးပွားနှုန်းကလည်း ဆိုးရွားကြတယ်။
အဲဒီအချိန် ပထမဆုံး ဟော်သဲ့မျိုးနွယ် ဖြစ်တဲ့ လူသားတွေက မွေးဖွားလာကတည်းက အားနည်းချက်တွေရှိပေမဲ့ အကန့်အသတ်မဲ့ အလားအလာတွေ ပိုင်ဆိုင်ထားကြတယ်။ သူတို့ရဲ့ မျိုးပွားနှုန်းနဲ့ မိုးမြေရဲ့ စည်းမျဉ်းတွေကို နားလည်နေတဲ့ သဘာဝလွန် ပါရမီအရ လူသားတွေက အဲဒီအချိန်တုန်းက ပင်ကိုနတ်ဆိုးနတ်ဘုရားကမ္ဘာလို့ ခေါ်တဲ့ ဒီအသင်္ချေအင်ပါယာကမ္ဘာကို ဦးဆောင်ဖို့ အပြီးပြည့်စုံဆုံး မျိုးနွယ်တွေ ဖြစ်လာတာပေါ့။
အဲဒါကြောင့် ကောင်းကင်တာအိုက အားကောင်းတဲ့ ကမ္ဘာဦးနတ်ဘုရားနဲ့ ပင်ကိုနတ်ဆိုးတွေကြား မျိုးတုန်းပျောက်ကွယ်သွားခြင်း မဖြစ်အောင် တိတ်တဆိတ် ကူညီပေးခဲ့တယ်။ နောက်ပိုင်း လူသားတွေရဲ့ ပျက်စီးမှုကို ကာကွယ်ပြီး လူသားမျိုးနွယ်ကို ဦးဆောင်ဖို့ ကံကြမ္မသားတော်ကို ဖန်တီးခဲ့တယ်”
“ ဒီကမ္ဘာရဲ့ ပထမဧကရာဇ်ကို ပြောနေတာလား… အစောပိုင်း ဧကရာဇ်ခေတ်ကာလကို စတင်ခဲ့တဲ့ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်ကိုလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ်တယ် … ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က ရွေးချယ်ခံရတဲ့သူပဲ။ အဲဒီအချိန်တုန်းက လူသားမျိုးနွယ်က ဆက်တိုက် အမဲလိုက်ခံနေရတာ။ တချို့မျိုးနွယ်စုတွေ ကယ်တင်ခံထားရတဲ့ တစ်ခုတည်းသောအကြောင်းက ခေါင်းဆောင်တွေရဲ့ သဘောထားကို သဘောမတူကြတဲ့ တခြားငြိမ်းငြိမ်းချမ်းချမ်းနေကြတဲ့ ကမ္ဘာဦးနတ်ဘုရားတွေနဲ့ ပင်ကိုနတ်ဆိုးတွေရဲ့ ကာကွယ်မှုကို ရထားလို့ပဲ။
ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က တကယ်ကို ကံကောင်းခဲ့တယ်။ ဖြစ်ချင်တော့ သူ မွေးဖွားလာတဲ့ လူသားမျိုးနွယ်စုကို ကာကွယ်ပေးထားတဲ့ ကမ္ဘာဦးနတ်ဘုရားက သူနဲ့ ချစ်ကျွမ်းဝင်သွားခဲ့တယ်။ သူတို့က ဆက်ဆံရေးတစ်ခု အစပြုခဲ့ကြတယ်။
ဒါပေမဲ့ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က ဉာဏ်များရုံတင်မကဘူး။ အရမ်းလည်း ရည်မှန်းချက်ကြီးတယ်။ သူမနဲ့ ချစ်ကြိုက်နေတုန်း သူမရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို သေချာလေ့လာခဲ့တယ်။ ကမ္ဘဦးနတ်ဘုရားတွေက ဧရာမလူသားတွေ ဖြစ်နေတာဆိုတော့ ပထမဧကရာဇ်က သူတို့ခန္ဓာကိုယ် တည်ဆောက်ပုံကို လေ့လာရင် လူသားတွေအတွက် သင့်တော်တဲ့ ကျင့်ကြံနည်းစနစ် ဖန်တီးနိုင်မယ်ဆိုပြီး ယုံကြည်ထားတယ်။ သူက အမှန်တကယ်လည်း အောင်မြင်ခဲ့တယ် ”
ဝမ်ဝေ့က ရုတ်ချည်း စိတ်ဝင်စားသွားကာ “ မူလလမ်းစဉ် နည်းစနစ်မတိုင်ခင် တခြားကျင့်ကြံရေးနည်းစနစ် တစ်ခု ရှိခဲ့သေးတာလား။ အဲဒီအကြောင်း ပြောပြလို့ရမလား”
“အဲဒီနည်းစနစ်က ရှင့်ရဲ့ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းနဲ့ တူတယ်။ အသေးစိတ်တော့ မကျဘူးပေါ့။ အဲဒီခေတ်ကာလနဲ့ ဝိညာဉ်စွမ်းအား ကွာခြားမှုကြောင့် ကျင့်ကြံရေးက လူသားတွေအတွက် ပိုကောင်းပြီး လွယ်ကူခဲ့တယ်လေ။
ပထမဧကရာဇ် ဖန်တီးထားတဲ့ နည်းစနစ်က လူသားတွေကို မိုးမြေကြားက ဝိညာဉ်စွမ်းအားကို စုပ်ယူစေရင်း ကမ္ဘာဦးနတ်ဘုရားတွေရဲ့ အားကောင်းတဲ့ ခန္ဓာကိုယ်လိုမျိုး ဖန်တီးနိုင်စေတယ်။ ကံမကောင်းတာက လူတချို့ပဲ ကမ္ဘာဦးနတ်ဘုရားအဆင့်ကို ရောက်နိုင်ကြတယ်”
ဝူဟုန်က မပြောခင် ခဏရပ်လိုက်ပြီးနောက် “ တကယ်လို့ ရှင် စိတ်ဝင်စားရင် အဲဒီခေတ်တုန်းက ကျင့်ကြံနည်း ပုံပွားကို ပေးလို့ရတယ်။ ဒါပေမဲ့ ကျွန်မသာ ရှင့်နေရာမှာဆိုရင် ရှေးဟောင်းကျမ်းကို အဆင့်မြင့်ဆုံး ကျင့်ကြံပြီးမှ အဲဒီနည်းစနစ်ကို သုံးပြီး ပိုမိုပြည့်စုံအောင်၊ ပိုအားကောင်းလာအောင် လုပ်မယ်”
ဝမ်ဝေ့က သူမ၏အကြံကို လက်ခံ၍ ခေါင်းညိတ်ကာ မေးလိုက်သည် “ အဲဒါဆို ပထမဧကရာဇ်က ကျင့်ကြံရေး နည်းစနစ်အသစ်ကို ဖန်တီးပြီးတဲ့နောက်ပိုင်း ဘာဖြစ်သွားလဲ”