ဗလာခေတ်
Vol. 18 Ch. 247
အခန်း(၂၄၇) : ဗလာခေတ်
“ ပထမဧကရာဇ်က လူသားမျိုးနွယ် မြင့်တက်လာဖို့အတွက် မျိုးနွယ်စုထဲ တိတ်တဆိတ် ဖြန့်ဝေဖို့ ကြိုးစားခဲ့တာပေါ့” ဝူဟုန်က ပြန်ဖြေလိုက်သည် “ သူ့အတွက် ကံမကောင်းတာက လူသားမျိုးနွယ်နဲ့ ကမ္ဘာဦးမျိုးနွယ်ကြားက ကွာဟချက်က အရမ်းကြီးလွန်းနေတယ်”
ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “နောက်ဘာဆက်ဖြစ်မလဲ သိပြီ …ကောင်းကင်တာအိုက ထပ်ဝင်ပါလိုက်တယ်မလား”
“အမှန်ပဲ ”
ဝမ်ဝေ့က သရော်ကာ “အဲလိုအရာမျိုးက နေရာတိုင်းမှာ ဖြစ်နေပုံပဲ”
ဝူဟုန်က တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် “ ကမ္ဘာရဲ့ အနာဂတ်က လူသားမျိုးနွယ်မှာ တည်ရှိတာကို သိပြီးတော့ ကောင်းကင်တာအိုက ပထမဆုံး ကောင်းကင်အလိုဆန္ဒကို ဖန်တီးခဲ့တယ်။ ပြောရရင်တော့ ပထမဧကရာဇ်ဆီ ချီးမြင့်ဖို့ပေါ့ … အဲဒီနည်းနဲ့ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က ကမ္ဘာရဲ့ ပထမဆုံး ဧကရာဇ် ဖြစ်လာရုံတင် မကဘူး။ ပထမဆုံး ထာဝရဧကရာဇ်လည်း ဖြစ်လာခဲ့တယ်”
ဝမ်ဝေ့က ပထမဧကရာဇ်သည် ထာဝရဧကရာဇ် ဖြစ်နေ၍ သိပ်မအံ့ဩမိပေ။ အကြောင်းမှာ သူက ပထမဆုံး မဟာဧကရာဇ် ဖြစ်လာခဲ့သူ ဖြစ်နေ၍ မဟုတ်ပေ။ ထာဝရဧကရာဇ် ဆိုသည့် အသုံးအနှုန်းကို ကြားပြီးနောက် သူက ထိုအကြောင်း သီးသန့်လေ့လာခဲ့သည်။ အထူးသဖြင့် လတ်တလောအဖြစ်ဆုံး ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကို ဖြစ်၏။
သူ သတိထားမိသည့်တစ်ချက်မှာ ထာဝရဧကရာဇ်များသည် နေရာတိုင်းတွင် လက်ညိုးထိုးမလွဲ တည်ရှိနိုင်စွမ်း ရှိပုံပေါ်သည်။ ဥပမာအားဖြင့် ကမ္ဘာရှိ ကျင့်ကြံသူအားလုံးက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်အကြောင်းကို သမိုင်းမှတ်တမ်းများမှ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားခဲ့ကြသော်လည်း အားလုံးက သူသည် မဟာဧကရာဇ် ဖြစ်ကြောင်း သိနေကြဆဲ ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်က သေချာသည့် ကျင့်ကြံဆင့်တစ်ခု ရောက်ရှိသွားသည့်အခါ ထိုမဟာဧကရာဇ် တည်ရှိနေမှန်း ချက်ချင်း သိရှိသွားကြပုံပေါ်သည်။ ပြောရလျှင် သူ့တည်ရှိမှုက သမိုင်းကြောင်းထဲ ထာဝရ စွဲကပ်နေသလိုမျိုး သို့မဟုတ် မေ့မရနိုင်တာမျိုး ဖြစ်၏။
ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်လည်း အတူတူ ဖြစ်ပေသည်။ ကမ္ဘာရှိ ကျင့်ကြံသူတိုင်းက သူ့ကို ပထမဧကရာဇ် အဖြစ်နှင့် ဒီကမ္ဘာ၏ ဧကရာဇ်ခေတ်ကာလကို အစပြုသူမှန်း မည်သူမှ ပြောပြခြင်းမရှိဘဲ အလိုလိုသိကြသလို ဖြစ်၏။
ထိုဖြစ်စဉ်အတွက် ဝမ်ဝေ့ သတိပြုမိသွားသည့် နောက်ထပ် နမူနာတစ်ခုမှာ နဂါးများနှင့် ဇာမဏီများနှင့် ပတ်သက်နေသည်။ သူက ထိုသက်ရှိများအကြောင်း မှတ်တမ်းများ ဖတ်သည့်အချိန်တိုင်း သူတို့က ကမ္ဘာဦးခေတ်ကာလထဲ နေထိုင်ခဲ့ကြသော ပင်ကိုသတ္တဝါများ ဖြစ်ခဲ့ကြောင်း တန်းသိလိုက်မိသည်။
ဝမ်ဝေ့က အတွေးများကို ပြန်စုစည်းပြီးနောက် မေးလိုက်သည် “အဲဆိုတော့ ဘာဆက်ဖြစ်သွားလဲ။ ထာဝရဧကရာဇ် ဖြစ်လာပြီးတော့ တခြားမျိုးနွယ်တွေရဲ့ ဖိနှိပ်မှုကနေ လွတ်မြောက်စေဖို့ လူသားမျိုးနွယ်ကို ဦးဆောင်ခဲ့တာလား”
ဝူဟုန်က ခဏရပ်လိုက်ပြီး “ ကံမကောင်းစွာနဲ့ ရှင် မှားသွားပြီ။ ထာဝရဧကရာဇ် ဖြစ်လာတာက လူသားမျိုးနွယ်ကို မကယ်နိုင်ဘူး။ အနည်းဆုံးတော့ သူ့ဘာသာပေါ့ … ကမ္ဘာဦးမျိုးနွယ်တွေရဲ့ ခေါင်းဆောင်တွေက ထာဝရဧကရာဇ်ထက် မနိမ့်ကျဘူးလေ။ ပင်ကိုနတ်ဆိုးမျိုးနွယ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ နဂါးမျိုးနွယ်၊ ချီလင်မျိုးနွယ်၊ ကျားဖြူမျိုးနွယ် ခေါင်းဆောင်တွေနဲ့နဲ့ ဇာမဏီ သခင်မတို့ကလည်း ထာဝရဧကရာဇ်နဲ့ ယှဉ်နိုင်တယ်လေ”
ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်သွားလေသည်။
အဲဆို ထာဝရဧကရာဇ်ဖြစ်လာတာက မဟာဧကရာဇ်တွေကြားမှာ ပြိုင်ဘက်ကင်းပြီးတော့ တခြားအဆင့်တစ်ခုအထိ ရောက်နေတယ်လို့ တွေးမိတာက မှားနေခဲ့တာပဲ …
“အဲဆို နောက်ပိုင်းဘာဆက်ဖြစ်သွားလဲ။ လူသားမျိုးနွယ်က အသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုတော့ ဘယ်လိုများဖြစ်သွားခဲ့တာလဲ”
“ပထမဧကရာဇ် တာအိုကို သက်သေပြပြီးတဲ့နောက်မှာ ကောင်းကင်တာအိုက ကောင်းကင်အလိုဆန္ဒကို အချိန်တစ်ခုကြာပြီးတဲ့အထိ နိမ့်ချပေးပြီးတေ့ လူသားမျိုးနွယ်အတွက် မဟာဧကရာဇ်များစွာ ဖန်တီးပေးခဲ့တယ်။ ”
“ခဏ … အဲဒါဆို ..” ဝမ်ဝေ့က တအံ့တဩဖြင့် မေးလိုက်သည်။
“ဟုတ်တယ် … အစပိုင်း ဧကရာဇ်ခေတ်ကာလက မဟာဧကရာဇ်တွေအများကြီး ရှိခဲ့တဲ့အချိန်ပဲ” ဝူဟုန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူက စက္ကန့်ပိုင်းလောက် ထိုအကြောင်းအရာကို စဉ်းစားပြီး ထပ်မေးလိုက်သည် “ အံ့ဩစရာတော့ မဟုတ်ဘူး”
“အဲဒီတုန်းက မိုးမြေကြား ဝိညာဉ်ချီ အလျှံပယ်ရှိနေတာဆိုတော့ ကောင်းကင်ဘုံ တက်လှမ်းတဲ့ သဘောတရားက ရေပန်းမစားခဲ့ဘူး။ အဲဒါကြောင့် မဟာဧကရာဇ်တွေက စိတ်အေးအေးချမ်းချမ်း ကျင့်ကြံနိုင်ကြတယ်။ ပြီးတော့ လူသားမျိုးနွယ်ကလည်း သူတို့ထောက်ပံ့မှုနဲ့ အကူအညီကို လိုအပ်တယ်လေ။ အဲဒါကြောင့် တချို့ကပဲ ထွက်သွားခဲ့ကြတာ”
ဝမ်ဝေ့က မဟာဧကရာဇ်များစွာ တည်ရှိနေသည့် ကမ္ဘာကြီးထဲ နေရသည်က ဘယ်လိုဖြစ်မည်မှန်း စိတ်ကူးကြည့်ရင်း သက်ပြင်းချလိုက်သည်။ နောင်အနာဂတ်တွင် သူလည်း အခွင့်အရေး ရလာနိုင်လေသည်။
ထို့နောက် သူ့စိတ်ထဲ မေးခွန်းတစ်ခု ပေါ်လာသည် “ တာအိုဘိုးဘေးနဲ့ ထာဝရအရှင်တွေကရော … အဲဒီတည်ရှိမှုတွေက အဲဒီကတည်းက ရှိခဲ့တာလား”
“ဟုတ်တယ် … တာအိုဘိုးဘေးအဆင့်က အလွှာသခင်ဆိုတဲ့ တည်ရှိမှုပေါ် အခြေခံပြီး ဖန်တီးထားတာလေ။ ထာဝရအရှင်ကတော့ ကျင့်ကြံသူတစ်ယောက်ရဲ့ အတွင်းချီ ဒါမှမဟုတ် စွမ်းအားကို အဆင့်မြင့်ပုံစံ ပြောင်းထားတာမျိုးပေါ့”
အလွှာသခင်လား … တကယ်လို့ မှတ်မိတာသာမှန်ရင် အဲဒါတွေက ဧရာမကမ္ဘာတစ်ထောင်ထဲ မွေးဖွားလာပြီး ကမ္ဘာရဲ့ ကောင်းကင်တာအိုကို ဝါးမျိုပြီး ထိန်းချုပ်သူ ဖြစ်လာတဲ့သူတွေမလား။ သူတို့က တာအိုဘိုးဘေးနဲ့ ဆက်နွယ်နေတာလား။ ဒါပေမဲ့ ငါ ဖတ်ထားသလောက် သူတို့အကြောင်းက ဇဝေဇဝါ ဖြစ်လွန်းတယ် …
ဝမ်ဝေ့က သူ့ဘာသာ တွေးလိုက်မိသည်။
“အဲဒီတုန်းက မဟာဧကရာဇ်တွေက ကောင်းကင်အလိုဆန္ဒ မပါရှိဘဲ လူသားမျိုးနွယ်အတွက် ဧကရာဇ်အင်အားစု ဖန်တီးနိုင်ဖို့ တခြားကမ္ဘာ့အသိုက်အဝန်းဆီ သွားခဲ့ပြီးတော့ ဒီနည်းလမ်းတွေ ဖန်တီးခဲ့ကြတာ။ အတိအကျပြောရရင်တော့ သူတို့က တခြားကမ္ဘာရဲ့ စနစ်ကို ပုံတူပွားပြီးတော့ နည်းနည်းပြုပြင်ပြီး သူတို့နာမည်တပ်လိုက်တာပေါ့ ” ဝူဟုန်က ဆက်ပြောပြလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်လေသည်။ သို့သော်လည်း ထိုအရာများက မရိုးရှင်းကြောင်း သိထားသည်။ သမိုင်းကြောင်းမှတ်တမ်းများအရ သူ့ဘိုးဘေး ဧကရာဇ်ချီယွမ်က တာအိုဘိုးဘေး လမ်းစဉ်နှင့် ထာဝရလမ်းစဉ် နှစ်ခုလုံးကို ဖန်တီးခဲ့ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်ခံထားရသူ ဖြစ်လေသည်။ သို့သော်လည်း ဝူဟုန်၏ ပြောစကားအရ ထိုလမ်းစဉ်များက နဂိုကတည်းက တည်ရှိခဲ့ပုံပေါ်၏။ ထို့ကြောင့် လျို့ဝှက်ချက်ကြီးကြီး ရှိနေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က ထုတ်မမေးပေ။ သူက မိနစ်ပိုင်းအတွင်း သတင်းအချက်အလက်များစွာ သိနေပြီဖြစ်၍ ထပ်သိဖို့ မလိုသေးပေ။ ထို့အပြင် သူက ထိုလျို့ဝှက်ချက်များကို သူ့ဘာသာ ရှာဖွေလိုသည်။
နမူနာအားဖြင့် ဝူဟုန်၏ ပြောစကားအရ ကမ္ဘာအသိုက်အဝန်းက နဂိုကတည်းက ရှိခဲ့ဖူးလေသည်။ ဆိုလိုသည်မှာ အသင်္ချေအင်ပါယာကမ္ဘာမတိုင်ခင် မွေးဖွားလာသော ကောင်းကင်အလိုဆန္ဒကမ္ဘာ ရှိကောင်း ရှိနိုင်ခဲ့ပြီး လူမှုတိုးတက်မှုလည်း ရှိလေသည်။
ဝမ်ဝေ့က တခြားကမ္ဘာများနှင့် ယှဉ်လိုက်လျှင် သူ့ကမ္ဘာ သို့မဟုတ် အသိုက်အဝန်းသည် မည်မျှရှေးကျကြောင်း မသိသော်လည်း ရှာကြည့်ချင်မိသေးသည်။ အထူးသဖြင့် မဟာဧကရာဇ် ဖြစ်လာပြီးနောက် သူ့အနာဂတ်အစီအရင်များအရ ဖြစ်လေသည်။ ဒီသတင်းက အတော်လေး အသုံးဝင်လာနိုင်သည်။
သူ့စိတ်ထဲ ထိုအတွေးများက တစ်စက္ကန့်ပင် မကြာလိုက်ပေ။ သူက ဝူဟုန်အား ထပ်ပြောလိုက်သည် “ကမ္ဘာဦး နတ်ဘုရား ဒါမှမဟုတ် ပင်ကိုနတ်ဆိုးတွေက ကောင်းကင်အလိုဆန္ဒကို ရယူပြီးတော့ မဟာဧကရာဇ် ဖြစ်မလာနိုင်ကြဘူးလား”
“အဲဒါက ကောင်းကင်တာအိုက ကောင်းကင်အလိုဆန္ဒပေါ် နည်းနည်းလှည့်ကွက်သုံးထားတာလေ” ဝူဟုန်က ပြောလိုက်သည်။
“အဲလိုပဲ ဖြစ်ရမယ်”
ဝူဟုန်က သူ့မှတ်ချက်ကို လျစ်လျူရှုပြီး ဆက်ပြောလိုက်သည် “ ကောင်းကင်အလိုဆန္ဒမှာ ဟော်သဲ့သက်ရှိတွေကပဲ အသုံးပြုနိုင်တယ်ဆိုပြီး လိုလားချက်တစ်ခု ရှိတယ်။ အဲဒါကြောင့် ပင်ကိုသက်ရှိပုံစံ ဖြစ်တဲ့ ကမ္ဘာဦးနတ်ဘုရားနဲ့ ပင်ကိုနတ်ဆိုးတွေက အသုံးမပြုနိုင်ကြဘူး။
ဒါပေမဲ့ မျိုးနွယ်စုနှစ်ခုလုံးက လက်မလျော့ကြဘူး။ အထူးသဖြင့် ပင်ကိုနတ်ဆိုးမျိုးနွယ်ပေါ့ … သူတို့က ဟော်သဲ့မျိုးနွယ်တစ်ခုကို ဖန်တီးခဲ့ကြတယ်။ သူတို့သွေးမျိုးဆက်ကို ဆက်တိုက် အဆင့်လျော့ချလိုက်တဲ့အခါ သူတို့က အခု ကျွန်မတို့ နတ်ဆိုးမျိုးနွယ်လို့ သိထားတဲ့ မျိုးနွယ်ကို ဖန်တီးနိုင်လာတယ်”
နတ်ဆိုးမျိုးနွယ်ရဲ့ ကျင့်ကြံရေးနည်းစနစ်မှာ ဖြည်းဖြည်းချင်း သွေးမျိုးရိုး သန့်စင်ဖို့ ပါနေတာ မထူးဆန်းတော့ဘူး …
ဝမ်ဝေ့က ထပ်တွေးမိလိုက်ပြန်သည်။
“ပင်ကိုနတ်ဆိုးမျိုးနွယ်ရဲ့ အကြံအစည်က နတ်ဆိုးမျိုးနွယ်ကို အသုံးချပြီး ကောင်းကင်အလိုဆန္ဒ ယှဉ်ပြိုင်ဖို့ … အဲဒါကြောင့် သူတို့တစ်မျိုးနွယ်လုံးရဲ့ အင်အားကို လျော့ချပစ်လိုက်တာ။ အစတော့ သူတို့ရဲ့အစီအစဉ်က အောင်မြင်ခဲ့တယ်။ နတ်ဆိုးမျိုးနွယ်က မဟာဧကရာဇ်တွေလည်း အများကြီး ထွက်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ လူသားမျိုးနွယ် မဟာဧကရာဇ်တွေရဲ့ နည်းလမ်းတွေအောက်မှာ နတ်ဆိုးမျိုးနွယ်က သူတို့ဖန်တီးသူကို သစ္စာဖောက်ပြီးတော့ လူသားမျိုးနွယ်နဲ့ ပူးပေါင်းသွားခဲ့တယ်။”
ဝမ်ဝေ့က ထိုရလဒ်ကို မအံ့ဩမိပေ “အဲဒီနောက်ရော”
“အဲဒီနောက်ပိုင်း ဗလာခေတ်ကာလ ရောက်လာတယ်။ လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ် နှစ်ခုလုံးက ပင်ကိုမျိုးနွယ်တွေနဲ့ တိုက်ခိုက်ဖို့ အင်အားလုံလောက်လာတဲ့အချိန် သူတို့က မိုးမြေ တုန်လှုပ်စေတဲ့ စစ်ပွဲကြီးကို စတင်ခဲ့တယ်။ တကယ်တော့ နှစ်ဖက်လုံးက စစ်ပွဲကြီး ဘယ်လောက်ကြီးလာလိမ့်မယ်၊ သက်ရောက်မှုကလည်း ဘယ်လောက် ပြင်းထန်သွားနိုင်မှန်း ကြိုမတွက်ထားမိခဲ့ကြဘူး။ ”
“အဲဒါဘာကိုပြောချင်တာလဲ” ဝမ်ဝေ့က အာရုံစူးစိုက်လျက မေးလိုက်သည်။
“ ကျွန်မ ပြောချင်တာက ဒီစစ်ပွဲရဲ့ အတိုင်းအတာက ဒီအင်အားစုတွေ ထင်ထားတာထက် ကျော်လွန်သွားတယ်။ စစ်ပွဲက ကျွန်မတို့ကမ္ဘာကနေ စတင်ခဲ့ပေမဲ့ သိပ်မကြာခင် ကမ္ဘာအသိုက်အဝန်းမြောက်များစွာအထိ ပျံ့နှံ့သွားပြီးတော့ အောက်ဘုံတွေအထိ စစ်ပွဲဖြစ်သွားကြတယ်။ စစ်ပွဲက ပင်ကိုသက်ရှိတွေနဲ့ ဟော်သဲ့သက်ရှိတွေကြားက တိုက်ပွဲကြီးအဖြစ် ပြောင်းလဲသွားတယ်”
အောက်ဘုံတွေတဲ့လား … အဲဒါက အဆုံးမဲ့လေဟာနယ်ရဲ့နာမည် မဟုတ်ဘူးလား …
မဟာဧကရာဇ်တွေအားလုံး သွားရမဲ့ ကမ္ဘာကိုကျ အထက်ဘုံလို့ သတ်မှတ်ထားတာများလား
ထို့နောက် သူက ဝူဟုန်၏ နှုတ်ခမ်းထောင့်မှ အပြုံးကို မြင်လိုက်ရသည့်အခါ သူမက သူ့အား အားကောင်းသည့် စိတ်ဆန္ဒစွမ်းအားကို မသိစေဘဲ ဘယ်လိုအချက်အလက် ပြောလို့ရလဲဟု စမ်းသပ်နေပုံပေါ်ကြောင်း သတိထားမိလိုက်သည်။
“တကယ်တော့ …” ဝူဟုန်က ဘာမှမဖြစ်သည့်အလား ဆက်ပြောလိုက်၏ “ ဒီစစ်ပွဲက အဓိကဇာတ်ကြောင်းကြီးပေါ့။ တစ်ယောက်ယောက်က ပင်ကိုသက်ရှိတွေကို အောက်ဘုံမှာ ဆက်လက်နေထိုင်ခွင့် မပေးချင်တော့ ဒီနည်းလမ်းနဲ့ ဖယ်ထုတ်ခဲ့တာပဲ။
အဲဒီပင်ကိုသက်ရှိတွေက စစ်ပွဲ ရှုံးနိမ့်သွားပြီးတော့ ကျန်ရှိနေခဲ့တဲ့ အသက်ရှင်ကျန်သူတွေက ထွက်သွားကြတယ်။ သူတို့တည်ရှိမှု မှတ်တမ်းကလည်း အများစု ရှင်းထုတ်ခံလိုက်ရတယ်။ အဲဒါကြောင့် ဗလာခေတ်ကာလမတိုင်ခင် သမိုင်းကြောင်းတွေ၊ မှတ်တမ်းတွေ များများစားစား မရှိနေတာပဲ။
တကယ်တော့ ရှင် နောက်ပိုင်း ကမ္ဘာ့အသိုက်အဝန်းတွေဆီ သွားလာတဲ့အခါ ကမ္ဘာအများစုမှာ သူတို့သမိုင်းကြောင်းတစ်ခုတော့ ပျောက်နေတာကို သိရလိမ့်မယ်။ အများစုကတော့ ပင်ကို-ဟော်သဲ့ စစ်ပွဲမှာ ပါဝင်ခဲ့ကြလို့ပေါ့”
ဝမ်ဝေ့က ထိုအရာများကို နောက်ကွယ်မှ စီစဉ်ထားသူက မည်သူမှန်း မမေးတော့ပေ။ ထိုသတင်းအချက်အလက်က သူမ မပြောနိုင်သည့် အကြောင်းအရာတစ်ခု ဖြစ်လိမ့်မည်မှန်း မှန်းဆမိ၍ တစ်ခြားတစ်ခုကို ထုတ်မေးလိုက်သည်။
“ စောစောလေးက မင်း ပြောတဲ့ ထာဝရဧကရာဇ်နဲ့ ပတ်သက်ပြီး မေးခွန်းရှိ … ” သူက ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးပွဲတွင် တစ်ခုခုထူးဆန်းနေကြောင်း ခံစားမိလိုက်၍ သူ့စကားက တစ်ဝက်တစ်ပျက် ရပ်တန့်သွားလေသည်။