မကျေပွဲ
Vol. 18 Ch. 248
အခန်း(၂၄၈) : မကျေပွဲ
လွန်ခဲ့သည့် မိနစ်ပိုင်းခန့်လောက်က ဝမ်ဝေ့နှင့် ဝူဟုန်တို့ စကားပြောနေကြစဉ် ကျောင်းအုပ် ပိုင်ဟန်က ပြိုင်ပွဲကြည့်နေသူ အားလုံးရှေ့ ပေါ်လာခဲ့သည်။ သူက အရင်ဆုံး ကောင်းကင်တာအိုနှင့် သူ့ကိုယ်ပိုင်တာအိုထံ ကျောင်းတော်သည် ဖန်းလီ သေဆုံးမှုနှင့် မပတ်သက်ကြောင်း ကျိန်ဆိုခဲ့ပြီး ပြိုင်ပွဲ၏ စည်းမျဉ်းများကို မိတ်ဆက်ပေးလိုက်သည်။
“ဒီနှစ် ပြိုင်ပွဲမှာ ကျွမ်းကျင်အတတ်ပညာ အနိုင်ရသူတွေကို ထိပ်တန်းသုံးဆယ်ထဲ ပါဝင်ခွင့်မပေးထားတဲ့အချက်ကြောင့် စည်းမျဉ်းတွေက နည်းနည်းကွဲပြားသွားပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ပြိုင်ပွဲဝင် အယောက် ၁၉၂၀ ကျန်ရှိနေပါတယ်။
ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီက ကျပန်းရွေးချယ်ထားတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ကြရမယ်။ အနိုင်ရသူက နောက်တစ်ပွဲစဉ်ဆီ တက်လှမ်းသွားပြီးတော့ ရှုံးနိမ့်သူက ထွက်ရမယ်။ ဒီဖြစ်စဉ်က ကောင်းကင်ရွေးချယ်ခံ ထိပ်တန်း ၃၀ မဖြစ်ခင်အထိ ဆက်တိုက်ဖြစ်နေလိမ့်မယ်။
အခု ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူစစ်ဆေးပွဲ နောက်ဆုံးပွဲစဉ် စတင်ပါပြီ ”
ပိုင်ဟန်က ကြေညာလိုက်ပြီးသည့်နောက် တခြားဆရာများ ရှိရာဆီ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ မျှောလွင့်ရုံငယ်ဆီ ပြန်သွားခဲ့သည်။ သူက သူ့ဘာသာ ပြန်တွေးနေမိ၏။
ဒီအပြုအမူက ကျောင်းတော်အတွက် အသက်ရှုပေါက် အနည်းငယ်တော့ ချောင်စေမှာပါ …
ကပ်ဘေးချီကိုတော့ ကောင်းကင်တာအိုက ဝမ်ဝေ့အပေါ် ငါ့အမုန်းတရားကို အသုံးချနေတာပဲ … ဒါပေမဲ့ ငါသာ သူ့ကို တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ မဝင်နိုင်ဖို့ ကာကွယ်နိုင်သရွေ့ ဒါကို ဖယ်ရှားပစ်ဖို့ နည်းလမ်းရှာနိုင်တယ် ..
ပိုင်ဟန်က ထိုအရာကို တွေးပြီးနောက် သက်ပြင်းချလိုက်သည်။
တကယ်လို့ ငါ့အဖေရဲ့ ကာကွယ်မှုကို ရထားတဲ့ နဂိုခန္ဓာသာ ရှိနေသေးရင် ကပ်ဘေးချီ အလွယ်လေး သက်ရောက်ခံရမှာ မဟုတ်ဘူး …
အခုမှတော့ အတိတ်ကို ပြန်တွေးနေဖို့ မလိုဘူး။ ငါက အတိတ်နဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်ကတည်းက ဘာမှနောင်တမရှိနေသင့်ဘူး
ပိုင်ဟန်က ရုံငယ်လေးဆီ ပြန်ရောက်လာပြီးနောက် အလယ်ရှိ တိုက်ပွဲစင်မြင့်ကို စည်းဝိုင်း ခွဲထားလေသည်။ စည်းဝိုင်းတစ်ခုစီတွင် ပြိုင်ပွဲဝင်များ ကျပန်း ရွေးချယ်ဖို့ တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရမည့် ပြိုင်ပွဲဝင်များ၏ နံပါတ် ၂ ခု ကို ပြသနေသည့် အစီအရင်များ ပြုလုပ်ထားသော ပိတ်ကားချပ်တစ်ခု ရှိလေသည်။
တိုက်ပွဲ စည်းဝိုင်းများ ပတ်လည်ရှိ ပွဲကြည့်သူများတွင် တိုက်ပွဲများအား ဆက်တိုက်ပြသပေးနေသည့် ပြသရေး ပိတ်ကားချပ်တစ်ခု ရှိလေသည်။ ထို့ကြောင့် သူတို့က အားလုံးကို တစ်ပြိုင်နက် ကြည့်နိုင်သလို ပြိုင်ပွဲဝင်တစ်ယောက်တည်းကိုလည်း အာရုံစိုက်ထားနိုင်သည်။
ပြိုင်ပွဲကို ကြည့်နေကြသည့် လူအားလုံးက ပွဲကြည့်သူများကဲ့သို့ ပိုင်းခြားထားသော ပိတ်ကားချပ်များ ရှိကြလေသည်။
ရုံငယ်များအတွင်း လူတစ်ယောက်ချင်းစီက ပြိုင်ပွဲဝင်များအားလုံး၏ ပိတ်ကားချပ်အားလုံး ရှိလေသည်။ သို့သော်လည်း ထိုအရာက အသုံးပြုသူပေါ် မူတည်၍ ပြိုင်ပွဲတစ်ခုတည်း ပြသနိုင်စွမ်းလည်း ရှိထားသည်။
ဝူဟုန်နှင့် ဝမ်ဝေ့တို့က စကားပြောနေကြစဉ် သူတို့က ပိတ်ကားချပ်ကို လျစ်လျူရှုထားပြီး ဆွေးနွေးမှုကိုသာ အာရုံစိုက်ထားကြလေသည်။
လီကျွင်း၏ ပြိုင်ပွဲ စတင်လာသည့်အခါတွင်လည်း အတူတူသာ ဖြစ်၏။ လီကျွင်းက သူ့လှံကို ကိုင်ဆောင်ရင်း သူ့နာမည်ရွေးချယ်ခံရသည့် တိုက်ပွဲစည်းဝိုင်းဆီ လျှောက်လှမ်းလာသည်။ စက္ကန့်ပိုင်းလောက် စောင့်ဆိုင်းပြီးနောက် သူ့ပြိုင်ဘက်က ရောက်ရှိလာသည်။ ထိုသူက အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှိုးတိုးရှန့်တန့် ဖြစ်နေသော မိန်းမလှတစ်ဦး ဖြစ်၏။ သူမ၏ သွင်ပြင်က ထိုသို့ဖြစ်နေသော်လည်း သူ့မျက်ဝန်းထဲ ခိုင်မာသည့် ဆုံးဖြတ်ချက်ကို မြင်နိုင်လေသည်။
သူ ပြိုင်ပွဲဝင်များအကြောင်း ဖတ်ထားသည့် သတင်းများကို ပြန်စဉ်းစားကြည့်လိုက်သည့်အခါ သူမက အရှေ့ပိုင်း နဂါးပြာကုန်းမြေ၏ တော်ဝင်နယ်မြေမှ ပါရမီရှင် ဖြစ်ကြောင်း သိလိုက်ရသည်။
လီကျွင်းက သူမ၏ နောက်ခံဖြင့် နောက်ဆုံးပွဲစဉ် ရောက်လာ၍ ကံကောင်းလွန်းသည်လား သို့မဟုတ် ပါရမီကောင်းသည်လား အသိအမှတ်ပြုလိုက်ကာ သက်ပြင်းချလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက သူနှင့် တွေ့ဆုံမိ၍ လမ်းဆုံးသွားသည့်အချက်ကို မပြောင်းလဲပေ။
သူ့အစ်ကိုကြီးက ထိပ်တန်း အယောက် ၃၀ထဲ ဝင်ဖို့ တာဝန်ပေးထားလေရာ သူ့တာဝန်ကို ပြီးမြောက်အောင် လုပ်ဖို့ မည်သူမှ မတားဆီးနိုင်ပေ။ ထို့ကြောင့် တိုက်ပွဲ စတင်သည်နှင့် လီကျွင်းက တစ်ဖက်လူကို ဘာမှမပြောဘဲ တန်းတိုက်ခိုက်လိုက်သည်။
လီကျွင်းက လက်ထဲတွင် လှံကို ကိုင်ထားကာ အင်အားအကုန်ဖြင့် ပစ်လွှတ်လိုက်သည့်အခါ အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး တော်ဝင်နယ်မြေ၏ ပါရမီရှင်ဆီ တည့်တိုးဝင်ရောက်သွားသည်။ သို့သော်လည်း သူမကို လျော့တွက်မထားသင့်ပေ။ နောက်ဆုံးပွဲစဉ်အထိ ရောက်လာသူတစ်ဦးအနေနှင့် သူမက ပျိုးထောင်ခံ ပြိုင်ပွဲဝင်များကို တိုက်ခိုက်ကာ အသက်ရှင်ကျန်ခဲ့သူ ဖြစ်၏။ သူမက အားသာချက် မများသော်လည်း လွယ်လွယ်လက်လျော့မည့်သူ မဟုတ်ချေ။
ထို့ကြောင့် သူမ လက်တစ်ချက်အဝေ့တွင် သူမရှေ့တွင် သတ္တုတံခါးများ ပေါ်ထွက်လာကာ ကာကွယ်ပေးထားသည်။ ကံမကောင်းစွာဖြင့် တံခါးများက လှံကို ခဏတာမျှသာ တားဆီးနိုင်ပြီး ချက်ချင်း ထိုးဖောက်ခံလိုက်ရသည်။
ကံကောင်းသည်က သူမက လှံလမ်းကြောင်းမှ ရှောင်ရှားရန် အချိန်ခဏမျှသာ လိုအပ်လိုက်သည်။
ထိုအရာကို မြင်ပြီး လီကျွင်းက လက်ဆုပ်ဟန် လုပ်လိုက်သည့်အခါ သူ့လှံက ချက်ချင်း ပျောက်ကွယ်သွားပြီး သူ့လက်ထဲ ပြန်ရောက်လာသည်။ ထို့နောက် သူက လှံကို လက်တစ်ဖက်တည်းဖြင့် ဝေ့ယမ်းလိုက်သည်။
ထို့နောက် သူ့ရှေ့တွင် လှံဆယ်ချောင်းမက ပေါ်ထွက်လာသောကြောင့် တော်ဝင်နယ်မြေ၏ ပါရမီရှင်က အမူအရာ ပျက်ယွင်းသွားလေသည်။ သူမက တုံ့ဆိုင်းမနေဘဲ စက်ဝန်းပုံ သတ္တုဒိုင်းကာဖြင့် ခြုံလွှမ်းထားလိုက်သည်။
သူမ အပြုအမူ ပြီးဆုံးသည်နှင့် ပထမလှံက သူမဆီ လာရောက်ထိမှန်၏။ သူမက ချက်ချင်းဆိုသလို သွေးအန်လိုက်ရသည်။ သူမက တိုက်ကွက်ကို ကာဆီးနိုင်ခဲ့သော်လည်း တန်ပြန်အားက သူမ ကာကွယ်စွမ်းကို ထိုးဖောက်ကာ ဒဏ်ရာရစေခဲ့သည်။ ထို့နောက် သူမ၏ အိပ်မက်ဆိုး စတင်လာသည်။
ဝုန်း
နောက်လှံကိုးချောင်းက ဆက်တိုက်ပါလာကာ ပေါက်ကွဲမှု ကိုးခု ဖြစ်ပွားသွားသည်။ ပေါက်ကွဲမှုများမှ ဖုန်မှုန့်အလိမ်းလိမ်း ထလာစေပြီး ပွဲကြည့်သူများ၏ မြင်ကွင်းကို ကာဆီးသွားလေသည်။ ဖုန်မှုန့်များ လေနှင့်ပါသွားပြီး ငြိမ်သက်သွားသည့်နောက် တော်ဝင်နယ်မြေ၏ ပါရမီရှင်ကို မြင်လိုက်ရသည်။
သူမက သွေးသံရဲရဲဖြင့် ဒူးတစ်ဖက်ထောက်လျက် လဲကျနေသည်။ သူမ ဆံပင်များက ရှုပ်ပွနေပြီး အနားတွင် သတ္တုအပိုင်းအစများလည်း ကြေမွနေသည်။ သူမက မနည်းရုန်ကန်ထလိုက်သော်လည်း ဘာမှမလုပ်နိုင်ခဲ့ပေ။
လီကျွင်းက ထိုအရာကို မြင်ပြီး ပြောလိုက်သည် “မင်း လက်လျော့သင့်ပြီ။ မင်း ရှုံးမှာမှန်း သိသာနေတဲ့ တိုက်ပွဲမှာ အသက်ကို စတေးဖို့ မလိုဘူး ”
သို့သော်လည်း သူမက ချက်ချင်း ပြန်မဖြေပေ။ အကြောင်းမှာ သူမ လက်ထဲ သတ္တုတုတ်ချောင်း ပေါ်ထွက်လာပြီး မြေပေါ်ကို အားယူ၍ ပြန်ရပ်လိုက်သည်။
“ရှင် နားမလည်ပါဘူး” သူမက ဆုံးဖြတ်ချက်ခိုင်မာစွာ ပြောလိုက်သည် “ကျွန်မအပေါ် စောင့်ကြည့်နေကြတဲ့လူတွေအများကြီးပဲ။ အခု ကျရှုံးလို့ မဖြစ်ဘူး”
သူမက ထိုစကားများကို ပြောပြီးပြီး ပွဲကြည့်စင်ဘက်မှ သူမကို စိုးရိမ်တကြီးနှင့် အားပေးသော အကြည့်များဖြင့် ကြည့်နေကြသည့် တပည့်များစုဝေးရာကို လှမ်းကြည့်လိုက်သည်။
“ဒီလိုအဆင့် ရောက်လာကြတဲ့ အားလုံးက သူတို့ကို ရှေ့ဆက်နိုင်မဲ့ စိတ်ခံစားချက် အထောက်အပံ့မျိုးတော့ ရှိကြတာပဲ” လီကျွင်းက ပြောလိုက်သည်။
“မင်းက အားနည်းပြီး ဒီတိုက်ပွဲမှာ အနိုင်မယူနိုင်တဲ့အချက်က မပြောင်းလဲသွားဘူး။ ဒါပေမဲ့ မင်း လက်လျော့ပြီး ကိုယ့်အသက်ကို ကယ်မယ်ဆိုရင် အနာဂတ်မှာ အခွင့်အရေး ရလာနိုင်သေးတယ်။ ကျရှုံးမှုတစ်ခုက အရာအားလုံး မဟုတ်ဘူး”
ကံဆိုးစွာဖြင့် သူမက သူ့သတိပေးချက်ကို လျစ်လျူရှုထားလေသည်။ သူမ သတ္တုတုတ်က အရည်ပျော်ကျတော့မည့်အလား အနီရောင် ပြောင်းလဲသွားသည်။ သို့သော်လည်း သတ္တုတုတ်က နဂိုပုံစံအတိုင်း ကျန်ရှိနေဆဲ ဖြစ်ပြီး အားကောင်းလွန်းသည့် အပူဓာတ်ကိုသာ ထုတ်လွင့်နေသည်။
ထိုအရာကို မြင်ပြီး လီကျွင်းက ဘာမှမပြောဘဲ သက်ပြင်းချလိုက်သည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည့်အချိန် တော်ဝင်နယ်မြေ ပါရမီရှင်အနား တန်းရောက်သွားသည်။ သူမက မတုံ့ပြန်နိုင်ခင် လှံက သူမ နှလုံးသားကို ထိုးဖောက်သွားလေသည်။
သူမက လီကျွင်း၏ လှံပေါ် သွေးအန်လိုက်ရသည်။ သူမက တအံ့တဩ အမူအရာ ရှိနေပြီး ပက်လက်လှန် လဲကျသွားလေသည်။ အဆုံးသတ်အထိ သူမက ဘာလို့ လွယ်လွယ်ရှုံးသွားကြောင်း နားမလည်ခဲ့ပေ။
သူမ မသေခင် နောက်ဆုံးအတွေးတို့က ….
သာမန်ပါရမီရှင်နဲ့ ကောင်းကင်ရွေးချယ်ခံကြားမှာ ကွာဟချက်က အဲလောက်တောင် ကြီးနေတာလား … ငါ အဲလို မဖြစ်ချင်ဘူး
လီကျွင်းအတွက်မူ သူက သူမကို ခဏတာမျှသာ ကြည့်လိုက်ပြီး စည်းဝိုင်းမှ ထွက်လာလိုက်သည်။ သူက တစ်ဖက်လူကို နောက်ဆုတ်ဖို့ အခွင့်အရေးပေးခဲ့လေသည်။ သူမက သူမ၏ ယုံကြည်ချက်အတိုင်း တိုက်ခိုက်လိုသည့်အတွက် သေဆုံးလည်း ကိစ္စမရှိပေ။ ကျင့်ကြံရေးလမ်းစဉ်က ဘယ်တော့မှ မငြိမ်းချမ်းခဲ့ပေ။ ဧကရာဇ်လမ်းစဉ် လျှောက်လှမ်းနေသည့် ကောင်းကင်ရွေးချယ်ခံများအတွက်မူ ထည့်ပြောနေဖို့ မလိုတော့ပေ။
ဤသို့ဖြင့် နာရီအနည်းငယ်ကြာမြင့်ပြီးနောက် ပထမအဖွဲ့ အဆုံးသတ်သွားပြီး ပြိုင်ပွဲဝင် ၉၆၀ သာ ကျန်ရှိတော့သည်။ ပြိုင်ပွဲက ရက်အနည်းငယ်ကြာ ဆက်လက်ဖြစ်ပွားနေပြီး လီကျွင်းက လူ ၆၀ ကျန်တော့သည့်အထိ သူ့ပြိုင်ဘက်များကို အနိုင်ယူခဲ့သည်။
လီကျွင်းက ထိပ်တန်း အယောက် ၃၀ ထဲပါဖို့ နောက်တစ်ပွဲ အနိုင်ရဖို့သာ လိုတော့သည်။ ထိုအခါ သူက တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ ဝင်ခွင့် အမှတ်အသားပြား ရလာလိမ့်မည်။ သူ့အစ်ကိုကြီးက သူ့အနာဂတ် ဧကရာဇ်လမ်းစဉ်အတွက် အသုံးပြုနိုင်ပြီ ဖြစ်၏။
လီကျွင်းက စိတ်လှုပ်ရှားစွာ ပြိုင်ဘက်ကို စောင့်နေသည်။ သို့သော် ထိုလူ ပေါ်လာသည့်အခါ သူက လေးနက်စွာ ပြောလိုက်သည်။
“မင်းပဲ ”