အခန်း (၂၁၁-၂၁၂)
Vol. 15 Ch. 211-212
အခန်း (၂၁၁) - စာချုပ်ချုပ်ဆိုခြင်းနှင့် ဗီဇပြောင်းဆေးလုံးများ
လုဖေးအာဟာ ငွေရောင်ဘုရင်၊ မီမီနဲ့ အာဖုတို့အတွက် တကယ့်ကို ရန်သူတစ်ယောက်ဖြစ်၏။
သူမဟာ အားနည်းနေတယ်ဆိုပေမဲ့ မြေပုံပေါ်မှာ အနီရောင်အစက်အဖြစ် ပြနေဆဲဖြစ်သည်။
ဆိုလိုတာက သူမဟာ ရန်သူဗီဇပြောင်းသတ္တဝါတစ်ကောင်ရဲ့ အငွေ့အသက်မျိုးနဲ့ သူတို့ရဲ့ သဘောကျမှုကို ရနေခြင်းပင်။
အကယ်၍ သူသာ ဒီစွမ်းရည်ကို ရခဲ့မယ်ဆိုလျှင် ရန်သူဗီဇပြောင်းသတ္တဝါတွေရဲ့ သဘောကျမှုကို ရယူနိုင်မည်ဖြစ်သည်။
ဒါဟာ တကယ့်ကို အာမခံချက်အကြီးကြီးတစ်ခု ဖြစ်၏။
ဒီစွမ်းရည်က တကယ်ကို အစွမ်းထက်လွန်းလှသည်။
ဒါပေမဲ့ သူမကို ဘယ်လို ကိုင်တွယ်ရမလဲမသိပေ။
ဒီမိန်းမက တကယ်ကို အန္တရာယ်များလွန်း၏။
သူမကို အသက်ရှင်ခွင့်ပေးထားတာက ပြဿနာအကြီးကြီး တစ်ခုခု ဖြစ်လာနိုင်သလို သူ ခံစားနေရသည်။
ဒါပေမဲ့လည်း ရွှီရှင်း အခုချိန်မှာ သူမကို တကယ် မသတ်ချင်သေးပေ။
သူမသာ သေသွားလျှင် ဒီစွမ်းရည်ကို ဘယ်လိုရယူရမလဲဆိုတာ မသိနိုင်တော့ချေ။
"နေဦး..."
"အခု သူမက တော်တော်လေး အားနည်းနေပြီပဲ။"
"ဒါဆိုရင်... သူမအပေါ်မှာ ဗီဇပြောင်းသားရဲ စာချုပ်ကို သုံးလို့ ရလောက်မလား။"
အကယ်၍ သူမကို စာချုပ်ချုပ်ပြီး အပြည့်အဝ ထိန်းချုပ်နိုင်မယ်ဆိုလျှင် သူမရဲ့ တန်ဖိုးက တန်းသတ်လိုက်တာထက် အများကြီး ပိုကြီးသွားလောက်၏။
သူ့ရဲ့ သားရဲစာချုပ်က အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါတွေကို စာချုပ်ချုပ်နိုင်သည်။
သူမရဲ့ လက်ရှိခွန်အားက အဆင့်နိမ့်ဗီဇပြောင်းသားရဲလောက်တောင် မရှိတဲ့အပြင်၊ သူမရဲ့ ကိုယ်ခန္ဓာကလည်း တခြားသတ္တဝါတွေလို ပြောင်းလဲမသွားသေးချေ။
ယုတ္တိရှိရှိ စဉ်းစားရလျှင် သူမဟာ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ မဟုတ်နိုင်ပေ။
လက်ရှိ အခြေအနေအရဆိုလျှင် သူမရဲ့ ခွန်အားက အလယ်အလတ်အဆင့်ကို ကျော်လွန်သွားတာဟာ ခဏတာပဲ ဖြစ်ရမည်။
လူရိုင်းတွေရဲ့ စွမ်းအားပေါက်ကွဲမှုမျိုးပေါ့။
အဲဒီလို ပေါက်ကွဲပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့ ဆိုးကျိုးကတော့ အခုလို အားနည်းသွားတဲ့ အခြေအနေပဲ ဖြစ်ရမည်။
ရွှီရှင်းသည် ဗီဇပြောင်းသားရဲ စာချုပ်တစ်ခုကို ထုတ်လိုက်၏။
မြေအောက်လှိုင်ဂူမှာ ရခဲ့တာတွေနဲ့ ချန်းယင်တို့ မိသားစု လုပ်ပေးထားတာတွေ အပါအဝင် သူ့မှာ စုစုပေါင်း စာချုပ် ၁၁ ခု ရှိ၏။
အာဖုအတွက် တစ်ခု၊ မီမီအတွက် နှစ်ခု သုံးခဲ့ပြီး၊ လီဝမ်ရှီးကို တစ်ခုပေးကာ၊ ကြင်ယာတော်အတွက် တစ်ခု သုံးခဲ့တာကြောင့် အခု သူ့မှာ စာချုပ် ၆ ခု ကျန်ပါသေးသည်။
“ချန်းယင်တို့ မိသားစု ဘယ်တော့ ပြန်လာမှာလဲ...။”
အခု ကပ်ပါးသစ်ပင်အိမ် ရှိနေပြီဆိုတော့ သူတို့ကို နေစရာ နေရာ အပြည့်အဝ ပေးနိုင်ချေပြီ။
သူတို့တွေ အမြန်ပြန်လာပြီး သူ့အတွက် သားရဲစာချုပ်တွေနဲ့ ကိရိယာတွေ အများကြီး ထပ်လုပ်ပေးစေချင်နေလေပြီ။
ရွှီရှင်းသည် မျက်လုံးတွေကို တင်းတင်းမှိတ်ထားပြီး နာကျင်နေတဲ့ အမူအရာလေး ရှိနေဆဲဖြစ်တဲ့ လုဖေးအာကို ငုံ့ကြည့်ရင်း စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေမိသည်။
“ငါက အခွင့်အရေးယူနေသလို ဖြစ်နေတာလား...။”
ဒါပေမဲ့လည်း သူကတော့ လက်ထဲက စာချုပ်ကို ချက်ချင်းပဲ ချေဖျက်လိုက်တော့သည်။
ဒီမိန်းမက သူ့ကို သတ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့၏။
အပြည့်အဝ မထိန်းချုပ်နိုင်ဘဲနဲ့တော့ သူမကို အသက်ရှင်ခွင့်ပေးဖို့ သူ မရဲသေးချေ။
စာချုပ်ဟာ အစိပ်စိပ်အမွှာမွှာ ကွဲထွက်သွားပြီး အလင်းစက်လေးတွေအဖြစ် ပြောင်းလဲကာ လုဖေးအာရဲ့ ကိုယ်ထဲကို တဖြည်းဖြည်း ပေါင်းစပ်ဝင်ရောက်သွားတော့သည်။
လုဖေးအာကတော့ မျက်မှောင်ကြုတ်ပြီး သူမရဲ့ ကိုယ်လုံးလေး တုန်ယင်နေ၏၊
တစ်ခုခုကို ပြန်ပြီး ခုခံနေတဲ့ ပုံစံမျိုးပင်။
"ရှင်သန်ချင်သေးရင် မခုခံနဲ့၊ ဒါက နင် အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ"
ရွှီရှင်းက သူမရဲ့ နားနားမှာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
ရွှီရှင်းရဲ့ စကားအဆုံးမှာတော့ လုဖေးအာရဲ့ တုန်ယင်မှုတွေက တဖြည်းဖြည်း ရပ်တန့်သွားသော်လည်း သူမရဲ့ မျက်မှောင်တွေကတော့ ကြုတ်နေဆဲဖြစ်ပြီး နှုတ်ခမ်းလေးကလည်း စူနေရှာသည်။
ကြည့်ရသည်မှာ အပြစ်ကင်းတဲ့ မိန်းကလေးတစ်ယောက်က နွဲ့ဆိုး ဆိုးနေသလိုပင်။
“ဒီမိန်းမက သတိလစ်နေတာတောင် သနားစရာကောင်းအောင် ဟန်ဆောင်နေတာလား...။”
စာချုပ်ချုပ်ဆိုတဲ့ လုပ်ငန်းစဉ်က တော်တော်လေး ကြာလှသည်။
အောင်မြင်တယ်လို့လည်း အသိပေးချက် မတက်သလို ရှုံးနိမ့်တယ်လို့လည်း မပြချေ။
အလင်းစက်လေးတွေက သူမရဲ့ ကိုယ်ပေါ်မှာ ဝဲပျံနေဆဲဖြစ်ပြီး အထဲကို ဝင်မသွားသေးပေ။
သားရဲလေးကောင်ကတော့ ဘေးမှာ ထိုင်ပြီး လုဖေးအာရဲ့ အပြောင်းအလဲကို မျက်လုံးပြူးကြည့်နေကြ၏။
ခဲခဲလေးကတော့ သူမရဲ့ ကိုယ်ကို စူးစမ်းလိုစိတ်နဲ့ ပတ်ကြည့်နေပြီး အလင်းစက်လေးတွေကို သေသေချာချာ စစ်ဆေးနေတော့သည်။
"စာချုပ်ချုပ်လို့ မရတာလား"
ရွှီရှင်း သက်ပြင်းချလိုက်ပြီး လှံရှည်ကြီးကို ဆွဲထုတ်လိုက်၏။
အကယ်၍ ရှုံးနိမ့်တယ်လို့ အသိပေးချက် တက်လာတာနဲ့ သူမ နိုးမလာခင် ဒီလှံနဲ့ ထိုးသတ်ပြီး အပြတ်ရှင်းရမှာ ဖြစ်၏။
သူမကို မထိန်းချုပ်နိုင်ဘဲနဲ့တော့ အသက်ရှင်ခွင့် ပေးထားလို့ မရပေ။
ရွှီရှင်း လှံကို ဆွဲထုတ်လိုက်တဲ့ အခိုက်အတန့်မှာပဲ၊ သူမရဲ့ ကိုယ်ပေါ်က အလင်းစက်တွေဟာ ကိုယ်ထဲကို ဝုန်းခနဲ တိုးဝင်သွားပြီး အသိပေးသံ ချက်ချင်း ထွက်ပေါ်လာတော့သည်။
[ဗီဇပြောင်းလူသားနှင့် စာချုပ်ချုပ်ဆိုခြင်း အောင်မြင်ပါသည်။ ရမှတ်ရရှိမှု - ၀]
"ဟူးးး..."
အသိပေးသံ ကြားလိုက်ရမှ ရွှီရှင်း သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ပြုံးနိုင်တော့သည်။
မဆိုးပါဘူး၊ တကယ်ကို မဆိုးပါဘူး။
သူမကို တကယ်ပဲ စာချုပ်ချုပ်နိုင်ခဲ့၏။
ရမှတ် မရလည်း ကိစ္စမရှိချေ။
မြေပုံကို ကြည့်လိုက်တဲ့အခါ လုဖေးအာရဲ့ အနီရောင်အစက်ဟာ အခုတော့ မိတ်ဆွေဖြစ်ကြောင်းပြတဲ့ အစိမ်းရောင် အစက်ကလေးအဖြစ် ပြောင်းလဲသွားချေပြီ။
အလင်းစက်ကတော့ ယုန်တစ်ကောင်ထက်တောင် မှိန်နေတုန်းပင်။
အစိမ်းရောင်က အနီရောင်လောက် မသိသာတာကြောင့် ဘယ်အချိန်မှာ ငြိမ်းသွားမလဲတောင် စိုးရိမ်ရတဲ့ အနေအထားပင်။
မြေပုံမှာ မိတ်ဆွေလို့ ပြနေပေမဲ့လည်း ရွှီရှင်း သတိမလွတ်ပေ။
ဒီသားရဲစာချုပ်က ဘယ်လောက်အထိ ထိရောက်မှု ရှိမလဲဆိုတာ သူ မသေချာသိသေးချေ။
စာချုပ်ချုပ်ထားတဲ့ မီမီနဲ့ အာဖုတို့က လိမ်မာကြတယ်ဆိုပေမဲ့၊ အသိဉာဏ်ရှိတဲ့ လူသားတစ်ယောက်ကကော စာချုပ်ချုပ်ပြီးရင် ခိုင်းသမျှကို အပြည့်အဝ နားထောင်ပါ့မလား။
သတိထားဖို့တော့ လိုပါသေးသည်။
သူမ နိုးလာတဲ့အခါကျမှပဲ အခြေအနေကို စောင့်ကြည့်ရမည်။
စာချုပ်ချုပ်ပြီးတဲ့နောက်မှာတော့ လုဖေးအာရဲ့ မျက်နှာပေါ်က နာကျင်နေတဲ့ အမူအရာတွေ ပျောက်ကွယ်သွားပြီး အေးချမ်းတဲ့ ပုံစံမျိုး ဖြစ်လာကာ နိုးလာမယ့် အရိပ်အယောင်တော့ မရှိသေးချေ။
ဘယ်လိုလုပ်ရမလဲ၊ ငွေရောင်ဘုရင်ရဲ့ ကျောပေါ်မှာ တင်သွားရမှာလား။
အဲဒီအချိန်မှာ ရွှီရှင်း မသုံးတာ ကြာပြီဖြစ်တဲ့ ကိရိယာတစ်ခုကို သတိရလိုက်သည်။
သူ့ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်က နာရီဘေးမှာ အမြဲရှိနေတဲ့ ဗီဇပြောင်းသားရဲ လက်ပတ်ကို ကြည့်လိုက်၏။
ဒီပစ္စည်းက ဗီဇပြောင်းသတ္တဝါတွေကို သိမ်းဆည်းထားလို့ ရတာ မဟုတ်လား။
အခု လုဖေးအာကိုလည်း သိမ်းထားလို့ ရလောက်၏။
သူ့စိတ်ကြိုက် ဖြစ်နေတဲ့ ဒီဆွဲဆောင်မှုရှိတဲ့ ကိုယ်လုံးလေးကို ကြည့်ရင်း ရွှီရှင်း နှုတ်ခမ်းကို တင်းတင်းစေ့ကာ အသက်ကို ဝဝရှူလိုက်၏။
စိတ်ထဲက ထူးခြားတဲ့ ဆန္ဒအချို့ကို အသာအယာ ဖိနှိပ်လိုက်ပြီး၊ လက်ပတ်ရှိတဲ့ လက်နဲ့ လုဖေးအာရဲ့ ကိုယ်ကို အသာအယာ ထိလိုက်သည်။
ချက်ချင်းဆိုသလို လုဖေးအာဟာ ပျောက်ကွယ်သွားပြီး လက်ပတ်ထဲကို ဝင်သွားတော့သည်။
သူ သက်ပြင်းချလိုက်ပြီး တစ်ကိုယ်လုံးကို စိတ်လျှော့လိုက်၏။
အမှန်အတိုင်း ပြောရရင်တော့၊ အခု စာချုပ်ချုပ်ထားတဲ့ လုဖေးအာဟာ သူ့အပိုင် ဖြစ်သွားပြီမို့ သူ ဘယ်လိုပဲ ဆက်ဆံဆံ ပြဿနာမရှိသလို၊ ဒီမိန်းမကလည်း အရင်က သူ့ကို အတင်း ဆွဲဆောင်ခဲ့တာကြောင့် သူ့အတွက်တော့ တကယ့်ကို စမ်းသပ်ချက် တစ်ခုပင်။
---
အခန်း ၂၁၁ ပြီး။
အခန်း (၂၁၂) - စာချုပ်ချုပ်ဆိုခြင်းနှင့် ဗီဇပြောင်းဆေးလုံးများ (၂)
ဒါပေမဲ့ သူမ သတိမေ့နေတုန်းမှာ သွားထိတာမျိုးကတော့ တကယ့်ကို ရွံစရာကောင်းတဲ့ အပြုအမူပင်။
သူကတော့ အဲဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပေ။
သူ့လက်က လက်ပတ်ကို လှည့်ရင်း၊ ဘေးကနေ သေသေချာချာ စောင့်ကြည့်နေကြတဲ့ မီမီ၊ ငွေရောင်ဘုရင်နဲ့ အာဖုတို့ကို ကြည့်ပြီး ရွှီရှင်းက ပြုံးလိုက်၏။
"ဘာလဲ... နင်တို့လည်း အထဲဝင်ချင်လို့လား"
ငွေရောင်ဘုရင်နဲ့ မီမီတို့ကတော့ မဝင်ချင်ဘူးဆိုတဲ့ အမူအရာနဲ့ နောက်ကို တစ်လှမ်းဆုတ်သွားကြသည်။
အာဖုကတော့ အမူအရာ အပျက်ဆုံးပင်။
တော်တော်လှမ်းလှမ်းအထိကို ပျံပြေးသွားတော့၏။
ဒါက ရွှီရှင်းကို တော်တော်လေး စူးစမ်းချင်စိတ် ဖြစ်စေသည်။
လက်ပတ်ထဲမှာ ဘာတွေရှိနေလို့ အာဖုကို ဒီလောက်အထိ ထိတ်လန့်သွားစေတာလဲ။
လုဖေးအာ နိုးလာတဲ့အခါကျမှပဲ သူမကို မေးကြည့်ရတော့မည်။
သူမ ဘယ်အချိန်မှာ နိုးလာမလဲ မသိတာကြောင့် လောလောဆယ်တော့ အထဲမှာပဲ ထားလိုက်ဖို့ သူ ဆုံးဖြတ်လိုက်၏။
ထို့နောက် ရွှီရှင်းသည် သစ်ပင်အိမ်ကို စတင်ကိုင်တွယ်တော့သည်။
သူသည် သစ်ပင်အိမ်ကို နောက်တစ်ကြိမ် လှမ်းထိကြည့်လိုက်၏။
[သာမန် သစ်ပင်အိမ်ငယ် (အပြာရောင်အဆင့်): ညောင်ပင်ကြီးထွားမှုကြောင့် ဖြစ်ပေါ်လာသော သစ်ပင်အိမ် ဖြစ်သည်။ အဆင့်နိမ့် သစ်ပင်အိမ်များထက် အများကြီး ပို၍ ခိုင်မာသည်။ ဤကဲ့သို့သော အိမ်ကို ပိုင်ဆိုင်သည့် အသက်ရှင်ကျန်ရစ်သူများသည် အစွမ်းထက်သော ပုဂ္ဂိုလ်များ ဖြစ်လာရန် အခွင့်အလမ်း ရှိပေသည်]
ရိုးရှင်းတဲ့ ဖော်ပြချက်ပဲ ဖြစ်ပြီး၊ အိမ်သေတော့မယ်ဆိုတဲ့ သတိပေးချက်လည်း မရှိချေ။
ဒါဟာ ပုံမှန် ကြီးထွားနေတဲ့ သစ်ပင်အိမ် တစ်ခုပင်။
လုဖေးအာ ဗီဇပြောင်းသွားပြီး စာချုပ်ချုပ်ခံလိုက်ရတယ်ဆိုပေမဲ့၊ သူမက မသေသေးသလို အသက်ရှင်ကျန်ရစ်သူ အဆင့်အတန်းကလည်း ရှိနေတုန်းပဲဖြစ်သည်။
ဒါကြောင့် သူမရဲ့ သစ်ပင်အိမ်ဟာ အရင်က သူတွေ့ခဲ့တဲ့ အိမ်နှစ်လုံးလို သေဆုံးခါနီး အခြေအနေမျိုး ရောက်မသွားတာ ဖြစ်ရမည်။
ဒါက ဆက်လက်ကြီးထွားနိုင်တဲ့ ပိုင်ရှင်ရှိတဲ့ သစ်ပင်အိမ်တစ်ခုပဲပေါ့။
ဒါဆိုရင်တော့ ကိုင်တွယ်ပုံ နည်းလမ်းက ပြောင်းလဲရပေမည်။
သူသည် ဒီသစ်ပင်အိမ်ရဲ့ ဗဟိုချက်ကို ထုတ်ယူပြီး သူ့အိမ်နားမှာ ရွှေ့စိုက်မလား၊ ဒါမှမဟုတ် ဒီနေရာမှာပဲ ထားခဲ့မလားဆိုတာ စဉ်းစားနေမိသည်။
အကယ်၍ ဒီအိမ်ကို ဒီနေရာမှာပဲ ထားခဲ့ရင်၊ သူဟာ တောအုပ် ၁၈၇ နယ်မြေနဲ့ ဆက်သွယ်လို့ ရနေမှာဖြစ်သလို အိမ်နီးချင်း နယ်မြေရဲ့ သတင်းတွေကိုလည်း ရနိုင်၏။
အရင်က ကပ်ပါးအိမ် နှစ်လုံးရဲ့ ဆက်သွယ်ရေးလိုင်းတွေကို သူ စစ်ကြည့်ဖူးသည်။
အဲဒီအပင်တွေက နယ်မြေ ၁၈၇ က ဖြစ်သော်လည်း၊ သူ့ရဲ့ ကာကွယ်ရေးနယ်မြေထဲမှာ စိုက်လိုက်တာနဲ့ နယ်မြေ ၁၈၈ ရဲ့ ဆက်သွယ်ရေးနဲ့ အတူတူပင်ဖြစ်သွား၏။
ဒါ့အပြင် သစ်ပင်အိမ်ကို မရွှေ့ဘူးဆိုလျှင် ဒီပတ်ဝန်းကျင်က ဘေးကင်းတဲ့ နယ်မြေအဖြစ် ဆက်ရှိနေမှာဖြစ်သည်။
သူဟာ ဒီနယ်မြေကို အသုံးချပြီး အနီးနားမှာရှိတဲ့ သူ့နယ်မြေသားတွေကို ရှာဖွေလို့ ရ၏။
ပြီးတော့ လောလောဆယ် သူ့အိမ်နားမှာ နောက်ထပ် သစ်ပင်အိမ်ကြီး တစ်လုံးလည်း မလိုသေးချေ။
"...ဒီအတိုင်းပဲ ထားခဲ့လိုက်မယ်"
ရွှီရှင်းက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။
ဒါပေမဲ့ ဒီအတိုင်း ထားခဲ့တာကလည်း အားနည်းချက် ရှိသည်။
အဲဒါကတော့ ဒီအပြာရောင်အဆင့် သစ်ပင်အိမ်ရဲ့ ဗဟိုချက်ဟာ သူ့လက်ထဲ ရောက်မှာမဟုတ်လို့ပင်။
အဲဒီဗဟိုချက်က တကယ့်ကို အဖိုးတန်တဲ့ အရင်းအမြစ်ဖြစ်၏။
အဆင့်နိမ့်အိမ်ရဲ့ ဗဟိုချက်တောင် ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေ ထုတ်ပေးနိုင်မှတော့၊ ဒီသာမန်အိမ်ရဲ့ ဗဟိုချက်က အဆင့်မြင့်ကုန်ကြမ်းတွေ မထုတ်ပေးနိုင်ရင်တောင်မှ ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေ ထုတ်လုပ်တဲ့ အရှိန်ကို အများကြီး မြန်စေမှာ သေချာသည်။
ကောင်းကျိုး၊ ဆိုးကျိုးတွေကို သူ တွက်ချက်နေတုန်းမှာပဲ၊ ရင်းနှီးနေတဲ့ ခံစားချက်တစ်ခုကို သူ ခံစားလိုက်ရပြန်သည်။
“ဘာဖြစ်တာလဲ...”
သူဟာ... ဒီသစ်ပင်အိမ်ကို ထိန်းချုပ်လို့ ရနေပါလား...။
သူနဲ့ ဒီအိမ်ဟာ တစ်သားတည်း ဖြစ်သွားသလို သူ ခံစားလိုက်ရသည်။
စိတ်ထဲကနေ တစ်ချက် တွေးလိုက်တာနဲ့ သစ်ပင်အိမ်ရဲ့ အမြစ်တွေက လှုပ်ရှားလာပြီး၊ သူ့ရဲ့ ခါးကို ရစ်ပတ်ကာ အပေါ်ကို ဆွဲတင်လိုက်တော့သည်။
"အီးးး"
သူ့ပခုံးပေါ်က ခဲခဲလေးကတော့ လန့်သွားရှာသည်။
ဒါဆို သူ တကယ်ပဲ ထိန်းချုပ်လို့ ရတာပေါ့...။
ဒါဟာ လုဖေးအာနဲ့ စာချုပ်ချုပ်လိုက်လို့ဖြစ်ပြီး၊ သူမရဲ့ သခင် ဖြစ်လာတာကြောင့် သူမပိုင်တဲ့ သစ်ပင်အိမ်ကိုပါ သူ ပိုင်ဆိုင်သွားတာ ဖြစ်ရမည်။
"မင်းတို့ နှစ်ကောင် ဒီမှာပဲ စောင့်နေကြ"
ရွှီရှင်းက ငွေရောင်ဘုရင်နဲ့ မီမီကို မှာခဲ့ပြီး၊ ခဲခဲလေးနဲ့အတူ သစ်ပင်အိမ်ထဲ ဝင်လိုက်သည်။
အာဖုကတော့ ပထမထပ် ပြတင်းပေါက်ကနေ အနှောင့်အယှက်မရှိ ပျံဝင်လာခဲ့၏။
ပထမထပ်ကို ရောက်တာနဲ့ သူ မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့အထင်တော့ မိန်းကလေးတွေ ရှင်သန်ရေးဂိမ်း ဆော့ရင် အပြင်မထွက်ရင်တောင် အိမ်ကိုတော့ သေသေသပ်သပ် ထားတတ်ကြမည်ဟုထင်ခဲ့၏။
ဒါပေမဲ့ ဒီမိန်းမရဲ့ ပထမထပ်ကတော့ တကယ့်ကို ရှုပ်ပွနေ၏။
ပထမထပ်မှာ ပစ္စည်းလုပ်တဲ့ စင်မြင့်တွေက ဟိုတစ်စ ဒီတစ်စနဲ့ ရွှီရှင်းရဲ့ ဒုတိယထပ်ကို မရှင်းရသေးခင်တုန်းကထက်တောင် ပိုရှုပ်နေသေးသည်။
သူ့နေရာက အကျယ်ကြီးမို့ နေရာလွတ်တွေ ရှိနေသေးသလို စင်မြင့်တွေကိုလည်း စနစ်တကျ ထားခဲ့၏။
သူမရဲ့ ပထမထပ်ကတော့ အကုန်လုံးကို ဖြစ်သလို ပစ်ထည့်ထားသလိုမျိုးပင်။
သေသေချာချာ စစ်ကြည့်လိုက်တော့ ထူးခြားတဲ့ စင်မြင့်တွေ မတွေ့ရပေမဲ့ အစိမ်းရောင်အဆင့် ကျောပိုးအိတ် တန်းကြီးကိုတော့ တွေ့လိုက်ရသည်။
ရွှီရှင်း အကုန်လုံးကို စစ်ကြည့်ရာ အခြေခံကုန်ကြမ်းတွေ ပါဝင်ပြီး အများစုက အပြာရောင်အဆင့်တွေ ဖြစ်နေ၏။
အပြာရောင်အဆင့် ကျောက်ခဲတွေ၊ သစ်သားတွေ၊ သားရေတွေနဲ့ အရိုးတွေ အများကြီးကို ဒီမှာ သိမ်းထား၏။
“ကောင်းတဲ့ ပစ္စည်းတွေပဲ၊ သိမ်းလိုက်ပြီ။”
ကုန်ကြမ်းတွေကို သိမ်းပြီးနောက် သူ ဒုတိယထပ်ကို တက်ခဲ့သည်။
ဒုတိယထပ်ကတော့ သူ့ကို အများကြီး ပိုပြီး အထင်ကြီးစေ၏။
ဒုတိယထပ် တစ်ခုလုံးကို သေသေသပ်သပ် စီစဉ်ထားသည်။
စတုရန်းမီတာ ၅၀ လောက်ပဲ ရှိတဲ့ နေရာလေးက မီးဖိုချောင်၊ ထမင်းစားခန်းနဲ့ အိပ်ခန်းတို့ ပါဝင်တဲ့ တကယ့်ကို နွေးထွေးတဲ့ တိုက်ခန်းလေး တစ်ခုလိုပင်။
သူမဟာ မီးဖိုချောင် နယ်မြေက ဆိုင်းဘုတ်တွေမှာ မြှင့်တင်မှု အမှတ်တွေ အများကြီး ပေးထားတာကိုလည်း သူ သတိထားမိလိုက်သည်။
"ဪ... ထမင်းချက်တာ ဝါသနာပါတာကိုး"
ရွှီရှင်း အနည်းငယ် အံ့သြသွားရသည်။
သူ ဒီအထပ်က သစ်ပင်အိမ် မျက်နှာပြင်ကို စမ်းကြည့်ဖို့ ပြင်နေတုန်းမှာပဲ၊ ခဲခဲလေးက သူ့ပခုံးပေါ်က ခုန်ဆင်းပြီး အိပ်ခန်းထဲ ပြေးဝင်သွားတော့သည်။
ရွှီရှင်းလည်း အားမနာတမ်း သူမနောက်ကနေ တန်းပြီး လိုက်ဝင်သွား၏။
အိပ်ခန်းထဲမှာ ကုတင်၊ ကုတင်ဘေး စားပွဲနဲ့ နီညိုရောင် သစ်သား ပရိဘောဂတွေက အရမ်းကို စနစ်တကျ ရှိနေတာကြောင့်၊ ဒီဒုတိယထပ်နဲ့ ပထမထပ်ကို လူတစ်ယောက်တည်းပဲ သုံးတာ ဟုတ်ရဲ့လားလို့တောင် သူ သံသယ ဝင်မိသည်။
ကုတင်ဘေး စားပွဲပေါ်မှာ ကျောပိုးအိတ် တစ်လုံး ရှိသော်လည်း၊ ခဲခဲလေးကတော့ ဗီရိုတံခါးကို ဖွင့်ပြီး ကုတင်ဘေးမှ ဗီရိုလေးထဲကို တိုးဝင်သွားတော့သည်။
"ဗီရိုထဲမှာ တစ်ခုခု ရှိလို့လား"
ရွှီရှင်း ခေါင်းစောင်းကြည့်ရင်း ခဲခဲလေး တစ်ခုခုကို အသည်းအသန် ရှာနေတာကို စောင့်ကြည့်နေလိုက်၏။
"အီးးး"
ခဲခဲလေးက အကန့်လေးတစ်ခုထဲကနေ အစိမ်းရောင်အဆင့် ကျောပိုးအိတ် တစ်လုံးကို ဆွဲထုတ်လိုက်ပြီး၊ ရတနာတစ်ခုကို ဆက်သသလိုမျိုး ရွှီရှင်းကို လှမ်းပေးလိုက်တော့သည်။
"တခြားသူရဲ့ ပစ္စည်းတွေကို လျှောက်မွှေတာ မကောင်းဘူးနော်"
ရွှီရှင်းက ခဲခဲလေးရဲ့ ခေါင်းကို ပုတ်ပေးရင်း၊ သူရလာတဲ့ အိတ်နှစ်လုံးစလုံးကို စစ်ဆေးလိုက်သည်။
"ဟာ... ဒါက..."
ကုတင်ဘေးက အိတ်ထဲမှာတော့ အသီးအနှံအချို့နဲ့ သူမ ကိုယ့်ဘာသာ အခြောက်လှမ်းထားပုံရတဲ့ အသီးခြောက်တွေ ပါဝင်ပြီး၊ ညအိပ်ခါနီး စားလေ့ရှိတဲ့ သရေစာတွေ ဖြစ်ပုံရသည်။
ဒါပေမဲ့ ရွှီရှင်းကို အံ့သြသွားစေတာက အဲဒီအိတ် မဟုတ်ဘဲ ခဲခဲလေး ဗီရိုထဲကနေ ဆွဲထုတ်လာတဲ့ အိတ်ပင်။
သူသည် အိတ်ထဲကနေ ဆေးပုလင်းငယ်လေး တစ်လုံးလိုမျိုး အနက်ရောင် ပုလင်းလေး တစ်လုံးကို ထုတ်လိုက်၏။
ပုလင်းက လုံးဝ အနက်ရောင်ဖြစ်ပြီး၊ ထုတ်လိုက်တဲ့အခါ အထဲမှာ တစ်ခုခု ရှိနေတာကို ခံစားလိုက်ရသလို အသံကိုလည်း ကြားလိုက်ရသည်။
“ဆေးလုံးတွေလား...။”
သူ ပုလင်းကို ဖွင့်ကြည့်လိုက်ရာ အနီရောင် ဆေးလုံး တစ်လုံးတည်းသာ ကျန်တော့တာကို တွေ့ရပြီး၊ ၎င်းကို သူ့ရဲ့ လက်ဝါးထဲသို့ လောင်းထည့်လိုက်သည်။
[ဗီဇပြောင်း ဆေးလုံး (အပြာရောင်အဆင့်): အသက်ရှင်ကျန်ရစ်သူ၏ သီးခြားစွမ်းရည်တစ်ခုကို မြှင့်တင်ပေးနိုင်သော ဆေးလုံးငယ် ဖြစ်သည်။ ၎င်းကို သောက်သုံးပြီးနောက် အသက်ရှင်ကျန်ရစ်သူသည် ကိန်းအောင်းနေသော ဗီဇပြောင်းလဲမှု စွမ်းအားများကို သုံးမည်၊ မသုံးမည်ကို ကိုယ်တိုင် ဆုံးဖြတ်နိုင်သည်။
ဗီဇပြောင်းလဲမှု စွမ်းအားကို အသုံးပြုလိုက်ပါက ၁ နာရီကြာအောင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အလွန်အမင်း တိုးတက်လာမည်ဖြစ်ပြီး ဒဏ်ရာအားလုံး ပျောက်ကွယ်သွားမည်။ သေစေနိုင်သော ဒဏ်ရာတစ်ခု ရရှိချိန်တွင်လည်း အလိုအလျောက် စတင် အလုပ်လုပ်သည်။ စွမ်းအားကုန်သွားပြီးနောက် ၂၄ နာရီကြာအောင် အားနည်းသည့် အခြေအနေ ဖြစ်ပေါ်မည်ဖြစ်ပြီး၊ ထိုအချိန် ကျော်လွန်မှသာ ဗီဇပြောင်းလဲမှု စွမ်းအားကို ပြန်သုံးနိုင်သည်။
သတိပေးချက်: ဗီဇပြောင်းလဲမှု စွမ်းအားကို တစ်ကြိမ် အသုံးပြုလိုက်သည်နှင့် အသက်ရှင်ကျန်ရစ်သူသည် ဗီဇပြောင်းသတ္တဝါ တစ်ဦး ဖြစ်သွားလိမ့်မည်။ ဤဗီဇပြောင်းလဲမှုသည် နောက်ပြန်လှည့်၍ မရနိုင်သဖြင့် သေချာစွာ ရွေးချယ်ပါ။
ဘာကို စောင့်နေတာလဲ။ ဒီဆေးလုံးကို မျိုချလိုက်တာနဲ့ ခင်ဗျားဟာ ဗီဇပြောင်းသတ္တဝါ တစ်ဦးရဲ့ ထူးကဲတဲ့ စွမ်းအားတွေကို ရရှိပြီး ဘဝရဲ့ ထိပ်ဆုံးကို ရောက်သွားမှာပါ]
“ဒါပဲ ဒါက ငါ အမြဲတမ်း ရှာနေခဲ့တဲ့ အရာပဲဟ”
အသက်ရှင်ကျန်ရစ်သူတွေကို ဗီဇပြောင်းလဲစေနိုင်တဲ့ ဗီဇပြောင်းဆေးလုံးပင်။
ဒဏ်ရာအားလုံးကို ကုသပေးပြီး တစ်နာရီကြာအောင် ဗီဇပြောင်းစွမ်းအားကို ပေးနိုင်၏။
ဒါတင်မကဘဲ ဗီဇပြောင်းလဲမှု စွမ်းအားကို အသုံးမပြုရင်တောင်မှ ဒီဆေးလုံးက အသက်ရှင်ကျန်ရစ်သူရဲ့ သီးခြားစွမ်းရည် တစ်ခုကို မြှင့်တင်ပေးသေးသည်။
လုဖေးအာက ဗီဇမပြောင်းခင်တုန်းကတောင် ဘာလို့ ဒီလောက်အထိ သွက်လက်နေပြီး သူ့ရဲ့ လှံတိုက်ကွက်တွေကို အကြိမ်ကြိမ် ရှောင်နိုင်နေတာလဲဆိုတာ အခုမှ ရှင်းသွားတော့သည်။
ဒီဆေးလုံးလေးကြောင့်ပဲ ဖြစ်ရမည်။
---
အခန်း ၂၁၂ ပြီး။