← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 15 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 15 Ch. 213-214

အခန်း (၂၁၃) - နိုးထခြင်း

ဒီအနီရောင် ဆေးလုံးလေးရဲ့ အာနိသင်ကြောင့် ရွှီရှင်းရဲ့ ရင်ခုန်သံတွေ မြန်သွားရသည်။

“ပစ္စည်းကောင်းပဲ၊ တကယ့် ပစ္စည်းကောင်းပဲ”

ဗီဇပြောင်းလဲသွားရင် ပြန်ပြင်လို့မရဘူးဆိုတဲ့ အားနည်းချက် ရှိပေမဲ့ အသက်အန္တရာယ် ကြုံရတဲ့အခါ အလိုအလျောက် ဗီဇပြောင်းပြီး ဒဏ်ရာကို ကုသပေးနိုင်တယ်ဆိုတဲ့ အချက်ကတော့ တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းလှသည်။

ကိုယ်က သေတော့မယ့် အခြေအနေ ရောက်နေမှတော့ ဗီဇပြောင်းတာ၊ မပြောင်းတာထက် အသက်ရှင်ဖို့က ပိုအရေးကြီးသည် မဟုတ်ပါလား။

ဒါပေမဲ့ ဒီတစ်လုံးပဲ ကျန်တာလား။

ရွှီရှင်းက ကျောပိုးအိတ်ကို ထပ်ဖွင့်ကြည့်သော်လည်း ဒီအနက်ရောင် ပုလင်းလေးကလွဲရင် တခြား ဘာမှမရှိတော့ပေ။

ပုလင်းလေးကလည်း သေးသေးလေးဆိုတော့ အများဆုံးရှိလှ ဆေးလုံး နှစ်လုံးပဲ ဆံ့၏။

လုဖေးအာက တစ်လုံး သောက်ထားပြီးပြီဆိုတော့ တကယ်ပဲ ဒီတစ်လုံးပဲ ကျန်တော့တာ ဖြစ်ရမည်။

ရွှီရှင်းက ဆေးလုံးကို သူ့ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်၏။

ဒီဆေးလုံးက တကယ် အစွမ်းထက်ပုံရပြီး ဗီဇပြောင်းစွမ်းအားကို သုံး၊ မသုံး ကိုယ်တိုင် ဆုံးဖြတ်လို့ ရတယ်ဆိုပေမဲ့ သူကတော့ အခုလောလောဆယ် သောက်ဖို့ အစီအစဉ် မရှိသေးချေ။

လုဖေးအာကို ခဏလောက် အကဲခတ်ကြည့်ဖို့ သူ ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် လုဖေးအာ ဗီဇပြောင်းပြီး ရူးသွပ်နေတုန်းမှာ သူ အပြင်းအထန် ထိုးနှက်လိုက်တာကြောင့်သာ သတိပြန်ဝင်လာတာ မဟုတ်လား။

အဲဒီမတိုင်ခင်ကတော့ သူမဟာ တကယ့်ကို အသိစိတ် ပျောက်နေခဲ့၏။

ဒီဆေးလုံးက လူရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ထိခိုက်မှု ရှိ၊ မရှိ ပြောဖို့ ခက်တာကြောင့်၊ သူမ နိုးလာတဲ့အခါ စိတ်ကြည်ကြည်လင်လင် ရှိရဲ့လား၊ သောက်ပြီးနောက်မှာ တခြား ဘာတုံ့ပြန်မှုတွေ ရှိသေးလဲဆိုတာ မေးကြည့်ပြီးမှပဲ သောက်ဖို့ စဉ်းစားတော့မည်။

ရွှီရှင်းသည် လုဖေးအာရဲ့ အိပ်ခန်းထဲက ထွက်လာပြီး သူ့အိမ်ထက် အများကြီး သေးငယ်တဲ့ ဧည့်ခန်းထဲကို ဝင်ကာ သစ်ပင်အိမ် မျက်နှာပြင်ကို ဖွင့်လိုက်၏။

သူ နယ်မြေ ၁၈၇ ရဲ့ ဆက်သွယ်ရေးလိုင်းကို အရင်ကြည့်လိုက်သည်။

“ကျန်ရှိသူဦးရေ: ၈၂၂ ယောက်။”

မိုးမချုပ်ခင် ညနေပိုင်းတုန်းက ၈၂၄ ယောက် ရှိတာကို သူ မှတ်မိနေသည်။

သူတို့နယ်မြေမှာလည်း လူတွေ သေနေကြပြီဖြစ်သည်။

နာရီပိုင်းအတွင်းမှာတင် နှစ်ယောက် သေသွား၏။

ဒီနှစ်ရက်အတွင်းမှာ တခြား အန္တရာယ်တော့ မရှိနိုင်ပေ။

ကြည့်ရတာ လူတွေ အချင်းချင်း သတ်ဖြတ်နေကြပြီ ဖြစ်ရမည်။

ကုန်ကြမ်းတွေကို ဖြည်းဖြည်းချင်း စုဆောင်းတာက တခြားသူကို တိုက်ရိုက် လုယူတာလောက် မမြန်ဘူးဆိုတာ လူတိုင်း နားလည်ထားတဲ့ အမှန်တရားပင်။

တောအုပ် ၁၈၇ နယ်မြေမှာ လူနည်းတယ်ဆိုပေမဲ့ ဆက်သွယ်ရေးလိုင်းကတော့ နယ်မြေ ၁၈၈ ထက် ပိုပြီး စည်ကားနေသည်။

အများအားဖြင့်နောက်ထပ် ဘာပွဲတွေ လာဦးမလဲဆိုတာကို ဆွေးနွေးနေကြ၏။

"ဟိုအသံက ပြောတော့ ငါတို့ရဲ့ ရှင်သန်နှုန်းက အများကြီး တိုးတက်လာမယ်ဆို၊ ဒါဆိုရင် နောက်ဆို သေရမယ့် ပွဲတွေ မရှိတော့ဘူးပေါ့ ဟုတ်လား"

"စိတ်ကူးယဉ်မနေနဲ့၊ ဒီကမ္ဘာကြီးက အဲဒီလောက် စိတ်ကောင်း ရှိပါ့မလား"

"ဒါ နိဂုံးချုပ်သွားပြီလား"

"မဖြစ်နိုင်ပါဘူး၊ မနက်ဖြန် ဘာတွေ ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ"

အများစုကတော့ အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စတွေကို ပြောနေကြ၏။

တကယ်တော့ ရွှီရှင်းမှာလည်း ဒီအချက်နဲ့ ပတ်သက်ပြီး သံသယ ရှိနေသည်။

ဘာလို့လဲဆိုတော့ ကာကွယ်ရေးတိုက်ပွဲ အပြီးမှာ ဟို လျှို့ဝှက်ဆန်းပြားတဲ့ အသံက နောက်တစ်နေ့အတွက် ဘာမှ အသိပေးမသွားလို့ပါပဲ။

အရင်ပွဲတွေတုန်းကဆိုလျှင် နောက်တစ်နေ့မှာ ဘာပွဲရှိမလဲ၊ ဘယ်အချိန် စမလဲ၊ ဒါမှမဟုတ် နောက်တစ်နေ့က နားရက် ဖြစ်မလားဆိုတာ သေသေချာချာ ပြောလေ့ရှိ၏။

အခုတော့ ရှင်သန်နှုန်း အများကြီး တိုးတက်လာမယ် ဆိုတာကလွဲရင် ဘာမှ မသိရချေ။

မတတ်နိုင်ဘူး...အခုလောလောဆယ်တော့ တစ်လှမ်းချင်းပဲ သွားရတော့မှာပေါ့။

အရေးကြီးဆုံးကတော့ နယ်မြေ ၁၈၈ က လူတွေကို စည်းလုံးအောင် လုပ်ဖို့ပင်။

ဒါပေမဲ့ ကြားထဲမှာ ညပ်နေတဲ့ ဒီအိမ်နီးချင်း နယ်မြေကတော့ ပြဿနာ အကြီးကြီး ဖြစ်နေဦးမည်။

ရွှီရှင်းက သစ်ပင်အိမ် ခုတ်ထစ်ရေးအဖွဲ့ ရဲ့ အုပ်စုလေးကို တစ်ချက် ထပ်ကြည့်လိုက်သော်လည်း ထူးခြားတာ ဘာမှ မရှိချေ။

လုဖေးအာ ဘာလုပ်နေလဲဆိုတာကို သိချင်နေကြတာကလွဲရင်၊ သူတို့ ၄ ယောက်ထဲက မြောင်ဒပ် ဆိုတဲ့လူက နယ်မြေ ၁၈၆ က လူတစ်ယောက်ကို သတ်ပြီး သစ်ပင်အိမ်ကို ခုတ်ကာ မျိုးစေ့ ရခဲ့တယ်ဆိုတာပဲ ရှိသည်။

သူလည်း ဗဟိုချက်အကြောင်း ဘာမှ မပြောချေ။

မျက်နှာပြင်ရှေ့ကနေ ထွက်ပြီး ရွှီရှင်း တတိယထပ်ကို တက်ခဲ့၏။

လုဖေးအာရဲ့ တတိယထပ်ကလည်း သူ့အိမ်နဲ့ ပုံစံတူပင်။

အပင်လေးတွေ စိုက်ထား၏။

ရွှီရှင်းက အမိုးပေါ်မှာ ပြတင်းပေါက် ဖွင့်ထားပေမဲ့၊ သူမကတော့ အပင်တွေ နေရောင်ရအောင် ပတ်ပတ်လည်မှာ ပြတင်းပေါက်တွေ အများကြီး ဖွင့်ထားတာ တွေ့ရသည်။

"အီး"

ခဲခဲလေးကတော့ အသီးတစ်လုံးကို ချက်ချင်း ခူးပြီး စားနေချေပြီ။

အာဖုကလည်း တတိယထပ်မှာ အစာစားလို့ ကောင်းနေတာကို ရွှီရှင်း အခုမှ သတိထားမိတော့သည်။

"ဒီကောင်လေးတွေကတော့..."

ရွှီရှင်း ခေါင်းခါလိုက်မိ၏။

ဒီအသီးအနှံတွေက အစိမ်းရောင်အဆင့်တွေပဲ ရှိတာမို့ သူ သိပ်စိတ်မဝင်စားပေ။

သူ့ဆီမှာ အများကြီး ရှိနေ၏။

သူလည်း သခွားသီး တစ်လုံးကို ခူး စားရင်း အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

ဒီအိမ်က စမ်းချောင်းလေး ဘေးမှာ စိုက်ထားတာမို့ မြင်ကွင်းက တော်တော်လေး လှပသည်။

အရင်းအမြစ် နယ်မြေရဲ့ အစွန်းမှာ ရှိတာကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် အစိမ်းရောင် တောအုပ်ကြားမှာ အပြာရောင် အလင်းစက်လေးတွေကို မြင်နေရ၏။

"ဒီအိမ်ကို ဒီမှာပဲ ခဏ ထားလိုက်ဦးမယ်"

ရွှီရှင်း သူ့မေးစေ့ကို ပွတ်ရင်း အိမ်ကို မခုတ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ့လက်ထဲမှာ သစ်ပင်အိမ် နာရီ ရှိနေမှတော့ သူ့အိမ်မှာ ရှိနေရင်တောင် နယ်မြေ ၁၈၇ ရဲ့ လှုပ်ရှားမှုတွေကို အချိန်မရွေး ကြည့်လို့ ရနေ၏။

အိမ်ကို ဒီအထိ လာရွှေ့နေစရာ မလိုပေ။

ပြီးတော့ သူ့အိမ်နဲ့ ဒီနေရာက သိပ်မဝေးသလို ငွေရောင်ဘုရင်နဲ့ဆိုလျှင် ၁၀ မိနစ်လောက်ပဲ သွားရ၏။

နယ်မြေ ၁၈၇ ရဲ့ ပြဿနာတွေ ပြေလည်သွားမှပဲ ဒီအိမ်ကို လာရွှေ့တော့မည်။

လုဖေးအာကို ဘယ်မှာ ထားမလဲဆိုတာကတော့ အခြေအနေပေါ် မူတည်၏။

သူမကို ဒီမှာ ထားခဲ့လို့တော့ လုံးဝ မဖြစ်ပေ။

သူမရဲ့ အခြေအနေက မသေချာသေးတာကြောင့် အပြည့်အဝ ထိန်းချုပ်ထားရမည်။

သူမသာ လိမ္မာ မယ်ဆိုလျှင် ကပ်ပါးအိမ်မှာ ထားပေးပြီး၊ မလိမ္မာရင်တော့ လက်ပတ်ထဲမှာပဲ ထားလိုက်မည်။

ရွှီရှင်းက အိမ်ထဲက အလှဆင်ပစ္စည်းတွေ အားလုံးကို သူ့ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။

အကုန်လုံးက လုဖေးအာ အမှတ်ဆိုင်က ဝယ်ထားတဲ့ ပစ္စည်းတွေဖြစ်သလို၊ ပုံဆောင်ခဲနဲ့ နီညိုရောင် သစ်သားလိုမျိုး ကုန်ကြမ်းတွေလည်း ပါ၏။

ဒီအိမ်ကတော့ အလှဆင်နေဖို့ မလိုတော့တာကြောင့် အကုန် ယူသွားတာက ပိုကောင်းပေလိမ့်မည်။

အပြာရောင်အဆင့် ပရိဘောဂတွေကိုလည်း သူ ယူသွားလိုက်၏။

လုဖေးအာက သစ်ပင်အိမ်မှာ သစ်သား မြှားသေနတ်ကြီးတွေ အများကြီး တပ်ထားသလို၊ ရွှီရှင်းကလည်း အစိမ်းရောင်အဆင့် မြှားသေနတ်ကြီးတွေ ထပ်လုပ်ပြီး တပ်ပေးလိုက်ရာ သစ်ပင်အိမ် တစ်ခုလုံးဟာ ဖြူကောင်ကြီး တစ်ကောင်လို ဖြစ်သွားတော့သည်။

သူ့မှာ အစိမ်းရောင်အဆင့် သစ်သားတွေနဲ့ သားရဲအကြောတွေ အများကြီး ရှိနေတာကြောင့် အလဟဿ ဖြစ်မှာကို သူ ဂရုမစိုက်ပေ။

အဲဒီ မြှားသေနတ်ကြီးတွေကို မြှားတွေ အပြည့်ဖြည့်ပြီး အလိုအလျောက် တိုက်ခိုက်ရေးစနစ်ကို ဖွင့်ထားလိုက်သည်။

သူ အိမ်ကို မခုတ်ပေမဲ့ တခြားသူတွေ ရောက်မလာဘူးလို့ မပြောနိုင်ပေ။

ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက နယ်မြေ ၁၈၈ ကလူတွေ ဖြစ်ပေမဲ့လည်း၊ ကြိုတင် ပြင်ဆင်ထားတာက အကောင်းဆုံးပင်။

တခြားနယ်မြေက လူတွေ ဖြတ်လာရင်လည်း ဒီအိမ်ကို အလကား ရသွားမှာ သူ မလိုလားချေ။

လောလောဆယ် သားရဲတွေ မရှိတာကြောင့် မြှားသေနတ်ကြီးတွေကတော့ အလကား ပစ်နေမှာ မဟုတ်ပေ။

အကုန်လုံး စီစဉ်ပြီးနောက် ရွှီရှင်းက တတိယထပ်မှာ အသီးစားလို့ ကောင်းနေတဲ့ ခဲခဲလေးနဲ့ အာဖုကို ခေါ်ပြီး သစ်ပင်အိမ်ပေါ်ကနေ ဆင်းလာခဲ့သည်။

သူ့လက်က လက်ပတ်ကို တစ်ချက်ကြည့်ပြီးနောက် ရွှီရှင်း ဝံပုလွေကျောပေါ် တက်လိုက်၏။

"သွားကြစို့၊ အိမ်ပြန်ကြမယ်"

၁၀ မိနစ်လောက် အကြာမှာတော့ ရွှီရှင်း သူ့အိမ်ကို ပြန်ရောက်လာခဲ့ချေပြီ။

သူသည် အလှဆင် ပစ္စည်းတွေကို ချက်ချင်း ထုတ်ကြည့်သော်လည်း၊ ကံမကောင်းတာက လူတိုင်းရဲ့ အမှတ်ဆိုင်က ကိရိယာတွေက အတူတူပဲ ဖြစ်နေတာကြောင့် သူ့အိမ်အတွက် အလှဆင်ရမှတ်တွေ ထပ်တိုးလို့ မရပေ။

“ထားလိုက်ပါတော့... နောက်မှ ကပ်ပါးအိမ်မှာပဲ သွားထားတော့မယ်။”

တစ်နေကုန် အလုပ်ရှုပ်ခဲ့သမျှ ရွှီရှင်း ခဲခဲလေးကို ချီပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။

ခဲခဲလေးရဲ့ အမြီးကို နှစ်ချက်လောက် အားရပါးရ ပွတ်ပေးလိုက်ပြီးမှ သက်ပြင်းအရှည်ကြီး ချလိုက်၏။

"အီးးး အီးးး"

ခဲခဲလေးကတော့ မကြိုက်ဘူးဆိုတဲ့ ကန့်ကွက်မှုကို ဆက်လုပ်နေ၏။

ဒီနေ့ကတော့ တကယ်ကို အလုပ်တွေ များလွန်းတဲ့ နေ့တစ်နေ့ပင်။

အခုမှပဲ အနားယူဖို့ အချိန်ရတော့တယ်ကွာ...။

ဪ... ဒါနဲ့၊ လုဖေးအာကို အရင် လွှတ်ပေးရဦးမယ်..။

ဗီဇပြောင်းလဲမှုရဲ့ အင်အားချည့်နဲ့တဲ့ အခြေအနေက ၂၄ နာရီ ကြာ၏။

အခု သူမ နိုးလာရင်တောင်မှ လမ်းတောင် မလျှောက်နိုင်တဲ့အထိ အားနည်းနေမှာမို့လို့ သူမ တစ်ခုခု လုပ်မှာကို ပူစရာ မလိုချေ။

သူ လက်ပတ်ကို လှည့်လိုက်တဲ့အခါ အနီရောင် အလင်းဖျော့ဖျော့လေး ထွက်လာပြီး ခြေထောက်ကို ပွေ့ဖက်ကာ ခွေခွေလေး ဖြစ်နေတဲ့ လုဖေးအာတစ်ယောက် သစ်ပင်အိမ် ကြမ်းပြင်ပေါ်မှာ ရုတ်တရက် ပေါ်လာတော့သည်။

သူမရဲ့ မျက်လုံးတွေက အသက်မဲ့နေပြီး ကိုယ်လုံးလေးကလည်း တုန်ယင်နေ၏။

မျက်နှာမှာလည်း မျက်ရည်စတွေနဲ့ပေါ့...။

"...ဟင့်..."

အလင်းရောင် မြင်လိုက်ရတာနဲ့ သူမ ခေါင်းမော့ကြည့်လိုက်ရာ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ရွှီရှင်းကို ကြောင်တောင်တောင်နဲ့ စိုက်ကြည့်နေတော့သည်။

"ကျွန်မ... မသေဘူးလား..."

လုဖေးအာရဲ့ မျက်လုံးတွေထဲမှာ အသိစိတ်လေး နည်းနည်း ပြန်ဝင်လာသော်လည်း ဗလာ ဖြစ်နေဆဲပင်။

သူမရဲ့ တုန်ယင်နေတဲ့ နှုတ်ခမ်းလေးတွေနဲ့ မေးလိုက်ရှာသည်။

ဘာကြောင့်မှန်းမသိ သူမရဲ့ အသံက တော်တော်လေး တစ်မျိုးဖြစ်နေ၏။

ဒါဟာ သရုပ်ဆောင်နေတာ မဟုတ်ဘဲ သူမရဲ့ တကယ့် ခံစားချက်အစစ်အမှန် ဖြစ်ရမည်။

“ဒီလက်ပတ်ထဲမှာ ဘာတွေ ရှိနေလို့ ဒီမိန်းမကို ဒီလောက်အထိ ထိတ်လန့်သွားစေတာလဲ။ နောက်တစ်ခါ ချန်းယင်နဲ့ တွေ့ရင်တော့ ဒါကို ပြန်ပြင်ခိုင်းရမယ်၊ အာဖု ဘာလို့ မဝင်ချင်တာလဲဆိုတာ အခုမှ သိတော့တယ်။”

သူမ ထရပ်ဖို့ ကြိုးစားသော်လည်း အင်အားချည့်နဲ့နေတာကြောင့် မလှုပ်နိုင်ချေ။

ကြမ်းပြင်ကို လက်နဲ့ နှစ်ခါလောက် ထောက်ကြည့်ပြီး အားမရှိတာ သိသွားတော့မှ လက်လျှော့လိုက်တော့သည်။

"စောစောက... အဲဒီနေရာက ဘယ်နေရာလဲ... ဘာလို့..."

လုဖေးအာရဲ့ အသံက အက်ကွဲနေပြီး၊ ဆက်မပြောနိုင်တော့ဘဲ သူမရဲ့ ခြေထောက်တွေကို ပြန်ဖက်ကာ တုန်တုန်ရင်ရင် ဖြစ်နေရှာသည်။

စောစောက အရာအားလုံးက သူမကို အရမ်း အားကိုးရာမဲ့ ဖြစ်စေခဲ့၏။

ဘယ်အချိန်မှာ နိုးလာလဲ သူမ မသိပေ။

နိုးတောင် နိုးရဲ့လားဆိုတာ သူမ မသေချာချေ။

မျက်လုံးဖွင့်လိုက်တယ်လို့ သူမ ခံစားရသော်လည်း ဘာမှ မမြင်ရပေ။

သူမရဲ့ ရှေ့မှာတော့ အဆုံးမရှိတဲ့ မှောင်မိုက်မှုကြီးပဲ ရှိနေတာဖြစ်ပြီး ဟာလာဟင်းလင်း ဖြစ်နေသလိုပင်။

သူမ ထရပ်ချင်ပေမဲ့ အားမရှိ တာကြောင့် လက်နဲ့ စမ်းကြည့်တော့လည်း ဘာမှ ထိလို့ မရချေ။

ဘာဆို ဘာမှကို မရှိတာပင်။

သူမရဲ့ အောက်မှာတောင် ဟာလာဟင်းလင်း ဖြစ်နေတာကြောင့် အဆုံးမဲ့ မှောင်မိုက်နေတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ လွင့်မျောနေသလိုမျိုး ဘာမှ လုပ်လို့ မရခဲ့ပေ။

“ဒါ သေလွန်ပြီးနောက် ကမ္ဘာလား...”

ကံကောင်းတာက သူမရဲ့ ကိုယ်ပိုင် အသံကိုတော့ သူမ ကြားနေရသည်။

"ဘယ်သူရှိလဲ ဘယ်သူရှိလဲဟင်"

အဆုံးမဲ့ မှောင်မိုက်မှုထဲမှာ သူမရဲ့ ခြေလက်တွေကို အားမပါဘဲ ယမ်းခါကြည့်သော်လည်း ဘာမှ မထိမိချေ။

အာကာသထဲ ပစ်ချခံထားရတဲ့ အာကာသယာဉ်မှူး တစ်ယောက်လိုပင်။

အဲဒီ မှောင်မိုက်မှုကြီးက သူမရဲ့ အတွေးတွေကို ဝါးမြိုနေသလို ခံစားရပြီး၊ သူမ အသက်ရှင်နေသေးကြောင်း သက်သေပြဖို့အတွက် အော်ဟစ်နေရ၏။

နောက်ဆုံးမှာတော့ သူမရဲ့ အသံတွေ အက်ကွဲသွားသော်လည်း ဘာမှ ထူးမလာပေ။

"ကျွန်မ တကယ်ပဲ... အသက်ရှင်နေသေးတာလား..."

သူမ ခြေထောက်တွေကို ပွေ့ဖက်ပြီး ခွေနေမိသည်။

ဟုတ်သားပဲ၊ အဲဒီလူက သူမကို ဘယ်လိုလုပ် အသက်ရှင်ခွင့် ပေးမှာလဲ။

ဒီနေရာက တကယ်ပဲ သေပြီးနောက် ကမ္ဘာ ဖြစ်ရမည်။

သူမက ဒီထာဝရ မှောင်မိုက်မှုထဲမှာ အဆုံးမရှိ နစ်မြုပ်သွားတော့မှာလား....။

သူမ လျှာကို ကိုက်ချင်ပေမဲ့လည်း အားကမရှိပေ။

နာကျင်မှုကိုတောင် မခံစားရတာကြောင့် ဒါဟာ သေပြီးနောက် ကမ္ဘာဆိုတာကို သူမ အခိုင်အမာ ယုံကြည်သွားတော့သည်။

ဒီလို တိတ်ဆိတ်ပြီး မှောင်မိုက်တဲ့ ကမ္ဘာကြီးမှာ အချိန်တွေ ဘယ်လောက် ကုန်သွားလဲ သူမ မသိတော့ကာ အားကိုးရာမဲ့မှုနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုတွေက သူမကို တဖြည်းဖြည်း ဝါးမြိုလာတော့သည်။

အလင်းရောင် တစ်ခု ပေါ်လာတဲ့ အထိပင်။

သူမရဲ့ မျက်လုံးတွေ လင်းလာပြီး ရုတ်တရက် သစ်ပင်အိမ်ထဲကို ပြန်ရောက်လာခဲ့သည်။

တစ်ခုခုကို ထိတွေ့နိုင်တဲ့ ခံစားချက်က တကယ်ကို ကောင်းလှသည် မဟုတ်ပါလား။

...

ပတ်ဝန်းကျင်က အရှိန်အဝါတွေကို ကြည့်ပြီး သူမအောက်က ကြမ်းပြင်ကို ခံစားလိုက်ရမှ မျက်လုံးတွေထဲမှာ အသိစိတ် ပြန်ဝင်လာတော့သည်။

အေးစက်နေတဲ့ ကြမ်းပြင်ကို ထိကြည့်ရင်း သူမရဲ့ မျက်ရည်တွေက ထိန်းမရအောင် စီးကျလာတော့သည်။

ရွှီရှင်းကတော့ မျက်ရည်တွေနဲ့ သူ့ကို ကြောင်တောင်တောင် ကြည့်နေတဲ့ လုဖေးအာကို ကြည့်ပြီး အနည်းငယ် အနေခက်သွားရ၏။

“ငါကပဲ သူမကို ဒီလိုဖြစ်အောင် နှိပ်စက်ထားသလို ဖြစ်နေပြီလားမသိဘူး။”

သူကတော့ လက်ပတ်ထဲမှာ ဘယ်လို နေရာမျိုး ရှိနေလဲဆိုတာ တော်တော်လေး စပ်စုချင်နေ၏။

"စောစောက ဘာတွေ မြင်ခဲ့လဲ" လို့ ရွှီရှင်းက မေးလိုက်၏။

"ကျွန်မ..."

ဘာကြောင့်မှန်းမသိ လုဖေးအာဟာ ရွှီရှင်းရဲ့ စကားတွေမှာ မှော်ဆန်တဲ့ စွမ်းအားတစ်ခု ပါနေသလို ခံစားလိုက်ရပြီး၊ အလိုအလျောက် ပြန်ဖြေမိသွားရသည်။

မနာခံဘဲ နေဖို့ စိတ်ကူးတောင် မရှိချေ။

"မှောင်တယ်၊ အရမ်း မှောင်တာပဲ၊ ဟာလာဟင်းလင်းကြီးပဲ... ဘာမှ မမြင်ရဘူး၊ ဘာမှလည်း ထိလို့ မရဘူး၊ ဘာမှကို မရှိတာ"

သူမက အက်ကွဲနေတဲ့ အသံနဲ့ ပြန်ဖြေရှာသည်။

သူမ အခု သစ်ပင်အိမ်ထဲ ရောက်နေပြီဆိုတာ သိလိုက်ရပြီး၊ စောစောက အားကိုးရာမဲ့တဲ့ အခြေအနေကနေ တဖြည်းဖြည်း ပြန်ကောင်းလာကာ ရွှီရှင်းရဲ့ မေးခွန်းတွေကို ဖြေရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေတော့သည်။

“ဒါ သူ့ရဲ့ သစ်ပင်အိမ်လား...”

---

အခန်း ၂၁၃ ပြီး။

အခန်း (၂၁၄) - ငါ ဘာလို့ ဒီလောက် နာခံနေရတာလဲ

"အီးးး"

ခဲခဲလေးကတော့ ရှေ့ကလူဟာ အန္တရာယ် မရှိတော့ဘဲ သူတို့အဖွဲ့ဝင် ဖြစ်သွားပြီဆိုတာကို သိနေတာကြောင့် နှုတ်ဆက်တဲ့ အနေနဲ့ လက်သည်းလေး ယမ်းပြလိုက်သည်။

"ဟင်..."

လုဖေးအာရဲ့ စိတ်က တော်တော်လေးကို ထိခိုက်လွယ်နေဆဲ ဖြစ်တာကြောင့် ခဲခဲလေးရဲ့ ရုတ်တရက် အော်သံကြောင့် ကိုယ်လုံးလေး တုန်သွားရ၏။

"ဒါ... ဟိုပန်ဒါလေးလား။ စောစောက ငါပုန်းနေတဲ့ နေရာကို စိုက်ကြည့်နေတဲ့ ကောင်လေးပေါ့။"

အနီးကပ် ကြည့်လိုက်တော့လည်း ဒီကောင်လေးက တကယ်ကို ချစ်စရာ ကောင်းလှသည်။

"ဟိုင်း... ဟယ်လို"

သူမက အက်ကွဲနေတဲ့ အသံနဲ့ ခဲခဲလေးကို ပြန်နှုတ်ဆက်လိုက်၏။

"အီးးး"

ဒီသစ်ပင်အိမ်က တော်တော်ကြီးတာကြောင့် ဟို လေးထပ်အိမ်ကြီး ဖြစ်ရမည်။

သူမကို ပင်မသစ်ပင်အိမ်ထဲအထိ ခေါ်လာတယ်ဆိုကတည်းက ဒီလူဟာ သူမကို လောလောဆယ် သတ်ဦးမှာ မဟုတ်ဘူးဆိုတာ သိသာ၏။

ဒါကြောင့်ပင် သူမ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။

ဘေးဘီကို ဝေ့ကြည့်လိုက်တဲ့အခါ ထောင့်တစ်နေရာမှာ လဲလျောင်းနေပြီး သူမကို စောင့်ကြည့်နေတဲ့ ငွေရောင်ဘုရင်နဲ့ မီမီတို့ကို တွေ့လိုက်ရ၏။

ဘာကြောင့်မှန်းမသိ အရင်က ကြောက်စရာကောင်းလှတဲ့ ဒီသားရဲကြီး နှစ်ကောင်ဟာ အခုတော့ သူမအတွက် ရင်းနှီးသလိုမျိုး ခံစားနေရသည်။

"ဒီလို အမွှေးပွပွ သတ္တဝါကြီးတွေကို ဖက်ထားရရင် တော်တော် နေလို့ကောင်းမှာပဲ..."

"ဟင် ငါ ဘာတွေ တွေးနေတာလဲ။ ဘာလို့ ဒီလို စိတ်မျိုး ပေါက်နေရတာလဲ။ ငါက အရင်က တိရစ္ဆာန်မွေးတာတောင် ဝါသနာပါတာ မဟုတ်ဘူးလေ"

"အရင် ထရပ်လိုက်ဦး"

ရွှီရှင်းက ပြောလိုက်သည်။

"အင်း..."

ရွှီရှင်းရဲ့ စကားကို ကြားတာနဲ့ လုဖေးအာဟာ ခြေရောလက်ရော သုံးပြီး ထဖို့ ကြိုးစားသော်လည်း အားမရှိချေ။

နောက်ဆုံးမှာတော့ ဆိုဖာလက်တန်းကို အားပြုပြီး တရွေ့ရွေ့နဲ့ ထရပ်လိုက်ရသည်။

မတ်တပ်ရပ်နိုင်သွားမှ သက်ပြင်းချလိုက်သော်လည်း နောက်တစ်ကြိမ် ပြန်လဲကျမလို ဖြစ်သွားပြန်သည်။

"..နေဦး။တစ်ခုခုတော့ မှားနေပြီ"

လုဖေးအာ တစ်ခုခု ထူးဆန်းနေမှန်း ရုတ်တရက် သတိထားမိလိုက်၏။

"ငါ ဘာလို့ ဒီလောက် နာခံနေရတာလဲ"

သူက ထခိုင်းတာနဲ့ ငါက အပင်ပန်းခံပြီး ထလိုက်တာပဲလား...။

ဘာဖြစ်နေတာလဲ...။

သူမက ဆိုဖာပေါ်မှာ ပြုံးစိစိနဲ့ ထိုင်နေတဲ့ ရွှီရှင်းကို ထိတ်လန့်တကြား ကြည့်ပြီး...

"ရှင်... ရှင်... ရှင် ကျွန်မကို ဘာလုပ်ထားတာလဲ" လို့ မေးလိုက်၏။

ရွှီရှင်းက ဆိုဖာရဲ့ တစ်ဖက်အစွန်းကို ညွှန်ပြပြီး....

"စိတ်မလှုပ်ရှားပါနဲ့ဦး၊ အရင်ထိုင်ပြီးမှ စကားပြောကြတာပေါ့"

လုဖေးအာ အလိုအလျောက် ထိုင်ချလိုက်ချင်သော်လည်း နှုတ်ခမ်းကို တင်းတင်းကြိတ်ပြီး အံတုဖို့ ကြိုးစား၏။

ဒါပေမဲ့ အဲဒီလို လုပ်လိုက်တာက သူမကို တော်တော်လေး နေရခက်စေပြီး၊ စိတ်ထဲမှာလည်း မနေနိုင် မထိုင်နိုင် ဖြစ်လာကာ နားထဲမှာ မိစ္ဆာတစ်ကောင်က "ထိုင်လိုက်ပါ... ထိုင်လိုက်ပါ..." လို့ လာကပ်ပြောနေသလိုမျိုး ခံစားနေရ၏။

သူမဟာ တကယ်ကို ရူးသွပ်နေတဲ့ ပရိသတ်တစ်ယောက်က သူမ အမြဲအားကျရတဲ့ အနုပညာရှင်နဲ့ တွေ့လိုက်ရသလိုမျိုး ဖြစ်နေသည်။

အဲဒီလူက ပြုံးပြီး လက်ဆွဲနှုတ်ဆက်တာ၊ ဖက်တာ၊ လက်မှတ်ထိုးပေးတာတွေ လုပ်တဲ့အခါ စိတ်ထဲမှာတော့ အော်ဟစ်ချင်နေပေမဲ့၊ ကိုယ်ကတော့ ကျောက်ရုပ်လို ဖြစ်နေပြီး ပါးစပ်ကတော့ ငြင်းနေသလိုမျိုးပေါ့။

"...ဒီခံစားချက်က တကယ်ကို မခံစားနိုင်ဘူး"

"ဘာဖြစ်နေတာလဲ"

"ဘာလို့ သူ့စကားကို ငါ့ကိုယ်ခန္ဓာက ဒီလောက် တုံ့ပြန်နေရတာလဲ"

"ငါ ရူးသွားတာလား"

တကယ်တော့ ရွှီရှင်းကိုယ်တိုင်တောင် မသိတာက ဗီဇပြောင်းသားရဲ စာချုပ်ဆိုတာ စိတ်ဓာတ်ပိုင်းကို တိုက်ရိုက် ထိန်းချုပ်တဲ့ စာချုပ်မျိုးပင်။

အဆင့်မြင့် ဗီဇပြောင်းသတ္တဝါတွေရဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတာကြောင့် သွေးမျိုးဆက်နှိပ်စပ်မှု အရ စာချုပ်ချုပ်ခံရသူဟာ ကိုယ်ခန္ဓာတင်မကဘဲ စိတ်ထဲကပါ အလိုအလျောက် နာခံလာရတာ ဖြစ်သည်။

"ထိုင်စမ်း"

ရွှီရှင်းက အမိန့်ပေးသံနဲ့ ပြောလိုက်၏။

လုဖေးအာ နောက်ဆုံးမှာတော့ မအောင့်နိုင်တော့ချေ။

ခြေထောက်တွေ ပျော့ခွေသွားပြီး ဆိုဖာပေါ် ထိုင်ချလိုက်တော့သည်။

"နေလို့ တော်တော်ကောင်းတာပဲ..."

"မဟုတ်သေးပါဘူး။သူ့စကား နားထောင်လိုက်ရတာ ဘာလို့ နေလို့ကောင်းနေရတာလဲ"

လုဖေးအာ ရူးချင်စိတ် ပေါက်လာပြီး မျက်နှာလေး ရှုံ့မဲ့ကာ

"ရှင်..."

"ပြောပါဦး၊ အခု ဘယ်လို ခံစားရလဲ"

ရွှီရှင်းကတော့ မသေချာသေးချေ။

သူမရဲ့ အမူအရာက အစစ်အမှန်လား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလားဆိုတာကိုပင်။

သူမကော စာချုပ်ချုပ်ခံလိုက်ရမှန်း သိရဲ့လား...။

"ကျွန်မ..."

လုဖေးအာ ပါးစပ်ဟလိုက်ပြီး နောက်ဆုံးမှာတော့ သူမရဲ့ ခံစားချက်ကို ဝန်ခံလိုက်ရသည်။

"ရှင့်ကို တော်တော်လေး ရင်းနှီးနေသလို ခံစားရတယ်၊ ရှင် ခိုင်းသမျှကိုလည်း လုပ်ပေးချင်နေမိတယ်..."

"ဪ... ဟုတ်လား"

ရွှီရှင်းက လည်ပင်းအထိ နီရဲနေတဲ့ လုဖေးအာကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်၏။

လုဖေးအာမှာ စိုက်ကြည့်ခံရတာကို မခံနိုင်တာကြောင့် မျက်နှာတွေ ပိုနီလာပြီး ဆိုဖာကို အားမပါဘဲ ထုလိုက်ရင်း....

"ငါ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ နင် ငါ့ကို ဘာလုပ်လိုက်တာလဲ"

သူမရဲ့ အက်ကွဲနေတဲ့ အသံကတော့ တော်တော်လေး ပြန်ကောင်းလာချေပြီ။

ဒီလောက်အထိ အရေးနိမ့်နေတဲ့ အခြေအနေမှာတော့ သူမရဲ့ အရင်က ဂုဏ်ယူခဲ့တဲ့ သရုပ်ဆောင် အရည်အချင်းတွေကို ဂရုမစိုက်နိုင်တော့ဘဲ တိုက်ရိုက်ပဲ မေးခွန်းထုတ်တော့သည်။

"အီးးး"

ခဲခဲလေးကတော့ သူမ အော်လိုက်တာကြောင့် လန့်သွားပြီး လျှာလေးထုတ်ကာ ပြောင်ပြနေတော့သည်။

"...ဒီကောင်လေးကတော့ တကယ် ချစ်ဖို့ကောင်းသားပဲ။"

"ဘာမှ အထွေထွေထူးထူး မလုပ်ပါဘူး"

ရွှီရှင်းက ခဲခဲလေးရဲ့ အမွှေးတွေကို ပွတ်ပေးရင်း၊ ငွေရောင်ဘုရင်နဲ့ မီမီကို လက်ညှိုးထိုးပြကာ လုဖေးအာကို မှင်သက်သွားစေမယ့် စကားကို ပြောလိုက်သည်။

"ငါ နင့်ကို စာချုပ်ချုပ်လိုက်တာလေ၊ အခုတော့ နင်ဟာ သူတို့လိုပဲ ငါ့ရဲ့ စာချုပ်ချုပ်ထားတဲ့ သားရဲ ဖြစ်သွားပြီ"

လုဖေးအာ လန့်ပြီး ထရပ်ဖို့ ကြိုးစားသော်လည်း ခြေထောက်တွေက အားမရှိတာကြောင့် ဆိုဖာပေါ်ကနေ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့သည်။

သူမရဲ့ နာသွားတဲ့ နှာခေါင်းလေးကို ကိုင်ရင်း ရွှီရှင်းကို မယုံနိုင်သလို မော့ကြည့်ကာ

"ဘာ..."

"ငါ ပြောတာက အခု နင်ဟာ ငါ့ရဲ့ စာချုပ်ချုပ်ထားတဲ့ သားရဲ ဖြစ်သွားပြီလို့ ပြောတာ၊ နားလည်လား"

ရွှီရှင်းက ထပ်ပြောလိုက်ပြီး အနက်ရောင် ဆေးပုလင်းလေးကို ထုတ်ပြီး လှုပ်ပြလိုက်ရာ အထဲက ဆေးလုံးတွေ အချင်းချင်း ထိမိတဲ့ အသံတွေ ထွက်လာသည်။

"နင်က အခု ဗီဇပြောင်းသတ္တဝါ ဖြစ်နေပြီလေ၊ ငါကလည်း ဗီဇပြောင်းသတ္တဝါတွေကို စာချုပ်ချုပ်လို့ ရနေတာနဲ့ လမ်းကြုံလို့ ချုပ်လိုက်တာပေါ့"

"ကျွန်မ... ကျွန်မ..."

လုဖေးအာမှာ ကြမ်းပြင်ပေါ်မှာ ဒူးထောက်လျက်သား ပြောစရာစကားလုံးတွေ ပျောက်ရှနေရှာသည်။

သူမရဲ့ ခေါင်းထဲမှာတော့ မြင်းအုပ်ကြီးပြေးလွှားနေသလိုမျိုး ဗြောင်းဆန်နေ၏။

"နင် ဒီဆေးလုံးကို ကျေးဇူးတင်သင့်တယ်"

ရွှီရှင်းက အနီရောင် ဆေးလုံး တစ်လုံးကို ထုတ်ပြီး သူ့လက်ဝါးထဲမှာ လှိမ့်ပြလိုက်သည်။

"ဒီဆေးလုံးသာ မရှိရင် နင် ဟိုအောက်က အိမ်မှာကတည်းက သေနေပြီ။ နင်သာ ဗီဇမပြောင်းခဲ့ရင်၊ ငါကလည်း စာချုပ်ချုပ်လို့ မရခဲ့ရင်၊ နင် သတိမေ့နေတုန်းမှာတင် ငါ့ရဲ့ လှံပုဆိန်နဲ့ အသတ်ခံလိုက်ရမှာ သေချာတယ်"

လုဖေးအာ သူ့လက်ထဲက ဆေးလုံးကို ကြည့်လိုက်၏။

ဒါ သူမ သောက်ခဲ့တဲ့ ဗီဇပြောင်းဆေးလုံးပင်။

ဒီပစ္စည်းကို ကုတင်ဘေး စားပွဲရဲ့ အံဆွဲကြားထဲမှာ သေသေချာချာ ဝှက်ထားခဲ့တာလေ.....။

အဲဒီထဲ ဝင်အောင်လို့တောင် အိတ်အသေးလေး တစ်လုံး သီးသန့် လုပ်ထားခဲ့တာ မဟုတ်လား...။

"ရှင်... ရှင်က မိန်းကလေးတစ်ယောက်ရဲ့ အိပ်ခန်းကိုတောင် လျှောက်မွှေရတယ်လို့"

လုဖေးအာ တော်တော်ကြာအောင် အားယူပြီးမှ ဒီစကားကို ပြောနိုင်တော့သည်။

သူမ တကယ်ပဲ ထိတ်လန့်နေချေပြီ။

ဘာဖြစ်နေတာလဲ။

သူမဟာ အခု သူ့ရဲ့ ကျေးကျွန် ဖြစ်သွားပြီလား။

ဒါက အကြောက်ဆုံးအရာ မဟုတ်သေးချေ။

အကြောက်ဆုံးကတော့ သူမ စိတ်ထဲမှာ ခုခံချင်တဲ့ စိတ် တစ်စက်မှ မရှိဘဲ၊ ဒီအတိုင်း ဆက်နေရတာကလည်း မဆိုးပါဘူးလို့ တွေးမိနေတာပါပဲ။

"ဒါကတော့..."

ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး မျက်နှာအမူအရာ အမျိုးမျိုး ဖြစ်နေတဲ့ လုဖေးအာကို ကြည့်ပြီး ရွှီရှင်း ရယ်ချင်စိတ် ပေါက်လာရ၏။

သူ အချိန်မဖြုန်းတော့ဘဲ ပြောလိုက်သည်။

"ငါ မေးခွန်းအချို့ မေးမယ်၊ ငါ မေးတာကိုပဲ ဖြေ"

လုဖေးအာက အလိုအလျောက်ပင် ဟုတ်ကဲ့ လို့ ပြန်ဖြေမိသွားကာ၊ ဖြေပြီးမှ ကိုယ့်ပါးစပ်ကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်သွားတော့သည်။

"ဒီဆေးလုံးကို သောက်ပြီးနောက်မှာ ဗီဇမပြောင်းခင် တခြား ဘာတုံ့ပြန်မှုတွေ ရှိသေးလဲ"

ရွှီရှင်းက ဆေးလုံးကို ကိုင်ရင်း မေးလိုက်၏။

"...အာရုံကြော တုံ့ပြန်မှုတွေက အရင်ကထက် အများကြီး ပိုမြန်လာတာကို သိသိသာသာ ခံစားရတယ်၊ ခန္ဓာကိုယ်ကလည်း ပိုပြီး ပေါ့ပါးသွက်လက်လာတယ်။ ရှင် ကျွန်မကို သတ်လို့ ဗီဇပြောင်းသွားတဲ့ အချိန်အထိတော့ တခြား ထူးခြားတာ ဘာမှ မတွေ့ရဘူး"

လုဖေးအာက ရွှီရှင်း သူမကို အရင်က သတ်ခဲ့ဖူးတယ်ဆိုတာကို စကားထဲမှာ ထည့်ပြောပြီး အလေးအနက် ထားနေ၏။

တကယ်တော့ သူမကိုယ်သူမ ပြန်သတိပေးနေတာပင်။

ဒီလူက သူမကို တစ်ခါ သတ်ခဲ့ဖူး၏။

ဒါကြောင့် သူ့ကို အလွယ်တကူ အရှုံးမပေးဘူးလို့ပင်။

ဒါပေမဲ့လည်း အရာမထင်ချေ။

"ဗီဇပြောင်းပြီး ပြန်ရှင်လာတဲ့ အခါမှာရော၊ အသိစိတ် ရှိသေးရဲ့လား"

လုဖေးအာ သွားကြိတ်ရင်း နောက်ဆုံးမှာတော့ ပြောပြလိုက်ရသည်။

"ဒါက... မူးနေသလိုမျိုးပဲလားမသိဘူး။ အသိစိတ်က တော်တော်လေး ဝေဝါးနေပေမဲ့ ဒါဟာ ကျွန်မကိုယ်တိုင်ဆိုတာတော့ သိတယ်။ ကျွန်မက အရမ်း စိတ်လိုက်မာန်ပါ ဖြစ်နေပြီး ရှင့်ကို တကယ် သတ်ချင်နေခဲ့တာ၊ မှတ်ဉာဏ်တွေလည်း ရှိတယ်။ ဒါပေမဲ့..."

သူမ ဝမ်းဗိုက်ကို ပြန်ကိုင်လိုက်ရင်း ရွှီရှင်း သူမကို လက်သီးနဲ့ ထိုးပြီး နံရံနဲ့ ဆောင့်မိတုန်းက ခံစားခဲ့ရတဲ့ ပြင်းထန်တဲ့ နာကျင်မှုကို ပြန်သတိရလိုက်မိသည်။

သူမ တစ်ချက် တွန့်သွားပြီး....

"ဒါပေမဲ့ ရှင့်ရဲ့ လက်သီးချက်ကြောင့် ကျွန်မ သတိပြန်ဝင်လာတာ။ စွမ်းအားတွေ ကုန်သွားတဲ့အထိတော့ အသိစိတ်က ထပ်ပြီး ဝေဝါးမသွားတော့ပါဘူး"

ရွှီရှင်း မေးစေ့ကို ပွတ်ရင်း စဉ်းစားလိုက်၏။

အကယ်၍ သူမ ပြောတာသာ မှန်မယ်ဆိုရင်တော့ သူလည်း ဒီဆေးလုံးကို အခုချက်ချင်း သောက်လို့ ရ၏။

ဗီဇမပြောင်းသရွေ့တော့ တခြား ဆိုးကျိုးတွေ မရှိဘဲ ခွန်အားကိုတောင် မြှင့်ပေးနိုင်၏။

ဒါပေမဲ့ အခု ပြဿနာက ဒီမိန်းမ ပြောတာက အမှန်လား၊ သူမ သူ့ကို လိမ်နေတာလား ဆိုတာပင်။

ရက်အနည်းငယ်လောက် ထပ်ပြီး အကဲခတ်ကြည့်ရဦးမည်။

ဘာပဲဖြစ်ဖြစ် အခုလောလောဆယ် သူ့မှာ ဒီဆေးလုံး မရှိလည်း ခွန်အားက လောက်ငနေတာပဲလေ...။

ဆေးလုံးကို သိမ်းလိုက်ပြီး ရွှီရှင်း ပြောလိုက်သည်။

"အခုတော့ နင်ဟာ ငါနဲ့ တစ်ဖွဲ့တည်း ဖြစ်သွားပြီ။ ငါ သေရင် နင်လည်း သေမှာမို့လို့ မိုက်မဲတဲ့ စိတ်ကူးတွေ မယဉ်နဲ့တော့"

ဗီဇပြောင်းသားရဲ စာချုပ်မှာ ဒီလို လုပ်ဆောင်ချက် မရှိနိုင်ပေမဲ့ သူမကို နည်းနည်း ခြောက်ထားတာကတော့ ပြဿနာ မရှိချေ။

လုဖေးအာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တစ်လှမ်းချင်းပဲ သွားဖို့ ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူမရဲ့ လက်ရှိ အခြေအနေက လမ်းတောင် မလျှောက်နိုင်တာလေ၊ ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။

ဒါကြောင့် သူမ ခေါင်းမော့ကြည့်လိုက်ပြီး ဖြူစင်အေးချမ်းတဲ့ အပြုံးလေး တစ်ခု ပြုံးပြလိုက်သည်။

"ဒါဆိုရင်... ကျွန်မ ရှင့်ကို သခင် လို့ ခေါ်ရတော့မှာလား။ သခင်ရယ်... အခုတော့ ကျွန်မက ရှင့်အပိုင် ဖြစ်သွားပြီဆိုတော့၊ ကျွန်မကို တန်ဖိုးထားရမယ်နော်"

သူမရဲ့ အသံကတော့ အရင်တိုင်း ချိုသာတဲ့ အသံ ပြန်ဖြစ်သွားချေပြီ။

အင်အားချည့်နဲ့တဲ့ ကာလဟာ ခွန်အားနဲ့ စိတ်ဓာတ်ကိုပဲ ထိခိုက်တာဖြစ်ပြီး၊ ဗီဇပြောင်းသတ္တဝါတွေရဲ့ အလိုအလျောက် ကုစားနိုင်စွမ်းကတော့ အထင်သေးလို့ မရပေ။

အသံအိုး ပြန်ကောင်းလာတာကတော့ အရိုးရှင်းဆုံး ကုစားမှု တစ်ခုပင်။

"ဒီမိန်းမကတော့ သရုပ်ဆောင်တာ တကယ် သိသာလွန်းတာပဲ။"

"နင့်သဘောပဲ၊ ဒါဆို ငါနဲ့ လိုက်ခဲ့တော့။ နင့်ကို ကပ်ပါးသစ်ပင်အိမ်ဆီ ခေါ်သွားမယ်"

ရွှီရှင်း ခေါင်းခါလိုက်ပြီး ထရပ်လိုက်၏။

"ကပ်ပါးသစ်ပင်အိမ် လား"

လုဖေးအာ ခဏတာ ကြောင်သွားပြီးမှ သဘောပေါက်သွားသည်။

"ရှင့်ဆီကို ကျွန်မရဲ့ အိမ် ရွှေ့လိုက်တာလား"

"မဟုတ်ဘူး၊ နင့်အိမ်က ဟိုမှာပဲ ရှိသေးတယ်"

ရွှီရှင်း သူမရဲ့ နာရီကို ထုတ်ပြီး သူ့လက်ချောင်းမှာ လှည့်ပြကာ...

"ဒါပေမဲ့ အထဲက ပစ္စည်းတွေကိုတော့ ငါ အကုန် ယူခဲ့ပြီ။ ဒီနေ့ကစပြီး နင်က ဒီက ကပ်ပါးသစ်ပင်အိမ်မှာ နေရမယ်"

ရွှီရှင်း သိချင်တာက ကပ်ပါးသစ်ပင်အိမ်ကို သူမနာမည်နဲ့ ပြောင်းလိုက်လျှင် သူမဟာ ဘယ်နယ်မြေရဲ့ ဆက်သွယ်ရေးလိုင်းနဲ့ ချိတ်ဆက်သွားမလဲ ဆိုတာပင်။

ဘာပဲဖြစ်ဖြစ် သူမက နယ်မြေ ၁၈၇ က လူ မဟုတ်လား။

အကယ်၍ သူမနာမည်နဲ့ ပြောင်းလိုက်လို့ နယ်မြေ ၁၈၇ နဲ့ ချိတ်ဆက်သွားမယ်ဆိုရင်တော့ ဟိုဘက်က အိမ်ကို ထားခဲ့စရာ မလိုတော့ချေ။

ဟိုဘက်က အိမ်ကို ထားခဲ့တာက နယ်မြေ ၁၈၇ ရဲ့ သတင်းတွေကို ရချင်တာကြောင့်ပင်။

တခြားအိမ်နဲ့လည်း ရမယ်ဆိုရင်တော့ ဟိုဘက်က ဗဟိုချက်ကိုပါ ထုတ်ယူတာက ပိုကောင်း၏။

ဘာပဲဖြစ်ဖြစ် အဲဒါက အပြာရောင်အဆင့် ဗဟိုချက်မဟုတ်ပါလား။

ဒါပေမဲ့ လုဖေးအာကတော့ ဇဝေဇဝါ ဖြစ်နေသည်။

သူမအိမ်ကို မရွှေ့ဘူးဆိုရင် ဘာလို့ တခြား ကပ်ပါးအိမ်မှာ နေခိုင်းရတာလဲ။

ဒီအိမ်ကြီးက အရမ်းကျယ်တာပဲဟာ အိပ်ခန်း နှစ်ခန်းတောင် ရှိတာ သူမ မြင်သားပဲလေ။

ဘာလို့ အပြင်ထွက်နေခိုင်းတာလဲ။

သူမကတော့ အပြင်မထွက်ချင်ပေ။

ဒီလို အိမ်ကြီးမှာ နေရတာ ပိုမကောင်းဘူးလား။

ဘာလို့ ထွက်သွားရမှာလဲ။

"မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ ဘာလို့ ဒီလို တွေးနေရတာလဲ။ အပြင်မှာ နေမှ ထွက်ပြေးဖို့ အခွင့်အရေး ပိုရမှာပေါ့။"

ဒါပေမဲ့လည်း အလကားပါပဲ၊ ထွက်ပြေးလို့ ဘာထူးမှာလဲ....။

သူမက သူ့ရဲ့ စာချုပ်အောက်မှာ ရှိနေတုန်းပဲလေ။

ဒါတင်မကဘဲ ဘာကြောင့်မှန်းမသိ သူမ စိတ်ထဲမှာ ထွက်ပြေးချင်တဲ့ စိတ်ကူးလည်း မရှိတော့ချေ။

ဒီမှာ နေရတာ မဆိုးဘူးလို့တောင် ထင်နေမိသည်။

ဒါဟာ စာချုပ်ကြောင့် ဖြစ်ရမည်၊ ထွက်ပြေးချင်လျှင် ဒီစာချုပ်ကို ဖျက်နိုင်မယ့် နည်းလမ်း ရှာရမည်။

ဒါပေမဲ့ သူမ မျှော်လင့်ချက် ပျက်ဖို့ပဲ ရှိ၏။

ရွှီရှင်းကိုယ်တိုင်တောင် စာချုပ်ကို ဘယ်လို ဖျက်ရမလဲ မသိလို့ပေ။

ရိုးရိုးလေး စဉ်းစားကြည့်ရင်တော့ သူတို့တွေ အကုန်လုံး အဆင့်မြင့် ဗီဇပြောင်းသတ္တဝါတွေ ဖြစ်လာတဲ့အခါ အဆင့်မြင့်သားရဲ သွေးနဲ့ လုပ်ထားတဲ့ စာချုပ်တွေက အစွမ်းကုန်ပြီး ပျက်ပြယ်သွားတာမျိုး ဖြစ်နိုင်၏။

ဒါကလည်း ရွှီရှင်းရဲ့ ခန့်မှန်းချက်သက်သက်ပင်။

လုဖေးအာရဲ့ လက်ရှိ အခြေအနေက မီမီနဲ့ တော်တော်လေး တူ၏။

မီမီဟာ မြေအောက်လှိုင်ဂူထဲမှာ ဆယ်စုနှစ်နဲ့ချီပြီး ပိတ်လှောင်ခံထားရလို့ လွတ်လပ်မှုကို တမ်းတနေတဲ့သူပင်။

ရွှီရှင်း အပြင်ထွက်တိုင်း ခရီးဝေးရင်တောင်၊ မောနေရင်တောင်မှ အတူလိုက်ဖို့ ဇွတ်လုပ်တတ်၏။

ဒါပေမဲ့ အဲဒီလို ဖြစ်နေရင်တောင်မှ သူမမှာ ထွက်ပြေးချင်တဲ့ စိတ်ကူး တစ်ခါမှ မရှိခဲ့ချေ။

လုဖေးအာကတော့ အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေတွေ ပေးနေတုန်းပင်။

"အပြင်မှာ သွားမနေဘူး၊ အနားမှာ ကပ်နေမှ သူ့ကို စာချုပ်ဖျက်ခိုင်းဖို့နဲ့ ငါ့ရဲ့ လက်ရှိ ဘဝကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရမှာပေါ့။ အပြင်မှာ သွားနေရင် အဲဒီလို အခွင့်အရေး ဘယ်လို ရှာရမှာလဲ။"

ဒါကြောင့် သူမက ချက်ချင်းပဲ သနားစရာကောင်းတဲ့ ပုံစံလေး လုပ်ပြီး ပြောလိုက်သည်။

"သခင်ရယ်... ကျွန်မနဲ့ အတူတူ မနေချင်ဘူးလားဟင်"

ဒီမိန်းမကတော့...။

---

အခန်း ၂၁၄ ပြီး။

All Chapters