အခန်း (၂၁၅-၂၁၆)
Vol. 15 Ch. 215-216
အပိုင်း (၂၁၅) - အသက်ရှင်ကျန်ရစ်သူများ၏ နယ်မြေပြောင်းလဲနိုင်စွမ်း
"ကိုယ့် သစ်ပင်အိမ်နဲ့ကိုယ် နေရတာ ပိုမကောင်းဘူးလား"
ရွှီရှင်းက သူမကို ကြည့်ပြီး အံ့သြတကြီး မေးလိုက်သည်။
"သီးသန့်ခွဲမနေချင်ပါဘူး၊ ကျွန်မက သခင်နဲ့ပဲ အတူနေချင်တာ"
လုဖေးအာရဲ့ ပါးပြင်လေးတွေ နီမြန်းသွားပြီး မျက်လုံးလေးတွေကလည်း တစ်မျိုးဖြစ်နေ၏။
"တော်စမ်းပါ၊ အဲဒီလို ရွံစရာကောင်းတာတွေ လာမပြောနဲ့၊ အန်ချင်လာပြီ"
ရွှီရှင်းက မျက်လုံးလှန်ပြပြီး သူမကို ဂရုမစိုက်တော့ဘဲ မေးခွန်းတစ်ခုကို စဉ်းစားလိုက်၏။
"နင့်ကို ဗီဇပြောင်းစေခဲ့တဲ့ အဲဒီအနီရောင်ဆေးလုံးကို ဘယ်ကရတာလဲ"
လုဖေးအာကတော့ သူမရဲ့ ဆွဲဆောင်မှုက အရာမထင်တာကြောင့် စိတ်ပျက်လက်ပျက်နဲ့ နှုတ်ခမ်းစူနေသော်လည်း ရွှီရှင်းရဲ့ မေးခွန်းကိုတော့ မဖြေဘဲ မနေနိုင်ချေ။
"အဲဒီဆေးလုံးက မြေအောက်လှိုင်ဂူထဲက ရတနာသေတ္တာထဲမှာ တွေ့ခဲ့တာပါ။ စုစုပေါင်း နှစ်လုံးပဲ ရှိတာ၊ ကျွန်မ တစ်လုံးသောက်လိုက်တော့ အခု တစ်လုံးပဲ ကျန်တော့တာပေါ့"
"နှစ်လုံးတည်းလား"
ရွှီရှင်းက သူမကို မယုံသင်္ကာ ကြည့်လိုက်သည်။
လုဖေးအာက အမှန်အတိုင်း ပြောတတ်တဲ့သူ မဟုတ်ဘူးလေ။
"တကယ်ပါဆို၊ ကျွန်မက ဘာလို့ လိမ်ရမှာလဲ။ အဲဒါကို အများကြီးသောက်လည်း ဘာမှမထူးဘူးလေ၊ ဖွက်ထားစရာ အကြောင်းမရှိပါဘူး။ အခု ရှင့်လက်ထဲမှာရှိတဲ့ တစ်လုံးပဲ ကျန်တာပါ"
လုဖေးအာက စိတ်မရှည်သလို ပြန်ပြောလိုက်၏။
ကြည့်ရတာ အဲဒီဆေးလုံးကို ချက်ချင်းမသောက်မိတာ မှန်သွားပုံရသည်။
နောက်တစ်ခါ ချန်းယင်နဲ့တွေ့လျှင် ဒါကို ပြကြည့်ရမည်။
သူကတော့ ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ သုတေသန လုပ်နိုင်လောက်၏။
ဗီဇပြောင်းဆေးရည်တွေကိုတောင် သူလုပ်နိုင်တာပဲလေ.....။
ဒီဆေးလုံးက ပိုပြီး အဆင့်မြင့်ပုံရပေမဲ့ နမူနာပစ္စည်းရှိနေရင်တော့ ပုံတူကူးဖို့ သိပ်မခက်လောက်ပါဘူး.....။
"ကဲ သွားရအောင်၊ ဘာလို့ ထိုင်နေတာလဲ"
မထလာတာ မြင်မှ သူမလမ်းမလျှောက်နိုင်သေးတာကို ရွှီရှင်း သတိရသွားပြီး...
"နင့်ကို လက်ပတ်ထဲ ခဏပြန်ထည့်ပြီး သယ်သွားပေးမယ်" လို့ ပြောလိုက်၏။
"လက်ပတ်လား။ ဟို မှောင်မည်းနေတဲ့ နေရာကြီးလား။"
လုဖေးအာ ထိတ်လန့်တကြားနဲ့ နောက်ကို ဆုတ်သွား၏။
"ဟင့်အင်း၊ မလုပ်နဲ့၊ ကျွန်မကို မထိနဲ့"
ဒီတစ်ခါတော့ သူမ သရုပ်ဆောင်နေတာ မဟုတ်ပေ။
တကယ် ကြောက်နေခြင်းပင်။
တကယ်ပဲ စိတ်ဒဏ်ရာရပြီး လက်ပတ်ကြောက်ရောဂါတောင် ရနေတာလားမသိဘူး....။
"ခဏလေးပါပဲ၊ ခဏပဲ"
ရွှီရှင်းက ရှေ့တိုးလာသည်။
"အောက်ကို ဆင်းရမှာလား"
"ဟုတ်တယ်"
"မသွားဘူး ကျွန်မ မသွားဘူး"
လုဖေးအာက ဇွတ်ငြင်းရင်း ငွေရောင်ဘုရင်နဲ့ မီမီကို လက်ညှိုးထိုးပြလိုက်သည်။
"သူတို့က ဒီမှာ နေလို့ရပြီး ကျွန်မကျတော့ ဘာလို့ မရတာလဲ။ ကျွန်မလည်း သူတို့လိုပဲ ရှင့်နဲ့ စာချုပ်ချုပ်ထားတာပဲလေ၊ ရှင်က ခွဲခြားဆက်ဆံနေတာပဲ"
သူမ နောက်ဆုံးအကြိမ် ကြိုးစားပြီး ငြင်းနေခြင်းပင်။
ဘယ်လိုအခြေအနေမျိုးမှာမှ အပြင်ထွက်မနေချင်သလို လူကို ရူးစေနိုင်တဲ့ အဲဒီ မှောင်မည်းတိတ်ဆိတ်နေတဲ့ နေရာထဲကိုလည်း ထပ်မဝင်ချင်တော့ချေ။
"ငါ တစ်ခုခု အတည်ပြုဖို့ လိုလို့ပါ"
ရွှီရှင်းက သူ့ရဲ့ ဘယ်ဘက်လက်ကို သူမဆီ ကမ်းလိုက်၏။
"မလုပ်ပါနဲ့ သခင်ရယ်၊ ကျွန်မကို ဒီအတိုင်းပဲ ချီသွားပေးပါလားဟင်။ လက်ပတ်ထဲတော့ မထည့်ပါနဲ့ဦးနော်"
လုဖေးအာက ပြုံးစိစိနဲ့ နောက်ကို ထပ်ဆုတ်ပြီး ရွှီရှင်းရဲ့ လက်ပတ်ရှိတဲ့လက်ကို ရှောင်နေတော့သည်။
သူမကတော့ ရွှီရှင်းရဲ့ စကားကို မလွန်ဆန်နိုင်တာကြောင့် အလျှော့ပေးလိုက်တာဖြစ်ပေမဲ့ လက်ပတ်ထဲတော့ မဝင်ချင်ပေ။
"...ကဲလေ"
ရွှီရှင်းက လက်ကို ချလိုက်ပြီး သူမကို ပွေ့ချီတော့မယ့် ပုံစံမျိုးနဲ့ ရှေ့တိုးလာ၏။
လုဖေးအာ သက်ပြင်းချပြီး စိတ်အေးသွားတဲ့ အခိုက်အတန့်မှာပဲ ရွှီရှင်းရဲ့ ဘယ်ဘက်လက်က သူမကို ထိလိုက်ပြီး လက်ပတ်ထဲကို ချက်ချင်း ထည့်လိုက်တော့သည်။
"အီးးး အီးးး အီးးး"
ခဲခဲလေးက ဆိုဖာပေါ်မှာ ရပ်ပြီး ခေါင်းလေးစောင်းကာ မေးနေသလိုပင်။
လက်ပတ်ထဲ မထည့်ဘူးလို့ ကတိပေးထားတာ မဟုတ်လား လို့ပေါ့...။
"ဝု"
ငွေရောင်ဘုရင်ကလည်း ဇဝေဇဝါနဲ့ အော်လိုက်၏။
မီမီကတော့ ရွှီရှင်းကို မျက်လုံးလှန်ပြနေပြီး လူလိမ်ကြီးလို့ စွပ်စွဲနေတဲ့ ပုံပင်။
ရွှီရှင်းကတော့ သူတို့ကို ကြောင်တောင်တောင် ကြည့်ရင်း လက်ပတ်ကို လှည့်လိုက်၏။
ဒီကောင်တွေက လုဖေးအာကို သူတို့အဖွဲ့ဝင်အဖြစ် သတ်မှတ်နေကြပြီလားမသိဘူး...။
ဒီမိန်းမက တော်တော်လေး ဆွဲဆောင်မှု ရှိလွန်းတာကြောင့် သူမ တစ်ခုခု ကြံစည်မှာကို စိုးရိမ်တာလည်း ပါ၏။
အမှန်အတိုင်း ပြောရလျှင် အခုလို အထီးကျန်နေရတာ ကြာပြီဖြစ်တဲ့အချိန်မှာ သူလည်း ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ယုံကြည်မှု မရှိပေ။
သူမနဲ့ ဘာမှ မပတ်သက်ချင်တာကတော့ အမှန်ပင်။
စာချုပ်ချုပ်ထားရင်တောင်မှ သူမကို သတိထားနေရတုန်းပါပဲ။
ဒါ့အပြင် သူသာ အဖော်ရှာမယ်ဆိုလျှင် လီဝမ်ရှီးလို လူမျိုးကိုပဲ ပိုသဘောကျ၏။
ဒီလုဖေးအာကိုတော့ အသုံးဝင်တဲ့ ကိရိယာတစ်ခုအဖြစ်ပဲ လိမ်လိမ်မာမာ ထားထားရမည်။
ရွှီရှင်း ပင်မအိမ်ပေါ်က ဆင်းပြီး ကပ်ပါးအိမ် ၀၂ ထဲကို အရင်ဝင်လိုက်သည်။
လွန်ခဲ့နာရီပိုင်းက ပျက်စီးသွားတဲ့ အိမ်မှာ အခုတော့ အတော်လေး ပြန်ကောင်းနေပြီဖြစ်ပြီး မျက်နှာပြင်ပေါ်က အက်ကြောင်းတွေလည်း သေးသွားချေပြီ။
ဒီအတိုင်းဆို မနက်ဖြန် မနက်လောက်ဆိုလျှင် အပြည့်အဝ ပြန်ကောင်းသွားလောက်၏။
ဒီလို ပြုပြင်တဲ့ အရှိန်ကတော့ မဆိုးပါဘူး...။
ဒါပေမဲ့ အဲဒီအိမ်က အခုလောလောဆယ် သုံးလို့မရသေးတာကြောင့် ကပ်ပါးအိမ် ၀၁ ဆီကို သူ သွားလိုက်သည်။
ညဘက်ဖြစ်သော်လည်း ကြမ်းပြင်က အားသွင်းပေါက်ထဲမှာ ဗဟိုချက်က လင်းနေတာကြောင့် အထဲမှာတော့ မှောင်မနေချေ။
သူ လုဖေးအာကို ပြန်လွှတ်ပေးလိုက်သည်။
"အား... ရှင် လူလိမ်ကြီး"
လုဖေးအာက ခြေထောက်တွေကို ပွေ့ဖက်ပြီး ခွေခွေလေး ဖြစ်နေဆဲပင်။
လွတ်လာတာနဲ့ ရွှီရှင်းကို ဒေါသတကြီး စိုက်ကြည့်တော့သည်။
သူမက အဲဒီမှောင်မည်းနေတဲ့ နေရာကို တကယ်ပဲ စိတ်ဒဏ်ရာ ရနေတာလေ...။
"နင်က ငါ့ထက်တောင် ပိုပြီး သရုပ်ဆောင်ကောင်းပါသေးတယ်"
ရွှီရှင်းက မျက်လုံးလှန်ပြလိုက်ပြီး လက်ပတ်နာရီကို ပွတ်ကာ ကပ်ပါးအိမ် ၀၁ ရဲ့ ပိုင်ရှင်ကို လုဖေးအာလို့ ပြောင်းလိုက်သည်။
ပိုင်ရှင်အမည် ပြောင်းသွားပေမဲ့ ရွှီရှင်းကပဲ ဒီအိမ်ရဲ့ အရှင်သခင်အဖြစ် ရှိနေဦးမှာဖြစ်ပြီး လုပ်ဆောင်ချက် အားလုံးကို ပိတ်လို့၊ ဖွင့်လို့ ရသလို ပိုင်ရှင်ကိုလည်း အချိန်မရွေး ပြန်ပြောင်းလို့ ရ၏။
ဘာလို့လဲဆိုတော့ ဒီလုပ်ဆောင်ချက် အားလုံးကို ပင်မသစ်ပင်အိမ်မှာပဲ သတ်မှတ်လို့ ရတာဖြစ်ပြီး ပင်မအိမ်ရဲ့ ပိုင်ရှင်ကတော့ သူတစ်ယောက်တည်းပဲ ဖြစ်နေလို့ပင်။
"ကဲ... ဒီနေ့ကစပြီး ဒီအိမ်မှာပဲ ခဏနေတော့"
ရွှီရှင်းက သူမရဲ့ အရင်အိမ်က ယူလာတဲ့ အပြာရောင်အဆင့် ပရိဘောဂတွေကို ထုတ်ပြီး ပထမထပ်မှာ ဖြစ်သလို ချပေးလိုက်သည်။
"ဒီညတော့ ဒီအတိုင်းပဲ နေလိုက်ဦး၊ မနက်ဖြန် အင်အား ပြန်ပြည့်လာမှ ကိုယ့်ဘာသာ ပြန်စီစဉ်တော့"
"ရှင်... ရှင်ကတော့..."
လုဖေးအာမှာ ဒေါသထွက်လွန်းလို့ စကားတောင် မပြောနိုင်တော့ချေ။
"ဪ ဒါနဲ့၊ သစ်ပင်အိမ် မျက်နှာပြင်ကို စမ်းသုံးကြည့်ဦး၊ ဘယ်နယ်မြေရဲ့ ဆက်သွယ်ရေးလိုင်း ပေါ်နေလဲဆိုတာ ကြည့်ရအောင်"
ရွှီရှင်းက စေတနာနဲ့ ကုလားထိုင်တစ်လုံးကို မျက်နှာပြင်ရှေ့မှာ ချပေးလိုက်၏။
လုဖေးအာက သူ့ကို စိုက်ကြည့်နေသော်လည်း နောက်ဆုံးမှာတော့ လိမ်လိမ်မာမာပဲ ထိုင်လိုက်ပြီး အားမရှိသေးတဲ့ လက်ကလေးနဲ့ မျက်နှာပြင်ကို နှိပ်ကြည့်လိုက်သည်။
ရွှီရှင်း မျှော်လင့်ထားသလို မဖြစ်ဘဲ မျက်နှာပြင်မှာ ပေါ်နေတာက တောအုပ် ၁၈၈ နယ်မြေရဲ့ ဆက်သွယ်ရေးလိုင်း ဖြစ်နေသည်။
သူမရဲ့ မူလနယ်မြေ ၁၈၇ မဟုတ်ချေ။
"နှမြောစရာပဲ..."
ရွှီရှင်း ခေါင်းခါလိုက်၏။
ကြည့်ရတာ ဟိုဘက်က အိမ်ကိုတော့ လောလောဆယ် ထားခဲ့ရဦးပေမည်။
လုဖေးအာကတော့ ဆက်သွယ်ရေးလိုင်းကို မြင်တာနဲ့ မျက်လုံးပြူးသွားတော့သည်။
"နယ်မြေ ၁၈၈။ ကျွန်မက အခု နယ်မြေ ၁၈၈ က လူ ဖြစ်သွားတာလား။ ရှင်... ရှင်တို့ဆီမှာ လူ သုံးထောင်ကျော်တောင် ရှိနေတာလား။ မဟုတ်ဘူး... ကျွန်မတို့ဆီမှာပေါ့၊ အဖော်တွေ သုံးထောင်ကျော်တောင် ရှိနေတာပဲ။"
ဆက်သွယ်ရေးလိုင်းက လူဦးရေက သုံးထောင်ကျော် ရှိနေတာ မှန်ပေမဲ့၊ အဲဒီအရေအတွက်က သူ စောစောက မြင်ခဲ့တာထက် တစ်ယောက် ပိုနေတာကို ရွှီရှင်း သတိထားမိလိုက်သည်။
လုဖေးအာ နယ်မြေ ၁၈၈ ထဲကို ဝင်လာလို့ ဖြစ်ရမည်။
သူမ တကယ်ပဲ နယ်မြေပြောင်းသွားတာလား။
"အဲဒီမှာ တစ်ခုခု စမ်းပြောကြည့်ပါဦး"
ရွှီရှင်းက အကြံပေးလိုက်၏။
"အင်း"
သူမ နယ်မြေ ၁၈၈ နဲ့ ချိတ်ဆက်သွားပြီဆိုတာ သိလိုက်ရတော့ လုဖေးအာဟာ ပိုပြီး နာခံလာပုံရသည်။
သူမရဲ့ အနေအထားက ရွှီရှင်းနဲ့ တစ်ဖွဲ့တည်း ဖြစ်သွားပြီလို့ ခံစားလိုက်ရတာကြောင့် ဇွတ်ငြင်းနေဖို့ မလိုတော့ဘူးလို့ ထင်သွားတာကြောင့်ပင်။
လုဖေးအာ - "ဒီနေ့ ရာသီဥတုက တော်တော် သာယာတာပဲ"
သူမ ဆက်သွယ်ရေးလိုင်းမှာ စာပို့လိုက်တဲ့အခါ သူမရဲ့ နာမည်အတိုင်း ပေါ်လာချေပြီ။
သူမဟာ နယ်မြေ ၁၈၈ ရဲ့ ဆက်သွယ်ရေးလိုင်းမှာ သူမနာမည်နဲ့ တကယ်ပဲ စကားပြောလို့ ရနေတာပါလား...။
ရွှီရှင်းက သူမရဲ့ အရင်အိမ်နဲ့ ချိတ်ဆက်ထားတဲ့ နာရီကို ပြန်ထုတ်ပြီး နယ်မြေ ၁၈၇ ရဲ့ ဆက်သွယ်ရေးလိုင်းမှာ စမ်းပြီး စာရိုက်ကြည့်လိုက်သည်။
လုဖေးအာ - "အာ အာ"
သူမနာမည်က နယ်မြေ ၁၈၇ မှာလည်း ပေါ်နေတုန်းပင်။
"ထူးဆန်းလိုက်တာ၊ ဒါဆို သူမက နယ်မြေ ၁၈၈ က လူလား၊ ၁၈၇ က လူလား...။"
ခေတ္တစဉ်းစားပြီးနောက် ရွှီရှင်း နယ်မြေခွဲခြားမှုရဲ့ သဘောတရားကို အကြမ်းဖျင်း နားလည်သွားသည်။
ကြည့်ရတာ နယ်မြေခွဲခြားမှုဆိုတာ အသက်ရှင်ကျန်ရစ်သူနဲ့ မသက်ဆိုင်ဘဲ သစ်ပင်အိမ်တွေနဲ့ပဲ သက်ဆိုင်လောက်သည်။
အသက်ရှင်ကျန်ရစ်သူတစ်ယောက်ဟာ တခြားနယ်မြေမှာ သစ်ပင်အိမ် ရှိနေရင် အဲဒီနယ်မြေသား ဖြစ်သွားနိုင်၏။
"အသက်ရှင်ကျန်ရစ်သူရဲ့ နယ်မြေကို ပြောင်းလဲလို့ ရတာပါလား။"
ဒါပေမဲ့ ဒါဟာ ရိုးရှင်းပုံရပေမဲ့ အရင်းအနှီးတော့ အရမ်းကြီး၏။
ရွှီရှင်း လုဖေးအာရဲ့ အိမ်ကို ထိန်းချုပ်တုန်းက ပိုင်ရှင်ပြောင်းလို့ရတဲ့ ရွေးချယ်စရာ မတွေ့ခဲ့ချေ။
ဆိုလိုတာက ဗဟိုချက်နဲ့ ကာကွယ်ရေးစနစ်ပါတဲ့ မူလသစ်ပင်အိမ်တွေကတော့ ပိုင်ရှင်ပြောင်းလို့ မရချေ။
အဲဒီအိမ်တွေရဲ့ ပိုင်ရှင်ကတော့ စိုက်ခဲ့တဲ့သူပဲ ဖြစ်ရမည်။
ဒါကြောင့် တခြားနယ်မြေသားရဲ့ အိမ်ကို လုယူပြီး အဲဒီနယ်မြေသား ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပေ။
ယူလို့ရတာက သစ်ပင်အိမ်မျိုးစေ့ပဲ ရှိ၏။
နယ်မြေပြောင်းချင်ရင်တော့ တခြားနယ်မြေက ကပ်ပါးသစ်ပင်အိမ် ရှိမှ ဖြစ်မည်။
အကောင်းဆုံးနည်းကတော့ ကိုယ့်အိမ်ကို တခြားနယ်မြေမှာ လာစိုက်တာပင်။
ဒါပေမဲ့ ကပ်ပါးအိမ်ဆိုတာကလည်း အိမ်ရှင်အိမ်ရဲ့ ထိန်းချုပ်မှုကို ခံရ၏။
ဆိုလိုတာက နယ်မြေပြောင်းချင်တဲ့သူဟာ တခြားသူရဲ့ လက်အောက်ခံ ဖြစ်သွားခြင်းပင်။
"မဟုတ်ဘူး... အဲဒီလိုပဲ ဖြစ်ရမယ်လို့ မဆိုလိုဘူး။"
ရွှီရှင်းက သူ့ရှေ့မှာ နယ်မြေ ၁၈၈ ရဲ့ ဆက်သွယ်ရေးလိုင်းကို စိတ်ဝင်တစား ကြည့်နေတဲ့ လုဖေးအာကို လှမ်းကြည့်လိုက်၏။
သူမဟာ အခုဆိုလျှင် နယ်မြေနှစ်ခုလုံးက လူလို့ သတ်မှတ်လို့ ရနေချေပြီ။
သူမရဲ့ အိမ်ကလည်း မပျက်စီးသေးသလို၊ ရွှီရှင်းကလည်း သူမကို ကပ်ပါးအိမ် တစ်လုံး ပေးထားတာကြောင့် သူမဟာ နယ်မြေနှစ်ခုမှာ အိမ်ရှိနေ၏။
ဒါပေမဲ့ ဒီအိမ်နှစ်လုံးစလုံးရဲ့ တကယ့် ထိန်းချုပ်သူကတော့ ရွှီရှင်းပင်။
ရိုးရိုးလေး ပြောရလျှင် သစ်ပင်အိမ်ဆိုတာ နေထိုင်ခွင့်ရတဲ့ အိမ်တစ်လုံးလိုဖြစ်ပြီး၊ အသက်ရှင်ကျန်ရစ်သူကတော့ အိမ်အများကြီး ပိုင်ဆိုင်နိုင်တဲ့ လူတစ်ယောက်လိုပင်။
ဒါပေမဲ့ နယ်မြေအများကြီးမှာ ပါဝင်ဖို့ကတော့ ခက်ခဲ၏။
ဘယ်သူကမှ အပင်ပန်းခံ ရထားတဲ့ ကပ်ပါးအိမ်မှာ တခြားနယ်မြေက လူကို လာနေခွင့် ပေးမှာ မဟုတ်ပေ။
အကျဉ်းချုပ်ရလျှင်တော့ သူဟာ တခြားနယ်မြေက အသက်ရှင်ကျန်ရစ်သူတွေကို နယ်မြေ ၁၈၈ ရဲ့ လူတွေဖြစ်အောင် ပြောင်းလဲပေးလို့ ရနေပြီဖြစ်သည်။
သူတို့ရဲ့ အိမ်တွေကို သူ့နယ်မြေထဲမှာ ကပ်ပါးအိမ်အဖြစ် လာစိုက်ခိုင်းပြီး ပိုင်ရှင်အမည် ပြန်ပေးလိုက်ရုံပင်။
ဒါပေမဲ့ သူတို့နယ်မြေမှာတော့ သူတို့က လွတ်လပ်တဲ့သူတွေ ဖြစ်ပေမဲ့၊ နယ်မြေပြောင်းလိုက်လျှင်တော့ ကန့်သတ်ချက်တွေရှိတဲ့ လက်အောက်ခံတွေပဲ ဖြစ်သွားမှာပင်။
နယ်မြေတွေကို ပေါင်းစည်းနိုင်တဲ့ နည်းလမ်း ရှိနေပြီဆိုပေမဲ့ ဒါဟာ ထင်သလောက်တော့ မလွယ်ကူလှချေ။
---
အခန်း ၂၁၅ ပြီး။
အခန်း (၂၁၆) - လုဖေးအာ၏ လျှို့ဝှက်ချက်
"ကဲ... လောလောဆယ်တော့ နင် ဒီမှာပဲ နေဦး"
ရွှီရှင်းက ဆက်သွယ်ရေးလိုင်းကို စိတ်ဝင်တစား ကြည့်နေဆဲဖြစ်တဲ့ လုဖေးအာကို ပြောလိုက်သည်။
"ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့ ၊ နင် ဘယ်နားရောက်နေလဲဆိုတာ ငါ အချိန်မရွေး သိနိုင်တယ်။ တကယ်လို့ နင် ထွက်ပြေးလို့ ငါ ပြန်ဖမ်းမိရင်တော့ အဲဒီလက်ပတ်ထဲမှာပဲ ထာဝရ နေရလိမ့်မယ်"
ဒီစကားကို ပြောရင်းနဲ့ ရွှီရှင်းကိုယ်တိုင်တောင် တစ်မျိုးကြီး ဖြစ်သွားရ၏။
"ဘာလို့ ငါ့စကားတွေက လူဆိုးကြီးတွေ ပြောတဲ့အတိုင်း ဖြစ်နေရတာလဲဟ။"
လုဖေးအာကတော့ လက်ပတ်အကြောင်း ကြားတာနဲ့တင် တုန်လှုပ်သွားပြီး အသည်းအသန် ခေါင်းငြိမ့်ပြရှာသည်။
"နားလည်ပါပြီ၊ ကျွန်မ မပြေးပါဘူး"
သူမမှာ အစကတည်းက ထွက်ပြေးချင်တဲ့ စိတ်မရှိချေ။
အခု လက်ပတ်ထဲမှာ ပိတ်လှောင်ခံရမယ်ဆိုတဲ့ စကားကို ကြားလိုက်ရတော့ အဲဒီစိတ်ကူးလေးတောင် လုံးဝ ပျောက်သွား၏။
"နင့်ရဲ့ နာရီကိုတော့ ငါပဲ ခဏသိမ်းထားမယ်၊ နင့်ရဲ့ အပြုအမူအပေါ် မူတည်ပြီးမှ ပြန်ပေးမယ်"
"နာရီ ဟုတ်လား။ ဪ ဒါနဲ့ ကျွန်မရဲ့ အဲဒီနာရီက နယ်မြေ ၁၈၇ နဲ့ ချိတ်ဆက်လို့ ရသေးလားဟင်"
လုဖေးအာက စပ်စုကြည့်သည်။
"အင်း ရတယ်"
"ဒါဆို ကျွန်မရဲ့ အရင်အိမ်က ဆက်သွယ်ရေးလိုင်းကို သုံးလို့ရသေးတာပေါ့"
လုဖေးအာ မျက်လုံးလေးတွေ တောက်ပသွားပြီး ရွှီရှင်းကို အကြံပေးတော့သည်။
"ဟေး... ကျွန်မအိမ်ကို သုံးပြီး နယ်မြေ ၁၈၇ က ကုန်ကြမ်းတွေကို လဲလှယ်ဖို့ စဉ်းစားဖူးလား။ သူတို့ဆီက ကုန်ကြမ်းတွေကို ငါတို့ဘက် ပါအောင်လုပ်ရင် နယ်မြေ ၁၈၇ က အင်အားချည့်နဲ့သွားပြီး ငါတို့ နယ်မြေ ၁၈၈ က ပိုသန်မာလာမှာ မဟုတ်လား"
ရွှီရှင်းမှာလည်း ဒီလို အကြံမျိုး ရှိပြီးသားပင်။
တောင်ကုန်းဒေသက ဆားတွင်းဂူကို သွားကြည့်ဖို့ သူ စီစဉ်ထား၏။
သစ်ပင်အိမ် အဆင့်မြှင့်ပြီး ကာကွယ်ရေးနယ်မြေတွေ ကျယ်လာပြီးနောက် အဲဒီနေရာက ပုံမှန် ပြန်ဖြစ်သွားပြီလားဆိုတာ သိချင်နေ၏။
အကယ်၍ ဆားတွေ ဆက်တူးလို့ ရမယ်ဆိုရင်တော့ ဆားကို သုံးပြီး နယ်မြေ ၁၈၇ ဆီက ကုန်ကြမ်းတွေကို အများကြီး သိမ်းကျုံးယူလို့ ရလောက်၏။
ဒါပေမဲ့ လုဖေးအာဆီကနေ ဒီလို နည်းဗျူဟာမျိုး ကြားရလိမ့်မယ်လို့ သူ မထင်ထားခဲ့ချေ။
"အမယ်... အခုကျတော့ ငါတို့ နယ်မြေ ၁၈၈ ဖြစ်သွားပြီပေါ့၊ ဘက်ပြောင်းတာ တော်တော် မြန်တာပဲ။ နင့်ရဲ့ ခေါင်းဆောင် ကျန်းတောက်ကွမ်က နင့်အသက်ကို ကယ်ခဲ့တာ မဟုတ်လား"
ရွှီရှင်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားရ၏။
ဒီမိန်းမ သစ္စာဖောက်ပုံက ဘာအစအနမှ မကျန်အောင်ကို ချောမွေ့လွန်းလှသည်။
အစကတည်းက နယ်မြေ ၁၈၈ က လူလိုပါပဲလား။
"သစ္စာဖောက်တာ မဖောက်တာထက်၊ သူက ကျွန်မအသက်ကို ကယ်ခဲ့သလို ကျွန်မကလည်း နယ်မြေ ၁၈၈ က လူတစ်ယောက်ကို သတ်ပေးခဲ့တာပဲလေ။ ကျေသွားပြီ၊ ကျွန်မ သူ့အပေါ် ဘာကြွေးမှ မရှိတော့ဘူး"
လုဖေးအာက အေးဆေးစွာပဲ ပြောလိုက်သည်။
"ဒါ့အပြင် အဲဒီကိစ္စကြောင့်ပဲ ကျွန်မ အခုလို အခြေအနေမျိုး ရောက်ခဲ့ရတာလေ"
ပြောရင်းနဲ့ သူမက ရွှီရှင်းကို ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်လုံးလေးတွေနဲ့ လှမ်းကြည့်လိုက်၏။
"ပြီးတော့ အခု ကျွန်မက နယ်မြေ ၁၈၈ ရဲ့ အစိတ်အပိုင်း ဖြစ်နေပြီ မဟုတ်လား။ ကျွန်မ ရှင်သန်ဖို့အတွက် နယ်မြေ ၁၈၈ ကို ကူညီရမှာပေါ့"
သူမက နယ်မြေ ၁၈၈ ရဲ့ ဆက်သွယ်ရေးလိုင်း ပေါ်နေတဲ့ မျက်နှာပြင်ကို လက်ညှိုးထိုးပြရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"နေဦး... နာရီက သုံးလို့ရသေးတယ်ဆိုတော့၊ ကျွန်မက... နယ်မြေ ၁၈၇ ကရော မဟုတ်တော့ဘူးလား။ ကျွန်မက တကယ်တော့ ဘယ်နယ်မြေကလဲဟင်"
လုဖေးအာ ကိုယ့်ဘာသာတောင် ဇဝေဇဝါ ဖြစ်နေရှာသည်။
"နင်က အခု နယ်မြေ ၁၈၈ က လူပဲ၊ ဘာလို့လဲဆိုတော့ ငါက နယ်မြေ ၁၈၈ က လူ ဖြစ်နေလို့။"
ရွှီရှင်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြရင်း...
"ငါ သေရင် နင်လည်း သေမှာ။ နားလည်လား"
"နားလည်ပါပြီ"
လုဖေးအာ ခေါင်းငြိမ့်လိုက်သော်လည်း သူမရဲ့ မျက်လုံးတွေကတော့ တစ်ခုခုကို ကြံစည်နေသလိုမျိုး လှုပ်ရှားနေ၏။
"ဪ... ဒါနဲ့၊ အဲဒီအလုံးကို တစ်ချက်လောက် ထုတ်ပေး"
ရွှီရှင်းက ကြမ်းပြင်ပေါ်က သစ်ပင်အိမ် ဗဟိုချက်ကို ညွှန်ပြလိုက်သည်။
"ဒါလား။ ကျွန်မ ဒါကို ဖြုတ်ပြီး ကြည့်ချင်နေတာ ကြာပြီ... ဟင် ဘာဖြစ်တာလဲ"
လုဖေးအာက ကြမ်းပြင်ပေါ်မှာ လင်းနေတဲ့ ဗဟိုချက်ကို စိတ်ဝင်တစားနဲ့ လှမ်းဖြုတ်ဖို့ ကြိုးစားသော်လည်း လုံးဝ မလှုပ်ပေ။
အဲဒီ ဗဟိုချက်က ခပ်ချောင်ချောင်လေး တပ်ထားတာဖြစ်ပြီး အသာလေး ထိလိုက်ရုံနဲ့တင် စက်သီးလေးတစ်ခုလို ချောချောမွေ့မွေ့ လည်သွားကာ ရွှီရှင်းကတော့ အလွယ်တကူပဲ ယူလိုက်တော့သည်။
"...ကျွန်မကျတော့ ဘယ်လိုမှ ဖြုတ်လို့ မရပါလား"
လုဖေးအာမှာတော့ စကားတောင် မပြောနိုင်ချေ။
ရွှီရှင်းက သူမကို မယုံပေ။
နောက်တစ်ခါ သရုပ်ဆောင်နေတာများလားလို့ စိုးရိမ်နေ၏။
သူက ဗဟိုချက်ကို ပြန်တပ်လိုက်ပြီး လုဖေးအာရဲ့ လက်မောင်းကို ဆွဲကာ သူမရဲ့ လက်နဲ့ လင်းနေတဲ့ ဗဟိုချက်ကို သွားထိခိုင်းလိုက်သည်။
"ဟေး... ဘာလုပ်တာလဲ"
ထင်ထားတဲ့အတိုင်းပင် လုဖေးအာရဲ့ လက်နဲ့ ထိလိုက်တဲ့အခါ ဘယ်လောက်ပဲ အားစိုက်စိုက် ဗဟိုချက်က လှုပ်တောင် မလှုပ်ချေ။
"အခု လွှတ်ပေးလို့ ရပြီလားဟင်။ ရှင် ကိုင်ထားတာ အရမ်း နာနေပြီ"
လုဖေးအာ မျက်ရည်လေးတွေ ဝိုင်းလာပြီး ငိုတော့မယ့် ပုံစံမျိုး ဖြစ်လာပြန်သည်။
"သရုပ်ဆောင်မနေနဲ့"
ရွှီရှင်း သူမကို လွှတ်ပေးလိုက်ပြီး မေးစေ့ကို ပွတ်ရင်း စဉ်းစားနေမိသည်။
သူက လုဖေးအာကို သစ်ပင်အိမ် ပိုင်ရှင်အဖြစ် သတ်မှတ်ပေးထားပေမဲ့၊ ဗဟိုချက်ကိုတော့ သူကိုယ်တိုင်ပဲ တပ်လို့ ဖြုတ်လို့ ရသည်။
စဉ်းစားကြည့်လျှင်တော့ တန်ဖိုးရှိတဲ့ ဒီပစ္စည်းကို တခြားသူတွေက စိတ်ကြိုက် ဖြုတ်လို့ ရနေမယ်ဆိုလျှင် ကပ်ပါးအိမ် သုံးတဲ့သူတွေက အလွဲသုံးစား လုပ်သွားနိုင်၏။
လုဖေးအာသာ ဗဟိုချက်ကို ဖြုတ်လို့ ရမယ်ဆိုလျှင် အဲဒါကို သူ အရင် ပြန်ယူထားဖို့ စဉ်းစားခဲ့၏။
ဘာပဲဖြစ်ဖြစ် သူ့မှာ အခု သံမဏိတွေ ရှိနေပြီဖြစ်လို့ သူမအတွက် မြေပြင်ပေါ်မှာ အိမ်အသေးလေး တစ်လုံး ဆောက်ပေးပြီး ဒီကပ်ပါးအိမ်ကိုတော့ ဥဖောက်စက် အဖြစ်ပဲ သုံးဖို့ပင်။
ဒါပေမဲ့ အခုတော့ အဲဒီလို လုပ်စရာ မလိုတော့တဲ့ ပုံပင်။
"ကဲလေ... ငါ ပြန်တော့မယ်။ တစ်ခုခု ရှိရင် မနက်ဖြန်မှ ဆွေးနွေးကြတာပေါ့"
ရွှီရှင်းက လုဖေးအာကို ပြောလိုက်၏။
သူမက အခု လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်သေးဘဲ မနက်ဖြန် ညကျမှ အားပြန်ပြည့်မှာမို့လို့၊ သူမ တစ်ခုခု ကြံစည်မှာကို သူ မစိုးရိမ်ချေ။
ရွှီရှင်း ပြန်ဖို့ ပြင်လိုက်တဲ့အခါ လုဖေးအာက ချက်ချင်းပင် ပျာပျာသလဲ ဖြစ်သွားပြီး ကုလားထိုင်ပေါ်က ထဖို့ ကြိုးစားပေမဲ့ အားမရှိတာကြောင့် ကြမ်းပြင်ပေါ်ကို ပျော့ခွေကျသွားကာ နာကျင်တဲ့ အသံလေး ပြုလိုက်ရှာသည်။
သူမက ရွှီရှင်းရဲ့ ဘောင်းဘီစကို ဆွဲထားပြီး သနားစရာကောင်းအောင် တောင်းပန်တော့သည်။
"ကျွန်မမှာ အခု တကယ် အားမရှိသေးဘူး။ ကျွန်မကို ဒီမှာပဲ တကယ် ထားခဲ့တော့မှာလားဟင်။ ဒီအိမ်က ၃ မီတာပဲ မြင့်တာလေ၊ တစ်ယောက်ယောက် လာရင် ကျွန်မ ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဒီမှာက ကျဉ်းကျဉ်းလေးနဲ့ မှောင်လည်း မှောင်တယ်၊ ကျွန်မ..."
အခုထိ သရုပ်ဆောင်နေတုန်းပင်။
ဒါပေမဲ့ သူမ ပြောတာလည်း မှန်ပါ၏။
အကယ်၍ အန္တရာယ် တစ်ခုခု ဖြစ်လာခဲ့လျှင် ကိုင်တွယ်ရ ခက်နိုင်သည် မဟုတ်ပါလား။
ရွှီရှင်း ခေတ္တစဉ်းစားပြီးနောက် ပြတင်းပေါက်နားကို သွားကာ ပင်မသစ်ပင်အိမ်ဘက်ကို လှမ်းခေါ်လိုက်သည်။
"အာဖု... ဒီကို လာခဲ့ဦး"
အာဖုက စူးစူးဝါးဝါး အော်သံပြုပြီး တောင်ပံတွေကို ခတ်ကာ ပင်မအိမ်ကနေ ပျံလာပြီး ပြတင်းပေါက်ကနေတစ်ဆင့် သူ့ပခုံးပေါ်ကို ဆင်းသက်လိုက်သည်။
"ဗီဇပြောင်း လင်းနို့လား။ နာမည်က အာဖု တဲ့လား။ ဘာလို့ သူ့ကို ခေါ်လိုက်တာလဲ"
လုဖေးအာက ကြွက်နဲ့တူတဲ့ အဲဒီ လင်းနို့ကြီးကို မြင်တော့ အလိုအလျောက် ရှောင်ချင်သော်လည်း စာချုပ်ကြောင့် အာဖုအပေါ်မှာ ရင်းနှီးတဲ့ ခံစားချက်လေး တစ်ခု ဖြစ်ပေါ်လာပြန်သည်။
"အာဖု... ဒီည ဒီမှာပဲ နေပေးဦး။ တစ်ခုခု ဖြစ်ရင် ငါ့ကို အချက်ပေး"
ရွှီရှင်းက အာဖုရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်ရာ၊ အာဖုကလည်း တစ်ချက် အော်ပြီး ပြတင်းပေါက် ဘောင်ပေါ်မှာ နားလိုက်တော့သည်။
"ကဲ... အခုဆိုရင် နင် ကြောက်စရာ မလိုတော့ဘူးပေါ့"
ရွှီရှင်းက မြေပေါ်မှာရှိတဲ့ လုဖေးအာကို လှည့်ပြောလိုက်၏။
"ကျွန်မ... ရှင်..."
လုဖေးအာ စိတ်တိုလာပြီး အသက်ကို ဝဝရှူလိုက်ကာ သနားစရာကောင်းတဲ့ ပုံစံနဲ့ သူ့ဆီကို တွားသွားလိုက်ပြီး..
"ဒါပေမဲ့ ကျွန်မက သခင်နဲ့ပဲ အမြဲတူတူ နေချင်တာကို..."
"ဪ... အဲဒီလိုလား"
ရွှီရှင်းက ဘာအမူအရာမှ မပြဘဲ ရှေ့တိုးလာကာ သူ့ရဲ့ ဘယ်ဘက်လက်ကို သူမဆီ ကမ်းလိုက်သည်။
"ဒါဆိုလည်း လက်ပတ်ထဲကို ဝင်လိုက်လေ။ ဒီလက်ပတ်က ငါ့ကိုယ်မှာ အမြဲရှိနေတာဆိုတော့ အထဲဝင်ရင် ငါနဲ့ အမြဲတူတူ ရှိနေမှာပေါ့"
လုဖေးအာ မျက်နှာ ချက်ချင်း ပျက်သွားပြီး နောက်ကို အမြန်ဆုတ်သွားတော့သည်။
"ဟင့်အင်း... မလုပ်နဲ့..."
"ငါနဲ့ အမြဲတူတူ နေချင်တယ် ဆို"
"ကျွန်မ သရုပ်ဆောင်တာပါ၊ ကျွန်မ လျှောက်ပြောမိတာပါ၊ ကျွန်မ မှားသွားပါတယ်"
ရွှီရှင်းရဲ့ ဘယ်ဘက်လက်က သူမကိုယ်ကို ထိတော့မယ့် အချိန်မှာပဲ လုဖေးအာက ငိုသံပါကြီးနဲ့ အော်ဟစ်တော့သည်။
ဒီတစ်ခါတော့ သူမ တကယ်ကို ကြောက်သွား၏။
ရွှီရှင်း လက်ကို ပြန်ရုပ်လိုက်ပြီး နံရံအထိ ဆုတ်သွားတဲ့ လုဖေးအာကို ကြည့်ကာ...
"နောက်ဆိုရင် ငါ့ရှေ့မှာ လာပြီး သရုပ်ဆောင်မနေနဲ့၊ မဟုတ်ရင် လက်ပတ်ထဲမှာပဲ သွားနေရလိမ့်မယ်"
"ကျွန်မ... ကျွန်မ နားလည်ပါပြီ၊ နောက် မလုပ်တော့ပါဘူး..."
လုဖေးအာက ခေါင်းလေးငုံ့ပြီး တိုးတိုးလေး ပြောရှာသည်။
ဒီလက်ပတ်ရဲ့ ခြောက်လှန့်နိုင်စွမ်းကတော့ တကယ်ကို အားကောင်းလှသည်။
အခုတော့ ရွှီရှင်းက လက်ပတ်ထဲက ဟင်းလင်းပြင်အကြောင်းကို ပိုပြီး စပ်စုချင်လာရသည်။
လုဖေးအာ ပြောပြတဲ့ မှောင်မည်းပြီး ဘာမှမရှိတဲ့ နေရာဆိုတာကို သူ မြင်ယောင်ကြည့်လို့ မရပေ။
အခွင့်သာရင်တော့ သူကိုယ်တိုင် ဝင်ကြည့်ချင်မိသည်။
ဒါပေမဲ့ လုဖေးအာကို ပင်မသစ်ပင်အိမ်မှာ ပေးနေလို့တော့ မဖြစ်ချေ။
အဲဒီမှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ထူးခြားတဲ့ စင်မြင့်တွေ အများကြီး ရှိနေတာကိုး။
အထူးသဖြင့် သူ အနုပညာ အလုပ်တွေ လုပ်နေတဲ့ အချိန်မှာဆိုရင် စိတ်က လုံးဝ နစ်မျောနေတတ်တာကြောင့် ပတ်ဝန်းကျင်က အပြောင်းအလဲတွေကို သတိထားမိမှာ မဟုတ်ပေ။
ဒီမိန်းမကို အိမ်ထဲ ခေါ်ထားတာက အိမ်ထဲကို ဝံပုလွေ ဖိတ်ခေါ်သလိုမျိုး ဖြစ်နေလောက်သည်။
စာချုပ်ချုပ်ထားရင်တောင်မှ သူမ တစ်ခုခု ထပ်လုပ်မှာကို သူ စိုးရိမ်နေတုန်းပင်။
လုဖေးအာ ခေါင်းမော့ကြည့်လိုက်တဲ့ အခါမှာတော့ သူမရှေ့မှာ ဘယ်သူမှ မရှိတော့ချေ။
ပြတင်းပေါက် ဘောင်ပေါ်မှာ နားနေတဲ့ လင်းနို့ကြီး တစ်ကောင်ပဲ ကျန်ခဲ့၏။
သူမ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
တကယ်ကို အသည်းယားလောက်အောင် ကြောက်ခဲ့ရ၏။
ဒါပေမဲ့ ရွှီရှင်းကို မမြင်ရတော့တဲ့ အခါမှာတော့ သူမဟာ တစ်ခုခု လိုအပ်နေသလို ခံစားရပြီး၊ မိဘတွေကို ရှာမတွေ့တဲ့ ကလေးတစ်ယောက်လိုမျိုး စိတ်ဂဏာမငြိမ် ဖြစ်လာပြန်သည်။
"ဒီစာချုပ်ရဲ့ စွမ်းအားက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ..."
သူမ တိုးတိုးလေး ရေရွတ်လိုက်မိ၏။
ကံကောင်းတာက သူမ လျှို့ဝှက်ချက်တစ်ခုကိုတော့ ထိန်းထားနိုင်ခဲ့ပါသေးသည်။
အဲဒီလူက ဆေးလုံးတွေ ဘယ်ကရလဲ ဘယ်နှလုံး ကျန်သေးလဲဆိုတာပဲ မေးခဲ့ပြီး အသေးစိတ် ထပ်မမေးခဲ့ချေ။
အကယ်၍ သူသာ ဒီဆေးလုံးတွေကို နင် လုပ်နိုင်လား ဒါမှမဟုတ် ဒီဆေးလုံးတွေကို ဘယ်လိုရနိုင်မလဲ သိလား လို့သာ မေးခဲ့ရင်တော့၊ သူမရဲ့ အခုလို နာခံနေရတဲ့ အခြေအနေနဲ့ဆိုလျှင် အမှန်အတိုင်း အကုန် ဖြေမိမှာ သေချာသည်။
"ကျွန်မ လုပ်နိုင်တယ်၊ ရှင် ကုန်ကြမ်းတွေ ပေးမယ်ဆိုရင် ရှင့်အတွက် လုပ်ပေးနိုင်တယ်" လို့ သူမ ပြောမိမှာ သေချာ၏။
သူမရဲ့ အင်္ကျီလည်ပင်းကို ဆွဲကြည့်ရင်း ကိုယ်ပေါ်က သွေးရောင်အစင်းကြောင်းတွေကို ကြည့်ကာ လုဖေးအာ သက်ပြင်းချလိုက်သည်။
သူမဟာ တကယ်ပဲ ဗီဇပြောင်းသွားခဲ့ပြီဖြစ်လို့ အရင်အတိုင်း ပြန်ဖြစ်ဖို့ကတော့ မလွယ်တော့ချေ။
ဒီအစင်းကြောင်းတွေက သေတဲ့အထိ ငါနဲ့အတူ ရှိနေတော့မှာလားမသိဘူး....။
သူက ဗီဇပြောင်းသတ္တဝါတွေကို စာချုပ်ချုပ်နိုင်တဲ့ စွမ်းအား ရှိတယ်လို့ ပြောခဲ့တာပဲ...။
သူတို့ နှစ်ယောက်သာ ပူးပေါင်းမယ်ဆိုလျှင် သူဟာ တကယ့် ကျွန်ပိုင်ရှင်ကြီး ဖြစ်သွားနိုင်၏။
ဒီစာချုပ်ရဲ့ အာနိသင်ကို သူမထက် ပိုသိတဲ့သူ မရှိပေ။
သူမရဲ့ လက်ရှိ အခြေအနေအရ ရန်သူက သေနတ်နဲ့ ချိန်ပြီး သစ္စာဖောက်ခိုင်းရင်တောင် သူမ လုပ်မှာ မဟုတ်တော့ပေ။
ဒီလို တွက်ကြည့်ရင်တော့ ဒါက သိပ်မဆိုးလှပေ။
ဘာပဲဖြစ်ဖြစ် သူမက အခု သူ့လူ ဖြစ်နေပြီဖြစ်တာကြောင့် သူ သန်မာလာတာက သူမရဲ့ ရှင်သန်နှုန်းကိုလည်း မြင့်တက်စေမှာ မဟုတ်ပါလား။
"မဟုတ်ဘူး၊ မဟုတ်ဘူး ငါ ဘာလို့ သူ့လူဖြစ်ရတာကို အလွယ်တကူ လက်ခံနေရတာလဲ၊ ငါ စာချုပ်ကို ဖျက်ပြီး ထွက်ပြေးဖို့ အခွင့်အရေး ရှာရဦးမှာလေ။ သူသာ ပိုသန်မာလာရင် ငါကတော့ ပိတ်ထားခံရမှာပေါ့"
"လုဖေးအာ... နင်က တကယ်ပဲ တစ်သက်လုံး သူတစ်ပါးရဲ့ ကျွန်အဖြစ် နေချင်လို့လား"
"တောက်... ဒီစာချုပ်ကတော့ တကယ်ပဲ စိတ်ကို လွှမ်းမိုးနေတာပဲ။ တကယ့်ကို ဦးနှောက်ဆေးခံထားရသလိုပါပဲလား"
လုဖေးအာ ခေါင်းကို အားရပါးရ ခါယမ်းလိုက်ရင်း ပြတင်းပေါက်က လင်းနို့ကြီးကို လှမ်းကြည့်လိုက်သည်။
အဲဒီ လင်းနို့ကြီးရဲ့ မျက်လုံးလေးတွေက သူမကို သနားတဲ့ ပုံစံနဲ့ ကြည့်နေသလို သူမ ခံစားလိုက်ရ၏။
"...နင်လည်း အဲဒီလက်ပတ်ထဲကို ရောက်ဖူးလား"
သူမ အားယူပြီး ထရပ်လိုက်ရာ အခုတော့ အလွယ်တကူပဲ ထနိုင်တာကို တွေ့ရသည်။
အာဖုကို သူမ လှမ်းမေးလိုက်ခြင်း ဖြစ်၏။
သူမရဲ့ ကိုယ်ခန္ဓာက လက်ပတ်ထဲက ထွက်လာတုန်းကလောက် မအားနည်းတော့ချေ။
အပြေးပြိုင်ဖို့တော့ ခက်ဦးမယ်ဆိုပေမဲ့ ပုံမှန် လမ်းလျှောက်လို့တော့ ရနေပြီဖြစ်သည်။
စောစောက သူမ မတ်တပ်တောင် မရပ်နိုင်သလို ဟန်ဆောင်နေခဲ့တာလေ။
ဒါကြောင့်လည်း သူမက ပင်မသစ်ပင်အိမ်မှာ သွားနေချင်ခဲ့တာပါ။
အဲဒီလို အခြေအနေမျိုးပြမှ အဲဒီလူက သတိလျော့မှာဖြစ်ပြီး၊ သူမဘက်ကလည်း သူ့ကို အနည်းဆုံးတော့ အကဲခတ်လို့ ရမှာ မဟုတ်လား။
ဒါပေမဲ့ သူက သူမ ထင်ထားတာထက် ပိုပြီး သတိကြီးလွန်းလှသည်။
သူမကို စာချုပ်ချုပ်ပြီး မလွန်ဆန်နိုင်အောင် လုပ်ထားတာတောင်မှ ပင်မအိမ်မှာ ပေးမနေပေ။
သူက ဒီစာချုပ်ရဲ့ တကယ့် အာနိသင်ကို အပြည့်အဝ နားမလည်သေးတာလားမသိဘူး။
ဒီအချက်ကိုတော့ သူမ အသုံးချလို့ ရနိုင်၏။
အာဖုက မျက်လုံးလေးတွေ ကလည်ကလည် လုပ်ရင်း၊ တစ်ချက် အော်မြည်ကာ ခေါင်းညိမ့်ပြလိုက်သည်။
ဟုတ်တာပေါ့...ဗီဇပြောင်းသတ္တဝါ အချင်းချင်းဆိုမှတော့ သူမ တစ်ယောက်တည်းပဲ အထဲရောက်ဖူးတာ မဖြစ်နိုင်ချေ။
"ငါတို့တွေက တကယ် သနားဖို့ ကောင်းပါတယ်၊ ဒီလို ရက်စက်တဲ့ သခင်နဲ့မှ လာတိုးရတယ်လို့"
လုဖေးအာ ချက်ချင်းပဲ အဖော်ရသွားသလိုမျိုး မျက်ရည်လေးတွေ ဝိုင်းလာကာ အာဖုဆီ လျှောက်သွားပြီး အာဖုရဲ့ လက်သည်းလေးကို ဆုပ်ကိုင်လိုက်ပါတော့သည်။
...
အခန်း ၂၁၆ ပြီး။