← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 15 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 15 Ch. 217-218

အခန်း (၂၁၇) - ငါတို့အခု တွေ့လို့ရပြီလား

သူတို့ စူးစမ်းရှာဖွေသူများ အနေနဲ့ အခု လှုပ်ရှားဖို့ လိုအပ်နေလေပြီ။

အိမ်နီးချင်း နယ်မြေကလူတွေ သူတို့ နယ်မြေထဲအထိ လာပြီး တစ်နေကုန် နှောင့်ယှက်နေတာကို ဘာမှပြန်မလုပ်ဘဲ ကြည့်နေဖို့က မသင့်တော်ချေ။

ဒီအချိန်မှာတော့ နယ်မြေ ၁၈၈ ရဲ့ ဆက်သွယ်ရေးလိုင်းမှာ ထိတ်လန့်မှုတွေ စတင် ပျံ့နှံ့နေချေပြီ။

"ဒီနေ့ လူတစ်ဒါဇင်ကျော် သေသွားပြီ။ ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီနေ့ ဘာလို့ လူတွေ သေနေရတာလဲ"

"တစ်ယောက်ယောက်က သတ်လိုက်တာ ဖြစ်ရမယ်။ သူတို့က တခြားအိမ်တွေဆီက ကုန်ကြမ်းတွေကို လုနေကြတာ"

"ဒီနယ်မြေက လူပဲလား။ နင်တို့ထဲက တစ်ယောက်ယောက်လား"

"အချင်းချင်း ရန်မဖြစ်ကြနဲ့ဦး၊ အစ်ကိုကြီးရွှီ ပြောပြီးသားပဲလေ၊ တခြားနယ်မြေကလူတွေ ငါတို့နယ်မြေထဲ ဝင်လာနေကြတာမို့ အားလုံး စည်းစည်းလုံးလုံးနဲ့ ခုခံကြရမယ်"

"ပြင်ပရန်ကို တားဆီးဖို့ဆိုတာ အရင်ဆုံး ပြည်တွင်းကို ငြိမ်အောင်လုပ်ရမယ်။ ဒါ နင်တို့တွေပဲ လုပ်နေတာ မဟုတ်ဘူးလို့ ဘယ်သူ သိမှာလဲ"

"တောက်... ငါ ဒီည မအိပ်တော့ဘူး၊ ဘယ်သူ လာရဲလဲ ကြည့်ရသေးတာပေါ့။ ငါ စူးစမ်းရှာဖွေသူများ ဆီကနေ မြှားသေနတ်ကြီး တစ်လက် ဝယ်ထားတယ်၊ ဘယ်သူလာလာ အသေပစ်မှာ"

"စူးစမ်းရှာဖွေသူများ အဖွဲ့ထဲက ထိပ်တန်းလူတွေက လူလိုက်သတ်နေတာဆိုရင်ရော..."

"နင် ရူးနေလား။ အဲဒီ ထိပ်တန်းလူတွေသာ မရှိရင် နင် မနေ့ညကတည်းက သေနေပြီ။ နင့်အသက်ကို ကယ်ခဲ့ပြီးမှ အခုမှ ပြန်သတ်ပါ့မလား"

"နင် ပြောတာလည်း ဟုတ်တာပဲ၊ ဒါဆိုရင်တော့ ငါ စိတ်အေးသွားပြီ။ အဲဒီ ထိပ်တန်းလူတွေသာ မဟုတ်ရင် ငါ ဘယ်သူ့ကို ကြောက်နေရမှာလဲ။ ဘယ်သူလာလာ အသေပဲ"

ဒါကတော့ ကောင်းတဲ့ အရိပ်အယောင် မဟုတ်ပေ။

ဘာလို့လဲဆိုတော့ သူတို့ဟာ တကယ့်တော့ တခြားနယ်မြေကလူတွေရဲ့ ဝိုင်းရံခြင်းကို ခံနေရတာကို မသိကြသေးလို့ပင်။

အကုန်လုံးက ကိုယ့်နယ်မြေသား အချင်းချင်းပဲ သံသယ ဝင်နေကြ၏။

ဒါတင်မကဘဲ သူတို့ဟာ နယ်မြေတူရင် ကံကြမ္မာတူတယ်ဆိုတဲ့ အသိမရှိကြတာကြောင့် အဖော်ဆိုတဲ့ စိတ်ဓာတ်မရှိဘဲ အချင်းချင်း ပဋိပက္ခတွေ ဖြစ်လာနိုင်၏။

နယ်မြေ ၁၈၈ ထဲမှာလည်း တခြားသူကို လုချင်တဲ့ စိတ်ရှိတဲ့သူတွေ ရှိလောက်၏။

ဒါပေမဲ့ လက်ရှိ အခြေအနေအရ သူတို့က ကိုယ့်နယ်မြေသားကို ဒုက္ခပေးလို့ မရပေ။

နယ်မြေ ၁၈၈ ထဲမှာ ကီလိုမီတာ ဒါဇင်ချီပြီး တခြားအိမ်တွေကို လိုက်ရှာနိုင်တဲ့ ခွန်အားရှိသူတွေဟာ စူးစမ်းရှာဖွေသူများ အဖွဲ့ထဲမှာပဲ ရှိ၏။

တခြားသူတွေက စိတ်ကူးရှိရင်တောင် အင်အားမရှိကြချေ။

ဒါကြောင့် စူးစမ်းရှာဖွေသူများ အဖွဲ့က မလှုပ်ရှားသရွေ့တော့ တခြားသူတွေက လူသတ်နိုင်စွမ်း မရှိပေ။

ဒါပေမဲ့ စူးစမ်းရှာဖွေသူများ အဖွဲ့ကတော့ အခု စပြီး လှုပ်ရှားသင့်နေချေပြီ။

ရွှီရှင်းက စူးစမ်းရှာဖွေသူများ အဖွဲ့ကို ဖွင့်လိုက်သည်။

သူနဲ့ ကျိချောင်းယန်တို့ စာပို့ပြီးနောက်ပိုင်း အဖွဲ့ထဲမှာ တိတ်ဆိတ်နေခဲ့၏။

အကုန်လုံးက အပြင်ထွက်ပြီး သစ်ပင်အိမ်တွေ လိုက်ရှာနေကြတာ ဖြစ်ရမည်။

ရွှီရှင်း - "စူးစမ်းရတာ ဘယ်လိုလဲ။ ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ အိမ်တွေ တွေ့လား"

အဖွဲ့ထဲကလူတွေ ချက်ချင်းပဲ စာပြန်လာကြ၏။

အကုန်လုံးမှာ နာရီရှိနေတာကြောင့် အပြင်ရောက်နေရင်တောင် ချက်ချင်း စာပြန်လို့ ရ၏။

ချင်ယွန်လုံ - "ငါတော့ သေနေပြီးသား အိမ်တစ်လုံး တွေ့ခဲ့တယ်၊ နှမြောစရာပဲ၊ ဗဟိုချက်တော့ မရှိတော့ဘူး။ ဒါပေမဲ့ မျိုးစေ့ကိုတော့ တူးလို့ ရခဲ့တယ်"

ရွှီရှင်း - "ငါ ပြောတဲ့အတိုင်း ဗဟိုချက်ကို ရှာကြည့်သေးလား"

ချင်ယွန်လုံ - "အင်း... မင်း နည်းအတိုင်းပဲ၊ ပင်စည်ကတော့ ဟာနေတာ မှန်တယ်။ ဒါပေမဲ့ အောက်ခြေမှာ မင်းပြောတဲ့ ပုံဆောင်ခဲလို ဗဟိုချက်တော့ မရှိတော့ဘူး။ မြေကြီးကို ကြည့်လိုက်တော့ တောက်ပနေတဲ့ အမှုန့်လေးတွေနဲ့ ရောနေတာ တွေ့ရတယ်၊ အဲဒါ ဗဟိုချက် ဖြစ်ရမယ်၊ အိမ်သေသွားတဲ့ အခါ အဲဒါက ကွဲကြေသွားတာ နေမှာ"

ကြည့်ရတာ သူ့ရဲ့ ခန့်မှန်းချက် မှန်ကန်နေလေပြီ။

သစ်ပင်အိမ် ဗဟိုချက်ကို အိမ်ရှင်အသက်ရှင်နေတုန်းမှာပဲ ထုတ်ယူရမှာ ဖြစ်သည်။

ဗဟိုချက် ထုတ်ယူလိုက်လျှင် အိမ်သေသွားမှာ မှန်ပေမဲ့၊ သေသွားတဲ့ အိမ်ကနေ မျိုးစေ့တူးဖို့ကိုတော့ ဘာမှ အနှောင့်အယှက် မဖြစ်ချေ။

အသက်ရှင်နေတဲ့ အိမ်တစ်လုံးကို တွေ့လျှင် အရင်းအမြစ် အားလုံးကို ရဖို့အတွက် အရင်ဆုံး အိမ်ထဲဝင်ဖို့ နည်းလမ်းရှာရမည် ပြီးလျှင် ဗဟိုချက်ကို ထုတ်ယူရမည် အဲဒီနောက်မှ အိမ်ကို တူးပြီး မျိုးစေ့ ယူရမှာဖြစ်၏။

ဒီအဆင့်အတိုင်း လုပ်မှသာ အကုန်လုံးကို ရနိုင်မှာ ဖြစ်သည်။

ဝမ်လေ့ - "ငါတော့ ဒီမှာ နယ်မြေ ၁၈၉ က ညီအစ်ကို တစ်ယောက်နဲ့ တွေ့ခဲ့တယ်၊ ဒီလူက တော်တော် ပွင့်လင်းသားပဲ ဟဲဟဲ။ လူတစ်ယောက်နဲ့ မျက်နှာချင်းဆိုင် စကားမပြောရတာ တော်တော် ကြာပြီလေ"

နယ်မြေ ၁၈၉လား။

ကြည့်ရတာ ဝမ်လေ့က သူ့ဆီကနေ အဝေးကြီးမှာ ရှိနေပုံရသည်။

ရွှီရှင်းက နယ်မြေ ၁၈၇ နဲ့ ၁၈၈ ကြားမှာ ရှိနေတာဖြစ်ပြီး၊ ဝမ်လေ့ကတော့ ၁၈၈ နဲ့ ၁၈၉ ကြားမှာ ရှိနေကာ သေချာပေါက် မနီးချေ။

ဝမ်ကွေ့ရှင်း - "...တခြားနယ်မြေက လူတွေဟာ ရန်သူတွေလို့ ငါတို့ သဘောတူထားတာ မဟုတ်လား။ နင်က ဘာလို့ သူတို့နဲ့ စကားကောင်းနေရတာလဲ"

ဝမ်လေ့ - "စိတ်မပူပါနဲ့၊ စကားပြောရုံတင်ပါ၊ တကယ်လို့ အသေအလဲ တိုက်ရတော့မယ်ဆိုရင်လည်း ငါ ဝေခွဲမနေပါဘူး"

လီဝမ်ရှီး - "နင်တို့တွေ တခြားအိမ်တွေ တွေ့ကြပြီလား။ ဟင်း... ငါလည်း အိမ်လိုက်ရှာနေတာပဲ၊ ဒါပေမဲ့ လမ်းမှာ သတ္တုတွင်းတစ်ခု တွေ့တာနဲ့ အဲဒီမှာပဲ တူးနေလိုက်လို့ ရှေ့ဆက်မသွားဖြစ်တော့ဘူး။ အမှန်တော့ တခြားနယ်မြေကလူတွေနဲ့ ငါ သိပ်ပြီး မဆက်ဆံချင်ပါဘူး၊ နင်တို့ပဲ လုပ်ကြပါတော့"

"ဪ... သူမ သတ္တုတွင်း အသစ်တစ်ခု ထပ်တွေ့ပြန်ပြီလား။"

ထိုစဉ်မှာပင် ကျိချောင်းယန် စာပို့လာသည်။

သူကတော့ အမြဲတမ်း စနစ်တကျ ရှိတဲ့သူလေ။

ကျိချောင်းယန် - "ငါ ပတ်ဝန်းကျင်ကို ကြည့်ပြီး သတင်းအချက်အလက်အချို့ စုစည်းထားတယ်။ မင်းတို့ တွေ့တာတွေနဲ့ နှိုင်းယှဉ်ကြည့်ကြတာပေါ့။

ငါ့အိမ်ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်မှာ မနေ့ညက တိုက်ပွဲမှာ သေသွားတဲ့သူတွေရဲ့ အိမ်နှစ်လုံး ရှိတယ်၊ အခုတော့ အဲဒီအိမ်တွေက ဗဟိုချက်နဲ့ မျိုးစေ့တွေကို ငါ ရထားပြီ။

တောင်ဘက်မှာတော့ အကြာကြီး ရှာပြီးတဲ့နောက် သေပြီး ခြောက်သွေ့နေတဲ့ ပင်စည်တစ်ခု တွေ့ခဲ့တယ်၊ ထိကြည့်လိုက်တော့ ဒါဟာ တစ်ချိန်က သစ်ပင်အိမ် ဖြစ်ခဲ့ဖူးတယ်လို့ အသိပေးချက် တက်လာတယ်။ အိမ်ရှင်ကတော့ အစောပိုင်း ပွဲတွေမှာကတည်းက သေသွားခဲ့တာ ဖြစ်ရမယ်။

ဒီလို သေပြီး ခြောက်နေတဲ့ အိမ်တွေကနေတော့ မျိုးစေ့ တူးလို့ မရဘူး။ ဒါပေမဲ့ ကံကောင်းတာက သစ်ပင်အိမ်ရဲ့ ပတ်ဝန်းကျင်က ကာကွယ်ရေးနယ်မြေကတော့ ရှိနေဆဲပဲ၊ မူလအတိုင်း ၃ ကီလိုမီတာ အကွာအဝေး ရှိနေတုန်းပဲ။

အရှေ့ဘက်မှာတော့ သုံးထပ် သစ်ပင်အိမ် တစ်လုံး ရှိတယ်၊ သစ်ရွက်တွေက သေတော့မယ့် အိမ်တွေလို ဝါမနေဘူးဆိုတော့ အိမ်ရှင် ရှိနေသေးတဲ့ ပုံပဲ။ သုံးထပ်အိမ် ပိုင်ရှင်ဆိုရင်တော့ မင်းတို့နဲ့ အင်အားချင်း တူတူလောက် ရှိမှာမို့လို့၊ ငါ အနားမကပ်တော့ဘဲ တန်းပြန်လာခဲ့တယ်။

တခြား ဦးတည်ချက်တွေကတော့ အန္တရာယ်များတဲ့ နေရာတွေ များတယ်၊ အိမ်တွေရဲ့ ကာကွယ်ရေးနယ်မြေတွေ မဆက်ဘူးလေ။ ကာကွယ်ရေးနယ်မြေ အပြင်ဘက်ကို ထွက်လိုက်တာနဲ့ မြေကြီးထဲကနေ ဗီဇပြောင်းနွယ်ပင်တွေ ထွက်လာပြီး တိုက်ခိုက်တော့တာပဲ"

ကျိချောင်းယန်ရဲ့ စကားထဲမှာ ရွှီရှင်း ပထမဆုံးအကြိမ် ကြားလိုက်ရတဲ့ သတင်းတစ်ခု ပါနေသည်။

"သေတာ ကြာပြီဖြစ်တဲ့ အိမ်တွေကနေ မျိုးစေ့တူးလို့ မရဘူးလား။"

ကြည့်ရတာ အိမ်သေသွားပြီးနောက်မှာ မျိုးစေ့တူးဖို့ အချိန်ကန့်သတ်ချက် ရှိနေတာဖြစ်ပြီး၊ အချိန်ကြာသွားရင်တော့ တူးလို့ မရတော့တာ ဖြစ်ရမည်။

နှမြောစရာပင် သူကတော့ အရင်က သေသွားတဲ့သူတွေရဲ့ အိမ်အားလုံးကို သူ့ဆီမှာ လာပြီး ကပ်ပါးအိမ်အဖြစ် စိုက်ဖို့ မျှော်လင့်ထား၏။

သူ့နယ်မြေမှာ လူ တစ်သောင်းကျော်ထဲက ခုနစ်ထောင်နီးပါး သေသွားခဲ့သလို၊ အိမ်နီးချင်း နယ်မြေမှာလည်း ကိုးထောင်ကျော် သေသွားခဲ့တာ မဟုတ်လား။

အဲဒါတွေသာ တူးလို့ရမယ်ဆိုလျှင် သူ့မှာ ကပ်ပါးအိမ်တွေ အများကြီး ရှိနေလောက်သည်။

အခုတော့ သူ တော်တော်လေးကို အဝေးကြီး စဉ်းစားမိသွားတာပဲ။

ဒီကမ္ဘာကြီးက ကပ်ပါးအိမ်တွေကို အဲဒီလောက် အလွယ်တကူ ပေးပါ့မလား။

ကပ်ပါးအိမ် ရဖို့ဆိုတာ နယ်မြေတူတူ၊ မတူတူ တိုက်ခိုက်သိမ်းပိုက်ဖို့ပဲ ရှိတာပေါ့...။

ဒါပေမဲ့ ကျိချောင်းယန် ပြောတာက သူ့ရဲ့ အရှေ့ဘက်မှာ သုံးထပ်အိမ် ရှိတယ်ဆိုတာ...။

ရွှီရှင်းရဲ့ အနောက်ဘက်မှာလည်း သုံးထပ်အိမ် ရှိ၏။

အဲဒါ လုဖေးအာရဲ့ အိမ် မဟုတ်ပါလား။

သူ ရုတ်တရက် စဉ်းစားမိလိုက်သည်မှာ ကျိချောင်းယန်ရဲ့ တည်နေရာဟာ သူ့ဆီကနေ တော်တော်လေး နီးနေနိုင်တယ်ဆိုတာပင်။

ပထမဆုံး တောအုပ်စူးစမ်းရေးပွဲတုန်းက သူ၊ ကျိချောင်းယန်၊ လီဝမ်ရှီးနဲ့ ချီရွှယ်ဖေးတို့ လေးယောက်လုံးဟာ ကြေးရောင်သေတ္တာကို စောင့်နေတဲ့ ဗီဇပြောင်းနွယ်ပင် မိစ္ဆာတွေနဲ့ တိုးခဲ့ကြ၏။

အဲဒီတုန်းက သူတို့တွေဟာ တည်နေရာ နီးကပ်လွန်းလို့ ရန်သူအမျိုးအစား တူနေတာလို့ သူ ခန့်မှန်းခဲ့ဖူးသည်။

ပြီးတော့ မိုးရာသီတုန်းကလည်း ကျိချောင်းယန်က မနီးမဝေးမှာ အလင်းစက် နှစ်ခု မြင်ရတယ်လို့ ပြောခဲ့သေးတာ မဟုတ်လား။

"ဒါဆိုရင်... ကျိချောင်းယန်ရဲ့ အိမ်က လုဖေးအာရဲ့ အိမ်ရဲ့ အနောက်ဘက်မှာ ရှိနေတာလား။"

ရွှီရှင်း - "မင်းတွေ့ခဲ့တဲ့ သုံးထပ်အိမ်က စမ်းချောင်းဘေးမှာ စိုက်ထားတာလား။ ပြီးတော့ အဲဒီအိမ်မှာ မြှားသေနတ်ကြီးတွေ အများကြီး တပ်ထားလား"

ကျိချောင်းယန် - "အတိအကျပဲ၊ စမ်းချောင်းဘေးမှာ စိုက်ထားတာ။ သစ်ပင်အုပ် တစ်ခုလုံးမှာ ဖြူကောင်ကြီးလိုပဲ မြှားသေနတ်ကြီးတွေ ပြည့်နေတာလေ။ ဘာလို့လဲ... ခင်ဗျားက... ဒီအိမ်နားမှာ ရှိနေတာလား"

ရွှီရှင်း - "ဒါဆိုရင်တော့ မှန်နေပြီ။ မိုးရာသီတုန်းက မင်း မြင်ခဲ့တဲ့ အလင်းစက်တွေက အရှေ့ဘက်မှာလား"

ကျိချောင်းယန် - "...ဟုတ်တယ်၊ အလင်းစက် နှစ်ခုလုံးက အရှေ့ဘက်မှာပဲ"

နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြ၏။

သူတို့နှစ်ယောက်ဟာ တကယ်ကို နီးကပ်နေကြပြီဆိုတာ သဘောပေါက်သွားကြတာပါ။

ဖြစ်နိုင်တာကတော့ သူတို့တွေ တကယ် တွေ့လို့ ရနေချေပြီ။

ကျောက်ရှောင်ချွမ်း - "ဟာ ငါတို့ စူးစမ်းရှာဖွေသူများ အဖွဲ့ရဲ့ အစ်ကိုကြီး နှစ်ယောက် နောက်ဆုံးတော့ တွေ့ကြတော့မှာပေါ့"

လီဝမ်ရှီး - "တကယ်လား။ အဲဒီလောက် နီးတာလား။ ပြောရရင် ငါလည်း ရွှီရှင်းနဲ့ တော်တော် နီးမှာပဲ။ နင်တို့တွေ တွေ့ကြမှာလား။ ငါ့ကိုပါ ခေါ်ပါဦး။ ငါလည်း လူကိုယ်တိုင် တွေ့ချင်တယ်။"

ချီရွှယ်ဖေး - "မိုးရာသီတုန်းက အလင်းစက်တွေလား။ ဟို လင်းထိန်နေတဲ့ အလင်းစက် နှစ်ခုကို ပြောတာလား။ ငါလည်း အဲဒီတုန်းက မြင်ခဲ့ရတယ်။ အဲဒါ ဘာတွေလဲဆိုတာ နင်တို့ သိကြလား"

ဝမ်လေ့ - "အလင်းစက်။ ဘာအလင်းစက်လဲ။ ငါတော့ မသိဘူး"

ဝမ်ကွေ့ရှင်း - "ငါလည်း ဘာမှ မမြင်ဘူး၊ အဲဒီနေ့က လျှပ်စီးလက်တာကလွဲလို့ တခြား အလင်းရှိသေးလို့လား"

လီဝမ်ရှီး - "ငါ ပြောပြလို့ ရပြီလား။ အခုဆိုရင်တော့ ရပြီထင်တယ်။ အဲဒီ အလင်းစက် နှစ်ခုက တကယ်တော့ ငါနဲ့ ရွှီရှင်းရဲ့ သစ်ပင်အိမ်တွေလေ။ ငါတို့ အိမ်တွေမှာ မိုးကြိုးလွှဲတွေ တပ်ထားတာ၊ မိုးကြိုးတွေ ခဏခဏ ပစ်ခံရလွန်းလို့ မိုးကြိုးလွှဲတွေက တော်တော်လေး လင်းနေခဲ့တာပေါ့"

ချင်ယွန်လုံ - "မိုးကြိုးလွှဲတွေလား"

ကျောက်ရှောင်ချွမ်း - "နင်တို့ဆီမှာ မိုးကြိုးလွှဲတွေတောင် ရှိတာလား"

စူးစမ်းရှာဖွေသူများ အဖွဲ့ကလူတွေ မိုးကြိုးလွှဲအကြောင်း ဆွေးနွေးနေကြတုန်း ရွှီရှင်းကတော့ အတွေးနက်နေမိသည်။

သူ့ရဲ့ ခန့်မှန်းချက်က မလွဲပါချေ။

သူ၊ ကျိချောင်းယန်၊ လီဝမ်ရှီးနဲ့ ချီရွှယ်ဖေးတို့ဟာ တကယ်ကို နီးနီးကပ်ကပ် ရှိနေကြ၏။

ဒီလိုကြည့်မယ်ဆိုလျှင် ဒီနယ်မြေမှာ တကယ့် ပညာရှင်တွေ စုနေတာပဲပေါ့။

စဉ်းစားကြည့်လျှင် သူတို့ နယ်မြေ ၁၈၈ မှာတင် အစက အသက်ရှင်ကျန်ရစ်သူ တစ်သောင်း ရှိ၏။

အိမ်တစ်လုံးနဲ့တစ်လုံးက ပုံမှန်အားဖြင့် ၁၀ ကီလိုမီတာကျော် ဝေးကြ၏။

အိမ်ပေါင်း တစ်သောင်းရဲ့ ဧရိယာဆိုတာ စတုရန်းကီလိုမီတာ တစ်သန်းကျော် ကျယ်ဝန်းပေသည်။

ဒါဟာ ကမ္ဘာပေါ်က နိုင်ငံကြီးတွေနဲ့ ယှဉ်လျှင်တောင် နိုင်ငံအနည်းငယ်ပဲ အဲဒီလောက် ကျယ်၏။

နယ်မြေပေါင်း နှစ်ရာအထိ ရှိတာဆိုတော့၊ အစကတည်းက လူဦးရေ နှစ်သန်းကျော် ရှိခဲ့တာပင်။

ဒါဟာ တကယ့်ကို ကြီးမားလွန်းတဲ့ နယ်မြေကြီးပင်။

ဒါပေမဲ့ အဲဒီလောက် ကျယ်တဲ့ နယ်မြေကြီးထဲမှာ ထူးခြားတဲ့ စွမ်းရည်ရှိသူတွေက အခုလို နီးကပ်နေကြပြီး ဘေးချင်းကပ်တောင် ရှိနေကြ၏။

သူတို့တင် မဟုတ်ပေ အိမ်နီးချင်း လုဖေးအာကလည်း သူမ နယ်မြေရဲ့ ထိပ်တန်း ၅ ယောက်ထဲက တစ်ယောက် မဟုတ်လား။

ဒါက သူ့ကို သံသယ ဝင်စေသည်။

ပတ်ဝန်းကျင်က လူအများစုဟာ ထူးခြားတဲ့ စွမ်းရည်တွေ ပေးအပ်ခံထားရတာများလား။

ကျပန်း ပေးတာလား ဒါမှမဟုတ် အရည်အချင်းရှိတဲ့သူတွေကို ဒီမှာ လာစုထားတာလား။

ချီရွှယ်ဖေးရဲ့ အတွေ့အကြုံနဲ့ စွမ်းရည်တွေကို ကြည့်ရင်တော့ ဒီစွမ်းရည်ရွေးချယ်မှုက ကျပန်းတော့ မဟုတ်ချေ။

တိုက်ဆိုင်တာလား...။

ရွှီရှင်းကတော့ အဲဒီလို မထင်ချေ။

ဒီနောက်ကွယ်မှာ ပိုပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ် ရှိရမည်။

ဒါ့အပြင် သူတို့ကို တခြားသူတွေထက် ပိုပြီး သန်မာတဲ့ စွမ်းရည်တွေ ပေးနေတာက ဘယ်သူလဲ။

အချိန်တိုင်း အသိပေးချက်တွေ ထုတ်ပြန်နေတဲ့ ဟို လျှို့ဝှက်ဆန်းပြားတဲ့ အသံလား။

သူ့အထင်တော့ မဟုတ်လောက်ချေ။

ဘာလို့လဲဆိုတော့ အဲဒီ အသိပေးသံနဲ့ သူ့ရဲ့ ဖန်တီးရှင် စွမ်းရည်တွေ ပွင့်တဲ့အခါ ကြားရတဲ့ အသံကြားမှာ သိသာတဲ့ ခြားနားချက် ရှိနေ၏။

အသိပေးသံက စက်နဲ့လုပ်ထားတဲ့ အသံဆိုပေမဲ့ စိတ်ခံစားချက် နည်းနည်း ပါသလို၊ တစ်ခါတလေ လှောင်ပြောင်တာမျိုးတောင် လုပ်တတ်ပေမဲ့၊ ဖန်တီးရှင် စွမ်းရည်က အသံကတော့ လုံးဝကို စက်ရုပ်ဆန်ပြီး ဘာစိတ်ခံစားချက်မှ မပါချေ။

ရွှီရှင်း သူ့ရဲ့ ထူးခြားစွမ်းရည်တွေက ဘာကို ကိုယ်စားပြုလဲဆိုတာ သူ နားမလည်သေးပေ။

စဉ်းစားကြည့်ပေမဲ့လည်း အဖြေက မထွက်ဘဲ ခေါင်းပဲ ပိုရှုပ်လာရသည်။

ဒါပေမဲ့ တစ်ခုတော့ သူ သေချာပေါက် သိလိုက်ရလေပြီ။

သူ့ပတ်ဝန်းကျင်မှာ အားနည်းတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာပါပဲ။

သူ့နားက အသက်ရှင်ကျန်ရစ်သူ လေးယောက်စလုံး ဟာ သစ်ပင်အိမ် ကာကွယ်ရေးပွဲအထိ အသက်ရှင်ခဲ့ကြ၏။

ကာကွယ်ရေးပွဲမှာ သေသွားကြတာက သူတို့ မသန်မာလို့ မဟုတ်ဘဲ၊ သူတို့ ခေါင်းဆောင် ကျန်းတောက်ကွမ်က နှလုံးသား အပိုင်းအစတွေ မဝေပေးခဲ့လို့ပင်။

အကယ်၍ ရွှီရှင်းတို့သာ အပိုင်းအစတွေ မဝေပေးခဲ့လျှင် စူးစမ်းရှာဖွေသူများ အဖွဲ့ထဲက တစ်ဝက်လောက်လည်း သေသွားလောက်၏။

ဒါဟာ သူတို့ မသန်မာလို့ မဟုတ်တာနဲ့ အတူတူပင်။

သူ ခေါင်းခါလိုက်ပြီး မသေချာတဲ့ အရာတွေကို လောလောဆယ် မစဉ်းစားတော့ဖို့ ဆုံးဖြတ်လိုက်သည်။

ရွှီရှင်း သူနောက်ဆုံး သိလိုက်ရတဲ့ အချက်လက်တွေကို အဖွဲ့သားတွေနဲ့ မျှဝေပေးလိုက်တော့သည်။

---

အခန်း ၂၁၇ ပြီး။

အခန်း (၂၁၈) - အဖွဲ့အစည်း ချဲ့ထွင်ရေး အစီအစဉ်

ရွှီရှင်းသည် ကပ်ပါးသစ်ပင်အိမ်နှင့် ပင်မသစ်ပင်အိမ်ပကြောင်း အသက်ရှင်ကျန်ရစ်သူများနှင့် သစ်ပင်အိမ် ဗဟိုချက်တို့ကြားက ဆက်နွယ်မှုအားလုံးကို သူတို့အား တိုက်ရိုက် ပြောပြလိုက်၏။

သူ ပြောပြီးသွားတဲ့အခါ အားလုံး ၁၀ စက္ကန့်ကျော်ကြာအောင် တိတ်ဆိတ်သွားကြသည်။

ကျိချောင်းယန်က ပထမဆုံး စကားစလာသည်။

"ဒါဆိုရင် ငါတို့က တခြားနယ်မြေက လူတွေကို ငါတို့လူတွေဖြစ်အောင် တကယ် ပြောင်းလဲလို့ ရတာပေါ့"

ချီရွှယ်ဖေး - "ဒါပေမဲ့ သူတို့က လက်အောက်ခံတွေပဲ ဖြစ်လာမှာလေ၊ ကန့်သတ်ချက်တွေရှိတဲ့ အကျဉ်းသားတွေနဲ့ တူတူပါပဲ"

ဝမ်ကွေ့ရှင်း - "ဒါလည်း မဆိုးပါဘူး၊ သူတို့အတွက်တော့ သေတာထက်စာရင် အများကြီး ပိုကောင်းတာပေါ့"

ဝမ်လေ့ - "အဲဒီလိုလည်း မဟုတ်နိုင်ဘူးနော်၊ အချို့လူတွေက အသက်ထက် လွတ်လပ်မှုက ပိုအရေးကြီးတယ်လို့ ပြောကြတာပဲ မဟုတ်လား"

ကျောက်ရှောင်ချွမ်း - "မင်းကလည်း... ကမ္ဘာပေါ်မှာ လွတ်လပ်မှုအကြောင်း တစ်နေကုန် အော်နေပြီး စစ်ဖြစ်ရင်တော့ လျှပ်စီးလို အရှိန်နဲ့ လက်နက်ချတဲ့ နိုင်ငံတွေကို ရှိတာပဲဟာ။ လူတွေက ဟန်ဆောင်တတ်ကြပါတယ်၊ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲလေ"

ရွှီရှင်း - "ငါ စဉ်းစားနေတာက ငါတို့ရဲ့ သစ်ပင်အိမ်ကို ဗဟိုပြုပြီး နယ်မြေချဲ့ထွင်ဖို့နဲ့ တခြားသူတွေကို သိမ်းသွင်းဖို့ပဲ"

ရွှီရှင်းရဲ့ အစီအစဉ်က တကယ်တော့ အရမ်းရိုးရှင်း၏။

ပတ်ပတ်လည်မှာရှိတဲ့ တခြားအသက်ရှင်ကျန်ရစ်သူတွေကို စပြီး သိမ်းသွင်းဖို့ပါပဲ။

အရင်က သူ ကျိချောင်းယန်နဲ့ ဆွေးနွေးတုန်းက တခြားနယ်မြေတွေနဲ့ ခဏလောက် ငြိမ်းချမ်းစွာ ဆက်ဆံပြီး သတင်းအချက်အလက် အသာစီးရမှုနဲ့ အမြန်တိုးတက်ဖို့ စဉ်းစားခဲ့၏။

ဒါပေမဲ့ အခုတော့ နယ်မြေတိုင်းမှာ နယ်မြေအချင်းချင်း ပဋိပက္ခဖြစ်မယ့်အကြောင်း သတင်းရထားတဲ့သူတွေ ရှိနေကြပြီဆိုတာ သိလိုက်ရလေပြီ။

တစ်နည်းအားဖြင့် သူတို့ ထင်ထားတဲ့ သတင်းအချက်အလက် အသာစီးရမှုဆိုတာ မရှိတော့ပါဘူး။

ဒါဆိုရင် ဘာလို့ ငြိမ်းချမ်းချင်ယောင် ဆောင်နေဦးမှာလဲ။

ဒီသတင်းကို နယ်မြေတစ်ခုလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေကို စတင်လိုက်ရုံပင်။

ချဲ့ထွင်မယ့် နယ်ပယ်ထဲမှာ တခြားနယ်မြေကလူတွေတင်မကဘဲ ကိုယ့်နယ်မြေသားတွေလည်း ပါဝင်သည်။

ရွှီရှင်း - "အခု သစ်ပင်အိမ်တွေက အထူးပြုလုပ်ဆောင်ချက်တွေ ရှိလာပြီဆိုတော့၊ လုပ်ဆောင်ချက်တူတဲ့လူတွေကို တစ်စုတစ်စည်းတည်း ဖြစ်အောင် စုစည်းပေးရမယ်"

အခုချိန်မှာ သူတို့နယ်မြေက လူတွေဟာ အရမ်းကို လူစုကွဲနေကြ၏။

လူတစ်ယောက်ချင်းစီကြားမှာ တခြားနယ်မြေက သစ်ပင်အိမ် တစ်လုံးစီ ခြားနေသလို ဖြစ်နေတာက အစောပိုင်း သစ်ပင်အိမ်တွေ ဖြန့်ကျက်ထားတဲ့ ပုံစံကြောင့်ပင်။

အခု နယ်မြေ ၁၈၈ မှာ မူလလူဦးရေ တစ်သောင်းကနေ သုံးထောင်ပဲ ကျန်တော့တာကြောင့် နေရာအတော်များများမှာ အသက်ရှင်ကျန်ရစ်သူ မရှိတော့ဘဲ သေဆုံးနေတဲ့ သစ်ပင်ပင်စည်တွေပဲ ရှိတော့၏။

အရမ်း လူစုကွဲနေလျှင် အန္တရာယ်ကြုံတဲ့အခါ အချင်းချင်း ကူညီဖို့ မဖြစ်နိုင်ချေ။

ဒါကြောင့် အားလုံးကို အုပ်စုအနည်းငယ်စီ ခွဲပြီး စုစည်းရမည်။

အဲဒီအုပ်စုတွေကို လုပ်ဆောင်ချက်အလိုက် ခွဲခြားရမည်။

ဥပမာအားဖြင့် လီဝမ်ရှီးက သတ္တုတူးတာနဲ့ အရည်ကျိုတာမှာ အားသန်တာကြောင့်၊ အရည်ကျိုစင် မြှင့်တင်ထားတဲ့ အိမ်တွေကို လီဝမ်ရှီးရဲ့ ကာကွယ်ရေးနယ်မြေထဲမှာ လာစိုက်ခိုင်းပြီး သူမရဲ့ ထိန်းချုပ်မှုအောက်မှာ အတူတူ ထုတ်လုပ်ခိုင်းရမည်။

ချီရွှယ်ဖေးက ဆေးဝါးမှာ ကျွမ်းကျင်တာကြောင့် အရင်က လောကကို ကယ်တင်ခြင်း အဖွဲ့လိုမျိုး ပြန်ဖွဲ့ရမည်။

ဒါပေမဲ့ ဒီတစ်ခါတော့ အဖွဲ့ဝင်အားလုံးရဲ့ အိမ်တွေကို သူမရဲ့ နယ်မြေထဲမှာ လာစိုက်ခိုင်းပြီး ထိန်းချုပ်ရမည်။

ပင်မအိမ်က ကပ်ပါးအိမ်တွေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်မှသာ အရင်တစ်ခါလို စီမံခန့်ခွဲမှု ပြဿနာတွေ မရှိမှာဖြစ်သည်။

ဝမ်လေ့ရဲ့ အိမ်က မီးဖိုချောင် လုပ်ဆောင်ချက် ရှိတာကြောင့်၊ စားဖိုမှူးတွေကို စုစည်းပြီး အားလုံးအတွက် ပိုကောင်းတဲ့ အစားအစာတွေ ထောက်ပံ့ပေးရမည်။

ကျောက်ရှောင်ချွမ်းက စိုက်ပျိုးရေးအိမ် ထပ်တိုးထားတာကြောင့်၊ စိုက်ပျိုးချင်တဲ့သူတွေကို သူ့နယ်မြေမှာ စုစည်းပြီး အထူးပြု စိုက်ပျိုးခိုင်းရမည်။

ရွှီရှင်း ကိုယ်တိုင်အတွက်တော့ သူ့အိမ်ရဲ့ အထူးပြုလုပ်ဆောင်ချက်ကို သူ မစဉ်းစားရသေးချေ။

သူကတော့ တခြားနယ်မြေက အစွမ်းထက်တဲ့သူတွေကို စုစည်းချင်နေ၏။

အထူးသဖြင့် ဒီစူးစမ်းရှာဖွေသူတွေလိုမျိုး ထူးခြားတဲ့ စွမ်းရည်ရှိသူတွေကိုပေါ့။

သူတို့ကို နယ်မြေကာကွယ်ရေးနဲ့ အပြင်ဘက်ကို ချဲ့ထွင်ဖို့အတွက် အသုံးချရမည်။

နယ်မြေချဲ့ထွင်တယ်ဆိုပေမဲ့ ကိုယ့်နယ်မြေသားတွေကိုတော့ အတင်းအကျပ် လုပ်စရာ မလိုပေ လမ်းညွှန်ပေးရုံပင်။

အိမ်လာရွှေ့လျှင် စူးစမ်းရှာဖွေသူတွေရဲ့ ကာကွယ်မှုကို ရမယ့်အပြင် ပိုကောင်းတဲ့ ကုန်ကြမ်းတွေနဲ့ ကိရိယာတွေကို ရနိုင်မယ်လို့ ပြောပြရမည်။

သူတို့က မလာချင်ဘူးဆိုလျှင်လည်း ထားလိုက်ရုံပင်။

သာမန်အိမ်မှာလည်း ကာကွယ်ရေးနယ်မြေ ရှိတာကြောင့် လူတိုင်းရဲ့အိမ်က ကပ်ပါးအိမ် ဖြစ်နေဖို့ မလိုချေ။

တခြားနယ်မြေက လူတွေအတွက်တော့ အားနာနေစရာ မလိုပေ။

အိမ်လာမရွှေ့ဘူးလား ဒါဆိုရင်တော့ သေလိုက်။ ဒါက အရမ်းရိုးရှင်းပါတယ်။

ရွှီရှင်း သူ့ရဲ့ အကြံဥာဏ်တွေကို သူတို့ကို ပြောပြလိုက်၏။

ဝမ်ကွေ့ရှင်း - "ငါ ရွှီရှင်းကို ထောက်ခံတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့မှာလည်း သတင်းအချို့ ရှိသေးတယ်"

ဝမ်ကွေ့ရှင်းက သူမ ဒီနေ့ ကြုံခဲ့ရတဲ့ ကိစ္စတွေကို ပြောပြတော့သည်။

သူမဟာ တခြားအသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကို သတ်ခဲ့ပြီးပြီ ဖြစ်ရမည်။

သူမ ပြောပုံအရဆိုလျှင် အစကတော့ သူမက ခင်ခင်မင်မင် ဆက်သွယ်ဖို့ ကြိုးစားခဲ့ကာ အဲဒီ အမျိုးသားကလည်း သူမကို သူ့အိမ်ထဲ ဝင်ဖို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်ခဲ့၏။

သူမရဲ့ စွမ်းရည်နဲ့ဆိုရင်တော့ သူ တစ်ခုခုလုပ်မှာကို မကြောက်တာကြောင့်ရယ်၊ တခြားနယ်မြေအကြောင်း သိချင်တာကြောင့်ရယ်ကြောင့် သူမ သဘောတူခဲ့၏။

ဒါပေမဲ့ စကားပြောနေတုန်းမှာပဲ အဲဒီလူရဲ့ ဗီဇအစစ်က ပေါ်လာပြီး သူမကို ကြံစည်ဖို့ ကြိုးစားခဲ့သည်။

ဒီကမ္ဘာမှာ တစ်နေ့တခြား အသက်ဆက်နေရတဲ့ အဲဒီလူဟာ ရုတ်တရက် မိန်းမလှလေးတစ်ယောက် သူ့အိမ်ထဲ အလွယ်တကူ ရောက်လာတာ မြင်တော့ ယုတ်မာတဲ့ စိတ်တွေ ပေါ်လာပုံရ၏။

ဒါပေမဲ့ သူက လူမှားသွားခဲ့၏။

သူ လက်ဖျားနဲ့တောင် မတို့နိုင်တဲ့ အဲဒီအမျိုးသမီးဟာ အသက်ရှင်ကျန်ရစ်သူ အားလုံးမှာ နံပါတ် ၁ ဖြစ်တဲ့ ရွှီရှင်းတောင်မှ သူမရဲ့ တိုက်ရည်ခိုက်ရည်ကို အားကျရတဲ့သူလေ။

ရလဒ်ကတော့ မထူးဆန်းချေ။ ဝမ်ကွေ့ရှင်းက အဲဒီလူကို အေးဆေးလေးပဲ သတ်ပစ်လိုက်၏။

ရွှီရှင်းကတော့ ဝမ်ကွေ့ရှင်း ပြောတာ အကုန်အမှန်လားဆိုတာ မသိပါဘူး။

သူမကပဲ အရင်စသတ်တာလည်း ဖြစ်နိုင်၏။

ဒါပေမဲ့ ဒါက အရေးမကြီးချေ။ ဖြစ်ပြီးသွားပြီပင်။

ပြင်ပလူကို တွေ့ရင် တန်းသတ်လိုက်တာဟာ အကောင်းဆုံးနည်းလမ်း မဟုတ်ပေမဲ့၊ အရှင်းဆုံးနည်းလမ်း ဖြစ်တာတော့ အမှန်ပင်။

"သူ့အိမ်က အလှဆင်ရမှတ်တွေ အကုန်မြှင့်ထားတာပဲ။ သူက တကယ့် လူအ ၊ လုပ်ဆောင်ချက် နယ်မြေတိုင်းကို နည်းနည်းစီ ခွဲပေးထားတာက ဘာမှ မထူးခြားစေဘူးလေ"

ဝမ်ကွေ့ရှင်းက ညည်းတွားပြီးနောက် ထပ်ပြောသည်။

"ဒါပေမဲ့ ငါ အဲဒီအိမ်ရဲ့ မျိုးစေ့ကို ယူလာပြီး ပြန်စိုက်လိုက်တဲ့အခါ၊ အရင်က မြှင့်ထားတဲ့ အမှတ်တွေက အကုန် ပြန်ပျောက်ကုန်တယ်"

ကျိချောင်းယန် - "ဪ... ဒါဆို သစ်ပင်အိမ်ကို ကပ်ပါးအဖြစ် ပြန်စိုက်လိုက်ရင် မြှင့်တင်ထားတဲ့ အမှတ်တွေက အကုန် ပြန်ပျက်သွားတာလား"

ရွှီရှင်းလည်း အနည်းငယ် အံ့သြသွားရသည်။

သူကိုယ်တိုင် အမှတ်တွေ ပေးပြီးတဲ့နောက်မှာ အဲဒီအမှတ်တွေကို ပြန်ထုတ်လို့ ရမလားဆိုပြီး စမ်းကြည့်ဖူး၏။

အလှဆင်ပစ္စည်းတွေကို အကုန် ပြန်သိမ်းကြည့်တော့ အလှဆင်ရမှတ်က သုည ဖြစ်သွားသည်။

ဒါပေမဲ့ အမှတ်တွေက ပြန်မရဘဲ အနှုတ်လက္ခဏာတောင် ပြနေသေး၏။

ဆိုလိုတာက သစ်ပင်အိမ် တစ်ခုအတွက် အမှတ်ပေးပြီးလျှင် အဲဒါက အတည်ဖြစ်သွားပြီး ပြန်ပြင်လို့ မရတော့ချေ။

ဒါပေမဲ့ အခုတော့ သစ်ပင်အိမ်ကို ကပ်ပါးအဖြစ် ပြန်စိုက်လိုက်လျှင် အဲဒီအမှတ်တွေက ပျက်သွား၏။

ဒါကို ပြန်ပြင်ဖို့ အဖိုးအခက ကြီးမားပေမဲ့...

"ဒါက ပိုပြီးတော့ လိုသလို သုံးလို့ ရတာပေါ့"

ရွှီရှင်း သူ့ဘာသာ ရေရွတ်လိုက်၏။

ဝမ်ကွေ့ရှင်းက ရွှီရှင်း ပြောချင်တဲ့ စကားကိုပဲ ဆက်ပြောသည်။

"အတိအကျပဲ၊ ဒါက အမှတ်တွေကို ပြန်ဖျက်လိုက်တာနဲ့ အတူတူပဲ။ ဒါကြောင့် တခြားသူတွေရဲ့ အိမ်တွေက ဘာတွေ မြှင့်ထားလဲဆိုတာ ငါတို့ စိတ်ပူနေစရာ မလိုတော့ဘူး။ ကပ်ပါးအဖြစ် ပြန်စိုက်ပြီးရင် အမှတ်တွေက ပြန်ရလာမှာဆိုတော့၊ ငါတို့ လိုချင်တဲ့ လုပ်ဆောင်ချက်တွေကိုပဲ သူတို့ကို ပြန်ရွေးခိုင်းလို့ ရပြီလေ"

လီဝမ်ရှီး - "သူတို့က မလုပ်ချင်ဘူးဆိုရင်ကော။ ဆိုလိုတာက တစ်ယောက်ယောက်က စိုက်ပျိုးရတာ ဝါသနာပါပေမဲ့ နင်က သူ့ကို အတင်း သတ္တုတူးခိုင်းနေရင်..."

ဝမ်ကွေ့ရှင်း - "မလုပ်ချင်ဘူး ဟုတ်လား။ ကိုယ့်နယ်မြေသားဆိုရင်တော့ ထားလိုက်လို့ ရပေမဲ့၊ တခြားနယ်မြေက လူဆိုရင်တော့ အစာဖြတ်ထားပြီး သူတို့ ပူးပေါင်းမလား၊ မပူးပေါင်းဘူးလားဆိုတာ ကြည့်ရမှာပေါ့"

ကျောက်ရှောင်ချွမ်း - "ဟာ... မမကွေ့ရှင်းကတော့ ကြောက်စရာကြီးပဲ။ အရင်ဆုံး ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်နားမှာ ရှိနေကြလဲဆိုတာ အရင် သိဖို့ လိုမယ် ထင်တယ်။ အစ်ကိုကြီးရွှီနဲ့ အစ်ကိုကြီးကျိတို့က ဒီလောက် နီးနေမှတော့ ငါတို့လည်း မဝေးလောက်ပါဘူး။ အခြေအနေ ပေးရင်တော့ ဝါသနာပါတဲ့သူကို အဲဒီနေရာကို ပို့ပေးလို့ ရတာပေါ့။ မဟုတ်ရင် ထမင်းမချက်တတ်တဲ့သူကို စားဖိုမှူး သွားလုပ်ခိုင်းရင် ငါတော့ အဲဒီလူချက်တာ မစားရဲဘူး!"

သူတို့ သုံးယောက်စလုံးက ကျိချောင်းယန်ကို အကြီးအကဲကျိ လို့ မခေါ်ကြတော့ဘဲ အစ်ကိုကြီးကျိ လို့ပဲ ခေါ်နေကြလေပြီ။

ကျိချောင်းယန်ကပဲ အဲဒီလို မခေါ်ဖို့ ပြောထားတာ ဖြစ်ရမည်။

ဝမ်ကွေ့ရှင်း - "အင်း... နင်ပြောတာလည်း ဟုတ်တာပဲ။ အရသာရှိတဲ့ အစားအစာက အရေးကြီးတာကိုး"

ကျောက်ရှောင်ချွမ်း - "အရသာရှိတာထက် ကျွမ်းကျင်တဲ့သူကို ကျွမ်းကျင်တဲ့အလုပ် ပေးဖို့ ပြောတာပါ"

ရွှီရှင်း - "ဒါပေမဲ့ တခြားနယ်မြေကလူဆိုရင်တော့ ငါ ဝမ်ကွေ့ရှင်းကို ထောက်ခံတယ်။ ပြင်ပလူဆိုရင်တော့ ငါတို့လူဖြစ်အောင် သိမ်းသွင်းရမယ်၊ မဟုတ်ရင်တော့ ဖယ်ရှားရမယ်၊ တတိယလမ်း မရှိဘူး။ အချိန်ဆွဲလေလေ ပြဿနာတွေ များလေလေပဲမို့လို့ ချက်ချင်းပဲ လက်အောက်ခံ ဖြစ်အောင် လုပ်လိုက်တာ အကောင်းဆုံးပဲ"

ရွှီရှင်း ခဏစဉ်းစားပြီးနောက် ဆက်ပြောသည်။

"လူတွေ ပို့တဲ့ကိစ္စကိုတော့ ငါ ကိုင်တွယ်နိုင်မယ် ထင်တယ်"

ရွှီရှင်းက အဂ္ဂိရတ်ပညာကို သုံးပြီး တည်နေရာကူးပြောင်းစက် တစ်ခု လုပ်ဖို့ စဉ်းစားလိုက်၏။

အကယ်၍ လူတိုင်းရဲ့ ကာကွယ်ရေးနယ်မြေထဲမှာ တည်နေရာကူးပြောင်းစက် တစ်ခုစီ ထားနိုင်ပြီး အဲဒီမှတ်တိုင်တွေကြားမှာ ကူးသန်းသွားလာလို့ ရမယ်ဆိုရင်တော့၊ အချင်းချင်း တွေ့ဖို့က အိမ်နီးချင်းအိမ် သွားရတာထက်တောင် ပိုပြီး လွယ်ကူသွားမည်။

သူက ငွေရောင်ဘုရင်ရဲ့ အကူအညီနဲ့ အိမ်နီးချင်းအိမ်ကို ၁၀ မိနစ်အတွင်း ရောက်နိုင်ပေမဲ့၊ တခြားသူတွေကတော့ လမ်းလျှောက် ဒါမှမဟုတ် ပြေးသွားရမှာမို့လို့ ကီလိုမီတာ အနည်းငယ် သွားဖို့တောင် တစ်နာရီ၊ နှစ်နာရီလောက် ကြာ၏။

ဒါပေမဲ့ ဒီတည်နေရာကူးပြောင်းစက် တွေကို လွှဲပြောင်းပေးလို့ ရမရတော့ သူ မသေချာချေ။

ရမယ်ဆိုရင်တော့ အများကြီး ပိုလွယ်သွားလောက်၏။

ဝမ်ကွေ့ရှင်း - "နင် ဘယ်လို ဖြေရှင်းမှာလဲ"

ရွှီရှင်း - "တယ်လီပို့စနစ် ပေါ့၊ အဲဒီလိုမျိုး ပစ္စည်းတစ်ခု ငါ လုပ်နိုင်တယ်"

ချင်ယွန်လုံ - "တယ်လီပို့ ဟုတ်လား"

ဝမ်လေ့ - "ဝိုး အစ်ကိုကြီးရွှီကတော့ တကယ်ကို လန်းတာပဲ"

လီဝမ်ရှီး - "ဟင်"

ကျိချောင်းယန်တောင်မှ အံ့သြသွားပြီး ချက်ချင်း မေးလာသည်။

"ရွှီရှင်း၊ အဲဒီ တယ်လီပို့စနစ်မှာ ကန့်သတ်ချက်တွေ ရှိလား။ တစ်နေ့ကို လူဘယ်နှယောက်ပဲ သွားလို့ရမယ်တို့၊ အကွာအဝေး ကန့်သတ်ချက်တို့၊ ဒါမှမဟုတ် သုံးပြီးရင် ခဏစောင့်ရတာမျိုးတို့ ရှိလား"

ရွှီရှင်း ခဏစဉ်းစားကြည့်ရာ....

"မရှိလောက်ပါဘူး၊ အသိပေးချက်ထဲမှာတော့ အဲဒီလို မပါဘူး။ ငါက ခွင့်ပြုပေးမယ်ဆိုရင် ဘယ်သူမဆို အဲဒီ တည်နေရာမှတ်တိုင်တွေကြားမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မယ်လို့ပဲ ပါတာ။ အဲဒီပစ္စည်းကို တည်နေရာကူးပြောင်းစက် လို့ ခေါ်တယ်၊ ဒါပေမဲ့ ကုန်ကြမ်းတွေတော့ အများကြီး လိုမယ်။ တည်နေရာကူးပြောင်းစက် တစ်ခုအတွက် အပြာရောင်အဆင့် ကုန်ကြမ်း အခု ၄၀ လောက် လိုတာ။ ငါ ဖော်ပြချက်ကို ပို့ပေးမယ်"

ရွှီရှင်းက တည်နေရာကူးပြောင်းစက် ရဲ့ ဖော်ပြချက်ကို အဖွဲ့ထဲ ပို့ပေးလိုက်သည်။

သူ့ရဲ့ စွမ်းရည်ကို သူ ထပ်ပြီး ဝှက်မထားတော့ချေ။

[တည်နေရာကူးပြောင်းစက် (အပြာရောင်အဆင့်): ညီညာသော မည်သည့် မျက်နှာပြင်ပေါ်တွင်မဆို ထားရှိနိုင်သည်။ ဖန်တီးသူ၏ ခွင့်ပြုချက်ဖြင့် မဟာမိတ်များ သို့မဟုတ် ကြားနေယူနစ်များသည် တည်နေရာကူးပြောင်းစက် များအကြား တယ်လီပို့ ကူးသန်းသွားလာနိုင်သည်။ လိုအပ်သော ကုန်ကြမ်း: သစ်သား (အပြာရောင်အဆင့်) x ၁၀၊ သံမဏိတုံး (အပြာရောင်အဆင့်) x ၁၀၊ အဂ္ဂိရတ် အထွေထွေကုန်ကြမ်း (အပြာရောင်အဆင့်) x ၁၀]

ဝမ်လေ့ - "သံမဏိတုံး နဲ့ အဂ္ဂိရတ် အထွေထွေကုန်ကြမ်း။ ဒါတွေက တကယ့် အဆင့်မြင့် ပစ္စည်းတွေပဲ မဟုတ်လား..."

ဝမ်ကွေ့ရှင်း - "ဒါ ရွှီရှင်းရဲ့ စွမ်းရည်လား။ အဂ္ဂိရတ် ကုန်ကြမ်း နဲ့ အဂ္ဂိရတ်ပညာ တော်တော် အစွမ်းထက်ပုံရတယ်"

ချီရွှယ်ဖေး - "ဒါဆို ရွှီရှင်းက အဂ္ဂိရတ်ပညာရှင်ပေါ့၊ ဒါကြောင့်လည်း ဒီ အဂ္ဂိရတ်ပစ္စည်းတွေက အံ့သြဖို့ကောင်းတဲ့ အာနိသင်တွေ ရှိနေတာကိုး"

ရွှီရှင်းမှာတော့ စကားတောင် မပြောနိုင်တော့ချေ။

သူမကိုယ်တိုင် လုပ်တဲ့ ဆေးလုံးတွေကရော အဲဒီလောက် မထူးခြားလို့လား...။

ချင်ယွန်လုံ - "အပြာရောင်အဆင့် ကုန်ကြမ်းတွေ တော်တော်များတာပဲ၊ ဒါပေမဲ့ ရမယ့် အာနိသင်နဲ့ဆိုရင်တော့ တန်ပါတယ်"

လီဝမ်ရှီး - "ကုန်ကြမ်းတွေလား... သံမဏိတုံးအတွက်ကတော့ ငါ့ဘက်မှာ ပြဿနာ မရှိပါဘူး၊ နင့်ရဲ့ အဂ္ဂိရတ် ကုန်ကြမ်းတွေပေါ်မှာပဲ မူတည်တော့တယ်"

သူဌေးမလေးရဲ့ စကားကို ကြားတာနဲ့ ရွှီရှင်းက ချက်ချင်း ပြောလိုက်သည် ။

"အဂ္ဂိရတ် အထွေထွေကုန်ကြမ်း လုပ်ဖို့အတွက် သံချောင်း (အပြာရောင်အဆင့်) နဲ့ ရွှေနက် (အပြာရောင်အဆင့်) လိုတယ်"

လီဝမ်ရှီး - "ဒါဆိုရင်တော့ ဘာမှ စိတ်ပူစရာ မရှိပါဘူး၊ နင် လိုအပ်တယ်ဆိုရင်သာ လုပ်လိုက်တော့။ ကုန်ကြမ်းတွေကို ငါ ထောက်ပံ့ပေးမယ်"

"သူဌေးမလေး ဒီစကားပြောမှာကိုပဲ ငါ စောင့်နေတာပါ"

ရွှီရှင်း စိတ်အေးသွားတဲ့ အပြုံးတစ်ခု ပြုံးလိုက်မိသည်။

တည်နေရာကူးပြောင်းစက် အတွက် ကုန်ကြမ်းပြဿနာကတော့ ပြေလည်သွားချေပြီ။

ဒီတည်နေရာကူးပြောင်းစက် သာ ရှိလာရင်တော့ နောင်မှာ လှုပ်ရှားရတာတွေက အများကြီး ပိုပြီး လွယ်ကူသွားတော့မှာ အမှန်ပင်။

---

အခန်း ၂၁၈ ပြီး။

All Chapters