အခန်း (၂၁၉-၂၂၀)
Vol. 15 Ch. 219-220
အခန်း (၂၁၉) - ရွှေ
ကျောက်ရှောင်ချွမ်း - "ဝမ်ရှီး... မင်းက တကယ့်ကို သူဌေးမလေးပဲလား။ ဘယ်လောက်တောင် ဝှက်ထားတာလဲဟ"
ဝမ်ကွေ့ရှင်း - "ရွှီရှင်းနဲ့ ဝမ်ရှီးကြားမှာ တစ်ခုခုတော့ ရှိနေပြီ ထင်တယ်နော်"
လီဝမ်ရှီး - "မဟုတ်တာ... မမကွေ့ရှင်းကလည်း လျှောက်ပြောနေပြန်ပြီ..."
ချင်ယွန်လုံ - "ဒီသတ္တုနက်က ခုနကပြောတဲ့ မိုးကြိုးလွှဲလုပ်တဲ့ ကုန်ကြမ်းလား"
လီဝမ်ရှီး - "ဟုတ်တယ်၊ အခု ငါ့ဆီမှာ ကုန်ကြမ်းတွေ အများကြီး ရှိနေပြီမို့လို့ နင်တို့အားလုံးအတွက် တစ်ယောက်တစ်ခုစီ လုပ်ပေးလို့ ရတယ်"
ကျိချောင်းယန် - "လောလောဆယ် မိုးသက်မုန်တိုင်း မရှိသေးတာမို့ မိုးကြိုးလွှဲက မလိုသေးပါဘူး။ တည်နေရာကူးပြောင်းစက် လုပ်ဖို့ကိုပဲ ဦးစားပေးရအောင်"
ကျောက်ရှောင်ချွမ်း - "ဒါဆိုရင် ငါတို့ တည်နေရာတွေကို အရင် အတည်ပြုပြီး ဒီစက်ကိစ္စကို အရင် ရှင်းမလား၊ ဒါမှမဟုတ် နယ်မြေကိုပဲ တန်းပြီး ချဲ့ထွင်မလား"
ကျိချောင်းယန် - "နှစ်ခုလုံးကို တစ်ပြိုင်တည်း လုပ်မယ်။ ရွှီရှင်းနဲ့ လီဝမ်ရှီးက တည်နေရာကူးပြောင်းစက် ကိစ္စကို ကိုင်တွယ်လိမ့်မယ်။ ငါက သူတို့နဲ့ နီးတာမို့လို့ ကူညီပေးမယ်။ ကျန်တဲ့သူတွေရဲ့ တာဝန်ကတော့ ကိုယ့်ပတ်ဝန်းကျင်ကို အရင် စူးစမ်းပြီး တခြားနယ်မြေက လူတွေကို ရှင်းရင်ရှင်း၊ မဟုတ်ရင် လက်အောက်ခံဖြစ်အောင် လုပ်ဖို့ပဲ။ ကိုယ့်ရဲ့ ဘေးကင်းနယ်မြေ ပတ်ပတ်လည်ကို စိတ်ချရအောင် အရင် လုပ်ကြပါ"
ရွှီရှင်းကလည်း ထပ်လောင်းပြောလိုက်သည်။
"ဟုတ်တယ်။ တခြားနယ်မြေကလူတွေ ဘာတွေးလဲဆိုတာ ထည့်စဉ်းစားနေစရာ မလိုဘူး။ ပူးပေါင်းချင်ရင် ထားလိုက်၊ မပူးပေါင်းရင်တော့ ရှင်းပစ်လိုက်"
စူးစမ်းရှာဖွေသူများ အဖွဲ့ထဲက အားလုံးက ရွှီရှင်းရဲ့ အစီအစဉ်ကို သဘောတူကြ၏။
ကျိချောင်းယန် - "ပြင်ဆင်စရာလေးတွေတော့ ရှိသေးတယ်။ ငါ နယ်မြေဆက်သွယ်ရေးလိုင်းမှာ အသေးစိတ် ရှင်းပြလိုက်မယ်၊ ဒါမှ ကြောက်နေတဲ့သူတွေလည်း ငါတို့ အစီအစဉ်ကို သိသွားမှာ။ အများကြီး ပူးပေါင်းလာကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
ရွှီရှင်း - "ကောင်းပြီ၊ အဲဒါကိုပဲ မင်း ဦးဆောင်လိုက်ပါ။ ဒီနေ့တော့ မှောင်နေပြီဆိုတော့ အားလုံးလည်း ပင်ပန်းနေကြပြီ၊ အနားယူကြဦး။ မနက်ဖြန်ကျမှ တရားဝင် စတင် လှုပ်ရှားကြတာပေါ့"
ရွှီရှင်းသည် အဖွဲ့ထဲကနေ ထွက်လိုက်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်၏။
အချိန်ကို ကြည့်လိုက်တော့ အိပ်ဖို့ စောနေသေးသည်။
သူသည် အနုပညာ အလုပ်အချို့ လုပ်ဖို့ ဆုံးဖြတ်လိုက်၏။
ဘာလို့လဲဆိုတော့ တည်နေရာကူးပြောင်းစက် လုပ်ဖို့အတွက် ပထမဆုံး ကျော်ဖြတ်ရမယ့် အခက်အခဲက အဂ္ဂိရတ်ပညာရဲ့ သနားစရာကောင်းလှတဲ့ အောင်မြင်မှုနှုန်းပဲ မဟုတ်ပါလား။
တည်နေရာကူးပြောင်းစက် လုပ်ဖို့ အောင်မြင်မှုနှုန်း ဘယ်လောက်ရှိလဲ သူ မသိပေမဲ့၊ သေချာပေါက် မမြင့်နိုင်ချေ။
ဒါကြောင့် အဂ္ဂိရတ်ခန်းအတွက် အလှဆင်ပစ္စည်းတွေနဲ့ မြှင့်တင်မှု အမှတ်တွေ ပိုလိုနေ၏။
မဟုတ်ပါက တည်နေရာကူးပြောင်းစက် လုပ်တာ ရှုံးနိမ့်သွားလျှင် ကုန်ကြမ်းတွေ အလဟဿ ဖြစ်ကုန်လိမ့်မည်။
အပြာရောင်အဆင့် ကုန်ကြမ်း ၄၀ တောင်ကုန်ကြမည်ဖြစ်သည်။
လီဝမ်ရှီးက ချမ်းသာတယ်ဆိုပေမဲ့ ဒီလောက်အထိ အဖြုန်းခံနိုင်မှာ မဟုတ်ပေ။
ထိုစဉ်မှာပင် လီဝမ်ရှီးက သူ့ထံ ဗီဒီယိုဖုန်း ခေါ်လာသည်။
သူမရဲ့ မျက်နှာမှာ စိုးရိမ်ရိပ်တွေ သန်းနေတာကို ရွှီရှင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
"ရွှီရှင်း... ငါတို့ တကယ်ပဲ တခြားနယ်မြေက လူတွေကို သတ်ရမှာလား။ ငါက ဒီလိုကိစ္စမျိုးတွေနဲ့ မသင့်တော်သလို ခံစားနေရတယ်၊ ပြီးတော့ ငါ့ရဲ့ တိုက်ရည်ခိုက်ရည်ကလည်း နင်တို့လို မသန်မာဘူးလေ။ တခြားသူကို နိုင်ပါ့မလားတောင် မသိဘူး..."
သူမရဲ့ အသံလေးက တိုးနေပြီး ရွှီရှင်း ဆူမှာကို ကြောက်နေတဲ့ ပုံပင်။
ရွှီရှင်း ခဏ မှင်သက်သွားရ၏။
ဒါက သူ ထည့်မစဉ်းစားမိတဲ့ အချက်ပဲလေ။
အမှန်ပါပင် လူတိုင်းက တိုက်ခိုက်ရတာ ဝါသနာပါတာ မဟုတ်သလို လီဝမ်ရှီးကလည်း အဲဒီလိုလူမျိုး မဟုတ်တာ ထင်ရှား၏။
သူမရဲ့ သတ္တုနဲ့ ပတ်သက်တဲ့ စွမ်းရည်ကလည်း တိုက်ခိုက်ရေးမှာ သိပ်ပြီး အသုံးမဝင်ဘူး မဟုတ်လား။
"စိတ်မပူပါနဲ့၊ ငါ့အနားမှာပဲ နေပါ။ ငါ့ပတ်ဝန်းကျင်က အိမ်တွေကိုတော့ ငါ ရှင်းထားပြီးပြီ၊ မနက်ဖြန်ကျရင် ငါ နင့်ဆီလာပြီး ကူညီပေးမယ်"
သူ့အနားမှာတော့ အခု ရန်သူ မရှိတော့ချေ။
အနီးနားက တခြားသူတွေကို ကူညီဖို့ သူ စီစဉ်ထားတာဆိုတော့ လီဝမ်ရှီးကို သွားကူတာကလည်း အံကိုက်ဖြစ်သွား၏။
"တကယ်လားဟင်။ ဒါဆို... ဒါဆို ငါတို့ မနက်ဖြန် တွေ့ရမှာလား"
လီဝမ်ရှီး ရုတ်တရက် ရင်ခုန်သွားပုံရပြီး ဆံပင်တွေကို လက်နဲ့ သပ်လိုက်ရှာသည်။
ရွှီရှင်းကတော့ ကြောင်တောင်တောင်နဲ့....
"ငါတို့ ခဏခဏ ဗီဒီယိုနဲ့ စကားပြောနေတာပဲကို၊ လူချင်းတွေ့တာက ဘာထူးမှာလဲ"
"ထူးတာပေါ့..."
လီဝမ်ရှီးက သူ့ကို မျက်စောင်းထိုးလိုက်၏။
ပြီးနောက် သူမရဲ့ အမူအရာက တစ်ခုခု ပြောချင်နေသလိုမျိုး ဇဝေဇဝါ ဖြစ်လာပြန်သည်။
"ဘာဖြစ်လို့လဲ" ရွှီရှင်းက မေးလိုက်၏။
"ဟို... ဘာမှမဟုတ်ပါဘူး၊ ထားလိုက်ပါတော့။ ဒါနဲ့ ရွှီရှင်း... ငါ ဒီနေ့ ဘာတွေ့ခဲ့လဲ ခန့်မှန်းကြည့်စမ်း"
လီဝမ်ရှီးက စောစောက စိုးရိမ်မှုတွေကို ဖယ်ထုတ်ပြီး ပြန်ပြုံးလိုက်ပြန်သည်။
"သတ္တုတွင်း အသစ်တစ်ခုခု ထပ်တွေ့ပြန်ပြီလား"
ရွှီရှင်းက သူမ စောစောက ပြောခဲ့တာကို သတိရပြီး မေးလိုက်သည်။
"ဟဲဟဲ... ရွှေတွင်း တွေ့ခဲ့တာ။ ကြည့်လိုက်ဦး... ရွှေတုံးတွေ"
လီဝမ်ရှီးက ဘေးကို အသာဖယ်ပြလိုက်ရာ သူမရဲ့ အနောက်မှာ တဖျပ်ဖျပ် တောက်ပနေတဲ့ ရွှေတုံးအချို့ကို တွေ့လိုက်ရတော့သည်။
"ရွှေတွင်းလား ရွှေတွေပေါ့လေ"
"ဘုရားရေ... တကယ့် သူဌေးမကြီးပါလား"
ရွှေမှုန့်ဆိုတာ သူ့ရဲ့ အဂ္ဂိရတ် အထွေထွေကုန်ကြမ်းအတွက် လိုအပ်တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး ရွှေနက်မှုန့် နေရာမှာ အစားထိုး သုံးလို့ရ၏။
ဒါတင်မကဘဲ ရွှေမှာ တခြား အသုံးဝင်ပုံတွေ အများကြီး ရှိပါသေးသည်။
တခြား သတ္တုတွေနဲ့ ယှဉ်လျှင် ရွှေက တည်ငြိမ်မှု ရှိသလို၊ လျှပ်စစ်စီးကူးမှုလည်း အရမ်းကောင်း၏။ ပျော့ပြောင်းတာကြောင့် ပုံဖော်ရတာလည်း လွယ်ကူသည်။
ကမ္ဘာပေါ်မှာတော့ ခေတ်မီ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ငန်းတွေဟာ ရွှေကို အဓိက အားထားရ၏။
အချို့ဆိုလျှင် ရွှေနဲ့ ငွေကို ပြန်ထုတ်ဖို့အတွက် လျှပ်စစ်ပစ္စည်း အဟောင်းတွေကိုတောင် လိုက်ဝယ်ကြတာ မဟုတ်လား။
ဒါပေမဲ့ ရွှေက အရမ်း တန်ဖိုးကြီးလွန်းတာကြောင့် ငွေနဲ့ ကြေးနီလောက်တော့ အသုံးမများကြချေ။
ဒါ့အပြင် ရွှေစစ်လျှင် မီးမကြောက်သလို၊ အပူဒဏ်လည်း ခံနိုင်၏၊ အနီအောက်ရောင်ခြည် ဓာတ်ရောင်ခြည်တွေကိုလည်း ၉၈.၄၄% အထိ ပြန်ကန်ထုတ်နိုင်တာကြောင့် အာကာသ လုပ်ငန်းတွေမှာ အသုံးများ၏။
ဒါပေမဲ့ လောလောဆယ် ရွှီရှင်းအတွက်တော့ အဲဒီလုပ်ဆောင်ချက်တွေက အဝေးကြီးပါသေးသည်။
သို့သော်လည်း လျှပ်စစ်စီးကူးနိုင်စွမ်းကိုတော့ လျစ်လျူရှုလို့ မရချေ။
"ငါ့ကို တစ်ချက်လောက် ပြပါလား"
ရွှီရှင်း တည်နေရာကူးပြောင်းစက် ကိစ္စကို ခဏဘေးဖယ်ပြီး ရွှေကို သုံးပြီး လျှပ်စစ်ပစ္စည်းတွေ လုပ်လို့ ရမလားဆိုတာ သိချင်နေမိသည်။
ဒါဆိုလျှင် သူလည်း လျှပ်စစ်ခေတ်ကို ရောက်သွားနိုင်၏။
"ရတာပေါ့၊ ဒီမှာ"
လီဝမ်ရှီးက ချက်ချင်းပဲ အရောင်းအဝယ် လွှဲပြောင်းပေးလိုက်သည်။
ရွှီရှင်း လက်ခံလိုက်ရာ လေးလံတဲ့ ရွှေတုံးကြီး တစ်တုံး သူ့လက်ထဲ ရောက်လာတော့သည်။
အခု သူ့ရဲ့ ခွန်အားနဲ့တောင် တည်ငြိမ်အောင် မနည်း ကိုင်ထားရ၏။
[ရွှေတုံး (အပြာရောင်အဆင့်): လျှပ်စစ်စီးကူးမှု ကောင်းမွန်ပြီး အလွန်တည်ငြိမ်သော သတ္တုတုံး ဖြစ်သည်။ ပျော့ပြောင်းသော အသားရှိပြီး ပုံဖော်ရ လွယ်ကူသည်။ အချို့သော လျှပ်စစ်ပစ္စည်းများအတွက် မရှိမဖြစ် လိုအပ်သော ကုန်ကြမ်း ဖြစ်သည်။]
"လျှပ်စစ်ပစ္စည်းတွေတဲ့"
ရွှီရှင်းသည် ဒုတိယထပ်မှ အလုပ်ခန်းထဲက အခြေခံ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးစင် ဆီကို အပြေးသွားပြီး ထုတ်လုပ်လို့ရတဲ့ စာရင်းကို စစ်ကြည့်လိုက်၏။
ဒါပေမဲ့ ရလဒ်ကတော့ သူ့ကို စိတ်ပျက်သွားစေ၏။
စာရင်းထဲမှာ လျှပ်စစ်ပစ္စည်း အသစ်တစ်ခုမှ တိုးမလာချေ။
ကြည့်ရတာ လျှပ်စစ်ပစ္စည်းတွေ လုပ်ဖို့ဆိုလျှင် ကြေးနီနဲ့ ငွေကတော့ လိုဦးမှာပင်။
ရွှေက လျှပ်စစ်စီးကူးမှု ကောင်းတယ်ဆိုပေမဲ့ ဒီသတ္တု နှစ်မျိုးနေရာမှာတော့ အစားမထိုးနိုင်သေးတဲ့ ပုံရ၏။
ဒါ့အပြင် ဒီစင်ရဲ့ နာမည်ကလည်း အခြေခံ လို့ ပါနေတာကြောင့် ရွှေလောက်အထိ အဆင့်မြင့်တဲ့ ပစ္စည်းတွေ မလိုတာလည်း ဖြစ်နိုင်သည်။
မမျှော်လင့်ဘဲ ကြေးနီနဲ့ ငွေ မတွေ့ခင် ရွှေကို အရင် တွေ့လိုက်ရတာပါလား....။
"ဒါပေမဲ့ ဒီအတိုင်းဆိုလျှင်တော့ ရွှေက သိပ်ပြီး အသုံးမဝင်လှချေ..."
ရွှီရှင်းက သူ့ဘာသာ ရေရွတ်လိုက်မိသည်။
သူ ဗီဒီယို ဖွင့်ထားဆဲမို့ လီဝမ်ရှီးက သူ့မျက်နှာကို မြင်နေရ၏။
သူ ပြောတာကို ကြားတော့ လီဝမ်ရှီးက ရွှေတုံးတွေဟာ လျှပ်စစ်ပစ္စည်း လုပ်ဖို့ အသုံးမတည့်သေးဘူးဆိုတာ ရိပ်မိသွားသည်။
သူမလည်း နည်းနည်း စိတ်ပျက်သွားသော်လည်း ချက်ချင်းပဲ စိတ်ပြန်တင်းလိုက်၏။
"သိပ်ပြီး စိတ်မပျက်ပါနဲ့ဦး။ ရွှေရဲ့ တခြား အသုံးဝင်ပုံကို မေ့နေပြီလား"
လီဝမ်ရှီး စားပွဲပေါ်က ရွှေတုံးကို မဖို့ ကြိုးစားသော်လည်း အရမ်းလေးတာကြောင့် လွတ်ကျမလိုတောင် ဖြစ်သွားရှာသည်။
"ရွှေကို ငွေကြေးအဖြစ် သုံးလို့ ရတာလေ"
"ငွေကြေး ဟုတ်လား...။"
"ငါတို့က အဖွဲ့အစည်း အကြီးကြီး တည်ဆောက်ဖို့ အစီအစဉ် ရှိတယ် မဟုတ်လား။ အဲဒီအချိန်ကျရင် ပစ္စည်းချင်း လဲလှယ်နေတာက သိပ်ပြီး ပညာရှင်မဆန်ဘူးလေ၊ အဲဒီအချိန်ကျရင် ဒီရွှေတုံးတွေက အစွမ်းပြတော့မှာပေါ့။ ငါတို့တွေ အတည်တကျ ဖြစ်သွားရင် ကိုယ်ပိုင် ရွှေဒင်္ဂါးတွေတောင် လုပ်လို့ ရတာပဲ"
သူမ ပြောတာလည်း တကယ်ပဲ ယုတ္တိရှိလှသည်။
အခုချိန်မှာ အသက်ရှင်ကျန်ရစ်သူတွေဟာ အခြေခံအကျဆုံး ပစ္စည်းချင်းလဲတဲ့ စနစ်ကိုပဲ သုံးနေကြ၏။
တန်ဖိုးကို တိုင်းတာဖို့ဆိုလျှင် အမှတ်ဆိုင်က အမှတ်တွေပဲ ရှိတာပင်။
အဲဒါကလည်း တစ်ယောက်နဲ့တစ်ယောက် လွှဲလို့ မရချေ။
ဒီလို အရောင်းအဝယ် လုပ်တာက အားနည်းချက်တွေ အများကြီး ရှိသလို ဈေးကွက်ကိုလည်း ရှုပ်ထွေးစေ၏။
နောင်မှာ လူသောင်းချီတဲ့ အဖွဲ့အစည်း ဖြစ်လာရင်တော့ တန်ဖိုးကို တိုင်းတာဖို့ ငွေကြေးဆိုတာ တကယ် လိုအပ်လာပေလိမ့်မည်။
ဒါပေမဲ့ အခုလောလောဆယ် သူတို့အတွက်တော့ ဒါဟာ အဝေးကြီးဝေးပါသေးသည်။
နောက်ထပ် ဘယ်တော့ ဘေးအန္တရာယ် လာမလဲ၊ လူဘယ်နှယောက် ထပ်သေဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ချေ။
စစ်မက်ဖြစ်ပွားချိန်မှာတော့ ရွှေဟာ မြေကြီးလိုပဲ တန်ဖိုးမဲ့သွားတတ်သည် မဟုတ်ပါလား။
ဒါပေမဲ့လည်း လီဝမ်ရှီးရဲ့ စိတ်အားထက်သန်မှုကိုတော့ သူ မဖျက်စီးချင်ပါဘူး။
စီးပွားရေးအကြောင်း သိပ်မသိတဲ့သူပီပီ ရွှီရှင်းက မေးလိုက်သည်။
"အကယ်၍ နောင်မှာ ငါတို့ တကယ် ငွေကြေး ထုတ်ဖြစ်ခဲ့ရင်၊ နင်ကပဲ တာဝန်ယူမှာလား"
"ဟင်"
လီဝမ်ရှီး ကြောင်သွားပြီး လက်ကို အသည်းအသန် ခါပြရှာသည်။
"ကျွန်မက ဒါတွေကို နားမလည်ပါဘူး၊ ဒီအတိုင်း လျှောက်ပြောကြည့်တာပါ။ ဪ... အဲဒီအချိန်ကျရင်တော့ ကျွန်မတို့ အဖွဲ့ထဲမှာ စီးပွားရေး ကျွမ်းကျင်တဲ့သူတွေ ပါလာမှာပေါ့၊ သူတို့ကိုပဲ ကိုင်တွယ်ခိုင်းရမှာပေါ့"
ရွှီရှင်း ခပ်ဖွဖွ ရယ်လိုက်မိ၏။
ဒါက တကယ်ကို ခက်ခဲတဲ့ လမ်းခရီးပါပဲ။
ဘာပဲဖြစ်ဖြစ် ရွှေတုံးတွေ ရှိလာတော့ သူ့ရဲ့ အဂ္ဂိရတ် အထွေထွေကုန်ကြမ်း လုပ်ဖို့အတွက် ကုန်ကြမ်း ဖိအားကတော့ တော်တော်လေး လျော့သွား၏။
ဒါဟာ ကောင်းတဲ့ကိစ္စပင်။
"အခု နင့်ဆီမှာ သံမဏိတုံး ဘယ်နှတုံး ရှိပြီလဲ။ ငါ တည်နေရာကူးပြောင်းစက် တစ်ခု အရင် စမ်းလုပ်ကြည့်ချင်လို့"
"အင်း... ကုန်ကြမ်းတွေ ကျွန်မ ပေးမယ်"
လီဝမ်ရှီးက တည်နေရာကူးပြောင်းစက် လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းအားလုံးကို တစ်ခါတည်း လွှဲပေးလိုက်သည်။
အပြာရောင်အဆင့် သံမဏိတုံး ၁၀ တုံး၊ အပြာရောင်အဆင့် သံတုံး ၁၀ တုံးနဲ့ အပြာရောင်အဆင့် ရွှေနက်တုံး ၁၀ တုံးပင်။
"ရွှေတုံးက ရွှေနက်တုံး နေရာမှာ အစားထိုးလို့ ရတယ်နော်၊ ရွှေနက် မရှိရင် ရွှေတုံး သုံးလို့ ရတယ်" လို့ ရွှီရှင်းက လီဝမ်ရှီးကို ပြောပြလိုက်၏။
"ဪ... အင်းပါ။ ကျွန်မဆီမှာလည်း ရွှေတုံးက အများကြီး မရှိသေးတော့ ရွှေနက်ကိုပဲ အရင် သုံးလိုက်မယ်လေ။ ပြီးခဲ့တဲ့ အခေါက်က တော်တော်များများ ရထားတာဆိုတော့"
"ကောင်းပြီလေ၊ ဒါဆို ငါ စမ်းကြည့်လိုက်ဦးမယ်"
"အင်း... ဒါနဲ့ ရွှီရှင်း... ရှင် မနက်ဖြန် တကယ် လာမှာလား။ ကျွန်မက ရှင့်ရဲ့ အရှေ့ဘက်မှာ ရှိလောက်မှာပါ"
"ငါ့ရဲ့ ငွေရောင်ဘုရင်အကြောင်းကို မေ့နေတာလား။ နင့်ဆီ ရောက်ဖို့ နာရီဝက်တောင် ကြာမှာ မဟုတ်ပါဘူး"
"တကယ်လား။ ဒါဆိုရင်တော့ ကျွန်မ စိတ်အေးရပြီ။ ဟဲဟဲ... မနက်ဖြန်မှ တွေ့မယ်နော်"
လီဝမ်ရှီးဆီက ကုန်ကြမ်းတွေ ရပြီးနောက် ရွှီရှင်း အဂ္ဂိရတ်ခန်းကို သွားလိုက်သည်။
အရင်ဆုံး အဂ္ဂိရတ် အထွေထွေကုန်ကြမ်း ၁၀ ခုကို အရင်လုပ်ပြီး၊ တည်နေရာကူးပြောင်းစက် ကို နှိပ်ကာ အောင်မြင်မှုနှုန်းကို စစ်ကြည့်လိုက်၏။
[တည်နေရာကူးပြောင်းစက် ထုတ်လုပ်တော့မည်၊ အောင်မြင်မှုနှုန်း ၅၆% (၅၀% + ၆%)၊ ရှေ့ဆက်မလား။]
ထင်ထားတဲ့အတိုင်း အခြေခံနှုန်းက ၅၀% ပါပဲ။
အလှဆင် မြှင့်တင်မှု ၆၀% ပေးထားတာက အောင်မြင်မှုနှုန်းမှာ ၆% ပဲ တိုးပေး၏။
ကြည့်ရတာ တည်နေရာကူးပြောင်းစက်ကို အခုချက်ချင်း မလုပ်သေးဘဲ၊ အဂ္ဂိရတ် အောင်မြင်မှုနှုန်းကို အရင် မြှင့်နိုင်အောင် လုပ်ရမှာလားမသိဘူး...။
ထိုစဉ်မှာပင် ကျိချောင်းယန်က သူ့ထံ အသံဖြင့် ဆက်သွယ်လာသည်။
သူ ပထမဆုံး ပြောလိုက်တဲ့ စကားကြောင့် ရွှီရှင်း မျက်ခုံး တစ်ချက် ပင့်သွားရ၏။
"ရွှီရှင်း... မနက်ဖြန်ကျရင် မင်းရယ်၊ ငါရယ်၊ လီဝမ်ရှီးနဲ့ ချီရွှယ်ဖေးတို့ အားလုံး လူချင်းတွေ့ကြရအောင်။ သူတို့ နှစ်ယောက်က တိုက်ခိုက်ရေးမှာ အားနည်းတာကြောင့် သူတို့ အနားမှာ ရှိနိုင်တဲ့ အန္တရာယ်တွေကို ငါတို့ သွားရှင်းပေးရမယ်"
---
အခန်း ၂၁၉ ပြီး။
အခန်း (၂၂၀) - တွေ့ဆုံပွဲအကြောင်း ဆွေးနွေးခြင်းနှင့် ရူးသွပ်သောအနုပညာရှင်
"ငါ့ဘက်ကတော့ ပြဿနာမရှိပါဘူး၊ တကယ်တော့ လီဝမ်ရှီးဆီ သွားဖို့ ငါ သဘောတူထားပြီးသားပါ"
"မင်း တို့ နှစ်ယောက်ကတော့ တကယ့်ကို ထူးခြားတဲ့ ဆက်ဆံရေးပဲနော်"
"မဟုတ်ပါဘူးကွာ၊ ဒါနဲ့ ချီရွှယ်ဖေး ဘယ်မှာရှိလဲ မင်း သိလား။ မင်း က ချီရွှယ်ဖေးဆီ သွားကူလိုက်၊ ငါက လီဝမ်ရှီးဆီ သွားကူမယ်လေ၊ ဘယ်လိုလဲ"
"အကူအညီတွေကို ခွဲဝေပေးမလို့လား။ ဒါလည်း မဆိုးပါဘူး။ အဓိကကတော့ အားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေချင်တာ။ ငါတို့ တစ်ခါမှ လူချင်း တကယ် မတွေ့ဖူးကြသေးဘူး မဟုတ်လား။ အတူတူ အလုပ်လုပ်နေကြပေမဲ့ တစ်ခုခု လိုနေသလိုပဲ။ ပြီးတော့ လူချင်းတွေ့ရင် ပိုပြီး အသေးစိတ် ဆွေးနွေးလို့ ရတာပေါ့၊ အထူးသဖြင့် ထူးခြားစွမ်းရည်တွေ အကြောင်းပေါ့လေ"
"မင်းလည်း သတိထားမိပုံပဲ၊ ငါတို့တွေက အရမ်းကို နီးကပ်လွန်းနေတယ်"
"ဟုတ်တယ်၊ ထူးခြားစွမ်းရည် ရှိတဲ့သူတွေက ဒီလောက်အထိ စုပြုံနေတာက ဒီပတ်ဝန်းကျင်မှာ တစ်ခုခု ထူးခြားတာ ရှိနေလို့ ဖြစ်ရမယ်"
"ထူးခြားတဲ့ အရာ ဟုတ်လား...။"
ရွှီရှင်း၏ စိတ်ထဲတွင် တောင်ကုန်းအရင်းအမြစ် နယ်မြေရှိ ချောက်ကမ်းပါးကြီးကို မြင်ယောင်လာမိ၏။
၎င်းမှာ ကြောက်မက်ဖွယ်ရာ ငရဲတွင်းကြီး တစ်ခုနှင့်ပင် တူလှသည် မဟုတ်ပါလား။
"မနက်ဖြန် တွေ့ကြတာပေါ့။ အချိန်ရရင် ငါ့ရဲ့ ကာကွယ်ရေးနယ်မြေထဲက နေရာတစ်ခုကို မင်းတို့ကို ခေါ်သွားပေးမယ်။ အဲဒီနေရာက တော်တော်လေး ထူးခြားတယ်၊ တစ်ခုခု ရှာတွေ့နိုင်မယ် ထင်တယ်" လို့ သူက ကျိချောင်းယန်ကို ပြောလိုက်သည်။
"ဪ... ဟုတ်လား။ ငါ့ဘက်မှာလည်း ထူးခြားတဲ့ နေရာတစ်ခု ရှိသေးတယ်၊ မင်းကို ပြချင်နေတာ"
"သူ့ဘက်မှာလည်း ရှိနေတာလား။"
ကြည့်ရတာ ဒီကမ္ဘာမှာ သူတို့ စူးစမ်းရဦးမယ့် အရာတွေ အများကြီး ကျန်နေသေးတာပေါ့။
"ဒါဆိုရင် နှစ်နေရာလုံး သွားကြည့်ကြတာပေါ့။ ငါတို့မှာ စီးနင်းစရာ သားရဲတွေ ရှိနေတာပဲ၊ ဘာမှ မခဲယဉ်းပါဘူး။ ဒီပတ်ဝန်းကျင်မှာ ထူးဆန်းတာတွေ တကယ် များလွန်းတယ်" လို့ ရွှီရှင်းက ဆိုသည်။
"ကောင်းပါပြီ။ ဒါနဲ့... ငါတို့ရဲ့ အကြံဥာဏ်တွေကို နယ်မြေဆက်သွယ်ရေးလိုင်းမှာ ပြောပြပြီးပြီ။ သူတို့ရဲ့ တုံ့ပြန်မှုက တော်တော်လေး ကောင်းတယ်၊ လူအတော်များများက ငါတို့ရဲ့ ကာကွယ်ရေးနယ်မြေထဲကို လာချင်နေကြတယ်၊ သူတို့ကို ခိုလှုံခွင့်ပေးဖို့ တောင်းဆိုနေကြတာ"
ကျိချောင်းယန်၏ စကားကြောင့် ရွှီရှင်း အံ့သြမသွားချေ။
အရင်က သူတို့ လုပ်ခဲ့သမျှဟာ ဒီရည်ရွယ်ချက်အတွက်ပဲ မဟုတ်လား။
ပွဲတစ်ခုရှိတိုင်း သူတို့က လမ်းညွှန်ပေးခဲ့သလို၊ ပြီးခဲ့တဲ့ ပွဲမှာလည်း အားလုံးနီးပါးကို အသက်ဘေးက ကယ်တင်ခဲ့တာလေ။
ကိုယ့်နယ်မြေသားတွေကြားမှာ သူတို့ရဲ့ ပုံရိပ်က အတော်လေး ကောင်းမွန်နေတာကြောင့်၊ အချို့လူတွေက သူတို့အပေါ် အသက်ကို ပုံအပ်ချင်တာကတော့ သဘာဝကျလှသည်။
"အဲဒီလိုဆိုရင်တော့ မနက်ဖြန်ကျရင် ငါတို့နောက် လိုက်ချင်တဲ့ အနီးနားက လူတွေကို တစ်ခါတည်း ခေါ်လာလို့ ရတာပေါ့။ ဒါပေမဲ့..."
ရွှီရှင်းက သတိပေးလိုက်သည်။
"ကာကွယ်ရေးနယ်မြေ အပြင်ဘက်ကို ထွက်ရင်တော့ တော်တော် သတိထားရမယ်။ အဝေးက အိမ်တွေရဲ့ ကာကွယ်ရေးနယ်မြေက ငါတို့လောက် မကျယ်သလို တစ်ခုနဲ့တစ်ခု မဆက်တာမျိုးလည်း ရှိနိုင်လို့ပါ"
"ငါလည်း အဲဒါကို သတိပေးမလို့ပဲ"
ကျိချောင်းယန်က ရယ်လျက် ပြန်ပြော၏။
"ဟားဟား... ဒါဆို မနက်ဖြန် တွေ့ဆုံပွဲအကြောင်းကို ငါပဲ အဖွဲ့ထဲမှာ မေးလိုက်မယ်"
"ကောင်းပါပြီ"
ဖုန်းချပြီးနောက် ရွှီရှင်း အဖွဲ့ထဲမှာ ချက်ချင်း ပြောလိုက်သည်။
"ဝမ်ရှီး... အမရွှယ်ဖေး၊ မနက်ဖြန် ကျိချောင်းယန်နဲ့ ကျွန်တော် ခင်ဗျားတို့ဆီ လာခဲ့မယ်။ ခင်ဗျားတို့ ပတ်ဝန်းကျင်က အန္တရာယ်တွေကို ရှင်းပေးလို့ ရတာပေါ့"
လီဝမ်ရှီး - "လူချင်း တွေ့ကြမလို့လား။ ဟုတ်လားဟင်"
ချီရွှယ်ဖေး - "ကျွန်မကတော့ ပြဿနာ မရှိပါဘူး၊ ဒါပေမဲ့ ဘယ်လို တွေ့ကြမှာလဲ။ ဘယ်မှာ စုကြမှာလဲဟင်"
ကျိချောင်းယန် - "မလိုပါဘူး၊ ရွှီရှင်းနဲ့ ကျွန်တော့်မှာ စီးစရာ သားရဲတွေ ရှိတယ်၊ ခင်ဗျားတို့ဆီကို တိုက်ရိုက် လာခဲ့မယ်"
ချီရွှယ်ဖေး - "စီးစရာ သားရဲလား။ ဒါဆိုရင်တော့ စောင့်နေပါ့မယ်။ ဪ... ပတ်ဝန်းကျင်က ပြဿနာတွေကို ဘယ်လို ရှင်းရမလဲ စိတ်ပူနေတာ၊ နင်တို့ လာမယ်ဆိုရင်တော့ စိတ်ချလိုက်ပါပြီ"
ရွှီရှင်း - "အရင်က မြင်ခဲ့တဲ့ အလင်းစက် နှစ်ခုရဲ့ ဦးတည်ချက်ကို မှတ်မိသေးလား"
ချီရွှယ်ဖေး - "အင်း... တောင်ဘက်မှာလေ။ တစ်ခုက တောင်ဘက် တည့်တည့်၊ နောက်တစ်ခုက အနောက်တောင်ဘက် နည်းနည်း ရောက်တာပေါ့"
ရွှီရှင်း တွက်ချက်လိုက်သည်။
သူက လီဝမ်ရှီးရဲ့ အနောက်ဘက်မှာ ရှိတာဆိုတော့၊ သူတို့က လီဝမ်ရှီးရဲ့ မြောက်ဘက်မှာ ဖြစ်ရမည်။
ရွှီရှင်း - "ကောင်းပြီ၊ သိပြီ။ မနက်ဖြန် စောင့်နေကြနော်"
လီဝမ်ရှီး - "ဝိုး... မမရွှယ်ဖေးနဲ့ နောက်ဆုံးတော့ တွေ့ရတော့မယ်"
ချီရွှယ်ဖေး - "နင်ကတော့ ရွှီရှင်းနဲ့ တွေ့ရမှာကိုပဲ မျှော်လင့်နေတာ မဟုတ်လား။ ဟဲဟဲ"
လီဝမ်ရှီး - "မဟုတ်ပါဘူးနော် အားလုံးနဲ့ တွေ့ချင်တာပါ"
ဝမ်လေ့ - "အားကျလိုက်တာဗျာ... ကျွန်တော်က ဘာလို့ အနားမှာ မရှိရတာလဲ..."
ရွှီရှင်း ရုတ်တရက် စဉ်းစားမိသည်မှာ ဒီဘက်မှာ ပညာရှင်တွေ စုနေမှတော့ ဝမ်လေ့တို့ဘက်မှာလည်း စုနေနိုင်၏။
ဒါကြောင့် သူက...
"ကျန်တဲ့ ငါးယောက်လည်း နယ်မြေ ၁၈၉ က လူတွေနဲ့ ဝိုင်းနေတာ မဟုတ်လား။ ဒီဘက်မှာ မဟုတ်ပေမဲ့ မင်းတို့ အချင်းချင်းလည်း နီးနိုင်တာပဲ၊ မနက်ဖြန် ရှာကြည့်ကြဦးလေ" လို့ အကြံပေးလိုက်သည်။
ကျောက်ရှောင်ချွမ်း - "တကယ်လား။ ငါတို့လည်း နီးနေတာလား။ ဒါဆိုရင်တော့ မိုက်ပြီ။ တစ်ယောက်တည်း ရှင်သန်ရတာ တော်တော် ငြီးငွေ့နေပြီ"
ကျိချောင်းယန် - "မင်းတို့လည်း တော်တော် နီးမှာပါ၊ တစ်ယောက်နဲ့တစ်ယောက် ရှာကြည့်ကြပေါ့။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူတွေကိုတော့ သတိထားဦး၊ သူတို့လည်း သန်မာနိုင်တယ်"
ချင်ယွန်လုံ - "မနက်ဖြန် စမ်းကြည့်ကြတာပေါ့၊ ငါနဲ့ ငါ့ညီနဲ့ကတော့ သိပ်မဝေးဘူးလို့ ခံစားရတယ်"
ဝမ်ကွေ့ရှင်း - "ဘာလို့ ငါတို့ ငါးယောက်လုံးက ယောင်္ကျားတွေချည်းပဲ ဖြစ်နေရတာလဲ...။ မမရွှယ်ဖေးနဲ့ ဝမ်ရှီးတို့ကတော့ ချောတဲ့ နှစ်ယောက်ကို ယူထားပြီး၊ ဒီဘက်မှာတော့ အထီးတွေချည်းပဲပေါ့၊ ဝမ်းနည်းလိုက်တာ..."
ချင်ယွန်ဟု - "...."
ချင်ယွန်လုံ - "..."
ကျောက်ရှောက်ချွမ်း - "..."
ဝမ်လေ့ - "ဘာပြောတာလဲ၊ ငါလည်း ချောပါတယ်နော်"
ရွှီရှင်း ရယ်ချင်စိတ်ကို အောင့်ထားရင်း ခေါင်းခါလိုက်ပြီး အဖွဲ့ထဲက စကားတွေကို ဂရုမစိုက်တော့ပေ။
သူ အနားမယူသေးဘဲ အနုပညာခန်းဆီ သွားလိုက်၏။
အစိမ်းရောင်အဆင့် ပုံဆောင်ခဲ ထွင်းထုမှုက အကန့်အသတ် ပြည့်သွားပြီဆိုပေမဲ့၊ အစိမ်းရောင်အဆင့် ပန်းချီနဲ့ နီညိုရောင်သစ်သား ထွင်းထုမှုတွေကတော့ အလှဆင်ရမှတ် တိုးပေးနိုင်သေး၏။
အိပ်ယာမဝင်ခင်မှာ အဂ္ဂိရတ် အောင်မြင်မှုနှုန်း တိုးအောင်လို့ ပန်းချီအချို့ ဆွဲဖို့ သူ ဆုံးဖြတ်လိုက်သည်။
စိတ်ဓာတ် တက်ကြွစေဖို့အတွက် လိမ္မော်သီး တစ်လုံး စားလိုက်ပြီးနောက်၊ ရွှီရှင်း စုတ်တံကို ကိုင်ကာ အလုပ်ထဲမှာ စိတ်နှစ်လိုက်တော့သည်။
မကြာခင်မှာပဲ တစ်နာရီကျော် ကုန်ဆုံးသွား၏။
သူ့ရှေ့က ပန်းချီကား ငါးကားကို ကြည့်ပြီး သူ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်မိသည်။
သူက ရှုခင်းကားတွေကို ဆွဲထားဖြင်းဖြစ်ပြီး သုံးထပ်ရှိတဲ့ မြင့်မားတဲ့ သစ်ပင်အိမ်၊ မြေအောက်ကမ္ဘာရဲ့ ရုန်းရင်းဆန်ခတ် မြင်ကွင်း၊ တောင်ကုန်းဒေသက ထူးဆန်းတဲ့ တောင်ကုန်းကြီး၊ မိုးသက်မုန်တိုင်း ကာလက မိုးကြိုးမုန်တိုင်းနဲ့ နွယ်ပင်တွေ ရစ်ပတ်ထားတဲ့ ဗီဇပြောင်းအပင်ရဲ့ နှလုံးသားပင်။
ဒါတွေဟာ ဒီကမ္ဘာကို ရောက်ကတည်းက သူ့အတွက် အမှတ်ရစေဆုံး မြင်ကွင်းတွေပါပဲ။
ပန်းချီတစ်ကားစီက အလှဆင်ရမှတ် ၁၀ မှတ် တိုးပေး၏။
သူ့ရဲ့ ၂၀% အပိုဆုနဲ့ဆိုလျှင် တစ်နာရီအတွင်းမှာတင် အလှဆင်ရမှတ် ၆၀ ရလာခဲ့ချေပြီ။
အမှတ်တွေ တိုးတာ မြန်တယ်ဆိုပေမဲ့ ရွှီရှင်း စိတ်ပူနေတုန်းပါပဲ။
အခု သူ့အိမ်မှာ အစိမ်းရောင်အဆင့် ရုပ်တုတွေက အပြည့်ဖြစ်နေသလို၊ ပန်းချီကလည်း ခုနစ်ကား ရှိသွားလေပြီ။
အခုပုံစံအရဆိုလျှင် ဆယ်ကားဆိုရင် အပြည့်ဖြစ်တော့မည်။
အရင်ကတော့ သူ့ရဲ့ အလှဆင်ရမှတ်တွေက တခြားသူတွေထက် အများကြီး သာနေတာမို့ လောက်ငမယ်လို့ သူ ထင်ထား၏။
ဒါပေမဲ့ မမျှော်လင့်ဘဲ အဂ္ဂိရတ်ပညာ ပေါ်လာတဲ့အခါ အဂ္ဂိရတ်ခန်းက အလှဆင်ရမှတ်တွေကို တကယ် ယူလွန်းလှသည်။
အခု သူဟာ အပြာရောင်အဆင့် ဆေးရည်တွေ၊ မြှင့်တင်မှုတွေနဲ့ တည်နေရာကူးပြောင်းစက်တွေကို လုပ်နိုင်နေလေပြီ။
အောင်မြင်မှုနှုန်းက ၅၀% ပဲ ရှိတာကြောင့်၊ ၁၀၀% သေချာချင်လျှင် အလှဆင်ရမှတ် ၅၀၀ လောက် လို၏။
ခရမ်းရောင်အဆင့် ပစ္စည်းတွေဆိုလျှင်တော့ အောင်မြင်မှုနှုန်းက ပိုနည်းမှာမို့လို့ ဒါဟာ ဖြည့်လို့မရနိုင်တဲ့ တွင်းကြီး တစ်ခုလိုပင်။
ကံကောင်းတာက သူ အခု အပြာရောင်အဆင့် ပစ္စည်းတွေ ဖန်တီးနိုင်နေပြီဖြစ်ပေမဲ့၊ ဒါကလည်း ပြဿနာ တစ်ခု ရှိနေပြန်သည်။
အပြာရောင်အဆင့် အနုပညာလက်ရာတွေ ဖန်တီးဖို့ အချိန်က အရမ်း နှေးလွန်းတာပင်။
ဒါဆိုလျှင် အခုရှိတဲ့ အလှဆင်ရမှတ်တွေကို အနုပညာခန်းအတွက် သုံးမလား၊ အဂ္ဂိရတ်ခန်းအတွက် သုံးမလားဆိုတာက...။
သူ့အိမ်ရဲ့ လက်ရှိ မြှင့်တင်မှုတွေကတော့
အိပ်ခန်း: ၁%
အနုပညာခန်း: ၁၀၀%
စိုက်ပျိုးရေးအိမ်: ၅၀%
အဂ္ဂိရတ်ခန်း: ၆၀%
အလုပ်ခန်း: ၁၀၀%
အနုပညာခန်းက ၁၀၀% ဆိုတော့ အစိမ်းရောင်အဆင့် လက်ရာတွေအတွက် ခဏလောက်တော့ လောက်ငပါသေးသည်။
အဂ္ဂိရတ်ခန်းက ၆၀% ဆိုတာကတော့ နည်းလွန်းတာကြောင့် မြှင့်ဖို့ လိုနေလေပြီ။
"ဒီည မအိပ်ဘဲ နေလိုက်ရင် ကောင်းမလား...။"
လိမ္မော်သီးတွေ နဲ့ပဲ ညကို ဖြတ်ကျော်ပြီး အလှဆင်ရမှတ်တွေ မြှင့်ရမှာပေါ့။
သူ့ရဲ့ စိုက်ပျိုးရေးဥယျာဉ်က အခု တော်တော် မြန်နေပြီဖြစ်ကာ အပြာရောင်အဆင့် အသီးတွေကလည်း မကြာခင် မှည့်တော့မှာမို့လို့ နှမြောနေစရာ မလိုချေ။
"ကဲ... မိုးလင်းပေါက်ချကွာ"
ရွှီရှင်း အပရီကော့ အသီး တစ်လုံး စားလိုက်ပြီး ခွန်အားတွေ ပြန်ဖြည့်ကာ ပန်းချီကို ဆက်ဆွဲနေတော့သည်။
ဆယ်ကားမြောက် ပန်းချီကား ပြီးသွားတဲ့အခါမှာတော့ ထင်ထားတဲ့အတိုင်း အသိပေးသံ တက်လာ၏။
[သစ်ပင်အိမ်အတွင်းရှိ အစိမ်းရောင်အဆင့် ပန်းချီကား အရေအတွက်မှာ အကန့်အသတ် ပြည့်သွားပါပြီ။ ထပ်မံ ထည့်သွင်းလည်း အလှဆင်ရမှတ် တိုးလာမည် မဟုတ်ပါ။]
အခု သူ့အိမ်မှာ အစိမ်းရောင်အဆင့် ရုပ်တု ဆယ်ခုနဲ့ ပန်းချီ ဆယ်ကား ရှိသွားပြီဖြစ်လို့ အစိမ်းရောင်အဆင့် ပစ္စည်းတွေကတော့ ပြည့်သွားလေပြီ။
ရွှီရှင်းက အစိမ်းရောင်အဆင့် နီညိုရောင် သစ်သားတစ်တုံးကို ယူပြီး ထွင်းထုဖို့ ပြင်လိုက်သည်။
နီညိုရောင်သစ်သား ထွင်းထုရတဲ့ ခံစားချက်က ပုံဆောင်ခဲနဲ့ မတူချေ။
ပုံဆောင်ခဲက သေးငယ်ပြီး နုနယ်တဲ့ အလုပ်ဖြစ်ပေမဲ့၊ နီညိုရောင်သစ်သားကတော့ ကြီးမားတဲ့ ရုပ်တုတွေ လုပ်ရ၏။
ကံကောင်းတာက ထွင်းထုကိရိယာအစုံ ထဲမှာ လိုအပ်တာတွေ အကုန် ပါတာပါပဲ။
နောက်ထပ် လိမ္မော်သီးနဲ့ အပရီကော့ သီးကို ထပ်စားပြီး၊ ကုန်ဆုံးလုနီးပါး ဖြစ်နေတဲ့ စိတ်ဓာတ်နဲ့ ခွန်အားတွေကို ဖြည့်တင်းလိုက်၏။
ရွှီရှင်း သစ်သားတုံးကို အသေထားပြီး ထွင်းထုဓားကို ကိုင်ကာ စိတ်ရောကိုယ်ပါ နှစ်ပြီး မြန်မြန်ဆန်ဆန် ထွင်းထုတော့သည်။
သစ်သားစတွေက ဟိုဒီ လွင့်စင်နေပြီး သူ့မျက်နှာနဲ့ ပါးစပ်ထဲတောင် ဝင်နေသော်လည်း သူ ဂရုမစိုက်ချေ။
တစ်ယောက်ယောက်သာ ဘေးက ကြည့်နေရင်တော့ သူ့လက်တွေက ဝေဝါးသွားတဲ့အထိ မြန်နေတာကို မြင်ပြီး အံ့သြသွားမှာ သေချာသည်။
၁၅ မိနစ်အတွင်းမှာတင် ရွှီရှင်း နဲ့ တစ်ပုံစံတည်းတူတဲ့ လူတစ်ရပ်နီးပါး မြင့်တဲ့ ရုပ်တုတစ်ခု ပေါ်လာတော့သည်။
တော်တော်လေး မိုက်တာပဲ...။
အစိမ်းရောင်အဆင့် နီညိုရောင် သစ်သားရုပ်တုကလည်း တခြား အစိမ်းရောင်ပစ္စည်းတွေလိုပဲ အလှဆင်ရမှတ် ၁၀ မှတ် တိုးပေး၏။
ရွှီရှင်း ခုနစ်ခုလောက်ကို ဆက်တိုက် ထွင်းထုပြီးမှ ရပ်လိုက်တော့သည်။
လူတစ်ရပ်နီးပါး မြင့်တဲ့ ရုပ်တုတွေ အနုပညာခန်းထဲမှာ အများကြီး ရှိနေတာက ကြည့်ရတာ တစ္ဆေအိမ်လိုလို ဘာလိုလိုနဲ့ ကြောက်စရာကြီး ဖြစ်နေ၏။
လိမ္မော်သီးရဲ့ အာနိသင် ကုန်သွားတာနဲ့ တပြိုင်နက် ပြင်းထန်တဲ့ မောပန်းမှုကြီးက ဝင်ရောက်လာတော့သည်။
"ဘာဖြစ်တာလဲ... လိမ္မော်သီး စားလိုက်တာက အနားယူလိုက်တာနဲ့ တူတူပဲ မဟုတ်ဘူးလား...။"
သူ လေးလံနေတဲ့ ခေါင်းကို ကိုင်ပြီး စဉ်းစားကြည့်မှ သဘောပေါက်သွားသည်။
လိမ္မော်သီး စားတာက စိတ်ဓာတ်ကို မြှင့်ပေးတာ မှန်သလို အချိန်အပိုင်းအခြား တစ်ခုအထိ အနားယူလိုက်တာနဲ့ တူ၏။
ဒါပေမဲ့ နှစ်နာရီလောက် အနားယူတာနဲ့ပဲ တူကာ ဒီလောက်အထိ ရုပ်တုတွေ အများကြီး လုပ်လိုက်ရတဲ့ ပင်ပန်းမှုကိုတော့ ဘယ်လိုမှ မကာမိချေ။
ဒါကြောင့် အာနိသင်ကုန်တာနဲ့ တပြိုင်နက် စုပုံနေတဲ့ ပင်ပန်းမှုတွေက သူ့ကို ဝါးမြိုဖို့ ကြိုးစားနေ၏။
"နောက်ဆိုရင်တော့ ဒါမျိုး မလုပ်တော့တာ အကောင်းဆုံးပဲ" လို့ ရွှီရှင်း သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ဒီအချိန်အတွင်းမှာ သူ ပန်းချီ ၈ ကားနဲ့ ရုပ်တု ၇ ခု လုပ်ခဲ့တာကြောင့် အလှဆင်ရမှတ် ၁၅၀ တိုးလာပြီး၊ ၂၀% အပိုဆုနဲ့ဆိုရင် ၁၈၀ မှတ် ရလာ၏။
အခု သူ့ရဲ့ စုစုပေါင်း အလှဆင်ရမှတ်က ၄၉၁ မှတ် အထိ ရှိသွားလေပြီ။
သူက အဂ္ဂိရတ်ခန်းကို ၁၄၀% တိုးပေးလိုက်ပြီး၊ အနုပညာခန်းကိုတော့ ၄၀% တိုးပေးလိုက်၏။
အခု သူ့အိမ်ရဲ့ မြှင့်တင်မှုတွေကတော့
အိပ်ခန်း: ၁%
အနုပညာခန်း: ၁၄၀%
စိုက်ပျိုးရေးအိမ်: ၅၀%
အဂ္ဂိရတ်ခန်း: ၂၀၀%
အလုပ်ခန်း: ၁၀၀%
အဂ္ဂိရတ်ခန်းက ၂၀၀% ဖြစ်သွားတာကြောင့် အောင်မြင်မှုနှုန်းမှာ ၂၀% တိုးလာပြီး၊ တည်နေရာကူးပြောင်းစက် လုပ်တဲ့ အောင်မြင်မှုနှုန်းဟာ ၇၀% ဖြစ်သွားချေပြီ။
ငါးကြင်းရုပ်တုရဲ့ ကံကောင်းခြင်းပါ ထည့်တွက်ရင်တော့ ၈၀% လောက် ရမှာမို့လို့ ပြဿနာ မရှိတော့ပေ။
"စွန့်စားကြည့်ဖို့ အဆင်သင့် ဖြစ်ပြီ။"
ရွှီရှင်း အချိန်ကို ကြည့်လိုက်ရာ မနက် ၂ နာရီကျော်နေပြီ ဖြစ်သည်။
အနားယူတာ ပိုကောင်းပါလိမ့်မည်။
မနက်ဖြန်မှာ အရေးကြီးတဲ့ ကိစ္စတွေ၊ အထူးသဖြင့် တခြားသူတွေနဲ့ တွေ့ဖို့ ရှိနေ၏။
လိမ္မော်သီးကိုပဲ အားကိုးပြီး မိုးလင်းပေါက် ဆက်နေဖို့က မသင့်တော်ပေ။
အခု သူ တကယ်ကို စိတ်ပင်ပန်းနေချေပြီ။
ဧည့်ခန်းထဲမှာတော့ ငွေရောင်ဘုရင်နဲ့ မီမီတို့ အိပ်ပျော်နေကြချေပြီ။
ရွှီရှင်း ဖြတ်သွားတော့ မီမီက မျက်လုံးလေး တစ်ချက် ပင့်ကြည့်သော်လည်း ရွှီရှင်းမှန်း သိတာနဲ့ ပြန်မှိတ်သွား၏။
မီမီရဲ့ ခေါင်းကြီးကို အသာအယာ ပုတ်ပေးလိုက်ပြီးနောက် ရွှီရှင်း ကိုယ်လက်သန့်စင်ပြီး အိပ်ခန်းထဲ ပြန်ဝင်ခဲ့သည်။
ခဲခဲလေးကတော့ ကုတင်ပေါ်မှာ ခြေပစ်လက်ပတ်နဲ့ ဟောက်နေလေ၏။
ရွှီရှင်းလည်း ကုတင်ပေါ်မှာ လှဲချလိုက်ပြီး တဖြည်းဖြည်းနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်သွားပါတော့သည်။
---
အခန်း ၂၂၀ ပြီး။