← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 15 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 15 Ch. 221-222

အခန်း (၂၂၁) - အအေးပိုလာခြင်းနှင့် ကြွေလွင့်နေသော သစ်ရွက်များ

နောက်တစ်နေ့တွင် ဟစိလေးဖြစ်နေသော ပြတင်းပေါက်ကြားမှ တိုးဝင်လာသည့် အေးစက်သော လေအေးကြောင့် သူ နိုးလာခဲ့ရ၏။

"ဟူးးး... အေးလိုက်တာ"

ရွှီရှင်း ကုတင်ပေါ်မှ ထိုင်လိုက်မိသည်။

သူ့ဘေးက ခဲခဲလေးကတော့ ဘာမှ ခံစားရပုံမရချေ။

ကိုယ်ကိုတစ်ဖက်လှည့်ကာ တိုးတိုးလေး ရေရွတ်ရင်း သူမရဲ့ အမြီးကြီးကို ဖက်ကာ ဆက်အိပ်နေဆဲပင်။

အချိန်ကို ကြည့်လိုက်ရာ မနက် ခုနစ်နာရီ ထိုးတော့မည်ဖြစ်သော်လည်း အပြင်ဘက် ကောင်းကင်ကြီးက မှောင်နေဆဲ ဖြစ်၏။

"ဘာဖြစ်တာလဲ...။"

ရွှီရှင်း အေးစက်နေတဲ့ သူ့ရဲ့ လက်မောင်းတွေကို ပွတ်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

မနေ့ညက အိပ်ခန်းကို အေးအောင်လုပ်ဖို့ ယမ်းစိမ်း (အပြာရောင်အဆင့်) ကို သုံးခဲ့သေး၏။

ကြမ်းပြင်ပေါ်က ရေခဲခွက်တောင် အကုန်အရည်မပျော်သေးချေ။

ဘယ်လိုလုပ်ပြီး ဒီနေ့ ရုတ်တရက်ကြီး ဒီလောက် အေးသွားရတာလဲ..။

သူ့စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။

နယ်မြေဆက်သွယ်ရေးလိုင်းမှာတော့ အခုချိန် တော်တော်လေး စည်ကားနေချေပြီ။

"ဘာလို့ ဒီနေ့ ရုတ်တရက်ကြီး ဒီလောက် အေးသွားရတာလဲ"

"ခုနစ်နာရီတောင် ရှိပြီ၊ အလင်းလည်း မလာသေးဘူး။ ဆောင်းတွင်းကို ရုတ်တရက် ကူးသွားတာများလားမသိဘူး"

"ဖြစ်နိုင်တယ်၊ အမလေး... ငါ့မှာ အနွေးထည် အထူကြီးတွေ မရှိဘူး၊ ဘယ်လိုလုပ်ရမလဲ"

"ဘာမှ မခဲယဉ်းပါဘူး၊ မီးဖိုတစ်ခု လုပ်လိုက်ရုံပဲလေ။ ကျောက်ခဲတွေ စုလိုက်ရုံပဲဟာ၊ အခုချိန်မှာ အစိမ်းရောင်အဆင့် ကျောက်ခဲ မရှိတဲ့သူ မရှိလောက်ဘူး မဟုတ်လား"

"မီးဖိုလုပ်ဖို့ အစိမ်းရောင်အဆင့် ကျောက်ခဲ အခု တစ်ရာတောင် လိုတာလေ... ဘာပဲဖြစ်ဖြစ် ငါတော့ အခုချက်ချင်း မလုပ်နိုင်သေးဘူး"

"အပြင်ထွက် ကောက်လိုက်ပေါ့၊ ရှာရင်တော့ တွေ့မှာပါပဲ။ စမ်းချောင်းထဲမှာ အစိမ်းရောင်အဆင့် ကျောက်ခဲတွေ အများကြီး ရှိနေတာပဲ မဟုတ်လား။ အရမ်း မထိတ်လန့်ကြပါနဲ့၊ ဒါက ဘာမှ မဟုတ်ပါဘူး။ အဲဒါထက် ငါ ပိုသိချင်တာက နင်တို့တွေ စူးစမ်းရှာဖွေသူတွေရဲ့ အစ်ကိုကြီးတွေဆီ သွားပူးပေါင်းကြမလို့လား"

"သွားမှာပေါ့၊ သေချာပေါက် သွားမှာ။ သွားရင် အစ်ကိုကြီးတွေရဲ့ အကာအကွယ်ကို ရမယ့်အပြင်၊ အလုပ်တွေ ကူလုပ်ပေးရင်း အဆင့်မြင့် ကုန်ကြမ်းတွေပါ ရနိုင်မှာလေ၊ ဘာလို့ မသွားဘဲ နေမှာလဲ။ ငါကတော့ အစ်ကိုကြီးတွေ လာခေါ်မှာကိုပဲ ထိုင်စောင့်နေတာ"

"ဟုတ်တယ်၊ အစ်ကိုကြီးကျိကသာ မနေ့က လျှောက်မသွားနဲ့လို့ မပြောရင် ငါ ကိုယ့်ဘာသာတောင် သွားရှာနေပြီ"

"ဒါပေမဲ့ အဲဒီလိုသွားရင် ကန့်သတ်ချက်တွေ ရှိမယ်လို့ ပြောကြတယ် မဟုတ်လား..."

"ငါတို့ကို ကန့်သတ်ထားလို့ အစ်ကိုကြီးတွေက ဘာအကျိုးအမြတ် ရမှာလဲ။ ဘာပဲဖြစ်ဖြစ် ငါကတော့ သေချာပေါက် သွားမှာပဲ။ စူးစမ်းရှာဖွေသူတွေရဲ့ လမ်းညွှန်မှုနဲ့ အကူအညီသာ မရှိရင် ငါ ဘယ်နှခါတောင် သေပြီးနေမလဲ မသိဘူး"

"ငါတော့ မသွားဘူး၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပဲ ဖန်တီးချင်သေးတယ်။ တခြားသူကို အားမကိုးချင်တော့ဘူး"

"ဒီလူမှာလည်း သူ့ဇာတ်လမ်းနဲ့သူ ရှိမှာပေါ့လေ..."

ကြည့်ရတာ လူအများစုကတော့ သူတို့ရဲ့ အစီအစဉ်ကို ထောက်ခံကြပြီး လိုက်ခဲ့ဖို့ အသင့်ဖြစ်နေကြပုံရသည်။

မဆိုးပါဘူး...။

ဒါပေမဲ့ ဒီနေ့ အေးစိမ့်နေတဲ့ ကိစ္စက ဘာဖြစ်တာလဲ...။

ရွှီရှင်း လုဖေးအာရဲ့ နာရီကို ဖွင့်ကြည့်လိုက်ရာ၊ နယ်မြေ ၁၈၇ ရဲ့ ဆက်သွယ်ရေးလိုင်းမှာလည်း ရုတ်တရက် အေးသွားတဲ့ ရာသီဥတုအကြောင်း ဆွေးနွေးနေကြတာ တွေ့ရ၏။

အနည်းဆုံးတော့ အနီးနားက နယ်မြေအားလုံးဟာ ဒီလိုပဲ ဖြစ်နေပုံရသည်။

သူ ပြတင်းပေါက်နား သွားပြီး ဟနေတဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်ရာ၊ အေးစက်တဲ့ လေညင်းတစ်ချက်က သူ့ကို လာတိုက်သဖြင့် အခန်းထဲက အပူချိန်ဟာ ပိုပြီး ကျဆင်းသွားတော့သည်။

"အီးးး"

ရုတ်တရက် တိုက်ခတ်လာတဲ့ လေအေးကြောင့် ခဲခဲလေး တုန်သွားပြီး ကုတင်ပေါ်ကနေ ခုန်ထလာ၏။

သူမက ရွှီရှင်းကို ကြည့်ပြီး ခေါင်းလေးစောင်းကာ "အီးးး အီးးး" လို့ မေးနေသလိုပါပဲ။

တကယ်ကို အေးလာတာပင်။

အပြင်က အပူချိန်ဟာ အခုဆို ၁၀ ဒီဂရီ ဝန်းကျင်လောက်ပဲ ရှိလောက်၏။

သိပ်ပြီး မအေးလှဘူးလို့ ထင်ရပေမဲ့ မနေ့ကတုန်းက အပူချိန် ၃၀ ဒီဂရီနီးပါး ရှိခဲ့တာလေ..။

ဒီလို အပူချိန် ရုတ်တရက် ကျဆင်းသွားတာကို ဟို လျှို့ဝှက်ဆန်းပြားတဲ့ အသံက ဘာသတိပေးချက်မှ မပေးခဲ့ပါဘူး။

အရင်ကဆိုလျှင် မိုးရာသီဖြစ်ဖြစ်၊ မြေအောက်လှိုင်ဂူဖြစ်ဖြစ် ပွဲနာမည်လေး တစ်ခုလောက်တော့ ကြိုပြောလေ့ရှိ၏။

အခုတော့ လုံးဝ ပျောက်နေ၏။

"ဒါဆို ဒုတိယအဆင့်မှာက တိကျတဲ့ ပွဲတွေ မရှိတော့တာလားမသိဘူး။"

ဖြစ်နိုင်၏။

သဘာဝဘေးအန္တရာယ်တွေ၊ သားရဲအန္တရာယ်တွေကတော့ ရှိနေဦးမှာ ဖြစ်ပေမဲ့၊ နာမည်တပ်ထားတဲ့ ပွဲတွေကတော့ ပထမအဆင့်မှာတင် ပြီးသွားတာ ဖြစ်ရမည်။

အဲဒါက အစပြုသူတွေအတွက် ကြိုတင်ပြင်ဆင်နိုင်အောင်နဲ့ အကျိုးကျေးဇူးတွေ ရအောင် ပေးထားတဲ့ ဆုလာဘ်မျိုးပေါ့။

ဒါပေမဲ့ အဲဒီလိုသာ အမှန်ဆိုရင်တော့ အနည်းဆုံးတော့ ပွဲတစ်ခုတိုင်းမှာ လူ ၅၀ သေရမယ်ဆိုတဲ့ သတ်မှတ်ချက်ကလည်း ရှိတော့မှာ မဟုတ်ချေ။

အခုကျန်တဲ့ လူဦးရေနဲ့ဆိုလျှင် ပွဲတိုင်းမှာ လူ ၅၀ စီ သေနေရင် ဘယ်လိုမှ မခံနိုင်တော့သလို အဖွဲ့တွေလည်း ပျက်ကုန်မှာဖြစ်သည်။

ဘာလို့လဲဆိုတော့ ကိုယ့်ဘာသာ ကြိုးစားတာထက် တခြားသူကို အန္တရာယ်ထဲ တွန်းပို့ဖို့က ပိုလွယ်တာကိုး။

နာရီကို ပွတ်ကြည့်လိုက်တော့ လီဝမ်ရှီးဆီက မနက်စောစောက ပို့ထားတဲ့ သီးသန့်စာကို တွေ့လိုက်ရသည်။

"ရွှီရှင်း... ဒီနေ့ ဘယ်အချိန်လောက် လာမလဲ။ သတိထားဦးနော်၊ ကျွန်မတို့ရဲ့ ကာကွယ်ရေးနယ်မြေတွေက မဆက်တာမျိုးလည်း ဖြစ်နိုင်လို့။ ဒါနဲ့... ဒီနေ့ တော်တော် အေးတာပဲနော်"

ရွှီရှင်းက စူးစမ်းရှာဖွေသူတွေထဲကလူတွေကို သူ့ဆီ အသံနဲ့ ဗီဒီယိုဖုန်း ခေါ်နိုင်သလို၊ သီးသန့်စာ ပို့ရင်လည်း တုန်ခါမှုနဲ့ သိအောင် လုပ်ထား၏။

ဒါပေမဲ့ မနေ့ညက အနုပညာ အလုပ်တွေကြောင့် တော်တော် ပင်ပန်းသွားလို့ လီဝမ်ရှီးရဲ့ စာက သူ့ကို မနှိုးနိုင်ခဲ့တာ ဖြစ်ရမည်။

သူ ပြန်စာ ပို့လိုက်သည်။

"ကိုးနာရီ ကျော်မှပဲလာမယ်လေ၊ အခြေအနေကို အရင် စောင့်ကြည့်ရအောင်။ ဒီနေ့ အပူချိန် ကျတာက ပုံမှန်မဟုတ်ဘူး၊ ပွဲအသစ် တစ်ခုခု ရှိလာနိုင်တယ်"

သူ မျက်နှာသစ်ပြီးနောက် မြွေကြေးခွံ ချပ်ဝတ်ကို ဝတ်လိုက်၏။

ဝန်ခံရမည်မှာ ခရမ်းရောင်အဆင့် ချပ်ဝတ်ဆိုတာ တကယ်ကို ခရမ်းရောင်အဆင့်ပင်။

ကြည့်ရတာတော့ အေးစက်စက်နဲ့ မာကျောနေပုံရပေမဲ့ ဝတ်ထားတဲ့အခါကျတော့ တကယ့်ကို သက်သောင့်သက်သာ ရှိသလို ကိုယ်ခန္ဓာကိုလည်း နွေးထွေးစေ၏။

လီဝမ်ရှီး ချက်ချင်း ပြန်စာ ပို့လာသည်။

"အင်း... ကျွန်မလည်း စောင့်ကြည့်သင့်တယ်လို့ ထင်တယ်။ ပွဲရှိမယ်ဆိုရင်တော့ ကိုးနာရီလောက်ဆို အသိပေးချက် တက်လာမှာပေါ့"

ရွှီရှင်း - "အင်း... ဘာမှ မရှိဘူးဆိုရင်တော့ ကိုးနာရီကျော်တာနဲ့ ငါ နင့်ဆီ လာခဲ့မယ်"

မနေ့ကအထိ အရမ်းပူနေတာကြောင့် သူ ဧည့်ခန်းက ပြတင်းပေါက်တွေကို ဖွင့်ထားခဲ့၏။

အပြင်မှာ သစ်ပင်အုပ်တွေက အရိပ်ပေးထားတယ်ဆိုပေမဲ့ လေအေးတွေ ဝင်လာတာကြောင့် အိမ်ထဲက အပူချိန်က တော်တော်လေး ကျသွား၏။

သူ မီးဖိုထဲကို ကျောက်မီးသွေးအချို့ ထည့်လိုက်ရာ မီးက တဟုန်းဟုန်း တောက်လာတော့သည်။

ပြီးနောက် ပြတင်းပေါက်အားလုံးကို ပြန်ပိတ်လိုက်ရာ၊ သစ်ပင်အိမ်ထဲက အပူချိန်ဟာ မကြာခင်မှာပဲ ပုံမှန် ပြန်ဖြစ်သွားတော့သည်။

ဒီမီးဖိုကို သစ်ပင်အိမ် စဆောက်တုန်းက သူ လုပ်ထားခဲ့ခြင်းဖြစ်သည်။

ဒီနေ့ကျမှပဲ တကယ် အသုံးတည့်တော့သည်။

အရင်ကတော့ အသားကင်ရင် အနံ့အသက်တွေ စုပ်ယူဖို့အတွက်ပဲ သုံးခဲ့၏။

ငွေရောင်ဘုရင်နဲ့ မီမီတို့ကတော့ အမွှေးအမျှင်တွေ ထူတာကြောင့် ရာသီဥတု ပြောင်းတာကို ဂရုမစိုက်ဘဲ ကြမ်းပြင်ပေါ်မှာ ပျင်းရိစွာ လှဲနေကြဆဲပင်။

---

အခန်း ၂၂၁ ပြီး။

အခန်း (၂၂၂) - အအေးပိုလာခြင်းနှင့် ကြွေလွင့်နေသော သစ်ရွက်များ (၂)

ဒီကောင်ကြီး နှစ်ကောင်ဟာ အခုနောက်ပိုင်း တော်တော်လေး ပျင်းရိနေကြသည်။

ဓာတ်ရောင်ခြည်ကျောက်တုံး ကွဲသွားလို့ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ ခွန်အားကို မြှင့်တင်ပေးမယ့် အရာမရှိတော့လို့ ဒီလောက်တောင် အိပ်ချင်နေကြတာလား။

ကြည့်ရတာ ငါ့ဆီမှာရှိတဲ့ အနီရောင်မြူပန်းမျိုးစေ့တွေကို အမြန်ဆုံးစိုက်ပြီး ဒီကောင်တွေအတွက် ချွေးထုတ်ခန်းတစ်ခု လုပ်ပေးဖို့ လိုနေပြီပဲ။

အရင်က အလုပ်တွေ အရမ်းများနေလို့ အမြဲတမ်း မေ့နေခဲ့၏။

ပြောရလျှင် အနီရောင်မြူက အခုဆို ဗီဇပြောင်းသတ္တဝါ ဖြစ်သွားတဲ့ လုဖေးအာအတွက်လည်း အသုံးတည့်သည်။

မီမီနဲ့ ငွေရောင်ဘုရင်ဆီကို အသားတုံးအချို့ ပစ်ပေးလိုက်ပြီး ခဲခဲလေးကိုတော့ ပန်းသီးတစ်လုံး ပေးလိုက်၏။

ပြီးနောက် ရွှီရှင်း ပြတင်းပေါက်နားသွားပြီး ကပ်ပါးအိမ် ၀၁ အောက်မှာ တွဲလောင်းခိုနေတဲ့ အာဖုကို လှမ်းအော်ခေါ်လိုက်သည်။

"အာဖု... စားစရာလာစားတော့"

ကြင်ယာတော်တို့ အုပ်စုအတွက်တော့ သူ စိတ်ပူစရာ မလိုချေ။

လောလောဆယ် တောရိုင်းသားရဲတွေ မရှိဘူးဆိုပေမဲ့ ပိုးမွှားတွေနဲ့ ပုရွက်ဆိတ်တွေကတော့ နေရာအနှံ့မှာ ရှိနေတာကြောင့် သူတို့အတွက် စားစရာ၊ သောက်စရာ မရှားပေ။

ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်က ဗီဇပြောင်း ပုရွက်ဆိတ်အကြီးကြီးတွေကို အများကြီး စားပြီးကတည်းက အာဖု တစ်ယောက် အမဲမလိုက်တာ ကြာလေပြီ။

တစ်ခါတည်းနဲ့ အများကြီး စားမိလို့ အခု အဆင့်တက်ဖို့ ပြင်နေတာများလားမသိဘူး....။

အာဖုက တောင်ပံခတ်ပြီး ချက်ချင်း ပျံကာရောက်လာ၏။

အဲဒီအချိန်မှာတင် လုဖေးအာက ပြတင်းပေါက်ကနေ ခေါင်းပြူထွက်လာပြီး သူ့ကို လှမ်းအော်တော့သည်။

"ကျွန်မကော ကျွန်မလည်း စားချင်တယ်လေ။ ရှင်က ခွဲခြားဆက်ဆံနေတာပဲ။ ခွဲခြားခွဲခြား မလုပ်နဲ့လေ"

"သူမက မီးဖိုချောင် အလှဆင်ထားတဲ့ စားဖိုမှူး မဟုတ်ဘူးလား။"

ဪ... ဟုတ်သားပဲ..။

လုဖေးအာရဲ့ အင်အားချည့်နဲ့တဲ့ ကာလက ဒီညမှ ပြီးမှာပင်။

အခု သူမက အရမ်း အားနည်းနေသေးတော့ ထမင်းချက်နိုင်မှာ မဟုတ်ပေ။

"ငါ စားပြီးရင် လာပို့ပေးမယ်"

ရွှီရှင်း လှမ်းအော်ပြောလိုက်ပြီး ခေါင်းပြန်သွင်းလိုက်၏။

ရွှီရှင်းက အစာစားရင်း စူးစမ်းရှာဖွေသူများ အဖွဲ့နဲ့ ချိတ်ဆက်လိုက်သည်။

အားလုံးက ဒီနေ့ရဲ့ ထူးဆန်းတဲ့ အပူချိန်အကြောင်း ဆွေးနွေးနေကြချေပြီ။

ကျိချောင်းယန် - "အားလုံးပဲ... ဒီနေ့ အပူချိန်က ပုံမှန်မဟုတ်ဘူးနော်၊ ကိုးနာရီ မတိုင်ခင်အထိတော့ အဝေးကြီး မသွားကြပါနဲ့ဦး။ ဒီနေ့ ပွဲတစ်ခုခု ရှိမယ်ဆိုရင် ကိုးနာရီလောက်ဆို အသိပေးလိမ့်မယ်။ အဲဒီအချိန်အထိ ဘာသတင်းမှ မရှိရင်တော့ မနေ့က အစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့"

ကျောက်ရှောင်ချွမ်း - "တကယ် အေးတာပဲဗျာ... မနက်က အေးလို့ နိုးလာတာ၊ ပြတင်းပေါက်က ကုတင်နဲ့ တည့်တည့်ဖြစ်နေတော့ အအေးမိသွားပြီ ထင်တယ်... အား... အား... ဟတ်ချိုး"

ချီရွှယ်ဖေး - "ဆေးလိုလား၊ အရင်က ဆေးမျိုးပဲရှိတယ်။ တစ်လုံးသောက်ရင် ချက်ချင်း ပျောက်ပေမဲ့ နှစ်နာရီလောက်တော့ အားနည်းသွားလိမ့်မယ်"

ကျောက်ရှောင်ချွမ်း - "နေပါစေတော့၊ အခုအချိန်မှာ နှစ်နာရီလောက် အားနည်းသွားဖို့ဆိုတာ အရမ်း အန္တရာယ်များလွန်းတယ်၊ သောက်မယ်ဆိုရင်တောင် ညကျမှပဲ သောက်တော့မယ်"

ချင်ယွန်လုံ - "အပြင်ထွက်ပြီး မြန်မြန်ကြည့်ကြဦး၊ အပြင်က ပေါ့ပလာ ပင်တွေရဲ့ သစ်ရွက်တွေ ဝါလာပြီ"

လီဝမ်ရှီး - "အမလေး... တကယ်ပဲ။ ဒီဘက်မှာလည်း သစ်ရွက်တွေ ကြွေနေပြီ"

ရွှီရှင်း ပြတင်းပေါက်ဆီ အပြေးသွားပြီး အပြင်ကို လှမ်းကြည့်လိုက်ရာ၊ အစိမ်းရောင် တောက်နေခဲ့တဲ့ ပေါ့ပလာ ပင်တွေရဲ့ အရွက်တွေဟာ တကယ်ပဲ ဝါနေချေပြီ။

သေခါနီး သစ်ပင်အိမ်တွေလိုမျိုးပင်။

သူ နိုးနိုးချင်း ကြည့်တုန်းက ဒီလောက်အထိ အပြောင်းအလဲ မရှိသေးချေ။

တော်သေးတာကတော့ သစ်ပင်အိမ်ရဲ့ အုပ်ဆိုင်းနေတဲ့ သစ်ရွက်တွေကတော့ အစိမ်းရောင်အတိုင်း ရှိနေဆဲဖြစ်ပြီး ဘာမှ မဖြစ်တာပင်။

လေအေးတစ်ချက် တိုက်လိုက်တိုင်း သစ်ရွက်တွေ ဝါလာတဲ့ အရှိန်က မျက်စိနဲ့ မြင်နေရသလိုမျိုး မြန်ဆန်လွန်းလှသည်။

လုံးဝ ဝါသွားတဲ့ သစ်ရွက်တွေဟာလည်း လေနဲ့အတူ မြေပေါ်ကို တဖွဲဖွဲ ကြွေကျနေတော့သည်။

"ဒီပေါ့ပလာပင် တွေ ဘာဖြစ်ကုန်တာလဲ...။"

ဒီအပင်တွေက မိုးရာသီတုန်းက တော်တော် မြန်မြန် ကြီးလာခဲ့တာပင်။

အခုကျတော့ ဘာလို့ ဒီလောက် မြန်မြန် ညှိုးကုန်ရတာလဲ..။

မဟုတ်ဘူး... ညှိုးတာ မဟုတ်ဘူး။

ကြည့်ရတာ ပုံမှန် ဆောင်းဦးပေါက် သစ်ရွက်ကြွေတဲ့ ပုံစံမျိုးပင်။

ဒါပေမဲ့ အရွက်ဝါပြီး ကြွေတဲ့ အရှိန်ကတော့ မြန်လွန်းနေ၏။

မကြာခင်မှာပဲ မြေပြင်ပေါ်မှာ ဝါထိန်နေတဲ့ သစ်ရွက်တွေ အထူကြီး ဖုံးလွှမ်းသွားပြီး၊ တောအုပ်တစ်ခုလုံးဟာ အစိမ်းရောင်ကနေ အဝါရောင်ကို ပြောင်းသွားတော့သည်။

သစ်ရွက်တွေ ကြွေကုန်တာကြောင့် တောအုပ်ကလည်း ကျဲသွားပြီး မကြာခင်မှာ ဒီအပင်တွေ အကုန်လုံး အရိုးပြိုင်းပြိုင်း ဖြစ်သွားလောက်သည်။

သူ အပြင်မှာ စိုက်ထားတဲ့ ချုံပင်တွေနဲ့ ဝါးပင်တွေတောင် တဖြည်းဖြည်းနဲ့ အရွက်တွေ ပြောင်ကုန်ချေပြီ။

ထင်းရှူးပင်တွေပဲ စိမ်းနေသေး၏။

ဒါပေမဲ့ အရင်ကလို တောက်ပတဲ့ အစိမ်းရောင် မဟုတ်တော့ဘဲ ဆောင်းဝင်တော့မယ့် ရင့်မှောင်တဲ့ အစိမ်းရောင်ဘက်ကို ပြောင်းသွားချေပြီ။

"သစ်ရွက်ကြွေတဲ့ အရှိန်က ဒီလောက် မြန်နေမှတော့၊ ဆောင်းတွင်းက ချက်ချင်းကြီး ရောက်လာတော့မှာလားမသိဘူး"

ရွှီရှင်း သူ့ဘာသာ ရေရွတ်လိုက်မိသည်။

ဆောင်းတွင်းအကြောင်း စဉ်းစားမိတော့ အရင်က သူရခဲ့တဲ့ ဝါဂွမ်းတွေကို သတိရသွားသည်။

နှမြောစရာကောင်းတာက အဲဒီတုန်းက အကြီးအကျယ် မစိုက်နိုင်ခဲ့တာပင်။

အခု သစ်ပင်အိမ်အောက်မှာ အများကြီး စိုက်လို့ရနေပြီဆိုပေမဲ့ အပူချိန်ကလည်း ပြန်ကျသွားလေပြီ။

"အောက်ဆင်းပြီး တစ်ချက်ကြည့်ဦးမှပဲ။"

ရွှီရှင်း အိမ်ပေါ်က ဆင်းဖို့ ပြင်လိုက်တဲ့အခါ ခဲခဲလေးက သူ့ပခုံးပေါ်ကို ခုန်တက်လာပြန်သည်။

"ကဲလေ... နင့်ကိုပါ တစ်ခါတည်း ခေါ်သွားပေးမယ်"

"အီးးး"

သစ်ပင်အိမ်အောက်ကို ရောက်တဲ့အခါ ကြင်ယာတော်တို့ တွင်းဝက ချုံပင်လေးတွေတောင် ဝါနေချေပြီ။

ရွှီရှင်း တွင်းထဲကို လှမ်းကြည့်လိုက်ရာ ကြင်ယာတော်တို့ မိသားစုဟာ အချင်းချင်း ဖက်ပြီး အိပ်နေကြတာ တွေ့ရသည်။

အပူချိန် ပြောင်းလဲမှုကို ဂရုမစိုက်တဲ့ ပုံပင်။

ကြင်ယာတော်က အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲနဲ့ နီးစပ်နေသလို၊ ကလေး နှစ်ကောင်ကလည်း ဧရာမသားရဲ သွေးပါတာကြောင့် အအေးဒဏ်ကို မကြောက်ကြတာတော့ သဘာဝကျလှသည်။

ရွှီရှင်းလည်း မအေးချေ၊ သူ့ရဲ့ မြွေကြေးခွံချပ်ဝတ်က အအေးဒဏ်ကို တော်တော်လေး ကာကွယ်ပေးနိုင်၏။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တဲ့အခါ အရာအားလုံးက စိမ်းစိုမနေတော့ဘဲ ရွှေရောင် တောအုပ်နဲ့ သစ်ရွက်ခြောက်တွေ ဖြစ်နေတာကြောင့် သူ့အတွက်တော့ တစ်မျိုးကြီး ဖြစ်နေသည်။

"နေဦး...။"

သူ သစ်ပင်အိမ်ကို မော့ကြည့်လိုက်၏။

သစ်ပင်အိမ်ကတော့ ဘာမှ ပြောင်းလဲခြင်း မရှိပေ။

အရင်အတိုင်း စိမ်းစိုနေဆဲဖြစ်ပြီး လေအေးကြားမှ သစ်ရွက်လေးတွေက အသာအယာ လှုပ်ခါနေတော့သည်။

ရွှီရှင်း နယ်မြေဆက်သွယ်ရေးလိုင်းမှာ ချက်ချင်း မေးလိုက်သည်။

"မင်းတို့ရဲ့ သစ်ပင်အိမ် သစ်ရွက်တွေကော အရောင်ပြောင်းနေလား"

အားလုံးက အအေးဒဏ်နဲ့ သစ်ရွက်ကြွေတဲ့ ကိစ္စကို ဆွေးနွေးနေကြတာမို့၊ ရွှီရှင်း မေးလိုက်တာနဲ့ လူအများကြီးက ဝိုင်းဖြေကြတော့သည်။

"မပြောင်းဘူး"

"အစ်ကိုကြီး... ဘာမှ မပြောင်းဘူးဗျ"

"အခုထိ စိမ်းနေတုန်းပဲ"

ရွှီရှင်းရဲ့ မျက်နှာမှာ တစ်ခုခုကို စဉ်းစားမိသွားတဲ့ အမူအရာ ပေါ်လာတော့သည်။

တောအုပ်တစ်ခုလုံးက ဝါပြီး အရွက်ပြောင်ကုန်လေပြီ၊ သစ်ပင်အိမ်တွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေ စိုက်ထားတဲ့ ထင်းရှူးပင်တွေပဲ စိမ်းနေသေးပေသည်။

ဆိုလိုတာက အဝေးကနေ ကြည့်လိုက်ရင် စိမ်းစိုနေတဲ့ သစ်ပင်အိမ်တွေကို အထင်အရှား မြင်နေရတော့မှာ မဟုတ်ပါလား။

ဒီကမ္ဘာကြီးက အသက်ရှင်ကျန်ရစ်သူတွေ အချင်းချင်း တွေ့ဆုံမိအောင် တမင်တကာ ဖန်တီးပေးနေသလိုပါပဲလား....။

---

အခန်း ၂၂၂ ပြီး။

All Chapters