မကျေပွဲ
Vol. 18 Ch. 249
အခန်း(၂၄၉) : မကျေပွဲ
လီကျွင်းရှေ့တွင် ရွှေရောင်ဝတ်စုံ ဝတ်ထားပြီး ဇာမဏီသရဖူဆောင်းထားသည့် မိန်းမလှလေး ရပ်နေသည်။ သူမတွင် အသင်္ချေသက်ရှိများထံ အပေါ်စီးကနေ ကြည့်သည့် အားကောင်းသော ဧကရီတစ်ပါး၏ အငွေ့အသက်ရှိနေသည်။
“ ဒီနတ်ဘုရားမက ရှင်နဲ့ ဒီလိုမြန်မြန် တွေ့လာလိမ့်မယ်လို့ မထင်ထားမိဘူး။ ကောင်းပြီလေ .. နောက်ဆုံးတော့ ဒီနတ်ဘုရားမက လက်စားချေနိုင်တော့မှာပေါ့” ဟိတ်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။
“ဖန်းလီကျွမ်း” လီကျွင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ပျိုးထောင်ခံ ပြိုင်ပွဲဝင်များသည် နောက်ဆုံး ပွဲစဉ် ၃၀ မတိုင်ခင် တွေ့မည် မဟုတ်ကြောင်း လျို့ဝှက်စည်းမျဉ်းရှိကြောင်း သိထားသော်လည်း ယခုကြိုတင်တွေ့နေရလေပြီ။
တိုက်ပွဲမတိုင်ခင် ဝမ်ဝေ့၏ သတိပေးမှုကို ပြန်စဉ်းစားမိသွားကာ လီကျွင်းက ဒီနေရာတွင် တစ်ခုခု မသင်္ကာစရာကောင်းမှန်း မှန်းဆမိလိုက်သည်။ သို့သော်လည်း သူက မကြောက်ပေ။
“လက်စားချေဖို့လား … ငါ မင်းကို တစ်ခါအနိုင်ယူပြီးမှတော့ ဒုတိယအကြိမ်လည်း လုပ်နိုင်တယ်” လီကျွင်းက သရော်လျက် ပြောလိုက်သည်။ သို့သော်လည်း ဖန်းလီကျွမ်းက ဘာမှမပြောဘဲ နှာခေါင်းရှုံ့လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူမခန္ဓာကိုယ်မှ ယုံကြည်မှုအပြည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။
ထိုစဉ် ဝူဟုန်နှင့် စကားပြောနေသည့် ဝမ်ဝေ့က လီကျွင်း၏ ပြိုင်ဘက်ကို သတိထားမိလိုက်သည်။ သူက ဖန်းလီကျွင်းသည် လီကျွင်း ထိပ်တန်းအယောက် ၃၀ထဲ မဝင်နိုင်ခင် ပြိုင်ဘက်အဖြစ် တွေ့လာရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး အတော်လေး ထူးဆန်းနေကြောင်း ခံစားမိလိုက်၏။
ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၏ ရုံငယ်အတွင်း ဆရာအားလုံးက အသက်အောင့်ကာ တိုက်ပွဲကို ကြည့်နေကြသည်။ ဆရာတစ်ယောက်က အစီအရင်တွင် ပြဿနာမရှိကြောင်း စစ်ဆေးလိုက်ပြီးနောက် မေးလိုက်သည် “ ကျောင်းအုပ် … ဖန်းလီကျွမ်းကို ပြိုင်ဘက်အဖြစ် သုံးတာ သင့်တော်ပါ့မလား။ ပြောရရင် လီကျွင်းက သူမကို တစ်ခါအနိုင်ယူထားဖူးတယ်လေ”
“မင်းတို့ စိုးရိမ်နေဖို့ မလိုဘူး” ပိုင်ဟန်က ပြောလိုက်သည် “ ငါ တခြားအားကောင်းတဲ့ ကောင်းကင်ရွေးချယ်ခံအစား ဖန်းလီကျွမ်းကို ရွေးထားတာက ငါတို့ဆီ အာရုံစိုက်မှု မခံရအောင်လို့ပဲ။ ပြီးတော့ သူမက အံ့ဖွယ်ပလ္လင်အဆင့်တုန်းကလို မဟုတ်တော့ဘူး”
ပိုင်ဟန်က အမှန်တရားတစ်ခုလုံးကို မပြောလိုက်ပေ။ သူက တစ်ခုခုမှားယွင်းသွားခဲ့လျှင် ဆိုပြီး ကြိုတင်ပြင်ဆင်ထားမှုများ ရှိနေသေးသည်။ သို့သော်လည်း တခြားဆရာများက မသိကြပေ။ မည်သို့ပင်ဆိုစေကာမူ ကျောင်းအုပ်၏ ယုံကြည်ချက်ရှိမှုကို မြင်ပြီး သူတို့က စိတ်အေးသွားကြသည်။
သူတို့က ဒီပြိုင်ပွဲအတွက် အများကြီးအချိန်ပေးခဲ့ရပြီး ကျောင်းတော်၏ နှစ်သန်းချီကြာ တည်ရှိသည့် ဂုဏ်သတင်းအထိ စတေးထားရလေသည်။ အတိအကျဆိုရလျှင် သူတို့ ယနေ့အထိ လက်ဝယ်ကိုင်ဆောင်ထားသည့် တရားမျှတသည့် ဂုဏ်သတင်းကို ဖြစ်၏။
……………....
တိုက်ပွဲစင်မြင့်တွင် လီကျွင်းနှင့် ဖန်းလီကျွမ်းတို့က တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြသည်။
လီကျွင်းက တုံ့ဆိုင်းမနေဘဲ ဆက်တိုက် တိုက်ခိုက်လိုက်သည်။ သူ့အနားတွင် လှံများစွာ ပေါ်ထွက်လာသည်။ တော်ဝင်နယ်မြေ ပါရမီရှင်၏ တိုက်ပွဲနှင့် မတူဘဲ လှံဆယ်ချောင်းမကဘဲ ရာချီ၊ ထောင်ချီကာ ထွက်ပေါ်လာသည်။ သူတို့က ပြိုင်ဘက်ကင်း အလျှင်ဖြင့် ဖန်းလီကျွမ်းကို သုတ်သင်ပစ်ချင်သည့်အလား ဆက်တိုက် ပြေးဝင်သွားကြသည်။
လှံထောင်ချီက တစ်ဟုန်ထိုး တိုးဝင်သွားသောကြောင့် လေဟုန်ခွင်းသံကိုပင် ကြားနေရလေသည်။ သူတို့ကျဆင်းရာ နေရာပတ်လည်တွင အားကောင်းကောင်း ပေါက်ကွဲမှုတစ်ခု ဖြစ်လာစေသည်။ ကံကောင်းစွာဖြင့် တိုက်ပွဲကို ကာဆီးထားသည့် အစီအရင်များက အသက်ဝင်လာကာ ပွဲကြည့်ပရိသတ်အား ကာကွယ်ပေးထား၏။
သူ့တိုက်ကွက်က အလုပ်ဖြစ်ပုံပေါ်သော်လည်း လီကျွင်း မပျော်ပေ။ အရာအားလုံးက လွယ်ကူလွန်းနေသလို တစ်ခုခု မှားယွင်းနေကြောင်း ပြောနိုင်၍ ဖြစ်သည်။ ထို့ကြောင့် သူက အံ့ဖွယ်အသိစိတ်ဖြင့် ဖန်းလီကျွမ်း၏ တည်နေရာကို ရှာလိုက်သော်လည်း ဘာမှမတွေ့ရပေ။
လီကျွင်းက သူ့အနောက်ဘက်မှ သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်ပြီး ချက်ချင်း ဘေးဘက်ကပ်ရှောင်လိုက်သည်။ ကံမကောင်းစွာဖြင့် သူက နောက်ကျလွန်းသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲ သလင်းကျောက်တစ်ခု ထိုးဖောက်သွားခဲ့သည်။
သူက ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဖန်းလီကျွမ်းက သူ့အနား တည်ငြိမ်စွာ ရပ်နေလေသည်။ သူ့အနေနှင့် သူမ ဘယ်လိုလုပ်ရောက်နေမှန်း သတိပင်မထားမိလိုက်ပေ။ သူက မတုံ့ပြန်နိုင်ခင် နောက်ထပ် သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်၍ ထပ်ရှောင်လိုက်သော်လည်း ညာဘက်ခြေထောက် ထိုးစိုက်ခံလိုက်ရသည်။
လီကျွင်းက သူ့ဘက်က အခြေအနေ အရေးမသာသည်ကို သိကာ သူ့အံ့ဖွယ်အသိစိတ်ဖြင့် တစ်ဖက်လူ၏ တိုက်ကွက်ကို အာရုံခံဖို့ ကြိုးစားလိုက်သည်။ သူက အောင်မြင်ခဲ့၏။ သတ်ဖြတ်ငွေ့ကို အာရုံခံခြင်းဖြင့် သူက တိုက်ကွက်ကို တည်နေရာနှင့် အချိန် ကို ကောက်ချက်ချနိုင်လာသည်။
ထိုစဉ် ဖန်းလီကျွမ်းက ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သတ်ဖြတ်ငွေ့ကနေ ငါ့နောက်တိုက်ကွက်ကို ခန့်မှန်းနေတာလား … သတ်ဖြတ်ငွေ့ပါ မမြင်နိုင်တော့ရင် ဘယ်လိုလဲ
ထို့နောက် လီကျွင်း၏ အဆုတ်ထဲ သလင်းကျောက်တစ်ခု ထိုးဖောက်သွားလေသည်။ သူက တစ်ဖက်လူ၏ တိုက်ကွက်ကို သတိမထားမိတော့ကြောင်း သိလိုက်ရသည်။ သူက တုံ့ဆိုင်းမနေဘဲ ပင်ကိုစွမ်းရည်ကို ထုတ်သုံးလိုက်သည်။
သူ့ခန္ဓာကိုယ်အနှံ့ သင်္ကေတ သို့မဟုတ် မူလရင်းမြစ် ပုံစံများက အမှတ်အသားများကဲ့သို့ ပေါ်ထွက်လာကာ သူ့ရှေ့တွင် အနီရောင်ချပ်ဝတ်များစွာဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်တစ်ခု ပေါ်ထွက်လာသည်။ သူက ဘာမှပြောစရာ မလိုလိုက်ဘဲ စစ်သားများက လီကျွင်းကို ကာရံကာ ဖုံးလွှမ်းသွားသည်။
သူ လက်တစ်ချက်အဝေ့တွင် နောက်ထပ် စစ်သားတစ်ဖွဲ့ကို ထပ်မံ ဆင့်ခေါ်လိုက်သည်။ သို့သော်လည်း သူတို့ပေါ်လာလာချင်း သွေးမြစ်အဖြစ် ပြောင်းလဲသွားသည်။ လီကျွင်းက ဝါးမျိုလိုက်သည့်အခါ သူ့ဒဏ်ရာအားလုံး ပြန်ကောင်းသွားသည်။
ဖန်းလီကျွမ်းအတွက်မူ အခြေအနေတစ်ခုလုံးကို တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ပြီး လီကျွင်း၏ အပြုအမူများအား တားဆီးဖို့ မကြိုးစားခဲ့ပေ။ သူမ လက်တစ်ချက်အဝေ့တွင် ဆင့်ခေါ်ခံရသည့် စစ်သားများစွာက လည်ပင်းအဖြတ်ခံရကာ သွေးများစီးကျရင်း အကြောင်းအရင်းပင် မသိဘဲ သေသွားကြသည်။
လီကျွင်းက ထိုအရာကို မြင်ပြီး အမူအရာပျက်သွားသည်။ သူ့ဖြစ်ထွန်းစွမ်းရည်က သူ့အား စစ်သားများ ဆင့်ခေါ်နိုင်ခွင့် ပြုထားသည်။ အရေအတွက်ကို မကန့်သတ်ထားသော်လည်း တကယ်တော့ ဝိညာဉ်များကို စတေးမှုအဖြစ် လိုအပ်လေသည်။ သူ့အတွက် ကံကောင်းသည်က သူ့စွမ်းရည်က သူ ရှိနေသည့် နေရာမှာ ကျရှုံသွားခဲ့ဖူးသည့် ဝိညာဉ်များကို အသုံးပြုနိုင်ခြင်း ဖြစ်၏။
နမူနာအားဖြင့် သူက သမိုင်းကြောင်းတစ်လျှောက် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော် နေရာတွင် သေဆုံးခဲ့ဖူးသည့် ဝိညာဉ်အားလုံးကို အသုံးပြုနိုင်လေသည်။ သူ့အတွက် ကံဆိုးသည်က သူ့ကျင့်ကြံဆင့်ဖြင့် ဝိညာဉ်များစွာ မထိန်းချုပ်နိုင်သေးပေ။
တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း ဝမ်ဝေ့နှင့် ဝူဟုန်တို့က တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
“ရှင် သတိထားမိလား” သူမက မေးလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည် “ သူမက ချီကံကောင်းမှု စစ်ဆေးပွဲမှာ ဒီလိုကံကောင်းမှုမျိုးနဲ့ ကြုံလာမယ်လို့ မထင်ထားမိဘူး”
သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် “ကျစ် လုံအောင်းထျန်း … တကယ်လို့ သူ့ဆီမှာ ဒီလိုအရာ ရှိနေမှန်းသာ သိထားရင် ငါကိုယ်တိုင် အရင်ဆုံး သူ့ကို လိုက်ဖမ်းခဲ့မှာ”
“လုံအောင်းထျန်းက ဘယ်သူလဲ” ဝူဟုန်က နားမလည်စွာ မေးလိုက်သည်။
“အရမ်းကံကောင်းတဲ့ ကံကြမ္မာသားတော်ပေါ့ … ဒါပေမဲ့ အဆုံးသတ်ဆိုးရွားတယ်ဆိုတော့ ဒီလောက်ကံကောင်းခဲ့တာတော့ မဟုတ်ဘူးပဲ”
ဝူဟုန်က ခေါင်းညိတ်လိုက်သော်လည်း ဘာမှထပ်မမေးတော့ပေ။ သူမက အရေးမပါသည့် လူများကို ဂရုမစိုက်ပေ။
ထိုစဉ် တိုက်ပွဲအတွင်း လီကျွင်း၏ အခြေအနေက သိပ်မဟန်ပေ။ သူ့စစ်သားအများစုက ကြမ်းပြင်ပေါ် လဲကျနေပြီး သူ့ခန္ဓာကိုယ်၌လည်း ဒဏ်ရာအပြည့် ဖြစ်နေသည်။ သူ့ဆင့်ခေါ်မှုက ဖန်းလီကျွမ်း၏ ထူးဆန်းထွေလာ တိုက်ကွက်များနှင့် အမီမလိုက်နိုင်ပေ။ ထို့အပြင် သူက သူမ ဘယ်လိုနည်းလမ်း အသုံးပြုသွားကြောင်း ရှာဖွေဖို့ ကြိုးစားနေဆဲ ဖြစ်၏။
ကျရှုံးသွားပြီးသော စစ်သားများကို ဆက်တိုက်ဝါးမျိုခြင်းဖြင့် သူက တိုက်ပွဲကို ဆက်တိုက်နိုင်နေခြင်း ဖြစ်သည်။
လီကျွင်း စိတ်ထဲ အတွေးတစ်ခု ပေါ်လာကာ ဖန်းလီကျွမ်းအား ကြည့်လိုက်ပြီး ပြောလိုက်သည် “ မင်းက ဘိုးဘေးအဆောင်စာရွက် ၁၂ ရွက်ထဲက တစ်ရွက် ပိုင်ဆိုင်ထားတာပဲ။ အဲဒါ ကိုယ်ပျောက်အဆောင်ပဲ ဖြစ်လိမ့်မယ် ”
“ ဒီနတ်ဘုရားမက ရှင် စောစောစီးစီးသိသွားတာကို အံ့ဩမိသား .. ရှင် ပြောတာ မှန်တယ်။ ဒီနတ်ဘုရားမဆီမှာ ဘိုးဘေးအဆောင်စာရွက် ၁၂ ရွက်ထဲက တစ်ရွက်ကို ရထားလောက်အောင် ကံကောင်းထားတယ်လေ”
လီကျွင်းက သူမ မည်မျှကံကောင်းကြောင်း တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူ အလျှင်အမြန် သိသွားခြင်းမှာ သူကိုယ်တိုင်လည်း ထိုအဆောင်စာရွက်များကို စိတ်ဝင်စား၍ ဖြစ်သည်။ အထူးသဖြင့် စစ်ပွဲ အဆောင်စာရွက်ကို ဖြစ်၏။ ထို့ကြောင့် သူက လေ့လာဖြစ်ခဲ့သည်။
သူ သိထားသလောက် ဘိုးဘေးအဆောင်စာရွက် ၁၂ ရွက်ကို ရှေးဟောင်းဧကရာဇ်ခေတ်ကာလတုန်းက အဆောင်ဘိုးဘေး ဖန်တီးထားခြင်း ဖြစ်၏။ အဆောင်ဘိုးဘေး သို့မဟုတ် ဧကရာဇ်ဖူယွမ်သည် ဆေးလုံး၊ အစီအရင် အစရှိသဖြင့် တခြားဘိုးဘေးများကြားထဲ အားအကောင်းဆုံး မဟုတ်သော်လည်း သူက သက်ရောက်မှုအရှိဆုံး ဖြစ်၏။
တာအိုကို သက်သေပြပြီးနောက် အဆောင်ဘိုးဘေးက တာအိုတစ်ခုလုံး၏ ရှေ့ပြေးပုံစံ ဖြစ်သည့် အင်မတန် အားကောင်းသော အဆောင်စာရွက် ၁၂ ခုကို ဖန်တီးခဲ့ပြီး ကံကြမ္မာပါသည့်လူများအား ထိုရှေ့ပြေးပုံစံများမှ ပြီးပြည့်စုံသော တာအိုအဖြစ် ပြောင်းလဲနိုင်စေရန် မျှော်လင့်ချက်ဖြင့် ကမ္ဘာအနှံ့ ထားရစ်ခဲ့သည်။
အသင်္ချေအင်ပါယာကမ္ဘာ သမိုင်းကြောင်းတစ်လျှောက် ဘိုးဘေးအဆောင်စာရွက် ရယူနိုင်သူများသည် သူတို့စွမ်းအား အစစ်အမှန်ကို ထုတ်ပြနိုင်ပြီး ကမ္ဘာကြီးထံ ကြီးမားသည့် သက်ရောက်မှုမျိုး ချန်ထားနိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့က မဟာဧကရာဇ်များပင် ဖြစ်လာကြ၏။
လက်ရှိခေတ်ကာလတွင် အဆောင်စာရွက် တချို့ မတွေ့ဘဲ ကျန်ရှိနေသေးလေသည်။ ထိုအထဲ ဖန်းလီကျွမ်း လက်ထဲမှ ကိုယ်ပျောက် အဆောင်နှင့် လီကျွင်း အလိုရှိသည့် စစ်ပွဲအဆောင်လည်းအပါအဝင် ဖြစ်သည်။
ကိုယ်ပျောက်အဆောင်က နာမည်ကျော်ကြားသည်မှာ အဆောင်ဘိုးဘေးက ဖန်တီးခဲ့ပြီးနောက် ပြောခဲ့သည့်စကားများကြောင့် ဖြစ်သည်။ သူ့ပြောစကားအရ ထိုအဆောင်စာရွက်၏ အမြင့်ဆုံးအဆင့်သည် ကျင့်ကြံသူအား သေခြင်းတရားကို မသိသည့်အထိ သို့မဟုတ် ရှင်ခြင်းတရားကို မသိသည့်အထိ အဆင့်ကို ရောက်စေလိမ့်မည်ဟု ဖြစ်သည်။
လီကျွင်း စိတ်ထဲ ထိုအတွေးများက စက္ကန့်ပိုင်းလေးအတွင်း ဖြတ်ပြေးသွားခြင်း ဖြစ်၏။ သူက ပြောလိုက်သည် “ မင်း ဒီကိုယ်ပျောက်အဆောင် ရထားရင်တောင် ဒီလောက်အားကောင်းမှာ မဟုတ်ဘူး”
ဖန်းလီကျွမ်းက အေးစက်စက် ပြုံးကာ “ ဒီနတ်ဘုရားမက ဒီအဆောင်ထဲက တာအိုကို နားလည်သဘောပေါက်ခဲ့ပြီးတော့ ဘိုးဘေးအတားအဆီးတွေကို ချိုးဖောက်ဖို့ သွေးထဲအထိ စုပ်ယူနိုင်ခဲ့လို့ပေါ့။ အခု ဒီနတ်ဘုရားက ကိုယ်ပိုင်တာအို ရှိလာပြီဆိုတော့ ကောင်းကင်အလိုဆန္ဒ ခံယူဖို့ ဖြစ်နိုင်ခြေရှိသွားပြီ။
ပြီးတော့ ဒီနတ်ဘုရားမက ရှင် တမင် အချိန်ဆွဲနေမှန်း သိတယ်။ ဒါပေမဲ့ ဒါက ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး ”