← Chapters

လက်သီးပုန်းထိုးခြင်း

Vol. 18 Ch. 250

လက်သီးပုန်းထိုးခြင်း

Vol. 18 Ch. 250

အခန်း(၂၅၀)  :  လက်သီးပုန်းထိုးခြင်း

လီကျွင်းက ထိုအရာကို ကြားပြီး ပြန်ဖြေလိုက်သည် “ မင်း ဘယ်လောက်အားကောင်းကောင်း၊ သွေးမျိုးဆက် အတားအဆီးကို ဘယ်လောက်ပဲ ချိုးဖျက်နိုင်နိုင် မင်းတို့ရဲ့  ဝိညာဉ်ထဲ နစ်မြှပ်နေတဲ့ အံ့ဖွယ်မျိုးနွယ်ရဲ့ မောက်မာမှုကို မပြောင်းလဲနိုင်ဘူး ”

ထို့နောက် သူက လက်ဝေ့လိုက်ပြီး စစ်သားမြောက်များစွာကို ဆင့်ခေါ်လိုက်သည်။ ဤတစ်ကြိမ် အရေအတွက်က ယခင်ထက် လေးဆ၊ ငါးဆ ပိုများလေသည်။ ထို့နောက် စစ်သားအားလုံးက ရုတ်ချည်း ကိုယ့်ဘာသာ သတ်သေလိုက်ကြသည်။

မြေပေါ်တွင် အလောင်းများစွာ လဲကျနေပြီး နေရာတစ်ခုလုံးက သွေးချင်းနီရဲနေလေသည်။ ထို့နောက် လီကျွင်း၏ ထိန်းချုပ်မှုအောက်တွင် သတ်ဖြတ်ရေးချီ ဖြစ်သည့် အနီရောင်အလင်းမြောက်များစွာက စစ်သားများ၏ အလောင်းများမှ ထွက်လာပြီး  သတ်ဖြတ်ရေးဓားအဖြစ် ပုံပြောင်းသွားသည်။

ဖန်းလီကျွမ်းက ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမက ဓားဆီမှ ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်ကို ခံစားမိနေသည်။ သူမက တုံ့ဆိုင်းမနေဘဲ နေရာမှ ပျောက်ကွယ်သွားလေသည်။ သူမအတွက် ကံဆိုးသည်က ဓားက သူမအပေါ် အားကောင်းသည့် စည်းတံဆိပ်ဖြင့် မှတ်သားထားဟန်ပေါ်သည်။

သူမ ပျောက်ကွယ်သွားပြီး ထပ်မံ တိုက်ခိုက်ဖို့ ပြန်ပေါ်လာသည်နှင့် လီကျွင်းက ဓားကို ကျပန်းဝေ့ယမ်းပစ်လိုက်သည်။ ထိုအခါ အားပြင်းပြင်း ရိုက်ချက်က ဖန်းလီကျွမ်း၏ နေရာဆီ ဦးတည်သွားလေ၏။ သူမက ထိုအရာမှ အန္တရာယ်ကို ခံစားမိကာ သူမဘာသာ အစိမ်းရောင်သလင်းကျောက်များဖြင့် ရစ်ပတ်ကာဆီးလိုက်သည်။

ထူးခြားသည်က သူမက ပွဲကြည့်ပရိသတ်များ အမြင်နှင့် လီကျွင်းကိုယ်တိုင်၏ အမြင်၌ပင် ကိုယ်ပျောက်ဖြစ်နေဆဲ ဖြစ်၏။ သူ လုပ်နေသည်ကား သတ်ဖြတ်ရေး ဓားကို ဝေ့ယမ်းနေခြင်း ဖြစ်ပြီး ထိုတိုက်ကွက်များက ဖန်းလီကျွမ်း ရှိရာဆီ ရောက်လာခြင်း ဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း

လီကျွင်း ဓားဝေ့ယမ်းနေသော နေရာများ၌ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်လာသည်။ ထိုအခြေအနေက မဟန်တော့မှန်း သိ၍ ဖန်းလီကျွမ်းက အံ့ဖွယ်အသိစိတ်ဖြင့် ထိုဓားသည် သူမတည်နေရာကို မည်သို့သိနေကြောင်း အာရုံခံကြည့်လိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်သွားပြီးနောက် သူမက ဓားသည် သူမ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်ရေးချီကို မှတ်သားထားကြောင်း သိလိုက်ရ၏။

ကျင့်ကြံသူတစ်ယောက်အနေနှင့် သူမက လူများစွာ သတ်ခဲ့သောကြောင့် သတ်ဖြတ်ရေးချီများစွာ ရှိနေလေသည်။ တချို့က သူမပင် သတိမထားမိဘဲ နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေကြသည်။

ပြဿနာအရင်းအမြစ်ကို သိသွားပြီးနောက် ဖန်းလီကျွမ်းက မြန်မြန်ဆန်ဆန် ဖြေရှင်းလိုက်သည်။ သူမက အရင်ဆုံး ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်ရေးချီကို ရှင်းထုတ်လိုက်သည်။ ကံမကောင်းစွာဖြင့် တချို့က နက်နက်နဲနဲ အမြစ်တွယ်နေပြီး ဝိညာဉ်အထိ ကပ်တွယ်နေသည်။ ထို့နောက် သူမခန္ဓာကိုယ်မှ ထူးခြားအံ့ဖွယ် စွမ်းအားတစ်ခု ထွက်လာပြီး ထိုချီများထဲ ဝင်ရောက်သွားလေသည်။

ချက်ချင်းဆိုသလို သူတို့က ပျောက်ကွယ်သွားကြ၏။

ထိုစဉ် ဓားကို ကျပန်းဝေ့ယမ်းနေသည့် လီကျွင်းက အမူအရာပျက်သွားသည်။ အကြောင်းမှာ သူ့ဓားက တစ်ဖက်လူ၏ တည်နေရာကို အချိန်မီ မရှာနိုင်တော့၍ မဟုတ်ဘဲ သူ့မူလအဆီအနှစ်က ရှိသင့်သည်ထက် ပို၍ လျော့နည်းသွားကြောင်း သိလိုက်ရ၍ ဖြစ်သည်။

တစ်ခါက သူ့အစ်ကိုကြီးသည် သူ့ကို သူ့မူလချီ ထိန်းချုပ်နိုင်စွမ်း ဆိုးရွားလွန်းကြောင်း ပြောခဲ့ဖူး၍ မှတ်သားထားခဲ့သည်။ ထို့ကြောင့် သူက ကိုယ်ပိုင်အတွင်းစွမ်းအားကို သေချာထိန်းချုပ်နိုင်အောင် နှစ်များစွာ လေ့ကျင့်ထားခဲ့သည်။ သူက တိုက်ကွက်တိုင်း၌ ချီ မည်မျှ အသုံးပြုသည်ကို သိလာသည့်အထိ ဖြစ်၏။

သို့သော်လည်း ယခုတွင် သူက ထိုပမာဏသည် ဖြစ်သင့်သည်ထက် လျော့နည်းနေသည်။ လီကျွင်းက တစ်ခုခုမှားယွင်းနေမှန်း သိ၍ သူ့မူလအဆီအနှစ်ပေါ် အာရုံစိုက်ထားလိုက်ရင်း ဓားကို နောက်ထပ် ဝေ့ယမ်းလိုက်သည်။ ထိုအခါ သူ့အံ့ဖွယ်ပင်လယ်ထဲက မူလအဆီအနှစ် ပမာဏတချို့က ထူးထူးခြားခြား ပျောက်ကွယ်သွားကြောင်း သိသွားသည်။ ထိုအရာက ဘယ်ရောက်သွားမှန်းတော့ မသိရပေ။

ဘာတွေဖြစ်နေတာလဲ …

လီကျွင်းက သူ့ဘာသာ တွေးလိုက်မိသည်။ ကံမကောင်းစွာဖြင့် သူ့တွင် အဖြေထုတ်နေဖို့ အချိန်မကျန်တော့ပေ။

သူမ၏ တည်နေရာကို မှန်းဆနိုင်သည့် ဓားစွမ်းရည် မပါရှိဘဲ ဖန်းလီကျွမ်းက တဖန် ပြန်လည်တိုက်ခိုက်လာသည်။

သူမက လက်တစ်ချက်အဝေ့တွင် လီကျွင်းပတ်လည်တွင် သလင်းကျောက်များစွာ ပေါ်ထွက်လာသည်။ သူတို့က စိတ်ကူးယဉ်သိပ္ပံဇာတ်ကားများထဲမှ စွမ်းအင်အမြောက်များကဲ့သို့ စွမ်းအားများကို စတင်စုဆောင်းလာကြသည်။ ထို့နောက် သူတို့က လီကျွင်းဆီ တဟုန်ထိုး ဝင်ရောက်သွားကြသည်။

သလင်းကျောက်များကို မမြင်နိုင်သေးသည့် လီကျွင်းက သူ့ဆီ သေစေလောက်သည့် အန္တရာယ်တစ်ခု ချည်းကပ်လာသည်ကို ခံစားမိလိုက်၏။ ထို့ကြောင့် သူက သွေးအနီရောင်ဒိုင်းဖြင့် လွမ်းခြုံကာ ကာကွယ်ထားလိုက်သည်။ သူ့အတွက် ကံဆိုးသည်က ထိုအပြုအမူသည် သူ့မူလအဆီအနှစ်အား ပို၍ လျော့ပါးသွားစေသည်။

ထိုစဉ် တိမျိုးနွယ် ရုံငယ်အတွင်း တိထျန်းက တိုက်ပွဲကို တည်တည်ငြိမ်ငြိမ် ဆက်ကြည့်နေပြီး နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်သည် “ကျောင်းတော်က ဒီလိုနည်းလမ်းမျိုးအထိ ထုတ်သုံးလိမ့်မယ်လို့ မထင်ထားမိဘူး။ အဲဒီပိုင်ဟန်က သူ့အဖေနဲ့ ဘာမှမတူဘူးပဲ။ ဘာဖြစ်ဖြစ် သူ့အပြုအမူက ငါ့အတွက် အကျိုးရှိတယ်ဆိုတော့ ဘာများပြောနေရဦးမှာလဲ”

…………………..

တာအိုအခွင့်အလမ်းဂိုဏ်း မျှောလွင့်ရုံငယ်အတွင်း ဝမ်ဝေ့က တိုက်ပွဲကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ ထို့နောက် သူက တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိလိုက်သော်လည်း ဘာအရာမှန်း မပြောတတ်ပေ။

ထို့ကြောင့် သူက အမြင်စွမ်းရည်ကို အသက်သွင်းလိုက်သည့်အခါ လီကျွင်း၏ မူလအဆီအနှစ်သည် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် လျော့ပါးနေကြောင်း သတိထားမိလိုက်သည်။ သို့သော် သူက အကြောင်းအရင်းကို ရှာမတွေ့ပေ။

“ဘာဖြစ်နေတာလဲ”သူက သူ့ဘာသာ ရေရွတ်လိုက်သည်။

“မူလ စုပ်ယူရေး အစီအရင်လေ” ဝူဟုန်က ဖြေပေးလိုက်သည် “အဲဒါက အထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုတောင် မူလအဆီအနှစ် လျော့ပါးသွားအောင် လုပ်နိုင်တဲ့ ဧကရာဇ်တစ်ပိုင်း အစီအရင်ပဲ။ အရင်ခေတ်တုန်းက လူတွေဖမ်းချုပ်တဲ့နေရာမှာ အသုံးများကြတယ် ”

ထိုအရာကို ကြားပြီး သူက အာရုံစိုက်လိုက်သော်လည်း ဘာမှရှာမတွေ့သေးပေ “ ဘယ်မှာလဲ”

“ တိုက်ပွဲစင်မြင့်အောက်မှာ” ဝူဟုန်က ပြောလိုက်သည်။

ဝမ်ဝေ့က သေချာအာရုံစိုက်ကြည့်လိုက်သော်လည်း ဘာမှမမြင်ရသေးပေ။ ထို့ကြောင့် သူက မျက်လုံးကို မှိတ်ကာ သူ့ဝိညာဉ်စွမ်းအားဖြင့် အစစ်အမှန် အမြင်စွမ်းရည်ကို အားမြင့်လိုက်သည်။ နောက်ဆုံးတွင် သူက အလွန်ရှုပ်ထွေးလှသည့် အစီအရင်ကို မြင်လိုက်ရသည်။

ထိုအစီအရင်၏ သင်္ကေတပမာဏက သူ့ကို မူးနောက်သွားစေသည်။ ဝမ်ဝေ့၏ ပထမအတွေးက ကျောင်းတော်၏ လုပ်ရပ်ကို ထုတ်ဖော်လိုက်ဖို့ ဖြစ်သော်လည်း သိပ်မကြာခင် သူက ထိုအတွေးကို လက်လျော့လိုက်သည်။ သူက ထိုအစီအရင်၏ တည်ရှိမှုကို သတိပြုမိဖို့ ဝိညာဉ်စွမ်းအားကိုပင် ထုတ်သုံးရလေရာ တခြားသူများကို ထည့်ပြောနေဖို့ မလိုတော့ပေ။

ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်သည့်အတွက် အစစ်အမှန် အုပ်ချုပ်သူပင် ထိုတည်ရှိမှုကို ခံစားမိမည်ဟု အာမ မခံနိုင်ပေ။ သူတို့ လုပ်နိုင်ခဲ့လျှင်ပင် တစ်ယောက်ယောက်က ထိုတည်ရှိမှုအကြောင်း မထုတ်ဖော်နိုင်ခင်  ထိုအစီအရင် ပျောက်ကွယ်သွားစေဖို့ ကျောင်းတော်၏ အရန်အစီအစဉ် ရှိလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူက အံ့ဖွယ်အသိစိတ်ဖြင့် တာအိုကာကွယ်သူကို သတိပေးလိုက်သည်။ သူ့အတွက် ကံဆိုးသည်က မိနစ်ပိုင်းကြာပြီးနောက် ယန်းချန်က ပြောလာသည် “ သခင်လေး ကျုပ် စိတ်မကောင်းပါဘူး။ ဘာမှရှာမတွေ့ခဲ့ဘူး ”

ဝမ်ဝေ့က ဖြေရှင်းနည်းကို ရှာဖို့ ဦးနှောက်ကို အလုပ်ပေးထားသည်။

ငါ အစီအရင်အဖျက်ကောင်နဲ့ အဝေးကနေ လှမ်းထိန်းချုပ်နိုင်မလား … ဒါပေမဲ့ အလုပ်မဖြစ်လောက်ဘူး

အစီအရင်အဖျက်ကောင်က ကောင်းကင်အဆင့် အစီအရင်တောင် မဖြေရှင်းနိုင်သေးဘူး

ထို့နောက် သူက ဝူဟုန်အား ကြည့်လိုက်ကာ  “ မင်း တစ်ခုခု လုပ်ပေးနိုင်မလား”

“ ဟင့်အင်း … ကျွန်မ မတတ်နိုင်ဘူး” ဝူဟုန်က ခေါင်းခါကာ “ ဒီအစီအရင်ကို ကျောင်းတော်ရဲ့ ဧကရာဇ်အဆင့် အစီအရင် ရှစ်ခုနဲ့ ဆက်သွယ်ထားတာ။ တစ်ယောက်ယောက် ဝင်နှောင့်ယှက်ဖို့ လုပ်တာနဲ့ သက်သေဖျောက်ပစ်ဖို့ ပေါက်ကွဲမှု ဖြစ်သွားလိမ့်မယ် ”

သူက ထိုအရာကို ကြားပြီး သက်ပြင်းချလိုက်ကာ  “ အဲဆိုရင်တော့ ဒီတိုက်ပွဲမှာ လီကျွင်းကိုပဲ စောင့်ကြည့်ရတော့မှာပဲ”

ထိုစဉ် လီကျွမ်း၏ ခန္ဓာကိုယ်က ဒဏ်ရာအပြည့် ဖြစ်နေပြီး‌ ခြေလက်များကလည်း ဖန်းလီကျွမ်း၏ သလင်းကျောက်များဖြင့် ထိုးစိုက်ခံထားရသည်။ သူ့အတွင်းအင်္ဂါအများစုလည်း ထိုးစိုက်ခံထားရပြီး အတော်လေး အခြေအနေဆိုးနေသည်။

သူ မသေသေးသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူက စစ်သားများကို ဆက်တိုက်ခေါ်ကာ သူတို့သွေးဖြင့် အသက်ဓာတ်ကို ကုသနေ၍ ဖြစ်သည်။ ကံဆိုးစွာဖြင့် ဆင့်ခေါ်သည့် ပမာဏနှင့် သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း အကန့်အသတ်သို့ ရောက်ရှိလာသည်။

သို့သော်လည်း သူ့မျက်ဝန်းထဲ စိတ်ပျက်သွားမှု အလျှင်းမရှိပေ။ အချုပ်အားဖြင့် သူ့ဆုံးဖြတ်ချက်က နည်းနည်းလေးမှ ယိမ်းယိုင်မသွားဘဲ ဖန်းလီကျွမ်း၏ တည်နေရာကို အာရုံခံဖို့ အသည်းအသန် ကြိုးပမ်းနေဆဲ ဖြစ်၏။

လီကျွင်းက သူ့ခန္ဓာကိုယ်၏ အင်အားအကုန် ရွေ့လျားစေလိုက်ပြီး တည်နေရာတစ်ခုတွင် ပြန်ပေါ်လာခဲ့သည်။ သူက အရမ်းမြန်လွန်းသည့်အတွက် လူတချို့သာ သူ့လှုပ်ရှားမှုကို အမီလိုက်နိုင်လိုက်သည်။

သူက တုံ့ဆိုင်းမနေဘဲ သတ်ဖြတ်ရေးဓားဖြင့် သူ ပေါ်ထွက်လာသည့် နေရာဘက် ခုတ်ချလိုက်သည်။ ထူးထူးဆန်းဆန်း လေဗလာထဲ သွေးများ စီးကျလာသည်။ ထို့နောက် ဖန်းလီကျွမ်း၏ နှလုံးသား ဓားထိုးစိုက်ခံထားရသော ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။

သူမက သွေးတစ်ပွက်အန်လိုက်ပြီး မေးလိုက်သည် “ရှင် ဘယ်လိုတွေ့သွားတာလဲ”

“ မင်းရဲ့ သွေးကြောထဲက သွေးစီးဆင်းမှုကနေ အာရုံခံလိုက်တာ”

“ သတ်ဖြတ်ရေးတာအို လေ့ကျင့်သူတစ်ဦးက သွေးနဲ့ ပတ်သက်နေတဲ့ စွမ်းအားရှိနေလိမ့်မယ်လို့ သိထားခဲ့သင့်တာ” ဖန်းလီကျွမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုတည်ငြိမ်မှုက လီကျွင်းစိတ်ထဲ အလန့်တကြား ဖြစ်လာမိစေသည်။

ဖန်းလီကျွမ်းက ခန္ဓာကိုယ်မှ ဓားကို တည်ငြိမ်စွာ ဖယ်ထုတ်လိုက်သည့်အခါ သူမ ထိုးစိုက်ခံထားရသော နေရာ၌ သလင်းကျောက် နှလုံးသားတစ်ခု ပေါ်ထွက်လာသည်။

လီကျွင်းက နှလုံးသားအသစ်သည် သလင်းကျောက်အတွင်း ဖြည်းဖြည်းချင်း အသက်ဝင်လာကြောင်း မြင်လိုက်ရ၏။

ထို့နောက် ဖန်းလီကျွမ်း၏ ကြွက်သားများနှင့် အရေပြားများသည် လျှင်မြန်စွာ ပြန်ကောင်းမွန်လာပြီး သူမ အဝတ်အစားပင် နဂိုအခြေအနေသို့ ပြန်ရောက်သွားသည်။ သူမက လီကျွင်းအား ကြည့်ကာ အေးစက်စက် ပြုံးလိုက်ပြီး “အခု တကယ့်တိုက်ပွဲ စလိုက်ကြတာပေါ့။ တကယ်လို့ ရှင် တိုက်နိုင်သေးတယ်ဆိုရင်ပေါ့ ”

လီကျွင်းက ထိုအရာကို ကြားပြီး နှလုံးခုန်တစ်ချက် မြန်သွားလေသည်။ သူ့လက်ရှိအနေအထားဖြင့် တိုက်ပွဲပြင်းပြင်း မတိုက်နိုင်တော့ပေ။ သူ့မူလအဆီအနှစ်က ကုန်ခမ်းလုနီးပါး ဖြစ်နေသည့်အချက်ကို ထည့်မပြောရသေးပေ။

ငါ တားမြစ်စွမ်းရည်ကို ထုတ်သုံးလိုက်ရမလား …. လီကျွင်းက တိတ်တဆိတ် တွေးလိုက်မိသည်။

All Chapters