နတ်ဘုရားအသွင်ပြောင်းဆေးလုံး၊ အင်မော်တယ်မူလချီနှင့် တာအိုလက်တွဲဖော် နတ်ဘုရားအသွင်ပြောင်းရန် ပြင်ဆင်ပေးခြင်း(၁)။
Vol. 52 Ch. 561
"ဘာ..."
ကျင့်ကြံသူအများအပြားမှာ နှုတ်ခမ်းမဲ့သွားကြလေသည်။ ဂိုဏ်းဝင်ခွင့်စမ်းသပ်မှုအတွက် အောက်ခြေအဆင့် ဝိညာဉ်ကျောက်တုံးတစ်ရာ ပေးဆောင်ရမည်ဟု သူတို့ထင်မှတ်မထားခဲ့ကြချေ။ ဤပမာဏမှာ သာမန်တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် မနည်းပါးလှသော ကြွယ်ဝမှုတစ်ခုဖြစ်ပေသည်။
သာမန်တစ်ကိုယ်တော်ကျင့်ကြံသူများသည် ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများကို မည်သည့်နေရာတွင် သုံးစွဲနိုင်ပါမည်နည်း။ သို့သော် ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်နိုင်မည်ဆိုပါက အခြေအနေမှာ ကွာခြားသွားပေလိမ့်မည်။ အောက်ခြေအဆင့် ဝိညာဉ်ကျောက်တုံးတစ်ရာသုံးစွဲ၍ ကံစမ်းကြည့်ခြင်းမှာ အလွန်တန်ဖိုးရှိလှပေသည်။
"ငါတို့ရွှမ်ဟွမ်ဂိုဏ်းက မင်းတို့ကို အနိုင်ကျင့်တယ်လို့မထင်နဲ့...”
"ဒီဝိညာဉ်ကျောက်တုံးတွေက လမ်းစရိတ်သက်သက်ပဲ...”
"ဘာလို့လဲဆိုတော့ ငါတို့က တည်နေရာရွှေ့ပြောင်းအစီအရင်ကိုဖွင့်ပြီး မင်းတို့ကို ရွှမ်ဟွမ်ကျွန်းဆီ ပို့ပေးမှာမို့လို့ပဲ...”
"စမ်းသပ်မှုမအောင်မြင်ရင် ပြန်ပို့ပေးမယ်...”
"အောင်မြင်တာနဲ့ ရွှမ်ဟွမ်ကျွန်းမှာ နေခွင့်ရမယ်...”
"စမ်းသပ်မှုဝင်မလား၊ မဝင်ဘူးလား အခုပဲဆုံးဖြတ်ကြ… မဟုတ်ရင် နောက်တစ်နှစ်အထိ စောင့်ရလိမ့်မယ်...”
အခြေတည်အဆင့်ကျင့်ကြံသူ လျိုကျွင်းက လေးနက်စွာပြောလိုက်၏။
"သေချာပေါက် ဝင်ပါမယ်...”
ကျင့်ကြံသူအများအပြားမှာ ချက်ချင်းတုံ့ပြန်လိုက်ကြပြီး စာရင်းပေးသွင်းရန် ရှေ့သို့တိုးလာကြလေသည်။
မည်သို့ပင်ဖြစ်စေ အောက်ခြေအဆင့် ဝိညာဉ်ကျောက်တုံးတစ်ရာမျှဖြင့် တောက်ပသော အနာဂတ်တစ်ခုကို ရယူနိုင်မည်ဖြစ်ရာ မည်သို့ရွေးချယ်ရမည်ကို လူတိုင်းသိကြပေသည်။
စုန့်ဖျင်အန်းသည်လည်း သဘာဝကျကျပင် ထိုနည်းတူပြုလုပ်လိုက်ပြီး ဝိညာဉ်ကျောက်တုံးပေးသွင်းကာ စာရင်းသွင်းလိုက်တော့သည်။
မကြာမီအချိန်အတွင်း ကျင့်ကြံသူအများအပြားမှာ စာရင်းပေးသွင်းခြင်း ပြီးဆုံးသွားကြလေသည်။
နောက်တစ်ရက်ကြာသောအခါ...။
စာရင်းသွင်းအောင်မြင်သော ကျင့်ကြံသူများသည် အင်မော်တယ်ရှားမြို့တော်ရှိ တည်နေရာရွှေ့ပြောင်းအစီအရင်တစ်ခုတွင် စုဝေးရောက်ရှိလာကြသည်။
ဝုန်း...
နောက်တစ်စက္ကန့်တွင် စုန့်ဖျင်အန်းနှင့် အခြားကျင့်ကြံသူများသည် ရွှမ်ဟွမ်ကျွန်းသို့ ချက်ချင်းရောက်ရှိသွားကြလေသည်။ သူတို့သည် ကျယ်ပြောလှသော ကွင်းပြင်ကြီးတစ်ခုပေါ်သို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရပြီး၊ သူတို့အပြင် အခြားကျွန်းများမှ ရောက်ရှိလာသော ကျင့်ကြံသူများစွာလည်း ရှိနေပေသည်။
လှမ်းမျှော်ကြည့်လိုက်ပါက လူပင်လယ်ကြီးသဖွယ် ပြည့်နှက်နေပြီး အနည်းဆုံးလူဦးရေ တစ်သိန်းကျော်ခန့် ရှိပေလိမ့်မည်။
စမ်းသပ်မှုဝင်ရောက်ဖြေဆိုမည့် ကျင့်ကြံသူအရေအတွက်မှာ ဤမျှများပြားလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် သူတို့အံ့အားသင့်သွားကြရသည်။
ထင်ရှားသည်မှာ ရွှမ်ဟွမ်ဂိုဏ်း၏ ဂုဏ်သတင်းမှာ အလွန်ကြီးမားနေပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤဝိညာဉ်သန္ဓေသားဂိုဏ်းသို့ ဝင်ရောက်ချင်နေကြခြင်း ဖြစ်ပေသည်။
"ကဲ... တိတ်ကြစမ်း...”
"အခု စမ်းသပ်မှုစတင်မယ်...”
ထိုအချိန်တွင် အဝေးရှိစင်မြင့်ထက်မှ ရွှေအမြုတေအဆင့် ဆရာသခင်တစ်ပါးက အော်ဟစ်လိုက်ပြီး ကျင့်ကြံသူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဘာဖြစ်ပျက်နေမှန်း ဤကျင့်ကြံသူများ နားမလည်လိုက်ခင်မှာပင် စမ်းသပ်မှုက စတင်သွားခဲ့ပြီဖြစ်ပေသည်။
ဂျိမ်း...
ချက်ချင်းပင် ကောင်းကင်ယံထက်၌ ရွှေရောင်နဂါးတစ်ကောင် ပေါ်လာသကဲ့သို့ရှိပြီး၊ သက်ရှိအားလုံးကို ငုံ့ကြည့်လိုက်ကာ ရွှေရောင်အလင်းတန်းတစ်ခု ဖြာကျလာပြီး ကွင်းပြင်အတွင်းရှိ စမ်းသပ်မှုဝင်ရောက်သူတစ်ဦးချင်းစီတိုင်းကို လွှမ်းခြုံသွားလေသည်။ လှုပ်ရှားလိုက်သည်မှာ သဘာဝကျစွာပင် 'ကံကြမ္မာကူ' ပင်ဖြစ်၏။
လက်ရှိတွင် 'ကံကြမ္မာကူ' မှာ စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး၊ အတုမဲ့စွမ်းရည်များကို ပိုင်ဆိုင်ထားကာ သက်ရှိများ၏ကံတရားကို လွယ်ကူစွာ ခွဲခြားသိမြင်နိုင်လေသည်။
ဤသည်မှာ ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်ရွေးချယ်နည်းပင် ဖြစ်၏။ ကျိုးစွေ့အတွက်မူ တပည့်ရွေးချယ်နည်းမှာ ရိုးရှင်းပြတ်သားလှသည်၊ တပည့်များ၏ကံတရားကို ကြည့်ရှုခြင်းသာ ဖြစ်ပေသည်။
အနည်းဆုံး ခရမ်းရောင်အဆင့် ကံတရားရှိမှသာ ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရှိပေမည်။ အကယ်၍ ခရမ်းရောင်ကံတရားရှိပါက အနာဂတ်တွင် သေချာပေါက် ရွှေအမြုတေအဆင့်ဆရာသခင် ဖြစ်လာပေလိမ့်မည်။
လိမ္မော်ရောင်ကံတရားဆိုပါက ဝိညာဉ်သန္ဓေသားဖွဲ့စည်းရန် အခွင့်အရေးရှိပေသည်။
မှန်ပေသည်၊ ကံတရားဆိုသည်မှာ ပြောင်းလဲနိုင်သောအရာ ဖြစ်သော်လည်း ပြောင်းလဲနိုင်ခြေမှာ အလွန် နည်းပါးလှပေသည်။ သို့သော် ဤကဲ့သို့သော တပည့်ရွေးချယ်နည်းမှာ လုံလောက်သည်ထက်ပင် ပိုနေပေပြီ။ အခြားဂိုဏ်းများနှင့်ယှဉ်လျှင် အဆပေါင်းများစွာ သာလွန်နေပေသည်။
နောက်တစ်စက္ကန့်တွင် စုန့်ဖျင်အန်းသည် သူ၏မျက်ခုံးနှစ်ခုကြားတွင် အနီရောင်အစက်တစ်ခု ပေါ်လာသည်ကို တွေ့ရှိလိုက်ရ၏။ ဘာဖြစ်ပျက်နေမှန်း သူလုံးဝနားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေရလေသည်။
"ကဲ... စမ်းသပ်မှုပြီးဆုံးပြီ...”
"မျက်ခုံးကြားမှာ အနီစက်ပေါ်နေတဲ့သူတွေ ကျန်နေခဲ့လို့ရတယ်...”
"ကျန်တဲ့လူတွေက ငါတို့ရွှမ်ဟွမ်ဂိုဏ်းနဲ့ ကံမပါလို့ ချက်ချင်းထွက်ခွာကြပါ...”
ထိုရွှေအမြုတေအဆင့် ဆရာသခင်သည် အလွန်ကျေနပ်သွားပုံရပြီး ထပ်မံပြောကြားလိုက်လေသည်။
ဘာ...
ကျင့်ကြံသူအများအပြားမှာ ကြောင်အသွားကြရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ခမျာ ဘာမှမသိလိုက်ရဘဲ စမ်းသပ်မှု ပြီးဆုံးသွားသောကြောင့် ဖြစ်လေသည်။
ရွှမ်ဟွမ်ဂိုဏ်း၏ရွေးချယ်မှုစံနှုန်းမှာ အဘယ်အရာဆိုသည်ကိုပင် သူတို့မသိလိုက်ကြချေ။ သို့သော် ထင်ရှားသည်မှာ ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများသည် သူတို့အား စကားအများကြီးပြောရန် ရည်ရွယ်ချက်မရှိကြပေ။
စမ်းသပ်မှုကျရှုံးသူအားလုံးကို ချက်ချင်းမောင်းထုတ်လိုက်ပြီး မျက်ခုံးကြားတွင် အနီစက်ရှိသူများကိုသာ ချန်ထားလိုက်လေသည်။ မူလက စမ်းသပ်ရန်လာရောက်သော ကျင့်ကြံသူတစ်သိန်းကျော်ထဲတွင် စုန့်ဖျင်အန်းအပါအဝင် လူနှစ်ဆယ်ခန့်သာ ကျန်ရစ်တော့၏။
"ကဲပါ... ညီငယ်တို့...”
"ငါက ကုယုံတောင်ထွတ်ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ကျောက်ဟွမ်ကျန်းပါ...”
"ငါတို့ရွှမ်ဟွမ်ဂိုဏ်းကို ဝင်ရောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...”
ရွှေအမြုတေအဆင့် ဆရာသခင် ကျောက်ဟွမ်ကျန်းက အပြုံးခပ်ဖွဖွဖြင့် ပြောလိုက်ပြီး အလွန်ဖော်ရွေလှပေသည်။
"ဂိုဏ်းတူအစ်ကို ကျောက်..."
ကျင့်ကြံသူအားလုံးမှာ ကြောက်ရွံ့အားငယ်သွားကြရပြန်သည်။ ရွှေအမြုတေအဆင့် ဆရာသခင်တစ်ပါးက သူတို့အပေါ် ဤမျှဖော်ရွေသည်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပေသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ရင်ထဲ၌လည်း အလွန်စိတ်လှုပ်ရှားနေကြ၏။
ဤသည်မှာ ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခြင်း၏ အခွင့်အရေးပင်ဖြစ်ပေသည်။ ဤဝိညာဉ်သန္ဓေသားဂိုဏ်းသို့ ဝင်ရောက်ရုံဖြင့် စွမ်းအားရှင်များစွာ၏ ကာကွယ်မှုကို ရရှိနိုင်ပြီး လုံခြုံစိတ်ချမှု အပြည့်အဝရှိနေပေတော့သည်။
"အားနာမနေကြနဲ့...”
"ရွှမ်ဟွမ်ဂိုဏ်းကို ဝင်လာမှတော့ အားလုံးက မိသားစုဝင်တွေ ဖြစ်သွားကြပြီ...”
"မင်းတို့ ဘာလို့အရွေးခံရလဲဆိုတာ သိချင်နေကြမှာပဲ...”
"သဘောတရားက ရိုးရှင်းပါတယ်… မင်းတို့ရဲ့ ကံတရားက သာမန်မဟုတ်လို့ပဲ...”
"အနာဂတ်မှာ အနည်းဆုံးတော့ ရွှေအမြုတေအဆင့် ဖြစ်လာနိုင်ကြမယ့်သူတွေချည်းပဲ...”
"ဒါကြောင့် ရွှမ်ဟွမ်ဂိုဏ်းကို ဝင်ခွင့်ရတာပဲ...”
"ခုနက ဖြစ်ပျက်သွားတာက ဂိုဏ်းချုပ်ကြီး ထုတ်ဖော်လိုက်တဲ့ ကံတရားကြည့်ရှုခြင်း နတ်ဘုရားစွမ်းရည်တစ်ခုပဲ...”
"ဒီစွမ်းရည်က လူတွေရဲ့ ကံတရားကို ကြည့်ရှုနိုင်တယ်...”
"တကယ်လို့ ကံတရားမလုံလောက်ဘူးဆိုရင် ငါတို့ရွှမ်ဟွမ်ဂိုဏ်းကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး...”
ကျောက်ဟွမ်ကျန်းက လူတိုင်း ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်နိုင်ရခြင်း၏ အကြောင်းရင်းကို ရိုးရှင်းစွာ ရှင်းပြလိုက်သည်။
"ဒီလိုကိုး..."
လူတိုင်း အံ့အားသင့်သွားကြလေသည်။ သူတို့သည် ကံတရားအကြောင်းကို အနည်းနှင့်အများ ကြားဖူးကြသော်လည်း ဖမ်းဆုပ်၍မရနိုင်သောအရာဟုသာ ထင်မှတ်ခဲ့ကြပေသည်။
ကံတရား၏ တည်ရှိမှုကို ထိုးထွင်းမြင်နိုင်သူ မည်မျှရှိပါမည်နည်း။
သို့သော် ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက ဤကဲ့သို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူတို့ လုံးဝထင်မထားခဲ့ကြချေ။ ချန်လန်ပင်လယ်ဒေသ၏ နံပါတ်တစ်ကျင့်ကြံသူဆိုသည်နှင့် ထိုက်တန်လှပါပေသည်။ အမှန်တကယ်ပင် အလွန်တရာ စွမ်းအားကြီးမားလှ၏။
'ကံတရားကိုတောင် ကြည့်ရှုနိုင်တာလား... ဒီရွှမ်ဟွမ်ဂိုဏ်းချုပ်က ကံတရားလမ်းစဉ်ကို ကျင့်ကြံထားတာများလား...'
ထိုအချိန်တွင် စုန့်ဖျင်အန်း၏ ခန္ဓာကိုယ်ထဲ၌ ပုန်းအောင်းနေသော အရက်တာအိုအရှင်သည်လည်း အလွန်စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။ ဝိညာဉ်လောက၌ပင်လျှင် ကံတရားလမ်းစဉ်ကို အမှန်တကယ်ကျင့်ကြံနိုင်သူမှာ အလွန်ရှားပါးလှပေသည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သောကျင့်စဉ်ကို ကျင့်ကြံလိုပါက ထူးခြားသောပါရမီ လိုအပ်သောကြောင့် ဖြစ်ပေသည်။ အကယ်၍ ပါရမီမလုံလောက်ပါက လုံးဝတတ်မြောက်နိုင်မည် မဟုတ်ပေ။ ဤအောက်ဘုံလောကမှ ကျင့်ကြံသူ ရွှမ်ဟွမ်ဘိုးဘေးသည် သာမန်မဟုတ်ကြောင်း သူချက်ချင်း ခံစားလိုက်ရသည်။
ထင်ရှားသည်မှာ တစ်ဖက်လူသည် ထိုနတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်ပြီး စုန့်ဖျင်အန်း၏ကံတရား မသေးငယ်ကြောင်း သိရှိသွားသဖြင့် တပည့်အဖြစ် လက်ခံလိုက်ခြင်းဖြစ်ပေသည်။ ဤနည်းအားဖြင့် တွေးကြည့်ပါက ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်တိုင်းသည် ကံတရားကြီးမားသူများ ဖြစ်နေကြသည် မဟုတ်ပါလော။
အကယ်၍ အမှန်တကယ်သာ ထိုသို့ဖြစ်ပါက ရွှမ်ဟွမ်ဂိုဏ်း၏ အနာဂတ်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ ဤအကြောင်းကိုတွေးမိသောအခါ သူသည် ရွှမ်ဟွမ်ဂိုဏ်းကို စတင်အလေးထားလာပြီး၊ ယခင်ကကဲ့သို့ ဖြစ်ကတတ်ဆန်း သဘောထားမျိုး မရှိတော့ပေ။
"အရင်ဆုံး ငါတို့ရွှမ်ဟွမ်ဂိုဏ်းရဲ့ အခြေအနေကို မိတ်ဆက်ပေးမယ်...”
"လက်ရှိ ငါတို့ရွှမ်ဟွမ်ဂိုဏ်းမှာ အဓိကဂိုဏ်းခွဲ ခုနစ်ခုရှိတယ်… အဲဒါတွေက ရွှမ်ဟွမ်တောင်ထွတ်၊ မိစ္ဆာသတ်တောင်ထွတ်၊ မြူနှင်းတောင်ထွတ်၊ ကုယုံတောင်ထွတ်၊ ချင်းမူတောင်ထွတ်၊ အင်မော်တယ်ရှားတောင်ထွတ်၊ တန်တိန်တောင်ထွတ် စတာတွေပဲ...”
"ဒါပေမဲ့ မင်းတို့ ဘယ်ဂိုဏ်းခွဲကို ရောက်မလဲဆိုတာကတော့ 'စာအုပ်အရှင်' ရွေးချယ်ပေးတဲ့အပေါ် မူတည်တယ်...”
ကျောက်ဟွမ်ကျန်းက လေးနက်စွာ ပြောပြလိုက်သည်။
"စာအုပ်အရှင် ဟုတ်လား..."
လူတိုင်းမှာ မျက်တောင်ခတ်လိုက်ကြပြီး၊ တစ်ဖက်လူ ဘာပြောနေမှန်းမသိသဖြင့် ဇဝေဇဝါ ဖြစ်သွားကြလေသည်။
"ဟားဟားဟား... မင်းတို့က ရွှမ်ဟွမ်ဂိုဏ်းကို အခုမှ ရောက်လာတာဆိုတော့ သိဦးမှာ မဟုတ်သေးဘူး...”
"စာအုပ်အရှင်ဆိုတာက ဂိုဏ်းချုပ်ကြီးပိုင်ဆိုင်တဲ့ ထူးဆန်းတဲ့ရတနာတစ်ခုရဲ့ ဝိညာဉ်ပဲ...”
"အဲ့ဒီရတနာထဲမှာ ရွှမ်ဟွမ်ဂိုဏ်းတစ်ခုလုံးရဲ့ အမွေအနှစ်တွေ သိမ်းဆည်းထားတယ်...”
"နောင်တစ်ချိန် မင်းတို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ အမွေအနှစ်ကို ရချင်ရင် စာအုပ်အရှင်ကို သွားရှာရလိမ့်မယ်...”
ကျောက်ဟွမ်ကျန်းက ပြုံးလိုက်တော့သည်။