နတ်ဘုရားအသွင်ပြောင်းဆေးလုံး၊ အင်မော်တယ်မူလချီနှင့် တာအိုလက်တွဲဖော် နတ်ဘုရားအသွင်ပြောင်းရန် ပြင်ဆင်ပေးခြင်း(၃)။
Vol. 52 Ch. 563
"ဒီကိစ္စလား...”
"တပည့်အများဆုံးက သဘာဝကျကျ မြူနှင်းတောင်ထွတ်ပေါ့...”
"ဘာလို့လဲဆိုတော့ မြူနှင်းတောင်ထွတ်က တပည့်တွေက အရင်တုန်းက ဝိညာဉ်သန္ဓေသားဂိုဏ်း မြူနှင်းနန်းတော်က လာကြတာလေ...”
"ဒီလိုဆိုတော့ ဝိညာဉ်သန္ဓေသားဂိုဏ်း တစ်ဂိုဏ်းလုံးရဲ့ တပည့်တွေကို အပြည့်အဝလက်ခံလိုက်သလို ဖြစ်နေပြီး အရေအတွက်က အနည်းဆုံး သောင်းချီ ရှိတယ်...”
"ဒုတိယက မိစ္ဆာသတ်တောင်ထွတ်၊ ဒီတောင်ထွတ်ရဲ့အမွေအနှစ်က ရှေးဟောင်းဂိုဏ်း မိစ္ဆာသတ်ဂိုဏ်းက လာတာ… မိစ္ဆာသတ်တောင်ထွတ်ရဲ့တပည့်တိုင်းက တိုက်ခိုက်ရေးမှာ ပြိုင်ဘက်ကင်းပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်ကြတယ်… တပည့်ဦးရေ သောင်းကျော် ရှိတယ်...”
"ပြီးတော့ အင်မော်တယ်ရှားတောင်ထွတ်၊ ချင်းမူတောင်ထွတ်၊ တန်တိန်တောင်ထွတ် စတာတွေပဲ၊ တပည့်ဦးရေ ထောင်ချီ ရှိတယ်...”
ကျောက်ဟွမ်ကျန်းက ရွှမ်ဟွမ်ဂိုဏ်း၏ အတွင်းပိုင်းဖွဲ့စည်းပုံကို ရိုးရှင်းစွာ ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ဂိုဏ်းတူအစ်ကို ကျောက်... ကျွန်တော်တို့ ရွှမ်ဟွမ်ဂိုဏ်းက တပည့် ဒီလောက်နည်းတာ... ကြီးမားတဲ့ ပင်လယ်ပြင်ကြီးကို ဘယ်လို အုပ်ချုပ်နိုင်မှာလဲ...”
ဤစကားကို ကြားသောအခါ စုန့်ဖျင်အန်းခမျာ အလွန်ပင် သံသယဖြစ်သွားလေသည်။ ရွှမ်ဟွမ်ဂိုဏ်းသည် ကီလိုမီတာ သန်းချီကျယ်ဝန်းသော ပင်လယ်ပြင်ကို အုပ်ချုပ်ထားပြီး၊ အတွင်း၌ ကျွန်းပေါင်း မရေမတွက်နိုင်အောင် ရှိသည်ဟု သူကြားဖူးပေသည်။
သို့သော် ရွှမ်ဟွမ်ဂိုဏ်းတပည့် ဤမျှရှားပါးနေလျှင် ဤမျှကြီးမားသောပင်လယ်ပြင်ကို အုပ်ချုပ်ရန် ခက်ခဲလိမ့်မည်ဟု ထင်ရပေသည်။
"ညီငယ်စုန့်... မင်းက အရင်တုန်းက သာမန်လူ ဖြစ်ခဲ့ပြီး... ကျင့်ကြံသူ ဖြစ်လာတာ သိပ်မကြာသေးဘူး မဟုတ်လား...”
"ဒါကြောင့် အဆင့်မြင့်ကျင့်ကြံသူတွေ ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ မသိတာပေါ့...”
"အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ ဘယ်နှယောက်နဲ့ ညီမျှလဲဆိုတာ မသိနိုင်ဘူး...”
"ရွှေအမြုတေအဆင့် ဆရာသခင်တစ်ပါးကလည်း အခြေတည်အဆင့်ကျင့်ကြံသူ ဘယ်နှယောက်နဲ့ ညီမျှလဲ မသိနိုင်ဘူး...”
"ငါတို့ကျင့်ကြံသူတွေအတွက် ကျင့်ကြံခြင်းအဆင့်ကသာ အရေးကြီးဆုံးပဲ… အဆင့်တစ်ခု ကွာခြားတာက မိုးနဲ့မြေလို ကွာခြားတယ်...”
"ငါတို့ရွှမ်ဟွမ်ဂိုဏ်းမှာ တပည့်အရေအတွက် နည်းပေမယ့် ငါတို့အတွက် အလုပ်လုပ်ပေးနေတဲ့ ကျင့်ကြံသူမိသားစုတွေ အများကြီး ရှိသေးတယ်...”
"ကျွန်းတိုင်းမှာ အခြေတည်အဆင့်မိသားစုတွေ၊ ရွှေအမြုတေအဆင့်မိသားစုတွေ အများကြီး နေထိုင်ကြတယ်… ဒါတွေအားလုံးက ငါတို့ရွှမ်ဟွမ်ဂိုဏ်းရဲ့ အင်အားတွေပဲ...”
"တကယ်လို့ စစ်ပွဲဖြစ်လာရင် ဒီကျင့်ကြံသူတွေကို ဆင့်ခေါ်လို့ရတယ်… ကျင့်ကြံသူ တစ်သန်းကျော်ကို လွယ်လွယ်ကူကူ ရနိုင်တယ်...”
"ဒါကြောင့် ရွှမ်ဟွမ်ဂိုဏ်းအတွက် ကျင့်ကြံသူအရေအတွက်က အရေးကြီးဆုံး မဟုတ်ဘူး… အရည်အသွေးကသာ အရေးကြီးဆုံးပဲ...”
"တကယ်လို့ ဝိညာဉ်သန္ဓေသားဘိုးဘေး ရာချီထောင်ချီ မွေးဖွားလာရင် ငါတို့ ချန်လန်ပင်လယ်ဒေသတစ်ခုလုံးကို လွှမ်းမိုးနိုင်လိမ့်မယ်...”
ကျောက်ဟွမ်ကျန်းက အပြုံးခပ်ဖွဖွဖြင့် ပြောလိုက်၏။
"ဒီလိုကိုး..."
"ဒါဆို ကျွန်တော်တို့ ရွှမ်ဟွမ်ဂိုဏ်းမှာ ဝိညာဉ်သန္ဓေသားဘိုးဘေးတွေ အများကြီး ရှိတာလား...”
စုန့်ဖျင်အန်း ခေါင်းညိတ်လိုက်ပြီး သဘောပေါက်သွားလေသည်။ ရွှမ်ဟွမ်ဂိုဏ်းရှိ ဝိညာဉ်သန္ဓေသားဘိုးဘေး အရေအတွက်ကို သူအလွန်သိချင်နေ၏။
"ဒီကိစ္စလား... ငါလည်း သေချာ မရေတွက်ဖူးဘူး...”
"ဒါပေမဲ့ အခုချိန်ထိဆိုရင် အနည်းဆုံး အပါးငါးဆယ်ကျော် ရှိမယ် ထင်တယ်...”
ကျောက်ဟွမ်ကျန်းက သေချာစဉ်းစားပြီးနောက် ခန့်မှန်းခြေအရေအတွက် တစ်ခုကို ပြောလိုက်၏။
အမှန်တကယ်တွင် ယခင်မြူနှင်းနန်းတော် ပိုင်ဆိုင်ခဲ့သော ဝိညာဉ်သန္ဓေသားအရေအတွက် တစ်ခုတည်းကပင် အပါးသုံးဆယ်ကျော် ရှိခဲ့ပြီး ကျိုးစွေ့၏တာအိုလက်တွဲဖော်များသည်လည်း အခြေခံအားဖြင့် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်ပေသည်။
ကျိပင်းယွီ၊ မုဇီယန် နှင့် ရှားကျင်းယန်တို့ သုံးဦးသည်လည်း နှစ်တစ်ရာကြာ ကြိုးစားကျင့်ကြံပြီးနောက်၊ 'စိမ်းလန်းဧကရာဇ် သက်ရှည်ကျင့်စဉ်' ၏ အထောက်အပံ့ဖြင့် သဘာဝကျကျပင် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်ပေသည်။
ချူတျဲယီ၊ ရှန်ပိချန်၊ လန်ယွဲ့ရှီနှင့် အခြားသူများသည်လည်း ဝိညာဉ်သန္ဓေသားအလယ်အလတ်အဆင့်သို့ အသီးသီး တက်လှမ်းနိုင်ခဲ့ကြ၏။ သူမတို့နှင့်ပင် ဝိညာဉ်သန္ဓေသား တစ်ဒါဇင်ကျော် ရှိနေပြီ ဖြစ်ပေသည်။
ထို့အပြင် ကျိုးစွေ့၏ ကိုယ်ပွားအချို့သည်လည်း ရုပ်ဖျက်ကာ အခြားကျင့်ကြံသူများ အသွင်ယူပြီး ရွှမ်ဟွမ်ဂိုဏ်း၏ ဝိညာဉ်သန္ဓေသားအကြီးအကဲများ ဖြစ်လာခဲ့ကြလေသည်။
မိစ္ဆာသတ်တောင်ထွတ်၊ ရွှမ်ဟွမ်တောင်ထွတ်၊ ချင်းမူတောင်ထွတ်စသည့် နေရာအသီးသီးသို့ ဝင်ရောက်နေကြ၏။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ကြည့်လျှင် ရွှမ်ဟွမ်ဂိုဏ်း၏ ဝိညာဉ်သန္ဓေသားအရေအတွက် အပါးငါးဆယ်ကျော် ရှိနေခြင်းမှာ ပုံမှန်ကိစ္စပင် ဖြစ်ပေသည်။
"ချန်လန်ပင်လယ်ဒေသရဲ့ အသန်မာဆုံးဝိညာဉ်သန္ဓေသားဂိုဏ်းဆိုတာနဲ့ တကယ် ထိုက်တန်ပါပေတယ်...”
"ကျွန်တော်တို့ ရွှမ်ဟွမ်ဂိုဏ်းက တကယ့်ကို အရမ်း စွမ်းအားကြီးတာပဲ...”
စုန့်ဖျင်အန်းမှာ အလွန်စိတ်လှုပ်ရှားနေမိတော့သည်။ ဝိညာဉ်သန္ဓေသားဘိုးဘေး တစ်ပါးတည်းရှိလျှင်ပင် ပင်လယ်ပြင်ဒေသတစ်ခု၏ အရှင်သခင် ဖြစ်လာနိုင်သည်။
သို့သော် ရွှမ်ဟွမ်ဂိုဏ်းအတွင်း၌မူ ဝိညာဉ်သန္ဓေသားဘိုးဘေး အပါးငါးဆယ်ကျော် ရှိနေသည်ဖြစ်ရာ၊ မည်သူက ရန်စရဲပါမည်နည်း။
ရွှမ်ဟွမ်ဂိုဏ်းတပည့် ဖြစ်လာသည်နှင့် ချက်ချင်း ဘဝပြောင်းသွားခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤကဲ့သို့သော နောက်ခံအင်အားသည် အလွန်တရာ ခိုင်မာလွန်းလှပေသည်။ ဂိုဏ်းကို သစ္စာမဖောက်သရွေ့ ချန်လန်ပင်လယ်ဒေသတွင် ခေါင်းမော့ရင်ကော့ကာ သွားလာနိုင်ပေတော့သည်။
"ကဲပါ... နောက်နောင် မင်းက ငါ့ကုယုံတောင်ထွတ်ရဲ့ တပည့်ဖြစ်သွားပြီ...”
"တောင်ပေါ်မှာ လူမနေတဲ့ ခြံဝင်းတွေ အများကြီး ရှိသေးတယ်... မင်း ကြိုက်ရာ တစ်ခု ရွေးလို့ရတယ်...”
"အနာဂတ်မှာ ဒီခြံဝင်းက ကုယုံတောင်ထွတ်မှာ မင်းနေထိုင်ရမယ့် နေရာပဲ...”
ကျောက်ဟွမ်ကျန်းက ပြုံးလိုက်ပြီး စုန့်ဖျင်အန်းအတွက် နေစရာနေရာကို ချက်ချင်းရှာပေးလိုက်လေသည်။
ထို့နောက် သူလည်း ထွက်ခွာသွားလေသည်။ မည်သို့ပင်ဖြစ်စေ ရွှေအမြုတေအဆင့် ဆရာသခင်တစ်ပါးအနေဖြင့် ချီကျင့်ကြံခြင်းအဆင့် တပည့်တစ်ဦးကို ဤမျှအချိန်ကြာမြင့်စွာ အဖော်ပြုပေးခြင်းသည်မှာပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်ပေသည်။
ကျောက်ဟွမ်ကျန်း ထွက်ခွာသွားပြီးနောက်မှ စုန့်ဖျင်အန်းလည်း သက်ပြင်းချလိုက်မိလေ၏။ အဘယ်ကြောင့်ဆိုသော် ရွှေအမြုတေအဆင့် ဆရာသခင်တစ်ပါး ဘေးနားတွင် ရှိနေခြင်းမှာ တစ်ဖက်လူတွင် မည်သည့် မကောင်းသောရည်ရွယ်ချက်မျှ မရှိသော်လည်း သူ့အပေါ် ကြီးမားသောဖိအား ဖြစ်စေသောကြောင့် ဖြစ်ပေသည်။
'မင်းရဲ့ဂိုဏ်းတူအစ်ကိုကြီးက သာမန် မဟုတ်ဘူး...’
'အခြေခံအုတ်မြစ် ခိုင်မာပြီး... မှော်စွမ်းအား ပြည့်ဝနေတယ်... ဝိညာဉ်သန္ဓေသား ဖြစ်လာဖို့ မျှော်လင့်ချက် ရှိတယ်...’
'မဟုတ်ဘူး... နတ်ဘုရားအသွင်ပြောင်းအဆင့်တောင် မျှော်လင့်ချက် ရှိတယ်...’
'ဒီလို အောက်ဘုံလောက ဝိညာဉ်သန္ဓေသားဂိုဏ်းလေး တစ်ခုက ဒီလောက်များပြားတဲ့ ပါရမီရှင်တွေကို စုစည်းထားနိုင်လိမ့်မယ်လို့ မထင်ထားဘူး...’
ထိုအချိန်တွင် အရက်တာအိုအရှင်၏ အသံလည်း ထွက်ပေါ်လာပြီး အလွန်အံ့အားသင့်နေလေသည်။
အစောပိုင်းက သူတစ်ခွန်းမှ မပြောရဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်ဟွမ်ကျန်းသည် သာမန်မဟုတ်ကြောင်း သူအာရုံခံမိပြီး၊ အနည်းငယ်ပေါ့ဆလိုက်သည်နှင့် တစ်ဖက်လူက သူ့ကို သတိထားမိသွားနိုင်သောကြောင့်ဖြစ်ပေသည်။
အမှန်အတိုင်းဆိုရလျှင် ယခုအခါတွင် သူအနည်းငယ် နောင်တရမိနေပေပြီ။ ရွှမ်ဟွမ်ဂိုဏ်းသည် ဤမျှနက်နဲမှန်း အစာကတည်းက သိခဲ့လျှင် သူ၏တပည့်အရူးလေးကို ဤရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ခိုင်းမိမည် မဟုတ်ပေ။
သို့သော် ဤအောက်ဘုံလောကဂိုဏ်းသည် ဤမျှကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူမည်သို့ သိနိုင်ပါမည်နည်း။
သူ့ကိုပင် ကြောက်ရွံ့စေသော အတိုင်းအတာအထိ ရှိနေသည်မှာ မယုံနိုင်စရာပင် ဖြစ်ပေတော့သည်။
'ဟုတ်သားပဲ... ခုနက မင်း ဘာအမွေအနှစ် ရခဲ့တာလဲ... ပြောပြလို့ ရမလား...’
အရက်တာအိုအရှင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ သူ၏တပည့် မည်သည့်အမွေအနှစ် ရရှိခဲ့သည်ကို သိချင်နေခြင်း ဖြစ်လေ၏။
'ဆရာ... ကျွန်တော် ပြောပြလို့ မရဘူး...’
'စကားလုံးတစ်လုံး ထုတ်ပြောလိုက်တာနဲ့ ကျင့်စဉ်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေ လုံးဝ ပျောက်ကွယ်သွားမယ့်ပုံပဲ...’
စုန့်ဖျင်အန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။
'ဘာ... ဒီလို နည်းလမ်းမျိုး ရှိသေးတာလား...’
'ဒီ ထူးဆန်းတဲ့ရတနာ စာအုပ်တောင်က ကောင်းကင်အဆင့် ဝိညာဉ်ရတနာများလား... မှတ်ဉာဏ်ကို ချုပ်နှောင်နိုင်တဲ့ အစွမ်းတောင် ရှိတာလား...’
'ရွှမ်ဟွမ်ဂိုဏ်းက ဒီလိုနည်းလမ်းနဲ့ ကျင့်စဉ်တွေ မပေါက်ကြားအောင် ကာကွယ်ထားတာလား...’
အရက်တာအိုအရှင်မှာ အလွန် အံ့အားသင့်သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော နည်းလမ်းမျိုးမှာ ဝိညာဉ်လောကရှိ ထိပ်တန်းဂိုဏ်းကြီးအချို့သာ တတ်မြောက်နိုင်သောကြောင့်ဖြစ်ပေသည်။
သို့သော် သာမန်အောက်ဘုံလောက ဂိုဏ်းတစ်ခုကလည်း တတ်မြောက်ထားလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။ အထူးသဖြင့် ထိုထူးဆန်းသောရတနာ စာအုပ်တောင်သည် ကျင့်ကြံသူ၏ နားလည်သဘောပေါက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သော အစွမ်းသတ္တိလည်း ရှိသေးပေသည်။
ဝိညာဉ်လောကတွင်သာ ဆိုပါက ဂိုဏ်းအများအပြား၏ လုယူတိုက်ခိုက်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။
'ဆရာ... ဆရာလည်း စာအုပ်တောင်ထဲ ဝင်လို့မရဘူးလား...’
စုန့်ဖျင်အန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
'သေချာပေါက် မရဘူးပေါ့...’
'ဝင်လိုက်တာနဲ့ တစ်ဖက်လူက သေချာပေါက် သတိထားမိမှာ...’
'အဲဒီအချိန်ကျရင် ငါ့ရဲ့ ခြေရာလက်ရာ လုံးဝ ပေါ်သွားလိမ့်မယ်...’
'ဒီကာလအတွင်း မလိုအပ်ရင် ငါနဲ့ စကားမပြောနဲ့တော့...’
'အဲဒီ ရွှမ်ဟွမ်ဘိုးဘေးက သာမန် မဟုတ်လောက်ဘူး... ဝိညာဉ်လောကမှာ ဆိုရင်တောင်မှ အံ့မခန်း ပါရမီရှင်တစ်ယောက် ဖြစ်လိမ့်မယ်...’
'ဒါပေမဲ့ ဒီဂိုဏ်းက တကယ်မဆိုးဘူး... အထဲမှာ အရင်းအမြစ်တွေ အများကြီးရှိတယ်၊ အမွေအနှစ်တွေကလည်း အံ့မခန်းပဲ... မင်းရဲ့ ကျင့်ကြံမှုနဲ့ အရမ်း သင့်လျော်တယ်...’
'မင်း ဒီဂိုဏ်းမှာ ကောင်းကောင်း အခြေချပြီး ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရမယ်...’
အရက်တာအိုအရှင်က သတိပေးလိုက်လေသည်။
'ဟုတ်ကဲ့ပါ ဆရာ...'
စုန့်ဖျင်အန်း ခေါင်းညိတ်လိုက်သည်။ သူသည် ရွှမ်ဟွမ်ဂိုဏ်းရှိ သူ၏ရှေ့ဆက်ရမည့်ဘဝကို အလွန်မျှော်လင့်နေမိသည်၊ ဤသည်မှာ သူ၏တာအိုခရီးလမ်း အစပင် ဖြစ်ပေတော့သည်။
…………