နတ်ဘုရားအသွင်ပြောင်း ဖြစ်စဉ်၊ နယ်ပယ်ပြင်ပ နတ်ဆိုးနှင့် ရှစ်ဆင့် မိုးကြိုးကပ်ဘေး(၃)။
Vol. 52 Ch. 568
"ဪ... ဒီလိုကိုး...”
ဤစကားကို ကြားသောအခါ မိန်းကလေးအားလုံး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။ နောက်ဆက်တွဲ ကပ်ဘေးများသည်သာ အဓိကဖြစ်ပြီး ၎င်းတို့ကို မကျော်ဖြတ်နိုင်ပါက၊ ယခင် ကြိုတင်ပြင်ဆင်မှုများအားလုံး သဲထဲရေသွန် ဖြစ်သွားမည်ကို သူမတို့ နားလည်လိုက်ကြသည်။
ဘုန်း... ဘုန်း...
ဤအခိုက်အတန့်တွင် မမြင်နိုင်သော နတ်ဘုရားအသွင်ပြောင်း ဥပဒေသနယ်ပယ်သည် ပျံ့နှံ့သွားပြီး ကောင်းကင်နှင့်မြေကြီး၏ တုံ့ပြန်မှုများ ဖြစ်ပေါ်လာသကဲ့သို့ ရှိလေသည်။
ကောင်းကင်ကြီးတစ်ခုလုံး အက်ကွဲသွားသကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာလေသည်။
ကမ္ဘာကြီးတစ်ခုလုံး ကွဲအက်သွားသကဲ့သို့ပင်။
ချက်ချင်းပင် ထိုအက်ကွဲကြောင်းများထဲမှ ကြောက်မက်ဖွယ်ကောင်းသော ယင်လေအေးများ တိုက်ခတ်လာပြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။
ထို့နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော နယ်ပယ်ပြင်ပ နတ်ဆိုးအငွေ့အသက်များ ပါဝင်လာလေသည်။
ခဏအတွင်းမှာပင် မိုင်တစ်သန်းပတ်လည်ရှိ ဧရိယာသည် နယ်ပယ်ပြင်ပ နတ်ဆိုးအငွေ့အသက်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး၊ ကောင်းကင်ယံကို မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းသွားကာ မည်သည့် နေရောင်ခြည်မျှ မဝင်ရောက်နိုင်တော့ချေ။
ဤဧရိယာတစ်ခုလုံးသည် ချက်ချင်းဆိုသလို အမှောင်ကမ္ဘာအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
အပူချိန်သည်လည်း ဤအခိုက်အတန့်တွင် ရုတ်တရက် ကျဆင်းသွားပြီး မြေပြင်ပေါ်တွင် ထူထဲသော ရေခဲလွှာများ ဖုံးလွှမ်းသွားလေသည်။
ပို၍ အံ့သြဖွယ်ကောင်းသည်မှာ နယ်ပယ်ပြင်ပ နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင်သည် အက်ကွဲကြောင်းများမှတစ်ဆင့် ဝင်ရောက်လာကြခြင်း ဖြစ်ပေသည်။
သူတို့သည် ပုံသဏ္ဌာန်မဲ့ ခန္ဓာကိုယ်များ ရှိကြပြီး အဆက်မပြတ် ပြောင်းလဲနေသော်လည်း ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစရိုက်လက္ခဏာများ ပြည့်နှက်နေလေသည်။
"ဟီးဟီးဟီး... ဘယ်လောက်တောင် ကြာခဲ့ပြီလဲ၊ ဘယ်နှစ်နှစ်တောင် ကြာခဲ့ပြီလဲ… လူသားတစ်ယောက် နတ်ဘုရားအသွင်ပြောင်းဖို့ ကြိုးစားနေပြန်ပြီ… ဒါ ကောင်းကင်ဘုံက ငါ့ကို ကူညီတာပဲ...”
"အရသာရှိလိုက်တာ... တကယ်ကို အရသာရှိလွန်းတယ်… ဒီလူသားရဲ့ နတ်ဘုရားအသွင်ပြောင်း ဝိညာဉ်အငွေ့အသက်ကို ငါ ရနေတယ်… ဒီဝိညာဉ်ကိုသာ စားလိုက်ရရင် ငါ သေချာပေါက် မဟာကောင်းကင်မိစ္ဆာအဆင့်ကို တက်လှမ်းနိုင်မှာပဲ...”
"ထွက်သွားကြ... အကုန်လုံး ထွက်သွားကြစမ်း.. ဒီလူသားရဲ့ ဝိညာဉ်က ငါ့ဟာပဲ...”
ထောင်နှင့်ချီသော နယ်ပယ်ပြင်ပ နတ်ဆိုးများမှာ ဟိန်းဟောက်လိုက်ကြပြီး သူတို့သည် အလုအယက် ယဲ့ဖေးရိုထံသို့ ပြေးဝင်သွားကြလေသည်။
ဆာလောင်နေသော ဝံပုလွေများက သိုးအုပ်ကို တွေ့လိုက်ရသကဲ့သို့ သူတို့၏ရှေ့မှ သားကောင်ကို ချက်ချင်း ဆုတ်ဖြဲပစ်ချင်နေကြ၏။
"ဒါ... နယ်ပယ်ပြင်ပ နတ်ဆိုးကပ်ဘေးက ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ...” ဤမြင်ကွင်းကို မြင်လိုက်ရသော ရှရွှေယန်မှာ အံ့အားသင့်သွားရပြီး၊ သူမ၏ မျက်လုံးများရှေ့မှ မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
"ဘာဖြစ်လို့လဲ… အရှေ့ဘက်ကုန်းမြေတိုက်ကြီးက မိစ္ဆာကပ်ဘေးက ဒီလိုမဟုတ်ဘူးလား" ဟု ကျိုးစွေ့က မေးလိုက်သည်။
"သေချာပေါက် ဒီလို မဟုတ်ဘူး...”
"ကျွန်မရဲ့ဆရာမ ပြောပြချက်အရဆိုရင်... အရင်တုန်းက သူ မိစ္ဆာကပ်ဘေး ကြုံရတုန်းကဆိုရင် နယ်ပယ်ပြင်ပ နတ်ဆိုးအကောင် ဆယ်ဂဏန်း၊ ရာဂဏန်းလောက်ပဲ ပေါ်လာတာပါ...”
"ဒါပေမဲ့ အခုတော့ နယ်ပယ်ပြင်ပနတ်ဆိုး ထောင်ချီပေါ်လာပြီး စွမ်းအားကလည်း ဆယ်ဆမက ပိုပြင်းထန်နေတယ်...”
"တကယ်လို့ နယ်ပယ်ပြင်ပ မိစ္ဆာကပ်ဘေးက ဒီလောက် ကြောက်စရာကောင်းနေမယ်ဆိုရင် အရှေ့ဘက်ကုန်းမြေတိုက်ကြီးမှာ ဘယ်သူမှ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး...”
ရှရွှေယန်က ရှင်းပြလိုက်၏။
သူမသည် ဟယ်ဟွမ်းဂိုဏ်း၏ ဝါစဉ်ကြီးတပည့်မ ဖြစ်သည့်အားလျော်စွာ နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့် ပတ်သက်သော သတင်းအချက်အလက်များစွာကို သိရှိပိုင်ခွင့် ရှိသဖြင့် နတ်ဆိုးကပ်ဘေးအကြောင်းကိုလည်း ကောင်းစွာ သိရှိထားသည်။
ကျင့်ကြံသူများသည် ဝိညာဉ်ကို ဖွဲ့စည်းသောအခါ ကောင်းကင်နှင့်မြေကြီး၏ တုံ့ပြန်မှု ဖြစ်ပေါ်ပြီး မိုးကြိုးကပ်ဘေး ကျရောက်တတ်သည်။ ဤစွမ်းအားသည် ကြီးမားလွန်းသဖြင့် ကမ္ဘာလောက၏ အကာအရံကို စုတ်ဖြဲကာ ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပေါ်လာစေသည်။
ထိုအခါ နယ်ပယ်ပြင်ပ နတ်ဆိုးများသည် ဤအက်ကွဲကြောင်းများမှတစ်ဆင့် ဤကမ္ဘာလောကထဲသို့ ခိုးဝင်လာကြလေသည်။
ထို့ကြောင့်လည်း နယ်ပယ်ပြင်ပ နတ်ဆိုး၊ သို့မဟုတ် ဟင်းလင်းပြင်နတ်ဆိုးဟု ခေါ်ဆိုကြခြင်းပင် ဖြစ်လေသည်။
ဤနယ်ပယ်ပြင်ပ နတ်ဆိုးများအတွက် လူသားတို့၏ ဝိညာဉ်သည် အကောင်းဆုံးသော အစားအစာများထဲမှ တစ်ခုပင် ဖြစ်သည်။
ထိုအချိန်တွင် အသစ်တက်လှမ်းကာစ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ၏ ဝိညာဉ်သည် အားအနည်းဆုံး အခြေအနေတွင် ရှိနေတတ်သည်။
ထို့ကြောင့် အသစ်တက်လှမ်းကာစ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများသည် နယ်ပယ်ပြင်ပ နတ်ဆိုးများ၏ ပစ်မှတ်ထားခြင်းကို အလွယ်တကူ ခံရတတ်ပြီး အနည်းငယ် ပေါ့ဆမိသည်နှင့်၊ ဝိညာဉ် စုတ်ဖြဲခံရကာ သေဆုံးသွားနိုင်ပေသည်။ ဤသည်မှာ နယ်ပယ်ပြင်ပ နတ်ဆိုးကပ်ဘေး၏ အကြောင်းရင်းပင် ဖြစ်လေ၏။
သို့သော် ချန်လန်ပင်လယ်ဒေသတွင် နတ်ဘုရားအသွင်ပြောင်းစဉ် ကြုံတွေ့ရသော နယ်ပယ်ပြင်ပ နတ်ဆိုးကပ်ဘေးသည် ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
အရှေ့ဘက်ကုန်းမြေတိုက်ကြီးတွင် ကြုံတွေ့ရသော နတ်ဆိုးကပ်ဘေးထက် ဆယ်ဆမက ပိုမို ကြောက်စရာ ကောင်းနေချေသည်။
လွန်ခဲ့သော နှစ်ပေါင်းသောင်းချီကြာအောင် ချန်လန်ပင်လယ်ဒေသတွင် မည်သူမျှ နတ်ဘုရားအသွင်ပြောင်းအဆင့် မဖြစ်လာနိုင်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
နတ်ဆိုးကပ်ဘေးစွမ်းအား ဆတိုးကိန်းဖြင့် မြင့်တက်လာခြင်းနှင့်လည်း ကြီးမားသော ဆက်နွယ်မှု ရှိနေမည်မှာ အသေအချာပင်။
"ချန်လန်ပင်လယ်ဒေသရဲ့ နယ်ပယ်ပြင်ပ နတ်ဆိုးကပ်ဘေးက ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ" သခင်မမက်မွန်ပွင့်က အလွန်အမင်း သံသယဝင်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူမသည်လည်း ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး နောင်တစ်ချိန်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရမည် ဖြစ်သောကြောင့်၊ ဤကိစ္စကို သေချာစွာ နားလည်ထားရန် လိုအပ်ပြီး ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပေသည်။
"ရှေးဟောင်းခေတ်က နတ်ဆိုးမိစ္ဆာကပ်ဘေးနဲ့ ကြီးမားတဲ့ ဆက်နွယ်မှု ရှိနေလို့ ဖြစ်မယ်..."
"ပြောကြတာကတော့ ရှေးဟောင်းခေတ်တုန်းက နတ်ဆိုးမိစ္ဆာစစ်ပွဲတွေရဲ့ အဓိကစစ်မြေပြင်က ချန်လန်ပင်လယ်ဒေသမှာပဲတဲ့...”
"ဒီနေရာမှာ ကောင်းကင်နဲ့မြေကြီး ပျက်စီးမတတ် တိုက်ခိုက်ခဲ့ကြလို့ သေဆုံးသူတွေ မရေမတွက်နိုင်အောင် များပြားခဲ့တယ်...”
"နတ်ဆိုးတွေ အမြောက်အမြား ကျူးကျော်ဝင်ရောက်ခဲ့လို့ ဒီပင်လယ်ဒေသရဲ့ မိစ္ဆာချီတွေ ပိုများလာတာလည်း ဖြစ်နိုင်တယ်...”
"ဒါကြောင့် နယ်ပယ်ပြင်ပ နတ်ဆိုးကပ်ဘေးက ပိုပြီး ကြောက်စရာကောင်းလာတာ ဖြစ်မယ်...”
ရှရွှေယန် ခေါင်းယမ်းလိုက်မိသည်။ သူမသည်လည်း ဝိုးတဝါး ခန့်မှန်းရုံသာ ခန့်မှန်းနိုင်ပြီး တိကျသော အကြောင်းရင်းကိုမူ သူမကိုယ်တိုင်လည်း သေချာမသိပေ။
"ဒီလိုဆိုရင် နောင်တစ်ချိန် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းချင်ရင် ချန်လန်ပင်လယ်ဒေသမှာ ဆက်နေလို့ မဖြစ်တော့ဘူး... တခြားနေရာကို သွားမှ ရတော့မယ်" သခင်မမက်မွန်ပွင့်က အလေးအနက် ပြောလိုက်သည်။
ဘုန်း... ဘုန်း...
ဤအချိန်တွင် ရာထောင်နှင့်ချီသော နယ်ပယ်ပြင်ပ နတ်ဆိုးများသည် တိုက်ခိုက်လာကြပြီး သူတို့သည် ပုံသဏ္ဌာန်ရှိသော နတ်ဆိုးများအဖြစ် ပြောင်းလဲကာ၊ ယဲ့ဖေးရို၏ ဝိညာဉ်ဆီသို့ ချက်ချင်း ပြေးဝင်လာကြပြီး ထိုဝိညာဉ်ကို အစအနမကျန် ဆုတ်ဖြဲပစ်ရန် ကြိုးစားကြတော့သည်။
"ဒုက္ခပဲ..."
ယဲ့ဖေးရို မျက်နှာပျက်သွားရသည်။ သူမသည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူဖြစ်လာပြီ ဆိုသော်လည်း ဝိညာဉ်ကို ယခုမှ စတင်ဖွဲ့စည်းရုံသာ ရှိသေးသဖြင့်၊ ဤနယ်ပယ်ပြင်ပ နတ်ဆိုးများကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။
အကယ်၍ အတင်းအကြပ် ရင်ဆိုင်ပါက၊ ဤနယ်ပယ်ပြင်ပ နတ်ဆိုးများကို တွန်းလှန်နိုင်လျှင်ပင် သူမ၏ဝိညာဉ်မှာ ထိခိုက်ဒဏ်ရာ ရသွားနိုင်ပေသည်။
"ဟုတ်သားပဲ... ငါ့ကိုယ်ပေါ်မှာ အင်မော်တယ်မူလချီ ရှိသေးတယ်...”
"အင်မော်တယ်မူလချီက မိစ္ဆာတွေကို ချေမှုန်းနိုင်တယ်ထင်တယ်...”
"နယ်ပယ်ပြင်ပ နတ်ဆိုးတွေတောင် အင်မော်တယ်မူလချီအနားကို သိပ်မကပ်ရဲဘူး...”
ဤအခိုက်အတန့်တွင် ယဲ့ဖေးရိုသည် သူမ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ဝိညာဉ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်ကို အာရုံခံမိလိုက်မိ၏။
ခန္ဓာကိုယ်ကို ရွှေရောင်အလင်းကွင်း ကြီးတစ်ခုဖြင့် ဝန်းရံထားသကဲ့သို့ပင်။
"အား..."
ချက်ချင်းပင် ဤနယ်ပယ်ပြင်ပ နတ်ဆိုးများသည် ရွှေရောင်အလင်းတန်းများကို အာရုံခံမိလိုက်ပြီး ရေခဲပြင်ပေါ် နေရောင်ခြည် ကျရောက်လာသကဲ့သို့ ရေခဲများ အရည်ပျော်သွားသလို ခံစားလိုက်ကြရသည်။
သူတို့၏ ခန္ဓာကိုယ်များ လောင်ကျွမ်းသွားပြီး အဆက်မပြတ် အရည်ပျော်ကာ ရှဲ... ရှဲဟူသော အသံများ ထွက်ပေါ်နေသည်ကို သူတို့ အံ့သြစွာ တွေ့လိုက်ကြရတော့သည်။
သူတို့ ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာချီများ ရုတ်တရက် ကျဆင်းသွားသကဲ့သို့ပင်။
"သေစမ်း... ဒီလူသားဆီမှာ အင်မော်တယ်မူလချီ အကာအကွယ် ရှိနေတယ်...”
"မကြောက်ကြနဲ့... အင်မော်တယ်မူလချီ တစ်မျှင်လေးပဲ ရှိတာ၊ ဘာမှ ဂရုစိုက်စရာ မလိုဘူး...”
"မှန်တယ်... ငါတို့ အုံနဲ့ကျင်းနဲ့ ဝင်တိုက်ကြရင် ဒီ အင်မော်တယ်မူလချီ တစ်မျှင်ကို အနှေးနဲ့အမြန် ကုန်ခမ်းသွားအောင် လုပ်နိုင်တယ်...”
"ဒီလူသား ကျင့်ကြံသူရဲ့ ဝိညာဉ်က ငါတို့ဟာပဲ ဖြစ်ရမယ်...”
နယ်ပယ်ပြင်ပ နတ်ဆိုးအများအပြားသည် ကြောက်ရွံ့သွားခြင်း မရှိဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ရက်စက်ကြမ်းကြုတ်မှုများကို ပိုမို နိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားကြလေသည်။
သူတို့ တစ်ကောင်ပြီးတစ်ကောင် ဟိန်းဟောက်လိုက်ကြပြီး ယဲ့ဖေးရို၏ ဝိညာဉ်ဆီသို့ ထပ်မံ ပြေးဝင်သွားကြပြန်သည်။
"မုန်းစရာကောင်းလိုက်တာ..."
ယဲ့ဖေးရို မျက်နှာမှာ အလွန် အရုပ်ဆိုးသွားရတော့သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ်မူလချီများ လျင်မြန်စွာ ကုန်ခမ်းနေသည်ကို သူမ အာရုံခံမိလိုက်သည်။
ရေက မီးကို ငြိမ်းသတ်နိုင်သည်မှာ မှန်သော်လည်း မီးများလွန်းလျှင်လည်း ရေကို အငွေ့ပျံသွားစေနိုင်သည်။
ယခုလည်း ထိုနည်းတူပင် ဖြစ်လေ၏။
အင်မော်တယ်မူလချီသည် နယ်ပယ်ပြင်ပ နတ်ဆိုးများကို အမှန်တကယ် ချေမှုန်းနိုင်သော်လည်း ပမာဏမှာ နည်းပါးလွန်းလှသည်။
ရာထောင်နှင့်ချီသော နယ်ပယ်ပြင်ပ နတ်ဆိုးများကို ရင်ဆိုင်ရာတွင် အသုံးမဝင်သကဲ့သို့ ဖြစ်နေရှာသည်။
"စိတ်မပူနဲ့... ကိုယ် မင်းကို တိတ်တဆိတ် ကူညီပေးမယ်… ဒီတစ်ကြိမ် မင်း နတ်ဘုရားအသွင်ပြောင်း မိုးကြိုးကပ်ဘေးကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ...”
ထိုအချိန်တွင် ယဲ့ဖေးရို၏ သိစိတ်ပင်လယ်အနက်ပိုင်းမှ ရင်းနှီးသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုရင်းနှီးသော အသံကပင် သူမကို လုံးဝ တည်ငြိမ်သွားစေကာ အဆုံးမဲ့ အမှောင်ထုကို ဖယ်ရှားပေးပြီး အကန့်အသတ်မဲ့သော သတ္တိများကို ယူဆောင်ပေးလေသည်။
စကားပြောလာသူမှာ သူမ၏ခင်ပွန်း ကျိုးစွေ့ပင် ဖြစ်လေ၏။
အကယ်၍ သူမ၏ခင်ပွန်းကိုယ်တိုင် ပါဝင်လာပါက ဤနယ်ပယ်ပြင်ပ နတ်ဆိုးလေးများကို သေချာပေါက် အလွယ်တကူ ဖြေရှင်းနိုင်မည် ဖြစ်သည်။
"အိပ်မက်ကမ္ဘာ..."
ဤအချိန်တွင် ကျိုးစွေ့၏ အတွေးတစ်ချက် လှုပ်ရှားသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ‘အိပ်မက်ဝိညာဉ်ကူ’ကို ချက်ချင်း အသက်သွင်းလိုက်လေသည်။
အမှန်အတိုင်းဆိုရလျှင် ဤနယ်ပယ်ပြင်ပ နတ်ဆိုးများသည် ‘အိပ်မက်ဝိညာဉ်ကူ’အတွက် အလွန်ကောင်းသော အားဆေးကြီးများပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နယ်ပယ်ပြင်ပ နတ်ဆိုးများသည် ပုံသဏ္ဌာန်မဲ့သော အတွေးအမျှင်လေးများသာ ဖြစ်ပြီး အကောင်းဆုံးသော ဝိညာဉ်ခန္ဓာကိုယ်များ ဖြစ်ကြသည်။
အခြား ကျင့်ကြံသူများအတွက်မူ နယ်ပယ်ပြင်ပ နတ်ဆိုးများကို ရင်ဆိုင်ရန်မှာ သဘာဝကျကျ ခက်ခဲလှပေမည်။
သို့သော် ‘အိပ်မက်ဝိညာဉ်ကူ’သည် ဤနယ်ပယ်ပြင်ပ နတ်ဆိုးများကို မုချ နှိမ်နင်းနိုင်စွမ်း ရှိလေသည်။