နောင်တ
Vol. 18 Ch. 251
အခန်း(၂၅၁) : နောင်တ
ဖန်းလီကျွမ်းက သလင်းကျောက်များဖြင့် ဒဏ်ရာများကို ကုသလိုက်ပြီးနောက် ကိုယ်ပျောက်အဆောင် စွမ်းအားကို အသုံးပြုကာ ထပ်မံ ပျောက်ကွယ်သွားသည်။ ဤတစ်ကြိမ် သူမခန္ဓာကိုယ် ပျောက်ကွယ်သွားသလိုမျိုး မရိုးရှင်းတော့ပေ။
သူမ သွေး၊ အရေပြား၊ ကြွက်သား၊ အတွင်းအင်္ဂါများ၊ အံ့ဖွယ်အသိစိတ်၊ အငွေ့အသက်နှင့် သူမဝိညာဉ်အထိ ပျောက်ကွယ်သွားသည်။ သူမက လုံးဝ ပျောက်သွားလေပြီ။ လီကျွင်းက သူမ တည်ရှိမှုကို လုံးဝ မခံစားမိတော့ပေ။
သူတော်စင်အဆင့် ကျင့်ကြံသူတချို့ အပါအဝင် ပွဲကြည့်ပရိသတ်အများစုကလည်း သူမကို လိုက်အာရုံမခံနိုင်ကြတော့ပေ။ ဝမ်ဝေ့ပင် သူမကို ဒီအတိုင်းကြည့်ရုံဖြင့် မခံစားမိဘဲ အစစ်အမှန် အမြင်စွမ်းရည်ကို ထုတ်သုံနေရသည်။
ထိုသူတော်စင်အဆင့်များက သူတို့ပိုင်နက်ကို ထုတ်ဖော်လိုက်သည်နှင့် သူမကို ရှာတွေ့နိုင်လေသည်။ သို့သော်လည်း ဖန်းလီကျွမ်းက သဘာဝလွန်အဆင့်မျှသာ ရှိသေးပြီး ကိုယ်ပျောက်အဆောင် ပိုင်ဆိုင်ထားသည်မှာ ဆယ်စုနှစ်မျှသာ ရှိသေးသည့်အချက်အရ ဒီတိုးတက်မှုက အံ့မခန်းဖွယ် ဖြစ်၏။
ဖန်းလီကျွမ်းက ကိုယ်ပျောက်သွားပြီးနောက် တန်းမတိုက်ခိုက်ဘဲ ပြောလိုက်သည် “လူတော်တော်များများက ကိုယ်ပျောက်အဆောင်က ဒီနတ်ဘုရားမကိုပဲ ကိုယ်ပျောက်စေနိုင်တယ်လို့ ထင်နေကြတာ။ ဒါပေမဲ့ ရန်သူအပေါ်ကိုလည်း သက်ရောက်မှု ရှိလာစေနိုင်တယ်။ အခု စစ်နတ်ဘုရား လီကျွင်း…”
စစ်နတ်ဘုရားဟူသော စကားကို မကျေမနပ်အသံဖြင့် ပြောလိုက်ပြီးနောက် “ အရသာ၊ အနံ့၊ အမြင်အာရုံ၊ အသံနဲ့ အံ့ဖွယ်အသိစိတ်အပါအဝင် အာရုံအကုန် ပျောက်ဆုံးသွားရင် ဘယ်လိုတုံ့ပြန်မလဲ မြင်ချင်မိသား”
သူမအသံက တိုက်ပွဲစင်မြင့်အတွင်း ပဲ့တင်ထွက်နေပြီး နေရာတိုင်း၌ ရှိနေသလို ခံစားရပြီး မရှိတော့သလိုလည်း ခံစားရသည်။
ထို့နောက် လီကျွင်းက ချက်ချင်း ဒူးထောက်ကျသွားပြီး နာနာကျင်ကျင် ငြီးငြူနေသည်။ သူ့အမြင်က အမှောင်ထု ဖြစ်သွားကြောင်း သိလိုက်ရပြီး ဘေးပတ်ဝန်းကျင်မှ အနံ့လည်း မရတော့ပေ။ သူ့ပါးစပ်ကလည်း အရသာကို မခံစားနိုင်တော့ပေ။
သူက ခန္ဓာကိုယ်အစိတ်အပိုင်းများကို မခံစားမိတော့ပေ။ သူက ဒူးတစ်ဖက် ထောက်လျက်သား ဖြစ်နေသည်ကို သိသော်လည်း မြေပြင်မှ ထိတွေ့မှုကို မခံစားမိပေ။ ထို့အပြင် သူ့ခြေလက်များဖြစ်စေ၊ ကြွက်သားဖြစ်စေ သို့မဟုတ် အရေပြားဖြစ်ဖြစ် ဘယ်အရာကိုမှ မခံစားမိတော့ပေ။ သူက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မပါရှိသည့် အသိစိတ် ဗလာသဏ္ဍာန်တစ်ခု ဖြစ်လာသလို ဖြစ်၏။
သူက အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်ကို အာရုံခံပြီး အံ့ဖွယ်အသိစိတ်ကို အသုံးပြုဖို့ ကြိုးစားလိုက်သော်လည်း ထိုအရာများ၏ တည်ရှိမှုကို မခံစားမိချေ။
လီကျွင်းအတွက် ထိုအခြေအနေက နှိပ်စက်ခံနေရသလို ဖြစ်၏။ သူက အချိန်၊ နေရာနှင့် သူ ဘယ်သူမှန်းပင် မပြောနိုင်တော့ပေ။ စက္ကန့်တိုင်းက ထာဝရလောက် ရှည်ကြာနေပြီး အမှောင်ထုကြီးက သူ့အား ဆက်တိုက်ဝါးမျိုချင်နေသည်။ သူက သူ့တည်ရှိမှုကို မေးခွန်းစထုတ်လာမိပြီး သေခြင်းတရားက သူ့နာကျင်မှုအားလုံးမှ လွတ်မြောက်စေမည်လားဟု စဉ်းစားမိလာသည်။ ကံကောင်းစွာဖြင့် လီကျွင်း၏ စိတ်ဆန္ဒက သံမဏိလို ခိုင်မာနေသောကြောင့် စိုးရိမ်ဖွယ် အပြုအမူမျိုး မလုပ်ခဲ့ပေ။
ထိုစဉ် ဖန်းလီကျွမ်းက မချိမငံ့ ခံစားနေရသည့် လီကျွင်းအား ကြည့်ကာ သူမ မျက်ဝန်းထဲ အံ့ဩသည့် အရိပ်အယောင် ဖြတ်ပြေးမိသွားသည်။
ဒီလီကျွင်းရဲ့ စိတ်ဆန္ဒက အတော်လေး အားကောင်းတာပဲ … ငါ ဒီနည်းလမ်းကို အသုံးပြုလိုက်ရင် လူတွေက ချက်ချင်းလဲကျသွားပြီး အသတ်ခံရတော့မဲ့ ဝက်တွေကို အော်နေကြတာ ..
စက္ကန့်ပိုင်းလောက်ကြာပြီးရင် သူတို့က ခံစားမှုတွေ အဆုံးသတ်အောင် ကိုယ့်ဘာသာ သတ်သေလိုက်ကြတာလေ
ဖန်းလီကျွမ်းက ထိုအရာများကို တွေးပြီးနောက် မတိုက်ခိုက်သေးဘဲ သူ ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိလဲ သိချင်လာမိသည်။ ကံဆိုးစွာဖြင့် သူမက လီကျွင်းကို လျော့တွက်မိခဲ့သည်။ နာရီဝက်ကြာပြီးသည့်နောက်တွင်ပင် သူက နာကျင်မှုကို ဆက်လက် တောင့်ခံနေပြီး မအော်တော့သလို ကိုယ့်ဘာသာ သတ်သေခြင်းလည်း မရှိပေ။
ကောင်းကင်ရွေးချယ်ခံတွေက ဒီလိုအစောပိုင်းအဆင့်မျိုးမှာ သူတို့ဘာသာ အားကောင်းတဲ့ စိတ်ဆန္ဒမျိုး ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး … ဒီလိုအားကောင်းတဲ့ စိတ်ဆန္ဒမျိုး ရှိနေတဲ့ အကြောင်းအရင်းတစ်ခုတော့ ရှိရမယ်
ဖန်းလီကျွမ်းက တိတ်တဆိတ် တွေးလိုက်မိသည်။
ငါ ကြားဖူးတဲ့ မျှော်နန်းဆောင် စစ်ဆေးမှုနဲ့ ပတ်သက်နေတာပဲ ဖြစ်လိမ့်မယ် … ငါတို့မျိုးနွယ် ရထားတဲ့ သတင်းအရဆိုရင် မဟာကျိုးတော်ဝင်တိုင်းပြည်က မျှော်နန်းဆောင် အသုံးပြုခွင့်ရဖို့ တန်ကြေးကြီးကြီးပေးခဲ့ရတယ်လို့ ကြားထားတယ် …
ငါလည်း အဖေဆီ တောင်းဆိုပြီး အဲလိုလုပ်ရမယ်
ငါ့အသိစိတ်ဗလာကျင်းမှု တိုက်ကွက်က တစ်နာရီထက် မကြာဘူးဆိုတော့ ဒီတိုက်ပွဲကို အဆုံးသတ်လိုက်ရအောင် …
သူမက လက်တစ်ချက်အဝေ့တွင် မမြင်ရသည့် သလင်းကျာက်လှံတစ်ချောင်း ပေါ်ထွက်လာပြီး လီကျွင်း၏ ဦးခေါင်းကို ချိန်ရွယ်လိုက်သည်။ သူမက သူမ၏ တစ်ခါက ရန်သူတော်ကြီးဆီ သေခြင်းတရား ဖြည်းဖြည်းချင်း ချည်းကပ်သွားသည်ကို သေချာကြည့်နေသည်။
ဖန်းလီကျွမ်းက သူမဘာသာတီးတိုးရေရွတ်လိုက်၏ “ ရှင်က ဒီနတ်ဘုရားမရဲ့လက်မှာ သေရမှာကို ဝမ်းသာသင့်တယ် ”
သူမ၏ လှံကို မြင်နိုင်သည့် လူတချို့က သူမလိုမျိုး တွေးလိုက်ကြသည်။ သူတို့က အမွေခံသားတော် ဝမ်ဝေ့သည် ညာလက်ရုံး စစ်သူကြီးတစ်ယောက် ဆုံးရှုံးရတော့မည်ဟု တွေးမိကြသည်။
လီကျွင်းအတွက်မူ ဒူးတစ်ဖက်ထောက်လျက် အကာအကွယ်မဲ့ အနေအထားတွင် ကျန်ရှိနေသည်။ သူ့တွင် မူလအဆီအနှစ် ကျန်ရှိနေသေးပါက သူ့ကို ကာကွယ်ဖို့ အကာအကွယ် ထုတ်နိုင်မည် ဖြစ်၏။ ယခု သူက ခမ်းခြောက်နေပြီဖြစ်သည့်အတွက် အသုံးမဝင်တော့ပေ။ ထို့ကြောင့် သူ့သေခြင်းတရားက နီးကပ်လာလေပြီ။
လှံက လီကျွင်း၏ ဦးခေါင်းကို မထိုးဖောက်ခင် လက်တစ်ဖက်ပေါ်လာကာ ဆွဲခေါ်သွားခဲ့၏။ ထိုလက်က လှံကို ထိလိုက်သည်နှင့် ထိုအရာက သူ့အလိုလို ပုံပေါ်လာခဲ့သည်။ ထို့နောက် လက်က ထိုအရာကို ခြေမွပစ်ခဲ့သည်။ လူတချို့ကသာ စည်းဝိုင်းအတွင်း ထိုလူ မည်သို့ ပေါ်လာကြောင်း သတိထားမိလိုက်ကြသော်လည်း အားလုံးက လက်ပိုင်ရှင်မှာ ဝမ်ဝေ့ ဖြစ်ကြောင်း သိလိုက်ကြသည်။
ကျောင်းတော်အတွင်း ဆရာများက အံ့ဖွယ်အသိစိတ်များဖြင့် ဆက်တိုက် ဆွေးနွေးနေကြသည်။
“ သူက အာကာပြင်ကို ချိုးဖောက်ပြီး ရွေ့ပြောင်းစွမ်းရည် သုံးလာတာလား။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူတွေပဲ အဲလိုစွမ်းရည် ရှိတာ မဟုတ်ဘူးလား” ဆရာတစ်ယောက်က ပြောလိုက်သည်။
“မဟုတ်ဘူး … သူ့ကျင့်ကြံဆင့်က သဘာဝလွန်အဆင့်ပဲ ရှိသေးတယ်။ သူ့အနားက အငွေ့အသက်ကို ခံစားကြည့်လိုက် ”
“အဲဆို သူက ဘယ်လိုလုပ် အဲဒီလို လုပ်နိုင်တာလဲ”
“အဲဒါကို ဘာလို့ အံ့ဩနေရတာလဲ။ ကျုပ် ဂရုစိုက်တာက သူက လက်ဗလာနဲ့ တိုက်ပွဲစင်မြင့်ကို ကာထားတဲ့ ကောင်းကင်အဆင့် အစီအရင်ကို ဘယ်လိုချိုးဖောက်သွားတာလဲဆိုတာပဲ … ဒီအစီအရင်အဆင့်က ထိပ်တန်း လေဟာနယ်ဖြိုခွင်းခြင်း အဆင့် ကျင့်ကြံသူကိုတောင် တားဆီးနိုင်တယ်”
အခန်းက ရုတ်ချည်း ငြိမ်ကျသွားလေသည်။
“ ဘာမှစိုးရိမ်နေစရာ မလိုဘူး။ သူက ကြွက်သားနဲ့ အရိုးနည်းနည်းတော့ ပျက်စီးသွားမှာပဲ” ကျောင်းအုပ် ပိုင်ဟန်က ပြောလိုက်သည် “ သူ အဆင်ပြေနေတဲ့ပုံ ပေါက်နေတာက သူ့ပြန်လည်ကုသစွမ်းက တစ်စက္ကန့်တောင် မကြာလို့ပဲ”
ကံဆိုးစွာဖြင့် သူ့စကားများက စိတ်သက်သာရာ မရစေခဲ့ပေ။ ဝမ်ဝေ့တွင် ပြိုင်ဘက်ကင်း ရုပ်ပိုင်းခွန်အား ပိုင်ဆိုင်ထားရုံသသာမက ကြောက်မက်ဖွယ် ပြန်လည်ကောင်းမွန်စွမ်းလည်း ပိုင်ဆိုင်ထားသည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
ကျောင်းအုပ်ပိုင်ဟန်က ဘာမှထပ်မပြောတော့ဘဲ ရုံငယ်ထဲမှ ထွက်ကာ ပွဲကြည့်ပရိသတ်အားလုံးရှေ့ ပေါ်ထွက်လာခဲ့သည်။
“အမွေခံသားတော် ဝမ်ဝေ့ … တိုက်ပွဲထဲ ဝင်ပါဖို့ တားမြစ်ထားပါတယ်။ တစ်ယောက်ယောက် ဒီတိုက်ပွဲစင်မြင့်ပေါ် တက်တာနဲ့ သူတို့ရဲ့ သေခြင်းရှင်ခြင်းက ကောင်းကင်နဲ့သူတို့အရည်အချင်းကပဲ ဆုံးဖြတ်ပေးသွားမှာပါ။ ဘေးပတ်လည်ကို ကြည့်လိုက်ပါဦး …. လူတော်တော်များများက တန်ဖိုးထားရတဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို ဆုံးရှုံးထားပေမဲ့ ဘယ်သူမှ ဝင်မနှောင့်ယှက်ကြဘူး။
မင်းမှာ အဆင့်အတန်းမြင့်မားတာနဲ့ စည်းမျဉ်းတွေကို စိတ်ကြိုက်ချိုးဖောက်လို့ ရတယ်လို့ မဆိုလိုဘူး ”
ကျောင်းအုပ် ပိုင်ဟန်က ထိုစကားများပြောနေစဉ် မြင့်မြတ်ကာ ပညာရှိဆန်သည့် ပုံစံမျိုး ဖြစ်နေသည်။ သူက သူ့အသက်ကိုပင် ပဓာနမထားဘဲ စည်းမျဉ်းနှင့် စည်းကမ်းများအပေါ် အလေးထားသည့်လူနှင့် တူနေသည်။
ထိုစကားများ ပြောပြီးနောက် သိပ်မကြာခင် ပွဲကြည့်ပရိသတ်တစ်ဦးက ရုတ်တရက် အော်ပြောလာည် “ဟုတ်တယ် … ငါလည်း ဒီပြိုင်ပွဲမှာ ငါ့ညီကို ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ ငါ ဝင်ပါတာ မြင်လို့လား ”
“ငါလည်း ဇနီးကို ဆုံးရှုံးခဲ့ရတာပဲ” နောက်တစ်ယောက်က အော်ပြောလိုက်သည်။
ထိုနောက် ပွဲကြည့်ပရိသတ်အများစုက ဝမ်ဝေ့၏ အပြုအမူများအား စတင်ပြောဆိုလာကြပြီး သူ့လူကို ကယ်ဖို့ စည်းမျဉ်းချိုးဖောက်ခွင့် မရှိကြောင်း ပြောလာကြသည်။
ထိုဖြစ်စဉ်အတွင်း ပိုင်ဟန်က လူအုပ်ကြီးနှင့် သဘောတူသည့်အလား ခေါင်းတညိတ်ညိတ်ဖြင့် ကြင်နာတတ်သည့် ပုံရိပ်ကို ဖမ်းထားလေသည်။ သို့သော် သူက တိတ်တဆိတ် လှောင်ပြောင်နေမိ၏။
မင်းက လူအုပ်ကို အခွင့်ကောင်းယူရတာ ကြိုက်တယ် မဟုတ်ဘူးလား .. အခု မင်းကို ဆန့်ကျင်လာတော့ ဘယ်လိုလဲ
ဝမ်ဝေ့အတွက်မူ အခြေအနေတစ်ခုလုံးကို တွေးထားပြီးသည့်အလား တည်ငြိမ်နေသည်။ ပွဲကြည့်ပရိသတ်က မည်သို့ပြောစေကာမူ သူ့အမူအရာ ပြောင်းလဲခြင်း မရှိပေ။
ထို့နောက် သူက လှောင်လိုက်သည်။
အားကောင်းသည့် ဝိညာဉ်ဖိအား ထွက်လာကာ အားလုံးကို တိတ်ဆိတ်သွားစေလိုက်သည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ သူတော်စင်အဆင့်အထိ ကျင့်ကြံသူအားလုံးက သူတို့ဝိညာဉ်ကို အားကောင်းသည့် စွမ်းအားတစ်ခုဖြင့် ခြေမွခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ ပွဲကြည့်စင်မှာရှိနေသည့် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင် ခဏလောက် ဖိအားကို ခံစားမိလိုက်ကြသည်။
ဖန်းလီကျွမ်းက ကိုယ်ပျောက်အခြေအနေမှ ပေါ်ထွက်လာလေသည်။
ဝမ်ဝေ့က ဘာမှမပြောဘဲ လီကျွင်း ပါးစပ်ထဲ ဆေးတစ်လုံး တိုက်ပေးလိုက်ပြီး ပခုံးပေါ်တင်ကာ ကောက်ချီလိုက်သည်။ ထို့နောက် သူက ပိုင်ဟန်အား အေးစက်စက် စိုက်ကြည့်လိုက်ပြီး “ ခင်ဗျား ဒါကို နောင်တရလိမ့်မယ် ”
ကျောင်းအုပ် ပြန်အပြောကိုပင် မစောင့်ဘဲ သူက ကျောက်စိမ်းအဆောင်တစ်ရွက်ကို ထုတ်ကာ သူ့အဖေဆီ လှမ်းဆက်သွယ်လိုက်သည်။
“ဝေ့အာ ဘာလို့လဲ ”
“ကျွန်တော်တို့ အစီအစဉ်ကို စတင်ဖို့ အချိန်ကျပြီ။ ကျောင်းတော်က အပေါ်မှာရှိနေတာကြာပြီဆိုတော့ အခု ဆွဲချဖို့ အချိန်ကောင်းပဲ။ ဒီကမ္ဘာကြီးက ဘယ်သူက အမှန်တကယ် ထိပ်ဆုံးမှာ ရပ်နေလဲဆိုတာ သတိပေးရမယ် ”
သိပ်မကြာခင် ဝမ်ဝေ့က တိုက်ပွဲစင်မြင့်မှ ပျောက်ကွယ်သွားလေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့စကားက တိတ်ဆိတ်နေသည့် နေရာတစ်ခုလုံးကို ပဲ့တင်ထွက်သွားသည်။ ထိုပြိုင်ပွဲကို ကြည့်နေကြသည့် အားလုံးက တစ်ခုခု ကြီးကြီးမားမား ဖြစ်လာတော့မည်မှန်း ခံစားမိလိုက်ကြသည်။
ဘာဆက်ဖြစ်တော့မည်ကို သိနေသည့်လူများက ပျော်ရွင်နေကြသည်။ အကြောင်းမှာ သူတို့ကို တာအိုအခွင့်အလမ်းဂိုဏ်းက ကတိပေးထားသည့် အကျိုးမြတ်များကို ရိတ်သိမ်းဖို့ အချိန်ကျလာတော့မည် မဟုတ်ပါလော။