ကမ္ဘာကြီး ပြောင်းလဲခြင်း၊ လူမှုအဖွဲ့အစည်း တိုးတက်လာခြင်း
Vol. 18 Ch. 252
အခန်း(၂၅၂) : ကမ္ဘာကြီး ပြောင်းလဲခြင်း၊ လူမှုအဖွဲ့အစည်း တိုးတက်လာခြင်း
ဝမ်ဝေ့၏ နောက်ဆုံးစကားကို ကြားပြီး ပိုင်ဟန်၏ အမူအရာက ပျက်ယွင်းသွားကာ ရှုံ့မဲ့သွားလေသည်။ သူ့စွမ်းဆောင်ရည်ကို သိထားသောကြောင့် ထိုစကားများသည် အလကား ခြိမ်းခြောက်မှုဟု မထင်ပေ။
“ ကျောင်းအုပ် သူ့ကို တားလိုက်ရမလား” ဆရာတစ်ယောက်က အံ့ဖွယ်အသိစိတ်ဖြင့် မေးလာသည်။ သူတို့က ဝမ်ဝေ့ ပျောက်ကွယ်သွားသည့် အကြောင်းအရင်းမှာ သူ့တာအိုကာကွယ်သူ ယန်းချန်က သူ့ကို လေဟာနယ်စွမ်းအားဖြင့် ရွေ့ပြောင်းပေးလိုက်ခြင်းကြောင့် ဖြစ်မှန်း သိကြသည်။
သို့သော်လည်း ကျောင်းအုပ်က အမိန့်ပေးသည်နှင့် ကျောင်းတော်၏ အစစ်အမှန် အုပ်ချုပ်သူများက သူတို့ကို တားဆီးသည်ထက် ပိုမိုလုပ်ဆောင်နိုင်သည်။
ပိုင်ဟန်က ခဏတာ တုံ့ဆိုင်းသွားကာ သေချာစဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည် “ မလိုဘူး ”
ပိုင်ဟန်ကို ကပ်ဘေးချီ ဖုံးလွှမ်းထားသော်လည်း သူက အကျိုးသင့်အကြောင်းသင့် စဉ်းစားနိုင်သေး၏။ သူက ယခုပြိုင်ပွဲကို လူများစွာ စောင့်ကြည့်နေမှန်း သိလေသည်။ အကယ်၍ သူသာ အမိန့်ပေးလိုက်လျှင် အစစ်အမှန် အုပ်ချုပ်သူများက ကျောင်းတော်ရှိရာဆီ အတင်းဇွတ်ဝင်လာပြီး ပေါ်ထွက်လာဖို့ စက္ကန့်ပိုင်းပင် ကြာမည် မဟုတ်ပေ။
သူတို့ကို တားဆီးနိုင်မည့် တစ်ခုတည်းသောနည်းလမ်းက ကျောင်းတော်၏ ဧကရာဇ်အစီအရင်များကို အသုံးပြုရလိမ့်မည်။ အကယ်၍ သူ အသုံးပြုခဲ့လျှင် တာအိုအခွင့်အလမ်းကလည်း သူတို့ဧကရာဇ်အသုံးအဆောင်များ ထုတ်သုံးလာလိမ့်မည်။ ဝမ်ဝေ့၏ အဆင့်အတန်းအပြင် သူ့အဖေ၏ သားအပေါ် ချစ်မြတ်နိုးမှုအရ သူတို့က ဒီလိုလုပ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ကြောင်း ပိုင်ဟန် သိနေသည်။
ဤသို့သော ထိပ်တိုက်ရင်ဆိုင်မှုမျိုးက ဧကရာဇ်တာအိုစစ်ပွဲကို အစပျိုးလာစေလိမ့်မည်။ ပို၍ အရေးကြီးသည်က ပိုင်ဟန်အနေနှင့် ကျောင်းတော်ရှိ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများသည် သူ့အမိန့်ကို နားမထောင်မည်ကို စိုးထိတ်နေခြင်း ဖြစ်၏။ သူတို့အများစုက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောသော်လည်း လတ်တလော သူ့ဆုံးဖြတ်ချက်များကို မကျေနပ်ကြပေ။
ပညာရှိဝိဇ္ဇာအဖြစ် မွေးဖွားလာသော သူ့အပေါ် လေးစားမှုပင် ဖြည်းဖြည်းချင်း ဆုတ်ယုတ်နေပြီ ဖြစ်၏။ ထို့ကြောင့် သူက ဒီအခြေအနေတွင် သူ့ခေါင်းဆောင်နိုင်စွမ်းအပေါ် ယုံကြည်ချက် လျော့နည်းသွားစေမည့် အကြောင်းအရင်များ ထပ်မဖြစ်စေလိုပေ။
သူ့စိတ်ထဲ အတွေးသန်းပေါင်းများစွာ ဖြတ်ပြေးသွားလေသည်။ ပိုင်ဟန်က ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ဝမ်ဝေ့နှင့် ယန်းချန်တို့ ထွက်သွားရာဘက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက အမိန့်ပေးလိုက်သည်။
“တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို သေချာစောင့်ကြည့်ထားဖို့ သူလျိုတွေကို အမိန့်ပေးလိုက် … သူတို့တင် မကဘူး။ ကမ္ဘာမှာရှိနေတဲ့ ဧကရာဇ်မျိုးနွယ်အကုန်လုံးပဲ။ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို သိချင်တယ် ”
ထိုစဉ် အာကာပြင်ထဲ မိနစ်ပိုင်းလောက် သွားလာပြီးနောက် ဝမ်ဝေ့က တာအိုအခွင့်အလမ်းဂိုဏ်းဆီ လီကျွင်းကို ထမ်းထားရင်း ပြန်ရောက်လာသည်။ သူက ဆေးဝါးခန်းမဆောင်ဘက် ဦးတည်လိုက်ပြီး မဟာအကြီးအကဲလီကျန်းဆီ လီကျွင်းအား ကုသပေးဖို့ လက်လွဲပေးလိုက်သည်။
လီကျန်းက အံ့ဖွယ်အသိစိတ်ဖြင့် လီကျွင်း ခန္ဓာကိုယ်အား စစ်ဆေးလိုက်ပြီးနောက် သူတော်စင်အဆင့် ဆေးလုံးတချို့ တိုက်လိုက်သည်။
“ သူ ဘယ်လိုနေသေးလဲ” ဝမ်ဝေ့က မေးလိုက်သည်။
မဟာအကြီးအကဲလီကျန်းက သက်ပြင်းချကာ “ ဆေးသောက်ပြီးသွားပြီဆိုတော့ ရုပ်ပိုင်းဆိုင်ရာအရ အဆင်ပြေတယ်။ ဒါပေမဲ့ သူ့စိတ်က သက်ရောက်ခံနေရတုန်းပဲ။ သူ့ကို နှိုးထစေတာက ဆိုးဆိုးရွားရွား အကျိုးဆက်ဖြစ်လာစေလိမ့်မယ်”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ့စိတ်ကလည်း အလျှင်အမြန် အလုပ်လုပ်လာသည် “သူ့ကို နိုးလိုက်ပါ”
“အမွေခံသားတော် သေချာရဲ့လား”
“ကျွန်တော့်ဆီမှာအ အကြံရှိတယ်။ စမ်းကြည့်ပါရစေဦး”
မဟာအကြီးအကဲ လီကျန်းက ခေါင်းညိတ်ကာ ဆေးတစ်လုံးကို ထုတ်ပြီး အမှုန့်အဖြစ် ခြေမွလိုက်သည်။ သူ့လက်တစ်ချက်အဝေ့တွင် ထိုဆေးမှုန့်များက လီကျွင်း နှာခေါင်းနှင့် ပါးစပ်ထဲ ဝင်ရောက်သွားသည်။ ထို့နောက် လီကျွင်းက မျက်လုံးပွင့်လာသည်။
သူက နာနာကျင်ကျင် အော်ငြီးလိုက်ပြီးနောက် ငြိမ်ကျသွားသည်။
“ ငါ ပြန်မြင်ရပြီ” သူက ပြောလိုက်သည် “ ခဏ ငါ ဘာလို့ မမြင်ရမှာလဲ”
သူက ဘေးပတ်လည်ကို လိုက်ကြည့်နေပြီးနောက် မဟာအကြီးအကဲ လီကျန်းနှင့် ဝမ်ဝေ့ဆီ အကြည့်ရောက်လာသည်။
“ ခင်ဗျားတို့က ဘယ်သူလဲ။ ကျုပ်ကို ဘာလုပ်လိုက်တာလဲ” သူက ထဖို့ ကြိုးစားသော်လည်း ခန္ဓာကိုယ်က မလှုပ်နိုင်ပေ။ သူက ခဏကြာရုန်းကန်နေပြီးနောက် ရပ်တန့်လိုက်သည်။
“ခဏ ကျုပ်က ဘယ်မှာလဲ။ မဟုတ်သေးဘူး ကျုပ်က ဘယ်သူလဲ။ ကျုပ်ကို သိကြလား။ ကျုပ်နာမည်ကို သိလား”
မဟာအကြီးအကဲ လီကျန်းနှင့်ဝမ်ဝေ့တို့က အခြေအနေသည် သူတို့မှန်းထားတာထက် ဆိုးနေကြောင်း သိလိုက်၍ မျက်မှောင်ကြုတ်လိုက်ကြသည်။
ဝမ်ဝေ့က လီကျွင်းဆီ လျှောက်လာကာ စိုက်ကြည့်လိုက်သည်။
“မင်း ငါ ပြောတဲ့အတိုင်း အတိအကျ လိုက်လုပ်ဖို့ လိုတယ်”
လီကျွင်းက ကြားလိုက်ပြီးနောက် ချက်ချင်း ငြိမ်ကျသွားလေသည်။ အကြောင်းအရင်းတချို့ကြောင့် သူက ထိုလူကို ယုံကြည်၍ရသည်ဟု ခံစားမိနေသည်။ သူ့အလိုလိုသိစိတ်က ဒီလူ့စကားကို နားထောင်လိုက်ပါက အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု ပြောနေသည်။
ထို့ကြောင့် သူက ခေါင်းညိတ်လိုက်၏။
“ မင်းနာမည်က လီကျွင်း … မင်းက သတ်ဖြတ်ရေးတာအိုကို ကျင့်ကြံတယ်။ သတ်ဖြတ်တာရဲ့ အဓိကရည်ရွယ်ချက်က အရာအားလုံးဆီ သေခြင်းတရားကို ယူဆောင်လာပေးဖို့ပဲ။ အဲဒါကြောင့် သေခြင်းတရားက အာရုံအကုန် ပျောက်ဆုံးသွားပြီး အမှောင်ထု ခြုံလွှမ်းသွားရင်း အသိစိတ်ပျောက်သွားတာကလွဲပြီး ဘာမှမဟုတ်ဘူး။ အခု မင်း မျက်လုံးကို မှိတ်ထားပြီး ငါ့စကားရဲ့ အဓိပ္ပါယ်ကို သေချာတွေးရင်း တရားထိုင်ကြည့်”
“အာရုံအကုန် ပျောက်ဆုံးခြင်း” ဆိုသော စကားစုကို ကြားကာ လီကျွင်း စိတ်ထဲ အကြောက်တရား ဝင်ရောက်လာသည်။ သို့သော်လည်း သူက ဝမ်ဝေ့၏ အသံကို နားထောင်ခြင်းဖြင့် အတင်းကျပ် ထိန်းချုပ်နိုင်လိုက်သည်။
လီကျွင်း မျက်လုံးမှိတ်သွားသည်ကို မြင်ပြီးနောက် ဝမ်ဝေ့က သိုလှောင်လက်စွပ်ထဲမှ ရွှေရောင်သတ္တုလုံးလေး ထုတ်လိုက်သည်။ ဤသည်မှာ ချီကံကောင်းမှု စစ်ဆေးပွဲတွင် သူ ရရှိထားသည့် ကုသိုလ်များ ဖြစ်၏။ သူက တုံ့ဆိုင်းမနေဘဲ လီကျွင်း နဖူးထဲ ထည့်ပေးလိုက်သည်။
သူက တိတ်ဆိတ်ငြိမ်သက်သွားသော လီကျွင်းကို ကြည့်ကာ ရေရွတ်လိုက်သည် “ဒါက မင်းအတွက် ငါ လုပ်ပေးနိုင်တာ အကုန်ပဲ။ ဒီကုသိုလ်တွေနဲ့ဆိုရင် မင်း ဉာဏ်အလင်းပွင့်လာနိုင်မှာပါ။ အဲဒါဆို မင်း ဒီအတွေ့အကြုံကနေ ပြန်ကောင်းမွန်လာပြီး ပိုရင့်ကျက်အားကောင်းလာမလားဆိုတာ မင်းအပေါ်ပဲ မူတည်တယ်”
ထို့နောက် သူက ဆေးဝါးခန်းမမှ ထွက်လာကာ သူ့အဖေနှင့် တွေ့ဖို့ ထျန်းဝေတောင်ထိပ်ကို ဦးတည်လိုက်သည်။
“အဖေ အားလုံးအဆင့်သင့်ပဲလား”
“အင်း … တခြားသူတွေကိုလည်း အကြောင်းကြားပြီးပြီ”
“အဲလိုဆို စလိုက်ကြရအောင် ”
ဝမ်ဝေ့က ရေချိုးကာ အမွေးနံသာထွန်းညှိပြီးနောက် မိနစ်ပိုင်းကြာ တရားထိုင်လိုက်သည်။ ထို့နောက် အခမ်းအနား ဝတ်စုံကို လဲလှယ်လိုက်သည်။ သူက အစဉ်အလာများကို ဂရုမစိုက်သော်လည်း လက်ရှိအနေအထားအရ လိုအပ်နေ၍ ဖြစ်သည်။
ထို့နောက် သူက သီးသန့်တောင်တစ်လုံးဆီ ပျံသန်းသွားလိုက်သည်။ ထိုနေရာတွင် ဂိုဏ်း၏ ရာထူး မြင့်မားသူများက ရှေးဟောင်းစင်မြင့်ရှေ့ သူ့ကို စောင့်နေကြသည်။ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင် တိတ်တဆိတ် ရောက်ရှိနေကြ၏။
ဝမ်ဝေ့က စင်မြင့်ဆီ သွားကာ လက်နှစ်ဖက်ယှက်ရင်း ပြောလိုက်သည်။
“ အထက်က ကောင်းကင်တာအိုခင်ဗျ … ကျွန်တော်က ဒီကမ္ဘာမှာ သေမျိုးတွေရဲ့ ပူဆွေးသောကတွေကို တွေ့မြင်ပြီးပါပြီ။ ကျင့်ကြံသူတွေမှာ မိုးမြေအနှောင်အဖွဲ့ကနေ လွတ်မြောက်နိုင်စွမ်း ရှိကြပြီးတော့ သက်တမ်းလည်း ရှည်လျားကြသလို သေခြင်းရှင်ခြင်းကို အစိုးရပြီး တောင်ကို ဖျက်ဆီး၊ မြစ်ကို လှုပ်ခတ်စေနိုင်ပါတယ်။ သူတို့က အဆုံးမဲ့ လေဟာနယ်ကြား သွားလာနိုင်ပြီးတော့ သူတို့အမွေအနှစ်ကို ထာဝရအတွက် လက်ဆင့်ကမ်းပေးနိုင်ပါသေးတယ်။
ဒါပေမဲ့ သေမျိုးတွေက သူတို့တစ်ဘဝလုံး အစာရေစာနည်းနည်းပေါ် မှီခိုနေရပြီးတော့ အများစုက စာလုံးးကိုတောင် မသိကြပါဘူး။ အမွေအနှစ်တွေ လက်ဆင့်ကမ်းဖို့ မပြောနဲ့။ သူတို့နာမည်ကိုတောင် မပေါင်းတတ်ကြပါဘူး။ သူတို့က ပညာမဲ့နေကြပါတယ်။
ဒါပေမဲ့ ဒီနေ့ ဒီအရာအားလုံးကို ပြောင်းလဲပစ်ချင်ပါတယ်။ ဒီနေ့ ဒီနေရာမှာ ကျွန်တော်က ဒီကမ္ဘာမှာရှိနေတဲ့ သေမျိုးတွေကို အခြေခံဗဟုသုတအားလုံး သင်ကြားပေးဖို့ စာသင်ကျောင်းဆိုတဲ့ သဘောတရားကို ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ စိတ်တွေ ကျယ်ပြန့်လာစေပြီးတော့ ဗဟုသုတကြွယ်ဝပြီး ကျွန်တော်တို့ လူမှု့အဖွဲ့အစည်းကို ပိုမိုစည်ပင်တိုးတက်လာစေချင်ပါတယ်။
ကျေးဇူးပြုပြီး အသိအမှတ်ပြုပေးပါ”
ဝမ်ဝေ့က ထိုစကားများ ပြောလိုက်ပြီးနောက် ကောင်းကင်၌ ဧရာမ မျက်လုံးကြီး ပေါ်ထွက်လာသောကြောင့် အားလုံးက လန့်ဖြတ်သွားလေသည်။ မျက်လုံးကြီးက ဝမ်ဝေ့ ရှိရာဆီ ကြည့်လာပြီးနောက် သူ့စကားများက အသင်္ချေအင်ပါယာကမ္ဘာတစ်လွှား ပျံ့နှံ့သွားလေသည်။
ကျင့်ကြံသူအားလုံးအပြင် သေမျိုးအားလုံးလည်း ထိုစကားကို ကြားလိုက်ကြ၏။ထို့နောက် လူများစွာက ဝမ်းသာပျော်ရွင်လွန်း၍ စတင် ငိုယိုလာကြသလို ရယ်မောလာကြသည်။ တချို့က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်နေကြသည်။ ကမ္ဘာရှိ သေမျိုး သန်းပေါင်း သန်းချီထဲ အများစုက အပြုံးမျက်နှာဖြင့် တောက်ပနေကြသည်။
ဒီကမ္ဘာတွင် သေမျိုးများ၏ ဆွေကြီးမျိုးကြီးကသာ သူတို့ဘာသာ ဗဟုသုတများကို ထိန်းသိမ်းထားပြီး သာမန်ပြည်သူများကို အုပ်စိုးထားကြကာ ကျင့်ကြံသူများက ဗဟုသုတများဖြင့် ထိုဆွေကြီးမျိုးကြီးများကို ထိန်းချုပ်ထားလေသည်။ သို့သော် ယခုတွင် ထိုတင်းကျပ်သည့် သဘောတရားက ဖြည်းဖြည်းချင်း ပြိုလဲသွားလေပြီ။
ထိုစဉ် ဝမ်ဝေ့၏ ကြေညာချက်အပြီးတွင် ထိုအကြံအစည်တွင် ပါဝင်ထားကြသော ဧကရာဇ်အင်အားစု အများစုက သူတို့ဘာသာ အခမ်းအနား ကျင်းပနေကြသည်။ ထို့နောက် သူတို့ကလည်း တူညီစွာ ပြောလိုက်ကြသည်။
“ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ”
ထိုစကားစုက ကမ္ဘာတစ်လွှား ပဲ့တင်ထွက်သွားသည်။ ကောင်းကင်တာအိုက သေမျိုးများ၏ ပျော်ရွင်ကြည်နူးနေသည့် အမူအရာများကို ကြည့်ကာ အကျိုးမြတ်ကို တွက်ချက်လိုက်ပြီး ပြောလိုက်သည် “ခွင့်ပြုတယ် ”
ထို့နောက် ကောင်းကင်တွင် ဧရာမ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ဤသည်က ရွှေရောင်ကုသိုလ် ဖြစ်လေသည်။ ထို့နောက် ထိုအရာက ဝေစုအသီးသီး ကွဲထွက်သွားပြီး ၂၀ ရာခိုင်နှုန်းက ဝမ်ဝေ့နှင့် တာအိုအခွင့်အလမ်းဂိုဏ်း လက်ထဲကျရောက်လာသည်။ ကျန်ရှိနေသည့် အရာက ယခင်သဘောတူထားသည့် အချိုးအစားအတိုင်း တခြားဧကရာဇ် အင်အားစုများထံ ကျရောက်သွားလေသည်။
ဝမ်ဝေ့ လက်ထဲ နောက်ထပ် သေးငယ်သည့် ခရမ်းရောင် သတ္တုအလုံးလေးတစ်ခု ပုံပေါ်လာသည်။ ထိုအကြံအစည်ကို ဖော်ဆောင်သူအနေနှင့် သူက သီးသန့်ဆုချခံရသည်။
သို့သော်လည်း ကိစ္စများက ထိုနေရာမှာ မပြီးဆုံးသွားသေးပေ။
ကောင်းကင်တွင် ရောင်စုံ နဂါးတစ်ကောင် ပေါ်ထွက်လာသည်။ ထို့နောက် ထူးခြားအံ့ဖွယ် စွမ်းအားအောက်တွင် ခန္ဓာကိုယ်ရှိ သုံးပုံတစ်ပုံက ဖြတ်တောက်ခံလိုက်ရသည်။
ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ရှိ လူများက ထိုအရာကို မြင်လိုက်ပြီးနောက် ပုံဆိုးပန်းဆိုး အမူအရာပျက်သွားကြသည်။ ဤသည်မှာ သူတို့ကျောင်းတော်၏ ချီကံကောင်းမှု နဂါး ဖြစ်၏။ ထို့နောက် သူတို့က ဘာဖြစ်နေမှန်း သိလိုက်ရဖို့ အချိန်သိပ်မကြာလိုက်ပေ။
သူတို့တည်ထောင်သူ ဧကရာဇ်ခုံက ကျောင်းတော်၏ သဘောတရားကို ဖန်တီးကာ ကျင့်ကြံသူအားလုံးထံ ဗဟုသုတများ မျှဝေပေးခဲ့သောကြောင့် ချီကံကောင်းမှုက အမြဲတမ်းလိုလို သူတို့ပိုင်ဆိုင်မှု ဖြစ်နေခဲ့ပြီး ကျောင်းတော်ကို ကောင်းချီးပေးထားခဲ့လေသည်။
သို့သော် ယခုတွင် သူတို့ကျောင်းတော်နှင့် သဘောတရားချင်း တူညီသည့် ဝမ်ဝေ့၏ စာသင်ကျောင်း သဘောတရား အသစ်ပေါ်ထွက်လာသည့်အခါ စာသင်ကျောင်းက ပို၍ အလားအလာကောင်းနေခဲ့လေသည်။ အကြောင်းမှာ သေမျိုးအရေအတွက်က ကျင့်ကြံသူအရေအတွက်ကို များစွာကျော်လွန်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့က ကောင်းချီးကို သူတို့ဘာသာ ခံစားနေ၍ မရတော့ပေ။
ဤအစီအစဉ်က ဒီကမ္ဘာ၏ သူတို့အုတ်မြစ်အပေါ် သက်ရောက်မှု ဖြစ်လာစေသည်။