နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသမီးကျင့်ကြံသူကို ကူပိုးကောင် ထည့်သွင်းခြင်း၊ ထိုက်ရီရွှေစင်၊ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအမြုတေ(၁)။
Vol. 53 Ch. 579
ဘန်း...။
ချက်ချင်းပင် ချိုးရူယွီက တိုက်ခိုက်လိုက်သည်။ သူမလက်ထဲရှိ ပညာပါရမီတူသည် ချက်ချင်း ထွက်ပေါ်လာပြီး တောင်ကြီးတစ်လုံးအရွယ်အစားသို့ ပြောင်းလဲသွားကာ ခြင်္သေ့စိမ်းနတ်ဆိုး၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ထုချလိုက်တော့သည်။
မမြင်နိုင်သော စွမ်းအားတစ်ခုက ဖြစ်တည်လာပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအင်အားများ ပေါက်ကွဲထွက်လာချေသည်။
“အား…”
အော်ဟစ်သံနှင့်အတူ အတားအဆီးမှ လွတ်မြောက်လာကာစ ခြင်္သေ့စိမ်းနတ်ဆိုးမှာ ကြိုတင်ကာကွယ်နိုင်ခြင်းမရှိဘဲ ဤတိုက်ခိုက်မှုကို အပြည့်အဝ ခံလိုက်ရချေသည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရပြီး၊ ချက်ချင်းပင် မိုင်တစ်ရာခန့်ကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။
မိုင်သောင်းချီ ကျယ်ဝန်းသော နယ်မြေတစ်ခွင်လုံးသည် ဤပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရပြီး အဆင့်ကိုး ငလျင်လှုပ်ခတ်သွားသကဲ့သို့ ရှိပေသည်။
တုန်ခါမှုဂယက်လှိုင်းများသည် အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားပြီး ဒြပ်ရှိအဖြစ်သို့ ပြောင်းလဲကာ တောင်တန်းများကို ဖျက်ဆီးပစ်လိုက်တော့သည်။
သာမန်ကျင့်ကြံသူများသာ ဤလှိုင်းဂယက်များ၏ တိုက်ခိုက်မှုကို ခံရပါက သေချာပေါက် ပြာကျသွားပြီး အသက်ဝိညာဉ်ပါ ပျောက်ကွယ်သွားမည် ဖြစ်ပေ၏။
ခြင်္သေ့စိမ်းနတ်ဆိုး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သိပ်သည်းသော အက်ကွဲကြောင်းများ ပေါ်လာပုံရပြီး ခန္ဓာကိုယ်မှ အမည်းရောင်သွေးများ အမြောက်အမြား စီးကျလာကာ သိပ်သည်းသော အမည်းရောင် နတ်ဆိုးချီများ ထွက်ပေါ်လာလေသည်။
နှမြောစရာကောင်းသည်မှာ ဤတိုက်ခိုက်မှုသည် ၎င်းကို မသတ်နိုင်ခဲ့ဘဲ ပို၍ပင် ဒေါသထွက်သွားစေခဲ့ခြင်းပင်။
"ကျက်သရေတုံးတဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် မိန်းမ... ကိုယ့်သေတွင်း ကိုယ်တူးဖို့ ရဲရဲတင်းတင်း ထွက်လာမှတော့ ငါကိုယ်တော်က မင်းကို သေမင်းဆီပို့ပေးမယ်...”
ခြင်္သေ့စိမ်းနတ်ဆိုးက ဟိန်းဟောက်လိုက်လေ၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် အံ့ဖွယ်နှုန်းဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး ဒဏ်ရာများ ချက်ချင်း ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် အမည်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ချိုးရူယွီထံသို့ ချက်ချင်း ပြေးဝင်တိုက်ခိုက်လိုက်ချေသည်။
ဘန်း... ဘန်း... ဘန်း...။
ချက်ချင်းပင် နှစ်ဖက်စလုံး ထိပ်တိုက်တွေ့ဆုံသွားကြပြီး အကြိမ်ရာချီ တိုက်ခိုက်ခဲ့ကြလေတော့သည်။
ထိပ်တိုက်တွေ့ဆုံမှုတိုင်းသည် ကြောက်မက်ဖွယ် တုန်ခါမှုများနှင့် ဂယက်လှိုင်းများကို ဖြစ်ပေါ်စေလေ၏။
မြေပြင်ပေါ်တွင် ချက်ချင်းဆိုသလို တွင်းနက်ကြီးများ ထွက်ပေါ်လာရပြီး ကျောက်ခဲများလွင့်စင်ကာ ဖုန်မှုန့်များ အုန်းအုန်းထသွားလေသည်။
တိုက်ခိုက်မှုတိုင်းသည် ကြောက်မက်ဖွယ် ဖျက်ဆီးရေးစွမ်းအားကို ဖြစ်ပေါ်စေပုံရပေ၏။
ကံကောင်းထောက်မစွာဖြင့် ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့သော တောင်တန်းများသာ ရှိနေပြီး ဟယ်ဟွမ်းဂိုဏ်းတွင်လည်း ပဉ္စမအဆင့်အစီအရင်၏ ကာကွယ်မှု ရှိနေခြင်းပင်။ သို့မဟုတ်ပါက ဤနယ်မြေတစ်ခုလုံး သေချာပေါက် အသေအပျောက်များပြားပြီး သက်ရှိများ ပျက်စီးရပေလိမ့်မည်။
…………
ထိုအခိုက်အတန့်တွင် နတ်ဆိုးချုပ်တောင်ကြားအနီး၌ ပုံရိပ်တစ်ခုက ထွက်ပေါ်လာလေသည်။
ဤပုံရိပ်မှာ သဘာဝကျစွာပင် ကျိုးစွေ့ ဖြစ်၏။
"နောက်ကျသွားတာပဲ... အထဲက နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးက လွတ်မြောက်သွားပြီ...”
ကျိုးစွေ့ခမျာ အလွန်ပင် ပြောစရာစကားမဲ့သွားရရှာသည်။
သူသည် အမြန်ဆုံးအရှိန်ဖြင့် ပြေးလာခဲ့သော်လည်း နောက်ကျသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ မရောက်လာမီမှာပင် အထဲရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို မိစ္ဆာသားရဲများက လွှတ်ပေးလိုက်ကြပြီ ဖြစ်လေ၏။
ထို့အပြင် ဤနေရာရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူနှင့်ပင် တိုက်ပွဲဖြစ်ပွားနေလေပြီ။
ရိုးရိုးသားသားပြောရလျှင် သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
ယခု ကြည့်လိုက်သောအခါ စွမ်းအားမှာ အမှန်ပင် မိုးနှင့်မြေကို တုန်လှုပ်စေနိုင်၏။
လှုပ်ရှားမှုတိုင်းတွင် ပေါက်ကွဲထွက်လာသော စွမ်းအားများသည် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများထက် ဆယ်ဆမက ပိုများပြီး သက်ရှိနတ်ဘုရားများဟု ဆိုရပေမည်။
သာမန်တိုက်ခိုက်မှု တစ်ချက်ကပင် မြေပြင်ကို နစ်မြုပ်စေနိုင်ပြီး တိုင်းပြည်များကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။
'နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေ ဒီလောက် စွမ်းအားကြီးရတဲ့ အကြောင်းရင်းက ဥပဒေသနယ်ပယ်ကြောင့်ပဲ...’
'ဥပဒေသနယ်ပယ်ကို ဖွဲ့စည်းနိုင်ရင် နယ်ပယ်ထဲမှာရှိတဲ့ သဘာဝဝိညာဉ်စွမ်းအင်အားလုံးကို ထိန်းချုပ်နိုင်တယ်...’
'ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေက သဘာဝဝိညာဉ်စွမ်းအင်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်တယ်ဆိုပေမယ့်... စွမ်းဆောင်ရည်က အများကြီး ကွာခြားတယ်...’
'ဒါက ဆိုင်ကယ်အင်ဂျင်နဲ့ လေယာဉ်အင်ဂျင် ကွာသလိုမျိုးပဲ... လုံးဝ အဆင့်ချင်းတူမနေဘူး...’
'ဒါပေမဲ့ ဒီလိုလုပ်ရင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေက သဘာဝဝိညာဉ်စွမ်းအင်တွေကို အရူးအမူး စုပ်ယူလိုက်တာမို့ ကမ္ဘာလောကကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေနိုင်တယ်...’
'တကယ်လို့ အရမ်းပြင်းထန်သွားရင် ကမ္ဘာမြေရဲ့ ဝိညာဉ်သွေးကြောတွေကိုတောင် ပျက်စီးခြောက်သွေ့သွားစေနိုင်တယ်...’
‘ရှေးဟောင်းခေတ်တုန်းက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေ မကြာခဏ စစ်ခင်းခဲ့ကြလို့ နေရာအနှံ့က ဝိညာဉ်သွေးကြောတွေ ပြိုကွဲခြောက်သွေ့သွားခဲ့ရတာပဲ...’
'အဲဒီကနေစပြီး နှောင်းပိုင်းခေတ်တွေမှာ ဝိညာဉ်စွမ်းအင်တွေ ပါးလျလာပြီး ဝိညာဉ်သွေးကြောတွေ ပျက်စီးသွားခဲ့တာ...’
'ဒါကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေက ကျင့်ကြံခြင်းလောကရဲ့ ပတ်ဝန်းကျင်ကို မပျက်စီးစေဖို့ အလွယ်တကူ တိုက်ခိုက်လေ့မရှိဘူး...’
'ဒါပေမဲ့ ရန်သူကျူးကျော်လာရင် ဘယ်လိုလုပ် မတိုက်ဘဲ နေနိုင်မှာလဲ...’
ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်လေသည်။
တိုက်ပွဲကို မိမိနေအိမ်တွင် ဖန်တီးမိပါက မိမိဘက်မှ အကြီးမားဆုံး ဆုံးရှုံးမှုကို ခံရမည်ဖြစ်ကြောင်း သူ နားလည်ထားပေသည်။
ရန်သူများကလည်း ဤအတိုင်းပင်ဖြစ်ရာ တိုက်ပွဲကို ကျင့်ကြံခြင်းလောကထဲတွင် ဖန်တီးရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပေ၏။
ဝုန်း...။
ထိုအချိန်တွင် သူ၏ နှလုံးသားမျက်လုံး စွမ်းအားများ ထွက်ပေါ်သွားပြီး မိုင်သောင်းချီ ကျယ်ဝန်းသော ဧရိယာအထိ ပြန့်နှံ့သွားလေသည်။
ချက်ချင်းပင် အနီးနားရှိ တောင်ကြားတစ်ခုအတွင်း ပုန်းအောင်းနေသော စတုတ္ထအဆင့် မိစ္ဆာသားရဲတစ်စုကို သူ အာရုံခံလိုက်မတော့သည်။
၎င်းတို့သည် ဝိညာဉ်ရတနာတစ်ခု၏ အကူအညီဖြင့် ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများကို ဖုံးကွယ်ထားပြီး ထွင်းဖောက်မြင်နေရသော အကာအရံတစ်ခုကို ဖွဲ့စည်းထားပုံရပေ၏။
သာမန်ကျင့်ကြံသူများအနေဖြင့် ၎င်းတို့၏ ခြေရာကို သတိပြုမိရန် ခက်ခဲလှသည်။
ထိုအထဲတွင် စတုတ္ထအဆင့် အထွတ်အထိပ် မိစ္ဆာသားရဲသုံးကောင်၊ စတုတ္ထအဆင့် အလယ်အလတ် မိစ္ဆာသားရဲဆယ်ကောင်နှင့် စတုတ္ထအဆင့် အောက်ခြေ မိစ္ဆာသားရဲသုံးဆယ်တို့ ပါဝင်ကြသည်။
အတိုချုပ်ဆိုရလျှင် ဤသည်မှာ ကြီးမားလှသော မိစ္ဆာသားရဲတပ်ဖြစ်ပြီး၊ နေရာအနှံ့အပြားတွင် အချိန်မရွေး ကြီးမားသော သတ်ဖြတ်မှုများကို ပြုလုပ်နိုင်စွမ်း ရှိကြပေသည်။
"ဟားဟားဟား... တိုက်နေကြပြီ... လူသားမျိုးနွယ်စုရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်နဲ့ နတ်ဆိုးတွေ တကယ်ကို တိုက်နေကြပြီကွ...”
"ငါတို့ရဲ့ အစီအစဉ်က တကယ် အောင်မြင်သွားတာပဲ...”
"မိစ္ဆာသားရဲမဟာမိတ်အဖွဲ့က ပေးလိုက်တဲ့ ပဉ္စမအဆင့် ကျားဖြူအစီအရင်ဖျက်ဓားကို ရထားတာပဲလေ... ဒါက ပဉ္စမအဆင့် တစ်ခါသုံးဝိညာဉ်ရတနာမို့ ပဉ္စမအဆင့် ချုပ်နှောင်ခြင်းအစီအရင်ကို ယာယီ ဖျက်ဆီးပစ်နိုင်ပြီး အထဲက နတ်ဆိုးတွေကို လွတ်လာစေနိုင်တယ်... အခု တကယ် အောင်မြင်သွားပြီ...”
"ဟဟ... လူသားတွေက အေးချမ်းနေတာ အကြာကြီးရှိပြီဆိုတော့ စစ်ပွဲက ဘာလဲဆိုတာကို မေ့နေကြပြီ... ဒါကြောင့် နတ်ဆိုးချုပ်တောင်ကြားရဲ့ ကာကွယ်ရေးကို ပေါ့ဆသွားကြတာပဲ... ရလဒ်အနေနဲ့ ငါတို့က အခွင့်အရေးရပြီး ဒီနေရာက ချုပ်နှောင်ခြင်းအစီအရင်ကို ဖျက်ဆီးပစ်လိုက်နိုင်တယ်လေ...”
"ဒါပေမဲ့ ဒါက နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးလေ... တကယ်လို့ လွတ်လာရင် ငါတို့ မိစ္ဆာသားရဲတွေအတွက်လည်း သိပ်ကောင်းလှတာ မဟုတ်ဘူး... နတ်ဆိုးတွေက လူသားတွေ မိစ္ဆာသားရဲတွေ ခွဲခြားမနေဘူး... သက်ရှိမှန်သမျှ အကုန်သတ်တာလေ...”
"ဘာကိုကြောက်နေတာလဲ... တစ်ဖက်လူက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်တည်းဟာကို... ငါတို့ မိစ္ဆာသားရဲမဟာမိတ်အဖွဲ့က ပဉ္စမအဆင့် မိစ္ဆာသားရဲအများကြီးကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... ကမ္ဘာတံခါးပေါက်သာ ထပ်ပွင့်လာရင် ငါတို့ မိစ္ဆာသားရဲတွေရဲ့ ပဉ္စမအဆင့်တွေ ဝင်လာနိုင်ပြီး လူသားကျင့်ကြံခြင်းလောကကို ရှင်းလင်းပစ်နိုင်ပြီလေကွာ...”
"ပြောတာမှန်တယ်... ပြီးတော့ ဒီ နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုး ပေါ်လာတာက လူသားတွေရဲ့ အမာခံအင်အားစုတချို့ကို ရှင်းလင်းဖို့ ငါတို့ကို အတိအကျ ကူညီပေးနိုင်တယ်... လူသားတွေရဲ့ ဝိညာဉ်သန္ဓေသားတွေ၊ နတ်ဘုရားအသွင်ပြောင်းအဆင့်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့ ကူညီပေးနိုင်တယ်...
အကောင်းဆုံးကတော့ ဒီ လူသား အဆင့်မြင့်ကျင့်ကြံသူတွေကို အကုန်သတ်ပစ်ဖို့ပဲ... ဒီလိုဆိုရင် ငါတို့ မိစ္ဆာသားရဲတွေက လူသားကျင့်ကြံခြင်းလောကကို ကျူးကျော်ဖို့ လွယ်သွားပြီ...”
"ဟီးဟီး... တကယ်ကို အရသာရှိတာပဲ... လူသားနဲ့ နတ်ဆိုးတွေ ခွေးလို ကိုက်နေကြတာကို ကြည့်ရတာ ငါ အရမ်း ကျေနပ်တာပဲ... များများသတ်ပစ်... လူသားကျင့်ကြံသူတွေကို များများသတ်ပစ်လိုက်စမ်း... သူတို့ကို မျိုးတုန်းသွားအောင်ထိသာ သတ်ပစ်လိုက်...”
"ဒါပေမဲ့ ငါတို့ ဒီမှာပုန်းနေရင် အဲဒီ နတ်ဘုရားအသွင်ပြောင်းအဆင့်နတ်ဆိုးက သိသွားမလား... တကယ်လို့ သိသွားရင်တော့ ငါတို့ သေချာပေါက် သေရမှာပဲ... ငါတို့မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးရှေ့ကနေ ထွက်ပြေးနိုင်တဲ့ စွမ်းရည်မှ မရှိတာ...”
"စိတ်မပူစမ်းပါနဲ့... ဒါက အထွတ်အထိပ် ဝိညာဉ်ရတနာ အရိပ်မဲ့အကာအရံပဲ... ငါတို့ရဲ့ အရှိန်အဝါတွေကို လုံးဝ ကာကွယ်ထားနိုင်တယ်... နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတောင် ငါတို့ကို ရှာမတွေ့နိုင်ဘူး... ပေါက်လွှတ်ပဲစား မလှုပ်ရှားသရွေ့ ငါတို့ အရမ်းကိုလုံခြုံတယ်... သူတို့ တိုက်ပြီးသွားမှ ငါတို့ ထွက်ပြေးရင်တောင် နောက်မကျသေးဘူး... တတိယလူအနေနဲ့ အကျိုးအမြတ်ကို အလွယ်တကူတောင် ရယူနိုင်သေး… အဟေးဟေး...”
"ဟားဟား... ငါတို့ မိစ္ဆာသားရဲမဟာမိတ်အဖွဲ့က နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေ ရောက်လာတဲ့အချိန်ဆိုရင်... ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ငါတို့ ရှင်းလင်းပြီး၊ ဖျက်ဆီးပစ်ပြီးသား ဖြစ်နေလောက်ပြီ... လူသားတွေက ငါတို့ရဲ့ စွမ်းအားကို ခုခံနိုင်မှာ မဟုတ်တော့ဘူး...”
စတုတ္ထအဆင့် မိစ္ဆာသားရဲအများအပြားသည် ဝမ်းသာလုံးဆို့နေကြပြီး အလွန်ပင် ရိုင်းစိုင်း မောက်မာနေကြလေတော့သည်။
သူတို့၏အစီအစဉ်သည် အလွန်တရာ အောင်မြင်သည်ဟု ထင်မှတ်နေကြ၏။
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို လွှတ်ပေးနိုင်ခဲ့ရုံသာမက၊ နတ်ဆိုးနှင့် လူသားမျိုးနွယ်စုအကြား စစ်ပွဲကိုပါ လှုံ့ဆော်နိုင်ခဲ့ပြီး သူတို့နှစ်ဖက်စလုံးကို အထိနာစေခဲ့သည်။
သူတို့သာလျှင် အဆုံးသတ် အောင်နိုင်သူများ ဖြစ်ကြပေမည်။ မည်သူမျှ မိစ္ဆာသားရဲများ၏ အစွမ်းကို ခုခံနိုင်မည် မဟုတ်ချေ။
"မင်းတို့ကတော့ အကြံကောင်းလေး တွေးထားတာပဲ... တတိယလူအနေနဲ့ အကျိုးအမြတ် ရယူချင်နေသေးတယ်ပေါ့... အတွေးလေးတွေတော့ လှပါရဲ့... ဒါပေမဲ့ မင်းတို့ကို သတ်ပစ်ဖို့က အရမ်း လွယ်လွန်းတယ်... ဒီတော့ မင်းတို့ကို ကျွန်ပြုလိုက်တာက ပိုကောင်းမယ်... မင်းတို့က ခွေးချင်းကိုက်တာကို အရမ်းသဘောကျတယ်မလား... မကြာခင် မင်းတို့ ကိုယ့်မျိုးနွယ်စုနဲ့ ပြန်တိုက်ခိုက်ရတော့မယ်...”
ထိုအချိန်တွင် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာပြီး စတုတ္ထအဆင့် မိစ္ဆာသားရဲတိုင်း၏ သိစိတ်ပင်လယ် နက်ရှိုင်းသောနေရာသို့ ပျံ့နှံ့သွားလေသည်။