အခန်း (၁၃၁)
Vol. 14 Ch. 131
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၃၁)
" မင်း ချင်နိုင်ငံရဲ့ အထူးစစ်သည်တစ်ယောက် ဖြစ်ချင်လား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ဖြစ်ချင်ပါတယ်။ "ဟန်ချန်းယန်က တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
" ငါမင်းကို အခွင့်အရေးတစ်ခုပေးတယ်။ " ကျောက်ဖုန်းက ပြုံး၍ ဟန်ချန်းယန်၏ ပခုံးကို ပုတ်လိုက်သည်။ ထို့နောက် သူက ဘေးနားတွင် ရပ်နေသော ကျန်မင်းကို တစ်ချက်ကြည့်လိုက်သည်။
" ညီအကို ငါနဲ့လိုက်ခဲ့ပါ။ " ကျန်းမင်က ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် စစ်သူကြီး။ " ဟန်ချန်းယန်က အလွန်စိတ်လှုပ်ရှားသွားသည်။ အဝတ်စလေးများကို စုပေးရုံနှင့် သူက ထိုသို့သော ဆုလာဘ်မျိုး ရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
ဝေစစ်တပ်စခန်း။
" အရှင် စည်းရုံတဲ့စာတွေကိုတော့ မြို့ထဲကို ပစ်ပို့ခဲ့ပါပြီ။ " ဝေတပ်မှူးတစ်ယောက်က အစီရင်ခံလိုက်သည်။ " ဒါပေမယ့် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲဆိုတာကတော့ မသိသေးပါဘူး။ "
" သူတို့ရဲ့ သက်ရောက်မှုကို မနက်ဖြန်တိုက်ပွဲမှာ သိရမှာပေါ့။ " ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။
" တကယ်လို့ မြို့ထဲက စစ်သည်တွေက တကယ်ပဲ ပြန်လည်ဖွဲ့စည်းထားတဲ့ ဟန်လက်နက်ချစစ်သည်တွေဆိုရင် အရှင်ရဲ့ စာတွေက သူတို့အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်လာမှာပါ။ "
" ဝေမြို့ထဲမှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်လာလိမ့်မယ်။ " နောက်ထပ် ဝေတပ်မှူးတစ်ယောက်က ပြောလိုက်သည်။
" ဒါပေမယ့်...." အခြားတပ်မှူးတစ်ယောက်က လေးလံသော လေသံနှင့် ပြောလိုက်သည်။ " အဲ့ဒီကျောက်ဖုန်းက တကယ်ကြောက်စရာကောင်းတာကိုတော့ ဝန်ခံရလိမ့်မယ်။ "
" ဒီဝေမြို့က အဓိကခံတပ်မဟုတ်တာတောင် ကျုပ်တို့စစ်တပ်ရဲ့ ပြင်ထန်တဲ့ တိုက်ခိုက်မှုကို ခုနှစ်ရက်ဆက်တိုက် တောင့်ခံထားနိုင်တယ်။ "
" သူ့ရဲ့ ခုခံမှုမှာ အားနည်းချက်ကို ရှာလို့မရဘူး။ ငါတို့ရဲ့ စစ်တပ်က ဒီမြို့လေးမှာတင် ရပ်တန့်နေတာ စဉ်းစားစရာပဲ။ "
ထိုစကားများကို ကြားသောအခါ ဝေပေါက မျက်နှာပျက်သွားသည်။ ဝေမြို့ကို သူစရောက်စဉ်က ငါးရက်အတွင်း မြို့ကို ထိုးဖောက်နိုင်မည်ဟု ကြွားဝါခဲ့သည်။ သို့သော် မနက်ဖြန်ဆိုလျှင် ရှစ်ရက်ပြည့်ပြီဖြစ်သည်။
" အရှင် ကျွန်တော် ဝေဝူတပ်ဖွဲ့ကို အသုံးပြုခွင့်ပေးဖို့ တောင်းဆိုပါတယ်။ " ဝေပေါက ထရပ်ပြီး ပြောလိုက်သည်။
သူ၏ စကားကြောင့် တပ်မှူးအားလုံးက သူ့ကို လှည့်ကြည့်လိုက်ကြသည်။ ဝေဝူတပ်ဖွဲ့က ဝေနိုင်ငံတွင် အသန်မာဆုံး တပ်ဖွဲ့ဖြစ်သည်။ သိန်းချီသော စစ်သည်များထဲမှ ကြောက်စရာကောင်းသော စစ်သည်များကို ရွေးချယ်ထားခြင်းဖြစ်ပြီး ကောင်းမွန်သော ချပ်ဝတ်များကို ဝတ်ဆင်ထားကြသည်။
သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်အစွမ်းထက်ပြီး သူတို့၏ နာမည်က နိုင်ငံအနှံ့ ကျော်ကြားသည်။ ဝေ့ဝူတပ်ဖွဲ့ကို ဝေနိုင်ငံ၏ စစ်သူကြီးဟောင်း ဝူချီက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဝူချီက သေဆုံးသွားခဲ့သော်လည်း ဝေဝူတပ်ဖွဲ့က ဝေနိုင်ငံ၏ နောက်ဆုံးကာကွယ်ရေးတပ်ဖွဲ့အဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
နိုင်ငံ၏ ကံကြမ္မာအတွက် တိုက်ရသော ဤစစ်ပွဲတွင် ဝေဝူကျိက ဝေဝူတပ်ဖွဲ့ကိုလည်း ခေါ်လာခဲ့သည်။ သို့သော် သူတို့ကို နောက်တန်းတွင်ထားပြီး အသုံးမပြုရသေးပေ။
" မနက်ဖြန်ကျရင် အရင်ဆုံး စိတ်ဓာတ်စစ်ဆက်ရေးက အလုပ်ဖြစ်မဖြစ် စမ်းသပ်ကြည့်မယ်။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင် ငါတို့ ဝေဝူတပ်ဖွဲ့ကို သုံးမယ်။ " ဝေဝူကျိက ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ဝေဝူတပ်ဖွဲ့ ချီတက်တဲ့အခါ ကျွန်တော်ကိုယ်တိုင် ဦးဆောင်ချင်ပါတယ်။ " ဝေပေါက ထပ်ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ဝေဝူကျိက မျက်မှောင်ကြုတ်သွားသည်။ " ဝေပေါ မင်း စစ်သေနာပတိချုပ်တစ်ယောက်ရဲ့ ကျင့်ဝတ်ကို နားလည်ရဲ့လား။ "
" စစ်သေနာပတိချုပ်ရဲ့ ကျင့်ဝတ်က ကွပ်ကဲမှုနဲ့ လမ်းညွှန်မှုကို ဦးစားပေးရတာပါ။ " ဝေပေါက ချက်ချင်း ပြန်ဖြေလိုက်သည်။
" ဒါကို သိနေရက်နဲ့ မင်း ဘာလို့ မဆင်မခြင် စကားတွေ ပြောနေတာလဲ။ ငါတို့တပ်တွေ အကျအဆုံးရှိပေမယ့် လက်ထောက် စစ်သူကြီးဖြစ်တဲ့ မင်းကိုယ်တိုင် တိုက်ပွဲထဲကို ပြေးဝင်ရမယ့် အခြေအနေကို မရောက်သေးဘူး။ " ဝေဝူကျိက အေးစက်စွာ ပြောလိုက်သည်။
" ဒါပေမယ့်...." ဝေပေါက အလျှော့မပေးချင်သေးပေ။ သူက သူ့ကိုသူ သက်သေပြချင်နေသည်။
" ဝေပေါ...." ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။ " မင်းက ငါ့ရဲ့ လက်ထောက်စစ်သူကြီးတင်မဟုတ်ဘူး။ မင်းက ငါ့လည်း တူလည်းဖြစ်တယ်။ လက်ရှိအရှင်မင်းကြီးရဲ့ ညီတော်လည်း ဖြစ်တယ်။ မင်းရဲ့ အဆင့်အတန်းကို မင်းသိဖို့လိုတယ်။ "
နောက်တစ်နေ့တွင်....
ဝူ......
ခရာမှုတ်သံက ဝေမြို့တစ်ခွင် ပဲ့တင်ထပ်သွားသည်။ မြို့ရှေ့တွင် မရှင်းလင်းရသေးသော အလောင်းသောင်းချီက စုပုံနေပြီး စစ်မြေပြင်တစ်ခုလုံးတွင် မြားကျိုးများ၊ မြို့သိမ်းပစ္စည်းများဖြင့် ပြန့်ကျဲနေသော်လည်း ဝေစစ်တပ်က ၎င်းတို့ကို ဂရုမစိုက်ပေ။
" ဝေစစ်သည်တို့...." ဝေဝူကျိ၏ အသံက ဟိန်းထွက်လာသည်။ " ဒီနေ့က ရှစ်ရက်မြောက်နေ့ပဲ။ ငါအမိန့်ကို နာခံကြ။ မြို့ရိုးကို ပထမဆုံး ချိုးဖျက်နိုင်တဲ့သူက ရာထူးလေးဆင့် တိုးမြှင့်ပေးခံရမှာဖြစ်ပြီး ရွှေတစ်သောင်းဆုလာဘ်ရလိမ့်မယ်။ "
" ငါ့အတွက် သတ်ကြ...." ဝေဝူကျိက သူ၏ ဓားကို ဝေမြို့ဆီသို့ ချိန်ရွယ်လိုက်သည်။
မြို့သိမ်းစက်ယန္တရားများကို တွန်းရင်း ဝေစစ်တပ်က ရှေ့မှ ဒိုင်းကိုင်စစ်သည်များ၊ နောက်မှ လေးသည်တော်များနှင့် ရှေ့တန်းတပ်ဖွဲ့ကြီးက တိုက်စစ်ဖွင့်ပြီး ဝေမြို့ဆီသို့ စနစ်တကျ ချီတက်လာကြသည်။
ယနေ့က ရှစ်ရက်မြောက်နေ့ဖြစ်သည်။ ဝေစစ်တပ်က အကျအဆုံး သုံးသောင်းကျော် ရှိပြီဖြစ်သည်။ ၎င်းက ကျွမ်းကျင်သော ဝေဝူကျိကြောင့်သာ ဖြစ်ပြီး ဝေပေါသာဆိုလျှင် အကျအဆုံး ငါးသောင်းကျော်သွားပေလိမ့်မည်။
မြို့ရိုးပေါ်တွင် တုဆွေနှင့် ဝေချွမ်တို့က ပခုံးချင်းယှဉ်ရပ်နေသည်။ ကျောက်ဖုန်း၏ ကိုယ်ရံတော်များလည်း ရှိနေကြသည်။ ကျောက်ဖုန်း၏ အယုံကြည်ရဆုံး တပ်မှူးအချို့မှလွဲ၍ သူ ဝေမြို့တွင် မရှိတော့သည်ကို ဘယ်သူမှမသိကြပေ။
" စစ်သူကြီးက ပြောထားတယ်။ " ကျန်းမင်က တုဆွေအနီးသို့ ချဉ်းကပ်လာပြီး ဝါးချပ်စာလိပ်အချို့ကို ကမ်းပေးရင် ပြောလိုက်သည်။
" ဝေမြို့ကျဆုံးလို့မရဘူး။ မဟုတ်ရင် သူ့ရဲ့ အစီအစဉ်အားလုံး အချည်းနှီးဖြစ်သွားလိမ့်မယ်။ တပ်မှူးတု ဒါက စစ်သူကြီး ရေးထားတာပဲ။ "
တုဆွေက ချက်ချင်း ယူပြီး ဖတ်လိုက်သည်။
" ငါမြို့ကနေ ထွက်သွားပြီ။ ဝေမြို့ရဲ့ စစ်ရေးကိစ္စတွေကို တုဆွေက ကွပ်ကဲရမယ်။ ကျန်းမင်မှာ တော်ဝင်အမိန့်ရှိတယ်။ အမိန့်မနာခံတဲ့သူ ဘယ်သူမဆို ကွပ်မျက်နိုင်တယ်။ "
" ငါသိပြီ။ " တုဆွေက လေးနက်စွာ ခေါင်းညိမ့်လိုက်သည်။ သူက ချီတက်လာသော ဝေစစ်သည်များကို ကြည့်လိုက်သည်။ သူတို့က ပစ်ကွင်းထဲသို့ ဝင်ရောက်လာသည်နှင့် သူ၏ ခါးမှဓားကို ဆွဲထုတ်လိုက်သည်။
" စစ်သည်အားလုံး ငါ့အမိန့်ကို နာခံကြ၊ သတ်....." တုဆွေက အော်ဟစ်လိုက်သည်။
မြို့ရိုးပေါ်မှ မြားမိုးများရွာကျလာပြီး ကျောက်လုံးပစ်စက်များမှ ကျောက်လုံးများကလည်း လေထဲတွင် ပျံဝဲလာကြသည်။
တိုက်ပွဲကြီးက တစ်ဖန်ပြန်လည်စတင်လေတော့သည်။ တိုက်စစ်ဆင်လာသော ဝေတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ၏ အခက်အခဲများကြားတွင် ထပ်ပြီး နစ်မွန်းနေကြသည်။ ဝေဝူကျိက ရှေ့တန်းကို သေချာစိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ရှိနေသည်။
" မနေ့ကနဲ့ယှဉ်ရင် ချင်ရဲ့ တန်ပြန်တိုက်စစ်က အရင်လောက် မပြင်းထန်တော့ဘူး။ " ဝေဝူကျိက နောက်ဆုံးတွင် ပြုံးလိုက်သည်။
" အရှင်မင်းကြီးရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာက တကယ်ကို ထူးခြားတဲ့ သက်ရောက်မှုရှိတာ သေချာပါတယ်။ " ဝေတပ်မှူးတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" မြို့ထဲက ဟန်လက်နက်ချစစ်သည်တွေက ငါတို့စစ်တပ်ကို တိုက်ဖို့ ဆန္ဒမရှိတော့ဘူးထင်တယ်။ ငါ့အမိန့်ကို နာခံကြ။ " ဝေဝူကျိက ဝေမြို့ကို သိမ်းပိုက်နိုင်မည့် မျှော်လင့်ချက်များက ပြန်လည်တောက်ပလာသည်။ " ဒီနေ့မှာ ဒီမြို့ကို တစ်ခါတည်း သိမ်းပိုက်ရမယ်။ "
တစ်ချိန်တည်းတွင် ဝေမြစ်၏ အရှေ့ဘက် လီငါးဆယ်ကျော်တွင် ရေစီးကြောင်းက ထူးထူးခြားခြား ပြင်းထန်နေသည်။ သာမန်လှေများက ထိုသို့ လှိုင်းထန်သော ရေစီးကြောင်းထဲတွင် လုံးဝ မသွားလာနိုင်ကြပေ။ သို့သော် ၎င်း၏ မြောက်ဘက်တွင် ဝေနိုင်ငံ၏ နယ်မြေရှိနေသည်။
ဝေဝူကျိက အလွန်သတိကြီးသူဖြစ်ပြီး စစ်ချီလာချိန်တွင် ချင်နိုင်ငံ၏ အလစ်ငိုက်တိုက်ခိုက်မှုကို တားဆီးရန် ခုခံရေးစခန်းများ ချထားခဲ့သည်။ ချင်စစ်တပ်က မြစ်ကို ဖြတ်ကူးရန်ကြိုးစားလျှင် ကြားဖြတ်တားဆီးရန်နှင့် တိုက်ခိုက်ရန်အတွက် ဝေမြစ်တစ်လျှောက် ကင်းလှည့်နေကြသည်။
သို့သော် ထိုဆိပ်ကမ်းက အန္တရာယ်များသော ရေပြင်အနေအထားကြောင့် ဝေဝူကျိ၏ ခုခံမှု အားအနည်းဆုံးဖြစ်နေသည်။ ဝေကင်းလှည့်တပ်များ ရှိနေသော်လည်း သူတို့၏ အရေအတွက်က မပြောပလောက်ပေ။
ထိုဆိပ်ကမ်းနှင့် လီအနည်းငယ်အကွာတွင် ချင်စစ်တပ်၏ တပ်ဖွဲ့တစ်ခုက ရိက္ခာခြောက်များကို စားသောက်ရင်း စခန်းချနေကြသည်။ တစ်ညလုံးအပြင်းချီတက်လာပြီးနောက် အရုဏ်တက်ချိန်တွင် သူတို့တရောက်ရှိလာကြခြင်းဖြစ်သည်။
" စစ်သူကြီး ကျွန်တော် အခုလေးတင် ရောက်တာပါ။ " ချင်စစ်တပ်၏ ကင်းထောက်တစ်ယောက်က ကျောက်ဖုန်းကို အစီရင်ခံလိုက်သည်။
" ဝေမြစ်ရဲ့ ဟိုဘက်ကမ်းမှာ ကင်းလှည့်နေတဲ့ ဝေစစ်သည်အရေအတွက်က နည်းနည်းပဲ ရှိပါတယ်။ လူတစ်ရာလောက်ရှိတဲ့ စခန်းငယ်လေးတစ်ခု ဖြစ်ပုံရပါတယ်။ "
" ဟုန်ဇီဆိပ်ကမ်းရဲ့ ရေစီးကြောင်းက တကယ်ကြောက်စရာကောင်းတယ်။ " ကျောက်ဖုန်းက ချီးကျူးသော လေသံဖြင့် ပြောလိုက်သည်။
" ဒီဆိပ်ကမ်းမှာ လူတွေအများကြီးသေခဲ့ရလို့ နောက်ဆုံးမှာ စွန့်ပစ်လိုက်ရတာပဲ။ ဒါပေမယ့် ဒီလိုအန္တရာယ်များတဲ့နေရာမှာတောင် တပ်စွဲထားတယ်ဆိုတော့ ဝေဝူကျိက တကယ်သတိကြီးတဲ့သူပဲ။ "
" စစ်သူကြီး..." ကျန်းဟန်က ရိုသေစွာ မေးလိုက်သည်။ " ကျွန်တော်တို့ ဘယ်တော့ဖြတ်ကူးကြမလဲ။ "
" စစ်သည်တွေကို နေ့ဝက်လောက် အနားယူပါစေဦး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " အချိန်ကျတာနဲ့ ငါတို့ မြစ်ကို ဖြတ်ကူးပြီး ဝေနိုင်ငံကို တိုက်ခိုက်မယ်။ "
" စစ်သူကြီး အဲ့ဒီအချိန်က ဘယ်အချိန်လဲ။ " ကျန်းဟန်က နားမလည်ဘဲ မေးလိုက်သည်။
" အချိန်တန်ရင် မင်းသိပါလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်ပြီး သူ၏ အကြည့်များက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။