အခန်း (၁၃၄)
Vol. 14 Ch. 134
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၃၄)
ဝေမြို့။
ဝေစစ်တပ်က အတင်းအကျပ် ထိုးဖောက်ရန် ကြိုးစားနေသည်။ ကျောက်ဖုန်းကိုယ်တိုင် ခံစစ်ကို မကွပ်ကဲခြင်းနှင့် ကံကြမ္မာအရာရှိတံဆိပ်၏ စွမ်းအားမြှင့်တင်ခြင်းမရှိသောကြောင့် ဝေမြို့ကို ကာကွယ်နေကြသော စစ်သည်များက အပြင်းအထန် တိုက်ခိုက်နေကြသော်လဘ်း သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက သိသိသာသာ နိမ့်ကျသွားကြသည်။
တုဆွေနှင့် ဝေချွမ်တို့က မြို့ရိုးပေါ်မှ တိုက်ပွဲကို ကြီးကြပ်နေကြသည်။
" လူတစ်ယောက်လဲကျသွားရင် နောက်တစ်ယောက် အစားထိုးဝင်။ ဆယ်ယောက်လဲကျသွားရင် ဆယ်ရောက်ဝင်။ သူတို့ကို သတ်ကြ။ " တုဆွေက ဟိန်းဟောက်လိုက်သည်။
မြို့ရိုးပေါ်မှ မြားမိုးများ ရွာကျနေသကဲ့သို့ စစ်သည်များကလည်း အောက်မှ ဝေစစ်တပ်ကို ကျောက်တုံးများဖြင့် ပစ်ပေါက်နေကြသည်။ မြို့သိမ်းတိုက်ပွဲက အလွန်ရက်စက်လှသည်။ ဝေမြို့တစ်ခုလုံးက သွေးညှီနံ့များ ဖုံးလွှမ်းနေသည်။
ဝေစစ်တပ်၏ ဗဟိုကွပ်ကဲရေးဌာနတွင် ဝေဝူကျိက သက်ပြင်းချလိုက်သည်။ " ငါတို့ သုံးရက်ဆက်တိုက် တိုက်ခိုက်နေတာတောင် မြို့ထဲမှာ ဖရိုဖရဲဖြစ်တဲ့ လက္ခဏာတွေမတွေ့ရသေးဘူး။ ချင်စစ်တပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက လျော့ကျသွားပေမယ့် သူတို့ရဲ့ ခုခံမှုက ကျစ်လစ်နေတုန်းပဲ။ "
" ဖြစ်နိုင်တာက ဝေဝူတပ်ဖွဲ့ကို အသုံးပြုရုံက လွဲပြီး အခြားရွေးချယ်စရာမရှိတော့ဘူးထင်တယ်။ "
မူလက ဝေဝူတပ်ဖွဲကို အရေးကြီးဆုံးအချိန်မှ အသုံးပြုရန် ရည်ရွယ်ထားသည်။ ပထမဆုံး မြို့မှာတင် သူတို့ကို အသုံးပြုရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
" အသက် ၁၆နှစ်အရွယ်နဲ့ စစ်သူကြီးအဖြစ် ခန့်အပ်ခံရပြီး ချင်ဘုရင်ရဲ့ အလေးပေးမှုကို ခံရတာ မထူးန်းဘူး။ သူက တကယ်ကို အရည်အချင်းရှိတဲ့ စစ်သူကြီးပဲ။ " ဝေတပ်မှူးတစ်ယောက်က ပြောလိုက်သည်။
ဝေဝူကျိ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လင်းလက်သွားသည်။ " ဒီကောင်လေး... တကယ်လို့ ငါတို့ ဝေနိုင်ငံအတွက် အမှုထမ်းခိုင်းလို့မရရင် သူ့ကို အသက်ရှင်ခွင့်ပေးလို့မရဘူး။ "
" ငါ့အမိန့်ကို နာခံကြ။ မြို့ကို တိုက်ခိုက်ဖို့ ဝေဝူတပ်သားနှစ်သောင်းကို စေလွှတ်လိုက်။ တကယ်လို့ သူတို့ မထိုးဖောက်နိုင်ရင် ကျန်တဲ့ သုံးသောင်းကို ထပ်လွှတ်။ သာမန်စစ်သည်တွေက စနစ်တကျ နောက်ပြန်ဆုတ်ရမယ်။ "
" အမိန့်အတိုင်းပါ။ "
ခဏကြာသောအခါ နောက်တန်းတွင် ငြိမ်သက်နေသော ဝေဝူတပ်ဖွဲ့ဝင်များက စတင်လှုပ်ရှားလာကြသည်။
" ဝေဝူတပ်ဖွဲ့ အောင်ပွဲမရမချင်း နောက်မဆုတ်ဘူး။ "
" သတ်ကြ...."
ဝေစစ်တပ်၏ နောက်တန်းမှ ဒိုင်းများနှင့် လှံရှည်များကိုင်ထားသော ချပ်ဝတ်စစ်သည်နှစ်သောင်းက ချီတက်လာကြသည်။ အခြားတပ်ဖွဲ့များနှင့် ယှဉ်လျှင် ဝေဝူတပ်ဖွဲ့က ဝေမြို့ဆီသို့ ချီတက်လာချိန်တွင် ပို၍ ခန့်ညားပြီး စနစ်တကျရှိလှသည်။
" မကောင်းတော့ဘူး။ " ဝေဝူတပ်ဖွဲ့ ချီတက်လာသည်ကို မြင်သောအခါ တုဆွေ၏ အမူအရာက လေးနက်သွားသည်။
" ဘာဖြစ်လို့လဲ။ " ဝေချွမ်က ဘေးမှမေးလိုက်သည်။
" ဝေဝူတပ်ဖွဲ့ကို အသုံးပြုလိုက်ပြီ။ " တုဆွေက လေးနက်စွာ ပြောလိုက်သည်။ " ငါသိနေတယ်။ ဝေနိုင်ငံရဲ့ ဝေဝူကျိကိုယ်တိုင် စစ်တပ်ကို ဦးဆောင်နေမှတော့ ဝေဝူတပ်ဖွဲ့က မပါဘဲနေမလား။ သူတို့က နောက်မှ ငါတို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာပဲ။ "
" ဝေဝူတပ်ဖွဲ့ဟုတ်လား။ " ဝေချွမ်က နားမလည်သေးပေ။ သာမန် ထောက်ပို့တပ်ဖွဲ့မှ တက်လှမ်းလာသူဖြစ်သောကြောင့် ဝေချွမ်က ထိုအကြောင်းအရာများကို နားမလည်သေးပေ။
" ဝေဝူတပ်ဖွဲ့ဆိုတာ ဝေနိုင်ငံရဲ့ အသန်မာဆုံး အထူးတပ်ဖွဲ့ပဲ။ သူတို့ထဲက လူတိုင်းက ခွန်အားကြီးတဲ့ စစ်သည်တွေပဲ။ ဘယ်လက်မှာ ဒိုင်း၊ ညာလက်မှာ လှံရှည်ကို ကိုင်ပြီး သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဝေဝူတပ်ဖွဲ့က ချင်နိုင်ငံကို အထိအခိုက်အများကြီးဖြစ်စေခဲ့ဖူးတယ်။ ဟေရှီးဒေသက ဝေနိုင်ငံလက်ထဲကျရောက်သွားတာကလည်း သူတို့ကြောင့်ပဲ။ "
" အခု ဝေဝူတပ်ဖွဲ့ကို အသုံးပြုလိုက်ပြီဆိုတော့ တကယ်တိုက်ပွဲက အခုမှစတော့မှာပဲ။ "
ဝေချွမ်က ခေါင်းညိမ့်လိုက်သော်လည်း အေးစက်စွာ ရယ်မောလိုက်သည်။ " ဝေဝူတပ်ဖွဲ့က အရင်က အားကောင်းခဲ့ပေမယ့် ဒီနေ့ ငါတို့ ချင်စစ်သည်တွေကလည်း အားမနည်းပါဘူး။ ဒါအပြင် ငါတို့က ခိုင်ခံ့တဲ့ မြို့ကို ကာကွယ်ရတဲ့ အားသာချက်ရှိနေတယ်။ သူတို့ဘယ်လောက်အားကောင်းပါစေ မြို့ရိုးက ငါတို့ကြားမှာ ရှိနေတာပဲ။ သူတို့အရည်အချင်းရှိရင် ဒီအပါ်ကို တက်လာဖို့ ကြိုးစားကြည့်လိုက်ပေါ့။ "
" ဝေချွမ် မင်းနားမလည်ပါဘူး။ " တုဆွေက ခေါင်းခါလိုက်သည်။ " ဝေဝူတပ်ဖွဲ့မှာ ထူးခြားတဲ့ အချက်တစ်ခုရှိတယ်။ အဲ့ဒါက ရန်သူမကျရှုံးသရွေ့ နောက်မဆုတ်ဘူးဆိုတာပဲ။ သူတို့တိုက်ပွဲထဲကို ဝင်လာတာက အသေခံတိုက်ဖို့ပဲ။ သူတို့အားလုံး တိုက်ရင်း သေသွားမယ်။ မဟုတ်ရင် ငါတို့မြို့ရိုးကို သူတို့ထိုးဖောက်သွားမယ်။ အခု ငါပြောတာ နားလည်ပြီလား။ "
" ဆိုလိုတာက သူတို့က မရပ်မနား တိုက်နေမှာပေါ့။ " ဝေချွမ်က အံ့ဩသွားသည်။
" မှန်တယ်။ "တုဆွေက ခေါင်းညိမ့်လိုက်သည်။ " သူတို့အားလုံး သေရင်သေ မဟုတ်ရင် ငါတို့မြို့ရိုး ကျိုးပျက်သွားမှ သူတို့ရပ်ကြလိမ့်မယ်။ "
" အသေခံတိုက်ဖို့ ပြင်ထားကြ။ ဘယ်လိုပဲဖြစ်ဖြစ် ဝေမြို့က ကျဆုံးလို့မရဘူး။ " တုဆွေက ပြောလိုက်သည်။
" မြို့ထဲမှာ တိုက်ပွဲဝင်နိုင်တဲ့ စစ်သည်ခုနှစ်သောင်းရှိသေးတယ်။ ဒီဝေဝူတပ်ဖွဲ့က အဲ့လောက်ကြောက်စရာကောင်းတယ်ဆိုတာ ငါမယုံဘူး။ " ဝေချွမ်က သူဖး ခါးမှဓားကို ဆုပ်ကိုင်ပြီး ကြောက်ရွံ့ခြင်းမရှိ ပြောလိုက်သည်။
မြို့ရှေ့တွင် ဝေဝူတပ်ဖွဲ့က စနစ်တကျ ချီတက်လာကြသည်။ ချင်လေးသည်တော်များ၏ မြားမိုးများကို ဒိုင်းများဖြင့် ကာကွယ်ရင်း ရှေ့တိုးလာကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က ကံဆိုးပြီး မြားထိမှန်ခံခဲ့ရလျှင်တောင် အသက်အန္တရာယ်မရှိသရွေ့ သူတို့က ရှေ့သို့ ဆက်ပြီး ချီတက်နေကြသည်။
မကြာမီ သူတို့က မြို့ရိုးခြေရင်းထိ အရှိန်အဟုန်နှင့် ရောက်လာကြသည်။ သူတို့ထဲမှ အချို့က မြို့သိမ်းတူကြီးများကို တွန်းလာပြီး မြို့တံခါးကို ထိုးနှက်လိုက်ကြသည်။
ဒုန်း ဒုန်း ဒုန်း....
ထုနှက်သံများက အဆက်မပြတ် ထွက်ပေါ်နေကြသည်။
အခြားသူများက လူစုခွဲကာ မြို့တက်လှေကားများအတိုင်း မြို့ရိုးထိပ်သို့ စတင်တက်လိုက်ကြသည်။ သူတို့၏ ကျွမ်းကျင်သော လှုပ်ရှားမှုများနှင့် အရှိန်အဟုန်များအရ မရေတွက်နိုင်သော လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်များ ထင်ရှားသည်။
အပေါ်မှ ကျောက်တုံးကြီးများနှင့် မြားမိုးများကျလာသော်လည်း ဝေဝူတပ်ဖွဲ့ဝင်များက အကျအဆုံးများရှိနေလျှင်တောင် သာမန်ဝေစစ်သားများကဲ့သို့ ရုတ်ရုတ်သဲသဲ မဖြစ်ပေ။ သူတို့က သေရမည်ကို လုံးဝ မကြောက်သကဲ့သို့ အပေါ်သို့ ဆက်တက်နေကြသည်။
ထိုသို့ ကြောက်စရာကောင်းသော ဝေဝူတပ်ဖွဲ့ဝင်များကို မြင်သောအခါ ဝေချွမ်ပင် အနည်းငယ် စိုးရိမ်သွားမိသည်။ သူတို့၏ အရှိန်အဟုန်ကို ကြည့်ရုံနှင့်ပင် သူတို့က သာမန်စစ်သည်များထက် များစွာအားကောင်းသည်မှာ ထင်ရှားသည်။
တိုက်ပွဲက အပြင်းအထန်ဆက်ဖြစ်နေသည်။ ဝေဝူတပ်ဖွဲ့က တိုက်ပွဲထဲဝင်လာသည်နှင့် တိုက်စစ်က ပိုမိုပြင်းထန်လာပြီး သူတို့ထဲမှ အချို့က မြို့ရိုးပေါ်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်။
" ညီအကိုတို့...." တုဆွေက သူ၏ ဓားကို ဆွဲထုတ်ပြီး ဟိန်းဟောက်လိုက်သည်။ " ရန်သူကို သတ်ပြီး မင်းတို့ရဲ့ စွမ်းဆောင်မှုတွေကို ရယူကြ။ ချင်နိုင်ငံက သူ့ရဲ့ စစ်သည်တွေကို ဘယ်တော့မှ မေ့ထားမှာမဟုတ်ဘူး။ သတ်ကြ။ "
" ချင်နိုင်ငံအတွက် သတ်ကြ...." မြို့ရိုးပေါ်မှ စစ်သည်များကလည်း တိုက်ပွဲထဲသို့ ပြေးဝင်လာကြသည်။ ရန်သူတစ်ယောက်က မြို့ရိုးပေါ်သို့ ရောက်လာသည်နှင့် သူတို့ထဲမှ အများအပြားက ဝိုင်းအုံပြီး ခုတ်ပိုင်းကြသည်။
ထိုအချိန်တွင် ကျောက်ဖုန်း ချန်ထားခဲ့သော ကိုယ်ရံတော်တစ်ရာက စတင်လှုပ်ရှားလာသည်။
" ညီအကိုတို့...." ကျန်းမင်က အော်ဟစ်လိုက်သည်။ " မင်းတို့ အစွမ်းကုန်ထုတ်ကြ။ ရန်သူကို သတ်ကြ။ "
သူက ရှေ့သို့တက်သွားပြီး ဝေဝူစစ်သည်တစ်ယောက်ကို ဓားနှင့် ခုတ်ပိုင်းလိုက်သည်။ ထိုစစ်သည်က အလွန်ပြင်းထန်သော အားတစ်ခုကြောင့် လွင့်ထွက်သွားပြီး မြို့ရိုးအောက်မှ မြေပြင်ပေါ်သို့ ကျသွားသည်။
" ရန်သူကို သတ်ကြ။ " ကိုယ်ရံတော်တစ်ရာလုံးက သူတို့၏ အတွင်းအားများကို အသုံးပြုပြီး အစွမ်းကုန် တိုက်ခိုက်ကြသည်။
ကျောက်ဖုန်း၏ ကိုယ်ရံတော်များက သူချန်ခဲ့သော နောက်ဆုံးလက်နက်ဖြစ်ပြီး သူတို့တစ်ယောက်ချင်းစီက ဟောက်ထျန်း အဆင့်နှစ် အဆင့်သုံး ရှိကြပြီး သာမန်စစ်သည်ဆယ်ယောက်ကို တပြိုင်နက် ရင်ဆိုင်နိုင်ကြသည်။ မြို့စောင့်စစ်သည်များနှင့် ပူးပေါင်းသောအခါ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသွားသည်။
မြို့ထဲတွင် ချန်တောက်နှင့် ကျောက်ထို့တို့က နောက်တန်းမှာ ကျန်နေခဲ့သည်။
" တပ်မှူး..." စစ်သည်တစ်ယောက်က သူတို့နှစ်ယောက်ဆီသို့ ပြေးလာပြီး အစီရင်ခံလိုက်သည်။
" ဝေစစ်တပ်က မြို့ရိုးကို ဖောက်ဝင်နေပါပြီ။ တပ်မှူးတုဆွေနှင့် တပ်မှူးဝေချွမ်တို့က စစ်သည်တွေကို ဦးဆောင်ပြီး ခုခံတိုက်ခိုက်နေပါတယ်။ "
သူတို့က လဝက်နီးပါးကြာအောင် တိုက်ပွဲထဲမဝင်ဘဲ နောက်တန်းတွင်သာ နေခဲ့ရသော်လည်း ရှေ့တန်းမှ အခြေအနေများကို အဆက်မပြတ် စုံစမ်းနေခဲ့သည်။
" ဝေစစ်တပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ပိုအားကောင်းလာတာလား။ " ချန်တောက်က အံ့ဩစွာဖြင့် မေးလိုက်သည်။
" ဒီတစ်ခေါက်က ဝေစစ်တပ်မဟုတ်ဘဲ ဝေနိုင်ငံက ဝေဝူတပ်ဖွဲ့ပါ။ " စစ်သည်က ပြန်ဖြေလိုက်သည်။
" ဘာ... ဝေဝူတပ်ဖွဲ့ဟုတ်လား..." ချန်တောက်နှင့် ကျောက်ထို့တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
" ဝေဝူတပ်ဖွဲ့ကို အသုံးပြုလိုက်ပြီဆိုတော့ တကယ် သွေးချောင်းစီးတိုက်ပွဲက စတော့မှာပဲ။ " ချန်တောက်က လေးနက်စွာ ပြောလိုက်သည်။
" ငါတို့လည်း မကြာခင် စစ်မြေပြင်ကို ဝင်ရောက်ရတော့မယ့်ပုံပဲ။ " ကျောက်ထို့က ပြောပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ စစ်သည်က ချက်ချင်း ထွက်ခွာသွားသည်။
" မင်းအခုထိ သတိမထားမိသေးဘူးလား။ ကျောက်ဖုန်းက ငါတို့ကို တိုက်ပွဲထဲ ဝင်ခွင့်ပေးဖို့ အစီအစဉ်မရှိဘူး။ " ကျောက်ထို့က လှောင်ပြုံးပြုံးပြီး ပြောလိုက်သည်။
" ငါသတိထားမိတာပေါ့။ " ချန်တောက်ကလည်း ပြန်ပြောလိုက်သည်။ " အခုဝေမြို့မှာရှိတပ် စစ်တပ်က တပ်မှူးတွေအားလုံးက သူ့လူတွေ ဖြစ်ကုန်ပြီ။ ဝူယွဲ့နဲ့ ချီရှန်တို့ကလည်း သူ့အမိန့်ကိုပဲ နာခံနေကြတယ်။ သူက ငါတို့နှစ်ယောက်ကိုပဲ ဖယ်ထားတာ။ "