အခန်း (၁၃၅)
Vol. 14 Ch. 135
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၃၅)
" ကျောက်ဖုန်းက ငါတို့ကို မြို့စောင့်ရင်း ဘာစွမ်းဆောင်မှုမှ မရစေချင်တာကို ငါတို့က ဘာလို့ဂရုစိုက်နေရမှာလဲ။ မြို့ကျဆုံးသွားရင် အပြစ်က သူ့အပေါ်ပဲ ပုံကျမှာ။ မြို့က ခုခံနိုင်ခဲ့ရင်လည်း အောင်မြင်မှုက ကျောက်ဖုန်းနဲ့ မြို့စောင့်တပ်မှူးတွေဆီပဲရောက်မှာပဲ။ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ " ကျောက်ထို့က ပြောလိုက်သည်။
" မင်းဘာကိုဆိုလိုတာလဲ။ " ချန်တောက်က မျက်မှောင်ကြုတ်လိုက်သည်။
" ကျောက်ဖုန်းက စစ်သည်ရှစ်သောင်းနဲ့တောင် မြို့ကို မကာကွယ်နိုင်ရင် ငါတို့က အဲ့ဒီအပေါ်ကို ဘာတက်လုပ်မှာလဲ။ " ကျောက်ထို့က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ချန်တောက်က တိတ်ဆိတ်သွားသည်။ အမှန်အတိုင်းပြောရလျှင် သူက ကျောက်ဖုန်းအပေါ် မနာလိုစိတ်များနှင့် ပြည့်နှက်နေသည်။ အကယ်၍ ကျောက်ဖုန်းသာမရှိလျှင် လက်ထောက်စစ်သူကြီးရာထူးက သူ့အတွက်သာ ဖြစ်ပေလိမ့်မည်။
ကျောက်ဖုန်းကြောင့် သူက လက်ထောက်စစ်သူကြီးမဖြစ်သည့်အပြင် ကျောက်ဖုန်း၏ လက်အောက်ငယ်သားပင်ဖြစ်သည်။ လူအများ၏ အမြင်တွင် ချန်တောက်က ရယ်စရာဖြစ်နေခဲ့သည်။
" ရူးမနေနဲ့။ " ချန်တောက်က အသိပြန်ဝင်လာပြီး ပြောလိုက်သည်။ " တကယ်လို့ အခြေအနေဆိုးရွားလာလို့ ကျောက်ဖုန်းက ငါတို့ကို မြို့ရိုးပေါ်တက်ဖို့ အမိန့်ပေးရင် ငါတို့ငြင်းဆန်တာက သစ္စာဖောက်မှုပဲ။ "
" ဒါဆို ကျောက်ဖုန်းက မြို့ထဲမှာ မရှိဘူးလို့ ငါပြောရင် မင်းဘယ်လိုထင်လဲ။ " ကျောက်ထို့က ရုတ်တရက် ပြောလိုက်သည်။
" သူက မြို့ထဲမှာမရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ " ချန်တောက်က အံ့ဩသွားသည်။ " သူက ထွက်ပြေးမှာတော့မဟုတ်ပါဘူး။ "
" အသေးစိတ်ကိုတော့ ငါလည်းမသိဘူး။ ဒါပေမယ့် ကျောက်ဖုန်း မြို့ထဲမှာ မရှိတာကတော့ သေချာတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူ့အရိပ်အယောင်ကို မတွေ့ရဘူး။ " ကျောက်ထို့က ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
" အခု မြို့ရိုးကို ကာကွယ်နေတာက တုဆွေနဲ့ ဝေချွမ်ပဲ။ ငါ့လူတွေက ဒါကို သေချာစုံစမ်းထားတာပဲ။ "
ချန်တောက်က အတွေးနက်နေသည်။
" သူဘာလုပ်လုပ်ငါတို့နဲ့ မဆိုင်ပါဘူး။ " ကျောက်ထို့က အေးစက်စွာဖြင့် ရယ်မောလိုက်သည်။ "ဒါပေမယ့် တကယ်လို့ ဝေစစ်တပ်က ဝေမြို့ကို ထိုးဖောက်ပြီး ရှေ့တန်းခံစစ်ပြိုလဲသွားရင်တော့ ငါ့တို့က ငါတို့လူတွေကို ဦးဆောင်ပြီး ဆုတ်ခွာလိုက်ရုံပဲ။ အဲ့ဒီနောက်မှ ငါတို့က တခြားမြို့တစ်မြို့ကနေ ဝေစစ်တပ်ကို ခုခံရင်း စစ်ကူစောင့်လို့ရတယ်။ အဲ့ဒါကလည်း ကြီးမားတဲ့ စွမ်းဆောင်မှုဖြစ်နေမှာပဲ။ "
၎င်းကို ကြားသောအခါ ချန်တောက်က ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။
" ကောင်းပြီ။ " ကျောက်ထို့က ရယ်မောလိုက်သည်။ " တပ်မှူးချန် ငါတို့နှစ်ယောက် ပူးပေါင်းရင် ဒီစွမ်းဆောင်မှုကို ငါတို့ရမှာသေချာတယ်။ "
ဝေမြို့ရိုးပေါ်တွင် တိုက်ပွဲက အပြင်းအထန် ဆက်ဖြစ်နေသည်။ ဝေဝူတပ်ဖွဲ့က အမှန်တကယ် ကြမ်းတမ်းလှသည်။ သို့သော် တုဆွေနှင့် ဝေချွမ်တို့၏ ကွပ်ကဲမှုအောက်တွင် မြို့ရိုးပေါ်မှ စစ်သည်များက အသေခံတိုက်ခိုက်နေပြီး ဝေဝူတပ်ဖွဲ၏ တိုက်စစ်များကို တွန်းလှန်နေကြသည်။
ချင်အပြစ်သားတပ်ဖွဲ့မှ စစ်သည်များကလည်း အသေခံတိုက်ခိုက်ကြသည်။ ရန်သူကို သတ်ဖြတ်ခြင်းက သူတို့၏ တစ်ခုတည်းသော အနာဂတ်ဖြစ်သည်။ သူတို့က ရန်သူများကို သတ်လျှင် ရာထူးဘွဲ့ထူးများ ရပြီး တိုက်ပွဲတွင် သေဆုံးသွားလျှင်တောင် သူတို့၏ မိသားစုများက ဂုဏ်ပြုထောက်ပံ့ခြင်းခံရပေလိမ့်မည်။
" သတ်ကြ။ ရန်သူတွေကို သတ်ကြ။ " မြို့ရိုးပေါ်မှ စစ်သည်များက ဟိန်းဟောက်ရင်း တက်လာသော ဝေဝူတပ်ဖွဲ့ဝင်များနှင့် အပြင်းအထန် ရင်ဆိုင်နေကြသည်။
" ချင်စစ်သည်တို့ အသေခံတိုက်ကြ။ ရန်သူတွေကို ပြန်မောင်းထုတ်ကြ။ " ဝေချွမ်က အော်ဟစ်ရင်း ရှေ့တန်းသို့ ပြေးဝင်သွားသည်။
သူက ဓားတစ်ချက် ဝေ့ရမ်းလိုက်ရုံနှင့် ဝေဝူစစ်သည်တစ်ယောက်ကို သတ်လိုက်ပြီး နောက်ထပ် ပြင်းထန်သော ကန်ချက်တစ်ခုနှင့် နောက်တစ်ယောက်ကိုပါ အသက်ပျောက်စေခဲ့သည်။
ချင်စစ်သည်များက သူတို့၏ နေရာကို ထိန်းထားနိုင်ပြီး နောက်ဆုတ်ခြင်း သို့မဟုတ် ဝေဝူစစ်တပ်၏ တွန်းထုတ်ခြင်းခံရခြင်းမျိုး လုံးဝမရှိပေ။
ဝေဝူကျိက အံ့ဩနေသည်။ သူတို့က မြို့ကို တစ်နေကုန် မရပ်မနညး တိုက်ခိုက်နေကြပြီး ယခု ညမိုးချုပ်ခါနီးအချိန်ထိ မြို့ရိုးကို မသိမ်းပိုက်နိုင်သေးပေ။
" ငါ့ရဲ့ ဝေဝူတပ်ဖွဲကို ယှဉ်နိုင်တယ်ဆိုတော့ ဒီချင်စစ်တပ်က ဘယ်လိုမျိုးလေ့ကျင့်ထားတာလဲ။ သူတို့က တကယ်ပဲ ချင်စစ်သည်တွေနဲ့ လက်နက်ချစစ်သည်တွေလား။ မဟုတ်ဘူး အဲ့ဒါမဖြစ်နိုင်ဘူး။ "
သူက ဝေဝူစစ်တပ်၏ တိုက်ခိုက်နိုင်စွမ်းကို ကောင်းကောင်းသိလေသည်။ ဝေဝူတပ်ဖွဲ့က အရက်စက်ဆုံးနည်းလမ်းများဖြင့် လေ့ကျင့်ထားသူများဖြစ်သည်။ ဝေဝူစစ်သည်တစ်ယောက်ချင်းစီက သာမန်စစ်သည်အများအပြားကို တစ်ပြိုင်နက် ရင်ဆိုင်နိုင်စွမ်းရှိကြသည်။ သို့သော် ထိုကဲ့သို့ ထိပ်တန်းစစ်သည်များကို သာမန်ချင်စစ်တပ်က တားဆီးထားနိုင်သည်။
" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ " ဝေဝူကျိက အမိန့်ပေးလိုက်သည်။ " တပ်ဖွဲ့အားလုံး ရှိသမျှ အင်အားအကုန်သုံးပြီး တိုက်ကြ။ မြို့ကို မသိမ်းနိုင်မချင်း နောက်မဆုတ်နဲ့။ ဒီတိုက်ပွဲမှာ ငါတို့ ဝေမြို့ကို ရအောင်သိမ်းပိုက်ရမယ်။ "
ဝေတပ်မှူးများက အမိန့်ကို ထပ်ဆင့်ကြေညာလိုက်ကြသည်။ ထို့နောက် ဝေစစ်တပ်၏ တိုက်စစ်က ပိုပြီး ကြမ်းတမ်းလာသည်။
ဝေနိုင်ငံ၏ နယ်မြေအတွင်း ရှန်းဝေမြို့က ချင်နိုင်ငံကို တိုက်ခိုက်သော စစ်ပွဲအတွက် အရေးအကြီးဆုံး ရိက္ခာနှင့် ထောက်ပံ့ရေးဗဟိုချက်ဖြစ်သည်။ ဝေနိုင်ငံ၏ အလယ်ပိုင်းမှ သယ်ယူလာသော ရိက္ခာများက ချင်နယ်မြေထဲမှ ဝေဝူကျိ၏ စစ်တပ်ဆီသို့ မပို့မီ ထိုနေရာတွင် ခဏသိမ်းဆည်းထားသည်။
ညအမှောင်ကို အကာအကွယ်ယူပြီး လူတစ်ထောင်မပြည့်သော တပ်ဖွဲ့တစ်ခုက ရှန်းဝေမြို့ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။ မြို့တံခါးများ ပိတ်ထားပြီးသားဖြစ်သည်။
" ရပ်လိုက်။ " မြို့ရိုးပေါ်မှ တာဝန်ကျ အရာရှိက အောက်မှတပ်ဖွဲ့ကို လှမ်းအော်လိုက်သည်။
" တပ်မှူး တံခါးကို ချက်ချင်း ဖွင့်ပေးပါ။ ကျုပ်မှာ အရေးကြီးအစီရင်ခံစာ ပေးပို့စရာရှိလို့ပါ။ " အောက်မှ ဝေတပ်မှူးက စိုးရိမ်တကြီး ပြောလိုက်သည်။
" ရိက္ခာတန်းက ပြန်လာပြီးပြီ။ အခြားတပ်ဖွဲ့လှုပ်ရှားမှုတွေနဲ့ပက်သက်လို့ ငါဘာအမိန့်မှမရထားဘူး။ မင်းတို့က ဘယ်ကလဲ။ " မြို့ရိုးပေါ်မှ တပ်မှူးက အံ့ဩတကြီး ပြန်ပြောလိုက်သည်။
" တပ်မှူး..." အောက်မှ တပ်မှူးက ထိတ်လန့်စွာဖြင့် ပြန်ပြောလိုက်သည်။ " ကျုပ်တို့ ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပါတယ်။ "
" ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခံရတယ်ဟုတ်လား။ " မြို့ရိုးပေါ်မှ တပ်မှူးက တုန်လှုပ်သွားသည်။ " ချင်စစ်တပ်က မြစ်ကို ဖြတ်ကျော်လာတာလား။ "
" ဖြတ်ကျော်လာပြီ။ " အောက်မှတပ်မှူးက လေးနက်စွာ ပြန်ဖြေလိုက်သည်။
" ကျုပ်က ဝေမြစ်မှာ တပ်စွဲထားတဲ့ တပ်မမှူးလီချန်းပါ။ ချင်စစ်တပ်က ကျုပ်လူလေးထောင်နီးပါးကို သတ်ပစ်လိုက်ပြီ။ ကျုပ်က အခြေအနေကို သတင်းပို့ဖို့အတွက် ကျန်တဲ့ညီအကိုတွေနဲ့အတူ ဝန်းရံထားတာကို ဖောက်ထွက်လာခဲ့တာပဲ။ "
" သူတို့က ဘယ်လိုလုပ် ဝေမြစ်ကို ဖြတ်ကျော်နိုင်တာလဲ။ " မြို့ရိုးပေါ်မှ တပ်မှူးက နားမလည်နိုင်ဖြစ်သွားသည်။
" အရှင်က ဝေမြစ်တစ်လျှောက် ကင်းလှည့်ဖို့ စီစဉ်ထားတာပဲ။ တကယ်လို့ ချင်စစ်တပ်က ဖြတ်ဖို့ ကြိုးစားရင် ငါတို့တပ်ဖွဲ့တွေက သူတို့ကို တိုက်မှာပေါ့။ သူတို့ဖြတ်ကျော်နိုင်စရာမကြောင်းမရှိဘူး။ "
" ဟုန်ဇီဆိပ်ကမ်းက ဖြတ်လာတာပဲ။ စစ်သည်တွေ သတိလက်လွတ်ဖြစ်နေတဲ့အချိန် အလစ်ငိုက်တိုက်ခိုက်ခဲ့တာပဲ။ " လီချန်းက ပြောလိုက်သည်။
" ဟုန်ဇီဆိပ်ကမ်းကလား။ ဖြတ်ဖို့မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ နေရာကပေါ့။ " မြို့ရိုးပေါ်မှ တပ်မှူးက မှင်သက်သွားသည်။
" တပ်မှူး ချင်စစ်တပ်က မြစ်ကို ဖြတ်ပြီးပြီ။ ဒီမြို့ကနေ လီတစ်ဆယ်တောင်မဝေးတော့ဘူး။ ကျုပ်နဲ့ကျုပ်လူတွေကို မြို့ထဲကိုဝင်ပြီး နားခွင့်ပေးပါ။ ကျုပ်တို့တစ်နေ့လုံး ဘာမှမစားရသေးဘူး။ " လီချန်းက ခါးသီးစွာ ပြောလိုက်သည်။
ထိုအချိန်တွင် မြို့ရိုးပေါ်မှ ဝေတပ်မှူးက သူ၏ သတိကို လျှော့ချလိုက်သည်။ မည်သို့ပင်ဖြစ်စေ ထိုလူတစ်ထောင်က ရှုံးနိမ့်လာသော စစ်ပြေးများဖြစ်သည်မှာ ထင်ရှားနေသည်။ စစ်သည်နှစ်သောင်းတပ်စွဲထားသော ရှန်းဝေမြို့ကို သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။
" မြို့တံခါးတွေကို ဖွင့်လိုက်။ " ဝေတပ်မှူးက ကျယ်လောင်စွာ မေးလိုက်သည်။ ရှန်းဝေမြို့၏ လေးလံသော တံခါးကြီးများက ဖြည်းညင်းစွာ ပွင့်လာသည်။
" ကျေးဇူးတင်ပါတယ် တပ်မှူး။ " လီချန်က ပြောပြီး မြင်းကို မြို့ထဲသို့ ဒုန်းစိုင်းဝင်သွားသည်။
သူ၏ နောက်မှ ဝေစစ်သည်တစ်ထောင်ကျော်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေပြီး သူတို့၏ အေးစက်သော အကြည့်များကို အမှောင်ထုက ဖုံးကွယ်ပေးထားသည်။ သူတို့က ဝေစစ်သည်များ၏ ဝတ်စုံများကို ဝတ်ဆင်ထားသော ကျောက်ဖုန်း၏ အထူးစစ်သည်များပင် ဖြစ်သည်။
ကျောက်ဖုန်းက မြို့ထဲသို့ ရောက်သည်နှင့် အလျင်စလို မလုပ်သေးဘဲ သူ၏ အထူးစစ်သည်အားလုံး မြို့တံခါးကို ဖြတ်ကျောက်ဝင်ရောက်လာသည်အထိ စောင့်နေသည်။ သူတို့အားလုံး မြို့ထဲသို့ ရောက်သည်နှင့် မြို့ရိုးပေါ်မှ တပ်မှူးက သူတို့ကို တွေ့ရန် ဆင်းလာသည်။
" မင်းက လီချန်းလား။ " ဝေတပ်မှူးက လေးနက်စွာ မေးလိုက်သည်။ " ချင်စစ်တပ်အကြောင်းပြောပါဦး။ သူတို့မှာ အင်အားဘယ်လောက်ရှိလဲ။ "
" အဖြေကတော့ ရှင်းပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ သူ၏ လှံရှည်ကို မြှောက်လိုက်သည်။
" ငါက သူတို့စစ်သူကြီးပဲ။ ချင်စစ်တပ်ကတော့..." သူက သူ၏ လှံရှည်နှင့် သူ့လူများကို ညွှန်ပြလိုက်သည်။ " ဒီမှာအားလုံးရှိနေတာပဲ။ "
" ညီအကိုတို့ သတ်ကြ..." ကျောက်ဖုန်းက ဟိန်းဟောက်လိုက်ပြီး အာဏာရှင်လှံကို ဝှေ့ရမ်းလိုက်သည်။ သူ၏ ရှေ့မှ ဝေတပ်မှူးက အာဏာရှင်လှံထိမှန်ပြီး လွင့်ထွက်သွားကာ ချက်ချင်း သေဆုံးသွားသည်။
" ဝေတပ်မှူးကို သတ်ဖြတ်ပြီး ရုပ်ခန္ဓာ ၂၀မှတ် ရရှိပါတယ်။ "
ရုတ်တရက် အဖြစ်အပျက်က ဘေးမှ ဝေစစ်သည်များက မှင်သက်သွားစေသည်။ မြို့ကာကွယ်ရေးကို ကွပ်ကဲနေသော တပ်မှူးက အသတ်ခံလိုက်ရပြီဖြစ်သည်။
" စစ်သူကြီးနောက်ကို လိုက်ကြ။ သတ်ကြ...." ကျောက်ဖုန်း၏ နောက်မှ စစ်သည်များက ဟိန်းဟောက်ပြီး သူတို့ဘေးမှ ဝေစစ်သည်များကို တိုက်ခိုက်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း မြို့တံခါးစောင့် စစ်သည်တစ်ဝက်ကျော် သတ်ဖြတ်ခံလိုက်ရသည်။